Showing posts with label မင်းရှင်. Show all posts
Showing posts with label မင်းရှင်. Show all posts

Monday, December 22, 2025

ကျေးဇူးတင်ပါသည်


 

❝ ကျေးဇူးတင်ပါသည် ❞
          ( မင်းရှင် )

ညက တစ်ညလုံး “ မိုးနဲ့ မြေ ” အခန်းဆက် ဝတ္ထုရှည် စတုတ္ထပိုင်းကို ရှုမဝ မဂ္ဂဇင်း ဖောင်ပိတ်အမီ ရေးပေးရန် စာရေးစားပွဲ၌ ကြိုးစားပမ်းစား ခြင်ကိုက်ခံ၍ ထိုင်မိသော်လည်း စာမျက်နှာ တစ်မျက်နှာ ပြည့်အောင် မရေးနိုင်ဘဲ နံနက် ၃ ချက်တီးခဲ့ရသောကြောင့် တရေးတမော အိပ်လိုက်ဦးမည်ဟု အိပ်ရာထက်သို့ ပြန်တက်မိပါသည် ။

သို့သော် အိပ်၍ မရနိုင်တော့ဘဲ မျက်စိများ ကြောင်ကာ ဝတ္ထု အကြောင်းကိုသာ စဉ်းစားချင်ရာ စဉ်းစားနေမိ၏ ။ ထိုအခါ ကျွန်တော့်မှာ ပို၍ အိပ်မရနိုင်တော့ဘဲ မျက်လုံးကြောင်တောင်နှင့်ပင် မိုးစင်စင် လင်းခဲ့ရပြီးလျှင် စာမရေးနိုင်သည့် ကိုယ့်အဖြစ်ကိုယ် တစ်ယောက်တည်း မကျေမချမ်း ပြန်လည် စဉ်းစားနေမိပါတော့သည် ။

သည်လိုပဲ တစ်ခါတစ်ရံ စာရေး၍ မရနိုင်သောအခါများတွင် ဘာရယ်လို့ မဟုတ် ၊ စာတစ်မျက်နှာ ရေးဖို့ မဆိုထားဘိ ၊ စာတစ်ကြောင်း ပြီးစီးဖြစ်မြောက်အောင် ရေးဖို့ အလွန်တရာ ခက်ခဲနေတတ်၏ ။ ဦးနှောက်ထဲ၌ ဇာတ်ကွက် ဇာတ်လမ်း စီကာစဉ်ကာ ရှိထားပြီး ဖြစ်ပေမယ့်လည်း ထို အစီအစဉ်ကို စာဖွဲ့ဖို့ရာ အကျပ်အတည်း အမျိုးမျိုးနှင့် ကြုံကြိုက်ရတတ်၏ ။

ထိုရောအခါများဝယ် စာရေးခြင်း အတတ်သည်ကား မလွယ်ကူပါကလားဟု အားငယ် စိတ်ပျက်မိရင်းက စာရေးဆရာဘဝနှင့် အသက်မွေး ဝမ်းကျောင်း ပြုနေရသည်ကိုပင် ကြောက်ရွံ့လာမိသည် ။

ထိုအခါမျိုးတွင် ကျွန်တော်သည် မိမိနှင့် အနီးကပ်ဆုံး နေထိုင်လျက်ရှိသည့် သူငယ်ချင်း စာရေးဆရာ မိုးဝေ ထံမှ စိတ်ဓာတ်အကူအညီ ယူတတ်စမြဲ ဖြစ်သည့်အတိုင်း ၊ ထိုနေ့ မနက်ကလည်း ရှုမဝတိုက်သို့ သွားရန် ရေမိုးချိုး ၊ အဝတ်အစားများ ဝတ်စားပြီးနောက် ဝတ္ထုအကြောင်း တိုင်ပင်နှီးနှောမည်ဟု ရည်ရွယ်ကာ သူတို့အိမ်ဘက်သို့ လျှောက်ခဲ့မိလေ၏ ။

ပဏ္ဍိတလမ်းအတိုင်း တဖြည်းဖြည်း လျှောက်လာခဲ့၍ ဦးချိုလမ်း နှင့် ဒယ်အိုးစက်လမ်း နှစ်ခုဆုံရာ လမ်းကြားကလေးသို့ ရောက်ခါနီးတွင် - “ ထင်းဗျို့ ၊ ထင်း ထင်း ” ဟူသော တကြော်ကြော် အော်သံနှင့်အတူ ကျွန်တော့်ရှေ့ ခပ်လှမ်းလှမ်းမှ ထင်းတွေ အပြည့်နှင့် သုံးဘီးတပ် လက်တွန်းလှည်းကလေး တစ်ခုကို တွန်းသွားကြသည့် ထင်းသည် သားအမိအား တွေ့လိုက်ရသည် ။

ထို ထင်းသည် မိသားစုကား ဆင်းရဲနွမ်းပါးလှစွာ ဝတ်စားထားသည့် အသက် ( ၄ဝ ) ကျော် ယောက်ျားကြီး တစ်ဦး ၊ ၃၀ - ၃၅ နှစ်ရွယ်ရှိ မိန်းမ တစ်ယောက်နှင့် လက်တွန်းလှည်းပေါ်ရှိ ထင်းပုံကြီးထိပ်က နှပ်တွဲလောင်းဖြင့် ထိုင်၍ လိုက်ပါလာသော အခါလည်သားအရွယ် ကလေးငယ်တို့ ဖြစ်ကြ၏ ။

သူတို့ မိသားစုသည် ဘယ်အချိန်ကစ၍ ထင်းရောင်းထွက်လာခဲ့ကြသည် မသိ ။ ယောက်ျားကြီးရော မိန်းမတို့ပါ ဆံပင်ခေါင်းစုတ်ဖွားနှင့် ရှိကြပြီး ယောက်ျားလုပ်သူမှာ အင်္ကျီစွပ်ကျယ် မပါ ။ ကိုယ်ခန္ဓာအောက်ပိုင်း လုံရုံမျှ မွဲတေညစ်ထည်းလှသော လုံချည်ကိုသာ တိုတိုပါအောင် ဝတ်ထားလေ၏ ။ ထိုနည်းတူစွာပင် မိန်းမ လုပ်သူမှာလည်း ထဘီကို ရင်ရှားထားပြီးမှ အပေါ်က ဗရပွ စုတ်ပြတ်နေသော ချေးအထပ်ထပ်နှင့် အင်္ကျီကလေးကို ဝတ်ထားခြင်း ဖြစ်၏ ။

အခါလည်အရွယ် ကလေးငယ်မှာလည်း အအေးဓာတ် ထွေးပတ်ဆဲ ဤလို နံနက်ခင်း အချိန်မျိုး၌ အင်္ကျီမပါ ကိုယ်လုံးတီးကလေးနှင့် ဖြစ်ချေသည် ။

သူတို့ လက်တွန်းလှည်းကလေးမှာ ထင်းတွေ အပြည့်အလျှံရှိနေတုန်း ပင် ဖြစ်သည်နှင့်အညီ -

“ ထင်း ... ထင်း ... ထင်းဗျို့ ” ဟူသော ထင်းသည် ယောက်ျားကြီး၏ အသံမှာလည်း ပို၍ ကျယ်လောင်သည်ဟု ထင်ရသည် ။

ကျွန်တော်လည်း သူတို့တစ်တွေ နောက်နားကပင် ကပ်၍ လိုက်ပါ လာခဲ့မိရင်း ဦးချိုလမ်းနှင့် ဒယ်အိုးစက်လမ်းနားသို့ မရောက်မီ မြောင်းကူး တံတားကလေး တစ်ခု အလွန်တွင် ထင်းသည် လင်မယားမှာ သူတို့ ထင်းလှည်းကလေးကို ဆက်မတွန်းနိုင်သည့် အခြေသို့ ဆိုက်ရောက်နေကြောင်း တွေ့လိုက်ရတော့၏ ။

ထို လင်မယားသည် ထင်းလှည်းကလေးကို တံတားပေါ် ကျော်ဖြတ် တွန်းသွားပြီးသည့်နောက် ရှေ့တည့်တည့်တွင် ရင်ဆိုင် ကာဆီးနေသည့် မတ်စောက်လှသော ကုန်းမြင့်ထက်သို့ ဆက်မတွန်းနိုင်တော့ဘဲ ရပ်တန့်သွား ခြင်း ဖြစ်၏ ။

ထိုနေရာတွင် လမ်းကလေးသည် သိသိသာသာကြီး မြင့်တက်သွားလေရာ ၊ လက်တွန်း သုံးဘီးလှည်းကလေးမှာ အမောက်အလျှံ တင်ဆောင်လာသော ထင်းများ၏ အလေးချိန်ကြောင့် လည်းကောင်း ၊ လှည်းဘီးများမှာလည်း လွယ်လင့်တကူ မလိမ့်နိုင်သည့် သံထည်ဘီးများ ဖြစ်နေ၍ လည်းကောင်း ထို ကုန်းမြင့်ကို ရှောရှောရှူရှူ မတက်နိုင်ဘဲ ရှိလေသည် ။

ထင်းသည် ယောက်ျားကြီးသည် ရိုးရိုးတန်းတန်း တွန်းရုံဖြင့် မရနိုင်တော့ကြောင်း သိလိုက်ရသည်နှင့် တစ်ပြိုင်နက် “ ဟေ့ .. နေဦး ” ဟု ပြောပြောဆိုဆို လက်တွန်းလှည်း လက်ကိုင်တန်းအောက်သို့ ခေါင်းကြီး ငုံသွင်းလိုက် ပြီးနောက် နွားတစ်ကောင် လှည်းထမ်းပိုးကို ဘို့ဖြင့် တွန်းရုန်းဘိသကဲ့သို့ သူ့ကျောကုန်းကြီးဖြင့် တွန်းရန် ကြိုးစားနေတော့၏ ။

လင် ဖြစ်သူက နွားလို ရုန်းသည်နှင့် တစ်ချိန်တည်းမှာပင် မယား လုပ်သူကလည်း ဝိုင်း၍ တွန်းရှာလေ၏ ။

ထင်းလှည်းကလေးသည် ကုန်းမြင့် တစ်ဝက်နားအထိ ရောက်ရှိသွား ပြီးခါမှ တွန်းသူ လင်မယားနှင့် တစ်ပါတည်း ပြန်၍ လျှောဆင်းလာသည် ။ ယောက်ျားကြီးသည် စိတ်အား အနည်းငယ်မျှ မလျော့ဟန်ဖြင့် နောက် တစ်ချီ နွားကဲ့သို့ပင် လှည်းလက်ကိုင်တန်းကို ကျောကုန်းနှင့် တအား တွန်း၍ ရုန်းပြန်ပါသည် ။ မယားလုပ်သူကလည်း အင်အားကုန် ညှစ်ထုတ်ကာ ဝိုင်း၍ တွန်းပေးရှာသည် ။

ထင်းလှည်းကလေးသည် ခုနကအတိုင်းပင် အနည်းငယ်မျှ ရွေ့လျား သွားပြီးနောက် လှည်းရော လူတွေပါ ပြန်လည် လျှောဆင်းလာပြန်၏ ။

လှည်းပေါ်မှ ကလေးငယ်ကား မိဘနှစ်ပါး ချွေးတဒီးဒီးနှင့် တွန်းနေကြသည့် အဖြစ်ကိုပင် သဘောကျစွာ စိုက်ကြည့်နေလေ၏ ။ ကျွန်တော်လည်း နောက်ထပ် ဆက်၍ ကြည့်မနေရက်တော့ပါ ။

စောစောကတော့ သူတို့ လင်မယား၏ ကြိုးပမ်းချက်ကို ကြည့်နေရခြင်းသည်ပင် စိတ်ဝင်စားဖွယ် ကောင်းလှဘိ၏ ။

ယခုတော့ ချွေးသီးချွေးပေါက်များကို လက်ညှိုးဖြင့် သပ်ချလိုက်ရင်း ဟောဟဲ .. ဟောဟဲနှင့် မောနေရှာသူ ထင်းသည် မိန်းမကြီးအား လည်းကောင်း ၊ လက်တွန်းလှည်း လက်ကိုင်တန်းအောက်မှ ခေါင်းကြီးကို ပြန်ထုတ်၍ လုံချည် ခါးပုံစဖြင့် မျက်နှာမှ ချွေးများကို သုတ်လိုက်ရာက -

“ ထင်းတစ်ချောင်းမှလည်း ဈေးဦးမပေါက်သေးပါဘူးကွာ ၊ ဒီထင်းတွေနဲ့တော့ ဒီကုန်းပေါ် တို့ တွန်းနိုင်မှာ မဟုတ်ပါဘူး ။ တခြားလမ်းကပဲ လှည့်သွားကြရအောင်ကွာ ” ဟု လက်လျှော့ ညည်းတွားလိုက်သော ထင်းသည် ယောက်ျားကြီးအား ၎င်းနောက်နားမှ ကြည့်နေမိရင်းကပင် “ ငါ့နှယ် သူများ ဒုက္ခကို စောစောကတည်းက ဝင်မကူညီဘဲ ကြည့်နေရက်မိလေခြင်း ” ဟု ကျွန်တော့်ကိုယ် ကျွန်တော်ပင် ပြစ်တင် နောင်တ ရနေမိပါတော့သည် ။ သို့နှင့် ကျွန်တော်လည်း သူတို့လင်မယား အနီးသို့ လျှောက်သွားပြီးလျှင် -

