❝ အစုန် ... အဆန် ❞
( လင်းဆစ်အိမ် )
“ ကျွီ ”
“ ဟာ ... တိုက်ပြီ ”
“ ကျွတ် .. အရေးထဲ အလုပ်ရှုပ်ပြီကွာ ... ခွေးတွေက စည်းကမ်းမဲ့လိုက်တာ ၊ ခိုင် ... ခဏနော် ”
ဖြစ်ရပ်တွေက တစ်ဆက်တည်း ။ ကျွန်မကို ဆေးခန်း လိုက်ပြပေးပြီး အိမ်အပြန် ရင်သွေးတည်းဟူသော မင်္ဂလာ သတင်းစကားလေးကြောင့် ရွှင်မြူးနေသော မောင်သည် သည်နေ့မှ တိုက်တိုက်ဆိုင်ဆိုင် ရုတ်တရက် ကားရှေ့က ဖြတ်ပြေးလာသော ခွေးအိုမကြီးကို တိုက်မိလိုက်ခြင်း ဖြစ်သည် ။ နှလုံးတုန်တတ်သော ကျွန်မရင်သည် ချက်ချင်း ဖားဖိုထိုးသကဲ့သို့ အသက်ရှူ မဝ ဖြစ်လာရသည် ။ ကျွန်မ အဖြစ်ကို ရိပ်မိသော မောင်က -
“ ခိုင် ... ခဏနော် ” ဟု ဆိုကာ ကားပေါ်မှ ဆင်းသွားသည် ။ မောင့်မျက်နှာ စိတ်မကောင်းဟန် အထင်းသား ပေါ်နေသည်ကို ကားအတွင်းမှ ကျွန်မ မြင်နေရပါသည် ။ သွေးသံရဲရဲမို့ ကျွန်မ မကြည့်ရဲသော်လည်း ဝန်းကျင်မှ လူအချို့ စကားများကိုတော့ ကြားနေရ၏ ။
“ ခွေးမကြီး သနားပါတယ်ကွာ ၊ ခွေးသားပေါက်လေး တွေတော့ ဒုက္ခပဲ ”
‘ အီ ... အီ ’ ဟူသော အသံစီစီကလေးများကို ကြားလာရသည် ။ ကျွန်မ မကြည့်ရဲပါ ။ သို့သော်သည် မြင်ကွင်းကို ကျွန်မ စိတ်မျက်စိဖြင့် မြင်နေရချေသည် ။ ‘ အီ ... အီ ’ ဟူသော အသံကလေးများသည် သွေးအိုင်ထဲ လဲနေပြီး ငြိမ်သက်နေပြီ ဖြစ်သော ခွေးမကြီးအား ခွေးသားပေါက်ကလေးများ ခေါ်နေ သည့် ‘ အမေ အမေ ’ ဟူသည့် အဓိပ္ပာယ်ပင် ဖြစ်ပေလိမ့်မည် ။ ‘ တအီအီ ’ အော်သံနှင့်အတူ ကျွန်မ ပါးပြင်သည် ပူခနဲ ။
အို ... ကျွန်မ မိခင်စိတ်ကို ခံစားတတ်နေပြီလား ။
••••• ••••• •••••
၁ ။
ကျွန်မ ရထားတွေကို မုန်းသည် ၊ ရထားဥသြသံကို မုန်းသည်မှာ ဟိုးငယ်စဉ် ကတည်းကပင် ။ ရထားသံ ကြားလျှင် ကျွန်မနှင့် အဝေးသို့ အမေ ထွက်သွားတတ်သည်ဟု ကျွန်မ မှတ်ယူခဲ့၏ ။
“ ဟဲ့ ... အေးသီ ရထား ဝင်တော့မယ် ၊ သွားစို့အေ့ ”
“ အေး .. အေး လာပြီ လာပြီ ၊ သမီးလေး အမေ သွားမယ်နော် ၊ ဒေါ်လေး စကား နားထောင်နော် ”
