❝ လင် နှင့် မယား ❞
( ပီမိုးနင်း )
“ မုန့်သာ ဝေစားနိုင်မယ် ၊ လင်ကို ဝေမယူနိုင်ပါဘူး ။ ကိုယ်ချစ်လို့ ယူတဲ့လင် ၊ ကိုယ်တစ်ဦးတည်းသာ ကြင်တော့မပေါ့ ။ အို ... ကိုယ့်လင်ကို ဘယ်မိန်းမ မျက်စောင်းထိုးကြည့်တာကိုမှ မခံချင်ပေါင် ၊ မမြင်ချင်ပေါင် ” စသည်ဖြင့် စိတ်ထဲ ဝမ်းထဲတွင် လေးလေးနက်နက် ဆုံးဖြတ်ချက်ချ၍ ထားသော မိန်းမပေါင်း သိန်းသောင်း ထောင်ရာတို့တွင် ယခု ရေးသားမည့် ‘ မထွေး ’ လည်း တစ်ဦး အပါအဝင်ဖြစ်ပေသတည်း ။
သို့နှင့် ‘ မယားထိ ဓားကြည့် ’ ဟူသော စကားသာ ရှိ၍ ‘ လင့်ထိလျှင် ဘာကိုကြည့် ’ ဟူသော စကားကို ရှေး လူကြီးများ မထားခဲ့ခြင်းသည် မည်သည့် အတွက်ကြောင့် ဖြစ်သည်ကို တွေးတောဖွယ်ရာ ပေါ်ပေါက်၍ လာချေသည် ။
တစ်ဦးတည်းပိုင် ကုမ္ပဏီရှင်သည် ဂုဏ်တစ်ခုဟု အောက်မေ့၏ ။ တစ်ဦးတည်းပိုင် ပစ္စည်းရှင်သည် ဂုဏ် တစ်ခုဟု အောက်မေ့၏ ။ ထိုတွင်မက တစ်ဦးတည်း ကိုယ်စားလှယ် လုပ်၍ ကုန်စည် ရောင်းချသူသည်လည်း ဂုဏ်တစ်ခု ဟု အောက်မေ့ကြ၏ ။ ဤအကြောင်းကို ထောက်လျှင် လောကီသားတို့ မည်သည် လောဘနှင့် မကင်းသော တစ်ဦးတည်း ပိုင်ဆိုင်ခြင်းကို အလိုရှိသူများ ဖြစ်ရကား မိန်းမများမှာ အဘယ်ကြောင့် ‘ လင်ယောက်ျား ’ ကို တစ်ဦးတည်းပိုင် မဖြစ်လိုဘဲ ရှိတော့မည်နည်း ။
ယင်းသို့ တစ်ဦးတည်းပိုင် ဖြစ်လိုသည့် အချစ် လောဘဇောကြောင့် မိမိတို့ လင်များကို မိန်းမများသည် မယားငယ်ထားခြင်း ၊ အပျော်အပါး လိုက်စားခြင်းမှ ကင်းရှင်းစေလိုသော စိတ်ဆန္ဒ လွန်မင်းစွာ ရှိကြလေရာ အပျော်အပါးကင်း၍ မယားငယ် ထားခြင်းကို ရှောင်ရှားလျက် ရိုးသားသော လင်များကို မိန်းမများသည် အချစ်ဆုံး ၊ အကြည်ညိုဆုံးဖြစ်ကြလေသတည်း ။
မည်သည့် မိန်းမ မဆို လင်ဂရုစိုက်ခြင်း ၊ လင်အလို လိုက်ခြင်း ၊ လင်အချစ်ပိုခြင်း ကို ခံရလျှင် ၎င်းတို့မှာ နိဗ္ဗာန်ကို ရောက်၍နေသည်နှင့်မခြား ချမ်းသာရွှင်ပျ၍ နေကြရုံတွင်မက လင့်အပေါ်တွင် သခင်နှင့် ကျွန်မ ပမာ အနွံအတာ ခံကာ ဝတ်ကြီးဝတ်ငယ်တို့ကို စိတ်ရှည်လက်ရှည် အားရပါးရ ပြုစုတတ်ကြလေရာ ယောက်ျား ဟူ၍ စိတ်၏ မြင့်မြတ်ခြင်း ၊ ကိုယ်၏ မြင့်မြတ်ခြင်းနှင့် ပြည့်စုံသော ‘ လင် ’ လုပ်သူတို့သည် မယား အလိုကို လိုက်ကာ အဘယ်ကြောင့် မနေနိုင်ဘဲ ထင်ရာကို ကြဲ၍ နေချင်ကြပေလိမ့်မည်နည်း ။
အပျော်အပါး အားကြီး၍ နေသော သူတို့သည် လူ ဖြစ်ရသော ဘဝ၌ မွေးစကပင် တဏှာ လွှမ်းဖုံး၍ တဏှာ ဖြင့် လမ်းဆုံးတော့မည်ဟု ရည်ရွယ် မျှော်လင့် တဏှာခန်း ဖွင့်၍နေကြလေရော့သလား ။
ဤသို့ ရမ်းကားသော ယောက်ျားများသည် မိန်းမများကို မိမိတို့၏ အရမ်းမဲ့ ဖြေဖျော်စရာတွေဟု ထင်မှတ် လေရော့သလား ။ လင်ရှိ မိန်းမများ၏ ဆင်းရဲခြင်း အဖြစ်သည် ပစ္စည်းဥစ္စာချို့တဲ့၍ လည်း ဆင်းရဲခြင်း မဟုတ် ။ အရက်သောက် ၊ ဘိန်းစား ၊ ရမ်းကားမိုက်မဲ၍ နေသော လင် အတွက်လည်း ဆင်းရဲခြင်းမဟုတ် ။ လင် မယားငယ် နေခြင်း ၊ လင် အလေလိုက်ခြင်း အတွက်သာလျှင် ဆင်းရဲခြင်း အစစ် ဖြစ်ကြီးဖြစ်လေသတည်း ။ သို့ဖြစ်ရကား မိမိ၏ လင်သည် တစ်ပါး မိန်းမနှင့် မိမိ စိတ်တွင် အထင်လွဲ မှားလောက်အောင် နေထိုင် ခေါ်ပြော ရောဝင်ခြင်းကိုပင် အလျှင်း သဘောမကျနိုင်ဘဲ တအုံနွေးနွေး စိတ်ဆွေး၍ နေတတ်ကြချေသည် ။
