❝ ဂဋ္ဌုန်လောင်း ❞
( ပီမိုးနင်း )
ဘယ့်နှယ်လည်း ကိုချစ်ထွန်းရဲ့ ။ ခင်ဗျာ့ ဝန်ထောက်မင်း တော်တော် အပါးမဝသေးဘူးလား ။ အရင်တစ်ကြိမ် လာတုန်းကတော့ အင်မတန် ရိုးတာပဲ ဟု သူကြီးမင်း ဦးခိုင်က ပြောလေ၏ ။
အင်း ... ဟိုတုန်းကတော့ ဘိလပ်က ရောက်ခါစ မြန်မာစကားလည်း မတတ်သေး ။ ဒီအကြောင်းတွေကိုလည်း နားမလည်သေးပဲကိုး ။ အခုတော့ အရင်ကလို မညံ့တော့ပါဘူး ။ အတော်ကလေး ဗဟုသုတ များလာပါပြီ ။
ဝန်ထောက်မင်း၏ ခံတမာ ကိုချစ်ထွန်းက နှုတ်ခမ်းမွေးကို သရင်း ပြောလေ၏ ။
ကိုချစ်ထွန်းသည် ခံတမာ ဖြစ်သော်လည်း နှုတ်ခမ်းမွေးကို စတိုင်ပါပါသပ်လျက် လက်တစ်ဖက်ဖြင့် ခါးထောက်ကာ ခပ်ကော့ကော့ ရပ်လိုက်သည့်အခါ မြို့အုပ်ဝန်ထောက်နှင့် မှားလောက်အောင် ရုပ်ရည် ခံ့ညားသော အလုံမုံရွာသား ဖြစ်လေ၏ ။ တောရပ်ရွာ သူကြီးများ အပေါ်၌ကား အင်္ဂလိပ် အိုင်စီအက် ဝန်ထောက် သခင်၏ အရှိန်ကြောင့် ဗိုက်ကော့ခံ့ညား အသားညိုညို လုံးဝသော အသွင်သည် သာ၍ပင် ထင်ပေါ်၍နေလေ၏ ။
မြန်မာစကားကော တော်တော် တတ်ပလား ။
မိန်းမတစ်ယောက်ကိုတော့ နပ်အောင် နူးဖို့ စကား ရှိသမျှကို အကုန်လိုလိုပဲ တတ်ပါပြီ ။ ဒါက စပြီး သင်ပေးပါ ဆိုလို့ ကျုပ် သင်ပေးရတာပဲ ။ အင်မတန် တတ်မြန်တဲ့ ဘိုခင်ဗျာ့ ။
အင်း ... ဒါမျိုးဆိုတာ မသင်မီက တတ်ချင်နေတာမျိုးပဲ ။ လူမျိုးကွဲ ဘာသာစကားကို အမြန်ဆုံး တတ်ဖို့ရန် အတွက် စပြီး သင်ဖို့နည်းထဲမှာ ဒီနည်းဟာ အမြန်ဆုံးလို့ ကျုပ် ထင်တာပဲ ။
ဟုတ်တယ် ၊ သူကြီးမင်းရေ ။ ကျုပ်က အင်မတန် ဉာဏ်ကောင်းတယ်လို့ မှတ်မိတယ် ။ ဪ .. ဒါကြောင့်ကိုး ။ နို့သော်လည်း စာမေးပွဲကျတော့ ခက်တယ် ။ ဒါတွေ မမေးဘူး ။ စာစစ်တဲ့ လူနဲ့ သမီးရည်းစား မှ မပြောရဘဲလား ခင်ဗျာ့ ။ တခြား အလုပ်အကိုင် အကြောင်းတွေ ပြောရတာကိုး ။ ဒါကြောင့် ရှုံးသွားတယ် ။ မအောင်ဘူး ။ မအောင်တော့ ကျုပ်ကို ကြိမ်းချင်တယ် ။ ကျုပ်က သခင် ကြိုက်ရာ သင်ပေးရတာ ဘယ့်နှယ် တတ်နိုင်မလဲလို့ ပြန်ပြောတော့မှ ကျုပ်ကို ကျောသပ်ပြီး ချော့တယ် ။ ဒါထက် လူကြီးမင်းက စပြောမှ ပြောရတော့မှာပေါ့ ။ ဘိုကလည်း လူပျိုဗျာ့ ။ ဒါမျိုးဆိုတာ မကြိုက်တဲ့သူ အရှားသားကလား ။ မနက်ကတော့ ဒီရွာမှာ မိန်းမလှလှတွေ များတယ်လို့ ပြောတာပဲ ။ တစ်ယောက်များ တွေ့ထားသလား ။
အို .. လိုချင်ရင်တော့ ရတာပေါ့ဗျာ ။ ငွေအင်မတန် ကြပ်နေကြတယ် ။ မင်းတိုင်း မပေးနိုင်တာတွေ ပြည့်လို့ ပဲ ။ ကျုပ်လည်း အထူးအာဏာကလေးများ ရမယ်ဆိုရင် ခုချက်ချင်းပေါ့ ခင်ဗျာ ။
ဒါမျိုးဆိုတာ ဆပ်မကုန်တဲ့ ကျေးဇူးမျိုးကလား ခင်ဗျာ့ ။ အထက် လူကြီးတစ်ယောက် မျက်မှန်းတန်းမိအောင် လုပ်ဖို့ အရာမှာ ဒါ့ထက် သေချာတဲ့ နည်း ဘယ်ရှိမလဲ ။ ဆေးဖယောင်းတိုင်ထက် စွမ်းတာမျိုးပေါ့ ။
ဟုတ်ကဲ့ ။ ဒီလိုအရာမှာတော့ ဆေးဖယောင်းတိုင်ထက် ‘ ဆီမီးခွက် ’ သာပြီး အစွမ်းကောင်းတယ် ဆိုပါတော့ ခင်ဗျာဟု သူကြီးမင်းက ရယ်မောပြောလေ၏ ။
မှန်တယ် ။ မှန်တယ် ခင်ဗျာ့ ။ ဆီမီးခွက် သေချာမယ်ဆိုရင် ကျုပ်ဘိုကို ပြောထားလိုက်မယ် ။ ကျုပ်လည်း တစ်သက်လုံး ခံတမာချည်း လုပ်နေဖို့ စိတ်ကူးတာ မဟုတ်ဘူး သူကြီးမင်း ။ မြူနီစပယ် ကျန်းမာရေးဘက်က အလုပ်တစ်ခုကို ကြံနေတယ် ။ အရှင်မွေး နေ့ချင်းညချင်းကြီး ဆိုတာလို ။ အရှင့် အလိုသို့ သိတတ်ရင် ကြီးဖို့ရန် လမ်းပွင့်တာပ သူကြီးမင်း ။ သည်တော့ သူကြီးမင်းလည်း ကောင်း ၊ ကျုပ်လည်း ကောင်း ။ ဘိုလည်း ကောင်း ဆင်းရဲတဲ့ မိန်းကလေးများမှာလည်း မင်းတိုင်းကလေး ဘာကလေး လွတ် ဆိုတာလို အားလုံး ကောင်းဖို့ ကြံကြတာပဲ ။
ကြံတာ ဟုတ်ပါရဲ့ ၊ ဘိုက ဒါမျိုး မလိုက်စားရင် အထူးအာဏာ မရတဲ့ အပြင် ရာထူးပြုတ်သွားမှာ စိုးရသေးတယ် ။
