Friday, May 15, 2026

အချစ်ကို ကိုးကွယ်ကြသူများ


❝ အချစ်ကို ကိုးကွယ်ကြသူများ ❞
     ( စောမိသွင် - ရန်ကုန် )

အန်တီသန်းတို့ မန္တလေး ကနေ ရန်ကုန်ကို ပြောင်းလာတော့ မျိုးမျိုးတို့ မောင်နှမ တစ်တွေ ပျော်ကြရသည် ။ နွေ ကျောင်းပိတ်ရက်များတွင် မန္တလေးသို့ အလည်သွားနေကျမို့ အနေဝေးသော်လည်း ခင်မင်ကြပါသည် ။ မျိုးမျိုးတို့ မသွား ဖြစ်လျှင် အန်တီသန်းတို့ သားအမိက ရန်ကုန်ကို လာလည် တတ်သည် ။ အန်တီသန်းမှာ သားက တစ်ယောက်တည်း ရှိသည် ။ အန်တီသန်း ယောက်ျားက အသားညိုညို ပိန်ပိန်းပါးပါး ၊ အန်တီသန်းက အသားဖြူဖြူ တုတ်တုတ်ခဲခဲလေး ။ အန်တီသန်းသား ကိုနွယ်ဦး ကတော့ မျက်နှာပေါက်က အမေနှင့် တူပြီး အသားအနည်းငယ် ညိုသည် ။ သူတို့ လမ်းလေးဆယ်မှာ တိုက်ခန်းငှားနေကြတော့ သူတို့က လာလည်လိုက် ၊ အမေက သူ့ ညီမဆီ အလည်သွားလိုက်နှင့် အလုပ်ဖြစ်နေကြသည် ။ ညီအစ်မအရင်း မဟုတ်ပေမယ့် အရင်းလိုပဲ ချစ်ခင်ကြပါသည် ။

အန်တီသန်းမို့ အမေ့ဆီ လာလည်လျှင် အန်တီသန်း ယောက်ျား ဦးမိုက်တီးလည်း ပါပါလာတတ်သည် ။ ဦးမိုက်တီး ဆိုသည်က အန်တီသန်းကို ရိုက်လွန်း၍ မျိုးမျိုးတို့ မောင်နှမတွေ ပေးထားသည့် နာမည်ပါ ။ အန်တီသန်းတို့အဖေက မန္တလေးတွင် ပွဲရုံ ထောင်ထား၍ ပိုက်ဆံ ချမ်းသာသည် ။ ဦးမိုက်တီးက ပွဲရုံမှာ မျက်နှာလွဲရသည့် လူရင်းပါ ။ ပစ္စည်းမှာ စာရင်းတွေ ကုန်တင်ပို့မှု ကုန်ဝင်လာမှုက အစ ကုန်တွေကို ကြိုတင် မှာယူကာ ကြိုပေး လုပ်ထားရသည့် ကိစ္စများကိုပါ တာဝန်ယူရသည် ။

အန်တီသန်းက ပွဲရုံပိုင်ရှင်သမီးမို့ ကျောင်းသွားသည့် အခါလည်း ကားဖြင့် လိုက်ပို့လိုက်ကြို ကိစ္စများအထိ လိုက်လုပ်ပေးရတော့ နီးစပ်ကာ သမီး ပါသွားတော့သည် ။ အန်တီသန်း ဘွဲ့ပင် မရလိုက်ဘဲ ခိုးရာ လိုက်ပြေးသွားတော့ အန်တီသန်း မိဘတွေက စိတ်ဆိုးကာပစ်ထားကြသည် ။

ဦးမိုက်တီး ပွဲရုံအလုပ်က ပြုတ်သွားသော်လည်း သူဌေးသမီးတွင် ငွေကြေးအထုပ်အထည်နှင့် လက်ဝတ်လက်စား အစုံအလင် ပါလာ၍ ထုခွဲရောင်းချကာ အခန်းငှား နေကြသည် ။ ကားလေး တစ်စီး ဝယ်ကာ တိုင်စီဆွဲစားကြလေသည် ။ မိဘ ဆိုသည်မှာ ပထမတွင် စိတ်ဆိုး၍ ပစ်ထားမိကြသော်လည်း သားလေး ရလာတော့ အခေါ်အပြော ပြန်လုပ်ခဲ့ပါသည် ။ ကလေးကို မနက် လာခေါ်ကာ ညနေမှ ပြန်လာပို့တတ်ကြသလို တစ်ခါ တလေ အိမ်တွင် ညအိပ်စေခဲ့သည် ။ မိဘနှင့် သားသမီး ပြန်လည် သင့်မြတ်နေကြသော်လည်း သမက် ကိုတော့ အခေါ် အပြော မလုပ်သေး၍ သမက်က ယောက္ခမတွေ အပေါ် စိတ်ခုနေသည် ။

