❝ အတုများနှင့် နေထိုင်ခြင်း ❞
( သထုံ ငယ်ငယ် )
“ သာဓု ... သာဓု ... သာဓု .. ကျန်းမာချမ်းသာ ကြပါစေကွယ် ၊ ဒီထက်မက ကြီးပွားတိုးတက်ပြီး လှူနိုင်တန်းနိုင်ကြပါစေကွယ် ။ ကောင်လေး မင်းလည်း မှန်မှန်ကန်ကန် နေကွ ၊ မဟုတ်တာတွေ မလုပ်နဲ့ ကြားလား ”
ကန်တော့သူက လာကန်တော့လို့သာ ဆုပေးရတယ် ။ ကျုပ်က သူများတွေလို ဖွယ်ဖွယ်ရာရာ ပြေပြေပြစ်ပြစ် ဆုပေးတတ်တာ မဟုတ်တော့ အခက်သား ။ အေးလေ ဆုပေးတတ်ရအောင် ဒီအသက်အရွယ်အထိ ကျုပ်ကို ဘယ်သူ လာကန်တော့ဖူးတာ မှတ်လို့ ။ လွန်ခဲ့တဲ့ ရှစ်နှစ်ကမှ ကျုပ်ကို မပျက်မကွက် လာကန်တော့တာ ဆိုလို့ ကောင်လေးတို့ မောင်နှမပဲ ရှိတာ မဟုတ်လား ။
လူပျိုကြီး တစ်ကိုယ်တည်းလည်း ဖြစ် ၊ အသက်ကလည်း ဟိုမရောက် ဒီမရောက် ဆိုတော့ ရပ်ကွက်ထဲက အကန်တော့ခံစာရင်းမှာလည်း မပါပြန်ဘူး ။ ဒီတော့ ဆုမပေးတတ်တာလည်း အဆန်းတော့ မဟုတ်ဘူးပေါ့ ။
ကျုပ်က ပေးတတ်သလို ဆုပေးရင်း လက်ဆောင်ခြင်း ထဲက မုန့်ထုပ်တွေကိုအစစ်တွေမှ ဟုတ်ရဲ့လားလို့ ကြည့်မိပြန်သည် ။ အကျင့်ကြီး တစ်ခုလို ဖြစ်နေတော့ ဖျောက်ဖျက်ဖို့က ခက်နိုင်သားလား ။ ကိုယ်နဲ့ နှိုင်းလို့ ရိုင်းချင်သလားတော့ ကျုပ် မသိ ။ ကျုပ် ကိုယ်တိုင်က အတုမျိုးစုံ ဖန်တီးပြီး ကျင်လည်နေထိုင်ခဲ့သူ ဆိုတော့ အရာရာကို အစစ်မှ ဟုတ်ရဲ့လား ဆိုတဲ့စိတ်နဲ့ အရင် ကြည့်တတ်တာ အကျင့်ကို ဖြစ်လို့နေပေါ့ ။ လက်ဆောင်ခြင်းထဲက ပစ္စည်းတွေလို ကျုပ်တို့ မဖတ်တတ်တဲ့ စာတန်းနဲ့ မုန့်တွေကလည်း အတုတွေ ရှိနိုင်တယ် မဟုတ်လား ။ ကျုပ်တို့ ကျင်လည်ခဲ့တဲ့ အတုလောကမှာ ဆိုရိုး တစ်ခု ရှိတယ်ဗျ ။
“ ကိုယ် နားမလည်နိုင်တာ အားလုံးက အတု ဖြစ်နိုင် သည် ” တဲ့ ။ အရက်အတု ၊ ပိုက်ဆံအတု ၊ ဆန်အတုတဲ့ ၊ ပြီးတော့ ကြက်ဥအတုလို့ တောင် ကြားခဲ့ဖူးသေးတယ် ။ ကျုပ်တို့ ကမ္ဘာကြီးမှာ အပေါဆုံးက အတုပဲဗျ ။ အစစ် တစ်ခု အတုတစ်ထောင်လို့ တောင် ပြောကြရတယ် မဟုတ်လား ။
