Showing posts with label ကံထွန်းသစ်. Show all posts
Showing posts with label ကံထွန်းသစ်. Show all posts

Monday, August 17, 2026

ဒေါင်းကျော်ချိန်မှာ


❝ ဒေါင်းကျော်ချိန်မှာ ❞ 
       ( ကံထွန်းသစ် )

၁။

“အင်း...သင်းကလေး”

အတွေးသည် တန့်သွားပြန်သည်။ လက်ထဲက ဓားငယ်ကို ချရင်း မျက်စိဦးတည်ရာ ငေးနေမိပြန်သည်။ အကြည့်ကျ လေရာရာတွင် စောင့်နေတတ်သည်က သင်းကလေး ဖြစ်နေပြန်သည်။

ဟူး...ပြုံးနေသော၊ ရယ်နေသော၊ မဲ့နေသော၊ ငိုနေသော၊ နာကျင် ညည်းညူနေသော မျက်နှာများ၊ စိတ်ဆိုး အမျက်ထွက်ဟန် မျက်နှာကား မပါခဲ့။

အိုး...သင်းကလေး စိတ်မှ မဆိုးတတ်တာ။

သင်း...သင်းကလေး အမေလည်း ဒီလိုပါပဲလေ။

ဘယ်လောက်ဆူဆူ၊ ဘယ်လိုဆဲဆဲ အပြုံး မပျက်ဘူး။ နောက်ဆုံး ထ ရိုက်လျှင်တောင် အပြုံးက လက်ကျန်နဲ့ ခဏခဏ ရန်ဖြစ်ရတယ်။ ရန်ဖြစ်တော့လည်း မထုံတတေးနဲ့။

ဟင်း...တစ်ခါတော့ နို့စို့ကလေး၊ အဲ...ခု ကိုရင်ဝတ်နေတဲ့ ကလေးပေါ့။ နို့ဆာလို့ ငို၊ မအေလုပ်သူက မလာနိုင်၊ ဘယ်အလေလိုက်နေလဲ မသိ၊ နောက်ကြောင်း ပြန်မကြည့်ဘူး။ သွားချင်ရာ သွားနေ၊ ပြန်လာတော့ ဘာပြော ကောင်းမလဲ၊ ဝါးလုံးတိုနဲ့ ဆီးပြီး....။

ယောင်ယမ်းကာ စောစောက ချထားသော ဝါးခြမ်းကို ကောက်ကိုင်မိသည်။ သည်အခါ ဝါး လိုနေသေးသည်ကို အမှတ်ရကာ ဝါးများ စုထောင်ထားရာ အိမ်ထောင့်က ကုက္ကိုပင်ကြီးဆီ အကြည့်ရောက်သည်။

ဝါးချောချော တစ်လုံးကို ထပ်ယူရန် အထတွင် ဖျိုးဖျိုးဖျစ်ဖျစ် မြည်ကာ ခါးနှင့် ဒူးဆစ်တို့က ထိုင်နေတာ ကြာပြီ ဖြစ်ကြောင်း သက်သေခံနေကြသည်။ မတ်တတ်ရပ်ရုံရှိသေး-

“ဘကြီး ဝါးလုံးလိုလို့ လား”

“အေးကွ”

ဖြေရင်း လှည့်ကြည့်မိတော့ ကာလသားခေါင်း မောင်ဟန်၊ သူ့အဖေနဲ့ သင်းကလေးအမေနဲ့ မောင်နှမ ဆိုတော့၊ အင်း သူလည်း လာရှာမှာပေါ့လေ။ ဒီလိုခါမျိုးမှ မလာရင်လည်း။

••••• ••••• •••••

၂။

“ဪ...သင်းကလေး”

လက်ထဲမှ ဝါးခြမ်းများကို ဇောင်းသပ်ကာ ချောအောင်ပြုနေမှုကို ရပ်လိုက်မိပြန်သည်။ သင်းကလေး ရှိရာဆီ အကြည့် ရောက်ပြန်သည်။ တူမအချို့နှင့် အကြီးမကို တွေ့ ရသည်။ သူတို့၏ လေးဖင့်စွာ လှုပ်ရှားနေကြဟန်ကိုလည်း သတိထားမိသည်။ ဟုတ်တာပေါ့လေ။ ဒီလိုအခါမျိုးမှာ ဘယ်သူက ရွှင်လန်းနိုင်ပါ့မလဲ။ ငါတောင် ဟူး...။ အတွေးကို ဖျောက်၍ ဓားကို ပြန် ကောက်ကိုင်လိုက်သည်။ ပြီး ဝါးများ လိုသလို ဖြတ်တောက်ရန် တိုင်းထွာလိုက်သည်။ တစ်လံသာသာ မှန်းကာ ဝါးခြမ်းများကို ဖြတ်လိုက်သည်။ စိတ်ဖြင့် ‘ဆ’ ကာ ပုံဖော်ရင်း ဝါးခြမ်း လေးခု ဖြတ်ရမည်ကို သဘောပေါက်သည်။

အာရုံတွင် ငယ်စဉ်က ဆရာနှင့် အတူ လိုက်ခဲ့ရသော အလှူမင်္ဂလာ မဏ္ဍပ်ကြီးများ၊ ဘုန်းကြီးပျံ မဏ္ဍပ်နှင့် ကရဝိက်ဖောင်ကြီးများ၊ လောင်တိုက် ပြာသာဒ်ကြီးများကို ပြန်ပေါ်လာသည်။ အထူးသဖြင့် ရွာဦးကျောင်း ဆရာတော် ဘိုးဓမ္မစာရီ၊ ပျံလွန်တော်မူတုန်းက မြင်ကွင်းက ပိုလို့ ပြက်ထင်သည်။

ကြီးကျယ် ခမ်းနားသော မဏ္ဍပ်ကြီး အပြင် ခေါင်းတလား ပိုက်ထားသော ဗြဟ္မာရုပ်ကြီး၊ ဝါးများ စက္ကူများဖြင့် ချိုးထားတာ ဖြစ်ပေမဲ့ အချိုးကျ သက်ဝင်လှသည်မို့ ပွဲလာသူတိုင်း အံ့သြကြခဲ့၊ တစ်မျှော်ကြီး မျှော်ငေးရအောင်လည်း မြင့်မား၏။ ကုလားငွေစက္ကူ၊ ရွှေစက္ကူတို့ဖြင့် ကိုယ်ရောင် ကိုယ်ဝါ ကလည်း တလျှံလျှံ တဖိတ်ဖိတ်။ ပြီး ‘လောင်တိုက်’ ဆိုသည် အတိုင်း ပွဲပြီးသည်နှင့် ထိုဗြဟ္မာရုပ်ကြီးကိုပါ မီးရှို့သင်္ဂြိုဟ် လိုက်ကြတော့သည်။ ခုတော့ဖြင့် ဝါးတစ်လုံးက ၁၅ဝ၊ စက္ကူ တစ်ချပ်က ...၊ အင်း ဘာပဲဖြစ်ဖြစ် ဒီတစ်ခါတော့ ခဲရဦးမှာပဲ။

••••• ••••• •••••

၃။

“အင်း...သင်းကလေး..သင်းကလေး”

“အဖေ့၊ ထမင်း စားတော့မလား”

သမီးအကြီးမ၊ နွမ်းနယ်သော မျက်နှာတွင် သွေ့စမျက်ရည် စီးကြောင်းများ၊ တစ်ချက် ငေးကြည့်ရင်း ခေါင်းကို ခါယမ်းလိုက်သည်။

“အဖေ၊ လေတွေ ဘာတွေ နာနေလိမ့်မယ် ထင်တယ်။ နည်းနည်းဖြစ်ဖြစ် စားလိုက်ပါလား”

ထပ်ပြီး ခေါင်းခါလိုက်သည်။ မနေ့ကလည်း ထမင်းကို ဟုတ်တိပတ်တိ မစားဖြစ်တာကို အမှတ်ရသည်။ သို့သော် ရင်ကမူ မချောင်သည့် အပြင် အတင်းကျပ်ကြီး တင်းကျပ်နေတော့သည်။

“ဆာတော့ စားတာပေါ့ကွယ်။ အဖေ အလုပ်ကလေး ဆက်လုပ်လိုက်ဦးမယ်။ သမီးတို့လည်း လုပ်စရာတွေ လုပ်ထားကြနော်”

သမီးကြီးနှင့် အဖော် လုံမတို့ အိမ်ဘက် ထွက်သွားကြသည် ကို ငေးရင်း၊ လက်က အလုပ် မဆက်နိုင်၊ အတွေးကတော့မူ...။

အင်း..သူလည်း သင်းကလေးကို ချစ်ရှာသူ ဆိုတော့...။ နောက်ပြီး မောင်နှမသုံးယောက်မှာ အထက်အောက်၊ ဒီတော့ သံယောဇဉ်က...။ ဒါတင် မကပါဘူးလေ။ ဟိုအမိုက်မကြီး ကျောခိုင်းသွားကတည်းက သူက အရာရာ ထိန်းသိမ်းခဲ့ရသူ ဆိုတော့။

“မိအုပ်၊ နင် ဒီဝါသနာကို ဖျောက်မလား။ အိမ်ပေါ်က ဆင်းမလား၊ ဒါပဲပြော”

ဒေါသနှင့် ပေါက်ကွဲ မေးသံ၊ နို့ညှာမနှင့် နို့စို့လေးတို့၏ ငိုသံများဖြင့် ပွက်ညံသွားသော ထိုတစ်ည။

ဒေါသနှင့် ရိုက်မောင်းပုတ်မောင်းသံများ၊ ခွန်းတုံ့သံများ၊ ဆဲရေးသံများ၊ ပြန်ဖြေသံများ ထိုမှ အစ။

ဒါတွေ ထားပါတော့လေ။ ဒါနဲ့ ဆီရောင်စုံ စက္ကူနဲ့ ပလတ်စတစ် ကြိုးခွေ မှာလိုက်တော့ ဈေးသွားတဲ့ သူတွေ ပါလာကောင်းပါရဲ့။

ပြီးတော့ ကော် နည်းနည်းလည်း ကျိုခိုင်းရဦးမယ်။ ဒါမှ...။

••••• ••••• •••••

၄။

“ဟူး...သင်းကလေး”

အတွေးသည် ထိုနေရာ၌သာ ဝဲနေသည်မို့၊ အလုပ်မဖြောင့်ချင်၊ အာရုံကို လွှဲရန် ကြိုးစားမိသည်။ ရုတ်ချည်း အထလိုက်တွင် ခေါင်းသည် မိုက်ခနဲ ဖြစ်သွားသည်။ ခဏ ငြိမ်နေလိုက်ကာ နှုတ်မှ အနိစ္စ ဘုရား...ဘုရား ဟု ရေရွတ်လိုက်မိသည်။

စဉ်းငယ်ကြာမှ အညီ ဖြတ်ထားသော ဝါးလေးပိုင်းကို ချကာ ရာထားမိသည်။ အားလုံး ပြီးရင်တော့ တပ်ဆင်ဖို့ မိကင်းရဲ့ သားကို အကူ ခေါ်ရမယ်။ ဒီကောင်က ဝါသနာလည်း ရှိ၊ အတွေ့အကြုံလည်း ရှိဆိုတော့။

ပြန်ထိုင်ချမိပြန်သည်။ ဈေးပြန်တွေက ပေးသွားသော စက္ကူတွေကို၊ ကိုက်ရန်ဖြတ်ရန် အမှတ်ရသောကြောင့်ပင်၊ ဆီစိမ်စက္ကူခေါ်၊ မှန်ရောင် စက္ကူတချို့နှင့် ရောင်စုံစက္ကူတချို့ကို ကြည့်ရင်း ငယ်ငယ်ကဆို စက္ကူတစ်ချပ်မှ ဆယ်ပြားရယ်။ ဪ ပြောင်းလဲတတ်တဲ့ သဘောပဲဟာ။ အစစ ရှေးကနှင့် ဘယ်တူနိုင်တော့မလဲ။ ‘ရှိတာလေးနှင့် လှအောင်ဆင်’ ဆိုသလိုပေါ့။ နိုင်သလောက်လေးနဲ့ လှအောင်တော့ ဆင်ရမှာ ပေါ့။ မှန်းစမ်း အနီ ၃ ရွက်၊ အဝါ ၃ ရွက်၊ အစိမ်း...အစိမ်း ၆ ရွက်၊ ဟုတ်ပြီ။ အပြာ လောက်နိုင်ပါတယ်။

ဟုတ်ပြီ၊ သင်းကလေးက အသားဖြူတော့ အစိမ်းလေးနဲ့ ဆို မှန်ပါးစက္ကူဆိုတော့ အတွင်းကို ဖောက်ပြီး ထင်းနေမှာ။ ဪ....သင်းကလေး ၊ သင်းကလေး။ အသားလေးက ဖြူဖြူ၊ ရုပ်ကလေးလှလှနဲ့ အင်း အဲလို ရုပ်ကလေးလှလို့လည်း ခုလို သူ၊ သူ့ချစ်သူနဲ့ ကောက်ကောက်ပါသွားတော့ အသက်မှ ၁၇ နှစ်ထဲ ဝင်ခါစ။ စိတ်ဆိုးလိုက်တာလေ။ တွေ့တဲ့ နေရာ လိုက် ရိုက်ချင်လိုက်တာ။ ဟိုကောင်လေးကို သဘောမကျတာထက်၊ ကိုယ့်ဟာလေးကိုယ် နှမြောလို့။ ကိုယ်ကတော့ နို့စို့တောင် မစင်သေးဘူး အောက်မေ့နေတာ သင်းကဖြင့် ဟင်း။

ဒီလိုနှင့် နေစမ်းပစေဆိုပြီး ပစ်ထားလိုက်သည်။ မင်္ဂလာဆောင်တွေ ဘာတွေ လာပြောတော့ အားလုံး ငြင်းလွှတ်လိုက်ခဲ့သည် လျစ်လျူရှုခဲ့သည်မှာ သည် အချိန်ထိပင်။ အင်း ဘယ်လောက် ပစ်ထားထား၊ အချိန်တန်တော့လည်း ဟူး။

••••• ••••• •••••

၅။

“သင်းထိုက်နဲ့ သင်းကံပဲ ဖြစ်ပစေ။ မသွားဘူး၊ မသွားဘူး ဟင်း”

“ဗြိ”

“ဟယ်”

ပြန်သစ်လာသော ဒေါသဟောင်းကြောင့် သတိလွတ်သွားကာ ကနုတ်ဖော်နေသော စက္ကူကို လက်လွတ်၍ ကတ်ကြေးဖြင့် ညှပ်မိသွားသည်။

‘တောက်...ငါ့နှယ်’

ကတ်ကြေးကို အသာ ပြန်ချရင်း ဟိုသည် ငေးမိတော့ စိတ်ကို လွှတ်ပေးလိုက်သလို ဖြစ်ကာ အတွေးတို့သည် ပြန့်ကျဲသွားပြန်၏။

ကြားလိုက်ရစဉ်က ဆောက်တည်ရာမရခဲ့။ ထလိုက်၊ ထိုင်လိုက်၊ အိမ်ထဲဝင်၊ အိမ်ပြင်ထွက်နှင့် နှုတ်ကသာ ‘ဖြစ်ပစေ၊ ဖြစ်ပစေ။ မသွားဘူး၊ မသွားဘူး’ ဟု မြည်ရွတ်နေသော်လည်း စိတ်ကမူ အကြိမ်ကြိမ် ပြေးသွားနေသည်။
ငူငူငိုင်ငိုင် နေချိန်မှာပင်-

“ကိုကြီးတင် ဟိုအိမ်ကို သွားကြစို့လေ”

အင်းမလုပ်၊ အဲမလုပ် ငုတ်တုတ်။ ကြာတော့ လာခေါ်သော ဖိုးထွန်းတင်ပင် ယောင်နနနှင့် ထသွားရသည်။ အင်း သူ ငါ့ကို စာနာနိုင်မှာပါ။ ပင့်သက်ချရင်း တွေးမိပြန်သည်။ “မသွားလို့ မတော်ဘူး ထင်ပါရဲ့။ အို မသွားဘူး၊ မသွားဘူး။ နေနိုင်အောင် နေလာခဲ့ပြီးမှ ခုမှ သွားတော့ ဘာ ထူးတော့။ အင်း ထူးတော့ ထူးတယ်။ ခုဟာက နောက်ဆုံးဆိုတော့ အို”

ရုတ်ခနဲ ထလိုက်မိသည်။ အံကိုတစ်ချက် ကြိတ်လိုက်သည်။ ရင်သည် တစ်ဆို့ တစ်ဆို့ ဖြစ်လာပြန်သည်။ သင်းကလေးနဲ့ နောက် တွေ့ဖို့ ဆိုတာ...

“ငါ...ငါ သွားမှပါ။ နောက်ပြီး သူ့အတွက်”

“အဖေရယ် တစ်ရွာလုံးက ကိစ္စတွေမှာ အဖေပဲ ဦးဆောင်ပေးခဲ့ပြီး ကိုယ့်သမီးကျမှ မသွားဘူးဆို”

သမီးကြီးရဲ့ ရှိုက်သံနှင့် လက်စသတ်သွားတဲ့ အဲဒီစကား တစ်ခွန်းကြောင့်ပင် နှစ်ရက်နီးပါး ဟန်တင်း မာန်တင်းမှုကို ရုပ်သိမ်းကာ ယခုနေရာသို့ ရောက်ရှိလာခြင်းပင်။

“ဘကြီး ရေနွေးသောက်ပါဦး”

မော်ကြည့်မိတော့ လူသုံးလေးယောက်၊ ဘယ်သူ့သားတွေပါလိမ့်။ မသဲကွဲ၊ အချိန်ကြောင့်လည်း ဖြစ်မည်ထင်ရဲ့။

“ကျွန်တော်တို့ ဘာဝိုင်းလုပ်ပေးရမလဲ ဘကြီး”

သူတို့ကို ခိုင်းရန် စိတ်မှန်းကြည့်သည်။ လောလောဆယ်တော့ မရှိသေး။

••••• ••••• •••••

၆။

“သင်းကလေးရေ”

“ဟယ် ငါနှယ့်နော်။ ဘယ်နာမည်ကို ခေါ်နေမိပါလိမ့် ခေါ်တာက ‘အေးသောင်းရေ’ လို့ ခေါ်တာ၊ နှုတ်က ထွက်သွားတာက ‘ သင်းကလေး’ တဲ့၊ ဩော် ဒုက္ခ၊ ဒုက္ခ”

“အေးသောင်းရေ ငါ့နား မီးခွက်ထွန်းပေးကြကွယ်၊ ငါ မသဲကွဲတော့ဘူး”

“ဦးကြီး မိုးချုပ်ပါပြီ။ မနက်မှ ဆက်ပါတော့လား”

“မဖြစ်ပါဘူးကွယ်။ မနက်ကျ ကသီလင်တ နေလိမ့်မယ်။ ဒီညပဲ ပြီးသလောက် ဖြစ်အောင် လုပ်ထားမှ၊ ကဲ သွားသွား၊ ငါ့ကို ဘတ္ထရီ မီးသီးလေး ဖြစ်ဖြစ် ထွန်းခဲ့ကွာ”

“ဘတ္ထရီမီးလုံးက ကာလသားတွေ သုံးနေတယ်”

“အေး၊ ဒါဆိုလည်း လေကွယ်အောင် လုပ်ပြီး မီးခွက် ထွန်းပေး”

အေးသောင်း ပြောမှ သတိပြုမိသည်။ ဟုတ်တာပေါ့။ အိမ်မှာ ဝိုင်းဖွဲ့ နေတဲ့ ကလေးတွေ ပိုကာလား၊ ကိုးမီးလား မသိ။

ဟိုတုန်းကတော့ ‘ကက်ဆွဲ’ ကြတာ။ ထုံးခွေတမ်းပေါ့လေ။ ဒါမှလည်း လူကလေး၊ သူကလေး ရှိလေတော့ လူလာအောင် တမင်္ဂလာ လုပ်ပေးတဲ့ ထုံးစံ ဖြစ်နေပါပြီ။ အဲ ‘ကက်’ တော့ သူတို့ ဆွဲတတ်ဖို့ ဝေးရော၊ မြင်တောင် မြင်ဖူးကြဟန် မတူတော့ဘူး။ ခုခေတ် ‘ဖဲ’။ ‘ဖဲ’ ကိုတော့ ကြားတောင် မကြားချင်ဘူး။ မပြောသာလို့သာ ဟင်း နို့မဟုတ်ရင်လား။

ဪ မိအုပ် မိအုပ်။ ငါနဲ့ သားသမီးတွေကိုတော့ ပြတ်သားလိုက်တာ။ ဖဲကြတော့ နောက်ဆုံး အချိန်ထိ ကစားသွား ဆိုပဲ။ အင်း သူ့ဝါသနာကလည်း ငါနဲ့ အကြောင်း မပါခင် ကတည်းက ပါလေ။ အိမ်ရောက်လို့ မကြာခင်မှာဘဲ ဇာတိ ပြတော့တာ။ အစကတော့ ခုလို ဝိုင်းလေးတွေမှာ အပျော်သဘော။ အပျင်းပြေ သဘောပါတဲ့။ ဘယ်ဟုတ်လို့ တုန်း။ ဖဲနဲ့ ပတ်သက်လာရင် ဒင်းက တကယ်သွေးကြီးတာကိုး။ သွေးကြီးလို့လည်း ခုလို မကြံသင့်တာကို ကြံမိ၊ မိသားစုလို ဖြစ်နေသော ခင်ပွန်းသည် လုပ်ငန်းလုပ်သည့် သူရင်းဒိုင် အိမ်မှာ အတွင်းပစ္စည်းများကို အကြံကုန်၍ ဆားချက်ခဲ့သော ပြဿနာ။

ထိုပြဿနာကို သူရင်းဒိုင်တို့ သိသွားသောအခါ အလိုတူအလိုပါလို့ သတ်မှတ် စွပ်စွဲခံရသောအခါ အရှက်သည်းသော၊ နာကြည်းသော ပေါက်ကွဲမှု ပဋိပက္ခ၊ ထိုညမှာ ပင် သင်းကလေးတို့ အမေကို မတွေ့ကြရတော့။

••••• ••••• •••••

၇။

“အဟင်း....သင်းကလေး”

တစ်ခါတလေ နောက်တီး နောက်တောက်ရယ်။ မှတ်မိသေးတော့ သင်းကလေး ငယ်ငယ်၊ ခုလို အိမ်တစ်အိမ်မှာ အသံချဲ့စက်က-

      ဘဝသံသရာ ..... ရှည်လျား ..... ထွေပြား .... မနေမနား တစ်သွားတည်း သွားကြတာ ....

