❝ မ စိတ် ❞
( ပီမိုးနင်း )
အင်စပိတ်တော် မောင်အုန်းခိုင်နှင့် နောက်ပါ အဖော် ရာဇဝတ်အုပ်များ ၊ ရာဇဝတ်ကြပ်များ ၊ ပုလိပ်အရာရှိများသည် ဆိတ်ငြိမ်စွာ ညစာစား၍ နေကြလေ၏ ။ လူပေါင်းမှာ ဆယ့်ငါးယောက်ခန့်သာ ရှိလေ၏ ။ စကား မပြောကြသည်မှာ အခြားကြောင့် မဟုတ် ။ ပတ်ဝန်းကျင်ရှိ ကွင်းပြင်တစ်ခုလုံး၏ ဆိတ်ငြိမ်ခြင်း ကူးစက်ခြင်းကြောင့် ဖြစ်လေ၏ ။ ထိုဆိတ်ငြိမ်ခြင်းသည်ကား အားလုံးသော အရာရှိတို့နှင့် နောက်ပါ ရွာသားများ၏ ကိုယ်စိတ် နှစ်ပါးကို လေးလံစွာ ဖိစီးသော ဆိတ်ငြိမ်ခြင်း ဖြစ်လေသတည်း ။
ကွင်းပြင်ကြီးမှာ စပါးများရိတ်ပြီးစ ၊ အချို့လည်း ရိတ်လျက် တစ်ပိုင်းတစ်ပင် ကျန်ရှိလေ၏ ။ သစ်ပင်တို့မှာ တစ်ပင်နှင့် တစ်ပင် ကွာဝေးကြသဖြင့် ငြိမ်သက်သော လေသည် ထိုသစ်ပင်တို့ကို သိသိသာသာ အသံ ထွက်လောက်အောင် လှုပ်ရှားခြင်း မပြုချေ ။ ကောင်းကင်မှာလည်း ပိတ်ဆို့လျက် အနည်းငယ်မျှသော ကြယ်တို့ကိုသာ မြင်နိုင်လေ၏ ။ အရှေ့ဘက်ရှိ တောင်တန်းကြီးမှာ ညဉ့်အချိန်တည်းဟူသော တင်းတိမ်ကြီးဖြင့် လွှမ်းအုပ်ခြင်းကို ခံရသဖြင့် ပျောက်ကွယ်၍ နေလေသတည်း ။ ထိုဆိတ်ငြိမ်ခြင်းသည်ကားဆိုးဝါးကြောက်မက်ဖွယ်သော အတိတ်နိမိတ် တစ်ခုခုကို ဆောင်သည်နှင့်တူသော ဆိတ်ငြိမ်ခြင်း ဖြစ်လေသတည်း ။
ညစာပွဲရံမှာ မြို့နှင့် ဝေးသော တောရွာ အစွန်အနား ဇရပ်မှာ ဖြစ်သော်လည်း ညံ့ဖျင်းလှသည် မဟုတ်ပေ ။ ကြက် ၊ ဝက် ၊ ဝမ်းဘဲ အကြော် အချက်တို့မှာ များစွာ မြိန်ရှက်ဖွယ်ရာကောင်းလေ၏ ။ သို့သော်လည်း စားသောက်သူတို့၏ စိတ်၌ လေးလံခြင်းသည် အာဟာရ တောင့်တခြင်းကို ပြေပျောက်စေသကဲ့သို့ ဖြစ်သောကြောင့် စားသူတို့မှာ အစာဟူ၍ မအောက်မေ့ ။ အလုပ် ပေါ်လာက လုပ်နိုင်ရန် အတွက် ဟူ၍သာ အောက်မေ့ကြရလေ၏ ။ ၎င်းတို့၏ မျက်နှာမှာကား အဝေးကို လှမ်းမျှော်ခြင်းဖြင့် စောင့်စားခြင်း လက္ခဏာ အသွင်ကို ပြကြလေ၏ ။
မောင်အုန်းခိုင်သည် ဆိတ်ငြိမ်ခြင်းတည်း ဟူသော ဝန်လေးကို ပယ်ဖျောက်ရန် ကြိုးစားကာ စကားအနည်းငယ်မျှကို ပြောလေ၏ ။ ပြောသည့်အခါ အဖော်များသည် နှုတ်ဖြင့် ဖြေကြားသည်ထက် မျက်နှာထား အမူအရာဖြင့် ဖြေကြားကြလေ၏ ။
အုန်းခိုင် ။ ။ “ ဖြည်းဖြည်း စားကြလကွဲ့ ၊ အလုပ် ကြောင့် အစား မပျက်စေရဘူး ၊ ရုတ်တရက်လည်း မလာကြသေးပါဘူး ၊ ဖိုးထင် ဝပလား ” ဟု အားရှိအောင် ပြုံး၍ ပြောလေ၏ ။
ဖိုးထင် ။ ။ “ စောစောက အိမ်က ကောက်ညှင်းကျည်တောက်နဲ့ ငဖျင်းစလက်ကြော်တွေ စားထားလို့ပါ အစ်ကိုရဲ့ ”
“ အေး ... စားရရင် ပြီးရော ၊ ဘသော် တယ်နောက်ကျတယ် ။ ပြန်လာပါ့မလား မသိဘူး ”
ထင် ။ ။ “ လာပါလိမ့်မယ် အစ်ကိုရဲ့ ၊ သူ့ကို အားကိုးအားထားတာ သူ အသိသားပဲ ။ ယနေ့ ရောက်နေ့ပဲ ။ ဘယ်နည်းနဲ့မဆို ရောက်အောင် လာမယ်လို့ ပြောတာပဲ ”
“ လာရင် သာပြီး ကောင်းတာပဲ ပင်ပင်ပန်းပန်း လုပ်ကိုင်နေရာက ရန်ကုန်ကို ဖြုန်းခနဲ ရောက်သွားတော့ ရန်ကုန်က ချက်ချင်း ခွာမလာနိုင်မှာ စိုးရတာပဲ ။ လူပျိုဆိုတော့ စွဲလမ်းစရာများလည်း ရှိချင် ရှိမှာပဲ ” ဟု တည်တည် ပြောလေ၏ ။
“ ရှိတယ်လို့တော့ ကြားတာပဲ အစ်ကိုရဲ့ ။ သို့သော်လည်း အလုပ်တာဝန်တော့ ပေါ့မယ် မထင်ပါဘူး ”
ထိုအခိုက်တွင် တောင်ဘက်၌ ပျောက်ချည်ကွယ်ချည် မီးရောင်လိုလို မြင်ကြရသဖြင့် အဖော် ဖြစ်သော ရွာသားများသည် လှုပ်ရှားထကြွ ကြလေ၏ ။ ထမင်းစား၍ နေသော ပုလိပ်အရာရှိများလည်း လှမ်း၍ ကြည့်ကြလေ၏ ။ ထိုအခိုက် စကောက်တစ်ယောက် ရောက်၍ လာလေ၏ ။
“ ကျွန်းတောကြီးထဲကို လူတစ်စု ဝင်သွားတယ် ။ လူပေါင်း တစ်ရာထက် နည်းမယ် မဟုတ်ဘူး ” ဟု စကောက်က အရေးတကြီး ပြောလေ၏ ။
“ ကျွန်းတောဘက်က ဖြစ်ရင် တို့မီးရောင်များကို မြင်မယ်မဟုတ်လား ”
“ ကျွန်တော်မျိုးများ နေရာက တော်တော် နိမ့်တာပဲ ၊ ကိုဘသော် မရောက်သေးဘူးလားဘုရား ၊ စခန်းလမ်းကို သူမှ သေသေချာချာ သိတာပဲ ”
“ မရောက်သေးဘူး ၊ ရောက်တော့ ရောက်မှာပဲ ။ ဘာဖြစ်လို့ နောက်ကျသလဲ မသိဘူး ။ သူတို့မှာ သေနတ် အားကောင်းပုံ ရရဲ့လား ”
“ သေနတ်လေးဆယ်လောက် ရှိတယ်လို့ သတင်း ကြားတယ် ။ ကိုင်း သွားကြည့်ကြဦး ၊ ရုတ်တရက် သူတို့ စဝံ့မယ် မထင်ဘူး ” ဟု အုန်းခိုင်က ပြောလေ၏ ။ စကောက် ထွက်၍ သွားလေ၏ ။ ခဏချင်းတွင်း ထမင်းပွဲ ပြီးလေ၏ ။
အုန်းခိုင်သည် မိမိ၏ လူများနှင့်တိုင်ပင်ပြီး နိမ့်သော ကန်အိုကြီးရှိ တဲမှ ဆင်းကြ၍ ကန်ဘောင်ရိုးကို တက်ကြလေ၏ ။ ကန်ဘောင်ရိုးသည် မြေကတုတ်လို ဖြစ်၍ နေလေ၏ ။ နောက်ပါ လူများလည်း နှစ်ယောက်စီ သုံးယောက်စီ ခွဲကာ မှောင်ထဲ၌ ပျောက်၍ သွားကြလေ၏ ။ အုန်းခိုင်သည် ရာဇဝတ်အုပ် ဖိုးထင် နှင့်အတူ တောင်ပို့ငယ် တစ်ခုပေါ်၌ ထိုင်ကာ တီးတိုးစကား ပြော၍နေလေ၏ ။
“ အင်း ဒီနေရာဟာ အခုအတွင်းမှာဖြင့် အကျယ်ဆုံး နေရာပဲ ။ ရှိသမျှ စခန်းတွေက သူပုန်တွေ အကုန် ဒီမှာ စုံပြီး မြို့ကို စီးဖို့ ကြံကြတဲ့ နေရာပဲ ။ ဟို အကောင် မလာတာ ခက်တာပဲ ”
“ မပေါ်လာဆို သူ့ခမျာ ရန်ကုန်ကို မပြန်ရတာလည်း တော်တော် ကြာသွားပြီ အစ်ကိုရဲ့ ၊ ရည်းစားနဲ့ ဆိုတော့ … ”
“ ရည်းစားဆိုတာ ရှိကြတာပေါ့လေ ၊ အခု လာပြီး တိုက်ခိုက်ရတဲ့ လူတွေမှာ သံယောဇဉ်နဲ့ လူတွေ အများကြီးပေါ့ ” ဟု ပြောပြီး ဆိတ်ငြိမ်စွာ နေလေ၏ ။
သို့ဆိတ်ငြိမ်စွာ နေခိုက်တွင် ဘသော်၏ အကြောင်းကို တွေးရာမှ အုန်းခိုင်သည် မိမိ၏ အကြောင်းကို ဆက်ကာ တွေးလေ၏ ။ အကြောင်းမူကား မိမိမှာလည်း ပူမည့်သူ မကင်းချေ ။ ငါ မရှိခိုက်မှာ စောခင် ဟာ တစ်စုံတစ်ယောက်နဲ့များ အကျွမ်းဝင်နေသလားဟူ၍ တွေးမိလေ၏ ။ ထိုအတွေးမျိုးသည် ချစ်သူတို့၏ ရင်ခွင်၌ ပေါ်ပေါက်တတ်သော အတွေးမျိုး ဖြစ်လေ၏ ။ သို့သော်လည်း စောခင်သည် မျိုးရိုးကောင်း၍ အလွန်တရာ ဣန္ဒြေရှိသူ ဖြစ်လေရာ ခြောက်လခန့်မျှ ကွဲ၍ နေရုံနှင့် လွယ်ကူစွာ ဖောက်ပြန်မည့် မိန်းမမျိုး မဟုတ်ချေ ။ သို့ဖြစ်၍ ရုတ်တရက် ပေါ်လာသော ကြောင့်ကြခြင်းသည် လွယ်ကူစွာ ပပျောက်၍ သွားလေ၏ ။
ထို့နောက် ဆက်၍ တွေးပြန်လေရာ ဘသော် ရန်ကုန်ကို ခေတ္တ ပြန်ရသောအခါ စောခင်ကို ဝင်ကြည့်ခဲ့ဖို့ရန် မှာလိုက်ကြောင်း သတိရလေ၏ ။ ဘသော်သည် ဆပ်အစပိတ်တော် ဖြစ်၍ မိမိထက် နိမ့်သော်လည်း ရုပ်ချောသူ တစ်ယောက် ဖြစ်လေရာ မိန်းမများ၏ စိတ်ကို လျင်မြန်စွာ ငြိအောင် ဆွဲတတ်သူ တစ်ယောက်ဖြစ်သည်ကို တွေးမိလေ၏ ။ သို့သော်လည်း ဘသော်သည် မိမိ နှင့် ညီအစ်ကိုအရင်းပမာ ချစ်လေရာ မိမိကား အစ်ကို ၊ ဘသော် မှာ ညီငယ်လို ဖြစ်၍ နေသောကြောင့် မတော်သော အမှုကို ပြုမည် မဟုတ်ဟု ယုံကြည်လေ၏ ။ ထို့အပြင် စောခင်သည် လွယ်ကူသော မိန်းမမျိုး မဟုတ်ချေ ။ သို့ဖြစ်သောကြောင့် တစ်ဖန် စိတ်ထဲမှာ အေး၍ သွားလေ၏ ။
အေး၍ သွားရုံမက ဤပွဲ ပြီးလျှင် ရန်ကုန်သို့ ပြန်ပြီး အခွင့်ယူ၍ စောခင်တို့ သားအမိနှင့် အလည်အပတ် သွားရမည့် အရေးကို မျှော်တွေးကာ အားတက်၍ လာလေ၏ ။
ထိုကဲ့သို့ တွေး၍ နေခိုက်တွင် စံတလီ တစ်ယောက် ရောက်၍ လာလေ၏ ။ ၎င်း၏ နောက်၌ ဘသော်နှင့် အဖော်နှစ်ယောက် ပါ၍လာသည်ကို မြင်ရလေရာ အုန်းခိုင်မှာ လွန်စွာအားတက်ပြီး အခြား မည်သည့် အကြောင်းကိုမှ မေးမြန်းပြောဆိုခြင်းကို မပြုအား ။ ယခု လက်ငင်း အရေးကိုသာ တိုင်ပင်ကြလေ၏ ။
ထိုအခိုက်တွင် ခေါင်းတုံးနှင့် လူတစ်ယောက် ပြေး၍ လာပြီး သေနတ်ကို ပစ်ချကာ ၎င်းတို့၏ ရှေ့၌ တုန်လှုပ်စွာ ပျပ်ဝပ်ပြီး “ ကျွန်တော်မျိုးကို ကယ်တော်မူပါ ” ဟု တောင်းပန်လေ၏ ။
