❝ ဝေးလွင့်ခြင်း၏ နောက်ဆုံးခြေရာ ❞
( ဖြူမွန် )
သွားလိုက်ပါကွယ် ...
မှိုင်းဝေနေသော မောင့် အိပ်မက်ဖြူ ရှိရာကို ...
ဒီနေရာမှာဆို ဖန်ကန်ထဲက ရွှေငါးလေးတွေ ၊ မှော်နွယ်ခက်ကြား ၊ ကျောက်ပန်းပွင့် ကြား ဝေ့ပတ် ကူးခတ်နေသည်က မောင့်ကို မွန်းကျပ် စေလိမ့်မည် ။ ချောကလက်ပြားများ ခါးသက် နေလိမ့်မည် ။ ငှက်လှောင်အိမ် နာရီထဲက ဒေါင်ဒင်ခေါက်သံက မောင့် ကို ညည်းအို စေလိမ့်မည် ။ အရာရာသည် မောင် သတိရစဉ် ကတည်းက လွတ်ကင်း နေမည် ဆိုလျှင် မောင် နှစ်သက်သော ငွေရောင် စီးကရက်ဘူးကလေး လောက် တန်ဖိုးရှိမည် မဟုတ် ။ လျှပ်စစ်မီးတိုင်ထဲက မီးတောက် ပြာပြာကလေးသည်လည်း ...
သွားလိုက်ပါတော့ကွယ် ။
မောင် ပြန်လာမည့် အချိန် မှာတော့ အမွေးပွပွ ခွေးဖြူကလေးက ခါတိုင်းလိုပဲ ခြံဝကနေ တံခါးဖွင့် အလာကို စောင့်ပြီး မောင့်နောက် တကောက်ကောက် လိုက်နေပါဦးမည် ။ ရေပန်းဖွားကလေး ကလည်း ပြုံးနွဲ့ကြိုပါလိမ့် မည် ၊ နှင်းဆီဝါရဲ့ ရနံ့ ကလည်း မောင့် ရင်ထဲမှာ ပဲ့တင် ထပ်ပါလိမ့်ဦးမည် ။
ဒါပေမဲ့ ...
မောင့် နှုတ်ဆက် အနမ်းက ပူလောင်ရှတစွာ စီးဝင်သွားသည် ။ မိုးစက်ပွင့်များ တစ်ပွင့်စီ ကြွေလွင့်ကျဆင်းလာသည် ။ လျင်မြန်သော မောင့် ခြေလှမ်းများ ပဲ့တင် ရိုက်ခတ်စဉ်မှာပင် မိုးတန်းကြီးများ ခြား သွားသည် ။ ငိုနေမိပြီလား ။ ဒါ ငိုစရာမှ မဟုတ်တော့ဘဲ ။ မောင့်ကို ခွင့်လွှတ်ကြည့်ရင်း ရင်ထဲမှာ တင်းကျပ်လာသည် ။ နာကျင်စွာ မွန်းမိလာ၏ ။
သံတံခါးကို ဆွဲပိတ်လိုက်စဉ်မှာပင် မိုးသံများက သိပ်သည်း ထူထပ်လာသည် ။ မိုးစက်ပွင့်ကလေးတွေက မှန်ပြတင်းမှာ ငြိခိုပြီး အထဲကို ချောင်းလို့များ ကြည့်နေကြမည်လား ။ ဇာခန်းဆီးကလေးနဲ့ မိတ်ဖွဲ့ပြီး သူမကို သနားစရာ မိန်းကလေး လို့များ တီးတိုးစကားတင်း ဆိုနေကြမည်လား ။ ဟင့်အင်း ... နားမထောင်မိပါရစေနဲ့ ။ တစ်ကိုယ်လုံး တုန်ယင်လာသည် ။ ဓာတ်ပြားသီချင်း ဖွင့်ထား လိုက်ရင် သူတို့ ဘာပြောပြော ကြားမိမှာ မဟုတ်တော့ဘူးပေါ့နော် ။ အို ... ဓာတ်ပြား ထားရာ စင်ပေါ် က မောင်နှင့် ပြုံးရယ်နေကြသော နှစ်ယောက်တွဲပုံက