“ ကဲ ... နောက်တစ်ချီ တွန်းကြစမ်းပါဦးဗျာ ၊ ကျွန်တော်ပါ ဝိုင်းပြီး တွန်းပေးပါ့မယ် ” ဟု ပြောပြောဆိုဆို သူတို့နှင့်အတူ ထင်းလှည်းကလေးကို ဝင်ရောက်ကူညီ တွန်းပေးလိုက်ပါသည် ။

ဤတစ်ချီ၌ကား ထင်းသည် ယောက်ျားကြီးက စောစောတုန်းကအတိုင်း လှည်းလက်တန်းအောက် ခေါင်းကြီး လျှို၍ နွားကဲ့သို့ ရုန်းသလိုပင် သူ့ဇနီးသည်နှင့် ကျွန်တော်တို့ကလည်း ဝိုင်းဝန်း တွန်းပေးလိုက်ကြသောကြောင့် ထင်းလှည်းကလေးမှာ တဖြည်းဖြည်းနှင့် ကုန်းမြင့်ထက်သို့ ရောက်ရှိသွားတော့၏ ။

ကျွန်တော့်မှာ လူနှစ်ယောက် အင်အားကို အနည်းငယ် ဖြည့်တင်းပေး လိုက်ရရုံမျှနှင့်ပင် မောချင်သလို ဖြစ်သွားမိပါသည် ။ နဖူး၌ အနည်းငယ် စို့လာသည့် ချွေးကို သုတ်ရန် အပေါ်အင်္ကျီအိတ်ထဲမှ လက်ကိုင်ပဝါကို ထုတ်လိုက်မိစဉ် အချိန်တွင်ကား ကျွန်တော့်အဖို့ အံ့အားမသင့်ဘဲ မနေနိုင်သည့် ဖြစ်ရပ်တစ်ခုနှင့် ရင်ဆိုင်လိုက်ရတော့၏ ။

ထို ဖြစ်ရပ်သည်ကား အခြားမဟုတ် ။ ထင်းလှည်းကလေး ကုန်းမြင့် ထက်သို့ ရောက်သွားသည်နှင့် တစ်ပြိုင်နက် ထင်းသည် လင်မယားသည် သူတို့ ဒုက္ခအခက်အခဲကို ကူညီ ဖြေရှင်းပေးသော ကျွန်တော့် တစ်ယောက်လုံး ကိုပင် လုံးဝ ဂရုစိုက်ဖော် မရတော့ဘဲ လမ်းနှစ်ခွရှိသည့်အနက်မှ လက်ယာဘက်လမ်း ဖြစ်သော ဒယ်အိုးစက် လမ်းကြားအတိုင်း သူတို့ ထင်းလှည်း ကလေးကို ဆက်တွန်းသွားကြခြင်းပင် ဖြစ်ပါသည် ။

ထိုအခါကျမှပင် ကျွန်တော့်မှာ ဒေါသ ထောင်းခနဲ ထွက်သွားရာက မိုးဝေတို့ အိမ်ဘက်သွားရာ လက်ဝဲဘက်လမ်းကို ဆက်မလျှောက်နိုင်သေးဘဲ မကျေချမ်းသော မျက်လုံးများဖြင့် ထင်းသည် လင်မယားအား စိုက်ကြည့်လိုက်မိ၏ ။

တကယ်ဆိုတော့ သူတို့သည် ကျွန်တော့်အား ကျေးဇူးတင်စကားလေး တစ်ခွန်းလောက်ကိုတော့ ပြောသွားသင့်ပါသည် ။ အပေါ်အင်္ကျီ ၊ ဘန်ကောက် လုံချည်တို့ဖြင့် သားသားနားနား ဝတ်ဆင်လာပါလျက်နှင့် ဤကဲ့သို့ အလိုက်သိတတ်စွာ ကူညီပေးခြင်းအတွက် ကျေးဇူးသိတတ်ဖို့ ကောင်းပါသည် ။ ကျွန်တော်သည် ဤမျှ ကျေးဇူးမသိတတ်သူတွေကိုမှ အပင်ပန်းခံ၍ ကူညီမိလေခြင်းဟု ရင်ထဲ၌လည်း မကျေနိုင် မချမ်းနိုင် ဖြစ်သွားမိလေ၏ ။

ထိုအခိုက် ထင်းသည် လင်မယားသည် ကျွန်တော်နှင့် ခပ်လှမ်းလှမ်းသို့ အရောက်တွင် ကျွန်တော့်ထံသို့ လည်ပြန်ကြီးတွေ လှည့်ကြည့်နေကြသည်ကို မြင်လိုက်ရ၏ ။

ကျွန်တော့်မှာလည်း သူတို့အား စိတ်ပျက် ဒေါသထွက်ကာ ကိုယ့်လမ်း ခရီးကိုယ် ဆက်လျှောက်သွားတော့မည် လုပ်ပြီးခါမှ ဤကဲ့သို့ လှည်းကို ရပ်၍ နှစ်ယောက်သား ကျွန်တော့်အား လှမ်းကြည့်လိုက်ကြသည်ကို ဂရုမပြုဘဲ မနေနိုင်အောင် ဖြစ်သွားမိပါတော့သည် ။

သူတို့ လင်မယား နှစ်ယောက်စလုံး၏ အကြည့်သည်ကား သာမန် အကြည့်မျိုးနှင့် လုံးဝ မတူ ။ သူတို့ အပေါ်တွင် ခံပြင်းစိတ်ဖြင့် စူးစူးဝါးဝါး လှမ်းကြည့်ခဲ့မိသည့် ကျွန်တော်၏ မျက်လုံးများနှင့်လည်း အလျှင်း မဆိုင် ။ သူတို့ အကြည့်တွင် သန့်စင်နူးညံ့သော သဘောထားများသာ ဖုံးလွှမ်း ပေါ်လွင်လျက် ရှိပေ၏ ။

ထိုအကြည့်များကို မြင်လိုက်ရသော အခါတွင်မှ စောစောပိုင်းက ကျွန်တော့် ရင်ထဲ၌ ဗလောင်ဆူလျက် ရှိခဲ့သည့် ခံစားမှု မှန်သမျှလည်း လွင့်စဉ် ကွယ်ပျောက်သွားကုန်၏ ။ ထိုအခါကျမှပင် သူတို့တစ်တွေ၏ စိတ်ရင်း သဘောထားကို နားလည်သလိုလို ရှိလာမိသည်နှင့်အမျှ မိမိကိုယ် မိမိလည်း အတော်ကြီး ရှက်သွားမိပါသည် ။

ဤထင်းသည် လင်မယား ကဲ့သို့သော လူတန်းစားမျိုးအဖို့ စောစောက ကျွန်တော် အငမ်းမရ ကြားချင်နေသည့် “ ကျေးဇူးတင်ပါသည် ” စကားမျိုးကို တုံ့ပြန်ဖို့ရာ မဆိုထားဘိ ၊ ပြောသင့် ပြောအပ်သည်ကိုပင် နားလည်ချင်မှ နားလည်ကြပေမည် ။

သူတို့ဘဝ အခြေအနေမျိုးတွင် ကျွန်တော်တို့ တစ်တွေကဲ့သို့ ဟန်ဆောင်သော အပြုံးတို့ဖြင့် “ ကျေးဇူးတင်ပါသည် ၊ ကျန်းမာ ချမ်းသာပါရဲ့လား ၊ တွေ့ရတာ အလွန်တရာမှ ဝမ်းသာလှပါသည် ” စသည်ဖြင့် ပြောစကောင်းသည် ဟူ၍လည်း လေ့ကျင့် နားလည်ထားခြင်း မရှိ ။

လူတစ်ယောက်က တစ်ယောက်ကို ကူညီစောင်မခြင်းသည် ကျေးဇူး အတုံ့အပြန်ကို ရယူလို၍ ပြုလုပ်ခြင်း မဟုတ်ကြောင်းကို သူတို့ကမှ ကျွန်တော့်ထက် ပို၍ သဘောပေါက်ကြဟန် တူသေး၏ ။

“ ကျေးဇူးတင်ပါသည် ” ဟူသော စကားမျိုး သူတို့ နှုတ်ဖျားမှ ထွက်မလာငြားသော်လည်း သူတို့ မျက်လုံးကြီးများကပင် ပြောကြားလျက်ရှိခြင်း ဖြစ်ပေလိမ့်မည် ။ ခုနက သူတို့၏ အကြည့်သည်ကား ကျွန်တော့် အပေါ်ဝယ် ကြည်ညိုလေးစားမှု ၊ ကျေးဇူးတရား သိတတ်မှုတို့ကို နှုတ်အားဖြင့် ထုတ်ဖော် ပြောပြမည့်အစား မျက်နှာရိပ် မျက်နှာကဲ ဖြင့်သာ ဖော်ပြကြသည့် အကြည့်မျိုး ဖြစ်ချေလိမ့်မည် ။

သူတို့ လင်မယားသည် ဤထင်းတွေကို တစ်နေကုန် တစ်နေခန်း ရောင်းချပြီးနောက် မောကြီးပန်းကြီးနှင့် အိမ်ပြန်ရောက်ကြသော အခါတွင်မှ နှစ်ယောက်သား စကားစပ်မိကြရင်း ကျွန်တော့် အပေါ်ဝယ် ထားရှိအပ်သည့် ကျေးဇူးတရားများကို သူတို့ နားလည်သော စကားတို့ဖြင့် တတွတ်တွတ် ပြောချင်လည်း ပြောနေကြလိမ့်မည် ။

မည်သို့ပင်ဖြစ်စေ ကျွန်တော့်မှာကား ကိုယ်တွေ့ ဖြစ်ရပ်ကလေး တစ်ခုပေါ်မှ နေ၍ အသိဉာဏ် အချို့ကို ရရှိလိုက်ခြင်းကြောင့် လည်းကောင်း ၊ ညလုံးပေါက် ထိုင်၍ စာတစ်မျက်နှာ ရေးမရဘဲ အားငယ်လျက်ရှိစဉ် ထို ဖြစ်ရပ်ကလေးကို ယခုလို တစ်ထိုင်တည်းနှင့် ရေးဖြစ်သွားခြင်းအတွက် လည်းကောင်း သူတို့တစ်တွေအား -

“ ကျေးဇူးတင်ပါသည် ”

▢  မင်းရှင်
📖 မြဝတီ မဂ္ဂဇင်း
      ဇွန် ၁၉၆၁

Tuesday, December 3, 2024

ပီတိ

 

☂️ ပီတိ
      ( မင်းရှင် )

ကျွန်တော် နေထိုင်သော အိမ်မှာ ရန်ကုန် - အင်းစိန် လမ်းမကြီး၏ အတွင်းဘက် ချောင် ခပ်ကျကျ ရပ်ကွက်ကလေး တစ်ခု တွင် ဖြစ်၍ ၊ ရန်ကုန် သွားလိုသော အခါများ တွင် ပေတစ်ရာ လမ်းမကြီး သို့ မော်တော်ကား ထွက် စီးရန် အတွက် မြေနီလမ်းကလေး အတိုင်း ဆယ့်ငါးမိနစ် ၊ မိနစ် နှစ်ဆယ်မျှ လမ်းလျှောက်ရ ပါသေးသည် ။

ထို့ကြောင့် ရုပ်ရှင် အချိန်မီ သွားကြည့်လိုသော အခါများတွင် အိမ်မှ ပေတစ်ရာ လမ်းမကြီး အထိ လမ်းလျှောက်ရာတွင် ကုန်မည့် မိနစ် နှစ်ဆယ်ခန့် အပြင် စည်းကမ်းမရှိ ရပ်ချင်တိုင်း ရပ် ၊ လူစောင့်ချင်တိုင်း စောင့် တတ်သည့် မော်တော်ကားများ ပေါ်၌ ကုန်မည့် အချိန်ကိုပါ ထည့်သွင်း ခန့်မှန်းခြင်းဖြင့် အနည်းဆုံး တစ်နာရီ နီးပါးမျှ ကြိုတင် ထွက်ရလေ့ရှိပါသည် ။

တစ်နေ့ကမူကား ဝတ္ထုတစ်ပုဒ် ကို စိတ်ပါလက်ပါ ရေး နေမိရာက “ အိပ်ဆယ်စီယာ ” ရုပ်ရှင်ရုံ၌ ၁၂ နာရီခွဲပွဲ ကြည့်ရန် မိတ်ဆွေ တစ်ယောက် နှင့် ချိန်းဆိုထားသည် ကို အချိန်ကပ် မှ သတိရမိသည် ။ ၎င်း မိတ်ဆွေကပင် ရုပ်ရှင်လက် မှတ်များ ဝယ်ပြီး ရုံ မှ စောင့်နေမည် ဖြစ်သောကြောင့် မိမိ ၏ ဝတ္တရား ပေါ့လျော့မှု အတွက် အားနာ၍ မဆုံးနိုင်အောင် ရှိပါတော့သည် ။

ချက်ချင်းပင် အဝတ်အစား ကမန်းကတန်း လဲ၍ အိမ်မှ ထွက်ခဲ့ရာတွင် အချိန်မှာ ၁၂ နာရီတိတိ ရှိနေလေပြီ ။ ၁၂ နာရီမခွဲမီ ရုပ်ရှင်ရုံ အရောက် သွားရပေမည် ။ အခါတိုင်း တစ်နာရီ နီးပါး ကြိုတင် ထွက်ရလေ့ ရှိသော လမ်းခရီး ကို နာရီဝက် အတွင်း အလုအယက် ခရီး နှင်ရမည် ဖြစ်၍ ကျွန်တော် လည်း မြေနီလမ်းကလေး အတိုင်း ခြေကုန်သုတ်ခဲ့ မိပါတော့သည် ။