၎င်းအား အကျိုးအကြောင်းကို မေး၍ ကြည့်သောအခါ သူပုန်ဘက်မှ ပြေး၍ လာသူ ဖြစ်ကြောင်း သိရသဖြင့် ၎င်းကို တုပ်နှောင်ကြလေ၏ ။ ထို့နောက် “ သူပုန်တပ် အကြောင်း မှန်ကန်စွာ ပြောပြလျှင် ချမ်းသာပေးမည် ” ဟု အုန်းခိုင်က ပြောသဖြင့် သူပုန်က ပြော၍ ပြလေရာ ကျွန်းတောကြီး၌ သူပုန်သုံးရာကျော် ရှိကြောင်း ၊ ဤနေရာ၌ ပုလိပ်တပ်ရှိသည်ကို သူပုန်များ သိကြပြီး ဖြစ်ကြောင်း သန်းခေါင်ကျော် လင်းအားကြီးအချိန်နားလောက်မှာ လာ၍ စီးပြီး လက်နက်များကို လုဖို့ ကြံစည်နေကြောင်း သိရလေ၏ ။
သို့ဖြစ်၍ အားလုံး ရေကန်ဟောင်းကြီးထဲသို့ ဆင်းပြီး ခုခံရန်စနစ်ကို တိုင်ပင်ကြပြီးနောက် အုန်းခိုင်က မိမိ လူများအား အမောပြေ အအိပ်ခိုင်းလေ၏ ။ မိမိနှင့် ဘသော်က မအိပ်ဘဲနေလေ၏ ။ ဘသော်လည်း စကားပြောရင်း ခရီးပန်းသဖြင့် တဲနံဘေး ကောက်ရိုးထဲတွင် အိပ်ပျော်၍ သွားလေ၏ ။
အုန်းခိုင်သည် ဘသော် ရောက်လာသဖြင့် လွန်စွာ အားတက်၍ နေလေ၏ ။ ဘသော် အိပ်ပျော်မှ သာ၍ အလုပ်ကို လုပ်နိုင်မည်ဟု သိသဖြင့် ဘသော်အား တစ်စုံတစ်ရာ မေးမြန်းခြင်းမပြုဘဲ စောခင်၏ အကြောင်းကို ဆက်လက် တွေးတော၍ နေလေသတည်း ။
ရန်ကုန်မှ စောခင်နှင့် ခွဲခွာ၍ လာခါနီး၌ စောခင်၏ ကိုယ်နှင့် မိမိ၏ ကိုယ်မှာ ခွဲခွာ၍ မရနိုင်အောင် ရှိသည်ကို ပြန်၍ တွေးလေ၏ ။ ဘသော်အား စောခင် အကြောင်းကို မေးချင်၏ ။ သို့သော်လည်း အိပ်ပျော်၍ နေသူကို မနှောင့်ယှက်လိုသောကြောင့် ကောက်ရိုးထဲတွင် အိပ်၍ နေသော ဘသော်ကို လှမ်း၍ ကြည့်ပြီး တဲအနီး သေနတ်ကို ကိုင်ကာ လျှောက်၍နေလေ၏ ။
သို့လျှောက်ရင်း အိပ်ချင်သဖြင့် ခပ်ကိုင်းကိုင်း ပေါက်၍ နေသော သစ်ပင်အိုကြီး တစ်ခုကို ဘေးတိုက်မှီကာ မျက်လုံးကို မှိတ်လိုက်လေရာ မေ့ခနဲ ပျော်၍ သွားပြီး ပြန်၍ နိုးသောအခါ အဘယ်လောက် ကြာစွာ အိပ်ပျော်၍ သွားသည်ကို မသိရချေ ။
ထို့နောက် ဘသော်၏ အပါးကို ကပ်၍ သွားလေ၏ ။ လက်ကိုင်ဓာတ်မီးနှင့် ဘသော်ကို ကြည့်လေရာ ဘသော်၏ လက်၌ ဖြူဖြူတစ်ခုကို မြင်ရသဖြင့် သေချာစွာ ကြည့်လေလျှင် မတ်တတ်က မူးမေ့လဲကျ၍ သွားတော့မလို ဖြစ်လေ၏ ။ အကြောင်းမူကား ထိုအရာသည် စောခင်၏ ဓာတ်ပုံ ဖြစ်၍ နေလေသတည်း ။
ထို့နောက် ဘသော် အိပ်၍ နေသော နေရာ အနီးသို့ သွားလေရာ ဘသော်၏ နံဘေး၌ ပုံလျက်ရှိသော အရာတစ်ခုကို မြင်သဖြင့် ကိုင်မြှောက်၍ ကြည့်လိုက်ရာ လွယ်အိတ်ဖြစ်၍ နေလေသည်ကို သိရလေ၏ ။ ကောက်၍ ကြည့်လိုက်သောအခါ စာအိတ်ကလေး ဖြစ်၍ နေလေ၏ ။
အုန်းခိုင်သည် ထိုစာအိတ်၏ အတွင်း၌ ရှိသော မာသော အရာတစ်ခုကို ထုတ်၍ လက်ကိုင်ဓာတ်မီးဖြင့် ကြည့်လေရာ အံ့အားသင့်၍ နေလေ၏ ။ အကြောင်းမူကား ထိုအရာသည် စောခင်ဓာတ်ပုံ ဖြစ်၍ နေလေသတည်း ။
အုန်းခိုင်သည် ရပ်ကာ ဓာတ်ပုံကိုသာ စိုက်ကာ ကြည့်၍ နေလေ၏ ။ ဓာတ်ပုံကို ကိုင်သော လက်များမှာ တုန်လှုပ်၍ နေလေ၏ ။ မိမိ၏ မျက်လုံးများကိုပင် မယုံကြည်နိုင်ဘဲ နေလေ၏ ။ ကမ္ဘာကြီး ချာချာလည်လျက် မိမိကိုယ်ကို ခြေနှင့် မရပ် ။ ဦးခေါင်းနှင့် ရပ်၍ နေသည်ဟု ထင်မှတ်လေ၏ ။
ဘသော်သည် မိမိ၏ လက်အောက် အရာရှိ ဖြစ်သော်လည်း အစစအရာရာ၌ အားထားယုံကြည်ရသူ ဖြစ်လေ၏ ။ ယခုသည်ကား ဘသော်၏ ဆိုးယုတ်သော အတွင်းသဏ္ဌာန်ကို မြင်လေရာ အသည်းမှာ မနည်းပင် နာလေ၏ ။ အကြောင်းမူကား အုန်းခိုင်သည် ဘသော်ကို ညီရင်းပမာ ချစ်ခင်ခဲ့လေ၏ ။
အချစ်ဆုံးသောသူ တစ်ယောက် ရန်သူ ဖြစ်၍ မုန်းရသောအခါ ကြာမြင့်စွာ ကြည့်၍ မနေချင် ။ ထို့ကြောင့် ခါး၌ ရှိသော သေနတ်ကို ကိုင်မိလေ၏ ။ ယခုအနေ ဘသော်၏ ဦးနှောက်ကို ဖြန့်ကြဲ၍ ပစ်လိုက်ချေက မိမိမှာ အပြစ်ရှိမည် မဟုတ် ။ သူပုန်၏ လက်ချက်ဟု အများက မှတ်ထင်အောင် လုပ်ဖို့ရန် နည်းလမ်းတွေ ရှိသည်ကို စဉ်းစားမိလေ၏ ။ သို့စဉ်းစားလေရာ အရေးကြီးသော အလုပ်တာဝန်ကြီးကိုပင် မေ့လျော့၍ နေလေ၏ ။
