❝ ကျုပ်မယား ❞
( ပီမိုးနင်း )
ရွှေလှသည် ဘိလပ်မှ ဝတ်လုံအဖြစ်နှင့် ပြန်လာစ ဖြစ်လေ၏ ။ သို့သော်လည်း များစွာ စိတ်လက် မချမ်းမသာ ဖြစ်လေ၏ ။ ဘိလပ်ပြန် ဝတ်လုံတော်ရမင်းကလေးများ၏ လတ်ဆတ်ရွှင်လန်း ပန်းလို ပွင့်ခြင်းမျိုးတွေသည်ကား ၎င်း၏ သဏ္ဌာန်၌ လုံးလုံး မရှိချေ ။ အကြောင်းမူကား မတင့်လေး သေပြီ ဟူသော အကြောင်း ကို မြန်မာပြည်သို့ ရောက်မှ ကြားရသဖြင့် မိဘများ မတရားပြုသည်ကိုသာ စဉ်းစားကာ မကျေမချမ်း ဖြစ်၍ နေလေ၏ ။
မတင့်လေးသည်ကား ရွှေလှ၏ ဖခင်နှင့် ညီအစ်ကို နှစ်ဝမ်းကွဲတော်သော ဦးတုတ်ကြီး၏ သမီး ဖြစ်လေရာ ဦးတုတ်ကြီး ကွယ်လွန်အနိစ္စရောက်ကတည်းက ရွှေလှ၏ မိဘများ အိမ်မှာ အခိုင်းအစေခံ၍ နေခဲ့ရသူကလေး ဖြစ်လေ၏ ။
သို့ အစေခံ ဖြစ်၍ နေရာ ရုပ်ရည်က မလှပ ၊ အတော်အတန်ပင် သနားကမား ရှိစေကာမူ မပြုစုမပြင် မဆင်ရဘဲ အစေခံပီပီ နေရသဖြင့် ဟောင်းနွမ်း၍ ထောင့်ကြား၌ ပစ်၍ အထားခံရသော ပန်းအိုးပမာ မထင်မရှား ဖြစ်၍ နေလေ၏ ။
သို့သော်လည်း ကြိုးချင်းထား ကြိုးချင်းငြိ ၊ အိုးချင်းထား အိုးချင်းထိ ဆိုသည့် စကားလို ရွှေလှ နှင့် လူကြီးများ မရှိသည့် အခိုက်အခါမှာ ပျိုရွယ်သူတို့ ဘာဝ နီးစပ်နှီးနှောမိကြသဖြင့် ရွှေလှသည် အလွန်တရာ အသည်းစွဲ မချစ်လောက်သူဟု မတင့်လေး အပေါ်၌ သဘောထားသော်လည်း မှားမိသည့် ပြစ်မှုကြောင့် အသနားကရုဏာ ဝင်ကာ သင်းကလေးခမျာမှာ ငါ စွန့်ပစ်လိုက်လျှင် မျက်နှာ တငယ် ဖြစ်ရှာတော့မယ် ။ ပျက်စီးတော့မယ်ဟု သဘောထားပြီး ဖြစ်လိုရာ ဖြစ်စေတော့ဟု တရားယူကာ သူ့ကိုပဲ ယူပါတော့မည်ဟု စိတ်အကြံပြု၍ နေခဲ့မိလေ၏ ။
ထိုသို့ ကြံစည်ခိုက်တွင် မိဘများက အင်္ဂလန်ပြည်သို့ ဝတ်လုံအတတ် သင်ရန် စေလွှတ်သဖြင့် မတင့်လေး အား ဘိလပ်က ပြန်လာမှ အတိအလင်း ယူမယ် ။ မင်း အခု သည်းခံပြီး နေရစ်ပေဦးတော့ ။ အလွန်ဆုံး သုံးနှစ် လေးနှစ်ပေါ့ကွယ်ဟု ချော့မော့ မှာထားပြီး အင်္ဂလန်ပြည် သို့ သွားခဲ့လေရာ မတင့်လေး သေကြောင်းကို အကြောင်း မကြားကြ ။ ပြန်၍လာမှ သိရသဖြင့် မကျေမချမ်း ဖြစ်၍ နေလေသတည်း ။
သို့သော်လည်း မတင့်ကလေး အပေါ်၌ အချစ်ထက် အသနားက ပိုလေရာ အသနားကို တရားနှင့် ဖြေဖျောက်ရလေ၏ ။
မိမိနှင့် ဖြစ်ပျက်သည့် အကြောင်းကို ပြော၍ မပြဝံ့ သဖြင့် အမှတ်မဲ့ မေးပုံမျိုးနှင့် မတင့်လေး၏ အကြောင်းကို မေးရာ မတင့်လေးမှာ ကောင်းစွာ မကျန်းမာသဖြင့် မိမိ၏ ဆွေမျိုးတစ်ယောက်ရှိသော မင်းဘူးမြို့သို့ ပို့လိုက်ရာ မင်းဘူးကို ရောက်ပြီး သုံးလခန့် အကြာမှာ သေဆုံးသည့် အကြောင်း ကြားသိရကြောင်း ပြော၍ ပြကြသဖြင့် သူ့ခမျာကလေးမှာ မျက်နှာငယ်ငယ်နဲ့ သေရမှာပါကလား ။ မကျန်းမမာ ဖြစ်တဲ့ အခိုက်မှာ ကြည့်ရှုသူမှ ရှိပါ့မလား ။ စားချင်တဲ့ အစာကိုမှ စားရပါရဲ့လား ။ သူ့ခမျာကလေးမှာ ငါ့ကို တမ်းတရင်း သေရမှာပါပဲ ။ ငါ ရက်စက်လေခြင်း ။ ငါ အင်္ဂလန်ကို မသွားရင် သေချင်မှ သေမယ် ။ ဒီလိုဖြစ် လိမ့်မယ် မထင်လို့ ငါ သွားမိတယ် ။ ငါ သွားစဉ်ကတည်းက အားငယ်ငယ်နဲ့ ကျန်ရစ်ရှာတာကို ငါ သိပါလျက် ငါ ထွက်၍ သွားခြင်းဟာ မှားတာပါပဲ စသည်ဖြင့် ချိတ်ဆွဲ၍ ထားသော မတင့်လေး၏ ဓာတ်ပုံကလေးကို ကြည့်ကာ မိမိ အခန်းထဲတွင် မျက်ရည်လည်၍ လာလေ၏ ။
ထိုဓာတ်ပုံမှာ လွန်ခဲ့သော ၆ နှစ် ၇ နှစ်ခန့်က ရိုက်၍ ထားသော ဓာတ်ပုံဖြစ်လေရာ ပိန်ပိန်ပါးပါး အားပါးတငယ် ကံကြမ္မာဆိုးသူကလေး၏ နိမိတ်ကို ပြသလို ဖြစ်၍ နေလေ၏ ။ ဝမ်းနည်းသော မျက်လုံးကလေး နှစ်လုံးသည် ရွှေလှ၏ မျက်နှာကို စိုက်ကာ ကြည့်၍ နေသည်ဟု မှတ်ထင်ရလေ၏ ။
