❝ အဇ္ဈတ္တဝေဒနာ ❞
( လူထိုက် )
( က )
ရင်ထဲက ထွက်လာမယ့်စကားစု တစ်ခုက သံမှိုနှက်ခံထားရသလို နှလုံးသားကို နာကျင်နေစေနိုင်တတ်သလား ။ ကျွန်တော့် နှလုံးသားမှာတော့ သံတစ်ချောင်း အနှက်ခံထားရသလို ဖြစ်နေတယ် ။ မပြောဖြစ်ခဲ့တဲ့ စကားစုလေး တစ်ခွန်းအတွက်နဲ့ပေါ့ ။ စကားလုံးတွေက အများကြီး မဟုတ်ပါဘူး ။ ဒါပေမဲ့ သက်ရောက်မှုက အတိုင်းအဆ မဲ့တယ် ။ ကျွန်တော် လုံးဝ မပြောဖြစ်ခဲ့ဘူး ။
••••• ••••• •••••
( ခ )
“ သားရေ ထွန်းထွန်း ၊ သမီးသဒ္ဒါခင် ၊ ကိုအောင်ဝင်း ကိုအောင်ဝင်း ၊ သားရေ သမီးရေ ”
ည ဆယ့်တစ်နာရီ ကင်းသံချောင်းခေါက်သံရဲ့အဆုံးမှာ ခြံဝကနေ ခေါ်လိုက်တဲ့ အသံ တိမ်တိမ်ဖျော့ဖျော့ကြောင့် စာကျက်နေတဲ့ ကျွန်တော့်ခန္ဓာကိုယ်ဟာ အနည်းငယ် မတ်သွားတယ် ။ အတွင်းခန်းမှာ အိပ်ဖို့ ပြင်နေတဲ့ ညီမလေးကလည်း ပြန်ထွက်လာတယ် ။ အဖေ့ကို ကြည့်လိုက်တော့လည်း ခြင်ထောင်ထဲကနေ ပြန် ထွက်လာတယ် ။ ကျွန်တော် နဲ့ညီမလေး မျက်နှာကို တစ်ချက်စီ ဝေ့ကြည့်တယ် ။
ခေါ်သံက ကြားနေရဆဲ ။ ဒီအချိန်မှာ အဖေက ...
“ ဒါ ဟိုကောင်မအသံ ၊ မင်းတို့အမေရဲ့ အသံလေ ဘာကိစ္စလဲ မသိဘူး ။ သွား ထွန်းထွန်း တံခါးဖွင့်ပေးလိုက် ”
အဖေက အမေ့အသံလို့ တပ်အပ်ပြောပြီး ကျွန်တော့် ကို ဆင်းသွားကြည့်ခိုင်းတယ် ။ ကျွန်တော်လည်း အနည်းငယ် အံ့သြမိသွားပြီး အောက်ကို ဆင်းသွားလိုက်တယ် ။ ခြံဝ ရောက်တော့ ကြည့်လိုက်ရာ -
“ ဟာ ”
ကျွန်တော် အံ့သြမိသွားတယ် ။
“ သား ထွန်းထွန်း အမေလေ ”
”ဪ ”
ခပ်လှမ်းလှမ်းဆီက လမ်းမီးရောင်မှိန်ပျပျရဲ့ အလင်းရောင်ကြောင့် မြင် လိုက်ရပေမဲ့ ကျွန်တော်မမှတ်မိချင် ။ အဖေကတော့ သုံးနှစ်ကျော် ဝေးကွာခဲ့သော အမေ့အသံကို မှတ်မိနေဆဲ ။ ဆိုတော့ကာ ။ ရုပ်ရည်ကို မြင်ရင်ရော မှတ်မိနိုင်ပါ့မလား ။ စတဲ့ အတွေးစ တချို့နဲ့အတူ ခြံတံခါးကို ဖွင့်ပေးလိုက်တယ် ။ အမေ ခြံထဲကို ဝင်လာတယ် ။ ကျွန်တော့်ကိုယ်ကို ဇွတ်အတင်း ဖက်တွယ်လာတယ် ။ ကျွန်တော် မရုန်းဖယ်မိ ။
နောက်တော့ ကျွန်တော့် လက်မောင်းကို တွဲခိုပြီး အိမ် အပေါ်ထပ်ကို လိုက်လာတယ် ။ အပေါ်ထပ် ရောက်တော့ အိမ်ရှေ့ဘုရားကျောင်းဆောင်ရဲ့ ရှေ့မှာ တင်ပျဉ်ခွေပြီး ထိုင်နေတဲ့ အဖေ့ကို တွေ့လိုက်ရတယ် ။ အဖေက အမေ့မျက်နှာကို တစ်ချက် စိုက်ကြည့်ပြီး ခနိုးခနဲ့ ပြုံးတယ် ။
ညီမလေးကို ကြည့်လိုက်တော့လည်း ကြမ်းပြင်ပေါ်မှာ ပုံ့ပုံ့လေးနဲ့ ထိုင်ပြီး အမေ့ကို တွေတွေဝေဝေလေးနဲ့ စိုက်ကြည့်နေတယ် ။ ဒီအချိန်မှာပဲ အဖေက ...
