Monday, May 18, 2026

အလုပ်ကောင်းသူ

❝ အလုပ်ကောင်းသူ ❞ 
         ( ပီမိုးနင်း )

မောင်လွန်းသည် ၎င်း၏ဦးလေး ကိုဘိုးထွန်းက ဘီအိုစီကုမ္ပဏီ၌ ပြောပေးသဖြင့် တစ်လလျှင် ၇၀ ကျပ်စား အလုပ်ကို ရလေ၏ ။ မောင်လွန်း၏ စိတ်အထင်ကား ဘီအိုစီသူဌေးကြီးသည် အလွန်တရာ ပိုက်ဆံပေါသောကြောင့် မိမိဦးလေး မျက်နှာထောက်သဖြင့် မိမိအား အလကား သက်သက် လခပေး၍ ထားသည်ဟု မှတ်ထင် လေသဖြင့် ထင်သလို နေလေ၏ ။

အလုပ်ကို တက်ချင်သော အချိန်မှာ တက်၍ ဆင်းချင်သော အချိန်မှာ ဆင်း၍ သွား၏ ။ ဦးလေးဖြစ်သူက အတန်တန် သတိပေးလေ၏ ။ အထက်လူကြီးများ သဘောကျအောင် ကြိုးစား ။ အလုပ်ကို နားလည်အောင် ဂရုစိုက် ၊ ထင်သလို မနေနှင့် ။ မင်းတို့ ယခုအရွယ်က ကျိုးကျိုးနွံနွံ လုပ်ရင် နောင်သည်ထက်ကြီးသောအခါ လူကြီးလူကောင်း ဖြစ်လိမ့်မည် ။ ဘီအိုစီသူဌေးကြီးများမှာ လူတစ်ယောက်ကို ကြည့်ရှုချင်လျှင် ဝန်ထောက်စစ်ကဲ မက ကြီးကျယ်အောင် ကြည့်ရှုနိုင်တယ် စသည်ဖြင့် ပြောဆို နားချလေ၏ ။ သို့သော်လည်း မောင်လွန်းသည် ဦးလေး ပြောသော စကားများကို ညာဘက်နားမှ ရိုရိုသေသေ သွင်းပြီး ဘယ်ဘက်နားမှ ကျွမ်းထိုး၍ အထွက် ခိုင်းလေသည် ။ အခြား မိတ်ဆွေသူငယ်ချင်းတို့ကလည်း အမျိုးမျိုး သတိပေးကြလေ၏ ။

“ ဘီအိုစီကို လာပြီး မင်း အရူးလုပ်နေသလား ။ မင့်အဖေ အိမ်မှသာ ထင်သလို လုပ်ရတယ် ၊ ဒီမှာ ထင်သလို မလုပ်ရဘူး ” စသည်ဖြင့် ပြောကြလေ၏ ။

ပြောသော်လည်း မရ ။ ထိုကဲ့သို့ ပြောသူများ မမြင်ရလေအောင် အလုပ်မှ နာရီပြန် ၂ ချက်တီး အချိန်ဆင်း၍ ရုပ်ရှင်ကို သွား၍နေ၏ ။ တစ်ရံတစ်ခါ နေ့လယ်စာစားရန် ဆင်းရာမှ အဖော်အပေါင်းများနှင့် သောက်ခါ စားခါ ဘောလုံးပွဲများကို ကြည့်၍ နေလေ၏ ။

တစ်နေ့သ၌ အလုပ်သမားများအား အလုပ် ဝတ္တရားအကြောင်းကို စာရေးကြီး တစ်ယောက်က ဟောပြောရန် စီမံလေရာ တိုက်ရှိ မန်နေဂျာများ ၊ သူဌေးများ ၊ စာရေးကြီးငယ်များ အားလုံးတို့သည် စိတ်အားထက်သန်စွာ နေရာအခမ်းအနားများကို ပြင်ဆင်ကြလေ၏ ။ ထိုစာရေးကြီးသည် ထိုကဲ့သို့ တစ်လတစ်ကြိမ် ဟောပြောလေ့ရှိ၏ ။ ၎င်းဟောပြောသည့်အခါတိုင်း လိုက်နာကျင့်ကြံသူများသည် အလုပ်အကိုင် ကြီးပွားတိုးတက်ကြသည်မှာ ကိုယ်တွေ့ ဖြစ်ကြလေ၏ ။