အဲဒီ သီချင်းကိုလည်း ကြားရော သင်းကလေးက-

“အဘ ကြံသကာ ချိုသလား၊ ချဉ်သလား၊ တစ်စားတည်း စားကြတာ” တဲ့။

အဲဒီတုန်းက ရယ်လိုက်ရတာ။ ခု တွေးမိတော့တောင် အဟင်း..။

အင်း..ခုတော့လည်း ဒီသီချင်းက သူ့အတွက် ဖွင့်ပေးနေရသလိုပါလား။ နေဝင်ဖြိုးဖျက ရောက်လာတဲ့ အသံချဲ့စက်က ဟွန်းနှစ်လုံးကို ကုက္ကိုပင်ပေါ်တင်ပြီး ဖွင့်နေလိုက်တာ။ အရင်တုန်းကတော့ အသံချဲ့စက်ကို အလွန်ကြိုက်တာပေါ့။ သာရေး ရှိရှိ၊ နာရေး ရှိရှိ အသံချဲ့စက်ကလည်း အမြဲပါ။ သာရေးဆို အလှူမင်္ဂလာသီချင်းတွေ တွံတေးသိန်းတန်၊ မောင်မောင်ညွန့်တို့ ရဲ့ ဘောက်ပြားတွေ၊ ပြဇာတ်တွေ၊ ညပိုင်းဆို ရွှေမန်းတင်မောင်တို့ ၊ အောင်မောင်းကြီးတို့ ၊ ရွှေကျီးညိုတို့ရဲ့ ဇာတ်ထုပ်တွေ၊ နာရေး ဆိုရင်တော့ တေဘုမ္မာတို့ ၊ ဘဝသံသရာတို့ ၊ တရားခွေတို့ ၊ ခင်ခင်ညွန့်တို့ ပေါ့။ ဘာပြောကောင်းမလဲ မိုးလင်းဖွင့်ရင် မိုးလင်း နားထောင်လိုက်တာပဲ။ ခုတော့ ဘာတွေ ဖွင့်လို့ ဘာတွေ ဖွင့်သွားမှန်း မသိ။ ဒီ ဘဝသံသရာ ဆိုတာ ကြားလိုက်ရမှ -

“အဖေ အိပ်ပါတော့လား အဖေရယ်၊ ညဉ့်ကြီး နက်လှပြီ”

“ဟေ အေး အေး အိပ်တာပေါ့ကွယ်”

“အသံချဲ့စက်သမားတွေတောင် သိမ်းသွားကြပြီ”

“အေး အေး လက်စသတ်လုပါပြီကွယ်။ တပ်ရုံ ဆင်ရုံ ကျန်ပါတော့တယ်။ ကဲ ကဲ သမီး သွားအိပ်ချေတော့။ ဒါနဲ့ အဖော်တွေရော ရှိသေးလား”

“ရှိတယ် အဖေ၊ မချောတို့၊ မထွေးတို့ လာကြတယ်”

“အေး အေး အေးသောင်းတို့၊ မောင်ဟန်တို့ ကော”

“သူတို့ စောစောကတော့ အသံချဲ့စက်နားမှာ၊ ခု ဝိုင်းထဲ ရောက်နေကြလား မသိဘူး။ အဖေ ဘာခိုင်းချင်လို့လဲ”

ကော်တွေ ကပ်ရမည်။ ဝါးခြမ်းများကို ချည်ရတပ်ရမည်။ ဝါးတို့ကို ဘောင်ဖွဲ့၊ ဆက်တွန့်စလေးတွေဆက် စသည် စသည် တွေးရင်း-

“နေပစေတော့ သမီးရယ်၊ အဖေပဲ လုပ်လိုက်တော့မယ်။ ပြီးလုပါပြီကွယ်။ ကဲ ကဲ သွားအိပ်ချေ”

••••• ••••• •••••

၄။

“သင်းကလေးရယ်”

စကားပြောဖို့ ဝေး၊ မျက်နှာချင်းပင် မဆိုင်ဖြစ်သည်မှာ တစ်ခါလည် မကတော့။ ထို မပြောဖြစ်သော စကားတွေကို ပြောပြနေမိသည်။ သင်းကလေးကမူ ဥပေက္ခာ။

သင်းကလေး ရှိနေမည့် နေရာသို့ ရမ်းဆကြည့်မိသည်။ မနက်ဖြန်ဆို သင်းကလေး ထွက်ခွာ။

သင်းကလေး၏ ခရီးသည် ချောပြေစေချင်သည်။ မခမ်းနားသည့်တိုင် လှပစေချင်သည်။ မကြီးကျယ်သည့်တိုင် မသိမ်ငယ်စေချင်။ အဲဒါကြောင့်လည်း ခုလို အားထုတ်နေမိခြင်းပါ။ အဖေ့ရင်ထဲက ဘယ်လိုမှ လျော့မသွားသေးတဲ့ စေတနာ မေတ္တာတွေပါ သမီး။ သင်းကလေး ယုံမှ ယုံပါ့မလား။

ဘာပဲဖြစ်ဖြစ် သင်းကလေး၏ ခရီး အဆင်ချောဖို့ အာ အခုမှ သတိရတယ်။ ဘီးနှစ်ခု လိုနေသေးပါလား။ ဘယ်မှာ ရနိုင်မလဲ။ လှည်းယဉ်ဘီးဆို ပိုကောင်းတာပေါ့။ ရှိမှ ရှိပါ့မလား။ မရရင်တော့ မရရင် လူတွေထမ်း၊ ဟာ မဖြစ်ဘူး မဖြစ်ဘူး။ လူတွေက မူးမူးရူးရူးနဲ့ဆို သင်းကလေးခမျာ ဘီးရမှ ဖြစ်မှာပါ။ ရဖို့က မလွယ်လှဘူး။ လူတွေက အယူ သီးကြပါဘိသနဲ့ ဒါမျိုးဆို ငှားချင်ကြမှာ မဟုတ်ဘူး။ တစ်ယောက်ယောက်ကို အရှာခိုင်းရန် လှမ်းကြည့်မိသည်။ ညဉ့်နက် လှပါပကော။ လမွန်းတိမ်းရုံပင် မကတော့။ လူငယ်တို့ ဝိုင်းကမူ ကောင်းဆဲ၊ ခုထိ မပြီးသေး။

ဟာ ဟုတ်ပြီ၊ ခုမှ သတိရတယ်။ ရဟန်းအစ်မကြီး ဒေါ်ကံအိမ်မှာ လှည်းအိမ် မရှိတဲ့ ဘီးတစ်စုံ ရှိတာပဲ။ သွားငှားရင် ရဟန်းအစ်မကြီးက တစ်ဖက်သားကို သိပ်ကူညီတတ်တာ ဟုတ်ပြီ ဒီအတွက် စိတ်အေးပြီ ကျန်တာ ရုပ်လုံးဖော်မှ။

ထိုစဉ် လေတစ်ချက် သုတ်လိုက်၍ မီးခွက်က ဟုတ်ခနဲ ငြိမ်းသွားသည်။ ဝန်းကျင်ကို ငေးကြည့်မိတော့ လရောင် မတောက်တော့။ မော်၍ ကြည့်မိလိုက်သောအခါ တိမ်တစ်စိုင်က လကို အုပ်ဖုံးလျက်။

ဘုရား၊ ဘုရား မိုးများ ရွာဦးမှာလား။ မိုးရွာလို့ ကတော့ ဘုရား၊ ဘုရားမလို့ မိုးမရွာပါစေနဲ့။ မရွာပါစေနဲ့။ ကံဆိုးမ သွားရာ မိုးလိုက်လို့ ရွာ တဲ့ ၊ ဒီတစ်ခါတော့ သင်းကလေး ကံကောင်းပါစေ ဘုရား။

“ မဌေး တစ်ယောက် မီးမဖွားနိုင်လို့ တဲ့”

လွန်ခဲ့သော နှစ်ရက်လောက်က လာသော သတင်း။

ငထိန်ကလည်း ဆရာမ သွားပင့်ပါဆို မူးမူးရူးရူးနဲ့ ဘယ်သဝေထိုး နေလဲ မသိဘူး။ မရောက်သေးဘူးတဲ့၊ နားကိုလည်း ပူစေ၊ ရင်ကိုလည်း ဆူဝေစေသည့် သတင်းများပင်။ အင်္ဂုလိမာလသုတ်မှ ရွတ်ပေးမည့်သူ ရှိပါလေရဲ့လား။ ကြာကြာ အောင့်မနေနိုင်။ အကြီးမကို လိုက်သွားစေချင်သည်။ သတင်းကိုလည်း နားစွင့်နေမိသည်။

နံနက် သုံးချက်တီး အချိန်လောက်မှာတော့ စီခနဲ၊ အော်ငိုသံတွေ ကြားလိုက်ရသည်။ သင်းကလေး ကိုယ်ဝန်ဆိပ် တက်တာတဲ့။ ကြားမကြားဖူးပေါင်။ ယောက်ျားလေးတဲ့။

••••• ••••• •••••

၉။

“နီးပါပကော သင်းကလေးရေ”

တောက်သစ်စ နေရောင်ဝယ် ရွှေရောင်၊ ငွေရောင် ဖိတ်နေသည်။ ပန်းရထားလေး တစ်စင်း။

နှုတ်မှ ထုတ်ဖော် မပြောသည့်တိုင် မြင်သူတိုင်းက ‘လှလိုက်တာ’ ဟု လက်ခံမိကြသည်။ ကလေးတွေက တငေးတမော လာကြည့်ကြသည်။ အိမ်ခြေ ၆၀ဝ ခန့် ရွာတွင် တစ်မုဟုတ်ချင်း သတင်းပျံ့ခဲ့ပြီး လူမှုရေးလာသူများနှင့် အရှုအငေး လာသူတွေ တဖွဲဖွဲ။

ဒီလိုနှင့် နေရင့်ခဲ့ပြီ။ ဪ သင်းကလေး သွားဖို့ မကြာတော့။

“ကိုကြီး ခေါင်းပေါ် ဒေါင်းကျော်ချိန်ရောက်ပြီ”

အချိန်တန်ပြီဟု မောင်ကျော့က တီးတိုး လာပြောခြင်းပင်။ သူရိယ ရှင်နေမင်း မွန်းတိမ်းပြီဟု အဓိပ္ပာယ်၊ မွန်းလွဲမှ ချရသော ဒေသ အစဉ်အလာကို လာပြောခြင်း ဖြစ်သည်။

ခေါင်းညိတ်လိုက်လျှင် သင်းကလေး ထွက်ခွာပျောက်ကွယ်၊ အို...မညိတ်ဘူး...မညိတ်ဘူး။ ငါ...ငါ သည်အခိုက် သမီးကြီးနှင့် ဆွေမျိုးတစ်သိုက်၏ ငိုယိုသံက ညံလာသည်။ သင်းကလေးရဲ့ ယောက်ျား ဟိုအကောင်တောင် ငိုကြီးချက်မနဲ့။

“ကိုကြီးတင် ချကြစို့၊ ရပ်ဝေးဧည့်သည်တွေလည်း ပြန်ရ ပြုရဦးမှာနဲ့”

ဟုတ်ပါရဲ့ အိမ်ဝိုင်းတွင်းမှာ လူတွေ ပြည့်လုနီးပါး။ ဪ သင်းကလေးက လူချစ်လူခင် များသူပေပဲ။ သင်းကလေးကို ကြည့်ရန် ပန်းရထားဆီ ကပ်ခဲ့သည်။ လူတွေ ရှဲပေးကြသည် ကို သတိထားမိသည်။ ထိုအခိုက် အသံချဲ့စက်မှ ‘ ခင်ခင်ညွန့်ကြီး’ အသံက-

“လိုက်ရရှာသော် ...မှန်စွာမယွင်း ... နေအိမ်က ဆင်းရပါပေါ့ ... ကင်းတဲ့ ... ဝိညာဉ်” တဲ့။ ကြည့်စမ်း ဝိညာဉ်ကင်းတယ် ဆိုတာ ဟုတ်ပါ့မလား။ သင်းကလေး အိပ်နေတာလား။ မျက်နှာလေးက ဝင်းဝါလို့ အစိမ်းရောင် စက္ကူမှန်ခေါင်းလေးထဲမှာ ပြုံးယောင်ယောင် မျက်နှာလေးနှင့်-

“ကိုကြီးတင်၊ ချစို့ သံဃာတွေ...”

လူတွေ ထကြ လှုပ်ရှားကြပြီမို့ ခေါင်းကို ညိတ်ရန် ကြိုးစားမိသည်။ ညိတ်လို့ မရ။ နောက်တစ်ကြိမ် ထပ်၍ -

ဒူဝေ..ဝေ...ဝေ

ဒူဝေ..ဝေ...ဝေ

••••• ••••• •••••

၁၀။

ပန်းရထားလေး တလိမ့်လိမ့် ထွက်ခွာသွားလေပြီ။ လူတွေကလည်း တရွေ့ရွေ့ဖြင့် မြင်ကွင်းက ဝေဝါးလာသည် မို့ ပခုံးပေါ်က ဖျင်တဘက်ကလေးကို ယူကာ မျက်လုံးတို့ကို ပွတ်လိုက်သည်။ သို့သော် ဝေဝါးမှုက အရှိန်မလျော့..။

▢  ကံထွန်းသစ်
📖 ရွှေအမြုတေ ရုပ်စုံမဂ္ဂဇင်း
      မေလ၊ ၂ဝဝ၄ ခုနှစ်

Wednesday, September 11, 2024

မြစ်တစ်စင်း ရဲ့ နှလုံးသား


 

❝ မြစ်တစ်စင်း ရဲ့ နှလုံးသား ❞ 

အချစ် ဆိုတာ အချိန် နဲ့ ဆိုင်ပါသလား ။ ရုပ်ဝတ္တုတွေ ကကော ဘာကြောင့်များ သူတချို့ ကို ပြဋ္ဌာန်းခွင့် ရနေပါလိမ့် ။ မေတ္တာ တို့ ၊ သစ္စာ တို့ ဆိုတာတွေကကော ...

“ အဲ့ ... အဲ့ .. ”

နံဘေး က ဖအေ့ ရင်ခွင် ထဲမှ ကလေးငယ် ၏ ငိုသံက စိတ် ကို ဇက်တုံ့လိုက် သကဲ့သို့ ရှိသည် ။ ကလေး ကို ငေး ကြည့်နေရင်း မိခင်စိတ် ကြောင့် ထင့် ။

“ ဆာရှာလို့ ထင်တယ် .... သူ ဘယ်နှစ်လ ရှိပြီလဲ ”

“ ခုနှစ်လ ထဲ မှာ ”

“ သူ့ အမေ က ကော ”

“ သေပြီ ”

ကလးဖအေ ၏ ပထမ အဖြေ နှင့် ဒုတိယ အဖြေ တို့ ရဲ့ အသံ အပျော့အမာ ကွာခြားမှုကြောင့် မေးမိတာ မှားများ သွားပြီလား ဟု တွေးမိသည် ။ ဆင်ခြင်မှ သတိချပ်ရင်း အကဲခတ် လိုက်တော့ သူ့ မျက်နှာ ညှိုးရိပ်သမ်း နေတာကို သတိထားမိသည် ။ ကျန် ခရီးသည်တွေ ရဲ့ အကြည့်တို့ သည် လည်း သူ့ အပေါ် စုပြုံကျလာသည် ။

ကလေး က အငို မရပ်သေး ။ ဖအေ က မပြုစုတတ် ၊ ပြုစုတတ်မို့ စိတ်မရှည် မှဖြင့် တွေးမိတော့ မနေသာပြန် ။

“ ရေ တိုက်လိုက်ပါလား ၊ ရေဘူး ပါတယ် ”

ခြင်း ထဲ မှ ရေဘူး ထုတ်ပေးနေစဉ် ခရီးသည် တစ်ဦး က

“ ကလေး က နုတော့ ခရီးပန်းရှာမှာပဲ ၊ ဘယ်က လာခဲ့တာလဲ ”

“ ရွှေတော က ပါ ”

ရွှေတော ... ရွှေတော .. ဟိုတုန်းက ‘ သေချင်ရင် ရွှေကျင် သွား ’ လို့ ဒီနယ် တစ်ဝိုက် မှာ ဆိုရိုး တွင်ခဲ့တဲ့ ရွှေတော က တောင် လာခဲ့တာ ဆိုတော့ သင်္ဘော တစ်တန် ၊ ကား တစ်တန် ၊ ခု မြင်းလှည်း တစ်တန် နှင့် အင်း .. ခမျာလေး ပန်းရှာနွမ်းရောပေါ့ ။ မိခင် ရင်ခွင်နဲ့ ဆို တော်သေး ၊ ခုတော့ ...

“ ခရီး က သိပ်ရှည်တော့ မအေ နဲ့ ဆို ကလေး သက်သာ ...”

“ အလကား မိန်းမ ”

အသံ က ကျယ်သည်မို့ မေးမိ သူ လူရွယ် ပင် မင်တက်မိ သွားသည် ။

“ သူ သောက်သုံးမကျလို့ ခုလို သမီးလေး ဒုက္ခ ရောက်ရတာ ”

စုပြုံကျလာပြန်သော မျက်ဝန်းတိုင်း တွင် စကား ဆက်ကို ငံ့လင့် နေကြကြောင်းကတော့ ထင်ရှားသည် ။ မည်သူမျှ တော့ မမေးကြ ။ မြင်းခွာသံ ကသာ မှန်မှန်ထွက် ပေါ်လျက် ။ လှည်း အဆောင့် တွင် ကလေး ရေသီး သွားမှာ စိုးလိုက်မိသေးသည် ။ သူ က မူ

“ အေး ... အေး ... ရောက်တော့မယ် ... ရောက်တော့ ... မယ် ... သမီးရေ ... တိတ် ... တောက် ... မိန်းမယုတ် ... ဒီ သမီးလေး တောင် မငဲ့ဘူး ”

လေသံ နှင့် မျက်လုံးအရောင် တို့ က ထို သူ့ ရင်ထဲ ရှိ ဒဏ်ရာ အနာတရ ကို ဖော်ပြနေသည် ဟု အားလုံး က ယုံကြည် နိုင်လောက်သည် ။ ဒါ့ကြောင့်ဖြစ်မည် ။ ဆိတ်ဆိတ် နေခြင်းဖြင့် စကားဆက်ခွင့် ပြုနေကြသည်လေ ။

“ ကျုပ် ကတော့ တွင်းနက်တွေ ထဲ ဆင်း လိုဏ်တွေ ထဲ ဝင် နဲ့ မြေဆင်း တူးရတယ် ။ ရွှေ ပေါတဲ့ မြေပေါ့  ၊ သူ ကတော့ ... ကျုပ် ကွယ်ရာမှာ ... ဟို ... တွင်းပိုင် ဆိုတဲ့
အကောင်နဲ့ ... ”

အားလုံး မျှော်လင့်ထားပြီး အဖြေ ပင် ဖြစ်မည် ။ ထို အဖြေ သည် အခြားသူ တို့ကို ကူးစက်မစက် တော့ဖြင့် မသိ ။ ဪ ... ဝေဒနာ ဆိုတာကလည်း ဓာတ်ခံ တူသူ မှ ကူးစက် လွယ်တာကလား ။ မြင်းလှည်း အပြင် သို့ လှမ်းငေးမိသည် ။ နေရောင် သည် ပို၍ တောက်လွန်း နေသည် ဟု ထင်သည် ။ ထို နေရောင် ထဲ တွင် တွေ့ရသည် က သစ်နေဆဲ ပုံရိပ်ဟောင်းများ ။

•••••   •••••   •••••

“ ရှင် ... ရှင် ... တော်တော် သစ္စာမဲ့ပါလား...ဟင် ”

ဖိတ်ဖိတ်တောက် မျက်လုံး တို့ သည် သူ့ကို ကျွမ်း လောင်သွားစေချင်သည် ။ အထုအရိုက် အကုတ်အခြစ် တို့ သည်လည်း သူ့ ကို ကြွေမွသွားစေချင်သည် ။ နောက်ဆုံး မျက်ရည်တို့ သည်လည်း သူ့ ကို ....