သို့ အလျင်အမြန် လျှောက် လာခဲ့စဉ် လမ်းပေါ် တွင် တုတ်ကလေး တစ်ချောင်း ထောက်ကာ ထောက်ကာ ဖြည်းဖြည်းကလေး လျှောက်လျက် ရှိသော အဘွားအိုကြီး တစ်ယောက် ကို အမှတ်မထင် ဖြတ်ကျော်လာခဲ့မိပါသည် ။

ကျွန်တော်က အရေးကြီးသုတ်ပျာ လျှောက် နေသလောက် အဘွားအို မှာကား ခြေနှစ်ချောင်း ကို အနိုင်နိုင် လှမ်း၍ လှုပ်လီလှုပ်လဲ့ ၊ ခနော်နီခနော်နဲ့ လျှောက်နေ ရှာသည် ။ ကျွန်တော် လည်း ထို အဘွားအို အား တစ်ချက် မျှ လည်ပြန် ငဲ့ကြည့်ကာ ကိုယ့် လမ်းခရီး ကိုယ် ဆက်လက် သုတ်ခြေတင်ခဲ့ပါတော့သည် ။

ထိုအခိုက် ရန်ကုန် မိုးသည် ဗြုန်းခနဲ ဖွဲဖွဲကလေး ရွာချလိုက်တော့ရာ လက်ထဲ တွင် ပါလာသော ဖဲထီးကို ဖွင့်ဆောင်း လိုက် မိပါသည် ။ မိုးရေ တော့ လုံသွားပြီ ။ မော်တော်ကားဆိပ် အရောက် ဆက် လျှောက်ရဦးမပေါ့ ။

မိုးကလေး တဖွဲဖွဲ တွင် ခပ်သုတ်သုတ် လျှောက်ရန် အားခဲလိုက် မိသော်လည်း ကျွန်တော် သည် ရှေ့သို့ ဆက်၍ ခြေလှမ်းရမည့် အစား နောက်သို့ လှည့်ကြည့် လိုက်မိပါသည် ။

အဘွားအိုကြီး တွင် ဆောင်းစရာ ၊ မိုးစရာ ထီး မပါသဖြင့် မိုးရေမှ ခိုလှုံစရာ သစ်ပင် အရိပ်အာဝါသ အကာအကွယ် တစ်စုံတစ်ရာ ကို ရှာဖွေနေပုံ ရသည် ။ သို့ရာတွင် လမ်းကလေး တစ်လျှောက်လုံး တွင် အဘွားအို မိုးခိုရန် နေရာ တစ်ခုတလေမျှ မတွေ့ရပါ ။ အဘွားအို ခမျာ မိုးရေ ထဲ၌ ခိုကိုးရာမဲ့ ဖြစ်နေရှာ တော့သည် ။

မိုးသည် လည်း တဖွဲဖွဲရွာ နေရာက တစ်စတစ်စ သည်း လာလေပြီ ။ ကြာလျှင် အဘွားအို တစ်ကိုယ်လုံး ရွှဲရွှဲစိုလျက် ၊ စုတ်ပြတ်ညစ်ထည်း သော အဝတ်အစားများ အောက် မှ အရိုးပြိုင်းပြိုင်း ကိုယ်ခန္ဓာကလေး ရေစိုတွင် ပေါ်လာရချေတော့မည် ။ မိုး က စိုစို ၊ ချမ်းချမ်းစီးစီး နှင့် အအေးမိပြီး ဖျားနာ လို့ ရှိရင် -

ကျွန်တော့် စိတ်ထဲတွင် ရုတ်တရက် သနားကြင်နာစိတ်ကလေးများ ယိုဖိတ် လာရာက အဘွားအို အား ပြေး၍ ထီးမိုး ပေးလိုက်ချင်ပါသည် ။ သို့ရာတွင် ရုပ်ရှင်ရုံ အောက်၌ လက်မှတ် နှစ်စောင် ကို ကိုင်ရင်း ယောင်လည်လည် နှင့် စိတ်ပျက် ဒေါသထွက် နေရှာမည့် မိတ်ဆွေ၏ မျက်နှာ ကို မြင်ယောင် လာမိသောအခါ အဘွားအို အပေါ်ဝယ် ထားရှိမိသည့် စေတနာ မှာ တွန့်ဆုတ်သွား ပြန်တော့သည် ။

အဘွားကြီး နံဘေးနား က ထီး မိုး၍ လိုက်ရမည် ဆိုလျှင် သူ က လှုပ်လီလှုပ်လဲ့ ၊ ခနော်နီခနော် နဲ့ တစ်လှမ်းချင်း လျှောက်နေပုံမျိုး နှင့် အနည်းဆုံး မိနစ် နှစ်ဆယ်ခန့် ကြာမှ လမ်းထိပ်သို့ ရောက်တော့မည် ။ နာရီ ကြည့်လိုက် မိ တော့လည်း ၁၂ နာရီ ထိုး ပြီး၍ ဆယ်မိနစ် ကျော်နေပြီ ... ။

“ အို ရှုပ်ပါတယ်လေ ၊ ငါ ရင် ထဲ က စေတနာ ပျက်သွားတာမှ မဟုတ်ဘဲ ။ ငါ့ မိတ်ဆွေ နဲ့ အသေအချာ ချိန်းထားတဲ့ ကိစ္စ က ရှိနေတော့ ဘယ့်နှယ့် တတ်နိုင်ပါ့မလဲ ။ ရုပ်ရှင်ရုံ ကို ၁၂ နာရီခွဲ မရောက်နိုင်လို့ ရှိရင် ငါ့ မိတ်ဆွေကို ဒုက္ခ ပေးရာလည်း ရောက် မယ် ၊ ကတိ ဖျက်ရာလည်း ရောက် မယ် ။ အခုပဲ အချိန်တော်တော် နောက်ကျနေပြီ ။ ကိုယ့် ကိစ္စနဲ့ ကိုယ် အချိန် မီဖို့က အရေးကြီးပါတယ်လေ ”

ကျွန်တော် သည် ကိုယ့် လမ်း ကိုယ် ဆက်လျှောက် ပါတော့သည် ။ သို့သော်လည်း ခြေလှမ်း သုံးလေးလှမ်းမျှတွင် နောက်ဘက်သို့ လှည့်ကြည့်မိ ပြန်ပါသည် ။

အဘွားအိုကြီး ကား တုတ်ကလေး ထောက်ကာ ထောက်ကာ ၊ ခါးကလေး ကုန်းကုန်း - ကုန်းကုန်း နှင့် ဖြည်းဖြည်းချင်း လျှောက် နေမြဲပင် ဖြစ်သည် ။ တစ်ခါတစ်ခါတွင် တုတ်ကလေး ထောက်၍ ခဏ နားကာ သူ့ နဖူးရှုံ့ရှုံ့တွတွေကြီး ပေါ် မှ မိုးရေ မိုးစက်များ ကို အရိုးပြိုင်းပြိုင်းထသော လက်ချောင်းကလေးများ ဖြင့် သပ်၍ သပ်၍ ချတတ်သည် ။ မကြာမကြာ လည်း မိုး ကောင်းကင် သို့ မော်ကြည့် တတ်ကာ “ မိုးမင်းကြီးရယ် တိတ်တော်မူပါတော့ ” ဟု တောင်းပန် တိုးလျှိုး နေဘိ သကဲ့သို့ တတွတ်တွတ် ရေရွတ် နေသည်ကို တွေ့ရပါသည် ။

ကျွန်တော် လျစ်လျူ မရှုနိုင်တော့ပါ ။ မကြာသေးမီဘက ဆုံးဖြတ်ချက် အားလုံးသည် မိုးရေ ထဲ မျောပါ လွင့်စဉ် သွားလေပြီ ။ ရုပ်ရှင်ရုံ အောက်တွင် ယောင်လည်လည် နှင့် စောင့်နေမည့် မိတ်ဆွေ နှင့် တကွ သူ နှင့် ချိန်းဆိုထားသည့် ကတိ ကိုလည်း ဂရုမစိုက် အားတော့ပြီ ။

ကျွန်တော် လည်း အဘွားအိုကြီး ရှိရာသို့ ချက်ချင်း ပြန် ပြေးမိပြီး လျှင် သူ ၏ ပိန်ချုံးသေးသွယ် လှသော ကိုယ်ခန္ဓာကလေး ကို ထီး ဖြင့် မိုးကာ ပေးလိုက်ပြီးနောက်

“ ဘွားဘွား ဘွားဘွား မိုးတွေ သည်း လာပြီ ။ ကျွန်တော့် နား တိုး ၊ ကျွန်တော် ထီးမိုး ပေးပါမယ် ” ဟု လှိုက်လှဲသော အသံဖြင့် ပြောလိုက် မိ၏ ။

အဘွားအိုကြီး လည်း စောစောက ကျွန်တော် သူ့ နံဘေး နား မှ ဖြတ်ကျော် လျှောက်ခဲ့သည် ကို ပင် သတိ ပြုလိုက် မိဟန် မတူ ။ ရုတ်တရက် ကျွန်တော် သူ့ နံဘေး နား ရောက်လာပြီး ထီးမိုး ပေးလိုက်သော အခါတွင် မှ ဝမ်းမြောက်ဝမ်းသာ မော် ကြည့်ရင်း

“ အမယ်လေး ငါ့ မြေးရယ် ၊ ဘုန်းကြီး လို့ သက်ရှည်ပါစေကွယ် ၊ ဘုန်းကြီးလို့ သက်ရှည်ပါစေ ” ဟု တုန်ယင် လှိုက်လှဲသော အသံကြီး ဖြင့် ဆုတောင်း ပတ္ထနာ ပြုနေရှာတော့သည် ။

ထိုအခိုက်အတန့်ကလေးဝယ် ကျွန်တော် သည် ဘာကိုမျှ သတိ မရတော့ဘဲ အဘွားအိုကြီး ၏ ဆုတောင်းသံ တွင်သာ နစ်မွန်း ကြည်နူးလျက် ရှိတော့သည် ။ ကျွန်တော် သည် မိမိ ဆုံးဖြတ် ပြုမူလိုက်သော ဆောင်ရွက်ချက် အတွက် ကျေနပ်နှစ်သိမ့် ပီတိတစိမ့်စိမ့် ဖြာဝေနေမိပါတော့သတည်း ။

◾မင်းရှင်

[ စာနယ်ဇင်း အမည် ၊ လ နှင့် ခုနှစ်တို့ ကို ရှာမတွေ့ ။ ]

📖လမ်းပေါ်မှာ

Tuesday, September 17, 2024

မရှိ ခိုးနိုး

❝ မရှိ ခိုးနိုး ❞
━━━━━━━━━
      မင်းရှင်
━━━━━━━━━
ကျွန်တော်တို့ မိသားတစ်စု စခန်းချရာ အနီးသို့ အဘွားအိုကြီး တစ်ဦး ရစ်သီ ရစ်သီ လုပ်နေခဲ့သည် မှာ ကျွန်တော်တို့ နံနက်စာ ထမင်းစား စ ကတည်းက ဖြစ်လေသည် ။

“  အဘွားကြီးခမျာ စားချင် သောက်ချင်လို့ များလားကွယ် ” ဟု မေမေကြီး ( ကျွန်တော့် ဘွားအေ ) က ကရုဏာသံ ဖြင့် ပြောလိုက်သဖြင့် ညီညီ့ ကို သွား အမေး ခိုင်းရာ အဘွားကြီး သည် ခေါင်းခါ ငြင်းပယ်လိုက်ရာ က ပြုံး ရုံသာ ပြုံး ပြခဲ့ပါ သည် ။ 

သို့သော် အဘွားအို သည် ကျွန်တော်တို့ လူသိုက် ကိုသာ ကြောင်တောင် တောင် မျက်လုံးများဖြင့် မျှော်ကြည့်ရင်း ကျွန်တော် တို့ အနီးအနားတစ်ဝိုက် မှာပင် ရစ်ဝဲ ရစ်ဝဲနှင့် လျှောက်နေခဲ့၏ ။

ထိုအခါက ကျွန်တော် သည် ဂျပန်တော်လှန်ရေး မှ ပြန်လည် ရောက်လာခါစ အသက် ( ၁၈ ) နှစ် မျှသာ ရှိခဲ့သော်လည်း စာရေးသူ တစ်ယောက် ဖြစ်ချင်လှသော စိတ်စွဲဖြင့် ၊ လက်ရေးစာစောင်ကလေးများ တွင် စာ အတိုအထွာ လေးများ စတင် ရေးခါစ ဖြစ်သည်နှင့်အညီ အဆိုပါ အဘွားကြီး နှင့် စပ်လျဉ်း ၍ စိတ်ကူးအမျိုးမျိုး ယဉ်ကြည့်မိခဲ့သေး၏ ။

အဘွားကြီး မှာ အသက် အားဖြင့် ( ၆၀ ) ရွယ်ခန့် မျှ ဟု ခန့်မှန်းနိုင် သော်လည်း ဆင်းရဲနွမ်းပါးလှသည့် အခြေအကြောင့် အသက်မှန် ထက် ပိုပြီး  အိုမင်းရင့်ရော်ပုံ ရလေသည် ။ နဖူးရေများ ၊ ပါးရေ နားရေများ လိမ်တွန့်နေရုံ သာမက ပါးစပ်ထောင့် တစ်ဖက် တစ်ချက် ရှိ နှုတ်ခမ်းသားများ သည်လည်း တွန့်၍ တွဲ၍ ကျကာ အရိုးပေါ်တွင် အရေခွံ လျော့ရဲရဲ ကို သာ မြင်နိုင်၏ ။ မျက်နှာ သာလျှင် မဟုတ် ၊ သူ့ တစ်ကိုယ်လုံး မှာလည်း ထိုနည်းနှင်နှင် အရိုးပေါ် အရေတင်ရုံမျှသာ ဖြစ်၏ ။ သူ့ ကိုယ်ပေါ် လွှမ်းခြုံ ဆင်ယင်ထားသည့် ရင်ဖုံး အင်္ကျီ နှင့် ထဘီ တည်း ဟူသော အဝတ် နှစ်ထည် မှာလည်း ဖွာရရာ စုတ်ပြတ် ၊ ကြေး ( ဂျီး ) အထပ်ထပ် လူးကျံကာ ရေ နှင့် မတွေ့ရသည်မှာ ကြာလှပြီ ဖြစ်ကြောင်း ထင်ရှားလှတော့သည် ။