သို့ဖြစ်သောကြောင့် သူ့ထက်ငါ ၎င်းတရားကို နာဖို့ရန် စိတ်အား ထက်သန်ကြလေ၏ ။ မောင်လွန်း၏ ဦးလေးနှင့် ၎င်းတို့ကို ချစ်ခင်ကြသော မိတ်ဆွေတို့သည် မောင်လွန်းအား တရားကို သတိနှင့် နာဖို့ရန် တိုက်တွန်း ကြလျက် မတော်တဆ မနာဘဲနေမည် စိုးသောကြောင့် ၎င်းနှင့် မခွဲကြဘဲ အတူတူ နာဖို့ရန် အမြဲဂရုစိုက်၍ နေကြလေ၏ ။ ၎င်းစာရေးကြီး တရားများမှာကား အောက်ပါအတိုင်း ဖြစ်ကြလေ၏ ။

စာရေးများ ကြီးပွားချင်လျှင် မိမိ၏ လခကိုသာ ဂရုစိုက်၍ မနေရ ။ ကုမ္ပဏီ၏ အကျိုးစီးပွားကို အထူးဂရုစိုက်ရမည် ။ ကိုယ်တိုင် အလုပ်ကို ကောင်းမွန်စွာတတ်ဖို့ရန်သာ ဂရုမစိုက်ရ ။ အခြားသူများ၏ အလုပ်များကို တတ်သိနားလည်အောင် ဂရုစိုက်၍ အခြားသူများအား ကူညီလုပ်ကိုင်ပေးရမည် ။ ထိုအခါ အထက်လူကြီးများသည် ၎င်းစာရေးအား ဂရုစိုက်ကြောင်းကို သိမြင်လိမ့်မည် ။ သို့ သိမြင်သောအခါ လခ တိုးလိမ့်မည် ။ မိမိကိုယ်တိုင် လုပ်သော အလုပ်ထက် ပိုမိုခက်၍ ပိုမိုအရာရောက်သော အလုပ်များကို တတ်အောင် သင်ရမည် ။ မိမိ၏ အလုပ်ထက် မိမိက ပို၍တတ်ချေက ထိုစာရေးသည် မတိုးမတက်ဘဲ မနေနိုင်ပေ ။ ကြီးချင်သော သူသည် ငယ်နေ၍ မရပေ ။ မိမိအလုပ်ထက် မိမိက ပိုမို မကြီးမြင့်မူ၍ သေးငယ်နေချေက အလုပ်ကို မလုပ်နိုင်သူ ဖြစ်ရာ၏ ။ အလုပ်ကို မလုပ်နိုင်သောသူသည် မတိုးမတက်နိုင် ။ အလုပ်ကို နာရီ ကြည့်၍ မလုပ်ရ ။ အချိန်နာရီ စေ့သည့်နောက် မိမိ အလုပ်ကို ပိုမိုဂရုစိုက်ကာ လုပ်၍ နေချေက အထက်လူကြီးများသည် တွေ့ကြုံပေလိမ့်မည် ။ တွေ့ကြုံလျှင် အလုပ်ကို အင်မတန် ဂရုစိုက်သူဟု သဘောရလျက် ကြီးသော အလုပ်များကို လွှဲတတ်လေသည် ။ 

ဤနေရာ၌ မောင်လွန်း ကွယ်ပျောက်၍ သွားလေ၏ ။ အဘယ်ကို သွားသည်ဟု မည်သူမျှ မသိကြပေ ။ သို့ အတွက် မောင်လွန်းသည် အချိန်နာရီကို စောင့်၍ မလုပ်နှင့် ဟူသော စကားကို နားမထောင်လိုက်ရပေ ။ ဤနေရာ၌ မောင်လွန်းသည် ဘိုင်စကုတ်ရုံများမှာ ကြော်ငြာကားတွေကို လျှောက်ကြည့်လျက် ဘယ်ရုံက ကားကောင်းပြမည်ကို အကဲခတ်၍ နေလေ၏ ။ သို့ဖြစ်လေရာ ထိုဟောပြောချက်၌ အရေးအကြီးဆုံးအချက်တို့ကို မကြားလိုက်ရပေ ။

