❝ ကျေနပ်နေသူ ❞
မန္တလေးမြို့လယ် ၊ ၃၅ အေ လမ်းမကြီးပေါ် ၊ ဖားသားလဖုန်းဘုရားရှိခိုးကျောင်း တောင်ဘက်မှာ ပြည့်ဝစတိုး ဆိုတဲ့ ဆိုင်လေးတစ်ဆိုင် ရှိတယ် ။
ဆိုင်ထဲမှာ ပစ္စည်းအမျိုးစုံ စုံစီနဖာ ခင်းကျင်းထားတယ် ။ ဆိုင်နောက်ပိုင်းကို ဝင်မယ် ဆိုရင် မှန်ကောင်တာတွေ ကြားမှာ တိုးတိုးဝှေ့ဝှေ့ ဝင်ရမယ် ။ ဆိုင်နောက်ဘက် နံရံမှာတော့ ဘွဲ့ဝတ်စုံတွေ ဝတ်ထားတဲ့ လူငယ် ငါးယောက်ရဲ့ ဓာတ်ပုံတွေ ၊ ပါမောက္ခချုပ် လက်က ဘွဲ့လက်မှတ် ယူနေတဲ့ ဘွဲ့နှင်းသဘင်ဓာတ်ပုံတွေ တန်းစီပြီး ချိတ်ဆွဲထားတယ် ။ ဘွဲ့ဓာတ်ပုံတွေ အောက်မှာ “ တန်ဖိုးရှိတဲ့အချိန် မင်္ဂလာရှိတဲ့နေ့ ” လို့ စာတန်းရေးထားတယ် ။
ဒီစာတန်းကို ဦးရဲမြင့် ရေးထားတာပါ ။ သူ့သားသမီးတွေ အားလုံး ဘွဲ့ရ ပညာတတ်တွေ ၊ တင့်တောင့်တင့်တယ် ဖြစ်နေကြပြီ ။ သားသမီးတွေ ဘွဲ့ယူနေတဲ့ အချိန်ဟာ မိဘတွေ အတွက် တန်ဖိုးရှိတဲ့ အချိန် ၊ ဘွဲ့နှင်းသဘင်နေ့ဟာ မိသားစု တစ်စုလုံး အတွက် မင်္ဂလာရှိတဲ့ နေ့ပါ ။
စတိုးဆိုင်လေး ထဲမှာ ကျပ်ကျပ်ညပ်ညပ် ဖြတ်လျှောက် ၊ ဘွဲ့ဓာတ်ပုံတွေကို ငေးမော့ကြည့်ပြီး အိမ်နောက်ပိုင်းကို ကျွန်တော် ဝင်ခဲ့တယ် ။ ဦးရဲမြင့်နဲ့ စကားစမြည် ပြောဖို့ လာခဲ့တာ ။ သူ့ကို ပရဟိတသမား ၊ သွေးလှူရှင် တစ်ယောက် အဖြစ် သိထားပြီးသား ။ ဦးရဲမြင့် သွေးလှူခဲ့တာ ၈၃ ကြိမ် ရှိသွားပြီ ။ ကျွန်တော်က သူ ပထမဆုံး သွေးလှူဖြစ်သွားခဲ့တဲ့ အကြောင်းအရာကို စပြီး မေးမိတယ် ။
“ ကျွန်တော် ဆယ်တန်း ကျောင်းတက်နေတဲ့ အချိန် ၊ ကျွန်တော့် ဆရာမက ဗိုက်ခွဲရမယ် ။ ဆရာမ အတွက် သွေးလိုနေတယ် ။ လှူချင်တဲ့သူ ရှိလားလို့ အတန်းထဲမှာ ကြေညာလိုက်လို့ ထလှူကြတာ ”
“ ကျောင်းသားလေး ဆိုတော့ သွေးလှူခဲ့ရတာ အဆင်ပြေရဲ့လား ”
“ သွေးလှူဘဏ်က မင်းတို့ သွေးမသန့်လို့ ကတော့ ဆေးရုံက ကာလသား ရောဂါကားကြီး ရောက်လာမှာနော်လို့ ပြောလိုက်တယ် ။ ကျွန်တော့်မှာ တထိတ်ထိတ်နဲ့ ဘယ်တော့များ ငါ့ဆီ ကာလသားရောဂါကားကြီး ရောက်လာမှာလဲပေါ့ ”
