❝ ဘုရား ဘုရား ❞
( ပီမိုးနင်း )
အခန်း ( ၁ )
ချမ်းသာကြွယ်ဝ ၊ စည်းစိမ်ဥစ္စာရတနာအထွေထွေနှင့် တဝေဝေစံစားလျက် ‘ လူချမ်းသာ ’ အခေါ်ခံသူတို့တွင်ကား မောက်ကြွားတုပ ပကာသန လှိုင်လှိုင်နှင့် မြိုင်မြိုင် ကြီးနေကာ စားမကုန် ၊ သုံးမကုန် ၊ ဖြုန်းမကုန်နိုင်မျှ ရှိကြသော်လည်း ဆင်းရဲမွဲချာ ၊ ဗလာဟင်းလင်း ဥစ္စာ ရတနာဖြင့် ကင်းရှင်း၍နေကြရသော ‘ လူဆင်းရဲ ’ အခေါ် ခံသူတို့တွင်ကား မသုံးမဖြုန်းနိုင် တမှိုင်မှိုင်နှင့် အနေအထိုင် အစားအသောက်မှ စ၍ ချို့တဲ့လျက် မညီမညာ မျက်နှာလိုက်၍ အရေးစိုက်လေ့ရှိသော လောကကြီးတွင် အင်မတန်မှ ဂုဏ်ငယ် ၊ အားငယ် အတွယ်အတာ ကင်းမဲ့စွာနှင့် နေထိုင်ကြရလေသတည်း ။
ယင်းသို့ ဆင်းရဲသည့် အထဲတွင် အပါအဝင် ဖြစ်သော ‘ ပေါင်းသင်းခါစ ညားစလင်မယား ’ နှစ်ယောက်သည်ကား ရန်ကုန်မြို့ ညဈေးတန်းတွင် ယှဉ်တွဲ၍ လျှောက်ကာ မိမိတို့ ဝယ်ခြမ်းလိုသည့် ပစ္စည်းဝတ္ထုကို တစ်ဆိုင်ဝင် တစ်ဆိုင်ထွက်နှင့် ရှာဖွေမေးမြန်း၍ နေလေ၏ ။ ထိုလင်မယားသည် ဖိတ်စာကတ်လှလှနှင့် ကျနစွာ ရိုက်နှိပ်သော ‘ ထိမ်းမြားမင်္ဂလာ ဖိတ်ကြားစာ ’ စသည့် ပကာသန အကြွားအဝင့်တို့ကို ကမ်းလှမ်းပြီး မင်္ဂလာပွဲ သဘင်ကို ယဉ်ယဉ်ကြီး ၊ မြိုင်မြိုင်ကြီး ဆင်ယင်ကာ လက်ထပ်သည့်အကြောင်းကို ပရိသတ်ဗိုလ်ပုံတွင် ခုံတင်၍ ပြနိုင်ရှာသည့် လင်မယားမျိုး မဟုတ် ။ တစ်ယောက်နှင့် တစ်ယောက် မေတ္တာရောက်ကာ သစ္စာမဖောက် ‘ ဆင်းရဲ အတူ ၊ ချမ်းသာအမျှ ပေါင်းကြပါစို့ ’ စသည်ဖြင့် အနို့လို သို့ကလို စကားခံ၍ သဘောတူ ထိမ်းမြားလိုက်ကြရရှာသော လင်မယားနုနု အိမ်ထောင်သည် တစ်ခုဖြစ်ရကား ယခုမှပင် မိမိတို့ နေထိုင်စားသောက်ရေး အတွက် မရှိလျှင် မဖြစ်သော ပစ္စည်းများကို ဝယ်ခြမ်းရန် ထွက်လာကြခြင်း ဖြစ်ပေသတည်း ။
ထိုသို့ ပစ္စည်းဝယ် ထွက်သည့်တိုင်အောင် အခြားသူများ ကဲ့သို့ ငွေရင်းအလုံးအခဲကို အိတ်ထဲတွင် ထည့်ပြီး ဖောဖောသီသီကြီး ဝယ်နိုင်သည် မဟုတ်ဘဲ လင်ယောက်ျား လုပ်သူ ညနေစောင်းအချိန် အပေါင်ဆိုင်မှ လုံချည်တစ်ထည်ကို ၁ဝ နှင့် ပေါင်၍ ရခဲ့သော ငွေကြေးကလေးနှင့် ဝယ်ရန်ပင်ဖြစ်ရာ ပစ္စည်းကောင်းများကို တွေ့ရသော်လည်း ရှိရင်းစွဲ ငွေကလေးကို အရမ်းမဲ့ မသုံးစွဲဝံ့သဖြင့် ဝယ်မည် ကြံရာမှ နောက်ဆုတ်၍ နေကာ ဆိုင် ပေါင်းမြောက်မြားစွာကို ကျော်လွန်၍ လာခဲ့ကြလေ၏ ။
ဆိုင်တစ်ဆိုင်တွင်
“ တင်တင်ရဲ့ … ဘာလိုချင်သတုံး ပြောပါ ”
“ ဟောဟိုက လက်ဖက်ရည်ပန်းကန်တစ်စုံ ဝယ်ရင် မကောင်းဘူးလား ”
“ ကိုင်း … မင်းကြိုက်ရာ ရွေးယူလေ ... သည့်ပြင် ဘာယူဦးမလဲ ”
“ စောင်မှ မရှိဘဲနဲ့ … ဟိုဂွမ်းစောင်ယူရင် မကောင်းဘူးလားဟင် ” ဟု မောင်သန်း၏ မျက်နှာကဲကို ကြည့်ရင်း ပြောလိုက်ရင် မယား၏ အလိုဆန္ဒကို တတ်နိုင်သလောက် ဖြည့်စွမ်းမည်ဟု တအားတင်း၍ ထားရှာသော မောင်သန်း သည်ကား တစ်စုံတစ်ရာကို မကန့်ကွက်ဘဲ မိမိ၏ မယားအကြိုက်ကို လိုက်၍ ဝယ်ပေးပြီးနောက် ပြန်လာခဲ့ကြလေ၏ ။
အိမ်ကျယ်ကျယ်တွင် ခန့်ထည်သော အိမ်ထောင် ပစ္စည်းတို့ကို ဆင်ပြင်လျက် တစ်တောင်မက မြင့်လှသည့် မွေ့ရာကြီးကို သံခုတင် ၊ ကျွန်းခုတင် အဖိုးတန်ပေါ်တွင် တင်၍ ခန့်ခန့်ကြီး နေထိုင်ကြသော လင်မယားများကဲ့သို့ မနေနိုင်ရှာသည့်တိုင်အောင် တစ်ယောက် အိပ်မွေ့ရာကို ကျပ်ကျပ်တည်းတည်းနှင့် စောင်တစ်ထည်ကို လွှမ်းခြုံကာ အိပ်စက်ပြီး ကျဉ်းကျပ်သောအခန်းတွင် အိမ်ထောင် ပစ္စည်းချို့ငဲ့စွာနှင့် နေထိုင်ရရှာသည်ကိုပင် ဒုက္ခဟု မထင် ။ “ ငါ့မယားသည် ငါ့ကို ချစ်၏ ။ ငါ့မယားသည် ငါ့ကို အားကိုး၏ ။ ငါ့လင်ကို ငါ့ကို ချစ်၏ ။ ငါ့လင်သည် ငါ့ကို ဘယ်တော့မှ ပစ်မည့်သူမဟုတ် ” ဟူ၍ တစ်ယောက်တပြန် စွဲစွဲမြဲမြဲ ထင်မြင်၍ နေသည့်အတိုင်း အချစ် လှိုင်းတံပိုး ၊ လွှမ်းမိုးကျော်နင်း၍ လာသည့်အတွက် အလို အလျောက် ပေါက်ထွက်၍ လာသော ဝမ်းတွင်းစည်းစိမ် သုခ၏ အရှိန်သည်ကား ကမ္ဘာပေါ်တွင် အချမ်းသာဆုံး ဟု ခေါ်တွင်၍နေသော အမေရိကန် ရေနံသူဌေး ရော့ခ်ဖဲလား တို့ထက်လည်းကောင်း ၊ ဖို့ဒ်မော်တော်ကားသူဌေး မစ္စတာဖို့ဒ် ထက်လည်းကောင်း အဆရာထောင် ပိုမောက်၍ ချမ်းသာသည်ဟု ထင်စားမြင်ညား၍ နေကြလေသတည်း ။