ရွှေလှသည် ၎င်းဓာတ်ပုံကို အတန်ကြာ ကြည့်ပြီး မတတ်နိုင်ပါဘူးလေ ။ အင်မတန် ချစ်ခင်ပိုးပန်းပြီး ခက်ခက်ခဲခဲ ကြိုက်ရတာမှ မဟုတ်ပေဘဲ ။ နီးစပ်လို့ ဖြစ်မိတဲ့ အတွက် ရတက်ပူလောင်နေဖို့ မရှိပါဘူးဟု စိတ်ဖြေကာ ပျော်ရွှင်ဟန်နှင့် နေလေ၏ ။ သို့ပင် နေသော်ငြားလည်း ငါ ရက်စက်လေခြင်းဟူသော စကားသည် စိတ်ထဲ၌ အမြဲ မည်လျက် သနား၍ မဆုံးသော စိတ်ကို ဖြေဖျောက်၍ မရနိုင်လေ့ရှိသတည်း ။
မိဘနှစ်ပါးသည်ကား ၎င်း၏ စိတ်၌ အဘယ်ပုံ ဖြစ်သည်ကို သိသလိုလို အမူအရာနှင့်နေကြသည်ကို ရွှေလှ သတိထား၍ ကြည့်လျှင် သိနိုင်လေသတည်း ။ သို့အတွက် ထိုနေ့ညနေ စိတ်ပြေလက်ပြေ ဘုရားသို့ ထွက်သွားလေ၏ ။ လာရင်းက ဘုရားဖူးရန် လာရင်း ဖြစ်သော်လည်း အဘယ်ထောင့်ကနေ၍ ဖူးရမည်ကို အကြောင်းမဲ့ ရှာကြံခြင်းကြောင့်ပေလား ။ သို့တည်းမဟုတ် မိုးကလေး အုံ့အုံ့နှင့် လေကလေး လျှံလျှံမို့ ဆည်းလည်းသံကလေး များကို စိတ်လက်ကြည်ကြည်သာသာ နားထောင်ရင်း ရွှေတိဂုံစေတီတော်မြတ်ကြီးကို ပတ်လည် လှည့်၍ ကောင်းသောကြောင့်ပေလား ။ ညနေချမ်း သာသာယာယာမှာ မိမိနှင့်အလားတူစွာ ဘုရားကြည်ညိုရန်လာကြ ကုန်သော အပျိုကညာတို့ကို မြင်လိုမြင်ငြား သဘော ထား၍ ကြံစည် မနသီစိတ်ရင်း ထက်သန်ခြင်းကြောင့်ပေ လား ။ သို့တည်းမဟုတ် ကျောက်များ ချောချော ညက်ညက်ညောတွေကို နင်းလျှောက်၍ သွားရခြင်း၌ ဖဝါး အရသာ ရှိသောကြောင့်ပေလား မသိရ ။ ရွှေလှသည် ပန်းဖယောင်းတိုင်ကလေးများကို ကိုင်လျက် သင်းပျံ့ရောနှောသော ပန်းရနံ့တို့ကို ရှူရှိုက်ရင်း လှည့်၍သွားလေရာ အနောက်ဘက်သို့ အရောက်တွင် ရွှေလှ၏ မျက်လုံးများမှာ ရုတ်တရက် လတ်တလောခြင်း ကြည်ညိုသဒ္ဓါ လုံး ပြင်းစွာ ဝင်၍လာပြီး ကျောက်ပြားဖြူဖြူကလေးပေါ်၌ ပိပိရိရိ ပုဆစ်တုပ်ကာ ထိုင်လျက် ကြည်ညိုနေသူကလေး၏ ဝိုင်းစက်သော ပန်းပွင့်နီနီကြီးကို စိုက်ကာ ကြည့်၍ နေမိလေ၏ ။
ထိုပန်းပွင့်သည်ကား ကြည်ညိုနေသူကလေး၏ လှပဖြူဖွေးသော ဖယောင်းသား အသွင် ရှိသော လက်ကလေးများ၌ ကိုင်၍ ထားသော ပန်းများအထဲက ပန်းပွင့် မဟုတ် ၊ မကြီးလွန်း မကျယ်လွန်း ၊ မငယ်လွန်း မကားလွန်း ၊ မခြမ်းမပြား ၊ မပါးမပိ ၊ ဦးခေါင်းလှလှကလေးနှင့် အပြည့်ခန့်ရှိသော ဆံထုံးမည်းမည်း၌ စိုက်အပ်သော ပန်းပွင့်နှင်းဆီ ကျောက်နီအလား ကားကားနီနီတို့လည်း မဟုတ် ။ တင်ပါးဆုံ နှစ်ဖက်နား၌ ခေါင်ရန်းပွင့် အလား ၊ ကားကားကြီး ပွင့်၍နေသော ထဘီပေါ်၌ ရိုက်၍ ထားသော ပန်းပွင့်ကြီးများ ဖြစ်ကြလေသတည်း ။
နောက်ကနေ၍ ကြည့်ရုံမျှနှင့် အားမရသဖြင့် ရွှေလှသည် မလှမ်းမကမ်း မျက်နှာတစ်ခြမ်းကို စက္ခုန္ဒြေ ဖြင့် ဖမ်းမိနိုင်ရုံမျှသော နေရာတွင် နောက်နား ခပ်ကျကျ ရွှေ့ကာ နေရာကိုယူပြီးလျှင် ဘုရားကို ဦးချပြီး မျက်လုံး နှစ်လုံးသည် ဖူးစပြုကြလေရာ ရူပါရုံ အလင်းထင်သဖြင့် ဘုရားကို မမြင်ဘဲ ရင်ထဲမှာ မြေငလျင် လှုပ်သလို ဖြစ်၍ နေလေသတည်း ။