ကျွန်မ ခေါင်းညိတ် ပြလိုက်သော်လည်း လူက ဟန်မဆောင်နိုင်စွာ မဲ့ချင်ချင် ။ ကလေးအရွယ်မို့ ကျွန်မ ရင်ထဲက ဝမ်းနည်းမှုကို စာဖွဲ့မပြနိုင်သော်လည်း ထိုအချိန်မျိုးမှာ ကျွန်မ ဝမ်းနည်းငိုချင်လာစမြဲ ။ အမေ့ကို မသွားစေချင်ပါ ။ သို့သော် အမေက သွားစမြဲ ။ ကျွန်မသည်လည်း ဝမ်းနည်းနာကျင်စွာ ကျန်ခဲ့ရစမြဲပင် ။ ဈေးတောင်း ခေါင်းပေါ်ရွက်ကာ ထွက်သွားသော အမေ့ကျောပြင်ကို မျက်စိတစ်ဆုံး ရပ်ငေး ကျန်ခဲ့သည့် အဖြစ်တွေသည် အကြိမ်များ မရေမတွက် နိုင်အောင် ကျွန်မဘဝတွင် ရှိခဲ့၏ ။ အမေထွက်သွားပြီး သိပ်မကြာခင် ကျွန်မတို့ အိမ်နှင့် သိပ်မဝေးသော ဘူတာရုံလေးဆီမှ ဥဩသံ ကြားရတတ်သည် ။ ထို့နောက် ရထားဥသြသံသည် ဝေး၍ ဝေး၍ ပျောက်သွားသည် ။ ကျွန်မနှင့် အမေလည်း ဝေး၍ ဝေး၍ သွားသလို ခံစားရသည် ။ ထို့ကြောင့် ကျွန်မ ရထားတွေကို မုန်းသည် ။
နွေကျောင်းပိတ်ရက် တစ်ခုတွင်တော့ ကျွန်မ အမေ့ကို ရထား လိုက်စီးချင်သည်ဟု ပူဆာခဲ့မိ၏ ။
“ ဖြစ်ပါ့မလား အေးသီရယ် ၊ မတော် ပြုတ်ကျနေမှဖြင့်အေ ” ဟု ဆိုကာ အမေ့ အစ်မ အပျိုကြီး ဒေါ်လေးမိ က အစိုးရိမ်ပိုပြီး ကျွန်မကို မထည့်ချင်ခဲ့သော်လည်း -
“ တစ်ခါတလေပဲ မမကြီးရယ် စိတ်မပူပါနဲ့ ၊ ကျွန်မ သမီးကို သေချာ ဂရုစိုက်ပါ့မယ် ”
“ အိုအေ ... ညည်းက ဈေးတစ်ဖက်နဲ့ ”
ဒေါ်လေးမိ မထည့်ချင် သော်လည်း အမေက ကျွန်မ ဆန္ဒကို ဖြည့်ဆည်းပေးခဲ့လေသည် ။
ကျွန်မဘဝတွင် ပထမဆုံး ရထားစီးဖူးခြင်းမို့ အမေ့ လက်ဆွဲထားရင်း ရွှင်မြူးနေမိသည် ။ အမေသည် ဈေးဗန်း တစ်ဖက်နှင့် ကျွန်မလက် ဆွဲကာ ပြုံးနေသည် ။ ရထား မလာခင် ဘူတာစင်္ကြံပေါ်တွင် အမေ့လို ဈေးရောင်းဖော် ဘဝတူများက ကျွန်မ ပါလာ၍ အံ့သြကြသည် ။
“ အေးသီ သမီးက အချောလေးပါ့လားဟေ့ ”
“ သမီး ထန်းမြစ် စားမလား ”
“ ရော့ သမီး ငုံးဥပြုတ်စား ”
ထိုနေ့က အတော် ပျော်စရာ ကောင်းခဲ့သည် ။ အမေ့၏ အပေါင်းအဖော် ဈေးသည်များက မုန့်များ စုံနေအောင် ကျွေးကြသည် ။ ထန်းမြစ် ၊ ငုံးဥပြုတ် ၊ ပြောင်းဖူးပြုတ် မုန့်တွေ စုံနေအောင် စားရသည် ။
“ ဘော် … ဘူ … ဘော် ....”