ခု တစ်ယောက်တည်း ကျန်ရစ်ခဲ့ရသော မိန်းကလေးကို လှောင် နေမှာပါပဲ ။ ဓာတ်ပုံထဲက ပြုံးနေသော မောင့် မျက်နှာက ပိုလို့ ပြုံးလဲ့ နေလိမ့်မည် ။ ရှက်စရာပါပဲ ။ မိန်းကလေးရေလို့များ လှမ်းခေါ်လိုက်ရင် ... ။ ခေါင်းကို ဘယ်ညာယမ်း ပစ်လိုက်သည် ။ ဘယ်မှာ နေရပါ့မလဲ ။ ငှက် လှောင်အိမ်ထဲက တောင်ပံခတ်သံက ကြေကွဲဖို့ ကောင်းလှသည် ။ မိုးတွေ ရွာနေတယ် ရွှေခဲ ရယ် ။ နေပါဦး ... မအော်ပါနဲ့ ။ ဆက်ပြီး မအော်ပါနဲ့တော့ ။
နားထောင်စမ်းပါ ။ အပြင်ဘက်က တဝုန်းဝုန်းနဲ့ တံခါး ထုနေသံ ထင်သည် ။ တံခါးကို ဒီလောက် ထုနေတာ ဘယ်သူလဲ ။ သေချာ နားထောင်စမ်းပါ ။ ဘယ်သူ ဖြစ်နိုင်ပါသလဲ ။ လူခေါ် ခေါင်းလောင်းကလေး အလန့်တကြား အော်မြည် လာရမှာပေါ့ ။ ဘယ်သူမှ မဖြစ်နိုင်ပါဘူး ။ အိမ် နံဘေးက ယူကလစ်ရွက်တွေ လေကြမ်းထဲမှာ ယိမ်းနွဲ့ပြီး မှန်ပြတင်းကို လာခေါက်နေတာ ဖြစ်မှာပါ ။ အို ... ဘယ်သူ ဖြစ်ဖြစ် ဘာလို့ တံခါး ဖွင့်ပေးရမလဲကွယ် ။
စဉ်းစား ကြည့်ကြစမ်းပါဦး ။ ဝင်လာမယ့် အသိ တစ်စုံတစ်ယောက် ဆိုတာက သေးတွဲတဲ့ သူမကို ဆီးငုံ့ပြီး ဘယ်လို ကြည့်မလဲ ။ သူတို့ အကြည့် နောက်မှာ ဘယ်လို အငွေ့ အသက်တွေ ခိုအောင်း နေမလဲ ။ ပါးစပ်နဲ့ ခြားနားတဲ့ စကားတွေ ပြောနေတဲ့ မျက်လုံးတွေပဲ ဖြစ်နိုင်ပေတော့မည် ။ သနားလိုက်တာကွယ်လို့ ... ။ ဒီ အဖြစ်အပျက်ကို ဘယ်လို မျိုသိပ်ခံစား နေမလဲလို့ စူးစမ်းသော အရိပ်များက အနောက်ဘက်မှာ ငြိကပ်ပါရှိနေပေလိမ့်မည် ။ ကော်ဖီခါး သောက် ကြမည် ။ ပန်ကိတ် စားကြမည် ။ ပြီးတော့ ( ငြီးငွေ့ဖွယ်ရာသော ) ယဉ်ကျေးသော လူမှုဗေဒ နည်းများဖြင့် စကားဝိုင်း တစ်ခု ဖွဲ့နွဲ့ကြမည် ။ သိပ် တုန်ခိုက်အောင် ချမ်းနေလျှင်တော့ နွေးထွေးစေသော မာတန်ဝိုင် သောက်ကြမည် ။ ပုံစံတွေ ရှိနှင့်ခဲ့ပြီးသားပဲ မဟုတ်လားကွယ် ။ ဒါပေမဲ့ နွမ်းမှိန်နေသော မျက်လုံး တစ်စုံက နီမို့နေမည် ။ အလိုက်အလျားသင့် ရယ်မောလိုက်သော သူမ၏ ရယ်သံထဲမှာ အက်ကွဲ ကြောင်းများ ရှိနေမည် ။ စီးကရက် မီးခိုးငွေ့ များကို တောက်လျှောက် မျိုချပစ်မိသည် ။ သိပ်ချည် မထားသော ဆံနွယ်မျှင်များက ရင်ညွန့် ပေါ် မှာ ခွေလျက် ပြန့်ကျဲ ကျနေမည် ။