ထိုနေ့ညနေ၌ ဘိုင်စကုတ်များ ကြည့်၍ ပြီးသည့်နောက် တရုတ်ဟိုတယ်များကို သွား ၊ ပျော်ပျော်ပါးပါး စားသောက် ၊ မော်တော်ကားနှင့် လျှောက်၍ လည် ၊ ထင်ရာမြင်ရာတွေကို လုပ်၍ နေလေ၏ ။ ကြည့်ချင်ရာကို ကြည့်၍ နေ၏ ။ ငေးချင်ရာကို ငေး၍နေ၏ ။

သို့နေပြီးနောက် ဘိုင်စကုတ်များ ပြချိန်သို့ ရောက်သဖြင့် ဝင်၍ ကြည့်နေလေ၏ ။ ညဉ့်ဦး ၆ နာရီ ၉နာရီပွဲ ပြီးသောအခါ အခြားရုံသို့ ကူး၍ ကြည့်ပြန်လေ၏ ။ ပထမ ကြည့်သော ဇာတ်ကားမှာ အလွမ်းဇာတ်ကားကြီး ဖြစ်၍ အလွမ်းဇာတ်ကားကြီး ပြီးသည်နောက် ဒုတိယ ဇာတ်ကားမှာ အသောဇာတ်ကားကြီးဖြစ်၏ ။ ထိုအသော ဇာတ်ကားသည် ဒါရိုက်တာ အရူးများ စိတ်ကူးဖန်တီး၍ ပြသော မဖြစ်နိုင်သော ဇာတ်ဖြစ်လေသည် ။ ၎င်းဇာတ်သည် ရယ်ရလျှင် ပြီးရောဟု ကြံစည်စိတ်ကူး၍ လုပ်ထားသောဇာတ် ဖြစ်လေသည် ။

ကြည့်သူများသည်လည်း ဖြစ်နိုင်သည် မဖြစ်နိုင်သည်ကို မစဉ်းမစား ။ ရယ်မောရလျှင် ပြီးတမ်းဟု အောက်မေ့ကာ ကြည့်ကြသူများ ဖြစ်ကြလေသည် ။ ဒါရိုက်တာများသည် အရူးသွေးကလေး နည်းနည်းပါမှ သာလွန်၍ ကောင်းသည်ဟု ဆိုလျှင် မှားမည် မဟုတ်ပေ ။ မောင်လွန်းသည် ဤကဲ့သို့ မဟုတ်တမ်းတရား ဇာတ်ကွက်များကို အကုန်အစင် မှတ်သားမိ၏ ။

ဘိုင်စကုတ်ရုံမှ ထွက်ပြီးနောက် ဟိုတယ်၌ ဘီယာကို မြည်းရင်း ခရေစေ့တွင်းကျ အဖော်များအား ပြော၍ ပြလေသည် ။ သို့ပြော၍ ပြသည်မှာ ၄ နာရီလောက် ကြာပြန်လေ၏ ။ ဘီယာ ၆ ပုလင်းလောက် ကုန်အောင် သောက်၏ ။ ဒရဝမ်ကုလားဆီမှ ချေး၍ ရခဲ့သောငွေ ၂ဝ လည်း များစွာ မကျန်တော့ပေ ။

ထို့နောက် လန်ချားနှင့် အိမ်သို့ ပြန်လေ၏ ။ ဘီယာကလည်း ယစ်တစ်တစ် ဖြစ်သောကြောင့် လမ်းများမှာ မှားလျက် ဝေ့လည်ချောင်ပတ် ဖြစ်၍ နေလေ၏ ။ သို့ဖြစ်၍ နေပြီးသည်နောက် အမေမုဆိုးမကြီး စောင့်၍ နေသော နေအိမ်သို့ ရောက်၍သွားလေ၏ ။

မိခင်သည်ကား သားမိုက်လာသည်ကို မြင်လျှင် ဆုံးမလိုသဖြင့် အိမ်ကို တံခါးပိတ်၍ ထားလေ၏ ။ မမ ... မမ ဟု အပြင်က နေ၍ ခေါ်လေ၏ ။ မိခင်ကား ပြန်၍ မထူးပေ ။ သို့မထူးသောအခါ ထွက်၍ သွားလေ၏ ။ သွားပြီးသည့်နောက် ထင်ရာကို လှည့်ပတ်ပြီး အိမ်ကို ပြန်၍ လာပြန်လေ၏ ။ ထိုအခါ မိုးစိမ့်စိမ့်ရွာသဖြင့် မိခင်မှာ အိပ်ပျော်နေရာ အပြင်မှနေ၍ မမ .. မမ နှင့် တမမ အော်သော်လည်း မရပေ ။ သို့ဖြစ်လေရာ မိုးရွာထဲတွင် လန်ချားနှင့် လှည့်လည်၍ နေလေ၏ ။ သို့လှည့်လည်လျက် သူငယ်ချင်းများ၏ အိမ်ကို လိုက်၍ ရှာလေ၏ ။ သူငယ်ချင်းများကို မတွေ့ရပေ ။