မျက်နှာကို မြင်ရသောအခါ နောက်က နေပြီး မြင်ရသည်ထက် ပိုမို၍ လှပေသော ထိုယမင်းအပျိုကလေး၏ ရူပါရုံ အရသာသည် ထူးမြတ်လှပေစွတကား ။ ပူးကပ်၍များ ငါ မြင်ရလျှင် ရင်ဝလှိုက်ဖို အသည်းကို ဆွ ၊ မနည်းပင် ဒုက္ခပေးမယ့် မိန်းမပျိုကလေးပေတကား ။ အသားဝင်းဝါ မျက်နှာထင်ရှား ၊ ရင်ခါးလှလှ ၊ တင်ပါးကသည် ခြေဖျားထိတိုင် လည်တိုင်ကြော့ရှင်း ၊ ပြည့်တင်းသူ့ရင် ၊ အင်မတန်မို့ ၊ ယဉ်ဟန်ပျို့ နှယ် ၊ မခို့တရို့ ၊ ပို့ကရို့နှင့် အချို့သယ်ကို သို့နှယ်မြင်ရ ၊ ငါမဝ ၊ ဌာနကိုမေး ၊ သိရေး စုံချာ ၊ စောဒနာမှ ချောကညာ မသိသူကလေးဟာ သိသူ ကလေး ဖြစ်ဖို့ရှိပေသည် စသဖြင့် ထိုထိုဤဤ ရတမ်း စိတ်ဝယ် ကြံစည်၍နေစဉ်တွင် ပျော့ပျောင်းသော ကိုယ် ခန္ဓာကလေးနှင့် ညွတ်ပြောင်းကာ ဦးချပြီး အနီးရှိ အဒေါ်ကြီး တစ်ယောက်နှင့် တစ်ပြိုင်တည်းလိုလို ထသည်ကို မြင်ရသောအခါ ရွှေလှသည် ဘုရားရှိခိုးရန် လုံးလုံးကြီး သတိမေ့ကာ ငါးမျှားချိတ်နှင့် အာခေါင်ကို ချိတ်၍ ဆွဲခံရသည့် ငါးပမာလို ပျာယီးပျာယာ ထကာ ကောက်ကောက် ပါအောင် လိုက်၍ သွားရောက်လေသတည်း ။
တကောက်ကောက် နောက်က လိုက်လျှင် သိတတ်သော မိန်းမတို့၏ ဓမ္မတာသဘောတရားအရ မိန်းမပျိုကလေးသည် နောက်သို့ လှည့်၍ ကြည့်လိုက် သောအခါ ရွှေလှ၏ နှလုံးကြောများမှာ စောင်းကြိုးပမာ ဒေါင်ခနဲ မြည်၍ သွားပြီး ငါ့ကို ကြည့်တာပဲဟု အားရလျက် နားထင်၌ သွေးအရှိန်လှိုင်းထ၍သွားလေ၏ ။ သို့သော်လည်း မိန်းမပျိုကလေးက ဤကဲ့သို့ ကြည့်လိုက်သည့်အခါ ခြေနှုတ်လေးပြီး ဘုရား၏ ထီးကို မော့၍ ကြည့်ပြီး မိန်းကလေးက မျက်နှာကို ပြန်၍ ကြည့်သော အခါ ခြေများ သွက်ပြီး ထွက်လုကမန်း မျက်လုံးမှားနှင့် ကြည့်လေ၏ ။
သို့ကြည့်သော အခိုက်တွင် အဖော်မိန်းမကြီးက ပြန်၍ ကြည့်လေရာ ၎င်း၏ ထက်သန်သော မျက်လုံးများ နှင့် လျင်မြန်သော ခြေလှမ်းကို မြင်သဖြင့် မိန်းမကြီးက မိန်းမပျိုကလေး၏ နံဘေးသို့ ကပ်ကာ တစ်စုံတစ်ရာကို ပြောလိုက်ဟန် ရှိလေ၏ ။ အကြောင်းမူကား ထိုအခါမှ စ၍ ခြေနှုတ်မြန်မြန် သွားကြလေသတည်း ။
မကြာမီ အရှေ့စောင်းတန်းသို့ ရောက်ကြလေလျှင် ဆင်းကြလေ၏ ။ ရွှေလှသည် နောက်က လိုက်လေ၏ ။ သို့သော်လည်း မိန်းမနှစ်ယောက်သည် ထ၍ လျင်မြန်စွာ ဆင်းကြသဖြင့် ငါထို့ထက် ပိုမို၍ လိုက်လျှင် ငါ့ကို အရူး တစ်ယောက်ဟု မှတ်ထင်ကြလေမည်လောဟု စဉ်းစားကာ ကိုယ်ရှိန်သတ်ပြီးလျှင် ထွက်ခွာ၍ ပြန်သွားလေရာ ထိုလှပသော မိန်းမကလေး၏ မျက်နှာကွက်ကွက်ကလေးသည် မပျောက်မထွက်ဘဲ ရွှေလှ၏ မျက်လုံးထဲတွင် ကျန်ရစ်လျက် အိမ်သို့ ပြန်လာရလေသတည်း ။
••••• ••••• •••••
ရွှေလှသည် ဝတ်လုံ ဖြစ်လာသော်လည်း အလွန်တရာ ဝါသနာပါသော အတတ် မဟုတ် ၊ မိဘက လွှတ်သဖြင့် သင်ကြားခဲ့ရလေရာ ဝတ်လုံ အလုပ်ဖြင့် အသက် မွေးဖို့ရန် စိတ်လက် မပါသည် ဖြစ်၍ မိမိ၏ အစွမ်းသတ္တိကို အားကိုးရမည် ဆိုလျှင် မိမိ တရားခံတစ်ယောက် အပေါ်၌ ငယ်သောအမှုကို လေးအောင် ၊ ထောက်ဒဏ် ခြောက်လ ထိုက်သူကို ၇ နှစ် ကျအောင် လိုက်နိုင်မည့် အစွမ်းသတ္တိ အရည်အချင်းထက် ပိုမို၍ မရှိကြောင်း သိသဖြင့် ဖခင်၏ အလုပ်ဖြစ်သော ဆန်အလုပ်ကိုသာ လုပ်ကိုင်ရလေရာ ဤအလုပ်၌ အတော်ပင် ကျင်လည်လျက် ဖခင် ကွယ်လွန်အနိစ္စရောက်သောအခါ ဆက်လက်၍ လုပ်ကိုင်ရာ အတော် ကြီးပွားလေ၏ ။
သို့သော်လည်း စည်းစိမ်ဥစ္စာမည်သည် ရေနှင့် တူလေရာ မတိုးလျှင် လျော့မြဲ ဖြစ်သည့်ပြင် အခါအခွင့် မကောင်းအကြောင်းမသင့်သည့်အခါ သတိပညာကလေး အနည်းငယ် ချွတ်ချော်တိမ်းပါးရုံမျှနှင့် တစ်ညတွင်း လောင်သည့် မီးဟာ တိုက်တာ အဆောက်အဦကို မြေပြင် နှင့်ညီအောင် လုပ်တတ်သည့် ဓမ္မတာသဘောတရား အတိုင်း ကမ္ဘာစစ်ကြီး မဖြစ်မီ တစ်နှစ်ခန့်မှာ ဆန် အကြီးအကျယ် ကစားလိုက်ရာ ငွေငါးသိန်းမျှ ပျက်စီးပြီး ရွှေလှ ၏ အခြေအနေသည် ပူလောင်သည့် နွေရာသီမှာ အရွက်ကြွေ အရိုးကြဲ၍ နေသော သစ်ပင်လို ဖြစ်၍သွားလေသတည်း ။