ပြတင်းတံခါး အပြင်ဘက်က တဒေါက်ဒေါက်နှင့် ဆက်မြည်နေသည် ။ ယူကလစ်ရွက်ကလေးများလား ။ ရင်းနှီးနေကျ ယူကလစ်ရွက်ကလေးကို နှုတ်ဆက်သင့် သေးသည်လား ။ တံခါး ဖွင့် လိုက်လျှင် ကြမ်းရိုင်း နေသော လေက သူမ ရင်ဘတ်ကို ဆောင့်တွန်းပြီး အော်ဟစ် မဆူပူဘူးလို့ ပြောနိုင်မလား ၊ လက်ခုပ်လက်ဝါး တီးပြီး မရယ်မောဘူးလို့ကော ဘယ်သူ အာမခံနိုင်မှာလဲ ။
နေရာမှ လှမ်းရွေ့မရ လောက်အောင် ခြေလက်များ အေးစက် တောင့်တင်းနေသည် ။ ခုချိန်ဆို မောင်နှင့် နှစ်ယောက်အတူ လျှောက်နေကျ သဲလမ်းလေးထဲကို မိုးရေများ လျင်မြန်စွာ စီးစိမ့်ဝင် နေလိမ့်မည် ။ မီးခိုးတန်းကလေး ဝေနေတတ်သော တောင်ယာခင်းကို ဆီးမိုးမြင်နိုင်သည့် တံတားအို ဘေးက ကျောက်အုတ်ခုံကလေး လည်း ချမ်းပြီး ငြိမ်ကုပ်နေလိမ့်မည် ။ မောင်နှင့် သူ့ နောက်ချစ်သူတို့ ကော .. ။ အဲဒီ အုတ်ခုံကလေးနှင့် ရင်းရင်းနှီးနှီး ကျွမ်းဝင်နေကြပြီလား ။ မိုက်ခနဲ ဖြစ်သွားသည် ။ နားထင် ကြောများ တောင့်တင်းလာသည် ။ နှလုံးသွေးက ကိုယ်ခန္ဓာအနှံ့ ပျံ့ခုန် နေသည် ။ ဆုပ်ထားသော လက်ဖဝါးထဲမှာ ချွေးများ ဖြင့် စေးထန်းလာသည် ။ အောက်နှုတ်ခမ်းကို နာကြည်းစွာ ဖိကိုက် လိုက်မိ၏ ။ တဖျပ်ဖျပ် လှုပ်လွင့်နေသော အရွက်များ ကြားထဲက တိုးတိတ်သော ရယ်မောသံ ထွက်လာသည် ။ မောင့် အသံ ၊ မောင့် ချစ်သူရဲ့ ရယ်မောသံ ။ အင်အားများ ခန်းဆုတ်ခွေပျော့ဆဲ ။ နှလုံးအိမ်ထဲကို ထန်ပြင်းသော ဒေါသများ ၊ ခက်မာသော မာနများ ၊ ပူလောင်စူးရှသော နာကြည်းခြင်းများ ဝင်ရောက်လာခဲ့သည် ။ လက်ကို တင်းတင်းကျပ်ကျပ် ဆုပ် လိုက်မိသည် ။ ဓာတ်ပြားစင်ပေါ်က ဓာတ်ပုံ ထောင်ထည့်ထား သည့် မှန်ပေါင်နှင့် အလှစိုက် ရှည်မျောမျော ဖန်အိုးပြာကလေးကို ဒေါသတကြီး ပစ်လွင့်ပေါက်ခွဲပစ်လိုက်ချင်သည် ။ လှုပ်လွင့်ရယ်မောနေသော အခန်းဆီးကို အမျှင်များထပ်နေအောင် ပွခြွေ ဆွဲဆုတ် ပစ်လိုက်ချင်မိသည် ။ နားထောင်စမ်းပါ ။ မဟုတ်ဘူး ... မဟုတ်ဘူး အသံများ က ထောင့်များစွာထဲမှာ တိုးတိတ်စွာဖြင့် အကျယ်လောင်ဆုံး