“ ရထား ဝင်လာပြီဟေ့ ”
“ အေးသီ ဈေးခြင်းထားခဲ့ ငါဆွဲခဲ့မယ် ၊ ကလေးကိုချီ ကလေးကိုချီ ”
ဥဩသံရှည်ကြီးကြောင့် လူတွေ ဝရုန်းသုန်းကား ထ ပြေး အော်ကြဟစ်ကြတာမို့ အတွေ့အကြုံ မရှိသော ကျွန်မက လန့်ကာငိုမိ၏ ။ အမေ ကျွန်မကို ချီတော့ ကြောက်စိတ်ဖြင့် အမေ့ လည်ပင်းအား ကျစ်နေအောင် သိုင်းဖက်ထားမိတာ အမှတ်ရ၏ ။ အမေသည် ကျွန်မကို ချီပိုးထားရင်းမှ လူတစ်အုပ် အလုအယက် တက်နေသော တွဲတံခါးပေါက်ဝကို ဆွဲတက်သည် ။ ကျွန်မ ကျစ်နေအောင် ဖက်ထားသော အမေ့ လည်ပင်းတွင် ချွေးများ ရွှဲနစ်နေခဲ့သည် ။ ကျွန်မကတော့ ကြောက်စိတ်ဖြင့် ငိုနေမိသည် ထင်သည် ။
“ တိတ်တော့နော် သမီး ၊ ဟော ... ရထားကြီး ထွက်ပြီ ၊ ဟော ... တွေ့လား သမီး ၊ သမီးလေး ပျော်လား ”
“ ဂျုံးဂျုံးဂျတ်ဂျတ် ”
ရထားအငြိမ့်မှာ ထဘီ ခပ်တိုတိုဝတ်ကာ လွယ်အိတ် စလွယ်သိုင်း ထားသော အမေက သူ့ကိုယ်ခန္ဓာကို လှုပ်ခါပြသည်မို့ ကျွန်မ သဘောကျစွာ မျက်ရည်တွေဖြင့် ပြုံးကာ ငေးမိသည် ။ သေချာသည် ။ ကျွန်မ အငိုတိတ်သွားခဲ့ပြီ ဖြစ်သည် ။ လယ်ကွင်းထဲမှ ဗျိုင်းငှက်ဖြူဖြူတွေ ၊ သံတံတားကြီးတွေကို ကျွန်မဘဝတွင် ပထမဆုံးအကြိမ် မြင်ခဲ့ဖူးခြင်းဖြစ်သည် ။ လူအများစုသည် သစ်သားခုံလေးများတွင် အေးအေးလူလူ ထိုင်နေ ကြသည်ကို ကျွန်မ ငေးကြည့်ရင်း အမေ့အား ပူဆာမိ၏ ။
“ အမေ သမီး ထိုင်ချင်တယ် ”
“ ဪ ... အေး ထိုင်တာပေါ့ သမီးလေးရယ် ”
ထောင့်နေရာရှိ လွတ်နေသော ခုံတစ်လုံးတွင် ဝင်ထိုင်ကြသည် ။
“ သမီး ခဏလေး ဒီမှာ ထိုင်နေနော် ၊ အမေ ဈေးရောင်းလိုက်ဦးမယ် ”
ကျွန်မ ခေါင်းညိတ် ပြလိုက်သည် ။
“ ထားခဲ့ပါအေ .. ညည်းသမီးကို အရီး ကြည့်ထားပေးပါ့မယ် ၊ စိတ်ချလက်ချသာ အေးအေးဆေးဆေးရောင်း ”
“ ကျေးဇူးပါ အရီးရယ် ၊ အရီး ပြောင်းဖူးပြုတ်လေး စားပါဦး ”
“ နေပါစေအေ ဈေးဦး ဈေးဖျားကြီးကို ၊ သွားသွား ဈေးရောင်းချေ ”
အမေ ဈေးရောင်း နေသည်ကို ပထမဆုံး မြင်ဖူးခြင်းမို့ ကျွန်မ ငေးနေမိသည် ။