ထိုအခါ သင်၍ လာခဲ့သော ဝတ်လုံအတတ်ဖြင့် ထိုမျှလောက်သော စည်းစိမ်ကို ပြန်၍ ရဖို့ရန် ခက်သဖြင့် အများကြီး စိတ်ပျက်ကာ မဂိုလ်တန်းကို ထွက်ရင်း မစားရ အညှော်ခံ ဖြစ်ကာ ငါ၏ ဘဝသည် ဤမဂိုလ်တန်း၌ ရှိသော ခိုသတ္တဝါများလောက်မှ မကောင်းသော ဘဝပေတကားဟု တွေးမိလေသတည်း ။
ထိုအခါ အင်္ဂလန်ပြည်မှ ပြန်၍ လာသည်မှာ ၅ နှစ်ခန့် ကြာ၍ သွားလေ၏ ။ စိတ်လက်လေလေနှင့် ရန်ကုန်မြို့ ကန်တော်မင်ဘက်သို့ သာသာယာယာ နေရာများကို ကြည့်ရင်း စိတ်ကူးဉာဏ်ကလေးများ ပေါ်နိုးနိုး နှင့် လျှောက်၍ သွားလေသတည်း ။ ဝဲယာညှပ်လျက်ရှိသော ခြံများနှင့် အိမ်များမှာ သုခရိပ်ငြိမ်စည်းစိမ်၏ ရင်ခွင်၌နေကြသော အေးချမ်းခြင်း၏ အဖြစ်ကို မြင်ရလေ၏ ။ တစ်ချက်တစ်ချက် ကြားရသော ပီယာနိုသံများသည် ချမ်းသာခဲ့ဖူးသော မိမိ၏ ဘဝအခြေအနေကို ပြန်၍ သတိရစေ၏ ။ သို့သွားရင်း အိမ်တစ်အိမ်၌ ကပ်၍ ထားသော နာမည်တစ်ခုကို မြင်ရသောအခါ အံ့အားသင့် နေလေသတည်း ။ ၎င်းနာမည်မှာ မစ္စစ်အောင်ဒင် ဖြစ်လေ၏ ။
အင့်ဟင် ... ငါ့သူငယ်ချင်း အောင်ဒင်များ ဖြစ်လေသလား ။ ဘိလပ်က မိမိ အရင် မြန်မာပြည်သို့ ပြန်လာပြီး ရခိုင်ပြည်နယ်၌ တရားသူကြီး ဖြစ်၍ နေသော သူငယ်ချင်း အောင်ဒင်ကို သတိရလေ၏ ။ မစ္စစ်အောင်ဒင် ဆိုရင် အောင်ဒင်သေလို့ပဲ ထင်ပါရဲ့ ၊ အောင်ဒင် သေတာကိုလည်း ငါ မကြားရပါကလား စသည်ဖြင့် စဉ်းစားကာ ရပ်တန့်၍ နေပြီးမှ စုံစမ်းရန် အကြံနှင့်ဝင်၍ သွားလေသတည်း ။
အိမ်အောက်ထပ် အခန်းငယ် တစ်ခုထဲ၌ မိန်းမတစ်ယောက် စက်ချုပ်၍ နေသည်ကို မြင်ရလေ၏ ။ ပြတင်းပေါက်ဝ၌ ရပ်ကာ
“ ဒါ ဝတ်လုံမစ္စတာ အောင်ဒင်အိမ်လား ” ဟု မေးလေရာ “ ဟုတ်ပါတယ် ” ဟု မိန်းမပျိုက ပြန်၍ ပြောလေ၏ ။
“ အရင် ရခိုင်ပြည်နယ်မှာ တရားသူကြီး ဖြစ်ခဲ့တဲ့ မစ္စတာအောင်ဒင်ပဲ မဟုတ်လား ”
“ ဟုတ်ပါတယ် ဘာကိစ္စလဲ ”
“ ကျွန်တော် သူ့သူငယ်ချင်းပါ ၊ ဘိလပ်မှာ အတူတူ ပညာသင်ခဲ့ရပါတယ် ”
“ ဪ … ဟုတ်လား ကြွပါ ကြွပါ ” ဟု ပြောလေရာ ဧည့်ခန်းထဲသို့ ဝင်သွားလေ၏ ။ ရွှေလှသည် အခန်းထဲ၌ မတ်တတ်နေလေ၏ ။ သို့နေခိုက်တွင် အခြား အခန်းတစ်ခုမှ လျင်မြန်စွာ တီးတိုးစကားပြောသော မိန်းမသံများကို ကြားရသဖြင့် လှမ်း၍ ကြည့်လိုက်ရာ မိန်းမတစ်ယောက် နောက်သို့ ချာခနဲ လှည့်၍ သွားသည်ကို မြင်ရပြီးနောက် စက်ချုပ်နေသည်ကို မြင်ရသော ပထမ မိန်းမပျိုသည် ထွက်၍ လာပြီး
“ ထိုင်ပါ … ထိုင်ပါ မစ္စစ်အောင်ဒင် ဆိုတာ ကျွန်မ ပါပဲ ။ ကျွန်မယောက်ျား ဆုံးတာ သုံးနှစ် ရှိပါပြီ ။ ရှင့်သူငယ်ချင်း မရှိတော့ဘူး ” ဟု ဝမ်းနည်းသလို ပြောလေ၏ ။ “ ဪ .. ဟုတ်လား ။ ဒါကြောင့် ကျွန်တော် တွေးမိတယ် ၊ မစ္စစ်အောင်ဒင် ဆိုကတည်းက ငါ့သူငယ်ချင်းတော့ … လို့ တွေးမိတယ် ၊ ဪ .. ဒါတောင် မသိလိုက်ရဘူး ခင်ဗျာ ၊ ဘယ်မှာ ဆုံးရှာသလဲ ”
“ ရခိုင်ပြည်နယ်မှာပဲ ၊ တောတက်ရင်း ငှက်ဖျားမိပြီး ဆုံးရှာတယ် ရှင် ”