အစစ် ရှိလို့ အတုတွေ ရှိလာရတာလား ၊ အတု ရှိလို့ အစစ် ဖြစ်လာရတာလားတော့ ကျုပ်လည်း မသိဘူး ။ အချို့ အတုများဆို ပြောင်ပြောင်တင်းတင်းကို အစစ်ကို ဖြဲခြောက် နေကြတာဗျ ။ အစစ်တွေကို အလဲထိုးပြီး စင်ပေါ် ရောက်သွားတဲ့ အတုတွေလည်း ဒုနဲ့ဒေး ။ ဟုတ်တယ်ဗျ ။ တချို့ အတုတွေရဲ့ လှည့်စားချက်တွေဆို သုံးစွဲနေသူတွေပါ မျက်စိ လည်ကုန်ရော ။ ပိရိလိုက်ပုံများ ၊ သေသပ်လိုက်ပုံများဗျာ ။ ဘာပဲပြောပြော နောက်ဆုံးတော့ အတု ဆိုတာမျိုးကတော့ အစစ်နဲ့ ယှဉ်လိုက်ရင် အလိုလို သိမ်ငယ်သွားတတ်တာမျိုး ဆိုတာတော့ ကျုပ်လည်း မငြင်းပါဘူး ။
“ ဦး ကျွန်တော်တို့ ပြန်ဦးမယ် ”
“ ဪ အေး ... အေး မင်းတို့ မောင်နှမလည်း ရပ်ကွက်ထဲက ပြောင်းသွားလိုက်တာ အခုလို တွေ့ရတော့ ဝမ်းသာတယ်ကွာ ၊ ကဲ ကဲ ပြန်ကြတော့ မိုးချုပ်ရင် လိုင်းကားတွေက ခက်တာနဲ့ ၊ ကားစီးရင် ခါးပိုက်နှိုက်လည်း သတိထားဦးကွ ၊ ကိုယ်နား ရောက်လာတဲ့ ခရီးသည်တိုင်း ခရီးသည် အစစ်လို့ မထင်နဲ့ ၊ အတုတွေလည်း ရှိတတ်တယ် ။ သတိနဲ့ သွားကြ ဟုတ်လား ”
ကျုပ်ရဲ့ စကားကြောင့် ကောင်လေးတို့ မောင်နှမက ရယ်ရယ်မောမော နှုတ်ဆက်ပြီး အိမ်ပေါ်က ဆင်းသွားကြတယ် ။
ပါလာပြန်ပြီ ဒီအတု ။ ကျုပ်ကလည်း ကျုပ်ပဲ ၊ အတု မပါရင်ကို စကား မပြောတတ်တော့တာ ။ အစွဲ ဆိုတာ ဖျောက်ဖို့တော့ အခက်သား ။ အဲဒီလို ကျုပ် ဖျောက်ဖျက်ပစ်ဖို့ ခက်တဲ့ အတုတွေ ထဲမှာ လွန်ခဲ့တဲ့ ရှစ်နှစ်လောက်က ကောင်လေးတို့ မောင်နှမ အတွက် လုပ်ပေးခဲ့ဖူးတဲ့ အတုလေးလည်း ပါတာပေါ့ ဗျာ ။
••••• ••••• •••••
“ ဦး ကျွန်တော် အလုပ်လေး တစ်ခု အပ်ချင်လို့ ”
“ ဆို ဘာလုပ်မှာလဲ ၊ မိတ္တူလား ၊ စာရိုက်မှာလား ”
“ မဟုတ်ဘူး ဦး ၊ ကျွန်တော်က ဟို … လေ ... ”
မိတ္တူကူးမှာလည်း မဟုတ်ဘူး ၊ စာရိုက်မှာလည်း မဟုတ်ဘူး ဆိုကတည်းက ကောင်လေး ဘာလိုချင်လဲ ဆိုတာ ကျုပ်က သိပြီးသား ။ ဒါပေမဲ့ ကောင်လေးပုံစံက နွမ်းနွမ်းပါးပါး ။ ကြည့်လိုက်တာနဲ့ ပိုက်ဆံကောင်းကောင်း ထွက်မယ့်ပုံမျိုး မဟုတ်တာ အသိသာကြီး ။ ဒီလောကမှာ ကျုပ်တို့နဲ့ ဆက်ဆံသူတွေက ငွေကြေး တတ်နိုင်သူတွေ များတယ် ။ တချို့ဆို ကိုယ်တိုင် မလာဘူး ။ သူ့အဆက်အသွယ်နဲ့ သူ လာကြတာ ။
“ မိတ္တူ ၊ ကွန်ပျူတာ စာစီစာရိုက်ဆိုင်လာပြီး မိတ္တူလည်း မကူးဘူး ၊ စာရိုက်မှာလည်း မဟုတ်ဘူး ဆိုတော့ မင်းက ဘာလုပ်မှာလဲ ”