ဒင်းကို စီရင်ရလျှင် ကောင်းမလား ၊ အဘယ်ပုံလုပ် ရမလဲ စသည်ဖြင့် စိတ်ထဲတွင် အပြန်ပြန်အလှန်လှန် အတော်ကြာ စဉ်းစား၍ နေလေ၏ ။ ထို့နောက်မှ အရေးကြီးသော အလုပ်တာဝန်ကို သတိရလေ၏ ။ ဘသော် အဘယ်မျှလောက် အသုံးဝင်မည်ကို တွေးမိ၏ ။ သို့ဖြစ်သောကြောင့် စိတ်ကို အနိုင်နိုင် ချုပ်တည်းကာ ဓာတ်ပုံကို လွယ်အိတ်ထဲ ပြန်ထည့်ပြီး သွားမည်အပြုတွင် သေနတ်သံများကို ကြားရလေ၏ ။ အုန်းခိုင်သည် ဘသော်ကို ဒေါသနှင့် အံကြိတ်ကာ ပြင်းထန်စွာ တွန်းလှုပ်၍ နှိုးပြီး အခြား အိပ်သူများကိုလည်း ထို့အတူ အဆောတလျင် ထစေ၏ ။ စစ်၏ အစီအစဉ်ကို လျင်မြန်စွာ ပြုလုပ်ကြလေ၏ ။ ၎င်းတို့၏ ဦးခေါင်းပေါ်၌ ကျည်ဆန်တွေ လေချွန်၍သွားကြလေ၏ ။ နှစ်ဦးနှစ်ဖက် ပြင်းထန်စွာ တိုက်ကြလေ၏ ။ ဓားပြများက လူများ၍ သေနတ်များ၏ ။ ပုလိပ်ဘက်က ကျင်လည်၍ လက်နက်ကောင်း၏ ။ ထိုအခါ အရှေ့ဘက် ကောင်းကင်၌ ရောင်နီတက်၍ ကွင်းပြင်မှာ မှေးမှိန်စွာ ရိပ်မှိုင်း မြင်သာလေ၏ ။
သို့တိုက်ကြရာ သူပုန်တို့သည် ပုလိပ်ဘက်၌ လူအားနည်းသည်ကို သိကြသဖြင့် လူအားနှင့် ဖိကာ ဝက်ခေါင်းထိုး၍ ချီတက်ကြလေ၏ ။ ပုလိပ်ဘက်၌လည်း နဂိုက နည်းသော လူအားမှာ ပါးသည်ထက် ပါး၍ သွားလေ၏ ။ ဘသော်က -
“ ကိုအုန်းခိုင် ... မနီးမဝေးရှိ တောင်ပူစာ၏ တစ်ဖက် ကို ဆုတ်ခွာလျှင် သာ၍ ကောင်းမယ် ” ဟု ပြောလေ၏ ။ ဘသော်က “ ရွာအနီး၌ ရေခန်း၍ နေသော ချောင်းငယ်တစ်ခု ရှိကြောင်း ၊ ထိုချောင်းကို ကျုံးမြောင်း လုပ်၍ ခုခံရလျှင် ကောင်းမည် ဖြစ်ကြောင်း ၊ သူပုန်များကိုလည်း ပြေးသည် ထင်၍ နင်းလိုက်ဖို့ ရှိကြောင်း ချောင်းမှ ခုခံနေ ခိုက်မှာ တစ်မိုင်ခန့် ကွာသော အခြားရွာရှိ ကရင်တပ်ကို လူလွှတ်၍ ခေါ်နိုင်ကြောင်း ” နှင့် အကြံပေးလေ၏ ။ အုန်းခိုင်မှာ ရွာ၌ ချောင်း ရှိကြောင်းကို သတိမထားမိခဲ့ချေ ။ ဘသော်သည်ကား နေရာစခန်း လမ်းဟူသမျှကို မှတ်သား၍ ထားသူ ဖြစ်သောကြောင့် ၎င်း၏ အမှတ်သညာတို့က အသုံးဝင်၍ လာလေ၏ ။
အုန်းခိုင်သည် ၎င်းစကားကို နားထောင်ရလေ၏ ။ ထိုအရေး၌ မုန်းထား ရန်လိုသော စိတ် အဘယ်မျှပင် ကြီးမားစေကာမူ ဘသော်ကို ကျိတ်ကာ ချီမွမ်းခြင်း မပြုဘဲ မနေနိုင်ချေ ။
တဖြည်းဖြည်း ရွာဘက်သို့ တိုး၍ ကပ်ကြလေ၏ ။ ရွာအနီးချောင်း အတွင်းသို့ ရောက်ကြလေ၏ ။ သူပုန်များသည်ကား တိုး၍ မလိုက်ဘဲ နေကြလေ၏ ။ ထိုအခါ နံနက် ၁ဝ နာရီခန့် ရှိလေ၏ ။ ၎င်းတို့၏ ဘက်၌ ကျဆုံး သေကြေသူ မရှိ ။ ဒဏ်ရာရသူ အနည်းငယ်ကို ပြုစုပြီး နောက် ထပ်မံ ရောက်လာမည့် တပ်သို့ မျှော်ရင်း တိုက်ခိုက်ခြင်းကို ဆိုင်းရပ်ကာ နေကြလေ၏ ။ သူပုန်တို့သည် ခေတ္တ ဆိုင်းရပ်လေသလား တစ်နည်းတစ်ဖုံ ကြံစည်လေသလား မသိရချေ ။ သို့ဆိုင်းရပ်၍ နေခိုက်တွင် အုန်းခိုင် နှင့် ဘသော်သည် လူမရှိသော ရွာပျက်ကြီးအတွင်း၌ တွေ့ရှိလေ၏ ။ ဘသော်သည် ၎င်းကို မြင်သောအခါ ပြေး၍ လာပြီး စကားပြောလေ၏ ။ အုန်းခိုင်သည် စကားကောင်းစွာ ပြန်၍ မပြောချေ ။ ဘသော်သည် ၎င်း၏ အမူအရာ ပြောင်းလဲပုံကို သိသဖြင့် အံ့သြ၍ နေလေ၏ ။
“ ကိုအုန်းခိုင် ဘာဖြစ်သလဲ ၊ အခါတိုင်းနဲ့ မတူပါကလား ” ဟု ဘဘော်က မေးလေ၏ ။
“ ဘာဖြစ်လို့ မတူသလဲဆိုတာ မသိသေးဘူးလား ” ဟု ဣန္ဒြေနှင့် မေးလေ၏ ။ ဘသော်မှာ သာလွန် အံ့သြခြင်း ဖြစ်လေ၏ ။ အုန်းခိုင်၏ မျက်နှာကို စိုက်ကြည့်၍ နေလေ၏ ။
“ ကျုပ် ဘာမှ မသိဘူး ၊ ကျုပ်မှာ အပြစ် တစ်ခုခုရှိရင် ပြောပြမှ သိမှာပဲ ။ အခုအနေတော့ ကျုပ်မှာ ဘာအပြစ်မှ မရှိဘူးလို့ ထင်တာပဲ ”
“ ဒီစကားဟာ လိမ်ပြောတဲ့စကား ၊ မင်းကို ငါ ယုံကြည်ခဲ့သမျှတွေ အလကားပဲ ၊ မင်း ဟန်ဆောင်နေတဲ့ အကောင် ၊ မင်းလို ဆိုးယုတ်တဲ့အကောင် မင်းပဲ ငါ တွေ့ဖူးတယ် ”
ဘသော်သည် ၎င်းကို အစာငတ်သောဝံပုလွေ၏ မျက်လုံးမျိုးနှင့် ကြည့်၍ နေလေ၏ ။ ဘသော်သည် အုန်းခိုင်ကို ကျားကဲ့သို့ အုပ်ကာ ထင်သလို လုပ်လိုက်ချင်၏ ။ အုန်းခိုင်မှာ ရာထူးမြင့်၍ အသက်မှာ ပိုမိုကြီးသော်လည်း လက်ရုံးအား အလုပ်၌ ဘသော်သည် ၎င်းကို ညက်ညက်ကြေအောင် ခြေမွပစ်နိုင်သည်ဟု စိတ်၌ မှတ်ထင်လေ၏ ။