ရွှေလှသည် ဝမ်းနည်းသော အမူအရာနှင့် စဉ်းစား၍ နေလေ၏ ။ ထိုအခိုက်တွင် နောက်မှ ခြေသံကို ကြားရသဖြင့် လှည့်၍ ကြည့်လိုက်ရာ ကွမ်းအစ်နှင့် ဆေးလိပ် ပန်းကန် ယူ၍ လာသော မိန်းမတစ်ယောက်ကို မြင်ရသဖြင့် ငေးစိုက်ကာ အံ့အားသင့်၍နေလေ၏ ။ ငါ ဘယ်မှာ မြင်ဖူးပါလိမ့် ။ အဲ ... ဟုတ်တယ် သူပဲ ။ အရင် မြင်ရတုန်းက ထက်တောင် လှ၍ နေပါကလား ။ နည်းနည်း ကလေးတော့ ပိုပြီး ကြီးလာတယ် ။ သို့သော်လည်း ဘယ် သူမကြီးဘဲ နေမှာလဲ ။ ငါတောင် ထိပ်ဆံစ ဖြူပြီလို့ ပြောကြတယ် ။ သူပါပဲ ၊ တူလို့တော့ မဟုတ်ပါဘူး ။ ဒီမျက်နှာ ဟာ အဘယ်အခါမှ ငါ မမေ့နိုင်တဲ့ မျက်နှာပါပဲ ဟု တအောင့်မျှတွေဝေငေးမော၍ နေလေရာ ထိုင်၍ နေသော မိန်းမပျိုသည် ရွှေလှ၏ မျက်နှာကို ကြည့်၍ နေပြီး ကွမ်းအစ် လာ၍ပေးသော မိန်းမ၏ မျက်နှာကို မော်၍ ကြည့်လေ၏ ။
“ ကွမ်းစားပါ ဆေးလိပ်သောက်ပါရှင် ။ ကိုအောင်ဒင်သူငယ်ချင်းဆိုရင် ကျွန်မတို့နဲ့လည်း သူငယ်ချင်းပေါ့ ရှင် ။ မတင်လှ လက်ဖက်ရည်ဖျော်ပါ ” ဟု ပြောလိုက်လေရာ မတင်လှ ခေါ်သူ ထူးခြားလှပသော မိန်းမသည် ရွှေလှကို မကြည့်ဘဲ အခန်းထဲသို့ လှည့်၍ ဝင်သွားလေ၏ ။
သူ့နာမည် မတင်လှ တဲ့ ။ နာမည်ကလေးက သနားကမား ၊ ရုပ်ရည်က သာ၍လှ ။ အစေခံ ဖြစ်နေရတာ သနားစရာပါကလားဟု စဉ်းစားမိလေ၏ ။
ဆက်လက်၍ စကားပြောကြရာ မစ္စစ်အောင်ဒင် မှာ ငွေကြေးမြောက်မြားစွာ ရှိသော မုဆိုးမကလေး ဖြစ်ကြောင်း ၊ သားသမီး တစ်ယောက်မျှ မရှိကြောင်း ။ အောင်ဒင်၏ မိဘများ ကွယ်လွန်အနိစ္စရောက်သဖြင့် လယ်မြေ အိမ်ခြေ အမွေမြောက်မြားစွာရသူ ဖြစ်ကြောင်းကို သိရလေ၏ ။ ရွှေလှသည်ကား မိမိ၏ အဖြစ်အပျက် အရိုးခံ အတိုင်း ပြော၍ ပြရာ မစ္စစ်အောင်ဒင်သည် များစွာ သနားကြင်နာသည့် လက္ခဏာကို ပြလေ၏ ။ ၎င်း မစ္စစ်အောင်ဒင်ကို ငါ ရအောင် ကြံရလျှင် အကော်ဆိုက်ပြီး ငါးကြော် ကိုက်မိမှာပဲဟု တွေးမိလေ၏ ။ သို့ပင် တွေးမိငြားသော် လည်း မစ္စစ်အောင်ဒင်၏ အလှသည် အစေခံမ၏ အလှကို မမီ ။ ဘုရားဖြစ်မယ့်ကြံ မာရ်နတ်က တားဆီးဆိုသည့် စကားကို ဤ မတင်လှ ဆိုသူကို ဤအိမ်၌ ယနေ့ မတွေ့ရ လျှင် မစ္စစ်အောင်ဒင်ကို ယူဖို့ ကြံမိမှာပဲဟု တွေးမိလေ၏ ။ ယခုမှာမူ မစ္စစ်အောင်ဒင်၏ မျက်နှာကိုမှ မမြင်ရအောင် မတင်လှ၏ မျက်နှာက စပ်ကြားမှာ ဝင်ကာ ကန့်လန့်ကာလို ဆီး၍ နေလေသတည်း ။
စကား ပြောဆိုကြပြီးနောက် ပြန်သောအခါ မစ္စစ်အောင်ဒင် က
“ နောက်ကို လာလည်ပါလားရှင် ။ ကျွန်မတို့ အိမ်မှာ ကျွန်မတို့ချည်းပါပဲ ။ ခိုင်းတဲ့ မိန်းမကြီး တစ်ယောက် ၊ မတင်လှ က ကျွန်မ အဖော် ၊ သည့်ပြင် မောင်တော်ကလေး တစ်ယောက်ပဲ ရှိပါတယ် ” ဟု ပြောလေ၏ ။ မတင်လှကလည်း
“ လာပြီး လည်တာပေါ့ရှင် ။ ကျွန်မတို့မှာ အသိမိတ်ဆွေလည်း နည်းပါတယ် ” ဟု ပြောလိုက်လေရာ ၎င်း၏ ရင်ထဲမှထွက်သော သာယာသော အသံသည် ရွှေလှ၏ နားကြောမှစိမ့်၍ သွားလေ၏ ။ ငါ အရင်က ဘုရားပေါ် မှာ တွေ့တုန်းက သူ့နောက် လိုက်တာကို သတိရဟန် မတူပါဘူး ဟု အောက်မေ့ပြီး နှုတ်ဆက်ကာ ပျော်ရွှင်စွာ ပြန်၍ လာလေ၏ ။
ထိုနေ့ညဉ့် ရွှေလှ၏ စိတ်ထဲ၌ အချစ်နှင့် ဥစ္စာသည် စစ်ခင်း၍ နေလေ၏ ။ ငါ့သူငယ်ချင်း မိန်းမကို ရရင် တော်မှာပဲ ။ မတင်လှကိုတော့ ချစ်ရုံ ချစ်နေရမှာပဲ ။ ဘယ်တော့မှ မဝနိုင်တဲ့ အချစ်နဲ့ ဘယ်တော့မှ သုံးလို့မကုန်အောင် များတဲ့ စည်းစိမ်သည် ငါ၏ ရှေ့၌ရှိ၏ ။ အဘယ် အရာကို ရွေးချယ်မည်နည်း ။ မစ္စစ်အောင်ဒင်၏ မျက်နှာ မှာတော့ ငါ့ကို မေတ္တာမဲ့တဲ့ မျက်နှာမဟုတ် ။ မတင်လှ ကတော့ ခပ်အေးအေးပဲ ။ ငါကသာ ကြိုက်ရတယ် ၊ သူက ကြိုက်ဟန် မရှိဘူး ။ မကြိုက်လို့သာ ဘုရားပေါ်မှာ တွေ့တုန်းက အတင်း ထွက်ပြေးတာပေါ့ ။ သို့သော် ဥစ္စာဆိုတာ မမြဲတဲ့အရာ ၊ အချစ်ဆိုတာမှာ လောက၏ အနှစ်ပါ ကလားဟု အပြန်အလှန် ဆင်ခြင်ကာ မနည်း ညဉ့်နက်မှ အိပ်ပျော်၍ သွားလေ၏ ။
