Thursday, May 21, 2026

ဂျစ်ပစီကျီးကန်း ၊ သင်္ဃန်းကျွန်း တောက်တက် အရစ္စတိုကက် နှင့် ဖားဖင်စိမ်


❝ ဂျစ်ပစီကျီးကန်း ၊ သင်္ဃန်းကျွန်း တောက်တက် အရစ္စတိုကက် နှင့် ဖားဖင်စိမ် ❞
               ( ဝသုန် )

ကျွန်တော်၏ နေအိမ်ခြံဝင်း အတွင်း၌ ယခုအခါ ကျွန်တော်တို့ မွေးမြူထားခြင်း မရှိသော်လည်း နွေးထွေး စောင့်ရှောက်နေရသည့် သတ္တဝါများရှိလာ ပြန်ပါပြီ ။

ယခင်က ခွေးတို့ ၊ ကြောင်တို့ ၊ ဘဲပေါက်စတို့ ၊ ရွှေငါးကလေးတွေတို့ မွေးမြူဖူးသည် ။ ၎င်းတို့ ပျောက်ဆုံးခြင်း ၊ သေဆုံးခြင်း ဖြစ်သည့် အခါ တစ်အိမ်သားလုံး စိတ်နှလုံး ထိခိုက် ခံစားရဖန် များလှသဖြင့် အိမ်မွေးတိရစ္ဆာန် ထားရှိသည့် အလုပ် မလုပ်တော့သည်မှာ နှစ် အတန်ပင် ကြာခဲ့ပြီ ။ မဖိတ်ခေါ် မိသော ဧည့်သည်များက ခြံဝင်း အတွင်းမှာရော အိမ်ထဲ မှာပါ ရောက်ရှိနေရာယူ လာပြန်ပြီ ။

ကျီးကန်း နှစ်ကောင်မှာ မည်သည့် အရပ်ဒေသက ပျံသန်းလာသည်တော့ မသိရ ။ မခွဲမခွာ အမြဲလာကြ၍ သူတို့မှာ ကျီးဖို နှင့် ကျီးမ မောင်နှံ ဖြစ်ဖို့ များပါသည် ။ နံနက်လင်းလျှင် သူတို့ ရောက်လာကြမြဲ ။ အိမ် နောက်ဘက်က မန်ကျည်းပင်မှာ နားမြဲ ။ အ .. အ နှင့် အစာ တောင်းမြဲ ၊ ကျွန်တော်က ထမင်းကြမ်းခဲ ဖြစ်ဖြစ် ကြဲပက် ကျွေးရမြဲ ဖြစ်သည် ။ ကျွန်တော်တို့ အိမ်ခြံဝင်း ထဲမှာ သူတို့သာလျှင်မက စာဝါ ၊ စာညို ၊ စာဝတီး တို့ အပြင် နှံပြီစုတ်ငှက်ကလေးတို့ အထိ ရှိသည် ။ တစ်ခါက ရွက်လှပန်းပင် တစ်ပင်၏ ရွက်လိပ်ထဲမှာ နှံပြီစုတ်ကလေးတွေ အသိုက်ဆောက် နေထိုင်သွားတာတောင် တွေ့ခဲ့ဖူးသည် ။ မန်ကျည်းပင် ထိပ်ဖျားမှ ကူကူးကူကူး ဟူသည့် လွမ်းမောဖွယ် ချိုးကူသံ ကိုလည်း တစ်ခါတစ်ရံ ကြားရ တတ်သည် ။ သူငယ်လေးတို့၏ လောက်လေးခွစာ ကင်းလွတ်စွာ ဘေးမဲ့ ဒေသ ဖြစ်နေ၍ သူတို့ ပျော်ကြသလား မသိ ။

မြေပြင် ပြောင်တလင်းမှာ သူတို့အတွက် ဆန်ကွဲများ ကြဲပက် ပေးထားသည် ။ စပါးတွဲ လာရောင်းလျှင် ဝယ်ယူ၍ သားတို့က မန်ကျည်းပင်တစ်ဝက် လောက်မှာ တက်ချိတ်ဆွဲ ပေးဖူးသည် ။ သူတို့ကို လည်း ကျွန်တော် မောင်းနှင် မပစ်ရက်ပါ ။ ကျွန်တော် ခြံဝင်းထဲမှာ ကောက်ယူ ရှင်းလင်းပစ်တတ်သည်မှာ အပင်ငယ်များကို ကိုက်ဝါးဖျက်ဆီး တတ်သည့် ခရု ၊ ပက်ကျိများ သာ ဖြစ်ပါသည် ။ ဤ ကမ္ဘာမြေသည် ကျွန်တော်တို့ လူသား တွေအတွက် သက်သက် မဟုတ်မူဘဲ သတ္တဝါ အားလုံးနှင့် သက်ဆိုင်လျက် ရှိသည်မှာ အမှန်ပင် ။