“ ကျွန်တော် အလုပ်လေး တစ်ခုလောက် အပ်ချင်လို့ ၊ ဟိုလေ ကျွန်တော့်မှာ ပိုက်ဆံ အလုံအလောက် ပါတယ် ၊ ကျသလောက် ပေးပါ့မယ် ”
“ ဘာလဲ ဘွဲ့လက်မှတ်လား ”
“ မဟုတ်ဘူး ဦး ”
“ မှတ်ပုံတင်လား ၊ ယာဉ်မောင်းလိုင်စင်လား ”
“ မဟုတ်ဘူး ဦးရ ၊ ကျွန်တော် လိုချင်တာက ဟို ... လေ ”
“ မင်းက ဘာလဲကွာ ရှင်းရှင်းပြော ဟေ့ကောင် ၊ ငါတို့ ဆိုင်မှာ မရဘူး ဆိုတာ မရှိဘူး ။ မြန်မာနိုင်ငံက စက္ကူနဲ့ လုပ်တဲ့ စာရွက်စာတမ်းတွေ ထဲက မင်း ကြိုက်တဲ့ဟာကို ပြော ၊ ရကို ရစေရမယ် ”
“ ဟုတ်ကဲ့ ဦး ၊ ကျွန် တော် လိုချင်တာက ဟို ကျောင်းက ပညာအရည်အချင်းမှတ်တမ်းစာရွက်ပါ ”
“ ဘာ ”
ကျုပ်တို့ ဆိုင်က မိတ္တူဆိုင်လို့ ဆိုင်းဘုတ် ချိတ်ထားပေမဲ့ လုပ်လို့ရတဲ့ စာရွက် စာတမ်း အကုန် အတုလုပ်တဲ့ ဆိုင် ။ မှတ်ပုံတင် ၊ လိုင်စင် ၊ ဘွဲ့လက်မှတ် အစုံ လုပ်နိုင်တယ် ။ နိုင်ငံခြားထွက်ဖို့ ၊ အလုပ်ဝင်ဖို့ ဘွဲ့လက်မှတ် အတု လုပ်တာမျိုးက အဆန်း မဟုတ်ဘူး ။ Scanner တစ်လုံးနှင့် Colour Printer တစ်လုံး ရှိရုံနဲ့ အားလုံး လုပ်လို့ ဖြစ်တယ် မဟုတ်လား ။ လက်ရာ သေသပ်ဖို့ ၊ ပညာကောင်းဖို့တော့ လိုတာပေါ့ဗျာ ။
ရိုးရိုး စာရွက်ပေါ်မှာ ဇယားကွက်သာ ပါတဲ့ အဖြူအမည်း ပညာအရည်အချင်း မှတ်တမ်း ဆိုတာ ကျုပ်အတွက် ခက်လှတာ မဟုတ် ၊ အခု ကောက်လုပ် အခု ဖြစ်တဲ့ အလုပ်မျိုး ။ ဒါပေမဲ့ ကျုပ် သက်တမ်း တစ်လျှောက် ဘယ်သူကမှ ကိုးတန်း လပတ်စာမေးပွဲ ပညာအရည်အချင်း မှတ်တမ်းအတု လုပ်ခိုင်းတာမျိုး မကြုံဖူးဘူး ။
“ ဦးရယ် လုပ်ပေးပါဗျာ ၊ ကျွန်တော့်ညီမလေး ကျောင်းထွက်ရမှာ စိုးလို့ပါ ”
“ နေပါဦး မင်းညီမလေးက ဘာလို့ ကျောင်းထွက်ရမှာလဲ ”
“ ညီမလေးက စာမေးပွဲ ကျရင် ကျောင်းထွက်ရမှာ ဦးရ ၊ အမေက စာမေးပွဲ တစ်ဘာသာ ကျတာနဲ့ ကျောင်း ထုတ်မယ်လို့ ပြောထားတာ ။ အခု ညီမလေးက အင်္ဂလိပ် တစ်ဘာသာ ကျသွားတယ် ၊ ဦး မလုပ်ပေးရင် ညီမလေး ကျောင်းထွက်ရမှာဗျ ”
“ ဘယ်လို ဘယ်လို မင်းဟာက ဘာမှန်းကို မသိတော့ဘူး ၊ လာ ဆိုင်ထဲ ဝင်ထိုင်ပြီး ငါ့ကို ရှင်းရှင်း ပြောစမ်း ”