“ ပြောင်းဖူးပြုတ်ပူပူလေး ၊ သကြားပြောင်းစစ်စစ် တွေနော် ၊ ငါးရာဖိုး သုံးဖူး ”
“ ပြောင်းဖူးသည် ဒီကို လာပါဦး ”
“ ဟုတ်ကဲ့ အစ်မရေ လာပြီ ”
အမေ့မျက်နှာ ပြုံးနေသည် ။ အမေပျော်၍ ပြုံးနေသည်လား ။ လူတိုင်းကိုတော့ အမေ ပြုံးပြနေပါသည် ။ တစ်ခါတစ်ရံ အမေသည် ကျွန်မ မြင်ကွင်းမှ ပျောက်သွားတတ်သည် ။ အမေ့အပေါင်းအဖော် ဈေးသည်များက ကျွန်မခုံ အနားရောက်လျှင် ပါးကို ဖျစ်ညှစ်ဆွဲလိမ်သွားတတ်ကြသည် ။ ပါးကို နမ်းရှုပ် သွားကြသည် ။ သူတို့လည်း အမေ့လိုပဲ ပြုံးနေကြသည် ။ သူတို့ ပြုံးကြသည် ပျော်နေကြ၍လား ။ အသံ တစာစာနှင့် ခုတ်မောင်းနေသော ရထားတွဲပေါ် ဟိုမှသည် လူးလာခေါက်တုံ့ ဈေးရောင်းနေကြသည် ။ လူအများစုက ခုံကလေးတွေမှာ ထိုင်နေကြပါလျက် အမေနှင့် ဘဝတူ ဈေးသည်များသည် ဘာလို့ မထိုင်ကြပါလိမ့်ဟု ကျွန်မ တွေးနေမိ သော်လည်း ဉာဏ်ရည်က မမီချေ ။ အမေ့ကို ကျွန်မ အနားလာပြီး အေးအေးလူလူ ထိုင်စေချင်စမ်းသည် ။ ကျွန်မ နှင့်အတူ ရထားပြတင်းပေါက်ကို ငေးစေချင်စမ်းသည် ။ သို့သော် အမေသည် ကျွန်မနှင့်အတူ လာလည်း မထိုင် ၊ ငေးလည်း မငေး ။
••••• ••••• •••••
၂ ။
“ သမီး ပြောင်းဖူးပြုတ် ပူပူလေး စားဦးမလား ၊ တစ် ထောင်ဖိုး လေးဖူးယူလိုက်လေ ၊ အဒေါ် ရှေ့ဘူတာ ဆင်းတော့မှာ ”
အတိတ်ဆီမှ ကျွန်မကို ခပ်ဆတ်ဆတ် ပုတ်ကာ နှိုးလိုက်သော အသံ ။ ဘေးမှ မောင်က ကျွန်မကို တစ်ချက် ငဲ့ကြည့်သည် ။ ကျွန်မ စားချင်မလား အကဲခတ်သည့် သဘော ။
“ ခိုင် စားချင်တယ် ”
မောင် ထုတ်ပေးလိုက်သော တစ်ထောင်တန် တစ်ရွက်ကို ယူပြီး ထွက်သွားသော ဈေးသည် အဒေါ်ကြီးကို ကျွန်မ ငေးကြည့်နေမိ၏ ။ ပါးကွက်ကျားနှစ်ဖက်ပေါ် တွင် ချွေးစီးကြောင်းများနှင့် အဒေါ်ကြီးသည် ကျွန်မအမေနှင့် မတူပါ ။ အမေသည် ပိန်ပိန်ပါးပါးကလေး ဖြစ်သည် ။ သို့သော် အမေဟုပင် ကျွန်မ စိတ်က ထင်နေသယောင် ဖြစ်နေပြန်သည် ။ အမေ့ အငွေ့ အသက်ကို ပြန်ခံစားလာရ သလိုရှိ၏ ။
