Monday, May 25, 2026

အစွဲ


❝ အစွဲ ❞
( အောင်ကြွေတင့် )

ကျွန်တော့်အမေ နာမည်က ‘ ဒေါ်စန်းရီ ’ ပါ ။ ဒါပေမဲ့ အမေတို့ ခေတ်တုန်းက အမေ့ ရွာနာမည် က ‘ ခွေးမ ’ ဆိုပဲ ။ အဖေ ကလည်း အလုပ်က ပြန်လာတယ် ဆိုရင် ခွေးမရေ ခွေးမ လို့ ခေါ်တယ် ။ ဟဲ့ မခွေးမ မရှိဘူးလားလို့ ရွာက ဧည့်သည်လာလို့ မေးရင်လည်း ကျွန်တော်တို့ စိတ်ထဲမှာ သိပ်ထူးဆန်းလှတယ် မရှိပါဘူး ။ အမေ့နာမည် မခွေးမ ဆိုတာ ငယ်စဉ် ကတည်းက ကြားလာတာမို့ အင်း တစ်မျိုးကြီးလို့လည်း မထင်မိပါဘူး ။

ဂွက်ထော်တို့ ညှက်စိတို့ ဆိုတာ ရွာက နာမည်တွေမှန်း မသိပေမယ့် အမေ့ နာမည်ကို အတွေးထဲမှာ ရွာမှာ မှည့်လေ့ မှည့်ထရှိတဲ့ နာမည်ထဲမှာ မထည့်တွေးမိဘူး ။ စဉ်းစားကြည့်တော့ ဟိုတုန်းက တောရွာတွေမှာ ခွေးမ ဆိုတာ မိန်းကလေးတွေကို ချစ်စနိုး ခေါ်တာမှန်း နောက်မှ သတိထားမိပါတယ် ။

ထူးခြားတာက ကျွန်တော့် အဒေါ် တစ်ယောက် နာမည်ကလည်း ခွေးမပဲ ထင်ပါရဲ့ ။ ကျွန်တော်တို့က အဲဒီ အဒေါ် အိမ်လာရင် လေးလေးမခွေး လို့ ခေါ်မိနေတာပါပဲ ။ အဲဒီ အဒေါ် နာမည် အရင်းလည်း အခေါ် နည်းတာမို့ မမှတ်မိသလောက်ပါပဲ ။ အဲဒီ အဒေါ် ကလည်း အမေ့ကို အိမ်ပေါက် ရောက်တာနဲ့ ‘ မမခွေး ’ ရှိလားလို့ မေးတတ်ပါတယ် ။ ကျွန်တော်တို့ကလည်း ရှိတယ် ၊ ‘ လေးလေးမခွေး ’ လို့ ပြန်ဖြေနေကျပါပဲ ။ အမေ့နာမည်နဲ့ အဒေါ့် နာမည် တိုက်ဆိုင် နေတာလည်း သတိ မထားမိခဲ့ပါဘူး ။

အဲဒီတော့ အဒေါ့် နာမည်ကလည်း မခွေးမ ပဲလို့ သတ်မှတ်ရမှာပေါ့ ။ အဲဒီတုန်းက လူကြီးတွေက ကျွန်တော့် အထင် ခုခေတ် ဗေဒင်ဆရာတွေလို အတိတ်ကောင်း နိမိတ်ကောင်း ယူတတ်တဲ့ ခေတ် မဟုတ်လို့လား ။ အတိတ် နိမိတ်ကောင်း ယူတယ် ဆိုတာလည်း ရှေးခေတ် အယူအဆပဲ မဟုတ်လား ။ ကျေးလက်မို့လို့ ကျေးလက် ဆန်လွန်းတာလား ၊ ကျွန်တော် ကျောင်းဆရာ အလုပ်ရတော့ ပထမဆုံး ရောက်တဲ့ ရွာက မိန်းကလေးတွေ နာမည်ထဲမှာ စိမ့်လဲ့လဲ့မွန် တို့ ၊ အေးမြသူဇာ တို့ ပါနေပါပြီ ။ ဂွက်ထော် တို့ သာဂိ တို့က ဝတ္ထုတွေထဲ မှာနဲ့ မြန်မာ့အသံမှာ ကျန်ခဲ့ပါပြီ ။

အရင်တုန်းက ရေဒီယို ကျေးလက်ဇာတ်လမ်း လာရင် ကျေးလက်ဆန်တဲ့ နာမည်တွေ သုံးပြီးတော့မှ ဇာတ်လိုက်တွေ စကား ပြောကြတာ များပါတယ် ။ ဘကြီးဖြိုး ဆိုရင်လည်း ရွာနာမည်ပါပဲ ။ ခုခေတ်မှာတော့ ဗမာဆန်တဲ့ ခေတ်အဆိုတော် တစ်ယောက်တောင် ယူသုံးထားတာ ကြားရပါတယ် ။ ကိုသာဆန်း ၊ ကိုသာဆန်း ဆိုတာမျိုးလည်း ရေဒီယို ထဲက ကြားဖူးတာပါပဲ ။ မရွှေမိ ကတော့ သိတဲ့အတိုင်းပဲ သီချင်းထဲ မှာတောင် ပါတယ် ။ ဗွေးတုတ် ဆိုတာတောင် ရှိသေးတယ် ။ ရှေးခေတ် ရွာသူ ရွာသားများဟာ ခေါ်နေကျ နာမည်တွေကို အာတွေ့ပုံ ရပါတယ် ။ တင်အောင် တို့ တင်မောင် တို့ ကလည်း ရွာ နာမည်ပါပဲ ။ ကျွန်တော့် အစ်ကို တစ်ယောက် နာမည်က လှမြင့် ပါ ။ ကလေးတွေ နာမည် စာရင်းဖြည့်တော့ မိဘ နာမည် နေရာမှာ ဦးလှမြင့် ၊ ဒေါ်လှမြင့် ဆိုပြီး ဖြည့်ခဲ့ရတာလည်း ရှိပါတယ် ။ သည်ထဲမှာ ဖိုးထောင် နဲ့ သံချောင်း ဆိုတာကိုလည်း မေ့ထားလို့ မရပါဘူး ။