ဒါပေမဲ့ သူ က မတုန်လှုပ် ၊ ဟန်မပျက် ၊ သူ ရရှိပိုင် ဆိုင်စ ၊ အာရုံသစ် သည် ထိုလက်နက်တို့  မထိမခ အောင် ခြုံရုံ ပေးထားနိုင်သည်ထင့် ။

•••••   •••••   •••••

“ ဟဲ့ မြင်း .. ဟာ ဒီကောင် ဘာလုပ်တာလဲ ၊ နာတော့မှာပဲ ”

မြင်းလှည်းဆရာ ၏ ငေါက်သံကြောင့် စိတ်သည် ပစ္စက္ခ သို့ ဖျတ်ခနဲ ပြန် ကပ်လာသည် ။

“ ဒီလိုပါပဲကွာ သီချင်းတောင် ရှိသေး ... ဣတ္ထိယ ခေါ် မိန်းမ တို့သည် လှေ နဲ့ မြင်း လို မယွင်းတူညီ ၊ ပဲ့ကိုင်ရာ စီးရာ နောက်သာ ... ကောက်ကောက်ပါတတ်သည် ... တဲ့ ”

လမ်းကွေ့ တစ်ခု ကို မြင်း အား ကျွမ်းကျင်စွာ ကွေ့ စေ ရင်း မြင်းလှည်းဆရာ စကားစသည် ။ ဆိုရိုးဟောင်း တစ်ခု ၏ သစ်ခွင့်ကြုံရာကာလပေပဲ ဟု တွေးဖြစ်သည် ။ မိန်းမ ဆိုတာ တကယ်ပဲ လှေ လို မြင်း လို ပဲလား ၊ အသိဉာဏ် ၏ အခန်း ကို ထည့် မတွက်တော့ဘူးလား ။ မိန်းမ က ကော ပဲ့ကိုင်သူ စီးသူ မဖြစ်တော့ပြီလား ။ ရင်ထဲ မှာ စောဒက တို့ဆင့်စီ နေမိသည် ။

“ အရင် က ဒီမှာ မြင်းလှည်း မောင်းတဲ့ မြမောင် ဆိုတာ ရှိတယ် ”

သူ့ စကား ကို စိတ်ဝင် စားမှု ရှိ မရှိ မြင်းလှည်းဆရာ က တစ်ချက် အကဲခတ်သည် ။ စကား ဦးတည်ရာ ‘ သမီးသည် ဖအေ ’ က ကလေး ကို ပြင် ပိုက်ရင်း နားစွင့် နေဟန် တွေ့ရ တော့မှ ..

“ အဲဒီကောင် ... ဟောဟို ရွာက ကောင်မလေး တစ်ယောက် နဲ့ အကြောင်းပါလာကြတယ် ”

လမ်းမကြီး နှင့် ခပ်လှမ်းလှမ်း ၊ အတွင်းကျကျ ရှိ ရွာ ကို ကျာပွတ် ဖြင့် ညွှန်ပြရင်း မြင်းလှည်းဆရာ စကား ဆက်နေ သည် ။ အရှိန်လျော့ သွားသော မြင်း ကို ကြည့်ရင်း “ စကား သာ များနေ ၊ မြင်း တော့ ဂရုစိုက်မမောင်းဘူး ” ဟု အသံတိတ် ငြိုငြင်လိုက်မိသည် ။

“ ကောင်မလေး က ရုပ်ကလေး က လည်း ချော ၊ အရွယ်ကလေး က လည်း ငယ် ဆိုတော့ အဲဒီ ကောင် စိတ် မချနိုင် ဖြစ်ပြီး မြင်းလှည်း ထွက်ရာ အမြဲ ခေါ်သွားတယ် ။ ညားခါစ တင် မဟုတ်ဘူး ။ နေ့စဉ် လို ခေါ်နေတာ ဆိုတော့ နောက်စရာ ပြောင်စရာ ကို ဖြစ်လို့ ”

နောက်ဆုံး ဒီ ဘူတာ ပင် ဆိုက်မည် ကို ရိပ်မိကာ အာရုံ လွှဲဖို့ ခရီးဖော်တွေ ကို လိုက်ကြည့်နေလိုက်သည် ။ ဘုန်းကြီး နှင့် လူကြီး တစ်ယောက် က မြင်းလှည်းဆရာ နှင့် ယှဉ်လျက် မို့ ကျောခိုင်း ထားသည် ။ လှည်းမိုး အောက်မှာ တော့ နံဘေး တွင် ဟိုသားအဖ ။ မျက်နှာချင်းဆိုင် တွင် ကား မတိမ်းမယိမ်း လူရွယ် သုံးဦး ။

“ ဘယ်သူ ဘယ်လောက် လှောင်လှောင် မြမောင် က တော့ မယားလေး သိပ်ငယ်တာ ရတာကြောင့် စိတ်ဘယ် မှာ ချနိုင်ပါ့မလဲဗျာ ။ ဟဲ .. ဟဲ ဆိုပြီး မင်းသား လေ နဲ့ တောင် ပြန် နောက် လိုက်သေး ”

“ အဲလို ခေါ်နေတော့ စိတ်ချရရောလား ”

“ ဟာ ... ဘာကြာလဲ ။ ခုန ကားဂိတ် မှာ ဈေးရောင်း တဲ့ ကောင် တစ်ကောင် နဲ့ လိုက်ပြေး ပါရောလား ... ဟား ... ဟား ... ဟား ”

တောက် ... ဒါလောက် အပြောင်းအလဲ မြန်ရလား ဟု စိတ် ထဲ က ထို မိန်းမ ကို ကျိန်ဆဲလိုက်မိသည် ။ မြင်းလှည်းဆရာ က ပိုပိုသာသာ ပြောတတ်တာ နေမှာပေါ့လေ ။

အင်း ... ခက်တော့ခက်သား ဟိုကောင်မ လို မျိုးကျ ၊ အာရုံ တွင် ပူပူနွေးနွေး ဖတ်ခဲ့ရသော မသန်းညွန့် ၏ စာ ထဲ မှာ အက္ခရာ တို့ ပေါ်လာပြန်သည် ။ ခုတော့ .. သူ့ ဟာမ က လည်း ခြံခုန် ဖူး တဲ့ နွား ပဲ ဟာ ... အစ်ကိုကြီး သာ ခုမှ ဝဋ်လည် တာ ... ဝဋ်လည်တာ ။

“ အင်း ... တာနောယက္ခ အာခံတွင်း မှာ ငုံထားတာ တောင် မရတာ ”

ဖျတ်ခနဲ လှမ်း ကြည့် လိုက်တော့ မှတ်ချက်ချသူ က ဘုန်းတော်ကြီး ပင် ။ လောကီနယ် ၌ အချိန်ကြာကြာ မွေ့ခဲ့ ပြီးမှ စောင့်စည်းခဲ့ဟန် ဣန္ဒြေ ကို သတိထား မိသည် ။ ထို ဘုန်းကြီး ၏ စကား က မြင်းလှည်းဆရာစကား ကို ထောက် ပေး လိုက်သလိုမျိုး ...

“ အစစ်ပေါ့ ဘုရား ၊ အဲဒီ မြင်းလှည်း ပေါ် အမြဲ ခေါ်လာ တာ ကို က သူ့ အဆက်ဟောင်း နဲ့ ပြန် တွေ့အောင် ဖန်ပေး သလို ဖြစ်နေတော့ ဘာ ခံမလဲ ”

“ ဒါနဲ့ ခုနက ဦးကြီး ဆိုတော့ လှေ နဲ့ မြင်း ဟာ စီးသူ နောက် သာ ကောက်ကောက်ပါ ဆို ၊ ခုဘယ်နှယ့် မြင်းလှည်းသမား ဖြစ်ပြီး ”

လူရွယ် တစ်ယောက် ၏ အရွှန်းဖောက် စကား ပင် မဆုံးလိုက် ။

“ အဲဒါပေါ့ မောင်ရာ စီးသူ ဆိုရာ မှာ ခုလို နံဘေးနှစ်ဖက် လှည်းသန် နဲ့ ဘောင် ခတ်ပြီး ဒီ တစ်လမ်းတည်း စုန်ချည် ဆန်ချည် စီးနေတော့ ငြီးငွေ့ စရာကြီးပေါ့ ။ ဟိုကောင် က ဇက်ခွံ့ပြီး ကျောခွ စီးတာဆိုတော့ ဟား ... ဟား ... ဟား ”

မြင်းခွာသံ ကိုပင် ရယ်သံများ က ဖုံးလေသည် ။ မရယ်သူ ဆိုလို့ ကိုယ့် တစ်ဦးတည်း သာ ။ မရယ်ချင်သည့် ပြင် ပေါက်ကရ ထွက်သော မြင်းလှည်းသမား ၏ ပါးစပ် ကိုပင် သူ့ ကျာပွတ် နှင့် ပိတ်ရိုက် ချင်မိသည်လေ ။ အာရုံ ကို ဇွတ်ပြောင်း ဖို့ အပြင် ကို ကြည့်လိုက်တော့ ...

“ ဟော ... ခြေရာတော် ရွာသစ် ကိုတောင် ရောက်ပေါပေါ့လား ”

•••••   •••••   •••••

“ မိန်းမဟူဘိ ၊ ထိုဣတ္ထိတို့ ၊ မရှိမကောင်း ၊ ရှိမကောင်း နှင့် မပေါင်းလည်းခက် ၊ ပေါင်းလည်း ခက်၏ တဲ့ ဒကာရေ ”

“ ဟော မိန်းမတွေ မကောင်းကြောင်း ၊ ဖွဲ့ထားတဲ့ လင်္ကာ ။ ဒုက္ခပါပဲ ၊ ဟို မန်လည်ဆရာတော် ဆိုလား ရေးခဲ့တာ ။ ဘာ လင်္ကာတဲ့ ။ ခဏခဏ ကြားဖူးပါတယ် ဘာတဲ့ ... ”

“ မဃဒေဝလင်္ကာ မှာ ဆိုထားတာ ။ အဲဒီ လင်္ကာ ထဲ မှာ မိန်းမ တွေ လော်လီ ပုံ ဖောက်ပြား ပုံ ပြည့်လို့ ”

ဆံငုတ်တွေ ငွေရောင် နှင့် ဝါကျင့်ကျင့် သင်္ကန်း ကို ဆင်မြန်းထားသော ဘုန်းကြီး သည် ကျင်လည်ခဲ့ဖူးသော ဘဝဟောင်း က ကိုယ်တွေ့ နှင့် စာတွေ့ တို့ ရောကာ မိန်းမ မကောင်းကြောင်း ဋီကာ ဖွင့်တော့မည် ထင့် ။ အဲဒီ လင်္ကာ ထဲ မှာ ယောက်ျားတွေ သစ္စာ မဲ့တဲ့အကြောင်းတွေ ကော မပါ ဘူးလား ။ မပါတော့ဘူးလား ဘုရား ဟု ... အော်မေး လိုက် ချင်သည် ။ ဒါပေမဲ့ ...

“ မိန်းမ ဆိုတာ အကန်း နဲ့ လည်း ယွင်းတာပဲ ။ အဆွံ့ နဲ့ လည်း မှားတာပဲ ။ ကျွန် နဲ့ လည်း ဖောက်ပြားတာပဲ ။ ပဒုမ ပေါင်တိုဇာတ် မှာ မတွေ့ဖူးဘူးလား ”

အဲဒီလို အဖြစ်တွေ ယောက်ျားတွေ မှာ ကော အတောင် နှစ်ဆယ်ဝတ်ကြီး တွေ မှာ ကော ၊ အငြင်းဝါကျ တို့ သည် ရင် ၌ မဆန့်ရင်ကန် ရှိတော့သည် ။ မကြာခင် တိုးထွက်ကုန်မှဖြင့် ။ စကား ကို လမ်းပြောင်းဖို့ အားထုတ်ကြည့်မိသည် ။

“ သမီးလေး အိပ် သွားပြီလား ”

“ ဟုတ်ကဲ့ အစ်မ အိပ်သွားပြီ ”

“ ဪ ... မြင်းလှည်း ပေါ်မှာ ဒကာမကြီး တစ်ယောက် ပါလာတာကိုး ။ အားတော့နာ ပါရဲ့ စာ ထဲ ရှိတော့လည်း ပြောပြရတာပေါ့ ”

တော်ပါသေးရဲ့ ဟု ချသော ပင့်သက် ကို ပင် မဆုံးလိုက် ။

“ ဆက်ပါဦး ဘုရား ။ ဗဟုသုတ ရတာပေါ့ ဘုရား ”

မြင်းလှည်းဆရာ ကား လမ်းချော် သွားတာ မြင်း ကို သာ လမ်းကြောင်း ပေါ် ပြန်တင်ပေးနိုင်သည် သာ မဟုတ် ၊ တောက် ... ဘာ ဗဟုသုတလဲ ။ အလကား ကိုယ့်လှည်း ကိုယ် ဖြောင့်ဖြောင့် မောင်းတာ မဟုတ်ဘူး ။ အို ... ကိုယ် နဲ့ ဘာ ဆိုင်တာမှတ်လို့ ။ ပြောချင်ရာ ပြောကြ ၊ ငါ လည်း တွေး ချင်ရာ တွေး နေရုံပေါ့ ။

“ ငါးရာ့ငါးဆယ် ထဲ မှာ လည်း မိန်းမ တွေ သစ္စာမဲ့ပုံ တွေ အများကြီး ၊ ဇာတ် တစ်ခုမှာ ဆို စစ်ရှုံး ဘုရင် တစ်ပါး ၊ မိဖုရား နဲ့ ကျွန်ယုံ ကို ခေါ်ပြီး ထွက်ပြေး အလာ ၊ အဲ ... တော ထဲ မှာ ပုန်းအောင်း နေရတုန်း သစ်သီးသစ်ဥ ရှာဖွေ ကျွေး မွေးတဲ့ ကျေးဇူးတောင် မထောက်ဘူး ။ မိဖုရား က ပါ လာတဲ့ ကျွန် နဲ့ ဖောက်ပြန်ပြီး ဘုရင်ကြီး ကို သ,တ်လိုက်ကြတယ် လေ ။ အဲဒါနဲ့ စာရင် ဒကာ အဖြစ်က အများကြီး တော်သေး ”

နံဘေး က ကလေး ဖအေ ရဲ့ သက်ပြင်းချသံ ကို ကြား လိုက်ရသည် ။ ရော၍ သက်ပြင်းချမိရင်း ... လောက မှာ ဘာဖြစ်လို့များ သည်လို မိန်းမတွေ ရှိနေပါလိမ့်နော် ။ ဆိုရိုး စကား ရှိတာပဲလေ ၊ “ ငါးစိမ်း မြင် ငါးကင် ပစ် ” တဲ့ ဒါမျိုးပဲ ဖြစ်မယ် ။

အချိန် အတန်ကြာသည် အထိ ကတ္တရာလမ်း နှင့် မြင်းခွာ ထိတွေ့သံ သာ မင်းမူ နေသည် ။ ဘုန်းကြီး ၏ ဇာတ်လမ်း နောက် သို့ အတွေးကိုယ်စီ မျောပါ သွားကြပြီ ထင်သည် ။

တော်လေးဝ ဝင် တွေ လည်း ရှိသေးတာပဲ ။ ဒါကျတော့ ဘာလို့ မေ့ နေကြလဲ ။ သမ္ဘူလ ဒေဝီ ဆို နူနာသည် လင် ကို တောင် မစွန့်ဘဲ ပေါင်းသင်း ပြုစုသေးတာ ။ အေးလေ အတွေး ၌ ရုတ်ခြည်း ပြန် မြင်ယောင်လာသည် က ပြိုကွဲ သွား သော အိမ်ထောင်ငယ်လေး တစ်ခု ။ အံ့ဩမှု နှင့် ထို အံ့သြမှု ၏ အသွင်ပြောင်း နာကြည်းမှုများ .... ။

•••••   •••••   •••••

“ ရှင် ... ရှင် ... တော်တော် ရက်စက် ... ”

ပေါက်ကွဲတုန်ခါသော ကြမ်းရှသော စကားလုံးများ နောက် ကြိတ်မနိုင်သော ဒေါသ နှင့်ခဲမရသော မျက်ရည် များ ။ အချစ် ဆိုတာ ဘာလဲ ။ ခုလို ပူလောင်မှု ကို ပိုင်ဆိုင်ဖို့ နှစ်ရှည်လများ စုဆောင်းခဲ့ရသော အရာလား ။ သစ္စာ ဆိုတာ က ရော ...

လူကြီးမိဘ တို့ ၏ ပယောဂ မဖက် ကိုယ်ပိုင်ရွေးချယ်မှု သက်သက် ဖြင့် ရာသက်ပန်တိုင်ဖို့ တည်ဖွဲ့ခဲ့သော နှစ်ကိုယ် တစ်ဘဝလေး သည် သား ကိုမျိုး ကျောင်း ပြီး၍ အလုပ်ဝင် သည့် နှစ်မှာပင် အခြေယိုင်ခဲ့ပြီ ။

မင်းမှုထမ်း သား နောက်ကို သွားချည်လာချည် လိုက်ပါရင်း ကင်းကွာ ခဲ့မိတာ ကို က အမှား ဟု စကားတင်း ဆိုကြပေမဲ့ သူ့ ကို ယုံမိတာကိုး ။ ဒီ အချိန် ကျမှဖြင့် ဆိုတဲ့ ကိုယ် နှင့် နှိုင်းစာချက်ဖြင့် ၊ ခုတော့ ကိုယ် နှင့် နှိုင်းပါလျက် ရိုင်း ခဲ့ပြီကော ။

အို .. ဟိုကောင်မ ကို က မိန်းမချင်း မစာနာ ။ လူတင် ပါ လို့ နွား ကျားကိုက် တာပါလေ ။ သူ ကို က ငါ့ အပေါ် သစ္စာ မဲ့တာ ။ ခုတော့ သစ္စာ စူးတာပေါ့ ။ သူ လုပ်ခဲ့ပုံက ငါ ခုလို လိုက်လာဖို့ တောင် မကောင်းဘူး ။ သင်း ထိုက် နဲ့ သင်း ကံ ဆိုပြီး အသိပြဋ္ဌာန်း ရွယ်သို့ တိုင်ခဲ့ပြီပဲလေ ။ စိတ် ကို လျှော့ရသည် ။

ချုပ် လိုက်တော့ ရှေ့မတိုး စေလို သူ ကိုယ် နှင့် ၊ နောက် မဆုတ်နိုင် သူ တို့ တရားမဝင် လမ်းခွဲ ခဲ့ကြသည်မှာ ခုတိုင် ပင် ။ တရားဝင် လမ်းခွဲဖို့ ကြိုးစားခဲ့ပေမဲ့ မအောင်မြင်ခဲ့ ။ ဒီ တစ်ကြိမ်တွင် မူ ... ။

•••••   •••••   •••••

လမ်းခွဲ တွင် ကား ပေါ်မှ ဆင်း လိုက်တော့ နေ့ တစ်နာရီ ထိုးနေပြီ ။ အရင် က တော့ ဒီနေရာ မှာ ခရီးသည် နားခိုရာ ဇရပ်လေး တစ်ဆောင် ရှိခဲ့သည် ။ ခုတော့ ရေတွင်းဟောင်းလေး နှင့် ထနောင်းပင်ကြီး သာ ထီးတည်း ။ ကတ္တရာလမ်း ကို ဖြတ်ကာ ထနောင်းရိပ် သို့ ဝင်လိုက် လျှင် မြင်းလှည်း တစ်စီး နှင့် ရောက်နှင့် နေသော ခရီးသည် သုံးဦး ကို တွေ့ ရ သည် ။ လက် မှ ခြင်း ကို ချရင်း မြင်းလှည်း ထွက်မှာလား ဟု စနည်းနာ ကြည့်မိတော့ ...

“ ဘယ်ကိုလဲ မြောင် ကို လား ၊ ထွက် မှာ ၊ လူ နည်း နေသေးလို့ ”

သူတို့ အနီး ထိုင်ချလိုက်စဉ် ‘ မျှော်နေရှာမလား ’ ဟု အတွေး ရောက်ကာ သွားလိုစိတ်က စော နေပြန်သည် ။ ကြာမှာလား ... ၊ ဟူး ... တစ်ယောက် တည်း စီးလုံးငှား သွား ရကောင်းနိုး ၊ အခြား သူများနှင့် စပ်တူ ငှားရကောင်းနိုး ၊ အာရုံယောက်ယက်ခတ်ရပြန်၏ ။
.
“ ဘယ်နှစ်ယောက် ရှိမှ ထွက်မှာတဲ့လဲ ”

“ ခုနစ်ယောက် လောက်တဲ့ ။ ခုမှ ကျုပ်တို့ လေးယောက် တည်း ရှိသေး ”

ထိုစဉ် မန္တလေး ဘက် မှ လာသော ကား နှစ်စင်း ရှေ့ နောက် ဆက်ကာ ဆိုက်လာသည် ။ ခရီးသည် တချို့ ဆင်း လာသည်ကို တွေ့ရ၍ မြင်းလှည်းစီးများ ဖြစ်ပါစေ ဟု ဆင့်ကာ ဆုတောင်းနေမိသည် ။ ဝမ်းသာရသည် ။ ထိုသူ များ ထဲ မှ သက်ရင့်ရွယ်အို ဘုန်းတော်ကြီး တစ်ပါး နှင့် လူ တစ်ဦး က မြောင် သို့ သွားမည့်သူများ ဟု သိရသောကြောင့် ပင် ။ ရောက်မဆိုက် ပင် တစ်ယောက် က ...

