Friday, May 29, 2026

အညွန့်


❝ အညွန့် ❞
( မောင်အင်း - ဥက္ကံ )

“ မိုက်ရိုင်းလိုက်တာ ”

“ လူမှ ဟုတ်ရဲ့လား ”

“ သ,တ်ပစ်လိုက်ဟာ ... ”

“ အဲဒီခွေ :မသားကို တွေ့ရင် နုပ်နုပ်စဉ်း ပစ်လိုက်မယ် ”

တစ်စထက် တစ်စ ကြမ်းတမ်းလာသော စကားလုံးများက အိမ်နီးနားချင်းများ ထံမှ ပေါ်ထွက်လာသည် ။ ကြားပင် ကြားပါလျက် ကိုလှခင် ဝင်မပြောဖြစ်ပါ ။ သွေးအိုင်ထဲမှ သမီးဖြစ်သူ နွယ်နီ ကိုငေးရင်း အသားများ ဆတ်ဆတ်တုန်အောင် ဒေါသ ဖြစ်နေသည် ။ တစ်ဖန် ယူကျုံးမရ ဖြစ်ပြီး မျက်ရည်ပေါက်များ ကျလာပြန်သည် ။ ဇနီးသည် ကြိုင်ကြိုင် ကမူ သူ့ရင်ဘတ်ကို သူထုရင်း ဟီးတိုက်၍ ငိုနေသည် ။ ခဏကြာတော့ သတိဝင်လာသည့် အလား သမီးကို ကောက်ယူပြီး ကိုလှခင် ပွေ့လိုက်သည် ။ ထို့နောက် နီးစပ်ရာ ဆိုက်ကား တစ်စီးကို လှမ်းခေါ်၍ ဆေးရုံဘက်ဆီ ကိုလှခင် ထွက်ခွာသွားသည် ။ အိမ်နီးချင်းများ တစ်ယောက်တစ်ပေါက် ပြောဆိုရင်း ကျန်ခဲ့စဉ်တွင် ကြူကြူလည်း အိမ်တံခါး ပိတ်ပြီး ဆေးရုံလိုက်ဖို့ ပြင်တော့သည် ။

အထက်ပါ ဖြစ်စဉ်၏ အစသည် ပြောပြစရာ စကားလုံး မရှိအောင် ရိုင်း၍ ကြမ်းတမ်းလှသည် ။ ဆယ်နှစ်သမီးအရွယ် နွယ်နီလေး အား တစ်ရပ်ကွက်တည်းနေ အမှိုက်ကောက်သူ ‘ ဖိုးစီ ’ က အဓမ္မပြုကျင့်သော အမှုဖြစ်သည် ။ နွယ်နီသည် အရွယ်မရောက်ခြင်း ၊ အလိုမတူခြင်းတို့ကြောင့် ဒဏ်ရာ ပြင်းထန်စွာ ရရှိခဲ့သည် ။ ကိုလှခင်တို့ လင်မယား အိမ်သို့ ပြန်ရောက်ချိန်တွင် သွေးအိုင်ထဲ၌ နွယ်နီ လဲကျနေပြီ ဖြစ်သည် ။ သူသည် နာကျင်ခြင်း ၊ သွေးထွက်လွန်ခြင်းတို့ ကြောင့် မေ့မြောလုလု ဖြစ်နေပြီး ‘  ဖိုးစီ ’ ‘ ဖိုးစီ ’ ဟူသော စကားမှလွဲ၍ ဘာမှ မပြောနိုင်တော့ပေ ။

ဆန်းစစ်ကြည့်လျှင် ကိုလှခင်တို့၌ သမီးကလေး နွယ်နီ တစ်ယောက်သာ ရှိသည် ။ ယခုနှစ်မှ ပဉ္စမတန်း စ,တက်သော နွယ်နီလေး သည် လိမ္မာပြီး စာကြိုးစားသဖြင့် သူတို့ လင်မယား များစွာ ချစ်သည် ။

