❝ ရမ္မက် ❞
( ရန်ကုန်ဘဆွေ )
ရင်ထဲ၌လည်း ခုန်နေ၏ ။ တစ်ကိုယ်လုံးလည်း တဆတ်ဆတ် တုန်နေ၏ ။ ပုန်းဝင်ထားမိသော ရင်ခွင်တွင်းသို့ အတင်းတိုးဝင် ကပ်လိုက်မိ၏ ။ စကားကိုမျှ မပြောနိုင်ဘဲ မျက်နှာကို မော့ပေးလိုက်မိ၏ ။ ထို့နောက် ဆွဲခေါ်ရာသို့ ပါသွားလျက် ပြုလိုသမျှကို တယုတယနှင့် အားပေးမိ၏ ။ မွတ်သိပ်စွာ ညည်းသံ ပြုရာမှ အငမ်းမရ ဖက်ထားမိ၏ ။ တစ်ခဏမျှ အတွင်းဝယ် တမေ့တမော ဖျစ်ညှစ်ဆုပ်ကိုင် ထားရာ တဖြည်းဖြည်း လက် အံသေကာ ပြေကျသွားသည် ။
မမစန်းသည် ကျလာသော လက်ကို အားယူလျက် မောင်၏ နဖူးဆံစကို ပွတ်သပ်မိသည် ။ မောင်၏ မျက်နှာကို စေ့စေ့စပ်စပ် ကြည့် မိသည် ။ အခန်းငယ်သည် မှောင်နေသဖြင့် ဘာမျှ မမြင်ရလေ ။
မမစန်းသည် အမှောင်ထဲ ၌ပင် မောင်၏ မျက်နှာကို အတွေးနှင့် ကြည့်သည် ။ မောင်သည် ဖြူဖြူဝဝ လူချောချော စိုစိုပြည်ပြည် မျက်ခုံးထူကြီးနှင့် ဖြစ်သည် ။ မောင်၏ အင်္ဂါရုပ်မှာ ကျက်သရေ ရှိလှသဖြင့် တရားဓမ္မ ဆန်သော လူမျိုး ဖြစ်သည် ။ တကယ်ဆိုတော့ မောင်သည် ယခုလို သူတစ်ပါးအား စိတ် မချမ်းမြေ့စေအောင် ဖမ်းရဆီးရသည့် ရဲအလုပ် နှင့်ပင် တော်သူ မဟုတ်ချေ ။
“ မောင်လေးရယ် …”
မမစန်းသည် လက်ကို ပစ်ချလိုက်ကာ ပင့်သက်နှင့် အတူ ညည်းညူရင်း လေသံနှင့် တိုးတိုး ခေါ် လိုက်သည် ။
“ဘာလဲ မမ .. ”
မောင်၏ လေသံသည် မမစန်း၏ ပါးကို အာငွေ့ ဖြင့် ပူနွေးသွားသည် ။ ထိုအတွင်း ခပ်ပြင်းပြင်း လျှောက်လာသော ခြေသံကို ကြားလိုက်ရသည် ။ ခြေသံနှင့် မရှေးမနှောင်းပင် မေမေ ဟု ခေါ် လိုက်သော အသံ တစ်သံ ပေါ်ထွက်လာခဲ့၏ ။
မမစန်းသည် ရင်ထဲတွင် ထိတ်ခနဲ ဖြစ်လျက် မောင့် ရင်ခွင်တွင်းမှ ရုန်းထွက် ထသည် ။ ထို့နောက် မောင်နှင့် ခပ်ခွာခွာ ရပ်လျက် တိတ်ဆိတ်စွာ နားစွင့်ရင်း ငြိမ်နေ လိုက်သည် ။ ချောက်ခနဲ မြည်သံနှင့် အတူ အခန်း တွင်း၌ မီးလင်းသွား၏ ။ မမစန်းသည် သရဲ အချောက် ခံရသော မျက်နှာဖြင့် အလွန် တုန်လှုပ်စွာ အခန်းဝသို့ ကြည့်နေမိ၏ ။