သို့သော်
မောင်သန်းသည် မိမိ အပေါ်တွင် စိတ်ရော ကိုယ်ရော နှမြောမရှိ ပုံဖိ၍ ပေးရှာသော မယား တင်တင်အား ယခုထက် ပိုမို၍ သုံးစွဲစေချင်၏ ။ ယခုထက် ပိုမို၍ ခန့်ထည်စွာ နေစေချင်၏ ။ ယခုထက် ပိုမို၍ ဝတ်စားဆင်ယင်ကာ နေစေချင်၏ ။ ယင်းသို့ စေတနာချင်ခြင်း လွန်ပြင်း၍ လာသည့် အခါတွင်ကား ငါ ဘယ်နည်းနှင့် ငါ့မယားကို လှလှပပ ခန့်ခန့်ရန့်ရန့်ကြီး နေနိုင်အောင် ကြံဆောင်ရပါမည်နည်းဟု ကိုယ့်ကိုယ်ကို မေးခွန်းထုတ်ကာ အချက်ကို ရှာ၍ နေလေ၏ ။ တစ်ခါတစ်ရံ မယားချစ်ကို ကြည့်ကာ တင်တင်သည် ပစ္စည်း ဥစ္စာနုံနဲ့ ချို့ငဲ့သော ငါ့အား မေတ္တာကို ပဓာန ထား၍သာ ဤမျှအဆင်း ရဲခံရှာရပေသည် ။ သင်းရုပ်သင်းရည်နှင့် ရွှေပုံပေါ်တင်ပြီး ထားနိုင်သည့် လူစားမျိုးကို ရနိုင်လျက်နှင့် ငါလို ဆင်းရဲ ချို့ငဲ့သူကိုမှ သင်း ဖူးစာလာ၍ ဆုံရချေသည်မှာ ကုသိုလ် ဆိုးတဲ့ ဟာကလေးပါကလား ။ ဒီဘဝမှာ ငါဖြင့် ထီပေါက်မှပဲ အေးတော့မှာ ထင်ပါရဲ့လေ စသည်ဖြင့် မယားကို ချစ်ဇောနှင့် စေတနာ အလောသုံးဆယ် ဖြစ်ပြီး ချစ်တီးလို ကြွယ်ဝချင်သော ဆန္ဒများသည် ထိုင်ရာမထ ပေါ် ပေါက်၍ လာကြလေ၏ ။
တင်တင်သည်ကား လွတ်လပ်စွာ နေထိုင်ရသော အပျိုဘဝမှ တစ်မျိုးအားဖြင့် အချုပ်အချယ်နှင့် တွေ့ဆုံရသည့် လင်ရှိမယားဘဝသို့ ရောက်လျှင်ပင် အခြား အရေးတို့ထက် လင်ကို ရိုသေသမှု ပြုစုလိုသည့်ဆန္ဒများသည်သာ အစဉ် ပေါ်ပေါက်လျက် အိုးသစ် ၊ ခွက်သစ် ၊ ပန်းကန် သစ်များကို ကြည့်ကာ အလိုလို ရွှင်လန်း၍ နေလေ၏ ။
မိမိတို့၏ အိပ်ရာတွင် မြူမှုန်မရှိ သန့်ပြန့်၍ နေဘိအောင် ကြည့်ရှုပြုပြင်၍ ထားလေ၏ ။ မိမိတို့ အိပ်ခန်းကလေးကို အမှိုက်သရိုက် မရှိအောင် သိမ်းဆည်းသုတ်သင်၍ ထားလေ၏ ။ မိမိနှင့် မရခင်က မည်းညစ်၍ နေသော လင်ချစ်၏ အဝတ်အထည်များကို သဒ္ဓါကြည်ဖြူစွာ ဖွပ်လျှော်၍ ထားလေ၏ ။ ယင်းသို့ဖြင့် တစ်ခုပြီး တစ်ခု အိမ်တွင်းမှုအစုစုကို လုပ်ကိုင်ရာ၌ မငြီးငွေ့ မပျင်းရိနိုင်ဘဲ ပြီးသည်နှင့် တစ်ပြိုင်နက် လင် အနီး ချဉ်းကပ်ပြီး ပြုံးတုံးတုံးကလေး လုပ်ကာ
“ ကိုသန်းရဲ့အင်္ကျီ နေလှမ်းထားတာ ခြောက်ပြီ ”
“ အေးကွယ် … ဒါနဲ့ မင်းမှာ ညစာအတွက် ဘာဟင်း ရှိသေးသလဲ ”
“ မနက်က ပဲဟင်းနဲ့ ငံပြာရည်ဖျော် ကျန်သေးတယ်လေ ။ ပြီးတော့ ငါးကြော် တစ်ကောင်လည်းပဲ ကျန်သေးတယ် ”
“ ကျုပ် အခု မဂ္ဂဇင်းတိုက်ကို ငွေသွားတောင်းဦးမယ် ။ ပိုက်ဆံရရင် မနက်ဖြန် တင်တင်အတွက် အင်္ကျီကလေးများဝယ်ရအောင် ”
“ ကိုသန်း အတွက်သာ အရေးကြီးပါတယ် ။ တင်တင်မှာ အိမ်ထဲက ထွက်ဖို့ ကိစ္စမရှိပါဘူး … နေပါစေ ။ မြန်မြန်ပြန်ခဲ့နော် ။ တင်တင် စောင့်နေမယ် ”
မောင်သန်းသည် မယားအတွက် ဝယ်ချမ်းပေးလိုလှသည့် စေတနာစိတ်ဇောမှာ မေတ္တာနှင့် ရောစပ်လျက် အတောမသတ်အောင် များမြောင်ရုံတွင်မက မိမိ၏ ချွေးနှဲစာ ပိုက်ဆံအသပြာကို ချစ်လှသည့် မယားထံမှ အပ်နှံ ပုံပေးလိုသော ဆန္ဒလည်း အားကြီးနေသဖြင့် မယားလျှော်ဖွပ်ထားသည့် အဝတ်ကလေးများကိုပင် လဲလှယ်ဝတ် ဆင်ကာ ထွက်၍ သွားရလေ၏ ။
တင်တင်သည်ကား လင်လုပ်သူ ထွက်သွားလျှင်ပင် ညစာ ချက်ပြုတ် ရပြန်လေ၏ ။ မိမိမှာ အခြားပိုက်ဆံ ကြွယ်ဝသည့် အိမ်ထောင်ရှင်တို့ ကဲ့သို့ အမည်မည် အမျိုးမျိုး ကြော်လှော်ကင်ဖုတ်ခြင်းဖြင့် အလုပ်မရှုပ်နိုင်ဘဲ ဟင်း တစ်မျိုး ၊ ထမင်းတစ်မျိုးမျှသာ ချက်ပြုတ်ရန် ဝတ္တရား ရှိလေရာ ကျန်အချိန်များတွင် လူစိတ်များသလောက် အလုပ်ရှားပါးသည်နှင့် ဝယ်ပြီးစ ပန်းကန်သစ်များကိုပင် ထပ်တလဲလဲ ကြည့်ရှုကာ တိုက်ပွတ်၍ နေလေသတည်း ။
••••• ••••• •••••
အခန်း ( ၂ )