ကိုလှခင်သည် ရုံးတစ်ရုံး၏ စာရေးလေး ဖြစ်ပြီး ကြူကြူက ရပ်ကွက်၏ ဈေးကလေးတွင် ကုန်စုံဆိုင်ဖွင့် ထားသည် ။ သူတို့မိသားစုတွင် ကြူကြူသည် မိုးမလင်း မီထ၍ ထမင်းဟင်း ချက်ပြုတ်ပြီးမှ ဈေးသွားသလို သမီးနှင့် သူ့အတွက် ထမင်းချိုင့် ပြင်ဆင်ပြီးမှ ကိုလှခင် ရုံးတက်သည် ။ ရုံးသို့ သွားရောက်ရာတွင် သမီးကို ကျောင်းပို့ပြီးမှ ကိုလှခင် ခရီး ဆက်တတ်သည် ။ ကြူကြူ၏ တာဝန်မှာမူ ညနေဈေးပြန်တွင် သမီးကို ဝင်ကြိုရသည် ။ သီးခြားအိမ်အကူ မရှိပါဘဲ ထိုသို့ ရုန်းကန်ရင်း သမီးလေး၏ ပညာရေးကို သူတို့ ပံ့ပိုးခဲ့သည် ။ ထိုအပြုအမူသည် သူတို့ အတွက်တော့ ရိုးနေပြီ ဖြစ်သည် ။ သူတို့ နှင်နှင်ပင် ရပ်ကွက်ထဲ၌လည်း ဘဝတူ ပေါင်းများစွာ ရှိသည် ။ စားဝတ်နေရေး အတွက် ရုန်းကန်ရန် လူတိုင်း လိုလို အိမ်ပိတ်၍ နေ့အခါ ထွက်ခွာကြသည် ။ ညအခါ ပြန်ဆုံကြသည် ။ ဘဝကိုယ်စီကို ရုန်းကန် လှုပ်ရှားနေကြသည် ။

ယနေ့မနက်တွင်မူ ရုံးရောကျောင်းပါ ပိတ်ရက် ဖြစ်နေသဖြင့် ကြူကြူ ဆိုင်ခင်းရာ နောက်သို့ ကိုလှခင် လိုက်ပါမိသည် ။ သမီးလေးကို ခေတ္တ အိမ်စောင့်စေ၍ ဈေး အပြန်တွင် မုန့်ဟင်းခါး ဝယ်ခဲ့မည့် အကြောင်း ကိုလှခင် မှာကြားခဲ့သေးသည် ။ ယခင် ရုံးပိတ်ရက်များကလည်း ကိုလှခင် ထိုသို့ သွားခဲ့ဖူးသည် ။ တွက်စစ်ကြည့်လျှင် ဇနီးအား ဈေးဆိုင်ကူ၍ ခင်းခြင်း ၊ သမီးအတွက် မုန့်ဟင်းခါး ဝယ်ခြင်း စုစုပေါင်း ကြာချိန် တစ်နာရီမျှသာ ရှိသည် ။ ထိုတစ်နာရီသည် ယခုတော့ သူတို့ မိသားစုအား အပူမီး တောက်စေပြီ ဖြစ်သည် ။ ပြန်၍ မရနိုင်သော ဆုံးရှုံးမှုတစ်ရပ်ကို ကြုံတွေ့စေပြီ ဖြစ်သည် ။ အထူးသဖြင့် ဆေးရုံသို့ ဝင်ခိုက် မေးမြန်းခံရသော စကားစုတို့ကို ကိုယ့်ဘက်က အမှား မရှိပါဘဲ ခေါင်းငုံ့ ဖြေကြားရသဖြင့် ကိုလှခင် ခံပြင်းသည် ။ အရှက်ပေါ် အရှက် ဆင့်ရင်း ရင်ထုမနာ ဖြစ်ခဲ့ရသည် ။

“ ချုပ်ရမယ် ”

“ သွေးထွက်လွန်နေလို့ သွေးလည်း လိုမယ် ”

မကြားရက်စရာ စကားများ ထပ်၍ ကြားရသောအခါ ကိုလှခင် ရင်တစ်ခုလုံး ကြေမွလုလု ခံစားလိုက်ရသည် ။ တော်သည်မှာ သမီးနှင့် သူ သွေးအမျိုးအစား တူသဖြင့် သက်ပြင်း တစ်ချက် ချရင်း သွေးလှူဖို့ သူ တာဝန်ယူနိုင်သော အဖြစ်သာဖြစ်သည် ။

