Sunday, May 3, 2026

ဒုက္ခ နဲ့ တည်ဆောက်ခဲ့တဲ့ ဘဝ


❝ ဒုက္ခ နဲ့ တည်ဆောက်ခဲ့တဲ့ ဘဝ ❞

[ မန္တလေးမြို့မှာ ဆင်းရဲနွမ်းပါးသူတွေ နာရေးကိစ္စ ရှိလို့ ငွေကြေး မတတ်နိုင်ရင် အကူအညီ ပေးဖို့ ယူဒီဦးခင်မောင်ဝင်း ( ၄၃ နှစ် ) က ဗြဟ္မစိုရ် လူမှုကူညီရေး အသင်းမှာ ငွေ အပ်နှံပေးထားတယ် ။ ဆွမ်းသွတ်ဖို့က အစ စည်ပင်သာယာရေးမှာ ပေးသွင်းရမယ့် သင်္ဂြိုလ်စရိတ် အထိ စရိတ်စက အားလုံးကို သူက ကျခံပေးတယ် ။

ယူဒီ ဦးခင်မောင်ဝင်းမှာ ယူဒီမော်တော်ကားထုတ်လုပ်ရေး လုပ်ငန်း ရှိတယ် ။ သူ့လုပ်ငန်းက တစ်နေ့ကို ဂျစ်ကား တစ်စီး နဲ့ ထရပ်ကား တစ်စီး ပုံမှန် ထုတ်လုပ်တယ် ။ ယခုအခါ မန္တလေးမြို့က ကားထုတ်လုပ်ရေးစက်ရုံ မှာ ပစ္စည်း အစိတ်အပိုင်းအလိုက် တပ်ဆင်မှု ( assembly ) စနစ်သစ်ကို စီစဉ်စမ်းသပ် လုပ်ကိုင်နေပြီ ဖြစ်ပြီး အမြောက်အမြား ထုတ်လုပ်ဖို့ အဆင်သင့် ရှိနေပြီလို့ ဆိုပါတယ် ။ ယူဒီ ဦးခင်မောင်ဝင်း ထုတ်လုပ်တဲ့ ကားတွေဟာ အခြားက ကားတွေလို ခေါင်းပြင်ဖင်ဖြတ် ကိုယ့် တံဆိပ် ကပ်တာ မဟုတ်ဘဲ သံပြားကြီးတွေကို ဖြတ်စက်နဲ့ ဖြတ် ၊ မိုတွေနဲ့ ပုံဖော်ပြီး ထုတ်လုပ်ရေးလုပ်ငန်းခွဲ တစ်ခုကိုလည်း ရန်ကုန်မြို့ မှာ ထားရှိ ထုတ်လုပ် နေတယ် ။

ယူဒီ မီးစက်လုပ်ငန်း ၊ ယူဒီ ကရိန်းလုပ်ငန်း စတဲ့ လုပ်ငန်းခွဲတွေကိုလည်း ယူဒီ ဦးခင်မောင်ဝင်းက ဦးစီးလုပ်ကိုင်လျက် ရှိပါတယ် ။

အောင်မြင်တဲ့ ဘဝ တစ်ခု ကို ရရှိဖို့ ယူဒီ ဦးခင်မောင်ဝင်းက အရင်းအနှီး ကြီးကြီးမားမား ပေးခဲ့ရတယ် ။ သူ့ ဘဝမှာ ကြီးမားတဲ့ ဒုက္ခတွေ ကြုံတွေ့ခဲ့ရတယ် ။

သူ့ဘဝ သူ့အကြောင်းကို သူ့ အလုပ်ခွင်က ဝန်ထမ်းတွေကို သူက ပြောပြလေ့ ရှိတယ် ။ သူ့ ဝန်ထမ်းတွေကို ကြိုးစားဖို့ အားထုတ်ဖို့ သူက တိုက်တွန်းတယ် ။ သူ့ဘဝ နာခဲ့တာကို သူ့ ဝန်ထမ်းတွေ သိမှ သူတို့ ကို ကြိုးစားစေချင်တဲ့ စေတနာကို နားလည်မှာ ။ ဒါမှ သူတို့နဲ့ ကျွန်တော်တို့ နဲ့ အမြန်နှုန်း ( speed ) တူ သွားပြီ အလုပ်လုပ်လို့ ကောင်းမှာ ။ ကျွန်တော့်ဘဝ အကြောင်းကို သူတို့ သိပြီး တစ်ခုခု ရစေချင်တယ်လို့ ယူဒီ ဦးခင်မောင်ဝင်း က ပြောတယ် ။ ]

••••• ••••• •••••

ကျွန်တော့် အဖေ ဦးသောင်းဉာဏ် က စစ်ကိုင်း စာရေးရွာဘက် က ၊ ဒေါ်ခင်ရှိန် က ထန်းတောရွာ က ။ လေးငါးမိုင် ဝေးတဲ့ ရွာနှစ်ရွာက အကြောင်းပါ အိမ်ထောင်ကျပြီး မန္တလေးမြို့ပေါ် ကို ပြောင်းရွှေ့လာကြတယ် ။

အဖေက ( တစ်ချိန်က မန္တလေးမှာ စနစ်တကျ အဆင့်မြင့်မြင့် ဖွဲ့စည်းထားခဲ့တဲ့ ) ထင်ပေါ်ယာဉ်စက်မှာ ရေဆေးဆီလိုက်ဘက်မှာ အလုပ် ဝင်လုပ်တယ် ။ အမေက သန့်ရှင်းရေးပိုင်းမှာ ဝင်လုပ်တယ် ။

ရေဆေးဆီလိုက် ဘက်မှာ လုပ်ရင်း အချိန် အားတဲ့အခါ အဖေက စက်ပြင်တဲ့ ဘက်မှာ ဝင် လုပ်ပေးရင်း အကျွမ်းတဝင် ဖြစ်လာတယ် ။ နောက်တော့ ရေဆေးဆီလိုက် ကနေ စက်ပြင်လုပ်ငန်း ဘက် ဖြစ်သွားတယ် ။

အဖေတို့ အမေတို့ ထင်ပေါ်ယာဉ်စက်မှုက ဝန်ထမ်းအိမ်ရာမှာ နေခိုက် ၁၉၆၂ ခုမှာ ကျွန်တော့်ကို မွေးတယ် ။ ကျွန်တော့် အသက် လေးငါးခြောက်နှစ် အထိ ထင်ပေါ် မှာပဲ နေကြတာ ။ ကျွန်တော့် အသက် ခုနစ်နှစ် ၊ ရှစ်နှစ် လောက်မှာ အဖေက ထင်ပေါ် ကို ခွင့်တောင်းပြီး ကိုယ်ပိုင်လုပ်ငန်း ထောင်တယ် ။ စီးပွား ရေးအဆင်ပြေပေမဲ့ အဖေ နဲ့ အမေ ရဲ့ အိမ်ထောင်ရေးက အဆင်မပြေ ဖြစ်ပြီး လမ်းခွဲကြတယ် ။ အဲသည် အချိန်က ကျွန်တော့် ပညာရေးက တစ်တန်းပဲ ရှိသေးတယ် ။

ကျွန်တော်က အမေနဲ့ ရွာ ကို ပြန်သွားပါတယ် ။ တစ်ခါတလေ ရွာမှာ အမေ နဲ့ နေလိုက် ၊ တစ်ခါတလေ မန္တလေးက အဒေါ် နဲ့ နေလိုက် ၊ အဖေ့ဆီ သွားနေလိုက်နဲ့ ငါးတန်း အထိ ကျောင်း ငါးကျောင်း ပြောင်းနေခဲ့တယ် ။ ငါးတန်း အထိ တစ်နှစ် တစ်တန်း အောင်ခဲ့ပြီး နောက် အမေနဲ့ ရွာ ပြန်လိုက်သွားတယ် ။ အဲသည် အချိန်က အမေ့ စီးပွားရေးက တော်တော် ဆိုးသွားပြီ ။ အမေ့မှာ ကိုယ်ပိုင် မြေယာ မရှိတော့ဘူး ။ ကူလီ လုပ်ရတာပေါ့ ။ ကျွန်တော် ကလည်း အမေနဲ့ ဒိုးတူ ပေါင်ဖက် ဝင်လုပ်တာပေါ့ ။