“ မြင်းလှည်း ထွက်မှာလား ၊ ဗျို့ မြင်းလှည်းဆရာ မထွက်သေးဘူးလား ”

လမ်းတစ်ဖက် ကွမ်းယာဆိုင် နား မှာ စကားဖောင် နေသော မြင်းလှည်းဆရာ ကို လှမ်း မေးလိုက်တော့ ...

“ လူ ပြည့်ရင် ထွက်မယ်လေ ၊ ဘယ်နှစ်ယောက် ရှိပြီလဲ ”

“ ခြောက်ယောက် တောင် ရှိနေပြီ ။ ထွက်ပါတော့ ရှင် ၊ အရေးကြီးလို့ပါ ”

ကောက်ကာငင်ကာ ဝင်ရောက် ဖြေရင်း တောင်းဆို လိုက်မိသည် ။ စောသည့် စိတ်၏ တွန်းအားကြောင့် ထင့် ။

ဒါပေမဲ့ ...

“ မကြာပါဘူး ၊ တစ်အောင့် ဆို လူ ပြည့်တာ ။ ဟော ... မုံရွာ ဘက်က ကားတစ်စီး တောင် လာ နေပြီ ”

လူအပြည့် နှင့် တရိပ်ရိပ် မောင်းနှင် လာသော အမြန်ယာဉ်လေး တစ်စီး ၊ ဆင်းမည့် သူ ပါလျှင် ဒီမှာ ရပ်မည် ။ မပါ လျှင် တော့ အရှိန်ကို မသတ်ပုံ ထောက်တော့ ဆင်းမည့်သူ ပါဟန် မတူ ။

“ ကဲ ... ဆင်းသူ မပါလောက်ပါဘူး ။ မြင်းလှည်း ထွက်ပါတော့ ”

နှုတ်ဖြင့် နှစ်ကြိမ်မြောက် တောင်းဆို မိပြန်သည် ။ စိတ်ဖြင့် မူ မရေတွက်နိုင်တော့ ။ ဒီ တစ်ကြိမ်မူ အခြား ခရီးသည် တွေရဲ့ အသံ က ပါ ညံလာသည် မို့ မြင်းလှည်းဆရာ မနေသာတော့ ထင့် ။

“ ကဲ တက်ကြ တက်ကြ ”

ဦးဆုံးပင် လှည်းပေါ် တက်လိုက်သည် ။ အားလုံး လှည်းပေါ် ရောက်ပြီးချိန် တွင် ...

“ မြင်းလှည်း ထွက်တော့မှာလား ၊ လိုက်လို့ ရသေးလား ”

အရေးထဲ စိတ်မရှည်စွာ လှမ်း ကြည့်လိုက်တော့ လူ တစ်ယောက် လမ်းဖြတ် ကူးလာနေသည်ကို တွေ့ရသည် ။ ရင်ခွင် မှာ လည်း ပုဆိုးတစ်ထည် ကို သိုင်းခြုံကာ တစ်စုံတစ်ခု ကို ပိုက်ပွေ့ထားသည် ။ မြင်းလှည်းဆရာ က ...

“ လိုက်မှာလား ၊ လာ .. လာ .. လာ ... ဆန့်တယ် ”

မြင်းလှည်း နား သို့ ချဉ်းကပ် မိလျှင် ထိုသူ က ပိုက် ထားသော အရာ ကို ကမ်းသည် ။

“ တစ်ဆိတ်ဗျာ ၊ ကလေး ကို ခေါ်လိုက်စမ်းပါ ”

ထင်သည့် အတိုင်းပင် လသားအရွယ် ကလေးငယ် လေး ။ လှမ်းပွေ့ ယူ လိုက်ကာ နေရာ ရွှေ့ ပေးလိုက်သည် ။ ထို သားသည် ဖအေလေး လှည်း ပေါ် ရောက်သည်နှင့် မြင်း က စ ထွက်တော့သည် ။

“ တောက် တောက် .. ဟဲ့ မြင်း ”

•••••   •••••   •••••

မြင်းလှည်း မထွက်မီ က ပင် စိတ် က ပြေးထွက် နှင့်ပြီ ။ သူ ဘယ်လို နေလို့ ဘယ်လိုများ စား ပါလိမ့် စတဲ့ အတွေး ပူတို့သည် စိတ် ၏ ပြေးလမ်းကြောင်းများ အဖြစ် ထင်လာ တော့သည် ။ မသန်းညွန့် စာ ထဲ မှ ဝါကျတို့ သည် လည်း ဟို တစ်ပိုဒ် ၊ သည် တစ်ပိုဒ် ။

“ မမ မရှိတော့ ကတည်း က ကျွန်မ လည်း အဝင်အထွက် ကျဲခဲ့တယ် ။ ဟိုကောင်မ ကို လည်း မကြည့်ချင် ၊ အစ်ကိုကြီး ကို လည်း ... ”

ဟုတ်မှာပဲ ။ စာနာစိတ် ရှိသူတိုင်း က အဲလို ပြောခဲ့ သည်ပင် ။ ဒါပေမဲ့ မသန်းညွန့် က သူ နဲ့ စပ်မှ တော်ရမယ့် ယောက်မ ။ သူ့နှမ အရင်း က ပင် ကိုယ့် ဘက် က ရပ်ခဲ့သည် ။ ဒါကလည်း ရှုံးနိမ့်သူ ကို အားပေးတတ်တဲ့ လူ့ ဗီဇ ထင်ပါရဲ့ ။

ခုတော့ သူ့ ဟာမ က ပစ်သွားပြီလေ ။ ပစ် မှာပေါ့ စည်းစိမ်က လည်း ကုန် ၊ လူ က လည်း ဒုက္ခိတ ဆိုတော့ ...

•••••   •••••   •••••

အတိတ်ပြန် စိတ် ကို ဆတ်ခနဲ တုံ့ဆွဲခံရပြန်သည် ။ ဒီတစ်ခါ တော့ မြင်းလှည်းဆရာ နှင့် ယှဉ် ထိုင်လာသော လူကြီးမင်း ထံ မှ ပင် ။ လာပြန်ပြီ တစ်ယောက် ဟု စိတ်ထဲ က ညည်းညူလိုက် မိသည် ။ ထို လူကြီး က လည်ပြန် တစ်ချက် ကြည့်ကာ ပါးစပ် ထဲ မှ ကွမ်းဖတ်တွေ ကို ထွေးထုတ် လိုက် ပြီး ...

“ ကျုပ် က အောက်ပြည် က လာခဲ့တာပါ ။ ဟို ရေငန် ပိုင်း ပင်လယ်ဆီ က ဆိုပါတော့ ”

အဲ ... ဂျိုင်းခနဲ မြင်းလှည်း အဆောင့်လိုက် စကားပြတ် သွားသည် ။ သို့သော် မကြာလိုက် ...

“ အဲဒီမှာ တံငါ ဆိုပါတော့ဗျာ ။ ငါးရှာ ၊ ဖားရှာ အသက်မွေးရတယ် ။ ကျုပ် တွေ့ဖူးတာက ကဏန်းတွေ ရဲ့ ဘဝပဲ ။ ကဏန်း ဆိုလို့ ဒီအညာ က လယ်ပုစွန်လုံး လို မထင် လိုက်နဲ့ ။ ဟိုက အကြီးကြီးတွေ ”

“ သူတို့ က တွင်း အောင်းတယ် ။ များသော အားဖြင့် တွင်း တစ်တွင်း မှာ ကဏန်းဖို ကဏန်းမ စုံတွဲ နေကြတာ များတယ် ။ ကဏန်း ဆိုတာ အရေခွံ လဲတဲ့ သတ္တဝါမျိုးဗျ ။ အဲ ... အရေလဲချိန် ဆို ပျော့အိ နေတာ ။ မပြေးနိုင် ၊ မလှုပ်နိုင် ပေါ့ ။ အဲလို အချိန် ကဏန်း နှိုက်လို့ ကဏန်းမ အရေ လဲချိန် ဆိုရင် တစ်တွင်းတည်း နဲ့ အမ ရော အထီး ပါ နှစ်ကောင်လုံး ရတယ်ဗျ ။ ဘာဖြစ်လို့ လဲ ဆိုတော့ အရေခွံသစ် နဲ့ မလှုပ်ရှားနိုင်တဲ့ ကဏန်းမ ကို ကဏန်းထီး က စောင့်ရှောက် ကာကွယ် ပြီး ပါလာလို့ပဲ ”

သစ္စာ ရှိလိုက်တာ ဟု ရင် က အသိအမှတ် ပြုလိုက်မိ သည် ။ ကြားဖူးသော အောက်ချင်းငှက်တွေ ထက် ပင် ကောင်းချီး ပေးချင်သည် ။

“ အဲဒီ ကဏန်းထီး အရေခွံ လဲချိန် ဆိုရင်တော့ ကဏန်း တစ်ကောင်တည်း ပဲ ရတယ်ဗျို့ ။ ဘာဖြစ်လို့လဲ ၊ ဘာဖြစ် လို့လဲ သိလား ။ ပျော့စိစိ အရေခွံ နဲ့ မခုခံနိုင်တဲ့ ကဏန်းထီး ကို ကဏန်းမ က စားထားနှင့်လို့ ဗျ ”

“ အို ... ကျွတ် ... ကျွတ် ”

နှုတ်မှ စုတ်သပ်သံသည် ထင်သည် ထက် ကျယ် လောင်စွာ ထွက်သွားသည် ။ ရင် သည် လည်း လှပ်ခနဲ ဖြစ် သွားသည် ။ တစ်ယောက် တစ်မျိုး မှတ်ချက် တို့ကို မကြား မိတော့ ။ မြင်း ၏ ခွာသံ တို့သာ နား ပေါ်မှ ဖြတ်ပြေးသွား သည် ဟု ထင်လိုက်မိသည် ။

•••••   •••••   •••••

“ ဘီးခွံစခန်း ဆင်းမယ့်သူ ပါသေးလား ”

အို .. မြို့ ကို တောင် ရောက်နေပါပေါ့လား ။ မသန်းညွန့် အိမ် အရင် သွားရကောင်းမလား ။ ဟို ... အိမ် အရင် ဝင်ရ ကောင်းမလား ။ စိတ် သည် နှလုံး နှစ်ခွ ဖြစ်နေတော့သည် ။ ဘာပဲ ဖြစ်ဖြစ်လေ ကိုယ့် အိမ် ကိုယ် ဝင်တာပဲ ဟု ယတိပြတ် လိုက်မှ ..

“ ဆင်းမယ် ... ဆင်းမယ် ”

ကပျာကသီ ပြော လိုက်ရသည် ။ မြင်းလှည်းခ လေးဆယ်ကျပ် ကို ကမ်းပေး လိုက်ရင်း ဆင်းလိုက်သည် ။ လက်ဆွဲခြင်း ကို ဆွဲကာ နေရာဟောင်း ဆီသို့ ခြေဦးတည် လိုက်စဉ်
ဖျတ်ခနဲ အမှတ်ရ လိုက်သည် ။

“ မမ သာ ခွင့်မလွှတ်ဘဲ ပြန် မလာရင် အစ်ကိုကြီး ဘဝ က တဖြည်းဖြည်း လုံးပါး ပါး ... မတတ်နိုင် ။ ဘယ်သူ မပြု ဟူး .. ”

သို့သော် ဘာကြောင့်ရယ် မသိ ။ ခြေလှမ်း ကို အရှိန် မြှင့် လိုက်သည် ။ မြို့ငယ်တို့ သဘာဝ အတိုင်း လမ်း က လူကျဲပါး လှသည် ။ ဂန္ဓမာလမ်းသွယ်လေး ကို ဖြတ် အပြီး မှာတော့ ......

နေရာဟောင်းလေး ။ ကွဲပြို သွားသော မိသားစုငယ် ၏ သိုက်မြုံဟောင်းလေး ။ အရင် က ရေနံ ဝ,နေသော အိမ်လေး တစ်ဆောင် ။ ခုတော့ ဖုန် တို့ ဖြင့် ဖွေးလျက် ။ ဘာလိုလို နဲ့ ရှစ်နှစ် ရာသီတောင် ချဉ်းလုပါပေါ့လား ။ ဒီ ကာလတွေ အတွင်း မပြောင်းလဲတာ ဆိုလို့ အိမ်ရှေ့ က စက္ကူပန်းရုံလေး ပင် နေပူကျဲကျဲ ၌ ပန်းရောင်ပွင့် တို့ ဆုပ်ခဲဝေဆဲ ။

အိမ်ဝင်း ထဲ သို့ လှမ်းဝင် လိုက်လျှင် ရင် သည် ဒိတ်ခနဲ ခုန်စပြုသည် ။ သူ့ ကို ဘယ်ပုံတွေ့ ရမလဲ ။ အိပ်ရာ ထဲ မှာ များ လဲနေ သလား ... ။

မစင်ညစ်ကြေး အလူးလူး ဖြင့် ...

ဒါမှမဟုတ် ထို ရောဂါ ၏ ခြေရာအတိုင်း ပါးစပ် ၊ ပခုံး ၊ စသည် တို့ ရွဲ့စောင်း နိမ့်လျှောလျက် က ..

မီးစာ မကုန်မီ ဆီခန်းသူ ၏ ဘဝ ဆိုတာ ရင် သည် စိုးစိတ်ကြောင့် ထင့် ၊ အခုန်မြန်လာသည် ။ ခဏ တွေ ကာ ရပ်နေမိသည် ။ အိမ် ထဲ မှ ညည်းသံ သဲ့သဲ့ ကို ကြားလိုက်ရ တော့ ရုတ်ခြည်း ပင် အိမ် ထဲ ကို လှမ်းဝင် လိုက်သည် ။

ဘာပဲဖြစ်ဖြစ် ဒီ အချိန် မှာ ဖြစ်ချင်တာ တစ်ခုတည်း ရှိသည် ။ အဲဒါ က ....

ကဏန်းထီး တစ်ကောင် ရဲ့ ဘဝ လေ ။

⎕ ‌ကံထွန်းသစ်

📖 နဝဒေး မဂ္ဂဇင်း

#ကိုအောင်နိုင်ဦး

.

Saturday, July 6, 2024

ရွှံ့ပေသွားတဲ့ သီချင်း


 

❝ရွှံ့ပေသွားတဲ့ သီချင်း ❞

( ၁ )

“ ကန္တာရ ခရီးကြမ်း ... ကြမ်းတမ်းပါစေ မောင် ရေ မောင် ရေ ”

အသံ အတော် ကောင်း တဲ့ လုံမ ။ မြည် လည်း မြည် ၊ ကြည် လည်း ကြည် သနဲ့ ။ သူ့ အမေ မိစော ကို မီတယ် ။ ကြည့်စမ်း .. အားလုံးက နား ကို စွင့်လို့ ။ သူ့ နံဘေး က ကောင်မ ဆို လက် ထဲ က ကောက် ကို တောင် မစိုက်အား သေးဘူး ။

“ မောင့် အချစ်မြားစူး .. မောင့် အချစ်မြားစူး ... ရူးရပြီကော လေ ... ”

သီချင်း ပြီးဆုံး သွားပြီ ။ ခုမှ ပဲ ခါး ဆန့် သူ ဆန့် ၊ စကား စ သူ စ နဲ့ ။ ကွင်းသံ ဝေ လာပြီ ။

“ ဟဲ့ ... မိညိုမ ရေ ၊ မောင့် အချစ်မြား စူး တာ ဘယ် နေရာလဲ ဟ ”

ဝါးခနဲ ရယ် လိုက်ကြတယ် ။ မေး သူ က လည်း ကြံကြံဖန်ဖန် ၊ ပေါက်ပေါက်ရှာရှာ ။ ဖြေ တဲ့ သူ က လည်း ကြည့်ပါဦး ။

“ ငါ မစူးဘူး ကောင်မ ရဲ့ ။ နင် သာ ပေါက် ထွက် အောင် စူးမှာ ”

နောက် တစ်ကြိမ် ဝါးခနဲ ညံ သွား ပြန်တယ် ။ ဒီလို အချိန် ဒီလို နေရာမျိုး မှာ တော့ ကွမ်းတောင်ကိုင် ၊ ပန်း တောင်ကိုင် တို့ ရေခပ်လမ်း အလှ တို့ ဆိုတာ တွေ ဘေး ဖယ် ထားပြီး အားလုံး တစ်ဆင် တည်း ၊ တစ်သွင် တည်း ပဲ ။ ဗိုင်းကောင်း ကျောက်ဖိ ဆိုရင် တောင် ဖိ ထား တဲ့ ကျောက် ကို တော့ ခဏ ခွာမိကြတာပါပဲလေ ။ ဒါ ... ဟိုတုန်း ကတည်း က ပျော်ကြတာ ကိုး ။ ယောက်ျား ဆို တဲ့ ဆန့်ကျင်ဘက် က လည်း ကင်းချိန် ၊ နေ့စဉ် ရက်ဆက် ဆို သလို ကောက်ငန်း မှာ လည်း နစ် နေချိန် မဟုတ်လား ။ မော သမျှ ကို တေး နဲ့ ဖြေ ၊ ပန်းသမျှ ကို အခုလို အပြောင်အပြက် နဲ့ ဖျောက် ကြရတာပ ။ ဟိုတုန်း က ဆို ဒါထက် သာသေး ။ ကန်သင်း ပေါ် က ကာလသား တစ်ယောက် တလေများ ဖြတ် သွားပြီ ဆို တစ်ယောက် တစ်မျိုး လှောင်ကြ ၊ စကြ ။ လင်ပြော သားပြော ပြောကြ ။ စောင်းချိတ်ပြီး လက်တန်း တေး ဖွဲ့ဆိုကြ နဲ့ ။ မိဆယ်တင် ဆိုတာ မှတ်မိသေး ရဲ့ ။

လူပျိုကြီး တစ်ကောင် နှစ်ကောင် ၊ ခြင်းကျားကြီး နဲ့ လှောင် ၊ လူပျိုသိုးရယ် ခြင်းပေါက် က တိုး ၊ အလို ... မင်း ဘာပြု တိုး ... ။

( ဝေ ... ဟေ ) သီချင်း ဆုံးတာ နဲ့ အဲဒီလို ကျန် ကောက်စိုက်သမ တွေ က ‘ ဟေ ’ လိုက် ပေး ကြရတယ် ။ သီချင်း သာ ဟုတ်တိပတ်တိ မဆိုတတ် ပေမယ့် အဲလို ‘ ဟေ ’ လိုက်ရ တာ ကိုတော့ သံကုန် ဆွဲပြီး လိုက်မိတတ်မြဲလေ ။ ဝါးခနဲ ရယ် လိုက်သံကြောင့် ဆန့် နေတဲ့ အတွေး တန့် သွားရတယ် ။ ဘေးဘီ ကို ကြည့် လိုက်တော့ ..