ထိုအခါ မိခင်၏ အိမ်ကိုပင် ပြန်၍ လာလေသည် ။ ထိုအခါ အမယ်ကြီး နိုး၍ နေသည်နှင့် ကြုံကြိုက်လေ၏ ။ အိမ်ကို တက်သွားပြီး အနည်းငယ်မျှသာ ခေါ်ရလေ၏ ။ တံခါးပွင့်၍ လာပြီး ဝင်၍ သွားလတ်သော် အမေကြီးက “ ဟဲ့ … မောင်လွန်း ၊ နင် မိုးချုပ်လှချည်လား ၊ ဘယ်ကို သွားနေသလဲ ၊ နင် အလေနတော သွားနေရင် တစ်နေ့နေ့ ဘေးတွေ့လိမ့်မယ် ”

“ အမေ ဒီမျက်နှာကို ကြည့်ပါ ။ ဘေးတွေ့မယ့် မျက်နှာလားဆိုတာ ၊ ဒါထက် ခုတင်က ကျွန်တော် လာခေါ်တာ မမ ဘယ်ကို သွားနေသလဲ ”

အမေ ။  ။ “ ဘယ်သွားနေရမှာလဲ ငါ ဒီမှာ အိပ်နေတာပေါ့ ”

သား ။  ။ “ ကျွန်တော် အကြာကြီး ခေါ်တယ် ။ ခေါ်မရလို့ ထွက်သွားရတယ် ၊ မိုးတွေ ရွာလို့ ဒါနဲ့ မမက ကျွန်တော့်ကို အလေနတော သွားနေတယ်လို့ ပြောရသေးသလား ။ မမ တံခါးဖွင့်မပေးလို့ သွားရတာ ၊ မမ စောစောကလည်း တံခါးပိတ်ထားတယ် ။ နောက်တစ်ခါ ခေါ်တော့လည်း အရှိသားနဲ့ မြုံနေတယ် ။ ကျွန်တော့်ကို မလာစေချင်ဘူးလား ”

“ ဟဲ့ ငါ မြုံနေတာ မဟုတ်ပါဘူး ။ မမ စောစောက မျှော်နေတာပဲ ။ သားကို မလာစေချင်ပဲ ရှိပါ့မလား ။ ငါ့သား မပေါ်လာရင် မမက စိတ်ပူနေတာ ” 

“ စိတ်ပူနေလို့ တံခါးပိတ်ပြီး မြုံနေတာပေါ့ ”

ထိုကဲ့သို့ ကတောက်ကဆတ် ပြောရင်း စကားများပြီး စိတ်ဆိုး၍ အိမ်ပေါ်က ဆင်းလာပြန်လေ၏ ။ သို့လာခိုက်တွင် မိမိကိုယ်ကို ကျိန်ဆဲ၍ လာလေ၏ ။ ဓားနဲ့သေပါစေ ၊ လှံနဲ့သေပါစေ ။ မြွေကိုက်လို့သေပါစေ စသည်ဖြင့် မိမိကိုယ်ကို ကျိန်ဆဲလေ၏ ။

အမေကြီးက ပြန်၍ ခေါ်၏ ။ ပြန်၍ ခေါ်သည်ကိုလည်း မကြားဟန်ဆောင်ခဲ့လေ၏ ။ သို့သွားရာ ဘီအိုစီ အလုပ်တိုက်သို့ ရောက်၍ သွားလေ၏ ။ ရောက်သွားပြီးနောက် မိုးကလည်း စိပ်စိပ် ရွာသဖြင့် လန်ချားပေါ်က မဆင်းဘဲ အလုပ်တိုက်ထဲ ဝင်ရရင် တော်လေမည်လား ၊ အလုပ်တိုက်ပဲ အိပ်ဖို့ရာ နေရာရှိတော့သည် ။ သော့ကို ဖွင့်ဖို့ရန် ဒရဝမ်ကု,လားတွေ ရှိမှ ရှိပါ့မလား ။