စားရေးသောက်ရေးက ခက်ခဲတယ် ။ ဆန်ပြုတ်တောင် ဝအောင် သောက်နိုင်တဲ့ အနေအထား မရှိဘူး ။ အမေနဲ့ တောထဲ လိုက်ပြီး ဆူးပုပ်ရွက်တို့ ကဆစ်သီးတို့ လိုက်ခူးပြီး အုန်းတော မှာ သွား ရောင်းတယ် ။ အုန်းတော က အမေ့ ရွာနဲ့ သုံးမိုင် လောက် ဝေးတယ် ။ ကားလမ်းဆုံပေါ့ ။ အဲသည်တုန်းက ကျွန်တော့် အသက်က ၁၂ နှစ် ၁၃ နှစ် လောက် ရှိပြီ ။ သွားရောင်းလို့ ပိုက်ဆံရရင် ဆန်ဝယ်တယ် ။ ပိုက်ဆံ မရရင် ပါတဲ့ ဟင်းသီးဟင်းရွက် ကို ရသလောက် ဆန်နဲ့ လဲတယ် ။ အိမ်မှာ ကျန်ရစ်တဲ့ နှမကလေးတွေ ကတော့ ကျွန်တော့် အပြန်ကို ဗိုက်ဆာဆာနဲ့ မျှော်ရင်း ငိုနေကြတာပေါ့ ။ ကျွန်တော် ကလည်း သွားကတည်းက မှာခဲ့တာ ၊ ရေနွေးအိုး တည်ထားနှင့်ကြ ။ ပြန်လာလို့ ထမင်းချက်လောက်အောင် ဆန် ပါလာရင် ထမင်း ချက်တယ် ၊ နည်းရင် ဆန်ပြုတ် ပြုတ်သောက်တယ် ။

အဲသည် အချိန်က ကျွန်တော်တို့မှာ ဆန်ပြုတ်တောင် ဝအောင် ပြုတ်သောက်နိုင်တဲ့ အနေအထား မရှိဘူး ။ အဲသည်မှာ တော်လှန်ရေး စတော့တာပဲ ။ နိုင်ငံရေးတော်လှန်ရေး မဟုတ်ဘူး ၊ ကိုယ့်ဘဝ ကိုယ် တော်လှန်ဖို့ တော်လှန်ရေး ။ ဆင်းရဲတော့ ဘယ်လိုက ဘယ်လို သတ္တိတွေ ထွက်လာသလဲ မသိဘူး ၊ ဘာမဆို အကုန် လုပ်မယ် ၊ ငွေ ရရင် ဘာမဆို လုပ်မယ် ဆိုတာမျိုးတောင် ဖြစ်လာတယ် ။

အဲသည် အချိန်က ကျွန်တော် စာတွေ အများကြီး ဖတ်ခဲ့တယ် ။ စာထဲက တစ်ခုခုတော့ ရမှာပဲ မျှော်မှန်း ဖတ်တာ ။ အမေ ကလည်း ရွာမှာ မနေဘဲ မြို့ သွားဖို့ ပြောတယ် ။ မြို့ သွားနိုင်အောင် ကြိုးစားပါတဲ့ ။ ကျွန်တော် ထင်းခုတ်တယ် ၊ ငုတ်တူးတယ် ၊ သစ်မြစ်တွေ ဖော်တယ် ၊ ရောင်းပြီး ပိုက်ဆံ စုတယ် ။ စုလို့ ရတဲ့ ပိုက်ဆံနဲ့ ပုဆိုးအသစ် နှစ်ထည် ဝယ်တယ် ၊ ဝယ်ပြီးတော့ ပိုက်ဆံ ၃၅ ကျပ်ပဲ ပိုတယ် ။ သူများတွေ မျောက်ပန်းလှန် ကြက်တိုက် နေကြတဲ့ အချိန်မှာ ကျွန်တော် နဲ့ သူငယ်ချင်း ညွန့်လှိုင် တို့က တောထဲ သွားပြီး ငုတ်တူး ထင်းခုတ်ကြတာ ။

မန္တလေး သွားပြီး အဖေ့ ဆီမှာ အလုပ် ဝင်လုပ်တယ် ။ အဲသည်အချိန်မှာ အဖေက ကိုယ်ပိုင် ဝပ်ရှော့ ပျက်သွားပြီ ။ ကားပျက်တာတွေ ခြေကောက် လိုက် ပြင်ပေးနေရတဲ့ အခြေအနေ ၊ ခြေကောက် ဆိုတော့ ဝါယာရင်း အလုပ် တစ်ခုပဲ လုပ်တဲ့အချိန် ။ အဖေ နဲ့ လေးငါးခြောက်လ လောက် လုပ်လိုက်တော့ ဝါယာရင်း လုပ်ငန်းရဲ့ သဘောသဘာဝကို ကျွန်တော် ကောင်းကောင်း သဘောပေါက် သွားပြီ ။ နေ့မှာ အလုပ်လုပ် ၊ ညမှာ အဖေ ခိုင်းတဲ့ အတိုင်း စာရွက်ပေါ်မှာ ကားတွေ ဝါယာဆက်သွယ်တဲ့ ပုံစံတွေ ဆွဲတယ် ။

လမ်း ၂ဝ က ဆရာ ဦးဖေသန်း ဝပ်ရှော့ကို ကျွန်တော် ရောက်သွားတော့ ဆရာက မင်း ပညာ ကောင်းကောင်းသင်ဖို့ ငါ့ ဆီမှာ မနေချင်ဘူးလား မေးတယ် ။ နေချင်တယ် ဆိုတော့ ဆရာက ခေါ်ယူတယ် ။ ၁၉၇၇ ခုနှစ် ကျွန်တော့် အသက် ၁၅ နှစ် မှာ ဆရာဦးဖေသန်း ဆီမှာ ကျွန်တော် အလုပ် စဝင်တယ် ။

ဆရာ့ ဆီမှာ နေ့နေ့ညည အလုပ် လုပ်တယ် ။ အလုပ်လုပ်ရင်း ပိုတဲ့ အချိန်တွေ ဘယ်လို အသုံးချရမလဲ စဉ်းစားတယ် ။ ကျွန်တော့် မျှော်မှန်းချက်တွေ ထဲမှာ လိုမယ်ထင်တဲ့ နည်းပညာတွေ ၊ အချက်အလက်တွေ အားလုံး လိုက်စုတယ် ။

ကျွန်တော် မျှော်မှန်းထားတဲ့ လမ်းကြောင်းကို သွားဖို့ ဆိုရင် ငွေလည်း လိုမယ် ၊ အတတ်ပညာ တစ်ခုခု လည်း လိုမှာပဲ ၊ ကျွန်တော့်မှာ အလိုလို အားငယ် စိတ်က ရှိနေတော့ ကိုယ်ခံပညာလည်း တတ်ချင်တယ် ။ ဂီတ နဲ့ ပတ်သက်လို့လည်း တတ်ဖို့ လိုမှာပဲ ။ Languauge တစ်ခု ခုလည်း တတ်ထားဖို့ လိုသေးတာပဲ ။ ဆရာမ ဒေါ်မမနိုင် နဲ့ အဆက်အသွယ် လုပ်ပြီး အင်္ဂလိပ်စကား သင်တယ် ။

မနက် ၅းဝဝ နာရီ ဆို ကျွန်တော် အိပ်ရာ ထတယ် ။ ကရာတေး သွားသင်တယ် ။ ၇း၀၀ နာရီဆို အလုပ်ခွင် ပြန် ရောက်ပြီ ။ အဲသည်အချိန်မှာ ကျွန်တော့် လုပ်ဖော်ကိုင်ဖက် အချို့က အိပ်ရာတောင် မထသေးဘူး ။ ကျွန်တော်က လိုချင်တာ ရခဲ့ပြီ ။ အလုပ်ရုံ ပြန်ရောက်တော့ ကျွန်တော် လုပ်သင့်တဲ့ အလုပ်တွေ ဖြစ်တဲ့ တံမြက်စည်း လှဲတာ ၊ ရေဖြည့်တာတွေ ကျွန်တော် လုပ်ပြီးပြီ ။ မကြာခင်မှာ ဆရာကြီး ရောက်လာပြီး လုပ်ငန်း စကြတယ် ။

ကျွန်တော် ဂီတာတီးသင်တန်း လည်း တက်တယ် ။ ည ဆိုရင် ကားသမားတွေ ၊ သူငယ်ချင်းတွေက ကျွန်တော့်ကို လိုက်ရှာပြီး ဂီတာတီးခိုင်းတယ် ၊ သီချင်း ဆိုကြတယ် ။ အဲသည် အသိုင်းအဝိုင်းမှာ နေရာကလေး တစ်ခု ကျွန်တော် ရလာတယ် ။ မိတ်ဆွေအပေါင်းအသင်းလည်း များလာတယ် ။ ကရာတေး သင်တန်း မှာလည်း အပေါင်းအသင်းတွေ ပိုများလာတယ် ။ ကျန်းမာရေး လေ့ကျင့်ခန်း လည်း ဖြစ်တယ် ။ အခု စီးပွားရေး လုပ်တဲ့ အခါကျတော့ အဲသည်တုန်းက မိတ်ဆွေတွေကို ပြန်တွေ့ ရတယ် ။