ငါ ရေးပြီးပေးထားတဲ့ ရုပ်ပုံကလေးတွေကို သဘောကျလို့ တိုက်ရှင်များက ငွေပေးလိုက်ရင် တင်တင်ဆီ အမြန်ပြေးပြီး ဝယ်ချင်တာဝယ် ၊ သုံးချင်တာသုံးဖို့ အကုန်လုံး အပ်လိုက်မယ် ၊ သူ ဝမ်းဘဲသားကင် ကြိုက်တယ်လို့ ပြောဖူးတယ် ။ ညဈေးတန်းဘက် လျှောက်ပြီး ဝမ်းဘဲသားကင်နဲ့ ဝက်အူချောင်း ငါးမူးဖိုး ဝယ်သွားမယ် ။ သည့်ပြင် ဘာများ သူကြိုက်တတ်ပါလိမ့်မလဲ စသည်ဖြင့် မယားကို ကျွေးချင် ၊ မွေးချင် ၊ ပေးချင် ၊ ကမ်းချင်သော ဆန္ဒမှာ ပင်လယ်ရေလှိုင်းကို မုန်တိုင်း ဝင်၍ ပင့်လိုက်သည့် အလား တစ်ရှိန်တည်း ကြီးမားလျှံ တက်၍ လာရှာသော မောင်သန်းမှာ မိမိ ရသင့်ရထိုက်သည့် ပန်းချီဆွဲခငွေကလေးကိုသာ ချောချောမောမော ဆောဆောလျင်လျင် ရပါစေဟူ၍ မျှော်လင့်ဆုတောင်းရင်း မဂ္ဂဇင်းတိုက်သို့ ရောက်လာခဲ့လေ၏ ။
တောင်းခံခြင်းသည် အောက်ကျသလောက် ပေးကမ်းခြင်းသည် အထက်သို့ ရောက်ကြ၏ ။ ပေးမည့်သူသည် မျက်နှာထား တင်းနိုင်၏ ။ လက်ခံရရှိမည့် သူသည်ကား မျက်နှာထား မတင်းနိုင်ရှာချေ ။ ငါ တောင်းလျှင် ပေးမှ ပေးပါ့မလား ။ မပေးဘဲ မာန်မဲ၍ ပစ်လိုက်မည်လား ။ လွယ်လင့်တကူပဲ ထုတ်၍ ပေးလိုက်မည်လား စသည်ဖြင့် ပေးကမ်းမည့်သူ၏ မျက်နှာကဲကို ခတ်ကာ အသည်းနှလုံး ခြောက်ကပ်ကြုံလှီ၍ သွားတော့မလောက် အောက်ကျခံကာ မိမိတို့ ဝမ်းရေးအတွက်ကို တစ်ပါးသူ ထံတွင် တောင်းခံစားသောက်ရသော ဘဝသည် သူ တောင်းစားနှင့် မည်သို့ ခြားနားသနည်း ။
မောင်သန်း၏ မျက်နှာမှာ မဂ္ဂဇင်းမန်နေဂျာတည်း ဟူသော ငွေကြေးပေးကမ်းမည့် အရာရှိ၏ ရှေ့တော်တွင် ခေါင်းကိုမျှ မမော်ဝံ့အောင် ရွံ့တွန့်တွန့် ဖြစ်လျက် မျက်နှာကို အောက်ချကာ တစ်ခါတစ်ခါ မန်နေဂျာ၏ မျက်နှာကို ကြည့်ရင်း လေးလံသော နှုတ်ခမ်းကို အနိုင်နိုင် ဟကာ
“ ကျွန်တော် ရေးပေးထားတဲ့ ရုပ်ပုံသုံးခု အတွက် ငွေ ၃၀ မစပါခင်ဗျား ။ ကျွန်တော့်မှာ အင်မတန် ဆင်းရဲကျပ်တည်းတဲ့အခါမို့ပါ .. ” ဟု ပြောရင်းပြောရင်း မျက်ရည်များ ဝိုင်းလည်၍ လာလေ၏ ။
မန်နေဂျာတိုက်အုပ်သည်ကား မူလမျက်နှာထားကို ရုတ်တရက် ပြောင်းလဲကာ ခက်ထန်တိုတောင်းသည့် လက္ခဏာဖြင့် မည်သို့မျှ မပြောသေးဘဲ မိမိ စားပွဲအံဆွဲကို ခပ်ကြမ်းကြမ်း ဖွင့်ပြီး ရုပ်ပုံသုံးခုကို ထုတ်၍ မောင်သန်း ကို လှမ်းပေးလိုက်ပြီးနောက်
“ မင်းထက် ကောင်းတဲ့ ပန်းချီကျော်တွေ ဆီက ရုပ်ပုံတွေကို မှာထားတယ် ။ နောက်ကိုလည်း လာမပေးနဲ့တော့ မင်း ပေးဖို့လည်း ငွေမရှိဘူး ” ဟုပြောကာ တစ်ဖက်သို့ ချာခနဲ လှည့်၍ သွားလျှင် မောင်သန်းလည်း စိတ် အပျက်ကြီး ပျက်ကာ သက်မကြီး ပြင်းစွာ ရှိုက်ပြီး တိုက်ထဲမှ ထွက်လာခဲ့လေ၏ ။
မိမိစိတ်ထဲ ဝမ်းထဲတွင် များစွာမှ အားခဲမျှော်လင့်၍ ထားသော အရာမှာ မျှော်လင့်သလို မပြည့်စုံဘဲ အခက်အခဲနှင့် တွေ့ကြုံရသည့်အခါ ဖြစ်ပေါ်လာသော စိတ်၏ ဆင်းရဲခြင်းသည် မောင်သန်း၏ ကိုယ်တွင်းသို့ ဝင်ရောက်၍ လာလေ၏ ။ မိမိ၏ လက်ထဲတွင် ပိုက်ဆံကြေးပြား ဟူ၍ အလျှင်း မရှိသည့်အပြင် ယခုတွင်ကား မည်သည့် နေရာ ၊ မည်သို့သော နည်းနှင့်မျှ ရနိုင်ရန် လမ်း မရှိရကား မယားကို မည်သို့မည်ပုံ နှစ်သိမ့်အောင် ပြောရမည်ကို စဉ်းစား၍ မရနိုင်ဘဲ ဤလောက လူ့ဘောင်တွင် ငါ့လောက် ဆင်းရဲတဲ့လူ ရှိမည်မဟုတ် ။ ငါတွင် မည်ကဲ့သို့သော ဘဝဟောင်းဝဋ်ကြွေးသည် ကြီးလေးစွာ ဖိစီး၍ နေပါလိမ့်မည်နည်း ။ ဤလောကသည် ငါ့အား မုန်းတီး ပစ်ပယ်၍ ထားလေပြီ ။ ငါ့အား မှီခိုအားကိုး၍ ပေါင်းသင်းရှာသော မယားချစ်ကိုပင် နှစ်သိမ့်အေးချမ်းအောင် ပေးစွမ်းပြုစုနိုင်သည့်အခါအခွင့်မျိုးနှင့် မတွေ့ကြုံဘဲ နုံချာဆင်းရဲသော ငါ၏ ဘဝသည် သူတောင်းစား လောက်မှ အဖိုးမတန် ရှိလေပြီတကား ။
စသည်ဖြင့် အမျိုးမျိုး တွေးတောဝမ်းနည်းရင်း လေးလံဖြည်းညင်းစွာ ရောက်၍ လာရာမှ ပန်းခြံတွင်းသို့ ဝင်ကာ တစ်ခုသော တန်းလျားပေါ်တွင် မရွှင်ဆွေးမြေ့လှသည့် မျက်နှာထားနှင့် အနိုင်နိုင်ထိုင်ရင်း မိမိနှင့်မတူ ကွာခြား ပျော်ပါးရွှင်မြူး၍ နေကြသောသူများကို ကြည့်ပြီး ဤသူတို့သည်ကား ငါနှင့် မတူ ၊ လူဖြစ်ရသော ဘဝတွင် သုခကို တွေ့ကြရသူများ ဖြစ်ပေသည် ။ လောကကြီးကို မည်သူ ဖန်ဆင်း၍ ထားလေသနည်း ။ ထိုလောကနှင့် လောကတွင်းသို့ မှီတင်းဖြစ်ပေါ်လာသော လူသတ္တဝါ အပေါင်းတို့အား အဘယ်ကြောင့် မညီမမျှ ဖြစ်အောင် မျက်နှာလိုက်ကာ ဖန်ဆင်း၍ လာခဲ့ပါသနည်း ။ ငါ့အား ဤလောကတွင်းသို့ ဆင်းရဲဒုက္ခရအောင် အဘယ်ကြောင့် စေလွှတ်ခဲ့သနည်း ။ ဘုရားနှင့် နတ်တို့သည် ငါကဲ့သို့ ဒုက္ခရောက်သူကို အဘယ်ကြောင့် လျစ်လျူရှု လိုကြပေလိမ့်မည်နည်း ။ ဤအခါမျိုးတွင်မှ အားမကိုးရသော ဘုရားကို တရိုတသေ ကိုးကွယ်ဆည်းကပ်သော်လည်း ငါ့အား အကျိုး မဖြစ်ထွန်းနိုင်တော့ပြီ ။ ငါ့ကို လည်းကောင်း ၊ ငါ့မယားကို လည်းကောင်း ၊ ရက်စက်စွာ ဖန်တည်း၍ ထားသော ဘုရားကို ငါ အလိုမရှိ ၊ ငါမယုံကြည် စသည်ဖြင့် မိမိ၏ ဆင်းရဲခြင်းကို အကြောင်းပြု၍ ဘုရားရှင်ကိုပင် ပြစ်တင်မုန်းတီး အရွံကြီး ရွံလိုက်ပြီး မချင့်မရဲနှင့် မျက်ရည်ပေါက်များ တစ်ပေါက်ပြီး တစ်ပေါက် ရစ်ဝဲကျဆင်း၍ လာကုန်၏ ။
ထိုသို့ဖြင့် ဝမ်းပန်းနည်းစွာ စဉ်းစားရင်းဖြင့် အချိန် ကုန်မှန်းမသိ ကုန်ကာ ညနေစောင်း အချိန်သို့ ပြောင်းကူး၍ လာခဲ့လေသတည်း ။
တင်တင်
“ အမား … အဝတ်ယူမလား ၊ ကပ်ပလား ကောင်း ကောင်းပါတယ် ။ ဂျာဘော်ထီပါတယ် ၊ ဂျာပါတယ် ၊ ရှန်ဒါးပါတယ် ” စသည်ဖြင့် လမ်းလျှောက် အထည်သည် ကု,လားတစ်ယောက်သည်ကား တင်တင်ကို ကြည့်၍ မေးနေလျှင် တင်တင်လည်း မိန်းမတို့ ဘာဝ ဝယ်ချင် ခြမ်းချင်သော ဆန္ဒ ပေါ်လာရကား အထည်သည် ကု,လားကို ခေါ်၍ ကြိုက်ရာ အထည်များကို ရွေးယူ အဖိုးစားနားကို ဆစ်၍ နေလေ၏ ။
ကု,လားသည်ကား ဈေးသည်တို့ဘာဝ ချိုသာစွာ ပြောဆိုကာ ကောင်းသော အထည်များကို မနားမနေ ဖြန့်၍ ပြပြီးလျှင်
“ အမားနဲ့ အားကြီး တော်ပါတယ် ။ အားလုံး ဗမာ မိန်းမတွေ ဝတ်တာပဲ ” စသည်ဖြင့် မဝယ်ချင် ဝယ်ချင်အောင် ပြော၍ နေလေ၏ ။
တင်တင်လည်း မိမိ ကြိုက်နှစ်သက်သည့် အထည် ကို ၆ ကျပ်ဖိုးခန့် ရွေးချယ်ထားသော်လည်း မိမိလက်တွင်ကား ငွေ ၃ ကျပ်မျှသာ ရှိသဖြင့် မိမိ၏ လင် မောင်သန်း ကိုသာ လှမ်းမျှော်၍ ကြည့်နေရလေ၏ ။
“ အစ်မ … အိမ်ကလူ တိုက်ကို ငွေယူသွားတယ် ။ စောင့်ချင်လည်း စောင့်နေဦး ။ တော်တော်ကြာ ပြန်လာမှာပဲ ” ဟု ပြောလိုက်လျှင် အထည်သည် ကု,လားလည်း တင်တင်အား ရိုးသားသည့်လက္ခဏာ ရှိသဖြင့် ယုံကြည် စိတ်ချစွာနှင့်
“ လျှောက်ရောင်းပြီး အပြန်မှ ဝင်ယူမယ် အမား ... ကိစ္စ မရှိပါဘူး ” ဟု ပြောကာ တင်တင် အလိုရှိရာ အထည်ကို ထားခဲ့ပြီး ထွက်သွားလေ၏ ။
တင်တင်သည် မိမိ ဝယ်ယူလိုက်သော အဝတ်အထည်များကို ယုယုယယကိုင်တွယ်ကာ အမျိုးမျိုး ဖြန့်၍ ကြည့်ရင်း သဘောကျ၍ နေလေ၏ ။ ယင်းသို့ဖြင့် အချိန်ရွေ့ပါး၍ လာကာ နေရောင်ကွယ်လုနီးပါး ၅ နာရီ ထိုးသံ ကြားရကား မောင်သန်းကို တမျှော်မျှော်နှင့်ပင် လင် ပြန်လာချိန်၌ အဆင်သင့် စားသောက်ရန် မိမိတို့ ဝယ်ခြမ်းလာခဲ့သော ပန်းကန်ခွက်သစ်တို့ဖြင့် ထမင်းပွဲ ပြင်ဆင်ကာ အရိပ်တကြည့်ကြည့်နှင့် စောင့်၍ နေရပြန်လေ၏ ။
“ ကိုသန်း ပိုက်ဆံရပြီး ဘာတွေ လျှောက်ဝယ်နေလို့ ဒါလောက် အချိန်ကြာနေပါလိမ့်မလဲ ။ ငါ အိမ်က ဝယ်ထားမှန်း မသိဘဲ ငါ့ဖို့တွေများ လျှောက်ဝယ်နေရော့ သလား ။ ညဈေးတန်း သွားပြီး ဝမ်းဘဲကင် ဝယ်နေပြန် ထင်ပါရဲ့ ” စသည်ဖြင့် အတွေးလုံး ခပ်များများနှင့် စောင့်စားကာ ထမင်းပွဲ အနီးမှ မခွာဘဲ ထိုင်နေသော်လည်း မောင်သန်းမှာ မရောက်လာသေးဘဲ နေဝင်စတွင်သာ အထည်သည် ကု,လားရောက်လာကာ တံခါးခေါက်သံကို ကြားရလေ၏ ။
“ ဟဲ့ ... အိမ်ကလူ မလာသေးဘူးကွယ် ။ မင်း .. အဝတ်ကို ပြန်ယူချင်လည်း ယူသွားတော့ ... မမမှာ ပိုက်ဆံ မရှိတော့ဘူး ”
“ အို … ပိုက်ဆံ မရှိဘဲနဲ့ ဘာပြုလို့ ယူထားလိုက်သလဲ ။ ဘာကောင်းသလဲ ”
“ ဒါဖြင့် … မင်း စောင့်နေမလား ။ မင်း စိတ်ဆိုးစရာ မရှိပါဘူးကွယ် ”
“ ဘာကောင်းသလဲ အမာ ... ဈေးမရောင်းရတဲ့ နေ့မှာ ဒီလိုလုပ်တာ ဘာကောင်းသလဲ ” စသည်ဖြင့် ပြောကာ မိမိ၏ အထည်ကို ပြန်ယူပြီး စိတ်ဆိုးဆိုးနှင့် ဆင်း၍ သွားသည်ကို မိမိ၏ ဆင်းရဲသောဘဝ၌ လူတစ်ဖက်သား အငြိုအငြင် ခံရအောင် ဖြစ်ကြုံရလေခြင်းဟု ဝမ်းနည်းစွာ ငေးကြည့်ရင်း ကျန်ရစ်ရရှာလေ၏ ။