“ ကိုအုန်းခိုင် ၊ ခင်ဗျား ဘာစကားကို ပြောတာလဲ ။ ခင်ဗျား ကျုပ်ကို ဘယ်တုန်းစပြီး ငြိုးထားသလဲ ။ ငြိုးရင် အတည့်အလင်းပြောပါ ”
အုန်းခိုင်သည် ဒေါသကို ချုပ်တည်းသော ရယ်ပုံမျိုးနှင့် ရယ်ပြီး
“ မင်း မကောင်းကြောင်းကို မင်းကိုယ်တိုင် သိတယ် ။ ငါ ဘာမှ ပြောစရာ မလိုဘူး ” ဟုပြောပြီး အဝေးကို ငေး၍ ကြည့်နေလေ၏ ။
ဘသော်သည် ၎င်းကို အံကြိတ်လျက် ကြည့်လေ၏ ။ စက္ကန့်အနည်းငယ် ကြည့်၍ နေပြီးမှ အုန်းခိုင်၏ ပခုံးကို အတင်းပြေး၍ ကိုင်လှုပ်ပြီး “ ခင်ဗျား အခုပြော ၊ မပြောဘူးလား ” ဟု ပြင်းထန်စွာ ဒေါသထွက်လျက် မေးလေ၏ ။ အုန်းခိုင်က ဘသော်၏ ပါးကို ရိုက်လိုက်ပြီး “ အဲဒါ ပြောတာပဲ ” ဟု ပြောလေ၏ ။
ဘသော်သည် အုန်းခိုင်၏ လည်ကို လက်နှစ်ဖက်နှင့် ကိုင်ဖြစ် တွန်းလှဲလေရာ အုန်းခိုင် လဲ၍ သွားလေ၏ ။ ကိုယ်စီကိုယ်ငှ ခြောက်လုံးပြူးများကို ခါးမှ ထုတ်၍ မောင်းများကို ဖြုတ်ကြလေရာ ဒိန်းဒိုင်း မြည်လေ၏ ။ သို့သော်လည်း မည်သူမှာမျှ ထိမှန်ခြင်း မဖြစ်ချေ ။
ထိုအခိုက်တွင် သူပုန်များဘက်မှ ပစ်သံခတ်သံများကို ကြားရလေ၏ ။ နှစ်ယောက်သား ထွေးလုံးရစ်ပတ် ဖြစ်ရာမှာ ထကာ နားထောင်ကြလေ၏ ။
အုန်းခိုင် ။ ။ “ အဲဒါ ခက်တာပဲ ၊ အဟုတ် ရောက်မှာလား ” ဟု ဘာမှ မဖြစ်သလို မျက်နှာထားနှင့် မေးလေ၏ ။
“ မနေ့ကတော့ ရောက်မယ်လို့ ကြားတာပဲ ။ အခု ဘာဖြစ်သလဲ မသိဘူး ။ လှိုင်ဘက်ကလည်း လူလိုနေတယ် ပြောတယ် ” ဟု ငြိမ်သက်စွာ ဘသော်က ပြန်၍ ပြောလေ၏ ။
“ အဲဒါမှ အခက်ပဲ ။ ယနေ့ ဒီနေရာဟာ ငါတို့ သင်္ချိုင်းပဲ ။ ဘယ့်နှယ်လုပ်မလဲ ”
“ အခုရှိတဲ့ လူအားလုံးကို ရွာထဲ ပြန်အဝင် ခိုင်းပြီးတော့ တပ်အကူ လာတယ်လို့ သူပုန်များ ထင်အောင် အယောင်ပြကြပစေ ၊ ဖိုးထင်နဲ့ သူတို့နဲ့ သွားပေစေ ၊ ကျုပ်တို့ နှစ်ယောက်တည်း ဒီချောင်းက ခုခံနေရစ်မယ် ” ဟု ဘသော်က ပြန်၍ ပြောလေ၏ ။
အုန်းခိုင်မှာ သေချင်တဲ့စိတ် ပေါက်၍ နေလေ၏ ။ လူ့ဘဝ၌ တွယ်တာစရာ စောခင် တစ်ယောက်သာ ရှိလေ၏ ။ ဤမျှလောက် စွန့်စားတိုက်ခိုက်ရခြင်းမှာ စောခင် အတွက် ဖြစ်လေ၏ ။ ယခုသည်ကား စောခင်သည် ဘသော် သွေးဆောင်ရာကို ပါလေပြီ ။ ဤလောကမှာ ခင်တွယ်စရာ မရှိ ။ သေခြင်းသည် သာ၍ မြတ်၏ဟု အောက်မေ့ကာ -
“ ကောင်းပြီ ၊ မင်းလည်း မပြေးနဲ့ ငါလည်း မပြေးဘူး ၊ ဒီနေရာမှာ အသေခုခံရလိမ့်မယ် ၊ သူပုန်သ,တ်လို့ မသေရင် မင်းနဲ့ငါ သ,တ်ပြီးသေမယ် ” ဟု ပြောကာ ချောင်းထဲသို့ ပြေး၍ ဆင်းကြလေ၏ ။ မကြာမီ အကြံပြုချက် အတိုင်း ဖိုးထင်နှင့် နောက်ပါတို့ကို ရွာသို့ အဝင် ခိုင်းပြီး တစ်ဖက်မှ ထွက်၍ တစ်ဖက်မှ အလာခိုင်းလေ၏ ။ ဘသော်နှင့် အုန်းခိုင်မှာ ချောင်းမှ နေ၍ ရိုင်ဖယ်များ ၊ ပစ္စတိုများနှင့် ခုခံကြရာ ပစ်စတိုခြောက်လုံးပြူး ရိုင်ဖယ် တို့မှာ လူနှစ်ယောက်၏ လျင်မြန်ကျင်လည်သော လက်၌ လူအများကြီး ပစ်ခတ်သကဲ့သို့ ဖြစ်၍ နေလေ၏ ။ တိုင်းရင်းဖြစ် သေနတ် ၊ နှစ်လုံးပြူးသေနတ်တို့ကိုသာ အားကိုးသော သူပုန်များမှာ ချောင်းကိုပင် မကပ်နိုင်ဘဲ နေကြလေ၏ ။ ထိုအတွင်း ဖိုးထင်နှင့် ၎င်း၏ နောက်ပါလူများ ရောက်လာကြပြီး ပြင်းထန်စွာ ပစ်ခတ်ကြလေ၏ ။ သူပုန်များ ရှေ့သို့ မတိုးဝံ့ကြချေ ။ ကျွန်းတော၏ အပြင်သို့ ရောက်ပြီးနောက် တစ်ဖန် ဆုတ်ခွာ၍ သွားကြလေ၏ ။ သူပုန်များသည် ဒဏ်ရာရသော အဖော်များကို တွဲယူ ဆောင်ကြဉ်း၍ သွားကြလေ၏ ။ မိုးချုပ်သောအခါ တိုက်ပွဲ ရပ်စဲ၍ သွားကြလေ၏ ။
ထိုည တပ်များ ထပ်မံ ဆိုက်ရောက်၍ လာကြလေရာ ပုလိပ်တပ်သည် သူပုန်များကို ကျွန်းတော အထိ လိုက်ကြလေ၏ ။ သူပုန်များလည်း ကျွန်းတောမှာ မရှိတော့သဖြင့် ပြေးကြပြီဟု ယုံကြည်ကာ ရွာသို့ ပြန်ကြပြီးလျှင် ထိုည စိတ်ချလက်ချ အိပ်ကြလေ၏ ။ ထိုစခန်းကိုကား လုံးလုံး မစွန့်ဝံ့ကြသေးချေ ။ အကြောင်းမူကား သူပုန်များသည် ထိုနေရာမှ မြို့ကို စီးဖို့ရန် ကြံစည်လျက် ရှိကြသေးကြောင်း သိရလေ၏ ။