“ သန်းသန်း မိဘတွေက တကယ်ဆို ကိုယ့်ကိုလည်း ပြန် ခေါ်သင့်တာပေါ့ ။ သူတို့ ပွဲရုံ အလုပ်မှာ ကြိုးကြိုးစားစားလုပ်ကိုင်ပေးခဲ့တာ ။ အစက ပွဲရုံသာ ဆိုတယ် သိပ်ကြီးပွားကြသေးတာ မဟုတ်ဘူး ၊ ကိုယ် ရောက်လာမှ ပိုပြီး တိုးတက်လာတာကို ပစ်ပစ်ခါခါ လုပ်ထားတယ် ။ မျက်နှာချင်းဆိုင် တွေ့လို့ ယောက္ခမဆိုပြီး နှုတ်ဆက်တာကို ပြန်ပြောဖော်တောင် မရဘူး ”

ဦးမိုက်တီး စိတ်ထဲတွင် ယောက္ခမတွေ အပေါ် နာကြည်းချက်က ပေါ်လာသလို ကားမောင်းရင်း အပေါင်းအသင်းများ တိုးလာကာ သောက်စားလာ တတ်သည် ။ သူ မူးပြီး ပြန်လာသည့် နေ့တွင် အိမ်က မိန်းမနှင့် သားငယ်မှာ နေစရာ မရှိတော့ ။ သားက အရက်သောက်လာပြီး အမေကို ဆူပူအော်ဟစ် နေသော အဖေကို ကြောက်ပြီး ခေါ်မရတော့ စိတ်တိုသည် ။ အရက်သောက်ပြီး အိမ်ကသားမယားကို ရန်လုပ်တတ်သည့် သူ့ အပြစ်က မပေါ် ။ ကလေးနှင့် သူ့ကို ယောက္ခမတွေက သွေးခွဲသည် ဆိုကာ အိမ်က ပစ္စည်းတွေကို ကိုင်ပေါက်ပစ်ခွဲလုပ်လာသည် ။

“ မေမေ ... ဖေဖေ့ကို ကြောက်တယ် ။ ဘွားဘွားတို့အိမ် သွားချင်တယ် ။ ဒီအိမ်မှာ မနေချင်ဘူး ဘွားဘွားတို့ ဘိုးဘိုးတို့အိမ်ကို ပြန်မယ် ။ သားကို ပြန်လိုက်ပို့ပေးပါ ”

ကလေး ပြောစကားက သူ့ ဒေါသကို ပိုဆွပေးသလို ဖြစ်လာသည် ။ အဘိုးအဘွား အိမ်တွင် မိဘအိမ်ထက် လက်သာကာ အလိုလိုက်၍ ကလေးက အဘိုးအဘွားအိမ်တွင် ပိုပျော်လာသည် ။ မိန်းမက ကလေးအပေါ် အော်ငေါက်တာတို့ မလုပ်ဖို့ ပြောမိသည့်အခါ မိန်းမအပေါ် လက်ပါလာတတ်သည် ။ လေးနှစ်အရွယ်သားငယ်က အဘိုး အဘွားအိမ် ရောက်သည့်အခါ ပြန်ပြောပြတတ်၍ အဖေဖြစ်သူက သမက် အပေါ် စိတ်တိုရသည် ။ မခေါ်စဖူး သမက်ကို ပြောစရာရှိ၍ အိမ်လာဖို့ ခေါ် တော့ အပျော်တွေ လွန်နေသည် ။ စကားမပြော အဖက်မလုပ်သော ယောက္ခမက ခေါ်တော့ သူ့ကို ပွဲရုံတွင် ပြန်အလုပ်ပေးမလား ဆိုသည့် အတွေးများနှင့် ယောက္ခမအိမ်ကို တက်ကြွစွာ သွားခဲ့သည် ။