ထိုကဲ့သို့ ချီတုံချတုံ စဉ်းစားနေရင်း စိတ်ကို မဆုံးဖြတ်နိုင်ဘဲ လန်ချားကု,လားအား လန်ချားကို ဆွဲဖို့ရန် အဆွဲခိုင်းလေ၏ ။ အနီးအပါး ပတ်ဝန်းကျင်၌ လန်ချား နှင့် လှည့်ပြီးသည်နောက် အလုပ်တိုက် နားသို့ ပြန်၍ ရောက်သွားလေ၏ ။ လန်ချားပေါ်က ပြေး၍ ဆင်းပြီး အလုပ်တိုက် တံခါးကို ဖွင့်ဖို့ရန် ဒရဝမ်ကု,လားများကို လိုက်လံ၍ ရှာလေ၏ ။ ဒရဝမ်ကု,လားများသည်လည်း မိုးရွာသဖြင့် နွေးရာချောင်မှာ စု၍ နေကြသော ကြောင့် တစ်ယောက်မျှ ရှာလို့ မတွေ့ပေ ။

မိမိကို သူခိုးထင်၍ သေနတ်နှင့် ပစ်လိုက်ခတ်လိုက်မည်ကိုလည်း စိုးရိမ်ရ၏ ။ ဒီဒရဝမ်ကု,လားတွေကလည်း ဘယ်ကိုသွားနေကြသလဲ မသိဟု တွေးလေ၏ ။ အဝတ်အစားများမှာ မိုးစိုစ ပြုလေ၏ ။ သို့သော်လည်း ဂရုမစိုက်ပေ ။

နောက်ဆုံး၌ ဒရဝမ်ကု,လားတစ်ယောက်ကို တွေ့လေ၏ ။ သို့သော်လည်း ထိုဒရဝမ်ကု,လားမှာ သော့ထိန်းသော ကု,လားမဟုတ်ပေ ။ သော့ထိန်းသောကု,လား ဘယ်မှာလဲဟု မေးသောအခါ ထိုကု,လားက မိမိ ပြပါမည်ဟု ပြောသဖြင့် ၎င်းကု,လားနောက်သို့ လိုက်၍ သွားရလေ၏ ။ ထိုကု,လားနောက်သို့ အတန်ကြာ လိုက်၍ နေရလေ၏ ။ ဟိုချောင်ကွေ့ ၊ ဒီချောင်ကူး ၊ ချောင်အမျိုးမျိုးကို ရောက်ကြလေ၏ ။

၎င်းနောက် တစ်ခုသော ချောင်၌ တမာကူ သောက်၍ နေသော ကု,လားကြီးတစ်ယောက်နှင့် တွေ့ လေ၏ ။ ၎င်းကု,လားကြီးသည် မောင်လွန်းကို မြင်လျှင်မြင်ချင်း အလေးဂရုပြုကာ ပျာယီးပျာယာ ထ၍ မတ်တတ်ရပ်လေ၏ ။ မောင်လွန်းက အကျိုးအကြောင်းကို ပြော၍ပြသော အခါ ကု,လားကြီးသည် လိုက်၍ လာပြီး အလုပ်တိုက် တံခါးကို ဖွင့်၍ ပေးလေ၏ ။ ထို့နောက် ကု,လားကြီးက မိမိလည်း မကြာမီ လာ၍ အိပ်မည့် အကြောင်းကို ပြောပြီး ဆင်း၍ သွားလေသည် ။