အရွယ်အားဖြင့် လူလား မမြောက်သေးသော မိန်းကလေးသည် အခန်း တွင်းသို့ ဝင်မည် ပြုပြီးမှ ရုတ်တရက် ရပ်တန့်လျက် တည်ငြိမ်သော မျက်နှာဖြင့် မမစန်းကို ကြည့်သည် ။ ထို့နောက် အလွန် သူရဲဘောနည်း တုန်လှုပ် ချောက်ချားနေသော ရဲအရာရှိ၏ မျက်နှာကိုလည်း အေးစက် တည်ငြိမ်စွာ ခေတ္တမျှ စိုက် ကြည့်လိုက်သည် ။ ထို့နောက် ချာခနဲ လှည့်လျက် မီးကို ပိတ်ပြီးလျှင် ပြန်ထွက်သွားသည် ။
အမှောင်ထဲတွင် ခေတ္တမျှ ငြိမ်နေလိုက်ကြ၏ ။ ဘာမျှ မရှိလောက်သော ၁၃ နှစ် ခန့်မျှသာ ရှိသေးသော မိန်းကလေးငယ်၏ ခြေသံ ပျောက်သွားသော အချိန်၌ ရဲအရာရှိကလေးသည် မမစန်းကိုမှ နှုတ်မဆက်နိုင်ဘဲ အိမ်ပေါ် မှ သုတ်သုတ် ဆင်းသွား၏ ။ အိမ့်ပြင်၌ လေအေးကလေး၏ အထိအတွေ့ကို ခံ လိုက်ရမှပင် နဖူးတွင် စို့နေသော ချွေးသီးချွေးပေါက်ကြီးများကို သုတ်ပစ်နိုင်ရှာ လေသည် ။
မမစန်းသည် မှောင်သော အခန်းတွင်း၌ပင် မလှုပ်မယှက် ရပ်ကာ ငြိမ်သက်ရင်း မျက်ရည်များ ကျဆင်းလာ၏ ။ မိမိနှင့် မောင်အား တည်ငြိမ် အေးစက်စွာ ကြည့် သွားသော သမီးငယ်၏ မျက်နှာကို တရစ်ဝဲဝဲ မြင်လာပြန်၏ ။
ဤ ကြည့်ပုံမျိုးသည် ကွယ်လွန်သူ၏ ကြည့်ပုံမျိုး ဖြစ်၏ ။ မျက်မှောင် မသိမသာ ချီထားပုံ ၊ နှုတ်ခမ်း တင်းတင်းစေ့ပုံ ၊ မျက်လုံး အကြည့်ရဲပုံ ၊ မျက်နှာ အေးစက်စက်နှင့် တည်ငြိမ်ပုံတို့မှာ ကွယ်လွန်သူ သူ့အဖေနှင့် ချွတ်စွပ်ဖြစ်၏ ။
မမစန်းသည် ပြင်းထန်စွာ ရှိုက်ရာမှ ခုတင်ပေါ် တွင် တင်ပါးလွှဲ ထိုင်ချလိုက်ကာ မျက်နှာကို လက်ဝါးနှင့် အုပ်လျက် အသံကို ချုပ်ကာ ငိုမိ ပြန်သည် ။
••••• ••••• •••••
သမီးအဖေ ကွယ်လွန်သူ သည် ဤအကြည့်မျိုးဖြင့် ကြည့်တတ်၏ ။ ဤလို အေးတိအေးစက် မျက်နှာထားမျိုး ရှိ၏ ။ အောင့်အည်းတတ်၏ ။ သည်းခံတတ်၏ ။ မြို့သူမြို့သားတို့၏ ချစ်ကြောက်ရိုသေ ခံရသူ ဖြစ်သည် ။
ဤ မြို့သူမြို့သားတို့သည် ကွယ်လွန်သူအား လေးစားကြ၏ ။ ယခုတိုင် နှုတ်ဖျားမှ တဖွဖွ ပြောကြတုန်း ရှိသေး၏ ။ ကွယ်လွန်သူ၏ သတ္တိရှိပုံ ၊ သမာဓိရှိပုံ ၊ တည်ကြည်ပုံ တို့နှင့် တကွ နောက်ဆုံးတွင် ဂျပန်လူယုတ်မာများ ၏ လက်တွင်းမှ ဤ မြို့သူ မြို့သား အားလုံးတို့၏ အသက်ကို စွန့်စွန့်စားစား ကယ်တင်လျက် အသက်နှင့် လဲသွားပုံတို့ကိုပါ ယခု အထိ သတိရနေကြ သေးသည် ။ ယခုအထိ ဂုဏ်ယူနေကြသေးသည် ။
