Monday, May 18, 2026

အထိအတွေ့


❝ အထိအတွေ့ ❞
    ( ဖေနှင်းငွေ )

ညနေ ရုံးဆင်းချိန် မိုးက ဆိုင်းမဆင့် ဗုံမဆင့် ရွာချလိုက်တယ် ။ မြို့တော်ခန်းမဘေး ဆူးလေ ကားမှတ်တိုင်မှာ ခရီးသည်တွေ စုပုံနေတယ် ။ YBS ယာဉ်တွေ တစ်စီးပြီး တစ်စီး မှတ်တိုင်ကို ထိုးဆိုက်လာတယ် ။ ခရီးသည်တွေလည်း သူ့ထက်ငါ အလုအယက် ကားပေါ် ပြေးတက်ကြတယ် ။ ကားတွေ လေး,ငါးစီး ခရီးသည်တွေ အပြည့်နဲ့ ထွက်သွားတယ် ။ ဒါပေမဲ့ မှတ်တိုင်မှာတော့ ခရီးသည်တွေ သိသိသာသာ လျော့မသွားဘူး ။ မိုးကလည်း ပိုသည်းလာတယ် ။ သူ ပုဆိုးကို ခပ်တိုတို ပြန်ပြင်ဝတ်လိုက်တယ် ။ ကျောပိုးအိတ်ကို ရင်ဘတ်ရှေ့ ပြောင်းလွယ်လိုက်တယ် ။ ထီးကို ခေါက်ပြီး ဘေးအိတ်ထဲ ထိုးထည့်ထားလိုက်တယ် ။ ပိုက်ဆံအိတ်ထဲက အကြွေနှစ်ရာတန် တစ်ရွက်ကို အသင့် ထုတ်ထားလိုက်ပြီး နောက်ကားတစ်စီး လာရင် တက်နိုင်အောင် ပြင်ဆင်ထားလိုက်တယ် ။

အချိန်က ငါးနာရီခွဲ ကျော်နေပြီ ဖြစ်တယ် ။ အိမ်အပြန် နောက်ကျနေပြီ ဖြစ်တယ် ။ ဒီအချိန်လောက်ဆို သမီးလေးလည်း မျှော်နေလောက်ပြီဖြစ်မယ် မိန်းမလည်း စိတ်ပူနေလောက်ပြီပေါ့ ။ လမ်းမှာ ကားပိတ်တာနဲ့ဆို အနည်းဆုံး ၇ နာရီ ကျော်လောက်မှ ပြန်ရောက်တော့မယ် ထင်ပါတယ် ။ ခါတိုင်း နေ့တွေဆို ခြောက်နာရီ မထိုးခင် အိမ်ပြန်ရောက်တယ် ။ ဒီနေ့မှ ရုံးဆင်းတာလည်း နောက်ကျတယ် ။ မိုးကလည်း ရွာချလိုက်တော့ လမ်းတွေ ပိတ်သွားတယ် ။ ကားတွေလည်း ပိုကျပ်သွားတယ် ။

ခဏလောက် ကြာတော့ ဒဂုံတက္ကသိုလ်နဲ့ ဆူးလေ ပြေးဆွဲတဲ့ YBS ( 87 ) ယာဉ် တစ်စီး မှတ်တိုင်ကို ထိုးဆိုက်လာတယ် ။ ခရီးသည်တွေက ကားမရပ်ခင် အပေါက်ဝနားမှာ အတင်း စုပြုံ တိုးကြတော့တယ် ။

“ ကားရပ်မှ တက်ကြပါ ၊ ကားရပ်မှ တက်ပေးပါ ၊ နောက်ကားတွေ ရှိပါသေး တယ် ”

ဂိတ်ကြီးကြပ်ရေး ဝန်ထမ်းက ခရီးသည်တွေကို အော်ပြောရင်း ကားရပ်လို့ ရအောင် စီစဉ်ပေးနေတယ် ။ ကားတံခါးပွင့်တာနဲ့ ခရီးသည်တွေ တစ်ပြုံကြီး သူ့ ထက်ငါ အတင်း တိုးတက် ကြတော့တယ် ။