အို ... စိတ်သာချပါ ။ ကျုပ်က အကုန် ဖွင့်မပြောသေးလို့ပဲ ။ ကျုပ် ဘိုအကြောင်း ကျုပ် သိပါတယ် ။ ကုပ်ကမြင်း ခင်ဗျာ့ ။ အခု ခါချဉ် ထန်းလျက်အိုး တွေ့သလို ဖြစ်နေပြီ ။ မယ်သန့် ဆိုတဲ့ ကောင်မကလေးနဲ့ ကျုပ် စပြီး တေ့ပေးလိုက် ကတည်းက လူသားစားမိတဲ့ ကျားလို ဖြစ်နေတယ် ။ အခုလည်း သူကြီးမင်းတို့ ရွာသူတွေ ချောကြောင်းချည်း ပြောနေတာပဲ ။
ကောင်းပြီ ။ ဒီလိုဖြင့် ယနေ့ညဉ့် ဆက်ဆက်နေရာ ကျပါစေ့မယ် ။ ကျုပ် မသိဘဲသာ ဘို ဆီကို တိုက်ရိုက် မတင်လိုက်နဲ့ ။ ကျုပ် စီမံမယ် ။ ကျုပ်နဲ့သာ ပထမ တွေ့ရပါစေ ။ ကျုပ် ဘိုကို ကျုပ်မှ နိုင်တာ ။ ကျုပ် တစ်ခုပဲ တစ်လက်ကောင်းဘို ခင်ဗျာ့ ။ ကျုပ်က စကတည်းက သူ့ကို မျက်နှာသာ မပေးဘူး ။ ကန်းတက်မှာ စိုးလို့ ။
ကောင်းပါပြီဗျာ ။ နေရာကျပါစေ့မယ် ။ ကိုင်း ... ဒီလိုဖြင့် သွားဦးမှပဲ ဟု ပြောပြီး ဘိုတဲမှ ခွာ၍သွားလေ၏ ။
ခံတမာ ချစ်ထွန်းသည် သူကြီးကို ရွှင်ပျသော မျက်နှာထားဖြင့် နောက်က နေ၍ ကြည့်လိုက်လေ၏ ။ အကြောင်းမူကား ခံတမာတို့ ဘာဝ ဘို၏ အကြွင်းအကျန် ဟူသမျှကို အစိုးရသူ ဖြစ်လေရာ ။ ထိုညဉ့်၌ လည်း အကြွင်းအကျန်နှင့် တွေ့ရမည့် အရေးကို မျှော်တွေးကာ ကော်ရေးကို ဆင်ခြင်နေလေသတည်း ။
မောင်ဘိုးခက်မှာ အသက်ရှူကျပ်၍ နေလေ၏ ။ နက်ဖြန်ခါ မင်းတိုင်း ငါးကျပ်ကို မပေးဆောင်နိုင်လျှင် အိမ်ကို လေလံပစ်လိမ့်မည် ဟူသော သူကြီးမင်း၏ စကားသည် နားထဲမှ မထွက်ဘဲ နေလေ၏ ။ ဇနီးသည် မယ်အေး သေဆုံးပြီးနောက် သမီးကလေး ခင်မေကို စောင့်ရှောက်ရန် အဖော် အဖြစ်နှင့် နောက်မိန်းမကို လက်ဆက်ရာ နောက်မိန်းမမှာ ရှူနာသည်ဖြစ်၍ နေသဖြင့် သားအဖ နှစ်ယောက်မှာ ၎င်းနောက် မိန်းမကိုသာ ပြုစု၍ နေကြရလေ၏ ။
သို့ဖြစ်၍ အလုပ်အကိုင် အရောင်းအဝယ် ညံ့ဖျင်းရာမှာ အရနှင့်အကုန်မမျှ အခါအခွင့် မကောင်းသဖြင့် များစွာ ကြပ်တည်းဆင်းရဲခြင်း ဖြစ်၍နေလေ၏ ။ သို့ ဇနီးသည်၏ အသုဘစရိတ်အတွက် ယခု မိမိ၏ စာရင်းတိုင်ဖြစ်၍ နေသူထံမှ ငွေတစ်ရာ ချေးယူ အသုံးပြုခဲ့မိ လေရာ ရပ်ရွာမှာ ငွေကြေး ရှားပါးခိုက်နှင့် ကြုံသဖြင့် ကူငွေကို မှန်းထားသလောက် မရ ။ အမဲနှပ်နှင့် ပဲချဉ်သနပ် ကိုသာ တစ်ရွာလုံး မီးခိုးတိတ်အောင် လာ၍ စားပြီး တစ်မတ်တစ်မူး ကူငွေ အတွက် စားပြီး၍ အပြန်တွင် အိုးခွက်နှင့် သယ်ယူ၍ သွားကြသောကြောင့် စာရင်းတိုင်သို့ ပေးစရာ ကြွေးသာ ခေါင်းပေါ်၌ လေး၍ ကျန်ရစ်လေရာ လယ်အလုပ်ပြီးသောအခါ၌ စာရင်းတိုင် ဖြစ်သူက စပါးဈေး ညံ့လှသဖြင့် ဘိုးခက်အား ပေးရန်ရှိသော စပါးကို ကြွေးနှင့် နှိမ်ယူလိုက်ရာ ကြံရာမရ ဖြစ်၍ နေရှာလေသတည်း ။
သမီးကလေး ခင်မေမှာ သွားလေသူ မအေတူ မိန်းမချောကလေး ဖြစ်လေရာ ရုပ်ချောသလောက် ဂုဏ်ရှိအောင် မထားနိုင်သော ဖခင်မှာ သမီးအတွက် ပိုမို ဝန်လေး၍ နေရှာလေ၏ ။ ရွာထဲမှာ အလှဆုံး နာမည်ရ သမီးကလေးကို စိတ်ချလက်ချ ဈေးနား အရောင်း မခိုင်းဝံ့ ။ အခြား ဆင်းရဲသားသမီးများနှင့်အတူ ရောနှောကာ ဆန်စက်ထဲ၌ ကူလီ အလုပ်ကိုလည်း မခိုင်းရက် ။ ငါ့သမီးကလေး ဂုဏ်ရှိမှ ယောက်ျားကောင်း ရမည် ။ ဂုဏ်မရှိက အဆင်းရှိသလောက် ဘေးအန္တရာယ် များမည့် အကြောင်းများကို ဆင်ခြင်ကာ မိမိ သာလျှင် အပင်ပန်းခံကာ ရှာကြံခဲ့လေ၏ ။
ယခုမှာကား နှစ်ဆိုး နှစ်ကြမ်း အခါဆိုးကြီးနှင့် တွေ့၍ နေရာ မိမိ၏ တစ်ခုတည်းသော ရလမ်းဖြစ်သည့် စာရင်းငှားခ မှတစ်ပါး အခြား မျှော်ကိုးကြံစည်စရာ မရှိတော့သည် ဖြစ်သောကြောင့် လက်မှိုင်ကျလျက် တဲရှေ့ မီးဖို၌ ထမင်းချက်နေသော သမီးကလေး အပါး၌ လက်နှစ်ဖက်ကို ဒူးပေါ်ဆန့်တင်ကာ ဆောင့်ကြောင့်ထိုင်လျက် ဟီးချကာ ညည်းပြီး -