မမစန်းသည် သမီးတို့ အဖေ သွေးရဲရဲ သံရဲရဲနှင့် တိုက်ပွဲတွင် ကျဆုံးခဲ့ရစဉ်က မြို့နေ လူထုနှင့် အတူ စိတ်မချမ်းမမြေ့ ဖြစ်ခဲ့ရ၏ ၊ ငိုခဲ့ရ၏ ၊ လွမ်းဆွတ်ခဲ့ရ၏ ။
ထိုအချိန်၌ အခြား လူများက လွမ်းဆွတ်သည် ၊ တမ်းတသည် ၊ သတိရသည်ဟု ဆိုလျှင်ပင် မနာလိုခဲ့ ။ မိမိ တစ်ဦးတည်းပိုင် အဖြစ် နှင့်သာ တမ်းတချင်၏ ၊ မိမိ တစ်ဦးတည်းပိုင် အဖြစ်နှင့်သာ သတိရချင်၏ ။ သည်မြို့က လူတွေသည် မိမိ လင်ယောက်ျား သေသွားသည် အထိ မိမိ လင် ယောက်ျား၏ ဂုဏ်ပုဒ်များကို ခွဲဝေယူကြသည်ဟု တွေးထင်မိခဲ့သည် ။
နောက်ဆုံး၌ သင်းတို့ တစ်တွေသည် အခု ခဏမျှသာ ပြောနေကြခြင်း ဖြစ်မည် ၊ ခဏမျှသာ သတိရ နေကြခြင်း ဖြစ်မည် ၊ ကြာ လျှင် မေ့သွားကြမည်သာ ဖြစ်မည် ။
တကယ်ဆိုတော့ မိမိသာ လျှင် တစ်သက်လုံး မည်သည့် အခါမျှ မမေ့နိုင်ဘဲ စက္ကန့်တိုင်း စက္ကန့်တိုင်း ၊ မိနစ်တိုင်း မိနစ်တိုင်း ၊ နာရီတိုင်း နာရီတိုင်း အစဉ် သတိရ နေရမည့် သူပါတကားဟု တွေးရင်း ဝမ်းထဲ၌ အလုံး ဆို့ခဲ့ရသည် ၊ ဖြေ မပြေ အောင် ဖြစ်ခဲ့ရသည် ၊ မဖြီးနိုင် မလိမ်းနိုင်အောင် ဖြစ်ခဲ့ရသည် ။
ထို့နောက် ဖက်ဆစ်ဂျပန် တော်လှန်ရေး နှစ်ပတ်လည်၍ မြို့သူမြို့သား အပေါင်းတို့ က မြို့၏ ကျေးဇူးရှင်ကြီး အဖြစ် လွမ်းသူ့ပန်းခွေများ ချလေသောအခါ အနည်းငယ် အနယ်ထိုင် လာစကလေးကို အသစ် တစ်ဖန် ဖြစ်ခဲ့ရသေးသည် ။
ဤသို့ ဤသို့ဖြင့် အချိန်က ကုစားလာလေသော ကြောင့် တဖြည်းဖြည်း ဖြီးနိုင် လိမ်းနိုင် ရယ်ရွှင်နိုင်လာသော အခါ တစ်စုံတစ်ခုကို သတိရ လာသည် ။ ထို တစ်စုံတစ်ခုကား မိမိသည် သွေးသား ဆူဖြိုးတုန်း ၊ အရွယ် ကောင်းတုန်း ရှိပါသေးကလား ဟူသော တစ်စုံတစ်ခု ဖြစ်လေသည် ။
မြို့နေ လူထုသည် မြို့ရွာ ကျေးဇူးရှင်ကြီး၏ ဇနီး အဖြစ်နှင့် မိမိအတွက် လစဉ် စုဆောင်းကြကာ ထောက်ပံ့ကြကုန်၏ ။ မပေးပါနှင့် ဆို၍လည်း မရ ။ နေရာတိုင်းတွင် မြို့နယ် တော်လှန်ရေး ခေါင်းဆောင်ကြီး တစ်ဦး၏ ဇနီးအဖြစ်နှင့် အရေး ပေးကြ၏ ၊ လေးစားကြ၏ ၊ ရိုသေကြ၏ ။ မိမိ၏ ဖခင် အရွယ် ပုဂ္ဂိုလ်ကြီးများကပင် ရိုသေမှု ပြုနေကြ၏ ။