ကျွန်တော် က စာလည်း တော်တော် ဖတ်တယ် ။ စက်ပြင်လုပ်ငန်း ဝင်တာနဲ့ မြန်မာစာတော့ ဖတ်တတ်တာ ဖြစ်လို့ ဘိုးသက္ကကြီး ရဲ့ စက်ပြင်လက်စွဲ စာအုပ်ကို ဝယ်ဖတ်တယ် ။ နေ့ မှာ အလုပ် လုပ်တယ် ၊ ည ဆို စာဖတ်တယ် ၊ ခေါင်းအုံးဘေးမှာ ဘိုးသက္ကကြီးစာအုပ် အမြဲ ထား ဖတ်တော့ ကျွန်တော့် မိတ်ဆွေ အပေါင်းအသင်းတွေက နာမည်ရင်း မခေါ်တောဘဲ ဘိုးသက္က လို့ပဲ ခေါ်တယ် ။ စာအုပ်ထဲက နည်းပညာတွေကို လက်တွေ့ နဲ့ ပေါင်းစပ် ကြည့်တယ် ။

အဲသည် အချိန်က အင်ဂျင်ဝိုင်က ယခုလို ပီပါကြီးတွေ ၊ ပုံး နဲ့ တံဆိပ်နဲ့ စနစ်တကျ လာသေးတာ မဟုတ်ဘူး ။ တွေ့ရာ ကြုံရာ ရရာ ကနေ ဝယ် ထည့်ရတာ ။ အဲသည်အထဲမှာ ချက်ဆီ လို မကောင်းတဲ့ အင်ဂျင်ဝိုင် ပါလာရင် ကားတွေ တောင်ပေါ် တက်တဲ့ အခါ ပျက်ပျက်သွားတယ် ။

အင်ဂျင်ဝိုင် နဲ့ ပတ်သက်ပြီး ကျွန်တော် သုတေသန လုပ်ကြည့်တယ် ဆိုပါတော့ ။ အင်ဂျင်ဝိုင် ရောက်တာနဲ့ အနံ့ကို နမ်းကြည့်တယ် ။ အင်ဂျင်ဝိုင် ထဲ တုတ်ချောင်းကို နှစ် ကြည့်ပြီး ပြန်နုတ် ၊ ဘယ်နှစက် ကျသလဲ ၊ အင်ဂျင်ဝိုင်ကို မီးဖို ပေါ်မှာတင် အပူချိန် ( temperature ) ဘယ်လောက်မှာ ကျဲသွားတယ် ၊ ရေခဲသေတ္တာ ထဲ ထည့် ကြည့်တဲ့အခါ ဘယ်ကောင်က ခဲတယ် ၊ ဘယ်ကောင်က မခဲဘူး ။ အမြဲတမ်း စမ်းကြည့်နေတာ ဆရာကြီးက တွေ့ သွားတယ် ။ ကားတစ်စီး အင်ဂျင်ဝိုင် လဲရတော့မယ် ဆိုရင် ဆရာက ကျွန်တော့်ကို ပြတယ် ။ သည် အင်ဂျင်ဝိုင် ဖြင့် ကောင်းတယ် ၊ သည်ဟာ ဖြင့် မကောင်းဘူး စသဖြင့် အကြမ်းအားဖြင့် တိုင်ပင်နှီးနှောဖော် ဖြစ်လာတယ် ။ အင်ဂျင်ဝိုင် နဲ့ ပတ်သက်လာရင် ကျွန်တော် တော်တော် သိလာတယ် ။

ဆရာ့ ဆီမှာ အလုပ် လုပ်တာ တစ်နှစ်ခွဲလောက် နေတော့ အလုပ်ကို မထိခိုက်စေရပါဘူး ။ ဝပ်ရှော့မှာ အင်ဂျင်ဝိုင် ရောင်းပါရစေ ခွင့်တောင်းတယ် ။ ဆရာ ကလည်း ခွင့်ပြုတယ် ။ ဆရာ့ဝပ်ရှော့မှာ ကောင်းတဲ့ အင်ဂျင်ဝိုင် ရနိုင်တယ် လို့ ဖြစ်လာတော့ ဆရာက ကျွန်တော် အလုပ် လုပ်နေတာလို့ မမြင်ဘဲ ကျွန်တော်က သူ့ အလုပ် လုပ်တာလို့တောင် မြင်လာတယ် ။

အဲသည် အချိန်က အလုပ်လုပ်တဲ့ အတွက် ဆရာက မုန့်ဖိုး တစ်လ ၂၅ ကျပ် ပေးတယ် ။ ကျွန်တော် အင်ဂျင်ဝိုင် ရောင်းရင် တစ်ဂါလံကို တစ်ဆယ်လောက် မြတ်တယ် ။ တစ်လ တစ်လ အင်ဂျင်ဝိုင် ရောင်းလို့ ရတဲ့ ဝင်ငွေက သုံးရာ ဝန်းကျင်လောက် ဖြစ်လာတယ် ။ ကျွန်တော် မျှော်မှန်းထားတဲ့ ဘဝလမ်းကြောင်းမှာ လိုအပ်ချက် ဖြစ်တဲ့ ငွေကို ရှာရာမှာ အင်ဂျင်ဝိုင် ရောင်းတာဟာ ပထမဆုံး စ ရှာတာပဲ ။ ငွေလည်း ရတယ် ။ အင်ဂျင်ဝိုင် ရောင်းလို့ ငွေ စုမိတော့ ငွေကို ပွားအောင် ဘယ်လို လုပ်ရမလဲ နည်းလမ်း ရှာတယ် ။ ရွာ ပြန်ပြီး အမေ့ကို ငွေအပ်တယ် ၊ နွားတွေ ဝယ်တယ် ၊ အခြား အဆင်ပြေမယ့်ဟာတွေ ဝယ်တယ် ။ စုမိ ဆောင်းမိတာလေးတွေ ပွားအောင် လုပ်ရင်း product တွေ လုပ်ဖို့ ကျွန်တော် စဉ်းစားတယ် ။

●●●●  ●●●●  ●●●●

❝ သူ့ လိုအပ်ချက် ၊ ကိုယ့် အတွက် အခွင့်အလမ်း ❞

[ ယူဒီ ဦးခင်မောင်ဝင်း ၄၃ နှစ် ဦးစီး လုပ်ကိုင်နေတဲ့ လုပ်ငန်းတွေက အများကြီးပါ ။ တစ်နေ့ကို ကား နှစ်စီး ထုတ်လုပ် နေတဲ့ အလုပ်ရုံ မန္တလေး စက်မှုဇုန်မှာ ရှိတယ် ။ ရန်ကုန် မှာလည်း လုပ်ငန်းခွဲ ရှိတယ် ။ ယူဒီ လျှပ်စစ်မီးစက် ထုတ်လုပ်ရေးလုပ်ငန်း ၊ ယူဒီကရိန်းကား ဝန်ဆောင်မှုလုပ်ငန်း စတဲ့ လုပ်ငန်းကြီးတွေလည်း ရှိတယ် ။

လုပ်ငန်းတွေ တစ်ခုပြီး တစ်ခု ထပ်ခွဲပြီး လုပ်ကိုင် နေနိုင်တာဟာ ယူဒီ ဦးခင်မောင်ဝင်း ရဲ့ စီမံခန့်ခွဲမှု ကောင်းလို့ပါ ။ သူ့ မျက်ကွယ်မှာ သူ့ လုပ်ငန်းတွေ စနစ်တကျ လည်ပတ်အောင် လုပ်ငန်းဖွဲ့စည်းပုံကို စနစ်တကျ သူ လုပ်ထားတယ် ။ သူ့ လက် နဲ့ နေရာတကာ ဝင် လုပ်နေရတာ မဟုတ်ပေမဲ့ သူ့ လုပ်ငန်းတွေက အောင်မြင်နေတယ် ။ ထပ်ပြီး ကြီးထွားလာမယ့် လက္ခဏာ ပြနေတယ် ။

ယူဒီ ဦးခင်မောင်ဝင်း ဟာ ဟားဗတ်တက္ကသိုလ်က စီးပွားရေး စီမံခန့်ခွဲမှု မဟာဘွဲ့ ကို ဆည်းပူး သင်ယူခွင့် မရခဲ့ပါဘူး ။ ငါးတန်း အထိသာ ပညာ သင်ယူခွင့် ကြုံခဲ့ရသူ ဖြစ်ပါတယ် ။ သို့ပေမဲ့ သူ့ မှာ ပါရမီ ပါလာတယ် ။ စီးပွားရေး လာဘ် မြင်တယ် ။ မွေးရာပါ စီးပွားရေး မျက်စိ ရှိသူ ဖြစ်ပါတယ် ။