အထက် ဖော်ပြခဲ့သော မထွေး၏ ယောက်ျား သို့မဟုတ် မထွေး၏ လင် မောင်ဆင်သည် အပျော်အပါး ကင်းရှင်း၍ လူတစ်ဖက်သားအား သနားတတ်သောသူ တစ်ယောက် ဖြစ်လေ၏ ။ မိမိ ချစ်ခင်၍ ပေါင်းသင်းနေထိုင်သော မယားဖြစ်သည်နှင့် လျော်ညီစွာ အရာရာတွင် ဂရုစိုက်လျက် သင့်သင့်မျှမျှ ချင့်ချင့်ဆဆနှင့် ပြောရာ လင်မယား နှစ်ယောက်မှာ အလွန်တရာမှ ချမ်းသာသော ဘဝသို့ ရောက်၍ နေကြရလေ၏ ။ ယင်းသို့ စိတ်ချမ်းသာစွာ နေထိုင်ရခြင်းကြောင့်လည်း လင်မယားနှစ်ယောက်မှာ ရုပ်ဆင်းပြည့်တင်း အသားအရေ စိုပြည်ကျက်သရေ ရှိ၍ နေကြကုန်ရာ မည်သည့်အခါ မည်သည့်အတွက် မည်သို့သော အနှောင့်အယှက်နှင့် တွေ့ကြုံရမည်ကိုသာ စောင့်စား၍ ကြည့်ကြဦးစို့ ။
••••• ••••• •••••
မောင်ဆင်သည် ရန်ကုန်မြို့တွင် အလုပ်လုပ်၍ ကမာရွတ်ဘူတာရုံ အနောက်ဘက်ရပ်ကွက်တွင် လင်မယားနှစ်ယောက် ငြိမ်းချမ်းစွာ နေထိုင်ကြလေ၏ ။ တစ်အိမ်နှင့် တစ်အိမ် ခြံစည်းရိုးဖြင့် ခွာလျက် မြေတစ်ကွက်တွင် အိမ်တစ်လုံးကျ ဆောက်၍ နေထိုင်ကြသူများ ဖြစ်သည့်အလျောက် တစ်အိမ်နှင့် တစ်အိမ် ထွက်ဝင်သွားလာခြင်းမှာ အရေးကိစ္စရှိသောအခါများမှတစ်ပါး အချို့ အရပ်များကဲ့သို့ မိန်းမအချင်းချင်း ရင်းနှီးခေါ်ငင် ထွက် ဝင်ပွန်းတီး အချည်းနှီး အချိန်ကို ဖြုန်းခွင့် မရကြဘဲ အိမ် တွင်းမှုကိစ္စတို့ဖြင့် လည်းကောင်း ၊ သစ်ပင် ပန်းမန်တို့ကို အရိပ်တကြည့်ကြည့်နှင့် ရေလောင်းပေါင်းသွင် သုတ်သင်ရှင်းလင်းရသော ကိစ္စတို့ဖြင့် လည်းကောင်း အကျိုးရှိရှိ ပိပိရိရိနေထိုင်၍ ညနေစောင်းလျှင် အလုပ်ခွင်မှ ဆင်းလာကြမည့် လင်တော်မောင်များကိုသာ မျှော်ငံ့စောင့်ဆိုင်းခြင်း ဝတ္တရားကို မပျက်မကွက်ရအောင် ဆောင်ရွက်သည့် မယားလိမ္မာ ၊ မိန်းမလိမ္မာတို့ နေထိုင်သော ဒေသကလေး ဖြစ်လေရာ မောင်ဆင်၏ မိန်းမ မထွေးသည်လည်း ထိုနည်းတူစွာ ငြိမ်းချမ်းစွာ နေရရှာသော မိန်းမ တစ်ယောက်ပင် ဖြစ်လေသတည်း ။
••••• ••••• •••••
အခန်း ( ၂ )
နံနက် ၉ နာရီအချိန်တွင် အင်းစိန်မှ ရန်ကုန်သွား လော်ကယ်ရထား တွဲတစ်တွဲတွင် ရုပ်ဆင်းကြန်အင်နှင့် ပြည့်စုံရှာသော မိန်းမပျိုကလေး တစ်ယောက်သည် တစ်စုံ တစ်ရာ ဒုက္ခရောက်သည့်အလား ပူပန်ခြင်း လွန်ကဲလှသည့် လက္ခဏာနှင့် အနီးအနားရှိ ခရီးသွားများကိုပင် အလေးမမူနိုင်ဘဲ အပူကိုထုတ်ဖွင့်ကာ ရှိုက်ကြီးတငင် ငိုကြွေးရင်း လိုက်ပါ၍ လာလေ၏ ။
ယင်းသို့ ရပ်တည်ရာ မရဘဲ မျက်ရည်ယိုစီး အငိုကြီး ငိုကာ ဒုက္ခရောက်နေရှာသော မိန်းမပျိုကလေး တစ်ယောက်ကို မြင်ရသည်နှင့် တစ်ပြိုင်နက် အချို့မှာ အံ့ဩစွာနှင့် ကြည့်ပြီး လျစ်လျူရှုကြကုန်၏ ။ အချို့ အကဲမခတ်တတ်သောသူများမှာလည်း ညာတာဝါတဟာမကလေး များလားဟု အထင်မှားကြကုန်၏ ။ သို့သော် မိန်းမပျိုကလေးနှင့် ၄ ပေမျှ ကွာသောနေရာတွင် ထိုင်လျက်ပါလာသော မောင်ဆင် မှာကား မိန်းမပျို၏ အမူအရာကို သနားဖွယ်ရာ မြင်ရသည်နှင့် မေးမြန်းကယ်ဆယ်လိုသော စိတ်ကောင်းနှလုံးကောင်းများ ဝင်စား၍လာရကား “ ဘယ်လို အကြောင်းများထူးလို့ ဒါလောက်တောင် … ”
“ တခြား မဟုတ်ပါဘူးရှင် ... မေမြို့မှာ ကျွန်မ မေမေဆုံးတယ်လို့ သံကြိုးရလို့ သွားချင်ပေမဲ့ စရိတ်ကလည်း လွယ်လွယ်ကူကူ မရှိတဲ့အတွက် ကုသိုလ်ကံဆိုးတာကို တွေးမိတိုင်း မချိနိုင်ဘဲ ... ”
“ အခု ဘယ်က လာတာလဲ ”
“ ကျွန်မ အသိ မတင့် ဆိုတာ အင်းစိန်မှာ ရှိလို့ ပိုက်ဆံများ ချေးရမလားလို့ သွားရာက မရဘဲ ပြန်လာရတာပါပဲ ။ အခုဖြင့် ရဖို့ လမ်းမရှိတော့ပါဘူး ။ ကျွန်မ အမေအလောင်းကိုတော့ တွေ့ရမှာ မဟုတ်တော့ပါဘူး ။ ကျွန်မ ကုသိုလ်ကံ ဆိုးပါတယ်ရှင် ။ အင်္ဂလိပ်စာ သင်ချင်တာနဲ့ မိကွဲဖကွဲ နေမိတာနဲ့ အခုလို တွေ့ရတာပါပဲရှင် ”