ပြောင်းဖူးပြုတ် ပူပူမှ ငွေ့ငွေ့ထွက်လာနေသော အခိုးအငွေ့လေးများကို ကျွန်မ ငေးသွားမိပြန်သည် ။ ရထား ကြီးက ဥဩသံရှည်ကြီး တစ်ချက် ဆွဲလိုက်သည် ။ ကျွန်မ၏ အတွေးများသည် အတိတ် စက်ဝန်းသို့ တစ်ဖန် တိုးဝင် သွားကြပြန်သည် ။
••••• ••••• •••••
“ ငါတို့ ရထားနဲ့ သွားကြမယ် ၊ အေးအေးခိုင် နင်ရော ”
ရထားနှင့် သွားကြမည် ဟူသော သူငယ်ချင်းများ စကားကြောင့် ကျွန်မ ရင် သည် ထိတ်ခနဲ ။ ဖုံးကွယ် ထားသည် မဟုတ်သော် လည်း အခြေအနေ အမှန်ကို မျက်နှာချင်းဆိုင်ကြီးတော့ ကျွန်မ ရင်မဆိုင်လိုပေ ။ တက္ကသိုလ်ဝင်တန်း အောင် မြင်ကြသည့် လူဦးရေသည် ကျွန်မတို့ မြို့လေးတွင် များ များစားစား မရှိချေ ။ သို့ သော် ထိုလူနည်းစုထဲတွင် ကျွန်မသည် အချို့ငဲ့ဆုံး ဖြစ်သည်ကိုတော့ ကျွန်မ သိ သည် ။
“ ငါကတော့ ဖြစ်သလိုပါပဲဟာ ၊ နင်တို့ အစီအစဉ်နဲ့သာ နင်တို့ သွားကြပါ ”
“ ဟာ မဟုတ်တာ နင်ကလည်း အတူတူ လိုက်ခဲ့ပါ ”
ကျွန်မ ခေါင်းခါ ငြင်းမိသည် ။ သူငယ်ချင်းတွေက ကျွန်မကို နားမလည်နိုင်သော မျက်ဝန်းများဖြင့် ကြည့်နေခဲ့ကြ၏ ။ ဟင့်အင်း ။ ကျွန်မ ရထားစီးရမှာ ရှက်သည် ။
ထိုနေ့က စားပွဲပေါ် မှာ အထက်တန်းရထား လက်မှတ်ကလေးက မလှုပ်မယှက် ။
“ ရုံပိုင်လေးဆီက အမေ အသေအချာ မှာထားပေးတာ သမီးရဲ့ ” ဟု တဖျပ်ဖျပ် လက်နေသော မျက်ဝန်းများနှင့် ပြောလာသော အမေ့ဟန်လေးကို ကျွန်မ မမေ့သေး ။ အမေ့ လက်ထဲမှာတော့ သူ့ တစ်သက်နှင့် တစ်ကိုယ် မစီးဖူးရှာသော အထက်တန်းလက်မှတ်လေးအား တက္ကသိုလ် တက်မည့် သမီးလေးကို ပေးနေရှာသည် ။
“ ကျွန်မ ရထား မစီးချင်ဘူး အမေ ၊ ကားနဲ့ပဲ သွားမယ် ”
ကျွန်မ အသံမတုန်အောင် ထိန်းပြောလိုက်သည် ။ အမေ့မျက်ဝန်းတွေ ချက်ချင်း အရောင် ဖျော့သွားသလို ရှိ၏ ။ ဒေါ်လေးမိက -
“ အေးအေးခိုင် ရထားနဲ့က ဘာဖြစ်လို့တုံးအေ့ ၊ ညည်းအေ .. လက်မှတ်လည်း ရနေပြီဟာကို သက်သက် အလုပ်ရှုပ်အောင် ကားနဲ့ သွားမယ် ဆိုတာ ဘာသဘောလဲ ”
“ မမကြီး ”