စစ်ကိုင်းနယ် ထန်းတောရွာ မှာ အသက် ၁၅ နှစ်သား လောက် အထိ ငတ်တစ်လှည့် ပြတ်တစ်လှည့် ဘဝကို ရုန်းကန် ခဲ့ရတယ် ။ ဟင်းရွက်ခူး ၊ သစ်ငုတ် တူးပြီး ပင်ပန်းခက်ခဲစွာ ဝင်ငွေ ရှာခဲ့ရတယ် ။ မန္တလေး ကို ပြောင်းရွှေ့ လာပြီး ဝပ်ရှော့မှာ အလုပ်သင် တပည့် အဖြစ် လုပ်ကိုင်ဝမ်းကျောင်းတယ် ။

အခြေအနေ တစ်ခု ကြောင့် ပေါ်ပေါက်လာတဲ့ စီးပွားရေး အကွက်အကွင်းကို ယူဒီဦးခင်မောင်ဝင်း က မိမိရရ အသုံးချတတ်သူ ဖြစ်တယ် ။ သူ့ ဘဝကို သိရသူတွေ အနေနဲ့ တစ်ခုခု ရစေချင်တယ်လို့ သူ့ ဆန္ဒကို ပြောရင်း သူ့ အကြောင်းကို ပြည့်ပြည့်စုံစုံ ပြောပြပါတယ် ။ ]

••••• ••••• •••••

ကျွန်တော် က ဆရာဦးဖေသန်း ဝပ်ရှော့ပ် မှာ လုပ်ရင်း လုပ်ငန်းခွင် ထဲမှာ ဘယ် ပစ္စည်းတွေ ဝယ်ရ ခက်တယ် ။ ဘယ် ပစ္စည်းက ရှားပါးတယ် ။ ဘယ် ပစ္စည်းတွေ လိုအပ်နေတယ် ဆိုတာ သိလာတယ် ။

အလုပ်ရုံမှာ လုပ်ပေးရင်း တစ်ဘက်မှာ လိုအပ်တဲ့ ပစ္စည်းကိုလည်း ရနိုင်တဲ့ နေရာတွေမှာ ရှာပြီး ဝယ်ပေးရတယ် ။ ဈေးဘက်ကို သွားသွား ဝယ်ရတော့ စက်ပြင်ရင်း နဲ့ ကုန်ရောင်းကုန်ဝယ်ရဲ့ အခြေခံ သဘောတရားတွေကို ရင်းနှီးလာတယ် ။ ဘယ်လို ဝယ်ရတယ် ။ ဘယ်လို ပြော ရောင်းရတယ်ပေါ့ ။ ဈေးကွက်ထဲက လိုအပ်နေတာတွေလည်း သိလာတယ် ။

အဲသည်အချိန်က အသုံးများတဲ့ တီအီးအလဲဗင်း ကားကြီးတွေ လေလှောင်အိုး ထဲမှာ သတ်မှတ်ထားတဲ့ လေပေါင်ထက် ပိုတဲ့အခါ ရီတန်း ( return ) ပြန် ထုတ်ရတယ် ။ ဖြီးဖြီး နဲ့ ။ ဆူဖတီးဘား ( safetybar ) ဆိုတာနဲ့ ထိန်းထားတယ် ။ ဘားအလွတ်က ဝယ် မရဘူး ။ ဘားအစုံလိုက် က တစ်ထောင့်ငါးရာ ၊ တစ်ထောင့်ခြောက်ရာ လောက် ရှိတယ် ။ သည် ရာဘာဘားလေး လိုလို့ အစုံလိုက် ဝယ်ရတာ ။ အုံနာတွေက သည် ငွေကို သိပ် မသုံးချင်ဘူး ။

ဈေးကွက် လိုအပ်ချက်ကို သိတော့ သည် ဘားလေး လုပ် ရောင်းရင် ရတယ် ဆိုတာ ကျွန်တော် သိပြီ ။ ဘားက ကြေးကွင်းကလေး ၊ ရာဘာ ဖြည့်ထည့် သိပ် ထားတာကို လုပ်မယ် ။ ရာဘာလုပ်တဲ့ လုပ်ငန်း ကျွမ်းကျင်သူ တစ်ယောက်ကို တွေ့ချင်တယ် ။ ကားပစ္စည်းဆိုင်တွေကို သွားပြီး ရာဘာလုပ်ငန်း စုံစမ်းတယ် ။ အချို့ကလည်း မသိဘူး ။ အချို့ကတော့ ရန်ကုန်မှာ ဝါးတားပိုက် ( water pipe ) လုပ်တာ ရှိတယ် ပြောတယ် ။

မန္တလေး မှာက ဥပုသ်နေ့ အလုပ် နားတယ် ။ ဒါနဲ့ အဖိတ်နေ့ ညရထားနဲ့ ရန်ကုန်ကို ကျွန်တော် လိုက်သွားတယ် ။ ရန်ကုန် ရောက်တာနဲ့ အဲသည်တုန်းက သုံးဘီးခေတ် ဆိုတော့ သုံးဘီးကား တစ်စီး ငှားပြီး ဝါးတားပိုက် လုပ်တဲ့ လူကို လိုက်ရှာတာပေါ့ ။ ခုခေတ်လိုမျိုး မီဒီယာတွေ ၊ လမ်းညွှန်စာအုပ်တွေ ကလည်း မရှိသေးဘူး ။ ရှိခဲ့ရင် စာအုပ် လှန်ကြည့်ရုံပဲ ။ တန်း တွေ့မှာပေါ့ ။ အဲသည်တုန်း ကတော့ ကိုယ့် မျက်စိနဲ့ မြင်တာ ကိုယ် ကြားတာ လောက်သာ ရင်းနှီးရတာ ဆိုတော့ ရှာရတာ မလွယ်ဘူး ။ ကိုယ့်မှာ မိတ်ဆွေ အပေါင်းအသင်း နည်းသေးတာလည်း ပါတာပေါ့ ။ သုံးဘီးကား တစ်စင်းနဲ့ တစ်နေကုန် လှည့်ပတ် ရှာပေမဲ့ မတွေ့ခဲ့တော့ ညနေကျ မန္တလေး ပြန်ခဲ့တယ် ။

မန္တလေး ပြန်ရောက်တော့လည်း စုံစမ်းဆဲပဲ ။ မြောက်ပြင်လမ်းသစ်မှာ ရာဘာလုပ်တဲ့ အဘိုးကြီး တစ်ယောက်ကို သွားတွေ့တယ် ။ သည် ကွင်းကလေးထဲမှာ ရာဘာ ထည့်ချင်တယ် ။ ကျွန်တော့်ရဲ့ လိုအပ်ချက် က ရာဘာကို နည်းနည်း လည်း မာချင်တယ် ။ ဆီတွေ ထိရင်လည်း သိပ် မပွချင်ဘူး ဆိုတော့ အဘ က ကန့် ထည့်တဲ့ အချိုး ကို ပြင်လိုက်ရင် ရတယ်လို့ ဆိုတယ် ။ ကျွန်တော်က လည်း အဲသည် နည်းပညာတွေတော့ ကျွန်တော် နားမလည်ဘူး ။ တစ်ခု ဘယ်လောက် ကျသလဲ မေးတော့ နှစ်ကျပ် ကျတယ်တဲ့ ။ ဒါနဲ့ နှစ်ကျပ်ခွဲ ယူလိုက်ပါလို့ ပေးလိုက်တယ် ။

ဘာကြောင့် သူ တောင်း တာထက် ကျွန်တော် တိုးပေးရသလဲ ဆိုရင် အဲသည်လုပ်ငန်းကို သူ စိတ်ဝင်စား စေချင်တယ် ။ ပြီးတော့ ကျွန်တော်ရဲ့ အင်ဗက်စမင့် ( investment ) က တွင်ခုံမှာ သတ္တုကို သွားခုတ်တာ နှစ်ကျပ်ခွဲ ကျတယ် ။ ရာဘာလောင်းလိုက်တော့ နှစ်ကျပ်ခွဲကျတယ် ။ အားလုံး ပေါင်းမှ ငါးကျပ် ပဲ ကျတယ် ။ ဈေးကွက် ထဲမှာ သည်ပစ္စည်း တစ်ခု ရောင်းစားရင် တစ်ရာကျော် ရောင်းလို့ ရတာ ကျွန်တော်က သိပြီးသား ။ ဒါလေး တစ်ခုကြောင့် တစ်ထောင့် ငါးရာ ပေးဝယ် နေကြရတာကိုး ။