“ ဘာပြောချင်သလဲ ၊ ဘာဖြစ်ချင်သလဲ မကြည်ဆွေ ”
လေသံက ခပ်ပြတ်ပြတ် ။ အမေက အဖေ့ရှေ့မှာ ထိုင်ချပြီးပြီမို့ လက်အုပ်ချီပြီး အကြိမ်ကြိမ် ကန်တော့နေလေရဲ့ ။ နောက်တော့မှ ..
“ ကျွန်မ အမှားကြီး မှားခဲ့ပြီ ကိုအောင်ဝင်း ။ ဒါကြောင့် ခွင့်မလွှတ်ပါနဲ့ ။ ဒါပေမဲ့အခြေအနေမဲ့သွားတဲ့ ကျွန်မကို ဒီမှာ နေခွင့်နဲ့ သေခွင့်ကို ပေးပါရှင် ။ ကျွန်မလေ ကျွန်မလေ ..”
အဲဒီညက အစပြုပြီး အမေဟာ ကျွန်တော်တို့ အိမ်လေးရဲ့ လောင်းရိပ်ထဲကို စကားလုံးတွေ တော်တော် များများ ပြောပြီး ပြန်လည် ရောက်ရှိ ခိုလှုံခဲ့တယ် ။ အဲဒီည မှာပဲ အဖေက အမေ့အတွက် ညီမလေး အိပ်တဲ့ အခန်းထဲမှာ ပေးအိပ်စေပြီး ညီမလေးကို အိမ်ရှေ့ထွက် အိပ်စေတယ် ။ အဖေနဲ့ ကျွန်တော်ကတော့ အောက်ထပ်မှာ ဆင်းပြီး အိပ်ကြတော့ပေါ့ ။ အမေ့ရဲ့ခန္ဓာ ကိုယ်ဟာ လွန်ခဲ့တဲ့ သုံးနှစ် လောက်ကနဲ့ လုံးဝ မတူတော့ဘဲ အသားအရေတွေပါ မွဲခြောက်ပြီး ပိန်လှီနေလိုက် တာ ၊ အသက်ခုနစ်ဆယ်ကျော် အဘွားအိုရုပ်မျိုး ပေါက်နေတယ် ။ တကယ်တော့ အမေ့ အသက်ဟာ အလွန်ဆုံး ရှိလှမှ သုံးဆယ့်ခြောက် ၊ သုံးဆယ့်ခုနစ်အရွယ် ။ ဆိုတော့ကာ ။ လေလျော့နေတဲ့ ကားဘီးထဲက ကျွတ်တစ်ခုလိုပမာ ဖြစ်မှာ ပေါ့လေ ။ ရလာတဲ့ ရောဂါ ကလည်း ။
••••• ••••• •••••
( ဂ )
အဖေက နာကြည်းစွာနဲ့ ပြောပြခဲ့လို့ သိခဲ့ရတဲ့ အမေ့ရဲ့ ဘဝ အပိုင်းအစတွေက ရုပ် ရည် ၊ ခန္ဓာကိုယ်အချိုးအစားနဲ့ ပြင်ဆင်ခြယ်သ လှပခဲ့ပေမဲ့ ဘဝက မလှပခဲ့ ။ ကြေးစား ဆိုတဲ့ နွံအိုင်ထဲကို ရောက်ခါစမှာ အသက်သုံးဆယ့်ငါးနှစ်ထဲကို ရောက်နေတဲ့ လူပျိုကြီး အဖေနဲ့ တွေ့ဆုံခဲ့တယ် ။ တွေ့ကြတာကလည်း မူးပြီး လူမဆန်ကြတဲ့ ယောက်ျား သုံးယောက်ဆီကနေ ငွေပြန် အမ်းပြီး ထွက်ပြေးလာခဲ့သတဲ့ ညဉ့်ဦးပိုင်း အချိန် ၊ အဖေကလည်း သစ်သားအိမ်မီတာပုံး အခွံတွေ ဖောက်သည်ပေးပြီး အိမ်အပြန် နောက်ကျခဲ့တဲ့ ည ။