ကျီးမောင်နှံကို ကျွန်တော် သတိထားမိသည်မှာ သူတို့ ဘယ်ဒေသမှ လာလာ နိစ္စဓူဝ အချိန်မှန် လာခြင်းကြောင့် ဖြစ်၏ ။ ကျွန်တော့် ဇနီးသည် ဈေးက ပြန်လာချိန် ၊ သားငါး ခုတ်ထစ်ချိန်နှင့် ကြုံကြိုက်လျှင်လည်း မန်ကျည်းပင်ပေါ် မှ ပိုင်စိုးပိုင်နင်း တအအ တောင်းဆို ကြမြဲပင် ။ ထူးဆန်းသည်က အခြား ကျီးကန်းတွေလို အလစ် ထိုးသုတ်ယူခြင်း သူတို့ မပြုကြပါ ။ ကျောက်ပြားပေါ် သွား ပုံမှသာ ဆင်းသက် သုတ်ယူ၍ မြိန်ရေရှက်ရေ စားကြသည် ။ ပြီးလျှင် သူတို့ ပျံသန်းလိုရာသို့ ထွက်ခွာသွားကြသည် ။ မည်သည့် ဒေသမှာ အိပ်တန်း ပြန်တက်ကြသလဲတော့ မသိ ။ နံနက် ၆ နာရီလောက် ဆိုလျှင်တော့ အ ... အ ဟူသော အသံကို ကျွန်တော်တို့ ကြားရမြဲ ဖြစ်သည် ။ တစ်မနက် ကျွန်တော် ကြားရသည့် အ .... အ အသံမှာ ပိုမို ဆူညံဝေစီ နေလေသည် ။ နှစ်ကောင်တည်း အော်သံ မဟုတ် ။ မန်ကျည်းပင် ပေါ် ကို ကျွန်တော် မော့ကြည့် လိုက်တော့ ကိုင်း တစ်ကိုင်း အထက်မှာ သုံးကောင် ။ အလယ်က ကျီးတစ်ကောင်မှာ သူတို့လို မဟူရာရောင် မနက်ပြောင်သေး ။ ညိုရင့်ဖျော့ဖျော့သာ ရှိသေးသည် ။ သူတို့လောက်လည်း အလုံးအထည် မဖွံ့ထွားသေး ။ ဪ ... ကျွန်တော်တို့၏ ဂျစ်ပစီ ကျီးကန်းမောင်နှံမှာ သားသမီးရတနာတောင် ထွန်းကားနေပါပေါ့လား ။

ကျွန်တော်က ထမင်းကြမ်းခဲ အကြီးကြီးတစ်ခု ယူ၍ ကျောက်ပြားပေါ် မှာ ခြွေချကြဲပက်လိုက်သည် ။

•••••   •••••   •••••

မူလ ကတည်းက ကျွန်တော့် အိမ်မှာ သစ်သား နှစ်ထပ်အိမ်အိုကြီး တစ်လုံးပဲ ဖြစ်သည် ။ ငွေသားကလေး ရှိလာတော့ အုတ်ပတ်ကား တက်ချင်လာသည် ။ ထိုစဉ် နယ်မှ သူငယ်ချင်း ပန်းပုဆရာ တစ်ယောက် နှင့် တွေ့ဆုံခိုက်ဖြစ်၍ သူ့ ကိုပဲ ပန်းရန် လုပ်ခိုင်းမိပါသည် ။ ဒါသည်ပင် ကျွန်တော့် အမှား ၊ ကျွန်တော့် အပြစ်ဖြစ် ပါသည် ။ ဘယ့်နှယ် ပန်းပု နှင့် ပန်းရန် တူ မလို အလှမ်းကွာစွာ မတူညီသော ပညာနှစ်ခု ။

အုတ် ၊ အင်္ဂတေ ၊ သဲ ၊ ထုံး ၊ ကျောက်တို့ကို အတူတူ အသုံးပြုရငြားလည်း မည်သည့် နည်းနှင့်မျှ တစ်ခုနှင့် တစ်ခု မတူညီပေ ။ ပန်းပုက အလုံးအထည် ၊ အဖောင်း အရစ်တို့ကို ပုံဖော်၍ ပန်းရန်က ဖြောင့်စည်း ညီညာခြင်းကို သရုပ်ဖော်ရလေသည် ။ သူငယ်ချင်း ပန်းပုဆရာက နယ်မှာ ပန်းပုရုပ်တုတွေ ထုသော သူ ဖြစ်သောကြောင့် ထုံးများများ ကိုင်တတ် သူ ဖြစ်သည် ။ ဘိလပ်မြေ ၊ သဲ ၊ ထုံး တို့ကို ရောမွှေရာတွင် ထုံးများများ ထည့်သော အခါ အင်္ဂတေသည် ရွှံ့စေးကဲ့သို့ ဖြစ်လာပြီး ကိုယ်လိုရာ ရုပ်တုတို့၏ အလိမ်အတွန့် ၊ အကောက်အကွေး တို့ကို ကောင်းစွာ ပြုလုပ်နိုင်စွမ်းသည် ။ ယခု ကျွန်တော့် အိမ်မှာ ပန်းရန် အုတ်ပတ်ကား တက်ပြီးသမျှ နေရာတို့မှာ နောက်ထပ် မည်သည့် အိမ်သုတ်ဆေးမျှ သုတ်စရာ မလိုတော့ဘဲ ဖွေးဖွေးလေးဖြင့် တင့်တယ်လှပနေသည် ။ တစ်ခုပဲ ပြောစရာ ရှိပါသည် ။ ၎င်းမှာ မျဉ်းတစ်ဖြောင့်တည်း ဖြစ်ရမည့်အစား လှိုင်းတွန့်လေးများ ဖြတ်ပြေးသွားသည့် မျက်နှာပြင် ဖြစ်နေသည် ။ သူငယ်ချင်းကလည်း နယ်ပြန်သွားပြီ ။ နောက်ထပ် နှစ် တော်တော် ကြာသည်အထိ သူနှင့် ကျွန်တော် မဆုံနိုင်တော့ပါ ။ တော်ပါသေးသည် ။ ငွေ လည်း ကုန်သွားပြီ ဖြစ်၍ ရှေ့ မျက်နှာစာမှာပဲ လုပ်ငန်းရပ် သွားလို့ပေါ့ ။ သို့မဟုတ်ပါက တစ်အိမ်လုံး စစ်ကိုင်းတောင်သီချင်း ထဲကလို “ ဝဲ - လက်ယာ အတွန့်အတွန့် နဲ့ အလွန့်အလွန် သာယာပါပေသည် ” ဖြစ်တော့ မလို့ ။ ဒါတောင် သူငယ်ချင်း ပန်းချီဆရာ တစ်ယောက်က “ ဝသုန် ၊ မင်း ဆက်တင် ဆောက်လုပ်တာလား ” ဟူ၍ မညှာမတာ ကျီစယ်တာ ခံလိုက်ရပါသေးသည် ။