“ မင်းကွာ သူများ သားသမီး ယူထားပြီး ရိုက်လားနှက်လား ၊ နှိပ်စက်လားနဲ့ မင်းမပေါင်းချင်တော့ရင် ငါ့သမီး ငါ ပြန်ခေါ်ထား မယ် ။ မင်းဆီက သားမယား ထောက်ပံ့စရိတ်လည်း မလိုချင်ဘူး ၊ ကွာရှင်းလက်မှတ် ထိုးပေးရင် မင်း လုပ်စားလို့ဘရအောင် ငါကတောင် ပိုက်ဆံ ပေးလိုက်ဦးမယ် ။ မင်း ပြန်စဉ်းစားဦး ။ နောက်တစ်ခါ ငါ့သမီးကို အညိုအမည်းစွဲအောင် ရိုက်တာတို့ ၊ ပိတ်ထိုးတာတို့ ကြားရင် မင်းကို ငါကိုယ်တိုင် အချုပ်ထဲ ထည့်မယ် ။ ကောင်းကောင်း သတိထား နေ ။ ငါ့သမီးလည်း အိမ်မှာ လက်ရေမစိုအောင် နေခဲ့ရတဲ့ ဘဝကနေ ယောက်ျား အနှိပ်အစက် ခံနေတယ် ။ မိဘအိမ် ပြန်မလာဘူး ။ မင်းမိန်းမ ပစ္စည်းတွေ့ နဲ့ နေစရာ ၊ အလုပ်လုပ်စရာ ရတာကို မိန်းမကို ဖူးဖူးမှုတ် ထားရမှာပေါ့ ။ နှိပ်စက်နေတာ အရှက် မရှိဘူးလား ”

ထိုနေ့က အိမ်တွင် မုန်တိုင်း ကျသည့်နေ့ ။ ယောက္ခမဆီက ပြန်လာပြီးတော့ သူ့သိက္ခာ ကျသည် ဆိုကာ အဘိုးအဘွားကို ပြန်ပြောပြသည့် ကလေးကိုရော မိန်းမကိုပါ ရိုက်နှက်တော့သည် ။ မန္တလေးတွင် နေလျှင် သူ ရိုက်နှက်နေသည်ကို မိဘက ပြန်ကြား၍ စိတ်မကောင်း ဖြစ်ရတော့မည် ။ သူ့ဘဝနှင့် သူ မိဘ စိတ်ဆင်းရဲအောင် သူ လုပ်ခဲ့သည့် အမှုကြောင့် မိဘကိုလည်း စိတ်မဆင်းရဲစေလို ၊ ဒုက္ခမပေးလို၍ ရန်ကုန် ပြောင်းခဲ့သည် ။

သန်းသန်း ပြောပြသော အကြောင်းများကို ကြားရ၍ မေနှင်းတို့က စိတ်ဆိုးစိတ်တိုရသည် ။ အိမ်ကို လိုက်လာလည်း သတင်းစာ တစ်စောင် ကောက် ဖတ်ကာ ဘယ်သူနှင့်မှ စကား မပြော ။ ဧည့်ခန်းတွင် တစ်ယောက်တည်း ထိုင်နေတတ်သည် ။ စကားပြောလျှင်လည်း ယောက္ခမ ဆိုးသော်လည်း သန်းသန်း အပေါ် သူက ဘယ်လို့ ကောင်းကြောင်း ၊ ဘယ်လို လုပ်ကျွေးကြောင်းတွေ ပြောတတ်သည် ။ ယောက်ျားရိုက်တိုင်း အိမ်တွင် ညလာလာ အိပ်တတ်သော တူလေးနှင့် သန်းသန်းကို အမေက သနား၍ လက်ခံထားရသည် ။

“ နောက် မရိုက်တော့ပါဘူး သန်းသန်းရယ် ။ ကိုယ်က အလုပ်အဆင်မပြေလို့ စိတ်ညစ်လာတာ ။ သန်းသန်းက ပွစိပွစိနဲ့ ပိုက်ဆံ သုံးစရာ မရှိတော့ဘူးတို့ ပြဿနာ လုပ်နေလို့ စိတ်တိုလို့ ရိုက်မိတာပါ ။ စိန်နားကပ်လေး ရောင်းလိုက်ပါဆိုလည်း မရောင်းဘဲနဲ့ ရှိတန်ဆာ ၊ မရှိဝမ်းစာတဲ့ ။ အလုပ် အဆင်ပြေရင် ကိုယ်က သန်းသန်းပစ္စည်းတွေ ပြန်လုပ်ပေးမှာပေါ့ ။ အခုတော့ အိမ်ကို ပြန်လိုက်ခဲ့ပါ ”