ကျုပ်စကားကြောင့် ကောင်လေးက မျက်နှာငယ်လေးနဲ့ ဆိုင်ထဲက ခုံတန်းလေးမှာ ဝင်ထိုင်လိုက်တယ် ။ ကောင်လေး မျက်ဝန်းမှာ ရစ်သီဝေ့ဝိုက်စ , ပြုလာသော မျက်ရည်စက်တို့ကို ကျုပ် တွေ့နေရတယ် ။ ကောင်လေးရဲ့ အဲ့ဒီလိုပုံကို မြင်ရတော့ ဒီအလုပ်ကို ကျုပ် လုပ်ဖြစ်တော့မယ် ဆိုတာ ကျုပ်ကိုယ် ကျုပ် သိနေတယ် ။
“ ကဲ ... ပြော ... ငါတို့ ဆိုင်က အတု လုပ်တာတော့ မှန်တယ် ၊ ဒါပေမဲ့ လာလုပ်ခိုင်းတိုင်း လုပ်ပေးတာ မဟုတ်ဘူး ၊ တစ်ချက် မှားသွားတာနဲ့ ငါတို့ ကားသွားမှာကွ ”
“ ဒီလိုပါ ဦး ၊ ကျွန်တော် ခုနစ်တန်း အောင်တဲ့ နှစ်မှာ အဖေ ဆုံးသွားပါတယ် ။ ကျွန်တော် ရှစ်တန်းနှစ် ရောက်တော့ အမေက ကျွန်တော်တို့ မောင်နှမကို ကျောင်းဆက် မထားနိုင်တော့ဘူးလို့ ပြောတယ် ။ ညီမလေး ကျောင်းမထွက်ရအောင် ကျွန်တော် ကျောင်းထွက် ပြီးတော့ ကားစပါယ်ရာ လိုက်ခဲ့တယ် ။ ဒါပေမဲ့ အခု အမေ့ ကျန်းမာရေးက မကောင်းလာတော့ ကျွန်တော် တစ်ယောက် လုပ်စာတည်းနဲ့ အဆင်မပြေတော့ ပြန်ဘူး ၊ အမေက ညီမလေးကို ကျောင်းထွက်ပြီး အလုပ် လုပ်ခိုင်းတယ် ။ ညီမလေးက ကျောင်းမထွက်ချင်ဘူး ။ ကျွန်တော်ကလည်း ညီမလေးကို ကျောင်းဆက်တက်စေချင်တယ် ။ ညီမလေးကို ပညာတတ်ကြီး ဖြစ်စေချင်တယ် ။ ကျွန်တော်တို့ မောင်နှမ အတိုက်အခံ လုပ်ပြီး ငြင်းလွန်းတော့ အမေက ညီမလေးကို ကျောင်းဆက် တက်ခိုင်းတယ် ။ ဒါပေမဲ့ စာမေးပွဲ ကျတယ် ကြားတာနဲ့ ကျောင်းထွက်ရမယ်လို့ ကတိ ပေးခဲ့ရတယ် ။ အခု ညီမလေးက လပတ်စာမေးပွဲမှာ တစ်ဘာသာ ကျသွားတယ် ”
“ မင်းညီမလေး ကလည်းကွာ ၊ အစ်ကိုက ဒီလောက် အပင်ပန်းခံပြီး ကျောင်းထားပေးတာကို စာကြိုးစားမှပေါ့ကွ ၊ စာမေးပွဲ ကျရတယ်လို့ကွာ ၊ ညံ့ပ ”
ကျုပ် ပျစ်ပျစ်နှစ်နှစ် ဝေဖန် လိုက်တာကြောင့် ကောင်လေးက ဦးခေါင်းကို ခပ်ကြမ်းကြမ်း ခါယမ်းလိုက်တယ် ။ ပါးပြင်ပေါ်က မျက်ရည်စက်တွေက ကျုပ် ခြေရင်းအထိ လွင့်လာတယ်ဗျ ။
“ မဟုတ်ဘူး ဦး ၊ မဟုတ်ဘူး ၊ ညီမလေး ညံ့တာ မဟုတ်ဘူး ကျွန်တော့်ကြောင့် ။ အိမ်စရိတ်ကို ကျွန်တော် လောက်ငအောင် မရှာနိုင်တော့ ညနေ ကျောင်းဆင်းချိန်ဆို ညီမလေးက ကားဂိတ်ထဲမှာ ဈေးရောင်းရှာတယ် ။ ကျွန်တော် တားပေမဲ့ မရဘူး ၊ ပြီးတော့ နေမကောင်းတဲ့ အမေ့ ကိုလည်း ပြုစုရ ... ”