“ ကျုပ် … ဘယ်လို ကူဖို့ အလိုရှိတယ်ဆိုတာကိုသာ ပြောပါလေ ” ဟု ဂရုဏာသက် ၊ မရှုရက်သည့် မျက်နှာထားနှင့် မေးရှာလျှင် မိန်းမပျိုမှာ အနည်းငယ် သက်သာရာရကာ မျက်ရည်စကလေးများကို ပဝါဖြူနှင့် သုတ်ပြီး … “ ကျွန်မ မေမြို့ သွားဖို့ စရိတ်ငွေ ၂ဝ လောက် ချေးငှားလိုက်ရင် ကျေးဇူး အထူးမမေ့ပါဘူးရှင် ။ မေမြို့ ရောက်ရင် ကျွန်မ ချက်ချင်းပို့လိုက်ပါ့မယ် ”
စင်စစ်သော်ကား မောင်ဆင်သည် မိန်းမပျိုကလေး၏ ပူပန်ခြင်းကို မရှုစိမ့်နိုင်သဖြင့် ကြည့်ရှု ထောက်မလိုသော ဆန္ဒပေါ်ပေါက်လာသော်လည်း မိမိ၏ အိမ်တွင် မထွေး ထံမှ နို့ဆီဘူး ၊ လက်ဖက်ခြောက် ၊ ရေနံဆီ စသည့် အိမ်အသုံးအဆောင် စားဖွယ်သောက်ဖွယ်တို့ ဝယ်ခြမ်းရန်ယူခဲ့သော ငွေ ၂ဝ သာလျှင် ပါလာရကား မိန်းမပျိုကို ပေးလိုက်လိုခြင်းထက် မထွေး ကျေနပ်အောင် ပြောဆိုရမည့် အရေးမှာ ပိုမိုဝန်လေး၍ လာသည်ကို တွေ့၍ နေလေ၏ ။
မိန်းမတို့ မည်သည် နှမြောတွန့်တိုတတ်သည့် အလေ့ဝါသနာ အထုံပါသူများ ဖြစ်ရကား နောက်နောင်က သိကျွမ်းခဲ့သူ မဟုတ်သော သူစိမ်းတစ်ယောက်ကို ငွေနှစ်ဆယ် ရက်ရက်ရောရောပေးကမ်းလိုက်သည်ဟု ပြောဆိုစေကာမူ ယုံကြည်လိမ့်မည် မဟုတ်ဘဲ တစ်မျိုးတစ်မည် ထင်ရှာမည်မှာ မလွဲရာသော အကြောင်းပါ တကားဟု စဉ်းစားကာ မည်သို့ ပြောဆိုထိန်ဝှက်ရမည် ကိုသာ အချိန်ကြန့်ကြာစွာ တွေဝေစဉ်းစား၍ နေစဉ်တွင် ရန်ကုန်ဘူတာရုံကြီးသို့ ရထားဆိုက်ကပ်လုနီးရကား “ ဟင် ဘယ်လိုပဲ ဖြစ်ဖြစ် သူတစ်ပါး ဒုက္ခကို ကယ်ဆယ် ရာရောက်စေတော့ ” ဟု နှလုံးပိုက်ကာ ငွေ ၂ဝ ကို ထုတ်ပေးလိုက်ပြီးနောက် “ ဒုက္ခရောက်နေတာကို သနားလို့ ပေးတာပါ ။ ပြန်ရဖို့ကို မမျှော်လင့်ပါဘူး ”
“ ကျေးဇူး တင်ပါတယ်ရှင် ။ ကျွန်မနာမည်ကိုလည်း မှတ်ထားလိုက်ပါရှင် ။ ခင်ခင် လို့ ခေါ်ပါတယ် ။ ပြီး... ကျေးဇူးရှင်နာမည်နဲ့ လိပ်ကိုလည်း တစ်ဆိတ် ကျေးဇူးပြုပါရှင် ”
“ သည်စာမှာ ပါတဲ့အတိုင်းပါပဲ ”
ပြောရင်းဆိုရင်းနှင့်ပင် ရန်ကုန်ဘူတာရုံကြီးသို့ ဆိုက်ကပ်သည်နှင့် တစ်ဦးနှင့် တစ်ဦး နှုတ်ဆက်ကာ ခွဲခွာကြရလေ၏ ။
ထိုနေ့ညနေ
၅ နာရီကျော်ကျော်အချိန်တွင် မထွေး သည်ကား မိမိ၏ ငယ်ချစ်လင် မောင်ဆင် တွင် လေးလံစွာ ကိုင်တွယ်၍ လာရမည့်ပစ္စည်းကလေးများကို ဆီးကြိုလှမ်းယူရန် အိမ်ခြံပေါက်ဝမှ စောင့်ငံ့မျှော်လင့်၍ နေစဉ် မောင်ဆင် သည် ဗလာသက်သက်နှင့် လျှောက်လာသည်ကို မြင်ရကား အံ့အားသင့်ကာ ကြည့်၍နေမိလေ၏ ။ အနီးသို့ ရောက်လျှင်
“ ကိုဆင် ဘယ့်နှယ်လဲ ။ ကျွန်မ မှာလိုက်တာတွေ မဝယ်ခဲ့ဘူးလား ”
“ အိမ်ထဲ ရောက်မှ မေးပါကွယ် ။ မင်းကလည်း ”
မိမိ မည်သို့ ပြောဆိုရမည်ကို စဉ်းစားရင်း အိမ်တွင်းသို့ ဝင်၍ သွားလေ၏ ။ မထွေး မှာကား မောင်ဆင် အခါ တိုင်းနှင့် မတူ အမူအရာ အပြောအဆို တစ်မျိုးပြောင်းလဲ၍ လာသည်ဟု အံ့အားသင့်ခြင်းဖြင့် … “ ဘာပြုလို့ မဝယ်ခဲ့တာလဲ ကိုဆင်ရဲ့ ပြောပါဦး ။ အိမ်မှာ မရှိမှန်းလည်း မသိသားနဲ့ ”
( မောင်ဆင် အတန်ကြာ တွေဝေစဉ်းစားပြီးမှ )
“ တိုက်က သူငယ်ချင်း တစ်ယောက်က ငွေ ၂၀ မရရင် ဒုက္ခရောက်တော့မယ်လို့ မျက်ရည်ကလေး လည်လည်နဲ့ ပြောလွန်းလို့ ချေးခဲ့ရတယ် မထွေးရဲ့ ”
“ မဟုတ်ပါဘူး ကိုဆင်ရဲ့ ။ ဘယ်က သူငယ်ချင်းလဲ ”
“ အိုကွာ … မင်းကလည်း စကားရှည်ရန်ကော ။ မင်း ပြောနေရဦးမလား ။ အေးအေးနေကွာ ... ငါ ရှာပြီး ဝယ်ခဲ့မယ် ” ဟု စကားကို အဆုံးသတ် ပိတ်၍ ပြောလိုက်လျှင် မထွေးမှာ သို့လော သို့လော တွေးတောကာ တအုံနွေးနွေးနှင့် ဝမ်းထဲမှာသာ တေးပြီး အေးအေးကြီး လုပ်၍ နေလေ၏ ။