ကိုလှခင်သည် သွေး ထုတ်ပေးစဉ် အခိုက် ကျလာသော မျက်ရည်ပူများကို မသုတ်မိပါ ။ အတွေးများကို ဖြန့်ကြက်ပစ်လိုက်သည် ။ တစ်ခဏတာ သာယာမှု အတွက် သူတို့မိသားစု ဘဝ ကို နင်းခြေခဲ့သည့် လူ့ဘီလူး အကြောင်း တွေးရင်း အံကြိတ်မိသည် ။ ဘဝပျက်ရုံသာမက ဘဝတစ်လျှောက်လုံး အရိပ်မည်းကြီး ထိုးသလို အထိုးခံရမည့် သမီးလေး၏ အရေးကိုလည်း သူတွေးသည် ။ သမီးလေး၏ ပညာရေးပါ ထိခိုက်မှာလားဟု ဆက်၍ တွေးမိ သောအခါ သူ အသက်ရှူ သူ ကျပ်လာသည် ။ ခန္ဓာကိုယ် တစ်ခုလုံး တဆတ်ဆတ်တုန် လာသည် ။ သွေးလှူပြီး နောက် ခေတ္တနားနေငြား သူ့ ရင်ထဲ၌ ဗလောင်ဆူ နေသည် ။ ထိုစဉ် အသိမိတ်ဆွေ အချို့ ရောက်လာပြီး သတင်းမေးကြသည် ။

“ ဘယ်လိုက ဘယ်လို ”

“ ဘယ်သူ ”

“ ဘယ်အချိန်လောက်လဲ ”

“ ခုရော ”

အလိုက်မသိသည့် လူ့ သဘောကို အပြစ်တင်ရင်း ကိုလှခင် ထွက်ပြေးချင်စိတ်ပါ ပေါ်လာသည် ။ တစ်ဖန် ထပ်မံကြားရသော သတင်းအရ တရားခံကို ဖမ်းမိထားပြီး ရဲစခန်း၌ ထိန်းသိမ်းထား ကြောင်း သိရသောအခါ သူ့ ဒေါသသည် ထပ်၍ ဆူပွက်လာပြန်သည် ။

ကိုလှခင် အနေဖြင့် ‘ မုဒိမ်း ’ ၊ ‘ သက်ငယ်မုဒိမ်း ’ အစရှိသော ကြမ်းတမ်းသည့် စကားလုံးများကို မကြားဖူးသည် မဟုတ်ပါ ၊ ကြားဖူး သည် ။ သတင်းစာ ၊ ဂျာနယ် နှင့် အရပ်သတင်းတို့ကြောင့် ကြားဖူးပါလျက် ပေါ့လျော့မိသော မိမိကိုယ် မိမိလည်း အပြစ်တင်သည် ။ အကယ်၍သာ သမီးကို တစ်ယောက်တည်း မထားခဲ့လျှင် ၊ ထားခဲ့ငြား အိမ်တံခါး ၊ ခြံတံခါး ပိတ်ခဲ့လျှင် ။ ပြီးတော့ အနီးဝန်းကျင်ကို မှာကြား အသိပေးခဲ့လျှင် ယခုလို ရေတိမ်နစ်သည့် အဖြစ် သမီး မကြုံနိုင်ဟု ယူဆမိသည် ။ ခက်သည်မှာ သူ့အနီး ဝန်းကျင်၌ မည်သူသည် ‘ ကာမဘီလူး ’ ဟူ၍ ကိုလှခင် မခွဲခြားနိုင်ပါ ။ ဦးချို မပါသဖြင့် မည်သူ့ကို သတိထားရမည်ဟုလည်း မပြောနိုင်ပါ ။ ‘ မဖြစ်တန်ပါဘူး ’ ဟု လျှော့တွက်မိသော အဖြစ်ကိုသာ ယူကျုံးမရဖြစ်နေမိသည် ။ ထိုသို့ ယူကျုံးမရ ဖြစ်ရင်း ထပ်ဝင်လာသော အတွေး တစ်ချက်မှာ မိပြီးဖြစ်သော တရားခံနှင့် မကြာမီ သူ ရင်ဆိုင်ရတော့မည် ။ ရင်ဆိုင်ရလျှင် မိမိဒေါသကို မိမိ ထိန်းနိုင်ပါ့မလား ဟူသည့် အတွေးဖြစ်သည် ။ ပြီးတော့ တရားရုံး၏ သဘောသဘာဝသည် တရားလိုကိုရော ၊ တရားခံကိုပါ အကြိမ်ကြိမ် စစ်မေးတတ်သည် ။ ဖြစ်ရပ်ကို မခြွင်းမချန် ဖြေရသည် ။ ထိုအခါ သူရော သမီးပါ မထိမ်မချန် ဖြေကြားရင်း မစင်ပုံဟောင်းအား တုတ်နှင့် ဆွသလို ကြုံရဦးမည် ။ အဆိုးဆုံးသော အချက်မှာ အရွယ်ပင် မရောက်သေးသော သမီးကလေးက စိတ်ဒဏ်ရာတွေ ထပ်၍ ရလာဦးမည်ဟူသည့် အချက်ဖြစ်သည် ။ ထိုအတွေးကြောင့် ကိုလှဖေ၏ မျက်နှာသည် နီမြန်းသွားပြီး ဟီးတိုက် ငိုချင်စိတ်ကို သူ အမြန် ထိန်းလိုက်ရသည် ။