ထိုအလုပ်ခန်းထဲသို့ ရောက်သောအခါ နွေးပြီး အတော်ကလေးချမ်း၍ သွားလေ၏ ။ သောက်ခဲ့ရသော ဘီယာများမှာမူကား လန်ချားနှင့် သွားရ လာရသဖြင့် အကုန်အစင် လွင့်စဉ်ပယ်ပျောက်ခဲ့လေသည် ။ မောင်လွန်းသည် အိပ်ဖို့ နေရာကို ကြည့်ရှု စီမံလေ၏ ။ နောက်မှီ ခုံတန်းလျားကြီး တစ်ခု၌ ခေါင်းအုံးအုံးရန် စာအုပ်ထူကြီးများကို ချပြီး ၎င်းစာအုပ်များ ပေါ်၌ ကုတ်အင်္ကျီ တစ်ထည်ကို ချွတ်၍ တင်ထားလေ၏ ။ ရှပ်အင်္ကျီနှင့်သာ မိမိ၏ အလုပ် စားပွဲမှာ ထိုင်လျက် သတင်းစာ တစ်ခုကို ကြည့်၍ နေလေ၏ ။ မောင်လွန်း၏ စိတ်၌ မိမိကို အလုပ်ခန်း၌ အထက်လူကြီးများ အချိန်မတော် တွေ့ရှိရချေက အဘယ်လိုလုပ်မည် ။ အဘယ်လို သဘောရမည်ဟု မတွေးတတ်အောင် ရှိလေ၏ ။ သို့သော်လည်း ကံ အကြောင်းတရားပဲဟု အောက်မေ့ကာ မိမိ၏ စားပွဲအနီးက စားပွဲတစ်ခုမှာ အလုပ်လုပ်သော စာရေးတစ်ယောက်သည် အဆုတ်ရောဂါနှင့် သေပြီးသည်မှာ မကြာသေးပေ ။

ဤစာရေး တစ္ဆေဖြစ်ပြီး လာ၍ ခြောက်ချေက အဘယ်ပုံ လုပ်ရမည်နည်းဟု တွေးတောလျက် ဣတိပိသောကို ရွတ်၍ နေလေ၏ ။ ထိုကဲ့သို့ ရွတ်၍နေသည့် အတွင်း ပြတင်းပေါက်တစ်ခုက အသံမြည်၍ လာလေ၏ ။ ထိုအသံကို ရုတ်တရက် ကြားလျှင် ရုတ်တရက် ထိတ်လန့်လျက် ဦးခေါင်းကြီး၍ သွားလေသည် ။ အသံမှာကား အခြားမဟုတ် လေတိုက်သော အသံ ဖြစ်လေသည် ။

ထိုအတွင်း ကု,လားကြီး ဝင်၍ လာပြီး မိမိ ကြောက်စရာတွေ တွေး၍ နေခိုက် ကု,လားကြီး ရောက်၍ လာသောကြောင့် အတော်ကလေး အားတက်လေ၏ ။ ထိုအခါ သောက်ခဲ့ပြီးသော ဘီယာအရက်များ လွင့်ပါးပပျောက်သည့်အတွက် မိမိမှာ သွေ့ သွေ့ခြောက်ခြောက် ဖြစ်၍နေလေ၏ ။

သို့ သွေ့သွေ့ခြောက်ခြောက် ဖြစ်၍နေရာ ကု,လားကြီးအား ဘီယာ အဝယ်ခိုင်းလေ၏ ။ ကု,လားကြီးက အချိန် မရှိတော့ကြောင်းကို ပြောလေ၏ ။ ထိုအခါ မောင်လွန်းက ဘီယာ မရှိရင် ချက်အရက် ဝယ်ပေးရမည့် အကြောင်းပြောလေ၏ ။ ချက်အရက် ဘယ်မှာ ရနိုင်သည့် အကြောင်းကိုလည်း ပြော၍ ပြလေ၏ ။

အိတ်ထဲမှ ငွေကို နှိုက်၍ ကြည့်သောအခါ ငွေ ၁ ကျပ်မျှ ရှိတော့သည်ကို တွေ့ရသဖြင့် ကု,လားကြီးထံမှ ငွေ ၁ဝ ကျပ်ကို ချေးလေ၏ ။ ငွေ ၁ဝကျပ်ကို အော်ဒီမန်၌ လွန်ခဲ့သော ၂ နှစ်လောက်က ချေးသော အနေနှင့် ရက်စွဲတပ်ပြီး ချေးယူလေ၏ ။ ငွေ ၁၀ ကျပ်ကို ရပြီး သည့်နောက် ကု,လားကြီးအား လမ်းစရိတ် ၁ ကျပ် ၂ ကျပ်ဖိုး အရက်ဝယ်ရန် ငွေ ၃ကျပ်နှင့် ခိုင်းလိုက်လေ၏ ။ ကု,လားကြီးလည်း ထွက်၍ သွားလေ၏ ။

ကု,လားကြီး ပြန်လာမည်ကို စောင့်၍ နေသော အတွင်း တံခါးပေါက်ကို ဖွင့်ပြီး စာရေးတစ်ယောက် ဝင်လာလေ၏ ။ ထိုစာရေးမှာ ဗိုလ်ကပြား ဖြစ်လေ၏ ။ မောင်လွန်းအား ဘာလုပ်နေသလဲဟု မေးလေ၏ ။ “ ကျုပ် ဘာမှ မလုပ်ပါဘူး ၊ ပျင်းတာနဲ့ လာနေတာ ” ဟု ပြန်၍ ပြောလေ၏ ။