ထို့နောက် ၎င်းအိမ်သို့ မကြာခဏ လာရောက်၍ သုံးယောက်သား ဂျိုကာဆွဲကြလေရာ တစ်နေ့ထက် တစ်နေ့ အကျွမ်းဝင်၍ လာကြလေ၏ ။ ထိုအိမ်၌ ရွှေလှသည် မတင်လှတို့၏ အိမ်သားများနှင့် ပဆစ်ပစ်လေ့ရှိ၏ ။
မတင်လှသည် တစ်နေ့တခြား ထူးကဲ ပိုမို၍ လှသည်ဟု မိမိ၏စိတ်၌ မှတ်ထင်လေ၏ ။ မင်းကတော်လေး၏ အမူအရာ အနေအထိုင်မှာမူ တစ်နေ့တခြားမူ တစ်နေ့တခြား မှေးမှိန်သကဲ့သို့ မှတ်ထင်ရလေ၏ ။ သို့သော်လည်း စိတ်ကို ဝေခွဲ၍ မရနိုင်အောင် ရှိသည်မှာ မင်းကတော်ကလေးကို ယူလျှင် ချမ်းသာမည် ။ မတင်လှကလေးကို ယူလျှင်မူကား လူ၏ ဘဝ၌ အကောင်းဖြစ်သော အချစ်ဟု ခေါ်သော နတ်သြဇာကို စားရမည် ။ မင်းကတော်ကလေး၌ ရှိသော စည်းစိမ်ဥစ္စာတို့မှ နတ်သြဇာ ထွက်ပါမည်လား ။ စည်းစိမ်ဥစ္စာ ဆိုသည်မှာလည်း အမြဲ မတည်သော အရာ ဖြစ်သည် ။ ငါ သင်ခဲ့တဲ့ ဝတ်လုံပညာ ကို အမှုလိုက်ရာ၌ အသုံး မပြုနိုင်သော်လည်း ဝန်ထောက် စစ်ကဲရာထူး တစ်ခုခုကို ရအောင် ကြံမည်ဆိုလျှင် မတင်လှ ကဲ့သို့ အချောအလှကလေးကို တင့်တယ်စွာ ထားနိုင်မှာပဲ ။ မတင်လှကလေးဟာ အစေခံ အဖော်အလှော်မျှ ဖြစ်သော်လည်း မင်းကတော်ကလေး၏ နေရာမျိုးမှာ နေရလျှင် ဆယ်မင်းကတော် လိုက်၍ မီမှာ မဟုတ်ပါဘူး ။ အပျိုစစ်တယ် မစစ်တယ် ကိုတော့ ငါ မသိဘူး ၊ အပျိုစစ်စစ် မစစ်စစ် ချစ်တာသာ ပဓာန ၊ မွတ်သိပ်ဆာလောင်သောသူမှာ သူတစ်ပါး စားပြီးသည့် အကြွင်းအကျန်ကိုပင် စားရစေကာမူ စူဇကာပုဏ္ဏား၏ ပွဲရံနှင့် လဲမှာ မဟုတ် ။ ထို့အတူ ငါ့မှာ အချစ် ဆိုတဲ့ အာဟာရမှာ ငတ်မွတ်၍ နေသူ ဖြစ်သည် ။ မယ်တင့်လေး မရှိကတည်းက ငါ၏ နှလုံးသည် သွေ့ခြောက်နေ၏ ။ မယ်တင့်ကလေးဟာ နှစ်နှစ်ကာကာ ချစ်တာ မဟုတ် ။ သနားချစ်ကလေးမျှ ချစ်ခဲ့၏ ။ မတင်လှသည်ကား ဘုရားပေါ်မှာ မြင်ရကတည်းက လူ့ ဘဝမှာ တစ်ခါမျှ မကြုံဖူး မခံစားရတဲ့ အချစ်မျိုးနဲ့ စွဲစွဲလမ်းလမ်း ချစ်ရသူပါကလား ။ ဘိလပ်မှာ နေခဲ့စဉ်က အင်္ဂလိပ်အပျိုစစ်မကလေးတွေကို အများပင် တွေ့ခဲ့ ရတယ် ။ သည် မတင်လှလို တစ်ယောက်မှ မချစ်ခဲ့ပါက လား ။
ဪ … မတင်လှ ၊ မင်းကတော်ကလေးနဲ့ နေရာချင်းများ လဲရလျှင် အဘယ်မျှလောက် အဖိုးတန်ပါမည်လဲ ။ မုဆိုးမပဲ ဖြစ်ဖြစ် ဘာပဲ ဖြစ်ဖြစ် မုဆိုးမတစ်ခုလပ် ဖြစ်မှ အစီးကျင့်ပြီးတဲ့ မြင်းပမာလို အသွားအလာ သာ၍ပင် ညင်သာဦးမှာပဲ ။ စက်ကင်းဟင်း မော်တော်ကားထက် ဆိုးမှာ မဟုတ်ပါဘူး ။ တောထွင်၍ လမ်းဖောက်ရခြင်းထက် ပေါက်ပြီးတဲ့ လမ်းက ပိုမိုလို့ရှင်းမှာပဲ ။ အခုမှာ ဆင်းရဲလို့ ဖွတ်မွဲပြာ ရထားဆိုက်ရင် ချစ်ရတာ ပြေမှာ မဟုတ် ။ နှစ်ယောက်သား ခေါင်းချင်းဆိုင်ပြီး ဒူးနှင့်မျက်ရည်သုတ်ကာ နေရမှာမို့ ခက်လှပါကလား ။ သူကလည်း အင်မတန် မငယ် ၊ ငါကလည်း လူပျိုကြီးမို့ သည်ထက် ကြာကြာ ဆိုင်းကြရလျှင် ငါက အို၍ သွားတော့မယ် ။ သူလည်း အလှကို သိတတ်တဲ့ မျက်စိတတ်သူ တစ်ယောက်ယောက် ဖြစ်မှဖြင့် ခေါင်းခေါက်ကာ ဆွဲ၍ သွားရင် ငါ အလကား ဖြစ်ရတော့မယ် ။ ငွေပေါတဲ့ လူတွေက မတော်တဆ မယားကြီး ရှိလျက်နဲ့ မတင်လှကို အငယ်အနှောင်း လုပ်ဖို့ကြံလျှင် ငါ အင်မတန် မခံချင်မှာပါကလား စသည်ဖြင့်လည်း အခါခါ တွေးမိလေ၏ ။
တစ်နေ့သည် ညနေအချိန် မတင်လှ ထံ ရောက်သွားလေ၏ ။ မတင်လှသည် ဧည့်ခန်းထဲမှာ တစ်ယောက်တည်း မဂ္ဂဇင်းစာအုပ်ကို ဖတ်၍ နေ၏ ။ တံခါးဝသို့ ခြေဖြင့် ထောက်လျက် ရွှေလှ ဝင်၍ သွားရာ စာဖတ်ရာမှ မော်၍ မကြည့်သဖြင့် ရပ်ကာ ရူပါရုံအချောအလှ ကို သဘောကျ၍ နေလေ၏ ။