“ ကိုသန်း ဘယ်များ ခရီးလွန်နေပါလိမ့်မလဲ ။ ငါ့မှာ ငါ့တစ်ယောက်တည်း အားငယ်ငယ်နဲ့ ရှိလိမ့်မယ် ဆိုတာ သိလျက်နဲ့ ဘယ်သူနဲ့တွေ့လို့ ဒါလောက် ကြာနေပါလိမ့်မလဲ ။ ပဲဟင်းချိုကလေးလည်း အေးကုန်ပြီ ။ အချိုတွေ ပေါ့ကုန်တော့မယ် ။ သူ ဘာများဖြစ်နေပါလိမ့်မလဲ ” စသည်ဖြင့် စိုးရိမ်ပူပန်ခြင်း ဖြစ်ပေါ်လာကာ ပြတင်းပေါက်မှ ထွက်၍ ခဏခဏ လှမ်းမျှော်၍ ကြည့်ပါသော်လည်း အရိပ်အယောင်မျှ မမြင်ရသဖြင့် စိတ်တအုံ နွေးနွေးနှင့် ထမင်းပွဲကို စာရွက်ကြီး တစ်ရွက်နှင့် ဖုံးကာ စိတ်အားငယ်စွာ စောင့်နေရရှာလေသတည်း ။
••••• ••••• •••••
အခန်း ( ၃ )
ပန်းခြံအတွင်း ခုံတန်းလျားပေါ်တွင် ထိုင်ကာ လောကကြီး တစ်ခုလုံးကို စိတ်နာ၍ နေရုံတွင်မက မိမိ၏ ချို့တဲ့ဆင်းရဲသော အခြေအနေကို ရွံရှာလှသဖြင့် ဘုရား ကိုပင် ပယ်လိုသော ဆန္ဒများ ပေါ်ပေါက်ပြီးလျှင် ရှုတ်ချ ပစ်တင်၍ နေရာမှ အချိန်ကုန်၍ လာကာ လွှတ်တော်နာရီစင်ကြီးမှာ ၁ဝ နာရီ ကျော်လွန်၍ နေသည်ကို မြင်ရကား မိမိမယားကို သတိရကာ ပြန်တော့မည်ဟု ထိုင်ရာမှ ထလိုက်သည်နှင့် တစ်ပြိုင်နက် ကြက်သီးမွေးညင်း ထကာ လန့်ထိတ်၍ သွားမိလေ၏ ။ မိမိ ပတ်ဝန်းကျင်တွင် နေဝင်ဖျိုးဖျက ပျော်ပါးသွားလာ၍ နေကြသော လူများမှာ လည်း မရှိတော့ဘဲ တိတ်ဆိတ်ငြိမ်သက်၍ နေသည်ကို တွေ့သည်နှင့် အံ့သြ၍ နေစဉ်တွင် တစ်စုံတစ်ယောက် သောသူသည် နောက်မှ ပခုံးကို ပုတ်လိုက်ရာ အံ့အားသင့်စွာ နောက်သို့ လှည့်၍ ကြည့်မိသည်နှင့် ခံ့ညားသော လူတစ်ယောက်သည် မိမိအား ကရုဏာ သက်သော မျက်နှာထားနှင့် ကြည့်၍ နေသည်ကို မြင်ရလေ၏ ။
“ ဘာကိစ္စများလဲ ခင်ဗျာ ”
“ မောင့်ကို ဘကြီး လိုက်ရှာနေတာ ကြာလှပြီ ။ မောင့်အဖေမသေခင်က အပ်ထားတဲ့ပ စ္စည်းတွေကို ပြန်ပေးမလို့ ။ မောင့်တစ်သက်တော့ စားလို့ မကုန်တော့ပါဘူး ” ဟု ပြောလိုက်လျှင် ထိုလူကြီးကိုပင် သေချာစွာ ကြည့်ကာ မယုံကြည်နိုင်လောက်အောင်ဖြစ်၍ နေလေ၏ ။
“ မောင်ကို နောက်မှ ပြောပြမယ် ။ အခု ဘကြီးအိမ်ကို လိုက်ခဲ့တာပေါ့ ။ မျှော်လင့်ခြင်း မရှိတဲ့ ပစ္စည်းကို ရမယ် ဆိုလို့ မောင့်စိတ်ထဲမှာ အံ့သြမယ် ဆိုတာ ဘကြီး သိပါတယ် ။ သို့ပေမဲ့ မောင့်ပစ္စည်း မောင်ရတာ အံ့ဩစရာ မဟုတ်ပါဘူး ” ဟု ရေရေလည်လည် ပြောလိုက်လျှင် မောင်သန်းမှာ အဘိုးကြီး၏ စကားကို ယုံသည်ထက် ယုံကာ ဝမ်းနည်းအားလျော့သည့်စိတ်များ ပျောက်ပျက်ကုန်ခန်းကာ ဝမ်းသာရွှင်လန်းသော မျက်နှာနှင့် အားတက်လာပြီးလျှင် မိမိ၏ ချစ်သူအား မိမိ ကဲ့သို့ ဝမ်းသာကာ အားတက်စေလိုသော ဆန္ဒများပင်လျှင် ဘွားခနဲ ပေါ်ပေါက်၍ လာပြန်လေ၏ ။
“ ကျွန်တော် ဘယ်လိုက်ရမှာလဲ ”
“ ဘကြီးအိမ်ကိုပေါ့ … လိုက်သာလိုက်ခဲ့ပါ ”
“ ကျွန်တော် မိန်းမကို တစ်ဆိတ် ဝင်ပြီး ပြောပစ်ခဲ့ ချင်သေးတယ် ဘကြီးရဲ့ ”
“ နောက်တော့ ပြောတာပေါ့ကွယ် ။ အခု ပြောလို့ကော မထူးပါဘူး ။ ပစ္စည်း လက်ထဲရတော့ သည့်ထက် မျက်နှာပန်းလှလှနှင့် ပြောရရောမဟုတ်လား ”
“ ဟုတ်တော့ ဟုတ်ပါတယ် ။ သို့ပေမဲ့ ကျွန်တော့် မိန်းမ စိတ်ပူနေမှာ စိုးလို့ မှာပစ်ခဲ့ပါရစေ ဘကြီးရဲ့ ”
“ မိန်းမဆိုတာ နေရာတိုင်း မပြောရသေးဘူးကွဲ့ ။ လိုက်သာ လိုက်ခဲ့ပါ ” စသည်ဖြင့် အဘိုးကြီးက အကြောင်းနှင့် ပြောပြသဖြင့် မိမိမှာ မယားအား စိတ်အေးအောင် ပြောကြားပစ်ခဲ့လိုသော်လည်း မိမိရမည့် ပစ္စည်းကို လောဘဇောနှင့် တွယ်တာမိရကား နောက်ဆံ တငင်ငင်နှင့်ပင် အဘိုးကြီး ခေါ်ရာနောက် ပါ၍ သွားရလေသတည်း ။
ချစ်ခင်မြတ်နိုးလှ၍ အားကိုးအားထား တစ်ခုပြုကာ ပေါင်းသင်းဆက်ဆံရသော လင်ဖြစ်သူမှာ ညဉ့် ၁ဝ နာရီတိုင်အောင် မပေါ်လာဘဲ ရှိနေရကား ဆာလောင် မွတ်သိပ်ခြင်းများပင် ပျောက်ခန်းကာ စိုးရိမ်ခြင်း ၊ ဝမ်းနည်းခြင်းတည်း ဟူသော စိတ်၏ အနှောင့်အယှက်ကိုသာ မှီဝဲနေရသော တင်တင် မှာ ထမင်းပွဲကို မသိမ်းဆည်းနိုင်ဘဲ ကိုသန်း ဘယ်ကို သွားနေပါလိမ့်မလဲ ။ ငါနဲ့ နေရတာ ဆင်းရဲတယ် အောက်မေ့ပြီး ရှောင်တိမ်းလို့ နေလေပြီလား ။ ငါ ဘယ်နည်းနဲ့ ကိုသန်းကို ရှာဖွေရပါ့မတုန်း ။ ငါ ချစ်သလို ကိုသန်း ချစ်မည် မထင် ။ တကယ်ဆိုရင် ငါ့မယားကလေးဟာ အိမ်မှာ တစ်ယောက်တည်း အားတငယ်ငယ်နှင့် နေရမှာပါကလား ။ ငါ့ကို သင်း အားကိုးပြီး ယူရှာပေတယ် ။ ငါ့ အပေါ်မှာ အနွံအတာ ခံပါပေတယ် စသည်ဖြင့် တွေးပြီး သနားဖို့ ကောင်းပါလျက်ကနဲ့ အခုတော့ ကိုသန်းဟာ တကယ့် လူသရမ်းကြီးများလို မယားကို မေ့ပြီး ပျော်ပါး၍ နေလေပြီ ။ မအေလည်း ပစ် ၊ ဖအေလည်း ပစ် ဒုက္ခဝဲထဲမှာ နစ်ပြီး လာရာက အားကိုးစရာ တစ်ခုဟဲ့လို့ ယူလိုက်တဲ့ လင်ကလည်း ပစ်နဲ့ ။ ငါ့ကို ချစ်ခင်တွယ်တာသူ မရှိတော့မှန်း အခုမှ သိရပေပြီ ။ ငါ့လောက် ကုသိုလ်ကံဆိုးတဲ့ မိန်းမ ရှိမယ် မထင်ပါဘူး ။ ငါ့ဘဝဟာ သေသလောက်မှ မြတ်တဲ့ဘဝ မဟုတ်တော့ပါကလား စသည်ဖြင့် စဉ်းစားတွေးတောရင်း မချိလွန်းရကား တိတ်ဆိတ်သော အခန်းတွင်း၌ တစ်ယောက်တည်း ရှိုက်ကြီးတငင် ငိုကာ အိပ်ရာထက်တွင် လူးလှိမ့်၍ နေရရှာလေ၏ ။
အပျော်အပါးနှင့် အဖော်မယား
အပျော်အပါးသည် အဖော်မယားကိုပင် မေ့ပျောက်စေတတ်၏ ။ ကာမဘုံသားတို့သည်ကား ကာမဂုဏ်အားဖြင့် ပျော်ပါးမှုတို့ကို စွဲလမ်း တွယ်တာကာ သုခရတနာ ဟု အောက်မေ့ စံစားလိုကြသည့်အားလျော်စွာ မိုက်မှား၍ နေကြလေသတည်း ။ ထို့အတူ တစ်သက်တွင် လူမွေးလူတောင် ချမ်းသာမည့် အရိပ်အယောင်ကို မမြင်တော့ပါဘူးဟု လောကကို ပစ်ပယ် ၊ ဘုရားကို ပုန်ကန်၍ ပစ်လိုက်သော မောင်သန်းသည်ကား မိမိအား ချမ်းသာဘောင်သို့ သွေးဆောင်၍ ခေါ်သွားသော အဘိုးကြီး၏ ခံ့ညားကြီးကျယ်သော အိမ်ကြီးအတွင်းသို့ ရောက်ရှိ၍ လာလေ၏ ။
ထိုအိမ်ကြီးအတွင်း ခင်းကျင်းအပ်သော ပစ္စည်း ဝတ္ထုတို့သည်ကား လူသာမန်တို့ ထားနိုင်ခဲသော ပစ္စည်း အဖိုးတန် အလှအပများ ဖြစ်ရုံတွင်မက မောင်သန်း၏ မျက်စိအာရုံကို ချိတ်ဆွဲ၍ ထားလောက်အောင် ပသာဒ အားဖြင့် ဆောင်စွမ်းနိုင်ကြကုန်၏ ။ အဘိုးကြီးသည် မောင်သန်းအား ယင်းသို့ ခံ့ညားလှပသော အခမ်းအနားတို့ကို တစ်ခုပြီးတစ်ခု ပြကာ
“ မောင်လည်း ဘကြီးလို စည်းစိမ်အမျိုးမျိုးနဲ့ စံစားနိုင်တော့မှာပဲ ”
“ သို့ပေမဲ့ ကျွန်တော် မိန်းမကို မခေါ်ခဲ့ရတာ စိတ်မကောင်းပါဘူး ဘကြီးရယ် ”
“ အို … မိန်းမကို ထည့်မပြောစမ်းပါနဲ့ကွယ် ။ ချမ်းသာတာသာ မူလ မဟုတ်လား ။ ကိုင်း ... ဒီမှာ နေရစ်ခဲ့ဦး ။ ဘကြီး သွားလိုက်ဦးမယ် ” ဟု ပြောကာ အဘိုးကြီးလည်း အိမ်ခန်းတွင်းသို့ဝင်သွားလေလျှင် မောင်သန်းမှာ တစ်ယောက်တည်း ကျန်ရစ်ပြီးနောက် မိမိ အဘိုးကြီးထံမှ ထူးဆန်းစွာ ရရှိမည့် ပစ္စည်းဥစ္စာတို့ကို ရလျှင် မည်သို့ စံစားနေမည် ၊ မိမိမယားနှင့် မည်ကဲ့သို့ တင့်တင့်တယ်တယ် နေရမည် စသည်တို့ကိုသာ မျှော်ခေါ်တွေးတောပြီး စိတ်ဝမ်းမြောက်၍ နေလေ၏ ။
မောင်သန်း၏ စိတ်၌ မိမိချမ်းသာစွာ နေထိုင်ရတော့မည့်အကြောင်းများကိုသာ မြိန်မြိန်ယှက်ယှက်ကြီး တွေးတောကာ ဝမ်းသာရွှင်မြူး၍ နေစဉ်တွင် မိမိနှာ ခေါင်းဝသို့ မွှေးကြိုင်လှစွာသော ရနံ့အထုံတို့သည် ရုတ်တရက် ဝင်ရောက်၍ လာသည်နှင့်တစ်ပြိုင်နက် ဂန္ဓာရုံ ရမ္မက်ငြိပြီး တစ်ဖက်သို့ လှည့်၍ ကြည့်မိလေ၏ ။
ယင်းသို့ ကြည့်လိုက်လျှင် မိမိအနီးတွင် မခို့တရို့ ၊ ကပို့ကရို့နှင့် ပြုံးသလို ၊ ရွှင်သလို ၊ ရင်မိုဖောင်းကြွ ၊ ချစ်စရာမျက်နှာနှင့် မောင်သန်း၏ စိတ်နှလုံးကို သိမ်းကြုံး ဆွဲငင်ဘိအလား ခပ်မားမား ရပ်နေသော မိန်းမပျို တစ်ယောက်ကို မြင်ရကား အံ့သြခြင်းထက် တပ်မက်သော စိတ်သည် ရပ်တည်ရာ မရအောင် အလှိုင်းတကြီး ဝင်ရောက်၍ လာကြလေရာ မိန်းမပျို၏ ကြော့ရှင်းပြေပြစ် ချစ်ချင့်စဖွယ် ပျိုရွယ်တောင့်တင်းလှသည့် ကာယကိုယ်လုံးကိုပင် ထက်အောက်မကျန် အတန်တန် ကြည့်ပြီး ရူပါရုံပင့်ကူအိမ်တွင် ရပ်တည်မငြိမ် ယင်ကောင်သိမ်မိသည့်အလား ကာမဂုဏ် ရမ်းကား၍ လာလေသတည်း ။
ကာမဂုဏ်စိတ် ၊ စီးယိုဖိတ်၍ မျိုသိပ်မနိုင် ၊ တဏှာဇော ဖြိုင်ပြီးလျှင် ပျံ့လှိုင်တပ်ညိ ၊ ချွန်းဖွင့်၍ မရနိုင်သည့် ဆင်ရိုင်းသဖွယ် ချုပ်ချယ်၍ မရရှာသော မောင်သန်းမှာ နောက်ဆုံး၌ နေမထိထိုင်မသာနှင့် အချက်ကို ရှာကာ ထိုင်ရာမှ ထပြီး ပြုံးသလိုလို မျက်နှာထားနှင့် မိန်းမပျိုအနီးသို့ ချဉ်းကပ်လိုက်လျှင်ပင် မိန်းမပျိုမှာ ၎င်း၏ အရိပ်အကဲကို တစ်ဆိတ်မလွဲ ခပ်မိသည့် လက္ခဏာနှင့် ကြာမူပါပါ နွဲ့နှောင်းသည့် ကိုယ်ဟန်ကို တိမ်းငဲ့ပြီး ..