“ ယာဉ်စီးခလေးတွေကို ပုံးထဲ ထည့်သွားပေးပါ ခင်ဗျာ ၊ ယာဉ်စီးခလေးတွေ ပုံးထဲ ထည့်ခဲ့ကြပါ ”

ကားပေါ်ရောက်ဖို့ အတင်း တိုးတက်နေတဲ့ ခရီးသည်တွေကို ယာဉ်စီးခ ပုံးထဲ ထည့်ခဲ့ဖို့ ကားဆရာက သတိပေးတယ် ။ သူလည်း လူအုပ်ထဲ အတင်း တိုးပြီး ကားပေါ် ရောက်အောင် တက်လိုက်တယ် ။ ယာဉ်စီးခ နှစ်ရာကို ပုံးထဲ ထည့်ရင်း ကားပေါ်ကို လှမ်းကြည့်လိုက်တယ် ။ ကားပေါ်မှာ ထိုင်ခုံတွေက လူပြည့်နေပြီ ဖြစ်တယ် ။ သက်သောင့်သက်သာ ရပ်စီးလို့ ရမယ့် နေရာတစ်ခု အမြန် ရှာလိုက်မိတယ် ။ သူ့နောက်မှာလည်း ခရီးသည်တွေက တိုးဝှေ့ပြီး ထပ်တက်လာကြတယ် ။ ကားမထွက်ခင် ကားပေါ်မှာ မတ်တတ်ရပ် ခရီးသည်တွေ ပြည့်သွားတယ် ။ ထိုင်ခုံရတဲ့ ခရီးသည်တွေ ကတော့ မိုးအေးအေးနဲ့ ဖုန်းကလေးတွေ ထုတ်ပြီး ပွတ်နေကြတယ် ။

“ ကလင် ကလင် ... ကလင် ... ကလင် .... ”

ပြည့်ကျပ်နေတဲ့ လူတွေ ကြားထဲ ရပ်ဖို့ အဆင်ပြေအောင် ကြိုးစားနေတုန်း သူ့ အင်္ကျီအိတ်ထဲက ဖုန်းသံမြည်လာတယ် ။ ဖုန်းကို ကိုင်လိုက်တော့ သမီးလေးအသံ ကြားရတယ် ။

“ ဟဲလို ... ဖေကြီး ပြန်လာနေပြီလား ၊ ဘယ်ရောက်နေပြီလဲ ”

“ အေး သမီးလေးရေ ဖေကြီး ပြန်လာနေပြီနော် ၊ အခုကားပေါ်မှာ ၊ လမ်းတွေ ပိတ်နေလို့ နည်းနည်း နောက်ကျမယ် ၊ သမီးမေကြီး ကိုလည်း ပြောထားလိုက်ဦးနော် ”

“ ဟုတ်ကဲ့ ဖေကြီး ”

သမီးလေးနဲ့ ဖုန်းပြောပြီးတော့ ဖုန်းကို အသံပိတ်ပြီး ကျောပိုးအိတ်ထဲ သူ ထည့် ထားလိုက်တော့တယ် ။ နောက်ထပ် ဖုန်းတွေ လာရင် ကားပေါ်မှာ စကားပြောလို့ အဆင်မပြေလောက်တော့ ဘူး ။

ကားက ယောက်လမ်း မှတ်တိုင်ကနေ စပြီး ပိတ်တော့တယ် ။ တစ်လိမ့်ချင်း လိမ့်လာရတယ် ။ ကားတံခါးတွေ အလုံပိတ်ပြီး အဲကွန်း ဖွင့်ထားပေမဲ့ ကားထဲမှာ မအေးဘဲ ပူစပ်ပူလောင်ကြီး ဖြစ်နေတယ် ။ နည်းနည်းလေး တိုးလိုက် ရပ်လိုက်နဲ့ ကြာတော့ ခေါင်းတွေ မူးချင်လာတယ် ။ ဦးထောင်ဘို အဝိုင်းနား ရောက်တော့ ကားက ပိုပိတ်သွားတယ် ။ လှုပ်လိုက် ၊ ရပ်လိုက်နဲ့ ရှေ့မရောက်တော့ဘူး ။ ကားတစ်ခါ ရပ်လိုက်တိုင်း သူ့နောက်က အမျိုးသမီးက သူမ ရင်ဘတ်နဲ့ သူ့ ကျောကုန်းကို လာလာ ထိမိနေတယ် ။ အစကတော့ သတိမထားမိဘူး ။ ကြာတော့ ခံစားမှုအာရုံက သိလာတယ် ။ သူ့ဘေး ဘယ်ညာကို ကြည့်လိုက်တော့ အမျိုးသမီး နှစ်ယောက် ရှိတယ် ။ အဲဒီတော့မှ သူက အမျိုးသမီး သုံးယောက်ကြား ရပ်မိနေတာကို သတိထားမိသွားတယ် ။ သူလည်း အားနာလာတာနဲ့ -