ဤနေရာ၌ မောင်ဆင်သည် မထွေးအား မုသား မသုံး ၊ ခပ်ရိုးရိုး စကားလုံးနှင့် မိန်းမပျို တစ်ယောက်ကို ပေးသည် ဆိုလျှင် မည်သည့် နည်းနှင့်မျှ ကြည်ဖြူလိမ့်မည် ဟုမထင် ၊ သင်္ကာမကင်း စွပ်စွဲခြင်း ပြုလေမည်လားဟု စိုးရိမ်အားကြီးနှင့် ‘ မုသားမပါ လင်္ကာမချော ’ ဟူသော စကားအရ လှည့်ဖျား ပြောဆို လိုက်ရသော်လည်း မိမိမှာ နောက်နောက်က ဤသို့ ငွေကြေး ချေးငှားခြင်း အလေ့အထ မရှိဘဲ ရှင်းရှင်းလင်းလင်း နေခဲ့သူဖြစ်သည့်အတွက် မထွေး၏ ယုံကြည်ခြင်းကိုမခံရဘဲ သံသယ မရှင်း ၊ ဒွိဟ မကင်းခြင်းကိုသာ ဖြစ်စေလေတော့၏ ။
ယင်းသို့ ဖြစ်စေသည့်အလျောက်လည်း မထွေးသည် မိမိ၏လင် လူရိုးအပေါ်တွင် ငွေ ၂ဝ စုတ်စမြုပ်စ တွေးဆ၍ မရသဖြင့် သူ့မယားအား ပေးကမ်းလေရော့ သလား ။ အပျော်အပါး အတွက်ပဲ ဖြုန်းသုံးကုန်ရော့ သလား စသည်တို့ဖြင့် ဝမ်းထဲမှာ အသာ ကြိတ်ပြီး စွပ်စွဲခြင်းပြုကာ နေ့ရှိသရွေ့ ၊ နာရီရှိသရွေ့ တငွေ့ငွေ့ စွဲလမ်းလျက် ရတက်ပူရှိန်မကင်း ဖြစ်၍လာခဲ့လေသတည်း ။
••••• ••••• •••••
အခန်း ( ၃ )
မထွေးသည် မောင်ဆင်ကို ချစ်ကြောက်ရိုသေသူ ဖြစ်လေ၏ ။ မိမိနှင့် သင့်တင့်မျှတစွာ ပေါင်းသင်း၍လာ ကြသည်မှာ ၅ နှစ်သာသာ ရှိပြီ ဖြစ်သော်လည်း တစ်ရံမျှ ကတောက်ကဆများခြင်း အလိုမကျ အယူအဆလွဲခြင်း မရှိခဲ့သဖြင့် ယခုအခါတွင်မှ ပြောဆိုရမည်မှာ ကြီးလေးသော တာဝန်တစ်ခုဟု အောက်မေ့မှတ်ထင်ကာ မောင်ဆင် ရှေ့တွင်က ဟန်မပျက် လုပ်ကျွေး ပြုစု၍ ကွယ်ထောင့်ရာတွင်ကား ...
“ ကိုဆင်ဟာ အခု ငွေ ၂ဝ က စ၍ ဖောက်ပြန်၍ နေလေပြီလား ။ ငါ့ကို မုန်းလို့ အစွယ်အပွား မယားပိုများ ထားမလို့ပေလား ။ ငါ ဘယ်နည်းနဲ့ ကိုဆင်ကို ပြောရပါ့မတုန်း ။ ကိုဆင်ဟာ မခုတ်တတ်တဲ့ ကြောင်လို မှောင်ရိပ်က ခိုပြီး ကြွက်ညိုကို စားတဲ့ ကြောင်သူတော်ကြီးနဲ့ တူနေလေပြီ ။ သူ ငါ့ အပေါ်မှာ အချစ်တွေ လျော့ကုန်ရင် ငါနဲ့ ကြာရှည် ပေါင်းသင်းခွင့် ရတော့မည်မဟုတ် ” စသည် ဖြင့် သုံးပုံဖဲ ရိုက်ရာတွင် ထင်တစ်လုံးနှင့် ကျယ်ဘိအလား ငွေ ၂ဝ အတွက် ထွက်ပေါ်လာသော ‘ ထင်တစ်လုံး ’ နှင့် အကယ်မလွဲ စွပ်စွဲ၍ နေကာ အုံ့ပုန်းပူပူ ဆွေး၍ နေစဉ် အတွင်း ။
တစ်နေ့၌ကား စာပို့ကု,လားတစ်ယောက်သည် စာတစ်စောင်ကို မောင်ဆင် နာမည်နှင့် ပေး၍ သွားပြန်လေ၏ ။ ထိုစာအိတ်ပေါ်တွင် မိန်းမလက်ရေးဖြင့်
စာသွားရန်
ကိုဆင်
စာရေးကြီး ။
ကမာရွတ်ဘူတာ
အနောက်ဘက် ။
စာပေးသူ ခင်ခင်
မိန်းမလက်ရေး အပြင် ‘ ခင်ခင် ’ ဟူသော နာမည်ကို မြင်လိုက်ရသော အခါတွင်ကား မထွေးမှာ မျက်လုံးကို သဲနှင့် ပက်လိုက်သည့်အလား မိမိ၏ လင်ကို လုယူလိုသော ရန်သူ၏ လက်ရေးဟူ၍ မမြင်လို မရှုလိုဘဲ အသည်းတဆတ်ဆတ်တုန်၍လာကာ ယခင် မိမိ ထင်မြင်စွပ်စွဲသည့်အတိုင်း အမှန်မလွဲဟု တထစ်ချ မှတ်ယူလိုက်လေ၏ ။
သို့သော် မိမိလင်ကို အချစ်ကြီး အကြောက်ကြီးသူ ဖြစ်ရကား တစ်စုံတစ်ရာ ကန့်ကွက်ပြောဆိုလိုသော ဆန္ဒ အလျှင်းမရှိဘဲ ဝမ်းထဲမှာသာ မျိုသိပ်ပြီး မိမိ ကံတရားအတိုင်း ဖြစ်စေတော့ဟု နှလုံးပိုက်ကာ ဣန္ဒြေမပျက် နေရပြန်လေ၏ ။ တစ်ခါတစ်ရံတွင်ကား မိမိအား တည်တည်တံ့တံ့ ချစ်ခင် ပေါင်းသင်းလာသော ချစ်လင်သည် ယခုအခါတွင် မည်သည့်အတွက် မည်သူ၏ ပယောဂဖြင့် ဖောက်လွဲဖောက်ပြန် ပြုရရှာပါလိမ့်မလဲဟု အသည်း နာနာနှင့် တွေးကာ ဆွေးကာ ဝမ်းနည်း၍ နေရှာလေ၏ ။
မိမိ၏ အတွက် ချစ်လင်မှာ အနှောင့်အယှက် မတွေ့စေရန် ရည်သန်သောအားဖြင့် အတွင်းလက္ခဏာကို အပြင်အမူအရာဖြင့်မပြဘဲ ဣန္ဒြေမပျက် နေထိုင်ရှာသော မယား၏ အကြောင်းကိုကား တစ်စုံတစ်ရာ မသိရှာဘဲ အခါတိုင်းကဲ့သို့ နေထိုင်သော မောင်ဆင် သည်ကား ညနေစောင်း၍ အိမ်သို့ ရောက်လျှင်ပင် ခင်ခင် ထံမှ စာကို တွေ့မြင်သည်နှင့် မိမိ ငွေကြေး မ စလိုက်သော မိန်းမပျိုကလေးပဲဟု သတိရကာ စာကို ဖွင့်ကြည့်လျှင်ပင် ...