“ သူဌေးလောင်း ကိုသန်း ဆိုတာ ရှင်ပဲနော် ”
“ ဟုတ်ပါတယ် .. ဘကြီး ပြောတဲ့အတိုင်း မှန်ခဲ့ရင်ဖြင့် ”
“ မှန်ပါတယ် .. အခုလည်း ဘကြီးက ကျွန်မနဲ့ လက်ဆက်ရမယ့်လူကို ကြည့်ဖို့ရာ စေခိုင်းလိုက်တဲ့ အတွက် ထွက်လာရခြင်းပါ ”
“ ဘဝက ရေစက်ဆုံစည်းလို့ ထင်ပါရဲ့ နှမရယ် ။ နှမ မျက်နှာတော်ကလေးကို မြင်လိုက်ရရင်ပဲ မေတ္တာတံခါးကြီးဟာ တားဆီးလို့ မရဘဲ ပွင့်ထွက်၍ လာပါတော့တယ် ”
“ ကျွန်မမှာလည်း ဘကြီးက သူသိမ်းထားတဲ့ ပစ္စည်း ရှင့်ကိုတွေ့ အောင် စောင့်ပြီး လက်ဆက်ရမယ်လို့ ပြောထားတဲ့အတွက် လူမမြင်ရခင်ကပဲ မေတ္တာယိုဖိတ်ပြီး အလွမ်းစိတ် ပြန့်ပွားနေရပါတော့မယ်မောင်ရဲ့ ” စသည်ဖြင့် သာယာချေငံ အသံချိုမြစွာနှင့် တစ်ဖက်သား အလိုကျလာအောင် ပြောလိုက်လျှင်ပင် ပုထုဇဉ်တို့ဘာဝ ကာမ အရာတွင် တွယ်တာစွဲငြိ ၊ အာရုံဖိလေ့ရှိသော လောကီသားတို့တွင် အပါအဝင်ဖြစ်သည့် မောင်သန်းမှာ ကျန်ရစ်သူ ဇနီးသက်လျာ တင်တင် ကညာကိုမျှ သတိမရနိုင်ဘဲ အစွဲကြီးစွဲကာ မိန်းမပျို၏ နုဖွေးပြည့်ဖြိုးသော လက် ဖဝါးကလေးကို ဆုပ်နယ်ကိုင်ဆွဲကာ လေးလံ ချောက်ချားသော မိမိ ရင်ခွင်ကြားသို့ ဆွဲယူပွေ့ဖက်၍ ထားလိုက်မိလေ၏ ။
မိန်းမပျိုသည်ကား မောင်သန်းအား ရူပါရုံ ဂန္ဓာရုံ ဖောဋ္ဌပ္ပါရုံ သောတရုံ စသည့် အာရုံတို့ဖြင့် အမျိုးမျိုး ဖြည့်စွမ်းကာ သွေးဆောင်ရှာရကား မောင်သန်းမှာ နောက် နောက်က ဆင်းရဲနုံချာခဲ့သည့် အကြောင်းတို့ကို သတိ မရနိုင်ဘဲ ပျောက်ကွယ်လွင့်စင်လျက် ဘဝသစ်သို့ ကူး ပြောင်းစံစား၍ နေရသည့်အလား ကာမဂုဏ်မီးကြားတွင် ကြီးမားသော နစ်မွန်းခြင်းဖြင့် နစ်မွန်း၍ နေလေ၏ ။
••••• ••••• •••••
အခန်း ( ၄ )
ထမင်းပွဲကိုမျှ မသိမ်းဆည်းနိုင်ဘဲ တမှိုင်မှိုင် တဝေဝေ သောကထွေလျက် မျက်ရည်ကျဆင်း ၊ ရင်တွင်း ပူပန် ၊ လင်သက်နှံကြောင့် ၊ မဟန်ဆွေးမြေ့ ၊ ဖွဲမီးငွေ့သို့ ၊ မရွေ့ လောင်ကျွမ်း ၊ လွမ်းချင်တိုင်း လွမ်း၍ နေရရှာသော တင်တင်မှာ အခန်းတည်းတွင် အဖော်ကင်းမဲ့စွာနှင့် အိပ်စက်၍ မရဘဲ လူးလှိမ့်ညည်းတွား၍သာ နေရရှာလေ၏ ။
ကိုသန်း ငါ့ကို ပစ်သွားပြီ ။ ငါ့ကို ကိုသန်း မုန်းသွားပြီ ။ သူတို့ ခုကာလ ယောက်ျားတွေဟာ မိန်းမ ချမ်းသာတာကိုမှ ခုံမင်တပ်မက် နှစ်သက်လေ့ရှိသဖြင့် ကိုသန်းလည်း ဒီလို လူတွေကို အားကျပြီး ချမ်းသာမယ့် မယားကို ရှာချေပြီ ။ ငါ့အတွက်နဲ့ ငဲ့ကွက်ပြီး ဆင်းရဲခြင်း မဖြစ်ပါစေနဲ့ ။ ငါ့ထက် ချမ်းသာပြီး လင့်အလိုကို ဖြည့်နိုင် တဲ့ မိန်းမကောင်းတွေနဲ့ ပေါင်းသင်းပြီး ရွှင်ရွှင်ကြီးနေ နိုင်ပါစေ .. စသည်ဖြင့် ကရုဏာဒေါသောနှင့် တွေးတော၍ နေရာမှ အချစ်ဓာတ် အချစ်သွေးတို့သည်ကား လှိမ့်ဆင်းဆော်ပွက် နှောင့်ယှက်၍ လာပြန်ရာ မချိတင်ကဲ ဆံပင်ကိုဆွဲပြီး လူးလှိမ့်အော်ဟစ်ကာ ငိုကြွေးခြင်း ပြုရှာပြန်လေ၏ ။
တစ်ခါတစ်ရံ မျက်လုံးကလေးကြောင်တောင်တောင်နှင့် “ ကိုသန်းရေ အို ... ကိုသန်း .. တင်တင်ကို မသနားတော့ဘူးလားဟင် ။ အို … ကိုသန်းရဲ့ ဆင်းရဲ အတူ ချမ်းသာ အမျှဆိုပြီး ပေါင်းကြတဲ့လင်မယားပါ ကိုသန်းရယ် ။ တင်တင့် အပေါ်မှာ ဘာများ အပြစ်တင်စရာ ရှိလို့ စိမ်းစိမ်းကားကား လှည့်စားပြီး သွားရတာတုန်း ” စသည်ဖြင့် နှုတ်မှ ထုတ်ဖွင့်၍ ပြောကာ အရူးပမာ ဖြစ်၍ နေရရှာလေ၏ ။
မောင်သန်း မှာကား ...