နမူနာလေး လုပ်ပေးပါ ဆိုတော့ လုပ်ပေးတယ် ။ ကျွန်တော် လိုချင်တဲ့ အတိုင်း ဖြစ်တယ် ။ ဒါနဲ့ ရွှေပန်းထိမ်တွေမှာ အရောင်တင်တာ ရှိတယ် ။ အဲသည် ပစ္စည်းကို အရောင်တင် ၊ မွမ်းမံပြီး အဲသည် အချိန်က ဟီးနိုးစလစ်တို့ ပစ်စတင်တို့ ထုပ်တဲ့စက္ကူ ၊ Hino ဆိုတဲ့ စာတမ်းတွေ ပါတဲ့ စက္ကူအကြည်လေးနဲ့ ထုပ်ပြီး ပလတ်စတစ်အိတ်ထဲ ထည့်တယ် ။ ဟီးနိုးပစ္စည်း ရောင်းတဲ့ ဈေးကွက်ထဲကို နမူနာ သွားပြတယ် ။ သူတို့ ကလည်း တအံ့တဩ ပဲ ။ မင်း ဘယ်က ရခဲ့သလဲပေါ့ ။ ဘယ်လောက်နဲ့ ရောင်း မှာလဲ မေးတယ် ။ ၁၅ဝ ဆိုတော့ များတယ်ကွာ ။ ၁၂၅ ပေးမယ် ဆိုပြီး ဝယ်တယ် ။ ကျွန်တော် ကလည်း ၁၂၅ ဆိုရင် ကျေနပ်ပြီးသားပဲ ။

နောက်ထပ် ဆယ်ရက် လောက် ကြာတော့ အဲသည် ပစ္စည်းမျိုး ထပ်လာရင် ငါ့ကို ပေးဦးကွာလို့ မှာတယ် ။ သူ့ဆီမှာ ကုန်သွားပြီ ။ သည် ပစ္စည်းမျိုး ထပ်လာရင် ငါ့ ပဲပေး ။ ဘယ်သူ့မှ မပေးနဲ့ မှာတယ် ။ ကျွန်တော်က သည် ဈေးကွက်ကို သိသွားပြီ ။

နောက်လ ကျတော့ အစုံ ၂ဝ သွားပေးတယ် ။ ကျွန်တော်က တစ်လ တစ်လကို အစုံ ၂ဝ ပဲ ပေးတယ် ။ သူ ရောင်းလို့ ကုန်တဲ့ နှုန်းကို ကြည့် ပြန်တော့လည်း အစုံ ၂ဝ လောက်ပဲ ရှိတယ် ။ ဈေးကွက်က လိုနေ သလောက်သာ ကျွန် တော်က ထုတ်ပေးတော့ ကျွန်တော့် ပစ္စည်းတန်ဖိုးလည်း မကျတော့ဘူး ။ ကျွန်တော့်ပစ္စည်းရဲ့ အမြတ် ရာခိုင်နှုန်းက သိပ်ကို ကြီးနေတယ် ။ ကျွန်တော့် အရင်း အကုန်လုံး ပေါင်းမှ သွားစရိတ် လာစရိတ် ပလတ်စတစ် ထုပ်ပိုးစရိတ် အားလုံး ပေါင်းမှ ၁၂ ကျပ် လောက်ပဲ ကျတယ် ။ ရောင်းရတာက ၁၂၅ ကျပ် ။ ကျွန်တော်က အဲသည် လုပ်ငန်းလည်း လုပ်တယ် ။ ဝပ်ရှော့ပ်မှာ အင်ဂျင်ဝိုင် လည်း ရောင်းတယ် ။

တောင်ပေါ် ကို သွားတဲ့ ကားတွေဟာ ဘရိတ် ပေါက်ပြီး ချောက်ထဲ ကျတတ်တယ် ။ ချောက်ထဲ ကျတဲ့ ကားတွေ ဘယ်လို ဘရိတ် ပေါက်သလဲ ဆိုတာ သိအောင် ချောက်ထဲကားကို ကျွန်တော် တစ်စစီ ဖြုတ်ကြည့်တယ် ။ ပစ္စတင် စထရုတ် ( stroke ) အရှည် ရယ် ၊ ဒရမ် ( drum ) ရဲ့ အကျယ် ရယ် မှာ သင့်တော်တာထက် ဒရမ် က ကျယ်တော့ ပစ္စတင် က ရှေ့နောက် အများကြီး သွားတဲ့အခါ ဆလင်ဒါအိုးရဲ့ အပြင်ဘက်ကို ထွက်သွားပြီး ကလန့်တယ် ။ ဘရိတ်ပေါက် ချောက်ထဲ ကျတော့တာပဲ ။

အဲသည် အဖြေကို တွေ့ တော့ ဆရာကြီး ဦးဖေသန်း ကို တင်ပြတယ် ။ ကားဘရိတ် မှာ လိုင်နာ ကုန်သွားတာနဲ့ ဒရမ် က ကျယ်နေတော့ ပစ္စတင် အပြင် ထွက်သွားပြီး ဘရိတ် ပေါက်တာ ။ သည်တော့ ဘရိတ်အိုးကို ရှည်တာ လုပ်မလား ပြဿနာ အဖြေ ရှာတယ် ။ ဘရိတ်အိုးကို သူ့ ပုံမှန်ထက် နည်းနည်း ရှည်တာ လုပ်လိုက်တော့ ပစ္စတင် က အပြင် မထွက်တော့ဘူး ။ လိုင်နာ ကုန်သွားတဲ့ အခါမှာ သံ နဲ့ ဒရမ် နဲ့ ထိတာနဲ့ ကျွိကျွိ မြည်မယ် ။ ပစ္စတင် ရဲ့ အပြင်ကို မထွက်လို့ ဘရိတ် မပေါက်တော့ဘူး ။ အဲသည် ဒီဇိုင်းကို ထွင် လိုက်တယ် ။

ဘရိတ်အိုးကို နည်းနည်း ပို ရှည်လိုက်တဲ့ ပုံစံကို မန္တလေး မြောက်ပြင် မိဘဈေး နားက ကိုကျော်စိုး နဲ့ သူ့ အဖေ ဦးမြသောင်း တို့ အရည်ကြို လောင်းတဲ့ ခုံမှာ ပုံစံပေးပြီး လောင်း ခိုင်းတယ် ။ အဲသည်တုန်းက နှုန်းက တစ်ပိဿာကို အစိတ် ။ သည် ပစ္စည်းက တစ်ပိဿာ မပြည့်ဘူး ။ ဒါပေမဲ့ အစိတ် ယူပါလို့ ပေးလိုက်တယ် ။ ဦးချစ်သိန်း တွင်ခုံမှာ ဘိုးရင်းကို ဘယ်လို လုပ်ချင်တယ် ၊ အရစ်က ဂျပန်အရစ်ပုံ ဘယ်လို ၊ အဓိက ကျတဲ့ အပိုင်း ဖြစ်တဲ့ လေချူတဲ့ နေရာ လေလုံဖို့ အတွက် ဘယ်လို ဆိုပြီး လုပ်ချင်တာလေးတွေ ချပြတယ် ။ သူ့ လုပ်အားခ က အစိတ် ။ ဘရိတ်အိုး တစ်လုံး ပြီးတော့ ငါးဆယ် ကျတယ် ။

လုပ်ပြီးလို့ ကားပစ္စည်း ရောင်းတဲ့ ဦးသန်းထွန်း ကို သွား ပြတော့ ဒါမျိုးတွေ လိုနေတာပဲ ၊ ဘယ်က ရသလဲ မေးပါတယ် ။ ကျွန်တော် လုပ်တယ် ၊ မန္တလေး လုပ်တယ်လို့ ပြောရင် ယုံကြည်မှုရပြီး သုံးမှာ မဟုတ်ဘူး ။ ဒါကြောင့် အစပိုင်းမှာ ကျွန်တော် လုပ်တယ် မပြောဘူး ။ သူတို့ အသုံးပြုကြည့်ပြီး လက်ခံသွားပြီ ဆိုတော့ ကျွန်တော် လုပ်တာပါ ၊ သုံးရတာ အခက်အခဲ ရှိသလား မေးတယ် ။ သူတို့ကလည်း သုံးရတာ အဆင်ပြေတယ် ဆက် လုပ်ပေးပါ မှာတယ် ။

ဘရိတ်အိုး တစ်လုံးကို ၁၂၅ ကျပ်နဲ့ ဦးသိန်းထွန်း ဆီ ပို့ရတယ် ။ ကျွန်တော်က တိုက်ရိုက်ရောင်းတဲ့ စနစ် မလုပ်ဘူး ။ ကျွန်တော်တို့ ဝပ်ရှော့ပ်ကို လာရင် သည်လို ဘရိတ်အိုးလေးတွေ ရှိပါတယ် ဆိုတာ မိတ်ဆက် ပေးတယ် ။ ကားဆရာတွေက အကုန် လဲတော့တာပဲ ။