မြည်ဟိန်းနေကြသည် ။ ဝေ့ငဲ့ လှည့်ပတ် ကြည့်မိသည် ။ အို …. နှလုံးသွေးများ ရပ်မတတ် အေးခဲသွားသည် ။ အသံများ ပြည့်တင်းလျက် ဖြူလင်းနေသော နံရံ အားလုံး ပြိုလိမ့်ကျဆင်း လာတော့မည်ထင်၏ ။ လည်ချောင်းဝ အတွင်း အော်သံများ ခဲကျပ်ပိတ်ဆို့ လာသည် ။ အစက်ကလေး တစ်စက် မျှသာ ဖြစ်ပြီး မှိန်ပျောက် သွားပါရစေ ။ မီးခိုးငွေ့များ ထဲမှာ ပြယ်လွင့်သွားလိုက်ပါရစေတော့ ။
မောင့်ကို ထာဝရ ပိုင်ဆိုင်သူပါလို့ ခိုင်မာစွာ ထပ်ပြောဖို့ အခွင့်အရေးများ အားလုံး ပါးလျသွားပြီ ။ မီးခံသေတ္တာထဲက စာချုပ် ဆိုတာကို တရားသေကိစ္စ မဟုတ်စေတော့တာ ဘယ်လို အရာများက သေချာသွားစေတာပါလိမ့် ။ ပြောကြစမ်းပါ ။ ထောင့်ချွန်းကလေးများနှင့် စတုဂံပုံ ကျသော မောင့် လက်မှတ် သင်္ကေတထဲမှာ ဟိုးဘက် နှစ်ကာလများထဲက ထာဝရ လင်းတောက်စွာ ရှိနေမည် ဖြစ်သည့် သူမ၏ ဂျင်းလွယ်အိတ်ကို ဆွဲပြီး ဇွတ်အတင်း လိုက် မိတ်ဖွဲ့ နေသည့် မောင့် ရုပ်လွှာများ ပါရှိသည် ။ သတို့သမီး၏ ဇာပွင့်ဖြူလွလွကို လှပ်လိုက်တုန်းက သူမကို ပူနွေးလှိုက်ခုန်စေခဲ့သော ညင်သာနူးညံ့သည့် မောင့် အကြည့် ဝါဖျော့ဖျော့များ ပါရှိသည် ။ ဇာခန်းဆီး ပန်းနုရောင်ကလေး နံဘေး မှာ သူမ၏ ဆံနွယ်ခက်များထဲ ထိုးဖွ ဆော့ကစားနေသော သွယ်ပျောင်းရှည်လျားသည့် မောင့် လက်ချောင်းကလေးများ ပါရှိသည် ။ ရှိန်းနွေး နှစ်မြောစေသော မောင့် အနမ်းနွေးနွေးများ ၊ သာယာညင်းပျောင်းသော တိုးတိတ်သည့် မောင့် ခေါ်သံ ။ သူမ အမည်များ ယုယညင်သာစွာ ပန်ပေးခဲ့သော သရဖီ ပန်းပွင့်များ သေချာစွာ ပါရှိခဲ့သည် မဟုတ်ပါလားကွယ် ။ ထိုအရာ အားလုံးသည် အခု ဘယ်မှာပါလိမ့် ။ ဖြေကြစမ်းပါ ။ ဘယ်လို အရာများက တိုးတိုက် လွင့်ပါးစေသည်လဲ ။
ခြောက်သွေ့လှသော နွေလယ် နေ့ရက်များမှာရော ၊ မှုန်နုစွာ ရှိသော်လည်း မျက်နှာပေါ် ညံ့သိပ်စွာ စိမ့်နစ်ဝင် သွားသည့်အခါ နှလုံးအိမ်ကို ကျွမ်းမြိုက်စေတတ်သော နှင်းခါးရိုင်းများ ကြားမှာပါ မိုးပေါက်ကလေးတွေ တစ် ပေါက်စီ စီးစိမ့်ကျလာ သလို တီးခတ် နေတတ်သော ကြေကွဲ ဝမ်းနည်းဖွယ် ကောင်းလှသည့် မောင့် စန္ဒရားသံကို