ကိုင်း ... သမီး ဖေဖေတော့ မကြံတတ်ဘူး ။ ဖေဖေတော့ သမီးနဲ့ ခွဲရတော့မယ် ထင်တယ် ။ သမီးအဒေါ်များဆီ ခေတ္တသွားပြီး ခိုမှပဲ ။ ဖေဖေတော့ ဟု စကားမဆုံးဘဲ ခြေသလုံးကို တက်၍လာသော ခါချဉ်တစ်ကောင်ကို လက်နှင့် ပွတ်၍ ချပြီး ပွက်လာစဖြစ်သော ထမင်းအိုးကို စိုက်ကာ ကြည့်၍ နေလေ၏ ။
ခင်မေသည် ထမင်းအိုးကို မွှေရာမှ ရပ်ပြီး ယောက်မကို ကိုင်ကာ ဖခင်၏ မသာယာသော မျက်နှာကို စစ်ဆေးသော မျက်လုံးများနှင့် ကြည့်ရင်း ဖေဖေ ဘယ်ကို သွားမလို့လဲဟု မေးလေ၏ ။
ဖခင် ဖြစ်သူသည် တအောင့်လောက် ထမင်းအိုးကို ကြည့်ရာမှ ဖြိုးဖြိုးမြောက်မြောက် မြည်ကာ တောက်သော ဝါးခြမ်းမီးကို ကြည့်၍ နေလေ၏ ။ ၎င်း၏ မျက်လုံးများသည် မီးရောင်နှင့် မျက်ရည်စကြောင့် လက်ခနဲ လင်းခနဲ ဖြစ်၍ သွားလေ၏ ။ ခင်မေသည် ဖခင်၏ စိတ်ထဲ၌ အဘယ်ပုံ ဖြစ်၍နေသည်ကို ချက်ချင်း သိသဖြင့် ရင်ထဲမှာ ဆို့၍ လာပြီး ဆူ၍နေသော ထမင်းအိုးထက် နှလုံးသွေး ပို၍ဆူကာ ဦးခေါင်းကို ငုံ့ပြီး အင်္ကျီလက်နှင့် မျက်လုံးများကို တို့လေ၏ ။
ထိုအခါ ညစာအတွက် ဆန်ကို လောလောဆယ် ဖွပ်ရသဖြင့် ထမင်းချက် မိုးချုပ်သောကြောင့် ညဉ့်မီးထွန်းချိန် ဖြစ်လေရာ အသီးသီး အိမ်များမှာ မီးတိုင်များ လင်း၍ နေကြလေ၏ ။ အချို့အိမ်များမှာ ရေနံမီးတိုင် အနီးတွင် ထိုင်ကာ အိမ်သားများစုလျက် ထမင်းစား၍ နေကြလေ၏ ။ အချို့သော အိမ်များမှာ အိမ်ရှေ့ လရောင်တွင် ထိုင်ကာ စကားစု၍ ပြောနေကြလေ၏ ။
အချို့သော အိမ်များ၌ အိမ်ရှေ့တွင် ကြိတ်ထိုး၍ နေကြလေ၏ ။ ကလေးများသည်ကား ပြေးလွှားကစား တုန်းပင် ရှိကြလေ၏ ။ အိမ်တစ်အိမ်မှ မိန်းမကြီး တစ်ယောက်သည်ကား အလည်အကစား လွန်သဖြင့် အိမ်သို့ မပြန်လာသေးသော ကလေးကို အော်ဟစ်ကာ ဘအောင်ရေ ... ဘအောင်ဟု ခေါ်၍ နေလေ၏ ။ အိမ်တစ်အိမ်၌ကား မအေ ဈေးရောင်းရာက ပြန်၍ မလာ သေးသောကြောင့် သဲသဲမဲမဲ ငို၍နေသော ကလေးကို သူငယ်မလေး တစ်ယောက်သည် ပုခက်၌တင်ကာ တုတ်၍ လွှဲရင်း ကလေးငိုသံနှင့် တေးကို ရောနှော၍ ဆိုနေလေ၏ ။
ခက်တယ် ခင်မေ ၊ ရိုးရိုးသားသား လုပ်ကိုင်ရှာဖွေလို့ဖြင့် ချမ်းသာဖို့ မဆိုထားနှင့် ။ ထမင်းနပ်စေ့အောင် စားရဖို့ အတော်ကြပ်တာပဲ ။ သည်တော့ သမီး မိထွေးကို သူ့ဆွေမျိုးများဆီ ပို့ပြီး -
ဘယ်လိုပဲ ဖြစ်ဖြစ် ဖေဖေတော့ ဟု စကားမသတ်ဘဲ နေလေ၏ ။
ခင်မေသည် ဖခင်၏ စိတ်နေသဘောထား အကြောင်းကို ကောင်းစွာ သိလေ၏ ။ စိတ်ပျက်ပျက်နှင့် သူပုန်ဂဠုန်တပ်သို့ ဝင်ဖို့ရန် ကြံစည်ကြောင်းကို ရိပ်မိလေ၏ ။ အကြောင်းမူကား မိမိ၏ ဖခင်စိတ် အဘယ်မျှလောက် လျင်မြန်ခက်ထန်သည်ကို ကောင်းစွာ သိရုံမျှ မက ထိုကဲ့သို့ ကြံစည်ကြောင်းကို မိမိ၏ ရည်းစားဖြစ်သူ မြသောင်း ထံမှ နှစ်ကြိမ် ကြားရဖူးလေ၏ ။ သို့ဖြစ်သောကြောင့် ဧကန် ဖေဖေတော့ သူပုန်လုပ်တော့မှာပဲဟု စိတ်ထဲ၌ ပိုင်ပိုင်ကြီး သိလိုက်လေ၏ ။
ဖခင်ကို ကြောက်ရွံ့ရိုသေ ချစ်ခင်သနားသူ ဖြစ်လေရာ သို့သော်လည်း တစ်စုံတစ်ရာ မပြောဘဲ ချုပ်တည်း၍ ထားလေ၏ ။
ဖေဖေ ကျွန်မတို့ အရင်က သိမ်သိမ်ငယ်ငယ်လည်း မဟုတ်ပါဘူး ဖေဖေရယ် ။ အခုမှ ဆင်းရဲတာပါ ။ ဖေဖေ သူများ လက်အောက်ခံ သူရင်းငှား လုပ်နေတာကို ကျွန်မ ကြည့်လို့ မရဘူး ။ ကျွန်မ ဈေးထဲမှာ ဈေးရောင်းပါရစေ ။ ဖေဖေ အိမ်မှာ အေးအေးနေပါ ။ စိတ်မညစ်ပါနဲ့ ဖေဖေရယ် ။ စိတ်ညစ်လို့ မတော်တာတွေ ကြံရင် သာပြီး နစ်မှာပဲ ဟု ထမင်းအိုးကို ချ၍ ငှဲ့ရင်း ပြောလေ၏ ။