ထို ဆင်းရဲတွင်း နက်လှသည့် အဘွားအို နှင့် ကျွန်တော့် မေမေကြီး တို့ အား နှိုင်းယှဉ် ကြည့်မိသော အခါတွင် အသက်အရွယ်ချင်း အတူတူ ၊ နေထိုင် စားသောက်ပုံ အဆင့်အတန်း ကွာခြားချက်ကြောင့် မေမေကြီး က သူ့ ထက် ဆယ်နှစ်ခန့် ငယ်ရွယ်နုပျိုပုံ ရနေသည် ကိုလည်း သတိ ပြုလိုက်မိပါသည် ။ အဘွားအို သည်ကား မေမေကြီး ထက် အဆများစွာ ခါးကိုင်းလျက် ရှိချေပြီ ။

ထိုမျှ နွမ်းပါးလှသည့် အဘွားအို သည် စားဖို့ သောက်ဖို့ ဖိတ်ခေါ်ပါ လျက် အကြိမ်ကြိမ် ခေါင်းခါ၍ ငြင်းပယ်လိုက်သောကြောင့်လည်း ကျွန်တော့် စိတ်ကူးတွင် ဒီ အဘွားကြီး ဟာ စားချင်သောက်ချင်လို့ တို့ အနား လာမျှော်နေ တာလည်း မဟုတ် ။ သူ့ ခမျာ စစ်ကြီး အတွင်း က သားတွေ သမီး တွေ ဆုံးရှုံး ခဲ့ပြီး တစ်ကောင်ကြွက် တစ်မျက်နှာ ဖြစ်နေရှာတာလား ။ တို့ မိသားတစ်စု သိုက်သိုက်ဝန်းဝန်း ပျော်ပျော်ပါးပါး စားသောက်နေကြတာ တွေ့ပြီး သူ့ သား တွေ ၊ သမီးတွေ ၊ ဆွေမျိုးသားချင်း တွေ ကို လွမ်းဆွတ် အောက်မေ့ နေရှာတယ် ထင်ပါရဲ့  ။ သူ့မှာ စစ် အပြီး ငါ့ လို အိမ် ပြန် ရောက် မလာတဲ့ သား များ ရှိနေရော့ သလား စသည်ဖြင့် စိတ်ကူးတွေ ယဉ်နေမိတော့၏ ။

အဘွားကြီး ကတော့ ကျွန်တော်တို့ တစ်တွေ ကို လှမ်း ၍ ပြုံးလိုက် ၊ သူ့ ဘာသာ သူ တတွတ်တွတ် ရေရွတ် ပြောဆိုလိုက် နှင့်ပင် သစ်ပင်ရိပ် အောက် ၌ သွား ထိုင်တော့သည် ။ အဘွားကြီး ကို ကြည့် ရသည်မှာ အဖော်အပေါင်း တစ်စုံတစ်ရာ နှင့် လာဟန် မတူ ။ တစ်ယောက်ထီး တည်း ဝေ့လည်လည် ယောင်ချာချာ နှင့် ဟိုလျှောက် သည်လျှောက် လူ ပျောက် ရှာသူ တစ်ယောက် နှင့် ပင် တူနေတော့၏ ။ သူ့ အပြုအမူများ ကို မြင်ရခြင်း အားဖြင့် ဖုန်းတောင်းယာစကာ ထဲက မဟုတ်ကြောင်း လည်း ထင်ရှားနေသည် ။ အဘွားကြီး သည် သစ်ပင် ရိပ် အောက်ဝယ် အပန်းဖြေ နေဟန် တူ၏ ။

ကျွန်တော် တို့ မိသားစု မှာ ထိုနေ့က အင်းလျားကန် “ ရပ်ရှောကျွန်း ” ( ယခု ကြက်ကျွန်း ဟု ခေါ်နေသည့် နေရာ ) သို့ ပျော်ပွဲစား ထွက်ခဲ့ကြခြင်း ဖြစ်လေသည် ။ ကျွန်တော်တို့ မေမေ နှင့် ဒေါ်ဒေါ်ကြီး ( မေမေ့ အမေ ) တို့သည် နံနက်စောစော ကတည်းကပင် ထမင်းဟင်းလျာများ ချက်ပြုတ် စီစဉ်ခဲ့ကြ၏ ။ ထို့နောက် မေမေကြီး နှင့်တကွ မေမေ ၊ ဒေါ်ဒေါ်ကြီး နှင့် ကျွန်တော် တို့ မောင်နှမ လေးယောက် တို့သည် ထမင်းဟင်းလျာ စားဖွယ် သောက်ဖွယ်များကို ယူဆောင် ကာ အင်းလျားကန် သို့ တပျော်တပါး ထွက်ခဲ့ကြလေသည် ။ ဖေဖေ ကတော့ လိုက်မလာခဲ့ချေ ။

ဂျပန်တော်လှန်ရေး အတွင်း ရန်ကုန်မြို့ မှ ဂျပန်များ ဆုတ် မပြေးမီ လေး ၌ ကျွန်တော့် အိမ်သား အားလုံး တို့ သည် ဂျပန် စစ်တပ် တစ်ခု ရုံး စိုက်ရာ မိမိတို့ ရပ်ကွက်မှ ဗုံးဒဏ် အန္တရာယ် ကို ရှောင်ရှားသည့် အနေနှင့် အင်းလျား “ ရပ်ရှောကျွန်း ” တွင် တဲကလေး တစ်လုံး ထိုး၍ နေခဲ့ကြသည် ဆို၏ ။ စစ်အပြီး တွင် ထို တဲကလေး ကို လူ တစ်ယောက် ထံ ရောင်းချခဲ့ ပြီးနောက် ကမာရွတ် နေရင်း အိမ်သို့ ပြန် ပြောင်းခဲ့ကြလေသည် ။ 

“ ကိုကို မရှိတုန်း အတူးတို့ အင်းလျား ပြောင်းနေခဲ့တုန်း ကများဆို ဘယ်လို ပျော်မှန်း မသိဘူး ကိုကို ရာ ၊ ရေကူးလို့ လည်း ကောင်း ၊ ကစားလို့ လည်း သိပ် ကောင်းတာပဲ ။ အတူး ရော ညီညီ ရော ရေ လည်း ကောင်းကောင်း ကူးတတ် ပြီ ။ ဒိုင်ဘင် လည်း ကောင်းကောင်း ထိုးတတ်ပြီ ။ အင်္ဂလိပ် လေယာဉ်ပျံတွေ ရန်ကုန် ထဲ ဗုံး လာလာ ကြဲရင် အတူး တို့တော့ ရေလယ်ကျွန်း ကို ရေကူး သွား ကြပြီး ဘိုင်စကုတ် ကြည့်သလို ဇိမ် နဲ့ ကြည့် ကြတာပဲ ” စသည်ဖြင့် အင်းလျား တွင် နေထိုင်ခဲ့စဉ် ပျော်ရွှင်မြူးထူးခဲ့ကြပုံများ ကို အတူး က အားရပါးရ စားမြုံ့ ပြန်တတ်ပါသည် ။

“ ကိုကို မင်း အခု ထက်ထိ ရေ မကူးတတ်သေးဘူး မဟုတ်လား ။ ငါတို့ တော့ မွှတ် နေပြီ ” ဟုလည်း ကျွန်တော့် ညီ အလတ် ညီညီ က ခပ်ကြွားကြွား ပြောတတ်၏ ။

“ စမ်းစမ်း တို့တော့ ဖေဖေတို့ ညီညီတို့ မျှားတဲ့ ငါးတွေ ၊ ပုစွန်တွေ ခဏခဏ စားရတာပဲ ” ဟုလည်း ညီမလေး စမ်းစမ်း က ဖောက်သည်ချ တတ် လေ၏ ။

ကျွန်တော်လည်း စစ်အတွင်း က လက်လွတ်ခဲ့ရသော အနှီ နေရာသို့ ပျော်ပွဲစား သွားကြရန် တိုက်တွန်း ပူဆာမိပါတော့သည် ။

အင်းလျားကန် သို့ ရောက်ခဲ့ကြ၍ အိမ်သားများ နေခဲ့သည် ဆိုသော တဲကလေး ကို မြင်မိသည့်အခါ၌ကား ငါ ကော ဒီ တဲကလေးမှာ ငါ့ မိဘတွေ ၊ ညီ ညီမတွေ နဲ့ အတူတူ နေခဲ့ရရင် ဘယ်လောက် ပျော်လိုက်မလဲဟု လွန်လေပြီးသော အချိန်များ ကိုပင် နှမြော တမ်းတ လိုက်မိတော့၏ ။ အမှန်ပင် ထိုနေရာကလေး မှာ ပကတိ သာယာစိမ်းစို ၊ တကယ်ပင် နှစ်လိုဖွယ်ရာ ကောင်းတော့ သည် ။ အင်းလျားရေပြင် ဝယ် လှိုင်းကြက်ခွပ်ကလေးများ ထနေသည်မှာ စိန်ပွင့် ကလေးများ ကြဲဖြန့်ထားသည် နှင့် တူပြီး ၊ ရေစပ်များ တွင် ညွှတ်ကျ အုပ်ဆိုင်း လျက် ရှိသော သစ်ပင်များ မှာလည်း တင့်တယ် ရှုမောဖွယ် ကောင်းလှသည် ။

ညီညီ ၊ အတူး ၊ စမ်းစမ်း တို့သည် သူတို့တစ်တွေ ဆော့ကစားခဲ့ကြ သည့် နေရာများ ၊ ငါး ၊ ပုစွန် မျှားခဲ့ကြသည့် ရေစပ်ကလေးများ ၊ ရေကူးခဲ့သော နေရာများကို ကျွန်တော့်အား ကျွန်း အနှံ့အပြား လိုက်ပြကြလေ၏ ။

“ ဂျပန်တွေ ပြေးတော့ ဟို တိုက်ကြီး ထဲပေါ့ ။ ညီညီ တို့ လှေ နဲ့ သွားပြီး ကု,လားထိုင်ကြီး နှစ်လုံး သယ် လာခဲ့တာ ။ ညီညီ တို့သာ နောက်ထပ် သယ်နိုင် ရင် စန္ဒရားကြီး တွေတောင် ယူလာနိုင်သေးတယ် ။ ဖေဖေ က မယူရဘူး ဆိုလို့ ပေါ့ ” ဟု တစ်ဖက်ကမ်း မှ တိုက်ဖြူဖြူကြီး တစ်လုံး ကို လက်ညှိုးထိုး ပြရင်း ညီညီ က စားမြုံ့ပြန် လိုက်သေးသည် ။

ညီညီ နှင့် အတူး တို့သည် အတော်ပင် ဝေးသည့် ရေလယ်ကျွန်းကလေး တစ်ကျွန်း သို့လည်း လက်ပစ်ကူး ပြလိုက်ကြသေး၏ ။

ကျွန်တော့် မှာ ညီ ညီမများ က ပြသမျှ တို့ကို တအံ့တဩ ပင် ကြည့် နေမိတော့သည် ။

နံနက်စာ စားသောက်ချိန် ၌လည်း အဘယ်မျှ စားမြိန်သည် ကို မဖော်ပြ နိုင်စွမ်းတော့ပေ ။ ထမင်းစားရင်း သောက်ရင်း၌ လည်း အတူး ရေကူးတတ် ခါစ ရေလယ်ကျွန်း အထိ တိတ်တဆိတ် ကူးသွားသည် ကို သိတုန်းက ဖေဖေ တို့ ၊ မေမေ တို့ ရင်တမမ နှင့် ပူပင်သောက ရောက်ခဲ့ကြရပုံ ၊ အတူး ကို ပြန်ကူး မလာရန် လှမ်းအော်ပြီး နောက် ဖေဖေ ကိုယ်တိုင် လှေ တစ်စီးဖြင့် သွားခေါ်မည် အလုပ် အတူး က ရေထဲ ခုန်ဆင်း ပြန် ကူးလာသဖြင့် အသည်းတထိတ်ထိတ် နှင့် ရင်ဘတ်စည်တီး ဖြစ်ခဲ့ကြရပုံ ၊ ဖေဖေ က ရေလယ် တွင် လှေပေါ် ဆွဲတင် ခဲ့ပြီးလျှင် သစ်ပင် တွင် ကြိုး တုပ်၍ ဒေါသတကြီး ရိုက်နှက် ဆုံးမခဲ့ပုံများ ကို မေမေကြီး က ပြောပြနေပါသည် ။ သူတို့ ပြောသမျှ အဖြစ်အပျက်ကလေးများ ကား စိတ်ဝင်စားဖွယ် တစ်မျိုးကောင်းတော့သည် ။

ကျွန်တော် စစ် ထဲမှ ပြန်ရောက်လာခါစက ကျွန်တော် ၏ အတွေ့အကြုံ များကို ဖောက်သည်ချခဲ့စဉ် သူတို့ တစ်တွေ က စိတ်ပါဝင်စားခဲ့ကြ သလိုပင် ၊ ယခု တစ်ဖန် သူတို့ ပြောသမျှကို ကျွန်တော် က တစ်လှည့် ငေးမော နားထောင် ရပြန်ပြီ ။