နောက် ပန်းရန် ခေါ်  အပ် ပြန်လျှင်လည်း သူ့ စိတ်ကြိုက် အကုန် ပြန် ဖျက်၍ အသစ်ပြန် လုပ်ရတော့မည် ။ ထို့အတွက်လည်း ကျွန်တော့်မှာ ကုန်စရာ ငွေ မရှိ ။ အကြံရ ကျပ် နေချိန်မှာပင် ညီငယ် ပန်းချီဆရာ တစ်ယောက်က ပန်းအိုး တစ်အိုး လက်ဆောင် လာ ပေးသည် ။ “ အစ်ကို အဲဒီ အပင်ကို စိုက်ကြည့်ဗျ ။ သိပ်ပြီး ရေလောင်းစရာ လည်း မလိုဘူး ။ ဒီကောင် အသက် ပြင်းတယ် ။ ပြီးတော့ အင်္ဂတေ နားမှာ ကပ် စိုက်ရင် သူ့အမြစ်တွေနဲ့ တွယ်တက်သွားပြီး အပေါ် ရောက်လေ အရွက်တွေက ကြီးလာ လေလေနဲ့ သိပ်လှတာပဲ ” ဟု ဆိုပါသည် ။ ကျွန်တော်ကလည်း သူ ပြောသလိုပင် အိမ်ရှေ့ ဝင်ပေါက်ဘေးနား ကပ်၍ အဲသည် နွယ်ရွက် အခွေလေးကို ပစ်ချ စိုက်ထားခဲ့ရာ သူ ပြောသလိုပင် တစ်နှစ် မပြည့်မီ အတွင်း စိမ်းလက် ခက်ဖြာသော နွယ်ပင် ရွက်ဖားကြီးများ ပေါက်ဖွား ရှင်သန်လာခဲ့ သည် ။ ယခုအခါ ရှေ့မျက်နှာစာ၏ အင်္ဂတေလှိုင်းတွန့်တို့၏ အရှက်တရားကို လှပစွာ ဖုံးဖိနိုင်ခဲ့ပါပြီ ။ ကျွန်တော့် အိမ်ရှေ့မှ ဖြတ်သွားကြသူတိုင်း နှစ်ခါပြန် ငဲ့စောင်းကြည့်ရသော အိမ် ဖြစ်နေခဲ့ပြီး ထို အစိမ်းရောင် ရစ်သမ်နှင့် လိုက်ဖက်ရန် သစ်သားတံခါး ကျဲကျဲလေး တစ်ခု ပြုလုပ်သည် ။ ပန်းပုဆိုင် တစ်ဆိုင်မှ ကိန္နရာပန်းပု ရုပ် တစ်ခု ဝယ်ယူ တပ်ဆင်ပြီးတော့ တံခါး တစ်ခုလုံး ရွှေအိုရောင် သုတ်လိုက်သည့်အခါ ( ကျွန်တော့် အထင်ပေါ့နော် ) အလွန်ပင် အနုပညာ ဆန်သော အိမ်ဝင်ဝကလေး တစ်ခုကို ဖန်တီးမိပြီးသွားပေပြီ ။

ရပ်ကွက်ထဲက လူအချို့ ကတော့ ကျွန်တော့် ဇနီး ဈေးသွားသည့်အခါမှာ “ အစ်မတို့ အိမ်မှာ အပင်တွေ ရှုပ်ယှက်ခတ် နေတာပဲနော် ။ မြွေတွေ ဘာတွေ မလာဘူးလား ” ဟု မေးကြသည်တဲ့ ။ ဟုတ်ကဲ့ ... အကောင်ရှည်ရှည် မြွေတွေ ဘာတွေ မလာပါ ။ အနည်းငယ် ထူးဆန်းသော သတ္တဝါ တစ်ကောင်သာ ရောက်ရှိလာခဲ့သည် ။ သူ့အသံ စကြားရစဉ်က ကျွန်တော်တို့ မိသားစု အားလုံးအဖို့ အထူးအဆန်း အဖြစ် နားစွင့်နေမိသည် ။