ဘိုးခက်မှာမူ မြေကြီးကို တိုက်၍ ဥစ္စာ မရမှဖြင့် လူကို တိုက်၍ ရအောင် ကြံတော့မည် ။ တရားသော အလုပ်နှင့် ထမင်းဝဖို့ လမ်းမရှိ ။ မတရားတဲ့ အလုပ်မှ မြန်မြန် ချမ်းသာမှာပဲ ။ သူပုန်ဓားပြလုပ်ရင် အချောင်ဆုံး ပဲ ။ ရန်ကုန်မှာ ကု,လားတွေနဲ့ မြန်မာတွေ ရိုက်စဉ်က တစ်ယောက်ကို တစ်ယောက် ထင်ထင်ရှားရှား သ,တ်ကြ ခုတ်ကြသော်လည်း လူသ,တ်မှု မဖြစ်ကြဘူး ။ အခု သူပုန်တွေ ထနေတဲ့အထဲမှာ ဓားပြမှုတွေကို ပုလိပ်တွေက ဂရုစိုက်ပြီး အရေးတယူ စုံထောက်နိုင်တာ မဟုတ်ဘူး ။ ငါ ဓားပြသော် လည်းကောင်း ၊ ဂဠုန်သော် လည်းကောင်း ဖြစ်မှ အေးမည် ။ သေတစ်နေ့ မွေးတစ်နေ့ ။ ငါ့သမီးကလေးမှာ ကံရှိရင် လူကောင်းနဲ့ တွေ့ပြီး ချမ်းသာမှာပဲဟု စိတ်ထဲ၌ ပိုင်းဖြတ်ခြင်းပြု၍ ထားလေ၏ ။
ခင်မေမှာ ဖခင် အတွက်ရော ချစ်သူ မြသောင်း အတွက်ရော ပူပင်လေ၏ ။ အကြောင်းမူကား မြသောင်း မှာ ရာဇဝတ်အုပ်အလုပ် အလုပ်မှ ထွက်ပြီး မကြံတတ် မစည်တတ် အသက်မွေးကျပ်၍နေသူ ဖြစ်လေရာ ဖြစ်လိုရာ ဖြစ်စေဟု စွန့်စားရန် အမြဲ စိတ်ရှိနေသူ ဖြစ်ကြောင်း သိလေ၏ ။ ရာဇဝတ်အုပ် ရာထူးမှ ထွက်ခြင်းမှာလည်း မိမိမှာ ရာထူးတိုးသင့်ပါလျက် မတိုး ၊ မျိုးရိုးဥစ္စာ ဂုဏ်ရည် အင်အား နည်းပါးသဖြင့် မိမိ လောက်မှ အရည်အချင်း မရှိသော သူတစ်ယောက်မှာ ရာထူးတိုးလျက် ၎င်း၏ လက်အောက်သို့ ရောက်၍ နေသည်ကို မခံမရပ်နိုင်သောကြောင့် ဖြစ်လေ၏ ။
မြသောင်းနှင့် မိမိ၏ ဖခင်မှာ အတော်ပင် ချစ်ခင်ကြလျက် အစစအရာရာ၌ တိုင်ပင်ဖော်တိုင်ပင်ဖက် ဖြစ်နေသည်ကို လည်းကောင်း ၊ စိတ်နေသဘောထားချင်း တူသည်ကို လည်းကောင်း သိသဖြင့် သာလွန်၍ စိုးရိမ်၍ နေလေသတည်း ။
ထိုညဉ့်၌ကား မိမိ၏ဖခင်သည် မိမိ၏ အကြံ၌ စိတ်ကို တုံးတုံးချကြောင်း သိရလေ၏ ။ ဖခင်၏ စိတ်ကို ခင်မေသည် ကောင်းကောင်းကြီး သိသူ ဖြစ်လေ၏ ။ တစ်စုံတစ်ရာကို လုပ်တော့မည်ဟု စိတ်ကို ပိုင်းသည့် အခါ အဘယ်နည်းနှင့်မျှ တားဆီး၍ ရတော့မည် မဟုတ်သည်ကို ကောင်းစွာ သိလေ၏ ။ သို့ဖြစ်သောကြောင့် အဘယ်ပုံ ကြံရပါမည်နည်းဟု စိတ်အိုက်ကာ ထမင်းချက်ပြုတ်၍ ဖခင်အတွက် ခူးခပ်ပေးပြီးနောက် တိုင်ကိုမှီကာ ထိုင်လျက် ဖခင်၏ အကဲကိုသာ ခတ်ရင်း ဝန်လေး၍နေလေတော့၏ ။
ဘိုးခက်သည် ထမင်းစား ဟန်ဆောင်ပြီး အိမ်ပေါ်မှ ဆင်းလာလေ၏ ။
ဖေဖေ ဘယ်လိုလဲ ဖေဖေရဲ့ နေပါဦး ၊ ကျွန်မ ပြောပါရစေဦး ။
ဒီတင်ပါ သမီးရယ် ။ ဖေဖေ ဘယ်မှမသွားသေးပါဘူး ။ သမီး ထမင်းစားလေ ။
‘ သေးပါဘူး ’ ဟူသော စကားသည် လွန်စွာ အဓိပ္ပာယ်များသဖြင့် ရင်ထဲမှာ ထိတ်ခနဲ ဖြစ်၍သွားပြီး ဖခင် အပါးသို့ကပ်ကာ လက်ကို ကိုင်ဆွဲလျက် ဖေဖေ မသွားပါနဲ့ ဘယ်ကို သွားရမှာတုံး ဖေဖေရဲ့ ။ ဘာကိစ္စ ရှိလို့လဲ ။ ကိစ္စရှိရင် ကျွန်မ သွားပါမယ် ။ ဖေဖေ ထမင်းလည်း မစားဘူး ။ လာပါ ဖေဖေ မသွားပါနဲ့ဟု ဖခင် စိတ်ဆိုးမှာစိုးသဖြင့် ကြိုးစား၍ ပြုံးကာ ကနွဲ့ကလျ တောင်းပန်လေ၏ ။ အကြောင်းမူကား စိတ်ဆိုးလျှင် အဘယ်ပုံ ဖြစ်တတ်သည်ကို ကောင်းစွာ သိလေ၏ ။
ဘိုးခက်သည် ခင်မေ၏ လက်ကို ကိုင်ပြီး ခင်မေ၏ ပခုံးကို ကိုင်ပုတ်လျက် ဖေဖေ ဘယ်ကိုမှ မသွားပါဘူး သမီးရယ် စိတ်ချပါ ။ သွားရင် ဖေဖေ ပြောသွား မယ် ။ သမီးအတွက် စိတ်ချလောက်အောင် နေရာချပြီးမှ သွားမယ် ။ မြသောင်း ဆီကို ခဏကလေးပါဟု ပြောပြီး လျင်မြန်စွာ ထွက်၍သွားလေ၏ ။
ခင်မေသည် ခဏကလေးမျှ ရပ်ကာ ကြည့်ရစ်ပြီး နောက်သို့လှည့်ကာ အိမ်အပေါ်သို့ တက်သော လှေကား လက်ရန်းကို မှီတွယ်ကာ ရှိုက်ငင်လျက်သာ နေရရှာလေ၏ ။ သို့ငိုရင်း သွားလေသူ မိခင်ကို ပူပြင်းစွာ တမ်းတရှာလေသတည်း ။
မေမေရဲ့ မေမေရဲ့ ကျွန်မတို့ သားအဖ ဖြစ်ပုံကို ကြည့်လှည့်ပါဦး ။ မေမေ ၊ ဖေဖေ့ကို မတားနိုင်တော့ဘူးလား ။ မေမေ့သမီးကို ခေါ်လှည့်ပါ ။ မေမေ ကျွန်မ မနေဘူး ။ မကြာခင် လိုက်ခဲ့တော့မယ် မေမေရဲ့ စသည်ဖြင့် ငိုရှာလေသတည်း ။