“ ဟင် ... ဟုတ်လား ဒွေးထိုက် ”

“ ဘာလဲ .. ဟဲ့ ”

“ မချော ပြောတယ် ။ ဒွေးထိုက် သိမယ်တဲ့ ။ အချစ် မြား စူးတာ ဘယ်နေရာ ဆိုတာ ”

“ တယ် …. ဒီ ကောင်မတွေ ပေါက်ပေါက်ရှာရှာ ” 

ဝိုင်း ရယ် ကြပြန်တယ် ။ အမေ အရွယ် ၊ ဒွေးတော် အရွယ် ပေမယ့် အလွတ် မပေး ။ ကိုယ့် တုန်း က လည်း ဒီလို ပါပဲလေ ။ နောက်ကြ စကြ တာပဲ ။ မမလှတင်ကြီး ဆို နောက် သမျှ အခံ ရ ဆုံးပဲ ။

“ ဟေ့ … ယောက်မ ရေ နောက် တစ်ပုဒ် ဆို ဟေ့ ” 

“ ဘာ ဆိုရမလဲ ”

“ ကိုကို ရေ ကွယ်ရ မှာ ခိုး မစားနဲ့ နော် ”

ရယ် ကြ ပြန်တယ် ။ ဟို ဟာ ဆို ၊ ဒီ ဟာ ဆို နဲ့ တစ်ယောက် တစ်မျိုး သီချင်း ရွေး ကြပြန်တယ် ။ သူတို့ ခေတ် မှာ တော့ ဆိုစရာ သီချင်း တွေ ပေါ မှ ပေါ ။ အသံချဲ့စက် ထဲ က ဟာ ဆို မလား ။ ကက်ဆက် ထဲ က ဟာ ဆို မလား ။ အို ... များ မှ များ ။ ဟိုတုန်း က တော့ ဒီလို မများ ။ မမတင် တို့ မမစော တို့ ဆိုတဲ့ ‘ ကောက်တီ နဲ့ မယ်စော ’ တို့ “ မိုးချုပ် လို့ ပြန်ချိန်တော် ”  တို့ စတာ တွေ သာ မရိုး နိုင် အောင် နားထောင် ။ တစ်ပုဒ် ဆုံး တိုင်း ‘ ဟေ ’ သံရှည် လိုက် ပေးရတာ ။ ဒါပေမဲ့ အဲဒီ သီချင်းလေး တွေ က ပို စွဲ တယ် ။ ခုလို နေညို ချိန် မှာ ဆို တဲ့ တေးလေး ဆို ဘာတဲ့ ။

စိုက်ကြပါ အေတို့ရယ် ၊
ပြန်ချင်ပေါ့လေး ။
ကျုပ်တို့ မှာ ရွာ ဝေးလို့
ရေခပ်မီ နံ့သာသွေး
မိုးချုပ်မယ်လေး …. ။

( ၂ )

ကောင်းကင် တစ်ခိုလုံး တိမ်ညိုညို တို့ ဖြင့် ပြည့် နေ တော့တယ် ။ နတ်မူးမြစ်ညာ ဆီ မှာ မိုးကြီး နေရော့ ထင့် ။ မနက်ဖြန် စိုက်မည့် လယ်ကွက် မို့ ရေ နေဖို့ စိမ့်ပေါက် များ ၊ ကြွက်တွင်း များ ကို ကန်သင်း တစ်လျှောက် လိုက် စစ် ရင်း ဝန်းကျင် ကို မျှော် မိတော့ မူးကမ်းနား ကျသည့် လယ် တချို့ က ကောက်ပင် တို့ စိမ်းမြ နေပြီ ။ ကောက်သား တက် လို့ ကောက်ကွက် လည် နေပြီ ။ ရေမြေ က လည်း အဆင်ပြေ ၊ လယ်ရှင် တွေ က လည်း စိုက်စရိတ် မျိုးစရိတ် တတ်နိုင်ကြ သူတွေ ကိုး ။ ကိုယ့် မှာ သာ .. ။

ဟိုးဘက် ထိပ် က မကြီးဆင့် တို့ လယ် တွေ ဆို ကောက်ကွက် လှန် နေပြီ ။ စိမ်းရင့်ရင့် ကောက်ပင်တွေ က အားရစရာ ။ သူများ ထက် ဦးအောင် စိုက်နိုင်ကြသူ တွေ ဆို တော့ အင်း ... ဒီလို ကောင်း တာ ခုနှစ် မှ မဟုတ်ပါဘူးလေ ။ “ သာမောင် ” ဦးစီး လုပ် တုန်း က လည်း ဒီလိုပါပဲ ။

အင်း ... သာမောင် ... သာမောင် ဆိုလို့ မြင်ယောင် မိ သေးတော့ ။ အဲဒီ တုန်း က ဘောက်သူကြီး မမစော ရဲ့ အဖွဲ့ မှာ ကောက်စိုက်သမ ပေါ့ ။ မမစော ရဲ့ ဘောက် က လူ က လည်း ညီ ၊ လက် ကျ ကလည်း ကောင်း ၊ ငန်း က လည်း တွင် ဆိုတော့ ကောက်စိုက် လှိုင် ချိန် ဆို နားရတယ် ကို မရှိဘူး ။ လက်စား လည်း လိုက် ၊ အခ နဲ့ လည်း လိုက် ဆို တော့ ရက် ကို ဆက် နေတာပဲ ။ မှတ်မိသေးတယ် ။ ညောင်ပင်လယ် စိုက် တဲ့နေ့ ကပေါ့ ။

“ ဟဲ့ ... မိထိုက် ၊ ကြိုးစားလှချေလား ”

“ ကြိုးစားမှာပေါ့ အေ ။ လယ်ရှင် က ဒါမှ ချွေးမ တော်ချင် မှာ ”

လယ်ရှင့် သား သာမောင် နဲ့ စ နေကြတာ လေ ။ မျက်နှာ က ရှက်တက်တက် ပေမင့် ရင် က ကျေနပ် နေမိ တာ တော့ အမှန် ။

“ ဒါပေါ့လေ အေ ၊ ကိုယ့် လယ် လို သဘောထား စိုက် နေရတယ် ”

အားကျမခံ ပြန် နောက်မိ ပြီးခါ မှ ကြား များ သွား လေမလား လို့ မျက်ကလဲ ဆန်ပျာ ကြည့်မိတယ် ။ သာမောင် က ဖြင့် ဟိုဘက် လယ်စပ် ဆီ မှာ ပျိုးစည်း သယ် လို့ ။ ဟင်း .. တော်ပါသေး ရဲ့ ။

ဆန့် ထား တဲ့ ခါး ကို ပြန် ကုန်းရင်း ညာ လက် နဲ့ ကိုင် ထားတဲ့ ကောက်ပင် ကို ထိုးစိုက် လိုက်တဲ့ အခါ မှာ တော့ မာကျောကျော အရာ တစ်ခု ကို ထိတွေ့ လိုက် ရတယ် ။ ထိတ်ခနဲ ဝမ်းသာ သွားတယ် ။ အဲဒီ အရာကို ကပျာကယာ ကောက် ယူလိုက်တော့ ယက်ကန်ယက်ကန် ပါ လာတဲ့ လိပ်ကလေး ။ ဝမ်းသာအားရ ... ။

“ ဟေ့ ... ယောက်မ တို့ ဒီမှာ ကြည့်စမ်း ” 

“ ဟား .. လိပ် လိပ် ရွှေလိပ် ငွေလိပ် ”

“ ဝေး ... ဟေး ... ဟေး ”

အားလုံးက ဝမ်းသာအားရ အော်လိုက် ကြတယ် ။ အတိတ် ကောင်း ၊ နိမိတ် ကောင်း မဟုတ်လား ။ သေချာပြီ ၊ ဒီ လယ် ဟာ ဒီနှစ် တော့ တစ်နှံ ကို ဆယ်ပြည်ထွက် ဖြိုးအက် လို့ သီး တော့မယ် ။ လယ်တိုင်း မှာ လိပ် မတွေ့ ပေမယ့် လိပ် တွေ့တဲ့ လယ် က စပါးထွက် ကောင်းတယ် ဆိုတာ တော့ ဟို ရှေးရှေးတုန်း ကတည်း က ဒီ ဒေသ ရဲ့ အယူတော် မင်္ဂလာ လေ ။

“ ကဲ .. လာကြဟေ့ ။ လယ် နားပြီ ။ သာမောင် တို့ အိမ် လိပ် သွားပို့ကြမယ် ”

“ အေးဟေ့ …. ဟို ကျရင် တော့် ချွေးမ လိပ် ရလာတယ် ၊ တစ်ခါတည်း သာ ခေါ် ထားလိုက်လို့ သာမောင့် အမေ ကို ပြောရမယ် ဟေ့ ”

ပြောရင်း ဆိုရင်း ကန်သင်း ပေါ် တက်ကြတယ် ။ ပြုံးပြုံးကြီး လှမ်း ကြည့် နေ တဲ့ သာမောင့် ကို အနောက် သန် တဲ့ မကြီးရှိန် က စထား ခဲ့သေးတယ် ။

“ ဟဲ့ ... သာမောင် ရေ နင်တို့ လယ် က လိပ် ရတယ် ဟေ့ ။ နင့် အမေ လို ပဲ ကိုယ့် ဘက် ကို ယက်မယ့် လိပ်လေး ဟဲ့ ”

( ၃ )

လိပ် ရသူ မို့ ကိုယ်တိုင် ပင် လိပ်လေး ကို ပွေ့ ကာ ယူခဲ့ ရတယ် ။ အားလုံး က တစ်သီတစ်တန်းကြီး ရောက်တတ် ရာရာ တေး တွေ ဟစ် လို့ပေါ့ ။

“ ပြန်မယ်တဲ့ ပြန်မယ် ” 

“ ရွှေလိပ်ဝါ စီး လို့ ပြန်မယ် ”

တစ်ယောက် က တိုင် ပေးတယ် ။ ကျန်သူ တွေ က ဝိုင်း လိုက် ဆိုကြတယ် ။ အတိုင်အဖောက် မြိုင်မြိုင် နဲ့ လာ လိုက်ကြတာ လယ်ရှင့် အိမ် တောင် ရောက်လုပြီ ။ အဲဒီ မှာ တစ်ယောက် က ထ ဖောက်တယ် ။

“ ဟဲ့ ကောင်မ တွေ ဒါနဲ့ နင် တို့ စီး လာ တဲ့ လိပ် က အထီး လား ၊ အမ လား ဟဲ့ ”

“ လိပ်ထီး ”

“ အဲဒါ ဆိုရင်တော့ နင် ပဲ စီး ဟေ့ ”

ဝါးခနဲ ရယ်ကြရ ပြန်တယ် ။ ဒါမျိုး ဆို နားခွက် က မီး တောက်ကြသူတွေ မဟုတ်လား ။ ဒီလို စကားလိမ် နဲ့ နောက် ကြတာ ရိုး နေပြီလေ ။ ဒီ အရွှတ်အနောက် အပြောင်အပြက် တွေ နဲ့ ပဲ သည် မိုး ကို မမှု ၊ ပူနေ ကို အန်တု ခဲ့ကြတာ မဟုတ်လား ။

လယ်ရှင် အိမ် ရောက်တော့ အိမ်ပေါက် က မိသားစု ဆီးကြို နေကြလေရဲ့ ။ ဒီလို ကောက်စိုက်သမ တွေ တရုန်းရုန်း နဲ့ ရောက်လာကြမယ် ဆိုတာ သတင်း ကြား ပြီးရောပေါ့ ။ သာမောင် တို့ အမေ က ပြုံးပြုံးကြီး နဲ့ ... ။

“ လာကြဟေ့ … လာကြ ။ ရွှေလိပ်ကလေး ဘယ်သူ ရ တာလဲ ”

“ မိထိုက် ရတာ ကြီးတော် ”

“ ငါ့ ချွေးမလေး ရတာကိုး ။ ဆု ပို ချရမယ် ဟေ့ ” 

လယ်ရှင် တစ်မိသားလုံး လည်း ပျော်ရွှင် နေပုံ ပေါက် တယ် ။ ဒီလို လိပ် ရတာ ကို မပျော်တဲ့လယ်ရှင် ရယ် လို့ ရှိ ရိုးလား ။ အဲဒီနေ့ က လိပ်ကလေး ကို ဆုငွေ တစ်ဆယ်ကျပ် ကြီးများ နဲ့ တောင် ရွေး ယူလိုက်တာ ။ ပြီးရင် ရွှေရည် ငွေချည် လောင်းပြီး မူးမြစ် ထဲ သွား လွှတ်ကြ မှာ ဧကန် ။

ပြန်မယ်တဲ့ ပြန်မယ်
လယ်ကြီးရှင် ဆုငွေချ မှ
ပြန်ပါ့မယ်လေး … ။

အလာ တုန်း က ဆို ခဲ့တဲ့ သီချင်း ကို ပြန် ဆက်ကြပြီး တပျော်တပါးကြီး ကောက်ငန်း ကို ပြန် ခဲ့ကြတယ် ။ နေကုန် စိုက် မှ တစ်ကျပ် လောက် ရတဲ့ ခေတ် မှာ တစ်ဆယ် ဆို နည်းတာ မဟုတ် ။ ပျော်လိုက်တာ လေ ။ ဆုငွေ ရလို့ ပျော် တာ ထက် ‘ ချွေးမ ’ လို့ ခေါ်သံ ကြောင့် ဆိုတာ တော့ ကိုယ် သာ အသိဆုံး မဟုတ်လား ။ ဒါပေမဲ့ ..

( ၄ )

ဝေလီဝေလင်း ကတည်း က လယ် ကို ထွက်ခဲ့တယ် ။ လက်ဖက်ပွဲ နဲ့ အရှင်ကြီး မြှောက်ရဦးမယ် မဟုတ်လား ။ ကောက်စိုက်သမ တွေ လည်း ရောက် နှင့် ရော ပေါ့ ။ ဘောက်သူကြီး က အလုပ် မှာ ဝီရိယ ရှိပါတယ် ။ သူ့ အမေ မကြီးစော တုန်း က လည်း ဝီရိယ ရှိပါတာပါ ပဲ လေ ။ အင်း ... ဘဝ တွေ က မအေ ကောက်စိုက်သမ ၊ သမီး ကျ လည်း ကောက်စိုက်သမ ပဲ ။ ဘာမျှ မခြား ။

ရှေး က နဲ့ မတူတာ ဆိုလို့ ကောက်စိုက်ခ တွေ ၊ ပျိုး နုတ် ခတွေ ဈေးကြီး လာတာပဲ ။ တစ်ယောက် ကို စရိတ်ငြိမ်း တစ်နေ့ တစ်ရာ တဲ့ ။ ကောက်စိုက်သမ ဘယ်လောက် ဆို .. ။ ပျိုးနုတ်ခ က တစ်ရာ့ငါးဆယ် ကျော် ၊ နှစ်ရာ ဟင်း ..

အစစ ဈေးကြီး တဲ့ ကာလကြီး ပဲ လေ ။ ပေးရမှာ ပေါ့ ။ အဲလိုမှ မပေး ရင် လည်း ဒီလို အလုပ် လှိုင်ချိန် ဘယ် ဘောက်အဖွဲ့ မှ ခေါ် ရမှာ မဟုတ်ဘူး ။ ဒါကြောင့် လည်း နည်းနည်း မှ ထေမိ ထေမိ ဆိုပြီး လူ လို တဲ့ လယ် တွေ မှာ လက်စား လိုက် စိုက် ခဲ့ရတာပေါ့ ။ ငယ်ငယ် က လို တော့ မသွက်တော့ဘူး ။

တချို့များ ဆို စိုက်စရိတ် က ကြီးတာ တစ်မျိုး ၊ စပါး ထွက် မကောင်းတာ က တစ်မျိုး နဲ့ ကြွေးတော က ကို မထွက်နိုင်ကြဘူး ။ ဒီတော့ မိဘ လက်ငုတ် လယ် ကို ပေါင်နှံ ပြီး ဆပ် ကြရတယ် ။ ကြုံရာကျပန်း လုပ်ကိုင် စား ကြ တော့လည်း ကျပ်တည်း လိုက်ကြတာ ။ ဟို ဖိုးတွတ် တို့ မိသားစုများ ဆို ...

အင်း ... ရိုးရိုးကုပ်ကုပ် လုပ်စားသူ တွေ သာ ကျပ်ကြ တာ ။ အသက်မွေးမှု လွယ်တဲ့ သူ တွေများ ကျ လွယ်ပါ့ ။ ဟို ရွာမြောက်ပိုင်း က ‘ ငမြင့် ’ တို့ များ စီးပွား တက် လိုက်တာ ။ ပျဉ်ထောင်သွပ်မိုး နဲ့ ။ အလုပ် က လည်း ဘာမှ မပန်းဘူး ။ ‘ ငါးရှဉ့် ’ တို့ ‘ လိပ် ’ တို့ ကို ကောက်ပြီး မန္တလေး က နေ ဟိုဘက် သွား ရောင်းတာ တဲ့ ။ တောင်တွေး မြောက်တွေး နဲ့ လာ လိုက်တာ ကွင်း ကို တောင် ရောက် လာပြီ ။ ပျိုး နုတ် သူ ၊ ပျိုး သယ် သူ ၊ ကောက်စိုက် သူတွေ နဲ့ ဝေစည် နေပြီ ကော ။ ကိုယ့် လယ် မှာ လည်း ထင် သည့် အတိုင်းပင် ကောက်ငန်း စ ဖို့ ပြင် နေ ကြပြီလေ ။ ယူ လာတဲ့ လက်ဖက်ပွဲ နဲ့ ကန်သင်း ထောင့် မှာ အရှင်ကြီး တင် ပြီး ...

“ မိညိုမ ရေ စိပ်စိပ်လေး နော် ”

“ စိတ်ချ … ဒွေးလေးထိုက် ရေ ၊ စိပ် တာ မှ ဘီးစိပ် က အဖေ ခေါ် ရမယ် ”

“ အောင်မယ် .. တယ် အပြော ကောင်းတဲ့ မိန်းမ  ” 

ပြော မယ့် သာ ပြော ရတာ ဒီ ကောက် အဖွဲ့ က နာမည် ရပြီး သား ။

“ ဒွေးထိုက် က လည်း မောင်နှမ နှစ်ယောက် တည်း စား မကုန်ဘဲ နဲ့ ဘာလို့ ဒါလောက် လောဘ တက် နေ ရတာလဲ ”

“ တက်ရတယ် ဟေ့ ၊ စပါး မထွက် ရင် မနှစ် က လို ဝမ်းစာ တောင် မကျန်ရင် အခက် ”

ဟုတ်တယ်လေ ။ မနှစ် က တော်သလင်းလ ထဲ ကျ မှ ရေတွေ ကြီး လိုက်တာ တစ်ကွင်းလုံး ရေ မြုပ် ၊ ကောက်ပင် တွေ ရေစိမ် နာ ပြီး စပါး အထွက် ဆုတ် သွား လိုက်တာ ။ တချို့ များ ဆို စိုက်စရိတ် တောင် မကျေဘူး ။ ဒီ အထဲ ဟူး ... ။

“ ဟဲ့ ကောင်မ တွေ ကြည့် ကြစမ်း ။ ဒွေးထိုက် ခုထိ အရွယ် တင်တုံး ”

“ အေးဟဲ့ .. ဗွီဒီယို ထဲ က မြင့်မြင့်ခင်ကြီး ကျလို့ ” 

“ ဟဲ့ ... ဟဲ့ ... အမဲခြောက်မ တွေ ငါ့ မြှောက် မနေနဲ့ ။ ဒီမယ် နင် တို့ နား ရင် စားဖို့ လက်ဖက်ခွက် ”

“ တကယ် ပြောတာ ဒွေးထိုက် ရ ။ ဒါနဲ့ ဒွေးထိုက် ဘာလို့ ယောက်ျား မယူခဲ့တာလဲ ”

မကြာချင် ယောင် ဆောင် နေလိုက်တယ် ။ ကောက်စိုက်သမ ပါးစပ် ကို သိပြီး သား ။ ကိုယ် လည်း ဒီ က ကြီး လာခဲ့တာ ။ ဒါတောင် ...

“ ရတာ မလို လိုတာ မရ လို့ နေမှာပေါ့ ဟ ”

“ မဟုတ်ဘူး ဟဲ့ ။ သူ့ ရည်းစား ဦးသာမောင် က ပစ် သွားတာတဲ့ ”

သူတို့ အချင်းချင်း ပြောတဲ့ စကား တွေ က တိုးဝင် လာ သေးတယ် ။ ဒါတွေ ကို နားကြား လွဲနိုင်ခဲ့ပေမယ့် ...

ပျို့စရန် ဦးမို့
တစ်မူးတန် မှန်ကလေးပေး ။
ဒီ မှန်လေးကြောင့်
ရွာဝေး ပျိုပါရတယ် ၊
သည်းနာလှလေး ။

ဟစ်ဆို လိုက်တဲ့ တေးသံ ကို တော့ ရှောင်လွှဲ လို့ မရ ။ ဒါ ငယ်ငယ်တုန်း က ကောက်စိုက်တေး လေး ။ ပြီးတော့ သူ နဲ့ ပတ်သက်ဖူး တဲ့ သီချင်း ။ သက်ကြီး စကား သက်ငယ် ကြား ဖြစ်မယ် ။ ကောက်စိုက်သမဟောင်းကြီးတွေ ဆီ က တစ်ဆင့် ကြား ပေါ့ ။ ငါ့ ကို စ ချင်လို့ ဒါ ကောက် ဆိုတာ ။ အရင် က ဆို အချစ်မြားစူး တို့ ဘာတို့ ။ တော်တော် ဆိုး တဲ့ ဟာမ တွေ ။

ခဏခဏ ညည်း ဖြစ်တဲ့ တေးလေးပါပဲ ။ ‘ ပျို့ စရန်ဦးမို့ ’ တဲ့ ။ ဟုတ်တာပေါ့ ။ စရန်ဦး ၊ သူ့ ရဲ့ အဦးဆုံး ချစ်လက်ဆောင်လေး ။ မျက်နှာချေ ၊ ဆံညှပ် စတဲ့ အလှ ကုန်မျိုးစုံ ကို အထမ်း နဲ့ စပါး ပေါ်ချိန် တိုင် လာ ရောင်း လေ့ ရှိတဲ့ အထမ်းသည် တွေ ဆီ က သူ ဝယ်ပေး ခဲ့တဲ့ ပန်းရောင် ပေါင်ကွပ်လေး နဲ့ မှန်ဝိုင်း လေ ။ လှ သထက် လှအောင် ပြင်နိုင်ဖို့ တဲ့ လေ ။ ဪ ... သူ .. သူ ။

ခုဆို သူ လည်း အသက် တွေ အတော် ရ လှ ရော ပေါ့ ။ ကိုယ် တောင် ငါးဆယ် ကျော် ဆိုတော့ သူ လည်း ...