ဤသို့ အရိုအသေ ပေးကြ ၊ လေးစားကြ ၊ ဂုဏ်ပြုကြ သည်နှင့် အမျှ မိမိသည် မိမိကိုယ်ကို ထိန်းချုပ်ခဲ့ရသည် ။ အောင့်အည်း မျိုသိပ်ခဲ့ရသည် ။ စိတ် ပြေပျောက်အောင် နည်း အမျိုးမျိုး ရှာ၍ ဖြေဖျောက်ခဲ့ရသည် ။
ဤလို ဖြေဖျောက်ရင်း ထိန်းချုပ်ရင်း နှင့်ပင် အလိုလို စိတ်တို လာရသေးသည် ။ မျက်စိရှေ့တွင် မြင်မြင်သမျှ စိတ် သဘော မတွေ့ ဖြစ်လာ ရသည် ။ မြင်မြင်သမျှ တွေ့တွေ့သမျှ လူအပေါင်းတို့က လေးလေးစားစားနှင့် ဆက်ဆံကြသည်ကို ပင် အလိုလို ရွံမုန်းလာရသည် ။ မိမိအား အရေးတယူ ပြုလုပ် လာကြသူများကိုပင် အကြိမ်ပေါင်း များစွာ အော်ငေါက် ပစ်လိုက်သည် အထိ ဖြစ်ခဲ့ရသည် ။
ဤ မြို့မှ လူထုကား အတော် ခက်သော လူထု ဖြစ်သည် ။ မိမိ ဤသို့ အော်မိ ငေါက်မိသည်ကိုပင် အလွန် သဘောကျကြလျက် ကွယ်လွန်သော ယောက်ျား၏ ဇနီးကောင်း ပီသသည် ၊ မျက်နှာထား တည်တံ့၍ ကလက်တက်တက် အမူအရာမျိုး မရှိဟု ထပ်ဆင့် ဆိုလာကြပြန်သည် ။
ဤလို ဆိုလာသောကြောင့် လည်း အတော်အတန် အဝတ်အစား လှလှပပ ဝတ်ဆင်လိုသော အခါ ငါ ကလက်များ သွားလေမလားဟု တွေးရပြန်သည် ။ အခြား ရွယ်တူတို့ ကဲ့သို့ နှုတ်ခမ်းနီကလေး ဆိုးလျက် နောက်ဆုံးပေါ် ဖက်ရှင်နှင့် ခုံမြင့် ဖိနပ်ကလေး စီးကာ အင်္ဂလိပ် ရုပ်ရှင်ကား စသည်တို့ကို သွားလိုသော်လည်း အထင်ကြီးနှင့် အမြင်ကြီး တစ်ခွဲသား ရှိနေကြသော ပတ်ပတ်လည်မှ လူများကို ကြည့်ကာ မသွားဝံ့ သောကြောင့် အခန်းတွင်း၌ အကြိမ်ပေါင်း များစွာ ကျိတ်၍ ငိုခဲ့ရသည် ။ မှန် ရှေ့တွင် မိမိကိုယ် မိမိ ကြည့်၍ ငါ၏ ဘဝကား အချည်းနှီး ကုန်ဆုံးရတော့မည်တကား ဟု တွေးတောရင်း မျက်ရည် သွယ်သွယ် ကျသည် ။
ထိုအချိန်မျိုးတွင် တညောင်ညောင်နှင့် အော်မြည်ကာ ပွတ်သီးပွတ်သပ်နှင့် ပေါင် ပေါ်သို့ တက်လာသော တစ်ချိန်က အလွန် ချစ်ခင် ယုယခဲ့ရသည့် ပူစီမ ကို ပင် နှုတ်ခမ်းမွေးကြီး တကားကားနှင့် ဘယ်လို ကြောင်မကြီးပါလိမ့်ဟု မျက်စိထဲတွင် အမြင် ဆိုးကာ တအားကြီး ကိုင်ပေါက်ပစ်ခဲ့မိ သေးသည် ။