ထိုအခိုက်တွင် ခြေသံကို ကြား၍ မော်ကြည့်လိုက်ရာ သူကြီး အပါးသို့ ရောက်လာသည်ကို တွေ့ရလေ၏ ။ အိမ်ခေါင်းရင်းဘက်၌လည်း ရိပ်ခနဲ လူရိပ်လူရောင် လိုလို မြင်လိုက်ရလေ၏ ။ သို့သော်လည်း ထိုအရိပ်အယောင်ကို ဆက်လက်၍ သတိမထားမိ ။ သူကြီးကို မြင်ရုံနှင့် အံ့အားသင့်၍ နေလေ၏ ။ မင်းတိုင်း အတွက် ပူရန်ဆူရန် လာသည်ဟု မှတ်ထင်ကာ သူကြီး၏ မျက်နှာကို မကြည့်ရဲဘဲ နေရှာလေ၏ ။
သူကြီးသည်ကား ပြုံးလျက် ခင်မေကို ရပ်ကာ စိုက်၍ ကြည့်နေလေ၏ ။ လေထဲ၌ လှုပ်ရှားသော မီးတိုင်က မီးရောင်သည် သူကြီး၏ ရှုံ့သော မျက်နှာကို ဘီလူးရုပ်ဖြစ်အောင် ပြုလိုက်လေ၏ ။ သူကြီး၏ ပြုံးခြင်းသည် ဘီလူးသဘက် ဖြဲ၍ ပြသည်ထက် ကြောက်မက်ဖွယ် ကောင်းသည်ဟု ခင်မေ၏ စိတ်၌ မှတ်ထင်လေ၏ ။ သို့ ကြောက်ရွံ့၍ နေခိုက်တွင် သူကြီးက အပါးသို့ တိုး၍ ကပ်ကာ -
ဟဲ့ ... ကလေးမ ၊ မျက်စိမျက်နှာများ မကောင်းပါကလား ။ ငါ့တူမကြီး ငိုနေတယ် ထင်ပါရဲ့ ။ ဘာဖြစ်သတုံးဟု သိမ်မွေ့ကြင်နာစွာ မေးလိုက်သောအခါ ခင်မေမှာ တိုး၍ အံ့အားသင့်လေ၏ ။ အတော်ကလေး အားရှိသလို ဖြစ်လေ၏ ။ သို့သော်လည်း မသင်္ကာသလို ဖြစ်ကာ သူကြီး၏ မျက်နှာကို အကဲခတ်ကာ မော်၍ ကြည့်နေလေ၏ ။
ဘာဖြစ်သလဲ ၊ ဘာပြုလို့ ငိုသလဲ ၊ တူမကြီး အဖေကော ။
အခုပဲ ဟိုဘက် ထွက်သွားတယ် ။ ထိုင်ပါဦးလား ဦးရယ် ဟု ပြောကာ ဖျာခင်း၍ ပေးလေ၏ ။
ဘယ်စိတ်ကောင်းနိုင်မလဲ ဦးရယ် ။ ဦး သိတဲ့အတိုင်း ရှေးက ကျွန်မဖေဖေဟာ ဒီလို အလုပ်မျိုးကို ဘယ်တုန်းကမျှ မလုပ်ခဲ့ပါဘူး ဦးရယ် ။ အခုတော့ မေမေ သေပြီး ကတည်းက စိတ်ကလည်း မကောင်း ၊ အရောင်းအဝယ် လုပ်ဖို့ဟာလည်း အရင်ကနဲ့ မတူတော့ ဖြစ်ချင်သလို ဖြစ်နေတဲ့ အထဲမှာ တစ်မိုးနဲ့တစ်နွေ လုပ်သမျှ ရစရာကလေးများကို ဦးဘိုးကြွယ်တို့က သူတို့ ငွေနဲ့ နှိမ်လိုက်တော့ မင်းတိုင်း ပေးဖို့တောင် ကျပ်သွားတာပဲ ။ ကျွန်မဖြင့် လူ့ပြည်မှာတောင် မနေချင်တော့ဘူး ။ ဖေဖေ့ကိုလည်း သိပ်ပြီး သနားတာပဲ ။
ဦး ကလည်း မင်းတို့ကို နှိပ်စက်လိုလို့ မဟုတ်ဘူးကွယ့် ။ တာဝန်မို့ ယူရတာပဲ ။ သို့သော်လည်း တူမကြီး ဒီလောက်တောင်လည်း မပူပါနဲ့ ။ ဒါ့ထက် တူမကြီး မိထွေးကော သက်သာပလား ။
ဒီလိုပါပဲ ဦးရယ် ။ အိမ်ပေါ်မှာ အိပ်နေတယ် ။ လူမမာ ပြုစုရတာ တစ်ဖက် ၊ ရှာရဖွေရ လုပ်ကိုင်ကြံစည် ရတာက တစ်ဖက် ၊ သည်တော့ ဖေဖေ့အတွက် သိပ်ပြီး စိတ်ပူတာပဲ ။ ဦးလည်း အသိသား ။ စိတ်ညစ်လို့ ထင်ရာ လုပ်သွားရင် ကျွန်မတို့ အားလုံး ဒုက္ခပဲ ။
ဘာလုပ်မှာလဲ မပူပါနဲ့လေ ။ ဦး ကူညီနိုင်သလောက် ကူညီပါ့မယ် ။ လှံထမ်းလာတာသာ မြင်ရတယ် ။ ကံထမ်းလာတာ မမြင်ရဘူး တူမကြီး ။ တူမကြီး ကံကောင်းတော့မယ် သိရဲ့လား ။
ခင်မေသည် အံ့အားသင့်လျက် စကားမပြောဘဲ သူကြီး၏ မျက်နှာကို ပြုံးစစနှင့် မော်ကာ ကြည့်၍နေလေ၏ ။
ဟုတ်တယ် တူမကြီးရဲ့ ၊ ဒါကို အကြောင်းကြားဖို့ ဦးကြီး လာတာပါဟု စပ်ဖြီးဖြီး ပြောလေ၏ ။
ဘာလဲ ဦးကြီးရဲ့ ။ ဦးကြီးဟာက ယီးတီးယားတားနဲ့ဟု ရှက်ကိုးရှက်ကန်း ပြုံးကာ ပြန်ပြောပြီး ခေါင်းငုံ့ကာ ကွမ်းအစ်ကို ဖျစ်ညှစ်နှိပ်နယ် ချိုးဖဲ့ပစ်ရန် ကြံသလို လုပ်ရင်း ကွမ်းအစ်ရှေ့ ဖျာအစွန်းကို စဉ်းစားသလို ကြည့်၍ နေလေ၏ ။ ထို့နောက် သူကြီးကို မျက်စောင်းထိုး၍ ကြည့်လိုက်ရာ မချိုမချဉ်မျက်နှာနှင့် စိုက်ကာ ကြည့်၍နေသော သူကြီး၏ မျက်နှာကို မြင်ရသဖြင့် ကြောက်ရွံ့သလို ဖြစ်သွားပြီး တစ်ဖန် မျက်နှာကို ပြန်၍ ချလိုက်လေ၏ ။
ဒီလို တူမကြီးရဲ့ ။ အခုလို ဆင်းရဲဒုက္ခ ဖြစ်နေတဲ့ အခါမှာ ချမ်းသာအောင် လုပ်နိုင်တဲ့ ယောက်ျားတစ်ယောက်ကို မလိုချင်ဘူးလား ။
ဪ .. ဒါလား ၊ မလုပ်ပါနဲ့ ဦးကြီးရယ် ။ ကျေးဇူး တင်လှပါပြီ ။ မချမ်းသာဘဲနဲ့ ပိုပြီး နစ်နေမှ ခက်မှာ ကျွန်မ စိုးလွန်းလို့ပါ ။