“ တက်တက် တက်တက်တက် ” ဟူ၍ ပထမဆုံး သူ လည်ချောင်း ရှင်းသလို အသံ ပေးသည် ။ ပြီးမှ “ တောက်တက် ... တောက်တက် ၊ တောက်တက် ... တောက်တက် ” ဟု လေးကြိမ် အော်သည် ။ ပြီးလျှင် “ တက်တက် တက်တက် ” ဟု ဆို ပြန်ကာ အသံကို ညင်သာ တိုးနိမ့်စွာ နုတ်သိမ်းသွားလေသည် ။ ထိုစဉ်က သူ့အသံကြားသည့် အချိန်မှာ ည ၁၀ နာရီလောက် ဖြစ်သည် ။ နောက် ၁၁ နာရီ လောက်မှာ တစ်ကြိမ် ။ ကျွန်တော် ဖော်ပြခဲ့သည့် နရီစည်းဝါးအတိုင်း သူ အော်သည် ။ နောက် ၁၂ နာရီလောက်မှာ သူ ထပ်အော်ချင် အော်ပါဦးမည် ။ သို့သော် ကျွန်တော်တို့လည်း အိပ်မောကျပြီ ဖြစ်၍ သူ့အသံကို မကြားနိုင်တော့ပါ ။

သူ့ ရုပ်သွင်ကိုတော့ ယခုတိုင် ကျွန်တော် မမြင်ဖူးသေး ။ သူငယ်ချင်း တစ်ယောက်က “ သူ့ အညစ်အကြေးတွေထဲမှာ အဆိပ် ရှိတယ် ” ဆို၍ ကျွန်တော် လန့်ဖျပ်သွားဖူးသည် ။ သူ့ကို နှိမ်နင်းရန် ဆုံးဖြတ်ပြီး မြန်မာနည်းဖြင့် ဈေးထဲမှ အဘွားကြီး အကြံပေးသည့် အတိုင်း ကြက်သွန်နီဥတွေ ထက်ပိုင်းဖြတ် လှီးကာ သူလာရာ လမ်းတစ်လျှောက် အိမ်အပေါ်ထပ် ဝရန်တာမှာ ၊ အိမ်ဘေး ခါးပန်းတွေပေါ်မှာ ထားရှိဖူးသည် ။ ယခုတိုင် သူကတော့ စွန့်ခွာ မသွားသေးပါ ။ ယခင် ဘဝက ကြက်သွန်ပွဲရုံ ဂိုဒေါင်စောင့် ဖြစ်ခဲ့၍ လားမသိ ။ ကြက်သွန်နီ ငွေ့ ကို သူ မဖြုံပါ ။ ကျွန်တော်တို့မှာသာ ကြက်သွန်နီ ငါးဆယ် သားလောက် ဆုံးရှုံးခဲ့ရခြင်း အဖတ်တင်သည် ။ သူ့ အညစ်အကြေးများ လည်း အိမ်ထဲကျရန် အကြောင်း မရှိ ။ သူ့ အော်သံကလည်း အိမ် ဘေးဘက် ခေါင်နား ကပ်လျက်လောက်ကပဲ ဖြစ်မည် ။ ညစဉ် ၁၀ နာရီလောက် မှန်မှန် အော်သဖြင့် အိမ်က နာရီ ရပ် နေလျှင်တောင် သူငယ်အိပ်ချိန် ရောက်ပြီ ဆိုတာ သိနိုင်သည် ။ သူ့ အသံကို ကျွန်တော်တို့ ကြားရသည့် အတိုင်း “ တောက်တက် ” ဟူ၍သာ ခေါ်ဆိုလိုပါသော်လည်း မြန်မာစာလုံးပေါင်း သတ်ပုံကျမ်းမှာတော့ “ တောက်တဲ့ ” လို့ ရေးထားပါသည် ။ ပြီးတော့ ကျွန်တော်က သင်္ဃန်းကျွန်း အပိုင် ၁၆ ရပ်ကွက်မှာ နေထိုင်၍ သူကလည်း ကျွန်တော့် အိမ်မှာ မှီခိုသူ မို့ ‘ သင်္ဃန်းကျွန်း တောက်တက် ’ ဟု ခေါ်ဝေါ် သမုတ်လျှင် ပို ကောင်းမလား မသိ ။

•••••   •••••   •••••

“ သမီးရေ … ညည်း ဘော်ဒါကလေး ရောက် နေပြန်ပြီဟေ့”