ကျွန်တော့် ကို ဂျပန် ကင်ပေတိုင်များ ဖမ်းဆီးသွားပြီ ဟု သိကြရသော နေ့ က မေမေ တို့ တစ်အိမ်သားလုံး အော်ဟစ် ငိုယိုခဲ့ကြစဉ် ကျွန်တော့် အစ်ကို မိန်းမ မမအုံး နှင့် မေမေ တို့ ၏ မိတ်ဆွေ ဒေါ်ဒေါ် အိုင်မေ တို့ ကပါ ဝမ်းနည်း ပမ်းနည်း ဝင် ငိုခဲ့သည် ကိုလည်း မေမေ က မျက်ရည်ကလေး တဝဲဝဲ နှင့် ပြောပြ ရှာလေ၏ ။ ထို အခိုက်အတန့်ဝယ် သုံးနှစ် နီးပါးမျှ မိဘသားချင်းများ ဖြင့် ခွဲခွာနေခဲ့ရပြီးနောက် ယခုလို သိုက်သိုက်ဝန်းဝန်း ပြန်လည် တွေ့ဆုံကြရသည့် ထူးကဲလှသော အရသာ ကို ကျွန်တော် နားလည် ခံစားမိတော့သည် ။ ပိယေဟိ ဝိပ္ပယောဂေါ ဒုက္ခေ - ချစ်နှစ်သက်သူများ နှင့် ကွေကွင်းရခြင်း သည် ဒုက္ခ ဖြစ်သည် နှင့် အမျှ ၊ ထိုသူများနှင့် ဥမကွဲ သိုက်မကွာ ပေါင်းပေါင်း စည်းစည်း နေကြရခြင်းသည်လည်း အရသာ တကယ် ရှိပါကလားဟု တွေးမိ ပါ၏ ။

သို့မို့ကြောင့်လည်း ကျွန်တော်တို့ စခန်းချရာ အနီးတွင် ရစ်သီ ရစ်သီ လုပ်နေသည့် အဘွားကြီး အား မြင်လိုက်ရသော တစ်ခဏ၌ မိမိ ခံစားချက် နှင့် ကိုယ်ချင်းစာ နေမိတော့ကာ ကရုဏာ အမျိုးမျိုး ပွားမိခြင်း ဖြစ်ပါသည် ။ ကျွန်တော်တို့ တစ်တွေ သိုက်သိုက်ဝန်းဝန်း ပျော်ရွှင် စားသောက်နေကြသည် ကို အနားမှ တရစ်ဝဲဝဲနှင့် အာရုံစိုက် နေသဖြင့် လည်း ဤ အဘွားကြီး သည် ကျွန်တော် တို့ ကဲ့သို့ ဆွေစုံ မျိုးစုံ မရှိရှာတော့သည့် တစ်ကောင်ကြွက် ဒုက္ခသည်ကြီး ဖြစ်ကောင်း ဖြစ်လိမ့်မည်ဟု တွေးကြည့်မိခဲ့ခြင်း ဖြစ်ပါသည် ။ 

အဘွားကြီး သစ်ပင်ရိပ် အောက် သွား ထိုင်တော့မှပင် ကျွန်တော့် စိတ်ကူး များသည်လည်း တည်ငြိမ်စ ပြုတော့၏ ။

ထိုအခိုက် အတူး နှင့် စမ်းစမ်း တို့က “ ကိုကို ရေ ရေ ဆင်းကူးကြရအောင် လေ ” ဟု အဖော် ညှိလိုက်ကြသောကြောင့် -

“ အေး .. အေး .. ငါတော့ မင်းတို့လို ကောင်းကောင်း မကူးတတ်သေး ဘူးကွနော် ။ ရေတိမ်ထဲပဲ စိမ်ရမှာပဲ ” ဟု ပြောရင်း သူတို့ သွားရာ ကမ်းစပ်ဆီ သို့ ပြေး လိုက်သွားမိ၏ ။

ကျွန်တော်သည် ရှပ်အင်္ကျီ ကို ချွတ် ၍ သစ်ငုတ်တို တစ်ခုပေါ်တွင် သပ်သပ်ရပ်ရပ် တင်မိစဉ် မှာပင် အနီးရှိ သစ်ပင် အောက် မှ ကျွန်တော်တို့ မောင်နှမ အား စူးစိုက် မျှော်နေသော အဘွားကြီး ထံ လှမ်း ကြည့်လိုက်မိသေး၏ ။ အဘွားကြီး က ပြုံးပြုံးကြီး ပြန် ကြည့်လိုက်ပါသည် ။ 

ထို့နောက် ကျွန်တော်တို့ သည် ရေထဲ ဆင်းကာ အပျော်ကြီး ပျော်မိ ကြတော့သည် ။ တစ်ယောက် နှင့် တစ်ယောက် ရေပက်ကြ ၊ တစ်ယောက် ကို  တစ်ယောက် ရေ အောက်မှ ငုပ်၍ ဆွဲကြနှင့် မောရပန်းရမှန်းပင် သတိမရတော့ချေ ။ အတော်ကြာအောင် ဆော့လို့ ဝကြတော့မှ ကျွန်တော်တို့ တစ်တွေ ရေ ထဲက တက်ခဲ့ကြ၏ ။

သစ်ငုတ်တို ပေါ်မှ ရှပ်အင်္ကျီ ကို ကောက်ယူလိုက်မိခိုက် ကျွန်တော့် ရင်ထဲ ဒိန်းခနဲ ခုန်သွားပါသည် ။ ရှပ်အင်္ကျီအိတ် ထဲတွင် ပတ်ကား ဖောင်တိန် ကလေး မှာ မရှိတော့ပေ ။ ကျွန်တော့် မှာ ရင်ခုန်မိရုံ သာ မက စိတ်လည်း မောသွား မိပါသည် ။

မည်သည့်နည်းနှင့်မှ ကျပျောက်ခြင်း မဟုတ်ကြောင်း အတပ်သိပါ သည် ။ ရေထဲ မဆင်းမီ ရှပ်အင်္ကျီကို သစ်ငုတ်တိုပေါ် တင်ခဲ့စဉ်ကပင် အိတ် ထဲ၌ ဖောင်တိန်ကလေး ရှိခဲ့သေးကြောင်း ကျွန်တော် သေသေချာချာ မြင်ခဲ့ရ၍ ဖြစ်၏ ။ ရှပ်အင်္ကျီကိုလည်း ရိုးရိုး အမှုမဲ့ အမှတ်မဲ့ ပစ်တင်ထားခဲ့ခြင်း မဟုတ် ။ သပ်သပ်ရပ်ရပ် ဂရုတစိုက် ခေါက်တင် ထားခဲ့ခြင်း ဖြစ်၍လည်း အင်္ကျီ အိတ်တွင် ဖောင်တိန်လေး သေချာတပ်အပ် ရှိခဲ့ကြောင်းကို ကျွန်တော် သိနေပါတော့  သည် ။

ကျွန်တော်တို့ ရေထဲတွင် တပျော်တပါး ဆော့ ကစား နေစဉ်ကတော့  အင်္ကျီ ကို တစ်ကြိမ်တလေမျှ ပင် ပြန် မကြည့်မိခဲ့ ။ လုံးဝပင် သတိမရခဲ့ချေ ။ ထို အတောအတွင်း၌ တစ်စုံတစ်ယောက်သော သူ က ဖောင်တိန် ကို ချွတ်ယူ သွားနိုင်စရာ အကြောင်းကတော့ ရှိသည် ။ ရေဆင်းချိုးသည့် နေရာမှာ တဲ နောက်ဖေးဘက် ဖြစ်၍လည်း တဲ ပေါ် က မေမေတို့ တစ်တွေ သိလိုက် ၊ မြင် လိုက် ၊ ဂရုစိုက်လိုက်နိုင်မည် မဟုတ်ပေ ။

အဘွားကြီး လည်း သစ်ပင်ရိပ် အောက် တွင် မရှိတော့ဘဲ တဲရှေ့နား တွင် ရစ်ဝဲ ရစ်ဝဲ နှင့် လျှောက် နေပြန်လေပြီ ။

ခပ်လှမ်းလှမ်းတွင်မူ စားပြီး သောက်ပြီး စွန့်ပစ်ထားသော အကြွင်းအကျန်များ ကို နှုတ်သီးဖြင့် အငမ်းမရ ယက်ကာ ယက်ကာ စားသောက်နေ သည့် ခွေးနံပိန်ကလေး တစ်ကောင် ကို မြင်ရ၏ ။

“ အို .. ဒီ အဘွားကြီးတော့ မယူတန်ကောင်းပါဘူးလေ ” ဟု ကျွန်တော့် စိတ်များက အဘွားကြီး ကိုပင် အရင်ဆုံး သတိရမိတော့သည် ။ အဘွားကြီး အနေနှင့် ယူတန်စရာ အကြောင်း မရှိဟု ကိုယ့် စိတ် ကိုယ် ငြင်း နေရသော်လည်း ဤ အဘွားကြီး ကို သတိရမိခြင်းသည် ပင်လျှင် အဘွားကြီး အပြင် အခြား သူ တစ်ဦးဦးအား တွေး မရနိုင်သောကြောင့် ဟု ဆိုရပါမည် ။ သို့ကလို အဘွားကြီး အား စိတ် ထဲ က အမှတ်မထင် စွပ်စွဲလိုက်မိသည် ကိုလည်း မိမိ ကိုယ် မိမိ စိတ်ဆိုး ဒေါသထွက်မိတော့၏ ။ ဒီလို အသက်အရွယ်ကြီး ကို ငါ မထင်စကောင်းဘူး ဟု ကိုယ့် စိတ် ကိုယ် ပြန်လည် ဆုံးမနေမိပြန်၏ ။ ထိုကြား ထဲ က ဒီ အဘွားကြီး အပြင် ဘယ်သူကကော ယူပါ့မလဲ ဟု လည်း ထပ်မံ စွပ်စွဲနေချင်ပြန်တော့ သည် ။ နောက်ဆုံးမတော့ ထိန်းချုပ်ရခက်လှသည့် မိမိ စိတ် ကို မနှိမ်နင်းနိုင် တော့သည့် အဆုံး ၊ အို ... သူ ယူတာပဲ ဖြစ်ချင် ဖြစ်ပေစေတော့ ၊ ဖောင်တိန် ပျောက်တဲ့ အကြောင်းကိုတော့ ဘယ်သူ့မှ အသိ မပေးတော့ပါဘူးလေ ဟု စိတ် ဆုံးဖြတ် လိုက်မိတော့၏ ။

သို့သော် ဤ ဖောင်တိန်ကလေး ကို တော့ အမှန်တကယ်ပင် နှမြောမိပါ သည် ။ ကျွန်တော် ပထမဆုံး ပြိုင်ပွဲဝင် ဆုရခဲ့သည့် “ ချစ်ဝဲလည် ” ဝတ္ထု အတွက် ချီးမြှင့်ခံရသော ငွေ ဖြင့် ဝယ်ခဲ့သည့် ဖောင်တိန်ကလေး မို့ ဒီ ဖောင်တိန် နဲ့ ဝတ္ထု တွေ ဆက်ပြီး ရေးလိုက်မယ် ။ ဒီ ဖောင်တိန်ကလေး ဟာ ငါ့ ကို စာပေလောက ထဲ ရောက်စေတဲ့ အထိမ်းအမှတ် ပဲ စသည်ဖြင့် သံယောဇဉ် ကြီးမားခဲ့သည်နှင့် အမျှ ယခုလို ပျောက်ဆုံး သွားပြီကို သိလိုက်ရသော အခါ မေ့လွယ် ပျောက်လွယ် မနေနိုင်တော့ပါ ။ နှမြောတသ ယူကျုံးမရ ဖြစ်မိတော့သည် ။

ထို့ကြောင့်လည်း ဖောင်တိန် ပျောက်ကြောင်း ဘယ်သူ့မှ မပြောတော့ ဟု စိတ်ဆုံးဖြတ်ထားမိသည့် ကြား က -

“ မေမေ ၊ ကျွန်တော့် ဖောင်တိန်ကလေးများ ယူမိကြသလား ” ဟု မေမေ့ အား မေးဖြစ်အောင် မေးလိုက်မိတော့၏ ။

“ နေပါဦး ၊ မင်း ဖောင်တိန် က ဘယ် ထားခဲ့လို့ ငါ က ယူရမှာလဲ ”

“ အင်္ကျီအိတ် ထဲမှာပဲ ၊ ကျွန်တော်တို့ ရေဆင်း ကူးတုန်းက အင်္ကျီ ကို ချွတ်ထားပစ်ခဲ့ပြီး ပြန် တက်လာတော့ ဖောင်တိန် မရှိတော့ဘူး မေမေရ ၊ ဒါကြောင့် မေးတာ ”

သည်တော့မှပင် မေမေ နှင့်တကွ မေမေကြီး ရော ၊ ဒေါ်ဒေါ်ကြီး တို့ပါ ပြူးတူးပျာယာ ဖြစ်ကုန်ကြရာက ဒေါ်ဒေါ်ကြီး က -

“ ဘယ့်နှယ့်တော် ဒီနေရာမှာ တို့ချည်းပဲ ရှိတာ ၊ ဘယ်သူက မင်းဟာ ယူပါ့မလဲ ” ဟု ပြောကာမျှပင် ရှိသေးသည် ။ မေမေကြီး က ဝင်၍