မမစန်းသည် အလိုလို နေရင်း ဤကဲ့သို့ ရူးလု မတတ် ဖြစ်နေစဉ် ကွယ်လွန်သူ၏ မိတ်ဆွေ တစ်ဦး ဖြစ်သော ကျောင်းဆရာကြီး တစ်ဦး သည် မမျှော်လင့်ဘဲနှင့် အိမ်သို့ ရောက်ရှိလာသည် ။ ကျောင်းဆရာကြီးသည် မမစန်းတို့ မြို့သို့ ပြောင်းရွှေ့လာခြင်း ဖြစ်၏ ။ ပထမတွင် မမစန်းသည် ဆရာကြီးအား ဝတ်ကျေဝတ်ကုံမျှ စိတ်မပါဘဲ လက်ခံ စကားပြောခဲ့ရ သော်လည်း မကြာမီ အတွင်း ဆရာကြီးနှင့် မကြာခဏ တွေ့ဆုံ စကား ပြောနေရသည်မှာ စိတ်ပြေလက်ပျောက် ဖြစ်လာခဲ့သည် ။ ဆရာကြီး၏ ရဲတင်းသော ဆက်ဆံမှုကို သဘောကျလာခဲ့သည် ။ ဆရာကြီး နှင့် ထိကပါး ရိကပါး နေကြရသည်ကို ကျေနပ် လာခဲ့သည် ။
ဆရာကြီး လာမည် ဆိုလျှင် မျက်နှာတွင် ပေါင်ဒါကလေး ကပိုကရို ဖို့ကာ မွတ်သိပ်စွာ စောင့်မျှော်ရသည်မှာ အရသာ တစ်ခုလို ဖြစ်လာခဲ့သည် ။
ဤလိုဖြင့် ဆရာကြီးနှင့် မိမိတို့ သာလျှင် သိကြသော ရင်းနှီးမှုမျိုးဖြင့် ရင်းနှီးလာခဲ့ကြပြီး နောက် ယခုအခါ ဆရာကြီးကား ပြောင်းရွှေ့သွားပြန်လေပြီ ။
မမစန်းသည် ဤ အဖြစ်အပျက်များကို တွေးကာ မိမိ၏ ဘဝကို အလွန် နာကြည်းလာလေသည် ။ မည်သူကမျှ သတ်မှတ်ခြင်း မပြုသော လောက၏ လူကျင့်ဝတ်တရား အနှောင်အဖွဲ့ကို ရွံမုန်းလာလေသည် ။ ဤ လူကျင့်ဝတ်တရား အနှောင်အဖွဲ့ ဖြစ်သော လောက၏ ကျင့်ဝတ်တရားကြီးသည် မိမိအား မျက်စိနှင့် မမြင်နိုင်သော ၊ ရှာဖွေ ဆုပ်ကိုင်၍ မရသော နှောင်ကြိုးများဖြင့် ရစ်ပတ်ကာ မိမိ၏ ပျိုရွယ်သေးသော ဘဝ တစ်ခုလုံးကို အကျဉ်းချ ထားခဲ့ခြင်း အတွက် မည်သို့မျှ ကျေနပ်နိုင်ရန် ကြိုးစား၍ မရပေ ။
မမစန်းသည် လူ့ လောကကြီးကို စက်ဆုပ်လာ၏ ။ ဖြစ်ချင်ရာ ဖြစ်စေတော့ဟု ရည်ရွယ်ချက် မရှိသော အတွေးအခေါ်များဖြင့် ထင်ရာ လုပ်ချင်သော စိတ်တွေ ပေါ်လာ၏ ။ ရူးသွပ်ချင် သလိုလို ဖြစ် လာ၏ ။ ဤအချိန်တွင် ကွယ်လွန်သူ၏ တပည့်တပန်း တစ်ယောက်သည် မိမိတို့ မြို့သို့ ရဲအုပ် အဖြစ်နှင့် ရောက်ရှိလာခဲ့သည် ။ ထိုသူကား မောင် ပင် ဖြစ်၏ ။
မောင်သည် ဆရာသမား အိမ်သို့ အလည်အပတ် လာရင်း မမစန်းကို မြင်တိုင်း မိမိ၏ နောက်ကွယ်တွင် ဖောက်ပြန်လေ့ ရှိသော အိမ်က မိန်းမ အပေါ် ၌ နာကြည်းမိလေ၏ ။ ဤသို့ နာကြည်းမိတိုင်းလည်း တစ်ခါတစ်ရံ မျိုသိပ် မထားနိုင်လောက်အောင် ဖြစ်လျက် မမစန်း၏ သိက္ခာ သမာဓိများကို ချီးကျူးကာ မယားရ ကံ မကောင်းသော မိမိ၏ အဖြစ်သနစ် အတွက် ဝမ်းနည်းပမ်းနည်း ဖြစ်တတ်သည် ။