ကောင်လေးက စကားကို ဆုံးအောင် မပြောနိုင်တော့ဘူး ၊ မျက်ရည်စတွေ ပြည့်လျှံနေသော မျက်လုံး တွေနဲ့ ကျုပ်ကို တွေတွေကြီး ကြည့်နေတယ် ။ ကောင်လေးရဲ့မျက်နှာပေါ်က သူ့ညီမလေး အပေါ် ထားတဲ့ မေတ္တာတရားကို ကျုပ် ကောင်းကောင်း မြင်နေရတယ် ။ ကျုပ် ချလိုက်မိတဲ့ သက်ပြင်းရှိုက်သံ နောက်မှာ ကျုပ် ဘာလုပ်ရမယ် ဆိုတာ ထင်ထင်ရှားရှား ပေါ်နေတယ် ။
“ ဟုတ်ပြီ ၊ ငါက အားလုံး ဘာသာစုံ အောင်တဲ့ ပညာ အရည်အချင်း မှတ်တမ်း တစ်ခု လုပ်ပေးရမယ် ၊ မင်းတို့ အမေကို ပြမယ် ။ ဘာသာစုံ အောင်နေတာ မင်းတို့ အမေ တွေ့ရင် မင်းညီမလေး ကျောင်းမထွက်ရတော့ဘူး ။ ကျောင်းက ပေးတဲ့ ပညာရည်မှတ်တမ်းကိုတော့ ကျောင်းကို ပြန်အပ်မယ် ၊ မင်း လိုချင်တာ အဲဒီလို ဟုတ်လား ”
“ ဟုတ်တယ် ဦး ၊ ပြီးတော့ ဦး တတ်နိုင်မယ် ဆိုရင် ညီမလေးရဲ့ ပညာအရည်အချင်း မှတ်တမ်းမှာ မိဘအုပ်ထိန်းသူ အနေနဲ့ လက်မှတ်ထိုး ပေးပါလား ။ ဟိုလေ ပြီးတော့ ညီမလေးက စာမေးပွဲ ကျတော့ မိဘ အခေါ်ခံ ထိထားတယ် ၊ အဲဒါ အတန်းပိုင်ဆရာမနဲ့ ဦး လိုက်တွေ့ပေးပါလား ဟင် ...”
“ ဟ ကောင်လေး မင်း ဟာက မလွန်ဘူးလား ၊ ငါ့မှာလည်း ငါ့အလုပ်နဲ့ ငါကွ ။ တခြားလူ တစ်ယောက် သွားရှာကွာ ”
“ လုပ်ပါ ဦးရယ် ၊ ကူညီ လက်စနဲ့ ကူပါဦးဗျာ ၊ ကျောင်းကလည်း ဝေးတာမှ မဟုတ်တာ ၊ တကယ်ဆို ဦးနဲ့ ကျွန်တော်တို့က တစ်ရပ်ကွက်တည်း နေတဲ့ တစ်ပိုင်းတည်းသားတွေပဲဟာ ဦး ကျေးဇူးကို ကျွန်တော် တစ်သက် မမေ့ပါဘူးဗျာ ”
“ ဟင်း ”
ကျုပ် ဘာမှ ဆက် မပြောချင်တော့ဘူး ။ ဒုတိယ အကြိမ် ကျုပ် သက်ပြင်းရှိုက်လိုက်မိပြန်တယ် ။ ကောင်လေး ပြောသလိုပဲ ပို့မယ့်ပို့ အဆုံး ရောက်အောင် ပို့ရတော့မှာပေါ့ဗျာ ။
••••• ••••• •••••