အဲဒီညက စလို့ အဖေ ဟာ အသက် နှစ်ဆယ်အရွယ် လှသွေးတွေ အရမ်းကြွနေတဲ့ အမေ့ကို ကြေးစားနွံအိုင်ထဲ ကနေ ထာဝရအတွက် ရည်ရွယ်ပြီး ကယ်တင်ခဲ့တယ် ။
ဒါဟာ အမေ့အတွက် အိပ်မက် မဟုတ်ခဲ့သလို အဖေကလည်း ဖြစ်တောင့်ဖြစ်ခဲ လုပ်ရပ်တစ်ခုကို စာနာစိတ်တွေ ၊ မေတ္တာစိတ်တွေနဲ့ တည်ဆောက်ခဲ့တယ် ။ အဲဒီတုန်းက ပတ်ဝန်းကျင်က လူထုဟာ ကမ္ဘာဟာ ရွာကြီးဖြစ်နေပြီလို့ အော်ကောင်း ပြောကောင်းစ ပြုနေကြပြီ ။ အဖေက ဒါတွေကို ဂရုမစိုက်ခဲ့ဘူး ။ လက်ရှိ တည်ထောင်ထားတဲ့ အသိုက်အမြုံလေးကို ပျော်ရွှင်ခြင်းတွေ ဖိတ်လျှံရင်း ခင်ပွန်းကောင်း တစ်ယောက် ၊ ဖခင်ကောင်း တစ်ယောက်ဖြစ်ဖို့ကိုပဲ စိတ်ထဲမှာ ထားပြီး အလုပ်တွေကို ကြိုးစားခဲ့တယ် ။ ဆိုတော့ကာ ။ အဖေနဲ့ အမေတို့ရဲ့ အိမ်ထောင်လေးထဲမှာ ကျွန်တော်နဲ့ ညီမလေးတို့ ရောက်လာခဲ့တယ် ။ အဖေကတော့ တိုးလာခဲ့တဲ့ ကျွန်တော်တို့ မောင်နှမနှစ်ယောက်ရဲ့ အစစအရာရာ စရိတ်တွေ အတွက် အလုပ်ကို ပိုပြီး ကြိုးစားလုပ်ဆောင်ခဲ့တယ် ။ ပြောရရင် အဖေဟာ အိပ်ချိန်တွေကို လျှော့ချခဲ့တယ် ။ ဒီလိုနဲ့ ကျွန်တော်က ခုနစ်တန်းကျောင်းသား ၊ ညီမလေးက ငါးတန်းကျောင်းသူ ။ ဒီလိုအချိန်မှာ ပျော်ရွှင်ရယ်မြူးနေကြတဲ့ ကျွန်တော်တို့ အိမ်လေးထဲက သာယာမှုအပေါင်းတွေကို အမေက အကျည်းတန်စွာ ဖျက်ဆီးသွားတယ် ။ အမေ ဖျက်ဆီးသွားလိုက်ပုံက ရက်စက်မှုတွေ စာဖွဲ့ရခက်တယ်လို့တောင် သတ်မှတ်ရမယ် ။ အဲဒီလ , က အမေ့ရဲ့ ရက်စက်တဲ့ အပြုအမူနဲ့ လုပ်ရပ်ဟာ အမေ ပြုမူပြီးလို့ နှစ်ရက် အကြာမှာ တိုက်ခတ်တဲ့ နာဂစ် မုန်တိုင်းကြီးလိုပဲ ။ နာဂစ်မုန်တိုင်းကြီးကြောင့် ကျွန်တော်တို့ မြန်မာပြည်သူ အချို့ သေကွဲရှင်ကွဲတွေ ဖြစ်ကြ ၊ အိုးမဲ့ အိမ်မဲ့တွေ ဖြစ်ကြ ၊ လယ်မဲ့ယာတွေ ဖြစ်ကြ ၊ အလုပ်လက်မဲ့ဘဝတွေ ဖြစ်ကြရနဲ့ ဒုက္ခအတိပေါ့ ။ ရန်ကုန်မြို့ရဲ့ ဆင်ခြေဖုံးလေးမှာ ရှိတဲ့ ကျွန်တော်တို့အိမ် ဆိုတာလည်း အမေ့ရဲ့ရက်စက်တဲ့ အပြုအမူကြောင့် ရယ်သံတွေ ပျောက်ဆုံးလုလု ဖြစ်ပြီး အိမ်ခေါင်မိုးတွေ လန်ခဲ့ရတယ် ။
ကြည့်ဦးလေ ။ အမေ့ရဲ့ အပြုအမူက လမ်းထဲကို တွန်းလှည်းလေးနဲ့ လာလာ ပြီး ရောင်းနေတဲ့ ဒိန်ချဉ်သည်နဲ့ လိုက်ပြေးသွားတယ် ။ အဲဒီ လူရဲ့အသက်က နှစ်ဆယ်လောက်ပဲ ရှိသေးတာရယ် ဆိုတော့ကာ ။ သားသမီးဆိုတဲ့ ကျွန်တော်တို့ မောင်နှမ နှစ်ယောက်ရဲ့ မျက်နှာလေးတွေနဲ့ အနာဂတ်ဘဝကို မငဲ့ကွက်တဲ့အပြင် ကြေးစားနွံအိုင်ထဲ က ဆွဲထုတ်ပြီး ခင်ပွန်း ကောင်း ပီသလွန်းတဲ့ အဖေရဲ့ မေတ္တာတရားတွေကိုပါ စော်ကားသွားတာ ။ ဒါကြောင့် နာဂစ်မုန်တိုင်းကြီးကြောင့် ကျွန်တော်တို့မိသားစုလေးဟာ အခြေမဲ့ အနေမဲ့ ဖြစ်ရခြင်းက လွတ်ကင်းခဲ့ပေမဲ့ အမေ့ရဲ့ အပြုအမူတွေနဲ့ လုပ်ရပ်တွေ ကြောင့် အရှက်တကွဲ အကျိုးနည်းတွေ ဖြစ်ခဲ့ရတယ် ။
အဖေဆိုရင် အရက်နွံထဲမှာ နစ်ဖို့အထိ ကြုံခဲ့တယ် ။ ဒါပေမဲ့ ကျွန်တော်နဲ့ ညီမလေးရဲ့ အနာဂတ်တွေကို ထပ်ဆင့်ပြီး အမှောင်မကျစေဖို့ သတိ နဲ့ ပြန်လည်ထိန်းကွပ်ခဲ့တယ် ။
ဒီလိုနဲ့ အိမ်လေးက အမေ့ကို မေ့ကြလို့ ရယ်သံတွေ ပြန်လည်ပွင့်ဖူးခါစ ရှိသေးတယ် ။ အမေ ပြန်ရောက်လာခဲ့တယ် ။
အမေ့ရဲ့ပြန်လာမှုတွေ အထဲမှာ မလှမပမှုတွေ ၊ နောင်တတရားတွေ ၊ တောင်းပန် တိုးလျှိုးမှုတွေ အပြင် အေအိုင်ဒီအက်စ် ဆိုတဲ့ ရောဂါဆိုးကြီးကလည်း ပါလာခဲ့တယ် ။
အမေ ပြောပြတာကတော့ ...