ပုဆစ်တုပ်ကာ ဝပ်လျက် ဇာကတ္တီပါ ခေါင်းအုံး တစ်ခု ပေါ်မှာမှီကာ စာကို ဖတ်၍နေရာ ရွှေတိဂုံဘုရားပေါ် မှာ မြင်ခဲ့ရသော ပန်းပွင့်ကြီးကို အကားသား ပြန်၍ မြင်ရလေသတည်း ။ ရွှေလှသည် မတင်လှ၏ အလှတည်း ဟူသော ရူပါရုံကို အတန်ကြာ မြိန်ရှက်စွာ ခံစား၍ နေလေသတည်း ။
“ အဟမ်း ”
“ ဪ … ကိုရွှေလှပါ ကလား ။ မမတို့လည်း မရှိဘူး ။ ကျွန်မ တစ်ယောက်တည်း ပျင်းပျင်းနဲ့ စာဖတ်နေတယ် ။ လာလေ ထိုင်ပါ ” ဟု ပြောကာ ထိုင်လျက် မိမိ၏ အနီး၌ ရှိသော နေရာ ကော်ဇောထက်တွင် ပျော့ပျောင်း ဖြူစင်နီလွင်သော လက်ဝါးကလေးများနှင့် ပုတ်ကာ ပြလေ၏ ။
ရွှေလှသည် အနားသို့ ရောက်သွားပြီး ထိုင်လေ၏ ။
“ ဘယ်သွားကြသလဲ ”
“ ဝန်ကတော်ကြီး သမီးအငယ်လေး မမာလို့ သွားကြည့်ကြတယ် ”
“ ဒီလိုဖြင့် မင်းတစ်ယောက်တည်းပေါ့ ၊ အခန့်သင့် လိုက်တာ ”
မတင်လှသည် နှုတ်ခမ်းစူလျက် မျက်စောင်းထိုးကာ -
“ ဘာအခန့်သင့်တာလဲ ”
“ ဘာအခန့်သင့်တာလဲ ဆိုတာ မင်း မသိဘူးလား ”
“ ဟင့်အင်း … ကျွန်မ မသိပေါင် ။ ရှင် မမကို ပိုးနေတာတော့ သိပါရဲ့ ”
“ အမယ် … ယုန်မြင်လို့ ချုံထွင်နေတာ မင်းက မသိဘူးပေါ့လေ ”
“ မသိရပါဘူး ကိုရွှေလှရယ် ။ ရှင်က ဝတ်လုံကြီး ပါ ။ ကျွန်မက အစေခံသာသာပါ ။ သူက အတည် သည်က အပျော် ဒီလို သဘောမျိုးလား ၊ သိုက်မြင်လို့ မတူးရင် ဘာလဲ ”
“ မင်းက အရူး ဆိုချင်သလား ။ ဘာသိုက်လဲ ၊ သိုက် ဆိုတာ ဟောဒါမှ သိုက် ။ ငါက ငွေကို ဘာလုပ်ရမှာလဲ လူကိုမှ .. ”
“ ဟင်း ... စကားပြောရင်း ဘာလိုလို ညာလိုလိုနဲ့ သတိထား ၊ လူကို ဘာဖြစ်သလဲ ”
“ ဘာဖြစ်နေတယ် ၊ ညာဖြစ်နေတယ် ဆိုတာတော့ ပြောမနေပါရစေနဲ့တော့ မတင်လှရယ် ။ အခု မင်းနဲ့ ငါနဲ့ နှစ်ယောက်တည်း ဒီအချက်မျိုးကို စောင့်နေတာ ”
“ အလစ် တွယ်ချင်လို့လား ။ အလစ်သမား လုပ်စားပါလား ။ ဟင်း ဒီလို မလုပ်ပါနဲ့ ။ မျက်နှာက ရှိန်းပြိုး ရှိန်းပျက်နဲ့ ဘယ့်နှာကြီးလဲ မသိပါဘူး ကြည့်ပါလား ”
“ ကြည့်မယ်လေ ပြ ”
“ ဘာပြရမလဲ ”
“ ပြချင်တာပြ ”
“ ဟင်း ”
“ ဟော ”
“ အို … ဘယ့်နှာလဲတော့ ၊ ကျွန်မ မမကို ပြောလိုက်မယ် ”
“ မပြောဘဲ လိုက်လိုက် ၊ ပြောလိုက်လိုက် လိုက်ရင် ပြီးတာပဲ ။ အလကားပါ ငါက စတာပါ မကြောက်ပါနဲ့ ကိုက်မစားပါဘူး ”
“ ဟော ... ဟိုမှာ ကားကြီး ဆိုက်နေတယ် ။ ပြုတ်ကျတော့ မလိုဘဲ ”
“ တိုးမလာနဲ့ ၊ တိုးလာရင်တော့ ကွမ်းညှပ်နဲ့ ခေါင်းကို ခေါက်လိုက်မယ် ”
ရွှေလှသည် တိုး၍ လာလေရာ မတင်လှသည် ကွမ်းသီးညှပ်၍ နေလေ၏ ။
“ မတင်လှ ငါ မင်းကို အပျက်အပျက် ကြံတာ မဟုတ် ။ ဘုရားပေါ်မှာ မြင်တုန်းကတည်းက မင်း မျက်နှာကိုချည်း မြင်နေတာပဲ ”
“ ဘယ်တုန်းက ရှင် မြင်သလဲ ”
“ မင်း မှတ်မိပါတယ် ။ ငါက လိုက်တော့ မင်း ဟိုအဒေါ်ကြီးနဲ့ အရှေ့ဘက် စောင်းတန်းဆင်းသွားတယ် ။ စနေထောင့်မှာ မင်း ဘုရားရှိခိုးနေတယ်လေ ”
“ အို … ဟုတ်တယ် ၊ ရှင်လား ကျွန်မ မမှတ်မိဘူး ၊ ဒါကြောင့် ထင်ပါရဲ့ ၊ မြင်ဖူးသလိုလို ကျွန်မ စိတ်ထဲမှာ မှတ်နေတယ် ။ ရှင် အဟုတ် ကျွန်မကို ချစ်သလား ၊ ကျွန်မမှာ ဘာမှ မရှိဘူး ။ မမက ကျွေးမွေးထားလို့ နေရတာ ”
“ မင်းကို ချစ်တာ ဘာကိုမှ ချစ်လို့ မဟုတ်ပါဘူး ”
“ မမက ကျွန်မကို စိတ်ဆိုးမှာပဲ ”
“ စိတ်ဆိုး ဘာဖြစ်သလဲ ။ သူ့မှာ ချမ်းသာတာမို့ ငါ့ထက် အဖိုးတန်တဲ့ လူတွေကို ရနိုင်ပါတယ် ”