ဒေါ်ခွေးမ နှစ်ယောက် အကြောင်းကို ဆက်ချင်ပါ သေးတယ် ။ အဒေါ် ကတော့ စစ်ဗိုလ်နဲ့ ရပြီး မင်္ဂလာဒုံ မှာ နေတာပါ ။ ကျေးလက်က အမျိုးတွေ ဆီကို လာတိုင်း အမေ့ဆီကို ဝင်ပါတယ် ။ အမေကလည်း ရွာနဲ့ သုံးမိုင် လောက် ဝေးတဲ့ မြို့ပေါ် မှာ ရောက်နေတာပါ ။ အဖေက အစိုးရဝန်ထမ်းမို့ ကျေးလက်ကို စွန့်ပြီး မြို့ ရောက်လာကြတာ ။ ထူးခြားတာက အမေနဲ့ လေးလေးမခွေး က အတော် နီးနီးစပ်စပ် ရှိပါတယ် ။ လေးလေးမခွေး လာတိုင်းလည်း စကားဆိုပြော မကုန်တတ်ကြပါဘူး ။ လူပြက်တွေလို ဆိုရင်တော့ အတွဲညီပါတယ် ။ ကျေးလက်က လူတွေအကြောင်း ၊ လေးလေးရဲ့ နယ်သစ်ပယ်သစ်က လူတွေအကြောင်း ၊ နောက် သားသမီးတွေ အကြောင်း ၊ လေးလေးမခွေး မှာက သားနှစ်ယောက် ၊ သမီးနှစ်ယောက် ရှိပါတယ် ။ သားအကြီးဆုံး ကလည်း စစ်တပ်ထဲမှာ တပ်ကြပ်ကြီး တစ်ယောက် ဖြစ်ပေမယ့် လွန်လွန်ကဲကဲ သောက်တတ်စားတတ်တာကြောင့် သူ့ကျန်းမာရေး အကြောင်းကလည်း မပါ မဖြစ်ပါဘူး ။ အဖေက စစ်ဗိုလ် ဆိုတော့ သားအငယ်ကောင်လည်း စစ်တပ်ထဲ ရောက်သွားတာပဲ ။ ဒါပေမဲ့ သားတွေက ဗိုလ်တွေတော့ မဟုတ် ကြဘူး ။ အငယ် ကလည်း နည်းနည်း ပေချင်တော့ ဘွဲ့မရ လိုက်ဘူး ။ ရိုးရိုးစစ်သားပဲ ခွင့်ပြုလိုက်ရတယ် ။ နောက်ပိုင်းတော့ အရစ်ကလေး ဘာလေးနဲ့ ပေါ့ ။ 

ကံ ဆိုးချင်တော့ လေးလေးမခွေး ယောကျ်ား ဦးလေးထွန်းခင်က တာဝန်ထမ်းဆောင်ရင်း လေယာဉ် ပျက်ကျလို့ ဆုံးသွားတယ် ။ အဲဒီအချိန်မှာ အကြီးမ မနုနုထွေးက  အိမ်ထောင် ကျနေပြီ ။ နောက်ဦးလေး ဦးထွန်းခင် ဆုံးပြီး နှစ်လ လောက်မှာ မနုနုထွေး က ကိုယ်ဝန် ရှိတာပဲ ။ အဲဒီလို ကိုယ်ဝန် မတည်ခင် တစ်လလောက် အလိုမှာ လေးလေးမခွေး တစ်ယောက် အိပ်မက် မက် သတဲ့ ။ အိပ်မက်ထဲမှာ ဦးလေးထွန်းခင် က သူ့ ရှေ့ကို မျက်နှာညှိုးညှိုးငယ်ငယ်နဲ့ လာရပ်ရင်း ၊ ငါ မင်းတို့အိမ်ကို ပြန်လာချင်တယ်လို့ ပြောသတဲ့ ။ လေးလေးမခွေး ကလည်း ရှင် လာချင် လာပေါ့ ၊ ဘယ်သူက တားနေလို့လည်း လို့ ရုတ်တရက် ပြန် ပြောလိုက်မိပြီး အိပ်ရာက ပြန် နိုးလာတယ်ဆိုပဲ ။ အဲဒီနောက် နုနုထွေး ကိုယ်ဝန် သတင်း ကြားရတာပဲလေ ။ ရှင်ဇနကာဘိဝံသ ဆရာတော် ကတော့ ဟောဖူးတာပဲ ။ ကိုယ်ဝန် တည်တာကို ဝင်နိုင်ဖို့ အတွက် ဝိညာဉ် ဖြစ်နေတဲ့ မျိုးစေ့တွေက စောင့်ကြည့်နေကြတယ် ။ ကိုယ်ဝန် တည်ဖို့ အခွင့်အလမ်း ထဲမှာ သူတို့က တစ်ပတ် ခုနှစ်ရက်တောင် ရှိတယ် ဆိုပဲ ။ ဒါကြောင့် ဒီ ကိုယ်ဝန်မှာ မေတ္တာတွေ ၊ စေတနာတွေ ၊ နူးညံ့မှုတွေ ၊ ရုပ်ကောင်း ၊ စိတ်ကောင်း တွေ ပါဝင်ပါသတဲ့ ။ ဒီတော့ကာ နုနုထွေး ကိုယ်ဝန်တည်မိ တာနဲ့ဆိုရင် ဖြစ်နိုင်ချေက ဦးထွန်းခင် များတယ် ။ အိပ်မက်ထဲမှာ သူ ဒီအိမ်ကို ပြန်လာချင်နေတာ ။ ခုတော့ လေးလေးမခွေး ရဲ့ မြေးကလေး အဖြစ်နဲ့ သူ ပြန်လာပြီ ။ လေးလေးမခွေးက ဒီလိုပဲ သတ်မှတ်လိုက်တယ် ။