မမစန်းသည် ဤလို အခါမျိုး၌ မောင့် အား သနားလာတတ်၏ ။ ယခု အချိန်၌ မိမိသည် မောင့် လို ဖြူဖြူချောချော အားကောင်း မောင်းသန် ယောက်ျားကြီးမျိုးကို တွေ့ လျှင် မည်မျှ စိတ်ချမ်းမြေ့အောင် ထားပေးနိုင်သနည်းဟု တွေးတောလာသည် ။
သို့နှင့် အိမ်ထောင်ရေး အဆင် မပြေသော မောင် နှင့် ကျန်းမာသန်စွမ်း ဆူဖြိုးနေပါလျက် လောကကျင့်ဝတ်ကို ထောက်ထား၍ အိမ်ထောင်သည်၏ စပ်ရှားရှား ထိုအရသာကို ငတ်မွတ် နေရပြီ ဖြစ်သော မမစန်းတို့သည် တစ်ဦးနှင့် တစ်ဦး အကြင်နာတွေ ပိုလာကြကာ တစ်ဦး မျက်နှာကို တစ်ဦး စိန်းစိန်း ကြည့်လာကြသည် ။
တစ်ခါတစ်ရံ၌ မောင် သည် မမစန်းနှင့် မျက်လုံးချင်း ဆိုင်မိကြရာမှ မချိတင်ကဲနှင့် အတင်း မျက်နှာလွှဲဖယ်ခဲ့ရသလို မမစန်း၏ ရင်ထဲတွင်လည်း အပျိုကလေး ဘဝတုန်းကလို ခပ်ဖိုဖို ဖြစ်ခဲ့ ရသည် ။
ဤလိုနှင့် မမစန်းသည် အကြိမ်ပေါင်း များစွာ မိမိ စိတ်ကို မိမိ ချိုးနှိမ်ခဲ့ရသည် ၊ ထိန်းချုပ်ခဲ့ရသည် ၊ အားတင်း ခဲ့ရသည် ။ သို့ရာတွင် မမစန်းသည် မောင် ပြန် သွားသော အချိန်တိုင်း အိမ်ခန်းတွင်းသို့ ပြေးဝင်ကာ ငိုရသည်ချည်း ဖြစ်သည် ။
မည်မျှ ငိုကြွေးပစ်လိုက် စေကာမူ ၊ မည်မျှပင် စိတ်နှလုံး မချမ်းမမြေ့ ဖြစ်ခဲ့စေကာမူ မမစန်း၏ တောင့်တင်း ဆူဖြိုးလှသော အသွေးအသားတို့သည် လျှောကျ နွမ်းပါးသွားခြင်း မရှိလေရကား နောက် … နောက်ဆုံးသော အချိန်၌ မမစန်း၏ ဖြိုးကြွသော ကိုယ်ခန္ဓာ အတွင်းရှိ အသွေးအသားများ၏ စေခိုင်းရာသို့ ရင်တခုန်ခုန် နှင့် စွန့်စားစေခဲ့သည် ။
ထိုသို့ အာသာ တငင်းငင်း ဖြင့် မမစန်း၏ စွန့်စားမိခဲ့ရခြင်းတို့သည် ယခုအခါတွင် ကြီးစွာသော နောင်တကို မျက်နှာ မူလျက် မျက်ရည်၌သာ မြှုပ်နှံခဲ့ရပါလေပြီ ။
မမစန်းသည် သမီးငယ်၏ တည်ငြိမ်သော အေးစက်စက် မျက်နှာကို မြင်ယောင်လာကာ အိပ်ရာ ပေါ် တွင် ကိုယ်ကို ပစ်လှဲလျက် ရှိုက်လိုက် မိပြန်သည် ။
မိမိ မည်သို့ ပြုလုပ်ရမည်နည်း ။ မိမိ သမီးငယ်အား အကျိုးအကြောင်း ဖွင့်ဟ ဝန်ခံလျက် ခြေထောက်ကို ဖက်၍ တောင်းပန်ရသော် ကောင်းလေမည်လော ၊ သို့တည်း မဟုတ် ...