လဲမယ် ဆိုတဲ့ ကားဆရာတွေကို ဦးသိန်းထွန်း ဆီ ကျွန်တော် လိုက်ပြတယ် ။ ၁၅၀ နဲ့ ဝယ်တယ် ။ ဦးသိန်းထွန်း က မင်း တိုက်ရိုက် မရောင်းဘူးလား မေးတယ် ။ ကျွန်တော့် ပစ္စည်း ရောင်းရင် မြတ်တယ် ဆိုတာ သူ့ ခေါင်းထဲမှာ ဝင်ဖို့ အရေးကြီးတယ် ။

ကျွန်တော် ရတဲ့ လခနဲ့ ဝင်ငွေက ကွာခြားမှု တော်တော်များတယ် ။ အဲသည်အချိန်မှာ စားသောက်ဆိုင်တွေ ပေါ်ခါစ ၊ ကားသမားတွေ ၊ အပေါင်းအသင်းတွေနဲ့ စားသောက်ဆိုင်ကို သွားတယ် ။ ငွေ နဲ့ တွေ့ လိုက်တော့ ကျွန်တော် ပြောင်းလဲသွားပြီ ။

ကျွန်တော် သုံးနေ ဖြုန်းနေ ရာကနေ ငယ်စဉ်က သုံးနှစ်တာ ရွာမှာ ကြုံတွေ့ ခဲ့ရတဲ့ ခါးသီးလှတဲ့ အတွေ့အကြုံကို ပြန် စဉ်းစားမိတာနဲ့ ချက်ချင်း အသိ ဝင်သွားတယ် ။ ဒါက ကျွန်တော်တို့ အမြဲတမ်း ခြောက်လှန့်နေတယ် ။ ကံ တရားက သုံးနှစ်စာ ပယ်ပယ်နယ်နယ် ရိုက်ပြီး အဆုံးအမ ခံထားရတာ ကျွန်တော် ကံကောင်းသွားတယ် ။

ဆရာကြီးဦးဖေသန်း ဆီမှာ ကိုးနှစ် ကြာတဲ့ အခါ ကိုယ်ပိုင် လုပ်ငန်းရှင် ဘဝကို ကူးပြောင်းဖို့ ဆုံးဖြတ်လိုက်တယ် ။

ဆရာကြီးကို နောက် ခြောက်လ နေရင် သီးခြား ခွဲပါရစေ ပြောတော့ အားပေးရမှာပေါ့တဲ့ ။ ဒါနဲ့ ၁၉၈၇ ခုနှစ်မှာ ကိုယ်ပိုင် အလုပ်ကို ကျွန်တော် စ ထူထောင်တယ် ။

ပထမတော့ နေရာ ငှားပြီး ဝပ်ရှော့ပ် ဖွင့်တယ် ။ ၁၉၉၀ ခုမှာ နေရာ တစ်နေရာ မန္တလေး မြောက်ပြင်ဘက်မှာ ဝယ်ပြီး ဆက်ဖွင့်တယ် ။ ၁၉၉၁ ခု ရောက်တော့ မြို့သစ်ကို ဝပ်ရှော့ပ်တွေ အားလုံး ပြောင်းရမယ် ဖြစ်လာရော ။

●●●●  ●●●●  ●●●●

❝ ကိုယ်ပွားရှိသူ ❞

[ ယူဒီ ဦးခင်မောင်ဝင်း ဟာ ဝပ်ရှော့လုပ်သား လုပ်ရင်း အခြားသူတွေရဲ့ လိုအပ်ချက်ကို လေ့လာကာ အရည်အသွေး ကောင်း ဒီဇယ်ကို ရောင်းချပြီး ငွေစုတယ် ၊ ဟီးနိုးကား လေလှောင်အိုးဘား ၊ ဘရိတ်ပစ္စတင်တွေကို တီထွင် ဖန်တီးပြီး ငွေစုတယ် ။ ၁၉၉ဝ ပြည့် မှာ မြေတစ်နေရာ ဝယ်ပြီး ကိုယ်ပိုင်ဝပ်ရှော့ကလေး ထူထောင်တယ် ။ ဝပ်ရှော့ ထောင်လို့မှ တစ်နှစ်သာ ရှိသေး ၊ မြို့တွင်းက စက်မှုလုပ်ငန်းတွေ စက်မှုဇုန်ကို ရွှေ့ရမယ် ဖြစ်လာတယ် ။ ယူဒီ ဦးခင်မောင်ဝင်း ပြောင်းရွှေ့ဖို့ စက်မှုဇုန်ကို သွားတယ် ။

အဲသည် အချိန်က စက်မှုဇုန် လုပ်မယ့် နေရာက လယ်ကွင်းပြင် ။ ရွံ့တော နွံတော ။ ကိုယ်လို သူလို ရွှေ့ဖို့ လာကြည့် သူတွေက လွင်တီးခေါင်မှာ နေရိပ် ခိုစရာပင် မရှိ ။

ယူဒီ ဦးခင်မောင်ဝင်း က သူ ပြောင်းရွှေ့ရမယ့် နေရာမှာ တဲထိုးလိုက် တယ် ။ အချိုရည်ဘူးတွေ သောက်ရေသန့်ဘူးတွေ သယ်လာလိုက်တယ် ။ သည်တော့ သူ့ နေရာက အများ နားစရာ စုဆုံရာ နေရာ ဖြစ်လာတယ် ။ သည်မှာ လာနားရင်း ကိုယ် ရတဲ့ နေရာကို မရွှေ့ဘဲ ပြန် ရောင်းသူလည်း ရှိ ၊ ရွှေ့ရမယ့် အတူတူ နေရာကျယ်ကျယ် ထပ် ဝယ်ချင်သူလည်း ရှိ ၊ အဲသည် လိုအပ်ချက်တွေ တွေ့လာတော့ ယူဒီ ဦးခင်မောင်ဝင်း က စက်မှုဇုန်သစ်မှာ မြေယာ ဝယ်ရောင်း လုပ်တယ် ။ သူ့ ဘဝကို လေ့လာမယ် ဆိုရင် သူများတွေရဲ့ လိုအပ်ချက်ကို ဖြည့်ဆည်းရင်း သူ စီးပွား ဖြစ်တာ တွေ့ ရပါတယ် ။ ယူဒီ ဦးခင်မောင်ဝင်း ပြောပြတဲ့ သူ့ဘဝ သူ့ အကြောင်းက သည်လိုပါ ... ]

••••• ••••• •••••

ကျွန်တော်က ဈေးကွက်ရဲ့ လိုအပ်ချက် အခြေအနေ ကို ရှာကြည့်လေ့ ရှိတယ် ။ အခက်အခဲ ရှိနေတယ် ၊ လိုအပ်ချက် ရှိနေတယ် ဆိုရင် အဲဒါကို ကျွန်တော် ဘယ်လို Service ( ဝန်ဆောင်မှု ) ပေးမလဲ ။ သည်လို ပေးနိုင်ရင် ကျွန်တော်လည်း တစ်ခုခု ပြန်ရတယ် ။

ဥပမာ ဆိုပါတော့ ကျွန်တော်က မန္တလေး မှာ နေတယ် ။ ကျွန်တော့် ရည်စားက မော်လမြိုင်က ။ သင်္ကြန်တွင်း အလုပ် နားရက်မှာ သူ ရှိတဲ့ မော်လမြိုင် ကို ကျွန်တော် သွားတယ် ။ မန္တလေး က နေ ပဲခူး ကို ရထားနဲ့ သွားတယ် ။ ပဲခူး က မော်လမြိုင် ကို ကား နဲ့ သွားရမယ် ။ ပဲခူး ရောက်တော့ သင်္ကြန်တွင်းမို့ လိုင်းကားက မရှိဘူး ။

ဘူတာဝန်းကျင်မှာ လျှောက်ကြည့်တော့ လူတွေ စုစု စုစု နဲ့ လုပ်နေတာ တွေ့ရတယ် ။ ဘယ်သွားမှာလဲ ၊ မော်လမြိုင် သွားမလို့ ။ ကား မရှိလို့လား ၊ ဟုတ်တယ် ။ လိုအပ်ချက်ကို ကျွန်တော် မြင်လာခဲ့တယ် ။ တစ်နေရာမှာ ကား တစ်စီး ငှားတယ် ။ မော်လမြိုင် ကို လိုက်မလား ။ ဘယ်လောက်လဲ ။ ကိုးရာ ကျမယ် ။ ဟုတ်ပြီ ၊ မင်း ခဏလေး စောင့် ။ မော်လမြိုင် သွားချင်တဲ့ လူတွေ တစ်ယောက်ကို ငါးဆယ် ကျမယ် ။ လိုက်မလား ၊ လိုက်မယ် ။ ပေး ပိုက်ဆံ ။ အဲဒီ ပိုက်ဆံတွေ စုပြီး ကားငှားလိုက်တယ် ။ ကျွန်တော်က ပိုက်ဆံ မပေးရဘဲ ရှေ့ခန်းက ထိုင်ရတဲ့ အပြင် တစ်ရာ လား နှစ်ရာ လား အိတ်ထဲ ထည့် လိုက်ရသေးတယ် ။ သွားချင်တဲ့ သူတွေကလည်း စိတ်ချမ်းသာပြီး ကျေးဇူးတွေ တင်လို့ ။ မင်း စီစဉ်ပေး ပေလို့ ။ မင်း ပိုက်ဆံ နှစ်ရာ ရသွားတယ် ဆိုပြီး မကျေနပ်တဲ့ လူ မရှိဘူး ။