အမေက ဒေါ်လေး စကားကို ကြားဖြတ် တားလိုက်သည် ။ ထို့နောက် အမေ ပြုံးသည် ။ အမေ့အပြုံးသည် အသက်မပါ ။ တစ်စုံတစ်ခုသော ခံစားချက်ကို ဖုံးဖိအားတင်းကာ ပြုံးရသော အပြုံးမျိုး ။
“ သမီး သဘောပါ သမီးရယ် ၊ အဲဒါဆို အမေ ဒီရထားလက်မှတ်ကို မယူဖြစ်တော့ဘူးဆိုပြီး ပြန်ပေးလိုက် တော့မယ်နော် ”
ပြောပြီး အမေ လှည့်ထွက်သွားသည် ။ ဒေါ်လေးမိ က ကျွန်မကို မျက်စောင်းဝင့်၏ ။
••••• ••••• •••••
၃ ။
ဘဝနာ၍ အသိသာခဲ့သည် ။ သို့သော် အမေ့ အပေါ် တွင်တော့ မဟုတ်ခဲ့ချေ ။ အမေ့ကို ကျွန်မ ချစ်သည် ။ အမေ့ဆီမှ ပို့ပေးသော လစဉ် ကျောင်းစရိတ်လေးသည် မပိုလျှံသော်လည်း ချို့ချို့ငဲ့ငဲ့ကြီးတော့လည်း မဟုတ်ခဲ့ချေ ။ အမေ လစဉ် ပို့ပေးသောငွေ နှင့်အတူ လူကြုံလျှင် ကြုံသလို ထည့်ပေးတတ်သော ကျွန်မအကြိုက် အစားအစာလေးများတွင် အမေ့မေတ္တာကို ကျွန်မ ခံစားမိသည် ။ အမေ့ကို ကျွန်မ လူတမ်းစေ့ ထားချင်ခဲ့သည် ။ ပင်ပန်းလွန်းသော အမေ့ကို အေးအေးလူလူ အနားယူစေချင်ခဲ့သည် ။ ထို့အတွက် အများသူငါထက် ကျွန်မ ပိုကြိုးစားခဲ့၏ ။
ကျွန်မဘဝ အတွက် အရေးကြီးသော မဟာတန်း စာမေးပွဲ ဖြေဆိုနေစဉ်မှာပဲ အမေ အကြီးအကျယ် နေမကောင်း ဖြစ်နေသည်ဟု ဒေါ်လေးမိက လူကြုံမှာ လိုက်၍ သိခဲ့ရသော်လည်း စာမေးပွဲရက်မို့ ကျွန်မ လုံးဝ ပြန်သွား၍ မရခဲ့ ။ အမေ့ကိုလည်း ကျွန်မ ဘဝထဲမှ အပြီး ထွက်သွားလိမ့်မည်ဟု ကျွန်မ လုံးဝ ထင်မှတ် မထားခဲ့ ။ မိခင်အရင်း ကိုတောင် နောက်ဆုံး အနေဖြင့် ကျွန်မ ရှိခိုးဦးချခွင့် မရခဲ့သော အဖြစ် ။
နေမကောင်း ဖြစ်နေစဉ် အမေသည် ကျွန်မကို မည်မျှ မျှော်နေခဲ့ ရှာလိမ့်မည်လဲ ။ အမေ ကျွန်မ ဘဝထဲက ထွက်ခွာသွားသည်မှာ မြန်ဆန်လွန်းလှသည် ။ အမေ ရက်လည်ပြီး ကတည်းက မြို့လေးကို ကျွန်မ ကျောခိုင်းခဲ့သည်မှာ ယနေ့ထိ ။ ဒေါ်လေးမိ သည်လည်း လောကုတ္တရာ အလုပ် ကိုသာ အားထုတ်ရန် တရားစခန်း အပြီး ဝင်သွားခဲ့လေသည် ။ ကျောင်းတက်ရင်း အလုပ်လုပ်ကာ ကျွန်မ အရမ်း ကြိုးစားခဲ့ရသည် ။