ဘဝအတွက် ထာဝရ အချိုလေးလို့ သတ်မှတ်မက် တွယ်ခဲ့တဲ့ ဒိန်ချဉ်သည်က ပါလာတဲ့ လက်ဝတ်လက်စားလေးတွေအကုန်နဲ့ ၊ သာယာတဲ့ ကြည်နူးမှုတွေ တ၀ကြီး စား သုံးအပြီးမှာ ကိုယ်ယောင် ဖျောက်ပြီး ထွက်သွားခဲ့တယ်တဲ့ ။ ဒီမှာတင် အိမ်က အဖေနဲ့ ကျွန်တော်တို့ဆီ ပြန်မလာရဲတော့ဘဲ ကြေးစားနွံအိုင်ထဲကို ပြန်လည်ဆင်းသက်ခဲ့တယ်တဲ့ ။ ဆိုတော့ကာ ။ အသက်အရွယ်နဲ့ လှပမှုတွေက ဟိုးတုန်းကလို မဟုတ်ခဲ့လေတော့ ၊ ကြုံနေတဲ့ ရပ်တည်ရေးတွေအတွက် ကြုံရာလူ ၊ ကြုံရာ ငွေကြေးနဲ့ ကြုံသလို အိုင်လူးခဲ့ရလေတော့ ရောဂါဆိုးက ပျော်ပျော်ကြီး လာရောက် တွယ်ကပ်ခဲ့တယ်တဲ့ လေ ။
ဪ အမေ အမေ အမေ ။
ပထမတစ်ကြိမ်က ခွဲခဲ့တဲ့ အရှက်တွေအတွက် အားမရလို့ ကုရာနတ္ထိရောဂါသည်မကြီး ၊ ကြေးစားမကြီး ဆိုတဲ့ မဟူရာ ဂုဏ်ဒြပ်ကြီးတွေနဲ့ နောက်တစ်ကြိမ် ထပ်လာပြီး ကျွန်တော်တို့ကို အရှက်ခွဲနေ သလိုပဲ ။
ကျွန်တော် အမေ့ကို အမေလို့ ခေါ်ရမှာတောင် မဝံ့ဘူး ဖြစ်နေခဲ့ရတယ်ဆိုတာ အမေ သိနိုင်ပါ့မလား ။
••••• ••••• •••••
( ဃ )
“ သားလား ၊ သမီးလားကွယ် ၊ အမေ့ဆီ လာပါဦး ”
ကျွန်တော် ကျူရှင်ကနေ ပြန်အရောက်မှာ အဖေက “ အပြင်ကို ခဏကွာ ” ဆိုပြီး ထွက်သွားတယ် ။ ကျွန်တော် လည်း အမေ့ရဲ့အခြေအနေကို သိချင်တာကြောင့် အပေါ်ထပ်ကို တက်အလာမှာ အမေ့ရဲ့ ခေါ်သံကို ကြားရတာပဲ ။ ကျွန်တော် စကားပြန်မပြောမိဘဲ အမေ့ရဲ့ အခန်းရှိရာကို လှမ်းလာခဲ့လိုက်တယ် ။ အခန်းဝကို ရောက်တော့ ရောက်စကထက် တဖြည်းဖြည်း ပိန်လှီမည်းခြောက်လာတဲ့ အမေ့ကို အိပ်ရာထဲ လဲလျက် တွေ့မြင်လိုက်ရတယ် ။ ကျွန်တော့်ကို မြင်တော့ အမေ့မျက်ဝန်း ဖျော့ဖျော့လေး တစ်စုံဟာ အရောင်လေးတွေ လက်လာသလိုပဲ ။
“ ဘာ ဘာခိုင်းချင်လို့ လဲ ဟင် ”
“ ထိုင် ထိုင်ပါဦး သားရယ် ”
အမေက အားယူပြီး ပြောရှာတယ် ။ ကျွန်တော်လည်း အမေ့နားမှာ သွားထိုင်လိုက်တယ် ။ အမေက အပြုံး နွမ်းနွမ်းကြီးနဲ့ ကျွန်တော့်မျက်နှာကို ငဲ့ကြည့်ရင်း ...
“ သားကြီးရယ် အမေ ဆိုတာ ဘယ်ဘဝရောက်ရောက် အမေဟာ အမေပါပဲ ။ အမေ့သားကြီးလည်း ဆယ်တန်းကျောင်းသားကြီးတောင် ဖြစ်နေပြီပဲဟာ ။ သိရောပေါ့ နော် ”
ကျွန်တော် ဦးခေါင်းကို ညိတ်ပြမိလိုက်တော့ အမေက ဆက်ပြောတယ် ။ ကြည့်ရ တာ တော်တော်ကြီးလည်း မောနေပုံရတယ် ။ ကျွန်တော်လည်း ပြောချင်ရာ ပြောစေဖို့ အတွက် မတားမိလိုက် ။