ကျွန်တော်တို့ ဝပ်ရှော့တွေ စက်မှုဇုန်ကို ရွှေ့ရမယ် ဆိုတော့ မြို့သစ် တည်မယ့် နေရာမှာ ကျွန်တော် အအေး ရောင်းတယ် ။ မြေ အရောင်းအဝယ် လုပ်တယ် ။ ရေ အခက်အခဲ ရှိကြတာတွေ့တော့ အဝီစိတွင်း တူးပေးတဲ့ အလုပ် လုပ်တယ် ။ ဒါတွေကို ကျွန်တော် ကိုယ်တိုင် သွား ထိုင်ပြီး လုပ်တာ မဟုတ်ဘူး ။ စိတ်ချရတဲ့ လူ တစ်ယောက်ကို မန်နေဂျာ အဖြစ် ထားလိုက်တယ် ။ သူ့ကို ကျေနပ်လောက်တဲ့ percentage ( ရာခိုင်နှုန်း ) ကျွန်တော် ခွဲပေးတယ် ။ သူက ည ကျရင် စာရင်းဇယားတွေနဲ့ ကျွန်တော့်ဆီ လာတယ် ။ သူ တစ်နေကုန် လုပ်တဲ့ အလုပ်က ကျွန်တော် တစ်နေကုန် လုပ် သလိုပဲ ။ ကျွန်တော် မြို့သစ်မှာ တစ်နေကုန် သွားထိုင်ပြီး လုပ်စရာ မလိုဘူး ။ ကိုယ်ပွားတွေ ထားနိုင်ရင် အလုပ်တွေ အများကြီး လုပ်ရမှာ မကြောက်ဘူး ။ အလုပ်ရုံ ဆယ်ရုံ လုပ်ရမလား ။ ကျွန်တော် လုပ်နိုင်တယ် ။

အလုပ် အတူ တွဲလုပ်မယ့် သူကို ဆွဲဆောင်ရာမှာ တန်ရာတန်ကြေးထက် ပိုပေးရင် တစ်ဘက်က ပြန်ရတာ ပိုများတယ် ။ သူက အလုပ်ထဲမှာ အား ထည့်တယ် ။ လူ တစ်ယောက်ကို ယုန်ထင်ကြောင်ထင် ဖြစ်ရင် အဲသည် လုပ်ငန်း ခဏနဲ့ ပျက်တာပဲ ။ တစ်ဘက်ကို ကိုယ်က ပေးတာ နည်းရင် သူက ရရာကနေ ယူသုံးမှာပဲ ။ သည်လို သုံးတဲ့အခါ ခိုးတယ်လို့ မြင်မယ် ။ အဲသည်လုပ်ငန်း ပျက်ကရော ။ သူလည်း သေ ၊ ကိုယ်လည်း သေ ။ ငါ များများ ရရင် မင်းလည်း များများ ရမှာပဲ ဆိုတဲ့ အသိအမြင် ရှိလာရင် သူကလည်း ပိုပြီး အားထုတ်တာပဲ ။

စက်မှုဇုန် စပြီး ရွှေ့ခါစ ၊ ဖွံ့ဖြိုးခါစတုန်းက ကရိန်းကားတွေ လိုအပ်နေတာ တွေ့တယ် ။ ပစ္စည်းကြီးတွေ မဖို့ ရွှေ့ဖို့ ဓာတ်မီးတိုင်တွေ ထောင်ဖို့ ကရိန်းကားက တကယ့် လိုအပ်ချက် ဖြစ်နေတယ် ။ အချို့သူတွေ ပင်ပင်ပန်းပန်း လုပ်နေတဲ့ အလုပ်ကို ကရိန်းကားနဲ့ သာဆိုရင် လွယ်လွယ်နဲ့ ပြီးနိုင်တယ် ။

ကျွန်တော့် အသိမိတ်ဆွေ တစ်ယောက် ဆီမှာ ကရိန်းမောင်းတံ တစ်ခု မသုံးဘဲ ပစ်ထားတာ တွေ့ တယ် ။ ဘယ်လောက်လဲ ၊ တစ်သိန်းခွဲ ။ ကျွန်တော် လိုချင်တယ် ။ နှစ်လလောက် နေမှ ပိုက်ဆံ ရမယ် ဖြစ်မလား ။ ယူသွားပါ ယူသွားပါ ။ ကားတစ်စီး ရှာတယ် ။ သုံးလလောက် နေမှ ပိုက်ဆံ ပေးရင် ရမလား ။ မေးတယ် ။ ယူပါတဲ့ ။ နှစ်ခုလုံး အကြွေး ဝယ်လိုက်တယ် ။ ကျွန်တော် ငယ်ငယ် ကတည်းက ကျွန်တော့် ပတ်ဝန်းကျင် မှာ နာမည်ကောင်း တစ်ခု ရအောင် ကြိုးစားဖူးတယ် ။ ပြောရင် ပြောတဲ့ အတိုင်း ဖြစ်အောင် လုပ်ခဲ့တယ် ။ အဲသည် အကျိုး ခံစားရတယ် ။

ကရိန်းတံ မောင်းပေးမယ့် လူလည်း ရှိပြီ ၊ ကား ပေးမယ့် သူလည်း ရှိပြီ ။ ဒါဆို ကျွန်တော် တစ်ထွေ ထွေတော့မယ် ။ ကားနဲ့ ကရိန်းမောင်းနဲ့ နှစ်ခု ပေါင်းရင် သုံးသိန်း လောက် ကျသွားတယ် ။ ကရိန်းကား တစ်စီး လုပ်တာ ငွေရင်း သုံးသိန်း ၊ ဝန်ထမ်းက နှစ်ယောက် ။ ကရိန်းကားရဲ့ ဝင်ငွေက တစ်လ တစ်သိန်းခွဲ ရှိတယ် ။ အရင်း ကျေသွားရော ။

ကျွန်တော့်မှာ စက်ပြင်လုပ်ငန်း ရှိတယ် ။ ဝပ်ရှော့မှာ ဝန်ထမ်း ၂ဝ လောက်နဲ့ လုပ်တာ ၊ တစ်လကို ဝင်ငွေ လေးသိန်း နဲ့ ငါးသိန်း လောက် ရတယ် ။ အဲသည် အချိန်က အင်ဂျင်တစ်လုံး ကိုင်ရင် တစ်သောင်း ၊ တစ်သောင်းခွဲ ရတယ် ။ အင်ဂျင် အလုံး သုံးဆယ် လောက် ကိုင်မှ လေးသိန်းခွဲ ဝင်တာ ။ ဒါက ဝင်တာ ၊ ကျွန်တော် လိုချင်တာက ဝင်တာကို လိုချင်တာ မဟုတ်ဘူး ။ ကျန်တာကို လိုချင်တာ ။

ဝန်ထမ်း ထမင်း ကျွေးတာ ၊ လစာ ပေးတာ ၊ လိုအပ်တဲ့ tools ( ကိရိယာ တန်ဆာပလာ ) ဝယ်တာ အပါအဝင် နှစ်ယောက် တည်းနဲ့ လုပ်တဲ့ ကရိန်း လုပ်ငန်းက သုံးသိန်း လောက်ပဲ ရင်း လုပ်ရတာ ။ ဒါနဲ့ လူ ၂ဝ ရင်း လုပ်ရတဲ့ ဝပ်ရှော့ နဲ့ ကျန်တာချင်း အတူတူပဲ ။ ဒါနဲ့ ကရိန်းလုပ်ငန်းကို ဖိ လုပ်တယ် ။ ကရိန်းက ရတဲ့ ငွေကို ကရိန်းလုပ်ငန်းထဲ ပြန်ထည့်ပြီး ကရိန်းကား တစ်စီး က နှစ်စီး ၊ နှစ်စီး က သုံးစီး ၊ သုံးစီး က လေးစီး ချဲ့တယ် ။ ကရိန်းလုပ်ငန်းက လုပ်ရင်း လုပ်ရင်း တွက်ခြေ ကိုက်တဲ့ လုပ်ငန်း ဖြစ်လာတယ် ။