ထိုည ဘသော်သည် အိပ်၍ မပျော်ချေ ။ အုန်းခိုင်၏ ထူးခြားသော ပြောင်းလဲခြင်းအကြောင်းကိုသာ စဉ်းစားရင်း တစ်ကိုယ်တည်း ဆိတ်ငြိမ်သော ရွာလမ်း၌ လျှောက်ကာ နေလေ၏ ။ သို့တွေးတောတိုင်း မကျေမချမ်း ဖြစ်လေရာ အုန်းခိုင် နေသော နေရာကို သွား၍ ကြည့်လေ၏ ။ အုန်းခိုင် အိပ်ပျော်၍ နေသည်ကို တွေ့ရလေ၏ ။ ဘသော်သည် လက်ကိုင်ဓာတ်မီးနှင့် ထိုး၍ ကြည့်လေလျှင် မိမိ၏ ရည်းစား သန်းတင်၏ ဓာတ်ပုံ ဖြစ်သည်ကို တွေ့ရလေရာ အတိုင်းမသိ ဒေါသထွက်လေ၏ ။ ထိုဓာတ်ပုံသည် အုန်းခိုင် အိပ်ပျော်သဖြင့် လက်မှ ကျ၍ နေသော ဓာတ်ပုံဖြစ်သည်ဟု သိရလေ၏ ။
သူ ငါ့ကို ဒါကြောင့် ရန်မူတာပဲ ။ သန်းတင် သစ္စာဖောက်လို့ အခုလို ဖြစ်ရတာပဲ ။ သန်းတင်နဲ့ သူ အဘယ်ပုံ တွေ့၍ အကျွမ်းဝင်ကြပါလိမ့်မလဲ ။ သန်းတင် ဟာ သူနဲ့ တွေ့ပြီး ငါနဲ့ သူ မသင့်အောင် တစ်စုံတစ်ရာကို ပြောသည့်အတွက် သူ ငါ့ကို မကောင်းထင်ပြီး ငါ့ကို စွပ်စွဲတာပဲ ။ ငါ ဘာကိုပင် ပြုမိစေကာမူ ဘယ်စကားကိုပင် ပြောမိစေကာမူ ငါ့ရည်းစားကို သူ တိတ်တဆိတ် ကြံတဲ့ အပြစ်ထက် တစ်စုံတစ်ရာ ပိုမိုကြီးလေးဖို့ မရှိ ။ သင်း ပြုသော အမှုသည် သေနတ်နှင့် ပစ်၍ သ,တ်သည်ကိုပင် ခံထိုက်လောက်အောင် ကြီးမားသော ပြစ်မှုဖြစ်၏ ။ သို့ပါလျက် သူက စတင်ကာ ငါ့အား ရန်လိုမုန်းထား မတရား စွပ်စွဲ၏ ။ သင်းထက် မကောင်းသူ ကမ္ဘာမှာ ရှိပါမည်လား စသည်ဖြင့် တွေးတောကာ တစ်ကိုယ်လုံး ဒေါသနှင့် ဆတ်ဆတ်တုန်၍ နေလေ၏ ။ ၎င်း၏ ဦးခေါင်းကို လက်၌ ရှိသော ပစ္စတိုသေနတ်ဖြင့် လေးစိတ်လေးမွှာဖြစ်အောင် ခွဲ၍ ပစ်လိုက်ချင်၏ ။ သို့သော်လည်း အရေးကြီးသော အခါကြီး အတွင်း၌ အရေးမကြီးသော ခေါင်းဆောင် တစ်ယောက် သေဆုံးလျှင် အဘယ်ပုံ ဖြစ်ကြမည်ကို တွေးတောကာ သေနတ်မောင်းကို ဆွဲချင်လှသဖြင့် တရွရွဖြစ် ၍နေသော လက်ချောင်းကို မနည်းထိန်း၍ ထားရလေ၏ ။
ဘသော်သည် သန်းတင် အပေါ်၌ စိတ်နာ၏ ။ ရန်ကုန်မြို့မှ ခွဲ၍ မလာမီက သစ္စာရှိပါမည့်အကြောင်းကို အတန်တန် ဝန်ခံ၏ ။ သို့ဝန်ခံသော အခါမှာပင် အုန်းခိုင် နှင့် တိတ်တဆိတ် ဖြစ်ပျက်နေပြီးဖြစ်လို့သာ ထိုဓာတ်ပုံ အုန်းခိုင်၏ လက်သို့ ရောက်တာပဲဟု အောက်မေ့ကာ မိမိကို လိမ်လည်သော မိန်းမယုတ်ဟု အယူရှိသဖြင့် မုန်းထားသောစိတ်နှင့် ဓာတ်ပုံကို မြေပေါ်သို့ တအားလွှင့် ပစ်၍ ချလိုက်လေ၏ ။ ထို့နောက် ဒေါသကို မချုပ် တည်းနိုင်သကဲ့သို့ ဖြစ်ပြီး ခြောက်လုံးပြူးသေနတ်ကို ထုတ်ကိုင်လေ၏ ။
ထိုအခိုက်တွင် သေနတ်သံများကို ကြားရသဖြင့် ခြောက်လုံးပြူးကို ခါးထဲ ပြန်ထည့်ပြီး အုန်းခိုင်ကို တအား လှုပ်၍ နှိုးလေ၏ ။ အုန်းခိုင်လည်း လျင်မြန်စွာ ထပြီး “ မင့် လူတွေကော ဖိုးထင် ဘယ်မှာလဲ ” ဟု ပြောပြီး လူများကို လိုက်၍ နှိုးလေ၏ ။ နောက်မကြာမီ ပုလိပ်တပ်သည် ချောင်းသို့ ရောက်လေ၏ ။ သူပုန်တို့နှင့် ပုလိပ်များသည် ပြင်းထန်စွာ တိုက်ကြပြန်လေ၏ ။ အစိုးရဘက်ကလည်း လူအား ကောင်းလေ၏ ။ သူပုန်ဘက်၌လည်း ပစ်ပုံခတ်ပုံကို ထောက်လိုက်သော် လူဦးရေများစွာတိုးကြောင်း သိသာလေ၏ ။ သူပုန်ဘက်မှ ပစ်ခတ်သောအသံများသည် မရပ်မစဲ ပြင်းထန်သဖြင့် ၎င်းတို့မှာ စက်သေနတ်များ ရလေသလားဟု မှတ်ထင်ရလေ၏ ။
သို့နှစ်ဖက်စလုံးတို့ ယှဉ်ပြိုင်ပစ်ခတ်နေခိုက်တွင် ကြီးသော သူပုန်တပ်ကြီး တစ်ခုသည် အစိုးရဘက်သားများ၏ နောက်မှ ရုတ်တရက် ချီတက်၍ အစိုးရဘက်သားများကို ဓားများ ၊ လှံများနှင့် စီး၍ ထိုးခုတ်ကြလေရာ တပ်မှာ ဖရိုဖရဲ ဖြစ်လေ၏ ။ ပုလိပ်တပ်မှာ လူအား မနေ့ ကထက် ပိုသော်လည်း သူပုန်ဘက်၌ အဆပေါင်းများစွာ ပိုမိုလာရာ လက်နက်လည်း ပို၍ မကောင်း ၊ အပစ်အခတ် မကျင်လည်ချေက ထိုနေရာတွင် တပ်တစ်ခုလုံးပျောက်ပျက်ဖို့ ရှိလေ၏ ။ သူပုန်ဘက်၌ များစွာကျဆုံး ပျောက်ကြလေ၏ ။ အစိုးရတပ်မှာကား သေပျောက်ခြင်းများစွာ မရှိ ၊ အနည်းငယ် ဒဏ်ရာရကြသူများသာ ရှိလေ၏ ။ သို့သော်လည်း အစည်းအရုံး ကွဲပျက်၍ သွားလေတော့ သတည်း ။