ထိုအခိုက် အိမ်နောက်ဖေးပေါက်မှ တက်ကာ ပုတ်အကြားတွင် ပုန်းအောင်း နားထောင်၍နေသော မြသောင်းမှာ တစ်ကိုယ်လုံး ဆတ်ဆတ်တုန်၍ နေလေ၏ ။ ငါ ဂဠုန်ဖြစ်ရင် ဒီခွေးသားကြီးကို အရင် လာသ,တ်မယ် ဟု ကြိမ်းဝါးလေ၏ ။
ဒီလို တူမကြီးရဲ့ ဝန်ထောက်မင်းတို့ တဲကို ရောက်နေတယ် ။ ဝန်ထောက်မင်းက လူပျို ၊ တူမကြီးကို မနက်က မြင်သွားတယ်တဲ့ ။ သည့်အတွက် တူမကြီးကို မရရင် သေရတော့မလို ပြောနေတယ် ။ တူမကြီး ဝန်ထောက်ကတော်ကလေး မဖြစ်ချင်ဘူးလား ။
မြသောင်းသည် ပုတ်ကြားထဲမှ ကျားအုပ်သလို သူကြီးကို လွှားအုပ်ကာ လည်မျိုကို ညှစ်၍ သ,တ်ချင်သော စိတ်တွေ ပေါ်ပေါက်လာသဖြင့် မနည်းကြီး ချုပ်တည်း၍ ထားရလေ၏ ။
ဝန်ထောက်ကတော်လည်း မဖြစ်ချင်ပါဘူး ဦးကြီးရယ် အေးအေးနေပါရစေ ။
အခု အေးရဲ့လား ။
အခုထက် ပိုပြီး ပူမှာနဲ့ စာတော့ အေးတယ် ဆိုရတာပေါ့ ဦးကြီးရဲ့ ။ တစ်ပူပေါ်နှစ်ပူ မထပ်ပါရစေနဲ့ ။
သူကြီးသည် မိမိ မျှော်လင့်သလောက် မလွယ်ကြောင်း သိရသောအခါ ဣန္ဒြေနှင့် စိုက်ကာ စဉ်းစား၍ နေလေ၏ ။
သူကြီးသည် ဆက်လက် နားချ၍ မရသောအခါ ကိုင်း ဒီလိုဖြင့် ဇိကုတ်နတ်ပြည်တင်တာပဲ ။ နတ်ပြည် မလိုက်ချင်ရင် ငရဲပြည်မှာပဲ နေတာပေါ့ ဟု ပြောကာ ထိုင်ရာမှ ထပြီး အိမ်ကလေး၏ အခြေအနေကို ကြည့်လျက် လေလံပစ်ရရင် ငါးကျပ်တော့ရမှာပဲ ။ နင့် အဖေကို ပြောလိုက် ၊ ခုည လူခွန်တော် လာမဆောင်ရင် နက်ဖြန် လေလံပစ်ရလိမ့်မယ် ဟု ပြောပြီး ဆင်း၍သွားလေ၏ ။ တစ်အောင့်လောက် ကြာသောအခါ ခင်မေသည် ထိုင်ရာမှ ထပြီး -
ဦးကြီး ဦးကြီး နေပါဦး ။ ကျွန်မ ပြောပါရစေဦးဟု ပြောပြီး အိမ်ပေါ်မှ ဆင်း၍ သူကြီးနောက်ကို လိုက်သွားလေ၏ ။
အိမ်ရှေ့၌ သူကြီး ခေတ္တရပ်၍ စောင့်လေ၏ ။ ခင်မေသည် လေလံမပစ်ဖို့ အကြောင်းကို အမျိုးမျိုး တောင်းပန်ရာ သူကြီးသည် နားမထောင်ဘဲ ထွက်သွားလေ၏ ။ ခင်မေသည် နောက်နားက အမျိုးမျိုး တောင်းပန် ပြောဆိုရင်း လိုက်သွားလေ၏ ။
မြသောင်း သည်ကား ခင်မေ သူကြီး သွေးဆောင်ရာ ပါသွားသည်ဟု မှတ်ထင်ကာ ဒေါသထွက်လျက် အပြင်သို့ ထွက်၍လာပြီး လှမ်း၍ ကြည့်လေ၏ ။
အတန်ငယ် ဝေးသောနေရာ၌ ခင်မေ တစ်ယောက်တည်း လှည်းလမ်း အကွေ့ အမှောင်ရိပ်တွင် ရပ်ကာနေသည်ကို လည်းကောင်း ၊ သူကြီး ထွက်၍သွားသည်ကို လည်းကောင်း မြင်ရလေ၏ ။ မြသောင်းသည် မလှမ်းမကမ်းမှ ခင်မေ မမြင်အောင် လိုက်၍ သွားလေ၏ ။ ခင်မေသည် တစ်ကိုယ်တည်း ရပ်ကာ စဉ်းစား၍ နေရာမှ အကြံတစ်ခုကို ရသော အမူအရာဖြင့် သူကြီး သွားရာ လမ်းကို လျှောက်လိုက်၍ သွားလေ၏ ။ မြသောင်းလည်း မလှမ်းမကမ်းမှ ဆက်ကာ လိုက်၍သွားလေ၏ ။
ခင်မေသည် ဘိုတဲဘက်သို့ တည့်တည့်ကြီး သွားလေ၏ ။ မြသောင်းသည် အံ့အားသင့်ကာ ခေတ္တရပ်ပြီး အံကြိတ်လျက် ဆက်လက်၍ လိုက်ပြန်လေ၏ ။
ခင်မေသည် လျင်မြန်စွာ သွားရင်း တစ်ခုသော လမ်းအကွေ့၌ ဖြူဖြူကြီး တစ်ခုကို ဝင်၍ တိုးမိလေရာ ထိတ်လန့်ကာ နောက်သို့ပြန်၍ ဆုတ်ပြီး မော်၍ ကြည့်လိုက်ရာတွင် တုတ်ကောက်နှင့် အင်္ဂလိပ်လူမျိုး အရပ် မြင့်မြင့် တစ်ယောက် ဖြစ်၍ နေသည်ကို သိရသဖြင့် ကြက်သေသေ၍ နေလေ၏ ။ မြသောင်းလည်း ရပ်ကာ ကြည့်၍နေလေ၏ ။
မင်း ဘယ်ကလဲ ဟု အင်္ဂလိပ်က မေးလေ၏ ။
ကျွန်မ ရွာထဲကပဲ ။
တစ်ယောက်တည်း ဘယ်ကို သွားမှာလဲ ။
ကျွန်မ ဘိုတဲကို သွားမလို့ပါ ။
ဘိုထဲမှာ ဘာကိစ္စရှိသလဲ ။
ဝန်ထောက်မင်းကို တွေ့ချင်လို့ပါ ။
ဝန်ထောက်မင်းကား ကျွန်ုပ်ပဲ ။ ဘာအလိုရှိသလဲ ။
ကျွန်မ လျှောက်စရာရှိလို့ပါ ။
လျှောက်စရာရှိသည်လား ။ ခေါင်းဘီ ။ ဘိုတဲကို လိုက်ခဲ့မလား ။ ဒီမှာ အေးချမ်းဒီး အပူဝင်သည်း လက်ဖက်ရည် ထောက်မယ် လားပါး ဟု ပြောပြီး ဝန်ထောက်သည် ရှေ့က သွားလေ၏ ။