“ ဟုတ်တယ်တဲ့ ၊ သူစိမ်းတစ်ရံဆံ ဆိုလို့ ဟို အဘွားကြီးပဲ ဒီ အနား လာတာ ။ ရူးသလိုလို နှမ်းသလိုလို နဲ့ ။ သူ့ကို လိုက်မေး ၊ သူ့ကို လိုက်မေး ” ဟု စတင် စွပ်စွဲ လိုက်ပါတော့သည် ။

ကျွန်တော် က စိတ်ကူးမိရုံမျှ ရှိသေးစဉ် မေမေကြီး တို့ကတော့ သည် အဘွားကြီး ကိုပင် တပ်အပ် စွပ်စွဲကြလေပြီ ။

“ ကဲ ... ကဲ ... အားနာ နေလို့တော့ မဖြစ်ဘူး ၊ မေးရင်လည်း မြန်မြန်မေး ကြမှ ၊ အဘွားကြီး ကြည့်ရတာ မယောင်မလည်နဲ့ ၊ တို့ သိသွားပြီ ဆိုပြီး ထွက်သွားဦးမယ် ” ဟု မေမေကြီး က သတိပေး လိုက်ရာ ၊ မေမေ နှင့် ဒေါ်ဒေါ်ကြီး တို့ ရှေ့ဆင့် နောက်ဆင့် အဘွားကြီး ဆီသို့ ပြေးသွား ကြတော့သည် ။ ကျွန်တော် လည်း ဘာ ဝင် ပြောရမှန်းပင် မသိတော့ဘဲ သူတို့ တစ်တွေ နောက်မှ ရော၍ လိုက်သွားမိ၏ ။ မေမေကြီး ပင်လျှင် နောက်ဆုံး က တုန်ချည့် တုန်ချည့် နှင့် လိုက်လာတော့သည် ။

“ ဒီမယ် အမေကြီး ၊ ဟိုနားက အင်္ကျီ ထဲ က ကလောင်တံကလေးများ ယူမိသလား ” ဟု မေမေ က အားတုံ့အားနာ အသံဖြင့် မေးလိုက်၏ ။

အဘွားကြီး မှာ အကျိုးအကြောင်း ဘာမျှ နားမလည်ဟန် ဖြင့် ကြည့်တိ ကြောင်တောင် ယောင်ချာချာ မျက်နှာထား နှင့် ပြန် ကြည့်လိုက်သည် ။

“ အမယ်ကြီး ၊ ကလောင်တံ ... ကလောင်တံ ၊ စာ ရေးတဲ့ ကလောင်တံ အမယ်ကြီး ယူထားလို့ ရှိရင် ပြန်ပေးပါ ” ဟု ဒေါ်ဒေါ်ကြီးက လက်ဟန် ခြေဟန် နှင့် ပြရင်း အတွင်သား ပြန် တောင်းနေပြန်၏ ။

အဘွားကြီး ကား ပါးစပ် အဟောင်းသား နှင့် ကြောင် နေသေးသည် ။

“ အဘွားကြီး ယူထားရင် ပြန်ပေး ၊ ဘာမှ မလုပ်ဘူး ။ ပြန်သာ ပေး ” ဟု မေမေကြီး က ခြိမ်းခြောက်သံ ပါပါဖြင့် တောင်းပန်လိုက်ပြန်သောအခါ ၊ အဘွားကြီး မှာ နား မလည်ဟန် ဆောင်၍ မရတော့ပုံ ဖြင့် ပဲကြီးရေစိမ် တမျှ ရှုံ့တွသည့် လက်ဝါးနှစ်ဖက် ကို မျက်နှာရှေ့တွင် ယမ်းကာ ယမ်းကာနှင့်

“ မယူဘူး မယူဘူး ” ဟု တုန်ယင်သော အသံကြီးဖြင့် ငြင်းလေတော့၏ ။ မေမေကြီး နှင့် ဒေါ်ဒေါ်ကြီး တို့လည်း ခေါင်းချင်းရိုက် တိုင်ပင်ကြရတော့၏ ။

“ အဘွားကြီး ကတော့ ငြင်းမှာပဲ ”

“ ဒါဖြင့် ဘယ့်နှယ့် လုပ်ကြမလဲ ၊ အတင်း နှိုက်ရှာလို့ မကောင်းဘူး ”

ဒေါ်ဒေါ်ကြီး က အကြံ တောင်းလိုက်သည့် အချိန်တွင်မူကား နံဘေး နားက ဘာ ဝင် ပြောရမှန်း မသိ ၊ အတော်ကြာအောင် ငြိမ်သက်နေခဲ့မိသော ကျွန်တော့် မှာ မနေသာတော့ဘဲ -

“ ဒီဖောင်တိန် ကျွန်တော့် စာရေးခ နဲ့ ဝယ်ခဲ့တာပါ မေမေ ၊ ကျွန်တော် အဆုံး ခံပါတော့မယ် ။ ဒီ အဘွားကြီး တော့ ဆက်ပြီး မေးမနေကြပါနဲ့တော့ ။ သူ ယူယူ မယူယူ ဆက် မမေးကြပါနဲ့တော့ ဒေါ်ဒေါ်ကြီးတို့ ရာ ။ သွား .. သွား ၊ အဘွားကြီး သွားတော့ သွားတော့ ” ဟု မေမေ တို့ ကိုလည်း တောင်းပန်ရင်း ၊ အဘွားကြီး ကို လည်း အတင်း နှင် ထုတ် နေမိပါတော့သည် ။

ထိုအခါတွင် မှ အဘွားကြီး လည်း တစ်စုံတစ်ရာ ကို တွေးတော ကြောက်ရွံ့ လာဟန်ဖြင့် နောက်ဆုတ် နောက်ဆုတ် ရွှေ့သွားရာက ခပ်လှမ်းလှမ်းတွင် ချာခနဲ လှည့်ကာ သုတ်သုတ် သုတ်သုတ်နှင့် ထွက်သွား လေတော့၏ ။

“ အေး မင်း ကတော့ နေရာတကာ သနားရ အားနာရ ။ ကြည့်ပါလား ၊ သူ ယူတာ တို့ သိပြီ ဆိုတာလည်း သိရော ဘယ်လောက် ကြောက် သွားသလဲ ။ အင်းလေ မင်း ပစ္စည်းပဲ ။ မင်း က အဆုံး ခံနိုင်မှတော့ ဘာ တတ်နိုင်ပါ့မလဲ ” ဟု မေမေ က ကရုဏာဒေါသော ပြောလိုက်ရာ ၊ ဒေါ်ဒေါ်ကြီး နှင့် မေမေကြီး တို့ ကလည်း ဖောင်တိန် ယူသူ ကို လက်ပူးလက်ကြပ် မိထားပါလျက်နှင့် ကျွန်တော့် ကြောင့် လွှတ်လိုက်ရပါသည်ဟု မကျေမနပ် ပြစ်တင် ပြောဆိုနေကြတော့၏ ။

“ ဒီ အရွယ်ကြီး ကျခါမှ သူ မို့လို့ လုပ်ရဲတယ်တော် ၊ ငရဲ မကြောက်ဘူး ထင်ပါရဲ့” ဟု မေမေကြီး က ပြောလိုက်ရာ မေမေ က

“ မဟုတ်ဘူးလေ အစ်မ ၊ ဆင်းရဲလွန်း အားကြီးတော့ လည်း ငရဲ ဘယ် ကြောက်ပါတော့မလဲ ။ အရွယ် နဲ့ မဆိုင်ပါဘူး ၊ ဆင်းရဲတော့ လည်း မက်မော တတ်တာပဲ ”

“ ကြည့်ရတာ သိပ်လည်း စိတ် နှံ့ပုံ မရဘူး ။ ဘာရယ်လို့ မဟုတ်ဘူး ၊ ပြောင်ပြောင် လက်လက်ကလေး မြင်တာနဲ့ ကောက်ထားလိုက်တာ ထင်ပါ ရဲ့ ” ဟု လည်း ဒေါ်ဒေါ်ကြီး က ထင်ကြေး ပေးလိုက်ပြန်ပါသည် ။

“ ကဲ လာကြပါ မေမေတို့ရာ ၊ ပြီးတာ ပြီးပါစေတော့ ။ အဘွားကြီး ယူတာ မဟုတ်ရင်လည်း ဆက် ပြောနေကြလို့ ငရဲကြီးရုံပဲ ရှိပါလိမ့်မယ် ။ ယူသွားတယ် ဆိုဦးတော့ ကျွန်တော် မနှမြောတော့ပါဘူး ” ဟု ကျွန်တော်က မေမေ တို့ အား ဇွတ်ဆွဲခေါ်ခဲ့၏ ။

ထိုအခိုက် တဲ နားသို့ ညီညီ ရောက်လာသဖြင့် ဒေါ်ဒေါ်ကြီး က ဆီး၍ ...

“ မင်း ကိုကို ဖောင်တိန် အသစ်ကလေး တော့ ပါသွားပြီ ။ ရေချိုး ကြတုန်း သစ်ငုတ်တို ပေါ် တင်ထားခဲ့သတဲ့ ။ မပါ ခံနိုင်ရိုးလား ” ဟု ကျွန်တော့် ကိုလည်း အပြစ် တင်ရင်း ညီညီ ကိုလည်း ပြောပြ လိုက်လေ၏ ။ ညီညီ ကလည်း -

“ ကိုကို က ဒီလိုပဲ အရမ်း အရမ်း ထားနေကျပဲ ” ဟု အပြစ် တင်လေ သည် ။

ညီညီ မှာ ကျွန်တော့် ထက် အောက် ဒုတိယ ညီငယ်ပင် ဖြစ်သော်လည်း အစစအရာရာ တွင် ကျွန်တော့်ထက် စည်းစနစ် ရှိသူ ၊ လုပ်တတ်ကိုင်တတ် ရှိသူ ၊ ဖျတ်လတ် သွက်လက်သူ အဖြစ် တစ်အိမ်သားလုံး က အသိအမှတ် ပြုထားသူ ဖြစ်သောကြောင့် နေရာတကာတွင် ကျွန်တော့် အပေါ်၌ ဆရာ လုပ်လေ့လုပ်ထ ရှိခဲ့သည် ။ ယခုလည်း သူသည် ကျွန်တော့် အား ပြစ်တင်စကား ပြောပြန်လေ ပြီ ။ ရုတ်တရက်တော့ ကျွန်တော့် မှာ ဒေါသ ထောင်းခနဲ ထွက်သွားမိရာ က -

“ အရမ်းထားတာ မဟုတ်ဘူးကွ ၊ သစ်ငုတ်ပေါ် သေသေချာချာကြီး တင်ခဲ့တာ ။ ယူတဲ့ လူ က ယူတာတော့ ဘယ့်နှယ့်မှ မတတ်နိုင်ဘူး ။ အို .. ပျောက်တာလည်း ပျောက်ပြီးပြီ ၊ ဒီအကြောင်း ထပ် မပြောကြပါနဲ့တော့ဗျာ ” ဟု အားလုံးကို ခြုံ၍ အော်ဟစ် တောင်းပန်သည် အထိ ဖြစ်မိ၏ ။

“ ကြည့် မေမေ ၊ ကိုကို က ပျောက်တာ ပျောက်ပြီးပြီတဲ့ ၊ ဟေ့ မင်း တကယ် ပြောတာနော် ၊ ပျောက်တာ ပျောက်ပြီးပြီနော် ။ ဒီမယ် မေမေ ၊ သူ က ပျောက်သွားပြီးပြီ ဆိုပြီး မထူးတော့လို့ ဒီလို ပြောနေတာ ။ သူ့ ဖောင်တိန် သူ နှမြောတာပေါ့ ။ ပြန် လိုချင်တာပေါ့ ။ ကြည့်ပါလား ၊ သူ့ မျက်နှာကြီး ကို ပျက် နေတာပဲ ”

“ ဟေ့ .. တော်ဆို တော်ကွာ ၊ ငါ စိတ်ဆိုးမိလိမ့်မယ် ”

“ အလကား မေမေ ရ ၊ သူ့ အပြစ် နဲ့ သူ ပျောက်လို့ အလကား ဒေါပွနေ တာ ။ တကယ်လို့ ထားခြင်း ထားရင် ဖောင်တိန် ရော အင်္ကျီ ရော တဲ ပေါ် တက် ထားမှပေါ့ ။ ဒီလိုထားရင် အပျောက်တောင် နည်းသေးတယ် ။ အင်္ကျီ ပါ ယူ မသွားတာ ကံကောင်း ”

ညီညီ သည် သူ့ ခါးကြားထဲမှ ပတ်ကားဖောင်တိန်ကလေး ကို ထုတ်ယူ လိုက်ပြီးနောက် -

“ ရော့ပါကွာ မင်း ဖောင်တိန် ၊ နောက် သေသေချာချာ မှတ် ။ ဘယ်တော့မှ ပစ်စလက်ခတ် မထားနဲ့ ၊ ဒါ သင်ခန်းစာပဲ ။ ညီညီ သာ သိမ်း မထားရင် လည်း တစ်ယောက် ယောက် ... ”