ရိုသေစွာ စာရေးအစီရင်ခံလိုက်ပါ ကိုကိုရှင့် ။ အကြောင်းမှာ ကိုကို မစလိုက်သော ငွေနှင့် စရိတ်ပြုလုပ်၍ သွားရသည့်အတွက် သေဆုံးသော မိခင်၏ အလောင်းကို တွေ့ရှိ သင်္ဂြိုဟ်ခွင့်ရသည်ကို အထူးကျေးဇူးတင်လျက် ရှိပါသည် ။ ထိုငွေကိုလည်း ကျွန်မ မကြာမီ လာသည့်အခါ ပေးဆပ်ပါမည် ။ ကျေးဇူးရှင် ကိုကိုနှင့် အိမ်သားတစ်စုတို့ ကျန်းမာစေရန် အစဉ် ဆုတောင်းလျက် ပါကြောင်း ။
ခင်ခင်
မေမြို့ ။
အထက်ပါ စာကို ဖတ်ရှု၍ မိမိ၏ ငယ်ချစ်မယားအား ပြောကြားပြသလိုသော်လည်း ငွေ ၂ဝ ကို သူငယ်ချင်းတစ်ယောက်အား ချေးငှားလိုက်သည်ဟု မုသားသုံး ခဲ့မိသဖြင့် ယခုမှ ပြောင်းလဲပြောဆိုသော ဆန္ဒမရှိသည်နှင့် ထိုစာကို ဖတ်ပြီးလျှင်ပင် မီးရှို့၍ စွန့်ပစ်လိုက်ပြီးနောက် အမှုမဲ့ အမှတ်မဲ့သာ နေခဲ့ပြန်လေ၏ ။
မထွေးမှာ ဤစာအကြောင်းကို မိမိလင်က မပြောဘဲနေသည်ကိုပင် မရိုးသော အကြောင်းကြောင့် ဖြစ်တန်ရာသည်ဟု အောက်မေ့ကာ ရှေးကထက် ပို၍ ပူပန်ခြင်း လွန်ကဲ၍လာလေ၏ ။ ယခုမှာမူကား မိမိ၏ လင်သည် စာပေးသူ ခင်ခင်နှင့် တိတ်တဆိတ် ဆက်သွယ်၍ နေလေ ပြီ ။ လူရိုးကြီး ဟု အထင်ခံရသော ကိုဆင်သည် ယခုအခါ အပျိုကလေးတစ်ယောက်နှင့် မှောက်မှား၍ နေလေပြီ ။ ကိုဆင် လို လူပင် မယားအငယ်အနှောင်း ယူချင်စိတ် ပေါက်လာလျှင် အခြား ယောက်ျား ဘော်ကျော့သမားတို့မှာ အဘယ် ဆိုဖွယ်ရာ ရှိတော့ပါမည်နည်း ။ ဘယ် ယောက်ျားမှ ကောင်းမည် မဟုတ် ၊ လူရှုပ်လူပွေ လူညာကြီးတွေ ဖြစ်ပါကလားဟု ‘ ယောက်ျား ’ များကို စိတ်နာတိုင်း ရှုတ်ချမိလေ၏ ။ တစ်ခါတစ်ရံလည်း ခင်ခင် ဆိုသူ သူငယ်မသည် မည်သို့သော အစားထဲကပါလိမ့်မလဲ ။ ငါ့ထက် ရုပ်ချောလို့လား ၊ ဥစ္စာပေါလို့လား ၊ အသက်ငယ် လို့လား ။ ဒီမိန်းမသည် ကိုဆင်ကို လွတ်လွတ်လပ်လပ် အောက်မေ့နေရော့သလား ။ ဒါလောက်တောင် ချစ်စရာ ကြိုက်စရာ ရှားရော့သလား စသည်ဖြင့် ခင်ခင်ကို တစ်မျိုး ၊ မောင်ဆင်ကို တစ်မျိုး အပြစ်မိုး ရွာ၍ နေလေ၏ ။
••••• ••••• •••••
အခန်း ( ၄ )
တစ်လခန့် ကြာရှိသောအခါ
တစ်နေ့သ၌ မောင်ဆင်သည် မိမိ ရန်ကုန်သို့ လိုက်နေကျ လော်ကယ်ရထားကို မီရန် အိမ်မှ ၉ နာရီ ထိုးခါနီးလောက်တွင် ထွက်လာခဲ့၍ လမ်းခွသို့ ရောက်လျှင် မိမိနောက်မှ ‘ ကိုကိုဆင် ကိုကိုဆင် ’ နှင့် ခေါ်၍ လိုက်လာသော အသံကို ကြားရကား အံ့အားသင့်စွာ နောက်သို့ လှည့်ကြည့်လိုက်သည်တွင် ခင်ခင်သည် လက်ဆွဲအိတ်ကလေး တစ်လုံးကို ဆွဲကာ လာနေသည်ကို မြင်ရလေ၏ ။
“ ဘယ်က လာတာလဲ ”
“ ကျွန်မ တစ်နေ့ကပဲ ဟိုနောက်နားက အိမ်ကို ဒေါ်ဒေါ်တို့ ပြောင်းလာတာနဲ့ သူတို့နဲ့ အတူ လိုက်နေပါ တယ် ”
“ နို့ အခု ဘယ်သွားမလို့လဲ ”
“ အခု ရန်ကုန်က တိုက်ဆိုင်တစ်ဆိုင်မှာ စာရေး အလုပ်ရလို့ အလုပ်တက် သွားမလို့ ။ ဒါနဲ့ ကျွန်မ ချေးတဲ့ ငွေ ၂ဝ အဆင်သင့်တုန်း ပေးရဦးမယ် ” ဟု ပြောပြောဆိုဆိုနှင့် ပျာပျာသလဲ သားရေအိတ်ထဲမှ ငွေ ၂ဝ ကို ထုတ်၍ ပေးလိုက်လေလျှင်
“ အလကား မစလိုက်တာပဲ ။ နေပါစေ ”
“ မဟုတ်ပါဘူး ။ အခုလို ချေးငှားလိုက်တာကိုပဲ ကျေးဇူးဆပ်လို့ ကုန်မယ်မဟုတ်ပါဘူး ။ ယူသာ ယူပါ ရှင် ” ဟု ပြောကာ အတင်း လှမ်း၍ ပေးနေသဖြင့် ယူလိုက်ရလေ၏ ။
သို့ဖြင့် ဘူတာရုံသို့ ရောက်လျှင် ရထား အလာကို စောင့်ပြီး တစ်တွဲတည်း စီး၍သွားကြလေ၏ ။ ခင်ခင်မှာ အင်္ဂလိပ်ကျောင်းထွက် ၊ သွက်လက်ချက်ချာ အပြောကလည်း ပါသူ ဖြစ်ရုံတွင်မက ရဲရဲဝံ့ဝံ့ ခေါ်ပြောနေထိုင်တတ်သည့် ဝါသနာအထုံပါရှိကား မောင်ဆင်နှင့် အကျွမ်းတဝင် ဖြစ်ကာ ရထားပေါ်တွင် သောင်းပြောင်းထွေလာ စကားများကို ရှာရှာဖွေဖွေ ပြောဆိုရင်း ရန်ကုန်သို့ ရောက်ကြရလေ၏ ။