“ ကိုယ်က ဘာမဟုတ်တာ လုပ်ထားတာ ရှိလို့လဲ ”
ဦးရဲမြင့်က ဟက်ဟက်ပက်ပက် ရယ်မောတယ် ။
“ ဘာမှ မဟုတ်တာ လုပ်တာ မရှိပါဘူး ။ မရှိပေမယ့် သွေးလှူတဲ့ လူတိုင်း ဖြစ်တာပဲ ။ ငါ့များ black line ကြီး တားတာများ ပါသွားမှာလားပေါ့ ။ သွေးထဲမှာ ရောဂါပိုး တစ်ခု တွေ့လို့ရှိရင် သွေးလှူရှင် ဇယားမှာ အနက်လိုင်းကြီး တားပေးလိုက်တာ ”
“ သွေးလှူတဲ့ လူတွေမှာ ရောဂါပိုး ပြဿနာ ရှိသလား ”
“ ရှိတယ် ။ အရင်က ကျွန်တော်က ကိုယ့်ဟာ ကိုယ်ပဲ သွေးလှူခဲ့တာ ။ နောက်တော့ သွေးလှူရှင်တွေကို စည်းရုံးပြီး ရတနာမွန် သွေးလှူရှင်အဖွဲ့ ဆိုပြီး လှူနေတာ ။ အဖွဲ့ဝင် ၃၅ဝ ကျော်သွားပြီ ။ ၂၀၀၈ အောက်တိုဘာလက စပြီး ကျွန်တော်တို့ သွေးစုပေါင်း လှူနေကြတာ ။ ပထမတစ်ကြိမ် လှူတုန်းက သွေးထဲမှာ ဘီပိုး နှစ်ယောက် တွေ့တယ် ။ ခု ကိုးကြိမ်မြောက်မှာ သွေးလှူရှင် ၁၁၂ ယောက် လှူတာ ၊ ဘီပိုး တွေ့တဲ့သူ ၂၇ ယောက် ပါလာတယ် ”
“ ရောဂါပိုးပါတဲ့ သွေးတွေ ဆိုတော့ သွန်ပစ်ရမှာပဲ ။ အလကား ဖြစ်သွားမှာပေါ့ ”
ဦးရဲမြင့် မျက်နှာပေါ်မှာ စိတ်မချမ်းမြေ့တဲ့ အသွင် ပေါ်နေတယ် ။
“ လှူတဲ့သူ ရှိလို့ လှူပြီးသား သွေးမှာ အလကား ဖြစ်တာ မဟုတ်ဘူး ။ သွေးအိတ်ဖိုး ၊ အပ်ဖိုး ၊ ရောဂါငါးမျိုး စစ်တဲ့စရိတ် ငါးထောင် ၊ ခြောက်ထောင် ( ကျပ် ၅၀၀၀ - ၆၀၀၀ ) ပါ အလကားဖြစ်သွားတာ ”
ဒီတစ်ခါ စိတ်မချမ်းမြေ့ ဖြစ်သွားတာက ကျွန်တော်ပါ ။ ဦးရဲမြင့်ကို ဘာဆက်ပြောရမှန်း မသိဘူး ။ သူကပဲ ဆက်ပြောသွားတယ် ။
“ ဘီပိုးကာကွယ်ဆေးကို ကျယ်ကျယ်ပြန့်ပြန့် ထိုးပေးဖို့ လိုနေပြီ ”
“ လူတွေက ကာကွယ်ဆေး ထိုးဖို့ ကျန်းမာရေးအသိ မရှိကြဘူးလား ”
“ ရှိတာပေါ့ ။ ဘီပိုး ကာကွယ်ဆေးက သုံးကြိမ် ထိုးရတယ် ။ ဆေးတစ်လုံး ရှစ်ထောင် ( ကျပ် ၈၀၀၀ ) ကျတယ် ။ အဲဒီ နှစ်သောင်းလေးထောင် ( ကျပ် ၂၄၀၀၀ ) မတတ်နိုင်ကြလို့ မထိုးတာ ။ တစ်ခုခု ဆောင်ရွက်မှုတော့ အရေးတကြီးလိုနေပြီ ”