“ အစ်မ အရှေ့ကို လာ လိုက်ပါလား ၊ ကျွန်တော်နဲ့ နေရာချင်း ချိန်းလိုက်ရအောင်လေ ”

သူက နောက်ကို လှည့်ပြီး အဲဒီ အမျိုးသမီးကို ရှေ့ နောက် နေရာချင်း ချိန်းရပ်ဖို့ ပြောလိုက်တယ် ။ ဒါပေမဲ့ “ ကျွန်မ ဒီတိုင်းပဲ အဆင်ပြေတယ်ရှင့် ” လို့ ပြောပြီး သူ့ အဆိုပြုချက်ကို ငြင်းတယ် ။ သူလည်း ထပ်ပြောဖို့ အခွင့် မသာတော့ဘူး ။ အဝိုင်းကျော်ပြီး ဗဟန်း ( ၃ ) လမ်း မှတ်တိုင် ရောက်တော့ ခရီးသည်တွေ ထပ်တက်လာကြတယ် ။ ဆင်းတဲ့သူတော့ မရှိဘူး ။ မိုးကလည်း ရွာကောင်းနေတုန်း ဖြစ်တယ် ။

ရေခဲဆိုင်မှတ်တိုင် ရောက်တော့ ကားက မရပ်တော့ဘူး ။ တင်လို့လည်း မရတော့ပါ ။ ကားတွေကလည်း ဇီဝိတဒါန သံဃာ့ဆေးရုံ ကွေ့နားကနေ ရွှေဂုံတိုင် တံတားပေါ်ထိ တောက်
လျှောက် ပိတ်နေတယ် ။ ကားဘီးကို တစ်လိမ့်ချင်း လိမ့်ပြီး နည်းနည်းချင်း တိုးလာရတယ် ။ သူလည်း ရပ်နေတဲ့ နေရာကနေ ဘေးဘယ်ညာကို နည်းနည်း တိုးကြည့်လိုက်တယ် ။ အဲဒီတော့မှ အခြေအနေက ပိုဆိုးသွားတယ် ။ သူ့ ဘယ်ဘက်မှာ ရပ်နေတဲ့ အမျိုးသမီးက ခေါင်းပေါ်က လက်ကိုင်ကွင်းကို မကိုင်ဘဲ ရှေ့က ခုံကို အားပြုပြီး ကိုင်ထားတယ် ။ ကားတစ်ခါ လှုပ်တိုင်း သူမ လက်က သူ့ပေါင်ရင်းကို လာလာ ထိနေပြန်တယ် ။ ထိတာ များလာတော့ သူ ကြက်သီးတွေ ထ,လာတယ် ။ နေရာကလည်း ထပ်ရွှေ့လို့ မရတော့ဘူး ဖြစ်နေတယ် ။ သူမ ကတော့ ဘာမှ သတိမထားမိတဲ့ပုံဖြစ်တယ် ။ သူ့ညာဘက်က အမျိုးသမီးကတော့ မျက်နှာ ခပ်တည်တည်နဲ့ ကားမှန်ကနေ အပြင်ကို ငေးကြည့်နေတယ် ။