ညနေရထားမှာလည်း တမင် ချိန်း၍ထားဘိ အလား ရထားတစ်စင်းတည်း ပြန်ကြရလေရာ အများအားဖြင့် ထိုနေ့မှစ၍ ရထား တစ်တွဲတည်း စီးပြီး လိုက်ကြရလေ၏ ။
ကမာရွတ်သို့ ရောက်လျှင် တစ်ဦးနှင့် တစ်ဦး ခွဲရမည့်လမ်းခွသို့ ရောက်သည့်တိုင်အောင် ဘူတာရုံမှ အတူတကွ ပြန်လာကြလေရာ ထိုအခြင်းအရာကို မြင်ရသော မထွေးမှာ ‘ မီးလောင်ရာ လေပင့်သည့်အလား ’ ရှေးအခါက အထင်နှင့် စွပ်စွဲခဲ့ရသည် ၊ ယခုမှာ မျက်မြင် ကိုယ်တွေ့ ဖြစ်၍ ငါ မည်သို့ ရှုစိမ့်နိုင်မည်နည်း ။ ယခုမှာ ဤမိန်းမသည် ငါ့ရှေ့တွင် ဗြောင်တိုက်ကာ အကြောင် နှိုက်တော့မည်လား ။ ငါ မည်သို့ စိတ်ဖြေရပါမည်နည်း ။ ယောက်ျားက ကြိုက်သော်လည်း သင်းက မိုက်ဖို့ မရှိ ။ ယခုမှာ မယားမျက်စိ နှစ်လုံးရှေ့တွင် သူ့လင်နှင့် တွဲပြီး ပျော်ပွဲကြီး ခံနေသည်မှာ ဘီလူးသဘက်မများနဲ့ မခြားတော့ပါကလား ။ ငါ သင်းတို့ ကွဲအောင် မည်သို့ ကြံရပါမည်နည်း ... စသည်ဖြင့် တွေးတောပူပန် စိုးရိမ်ခြင်း အားကြီးကာ မစားနိုင်မသောက်နိုင် တမှိုင်မှိုင်တဝေဝေ မျက်ရည်နှင့် မျက်ခွက် ၊ အဆက်မပြတ်နိုင်ဘဲ ပိန်ချုံးကြုံလှီ၍သာ လာလေ၏ ။
တစ်ခါတစ်ရံ ညနေစောင်း ရန်ကုန်မှ အပြန်တွင် လမ်းမမှ စောင့်ကာ ပါးနားကို ရိုက်ပြီး ရန်တွေ့လိုသော ဒေါသမီးတို့သည် တောက်လောင်၍ လာလေ၏ ။ သို့သော် မိမိမှာ ရန်မတွေ့ဖူး ၊ မဆဲဖူး ၊ မဆိုဖူးသော မိန်းမရိုး တစ်ယောက် ဖြစ်သဖြင့် ဤအကြံလည်း အထမမြောက်နိုင်ဘဲ စိတ်ထောင်းတိုင်း ကိုယ်ကြေ၍ နဂိုနေ ရုပ်ပျက်၍ သာလာလေ၏ ။ မောင်ဆင်မှာ မယားပိန်ချုံးကြုံလှီ၍ လာသည်ကို ထူးထူးခြားခြား သိသည်နှင့်တစ်ပြိုင်နက် “ မထွေး မင်း တယ်ပိန်လှချေကလား ” ဟု ရိုးရိုးသားသား မေးမြန်းသည်ကိုပင် လှောင်ပြောင်ပျက်ရယ်ပြု သည်ထင်ကာ မျက်ရည်ကလေးများ ဝိုင်းလည်၍လာကာ “ ကောင်းကောင်း မမာလို့ပါ ကိုဆင်ရဲ့ ”
“ မမာရင်လည်း မင်းတို့ အမေ့အိမ် သွားနေချင် နေပါဦးလား ” ဟု အခါတိုင်းကဲ့သို့ ထင်မှတ်၍ ပြောသည့် စကားကို ကြားရသည်နှင့်တစ်ပြိုင်နက် မထွေး မှာကား ယမ်းအိုးကို မီးတောက်နှင့် ထိုးသကဲ့သို့ အောက်မေ့ “ ဟုတ်ပါပြီ .. အခု ငါ့ကိုတောင် အိမ်မှာ နေတာ မကြိုက်တော့ဘူး ထင်ပါရဲ့ ။ ငါ သွားရင် သူ့မယားငယ်ကို အိမ်ပေါ် တင်ပြီး ရွှင်ရွှင်ကြီး နေတော့မှာပါပဲ ” ဟု စွပ်စွဲကာ မည်သို့မျှ မပြောတော့ဘဲ အတွင်းဆွေး ဆွေး၍နေရှာသည်ကို မောင်ဆင်မှာ ရိပ်မိသိရှိခြင်း မရှိဘဲ အပြစ်မရှိ သည့်အတိုင်း အသွား မပျက် ၊ အလာ မပျက် နေထိုင်ခဲ့လေ၏ ။
••••• ••••• •••••
အခန်း ( ၅ )
“ အခုလိုသာဖြင့် ငါ ကိုယ်စိတ်နှလုံး ညှိုးချုံးပြီး အသက်ဆုံးရတော့မည် ။ သင်းတို့ ပျော်ပျော်ပါးပါး သွားလာနေကြသည်ကို ငါ တာရှည် မြင်ရခြင်းထက် အမြန် သေဆုံးရခြင်းက မြတ်တော့မည် ။ ကိုဆင်သည် ငါ့အား ငါ ချစ်သလို ချစ်တော့သည်မဟုတ် ။ ငါ့ကို အိမ်က ထွက်စေလိုသော ဆန္ဒလည်း ရှိချေပြီ ။ သူ့သဘောအတိုင်း ငါ လိုက်နာတော့မည် ။ ငါ သေလျှင် ကိုဆင်ဟာ သူ့ မယားငယ်ကလေးနဲ့ အေးအေးရွှင်ရွှင် နိဗ္ဗာန်ဝင်သလို စံစားပျော်ပါးနေရတော့မည် ။ ငါ ဒုက္ခ မပေးလို ၊ ငါ့ဘဝ ကုသိုလ်ကံသည် ဤလင်နှင့် ဤမျှသာ ရေစက်ဆုံစည်းရန် ရှိ၍ ငါ တောင့်တသော်လည်း ဖြစ်တော့မည် မဟုတ် ။ ငါ မနေဘူး သေမယ် ” စသည်ဖြင့် အမျိုးမျိုး တွေးတောကာ အိမ်မှ ထွက်ခွာရန် ဆုံးဖြတ်ချက် ချလိုက်လေ၏ ။