ယခုတစ်ခါ အသံတိတ်သွားပြန်သူက ကျွန်တော်ပါ ။ ဘယ်ပရဟိတ အဖွဲ့အစည်းက ရောဂါကာကွယ်ဆေး ထိုးပေးဖို့ စိတ်ဝင်စားမှာလဲ ။
စကားဦးတည်ချက် ပြောင်းဖို့ ကျွန်တော် စဉ်းစားတယ် ။ သူ့ဇာတိကို မေးတော့ မန္တလေး ၊ ဒေးဝန်း အနောက်ရပ်ကွက် တဲ့ ။ မိဘတွေ အကြောင်း ဆက်မေးတယ် ။
“ အဖေက မော်တော်ကား စက်ပြင် ၊ အမေက သနပ်ဖက်ဆေးလိပ် လိပ်တာ ။ ကျွန်တော် ငယ်ငယ်က ကျောင်းပိတ်ရက်တိုင်း ဝပ်ရှော့မှာ ဝင်ဝင် လုပ်တယ် ”
“ ဘယ်ကျောင်းတွေမှာ ကျောင်းနေသလဲ ”
“ အလယ်တန်းအထိ စိန်တောင်အလယ်တန်းကျောင်း ၊ ရှစ်တန်း အောင်တော့ အထက - ၂၃ ကို ပြောင်းတယ် ။ သျှန်ကျောင်းပေါ့ ။ အဲဒီမှာ ဆယ်တန်း ကျတာနဲ့ အထက ၂၁ ၊ လှသိပ္ပံကျောင်းကို ပြောင်းတာ ။ အဲဒီမှာ သွေးလှူဖြစ်တာ ”
“ ဆယ်တန်းပြီးတဲ့ အခါကျတော့ကော ”
ဦးရဲမြင့် ပြုံးလိုက်တယ် ။
“ ဆယ်တန်း မပြီးဘူး ။ အိမ်ထောင်ကျသွားလို့ ”
သူက ရယ်မောတယ် ။ ပြီးတော့မှ ဆက်ပြောပါတယ် ။
“ ကျွန်တော့် အဘိုးအဘွားတွေက မွန်ပြည်နယ် ဇာတိ ၊ အဘွားက တစ်နှစ် တစ်ခါ နှစ်ခါ မန္တလေး လာလည်တယ် ။ အဘွားကို ကျွန်တော်က သူ့ဇာတိကို ပြန်လိုက်ပို့တာ ။ အဲဒီမှာ ကျွန်တော့် အမျိုးသမီးနဲ့ တွေ့ပြီး အိမ်ထောင်ကျတာ ”
“ အိမ်ထောင်ကျပြီးတော့ ” လို့ ကျွန်တော်က စကားထောက်တယ် ။
“ အိမ်ထောင်ကျပြီး သားဦးလေးမွေးလို့ ၁၅ ရက်သား အရမှာ အမေက အိမ်က ဆင်းတော့လို့ ပြောတာ ။ ကျွန်တော်က စိတ်ကောက်ပြီး ဒီနေရာ ( ၃၅ အေလမ်း ) ကို ဆင်းချလာတာ ။ အိမ်ငှားခ တစ်လသုံးရာ ( ကျပ် ၃ဝဝ ) ပေးရတယ် ။ အဖေတို့ ဝပ်ရှော့ အလုပ်တော့ လုပ်မစားဘူး ဆိုပြီး ကားပစ္စည်း ရောင်းတယ် ”
“ ငွေအရင်းအနှီး ဘယ်က ရသလဲ ”
“ အိမ်ထောင်ကျသွားတော့ အဖေက ကျွန်တော့်ကို ဘုရားတစ်ဆူ ၊ ပိုက်ဆံ ရှစ်ထောင် ( ကျပ် ၈၀ဝ၀ ) ၊ ပန်းကန်ပြားနှစ်ချပ် ၊ ထမင်းအိုး ၊ ဟင်းအိုး ချက်စရာ ပေးလိုက်တာ ။ အဲဒီငွေနဲ့ အရင်းအနှီး စလုပ်တာ ။ အဖေနဲ့ ပတ်သက်ပြီး ကြက်တန်းက ကားပစ္စည်းဆိုင်တွေနဲ့ ကျွန်တော်က သိကျွမ်းနေပြီ ။ ဆလင်ဒါဆင်း ဆိုတဲ့ ပန်ချာပီကြီးက မင်း အားမငယ်နဲ့ ဆိုပြီး ကူညီတယ် ။ အဲဒီအချိန်က မန္တလေးအရှေ့တောင်မြို့နယ်မှာ ကားပစ္စည်းဆိုင် ဆိုလို့ လွယ်လင်ရယ် ၊ ကျွန်တော့်ဆိုင် ရဲလွင်လွင် နှစ်ဆိုင်ပဲ ရှိတာ ”