နုနုထွေး မွေးလာတဲ့ ဂျိုးဂျိုး က ဦးထွန်းခင် ဝင်စားတာ ။ မြေးဦးလည်း ဖြစ်ပြန်တော့ ချစ်လိုက်တာ တုန်လို့ ။ နှစ်ထပ်ကွမ်း မေတ္တာနဲ့ ။ နုနုထွေး တို့တော့ ဟန်ကျနေတာပေါ့ ။ ကလေး နို့တိုက်တဲ့ အချိန်က လွဲပြီး သူ ထိန်းရတယ်လို့ မရှိဘူး ။ ဒါတွေကလည်း လေးလေးမခွေး အိမ်ဝင်လာပြီး အမေနဲ့ စကား ပြောနေတတ်တာမို့ စာဖတ်တာ မက်လို့ အိမ်ထဲပဲ ကုပ်နေတတ်တဲ့ ကျွန်တော်က ကြားသိ ရတာပါ ။ တကယ် စိတ်ဝင်စားစရာ ကောင်းပါတယ် ။ အဲဒီလို ဂျိုးဂျိုးလေး သူ့ ယောက်ျား ဝင်စားတာပါလို့ ယုံကြည်လိုက်တာနဲ့ နတ်မေးတာတို့ ၊ ဗေဒင်မေးတာတို့ လေးလေးမခွေး တစ်ယောက် မလုပ်တော့ဘူး ။ ယုတ်စွ အဆုံး နှစ်ပတ်လည် ဆွမ်းချိုင့်တောင် ဘုန်းကြီးကျောင်း မပို့တော့ဘူး ။ ကိုထွန်းခင် က လူ ပြန်ဖြစ်နေပြီလေ ။ ဖြစ်မှာပေါ့ ။ သူက စိတ်ကောင်း စေတနာ ကောင်း ရှိတာကိုး ။ မိန်းမ နဲ့ ကလေးတွေကိုလည်း ချစ်တတ်လိုက်တာ ။ ဦးထွန်းခင် ဘဝတုန်းက ။ ဒါ လေးလေး မခွေးလေပါပဲ ။ ခုလည်း မတတ်သာလို့ သူ့ မြေးကို ထားခဲ့ရတာ ။ အမွေကိစ္စ ၊ မြေကိစ္စလေး ရှင်းလင်းရမှာမို့ ကြာနေတာ ။ ကလေးကလည်း ကျွန်မ ပျောက်သွားရင် တအီအီ နဲ့ ရှာနေမှာ ။

ကျွန်တော့် အမေ ကလည်း တစ်ခါတော့ ရွှတ်နောက် နောက်လား အတည်လား မသိမေးပါတယ် ။ ဟဲ့ နင့် ယောက်ျား ထွန်းခင် ဝှက်များ ပြုများ လုပ်ခဲ့တဲ့ ဟာမျိုး ကလေး မပြဘူးလား ဆိုတော့ ဘာလဲ အစ်မရဲ့ တဲ့ ။ ဝှက် ထားတဲ့ ရွှေတုံးတို့ ၊ ငွေထုပ်တို့ စသဖြင့်ပေါ့ အမေက ပြန်ဖြေ ပေးပါတယ် ။ အဲဒီအချိန်မှာ လေးလေး မခွေး ငိုင်သွားပြီး ဟုတ်တယ် ကျွန်မ တစ်ခါမှ မစဉ်းစားမိဘူး ။ အစ်မ ဘယ်လို ကြားဖူးသလဲ ဆိုတော့ အမေက ဟဲ့ အိမ်ဝိုင်း ကျယ်ရင် အိမ်နောက်ဖေးမှာ ငွေအိုးတို့ ၊ ရွှေအိုးတို့ မြုပ်ထားတတ်တာကို ကလေးက ပြတတ်တယ် ။ ဒါ ကိုယ့်အိမ်က လူက သူစိမ်းထံ ဝင်စားတယ် ဆိုရင်လည်း အဲဒီနောက် မိဘတွေကို ပူဆာပြီး သူ လူဝင်စားမှန်း ယုံကြည်မှုရှိအောင် ဝှက်ခဲ့ပြုခဲ့တာကို ပြတာ ။ တို့ အငယ်တုန်းကတော့ မန်းကျည်းကုန်းရွာ ကနေ ၊ တို့ သဲကုန်း ကို လာပြတာ တွေ့ဖူးတယ် ။ တကယ် တွေ့ တာတော့ ၊ သေတဲ့ အဖိုးကြီးက သူ့အိမ် ခြံထောင့်က ပုန်းညက်ပင်အောက်မှာ ရွှေပြားတွေ မြုပ်ခဲ့တာလေ ။ အဲဒီ မိသားစုဆို ချမ်းသာတဲ့ သူတွေ ဆိုတော့ သူ့ ပစ္စည်းတွေ အကုန် ပေး လိုက်သတဲ့ ။ နည်းနည်းများများပေါ့ကွယ် ။ ခုတော့ ကိုယ့် လူက ကိုယ့်အိမ် ပြန် ဝင်စားတယ် ဆိုတော့ အရိပ်အခြည် လေးတောင် မပြဘူးလား ။ အစ်မရယ် ဝန်ထမ်းပဲ ဘာရှိ မှာလိုက်လို့ ကျွန်မ အသိပဲကို ။ ဟဲ့ ပြောလို့ ရမလား သူတို့လည်း နယ်စုံ သွားနေရတာ ။ တစ်ခုခု ပွပေါက်လေး ဘာလေး ရှိခဲ့ရင် ရှိခဲ့မှာပေါ့ ။ အို အစ်မရယ် ရှိခဲ့လည်း ကိုထွန်းခင်က ကျွန်မကို ပြောမှာပါလို့ လေးလေးမခွေးက ပြန်ပြောရှာပေမယ့် စိတ်ထဲမှာတော့ တစ်ခုခု ငြိသွား သလိုပါပဲ ။