ထိုနေ့၌ကား မိမိ၏ လင်အတွက် အခါတိုင်းထက် ပိုမိုကောင်းမွန်သော ဟင်းလျာများကို ဖွယ်ဖွယ်ရာရာ ချက်ပြုတ်စီမံကာ ထမင်းစားပွဲတွင် အသင့် ပြင်ဆင်၍ ထားနှင့်လေ၏ ။ မိမိချစ်လှသော လင်၏ ဟောင်းနွမ်းသော အဝတ်အထည်များကိုလည်း ရွေးချယ်လျှော်ဖွတ်၍ ဝတ်ဆင်ရန် အသင့် ထားရှိလေ၏ ။ မထွေး၏ စိတ်၌ ထိုနေ့သည် မိမိလင်အား နောက်ဆုံး ပြုစုရမည့် ဝတ္တရားဟု မှတ်ထင်၍ နေကာ နောက်နောက်က ကြည်ကြည်လင်လင် ရွှင်ရွှင်ပျပျ နေထိုင်ခဲ့သမျှတို့ကို ပြန်လှန်စဉ်းစား လိုက်သည့်အခါ မိမိတို့ လင်မယားမှာ အချစ်မကုန်ဘဲလျက် ဖူးစာကုန်၍ ကွဲရတော့မှာပါကလားဟု မျက်ရည်ပေါက်ကြီးများသည်ကား ဒလဟော စီးဆင်း၍ လာလေ၏ ။
မိမိ မရှိလျှင် နောက်ယူမည့် မယားသည် ကိုဆင် အား အလိုက်သိသိ ပိပိရိရိမှ နေထိုင်လေမည်လား ။ ယခုမှာ ငါ့အတွက် ကိုဆင်မှာ စိတ်ဒုက္ခ မရောက် ၊ ရှေ့ အဖို့တွင် ဧကန္တ သူ ဒုက္ခရောက်တော့မည် စသည်ဖြင့် တွေးတော စိုးရိမ်ခြင်းဖြစ်ပေါ်လာကာ မိမိ မသွားဘဲ နေရလျှင် ကောင်းလေမည်လားဟု စဉ်းစား၍ ကြည့်ပြန်လေ၏ ။ သို့သော် မိမိမှာ အခြား နေရာ၌ သဘောကြီးကြီး ထားနိုင်လာခဲ့သော်လည်း ယခု လင်ကို ဝေခွဲပေါင်းသင်း ရမည့်နေရာ၌ကား လက်ထဲက မုန့်ကို ကျီးထိုးခြင်း ခံရသော ကလေးကဲ့သို့ မရပ်မတည် မျက်ရည်ယိုရွှဲ ငိုပွဲခံကာ နှမြောရှာဘိအလား မိမိမှာလည်း ကလေးနှင့် မခြား အသည်းနှလုံး ကြေမွ၍ သွားလုနီးပါး ဝမ်းနည်းအား ၊ နှမြောအားတို့သည် တမွှားမွှား ပေါ်ပေါက်၍လာလေသတည်း ။
မိမိ စိတ်တွင် စကြဝဠာကမ္ဘာအတွင်း အချစ်ဆုံး ၊ အခင်ဆုံးသူ တစ်ယောက်ဟု အားကိုးအားထား ပြုကာ မခွဲမခွာ ပေါင်းသင်းရတော့မည်ဟု အောက်မေ့၍ လာခဲ့လျက်နှင့် ယခုမှကား စိတ်ထင်တိုင်း မပေါက်ဘဲ ဖောက်လွှဲဖောက်ပြန် ဖြစ်ရရှာချေပြီဟု ရင်ထဲဝမ်းထဲတွင် မခံမရပ်နိုင်ဘဲ အသည်းနှလုံးအပူလုံးသည်ကား ဆို့ကာညို့ကာ အပူကို အားပေး ၊ အဆွေးကို မြှောက်ပင့်၍ နေလေရာ မိမိ အိမ်ခန်း အိပ်ခန်းတို့ကို မျက်ရည်စက်လက်နှင့် နောက်ဆုံးကြည့်ခြင်းဖြင့် ကြည့်ပြီး အိမ်တွင်းမှ တငိုငို တယိုယို နှင့် ထွက်ခွာ၍ သွားလေ၏ ။
မောင်ဆင် နှင့် ခင်ခင်
ညနေ အခါတိုင်း ပြန်လာသည့် အချိန်၌ မောင်ဆင် နှင့် ခင်ခင်တို့သည် မီးရထားမှ ဆင်း၍ လျှောက်လာခဲ့ ကြရာ
“ ကိုကိုဆင် ကျွန်မနဲ့ သိတာတော့ ကြာပြီ ။ ကိုကိုဆင့် မိန်းမနဲ့ မသိသေးလို့ သိချင်ပါတယ် ”
“ အို …. သိနိုင်ပါတယ် ။ လိုက်ခဲ့လေ ”
ခင်ခင် ကလည်း ရိုးရိုးဖြောင့်ဖြောင့် စိတ်မထောင့်ဘဲ ပြောသည့်အတိုင်း မောင်ဆင်မှာ ခင်ခင့် အပေါ်တွင် ဆန်းပြားဖောက်ပြန် မဟန်သောသဘောနှင့် ကြံစည်သူ မဟုတ်သည့်အလျှောက် ခင်ခင်နှင့် မိမိမယားကို ရင်းနှီး၍ သွားရန် ရည်သန်သော တောင့်တခြင်းဖြင့် ခေါ်ဆောင်၍ လာခဲ့လေ၏ ။
“ အိမ်က မထွေး ကတော့ အေးအေးနဲ့ ရိုးရိုးမို့ ခင်ခင် ကပဲ စပြီး ဖော်ဖော်ရွေရွေ ခေါ်ပါနော် ”
“ ကျွန်မနဲ့ တွေ့ရင် ကျွန်မကို ချစ်မှာ ၊ ခင်မှာပါပဲ ။ ဒါတော့ စိတ်ချပါ ကိုကိုဆင် ”
“ အိမ်ကျ တွေ့ရပါလိမ့်မယ် ။ စကားကလည်း နည်း ၊ လောကွတ်ကလည်း နည်းလွန်းလို့ ဧည့်သည်များ လာရင် အားတောင်နာမိတယ် ” စသည်ဖြင့် မယား အကြောင်းကို ပြောရင်း လျှောက်လာခဲ့ရာ အိမ်တွင်းသို့ ဝင်မိကြလေ၏ ။
မောင်ဆင်သည်ကား အိမ်တွင်းသို့ ဝင်လျှင် မထွေးကို မမြင်ရကား “ မထွေး … မထွေး ” နှင့် တကြော်ကြော် ခေါ်သော်လည်း မရသဖြင့် ဧည့်သည် ပါလာသည့် အခိုက် ဘယ်သွားနေရပါလိမ့်မလဲ ဟူသော ညည်းညူခြင်းဖြင့် ညည်းညူညည်းတွားကာ ခေါင်းကိုသာ တွင်တွင်ကုတ်ပြီး ဟိုဟိုသည်သည် ရှာဖွေသည့်အတွင်း သူငယ်ကလေး တစ်ယောက် အိမ်တွင်းသို့ ပြေးဝင်လာကာ
“ ဆရာကြီး … ဆရာကြီး ၊ ဒီအိမ်က မမဟာ ငိုပြီး တော့ ကမ်းနားဘက် ထွက်သွားတာ မြင်လိုက်တယ် ” ဟု ပြောသံကို ကြားလိုက်ရလျှင် မောင်ဆင်မှာ မျက်နှာထား အိုပြီး ငိုမလိုရယ်မလို ဖြစ်၍ လာလေ၏ ။ ထို့နောက် ခင်ခင်ကို အားနာသည့်လက္ခဏာနှင့် ကြည့်၍နေလျှင် ခင်ခင်လည်း မျက်နှာပျက်ကာ တွေတွေကြီး လုပ်နေပြီးမှ “ မြန်မြန် လိုက်ခေါ်ပါ ကိုကိုဆင်ရဲ့ ။ တစ်ခုခုတော့ စိတ်မကောင်းစရာ ရှိလို့ပဲ ”