ကြားယောင် နေမည် ။ ပြတင်းကို ဖြတ်၍ အဝေးကို မျော လွင့်နေသော မောင့်ကို ဘဝတူမို့ လှိုက်လှဲနွေးထွေးခဲ့သင့်မှု ကို နောင်တမှု တစ်ခု အဖြစ် ခိုင် အမှတ်ရ နေမည် ။ ကြွေဖန်အိုးအဖြူကလေးထဲက ဖယောင်းပန်းများ စူးခါး သွေ့ လောင်ဖွယ် မြင်ကွင်းတစ်ခု အဖြစ် လန်းဆန်းစိုလက် နေသည် ကို သတိပြုမိနေမည် ။ နေစမ်းပါဦး ။ အဲဒီတုန်းက ဘာကြောင့် တစ်လောကလုံး ငြိမ်ဆိတ်သွားရသလဲ ။ ငိုယိုတိုင်တန်း နေမိသော်လည်း လခြမ်းကွေးက ဘာကြောင့် ခပ်စိမ်းစိမ်းသာ ငုံ့စိုက် အံ့သြနေခဲ့ရသည်လဲ ။
မိုးသံများ ခပ်တိုးတိုး ဆုတ်ရှဲရင်း တဖြည်းဖြည်း ပါးကျဲသွားပြီ ထင်သည် ။ ပြတင်းတံခါးကို အသံတိုးတိတ်စွာဖြင့် ပွင့်အောင် အနည်းငယ် အားစိုက် တွန်းလိုက်သည် ။ တိုးတိတ်သော်လည်း မာကျောခက်ထန်လှသော တံခါးသံက တစ်လောကလုံး ပြိုအက် သွားမတတ် ကျယ်လောင်စွာ ဟိန်းမြည်သွား၏ ။ အသက်ရှူ ရပ်မတတ် လန့်ထိတ်သွားပါသည် ။ လည်ချောင်း တစ်လျှောက် ခြောက်ကပ် ကွဲကြေမတတ် နာကျင်နေ၏ ။ ပွင့်သွားသော ပြတင်းကို ဖြတ်၍ ဟိုးအဝေးမှ ဒေစီပွင့် ကလေးများ လူးလွန့်ရုန်းခုန်နေသည် ကို ဝမ်းနည်းစဖွယ် တွေ့မြင် နေရသည် ။ ကြမ်းရိုင်းစွာ တွန်းပွေ့ သွားသော လူ၏ လက်က ခါးရှလှသည် ။ ဘယ်မှာ ပြေးပုန်းရပါ့မလဲ ။ အို …. မောင့်ကို ဘယ်မှာ တွေ့နိုင်ဦးမှာလဲ ။ ဧည့်ခန်းထဲက အအေးသေတ္တာပေါ် တင်ထားသည့် မောင် နှစ်သက်သော မြားနတ်မောင် ကြွေရုပ်စုဘူးကလေး ထဲမှာများ မောင့် ဝိညာဉ် ပါးပါး ငြိကပ် ကျန်ခဲ့ဦးမည်လား ။ လည်ဆံမွေးဖွားဖွားနှင့် ကတ္တီပါ ခြင်္သေ့ရုပ်ကလေး ထဲမှာလား ။ ဘယ်လို ပြန်လည် ရယူရမည်လဲ ။ မခံမရပ်နိုင်အောင် ရင်ထဲမှာ စူးရှနာကြည်း လာသည် ။ နှလုံးအိမ် တစ်ခုလုံး အတွင်း အော်ဟစ်သံများ ပြိုတိုးတွင်းဝှေ့ ခုန်ပေါက်လာသည် ။ မောင့်ကို ကျယ်လောင်စွာ ဟစ်ခေါ် လိုက်မိ၏ ။ ဟစ်အော်လိုက်သော သူမ ၏ အသံထဲမှာပင် ချောက်ချားစွာ တုန်လှုပ်လျက် ရပ်နေမိသည် ။ ချွေးသီး ချွေးပေါက်များက တစ်ကိုယ်လုံး ယိုစိမ့်လျက် စွတ်စိုပါလာ၏ ။