ခင်မေသည် နောက်က လိုက်လေ၏ ။ ဝန်ထောက်သည် ရပ်ပြီး နောက်ကို လှည့်ကာ ဟဲကောင်းမားကလေး ရှေးက ထွားလိုက်ဟု ခင်မေအား တုတ်ကောက်နှင့် လမ်းကို ပြလေရာ ခင်မေ ရှေ့ကသွားလေ၏ ။
မြသောင်းသည်ကား ဒေါသလျက် စကြဝဠာကြီးမှာ ကျွမ်းထိုးမှောက်ခုန် ဖြစ်၍ သွားသည်ဟု စိတ်ထဲတွင် မှတ်ထင်လျက် ခပ်လှမ်းလှမ်းမှ လိုက်၍လာလေ၏ ။ မှောင်ရိပ်များကို ခိုကာ ဘိုတဲပေါ်သို့ ခင်မေနှင့် ဝန်ထောက် တက်၍ သွားသောအခါ တောစပ်တွင် ရပ်ကာ မော်ကြည့်လျက်နေလေ၏ ။
ဘိုတဲပေါ်၌ ဆိတ်ငြိမ်၍နေလေ၏ ။ ပြတင်းပေါက်များမှ မြသောင်းသည် အတွင်းကို လှမ်း၍ ကြည့်၏ ။ သို့သော်လည်း တစ်စုံတစ်ရာကိုမျှ မမြင်နိုင်ချေ ။ ဝန်ထောက် နှင့် ခင်မေသည် အဘယ်ပုံ ဖြစ်ပျက်နေမည့် အကြောင်းများကို ဆင်ခြင်ကာ ရင်ထဲတွင် မချိဘဲ နေလေ၏ ။
အတန်ငယ် ကြာသောအခါ မြသောင်းသည် စိတ် ထဲ၌ မခံမရပ်နိုင်အောင် ဖြစ်သဖြင့် ခင်မေကို စိတ်ထဲ၌ ကြိမ်းဝါးကာ ဆုတ်ခွာပြီး တောစပ်၌ စောင့်၍ နေလေ၏ ။
ဝန်ထောက်မင်းနှင့် ခင်မေမှာ တစ်ခုသော စားပွဲမှာ မျက်နှာချင်းဆိုင်ထိုင်လျက် လက်ဖက်ရည် သောက်ရင်း စကားပြော၍ နေကြလေ၏ ။
မင်း ဒီကို လာတာ မကြောက်ဘူးလား မေးရာ ဝန်ထောက်မင်းဟာ အရာရှိကြီး တစ်ယောက် ဖြစ်ပါတယ် ။ အရာရှိကြီး တစ်ယောက်ဟာ မတရားတာကို မလုပ်နိုင်ဘူးလို့ ကျွန်မ ယုံကြည်ပြီး လာပါတယ် ။
အား ကောင်းတဲ ။ အစိုးရက မကောင်းတာ မလုပ်ပါဘူး ။ မိန်းမကလေး အများကြီး လိမ်းမားတဲ ။ ခေါင်းဘီ ဘားကိတ်ဆားရှိဒလား ။
ကျွန်မအဖေ အကြောင်းကို ပြောချင်လို့ လာပါတယ် ။ ပြီးတော့ ကျွန်မမောင်ကလေး တစ်ယောက် အကြောင်းလည်း ပြောချင်တယ် ။
ခေါင်းဘီ အမိန့်တော်ရှိပါး ။
ခင်မေသည် ပြုံးရယ် ချင်သော စိတ်ကို ချုပ်၍ ထားရလေ၏ ။
ကျွန်မတို့ အင်မတန် ဆင်းရဲပါတယ် ။ ကျွန်မ အမေလည်း မမာဘူး ။ ကျွန်မဖေဖေ အလုပ်လုပ်တာက အခလည်း မရဘူး ။
ဝန်ထောက်မင်းသည် မျက်မှောင်ကြုတ်ကာ သေသေချာချာ နားထောင်၍ ကောင်းစွာ နားမလည်သဖြင့် -
စကားပီပီ ပြောပါ ။ ကျွန်ုပ် ခေါင်းခေါင်းမချားဘူး ။
ကျွန်မအဖေ အလုပ်လုပ်တယ် ။ ပိုက်ဆံမရဘူး ။ အခု အများကြီး စိတ်ညစ်တယ် ။
ဪ ခေါင်းဘီ ။ ခေါင်းဘီ ။ အလုပ်က ငွေး မရားဘူး ။ စိတ်ညစ်သွားပြီးလား ။
မှန်ပါတယ် ။ ကျွန်မတို့ လူခွန်ပေးစရာ ငွေလည်း မရှိဘူး ။ နက်ဖြန်ကာ မိုးလင်းရင်လေ ။ သူကြီးက ကျွန်မတို့အိမ်ကို လေလံပစ်မလို့တဲ့ ။
လေးလန်းဆိုတာ ဘားလဲ ။
ခင်မေသည် ပါးစပ်က ဒူ ဒူ ဒူ မြည်လျက် ။ လက်ဖြင့် မောင်းထုပုံလုပ်၍ ပြလေ၏ ။
ဝန်ထောက်မင်းသည် ရယ်မောကာ သဘောကျလျက် အိုး လေလံပစ်မယ်လားဟု ပြောကာ စဉ်းစားဟန်ဖြင့် ဦးခေါင်းကို ညင်သာစွာ ခါလေ၏ ။
ကျွန်မဖေဖေ အလုပ်ကောင်းကောင်း လုပ်တယ် ။ အလုပ်က ငွေမရဘူး ။ လူခွန် မပေးနိုင်ဘူး ။ အိမ်ကို လေလံပစ်ရင် ကျွန်မဖေဖေ ဓားပြတိုက်တော့မယ်လို့ ပြောတယ် ။
ဝန်ထောက်မင်းသည် မျက်လုံးပြူး၍ လာလေ၏ ။ ထိတ်လန့်သော အမူအရာ ပေါ်၍ လာပြီး လက်ကို ကာ၍ ခါလျက် -
ထားပြ မလုပ်ရဘူး ။ ဘာဖြစ်လိုး လုပ်ရမယ် ။ လေး လန်း မဖြစ်ရဘူး ။ ထားပြ မလုပ်ရဘူးလို့ မင်းအဖေကို ပြောလိုက် ။ လေးလန်း မဖြစ်ဘူး ။ မင်း မောင်းရှိဒလား ။
ရှိပါတယ် ။ ကျွန်မမောင် အရင်က ဆပ်အင်စပိတ် တော်ပါ ။ အခု ရာထူးမတိုးလို့ ထွက်နေတယ် ။ သူ့ အောက်က တခြားလူ ရာထူးတိုးတယ် ။ ကျွန်မမောင် မတိုးဘူး ။ အခု အလုပ် မရှိဘူး ။ ဆင်းရဲနေတယ် ။ ကျွန်မ ဖေဖေ ဓားပြလုပ်ရင် ကျွန်မမောင်လည်း ဓားပြဖြစ်မှာပဲ ။
ဝန်ထောက်မင်းသည် သေချာစွာ နားထောင်ပြီး တိုး၍ ကြောက်ရွံ့ဟန် ရှိလေ၏ ။
မခေါင်းဘာဘူး ။ မလုပ်နဲ့ ပြောလိုက် ။ မင်း မောင်ကိုး ထွေးချင်တယ် သွားခေါ်နိုင်သလား ။