“ ဘာအကြောင်းမှလည်း မရှိဘူး ခင်ခင်ရဲ့ ” ဟု ပြောရင်း တစ်ဖက်ကို လှည့်ကြည့်လိုက်ရာ တိုင်ကြားတွင် ညှပ်ထားသော စာတစ်စောင်ကို မြင်ရကား မသင်္ကာသည်နှင့် ရုတ်တရက် လှမ်းယူ၍ ဖတ်သည်တွင် -
ကိုဆင်
ကျွန်မအပေါ်တွင် တစ်လင်တစ်မယားသဘောထားနှင့် ပေါင်းသင်းလာခဲ့လိမ့်မည်ဟု မျှော်လင့်အားကိုး၍ လာသော်လည်း ယခုမှာ ကျွန်မ မျက်စိရှေ့မှောက်တွင် မိန်းမတစ်ယောက်နှင့် နေ့စဉ်နေ့တိုင်း တွဲ၍ လျှောက်ကာ ဖောက်ပြန်၍နေသည့် အပြင် ယခင်က ငွေ ၂ဝ မှာလည်း ဤမိန်းမကို ပေးသည်ဟု ကျွန်မ ထင်ပါသည် ။ ကျွန်မမှာ နေသော်လည်း ဤစိတ်နှင့်ပင် အသက်ဆုံးရတော့မည် ဖြစ်၍ ယခုကပင် ရှင်တို့ လင်မယားလက်သစ် ရွှင်ရွှင်ကြီး စံစားနေနိုင်အောင် ဘဝကို ဆုံး၍ လုံးလုံးကြီး ရှောင်ပါတော့မည် ဖြစ်သောကြောင့် ကျွန်မကို မေတ္တာ မကုန်ခဲ့ လျှင်သော်လည်းကောင်း ၊ သနားလျှင်သော် လည်းကောင်း ၊ ထောက်ညှာ၍ သပိတ်တစ်လုံး သွတ်ရန် တောင်းပန်ခဲ့ပါ သည်ရှင့် ။
မထွေး
မောင်ဆင်သည် ဤစာကို ဖတ်ကာ အံ့သြခြင်းကြီးစွာနှင့် ခင်ခင်ကို ပြရမည်ပင် အားနာ၍ နေလေရာ ခင်ခင် လည်း အရိပ်အကဲကို သိသည့် လက္ခဏာနှင့် “ ဘာအကြောင်းများလဲရှင် ”
“ ပြောရမှာ ခင်ခင်ကို အားနာစရာကြီး ဖြစ်နေပြီ ။ ကျုပ်နဲ့ ခင်ခင်နဲ့ မောင်လို နှမလို ခင်မင်သွားလာနေတာကို အထင်မှားပြီး …. ”
“ အို … ဒီလိုဖြင့် ကျွန်မ ရှင်းလင်းပြောပါမယ် ။ လာပါ … ကျွန်မ ပယောဂ မကင်းဘဲနေပါ့မယ် ” ဟု ပြောရင်း နှစ်ယောက်သား ပူပူပင်ပင် တညိုညင်ညင်နှင့် လျင်မြန်သွက်လက် နေအိမ်မှ ထွက်ခဲ့ကြလေ၏ ။
ကမ်းနားတွင်
လှိုင်မြစ်ရေပြင်ကို ရှေးရှုကာ လောကကြီး၏ ဖောက်လွဲဖောက်ပြန်ပြုခြင်းကို မုန်းတီးရွံရှာ နှလုံးနာလှပါပြီဟု အလီလီစိတ်ကူးရင်း ဝမ်းနည်းအားကြီးနှင့် ရှိုက်ကြီးတငင် ငိုယိုကာ ဆုတောင်းဆုယူ ပြုပြီးလျှင် မိမိ၏ အသက်ကို ပမာဏမပြု အချစ်နယ်ဘက်ကိုသာ လုလျက် မထွေးသည် ရေလှိုင်းဂယက်တို့ အကြား ခုန်လွှား၍ ချတော့မည် အပြုတွင် ငိုသံပါကြီးနှင့် “ မထွေး ... မထွေး ” နှင့် လေးလေးပင်ပင် ခေါ်ကာ မောင်ဆင်သည် ကား လျင်မြန်သော ခြေလှမ်းဖြင့် မထွေးကို ဆွဲယူ၍ ပွေ့လိုက်လေလျှင် မထွေးသည်ကား ရုတ်တရက် လန့်ထိတ်ကာ မျက်လုံးပြူးပြူးနှင့် စကားမပြောနိုင်သေးဘဲ မောင်ဆင့် ကိုသာ ငေးစိုက်၍ ကြည့်နေလေ၏ ။ ခဏ၌ ခင်ခင် သည်လည်း အနီးသို့ ရောက်လာကာ
“ မထွေးရဲ့ … ရှင့် စာကို ကျွန်မဖတ်ရပါပြီ ။ ကျွန်မ အပေါ်မှာ အထင်လွဲနေတာ အမှန်ပါ ။ သစ္စာဆိုဝံ့ပါ တယ် ။ ကိုဆင်ဟာလည်း သူတစ်ပါး ယောက်ျားတွေနဲ့ မတူပါဘူး ။ တကယ့်လူရိုးကြီးပါ ” စသည်ဖြင့် ဟုတ်တိုင်း မှန်ရာကို လိပ်ပတ်လည်အောင် ပြောပြရုံတွင်မက မောင်ဆင် ကလည်း မိမိ မူလက မပြောသည့်အတွက် ဤသို့ အထင်မှားခဲ့ကြောင်း ၊ ငွေ ၂ဝ ခင်ခင်ကို မိမိ ချေးငှားလိုက်ကြောင်းမှ စ၍ ပြောပြသည့် အခါတွင်မှ မထွေး မှာလည်း အထင်မှားခြင်း လုံးလုံးကြီး ကင်းပျောက်၍ တစ်ယောက်နှင့် တစ်ယောက် သင့်မြတ်အေးချမ်း ရွှင်လန်း၍ လာကြလေသတည်း ။
လင်သည် လည်းကောင်း ၊ မယားသည် လည်းကောင်း မစူးစမ်းမဆင်ခြင်ဘဲ တစ်ယောက်နှင့် တစ်ယောက် အထင်မှားခြင်း ၊ စွပ်စွဲခြင်းကို အထူးရှောင်ရှား သတိတရားထားကြရန် အထူးသတိပေးလိုက်ရပေ သတည်း ။
▢ ပီမိုးနင်း
📖 ဗြိတိသျှဘားမား မဂ္ဂဇင်း
📖 ဝတ္ထုပဒေသာ ပေါင်းချုပ် ( ၂ )
No comments:
Post a Comment