ဆင်းမယ့် မှတ်တိုင်ကို သူ မြန်မြန် ရောက်ချင်နေမိ တယ် ။ ကားက ဘရိတ်ကို “ ကျီ ” ခနဲ တစ်ခါ ဖမ်းလိုက်တိုင်း သူ့ကျောက “ အိ ” ခနဲ ဖြစ်သွားတယ် ။ သူ့ပေါင်လည်း “ နွေး ” ခနဲ ဖြစ်သွားတယ် ။ ကြာတော့ သူ့ကျောတွေ ယားလာတယ် ။ ကြက်သီးတွေ အဆက်မပြတ် ထလာတယ် ။ တံတွေးတွေ ခဏခဏ မျိုချရလို့ အာခေါင်တွေ ခြောက်လာတယ် ။ သက်ပြင်းတွေ ခဏခဏ ချရလို့ အသက်ရှူရတာတွေ ကျပ်လာတယ် ။ အထိ ကို သတိနဲ့ ထိန်းနေပေမဲ့ ပုထုဇဉ်ပီပီ စိတ်ရိုင်းတွေက ဝင်ဖို့ တာစူလာတယ် ။ ဖြစ်နိုင်ရင် ကားပေါ် ဆင်းပြီး လမ်းပဲ လျှောက်သွားချင်တော့တယ် ။ တံတားပေါ် တည့်တည့် ပိတ်မိနေတော့ ဆင်းဖို့လည်း အဆင်မပြေတော့ဘူး ။

လက်ရှိ ကားပေါ်က အကျပ်အတည်း ၊ အထိအတွေ့ တွေကို အာရုံလွှဲနိုင်ဖို့ သူ စိတ်ကူးလိုက်တယ် ။ ရုံးမှာ ကျန်ခဲ့တဲ့ အလုပ်တွေကို ပြန်စဉ်းစား လိုက်တယ် ။ အိမ်ရောက်ရင် လုပ်ရမယ့် အလုပ်တွေကို အစီအစဉ် ဆွဲနေလိုက်တယ် ။ မျက်စိကို မှိတ်ပြီး အသက်ကို မှန်မှန် ရှူသွင်း ၊ ရှူထုတ် လုပ်နေလိုက်တော့တယ် ။ ခဏ ကြာတော့ ထိတွေ့မှု အားလုံးကို သူ မေ့မေ့ပျောက်ပျောက် ဖြစ်သွားတယ် ။ ဘာခံစားမှုမှ မရှိတော့သလို ဖြစ်သွားတယ် ။ ညအိပ်ခါနီးတိုင်း ၁ဝ မိနစ် လောက် အာနာပါနဿတိ ရှုမှတ်ရတဲ့ အကျိုးက တကယ် ကျဉ်းထဲကျပ်ထဲ ရောက်တဲ့အခါ အကျိုးရှိလိုက်တာလို့ သူ့ကိုယ်သူ ပြန်ပြီး အမှတ်တွေ ပေးနေမိတယ် ။

“ တီးတောင် ... တီ တောင် ... တီးတောင် ... ”

လူဆင်းဘဲလ်မြည်သံကြောင့် သူ မျက်လုံး ဖွင့်ကြည့်လိုက်တယ် ။ ကားက ဟာမစ်တစ် မှတ်တိုင်နား ရောက်နေပြီ ဖြစ်တယ် ။ သူ ဆင်းရတော့မယ့် မှတ်တိုင် ဖြစ်တယ် ။ မိုးလည်း တိတ်သွားပြီ ဖြစ်တယ် ။ ကားရပ်တော့ လူတွေ ကြားထဲက အတင်း တိုးထွက်ပြီး သူ ကားပေါ်က ဆင်းလိုက်တော့တယ် ။ အောက်ရောက်တော့ မှပဲ အသက်ဝဝ ရှူရတော့တယ် ။ စိတ်ထဲလည်း အတော်လေး သက်သောင့် သက်သာ ဖြစ်သွားတယ် ။ ကားကို ပြန်လှည့်မကြည့် တော့ဘဲ ကားနဲ့ ဝေးရာကို ဆန့်ကျင်ဘက် ခပ်သွက် သွက်လေး လျှောက်လာ လိုက်တော့တယ် ။

လမ်းမကြီးပေါ်ကနေ လမ်းကြားလေးထဲ ချိုးဝင် လိုက်ပြီး လက်က နာရီကို ငုံ့ကြည့်လိုက်တော့ ခုနစ်နာရီ ခွဲနေပြီဖြစ်တယ် ။ သမီးလေး တီဗွီပဲ ကြည့်နေပြီလား ၊ ဒါမှမဟုတ် သူပြန်အလာကို ထမင်းမစားဘဲ စောင့်နေ မလားလို့ သမီးလေးဆီကို စိတ်ရောက်သွားတယ် ။ အိမ်နား ရောက်နေပြီ ဖြစ်တဲ့ အကြောင်း သမီးလေးကို ဖုန်း ကြိုဆက်ဖို့ သူ စိတ်ကူးလိုက်မိတယ် ။