“ သားကြီးရယ် ၊ အမေလေ သားကြီးကို ငရဲတွေ မပေးချင်ဘူးကွယ် ဟင်း ”
ပြောရင်းနဲ့ စကားက ခဏရပ်သွားတယ် ။
“ မပေးချင်ရင် ဘာလို့ ပြန်လာသလဲ ”
ကျွန်တော့် စိတ်ထဲက ပြောမိသွားလိုက်တယ် ။ အမေ ကတော့ စကားတွေ ပြောချင် နေတာကြောင့်ထင့် ၊ အားယူနေဆဲ ။ တကယ်တော့ အမေ့ အနားကို အဖေက လုံးဝ မကပ် ။ လိုအပ်တဲ့ ဆေးဝါးနဲ့ အစားအစာတွေကို ဝယ်ပေးပါတယ် ။ အမေ့ အနားကလည်း ကပ်ချင်စရာ မကောင်း ။ ကျောကုန်းဘယ် ဘက်အခြမ်းမှာ ဖြစ်နေတဲ့ အနာကြီးက စိုစိစိနဲ့ တော် တော်လေး နံတယ် ။ ဒါကြောင့် ကျွန်တော်နဲ့ ညီမလေးကပဲ အမေ့ရဲ့ ဝေယျာဝစ္စတွေကို ဒိုင်ခံလုပ်ပေးရတယ် ။ ဟိုတစ်နေ့ကလည်း ဝမ်းတွေ လျှောတာ အများကြီး ။ ကျွန်တော်က ကျန်းမာရေး ဗဟုသုတ ရှိသူမို့ အမေ့ဆီက ရောဂါဆိုးကြီးကို ကူးစက်မှာ မစိုးရိမ်ခဲ့ ။ ဒါပေမဲ့ ပြုစုလုပ်ဆောင်ပေးရတာက သတိထားမှုတွေနဲ့မို့ ပင်ပန်းရတယ် ။ ဆေးရုံကို ပို့ပြန်တော့လည်း တွင်တွင်ခါပြီး ငြင်းဆန်တယ် ။ ဆိုတော့ကာ ။ ကျွန်တော့်မှာ အမေ့ကို တစ်ခါ ပြုစုရတိုင်း တစ်ခါ မုန်းမိသလိုလိုကြီး ဖြစ်ခဲ့ရတယ် ။
“ သားကြီး သားကြီးရယ် ။ မင်း အမေ့ကို အမေလို့ အသိအမှတ် ပြုပါလားကွယ် ။ ဒါမှ အမေ အသေဖြောင့်နိုင်မယ် ။ အမေ အမေလေ ကြာကြာ မနေရတော့ပါဘူးကွယ် ။ ပြီး ပြီးတော့လေ ၊ တစ် တစ် နေ့က သမီးက ပြောတယ် ။ အမေ့ကို ချစ်ပါတယ်တဲ့ ။ သား သားကြီးကိုလည်း အမေ မေးထားတာ ကြာကြာ ပြီနော် ။ သား သားကြီး အ အမေ့ကို ချစ် ချစ် ချစ်လား ဟင် ဟင် ”
အမေက စကားတွေ အများကြီး ပြောနေတယ် ။ ကျွန်တော် အမေ့ကို အမေလို့ တော့ အသိအမှတ်ပြုပါတယ် ။ ဒါ ဒါပေမဲ့ .. ။
“ သား သားကြီး ဖြေ ဖြေပါကွယ် နော် ”
ကျွန်တော် ပြန်မဖြေချင် ။ အမေ့မျက်နှာကို ကြည့်မိလိုက်တော့ ကျွန်တော့်ဆီက အဖြေကို အရမ်း ငံ့လင့်နေပုံရတယ် ။ စိုက်ပြီး ကြည့်နေလို့ ။ တော်တော်လေး ကြာတယ် ။ ကျွန်တော်ကလည်း ဘယ်လိုကြောင့် မသိ ။ ဘယ်လိုမှ မပြောချင် ။ ပါးစပ်က အပိတ် ခံထားရသလို ဖြစ်နေတယ် ။
“ သားကြီးရယ် ”
ကျွန်တော် ခေါင်းကြီးအောက်ကို စိုက်ပြီး နေနေမိတယ် ။