စက်ပြင်လုပ်ငန်းက ကရိန်းလုပ်ငန်းလို တွက်ခြေ မကိုက်ပေမဲ့ သူက ပင်ရင်း လုပ်ငန်း ဖြစ်နေတယ် ။ သည်လုပ်ငန်း ရှိလို့ မိတ်ဆွေ အပေါင်းအသင်းတွေ များတာ ။ စက်ပြင်လုပ်ငန်းက တော်တော် တန်ဖိုးရှိတယ် ။ ဘယ်လို တန်ဖိုးရှိသလဲ ။ စက်ပြင်နေတဲ့ ကလေးတွေ ၊ ဘောင်းဘီတိုလေးနဲ့ ဆီဂျီးပေဝတ်ကလေးနဲ့ ပေမဲ့ အထင်သေးလို့ မရဘူး ။ သူ စက်ပြင်ဆရာ ဖြစ်သွားရင် ဆရာဝန်ကြီးတွေ ၊ အရာရှိကြီးတွေ နဲ့ ရင်းနှီးခင်မင်တယ် ။ ကားတွေ စီးတာက သူဌေး နဲ့ အရာရှိကြီးတွေပဲ များတာ ။ အဲသည် သူတွေနဲ့ ရင်းရင်းနှီးနှီး နေနိုင်တဲ့ ပညာကို သူက တတ်ထားတာ ။ စက်ပြင်လုပ်ငန်းက အသိအကျွမ်းတွေ ၊ ဗဟုသုတ အသိပညာ ( knowledge ) တွေ အများကြီး ရတယ် ။

ကျွန်တော့်မှာ ကရိန်းဆားဗစ် ရှိတယ် ။ မီးစက် ထုတ်လုပ်တဲ့ လုပ်ငန်း ရှိတယ် ။ စူပါမန္တလာ လိုက်ထရပ်စ် တစ်တန်ပစ်ကပ်ကား နဲ့ စူပါမန္တလာ ဂျစ်ကား နှစ်မျိုး ထုတ်လုပ်နေတယ် ။

လုပ်ငန်း အသစ်တွေလည်း စမ်းလုပ်တယ် ။ မှားသွားရင် ပြန်ဆုတ်တယ် ။ ဥပမာ ရွှေတူးတဲ့ လုပ်ငန်း ဆိုပါတော့ ။ ကျွန်တော့်မှာ စက်တွေ အဆင်သင့် ရှိလို့ ဝင်လုပ်တယ် ။ ဒါပေမဲ့ ရွှေ နဲ့ ပတ်သက်တဲ့ ဗဟုသုတ ( knowledge ) မရှိဘူး ။ ရွှေသွားတူးတော့ ရှုံးတာပဲ ။

ရယ်စရာ ပြောရမလား မသိဘူး ။ ရွှေကို စက်ကြီးတွေနဲ့ တူး ခိုင်းတယ် ။ အဖိတ်နေ့ ညနေ ဆိုရင် မန္တလေး က အလုပ်တွေ ခေတ္တ နားတော့ ရွှေတူးတဲ့ နေရာကို ကျွန်တော် သွားတယ် ။ ကျွန်တော်ရဲ့ main ( ပင်မ ) အလုပ်ကိုတော့ အထိခိုက် မခံဘူး ။ သုံးလေးလ လောက် ကြာတော့ သွားတဲ့ အခေါက်မှာ အမျိုးသမီး တစ်ယောက်က ထဘီရင်လျားနဲ့ အင်ဝိုင်းကလေး နဲ့ ကျွန်တော် ရွှေလုပ်ကွက် နားမှာ ရွှေကျင်နေတယ် ။ ဘာလုပ်တာလဲ မေးတော့ တော်တို့လိုပေါ့တော် ကျုပ်လည်း ရွှေကျင်တာပေါ့တဲ့ ။ ကျွန်တော် ကျင်နေတဲ့ မျောကြီးထဲက ကျနေတဲ့ သဲတွေကို သူက ကော်ပြီး ကျင်နေတာ ။ ရွှေ ရသလား မေးတော့ ရတယ်တဲ့ ။ ပုလင်းကလေးနဲ့ ထည့်ထားတဲ့ သူ ရပြီးသား ရွှေတွေကို ပြတယ် ။

ကျုပ်တို့က ရွှေ မမြင်ရသေးဘူး ။ ခင်ဗျားက ရွှေ ရနေပြီ ။ ဘာဖြစ်လို့လဲ မေးတော့ တော်တို့ မျောကြီးက မတ်စောက်ကြီး ဖြစ်နေတယ်နဲ့ တူတယ်တဲ့ ။ သည်လို တစ်ခွန်းပဲ ပြောတယ် ။ ဒါနဲ့ မျောကို နည်းနည်း လှဲလိုက်တော့ ရွှေ ချက်ချင်းရတယ် ။

ဒါဘာလဲ ဆိုတော့ ကျွန်တော်က စက်တွေ အကြောင်းသာ သိပြီး ကျန်တဲ့ ကိစ္စတွေကို မသိဘူး ။ လောဘပဲ ကြီးတယ် ။ ဘယ်လို လောဘကြီး ရမယ် ဆိုတာ မသိလို့ အကျိုး မခံစားရဘူး ။ ကျွန်တော် ဘယ်လို လောဘကြီး သလဲ ဆိုတော့ သဲတွေ ရေတွေ အများကြီး စက်တွေ စုပ်ပြီး မျောပေါ် တင်တယ် ။ မျောကို ခပ်စောင်းစောင်းလေး လှဲ ထားမှ ရေ စီးဆင်းအားက နှေးသွားပြီး ရွှေမှုန်တွေ မျောမှာ တင်ကျန်ရစ်တာ ။ သည်လုပ်ငန်းကို ကျွန်တော် ကျွမ်းကျင်တာ မဟုတ်လို့ ရပ်ပစ်လိုက်တယ် ။

လုပ်ငန်း တစ်ခု လုပ်တော့မယ် ဆိုရင် ဘာတွေ လိုအပ်သလဲ ဆိုတာတွေ အားလုံး ချရေးတယ် ။ စစ်ပွဲတစ်ခု တိုက်ဖို့ ပြင်ဆင်သလိုပဲ ။ စိတ်ကူးနဲ့ အရင် ပုံဖော်တယ် ။ လုပ်ပြီ  ဆိုတဲ့အခါ ချထားတဲ့ ပုံစံ အတိုင်း စနစ်တကျ သေသေချာချာ လုပ်တယ် ။ ကျွန်တော် သိသလောက် တတ်သလောက် အကောင်းဆုံး လုပ်တယ် ။

ကျွန်တော် ကား ထုတ်လုပ်တဲ့ လုပ်ငန်းကို assembly လိုင်းစနစ်နဲ့ စမ်း လုပ်နေတယ် ။ ကားတစ်စင်းကို အဖွဲ့ တစ်ဖွဲ့တည်းက တပ်ဆင် လုပ်ကိုင်ရင် ၁၉၈ နာရီ ကြာတယ် ။ ကျွန်တော် စမ်းသပ်ပြီး လုပ်နေပြီ ။

ကား ထုတ်လုပ်ဖို့ အလုပ်ရုံ ပုံစံ ကျွန်တော် ချပြီးပြီ ။ အဲသည် ဖွဲ့စည်းပုံကို ကား မထုတ်ရဘူး ဆိုလည်း အခြား တစ်ခုခုကို အဆင်သင့် ပြောင်းပြီး ထုတ်နိုင်တယ် ။ ဝန်ထမ်းစီမံခန့်ခွဲမှု ၊ ပစ္စည်းတွေ သိုလှောင်ထားမယ့် စတို ၊ ပစ္စည်း ဝယ်ပုံ ၊ ပစ္စည်းတွေ သူ့ အပိုင်းနဲ့ သူ တာဝန်ယူပြီး တပ်ဆင်ပုံ ၊ ဘယ် ထုတ်လုပ်မှု မဆို သည်ပုံစံထဲက ပြေးမလွတ်တော့ဘူး ။

ကျွန်တော် ငယ်စဉ်က သင်ခဲ့တဲ့ ပညာတွေက အခု လုပ်ငန်းမှာ အသုံး တည့်နေတယ် ။ ဥပမာ ဆိုပါတော့ ကျွန်တော် ငယ်ငယ်က ဂစ်တာတီး သင်ခဲ့တယ် ။ ဂစ်တာ ကြိုး ညှိတဲ့အခါ အသံကို မှန် မမှန် နားစိုက် ထောင်တတ်တယ် ။ နားက အသံမှန်ကို ခွဲသိတယ် ။ အင်ဂျင်စက်သံလည်း သည်လိုပဲ ၊ စက်သံ မမှန်ရင် ကျွန်တော့် နားက သိတယ် ။

▢ ကျော်ရင်မြင့်
📖 ဘဝဇာတ်ခုံ

No comments:

Post a Comment