အစ်မရယ် ထွန်းခင်လေး ထွန်းခင်လေးလို့ ခေါ်ပြီး တော့များ သူ့ကို မြှောက်မြှောက် ချီလိုက်ရင် ကလေးက တခစ်ခစ်နဲ့ သဘောကျ နေလိုက်တာ ။ လူ ကတော့ သေချာပါတယ် အစ်မရယ် ။ ဒါပေမဲ့ အစ်မ ပြောသလိုတော့ ဘာမှ အရိပ်အယောင် မပြပါဘူး ။ ငယ်သေးလို့နဲ့ တူပါရဲ့ ။ စကားလေး ဘာလေး ပြောတတ်မှ ဖော်မလား မသိပါဘူး ။ နောက်တစ်ခါ ရောက်တဲ့အချိန်မှာ လေးလေးမခွေး ပြောတာပါ ။ ဒီလိုနဲ့ လေးလေးမခွေး တစ်ယောက် သူ့ယောက်ျား ဝင်စားတဲ့ ကလေးကို ထိန်းရင်းကပဲ ရွာကို ပြန်လာလိုက် ၊ မင်္ဂလာဒုံကို ပြန်သွား လိုက်နဲ့ နောက်တော့ အရာရှိအိမ်က ခွာပေးရပါတယ် ။ ရန်ကင်းတိုက်တန်းကို ပြောင်းခဲ့ရတယ် ။ အဲဒီနေရာ ရောက် သွားတော့ ဦးလေး ဦးထွန်းခင် ရဲ့ အရိပ်အငွေ့ တွေ လျှော့သွားလို့ ပိုပြီး စိတ်သက်သာရာ ရသွားပုံပဲ ။ ကလေး အကြောင်း သိပ်ပြောတာ မတွေ့ ရတော့ဘူး ။

နောက်ထပ် ပြောနေတာ ကတော့ အကြီးဆုံးသား ကိုမောင်သိန်း အကြောင်းပါပဲ ။ ကိုမောင်သိန်းက တပ်ကြပ်ကြီးစာရေး တစ်ယောက်ပါ ။ ဒါပေမဲ့ အသောက် များနေတော့ လေးလေးမခွေး အတွက် စိတ်ဒုက္ခ ရောက်စရာ တစ်ခု လိုပါပဲ ။ အိမ်ထောင် မကျသေးတဲ့ လူပျိုကြီးမို့ ပိုလို့ သောကဖြစ်ရတယ် ။ ဒီတော့ သူ နိုင်တဲ့ ရွာက သူငယ်ချင်းရဲ့ သမီး တစ်ယောက်ကို ကိုမောင်သိန်းနဲ့ ပေးစားလိုက်တယ် ။ မိန်းမ ရှိရင် အသောက်အစားလေးလည်း လျော့မယ်ပေါ့ ။ ကိုမောင်သိန်း နဲ့ ပေးစားတဲ့ ကောင်မလေးက မအေးငြိမ်း တဲ့ ။ တကယ် အေးငြိမ်းပါတယ် ။ သူ့ ယောက်ျား သောက်စားနေတာလည်း ဘာမှ မပြောရှာပါဘူး ။ အိမ်မှာ အမြည်းတွေ ဘာတွေတောင် သေချာလုပ်ပေးတတ်ပါတယ် ။ ဈေးသွားခိုင်းရင် ညနေ ယောက်ျား မြည်းဖို့ ဆိုပြီး ပုဇွန်ဆိတ်ကလေးတွေ ဝယ်တာတို့ ။ အခြား သင့်ရာသင့်ရာလေးတွေ ၊ တစ်မျိုးတော့ ပါလာတတ်တယ် ။ ဒီတစ်ခေါက်တော့ စိတ်ချသွားပြီ မမခွေးရေ မောင်သိန်း တစ်ယောက်တော့ အိမ်မှာ ဇိမ်တွေကျလို့ အပြင်မှာ လောက် သောက်စားမူးရူး မနေတော့ဘူးလို့ လေးလေးမခွေးက အမေ့ကို ဝမ်းသာအားရ ပြောပြနေခဲ့တာပေါ့ ။ တစ်နှစ်တန်သည် လောက်ကတော့ တကယ်ပဲ အဲသည်လို ဖြစ်နေခဲ့ပုံ ရပါတယ် ။