“ ခိုင် အေးလာပြီ ၊ အနွေး ထည် ဝတ်ထားဦး ”
ငြိမ်ပြီး တွေးနေမိသော ကျွန်မကို မောင် အနွေးထည် ကမ်းပေးသော အခါမှ သတိ ဝင်လာရသည် ။
“ ဪ ... ဟုတ် ၊ မောင် ”
“ ရှေ့ သုံးဘူတာဆို ရောက်ပြီတဲ့ ”
“ ဟုတ် ”
ရောက်ပြီတဲ့ ။ ရောက်ပြီတဲ့လား ။ ဇာတိမြို့လေးဆီ ကျွန်မ ပြန်ရောက်ခဲ့ပြီတဲ့လား ။
“ ဘော် … ဘူ ... ဘော် ... ”
ရထားကြီးက ဥဩသံရှည်ကြီး ဆွဲငင်လိုက်ပြန်သည် ။ သည်မြို့လေးသို့ ကျွန်မ စိတ်အတွင်းမှ အာသီသကြောင့်သာ လင်မယား နှစ်ယောက် ထွက်လာခဲ့ကြခြင်း ဖြစ်သည် ။
ဘူတာရုံလေးသည် သိပ် တော့ အပြောင်းအလဲ မရှိ သေးဟု ကျွန်မ ထင်မိသည် ။ သစ်လွင်သော ဖိုက်ဘာခုံ ကလေးတွေ မြင်တော့ အမေ နှင့် ကျွန်မတို့ ဖိနပ်ခုပြီး ထိုင်ခဲ့ရသည့် အဖြစ်ကို ကျွန်မ သတိရမိသည် ။
ဘူတာရုံလေး အတွင်းမှ ဈေးသည်များက ကျွန်မတို့ လင်မယားကို ကွက်ကြည့် ကွက်ကြည့်နှင့် အကဲခတ် နေကြလေသည် ။ တစ်ချိန်က ကျွန်မသည်လည်း သူတို့လို ရထားဈေးသည် တစ်ဦး၏ သမီး ဖြစ်ခဲ့သည်ကိုသာ သူတို့ သိပါလေလျှင် အံ့သြကြမည် ထင်၏ ။
“ အခုလို အလှူရှင်ပေါ် လာတာ သိပ်ဝမ်းသာပါတယ်ဗျာ ၊ ကျွန်တော်တို့ ဝမ်းမြောက်ဝမ်းသာ ကြိုဆိုပါတယ် ဆရာမ ၊ သာဓုလည်း ခေါ်ပါတယ် ဆရာမ ”
“ ဟုတ်ကဲ့ ဖြစ်နိုင်ရင် အမြန်ဆုံး စီစဉ်ပေးပါရှင် ၊ ကျွန်မတို့က ကုန်ကျစရိတ်ကို ချက်ချင်း ပေးမှာပါ ”
“ ဟာ ... ဟုတ်ကဲ့ပါ ဆရာမ ၊ စိတ်ချပါ ဒီနေ့ချင်းပဲ ကျွန်တော် စီစဉ်လိုက်မှာပါ ”
ငွေအားဖြင့် အမြန် စီစဉ်လိုက်တော့လည်း မြန်သည် ။ စတီးလ်ချောင်းတွေ သုံးဘီး နှင့် ချက်ချင်း ရောက်လာသည် ။ အလုပ်သမားတွေ ချက်ချင်းအလုပ် စ,ကြသည် ။ ဂဟေဆော်သူက ဆော် ။ ပစ္စည်းချသူက ချ ။ ရုံပိုင်ကြီး ရုံးခန်းရှိ စားပွဲလေးမှ ကျွန်မ အသာပင် ငေးကြည့် နေမိသည် ။
“ အဆန်ရထားက ဒီဘူတာကို ဘယ်အချိန် ပြန်ဝင်သလဲရှင့် ”
“ ခန့်မှန်း ညနေ ငါးနာရီ ၊ ငါးနာရီခွဲပါပဲ ဆရာမ ”