အင်း ... သူ က မြို့ မှာ နေတာ ဆိုတော့ ငါ့ ထက် အရွယ် တင်မယ် ။ အို .. မြို့ နေနေ တော နေနေ အိုချိန် ကျ အို မှာပဲ ။ ရွာဦးကျောင်း ဆရာတော် ဟောဖူးသား ၊ သင်္ခါရ တဲ့ ။ အနိစ္စ တဲ့ ။ ဘယ်ဟာ မှ မမြဲဘူး တဲ့ ။

ဘာလိုလို နဲ့ မတွေ့ကြ တာ နှစ်တွေ မနည်းတော့ဘူး ။ ဘဝ ချင်းမှ မတူကြတော့ တာ လေ ။ အမယ် ... ကြည့်စမ်း ၊ ဒီနေ့ သူ့ အကြောင်း ချည်း ခဏခဏ သတိရ နေပါလား ။ ကာလဒေသ တိုက်ဆိုင်လို့ နေမှာပါလေ ။ အဟင်း ... ငယ် က ချစ် အနှစ် တစ်ရာ ဆိုလား ။

ဒါပေမဲ့ ခုန က မိညိုမ ဆိုတဲ့ တေး ထဲ က လို တော့ မဟုတ်ခဲ့ပါဘူး ။ သူတို့ မိသားစု မြို့ ကို အပြီး ပြောင်း ကြ တော့ တစ်ခါ တည်း လိုက်ခဲ့ ဖို့ ခေါ် ရှာ သား ။ လိုက် ချင် လိုက်တာ လေ ။ ရင် ထဲ မှာ ဗလောင် ဆူ လို့ ။ ကိုယ့် မှာ က အဘ တို့ အမေ တို့ ထားရစ်တာ က ဒီ မောင် ဒီ နှမ နှစ်ယောက် တည်း ။ နောက်ပြီး မောင်ကြီး က မျက်စိ တစ်ဖက် က ကောင်းကောင်း သန် ရှာတာ မဟုတ် ။ သူ့ ကို ထားရစ် ပြီး ချစ်သူ နောက် ကောက်ကောက် ပါ လိုက် ဖို့ ဆိုတာ အို … ဒီလိုနဲ့ ဝေးသွား လိုက်ကြတာ ။

ခုန က တေးလေး ကို တောင် ‘ ဒီ မှန်လေးကြောင့် ရွာဝေး ပျို မပါရတယ် ။ သည်းနာလှလေး ’ လို့ ပြင် ဆိုရ မလို ဖြစ်နေပြီ ။

“ ဟေ့ .. ဒီမှာ ဟေ့ လိပ် လိပ် ”

“ အေးဟေ့ ... မိခင်ဌေး လိပ် ရတယ် ”

“ ဝေး .. ရွှေလိပ် ဟေ့ ” 

ကောင်းငန်း ပြတ်လုလု ။ ကန်သင်းခြေ ဆီ ရောက် နေကြတဲ့ ကောက်စိုက်သမ တွေ ရဲ့ အော်သံ ကို ကြားရ မှ ပဲ သတိ ပြန် ကပ်လာတယ် ။ လှိုက်ခနဲ ရင်ခုန် သွား တယ် ။ သုတ်သုတ်လှမ်း သွားတော့ ဟုတ်တယ် ။ မိခင်ဌေး လက် ထဲ မှာ ရွှံ့ အလူးလူး နဲ့ လိပ်ကလေး တစ်ကောင် ။ စလောင်းဖုံးငယ် တစ်ချပ် အရွယ် ကြည်လိပ်ကလေး ။

“ ဒွေးထိုက် ဒီ နှစ် တော့ စပါးစည် တွေ သာ ဦးကြီးအေး ကို ပြင်ခိုင်း ထားပေတော့ ”

စောစော က ဆွေးစိတ် တို့ ၊ လွမ်းစိတ် တို့ မြူမျှ ပင် မသန်း တော့ ။ အပျော်အပြုံး တို့ သာ ရင်လုံး ပြည့် နေတော့ တယ် ။ ကြုံခဲရတဲ့ နိမိတ် ကောင်း မဟုတ်လား ။

“ ဒွေးထိုက် ရွေးရမှာ နော် ၊ နည်းလို့ က တော့ မရဘူး ” 

“ ဟဲ့ ... ရွေးမှာပေါ့ ဟဲ့ ၊ စိတ် သာချ ။ ကန်သင်း တက် ရင် အိမ် ကို လာခဲ့ကြ ”

အပြန် ခရီး မှာ ပေါ့ပါး နေတယ် ။ မောင်ကြီး ကို လည်း ပြောပြရမယ် ။ သူ လည်း ဝမ်းသာရှာ မှာ ။

( ၅ )

နေဝင် သွားပြီ ။ ကောင်မ တွေ တစ်ယောက် မျှ ရောက် မလာသေး ။ လိပ်ကလေး ကို သူတို့ ဘာသာ များ သွား လွှတ် လိုက်ကြပြီလား ။ အိုး ... ဒါတော့ မဖြစ်နိုင် ။ ရှေးထုံး ကို သူတို့ လည်း အသိသား ။

လယ် က လိပ် ရကြောင်း ကို ပြော ပြတော့ မောင်ကြီး လည်း ဝမ်းသာ ရှာတယ် ။ သူ့ ဆေးဖိုး ၊ ကွမ်းဖိုး စု ထားတဲ့  ငွေလေး တွေကို ထုတ် ပေးတယ် ။ လိပ်လေး ရွေးဖို့ ၊ ဆုငွေ ချဖို့ လေ ။

နှစ်ရာ နဲ့ ရွေးရင် သူတို့ ကျေနပ်ကောင်းပါရဲ့ ။ တွေး ရင်း တောရင်း နဲ့ အိမ်ဝင်း ပေါက် ဆီ ခဏခဏ မျှော် မိ တယ် ။ အမေ ဆင် ခဲ့တဲ့ မဝတ် ဖြစ် တာ ကြာပြီ ဖြစ် တဲ့ နားကပ်လေး ကို လည်း ရေစိမ် ထား နှင့်တယ် ။ လိပ်ကလေး ကို ရွှေရည် ငွေရည် လောင်းဖို့ ပေါ့ ။ ပြီးရင် မူး ထဲ သွား လွှတ် လိုက်မယ် ။ အင်း ... ဒီနှစ် တော့ စပါး အထွက် ကောင်း တော့မယ် ။ အဲလို အတွေး နဲ့ ပျော် ရင်း မျှော် ရ တယ် ။ မျှော် သာ မျှော် ၊ တစ်ယောက် ကယ် မှ မပေါ်လာ ။

ကောင်မ တွေ ဘာများ အဆန်း ထွင် ကြပြန်ပြီလဲ ။ သူတို့ က နောက်ရွှတ်ရွှတ် တွေ ရယ် ။

ရွာဦးကျောင်း က ဝတ်တက် ပြီး လို့ ထိုးစည် အုန်းမောင်း တွေ ပင် ထိုး နေပြီ ။ သင်းတို့ က မပေါ်လာသေး ။ ဟို အနောက်ဘက် ကောင်းကင် တံစက်မြိတ် မှာ လခြမ်းကွေးလေး ချိတ် နေပြီ ။

“ နင့် ဟာမ တွေ ဟုတ်မှ ဟုတ်ကြရဲ့လား ဟဲ့ ” လို့ မောင်ကြီး က တောင် မေးနေပြီ ။ မနေသာ တော့ ။ မိညို တို့ အိမ် ဘက် ထွက်ခဲ့တယ် ။

“ ညိုမ ရေ အေ ... ညိုမ ”

“ တော် ... ဘယ်သူတုံး ”

“ ငါ ပါ ဟဲ့ ... နင် တို့ လိပ် လာ မပို့လို့ လိုက်လာတာ ” 

“ ဪ ဒွေးထိုက် ၊ မိခင်ဌေး ရယ် လေ ပြောလို့ ကို မရ ဘူး ။ လိပ် ကို ဒွေးထိုက် တို့ အိမ် သွားပို့ပါ ဆိုတာ မပို့ဘဲ နဲ့ ရှစ်ရာ ရလို့ တဲ့ ။ ဟို ကိုငမြင့် တို့ အိမ် သွားရောင်း လိုက် သတဲ့ ” 

“ ဟယ် ”

ဘာ စကား မျှ မဆက်နိုင် ။ ရှိသမျှ အားအင် တို့ သည် ကုန်ခန်း သွားပြီ ထင့် ။  ။

◾ကံထွန်းသစ်

📖 နဝဒေး မဂ္ဂဇင်း
      ၂၀၀၀ ၊ သြဂုတ်လ

#ကိုအောင်နိုင်ဦး

.

Monday, December 19, 2022

မတွက် ရဲ့ ဂေဟဗေဒ


 

❝ မတွက် ရဲ့ ဂေဟဗေဒ ❞

( ၁ )

ညီအစ်ကို လေးယောက်သား ဂေဟစနစ် အကြောင်း ပြောနေကြစဉ် မှာ မတွက် ကို ဖမ်းမိ လာကြသည် ။

( ၂ )

“ တို့ ငယ်ငယ်တုန်း က တော့ ခုလို ဆေးဖျန်းတာတွေ ဘာတွေ မရှိပါဘူး ကွာ ။ ဒီလို ပဲခင်းတွေ ပျ ကျ တော့လည်း နေပူတာ နဲ့ ပျ တွေ ပျောက် သွားတော့တာ ”

အတွေ့အကြုံ အရ လည်း အကြီးဆုံး ဖြစ်သည့် အစ်ကိုကြီး က ထောက် ပြ လိုက်တော့ …

“ ဟုတ်တယ်နော် အစ်ကိုကြီး ၊ ရှေးတုန်း က တော့ ဘာ စိုက်စိုက် မြေပေါ် မျိုးစေ့ ကျ တာ နဲ့ ပေါက်ပြီးသား ။ သီးနှံထွက် လည်း ကောင်းပြီးသား ။ ခုတော့ ဖျန်း လိုက်ရတဲ့ ဆေး ၊ ကျွေး လိုက်ရတဲ့ မြေသြဇာ ”

အစ်ကိုလေး ၏ ထို ထောက်ခံဆွေးနွေးမှု ကို မကြိုဆို သူ က ညီငယ် ကိုကျော် ။

“ အဲဒီ တုန်း က ခုလို ဆေး မှ မပေါ်သေးတာ ။ ပေါ် နေ လို့ တော့ ရှေး လူကြီးတွေ လည်း ဖျန်းကြမှာပါ ဗျ ”

“ ဟ ဖိုးကျော် ရ ၊ ငါ က ဆေးဖျန်း တာ ကို အပြစ် ပြောနေတာ မဟုတ်ဘူး ။ အကျိုး ရှိ မရှိ ချင့် ချိန်ဖို့ ။ ခု မင်း တို့ ဆေးဖျန်းနေ တော့ ကော ဟိုတုန်း က လို သီးနှံ ထွက် လို့လား ”

“ ဟုတ်ပါ့ ။ ကျွန်တော် ဆို ပင်ဖြစ်ဆေး ဆို ပင်ဖြစ်ဆေး ၊ သီးအောင် ဆို သီးအောင်ဆေး ဖျန်း တာပါပဲ ။ မထူးလှပါဘူး ။ အဲ ထူး တာ ဆိုလို့ ဆေး ဖျန်းရလွန်းလို့ ဆေးနံ့တွေ ရှူရှိုက် ရပြီး ချောင်း တဟွပ်ဟွပ် ဆိုး ကျန် တာပဲ အဖတ် တင် တယ် ”

နောင်တော်များ ၏ ဆွေးနွေးခန်း တွင် ဝင်ရောက် ဆင်နွှဲရန် ငံ့လင့် နေမိသည် ။ ခက်တာ က သူတို့ ပြောဆို နေကြသည်များနှင့် မရင်းနှီး ၊ ငယ်စဉ် က လည်း ကျောင်း တက်နေရ ၊ ခုတော့လည်း မြို့ မှာ အခြေကျ ဆိုတော့ ပို၍ ပင် မယဉ်ပါး ။ သီးနှံ အထွက် ဆုတ်တာ နှင့် ပတ်သက်၍ ပြော နေကြကြောင်း ကို တော့ ရိပ် မိသည် ။

ဉာဏ် မီသရွေ့ ဆက်စပ် ကြည့်မိသည် ။ ဟိုတုန်း က စိုက်ပျိုးရေး နှင့် ခုခေတ် စိုက်ပျိုးရေး ။ ဟိုတုန်း က ရာသီဥတု နှင့် ခုခေတ် ရာသီဥတု ၊ ဟိုတုန်း က လူဦးရေ နှင့် ခုခေတ် လူဦးရေ ။ ရှေးတုန်း က မြေဆီလွှာ က မပွန်းသေး ၊ တစ်နှစ် မှ တစ်သီး သာ စိုက် ကြရာ မြေဆီလွှာ က အကြွယ် မပျက် ။ နောက်ပြီး ချဲ့ထွင်စရာ မြေလွတ်တွေ ကလည်း ကျယ်ပြော လှ ချည့် ။ လုပ်ကိုင်သူ လူဦးရေ နည်း လို့ အိန္ဒိယ က လယ်ကူလီတွေ ကို တောင် ကိုလိုနီ အစိုးရ က သွင်း ခဲ့ရသေးသတဲ့ ။ ဒါတင်မက ကျွဲတွေ ၊ နွားတွေ အတွက် စားကျက်မြေ ဆိုတာ လည်း သီးသန့် သတ်မှတ် ပေး သတဲ့ ။ ကောင်ရေ အလိုက် အကျယ်အဝန်း ပေါ့ ။ ခုတော့ အဲဒီ မြေတွေ လည်း ဘယ်သူ့ စားကျက် တွေ ဖြစ် ကုန်ပြီလဲ မသိ ။

ရာသီဥတု ဆို တာ လည်း သိပ် မှန်တာ တဲ့ ။ မေလ ဆယ့်ငါးရက် နဲ့ နှစ်ဆယ့်တစ်ရက်အတွင်း မုတ်သုံ ဝင် မြဲ ။ အစ အလယ် အဆုံး ဆို တဲ့ မိုး သုံးပါး ညီ သတဲ့ ။ မုတ်သုံ အဝင် မှန် ၊ အထွက် မှန် ဆိုတော့ စိုက်ပျိုးရ အဆင် ပြေပြီပေါ့ ။ ဒီလို မုတ်သုံ မှန်အောင် ဖိတ်ခေါ်နိုင်စွမ်းတဲ့ သူတွေ က လည်း တောအနှံ့ ၊ တောင်အနှံ့ စိမ်းလို့ ညို့လို့ မဟုတ်လား ။ ခုတော့ လည်း သင်းတို့ လည်း ဘယ်ဝယ် ဘယ်ဆီ မြန်းကြလေပြီ မသိ ။ ဒီ အထဲ ဥတုရာသီ ယွင်းချွတ် ဖို့ ဖန်လှောင်အိမ် ယဉ်ကျေးမှု တဲ့ ။ ဟို အပြာရောင် အိုဇုန်းလွှာ ပေါက်ပြဲမှု တဲ့ ဟူး … ။

လူဦးရေ က တော့ ဗြိတိသျှခေတ် က ဆယ့်ကိုးသန်း ဆိုလားပဲ ။ ဒီတော့ သူ့ လူ နှင့် သူ့ရိက္ခာ ထုတ်မှု မျှ နေမှာပေါ့ ။ ခုတော့ လူဦးရေ က သန်း ငါးဆယ်ကျော် ။ ဒီ အထဲ …

“ ကိုယ် မဖျန်း ကိုယ် ခံ သွား ရမှာပေါ့ ။ အခင်း နား နီး တွေ က ဆေး ဖျန်းတယ် ။ ကိုယ် က မဖျန်းရင် ရှိသမျှ ပိုး က ကိုယ့် စိုက်ခင်း ထဲ အကုန် ကျ တော့မှာပေါ့ ။ အဲဒီတော့ မှ အသီး မပြော နဲ့ အရိုးတောင် ရ လိုက်မှာ မဟုတ်ဘူး ”

ညီ ကိုကျော် ပြော ပြန် တော့ လည်း အဟုတ်သား ။ ကိုယ် မပြုပေမယ့် သူ ပြု လျှင် လည်း ကိုယ့် ကို သက်ရောက် စေ တဲ့ ဂေဟဗေဒ အနေအထား ။

“ ဆေး ဖျန်းမှ မဟုတ်ပါဘူးမောင် ရာ ။ ဟိုနေ့ က ဗျိုင်း တစ်အုပ် ဝဲ နေတာ ဆေး ဖျန်းထား တဲ့ ပဲတီခင်းတွေ ကို ရှောင်ပြီး ငါ့ ပဲခင်း ထဲ ကျသွားတာ တစ်ခါတည်း ပိုးစိမ်းကောင်တွေ ပြောင် သွားတာပဲ ”

“ ဟုတ်တယ် ။ အဲဒါက ပိုကောင်းတယ် ကိုကြီး ။ ကျွန်တော် ဖြင့် ဆေးဖျန်း မှ ပိုးတွေ ပွား လာသလား လို့ တောင် ထင် မိတယ် ။ ပိုး က ပြတ် မှ မပြတ်ဘဲ ။ တစ်မျိုး ပြီး တစ်မျိုး ပဲ ”

အစ်ကို နှစ်ယောက် နှင့် ညီ တို့ ရဲ့ အချေအတင်ပွဲ မှာ ဘယ်ဘက် ကို လိုက်ရမလဲ လို့ ဝေခွဲ မရ ။ ဖိုးကျော် ပြောတာ ဟုတ်သည် ဟု ထင်မိသည် ။ ခုလို နည်းပညာတွေ ဖွံ့ဖြိုးတဲ့ ခေတ်ကြီး မှာ သူ့ ခေတ် နှင့် သူ လျှော်နိုင်မှ ။

“ တမန်း ညက် အောင် ၊ ရာသီ မလင့် အောင် တော့ မလုပ်ကြပါဘူး ။ အဲ ဆေးဖျန်း ဖို့ က တော့ အကြွေး တင် ခံ ပြီးတော့ ကို ဖျန်း ကြတယ် ။ ဖျန်း တော့ လည်း နားမလည် ၊ ပါးမလည် နဲ့ တချို့ဆို  အပင် သန် တဲ့ ဆေး ကို ပွင့် ဝင်ချိန် ဖျန်း ၊ အသီးဆေး ကို ပျိုးပင် ပေါက်မှာ ဖျန်း နဲ့ နောက်ဆုံး ဆေး အတွက် နဲ့ လေး ကုန် ကြရော ”

အဲ အစ်ကိုကြီး ပြော တာလည်း ဟုတ် နေပြန်ရော ။ ‘ ငအောကြီး ပြော တော့လည်း ချော လို့ ၊ ငလောကြီး ပြော တော့လည်း မော လို့ ’ ဆိုတဲ့ အမေ ခိုင်း တဲ့ ပုံ ကို တောင် အမှတ် ရ မိသည် ။ သူ့ ဟာ နှင့် သူ ဟုတ်လို့ ။ အင်း  ပိုးသတ်ဆေး ထုတ်လုပ် တဲ့ ကုမ္ပဏီတွေ က တော့ ပေါ မှ ပေါ ပဲ ။ ပါဠိ နာမည်တွေ နဲ့ ရော ၊ တိရစ္ဆာန် နာမည်တွေ နဲ့ ရော အမျိုးမျိုး ကို ကြော်ငြာ နေကြတာ ။ ဆေး သုံးစွဲပုံ သုံးစွဲနည်း နဲ့ အကျိုးအပြစ် တွေ ကို ပါ ထိထိရောက်ရောက် ကြေညာပေးကြရင် ကောင်း မှာ ။ တကယ်ဆို ကြေညာ သင့် တယ် ။ မကြေညာ လို့ ဆေး ကြောင့် ဆိုးကျိုး ဖြစ်ရင် သူတို့ မှာ တာဝန် ရှိတယ် ။ အင်း ကြေညာတော့ကော ရွာသားတွေ က ဖတ်ကြည့် ကြပါ့မလား ။ မဖတ်ဘဲ ကြားဖူး နားမဝ နဲ့ သုံး နေကြလေတော့ ကိုကြီး ပြောသလို ဆေး အတွက် လေး ။

ငယ်ငယ် က သင်ခဲ့ရသည် ။ ခုန က ကိုကြီး ပြော ခဲ့တဲ့ ဗျိုင်းတို့ ၊ ငှက်တော် တို့ လို လူ့ မိတ်ဆွေ ငှက်များ အကြောင်း ၊ သီးနှံပိုးများ ကို ကောက်ယူ စားသုံးရင်း လူတွေ ကို ကူညီသည့် အကြောင်း ၊ ခုတော့ ထို မိတ်ဆွေများ သည် လူတွေ ကို စိတ် နာ သွားကြကုန်ပြီ ထင့် ။ ငှက်တွေ ရှားပါး ကုန်ပြီး ငှက်တော် လို အချို့ ငှက် ဆို မျိုး တုံး မှာ ပင် စိုးရ ၊ မမြင်တွေ့ရ တော့ ။ လူတွေ ဖျန်းသော ပိုးသတ်ဆေး ကို အင်းဆက် နှင့်ကြွက်များ က စား ၊ ထို အကောင်များ ကို ငှက် က စား ။ သို့ဖြင့် ငှက်တို့ သည် မျိုး မပွားဘဲ မျိုးပြုန်း ။ ထိုအခါ သီးနှံပိုးတို့ ကို သုတ်သင် ပေး ရန် လူတို့ကို မကူညီနိုင် ။ မကူညီနိုင်သော အခါ စိုက်ခင်းများ ပျက် ။ စိုက်ခင်းများ ပျက် တော့ သီးနှံ မအောင် ။ သီးနှံ မအောင်တော့ … ဟူး … ။