“ အဟုတ်ပဲလား ၊ ကျွန်မ ယုံရမှာလား ။ ကြောက်ပါတယ်ရှင် …. တော်တော်ကြာတော့ ကလေးတစ်ယောက်နဲ့ ကျန်နေရစ်မှဖြင့် ဒုက္ခပဲ ”
“ မတော်တာကွယ် ။ မင်းမှာ အားကိုးရာမဲ့တာ ငါ အသိသားနဲ့ ၊ မတော် မတရား နှိပ်စက်စော်ကားရင် ငါ ခွေးပေါ့ ။ ငါ့ နဖူးမှာကြည့် ဆံပင်လေးငါးချောင်းတောင် ဖြူစပြုပြီ ။ မစဉ်းမစား လုပ်တတ်တဲ့ အရွယ် မဟုတ်တော့ပါဘူး ။ မင်း ငါ့ကို မချစ်ဘူးလား ”
“ ကျွန်မလား ၊ မသိဘူး ။ နည်းနည်းတော့ ချစ်ပါတယ် ။ ချစ်တယ် ဆိုရုံနဲ့ ယူကြရတော့မှလား ”
“ ချင်ရင် ယူတာပေါ့ ။ မယူတဲ့ အတောအတွင်း ဒီအကြားထဲမှာ ဘာလုပ်နေရမှာတုန်းကွဲ့ ။ မင်းလည်း အချိန်ဖြုန်း ၊ ငါလည်း အချိန်ဖြုန်း ။ အချိန်ဆိုတာ ရွှေထက် အဖိုးတန်တာ အချိန်ရှိတုန်း လုပ်ကြကိုင်ကြရတာပါ ”
“ ရှင် ကျွန်မအကြောင်း သိရဲ့လား ”
“ မသိဘူး ”
“ မသိဘဲနဲ့ ယူမလား ။ ကျွန်မ မကောင်းတဲ့မိန်းမ ဖြစ်ရင် ဘယ့်နှယ်လုပ်မလဲ ၊ တစ်ခုလပ် တစ်လင်ကွာ ဖြစ်နေရင် ဘယ့်နှယ်လုပ်မလဲ ”
“ ခုတ်ပြီးသား တောလမ်း ရှင်းတာပေါ့ ။ မင်း စကားကို ငါယုံတယ် ။ မင်းမှာ ရည်းစား ရှိသလား ၊ လင် ရှိသလား ”
“ သည်အရွယ်ကျမှ မရှိဖူးဘဲ နေပါ့မလားရှင် ”
“ အခု ပြောတယ် ”
“ အခုတော့ မရှိပါဘူး ၊ အရင်က ရှိဖူးတယ် ။ ညားတောင်ညားဖူးတယ် ”
“ ဘယ်ကလဲ ”
“ ရန်ကုန်ကပါပဲ ”
“ ကိုင်း ပြောစမ်းပါဦး ၊ ဘယ်လိုဖြစ်ပုံလဲ ”
“ အတိအလင်းတော့ မဟုတ်ပါဘူး ။ တိတ်တဆိတ် ဖြစ်နေကြရာမှာ သူ့မိဘတွေ သဘောမတူလို့ ခွဲပြီး သား ကို အဝေးလွှတ်လိုက်တယ် ။ ပြီးတော့ ကျွန်မကို မင်း ငါ့သား ပြန်လာတောင် အတွေ့မခံနဲ့ ။ ရော့ မင်း ရင်းနှီး စားသောက်ဖို့ ငွေတစ်ထောင် ဆိုပြီး ကျွန်မကို နှင်လိုက်လို့ ကျွန်မ ဆွေမျိုးများဆီ ပြန်နေရတာ ။ သူတို့လည်း ဆွေမျိုးပါပဲ ။ ခပ်ဝေးဝေးရယ်လေ ၊ သူတို့ အိမ်မှာ ကျွန်မက နေရတာကိုး ”
“ ဪ … ဒီလိုလား ၊ တယ်ရက်စက်ပါလားကွယ် ပြောပါဦး ”
“ ဒါနဲ့ ကျွန်မ မင်းဘူးကို သွားပြီးနေတယ် ။ ကျွန်မ ဟိုမှာ ကုန်စုံဆိုင်ကလေး ဖွင့်နေတယ်ပေါ့ ”
“ ဒီအတောအတွင်းမှာ ကျွန်မ တစ်ယောက်နဲ့ အကြောင်းပါတယ် ။ ဒါတော့ အတိအလင်းပါပဲ ။ ကျွန်မ ပထမယောက်ျား ဘိလပ်က ပြန်လာတော့ သူ့မိဘများက ကျွန်မ သေပြီလို့ လိမ်ထားတယ် ။ ကျွန်မ သူ့ဆီကို မေးမြန်းဖို့ သွားမလို့တော့ ကြံမိပါရဲ့ ။ နို့ပေမဲ့ သူနဲ့ ဘယ်တော့မှ မတွေ့ပါဘူးလို့ သူ့မိဘကို ကတိထားမိတာနဲ့ မသွားဘူး ။ သည်တော့ ကျွန်မ နောက်ယောက်ျားလည်း ဆုံးသွားတာ မကြာသေးဘူး ။ ဒါနဲ့ ရန်ကုန်မှာ ကျွန်မ အိမ်ငှားနေခိုက်မှာ ကျွန်မ ပထမယောက်ျားဟာ ကျွန်မယောက်ျား နာမည် ဆိုင်းဘုတ်ကို မြင်လို့ ဝင်လာပြီး မေးတော့ ကျွန်မက သူနဲ့ သိပ်ပြီး အပေါင်းအသင်း မလုပ်ချင်တာနဲ့ ကျွန်မ အစ်မတော် တစ်ယောက်ကို မင်း ကတော် နေရာမှာ ထားပြီး ကျွန်မက အစေခံယောင် ဆောင်နေတယ် ။ အခု ကျွန်မယောက်ျားဟောင်းဟာ ကျွန်မကို အတင်း ကြံမလို့ အနား ရောက်နေတယ် ။ ကျွန်မ ဘယ် ပြေးရမလဲ မသိဘူး ” ဟု ပြောလေ၏ ။
သို့ မျက်ရည် တလည်လည်နှင့် ပြောသော အခိုက်တွင် ရွှေလှ၏ မျက်လုံးများသည် ပြူးခနဲ ပြာခနဲ ပါးစပ် ဟခနဲ ရိုးခနဲ ရွခနဲ အံ့အားသင့်သ၍ လန့်သလို ဖြစ်ကာ နေလေရာ မတင်လှ စကား ဆုံးတော့မှ -
“ အမယ်လေး ကျုပ်မယား မတင့်ကလေးပါလား ” ဟု ပြောကာ ပွေ့ဖက်ပြီးလျှင် နှစ်ယောက်သား ခေါင်းချင်းဆိုင်၍ ငိုကြလေသတည်း ။
▢ ပီမိုးနင်း
📖 ကဝိမျက်မှန် မဂ္ဂဇင်း
စက်တင်ဘာ ၊ ၁၉၂၈
No comments:
Post a Comment