“ ဟုတ်ကဲ့ ကျွန်မတို့ အတွက် နေရာလေး လုပ်ထားပေးပါဦးနော် ”
“ အာ ... စိတ်ချပါ ဆရာမ ကျွန်တော် သေချာ လုပ်ထားပေးပါ့မယ်ဗျာ ”
မောင်နှင့် ကျွန်မ တစ် ယောက်ကို တစ်ယောက် ကြည့်ကာ ပြုံးမိရသည် ။ မောင့်အပြုံးသည် “ ကဲ မိန်းမ စိတ်ကျေနပ်ပြီလား ” ဟု အဓိပ္ပာယ် ဆောင်သည့် အပြုံး ။ ကျွန်မ အပြုံးသည် ... ။ အမေ့ ကျေးဇူးကြွေးကို ကျွန်မ ဆပ်တတ်သလို ဆပ်ခဲ့ခြင်း ဖြစ်သည် ။
••••• ••••• •••••
သိပ်မကြာခင် ထိုဘူတာလေးတွင် ရေသန့် စတီးလ် ရေစင်အိုးကြီး ပေါ် လာလေသည် ။ အများသူငါ ပြုံးရွှင်စွာ အားပါးတရ သောက်သုံးကြသည့် မြင်ကွင်းကို အမျိုးသမီး တစ်ဦးသည် ထောင့်တစ်နေရာမှ မျက်ရည်များ စီးကျလျက် ငေးကြည့် နေခဲ့ရှာသည် ။ စတီးလ်ရေစင်အိုးကြီးပေါ်တွင် အလှူရှင်၏ အမည်ကို သင်္ဘောဆေး အပြာဖြင့် ထင် ထင်ရှားရှား ရေးထိုးထားလေသည် ။
“ ကွယ်လွန်သူ မိခင်ကြီး ဒေါ်အေးသီ ( ဘူတာရုံ ဈေးသည်ဟောင်း ) ကောင်းမှု ”
နတ်လူ သာဓု ခေါ်စေသောဝ် ။
ယခုတော့ဖြင့် ကျွန်မ သိခဲ့ရပြီ ဖြစ်သည် ။ အမေ့ကို စာနာတတ်ခဲ့ရပြီ ဖြစ်သည် ။ ကျွန်မ ရထားတွေကို မုန်းသလို ၊ အစုန်အဆန်ရထားတွေကို စီးကာ ဝမ်းရေးအတွက် ရုန်းကန်ခဲ့ရရှာသော အမေသည်လည်း ရထားတွေကို မုန်းပါလိမ့်မည် ။ သည် ရထား အစုန်အဆန်များတွင် အမေ့၏ ချွေးစက်တွေ ဘယ်လောက်များ ကျခဲ့ရှာမည်လဲဟု ကျွန်မ မတွေးဝံ့တော့ ။
အစုန်ရထားဖြင့် လာခဲ့သော ကျွန်မသည် အဆန်ရထားဖြင့် တိတ်တဆိတ် ပြန်ခဲ့သည် ။
“ ဘော် ... ဘူ ... ဘော် ...”
ဥဩသံရှည်ကြီး ဆွဲကာ ရထားက တအိအိဖြင့် စတင် ထွက်ခွာသည် ။ ဘူတာရုံ ကလေးက တရိပ်ရိပ် ကျန်ခဲ့ပေပြီ ။ ရထားပြတင်းမှ ခေါင်းပြုကာ ဘူတာရုံလေးကို ကျွန်မ လည်ပြန်ငေးမိ သည် ။
ဟော ... နှင်းငွေ့ ကြား ဘူတာစင်္ကြံလေးပေါ် မှာ အမေရယ် ... ကျွန်မကို အပြုံးလေးနှင့် လက်ပြ နှုတ်ဆက်နေသယောင် ။
⎕ လင်းဆစ်အိမ်
📖ရွှေအမြုတေ ရုပ်စုံမဂ္ဂဇင်း
စက်တင်ဘာ ၊ ၂ဝ၂ဝ
No comments:
Post a Comment