ညကြီးသန်းခေါင်မှ ပြန်ရောက်လာတတ်သော ဝိုင်နံ့သင်းသော နှုတ်ခမ်းအောက်မှ ပျောင်းနွဲ့ ငြိမ်သက်စွာ ရှိုက်နမ်းရင်းက တဒင်္ဂမျှသာ ပွက်ဆူသည်းထန်လာသော ယောက်ျား တစ်ယောက်၏ ရမ္မက် သက်သက် ဆိုတာ ခံစားမိလိုက်သည်နှင့် အေးစက်တောင့်တင်းသွားသော သူမပေါ် ပြင်းထန်စွာ ထိမှန်လာသော မောင့်ဒေါသများ ချူချာလှသော ကျန်းမာရေး အတွက် ဂရုစိုက် စောင့်ရှောက် နေတတ်မိသည့် အခါ မောင့်ကို ကျပ်တည်း ပူလောင်စေမည်လားဟု စိုးထိတ်ခဲ့မိသည်များ ။ သည်အထဲမှာ မောင် မရှိတော့ ။ မောင် ဖြစ်ခဲ့သော သူစိမ်း တစ်ယောက်ကို အားနာ ရှက်ရွံ့သော သိမ်ငယ်မှုများက သွေ့ခြောက် လောင်ကျွမ်း လာခဲ့သည် ။ မောင့် မျက်လုံးတစ်စုံ အောက်မှာ ကြေကွဲစွာ တုန်ယင် လန့်ထိတ်နေခဲ့ရသည် ။
မီးလင်းဖိုထဲက စာချုပ်စာရွက်များ ကျွမ်းမြိုက်နေပုံကို ကြည့်စမ်းပါ ။ အဓိပ္ပာယ် ကင်းမဲ့သွားပြီ ဖြစ်သော အက္ခရာ သင်္ကေတ သက်သက်များ အက်ကြေ ဖြူမှုန်သွား ပေတော့မည် ။ ဒီလိုပဲ ဖြစ်ထိုက်တယ် မဟုတ်လားကွယ် ။ အသံထွက် ရယ်မောပစ်လိုက် ချင်ပါသည် ။ မီးခိုးငွေ့ များ ရိုက်ခတ်သွားသော မျက်နှာပေါ်သို့ မျက်ရည်စက်များ စီးလွင့်ကျလာ၏ ။ ဘုရားစင် အောက် ဒူးထောက်လိုက် ပါသည် ။
အဲဒီ နောက်ပိုင်းမှာ အချိန်ကာလ ဆိုတာ မရှိတော့ ။
ဘာပဲဖြစ်ဖြစ် ကျယ်လွင်လင်းချင်းသော မိုးကောင်းကင်ပေါ် က မိုးစက်ကလေးများနှင့် ယှက်နွှယ် ရင်းနှီးနိုင်ဆဲ ဖြစ်မည် ။ လမ်းလျှောက်ပင်ကလေးများကို အသည်းပွင့်ပုံ ဖော်ဖို့ တစ်ယောက်တည်း စိုက်ပျိုးနေနိုင်သည် ။ ပြာမှိုင်းမှုန်ဝေသော ဆည်းဆာနေခြည် အောက်မှာ ငွေဗျိုင်းဖြူကလေးများကို ငေးမောနေနိုင်သည် ။ မည်းနက်ရှည်လျားသော ကတ္တရာလမ်းမပေါ်မှာ တစ်ယောက်တည်း လျှောက်နိုင်သည် ။ တနင်္ဂနွေ ဘုရားရှိခိုး ခေါင်းလောင်းသံ အောက်မှာ ကယ်တင်ခြင်းတပ် ဓမ္မတေး အများနှင့် စုပေါင်း ရွတ်ဆိုနိုင်သည် ။
မိုးစဲသွားပြီမို့ ငှက်လှောင်အိမ်ကို ဖွင့်လှစ်ပေးလိုက်သည် ။ လှစ်ခနဲ ဖြတ်ပျံပြေးသွားသော ငှက်ကလေးကို ငေးကြည့်ရင်း ကြည်နူးကြေမွလာ၏ ။ ။
⎕ ဖြူမွန်
📖 ဟန်သစ် မဂ္ဂဇင်း
၁၉၉၀ ၊ နိုဝင်ဘာလ
No comments:
Post a Comment