“ နှစ်ဆိုင်တည်း ရှိတာ ဆိုတော့ ဆိုင်က တဖြည်းဖြည်း ကြီးထွားလာသလား ”
“ ကြီးမလာဘူးဗျ ။ မိန်းမဘက်က အမျိုးတွေက ဟိုး ... မော်လမြိုင်မှာ ၊ ကျွန်တော့် မိဘအမျိုးတွေက ဟိုးမြစ်ဆိပ်မှာ ။ ကျွန်တော်က တစ်ကောင်ကြွက်သဘော မျိုး ဒီကို ရောက်လာခဲ့ရတာ ။ ကလေးကလည်း နီးလိုက်သေးတယ် ။ ကလေးတွေ နှစ်နှစ် တစ်ယောက်လောက် မွေးတာ ။ ကလေးတွေ တစ်ယောက်ပြီး တစ်ယောက် ကျောင်းတွေပို့ ၊ မိန်းမလုပ်တဲ့လူက ကျွန်တော် အပြင်က ပြန်ရောက်လာရင် နောက်ဖေး ဝင်ပြီး ချက်တာပြုတ်တာ ၊ အဝတ်လျှော်တာ ၊ သူ ချက်ပြုတ်လျှော်ဖွပ်ပြီးလို့ အိမ်ရှေ့ပြန် ထွက်လာရင် ကလေးတွေ တစ်ယောက်ပြီး တစ်ယောက် ကျောင်းပြန်ကြို ၊ စီးပွားရေးပိုင်းမှာ ကြီးပွားထိုက်ရက်နဲ့ ကျွန်တော် မကြီးပွားဘူး ။ ကျောထောက်နောက် ခံမရှိတဲ့ဟာက အရမ်း ပင်ပန်းတယ် ။ ဒါပေမဲ့ သားသမီးတွေရဲ့ ပညာရေးပိုင်းကတော့ အောင်မြင်တယ် ”
ဦးရဲမြင့် အိမ်အဝင်မှာ ချိတ်ထားတဲ့ သူ့သားသမီးတွေ ဘွဲ့နှင်းသဘင်မှာ ရိုက်ထားတဲ့ ဓာတ်ပုံတွေကို ကျွန်တော် သတိရမိတယ် ။
“ အခက်အခဲကို တော်တော် ရင်ဆိုင်ခဲ့ရသလား ”
“ အခက်အခဲတော့ မရှိပါဘူး ။ သားသမီး ပညာရေးအတွက်နဲ့ စားဖို့သောက်ဖို့တော့ လုံလုံလောက်လောက်ရတယ် ။ ဒီနေရာကို ကိုယ်ပိုင်ဝယ်နိုင်တယ် ။ ကားပစ္စည်း ရောင်းတာ ၁၆ နှစ်လောက် ရှိတော့ ကားပစ္စည်းဆိုင်တွေ စက်မှု ရွှေ့ရမယ်တဲ့ ။ သားသမီး တွေက ပညာရေး တစ်ပိုင်း တန်းလန်းမို့ ကိုယ်က မလိုက်နိုင်လို့ ကားပစ္စည်းဆိုင်ကို ဖြုတ်လိုက်ရတယ် ”
“ ဘာဆက်လုပ်သလဲ ”