“ ဘာလို့ ရောင်းရမှာလဲ ။ ရှင်ဆင်တာ ဘာတစ်ခု ရှိလို့လဲ ။ ရှင့်ကို ယူမိတာ မိဘဘိုးဘွား ဆင်ထားတဲ့ ပစ္စည်းတွေ အကုန် ကုန်ပြီး မိန်းမဖြစ်ပြီး နားပေါက် ဟောင်းလောင်းနဲ့ မနေနိုင်ပါဘူး ။ ဒါက အဘွား ဆင်ထားတဲ့ ပစ္စည်း ။ နားသတုန်းက ပစ္စည်း လေးမို့ တန်ဖိုးထားတယ် ။ မရောင်းနိုင်ဘူး ။ ရှင့်အတွက် နေရာတိုက်ခန်းနဲ့ လုပ်စားစရာ ကားလည်း ရှိတယ် ။ သန်းသန်းနဲ့ သား အမေတို့ဆီကို ပြန်တော့မယ် ။ ရှင့်နောက်တော့ မလိုက်ချင်တော့ဘူး ”

အထပ်ထပ် တောင်းပန်ပြီး ပြန်ခေါ်သွား၍ လိုက်ပါသွားသော သန်းသန်းကို ကြည့်ကာ စိတ်မကောင်း ဖြစ်ပြီး ကျန်ခဲ့ကြရသည် ။

“ သားတို့သမီးတို့ ကြည့် ထားကြနော် ။ အိမ်ထောင်ပြုတယ် ဆိုတာ လွယ်တာ မဟုတ်ဘူး ။ သူတို့လက်ထဲ ရောက်မှ နှိပ်စက်ခံရတဲ့ နင်တို့ အဒေါ်ကိုကြည့် ထားကြ ။ ယောက်ျားလေး အိမ်ထောင်ပြုလည်း သေချာမလေ့လာဘဲ ပြုခဲ့ရင် အိမ်ထောင်ကို မထိန်းသိမ်းတတ်တဲ့ မိန်းမ ၊ အပျော်အပါးမက်တဲ့ မိန်းမ ၊ နှစ်လုံး သုံးလုံး ကြိုက်တဲ့ မိန်းမနဲ့ တိုးခဲ့ရင် ကိုယ်ရှာသမျှ ပိုက်ဆံက အိတ်ပေါက်နဲ့ ဖားကောက် သလို ဖြစ်နေမယ် ။ အိမ်ထောင်မှု ဘုရားတည် ၊ ဆေးမင်ရည် စုတ်ထိုး ၊ ဤသုံးမျိုး ချက်မပိုင်လျှင် နောင်ပြင်နိုင် ခက်သည့်အမျိုး တဲ့ ”

“ အခုခေတ်ကတော့ ချစ် လိုက်ကြိုက်လိုက် ကွဲလိုက် ပြဲလိုက်နဲ့ သိပ်အလေးအနက် မထားကြသလိုဘဲ ”

“ အမေကလည်း အလေးအနက် မထားတာ မဟုတ်ပါဘူး ။ ကိုယ်နဲ့ အဆင်မပြေတော့ရင် ဘာလို့ ဆက် လက်တွဲနေမှာလဲ ။ အရင်ခေတ်တွေကလို ရှေးရိုးစွဲကြီးနဲ့ မသေမချင်း ဒီအိမ်ထောင် ကြီး တည်မြဲအောင် အနှိပ်စက်ခံနဲ့ နေခဲ့ကြရ ၊ အရက်သမား လင်လုပ်နေရမယ့် ခေတ်မဟုတ်တော့ဘူးလေ ။ စိတ်ညစ်စိတ် ဆင်းရဲခံနေရတော့မယ့် ခေတ်မှ မဟုတ်တော့ဘဲ ”

သားနှင့် သမီးက ဆုံးမနေ သည့်စကားကို သူတို့ အမြင်နှင့် ဝင်ပြောနေ၍ သူ့ခေတ်နှင့် သူ့အခါကတော့ ဟုတ်နေတာပါပဲ ။ အဖေကလည်း သူ့မြေးတွေလိုပင် မကောင်းဘဲ သည်းညည်းခံပေါင်းနေစရာမလို ဆိုသော အယူအဆကို လက်ကိုင်ထားသူပါပဲ ။ မျိုးမျိုး ဆယ်တန်း ဖြေပြီးစတွင် အမေ့ သူငယ်ချင်းသား ဆရာဝန်နှင့် အမေက မျိုးမျိုးကို ပေးစားဖို့ ကြိုးစားသေးသည် ။ အဖေကတော့ အပြတ်ပါပဲ ။

“ သမီးကို ဘွဲ့ရအောင် ကျောင်းထားမှာ ။ ဘွဲ့ရပြီး ကိုယ့် အလုပ်အကိုင်နဲ့ ကိုယ်ရှိတော့မှ သူလည်း ကြိုက် ၊ ကိုယ်လည်း ကြိုက်တဲ့ ယောက်ျားနဲ့မှ ပေးစားမှာ ။ နှစ်ဦးနှစ်ဝ မေတ္တာရှိလို့ ယူကြမှ တစ်ယောက် သည်းညည်း တစ်ယောက် ခံကြပြီး အိမ်ထောင်တည်မြဲမှာ ။ နှင်းအစ်မ သူ့ဘာသာ ကြိုက်ပြီး ယူတာတောင် နှိပ်စက်ခံနေရတာ ။ မတော်တဆ နှိပ်စက် တဲ့ ယောက်ျား ၊ မကောင်းတဲ့ ယောက်ျားနဲ့များ ရခဲ့ရင်လည်း ကိုယ့်အလုပ်အကိုင်နဲ့ ကိုယ်မို့ မှီခိုစရာ မလိုဘဲ အလုပ်မရှိလို့ ယောက်ျားကို အားကိုးနေရလို့ ဆိုပြီး ပေကတ်ပြီး စိတ်ဆင်းရဲခံ ပေါင်းနေစရာမလိုဘူး ။ အခု အချိန်တော့ ပညာ မစုံသေးဘဲ မပေးစားသေးဘူး ”

“ နှင်း မင်း အတွေးအခေါ် သိပ်ညံ့တယ် ။ ကိုယ် ပညာတတ်မှ ကိုယ့်သားသမီးကို ကိုယ် စာသင်ပေးနိုင်မှာ ။ ပညာဗဟုသုတတို့ ပေးနိုင်မှာပေါ့ ။ သားသမီးကို စောင့်ရှောက်နိုင်မှာပေါ့ ။ နှင်းက ဘွဲ့ရပညာတတ် ဖြစ်တော့ မောင် မအားတောင် နှင်း သားသမီးတွေကို နှင်း ကိုယ်တိုင် စာပြပေး ၊ မသိတဲ့ စာတွေ ၊ မလိုက်နိုင်တဲ့ စာတွေ ရှင်းပြပေးနိုင်တယ်လေ ။ တို့သမီး ငယ်ပါသေးတယ် ။ ယောက်ျားပေးစားဖို့များ စိတ်မကူးစမ်းပါနဲ့ ။ တက္ကသိုလ်မှာ အပျိုဘဝနဲ့ ပညာတွေ ဆည်းပူးပါစေဦး ။ လောကကြီးထဲမှာ လွတ်လပ်စွာ ပျော်ရွှင်ပါစေဦး ”

အဖေ့ အတွေးအခေါ် ကြောင့်သာ မျိုးမျိုးကျော် ဘွဲ့ရအောင် ပညာ သင်ခဲ့ရပါသည် ။ အမေ့ကြောင့်သာ ဆိုလျှင် ဆရာဝန်သမက်ကို လက်မလွတ်ချင်၍ ဆယ်တန်းအောင်ရုံနှင့် သမီးကို ယောက်ျား ယူခိုင်းမည့်အရေး မြင်ယောင်မိပါသေးသည် ။ အဖေ့ ကျေးဇူးကား ကြီးမားလှပါသည် ။

ကောင်းတဲ့လူ နဲ့ရမယ် ။ မကောင်းတဲ့လူနဲ့ ရမယ် ဆိုတာတွေကို ကြိုတင် တွက်ချက်လို့လည်း မရပါဘူး ။ ဘဝရဲ့ အကျိုးပေးတွေပါပဲ ။ ယောက်ျား နှိပ်စက်ခံရဖို့ ကံပါလာတဲ့ သူက ဘာမဟုတ်တာလေးနှင့်လည်း နှိပ်စက်ခံ ၊ အနိုင်ကျင့်ခံနေရတာပါပဲ ။