နောက်နေ့များတွင်မူ ဇနီးအား အိမ်မပြန်စေဘဲ ဆေးရုံစောင့်စေပြီး လူနာနှင့် လူနာစောင့် စားသောက်ရေးကို ကိုလှခင် စီစဉ်သည် ။ ချက်ရေး ပြုတ်ရာအတွက် အိမ်အပြန်လမ်းတွင် ကိုလှခင် ခေါင်းငုံ့၍ လျှောက်သည် ။ မည်သူ့ကိုမျှလည်း သူ မတွေ့ချင်သလို နှုတ်ဆက်စကားလည်း မဆိုချင်သောကြောင့်ဖြစ်သည် ။

နွယ်နီလေးသည် ဆေးရုံ၌ ဆယ်ရက်ခန့် နေရသည် ။ ဆယ်ရက်တာအတွက် ကိုလှ ခင် ရုံးပျက်သလို ကြူကြူ လည်း ဆိုင်ပိတ်ရသည် ။ သို့ သော် သူ ရုံးတက်ပျက်ခြင်း နှင့် ကြူကြူ၏ ဆိုင်ပိတ်ရ ခြင်းတို့ကို ကိုလှခင် မမှုပါ ။ သူ ဂရုပြုသော အချက်မှာ သမီးလေး ကျောင်းပြန်တက်ရမည့် အရေးသာဖြစ်သည် ။ ကလေးသဘာဝ မေးမြန်း စေ့ငုမှု ကြားတွင် သမီးကလေး ရုန်းကန်ထွက်နိုင်ပါ့မလားဟုသာ သူ စဉ်းစားသည် ။

“ သမီး ကျောင်းမတက်ချင်ဘူးနော် ”

နေကောင်းခါစ နွယ်နီ၏ စကားသည် ကိုလှခင်၏ အတွေးနှင့် ထပ်တူကျပုံရ သည် ။ တကယ်တော့ နွယ်နီ သည် စာတော်၍ ရည်ရွယ် ချက်ကြီးမားသူ ဖြစ်ကြောင်း ကိုလှခင် သိသည် ။ သူငယ် တန်းမှ စ၍ အတန်းသစ်သို့ တက်ရတိုင်း “ သမီးက ဆရာ ဝန်မကြီး လုပ်မှာ ” ဟု ပြောလေ့ရှိသဖြင့် သူ ဂုဏ်ယူတက်ကြွခဲ့သည် ။ ထို့ကြောင့် စုဘူးကလေးဖြင့် ငွေစုပေးပြီး သမီးကို ပံ့ပိုးနိုင်ဖို့ ကိုလှခင် ကြိုတင်ပြင်ဆင်ထားသည် ။ ယခုမူ ကျောင်းတက်ရန် ငြင်းဆိုသော သမီး၏ မျက်နှာလေးကိုကြည့်ရင်း နှလုံးသည်းပွတ်ကို ဆူးခက်နှင့် ရိုက်သည့်အလား ကိုလှခင် နာကျင်မိသည် ။