ဖုန်းကို အိတ်ထဲက လှမ်းနှိုက်လိုက်တယ် ။ ဖုန်းက ရုတ်တရက် စမ်းလို့ မရ ဖြစ်နေတယ် ။ ကျောပိုးအိတ်ကို ရင် ဘတ်ရှေ့က ဖြုတ်ပြီး သေချာ စမ်းကြည့်တော့လည်း ဖုန်းကို မတွေ့ဘူး ။ သူ စိတ်ထဲ ထင့်သွားပြီး အိတ်ကပ်တွေကို အကုန်သေချာ လိုက်ဖွင့်ရှာလိုက်တယ် ။ အဲဒီတော့မှ အိတ်ကပ် တစ်ခုက ဇစ်ပွင့်နေတာကို သူ တွေ့လိုက်ရတယ် ။ ပိုက်ဆံအိတ်လည်း မရှိတော့ဘူး ။ ဖုန်းလည်း မတွေ့တော့ဘူး ။ သူ ခေါင်းတွေ ထူပူသွားတယ် ။ ကမူးရှူးထိုးနဲ့ ကားမှတ်တိုင်ကို ပြန်ပြေးလာခဲ့မိတယ် ။ ကားက အရိပ်အယောင်တောင် မ တွေ့ရတော့ဘူး ။ ဖုန်း ၊ ပိုက်ဆံအိတ်နဲ့ အတူ မှတ်ပုံတင် ၊ ဝန်ထမ်းကတ် ၊ ယာဉ်မောင်း လိုင်စင်တွေလည်း အကုန် ပါသွားတာ ဖြစ်တယ် ။ နှမြောတာ ၊ ဒေါသဖြစ်တာ ၊ ရှက်တာတွေနဲ့ အတူ စိတ်မကောင်းစွာနဲ့ပဲ သူ အိမ်ပြန်လာလိုက်တော့တယ် ။

အိမ်ရောက်တော့ နောက်ကျလို့ သမီးလေးက အိမ်ပေါက်ဝမှာ ထွက်စောင့်နေတယ် ။

“ ဖေကြီးကလည်း နောက်ကျလိုက်တာ ၊ သမီးဖြင့် ဗိုက်တွေ ဆာနေပြီ ”

“ ဟာ ... သမီးလေး ခုထိ ထမင်း မစားရသေးဘူး လား ”

“ ဟင့်အင်း ဖေကြီး ပြန်လာမှ အတူတူ စားဖို့ စောင့်နေတာလေ “

သူ ငိုချင်သွားခဲ့မိတယ် ။ သမီးလေး နဖူးကို ဖွဖွလေး နမ်းပြီး ကျောပိုးအိတ်ကို စားပွဲပေါ် ပစ်တင်လိုက်တယ် ။ သူ့ကျောတွေ ယားနေတုန်း ၊ ကြက်သီးတွေ ထ,နေတုန်းဖြစ်တယ် ။ သူ့ ပေါင်တွေလည်း နွေးနေတုန်း ဖြစ်တယ် ။ မိန်းမဆီက ဖုန်းကို တောင်းပြီး သူ့ဖုန်းကို လှမ်းဆက်ကြည့်လိုက်တယ် ။ တစ်ဖက်ကနေ အမျိုးသမီး တစ်ယောက်က ယဉ်ယဉ်ကျေးကျေး အသံနဲ့ ပြန်ပြောတယ် ။

“ လူကြီးမင်း ခေါ်ဆိုသော တယ်လီဖုန်းနံပါတ်မှာ စက်ပိတ်ထားပါတယ်ရှင် ”

⎕ ဖေနှင်းငွေ
📖ရွှေအမြုတေ ရုပ်စုံမဂ္ဂဇင်း
     ဇူလိုင် ၊ ၂ဝ၂ဝ

No comments:

Post a Comment