မျိုးမျိုးကျော် အသိ မစော သာ ဆိုလျှင် သူ့ယောက်ျားက ကန်ထရိုက်အလုပ် လုပ်သည် ။ သူကတော့ ကုမ္ပဏီတစ်ခုတွင် ထမင်းချက် ဝင်လုပ်နေသည် ။ ကလေးက သုံးယောက် ရှိသည် ။ ရုံးအဆောင်နေ ဝန်ထမ်းများကို ချက်ကျွေးရ၍ ပိုလျှံသည့် ဟင်းများကို သူတို့ကို အုပ်ချုပ်သည့် အထက်လူကြီးက ပေးလိုက်တတ်၍ ညနေစာဆို ကလေးတွေ အတွက် ဟင်းမရှားပါပေ ။ နားရက်က တစ်ပတ် တစ်ရက်သာ ရ၍ ပိတ်ရက်မှာမှ အိမ်အလုပ် လုပ် ၊ လျှော်ဖွပ်ရသည် ။ သမီးအကြီးလေး ရှိ၍ ကျောင်းမသွားခင် ထမင်းတစ်အိုး တည်ဖော်တော့ရသည် ။ မစောသာက ဟင်းတစ်ခွက်တော့ ချက်ပေးခဲ့သည် ။ ချက်ပေးခဲ့သည့် ဟင်း မကြိုက်လျှင် ကြက်ဥကြော်စားကြပေါ့ ။ ကြက်ဆိုသည့် သတ္တဝါသာ မရှိခဲ့လျှင် မစောသာတို့လို မနက်စောစော ကတည်းက အလုပ် သွားရသည့် အလုပ်သမားတွေ အတွက် ဟင်းခက်ပေမည် ။ ကြက်ဥ ကိုသာ အိမ်တွင် မပြတ်ဝယ်ထားရပြီး မနက်စာကတော့ ကြက်ဥကို ပုံစံအမျိုးမျိုးနှင့် ပြုတ်သုပ်စားလိုက် ၊ ချဉ်ဟင်း ချက်လိုက် ၊ ဆီပြန်ဟင်းချက်လိုက် ၊ ကြက်သွန်နီနှင့် ခေါက် ကြော်စားလိုက် ၊ အနှစ် မပျက်အောင် အလုံးလိုက် ကြော်စားလိုက်နှင့် ကြက်သားတစ်ပိဿာ အကောင်လိုက်ဆို ခုနစ်ထောင်ဈေး ၊ အဖီ ပေါင်လိုက် ၊ အကောင် ဖျက်ထားတာဆို ကိုးထောင်ဈေးကြီးများ ဆိုတော့ တစ်ကောင်လုံး ပါသည့် ကြဥသည်သာ အားထားစရာ ဖြစ်ခဲ့ရပါ၏ ။

အိမ်အလုပ်ကိုလည်း ကြိုး စားလုပ်ကာ အိမ်ထောင်တာဝန် ဖြစ်သည့် ငွေရှာသည့် အလုပ်ကိုပါ လုပ်နေသည့် မစောသာမှာ သူ့အတွက် မနက်စာလည်း မပူရပါပေ ။ ထမင်းချက်ခန်းက မနက်စာ ကျွေးပါသည် ။ ဖက်စပ်လုပ်ငန်း ကုမ္ပဏီဝန်ထမ်းဘဖြစ်၍ လစာကလည်း တစ်သိန်းခွဲကျော် ရပါသည် ။ ခက်သည်က မစောသာမှာ ယောက်ျား၏ အရိုက်အနှက်ကို ခံရခြင်းပါပဲ ။ မစောသာ ယောက်ျားက မိန်းမကို အလွန် အူတိုပါသည် ။ အသက် သုံးဆယ်ကျော်သာ ရှိသေးသည့် မစောသာသည် မျက်နှာတွင် သနပ်ခါးမှ လွဲ၍ ဘာမှ လွန်ကဲစွာ လိမ်းခြယ်ခြင်း မပြုတတ်ပါ ။ နှုတ်ခမ်းနီပင် မဆိုးတတ်ဘဲ ၊ ဆံပင် ဆိုလည်း ထမင်းဟင်းချက် ရာတွင် ဆံပင်ခြည်ဘကျမည် စိုး၍ ဆံထုံး ထုံးသွားတတ်ပါသည် ။ ဤမျှ ရိုးရိုးအေးအေး နေတတ်သည်ကို ဟိုလူနှင့် ပေးစားလိုက် ၊ ဒီလူနှင့် သဝန်တိုလိုက်နှင့် သူ မကြိုက်သည့် လူနှင့်များ နှုတ်ဆက်မိလျှင် အထိုးအရိုက် ခံရပါသည် ။

“ ကျွန်မက ထမင်းချက်ခန်းမှာ အလုပ် လုပ်နေရတော့ အသိလည်း ပေါတာပေါ့ ။ ယောကျ်ားလေးတွေက များ လမ်းမှာ ဆုံကြလို့ သူ ပါတုန်း နှုတ်ဆက်မိကြရင် အိမ်ရောက်တော့ အရိုက်ခံ ၊ အထိုးခံရတာပဲ အစ်မရယ် ”