“ မင်းကို သူဌေးတွေ့ရင် ဆူလိမ့်မယ် ”

“ ဆူချင် ဆူပါစေ ။ ငါတော့ကာ ချမ်းတာနဲ့ ဒီအခန်းထဲမှာ နွေးဖို့နေတာ ။ ကဲ .. အိပ်ချင်ရင်လည်း အိပ်မလား မသိဘူး ” ဟု ပြန်၍ ပြောလေ၏ ။

“ ဒီမှာ မနေနဲ့ကွ ၊ တစ်ခုခု ဖြစ်ရင် မင်းကို စွပ်စွဲနေလိမ့်မယ် ”

မောင်လွန်းသည်ကား ၎င်း၏ စကားကို ဂရုမစိုက် ။

ထိုအခါ ၎င်းစာရေးသည် မောင်လွန်းကို ကြည့်ကာ မင်း ဒုက္ခရောက်လိမ့်မယ်ဟု ပြောပြီး ဆင်း၍ သွားလေသတည်း ။

မောင်လွန်းသည်ကား ၎င်း၏ စကားကို မကြားသကဲ့သို့ နေရစ်လေ၏ ။ အတန်ကြာလတ်သော် ကု,လားကြီး ပြန်၍ လာလေသည် ။ ကု,လားကြီးအား ဖန်ခွက်များ အယူခိုင်းလေ၏ ။ ကု,လားကြီးသည် ရှာလပတ်ရည်ဆိုင် တစ်ခုမှ ဖန်ခွက်ငယ် တစ်ခုကို ပြေး၍ ယူလေသည် ။

အတော်ရေငတ်နေသော မောင်လွန်းသည် ဖန်ခွက်နှင့် ပုလင်းကို ကြည့်၍ နှုတ်ခမ်း တပြင်ပြင်နှင့် နေလေသတည်း ။ ပုလင်းကို မြှောက်ကိုင်ကာ ဓာတ်မီးရောင်၌ ကြည့်လေ၏ ။ ပုလင်းမှာ သော့တံဆိပ်ဘီယာပုလင်း ဖြစ်လေရာ အရက်မှာ ပုလင်းလည်ပင်း တစ်ဝက်အထိ ရှိသည်ကို တွေ့ရလေ၏ ။ ၎င်းအရက်ကို စားပွဲပေါ်၌ လောင်းသွန်ကာ မီးခြစ်ခြစ်၍ တို့ကြည့်လေ၏ ။ တို့ကြည့်ရာတွင် ဟုတ်ခနဲ မီးစွဲလေ၏ ။ စွဲသောမီးသည် မီးရောင် ပြာပြာကလေး ဖြစ်လျက် စားပွဲပေါ်၌ အရက်ရှိသမျှ နေရာကို လိုက်၍ တောက်လောင်လေသည် ။

ထိုမီးကို အားရဝမ်းသာ ကြည့်လျက်နေလေ၏ ။ မီးအလိုလိုသေမှ ၎င်းနေရာကို စက္ကူများနှင့် ပွတ်တိုက်၍ ပစ်လေ၏ ။ ထို့နောက် အရက်ကို ဖန်ခွက်ကလေးနှင့် ပြည့်လုခမန်း ငှဲ့၍ သောက်လိုက်လေ၏ ။ တစ်ဖန် ပြည့်လုခမန်း ငှဲ့ပြန်၏ ။ ငှဲ့ပြီးနောက် ကု,လားကြီးအား သောက်ဖို့ ပေးလေ၏ ။ ကု,လားကြီးက မိမိ မူးအောင် မသောက်နိုင်ကြောင်း ငြင်းပယ်သော်လည်း အတင်း တိုက်သဖြင့် ဖန်ခွက် တစ်ဝက်လောက် သောက်လိုက်ရလေ၏ ။ ကု,လားကြီးသည် ရှုံ့မဲ့၍ အရက်ခွက်ကို ပြန်၍ချလေ၏ ။ မောင်လွန်းသည် မတ်တတ်ရပ်ကာ ပါးစပ်မှ ထွက် ဟု ဆိုပြီး ကု,လားကြီး ဦးထုပ်ဖြူဖြူကလေးကို ခြေလိမ်၍ ချလိုက်လေ၏ ။ ထို့နောက် လက်ခုပ်တီးကာ ခြေက ကလျက် တစ်ပတ်နှစ်ပတ် လှည့်လေ၏ ။ နောက် တစ်ခွက် ငှဲ့၍ သောက်ပြန်လေပြီးသည့်နောက် ကု,လားကြီးကို ဘယ်မှာ အိပ်မလဲဟု မေးလေသည် ။ ကျွန်တော် ဒီအခန်းထဲမှာ အိပ်မယ်ဟု ပြန်ပြောလေသည် ။