ကျွန်တော့် သမီး အငယ်မ အင်ကြင်း သည် တိရစ္ဆာန်များ အပေါ် သံယောဇဉ် အတွယ်တာတတ်ဆုံးသူ ဖြစ်၏ ။ သူ့ သံယောဇဉ် ကြီးမားမှုကြောင့်ပင် ကျွန်တော်တို့ အိမ်မွေးတိရစ္ဆာန် မထားရှိတော့ခြင်းဖြစ်သည် ။ ယခင် အိမ်မွေးခွေးကလေး ‘ ဘလက် ’ သေဆုံးစဉ်က သူ့မှာ ငိုမဆုံး ၊ ဘဲပေါက်စကလေးများ ပျောက်ဆုံးသွားစဉ်က လည်း သူ သုံးလေးရက် အစားအသောက် ပျက် ၊ ကြောင်ကလေး ‘ ဘိုမ ’ ဘယ်တော့မှ ပြန်မလာမည့် လမ်းကို သွားရစဉ် ကလည်း သူ့ မှာ တမှိုင်မှိုင် တငိုင်ငိုင် အကြိမ်ကြိမ် ဖြစ်ဖူးသည် ။ ယခုလည်း သူ့ သံယောဇဉ်လေး တစ်ကောင် ရောက်လာ ပြန်ပါပြီ ။

နောက်ဘက် ရေကပြင်မှာ သမီးက သူ့ကို ပန်းကန်ပြားသေးသေးလေး နှင့် အစာ ချကျွေးတော့ အငမ်းမရ စားသည် ။ ကျွန်တော်က သူ့ ခေါင်းကလေးကို လှမ်း သပ်မည် အပြု လှစ်ခနဲ ခြံစည်းရိုးပေါက် သစ်သားတိုင်များ ကြားမှ ထွက်ပြေးတော့သည် ။ သူသည် အဖြူနှင့် မီးခိုး နက်ကွက်ကြား ကြောင်မလေး တစ်ကောင် ဖြစ်လေသည် ။ အနီးဝန်းကျင် အိမ်တစ်အိမ်မှ ဖြစ်မည် ။ ပိန်ပိန် သေးသေးကလေး ၊ စားချိန် သောက်ချိန် ဆိုလျှင် သူ ရောက်လာတတ်၍ သမီးက သူ့ အတွက် ပန်းကန်ပြား သေးသေးကလေး လုပ်ပေး ထားခြင်း ဖြစ်သည် ။ တစ်ခုတော့ ရှိသည် ။ သမီး အင်ကြင်း မှ တစ်ပါး ကျွန်တော်တို့ အိမ်သား တစ်ဦးဦး သူ့အနား ရောက်လာခဲ့ပါက လှစ်ခနဲ ထွက်ပြေး သွားတတ်သည် ။ သူ လူ ကြောက်ပုံရ၏ ။

သမီးအင်ကြင်း က သူ့ကို ‘ အသေးလေး ’ လို့ အမည်ပေးထားသည် ။ တနင်္ဂနွေ တစ်ရက် သမီး ကျောင်းပိတ်သောနေ့ မှာ တော့ သူသည် နောက်ဖေး မီးဖိုချောင်ထဲမှာ တစ်နေ့လုံး ဆော့ နေသည် ။ ညနေစောင်း တိုင်ပါပဲ ။ ကျွန်တော်တို့ကလည်း သူ့ကို မေ့မေ့ပျောက်ပျောက် နှင့် ည အိပ်ရာဝင်ခဲ့ကြသည် ။ နောက် တစ်နေ့ နံနက်လင်း၍ အတွင်းတံခါးများ ဖွင့်လိုက်သော အခါမှ အိမ်ရှေ့က ဖိနပ်ချွတ်မှာ ကျွန်တော့်ကို မျှော် ကြည့်၍ ‘ ညောင် ’ ဟု အော်ပါသည် ။ သူ့ အသံလေး တိုးလွန်းလှ သဖြင့် ‘ ညောင် ’ လား ၊ ‘ မြောင် ’ လား မကွဲပြားလှပါ ။ အိမ်ပေါ် ထပ်မှ ဆင်းလာသော သမီး က “ ဟယ် ... အသေးလေး ” ဟူ၍ လက်လှမ်းလိုက်တော့ သမီးရင်ခွင်ထဲ ပြေးတက် သွားပြီး ခေါင်းဝှေ့ ပွတ်သပ်ရင်း တညောင်ညောင် အသံလေးဖြင့် ကြောင် ဘာသာဗေဒ မဂဓစကားများဖြင့် ချွဲနွဲ့လေတော့သည် ။ သို့ဖြင့် သူသည် ကျွန်တော်တို့ အဖို့ နွေးထွေးစောင့်ရှောက်ရ မည့် သတ္တဝါလေး တစ်ကောင် ဖြစ်လာခဲ့တော့သည် ။ ကြည့်ရသည်မှာ မကြာခင်က ပြောင်းရွှေ့ သွားခဲ့သည့် အိမ်ငှား တစ်စု၏ လက်ကျန် ကြောင်ကလေး ဖြစ်နိုင်ပါသည် ။

သူ့ အနေဖြင့်လည်း ကျွန်တော်တို့ကို အထူးတလည် ဒုက္ခပေးခြင်းလည်း မရှိလှပါ ။ အစာ အနေဖြင့်လည်း ကြောင် ဖြစ်သဖြင့် ကြောင်စာ လောက်ပဲ ကျွေးမွေးရပါသည် ။ ထူးခြားသည်က အခြား ကြောင်များလို သားငါးကို ခုံခုံမင်မင် နှစ်သက်ခြင်း မရှိ ။ ပဲသီးကြော် ၊ ပဲပင်ပေါက်ကြော် ၊ အသီးအရွက်ကြော်တွေကို သူကြိုက်သည် ။ အဲ ... အီကြာကွေးကြော် လည်း ကြိုက်သည် ။ သူ သိပ်ဆာလောင်နေလျှင် ထမင်းဖြူချည်းပဲ ချကျွေးလည်း သူ စားပါသည် ။