“ အိမ်ထဲပဲ နေလို့ရတဲ့ ဈေးဆိုင်ဖွင့်မယ် ဆိုပြီး ဆန် ၊ ဆီ ၊ ဆား ရောင်းတယ် ။ ဆိုင်က ရောင်းလို့ အဆင်ပြေလာချိန်မှာ မြို့သစ်တွေ ၊ တိုးချဲ့ရပ်ကွက်တွေ ရွှေ့နဲ့ ဆန် ၊ ဆီ ၊ ဆား ၊ ကြက်သွန် လက်လီ ဝယ်စားမယ့် သူတွေက မြို့သစ် ရောက်ကုန်တယ် ။ ကိုယ့်ဆီမှာ ဆပ်ပြာခဲတို့ ၊ ကြက်သွန်တို့ ဝယ်တာက ဆင်းရဲတဲ့ လူမှ ဝယ်တာ ။ ချမ်းသာတဲ့ လူက ဈေးမှာ အများကြီး သွားဝယ်တာ ”
သူတို့ နေရာက မြို့လယ်ပိုင်း အချက်အချာကျတဲ့ နေရာ ဖြစ်နေပါပြီ ။ မြေနေရာက တန်ဖိုး သိပ်ကို မြင့်နေပါပြီ ။ သူ့နေရာကို လာဝယ်ဖို့ စကားစပ်တဲ့ သူတွေ မရှိဘူးလား ကျွန်တော် မေးတယ် ။
“ ရှိတာပေါ့ ဆရာရယ် ။ လာလာ ဝယ်နေတာကို မရောင်းဘဲ ကျွန်တော် ကုတ်ကတ် နေရတာ ။ ကျွန်တော်တို့ နားမှာ သုံးဦးတည်း ကျန်တော့တယ် ။ ကျန်တဲ့ ဟာတွေက တရုတ်လက် ရောက်သွားပြီ ”
ကျွန်တော် သူ့ကို အရွှန်းဖောက်ချင်စိတ်ပေါ်လာတာနဲ့ …
“ ဒီနေရာ ရောင်းပြီး မြို့သစ်မှာ တိုက်ကြီးကြီး ဆောက် ၊ ကားဝယ်စီးလို့ ရတာပဲ ” လို့ ပြောတယ် ။
ဦးရဲမြင့်ကတော့ လေးလေးနက်နက်ပါပဲ ။
“ သားသမီးအပေါ် မေတ္တာထားတာပါ ။ သားသမီးတွေကို သူတို့ သူငယ်ချင်းက ဘယ်မှာ နေသလဲ မေးရင် ငါမြို့သစ်မှာ နေတယ်လို့ ဖြေတာနဲ့ စာရင် ငါ ၃၅ - အေလမ်းပေါ်မှာ နေတာလို့ ပြောရတာ ပိုကောင်းတာပေါ့ ။ ပတ်ဝန်းကျင်လူတွေရဲ့ တိုးတက်မှုချင်း မတူဘူး ”
“ စတိုးဆိုင် ဖြစ်လာပုံကကော ”
“ ဒီနားပတ်ဝန်းကျင်နဲ့ ကိုက်မယ့် စီးပွားရေးပေါ့ ”
“ ယခုအခါ မီနီမတ်တွေ ၊ စူပါမားကက်တွေ ခေတ်စားလာတော့ စတိုးဆိုင်ကို မထိခိုက်ဘူးလား ”
“ ဒီနားက ကားဂိတ် နီးတယ် ။ မြို့သစ် ပြန်မယ့်သူတွေ ဝင်ဝယ်တယ် ။ ကျွန်တော်တို့က နည်းနည်းလည်း ရောင်းနိုင်တယ် ၊ စူပါမားကက်မှာ အဝတ်ချုပ် အပ်လေးတစ်ချောင်း ၊ အပ်ချည်လေးတစ်လုံး ၊ အပ်ချိတ်လေးတစ်တွဲ ဝယ်ချင်လို့ မလွယ်ဘူးလေ ၊ ကျွန်တော်တို့က အတန်းအစားစုံ ၊ အမျိုးစုံ ရောင်းတယ် ။ ဆပ်ပြာခဲ ဆိုရင် တစ်ခါတိုက် တစ်ရာ ( ကျပ် ၁၀၀ ) တန် ကနေ လေးရာ့ငါးဆယ် ၊ ငါးရာ ( ကျပ် ၄၅၀ - ၅၀၀ ) တန်အထိ ရောင်းတာ ၊ စတိုးဆိုင်က အဆင်ပြေပါတယ် ။ ကျွန်တော် အလှူ ကြီးကြီးကျယ်ကျယ် လှူခဲ့တယ် ”