“ သမီးလေး … မေမေတို့ ကို အထင် မှားသွားတယ် ထင်တယ် ၊ နံနက်ကို မင်း ဖေဖေဆုံးတဲ့ နေ့ အထိမ်းအမှတ် လုပ်ဖို့ အတွက် လွမ်းသူ့ပန်းခွေ ချဖို့ အစီအစဉ် အတွက် လာတိုင်ပင်တာပါ ” ဟု ပြောရ ကောင်းလေမည်လား ။
သို့တည်းမဟုတ် ဤအတိုင်းပင် ဘာမျှ မဖြစ်သလို နေလိုက်ရ ကောင်းလေမည်လား ။
မမစန်းသည် ရင်ထဲ၌ ပူ၍ လာ၏ ။ ရေငတ်၍ လာ၏ ။ နေရာမှ ထကာ မျက်ရည်များကို တို့ပတ်ပဝါနှင့် တို့သုတ်ပြီးလျှင် ရေတစ်ခွက်ကို ယူ၍ တစ်ဝကြီး သောက်ပစ် လိုက်သည် ။
အေးသော ရေသည် မမစန်း၏ ရင်တွင်းရှိ အပူ ကို အေးငြိမ်းစေခြင်းငှာ မစွမ်းနိုင်ချေ ။ မမစန်းသည် အရှိန် မပြေသေးဘဲ တစ်ချက်မျှ ရှိုက်လိုက်မိ၏ ။ သို့ ရှိုက်ရင်း သမီးငယ်၏ အခန်းဆီသို့ မျက်စိရောက်သွားပြန်သည် ။
သမီးငယ်၏ အခန်း၌ မလုံ့တလုံ စေ့ထားသော တံခါးဝမှ ဖြာထွက်နေသော အလင်းရောင်သည် ကြမ်းပြင်ကို ဖြတ်ကာ မျဉ်းသား သကဲ့သို့ ကန့်လန့်ဖြတ် ကျဆင်း နေသည် ။ ထို အလင်းရောင်သည် မိမိ နှင့် သမီးငယ်အား တကွဲတပြား ခွဲခြားလိုက်တော့မည် ကဲ့သို့ မမစန်း၏ စိတ်ထဲ၌ ထင်လာ၏ ။
ခပ်လှမ်းလှမ်း ချစ်တီး တိုက်ဆီမှ နာရီ သံချောင်းသံသည် ည ၂ နာရီ ရှိပြီ ဖြစ်ကြောင်းကို မြည်ကြွေးလိုက်လေသည် ။ နာရီ သံချောင်းသံ ပျောက်သွားသော အချိန်၌ ညသည် ပို၍ တိတ်ဆိတ်လာ၏ ။
ထို တိတ်ဆိတ်ခြင်း သည် မမစန်း၏ လည်မျိုကို ညှစ်လေ သကဲ့သို့ စိတ် ကျဉ်းကျပ်လာလျက် ဟစ်အော် ပစ်လိုက်ချင်သော စိတ်တွေ ပေါ် လာသည် ။ တံခါးကို ဖွင့်လျက် လမ်းမ လျှောက်ပြေးသော် သက်သာရာ ရလေမည်လော ။ တောတွေ ချုံတွေထဲသို့ တိုးကာ ကိုယ်ကို ပစ်လှဲရသော် ကောင်းလေမည်လော ။ မနီးမဝေးရှိ မြစ်တွင်းသို့ ခုန်ချကာ တမောတကော ကူးလိုက် ရသော် စိတ်ချမ်းသာရာ ရလေမည်လောဟု တွေးမိသည် ။
ထို့နောက် မိမိ ဝင် လာသည်ကို လုံးဝ မသိလေကဲ့သို့ ဖခင်၏ ဓာတ်ပုံကို ယူကာ ခေါင်းအုံးအောက်တွင် တယုတယထား လိုက်သည် ။ ထို့နောက် အိပ်ရာထက်တွင် တက်လျက် အေးအေးဆေးဆေး စောင်ခြုံလိုက်ပြီးလျှင် တစ်ဖက်သို့ စောင်း ၍ မီးခလုတ်ကို ပိတ်လိုက်သည် ။ မမစန်းသည် မှောင်ထဲ၌ ကျောက်ရုပ်ကဲ့သို့ ရပ်နေ၏ ။ ဝမ်းထဲတွင် ဗလောင်ဆူလျက် ရှိ၏ ။ လည်ချောင်းဝတွင် နတ်သံ နှော၍ ပြောပြငိုယိုချင်သော စကားလုံးတွေ တစ်ဆို့လာ၏ ။