ဆက်၍ နားမထောင်မိတော့ပါ ။ ညီညီ ဘာတွေ ဆက် ပြောနေသည် ကို လည်း မကြားလိုတော့ပါ ။ ညီညီ လှမ်းပေးသော ဖောင်တိန် ကိုပင် မယူမိတော့ဘဲ ကျွန်တော် သည် ခုနကလေး က အဘွားကြီး ထွက်သွားရာ ဘက်သို့ အတင်း ပြေး လိုက်မိပါတော့သည် ။ မျက်စိများ တွင် လည်း မေမေ တို့ တစ်တွေ ၏ စွပ်စွဲချက်များ အလယ် ၌ မလှုပ်သာ မယှက်သာအောင် တစ်ဖက်သ,တ် ခံသွား ရရှာသည့် အဘွားအို ၏ သနားစဖွယ် မျက်နှာကြီး ကို သာ မြင်နေပါတော့သည် ။ အဘွားကြီး ကို တွေ့လိုက်သည် နှင့် သူ့ ခြေဖမိုး ကို ဦးတိုက်ကာ ရှိခိုး တောင်းပန် မည် ဟူသော စိတ် ဖြင့် ကျွန်း တစ်ခုလုံး အနှံ့အပြား ပြေးလွှားရင်း အဘွားကြီး အား ဒေါင်းတောက် အောင် ရှာနေမိပါတော့၏ ။ အသက်ရှူ မောလာသည် အထိ ကျွန်း အနှံ့ ချောင်ကြိုချောင်ကြားပါ မကျန် ရှာဖွေပါသော်လည်း အဘွားကြီး ကို ရှာ မတွေ့နိုင်သေးပါ ။

ဤသို့ အပြေးအလွှား ရှာခိုက် ငါ့ ဖောင်တိန် ကြောင့် စ ဖြစ်ရတာပဲ ။ ငါ့ အပြစ် ပဲ ၊ အဘွားကြီး ခံ လိုက်ရသမျှ ငါ့ကြောင့်ပဲ စသည်ဖြင့် မိမိ ကိုယ် မိမိ  အပြစ် တင်ရင်း ငိုချင်စိတ်များ ပင် ပေါက်မိတော့၏ ။ ရင်ထဲ ၌ လည်း အမည်  မဖော်တတ်သော ဝေဒနာ တစ်ရပ်ကို တစ်ဆို့ဆို့ကြီး ခံစားနေမိပါ၏ ။ စောစော ပိုင်း က ထို အဘွားကြီး နှင့် စပ်လျဉ်း၍ တွေးတော စဉ်းစားမိပုံများ ကိုလည်း ပြန်လည် သတိရ လာမိသောအခါ ကျွန်တော် တွေးမိသလို အဘွားကြီး သည် တကယ်ပင် ဆွေမျိုးသားချင်းများ နှင့် ကွေကွင်းနေရှာသူ တစ်ကောင်ကြွက် ဒုက္ခသည်ကြီး တစ်ဦး ဖြစ်နေမည် ဆိုပါလျှင် ၊ သူ က ဆွေမျိုးအပေါင်းအား တွေ့ဆုံရသည့် ပမာ အားကိုးအားထား ပြုရသလောက် သူ့ အပေါ် မဟုတ်မတရား စွပ်စွဲ ရက်စက်ကြသူများ အား မည်မျှ အံ့ဩဝမ်းနည်း ယူကျုံးမရ ဖြစ်ရှာလိမ့် မည်နည်း ။ အကြောင်းမဲ့ သက်သက် မိမိ စိတ် ဒုက္ခ ကို ဖန်တီးလိုက်သူများ အား မည်မျှလောက် စက်ဆုပ် ရွံရှာလိုက်မည်နည်း စသည်ဖြင့် စဉ်းစားမိရင်း မျက်ရည်များပင် ကျမိရာ က အဘွားကြီး ကို မရမက တွေ့အောင် ရှာပြီး သူ့ ခြေဖမိုးများ ကို မျက်ရည် နှင့် ပွတ်၍ ကန်တော့လိုစိတ် ၊ တောင်းပန်လိုစိတ် များသာ တဖွားဖွား ပေါ်ပေါက်မိပါတော့သည် ။

တဲငယ် တစ်ခု အနီးတွင် ယောက်ျားကြီး တစ်ယောက် အား တွေ့လိုက် ရသဖြင့် ကျွန်တော် က “ ဆရာကြီး ၊ အဘွားကြီး တစ်ယောက်များ ဒီဘက် လာတာ မြင်မိသလား ” ဟု မေးလိုက်မိ၏ ။

“ ဘယ်က အဘွားကြီး လဲ ၊ ဆရာတို့ နဲ့ လာတဲ့ အထဲ ကလား ” ဟု သူ က ပြန် မေးလိုက်သည် ။ 

“ မဟုတ်ဘူး ၊ အဝတ်အစား ဆင်းဆင်းရဲရဲနဲ့ သူတောင်းစား လို အဘွားကြီး ဗျာ ၊ ခုနတုန်းက ကျွန်တော်တို့ တဲ နား လာ နေသေးတယ် ”

“ ဪ ... ဟို ရူးနေတဲ့ အဘွားကြီး ကို မေးနေတာကိုး ၊ ကျွန်တော် က ဆရာတို့ အထဲ က အဘွားကြီး တစ်ယောက် ယောက် ကို များ မေးနေသလားလို့ ”

ယောက်ျားကြီး ၏ စကား ကို ကြားလိုက်မိသည်နှင့် တစ်ပြိုင်နက် ကျွန်တော့် ပါးစပ်မှ “ ဟင် .. ရူးနေတယ် ” ဟု ထွက်သွားမိသလိုပင် ကျွန်တော့် ဦးနှောက်များ သည်လည်း ချာချာ လည်သွားပါတော့သည် ။ ရုတ်တရက် မူးမိုက် သွားမတတ် ခံစားလိုက်မိပါ၏ ။ 

“ ဟုတ်တယ် ရူးနေတယ် ၊ ခုနကတင်ပဲ လမ်းမကြီး ဘက် ထွက်သွား ပြီ ဆရာ ” ဟူသော ယောက်ျားကြီး ၏ အသံကို ကြားရတော့မှ ကျွန်တော်လည်း  လမ်းမကြီး ဘက်သို့ ပြေးလိုက်၍ ရှာပါသေးသည် ။ 

အဘွားကြီး ကား အရိပ်အယောင် ပင် မမြင်ရတော့ပါ ။ နောက်ဆုံး၌ စိတ်လျှော့၍ ပျော်ပွဲစားရာ ဆီသို့ ဖင့်နွှဲလေးကန်သော ခြေလှမ်းများဖြင့် လျှောက် ခဲ့မိပါသည် ။ တစ်လမ်းလုံး တွင် အဘွားကြီး အကြောင်း ကိုသာ စဉ်းစားမိရင်း စိတ်ဝေဒနာ ကို ဆက်၍ ခံစားရတော့၏ ။ ကျွန်တော်တို့ တစ်တွေ ၏ မိုက်မဲမှု သည် စိတ်နောက် နေရှာသူ တစ်ဦး ကိုပင် ထိခိုက် သွားစေပြီဟု ထင်မိပါသည် ။ အဘွားအို သည် စိတ်မနှံ့သူ ဖြစ်သော်လည်း ကျွန်တော်တို့ စွပ်စွဲ ပြောဆိုသမျှ
ကို နားလည် သဘောပေါက် သွားခဲ့ပုံ ရလေသည် ။ ဖောင်တိန် ကို ယူသလား  ဟု မေးကြစဉ် အခါက သူ သည် “ မယူဘူး မယူဘူး ” ဟု ငြင်းသွားရှာသေးသည် ။

ကျွန်တော်တို့ ပြောသမျှ အားလုံး ကို နားမလည်ဘူး ထားဦးတော့ ၊ တစ်စုံတစ်ခု ကို ယူထားသည် ဟု သူ့ အပေါ်၌ စွပ်စွဲကြကြောင်း ကိုမူကား နားလည်သွားပုံ ရလေသည် ။ 

ကျွန်တော်တို့ တစ်တွေကား အပြစ် အကင်းစင်ဆုံးသော စိတ္တဇ ဒုက္ခ သည် တစ်ဦး ကိုပင် မိုက်မိုက်မဲမဲ ရက်စက် ပြစ်မှား မိလိုက်ကြပါပြီ ။ ဤ ပြစ်မှု ကိုကား တစ်သက် နှင့် တစ်ကိုယ် မေ့နိုင်စရာ အကြောင်းမရှိတော့ပြီ ။ 

ကျွန်တော် တဲ ဆီ သို့ ပြန်ရောက်ခဲ့သော အချိန်၌ မေမေ တို့ တစ်တွေ နေ့လယ်စာ ကော်ဖီ နှင့် ပေါင်မုန့်များ စားရန် ပြင်ဆင် နေကြ၏ ။ ကျွန်တော့် ကို မြင်လိုက်သည် နှင့် တစ်ပြိုင်နက် ကျွန်တော့် စိတ် ကို သိတတ်သော မေမေ က -

“ စိတ်မကောင်း ဖြစ်မနေပါနဲ့တော့ သားရယ် ၊ မင်း လည်း စာတွေ ရေး နေတဲ့လူပဲ ။ အကြောင်း ဆိုတာ ဆုံဆုံစည်းစည်း ဖြစ်တတ်တာပဲပေါ့ ။ ငါတို့ လည်း နည်းနည်းမှ စိတ်မကောင်းပါဘူးကွယ် ” ဟု စိတ်ဖြေ စကား ပြောလိုက် လေ၏ ။

“ ကျွန်တော်တော့ တစ်သက်လုံး စိတ် မကောင်း ဖြစ်နေတော့မှာပဲ ။ အဘွားကြီး က အရူးကြီး တဲ့ မေမေ ၊ အရူးကြီး တဲ့ ” ဟူသော ကျွန်တော့် အသံ မှာ ငိုသံပါသွားပါသည် ။

“ ဟင် ... အရူး ” ဟု အားလုံးက အံ့အားသင့် သွားကြလေ၏ ။

“ ဟုတ်တယ် ရူးနေတယ် ၊ ရူးနေတဲ့ လူတောင် ကျွန်တော်တို့ အရမ်း ကာရော စွပ်စွဲလို့ ရူး ရတဲ့ အထဲ စိတ် မကောင်း ဖြစ်သွားရရှာပြီ မေမေ ၊ ဘယ်မှာ စိတ်ကောင်း နိုင်စရာ ရှိသလဲ ။ ကျွန်တော် တော့ တောင်းပန် မလို့ လိုက်တာ ”

“ မတွေ့တော့ဘူးလားကွယ် ” ဟု ဒေါ်ဒေါ်ကြီး က ကရုဏာသံဖြင့် မေးလိုက်သည် ။ ကျွန်တော် က ခေါင်းခါပြရုံနှင့်သာ အဖြေပေးနိုင်တော့၏ ။

“ ဒီလိုပေါ့ ငါ့ မြေး ရယ် ၊ သူ့ မှာ လည်း ရှေးဘဝက ဝိဘာဂဝဋ် မကင်းရှာ လို့ ဖြစ်မှာပေါ့ ။ မေမေကြီး လည်း နည်းနည်းမှ စိတ် မကောင်းပါဘူးကွယ် ။ ဒါကြောင့် ရှေးစကား ရှိတာပေါ့ ၊ ဥစ္စာ ပျောက် ငရဲ ရောက်တဲ့ ၊ မေမေကြီး တို့ လည်း ငရဲတော့ ကြီးသွားပြီ ငါ့ မြေးရယ် ” ဟု မေမေကြီး က နောင်တ ရသော အသံတုန်ကြီး ဖြင့် ပြောလိုက်သည့် အခါတွင်မူ ကျွန်တော့် နားထဲ၌ကား မေမေ ကြီး ပြောပြသည့် ရှေးစကား နှင့် မဆိုင်သော အခြား ရှေးစကား တစ်ခု ကို ကြားယောင် လိုက်မိပါတော့သည် ။

“ မရှိ ခိုးနိုး ၊ မလှ စုန်းရိုး ” ဟူသော ရှေးစကား တစ်ခုသည် မရှိနွမ်းပါး သူ ဆိုလျှင် ခိုးလိမ့်နိုး နှင့် အလွယ်တကူ စွပ်စွဲရန် မခဲယဉ်းသည့် ကျွန်တော် တို့လို လူတွေ အဖို့ သင်ခန်းစာ ပေးခဲ့သော သတိပေးစကားများ ဖြစ်ပေလိမ့် မည် ။

ထိုနောက် မေမေ က ကော်ဖီ နှင့် မုန့်များ ကျွေးသည် ကိုလည်း စားလို စိတ် လုံးဝ မရှိတော့ပါ ။ မျက်စိ ထဲ ၌ အဘွားအိုကြီး ၏ မျက်နှာ ကို သာ တစ်ရစ်ဝဲဝဲ မြင်ယောင် နေမိပါတော့သည် ။ ထို ညနေပိုင်း အင်းလျား မှ အိမ်သို့ အပြန် လမ်း တစ်လျှောက်လုံး တွင်လည်း ကျွန်တော် သည် လမ်းဘေး တစ်ဖက်တစ်ချက် တွင် အဘွားကြီး ကို များ တွေ့လေဦးမည်လား ဟု မျက်စိဒေါင်းတောက် ရှာ သွားမိတော့၏ ။

ထိုအခါမှ စ၍ လမ်းပေါ် တွင် တွေ့ဆုံ ကြုံကြိုက်ရလေသမျှ အသက် ( ၆၀ ) ရွယ် အဘွားအိုကြီးများ ကို မြင်မိသည့် အခါတိုင်း ၊ ကျွန်တော်တို့ နှင့် အင်းလျား တွင် တွေ့ခဲ့ဖူးသော အဘွားကြီးများ လား ဟု ကြည့်ရှုရသည်မှာ ကျွန်တော့် အဖို့ စိတ္တဇရောဂါ တစ်ရပ်ပမာ စွဲကပ်နေခဲ့တော့သည် ။ 