“ ဒါများ သူ့လုပ်စာ တစ်ခု တည်းနဲ့ စားနေရတာမှ မဟုတ်ဘဲ ကိုယ်လည်း အလုပ် လုပ်ရတာ ။ အပြင်အလုပ် အပြင် အိမ်အလုပ် လုပ်ရတဲ့ တာဝန်ပါ ပါသေးတာ ။ အရိုက်ခံမှန်းသိတော့ ထပ်ထပ် ရိုက်နေတာပေါ့ ။ ပြန်လုပ်ပါလား ၊ သူတစ်ချက် ကိုယ်တစ်ချက်ပဲ ။  တို့ကတော့ လက်ညှိုးနဲ့ ထိုးပြီး စော်ကားတာတောင် မခံနိုင်ဘူး ၊ ချစ်လို့ ယူထားကြပြီးမှ မကြင်နာဘဲ ဘာ မဟုတ်တာနဲ့ နှိပ်စက်နေတာ မစောသာ ရှင့်ယောက်ျား စိတ်ရော ကောင်းရဲ့လား ၊ စိတ္တဇသမားများလား ”

မစောသာ ဘက်က မခံမရပ်နိုင်၍ ပြောကြသော်လည်း မစောသာက မတုန်မလှုပ်နှင့်မို့ ကြားသုံးကြား မဝင်နှင့် ဆိုသည့် စကားကို လက်ကိုင်ထားပြီး မျိုးမျိုးကျော် ကတော့ ဝင်မပါတော့ပါ ။ အခု မစောသာ အလုပ် မလာနိုင်သည်မှာ သုံးရက်ကျော်ပါပြီ ။ ဖုန်းဆက်ကာ ခွင့်တစ်ပတ် ယူမည်ဟု ပြော၍ ခွင့်တင်ပေးထားရသည် ။ မစောသာ အလုပ် ပြန်မဝင်ခင် သတင်းစကားက အရင် ရောက်လာခဲ့သည် ။

“ မစောသာက သူ့ယောက်ျား ရိုက်လို့ ဆိုင်ကယ်ပေါ်ကနေ လမ်းပေါ် ပြုတ်ကျတာ ၊ ကံကောင်းလို့ မသေတာ ” တဲ့လေ ။

ထိုသတင်း ကြားသည်နှင့် အမြဲ အရိုက်ခံရတတ်သော မစောသာ ဘက်ကနေ မခံမရပ် နိုင်ဖြစ်ကာ စိတ်တိုကြရသည် ။ အရင်လည်း သူ့ဘက်မှ သူ့ဘက် ၊ မစောသာ ဘက်က အမျိုးအဆွေ အလှူတို့ မင်္ဂလာဆောင်တို့ ရှိလျှင် သူက သွားတာ မကြိုက်၍ မသွားရပါ ။ မစောသာ အလုပ် ပြန်ဆင်းတော့ သူ့ဘက်က မခံနိုင်၍ ဝိုင်းပြောကြတဲ့ သူတွေကို ပြောပြရှာပါသည် ။

“ ကျွန်မနဲ့ ကျွန်မအရင် ရည်စားနဲ့က ငယ်ငယ်ကတည်းက ကျောင်းပိတ်ရင် တောထဲမှာ ဆိတ်ကျောင်းဖော် ဆိတ်ကျောင်းဖက်ပေါ့ ။ အရပ်ရှည်ရှည် ၊ အသားညိုညို ၊ ထောင်ထောင်မောင်းမောင်းနဲ့ ရုပ်ကလည်း သိပ်မလှပါဘူး ။ ကိုဖိုးတာ ကတော့ သူ့ထက် စာရင် အရပ်ကလည်း အနေတော် ၊ အသားကလည်း လတ်လတ်နဲ့ ပိုလှတာပေါ့ ။ ကျွန်မနဲ့ ကိုမန်းကျော် ကြိုက်နေမှန်း သိသိနဲ့ အတင်း လိုက်ကြိုက်တာလေ ။ သူက သူများရည်းစားကို အတင်းလိုက် ပိုးပြီး ကျွန်မရည်းစားကို ရန်လုပ်လုပ်နေတာ ။ ကိုမန်းကျော်က လူအေး ။ သူ့ မိဘတွေကလည်း ယာပိုင်လယ်ပိုင်နဲ့ အသင့်အတင့် ပိုက်ဆံ ရှိပါတယ် ။ ကိုဖိုးတာ ကတော့ ကုမ္ပဏီမှာ အလုပ်ဝင် လုပ်နေတာ ။ ငါ့နောက် မလိုက်ရင် သ,တ်မယ် ။ ငါ့ကိုပဲ ကြိုက်ရမယ်နဲ့ ၊ အတင်းလိုက် ၊ အတင်းကပ်ပြီး ရအောင်ယူခဲ့တာ ။ ကိုမန်းကျော်တို့ ဘက်က ရန်လုပ်နေတာ သိတော့ သူ့သားကို နောက်ဆုတ်ခိုင်းတာ ။ ကိုဖိုးတာ စွာမှန်း ၊ လက်မြန်မှန်း သိတော့ ရန်စရှည်မှာ စိုးလို့ ဆိုပြီး သူ့သားကို ဆုံးမလို့ နှစ်ယောက်သား ပြတ်သွားကြတာလေ ”