လေးလေးမခွေး တစ်ယောက် ရွာကို လာတိုင်း မြို့က ကျွန်တော်တို့ အိမ်မှာ တစ်ထောက် နားနေကျ ။ အိမ်ကမှ တစ်ဆင့် အမေ နဲ့ စကားစမြည် ပြောပြီး ရွာကို သွားတတ်တာ ။ ရွာမှာက သူ့ ငွေကြေး ချထားတာလေးတွေ လာလာ သိမ်းတာ ။ လယ်လေးတွေ ဝယ်ထားတာလည်း ရှိပုံ ရပါရဲ့ ။ ဒါကြောင့် လေးလေးမခွေး တစ်ယောက် နှစ်လတစ်ကြိမ် လောက်တော့ အိမ်ကို ရောက်လာတတ်တာ ။ ဒီလိုနဲ့ ရွာအကြောင်း ၊ သာကြောင်းမာကြောင်းလေးတွေနဲ့ပဲ လေးလေးမခွေး နဲ့ ကျွန်တော့် အမေမခွေး တို့ အကြား ထူးခြားမှု မရှိခဲ့ပါဘူး ။ တစ်ခါတလေတော့ ရန်ကုန်မြို့ကြီး ဘတ်စ်ကား စီးတဲ့ လူတွေအကြောင်း ပြောတတ်တယ် ။ သမီးတွေ ရှိတော့ အကျင့်ပုတ်တတ်တဲ့ လူတွေက အကြောင်းလည်း ပါတတ်ပါတယ် ။ တစ်ခါတစ်ခါ ခါးပိုက်နှိုက် ခံရတဲ့ အကြောင်းလည်း ပါပါတယ် ။ ကိုမောင်သိန်း အိမ်ထောင်ကျပြီး တစ်နှစ်ခွဲ လောက်မှာ ကိုမောင်သိန်း အခြေအနေက ဆိုးဝါးလာပါပြီ ။ အဲဒီ အချိန်မှာ လေးလေး မခွေး မှာ အပူတွေ ပြန်ဟပ်လာပါပြီ ။ မဖြစ်မနေ လာရတိုင်းလည်း ကိုမောင်သိန်း အခြေအနေကိုပဲ သုံးသပ်ပြနေတော့တာ ။ အရက်ဖြတ်ပေးတဲ့ ဆေးဆရာနဲ့ လည်း ဖြတ်ခိုင်းတယ် ။ ခဏပါပဲ ။ နောက် ဖြတ်ပြီးမှ ပြန်သောက်တဲ့သူက ပိုပြီး ဆိုးလာမယ် ။ အရက်စွဲပြီး အရက်ဖြတ်ရတဲ့သူ ပြန်သောက်တော့ အဆင်မပြေဘူး ။ ဆေးလည်း သေချာသောက် ၊ အရက်ကိုတော့ အတိုင်းအဆလေးနဲ့ ပထမပိုင်းမှာ သောက်ရ တယ် ။ နောက်တော့ ဆေးနဲ့ အတူ တဖြည်းဖြည်း ဖြတ်ရတာ ။ ဒါပေမဲ့ ဘယ်ရမလဲ ။ ကိုမောင်သိန်း တစ်ယောက် ခိုးခိုး သောက်သတဲ့ ။ နောက်တော့ ဆုံးသွားတော့တာပဲ ။

အမေက ခရီးတွေ ဘာတွေ ထွက်ခဲပါတယ် ။ ကိုမောင်သိန်း အသုဘကို အမေ သွားတာ မတွေ့ ခဲ့ပါဘူး ။ အဖေပဲ သွားခဲ့တာလို့ ကျွန်တော် မှတ်မိနေတယ် ။ ကိုမောင်သိန်းက အဖေနဲ့ ပို နီးစပ်တယ် ။ ကိုမောင်သိန်း ဆုံးတဲ့ အချိန်မှာ နုနုထွေး ထက် အငယ် စုစုမွှေး က လက်ထပ်ပြီးခါစပဲ ရှိသေးတယ် ။ နုနုထွေး က ဂျိုးဂျိုး အပြင် ၊ ပုံ့ပုံ့ ဆိုတဲ့ ကလေးမလေး တစ်ယောက်ပါ ထပ်ရနေပါပြီ ။

ဒီတစ်ခါတော့ စုစုမွှေး က အိပ်မက် အကြောင်းပြော တာပါ ။ ကိုမောင်သိန်း ကို အိပ်မက် မက်သတဲ့ ။ ဒီတစ်ခါ သူ မက်ပုံက သူ့ ကို လာချင်တယ်လို့ လာ ပြောတာမျိုး မဟုတ်ပါဘူး ။ သူ့အစ်ကို အဝတ်အစား တောက် တောက်ပြောင်ပြောင် ရှိနေလို့ သူ ဝမ်းသာတယ် ။ အိပ်မက်ထဲမှာ အစ်ကို့ ကို လှမ်းမြင်လို့ လှမ်းခေါ်မယ် လုပ်တော့ လက်ဝှေ့ရမ်း နှုတ်ဆက် နေတုန်း သူ နိုးသွားတာတဲ့ ။ ဟုတ်ပါပြီ ။ ဒါလည်းပဲ အဆက်အစပ် ရှိနေပါပြီ ။ ကိုယ်ဝန်ကလည်း မသင်္ကာလို့ အိုဂျီ နဲ့ ပြပြီးခါစ သုံးပတ် လောက်ပဲ ရှိသေးတာ ။ သူ့ ညီမကို ချစ်လွန်းလို့ သူ့ညီမဆီ လာမယ် ဆိုတာ ဆက်သွယ်တာ နေမှာ ။ ဒါက လေးလေး မခွေး အယူအဆပေါ့ ။ တကယ် ကလည်း ကိုမောင်သိန်း က အိမ်မှာ အကြီးဆုံး ၊ စုစုမွှေး က အငယ်ဆုံး ဆိုတော့ ငယ်ငယ်တုန်းကဆို သူ သွားလေရာ ခေါ် သွားတတ်တာ ။ လူပျိုကြီး ဘဝလည်း ရှည်ကြာခဲ့တာ ဆိုတော့ ဂျိုးဂျိုး နဲ့ ပုံ့ပုံ့ သူ့ တူ နဲ့ တူမ တောင် ဒီလောက် ဟုတ်တာ မဟုတ်ဘူး ။ အငယ်ဆုံးကလေးက သူ့ လက်ပေါ်မှာ ကြီးခဲ့တာ ဆိုသလိုပဲ ။ နောက်ပိုင်း အသောက် များသွားလို့သာ ။ သူ့ ကိုယ်သူ မှားမှန်းသိပေမယ့် မပြင်နိုင်ခဲ့ဘူး ။ စိတ်ကောင်းလည်း ရှိရှာတယ် ။ သူတို့ ချစ်တဲ့ အစ်ကိုကြီးကို နုနုထွေး တို့ စုစုမွှေး တို့က ဒါကြောင့် ကောင်းကောင်းမွန်မွန် ဘဝမျိုး ရောက်လို့ တောက်တောက်ပြောင်ပြောင် မြင်ရတာ နေမှာ ။ ဒီလိုပဲ ကောက်ချက် ချကြတယ် ။ ဒါပေမဲ့လည်း ထုံးစံအတိုင်းတော့ အစ်ကိုကြီး ကောင်းရာ မွန်ရာ ရောက်ပါစေ ။ တစ်လပြည့်တို့ ၊ သုံးလပြည့်တို့ ဘုန်းကြီးဆွမ်းချိုင့် ပို့တာ လုပ်ပြီး အစ်ကိုကြီး အတွက် အမျှအတန်း ပေးဝေကြတာပဲ ။