ကာမဂုဏ်လှိုင်းတံပိုးတွင် မြောပါ၍ နေလေရာ လက်သစ်ခင်ပျိုနှင့် ရွှင်ချိုတွဲဖက်၍ စက်ပျော်မြူးထူး လျက်နေပြီးလျှင်
“ လောကတွင် ငါ့လိုလူ မရှိနိုင် ၊ ငါ့ကုသိုလ် ငါ့ အကျိုးကြောင့် ငါစံစားရမည့် စည်းစိမ်သည် ဘုရားမ၍ မဟုတ် ၊ ဘုရားကယ်၍ မဟုတ် ၊ ဘုရားကို ပြစ်တင်၍ ဖယ်ခွာပြီးသည့် အခါမှသာ ငါခံစားခွင့် အကျိုးဝင်ရောက်၍ တိုးလေသည် ” စသည်ဖြင့် ငါတံခွန်ထူပြီးလျှင် မယား လက်သစ်နှင့် ယှဉ်တွဲစက် ပျော်၍ နေလေသတည်း ။
ယင်းသို့ စည်းစိမ်သုခကို တုမရအောင် စံစားရသည် ဟူသော နှလုံးထားနှင့် မယားသစ် အနီးတွင် မွေ့လျော်စွာ စက်ပျော်၍ နေရာမှ ရုတ်တရက် လန့်၍ နိုးသည်နှင့် တပြိုင်နက် အနီးတွင် မိမိ၏ မယားသစ်မှ မရှိ တော့ဘဲ ပျောက်ကွယ်၍ နေရကာ အံ့အားကြီးသင့်ကာ ခပ်တွေတွေ လုပ်၍နေစဉ် တစ်ဖက်သောအခန်းမှ
“ ကျွန်မ ဒီလူကို မေတ္တာ မရှိပါဘူး ။ ကျွန်မ ရှင့်ကိုမှ မေတ္တာရှိပါတယ် ။ ဒီ ကိုသန်း ဆိုတဲ့ လူကိုဖြင့် ဘယ်နည်းနှင့်မှ မပေါင်းနိုင်ပါဘူး ” စသည်ဖြင့် ကနွဲ့ကလျနှင့် ပြောဆိုနေသော မိန်းမပျို၏ အသံကို ကြားရကား ‘ မယားထိ ဓားကြည့် ’ ဟူသော စကားကဲ့သို့ ဒေါသ ထောင်းခနဲ ထလာကာ အိပ်ရာမှ ထ၍ လာခဲ့လေ၏ ။
မောင်သန်းသည် မိမိ၏ ချစ်မယားအား ဖျက်ဆီး သွေးဆောင်ရန် ကြံသူအား မိမိ၏ ရန်သူကြီးဟု တားဆီးချုပ်ချယ်၍ မရနိုင်သော ဒေါသဖြင့် နံရံတွင် အသင့် ချိတ်တွယ်၍ ထားသော ဓားလွယ်တစ်ချောင်းကို ဆွဲယူကာ အသံကြားရာ အခန်းတွင်းသို့ ဒေါသရှေ့ထား၍ မားမား ကြီး ဝင်၍သွားလျှင် ...
မိန်းမပျိုသည်ကား ယခင် အဘိုးကြီး၏ ခြေသလုံး ကိုဖက်ကာ ဝမ်းနည်းသည့် မျက်နှာထားနှင့် မြှူမြားသွေးဆောင်၍ နေသည်ကို မြင်ရရုံတွင်မက အဘိုးကြီး၏ တင်းမာခက်တရော်ရှိသော မျက်နှာထားကို ကြည့်ကာ တစ်ကိုယ်လုံး တုန်လှုပ်၍ လာပြီးလျှင်
“ ဘကြီး … ဘာကောင်းသလဲ ။ ကျွန်တော့် မယားကို ပစ်မှားမလို့ ကြံတာ ဘာကောင်းသလဲ ။ ဘကြီး ကျွန်တော့်ကို ချမ်းသာအောင် မပြုစုဘဲ ကျွန်တော့်ပစ္စည်းကို မပေးချင်လို့ ကျွန်တော်ချစ်တဲ့ မယားကို လုယူမယ်ကြံတာ ဘာကောင်းသလဲ ” စသည်ဖြင့် ဒေါသနှင့် ကြိမ်းမောင်းငေါက်ငန်းသည့် စကားကိုကြားရလျှင် မိန်းမပျို မှာကား ကြောက်အားနှင့် အဘိုးကြီး အနီးမှ ခွာ၍ တစ်ဖက်သော အခန်းမှ ပျောက်ကွယ်၍ သွားလေ၏ ။
အဘိုးကြီးသည်ကား မောင်သန်း၏ စိတ်သဘော အမူအရာကို စိမ်းစိမ်းကြီးကြည့်ကာ …
“ ဟေ့ … မင်းလည်း လောကကြီးမှာ ရှိတဲ့ လူတွေလိုပဲ မိုက်စမတုံး မိုက်လုံးကြီးတဲ့အကောင်တစ်ယောက်ပဲ ။ ကိုယ်ချစ်တဲ့ မယားကို သတိမရဘဲ ရူပါရုံအပြကောင်းတဲ့ မိန်းမကို မြင်ရင် စွဲလမ်းတွယ်တာပြီး ဘုရားကို ပစ်ပယ် ၊ ငါ … ရယ်လို့ မာန်ထောင်နေတဲ့ အကောင်ပါကလား ” ဟု ပြစ်တင်မောင်းမဲပြီးနောက် ..
“ ကိုင်း …. ငါဘယ်သူလဲ ဆိုတာ မင်း သိရတော့မှာပေါ့ ” ဟုပြောကာ နဂိုရုပ်မှ ကြောက်မက်ဖွယ်ကောင်းလှသည့် ဘီလူးရုပ်ကို ဖန်ဆင်းလိုက်လျှင်ပင် မောင်သန်းမှာ မျက်စိမျက်နှာပျက်ကာ ကြောက်အားနှင့်
“ ကြောက်လှပါပြီ ... ချမ်းသာပေးတော်မူပါ ” ဟု အော်ရင်း နောက်ဆုတ်၍ ထွက်ပြေးရလေ၏ ။ ဘီလူးရုပ်လည်း နောက်မှ ထက်ကြပ်မကွာ လိုက်ပါ၍ လာရကား မောင်သန်းမှာ ငိုယိုရင်း ကြောက်လန့်တကြား ပြေးလွှားရကား နဖူးမှ ချွေးစီးများပင်လျှင် ယိုထွက်ကျဆင်း ပင်ပန်းခြင်းဖြစ်ပြီး မကြာခင်အတွင်း တင်တင် အခန်းသို့ ရောက်ရှိ၍ လာလေ၏ ။
တင်တင်လည်း မောင်သန်းကို မြင်ရလျှင် မည်သို့သောအကြောင်းကြောင့်ဟူ၍ မစဉ်းစားနိုင်ဘဲ “ ကိုသန်းရဲ့ … ဘာဖြစ်လာတာလဲ ။ တင်တင် ရှိပါတယ် … ဘာဖြစ်လို့လဲ ”
“ ကိုသန်း မှားပြီ ။ ဘီလူးကြီး လိုက်လာပြီ တင်တင် ။ မကယ်နိုင်တော့ဘူးလား ”
“ ဘုရားကို သတိရပြီး တပါ ကိုသန်းရဲ့ ”
“ ဟုတ်တယ် … ကျုပ်မှားပြီ ။ ဘုရား ဘုရား ၊ အရှင်ဘုရား တပည့်တော်ကို ကယ်မတော်မူပါဘုရား ” စသည်ဖြင့် တမ်းတကာ တင်တင့် လက်မောင်းတွင် ခေါင်းတင်ပြီး မျက်နှာကိုမျှ မဖော်ဝံ့ဘဲ ရှိနေရာ တင်တင် မှာကား မောင်သန်းကို ပွေ့ပိုက်ကာ
“ မကြောက်ပါနဲ့ ကိုသန်းရဲ့ … စိတ်က ထင်လို့ပါ ”
“ မဟုတ်ပါဘူး ။ ကျုပ်ကို နတ်ဘီလူးက လူယောင် ဆောင်ခေါ်ပြီး ကျုပ် မပြောချင်ပါဘူး တင်တင် ။ ကျုပ် မင်းကို ဒီဘဝမှာ ဘယ်တော့မှ မပစ်ပါဘူး ။ ဟော ... ဘီလူးကြီး လာပြီ ဘုရား .. ဘုရား ... ဘုရားကယ်တော် မူပါ ” ဟု အော်ကာ ၊ မယားချစ်၏ ရင်ခွင်ကြားသို့ တိုးခွေ့၍ နေလေရာ နတ်ဘီလူးသည် မောင်သန်းမှာ ဘုရားကို သတိရလာပြီ ဖြစ်သောကြောင့် မိမိ နေရာသို့ အေးချမ်းစွာ ပြန်သွားလေသတည်း ။
▢ ပီမိုးနင်း
📖ဗြိတိသျှဘားမား မဂ္ဂဇင်း
📖ဝတ္ထုပဒေသာ ပေါင်းချုပ် ( ၂ )
No comments:
Post a Comment