ဒီလိုဖြင့် မင်း အိပ်ရာပြင်ပြီး အိပ်ဟု ပြောသောအခါ ကု,လားကြီးသည် ဤအလုပ်ခန်းထဲ၌ စားပွဲခုံအောက်တွင် ပက်လက်လှန်လျက် အခန့်သား အိပ်၍နေရာ ခြေထောက်ကြီးနှစ်ချောင်းသည် စားပွဲအပြင်သို့ ထွက်၍ နေလေ၏ ။ ထိုအခါ မောင်လွန်းသည် မိမိစားပွဲ၌ ထိုင်ကာ သတင်းစာကို ကြည့်၍ နေလေ၏ ။

သို့ကြည့်၍ နေခိုက်တွင် ဗရားဆပ်ကြီး အခန်းထဲသို့ ဝင်၍ လာသဖြင့် ကလောင်တံ တစ်ခုနှင့် စာရင်းစာအုပ် တစ်ခုကို ယူကာ ဖွင့်ပြီး စူးစိုက်ကာ ကြည့်၍ နေရာ မောင်လွန်းသည် ဗရားဆပ်ကြီး လာသည်ကိုမျှ မမြင် သကဲ့သို့ နေလေ၏ ။ ပုလင်းနှင့် ဖန်ခွက်ကို မတော်တဆ ဗရားဆပ်ကြီး လာလျှင် တိုက်မိမှာ စိုးသောကြောင့် ကုန်း၍ ယူပြီး စားပွဲအောက်သို့ သွင်း၍ ထားလေ၏ ။ ထို့နောက် စာရင်းစာအုပ်ကိုပင် ပြန်၍ ဂရုစိုက်ကာ နေလေ၏ ။ ဗရားဆပ်ကြီးသည် ၎င်းကို မြင်လျှင် အံ့အားသင့်၍ နေလေ၏ ။ မောင်လွန်း သည်ကား အံ့အားသင့်ဟန်ကို မပြ ။ စာရင်းစာအုပ်၌ တစ်စုံတစ်ရာကို ရေးခြစ်ဟန်ပြု၍ နေလေ၏ ။ ဗရားဆပ်ကြီးသည် မောင်လွန်း၏ အပါးသို့ ရောက်အောင်လာပြီး မောင်လွန်း ကြည့်နေသော စာအုပ်သည် စာရင်းစာအုပ် ဖြစ်သည်ကို တွေ့ရသောအခါ “ မင်း အလုပ်အင်မတန်ကြိုးစားပါလား ။ ဒီတိုက်မှာ မင်းလို ကြိုးစားသူ နှစ်ယောက်ရှိရင် ဒီတိုက်ကြီး အများကြီး ကြီးပွားမှာပဲ ။ မင်းကို အလုပ် တိုးပေးဖို့ ကျုပ် မန်နေဂျာကို ပြောလိုက်မယ် ၊ မင်းနာမည် ဘယ်လို ခေါ်သလဲ ” 

“ ကျွန်တော့်နာမည် မောင်လွန်းပါ ” ဟု ပါးစပ်က လေမထွက်အောင် မနည်းကြီး စေ့၍ ပြောရလေ၏ ။

နောက် တနင်္ဂနွေ တစ်ပတ်လောက် ကြာသောအခါ မောင်လွန်းသည် လခ ၇ဝ ကျပ်မှ လခ ၇ဝဝ ကျပ်ထိ တိုးမြှင့်၍ သွားလေသတည်း ။

 ▢  ပီမိုးနင်း
📖 မြန်မာ့အလင်း မဂ္ဂဇင်း 
      နိုဝင်ဘာ ၊ ၁၉၂၉

No comments:

Post a Comment