ဒီလိုနဲ့ အချိန်တော်တော် ကြာသွားတယ် ။ ဆယ့်ငါးမိနစ်လောက်တော့ ကြာလိမ့်မယ် ထင်တယ် ။ ကျွန်တော် အမေ့မျက်နှာကို ငဲ့ကြည့်မိလိုက်တယ် ။ နှုတ်ခမ်းမည်းမည်းညိုညို တစ်စုံက အနည်းငယ် ဟ , နေတယ် ။ အသက်ကို အငမ်းမရကြီးနဲ့ ရှူနေပုံတော့ မရဘူး ။ ငေါထွက်နေတဲ့ မျက်ခွံရဲ့အတွင်းမှာ နစ်ဝင်နေတဲ့ မျက်ဝန်းဖျော့ဖျော့ တစ်စုံ ကလည်း ကျွန်တော့် မျက်နှာကို ငေးကြည့်နေဆဲ ။
ဒီလိုအချိန်မှာ စောင်ပါးလေး ခြုံပေးထားတဲ့ ရင်ဘတ်ပေါ်ကို ကြည့်မိလိုက်တယ် ။ ရင်ဘတ်က မလှုပ် သလိုဘဲ ။ ဒါကြောင့် ညာဘက်လက်နဲ့ အသာအယာ ဖိကြည့်ပြီး မျက်နှာကို ကြည့်မိလိုက်တော့ ... ။
“ ဟာ အမေ အမေ အမေ ”
လို့ မှင်တက်စွာနဲ့ ခေါ် ကြည့်မိလိုက်တယ် ။ မျက်ဝန်းက ပွင့်နေပေမဲ့ မျက်တောင်က လုံးဝ မခတ် ။ ပြီးတော့ ငြိမ်သက်နေတယ် ။ ဘာ စကားမှလည်း မပြောတော့ ။
ကျွန်တော် သဘောပေါက်လိုက်ပြီ ။
အမေ့ရဲ့ခန္ဓာ အသက်မဲ့သွားပြီ ။ ဒါပေမဲ့ မျက်ဝန်း တစ်စုံက ကျွန်တော့်မျက်နှာကို စိုက်ကြည့်နေသလိုပဲ ။ အဲဒီ မျက်ဝန်းထဲမှာ “ ရလိမ့်နိုး ” ဆိုတဲ့ မျှော်လင့်ချက်လေးကို ကျွန်တော် မြင်လိုက်ရသလိုပဲ ။
ကြည့်စမ်း ကျွန်တော် မပြောဖြစ်ခဲ့ဘူး ။
အမေ အမေ အမေရယ် ။
••••• ••••• •••••
( င )
ရင်ထဲက ထွက်လာမယ့် စကားစုတစ်ခုက သံမှိုနှက်ခံထားရသလို နှလုံးသားကို နာကျင်နေစေနိုင်တတ် သလား ။ ကျွန်တော့် နှလုံး သားမှာတော့ သံတစ်ချောင်း အနှက်ခံထားရသလို ဖြစ်နေ တယ် ။ မပြောဖြစ်ခဲ့တဲ့ စကားစုလေး တစ်ခွန်းအတွက်နဲ့ပေါ့ ။ စကားလုံးတွေက အများကြီး မဟုတ်ပေမဲ့ သက်ရောက်မှုက အတိုင်းအဆ မဲ့ခဲ့တယ် ။
ကျွန်တော် မပြောဖြစ်ခဲ့ဘူး ။
ဒီအတွက် ကျွန်တော့်ရဲ့ မျက်ရည်ကျတဲ့ နေ့စွဲတွေ ရှည်လျားစွာနဲ့ ထပ်ဆင့်ခဲ့တယ် ။ မပြောဖြစ်ခဲ့တဲ့ စကားလေး တစ်ခွန်းရဲ့ သက်ရောက်မှုက အတိုင်းအဆမဲ့ တန်ဖိုးကြီး တယ်လို့ ယူဆခဲ့သလို ၊ အခု တော့ ... ။
မျက်ရည်တွေနဲ့ နောင်တတွေကို ထွေးပွေ့ထားရင်း သတ်မှတ်ချက်မဲ့ နေ့စွဲတွေနဲ့ နေထိုင်ရဦးတော့မှာပါလား ။
တကယ်တော့ …. ။
တကယ်တော့ ... ။
“ အမေရယ် ကျွန်တော် အမေ့ကို ချစ်ပါတယ်ဗျာ ”
အဲဒီလို ကျွန်တော် အမေ့ကို ပြောပြခဲ့ရမှာ ။ အခုတော့ အမေ ရောက်ရာ ဘုံဘဝကနေ ကြားနိုင်ပါစေလေ ။
“ အမေ့ကို ကျွန်တော် ချစ်တယ် ”
“ အမေ့ကို ကျွန်တော် ချစ်ပါတယ် ”
“ အမေ့ကို ကျွန်တော် ချစ်ပါတယ်ဗျာ ”
⎕ လူထိုက်
📖ရွှေအမြုတေ ရုပ်စုံမဂ္ဂဇင်း
ဇူလိုင် ၊ ၂၀၁၃
No comments:
Post a Comment