ဘသော်သည် မှောင်ထဲတွင် တစ်ကိုယ်တည်း လမ်းမှားပြီး အဘယ်ကို ရောက်မှန်း မသိဘဲ နေလေ၏ ။ သို့တစ်ယောက်တည်း လမ်းမှားလျက် အဘယ်ကို သွားရမှန်း မသိဘဲ နေခိုက်တွင် တစ်ခုသော တောစပ်သို့ အရောက်မှာ လက်နှိပ်ဓာတ်မီး မီးရောင်တစ်ခုသည် မိမိ၏ မျက်နှာကို သင်္ကြန်ပြွတ် ထိုးသလို ထိုးလိုက်လေ၏ ။
ဘသော်သည် များစွာ စိတ်ပျက်လျက် ၊ အသက်ကို မနှမြော အဆုံးတိုင် စွန့်လိုသောစိတ် ပေါ်ပေါက်၍ နေလေ၏ ။ အကြောင်းမူကား မိမိ၏ အချစ်ဆုံးသော ရည်းစား သူတစ်ပါးလက်သို့ ရောက်ပြီဟု သိရခြင်း၌ အသည်းနှလုံး မရှိ ဖုတ်ဝင်၍ နေသော ကိုယ်ကဲ့သို့ ဖြစ်၍ နေလေသတည်း ။
ဘသော်သည် မည်သူမည်ဝါ ဟူ၍ မစဉ်းစား ၊ လက်၌လည်း သေနတ် မပါ ။ သူပုန်တစ်ယောက်၏ လက်မှ လု၍ ရခဲ့သော ဓားတစ်စင်းသာ ပါလေရာ သေနတ်မှန်သော ကျားနာလို ဓာတ်မီးရောင် ထွက်ပေါ်ရာ နေရာသို့ တစ်ဟုန်တည်း ပြေးပြီး ဓားနှင့် ခုတ်လေ၏ ။
“ ဟိုက် … ငါပါလဟဲ့ ဘသော် ” ဟု အခုတ်ခံ ရသူသည် မြေပေါ်သို့ ထိုင်လျက်ကျသွားသည် ။ ဘယ်လက်ဖြင့် အုပ်ကိုင်ကာ စုပ်သပ်ညည်းညူ တွန့်လိမ်၍ နေသော အုန်းခိုင်ကို မြင်ရလေ၏ ။
ဘသော်က တစ်ဖန် ဓားကို မြှောက်ပြန်လေ၏ ။ ထိုအခိုက်တွင် အုန်းခိုင်သည် လက်ကို မြှောက်ကာ “ ငါ မင့်ကို မသ,တ်လို့ မင်းငါ့ကို သ,တ်ဖို့ ကြံသလား ” ဟု မေးလေ၏ ။ ၎င်း၏ ဒဏ်ရာရသော လက်မှာ ခြောက်လုံးပြူး ရှိကြောင်း ဘသော် သိလေ၏ ။
ဘသော်သည် ဓားကို ပြန်၍ ချပြီး “ ဘာပြုလို့ မပစ် သလဲ ၊ ခင်ဗျား ကျုပ်ကို သ,တ်ချင်နေတယ် မဟုတ်လား ”
“ ငါ မင့်ကို အထင်လွဲမိတယ် ဘသော် ။ ငါ မင့်ကို မသ,တ်နိုင်ဘူး ” ဟုပြောပြီး ခြောက်လုံးပြူးကို လွှတ်ချကာ အလွန်တရာ မသက်သာသော အမူအရာကို ပြလေ၏ ။
ဘသော်သည် ၎င်း၏ ဓာတ်မီးကို ကောက်ယူပြီး ထိုးကြည့်ရာ လက်မောင်းဒဏ်ရာသည် သွေးကြောကြီး ပေါ်သို့ ကျသဖြင့် ရေတွင်းရေတူးရာ ရေထွက်သလို ထွက်၍ နေသော သွေးများကို မြင်ရလေ၏ ။ အုန်းခိုင်၏ မသက်သာသော မျက်နှာကို ကြည့်ကာ “ ဘာပြုလို့ အသံ မပြုသလဲ ” ဟု မေးလေ၏ ။
“ သူပုန်တွေ အနီးအနားမှာ ရှိတယ် ။ ကြားမှာ စိုးလို့ ၊ မင်း ငါ့ကို သူပုန် မှတ်ထင်ပြီး ခုတ်တာ မဟုတ်လား ” ဟု အုန်းခိုင်က မေးလေ၏ ။
ဘသော်မှာ အဖြေရ ခက်၍ နေလေ၏ ။ လွန်ပြီးသော တစ်ခဏအတွင်း၌ အုန်းခိုင်ကို သ,တ်လိုသောစိတ် ပြင်းထန်စွာ ပေါ်ပေါက်၍ နေခဲ့လေ၏ ။ အုန်းခိုင်၏ လက်မှာ ခြောက်လုံးပြူး ရှိလျက် မပစ်ဘဲ နေသည်ကို သိစိတ်ပြေပြီး အများကြီး ဝမ်းနည်းခြင်း ဖြစ်လေ၏ ။
ထို့နောက် ဘသော်သည် အုန်းခိုင်ကို တွဲခေါ်လေ၏ ။ အုန်းခိုင်က “ မင်း သွားပုံကို မြင်လို့ မင်းမှန်း သိတာနဲ့ ဓာတ်မီးရောင် ပြလိုက်တာပဲ ”
“ ဘာပြုလို့ ကျုပ်ကို မပစ်သလဲ ”
“ ငါ အထင်လွဲမှန်း သိလို့ ”
သဘော်သည် ခဏ စဉ်းစားနေလေ၏ ။ မိမိ တွေ့မြင်ရသော ဓာတ်ပုံအကြောင်းနှင့်ပ တ်သက်၍ မေးမြန်းနိုင်သော စိတ်ကို ဖျောက်၍ ထားလေ၏ ။
အုန်းခိုင် ။ ။ “ မင်း လွယ်အိတ်ထဲမှာ စောခင့် ဓာတ်ပုံကို ငါတွေ့ ရတယ် ၊ ဘယ့်နှယ် ပုံရသလဲ ”
“ ဟင် … ဟုတ်လား ၊ ဪ .. ဒါကြောင့်ကိုး ။ ကျုပ် မသိဘူး ။ သန်းတင် ကတော့ ကျုပ်ကို ဓာတ်ပုံတစ်ခု စာအိတ်ထဲ ထည့်ပြီး ပေးလိုက်တယ် ။ ကျုပ်လည်း မကြည့်ရသေးဘူး ။ သူ့ဓာတ်ပုံလို့ ပြောတာပဲ ။ လွယ်အိတ်ထဲမှာ ထည့်ထားတယ် ”
“ မင်း တကယ် မကြည့်မိသေးဘူးလား ”
“ တကယ့်ကို မကြည့်ရသေးပါဘူး ”
“ ငါကြည့်မိတယ် စောခင် ဓာတ်ပုံပဲ ။ သည့်အတွက် ငါ မင်းကို အထင်လွဲနေတာပဲ ”