သည်တော့ သီးနှံ အောင် ဖို့ ဆေး ပို ဖျန်း ၊ ဆေး ပို ဖျန်းတော့ အပင် ပေါ် တွင် မက မြေ ပေါ် သို့ တိုင်ကျ ။ မြေပေါ် ကျတော့ မြေအောင်း အပြစ် မဲ့ ပိုးကလေးတွေ သေကျေ ။ ပိုးလေးတွေ သေကြေတော့ မြေသြဇာ ဖြစ် စေသည့် မစင် ကို မစွန့်ပေးနိုင် ။ မစွန့်နိုင်တော့ မြေဆီသြဇာ အသစ် မရ ။ မရ တော့ အပင် မအောင် ။ အပင် မအောင်တော့ ဟား  … တကယ့် ဆက်နွှယ်မှု ဗေဒ ။ ဒါကို ကြားနေပြီး အစ်ကိုတွေ နဲ့ ညီ ကို တတ် သလောက် မှတ်သလောက် ရှင်း ပြ ကြည့်မည် ။ နားထောင် လျှင် အမြတ် ပေါ့ ။ ငယ်ငယ် က အော် ကျက်ခဲ့ရတဲ့ ကောင်းကင် တခို ၊ ပြို မလို တိမ်ညို ဘာကြောင့် မှိုင်းပါတယ် အစ ချီ တဲ့ ရေသံသရာ ကဗျာလေး နဲ့ ရှင်း ပြရလျှင် ၊ ဟို ‘ ပေါက်ပင် ဘာကြောင့် ကိုင်းရတယ် ’ ကမှ ပို ရင်းနှီးတာ ။ ဒီ ကဗျာလေး နဲ့ ယှဉ်ပြီး ရှင်း … ။

“ ဟောဒီမှာ ဦးကြီး ၊ ဂျုံသူခိုးတွေ မိ လာပြီ ”

( ၃ )

ဘုတ်ခနဲ ကျ လာသည် က ပုဆိုးပိုင်း နှင့် ထုပ် ထားသည့် အထုပ် တစ်ခု နှင့် တောင်းငယ်တစ်လုံး ။ တောင်း ထဲ တွင် ဂျုံနှံဝင်းဝင်းများ ၊ အနှံရင်း ကပ်ချိုးထား တာကြောင့် အမြင် မှာ နည်း သော်လည်း အထွက် က မနည်း နိုင် ။ အစ်ကိုကြီး တို့ မောင်နှမ နှင့် အတူ နေသော တူမောင် စန်းလွင် က သူ့ ဦးကြီးထံ သို့ သူခိုးများ ကို ခိုးရာပါ ပစ္စည်း နှင့် အပ်နှံ လာ၍ ပြိုင်တူ ကြည့် လိုက်ကြတော့ ကလေး နှစ်ယောက် ။ ဆယ်နှစ် ၊ ဆယ့်တစ်နှစ် အရွယ်များ ။ ရှင်မီးနွမ်းလေး နှင့် တစ်ယောက် ၊ ဘောင်းဘီရှည်လေး နှင့် က တစ်ယောက် ။

သူတို့ နှင့် အတူ ရွာ ထုံးစံ ရပ်ထုံးစံ မပျက် ကြည့်ကြကုန်အံ့ ဆိုသည့် ဝိုင်းအုံ လာသူတွေလည်း မနည်း ။ အရွယ်စုံ ။ ကျား နည်း မ များ တာသာ ခြားသည် ။ ဂျုံတွေ မကြာခဏ အခိုး ခံရ ။ အခိုး ခံရ ၍ စောင့်ဖမ်း နေရာ ယခု မိလာကြောင်း ၊ သူခိုးများ သည် ခိုးရည် ဝ နေကြောင်း ၊ ဂျုံ ကို အပင် လိုက်ရိတ် ယူ က အခင်းရှင် သိ နိုင်၍ ယခုကဲ့သို့ အနှံ ကို သာ ချိုး၍ ပင်ထောင် မပျက် ခိုးယူကြကြောင်း ၊ စပါး စိုက်ချိန် ဆိုလည်း စပါး ခိုး ၊ ပြောင်းဖူး ချိန်ဆိုလည်း ပြောင်းဖူး မို့ ခိုးယူ ခံရကြောင်း ၊ သူခိုး တစ်ဝက် ၊ ပိုး တစ်ဝက် လုပ်ကိုင် စားနေရကြောင်း တူတော်မောင် က မကျေမချမ်း ရှင်း ပြနေသည် ။ သူ မကျေမချမ်း ဖြစ်မည် ဆိုလည်း ဖြစ်သင့်ပေသည် ။ သူ က ဦးကြီး နှင့် အတူ အဓိက ထွန်ရ ယက်ရ စိုက်ပျိုးရ သူ မဟုတ်လား ။

ထို ပြောဆိုသံများ ကြောင့် ကျွန်တော်တို့ နှမ အပျိုကြီးမ သည် အိမ် အပေါ် ထပ် မှ ဆင်း လာ ကာ ကလေးများ ကို စေ့စေ့စပ်စပ် ကြည့် လျက် …

“ အောင်မယ် ညည်း ကိုး ။ အရင် နေ့ တွေ ကတည်း က ဂျုံခင်းတွေ နား မှာ ရစ်သီရစ်သီ နဲ့ တွေ့ နေတယ် အောက်မေ့တာ လက်စသတ်တော့ အကြံ နဲ့ ကိုး ”

ကောင်ကလေး က ခေါင်း ကို ပို၍ ငုံ့သွားစေပေမင့် အညွှန်းခံ ရှင်မီးမလေး က တော့ အရယ်အကျဲ မပျက် ။

“ အံမယ် စပ်ဖြဲဖြဲ နဲ့ မှန်မှန် ပြောစမ်း ။ အရင်နေ့တွေ က လည်း ညည်းတို့ ပဲ မဟုတ်လား ”

“ ဒီ တစ်ခါတည်း ရှိပါသေးတယ် အစ်မ ရယ် ”

“ မညာပါနဲ့ အေ ။ ညည်းတို့ချောင် က လွန် လွန်းတယ် ။ ပြောင်းဖူး လည်း ထွက် ချိုး ၊ ပဲ လည်း ထွက် ဆွတ် ၊ သီးနှံဦး ခူးစားရုံ မကဘူး ၊ ခု ရောင်းစားဖို့ပါ ခိုးကြ နဲ့ ဟင်း … ”

ဟုတ်တာပဲ ။ လယ်သမား ၊ ယာသမား ဆိုတာ ပင်ပန်းကြီးစွာ စိုက်ကြ ပျိုးကြ ရ ။ မစိုက်မီ ကျလည်း စိုက် စရိတ် ရှာရ ၊ ပျိုး စရိတ် ဖွေရ ။ စိုက် ပြီးတော့လည်း ရာသီ ပူရ ၊ ဥတု ပင်ရ ။ ပွင့်ချိန် သီးချိန် ကျလည်း ပိုး ပူရ ၊ ခိုး ပူရ ။ ရိတ်သိမ်း ပြီးတော့ လည်း ဟူး … ။

ထိုသို့ ရင်းခဲ့ ၊ ကြိုးခဲ့ ကြရသော ခမျာများ ယခုလို အမှု ကြုံရတော့ …

“ ကြာပါတယ် ဒေါ်ဒေါ် ရာ ။ လူကြီးအိမ် ကို ပို့ လိုက်မယ် ။ ဥက္ကဋ္ဌ က သီးနှံ ခိုးရင် ဒဏ် ရိုက်မယ်လို့ မောင်း ခတ်ထားတာပဲ ”

နှမ ဖြစ်သူ နှင့် တူတော်မောင် တို့ ပြောဆို နေဟန် ကို ကြည့်ပြီး အစ်ကိုကြီး လည်း ဘာ ပြောရမှန်း မသိ ဖြစ် နေသလို ၊ အစ်ကိုလေး နှင့် ညီ ဖိုးကျော် တို့လည်း ဘာ ဆုံးဖြတ် ရမည် မသိ ဖြစ်နေဟန် မို့ ။

“ ဟုတ်တယ် ၊ ငါ့ နှမ နဲ့ မောင်စန်းလွင် ပြောတာ သဘာဝ ကျတယ် ။ လူကြီး အိမ် သာ သွားပို့လိုက် မဆင့် ”

ဝင်ရောက် ဆုံးဖြတ် ပေးလိုက်ရာ စတင် လှုပ်ရှား လာ သူ က ဘောင်းဘီဝတ် ကောင်လေး ။

“ လူကြီး အိမ် တော့ မပို့ပါနဲ့ ။ ကျွန်တော် တစ်ခါ မှ မခိုးဖူးပါဘူး ။ ခုဟာ က သူ လာ ခေါ်လို့ လိုက် မိတာပါ ”

ငိုမဲ့မဲ့ နှင့် တောင်းပန် လာသည် ။ မယ်ရှင်မီး က တော့ ရယ်ကျဲဆဲ ။

“ ကဲ ကြာတယ် ။ လူကြီးအိမ်သွားမယ် ။ မောင်စန်းလွင် ငါ့ တူ ဟို ဂျုံထုပ်တွေ ယူခဲ့ ။ သက်သေခံ ရအောင် ”

ပြောပြောဆိုဆို နှမ ဖြစ်သူ မဆင့် က ထ သွားဟန် ပြင်တော့ ကောင်လေး က မျက်ရည် ထုတ် ၍ တောင်းပန် သည် ။ ဟို ရှင်မီးမ လည်း ခုမှ စိတ် ပူရကောင်းမှန်း သတိရ ထင့် ။ မျက်နှာ ညှိုး စ ပြုသည် ။ အစ်ကိုကြီး က တော့ ခမျာများ ကို ကြည့်ကာ စိတ် မကောင်း၍ ပြန် လွှတ်လိုက်ရန် ပြောသည် ။ ကျွန်တော်တို့ မောင်နှမ တစ်တွေ က သဘော မတူ ။

“ ဟာ အစ်ကိုကြီး က လည်း ဒီလို အရေး မယူဘဲ ပြန် လွှတ်လို့ကတော့ သူခိုးတွေ ရောင့်တက်အောင် လုပ်ရာ ကျတော့ မပေါ့ ။ ကဲပါ မဆင့် ရယ် ကြာပါတယ် ၊ ခေါ်သာ သွား တော့ ”

အစ်ကိုကြီး ကန့်ကွက်နေသည့်ကြား က ကျွန်တော် ဆုံးဖြတ်ပေး လိုက်သည် ။ အစ်ကိုကြီး သာ မဟုတ် ၊ လာရောက် ကြည့်ရှုလာသူ ရွှေပွဲလာများ ကလည်း သဘော မတူကြ ။ လူကြီး အိမ် မပို့ရန် လူကြီး က ဘယ်သို့ ဘယ်ညာ နှင့် ဆိုကြကာ တစ်ယောက် တစ်ပေါက် တားမြစ်ကြသည် ။ ခြေရင်းအိမ် က ဒေါ်ကေတူး က ဆို “ လူကြီး က သူ့ ကိုယ် သူ ပေါင်ချိန် ရူး ရူးနေတာ ။ မတော်တရော် ဒဏ် ရိုက်ပြီး ယူလိုက်ရင် ပြီးပါလေရော အစ်မဆင့် ရယ် ” ဟု ဝင်ရောက် တောင်းပန် လာပြန်သည် ။ ရွာသူရွာသားတွေ နှယ် ခက်တာပဲ ။ တောင်သူချင်း စာနာဖို့ ထက် သီးနှံ ခိုးသူ ကို ညှာတာ နေကြ ပြန်သည် ။ ဘက် မှားပြီး ညီညွတ် နေကြတာပဲ ။ တို့ ဆီ က လူတွေ အဲဒီလို ဘက် မှား ပြီး ညီညွတ် တာ က အကျင့် တစ်ခု လို တောင် ဖြစ် နေကြပြီလား ။ ဒီ အထဲ ဟို နွားလှည်းသမား ကံရွှင် ဆိုသူ က လည်း ဒီ ကလေးတွေဟာ သူ သွားနေကျ အနောက်ဘက် ရွာ က ဖြစ်လို့ သူ သိကြောင်း ၊ အကျင့်စာရိတ္တ ကောင်းမွန်သူများ ဖြစ်ကြောင်း ဝင်ရောက် အာမခံ လာသည် ။ သူ့ စကား က ဒီ လူတွေ က ပဲ မတရား ဖမ်းဆီး သယောင် ကျွတ် … ။

စဉ်းစားကြည့်မိသည် ။ တကယ်လို့ သူတို့သီးနှံကို ခုလို ခိုးယူ ခံရလျှင် ကော ။

“ လူတွေ က တော်တော် တရား ကျ ဖို့ ကောင်းတယ် ။ သူတို့ ပစ္စည်းလေး ပြောင်းဖူး တစ်ဖူးတလေ ပျောက် ရင်တောင် ကျိန်လိုက် ၊ ဆဲလိုက်ကြတာ ။ သူများ ဟာ အခိုး ခံရလို့ တရားနည်းလမ်း အတိုင်း တိုင်မယ် တောမယ် ဆိုတော့ ဘာဖြစ်သလေး ၊ ညာဖြစ်သလေး နဲ့ ဝင်သနား နေလိုက်ကြတာ ၊ နောက်တစ်ခါ မခိုးပါဘူးလို့ ခင်ဗျားတို့ အာမ ခံမလား ”

တူတော်မောင် စကား အကွက် ကျလှသည် ။ အသံ သိပ်မထွက်ကြတော့ ။ ကြည့်သူ ဦးရေကတော့ တိုး၍ တိုး၍ လာနေသည် ။ လူစုရှဲဖို့ …

“ ကဲ … ကဲ … ဥပဒေကြောင်း အတိုင်းပဲ ကောင်းတယ် ။ ကလေးတွေ လည်း နောက် ကြဉ် သွားတာပေါ့ ။ လူကြီး သင့်သလို ဆုံးဖြတ် လိမ့်မပေါ့ ။ ကိုင်း … မဆင့် ရေ ခေါ်သာ သွားတော့ ”

မညှာ လို့ တော့ မဟုတ် ။ စာရိတ္တ ကို မပြုပြင် နိုင်‌တောင် ဒီလို လုပ်လျှင် ဒီလို အပြစ်ရှိကြောင်း ကို တော့ သိစေချင်သည် ။ နို့မဟုတ်ဘဲ ပိုင်ရှင် မသိလျှင် လုပ်ကောင်းသည် ဟု မှတ်ထင် သွားခဲ့သော် … ။ နောက်ဆုံးတော့ ဆုံးဖြတ်ချက်ကို အစ်ကိုကြီး က လွဲ၍ အားလုံး သဘော တူ ကြသည်မို့ မဆင့်တို့ တူဝရီး ဦးဆောင်ကာ အခမဲ့သမားများ ခြံရံ လျက် ချီတက် သွားကြတော့သည် ။

ညီအစ်ကို တစ်တွေ ဂေဟဗေဒ အကြောင်း ပြန်ဆက်ဖို့ ပြင်လိုက်တော့ အစ်ကိုကြိး ကို မတွေ့တော့ ။

( ၄ )

“ အမေရိကန် လို ဖွံ့ဖြိုးပြီး နိုင်ငံတွေ မှာ ဆို ခုလို ဆေးတွေ ဖျန်းထားတဲ့ သီးနှံတွေ ၊ မျိုးဗီဇပြုပြင်ထားတဲ့ အသီးအရွက်တွေ ကို မစားသုံးကြတော့ဘူး ။ သဘာဝ အတိုင်း စိုက်တဲ့ ၊ ပျိုးတဲ့ သီးနှံ က မှ … ”

စကား ပင် မဆုံးလိုက် ။ ချီတက်သွားသူ တချို့ ပြန်ရောက် လာကြသည် ။ ဘာ ဖြစ်ပြန်ပါလိမ့် ။

“ မောင်မောင်ကြီး က မတိုင်ရဘူးတဲ့ ။ တစ်လမ်းလုံး လိုက်ဆူနေလို့ ပြန် ခဲ့ရတယ် မောင်မောင် တို့ ရေ ”

နှမ ဖြစ်သူ မဆင့် ၏ လှမ်း ပြော လိုက်သံ ။

“ ဟုတ်တယ် ။ ဦးကြီး က ဘာမှန်း မသိဘူး ။ ပြီးတော့ သူာပဲ သီးနှံတွေ ပျောက်ရင် ဆူတယ် ။ ခု သူခိုး မိ တော့လည်း မတိုင်ရဘူး ၊ ပြန် လွှတ်ရမတဲ့ ။ နောက်ဆို ခိုးချင်တဲ့ သူ ခိုးကြ ။ ကျွန်တော် တော့ မဖမ်းဘူး ”

တူမောင် ၏ မကျေမချမ်း စကား ။ ကျွန်တော်တို့ အားလုံး အစ်ကိုကြီး ကို ဝိုင်းဝန်း ပြစ်တင်ကြသည် ။ အစ်ကိုကြီး ကတော့ ဘာမှ မတုံ့ပြန် ။ ဒါသည် က အစ်ကိုကြီး ၏ စိတ်ရင်း ။ သနား တတ်သည် ။ အားနာ တတ်သည် ။ ကလေးတွေ မျက်ရည် ကျ တာ မြင်ကတည်း က ပြန် လွှတ် စေ လိုနေသည် ။ ညီတွေ အထူးသဖြင့် စာကလေး ဘာကလေး မတောက်တခေါက် ရေးသော ကျွန်တော့် ကို မဆန့်ကျင်လို၍ သာ ငြိမ် နေခဲ့ပြီး သူ နိုင်သည့် နှမငယ် နှင့် တူ တို့ ကို လမ်းမှသွား ကာ တားမြစ်ခဲ့ခြင်းပင် ။

“ အစ်ကိုကြီး က နေရာတကာ သနား တတ်တာကိုး ။ ဒါ သနားတာ မဟုတ်ပါဘူး ။ သူတို့ ကို စာရိတ္တ ပျက်အောင် အားပေးတာ ”

“ ခုလောက်ဆို သူတို့ လည်း ကြောက်သွားပါပြီ ကွာ ။ နောင် လုပ်မှာ မဟုတ်ပါဘူး ”

“ မောင်မောင်ကြီး က လည်း သူတို့ လား နောင် မလုပ်မှာ ဝေးပါသေး ။ တို့ ကို ဖမ်းတယ်ဟ ဆိုပြီး အငြိုး နဲ့ တောင် လုပ်ဦးမယ် ဟင်း ”

မဆင့် ၏ သောက ထင်ကြေး ဖြစ် နိုင်သည် ။ မလုပ်ဘူး ဟု ဘယ်သူ မှ မဆိုနိုင် ။ လူ ဆိုတာ ကြီးငယ် မဟူ အငြိုး ဖွဲ့တတ်တာ ကလား ။ ထို အငြိုး နှင့် ဖျက်လို ဖျက်ဆီး ပြုခဲ့လျှင် ၊ ဒါဆို အစ်ကိုကြီး ဆန္ဒ အတိုင်း ပြန် လွှတ် လိုက်ရင်ကော ။ အဲဒီအခါကျ လည်း အင်း … ။

“ ကဲ ဒါဆို ဘယ်လို လုပ်မလဲ ”

“ ငါ သူတို့ မိဘတွေ ဘယ်သူ ဘယ်ဝါ ဆိုတာ အဲဒီ ရွာ ကို စုံစမ်း ခိုင်း လိုက်တယ်ကွ ”

ဟုတ်သားပဲ ။ အစ်ကိုကြီး ရဲ့ အစီအစဉ် အကောင်းသား ။ သူတို့ မိဘတွေ ခေါ်ပြီး နောင် မလုပ်အောင် ဆုံးမ ပေးဖို့ ပြောဆို ပြီး အပ်နှံ လိုက်ရုံပေါ့ ။ ဒါ အကောင်းဆုံး ဖြေရှင်းနည်း ။ ဒါကြောင့် အားလုံး သဘော တူညီ ပြီး ညီ ကိုကျော် က -

“ အဲဒါ ကောင်းတယ် ။ မိဘ လည်း အသိ ပေးပြီးသား ဖြစ်တာပေါ့ ။ ဒီ ကောင်လေးက တော့ လှည်းမီးချ တဲ့ ဖို က ပဲ ။ ဟို ကောင်မလေး က တော့ ရွာအရှေ့တောင် ချောင် ထဲ က ဖြစ်မယ် ။ အဲဒီမှာ စုံစမ်း အခေါ်ခိုင်း လိုက်ပေါ့ ”

ထို အဆို ကို အထိတ်တလန့် ကန့်ကွက် သူ က …

“ အမေတို့ ကို အခေါ် မခိုင်းပါနဲ့ ။ ကိုတွတ် ကျုပ် ကို သ-တ်လိမ့်မယ်တော့ ”

( ၅ )

ကောင်လေး က စိတ် သက်သာ ရ ဟန် ရှိသွား သော် လည်း ရှင်မီးက မူ ခုမှ ပို တုန်လှုပ် လာသည် ။ မျက်ရည် စမ်းစမ်း ဖြင့် သူ့ အိမ်ကို မခေါ်ဖို့ ပြော နေသည် ။ မောင်လေး ဖျား နေလို့ အမေ အဝေးကြီး သွား နေကြောင်း ၊ ကိုတွတ် က နွားထွန် သွား နေကြောင်း ၊ သူ့ အိမ် ဘယ်မှာ ရှိကြောင်း မှ အစ တတွတ်တွတ် ပြောပြ နေသည် ။ ပြောဆိုပုံ သရုပ် မပီ လို့ ထင့် မည်သူမျှ မယုံကြ ။ ကရုဏာ မသက်ကြ ။