တစ်ခါက သမီး အလတ်မ ငါးမြစ်ချင်း ကြော်သည့် အခါ အိမ်ရှေ့သို့ ပြေးထွက် သွားခဲ့သည်တဲ့ ။ တရှဲရှဲ ဒယ်အိုးမြည်သံကို လန့် ပြေးတာ သို့မဟုတ် ဆီပူ စင်သွားတာလည်း ဖြစ်နိုင်ပါသည် ။ သူက မီးဖိုနားမှာ ခွေအိပ် တတ်တာကိုး ။ သူ့ အကျင့်က တစ်ခုခု အောက်က အခင်းအခု ရှိမှ အိပ်တတ်သည် ။ မိန်းမက ထမင်းဟင်း ချက်ရင်း လက်ခုစုတ် ပျောက်သွား၍ လိုက်ရှာလျှင် သူ့အိပ်ရာ အောက်က ဆွဲထုတ် ပေရော့ ။ ကျွန်တော် ပက်လက်ကု,လားထိုင်သို့ ဝင်ထိုင်လျှင် အသာ တက်လာပြီး ကျွန်တော့် ပေါင်ခြံထဲ ဝင်လာကာ ခွေခွေလေး အိပ်တတ်သည် ။ ကျွန်တော်က မာဖီးယား ဂိုဏ်းခေါင်းဆောင်ကြီး တွေလို ၊ ဂျိမ်းစ်ဘွန်း၏ ရန်သူတော်ကြီး ဗလိုဖဲလ် တို့လို သူ့ ခေါင်းကို ပွတ်သပ်ပေးလျှင်ကား နှစ်ခြိုက်စွာ အိပ်မက်တွေ ဘာတွေ မက်နေအောင် သူ အိပ်ပါလိမ့်မည် ။ အဲဒီ အိပ်သည့် ကိစ္စကပဲ နိစ္စဓူဝ သူ့ အလုပ်လေ ။ တစ်ခါတလေလည်း ကျွန်တော် ခုံပေါ် အမှတ်တမဲ့ တင်ထားမိသည့် မဂ္ဂဇင်းစာအုပ် ပေါ် မှာ ၊ ညဘက် သမီးတို့ အိပ်ရာဝင်သည့်အခါ ပထမတော့ သမီး ရင်ခွင်ထဲမှာ ။ ပြီးတော့ ဘယ်နည်းဘယ်ပုံ တက်သည် မသိ ၊ ခြင်ထောင် အမိုးပေါ် မှာ ဆပ်ကပ်ထဲက အာဇာနည်စန်းစန်း ဘားတန်း ကစားသလို အိပ်နေတတ်သည်တဲ့ ။

စားမည် ၊ ဆော့မည် ၊ အိပ်မည် ။ ဒါကြောင့် သူ၏ အလုံးအထည် မှာ ယခုအခါ ရောက်စကထက် နှစ်ဆ တိုး၍ အကြီးစား အသေးလေး ဖြစ်နေခဲ့ပြီ ။ သူ့ မျက်နှာကလေး ကလည်း ချိုသာ၍ ချစ်စရာ ကောင်းပါသည် ။ သမီးရေ ညည်း ကြောင် ကတော့ ဒစ္စနေး ဘိုင်စကုတ်ထဲက တကယ့် ‘ အရစ္စတိုကက် ’ ပါပဲကွာ ဟု မှတ်ချက်ချတော့ သမီးတို့က ပြုံးလေသည် ။ သူနှင့် ဆော့ကစားရင်း “ ဟဲ့ .. အသေးလေး ၊ ဟဲ့ ... အရစ္စတိုကက် ... နင် ယောက်ျား မယူရဘူးနော် ။ တော်ကြာ နင့် သားသမီးတွေက နင့်လို သက်သတ်လွတ် ကြောင် မဟုတ်ရင် ငါတို့မှာ ဒုက္ခပဲ ” ဟု သမီးငယ်က သူ့အား မှာနေသည် ။ သူက ‘ မြောင် ’ ဟု အသံသေးသေးလေး ပြန် ပေးသည် ။ သူ သဘောတူကြောင်း ပြောသလား ၊ ငြင်းဆန်စောဒက တက်သလား သမီးလည်း မသိ ။ ကျွန်တော်လည်း မသိနိုင် ။