“ ကျုပ်လည်း အထင်လွဲတာပဲ ၊ အခုညပဲ ခင်ဗျား လက်မှာ သန်းတင့် ဓာတ်ပုံကို တွေ့ရတယ် ”
“ ဒါကြောင့် မင်းကို ငါ အထင်လွဲမိကြောင်း သိရတာပေါ့ ။ ငါလည်း အခုညမှ ကြည့်မိတာပဲ ။ စောခင်က သူ့ဓာတ်ပုံ ဆိုပြီး စာအိတ်နဲ့ ထည့်ပေးလိုက်တယ် ။ ငါ လည်း သက္ကလပ်အင်္ကျီအိတ် အတွင်းမှာ ထည့်ထားပြီး အခုညမှ သတိရလို့ ကြည့်တော့ သန်းတင်ဓာတ်ပုံ ဖြစ်နေတယ် ”
“ ကံကြီးလို့ ကိုအုန်းခိုင် ၊ ဒုက္ခဖြစ်ကြမလို့ပဲ ၊ ကျွန်တော် ကိုအုန်းခိုင်ကို သ,တ်တော့မလို့တောင် ကြံစည်မိတယ် ”
“ သူတို့ ဘယ်ပုံ မှားသလဲ မသိဘူး ”
“ သူတို့နှစ်ယောက် ဓာတ်ပုံအတူတူ သွားရိုက်တယ် လို့ ပြောတာတော့ ကြားမိတာပဲ ”
“ အေး … ဟုတ်ပြီ ၊ ငါတို့ကို ပေးဖို့ စာအိတ်များမှာ ထည့်ပြီး တစ်ယောက်ဓာတ်ပုံကို တစ်ယောက် မှားယူပြီး ငါတို့ကို ပေးလိုက်တာပဲ ”
“ ဟုတ်မှာပဲ ။ ဟိုတုန်းက အရင်စလို ပေးလိုက်ကြရတာကိုး ။ ကျုပ်တို့ကလည်း မကြည့်မိဘဲ အရေးတကြီး ထည့်ပြီး ထွက်လာခဲ့ကြတာကလား ။ ကံကောင်းမ , ပေလို့ဗျာ ၊ နို့မဟုတ်ရင် .. ”
“ အင်း ... မ - စိတ် ၊ မ - စိတ် ၊ မြွေဆိပ်ထက် ကြောက်စရာကောင်းတာပဲ ” ဟု အုန်းခိုင်က ပြန်၍ပြောလေ၏ ။
နောက်တစ်လကျော်ခန့် ကြာ၍ သွားလေ၏ ။ အုန်းခိုင်မှာ ဆေးရုံတွင် ကျန်းမာ၍ လာလေ၏ ။ စောခင်၏ အိမ်ရှေ့ပန်းခြံတွင် ထိုင်ကာ စောခင်ကို စောင့်ရင်း သန်းတင်၏ ဓာတ်ပုံကို အိတ်ထဲမှ ထုတ်၍ ကြည့်ကာ နေလေ၏ ။
စောခင်သည် နောက်မှ ကပ်၍ အုန်းခိုင် ကြည့်နေသော ဓာတ်ပုံကို ကြည့်ကာ မျက်နှာပျက်၍ သွားလေ၏ ။ တစ်အောင့်လောက် ကြည့်၍ နေပြီး အုန်းခိုင်ကို စကား မပြောဘဲ ခြေသံ မကြားရအောင် လှည့်၍ ပြန်သွားပြီး အိမ် ပေါ်သို့ တက်လေ၏ ။ နောက်ထပ် မပေါ်လာတော့ချေ ။
အတန်ငယ်ကြာသောအခါ အုန်းခိုင် အပါးသို့ အစေခံမကလေးတစ်ယောက် ရောက်၍ လာပြီး “ မမ နေမကောင်းလို့ စကား မပြောနိုင်ဘူး ပြန်ပါတော့တဲ့ ” ဟု ပြောလေ၏ ။
အုန်းခိုင်သည် ဓာတ်ပုံကို အိတ်ထဲ ထည့်ပြီး အစေခံမကလေး၏ မျက်နှာကို မယုံသော အမူအရာနှင့် ကြည့်၍နေလေ၏ ။ စောခင် အဘယ်သော အခါကမှ ဤလို အမူအရာမျိုးကို မသုံးဘူးကြောင်း စဉ်းစားမိလေ၏ ။
သို့ဖြစ်၍ စိတ်ထဲ၌ မကျေမချမ်း ဖြစ်ကာ မပြန်ဘဲ ခြံထဲကို လှည့်လည်ကြည့်လေရာ အိမ်နောက်ဖေး ပန်းခြံထဲ၌ တစ်ကိုယ်တည်း ထိုင်ခုံတစ်ခုံ၌ မျက်ရည်သုတ်ကာ ထိုင်၍ နေသည်ကို တွေ့ ရလေ၏ ။
အုန်းခိုင်သည် နောက်ကနေ၍ မျက်နှာကို လက်နှစ်ဖက်နှင့် ကိုင်ကာ မော့စေပြီးနောက် “ ဘာဖြစ်သလဲ ရူးသလား ” ဟုမေးလေ၏ ။ စောခင်သည် အုန်းခိုင်၏ လက်များကို အတင်းဖယ်ပြီး “ မလာပါနဲ့ မသိဘူး မှတ်လို့လား ” ဟု ဒေါသနှင့်ပြောလေ၏ ။
“ ဘာလဲ … စောခင် ဘာသိတာလဲ ”
စောခင်သည် တစ်ကိုယ်လုံး လှုပ်ရှားလျက် ။ အုန်းခိုင်ကို ကြည့်၍ နေပြီးမှ “ ခုတင်က ကြည့်နေတာ ဘယ်လူ့ ဓာတ်ပုံလဲ ” ဟု မေးလေ၏ ။
အုန်းခိုင်သည် ရယ်မောလျက် စောခင်ကို ပွေ့ယူပြီး မျက်နှာကို စေ့စေ့ကြည့်လျက် လက်ညှိုးထောင်ကာ “ တယ်တော်တယ် မင်းတို့ မိန်းမတွေ ၊ ငါတို့ယောက်ျားတွေကို သေကြောင်းကြံတာပေါ့လေ ။ မင်းလည်း အတူတူပဲ ။ သန်းတင် ဆိုတဲ့ဟာလည်း အတူတူပဲ ။ ငါနဲ့ ဘသော် သေရင် ဘယ်သူများကို ယူကြမလို့ မင်းတို့ စိတ်ကူးတာလဲ ” ဟု မေးလေ၏ ။
ထိုအခိုက်တွင် ဘသော်နှင့် သန်းတင်သည် အခြား အဖော်မိန်းမများနှင့် ၎င်းတို့ ရှိရာသို့ ပြေး၍ လာကြလေ၏ ။
အုန်းခိုင်သည်ကား ၎င်းတို့ကို ဂရုမစိုက်ဘဲ အကျိုးအကြောင်းကိုသာ ပြော၍ ပြလေရာ စောခင် အံ့အားသင့်၍ နေလေ၏ ။
သန်းတင် ။ ။ “ ဟုတ်တယ် မစော ၊ ကံကောင်းလို့ သေမကုန်ကြတယ် ။ မသေလို့ အခု တွေ့ရတာပဲ ။ ကျွန်မလည်း ဒီကနေ့မှ သိတယ် ” ဟု ထောက်ခံလေ၏ ။
▢ ပီမိုးနင်း
📖 သူရိယ မဂ္ဂဇင်း
ဇူလိုင် ၊ ၁၉၃၂
No comments:
Post a Comment