သို့သော် တစ်ခွန်းမျှ မထွက်လာခဲ့ ၊ မထွက်ဝံ့ခဲ့ ။ နောက်ဆုံးတွင် ခြေသံကိုမျှ မြည်မြည် မနင်းဝံ့ဘဲ စီးကျသော မျက်ရည်များနှင့် သမီးငယ်၏ အခန်းမှ ဖြည်းညင်းစွာ ထွက်ခွာလာခဲ့ရသည် ။
••••• ••••• •••••
နံနက်တွင် မမစန်းသည် ကျဆုံးခဲ့သူ၏ သင်္ချိုင်း ရှိရာသို့ စိတ်ဝမ်း မချမ်းမြေ့သော မျက်နှာ ဖြင့် တစ်လှမ်းချင်း လှမ်းလာသည် ။ မမစန်း၏ ဘေးတွင် မမစန်း၏ သမီးငယ်သည် မတုန်လှုပ်သော မျက်နှာဖြင့် အတူ ယှဉ်လျက်ပါလာ၏ ။
မမစန်း၏ နောက်နားတွင် ရဲအရာရှိကလေးသည် လွမ်းသူ့ပန်းခွေကြီးကို ကိုင်လာရ၏ ။ မြို့မိမြို့ဖ လူကြီးတို့သည် အစီအစဉ် အရ ရဲအရာရှိကလေး၏ နောက်နားမှ ကပ်၍ လိုက်ပါလာသည် ။ လူများသည် မမစန်း၏ မျက်နှာကို သနားကြင်နာသော စိတ်ဖြင့် ဝိုင်းဝန်း၍ ကြည့်နေကြ၏ ။
မမစန်း၏ မျက်လုံးများ သည် မို့မို့ကြွလျက် ညက အပြင်းအထန် ငိုကြွေးခဲ့ကြောင်းကို ဖော်ပြနေသည် ။ သင်္ချိုင်းရှေ့သို့ ရောက်သောအခါ ရဲအရာရှိကလေးသည် မမစန်း၏ လက်ထဲသို့ လွမ်းသူ့ပန်းခွေကို ထည့် လိုက်၏ ။
မမစန်းသည် တုန်ယင်သော လက်များဖြင့် ပန်းခွေကို လှမ်းယူကာ အလေးပြုဟု တိုင်ပေးသံကို နားထောင်နေရသည် ။ ထို အမိန့်ပေးသံနှင့် တကွ လူများ၏ မျက်နှာနှင့် အခမ်းအနား တစ်ခုလုံးသည် မမစန်း၏ ရင်ထဲ၌ တလှပ်လှပ် ဖြစ်လာပြီးလျှင် အာသာ တငင်းငင်း နှင့် ပြင်းပြစွာ မိုက်မှားမိသော မိမိကိုယ် အတွက် နောင်တရလာသည် ။
မမစန်းသည် သင်္ချိုင်းတွင် ပန်းခွေကို တုန်ယင်စွာ မှီထောင်ရင်း ဒူးညွတ် ကျ သွား၏ ။ ထို့နောက် အောင့်အည်း မျိုသိပ်ခြင်းငှာ မစွမ်းနိုင် ဘဲ သင်္ချိုင်းတွင် မျက်နှာ မှောက်ကာ ရှိုက်ကြီး တငင် ငိုကြွေးလိုက်လေသည် ။
မြို့မိမြို့ဖနှင့် တကွသော လူထုကြီးသည် မမစန်းကို ကြည့်လျက် စုတ်တသတ်သတ်နှင့် သနားနေကြ၏ ။
သမီးငယ် ဖြစ်သူသည် မိခင်ကို တစ်ချက်မျှ စိုက်ကြည့်လိုက်ပြီးလျှင် တည်ငြိမ်အေးစက်သော မျက်နှာဖြင့် လာလမ်းအတိုင်း အေးဆေးစွာ ပြန်သွားပါလေသတည်း ။
( စံနက်ကျော် အမည်ဖြင့် )
◾ရန်ကုန်ဘဆွေ
📖 မြဝတီ မဂ္ဂဇင်း
ဧပြီ ၊ ၁၉၅၉
No comments:
Post a Comment