•••••   •••••   •••••

ကျွန်တော် ယခုတလော ရေဆေးပန်းချီတွေပဲ အရေး များနေသည် ။ ရေဆေး အကြည် ရေးနည်းဖြင့် စာအုပ်မျက်ဖုံးတွေရော ပန်းချီကားတွေပါ ရေးဆွဲနေခဲ့မိသည် ။ ရေဆေး အကြည်ရေးနည်း ဆိုတာ ပထမ ‘ စိတ် ’ မှာ ကြည်ရှင်းသန့် ဖို့ လိုသည် ။ အမှား မခံသော ရေးနည်း တစ်ရပ် ။ ပြီးတော့ အရောင်တွေ ကြည်သန့် ရသည် ။ ဆေးနှင့် ရောစပ်သည့် ရေလည်း ကြည်သန့်ရဦးမည် ။ ဒါကြောင့် ကျွန်တော် အလုပ် လုပ်ပြီ ဆိုလျှင် ကျွန်တော့် ဇနီးက ဖြစ်စေ ၊ သမီး နှစ်ယောက်က ဖြစ်စေ ပလတ်စတစ် ရေဇလုံကို မကြာခဏ လဲလှယ်ပေးရလေ့ ရှိသည် ။ တစ်နေ့ ညနေစောင်းမှာ ပန်းချီကားလည်း ပြီးသွားပြီ ဖြစ်၍ သမီးလတ် စံပယ် အား “ သမီး အဖေ့ကို ရေလည်း ပေးကွာ ။ စုတ်တံတွေလည်း ဆေး လိုက်တော့ ။ နက်ဖြန် မနက်ကျမှ ဆိုင်းထိုးတော့မယ် ” နောက်ဖေး ဆောင်က ပက်လက်ကု,လားထိုင်ပေါ် မှာ ထိုင်မည် ပြုခါစ ရှိသေး …

“ အမယ်လေး ”

သမီး၏ အော်သံ ကြားရသည် ။

“ ဘာဖြစ်တာလဲ သမီး ၊ ဘာဖြစ်တာလဲ ”

အိမ်ရှေ့သို့ ပြေးထွက် ၊ သမီးနား ရောက်အသွား

“ အဖေ ... အဖေ ၊ ရေခွက်ထဲမှာ ဘာကောင်ကြီးလည်း မသိဘူး ”

ဟုတ်ပါ့ ။ ထို သတ္တဝါမှာ ရေခွက် နံရံကို လက် နှစ်ဖက်ဖြင့် ခိုတွဲ၍ ကိုယ် တစ်ပိုင်းက ရေထဲမှာ ။

“ ဟာကွာ .. သမီး က လည်း အဲဒါ ဖားပျံလေးပါကွ သမီးက အသည်းငယ်လိုက်တာ ”

သူ့ အသားအရောင်က စိမ်းညို့ တစ်ဝက် ၊ နံ့သာရောင် တစ်ဝက် ၊ နှုတ်သီးက ချွန်းချွန်း ။ ရှေ့လက် တစ်ဖက် သုံးချောင်းစီနှင့် နောက်ခြေ တစ်ဖက် သုံးချောင်းစီမှာ အရေပြားပါးပါးလေးတွေ အသည်းယားစဖွယ် ချိတ်တွယ် ပူးကပ်လျက် ။ ဒင်းကလေးသည် ပြူးကျယ် မို့မောက်သော မျက်လုံးအစုံ ဖြင့် ကျွန်တော့်အား မော့ ကြည့်သည် ။ ဆီဆေး စုတ်တံရှည် တစ်ချောင်းဖြင့် ခြောက်လှန့် တာတောင် သူက ပေကတ် နေသေးသည် ။ မွေးကင်းစ ကလေးငယ်၏ တင်ပါးကလေးလို သူ့ တင်ပါးကို အသာ တွန်းတော့မှ အိမ်ရှေ့ တံခါး၏ သစ်သားတိုင်ပေါက်များ အကြားမှ ခြံထဲသို့ လွှားခနဲ ခုန်ပျံ ထွက်သွားတော့သည် ။ သူသည် ကျွန်တော် စားပွဲကပ် ရေးနေသည့် တရုတ်ကပ် မှန်ပြတင်းမှ တစ်ဆင့် ဝင်လာခြင်း ဖြစ်မည် ။

နောက်တစ်နေ့ ညနေကျပြန် တော့လည်း “ ဖေဖေ ... ဖေဖေ့ ‘ ဖားဖင်စိမ် ’ လေး ရောက်နေပြန်ပြီ ” သမီး အငယ်မ အင်ကြင်း က လှမ်းအော်သည် ။ ထုံးစံအတိုင်း ဆီဆေးစုတ်တံဖြင့် ခြောက်လှန့် မောင်းထုတ် ။ နောက်နေ့ ညနေလည်း ထုံးစံအတိုင်း ဖားဖင်စိမ်လေးသည် ကျွန်တော့် စုတ်တံရေခွက်ကို ကုက္ကိုင်းရေကူးကန်များ မှတ်နေလေသလား မသိ ။ သူ ဘာကြောင့် ဤသို့ ပြုရသလဲ ၊ ကျွန်တော် စဉ်းစားမိပါပြီ ။ သည်နှစ် နွေရာသီမှာ ခါတိုင်းနှင့် မတူ ၊ အလွန် ပူပြင်းသည် မဟုတ်လား ။ ‘ ဖား ’ တို့ မည်သည် ကုန်းတစ်ဝက် ရေစပ်စပ်မှာ နေထိုင် ပျော် ရွှင်ကြမြဲပင် ။ ယခု နှစ် အလွန် ပူပြင်းလှ၍ ရေပုံးကြိုးတောင် ကိုက် အတော်များများ ထပ်ဆက်ထားရသည် မဟုတ်လား ။ ခြံဝင်း အတွင်းမှ အပင်ငယ် တချို့ သေကုန်၍ ကျွန်တော် မနက် တစ်ကြိမ် ညနေ တစ်ကြိမ် ရေလောင်းနေရပြီ ။ အသက်အရွယ် အရ မျက်လုံးများလည်း အားနည်းလာပြီ ဖြစ်၍ ညဘက်လည်း အလုပ် မလုပ်တော့သည်မှာ ကြာပါပြီ ။ သို့ပါ၍ ဒင်းကလေး ဖားဖင်စိမ် နောက်ညနေ ရောက်ရှိ လာသော အခါ ကျွန်တော် ခြောက်လှန့် မောင်းနှင် မပစ်ရက်တော့ပါ ။ သူ့ဟာ သူပဲ တစ်ညလုံး သူ့ အလိုကျ နေပါစေတော့ ။