ရှစ်နှစ်လောက် ကြာခဲ့ပေမဲ့ ကောင်လေးတို့ အတွက် ကျုပ် လုပ်ပေးခဲ့တဲ့ အတုလေးက ကျုပ်ဘဝ အတွက် ကျေနပ်စရာ ဖြစ်နေတုန်းဗျ ။ ကောင်လေးက ဘယ်လောက် ကျလဲလို့ မေးတော့ တစ်ပြားမှ ပေးစရာ မလိုဘူးလို့ မျက်နှာတည်ကြီးနဲ့ ကျုပ် ပြောလိုက်ရတဲ့ အရသာက အခုထိ လျှာဖျားမှာ စွဲနေတုန်းပဲ ။ အဲဒီ တုန်းက ကောင်လေး ကျုပ်ကို ကြည့်နေတဲ့ အကြည့်က ရေခဲရေ နဲ့ အင်ဂျင်ဝိုင် ရောပြီး ကျုပ် နှလုံးသားထဲကို လောင်းချလိုက်သလို ချောမွေ့အေးမြသွားတာဗျ ။
ကျုပ်က ငွေနောက် ကောက်ကောက်ပါအောင် လိုက်ပြီး အတုတွေ လုပ်ခဲ့တယ် ။ အချိန်တန်တော့ ကျသင့်ငွေ ရှင်းပြီး အပေါ်ယံ သကာလောင်းထားတဲ့ ကျေးဇူးတင်ပါတယ် ဆိုတဲ့ စကားမျိုးပဲ ကျုပ် ကြားဖူးခဲ့တာ ။ ကောင်လေးက ကျုပ်ကို ကျေးဇူးတင်ပါတယ်လို့ တစ်လုံးမှ မပြောခဲ့ပေမဲ့ ကျုပ် ကျေနပ်တယ် ။ ကောင်လေး ရင်ထဲက စစ်မှန်တဲ့ မေတ္တာတရားကို ကျုပ် ခံစားခဲ့ရတယ် ။ အတုတွေ ကြားထဲမှာ ကျင်လည်ခဲ့တဲ့ ကျုပ်အတွက် စစ်မှန်မှု တစ်ခုကို ရခဲ့တယ် ။ ဟုတ်တယ်လေ ၊ အခုဆို ကောင်လေးက ဝင်ငွေ မဆိုးလှတဲ့ ကားဒရိုင်ဘာကြီး ဖြစ်နေပြီ ။ ကောင်လေးရဲ့ ညီမလေးက ကုမ္ပဏီကြီး တစ်ခုရဲ့ဝန်ထမ်းတဲ့ ။ ကောင်လေးတို့ ဘဝတွေ အခုလို အဆင် ပြေသွားတာ ကျုပ် လုပ်ပေးခဲ့တဲ့ အတုလေးကြောင့် ဆိုရင်လည်း မမှားဘူးပေါ့ဗျာ ။
ကျုပ်လား ၊ ကျုပ်ကတော့ ကျုပ်ဘဝ အသက်ရှင် ရပ်တည်နိုင်ရေး အတွက် အတုတွေ လုပ်နေရဦးမှာပဲ ။ အတုတွေ ကြားမှာ ကျင်လည် နေဦးမှာပဲ ။ ဒါပေမဲ့ ကျုပ်မှာ အခွင့် အရေး ထပ်ရှိခဲ့ရင် တန်ဖိုးရှိတဲ့ အတုတွေကိုပဲ လုပ်ကြည့်ချင်မိတယ် ။
ဟုတ်တယ်လေဗျာ ၊ အတု ဆိုတာကလည်း လူတွေကို အန္တရာယ် မပြုဘူး ၊ အကျိုး တောင်ပြုသေးတယ် ဆိုရင် တန်ဖိုးရှိတာပဲ မဟုတ်လား ။ စိတ်အမျိုးမျိုး ၊ စရိုက်အထွေထွေ ပိုင်ဆိုင် ကျင်လည်နေကြတဲ့ လူ့လောကမှာ အရာတိုင်း တော့ အစစ် ဘယ်ဖြစ်နိုင်မလဲဗျာ ။ အတုနဲ့ အစစ် ဆိုတာ ရောထွေး ထိစပ်နေမှာပဲ မဟုတ်လား ။ အတု ဆိုတာလည်း ပတ်ဝန်းကျင်ကို အဆိုး မပေးဘူး ၊ ကောင်းကျိုးလေး ပေးနိုင်တယ်ဆို လက်ခံရမှာပဲ မဟုတ်လား ။
အဲဒီတော့ ကျုပ်ဘဝမှာ နောက်ထပ် တန်ဖိုးရှိတဲ့ အတုလေးတွေ လုပ်ဖို့ စိတ်အား ထက်သန်နေမိတာ မှားလားဗျာ .. ။
⎕ သထုံ - ငယ်ငယ်
📖ရွှေအမြုတေ ရုပ်စုံ မဂ္ဂဇင်း
ဩဂုတ် ၊ ၂၀၁၅
No comments:
Post a Comment