တစ်စတစ်စ အားပေးသူ ပရိသတ် က တော့ လူစု ကွဲသွားပြီ ။ အိမ်ထောင်ကွဲ အစ်ကိုလေးနဲ့ ညီတို့ က လည်း ည မှ လာခဲ့ဦးမယ်ဆိုကာ ပြန်ကြပြီ ။ အစ်ကိုကြီး တို့ ၊ မဆင့် တို့ ကလည်း ဆိုင်ရာဝန် တို့ ကို ထမ်းရန် သွားကြပြီ ။ ကျွန်တော် နှင့် အထူးဧည့်သည်တော် နှစ်ယောက် တို့ သာ ငုတ်တုတ် ။ မြေပြင် ပေါ် တွင် ထိုင်နေကြသော သူတို့ ကို တန်းလျားခုံပေါ် တက် ထိုင်ရန် ပြော ရသည် ။

နှစ်ယောက် ကို ယှဉ်ပြီး ကြည့်မိတော့ ကလေးမ က ပို၍ နွမ်းပါးဟန်ပင် ။ ကောင်လေး က သပ်သပ်ရပ်ရပ် ။ ကလေး မို့ လား မသိ ၊ မျက်နှာဟန်ပန်က ပြောင်းလွယ် လဲလွယ် ။ ခုနက မျက်ရည် မျက်နှာ သည် ခုတော့ ပြုံးရယ် ကာ အဖော် ကောင်လေး ကို စကား ပြော နေပြန်သည် ။ ဘာတွေ ပြောနေသည်တော့ မသိ ။

အင်း ဆယ်ကျော်သက်လေးတွေ ပဲ ။ ကျောင်း မှ နေကြရဲ့လား မသိ ။ သူတို့ မိဘတွေ က ကော ဒီ အရွယ်တွေ မှာ ပညာမသင်စေဘဲ ပေါက်လွှတ်ပဲစား ထား ကြလေရော့လား ။ ဘာပဲဖြစ်ဖြစ် သူတို့လေးတွေ ကို ခုလိုဖြစ်တာ မကောင်းကြောင်း ၊ သူ တကာ အထင်မြင် သေးဖွယ် ဖြစ်ကြောင်း ကို တော့ ပြောပြရဦးမည် ဟု တွေးရင်း စကား တောက် ကြည့်တော့ ကောင်ကလေး က ကျောင်းဖွင့်လျှင် ခုနစ်တန်း တက်မည်ဖြစ်ကြောင်း ၊ အဘွား သိ လျှင် ရိုက် နိုင်ကြောင်း ၊ ရိုးရိုး ကောက်သင်း ကောက် ထွက် ရာ  ကောင်မလေး သင်ပြ၍ ယခုလို …

“ ငါ သင်တာ မဟုတ်ပါဘူး ။ နင့် ဘာသာ ခိုးတာပါ ”

“ မနေ့ က နင်ပဲ လာ ခေါ်တာလေ ။ ဒီနေ့ လည်း နင်ပဲ ဒီ အခင်း ချိုးမယ် လို့ ပြောတာ ”

ခုတော့ သဘောထား ကွဲကြပြီ ။ မနေ့ က လည်း ချိုးသေး ဆိုပါလား ။ မဆင့် ကြား ရင်တော့ ဒေါ ပွဦးမည် ။ အစ်ကိုကြီးကော ခုလို ပြန် လွှတ်မိတာ မှားပြီ ထင်မလား ။ ဘယ်လို လုပ်ရပါ့ ။ ဒီလို နည်းနည်း ခိုး ရင်း က တဖြည်းဖြည်း အင်း သီးနှံလောက် နေမှာပါလေ ။ တစ်ဝမ်းတစ်ခါး နေမှာပါ ။ အူမတောင့်တဲ့ အချိန်ကျ ဒါတွေ စောင့် နိုင်သွားကြမှာပါ ။ ခုဟာက တကယ့်ကလေး အရွယ်လေးတွေ ။ ရှိလှ ရန်ကုန် မှာ ကျန်ခဲ့တဲ့ သားကြီး အရွယ်လေးတွေ ။ သြော် ဒီ အရွယ်တွေ နဲ့ ။

“ ကျွန်တော့်ကို ပြန်လွှတ်ပေးပါ ဦးလေး ရယ် ။ နောင် မလုပ်တော့ပါဘူး ”

ပြန် လွှတ်ပေး၍ မဖြစ်သေး ။ မတော် တစ်စုံတစ်ခု လမ်းမှာ ဖြစ်ခဲ့သော် ၊ မိဘ ထံ ပင် သေချာ အပ်နှံ ရပေမည် ။ လွှတ်ပုံ မရတော့ ကောင်လေး က မျက်ရည် ကူသည် ထင့် ။ ငိုသည် ။ ဒါကို ရှင်မီးမယ် က ဝမ်းသာဟန် မထီ ကြည့် သူ့ အပေါင်းအသင်း ကို ကြည့် နေသည် ။ နှစ်ဦး ယှဉ် ကြည့် မိ မှ အဆင်းအသွင် ကွာ သလို အမူအရာ က လည်း ကွဲ သည် ။

“ မင်းတို့ ဘယ်မှာ တွေ့ကြတာလဲ ”

“ သူ က လာ ခေါ်တာ ။ ကျွန်တော်တို့ က ဒီ ရွာ ကို ဒီ နှစ် မှ ရောက်တာ ။ မြောင် ကို ပြန်ရင် ဂျုံဆန် ကျိုသောက်ရအောင် လိုက် သွားတာပါ ”

“ မင်း က ကျောင်းနေတယ် ။ သူ က ကော ”

“ ဟဲ့ နင့် မေးနေတယ် ။ ဖြေလိုက်လေ ”

“ ဟင့်အင်း ”

သူ က ဒါပဲ ဖြေသည် ။ စဉ်းစားထားသော ဆုံးမစကား တို့ သည် ပျောက် သွားကြသည် ။ သင်းကလေး နား နဲ့ တန်အောင် ဘယ်လို ပြောရပါ့ ။ ခိုးတာ မကောင်းကြောင်း ၊ ခိုးလျှင် ငရဲကြီး တတ်ကြောင်း ၊ အင်း ဒါလောက်နဲ့ ဖြုံမည့် ပုံ မတွေ့ရ ။ သူ့ ဥစ္စာ ကို သိလျက်သား နဲ့ လောဘ စိတ် ထား ခိုးယူလို ကဗျာလေး ဆို ပြ ၊ အဲ … လောဘစိတ် ထား လောဘ ဟုတ်မယ် မထင်ပါဘူးလေ ။

နောက်ဆုံးတော့ …

“ မင်းတို့ မှာ သူငယ်ချင်းတွေ မရှိဘူးလား ”

ဘာကြောင့် မေးသလဲ ဆိုသည့် အကြည့် နှင့် ပြန် ကြည့်နေကြသည် ။ ဟို မယ်ရှင်မီး က ဖြင့် အရေး မလုပ် ။ လမ်းမ ဘက် လှမ်း ငေး နေလိုက်သေး ။

“ အေး အဲဒီ သူငယ်ချင်းတွေ မင်းတို့ အကြောင်း ကြား သွားရင် မင်းတို့ ကို ကဲ့ရဲ့လိမ့်မယ် ။ နောက်ပြီး ... ”

ကောင်လေး မျက်တောင် ပုတ်ခတ် လှုပ်သည် ။ ဟုတ်ပြီ ဒီအချက် ကို ဖိ ပြောပေးရမယ် ။

“ စာရိတ္တ မကောင်းဘူး ဆိုပြီး အပေါင်းအသင်း မလုပ်ချင်ကြဘူး ။ ဒါတင်မက အဖမ်းအဆီးလည်း ခံ ရတတ်တယ် ။ ဒါကြောင့် သူ တစ်ပါး ဟာဆို မပေးဘဲ မယူရဘူး ။ လိုချင် တောင်းရတယ် ။ ဂျုံဆန် ကျို သောက် ချင် ရင်လည်း တောင်း ”

“ အံမယ် အိမ် ပြန် မလာပါလား အောက်မေ့နေတာ ၊ သင်းက ဒီလိုဖြစ်နေတာကိုး လာခဲ့ ”

အဒေါ်ကြီး တစ်ယောက် သုတ်သုတ် ဝင် လာသည် ။ လှည်းမီးချဖို က ဖြစ်မည် ။ ရောက်လျှင် ရောက်ချင်း မြေးလက် ကို ဆွဲ ကာ တင်ပါး ကို လက်ဝါး နှင့် ဖြန်းဖြန်းချ ၍ မဆင့် မီးဖိုဆောင် မှ ထွက်လာကာ …

“ မလုပ်ပါနဲ့ အဒေါ် ။ နောင် မလုပ်အောင်သာ ဆုံးမပေးပါ ”

“ ဆုံးမပါတယ် တူမ ရယ် ။ အခုဟာ က လည်း ဟို အဆွယ် ကောင်း လို့ ဖြစ် ရတာပါ ။ နောင် မဖြစ်စေရပါဘူး ။ အမယ်လေး … လူကြီးအိမ် မပို့တာပဲ ကျေးဇူး တင်လှပါပြီ ”

ပြောသင့် ဆိုသင့် သော စကားလေးတွေ ဝင် ပြောပေးကာ ကောင်လေး ကို ထည့် ပေးလိုက်သည် ။ မဆင့် က သူ့ဂျုံတောင်းလေး ကို လည်း ဂျုံနှံတွေနှင့် တကွ ပြန် ပေးလိုက်သည် ။ ထို မြေးအဘွား ပြန်မည် ပြုတော့ ရှင်မီးမလေး ကလည်း လိုက်အံ့ ပြင်သည် ။ ပြန်ထည့် လိုက်၍ မဖြစ်သေး ။ သူ က ဒီ အမှု တွင် အခရာ ။ သူ့ မိဘ ထံ သေချာ အပ်နှံမှ ။

“ ညည်း က နေခဲ့ဦး ”

နှစ်ယောက် လာ ရာ တစ်ယောက် ပြန်ရပြီး သူ ကျန်ရစ်တော့ ဝမ်းနည်း လာသည် ထင့် ။ ရှင်မီးမ ဟီးခနဲ ငိုချ လိုက်သည် ။ မီးဖိုချောင် မှ မဆင့် ပင် ပြန် ထွက်လာပြန် ကာ ဘာဖြစ်တာလဲ စူးစမ်းရသည် ။

“ ဟဲ့ မငိုနဲ့လေ ။ ခုနက အဒေါ်ကြီး နဲ့ နင့် အမေ ကို မမှာလိုက်ဘူးလား ”

“ အီး ဟီး ကိုတွတ် သိရင် သ-တ် မှာ အီး ဟီး ဟီး ”

ရော် ခက်ပြီ ။ ကိုတွတ် တဲ့ ။ ဒါ သူ့ အဖေ နေမှာ ။ သင်း ခုမှ ကြောက်ရ ကောင်းမှန်း သိတယ် ။ အဲဒီ ကိုတွတ် ဆိုတဲ့ လူကို က ချာတာ ။ ကလေး ကို ဒီအရွယ် နဲ့ ခိုင်းစား ရမလား ။ ကလေး ရဲ့ကောက်သင်း ကောက် တဲ့ လုပ်စာ က ဘယ်လိုများ များမှာ မို့လဲ ။ ကောက်သင်း ကောက် လို့ မရပြန်ရင်လည်း ငြိုငြင်ကြဦး မှာ ။ ဒါကို ကြောက် တဲ့ ကလေး က ကောက်သင်း မရတော့ ရတာ ယူ ။ ရတာ ယူ ရင်း အတင့် ရဲ ပြီး …

“ ညည်း နာမည် ဘယ်လို ခေါ်တုံး ”

“ မတွတ် ”

“ ညည်း အဖေ က ကော ”

“ ကိုတွတ် ”

“ ဟေ အဖေ က လည်း တွတ် ၊ သမီး က လည်း တွတ် ဟုတ်ပေ့ကွာ ”

မဆင့် က ရယ်သည် ။ နောက် နေတာလား လို့ သင်းကလေး ကို ပြန် ကြည့်ရသေးသည် ။ သူ က ခပ်တည်တည် ပင် ။ မင်းတန်းရွာ တောင်ပိုင်း ထဲ က ဖြစ်မယ် ထင်ကြောင်း မဆင့် က ဝင်မေးတော့ …

“ ဟုတ်တယ် ။ တောင်ပိုင်း ၊ ဦးစံရွှေ တို့ အိမ်နား က ”

“ ညည်း အဖေ က ဘာလုပ်လဲ ”

“ မသိဘူး ။ ကိုတွတ် က တော့ ဦးစံရွှေအိမ် မှာ လူငှား လုပ်တယ် ”

“ ကိုတွတ် က ညည်း အဖေ မဟုတ်လား ”

“ ဟုတ်တော့ ဟုတ်တယ် ။ သူ က အမေ့ ယောက်ျား ”

“ ဟေ ”

အာမေဍိတ် ကို တော်တော် ကျယ်ကျယ် ပြုမိသည် ။ နားမျက်စိ လည်ကုန်ပြီ ။ ကိုတွတ် ။ သူ က အမေ့ ယောက်ျား ။ အဖေ က ဘာ လုပ်မှန်း မသိ ။ လယ်သူရင်းငှား လုပ်တယ် ။ ဘယ့်နှယ်တုံး ။ သူ့ အဖေ ကို တိုင်မည် စိုး၍ ပါးစပ် ထဲ ရှိတာတွေ ပြောနေတာ ဖြစ်မည် ။ စောစောကပဲ ကိုတွတ် က ရိုက်မှာ စိုးကြောင်း ပြောခဲ့သေးသည် ။ ကိုတွတ် က သူ့ ဖအေ မဟုတ်လို့ ၊ ဘယ်သူ့ အဖေ တုံး ။ ဇဝေဇဝါ ဖြစ်ဟန် ကို ကြည့်ရင်း နှမ ဖြစ်သူ မဆင့် ရယ် ( ရီ ) နေသည် ။ မကျေနပ်၍ ထပ်ပြီး …

“ ညည်း အဖေ က ဘယ်သူ ”

“ မသိဘူး ”

“ ဟင် ခုနက တော့ ကိုတွတ် ဆို ”

“ ကိုတွတ် က အမေ့ ယောက်ျားရယ် ”

“ အမ်း နင့် အမေ ယောက်ျား က နင့် အဖေ ”

ကျွန်တော် ၏ လောဂျစ် မကျ အတွေး ကို အချိန်မီ ကျွန်တော့်နှမ က ဝင်ရောက် ဖြေရှင်းပေးသည် ။

“ သူ့ အမေ က ယောက်ျား နှစ်ယောက် ဖြစ်မယ် ထင်တယ် မောင်မောင် ” ဟု တီးတိုး ပြောသည် ။

ပြီးမှ …

“ ဦးစံရွှေ တို့ အိမ် နား က ဆိုတော့ မရင့် သမီး လား ”

“ ဟုတ်တယ် တော့် ”

ခုမှ လိပ်ပတ်မွှတ် တော့ သည် ။ အမေ့ ယောက်ျား တိုင်း အဖေ မဟုတ်နိုင် ။ သူ က ကြောက်ရွံ့ ရသည် ဆိုတော့ အင်း ခေါင်လိုက်တဲ့ ငါ ။ နှမ ဖြစ် သူ က စာရေးဆရာ ဆိုသည့် အစ်ကို့ အဖြစ် ကို ကြည့်ရယ်ပြန်သည် ။ ရယ်သင့်သပ ငါ့ နှမ ရယ် ။

“ ကိုတွတ် က အမေ့ ယောက်ျား ။ ညည်း အဖေ က ဒါဆို ဘယ်သွားတုံး ”

“ မသိဘူး တော် ။ ကျုပ် ငယ်ငယ် ကတည်း က မရှိတာ ”

ကိုတွတ် ကို ခေါ်ဖို့ ပြောတော့ အကျောက်အကန် ငြင်းဆန်ခဲ့တာကို ရိပ်မိပြီ ။ ဒါဆို အချိန်မီသေးလား ။ သူ့ အမေ ကို သာ အခေါ် ခိုင်းရ ကောင်းသား ။

“ ညည်း အမေ ကို မမှာလိုက်ဘူးလား ”

“ အမေ က မရှိဘူး ။ ဟိုးအနောက်တာ ဆီ မှာ ဂျုံရိတ်လိုက် နေတယ် ”

“ ပြန်ရောက်တော့ လာမှာပါ ”

“ လာချင် မှ လာ မှာ တော့် ။ မိုးချုပ် မှာ မို့ မောင်လေး ကို ကွမ်းရွက်ပြုတ်ရည် တိုက်ထားဖို့ မှာ ခဲ့တယ် ”

“ မောင်လေး က ဘာဖြစ်လို့လဲ ”

“ သူ လား ၊ ဖျား နေတာ ။ ခုလောက်ဆို ကျုပ် ကို မျှော်လှရော့မယ် ”

“ ကိုတွတ် တိုက် ထားမှာပေါ့ကွယ် ”

“ ကိုတွတ် လား ၊ ခုချိန် ဆို သူ က မူး နေမှာ ”

သဘော ပေါက်ပြီ ။ သင်းကလေး ကို ဘယ်လို ပြန်လွှတ်ရပါ့ ။ တစ်ယောက် တည်း လွှတ်လိုက် ရ အောင် ကလည်း နေဝင်လုပြီ ။ သူ့ အိမ် က လိုက်မခေါ်နိုင် လျှင် ခက်ကပြီ ။ တတ်နိုင်ဘူးလေ ။ တူတော်မောင် ရေမိုးချိုးပြီး လောက် မှ စက်ဘီး နဲ့ ဖြစ်ဖြစ် လိုက် ပို့ခိုင်းရတော့မည် ။ ထိုစဉ် မဆင့် က ဟင်းတွေ ပုံ ထည့်ထားသော ထမင်း တစ်ပန်ကန် ကို ယူလာကျွေးသည် ။ သူ ဟန်မဆောင်နိုင် မွတ်သိပ်စွာ လွေးတော့သည် ။

မဆင့် က “ ထမင်း လိုရင် ထပ်တောင်း နော် ”

ထမင်း ကို အားရပါးရ စားနေသော သူ က ကျွန်တော့် ကို တစ်စုံ တစ်ခု သင်ပြ နေသယောင် ပင် ။

( ၆ )

“ ကျွန်မ သတင်း ကြား လို့ ရောက်ရောက် ချင်း လာတာ ။ သာထွန်းရွာ အနောက် ပိုင်း က အိမ်ကြီး တစ်အိမ် မှာ ဖမ်းထားတယ် ဆိုတော့ ဒါဆို အမေကြီးကံ တို့ အိမ် နေမှာ ပဲ ဆိုပြီး လိုက်လာတာ တော်ပါသေး ။ ဟဲ့ လာခဲ့ မသာမလေး ”

အသက် သုံးဆယ် ကျော် အရွယ် မိန်းမ တစ်ယောက် ။ ကျွန်တော်တို့ မိခင်ကြီး နာမည် ကို ပြောကာ ဝင်လာပြီး မတွတ်ကို ဆွဲသည် ။ ရိုက်အံ့ ရွယ် ၍ မောင်နှမ နှစ်ယောက် ပျာပျာသလဲ ။

“ မလုပ်ပါနဲ့ ၊ မလုပ်ပါနဲ့ ”

“ မရိုက်ပါနဲ့ ”

တားမြစ်ကြရသည် ။ မအေ လက် ထဲ တွင် ယက်ကန် ယက်ကန် ပါ နေသော မတွတ် ကိုလည်း ကွယ်ကြ ၊ ကာကြရသည် ။ အဝေး က ပြန် လာသော မိခင် သည် သမီး ကို မတွေ့ ။ သား ကို လည်း ဆေး မတိုက် ရသေး ။ ချက်ရေးပြုတ်ရေး က လည်း မစီမံရသေး ။ ဒီအထဲ ခုလို တစ်ရွာ ကို လိုက်လာရ ဆိုတော့ ဒေါသ ထွက် ပေမပေါ့ ။ တစ်ရွာ နှင့် တစ်ရွာ အလှမ်း မဝေးတာ ကို ပင် ကျေးဇူး တင်ရသေး ။

မမှောင်ခင် ပြန်ကြဖို့ သတိ ပေးရင်း သူ့ အထုပ်လေး ကို ပြန် ပေး လိုက်ကြသည် ။ အစစ နှမြော တတ် သူ အဖြစ် နာမည်ထွက် သော ကျွန်တော့် နှမ အပျိုကြီးမ က ဂျုံနှံလေးတွေ ပြန် မယူလိုက်သည့် ပြင် ပဲ တစ်ပြည် ထပ် ဆောင်း ကာ …

“ ရော့ ဒါ မတွက် ကို ပေးတာ ။ အိမ် ကျ ပြုတ်စားဖို့ ”

ပြန် သွားကြသော သားအမိ ကို ငေး ကြည့်ရင်း နေ့ခင်း ဘက် က ညီအစ်ကို တစ်တွေ ဝိုင်းဖွဲ့ ပြောခဲ့ကြသော ဂေဟစနစ် အကြောင်း ကို ဥပမာ အသစ် နှင့် ပြောပြ ရပေဦးမည် ။

◾ကံထွန်းသစ်

📖 ရွှေအမြုတေမဂ္ဂဇင်း
      ဖေဖော်ဝါရီ ၊ ၂၀၀၉ ။

#ကိုအောင်နိုင်ဦး

.