ဟုတ်ကဲ့ ၊ ကျွန်မ သွားခေါ်နိုင်ပါတယ်ဟု ပြော၍ ထလာခဲ့လေ၏ ။
မြသောင်းသည်ကား ဂဠုန်လုပ်ချင်သော စိတ်သည် တိုး၍ ထက်သန်လာလေ၏ ။ ခင်မေကို အရှင် မထားခဲ့ဘူး ။ သ,တ်ပြီးမှ ဂဠုန်တပ်ကို ဝင်မယ်ဟု စိတ် အကြံပြုကာ ခင်မေကို စောင့်၍နေလေ၏ ။
ထိုအခိုက်တွင် ခင်မေ ဆင်း၍ လာသည်ကို မြင်ရလေ၏ ။ မြင်ရသောအခါ အသည်းစွဲချစ်သူကလေးကို အဆုံးစီရင်ရန် မကြံရက်နိုင်ဘဲ မိမိ၏ အသည်းမှာသာ အပ်နှင့် အဆွခံရသလို ဖြစ်၍ နေလေသောကြောင့် ခင်မေ အပါးသို့ ရောက်၍ လာသောအခါ ဒေါသနှင့် လက်ကို ကိုင်ဆွဲပြီး ခင်မေ ဘာလုပ် ဒီကိုလာသလဲပြော ၊ တယ်တော်တာပေါ့လေ ။ ဝန်ထောက်ကတော် ဖြစ်ခဲ့ရပလား ဟု အသံတုန်တုန်နှင့် မေးလေ၏ ။
ခင်မေက ရယ်မောလျက် ။ ဪ ... ကိုမြသောင်း လိုက်လာသကိုး ။
မလောင်ပါနဲ့ ခင်မေရယ် ။ ပြောစမ်းပါ ။ ဝန်ထောက်နဲ့ ဘာလုပ်သလဲ ။
ဘာလုပ်တယ် ထင်သလဲ ။
ငါ့ကို တစ်ပတ်မရိုက်ပါနဲ့ကွယ် ။ သူကြီးနဲ့ မင်းနဲ့ စကားပြောတာတွေကို ငါ အကုန်ကြားပါတယ် ။ မင်း အခု ဝန်ထောက်ကို ယူတော့မလား ။ ဒီလိုဖြင့်ရင် ငါ သွားတော့မယ် ခင်မေ ။ ဒီမျက်နှာကို ဝအောင်သာ ကြည့်ထားလိုက်တော့ ။ ငါ အခု ဂဠုန် စဖြစ်တာပဲ ။ ဒီ ဝန်ထောက်ကို အရင်သ,တ်မယ် ။ ဒီတော့မှ မင်း မုဆိုးမ ဝန်ကတော်ကလေး ဖြစ်ကျန်ရစ်ခဲ့မယ် ။ ဒါ ငါ ကလဲ့စား ချေတာပဲ ပြောပြီး ထွက်၍သွားလေ၏ ။
ခင်မေသည် ပြေး၍ လိုက်လေ၏ ။ ကိုမြသောင်း ကိုမြသောင်း နေပါဦး ။ ကျွန်မ ပြောပါရစေဦးဟု ပြောကာ မြသောင်း၏ လက်ကို အတင်းလိုက်၍ ဆွဲလေ၏ ။ မြသောင်းသည် ခင်မေကို တွန်းလှန်၍ပစ်လိုက်ရာ ခင်မေသည် ပက်လက်လန်၍ လဲပြီး အုတ်ခဲတစ်ခုနှင့် ဦးခေါင်းကို ခိုက်မိသောကြောင့် မြောမေ့၍ သွားလေသတည်း ။ ဝန်ထောက်သည် ရပ်ကာ ဘိုတဲမှ ကြည့်၍နေရာ ဖြစ်ပျက်ပုံကို မြင်သဖြင့် ပြေးဆင်း၍ လာလေ၏ ။
ခင်မေသည် သတိရသောအခါ သားနားသော ခုတင်ပေါ်သို့ ရောက်၍နေသည်ကို တွေ့ရှိရလေ၏ ။ ခုတင်အနီး၌ ဝန်ထောက်မင်းက မြသောင်းကို အင်္ဂလိပ်လို ဒေါသနှင့်ပြောဆို ကြိမ်းမောင်း၍နေလေရာ မြသောင်းမှာ ခေါင်းငုံ့လျက် နေသည်ကို မြင်ရလေ၏ ။
ထို့နောက် ဝန်ထောက်မင်းက မင်းရာဇဝတ်အုပ် ပြန်လုပ် ကောင်းကောင်းလုပ်ရာ ကျွန်ုပ် ကြည့်မည် ၊ ရာဇဝတ် ဝန်ထောက်မင်းကို ကျွန်ုပ် ပြောလိုက်မည် ဟု ပြောပြီး ခင်မေဘက်သို့ လှည့်ကာ နေကောင်းပြီလား ၊ အိမ်ကို ပြန်နိုင်သလားဟု မေးလေ၏ ။ ခင်မေသည် ထ၍ထိုင်ပြီး ခုတင်ပေါ်မှ ဆင်းကာ မြသောင်း အပါးသို့ သွား၍ ကပ်လေ၏ ။
မြသောင်းက ခင်မေ၏ ခါးကို လက်တစ်ဖက်နှင့် ပွေ့၍ တွဲကာ ဘိုတဲမှ ဆင်းခဲ့ကြလေ၏ ။ ဝန်ထောက်မင်းက ကောင်းကောင်းသွားကြ ၊ ဓားပြ မလုပ်ရဘူးနော် ။ နက်ဖြန်ခါ ကျွန်ုပ်ဆီကိုလာခဲ့ ၊ ဆပ်အင်စပိတ်တော် လုပ်ပြီး ဂဠုန်ကို ဖမ်းရမယ်ဟု မြသောင်းကို လှမ်း၍ပြောလိုက်လေ၏ ။
အိမ်သို့ ရောက်သောအခါ ဖခင်ဖြစ်သူ ဓားသွေး နေသည်ကို တွေ့ ရသဖြင့် ခင်မေသည် ပြေးပြီး ဓားကို လုကာ ဖေဖေ ဘာလုပ်မလို့လဲ ။ ကိုမြသောင်း ဟောဒီ ဂဠုန်ကြီးကို အရင်ဖမ်းရမယ်ဟု ပြောရင်း သွေး၍နေသော ဓားကို ဆွဲလု၍ယူလိုက်လေ၏ ။
နောက်တစ်လ ကြာသောအခါ ခင်မေသည် ဖခင် နှင့် စကားပြောရင်း အိမ်ရှေ့မှာ ထိုင်၍နေစဉ် သူကြီး ပြေး၍ လာပြီး မင်းကတော် အင်စပိတ်တော်မင်း တရားခံတွေ ဖမ်းပြီးလာတယ် ။ အိမ်ရောက်နေတယ် ။ မင်းကတော်ကို အကြောင်းကြားလိုက်ပါဆိုလို့ လာပြောရတယ်ဟု ပြောလိုက်ရာ သားအဖနှစ်ယောက် အားရဝမ်းသာ သူကြီးအိမ်သို့ လိုက်သွားကြလေ၏ ။ ထိုနေ့ညဉ့်၌ပင် တရားခံများကို မြို့ အချုပ်ထောင်သို့ ပို့ရင်း ခင်မေပါ တစ်ပါတည်း လိုက်ပါ၍ သွားလေသတည်း ။
▢ ပီမိုးနင်း
📖 ဗန္ဓုလ ဂျာနယ်
ဇွန် ၁၇ ၊ ၁၉၃၁
No comments:
Post a Comment