သည်ကြားထဲမှာ စုစုမွှေး ကိုယ်ဝန်ကလည်း ရင့်ရင့် လာတယ် ။ စုစုမွှေး က သူ့ အစ်ကိုကြီးကို နောက်ထပ် နှစ်ခါလောက် အိပ်မက်ထဲမှာ တွေ့ သေးသတဲ့ ။ သေချာပါပြီ ဒါဆို ။ လေးလေးမခွေးက အမေ့ကို ဖောက်သည်ချ နေတာမို့ ကျွန်တော်လည်း အစ်မဝမ်းကွဲတွေ ဇာတ်လမ်းကို မသိချင်ဘဲလည်း သိနေရတာပါ ။ ကျွန်တော် စာမေးပွဲတွေ ဘာတွေ သွားဖြေနေတဲ့ ကာလမှာ လေးလေး မခွေး လာသွားရင်တော့ ကျွန်တော် မကြားရ တတ်ဘူးလေ ။ ဒါပေမဲ့ ကျွန်တော် အိမ်ကပ်တဲ့ ကာလတွေမို့ သူတို့ အကြောင်းက အဆက် မပြတ်ခဲ့ပါဘူး ။ စုစုမွှေး ကတော့ သူ့ ကလေး မွေးရင် မိန်းကလေးဆို ဂျူးဂျူးလို့ မှည့်မယ် ။ နေ့နံ မကိုက်လည်း အိမ် နာမည်လုပ် ခေါ်မယ်လို့ ကြိမ်းထားတယ် ။ ဘာလို့လည်း ဆိုတော့ သူ့ ပတ်ဝန်းကျင်မှာက ဂျူးဂျူးတို့ ၊ ဂျိုးဂျိုးတို့ ပုံ့ပုံ့တို့ ဆိုတာက ခေါ်လို့ ကောင်းပြီး လူသိ လွယ်သတဲ့လေ ။ ကစ်ကစ် တို့ ၊ ကူးကူး တို့လည်း ပါသေးတယ် ။ အမေတို့ ခေတ်က အမေတို့ ရွာတွေက ဝက်မတို့ ၊ ခွေးမတို့ ၊ ကျွဲမတို့ ၊ ဘုတ်ဆုံမတို့ ဒီလိုတွေ ခေါ်ခဲ့ကြနဲ့ အတူတူပဲ နေမှာ ။ ရှိသေးတယ် ။ ကျွန်တော့် ကျောင်းက လုပ်ဖော်ကိုင်ဖက် ကျောင်းဆရာမကြီး တစ်ယောက်ဆို နာမည်က ဒေါ်မြသန်းနွဲ့ တဲ့ ၊ အိမ်အလည်သွားမို့လို့ သူ့အိမ်က လူတွေ ခေါ်နေတာက တော့ ‘ မပေါ ’ တဲ့ ။ ကဲ မလိုက်ဖက်လိုက်တာ ။ ကျွန်တော်တို့က လုပ်ရည်ကိုင်ရည် ကောင်းလို့ ဒုတိယ ကျောင်းအုပ် ခန့်ထားပြီး လေးလေးစားစားနဲ့ ဆက်ဆံနေရတဲ့ဟာ ။