“ အခု ဖြစ်တာက အလှူက အပြန် ကိုမန်းကျော်က တစ်ရွာတည်းသားချင်းမို့ အလှူက ပြန်လာကြပြီလားလို့ မျက်နှာချင်းဆိုင် တွေ့လို့ နှုတ်ဆက်သွားတာကို ပြန်နှုတ်ဆက်ရပါ့မလားလို့ ဆိုင်ကယ်စီးနေရင်း နောက်ပြန် ရိုက်ချလိုက်တာ ။ ကိုမန်းကျော်ကို စကားတောင် ပြန် မပြောလိုက်ရပါဘူး ။ ရယ်ပြရုံ ရယ်ပြ လိုက်တာကို ဆိုင်ကယ်ပေါ် ကနေ ဆိုင်ကယ် မရပ်ဘဲ နောက်ပြန်ရိုက်ချလိုက်လို့ ပြုတ်ကျသွားတာ ။ အရှိန်နဲ့ ပြုတ်ကျပြီး ခြေထောက်လည်း ထိသွားတယ် ။ မျက်နှာတွေမှာလည်း ကတ္တရာလမ်းနဲ့ ပွတ်မိလို့ ပွန်းပဲ့သွားတာပေါ့ ”

“ ရဲတိုင်ပါလား ၊ အမျိုးသမီးရေးရာတို့ တိုင်ပါလား ၊ ခံမှန်းသိ အမြဲနှိပ်စက်နေတာ ။ မှတ်လောက်သားလောက်အောင် ဖမ်းချုပ်ထားရမှာ ”

သူ့များတွေရဲ့ ကရုဏာဒေါသော ပြောသည့် စကားကို မစောသာ တုံ့ပြန်လိုက်သည်က “ မလုပ်ပါနဲ့တော် ၊ အမှု ဖြစ်ရင် ကျွန်မယောက်ျား အလုပ်ပြုတ် နေပါဦးမယ် ” တဲ့ ။

သူ့အပြောကို ကြားတော့ ဝဋ်ကြီးလိုက်တာလို့ တွေးမိပါ သည် ။

အန်တီသန်း ကတော့ အရိုက်ခံရသည့် ဝဋ်ကျွတ်သွားပါပြီ ။ ဦးမိုက်တီးရဲ့တိုင်စီကို အဝေးခရီး ငှားရာ အိမ်ပြန်၍ အိပ်ရာလိပ်တို့ သွားတိုက်ဆေး နှင့် သွားပွတ်တံတို့ ပြန်ယူရာ “ ဘာလို့ ယူနေတာလဲ ၊ အိပ် ရမှာလည်း မဟုတ်ပါဘူး ” ဟု ငှားသည့် လူက ကားပေါ် ကနေ နမိတ်ပြစကား ပြောသည်ကို ယောက်ျားနှစ်ယောက်မှန်းတော့ သိလိုက်ပြီး အန်တီသန်းက သေချာ မကြည့်မိလိုက်ပါ ။ သတင်းစာများတွင် လူပျောက် ကြော်ငြာခဲ့ ၊ ရဲတိုင်ခဲ့ပါသည် ။ ဦးမိုက်တီးက ကားလုကာ အသ,တ်ခံလိုက်ရခြင်းပါပဲ ။ နောက်မှ နေ၍ လည်ပင်းကို ကြိုးနှင့်ဆွဲသ,တ်သဖြင့် ဇက်ရိုးကျိုးနေသည်တဲ့ ။

ဒါကလည်း ဝဋ်ကြွေးတွေ ပါပဲလေ ။ ချစ်ခြင်းတရားသည် အနှိပ်စက်ခံရခြင်းကိုလည်း သည်းခံနိုင်ပါသလား ။ တွေ့ခဲ့ဖူးသည့် မိန်းမတချို့ကတော့ ချစ်ခြင်းကြောင့် ခွင့်လွှတ်ခြင်းတွေနှင့် အချစ်ကို ကိုးကွယ်ကာ အနှိပ်စက်ခံနိုင်ကြပါသည်လို့ ပြောမိလျှင် မှားမည် မထင်ပါကြောင်း ။  ။

⎕ စောမိသွင် ( ရန်ကုန် )
📖မဟေသီ ရုပ်စုံ မဂ္ဂဇင်း
     အောက်တိုဘာ ၊ ၂၀၁၇

No comments:

Post a Comment