သမီး၏ ခံစားချက်ကို ကိုလှခင် နားလည်ပါသည် ။ ကိုယ်၌ပင် ခေါင်းငုံ့၍ လျှောက်နေရသော အနေအထားတွင် သမီးကို သူ ‘ အချိန် ’ ပေးရမည် ဖြစ်ကြောင်းလည်း တွေး မိသည် ။ သို့ဖြစ်၍ ကျောင်းမတက်မီ စပ်ကြား နောက်ကျနေသော သင်ခန်းစာများကို နီးစပ်ရာထံမှ တောင်းယူ၍ ကိုယ်တိုင် သင်ကြားပေးနိုင်ဖို့ ကိုလှခင် ကြိုးစားသည် ။ ထိုအခါမှပင် ကျောင်းစာအုပ်ကို နွယ်နီ ပြန်၍ ကိုင်သည် ။ ကိုလှခင်သည် အားလပ်ချိန်တိုင်း သမီးနှင့် အတူ စာဖတ်လိုက် ၊ သင်္ချာပုစ္ဆာများ တွက်လိုက်ပြုရင်း အဖြစ်ဆိုးကို မေ့ပျောက်ပစ်ဖို့ ကြိုးစားသည် ။ သို့သော် ထိုသို့ မေ့ရန်ကြိုး စားစဉ်အခိုက် ‘ ရုံးချိန်း ’ စာရွက် ရောက်လာသောအခါ အနာဟောင်းအား တုတ်ချွန်နှင့် ဆွသလို အသည်းခိုက် သည်အထိ ကိုလှခင် နာကျင်ရပြန်သည် ။ မလိုလားသော စကားလုံးများ ပြောရဦးမည် ။ အခံခက်သည့် အကြည့်များကို ရင်ဆိုင်ရဦးမည် ။ ရွံရှာဖွယ် မျက်နှာများ မြင်ရဦးမည် ။ ဖြစ်နိုင်လျှင် သူ့မိသားစု၏ နားနှင့် မျက်စိကို ယခုအချိန်၌ အပြီးသာ သူ ပိတ်ထားချင်မိသည် ။

ကိုလှခင်၏ မိတ်ဆွေများကမူ ကြီးလေးသော ပြစ်ဒဏ်ကျဖို့ ကြိုးစားသင့် ကြောင်း ၊ သေဒဏ်အထိကျ စေလိုကြောင်း အမျိုးမျိုး ဝေဖန်ပြောဆိုကြသည်  ။ ကိုလှခင် ကမူ လက်ရှိ အနေအထားတွင် တရားခံကို မည်သည့် ပြစ်ဒဏ် ပေးပေး သူနှင့် မဆိုင်သလို ခံစားရသည် ။ သူ့သမီးဘဝ ဆက်လက်ရှင် သန်ရေးတွင် နောက်ထပ် ဆူးငြောင့်ခလုတ် မရှိစေချင်သည် မှအပ သူဘာမှ မလိုအပ်ဟု ယူဆသည် ။ ဖြစ်နိုင်လျှင် တရားရုံးကို သူတို့မိသားစု မတက်လိုတော့ပါ ။ သမီးကို ပွေ့ချီပြီး လူတွေနှင့် ဝေးရာသို့သာ သူ ပြေးချင်နေမိသည် ။

အမှန်တော့ ‘ ကာမဘီလူး ’ သည် ကမ္ဘာဦးကတည်း မှပင် ရှိနေခဲ့ကြောင်း ကိုလှခင် နားလည်ထားသည် ။ ထို ဘီလူး မစီးအောင် အရှက် တရားက လွဲ၍ ထိန်းနိုင်သော အရာ မရှိကြောင်းလည်း ကိုလှခင် လက်ခံသည် ။ ထို ဘီလူးသည် အကြောက်တရားလည်း မရှိသလို တင်းတိမ်ရောင့်ရဲခြင်းလည်း မရှိကြောင်း သူလေ့လာဖူးသည် ။ ထိုဘီလူးကို ထိန်းရန် ရှက်တတ်ခြင်း ဟူသည့် ဆင်ခြင်တုံတရားနှင့်အတူ ကိုယ်ချင်းစာစိတ် ဟူသည့် စည်းလည်း ရှိရမည် ဖြစ်ကြောင်း သိမြင်ထားသဖြင့် မလွန်မီ ကာကွယ်ပေးမည့် ပြစ်ဒဏ် ချမှတ်မှုမျိုးကိုသာ ကိုလှခင် လိုလားသည် ။ သူ အစိုးရိမ်ဆုံးအချက်မှာ ယခု ပြစ်မှု၌ ကျူးလွန်သူ ဖိုးစီသည် သေဒဏ်ပေးခံရပါလျက် နောက်ထပ် ‘ ဖိုးစီ ’ ပေါင်းများစွာ ပေါ်ပေါက်လာဦးမှာလား ဟူသည့် အချက်ဖြစ်သည် ။