“ ကိုယ့်ဘဝကိုယ် ပြန်ကြည့်တော့ အကျေနပ်ဆုံးက ဘာလဲ ”
“ သွေးလှူတဲ့ အလုပ်ကို အကျေနပ်ဆုံးပဲ ။ ကိုယ်တိုင် လှူသလို သူများလည်း လှူဖို့ တိုက်တွန်းတယ် ။ တကယ် သွေးလိုအပ်နေတဲ့ လူတွေ ၊ တကယ် ဒုက္ခရောက် နေတဲ့လူတွေ စိတ်ချမ်းသာ သွားအောင် ၊ ပူပင်သောက လျော့သွားအောင် လုပ်ပေးတယ် ။ လူမှုရေးအသင်းတွေ ချိတ်ဆက်ထားပြီး လိုအပ်တာ အကူအညီ ပေးတယ် ”
ဦးရဲမြင့် ထိုင်ရာမှ ထပြီး ဖိုင်တွဲတစ်ခုကို ယူတယ် ။
“ တောင်ကြီးမှာ အမျိုးသမီးတစ်ယောက် ဗိုက်ခွဲမွေးရမယ် ။ လိုချင်တာ အိုမိုင်းနပ်စ်သွေး ဖြစ်နေတယ် ။ တောင်ကြီးမှာ ရှာမရလို့ လှမ်းအကူအညီတောင်းတာ ။ သွေးလှူရှင်ကို တောင်ကြီး ခေါ်သွားပြီး သွေးဖောက်ပေးတာမျိုး လုပ်ပေးတယ် ။ မိုင်းနပ်စ်သွေးလှူရှင်တွေကို အေ ၊ ဘီ ၊ အေဘီ ၊ အိုအုပ်စုအလိုက် စာရင်းလုပ်ထားတယ် ။ ဒါက ရှားတယ် ။ တစ်ထောင်မှ တစ်ယောက်ပဲ ရှိတာ ”
ဦးရဲမြင့်က မိုင်းနပ်စ်သွေးလှူရှင် မှတ်တမ်းဖိုင်ကို ပြပါတယ် ။
“ ပြီးခဲ့တဲ့လက အမျိုးသမီးတစ်ယောက် သွေးလာတောင်းတယ် ။ သူကိုယ်တိုင် က သွေးလိုတဲ့ လူနာနဲ့ မဆိုင်ဘူး ။ ကပ်လျက်ခုတင်က လူနာစောင့်ပဲ ။ သွေးလိုတဲ့ လူနာက သိပ်ဆင်းရဲလို့ ဘေးလူက မနေသာလို့ ၊ လိုတဲ့သွေး သုံးပုလင်းကို သွားလှူ ပေးလိုက်တယ် ။ ကျွန်တော်နဲ့ သွေးအမျိုးအစား တူလို့ ကျွန်တော်လည်း လှူတယ် ။ ပြီးတော့ လူနာက ကန်တော့ပါရစေတဲ့ ၊ မကန်တော့ပါနဲ့ ပြောတော့ မရဘူး ။ ကျွန်မက ဆင်းရဲတယ် ။ ဘာမှ မတတ်နိုင်ဘူး ။ ဒါလေးတစ်ခုပဲ တတ်နိုင်တာမို့ ကန်တော့ပါရစေ ဆိုပြီး ထိုင်ကန်တော့တယ် ”
နားထောင်ရင်း ကျွန်တော် ရင်နင့်သွားတယ် ။
“ ကိုယ့်စိတ်ထဲမှာ ငါ ပေးလိုက်တာ သွေး ၊ သူ့အတွက်ကျ အသက် ၊ သူ့ရဲ့ဒုက္ခကိုရော ၊ အသက်ကိုရော ငါ ကယ်လိုက်တာပါလားလို့ ဝမ်းသာမိပါတယ် ”
☐ ကျော်ရင်မြင့်
📖ဘဝကြေးမုံ အဖြစ်စုံ
No comments:
Post a Comment