အစ်မရေ ဒီတစ်ခါတော့ ကိုသိန်း ကလည်း သူ့ အဖေ အတိုင်းပဲ လုပ်ပြန်ပြီ ။ သူ့ညီမ ဗိုက်ထဲ ပြန်ဝင်စားနေပြန်ပြီ ။ ဗေဒင်ကလည်း ကျွန်မကို ပြောပါတယ် ။ သေသွားတဲ့ သူနဲ့ ပြန်တွေ့ ရမတဲ့ ။ သေသွားတဲ့ သူနဲ့ တွေ့ စရာ ဆိုလို့ ဒီနည်းပဲ ရှိတာပေါ့နော် ။ လေးလေးမခွေးက ဗေဒင်တို့ ဘာတို့ သာမန်အချိန်မှာ သိပ်စိတ်မဝင်စားပေမယ့် ခုလို သူ သံယောဇဉ် ရှိတဲ့ သူတွေ သေသွားတဲ့ အချိန်မှာတော့ နတ်ခန်းတို့ ဓာတ်ခန်းတို့ အစုံ ရောက်ပြီးသားပဲ ။ ခေါင်းဆွဲလား ၊ လေချွန်နတ်လား ၊ အဲဒီလို နေရာတွေလည်း သွားတာပဲ ။ Ghost ဆိုတဲ့ နိုင်ငံရပ်ခြား ရုပ်ရှင်ဇာတ်ကားကို ကြည့်မိတဲ့ အခါတိုင်း ကျွန်တော့် အဒေါ် လေးလေးမခွေးကို ကျွန်တော် သတိရပါတယ် ။ အဲဒီ အထဲမှာ သူငယ်ချင်း ဖြစ်သူ လုပ်ကြံလို့ မကျွတ်နိုင် သေးတဲ့ ဇာတ်လိုက်က နတ်ဝင်သည် ကပ္ပလီဇာတ်ပို့မကြီး ဝီပီဂိုးဗဟို ဆီကို သွားတာပါ ။ အနောက်တိုင်းမှာလည်း ကျွန်တော်တို့ အယူအဆ မျိုးပါပဲ ။ သည်နည်းနဲ့ နတ်ဝင်သည်မကြီးကို ကပ်ပြီး သူ့ မိန်းမ ဒယ်မီမိုး ကို အမှုမှန် ပေါ်အောင် ဆက်သွယ်ခဲ့တာပါ ။ လေးလေးမခွေး ဒီအကြောင်းတွေ ပြောတိုင်း အဲဒီတုန်းက လူငယ် ဖြစ်တဲ့ ကျွန်တော့် စိတ်ထဲမှာ ရူးနှမ်းလှတယ်လို့တော့ မမြင်မိပါဘူး ။ လေးလေးမခွေးကို သနားမိတာပါပဲ ။ သူ ချစ်တဲ့ လင်နဲ့ သားက သူ့ ကို စောစော စွန့်ခွာသွားတာကိုး ။ ကိုယ်လည်း မသိနိုင်ဘူးလေ ။ စကြာဝဠာကြီးထဲမှာ ရှိတဲ့ သက်ရှိတွေရဲ့ သံယောဇဉ် အားတွေက ဘယ်လောက် ကောင်းသလဲ ဆိုတာ ။ ဘုန်းဘုန်းတွေ ဟောတဲ့ တရားတော်တွေ မှာလည်း တွေ့နိုင်တာပဲ ။ လူ ဆိုတာ သူ စွဲလမ်းရာ ၊ စွဲလမ်းရာ တွယ်ငြိ ကပ်တွယ်တယ် ဆိုတာပဲ ။

လေးလေးမခွေးမှာက သားနှစ်ယောက် ၊ သမီးနှစ် ယောက် ။ ကိုမောင်သိန်း ပြီးရင် ၊ နုနုထွေး ၊ စုစုမွှေး က အငယ်ဆုံး စုစုမွှေး အထက်က ကြိုင်သင်း တဲ့ ။ သူလည်း ဆယ်တန်း သုံးလေးနှစ် ဖြေနေတုန်းမှာပဲ တပ်ထဲက ဆရာကြီး တစ်ယောက်ရဲ့ သမီးနဲ့ အကြောင်းပါပြီး နောက် တပ်ထဲ ရောက်သွားခဲ့တာ ။ သူလည်း အဆိုးလေးပါပဲ ။ သားက အား ၊ သမီးက ထီးလို့ လူတွေက ပြောကြသလို ၊ သားတွေက အား မဖြစ်တော့ လေးလေးမခွေးမှာ သားတွေ နောက်မှာ တကောက်ကောက် ပါလို့ ။ အဓိက ကျန်းမာရေးပေါ့ ။ စစ်တပ်မှာ အရက်သောက်တာ အဆန်းမဟုတ်ပေမယ့် များများ လွန်လွန်ကဲကဲ စွဲလမ်းလာတော့ မိသားစုလည်း ဒုက္ခရောက် ၊ ကိုယ့်ကိုယ်လည်း ဒုက္ခရောက်ကြတာပေါ့ ။ အရက်သောက် များပြီး မိသားစုကို လှည့် မကြည့်တော့လည်း ချွေးမက တိုင် ၊ ချော့တဲ့ မောဟဲ့ ၊ ခြောက်ဟဲ့ ငေါက်ဟဲ့နဲ့ လေးလေးမခွေးမှာ လေးယောက် မို့သာပေါ့ ။ ကြိုင်သင်း တာဝန်ကျတဲ့ နေရာက ရန်ကုန် နဲ့ မိုင် ၁၇၀ လောက် ဝေးတာမို့ အဲဒီ မြို့ကလေးကိုလည်း သူ ပြေးရသေးတယ်လေ ။

ခန္ဓာကိုယ် ဝဝဖြိုးဖြိုးနဲ့ လေးလေးမခွေး တစ်ယောက် ပြေးနိုင်လွှားနိုင် ၊ သွားနိုင်လာနိုင်တာကိုလည်း ကျွန်တော် ချီးကျူးမိပါရဲ့ ။