ကိုလှခင် ပုံသေ မှတ်ထားသည့်အချက်မှာ ခိုးတတ်သူသည် ထမင်းငတ်လည်း ခိုးစားတတ်ပြီး ၊ ပိုလျှံလျှံ ထမင်းရှိနေလျှင်လည်း ခိုး ချင်စိတ်က ဖျောက်မရပါ ။ ခိုးရန်သာ ချောင်းနေတတ်သည် ။ ဆင်းရဲခြင်း ၊ ချမ်းသာခြင်း ၊ ပညာတတ်ခြင်း ၊ မတတ်ခြင်း ၊ ရာထူးဂုဏ်ရှိခြင်း မရှိခြင်းတို့နှင့် လားလားမှ မဆိုင် ခိုးချင် စိတ်ကိုက ရှိနေသည် ။ ကာမဘီလူးသည်လည်း ထိုအတိုင်းပင် ဖြစ်ကြောင်း သူ ယုံကြည်သည် ။ ထိုဘီလူးအတွက် ထိုက်တန်သော ပြစ်ဒဏ် အပြင် ထိုဘီလူး မစီးနိုင်အောင် တားပေးနိုင်မည့် ဥပဒေမျိုးကို ကိုလှခင် လိုလားသည် ။ ယင်းဥပဒေတွင် မမှားပါဘဲ ခေါင်းငုံ့နေရသည့် သူတို့လို မိသားစုအတွက် အကာအကွယ် ပေးနိုင်သော နည်းလမ်းကောင်းများကိုလည်းကိုလှခင် တမ်းတသည် ။

လတ်တလော အခြေအနေတွင်မူ ဘယ်မြို့နယ်၌ ဆိုင်ကယ် ကယ်ရီသမားက မည် သူ့ကို ၊ တက္ကစီယာဉ်မောင်းက ဘယ်ဝန်ထမ်းကို စသည့် သတင်းမျိုး ဆက်တိုက်လိုလို ကိုလှခင် ကြားနေခဲ့ရသည် ။ နာမည်ပါသည် ၊ အဘမည်ပါသည် ၊ ကျူးလွန်ပုံပါသည် ။ ကျူးလွန်ခြင်းလည်းခံရ ၊ အသက်လည်း ပေးလိုက်ရပါလျက် နာမည်ရော အမိအဖပါ ထပ်၍ထပ်၍ သေကြရသည် ။

အထက်ပါ မိန်းမပျိုနှင့် မိန်းမပျိုတို့၏ မိဘဆွေမျိုးများကို ကိုလှခင် မသိ ၊ မမြင် ၊ မခင်မင်ပါပဲ သတင်းအရ လှမ်း၍ အားနာမိသည် ။ သူတို့သည် ‘ အညွန့် ’ ချိုးခံ လိုက်ရပြီဟု ကိုလှခင် ထင် သည် ။ ချိုးသည်မှ အသာ အယာမဟုတ် ၊ ‘ လိမ်၍လိမ်၍ ’ ချိုးနေခြင်းမျိုး ဖြစ်ကြောင်း ကိုလှခင် ယုံကြည်သည် ။ ထိုယုံကြည်ချက်ကြောင့်ပင် သူ့ရှေ့မှာ ရှိနေသော ‘ ရုံးချိန်း ’ စာရွက်ကို ကြည့်ရင်း တက် တစ်ချက်ကို နာနာကြည်းကြည်း သူ ခေါက်လိုက်သည် ။ လျှာ နှင့် အာ ထိချက် ပြင်းလွန်းသဖြင့် ကိုလှခင်၏ တက်ခေါက်သံက ဟိန်းသွားသည် ။

“ တောက် ”

⎕ မောင်အင်း ၊ ဥက္ကံ ၊
📖ရွှေအမြုတေ ရုပ်စုံမဂ္ဂဇင်း
      ဇူလိုင် ၊ ၂၀၁၈

No comments:

Post a Comment