အိမ်ရှေ့ ကပြင် တစ်ခန်းလုံးသည် သူ့ အတွက် အတော် လုံခြုံ ကျယ်ဝန်းသော ကမ္ဘာ ဖြစ်ကောင်း ဖြစ်နိုင်ပါလိမ့် ။

နေ့ဘက်မှာရော သူ ဘယ်များ သွားနေ နေပါလိမ့် ။ နေ့စဉ် ၉ နာရီလောက်က စ၍ အလုပ်စားပွဲမှာ ပန်းချီရေးနေချိန်တိုင်း သူ့ကို မတွေ့မိသေးပါ ။ တစ်ရက် နေကလည်း အတော် ပူပြင်းသည့်အတွက် ညနေ ၃ နာရီ လောက်မှာ သစ်ပင်ငယ်တွေ ရေလောင်းရန် ကြံသည် ။ မန်ကျည်းပင် မှာ ချိတ်ဆွဲထားသည့် ရေပန်းကရားလေးကို ဖြုတ်ကာ ရေထည့် ။ အလို ... ရေပန်းကရားလေးမှ ရေတစ်စက် တစ်ပေါက်မျှ ထွက်ကျ မလာပါ ကလား ။ မည်သည့် အမှိုက်များ ထိုရေထွက်ပေါက်ဝတွင် ပိတ်ဆို့နေပါလိမ့် ။ ရေများ ပြန်သွန်ထုတ် ၊ ရေပန်းကရားကို အကြိမ်ကြိမ် လှုပ်ခါ ချလိုက်သောအခါ အလို ... ဆတ်ခနဲ လန့်သွား သည် ။ ရေပန်းကရားကို လည်း ယောင်၍ လွှတ်ချ မိသည် ။ ရေကပြင်မှာ အိုးခွက် ပန်းကန်ဆေးနေသည့် သမီးလတ်က “ ဘာဖြစ်တာလဲ ဖေဖေ ” ဟု လှမ်း မေးသည် ။ ဟုတ်ပါ့ ၊ ဒင်းကလေးပါပဲ ။ ကျွန်တော်နှင့် တစ်ကိုက် သာသာ အကွာအထိ လွှားခနဲ ခုန်ဆင်းသွားပြီး ကျွန်တော့်ကို မကျေမနပ် ပြူးကျယ် မော့ကြည့်ပြီးနောက် တစ်ချက် နှစ်ချက် ခုန် လိုက်ကာ ပိန်းပန်းပင်များ ကြား ဝင်ရောက် ပျောက်ကွယ်သွားလေတော့သည် ။

ဪ … နေ့လယ်ခင်း သူ၏ ကွန်းခိုနား နေရာကား ရေစပ်စပ် အမြဲ ကျန်နေ တတ်သည့် ရေပန်းကရား အတွင်းမှာ ဖြစ်လေသည် ။ ခက်သည်က ကျွန်တော့်မှာလည်း နေ့စဉ် မလောင်းလို့က မဖြစ် ။ ရေမထည့်မီ သူ့ကို လှုပ်ခါချ ။ သူကလည်း ကျွန်တော့်ကို မကျေမနပ် မော့ကြည့် ။ ပြီးတော့ နီးရာ အပင်ကြား တိုးဝင်ပျောက်ကွယ်သွား ၊ နောက်တစ်နေ့ လည်း သည်အတိုင်း သံသရာ လည်နေရပြန်ပြီ ။ မိုး က လည်း မရွာနိုင်သေး ။ ဪ .. ဖားဖင်စိမ် ၊ ငါ့ အိမ်မှာ ဘယ်သတ္တဝါ မဆို နေလို့ ဖြစ်အောင် ငါ ဖန်တီးပေးထားပါတယ်ကွာ ။ မင်း ကျမှသာ ။ အင်း ... မင်းဟာ အရင် ဘဝတုန်းက သူတစ်ပါး မြေရာမှာ ကျူးကျော်နေထိုင်ခဲ့တဲ့ ကျူးကျော်တဲ ပိုင်ရှင်များ ဖြစ်ခဲ့လေသလား ဟင် ။ မိုးရယ် မြန်မြန် ရွာစမ်းပါတော့ ။  ။

◾ ဝသုန်
📖 နွယ်နီ မဂ္ဂဇင်း
     ၂၀၀၂ ၊ နိုဝင်ဘာလ

No comments:

Post a Comment