ပူတဲ့ရာသီ တစ်ခုပါပဲ ။ လေးလေး မခွေး နောက်ဆုံး ရောက်လာတဲ့ အခေါက်ပေါ့ ။ မမခွေးရေ အစ်မ တူတော့ ဆုံးပြန်ပြီတဲ့ ။ ညက ဦးနှောက်သွေးကြော ပြတ်လို့ ဆေးရုံ တင်ရသတဲ့ ။ ခုတော့ ဆုံးရှာပြီ ။ ကိုမောင်သိန်း လိုပါပဲ သားအငယ်ကလည်း အရက်နဲ့ပဲ ဘဝဇာတ်သိမ်း သွားခဲ့ပြီ ။ လေးလေးမခွေးမှာ လင် နှင့် သား နှစ်ယောက် ဆုံး သွားပြီ ။ အသုဘက အပြန် အမေ့ကို ဝင်ပို့ခဲ့ပြီး နောက်မှာတော့ လေးလေးမခွေး အိမ်ကို သိပ်မလာတော့ပါ ။ တစ်ခေါက်သာ ရောက် လာခဲ့ပါသည် ။ အဲဒီ တစ်ခေါက်မှာတော့ လေးလေးမခွေး သူ့သား အငယ်ကောင် ကြိုင်သင်း အကြောင်း သိပ်မပြော ၊ အစ်မရေ ကျွန်မလည်း စိတ်လေးဘာလေး ဆောက်တည်ရာ ရအောင် ( ၁၀ ) ရက်စခန်းလေး ၊ ( ၁၅ ) ရက်စခန်းလေးတွေ ခဏခဏ ဝင်နေလိုက်တယ် ။ ခုတော့ သမီးတွေက သူ့ ဟာနဲ့သူ ရပ်တည်နိုင်နေတာမို့ ဟိုယောက်ျားလေးတွေတုန်းကလို သူတို့ကို ဖြည့်ဖို့ ငွေလည်း ကတီးကတီး ရှာမနေတော့ဘူး ။ ရွာက လယ်ပိုင်လေးတွေလည်း ပေးတန်တာ ပေးပြီး ရောင်းတန်တာ ရောင်းလိုက်တော့မယ် ။ အစ်မ လာလည်နိုင်ရင်သာ လာတော့ ။ ကျွန်မတော့ ခဏ နားဦးမယ် ။

ခုတော့ ကျွန်တော့် အမေ လည်း အသက်ကြီးလို့ ဆုံးသွားပါပြီ ။ လေးလေးမခွေးလည်း မရှိတော့ပါဘူး ။ ဇရာနဲ့ သေခြင်းတရားကို ဘယ်အရာက အံတုနိုင်မှာလဲ ။ သူ ချစ်တဲ့ ကိုထွန်းခင် ဝင်စားတဲ့ ဂျိုးဂျိုး တို့ ၊ ကိုမောင်သိန်း ဝင်စားတဲ့ ဂျူးဂျူး တို့လည်း ထားခဲ့ရပါပြီ ။ သူတို့ ယုံကြည်ချက်ကြောင့် ကိုမောင်သိန်း ကတော့ ဝင်စားလိုက်တဲ့ ဘဝမှာ မိန်းမ ဖြစ်သွားရှာတယ် ။ လေးလေးမခွေးခမျာ သားအငယ်ကို တော့ ဘယ်သူ့ဆီမှ ဝင်စားခွင့် မပေးနိုင်ခဲ့ပါဘူး ။ အသက်ကလေးလည်း ရလာတော့ အတွေးလေးပဲ ပြောင်းလာသလား ၊ တရားစခန်းတွေ ဂုဏ်ကျေးဇူးကြောင့် လျစ်လျူရှု နိုင်လာပြီလား ။ 

တစ်နေ့ကတော့ မနုနုထွေး တို့ မိသားစုက ဘုရားဖူးခရီး ထွက်ရင်း လမ်းကြုံလို့ အိမ်ကို ဝင်လာခဲ့တယ် ။ ယောက်ျားက သံရုံးက ဆိုတော့ ကိုယ်ပိုင်ကားနဲ့ တိုက်နဲ့ နေနိုင်သူတွေလေ ။ ကျွန်တော် ပြန်ရောက်တော့ အိမ်မှာနေတဲ့ ကျွန်တော့် အစ်မကြီးနဲ့က လေပေး ဖြောင့်နေတယ် လေ ။ မတွေ့တာ ကြာတော့ ကိုယ့်အိမ် အကြောင်း ၊ သူ့အိမ် အကြောင်း စကားဖောင်ဖွဲ့ပြီး နေတယ် ။

အစ်မကြီးက ထမင်း ကျွေးဖို့ ပြင်ဆင်မယ် ဆိုတာကို သူတို့က တားတယ် ။ လမ်းမှာ လည်း စားခဲ့တယ် ။ သွားဖို့လည်း အချိန်ကျနေပြီတဲ့လေ ။ နောက်ဆုံး မနုနုထွေး ကားပေါ် တက်ခါနီးမှ အစ်မကြီး ကို နှုတ်ဆက်ရင်း ပြောတဲ့ စကားက ကျွန်တော့်ကို ပြုံးမိသွားစေခဲ့တာ အမှန်ပါပဲ ။

အစ်မရေ အမှတ်ရလို့ ပြောရဦးမယ် ၊ ဟော့ဟို ရှေ့က ချီထားတဲ့ ကစ်ကစ်လေးက အမေ ဝင်စားတာလေ ၊ သူ့ ကိုယ်ဝန် မတည်ခင်က အမေက ကျွန်မကို ညတိုင်း အိပ်မက် ပေးတာများ ။

အစ်မဒေါ်ခွေး နှင့် လေးလေးမခွေး သို့ အလွမ်းပြေ ... ။  ။

  ⎕ အောင်ကြွေတင့်
📖 Faces Magazine
      ၂ဝ၁၅ ၊ မေလ

No comments:

Post a Comment