    •••   •••   •••   •••

ယခုမူ ဆယ်နှစ်ကျော် ဆယ့်နှစ်နှစ် တွင်းသို့ပင် ရောက်ခဲ့ပေပြီ ။

မေမေကြီး ပင်လျှင် လွန်ခဲ့သော နှစ်နှစ်ကျော် ခန့်က ဘဝတစ်ပါး သို့ ကူးပြောင်း သွားခဲ့လေပြီ ။ ညီညီ ၊ အတူး နှင့် စမ်းစမ်း တို့ မှာလည်း အိမ်ထောင် ရက်သားများ ကျ ကာ သားသမီးတွေ ပင် ရလျက် ရှိကြပြီ ။ တစ်ခါတုန်းက အင်းလျားကန် တွင် ဆုံတွေ့ခဲ့ရသည့် အဘွားအို အား မဆိုထားဘိ ။ နှစ်နှစ်ကျော်  ကမှ ကွယ်လွန် အနိစ္စ ရောက်ခဲ့သော ကျွန်တော့် ဘွားအေ အရင်း မေမေကြီး ၏ မျက်နှာ ပုံပန်းသဏ္ဌာန် ကိုပင် စိတ်ကူးရုံမျှဖြင့် ဆက်စပ် အစဖော်လို့ မရချင်ချင် ဖြစ်နေပြီ ။

သို့နှင့်ပင် တစ်နေ့က ကမာရွတ် ဂါတ်တဲအဝိုင်း ဓာတ်ဆီဆိုင် ရှေ့ လူသွားစင်္ကြံပေါ်တွင် ပုဆစ်ဒူးတုပ် ထိုင်ကာ ပိုက်ဆံ တောင်းခံနေသော အဘွား အို တစ်ယောက် အား မတ်စေ့ တစ်စေ့ လှူဒါန်းမိရင်းက ရင်ထဲ၌ လှုပ်ရှား သွားမိကာ အမည် မဖော်နိုင်သည့် ဝေဒနာ တစ်ရပ် ကို ခံစားလိုက်မိပါ၏ ။ တက္ကသိုလ် အဓိပတိလမ်း ဘက် တဖြည်းဖြည်း လျှောက်ခဲ့မိစဉ် မိမိ ရင်ထဲ က လှုပ်ရှားမှု ကို စိတ်အေးအေး နှင့် တွေးတော စစ်ကြောမိသော အခါတွင်မှ ယခင် ဆယ်နှစ်ကျော် ကာလ ကို ပြန်လည် စဉ်းစားမိတော့ကာ ၊ မေ့လု မတတ် ရှိခဲ့သည့် ဤ အဖြစ်ဟောင်းကလေး ကို အမှတ်ထင်ထင် မြင်ယောင် သတိရလာမိခြင်း ဖြစ်ပါသည် ။ 

◾မင်းရှင်

📖 ရှုမဝ မဂ္ဂဇင်း
      ဇူလိုင် ၁၉၅၈

#ကိုအောင်နိုင်ဦး

.

 

Sunday, July 28, 2024

ဓာတ်တိုင် အောက်ဝယ်


 

❝ ဓာတ်တိုင် အောက်ဝယ် ❞

( ၁ )

အမှောင် လွှမ်းမိုးနေပြီ ဖြစ်သော ည ( ၈ ) နာရီသာသာအချိန် ဖြစ်သည် ။

ထိုအခါက ကျွန်တော် သည် “ တိုးတက်ရေး ” သတင်းစာတိုက် တွင် နေ့အယ်ဒီတာ အဖြစ် ဆောင်ရွက် နေစဉ် ဖြစ်၍ ၊ ထိုနေ့ က အလုပ်များ အဆမတန် များပြားလှသည့် အလျောက် ကျွန်တော့် ထံမှ တာဝန်ကို ဆက်ခံ လွှဲယူသည့် ည အယ်ဒီတာ ဦးစံလှ အား ကူညီ လုပ်ကိုင် ပေးရင်း အိမ်ပြန် နောက်ကျခဲ့ခြင်း ဖြစ်၏ ။ ကမာရွတ် သုခလမ်း တွင် ဘတ် ( စ် ) ကားပေါ်မှ ဆင်းခဲ့မိပြီး နောက် မယ်စီကုန်းလမ်း အတိုင်း အိမ်ဆီ သို့ ခြေလှမ်း ခပ်သုတ်သုတ်ဖြင့် လျှောက်လာ မိပါသည် ။

လမ်း တစ်လျှောက် ဓာတ်ကြိုးတန်း ပေါ်၌ အခွင့်မဲ့ ချိတ်ဆွဲ ခိုးထွန်းထား ကြသည့် ဓာတ်မီးလုံးကလေးများ မှ အလင်းရောင်တို့သည် လေအလာ ဓာတ် ကြိုးများ အလှုပ်တွင် လမ်းပေါ်သို့ ကျရောက်နေသော အရိပ်မည်းမည်းတို့ကို ယိမ်းက လှုပ်ရှား သွားစေသည် ။ ကဆုန် ၊ နယုန် မိုးကျပြီးစ အခါသမယ ဖြစ်၍ လည်း မြေကြီးထဲမှ သဘာဝ အလျောက် ပေါက်ဖွား ထွက်ပြူလာကြကုန်သော ပိုးဖလံကောင် တို့မှာ “ ပိုးဖလံမျိုး ၊ မီးကိုတိုး ၊ ကိုယ်ကျိုး နည်းလှပြီ ” ဆိုသည့် အတိုင်းပင် ဓာတ်မီးလုံးကလေးများ တွင် တရုန်းရုန်း တိုးရင်းပင် အတောင် တခြား ၊ ကိုယ်တခြား အိုးစားကွဲကာ လမ်းပေါ် တွင် တဖွေးဖွေး ပြန့်ကျဲလျက် ရှိကြတော့သည် ။

ဤကဲ့သို့ လျှောက်ခဲ့ရင်းပင် ကျွန်တော်တို့ အိမ်နား ဆီသို့ အရောက် တွင် လမ်းနံဘေး ဓာတ်မီးတိုင် တစ်ခု အောက်မှ အဖြစ်အပျက်ကလေး ကြောင့် ကျွန်တော့် မှာ ရှေ့သို့ ဆက် မလျှောက်နိုင်တော့ အောင်ပင် ဖြစ်သွားမိ၏ ။

လေတိုးတိုင်း လှုပ်ယမ်း လျက်ရှိသော ဓာတ်မီးလုံး တစ်ခု၏ ငြိမ်သက် ခြင်း မရှိသည့် အလင်းရောင် အောက် တည့်တည့်တွင် အသက် ( ၁၃ ) နှစ် အရွယ်ခန့် ကလေးငယ် တစ်ယောက် အားရပါးရ တင်ပျဉ်ခွေ ထိုင်ကာ ခေါင်းငုံ့ စာဖတ် နေခြင်းပင် ဖြစ်ပါသည် ။ သူ့ ခေါင်း ပေါ်တွင် ပိုးဖလံကောင် များ အတောင်ချင်း ရိုက်ခတ်သံ ပင် ကြားရလောက်အောင် တရုန်းရုန်းနှင့် မီးလုံးကို ပတ်လည်ဝိုင်း၍ တိုးနေသည်ကို ကလေးငယ် သည် လုံးဝ ဂရုစိုက်မိ ဟန်ပင် မတူ ။ သူ့ လက်ထဲမှ စာအုပ်ကလေး ကိုသာ မျက်နှာ တွင် ကပ်လျက် စိတ်ပါဝင်စားလှစွာ ဖတ်နေရှာသည် ။ တစ်ခါတစ်ခါတွင် ပိုးကောင်တို့မှ ကျွတ်၍ ကျသော အတောင်ကလေးများ သူ့ခေါင်းပေါ်သို့ ကျလာသည်ကို ပုတ်ခါထုတ်ပစ်ရန်ကိုလည်း သူ သတိမရ ။ စာအုပ်တစ်ခုတည်း၌သာ အာရုံ စူးစိုက်နေပုံ ရလေသည် ။

ဤကလေးငယ် မှာ ကျွန်တော်တို့ အိမ်နား တွင် ချောင်းဆိုးသွေးပါ ရောဂါ နှင့် အိပ်ရာထဲ၌ တရှောင်ရှောင် လဲနေသူ ကိုမြိုင် ဆိုသူ၏ သားအလတ် အတူးကလေး ဖြစ်နေသဖြင့် ကျွန်တော့် အဖို့ ပို၍ပင် စိတ်ဝင်စားမိခြင်း ဖြစ်၏ ။ ကိုမြိုင်မှာ ကျွန်တော်တို့ ငယ်ရွယ်စဉ် အင်္ဂလိပ်ခေတ် ကတည်းက အိမ်ဘေးရှိ အင်္ဂလိပ်ကပြားအိမ် တစ်အိမ် တွင် ကားဒရိုင်ဘာ အဖြစ် လုပ်ကိုင် စားသောက်ရင်း ကျွန်တော် တို့နှင့် သိကျွမ်းခဲ့ခြင်း ဖြစ်ပါသည် ။

၎င်းမှာ စိတ်သဘောထား ကောင်းပြီး ရိုးသားဖြောင့်မတ် ၊ အလုပ်အကိုင် ကြိုးစားသူ တစ်ဦးအဖြစ် လူသိများခဲ့လေသည် ။ ထိုစဉ်က သူ နှင့် သူ့ဇနီး မညွန့်တင် တို့တွင် (၆) နှစ်သားအရွယ် သားဦးကလေး သံချောင်းနှင့် ( ၄ ) နှစ်သား ခန့်ရှိ သားအလတ်ကလေး အတူး တို့ ရှိခဲ့ပြီး ၊ ရရှိသော ကားမောင်းခ လစာကြေးငွေ ဖြင့် လုံလုံလောက်လောက် ပျော်ပျော်ရွှင်ရွှင်ပင် နေထိုင် စား သောက်နိုင်ခဲ့ကြပါသည် ။

ကိုမြိုင် မှာ ငါးမျှား ဝါသနာကြီးလှသူ ဖြစ်၍ အင်းလျားကန်ပေါင်ရိုး သို့ ငါးမျှားသွားလေ့ရှိပြီး မကြာခဏ ဆိုသလိုပင် ငါးကြင်းကြီးတွေ ဖမ်းမိ လာတတ်ကာ ၊ သူ့ ဇနီး မညွန့်တင် က ခေါင်းရွက်ဗန်း တစ်ခုဖြင့် တစ်ရွာလုံး လည် ရောင်းလေ့ ရှိသည် ကို မှတ်မိပါသေး၏ ။ ထိုကဲ့သို့ နေ့များ တွင် သူတို့ မိသားစု စားကောင်း သောက်ဖွယ်များ ဝယ်ခြမ်း ချက်ပြုတ်ကြပြီး တပျော် တပါး စားသောက်တတ်ကြသည်ကို လည်းကောင်း ၊ ခရစ်ယာန် ဘာသာဝင် များ ဖြစ်သည့်အလျောက် တနင်္ဂနွေနေ့ အလုပ်အားလပ်ရက်များတွင် သား အမိ သားအဖတစ်တွေ ဝတ်ကောင်းစားလှကလေးများ ဆင်ယင် ဝတ်စားကာ ဘုရားရှိခိုးကျောင်း သွားတက်ကြသည်ကို လည်းကောင်း မြင်ယောင်နေမိပါ သည် ။

ဂျပန်ခေတ် ၌ ကား ကိုမြိုင် မှာ အလုပ်မဲ့ ၊ အကိုင်မဲ့ ဆင်းရဲနွမ်းပါး သွား ရာ က မကြာမီ အတွင်းမှာပင် အရက်သမားကြီး ဖြစ်မှန်းမသိ ဖြစ်သွားကြောင်း ကိုသာ သိလိုက်ရသော်လည်း ကျွန်တော့် မှာ ဗမာ့ကာကွယ်ရေး တပ်မတော် တွင် ဝင်ရောက် အမှုထမ်းရွက် နေရင်း ကမာရွတ် တွင် မရှိတော့သဖြင့် အဖြစ် အပျက် အကြောင်းစုံကိုမူ မသိလိုက်ရဘဲ ရှိခဲ့၏ ။ စစ်ကြီး အပြီး အိမ်သို့ ပြန်ရောက်ခဲ့သော အချိန်တွင်ကား ကိုမြိုင် မှာ အရက်သမားကြီး လုံးဝ ဖြစ်ကာ အလုပ်အကိုင် ဘာတစ်ခုမျှ မလုပ်နိုင်တော့ဘဲ ၊ သူ့မိန်းမ ဟင်းသီးဟင်းရွက်က အစ လျှောက်လည် ရောင်းချ ကျွေးသည်ကို ထိုင်စားနေရသည့် အခြေသို့ ယုံနိုင်စရာ မရှိလောက်အောင် အပြောင်းလဲကြီး ပြောင်းလဲခဲ့သည်ကို တွေ့ ရပါ တော့သည် ။

ထိုအချိန်၌ သူတို့တွင် သားဦး သံချောင်း ၊ သားလတ် အတူးကလေး တို့ အပြင် နောက်ထပ် ကလေး တစ်ယောက်ပင် ထွန်းကားလျက် ရှိလေ ပြီ ။ ထို သားထွေးကလေး ဘိုနီ ထွန်းကားသည့် အချိန် အတွင်းမှာပင် ကိုမြိုင် အရက်သမား ဘဝ ဆိုက်ရောက်ခဲ့ခြင်း ဖြစ်ဟန်တူပါသည် ။ အရက်သမား ဘဝ ၌ သူ့အား အလုပ်အကိုင် ပေးချင်သူ မရှိ ။ ငွေဝင်လမ်း နတ္ထိဖြစ်ကာ အကြီးအကျယ် ဆင်းရဲ နွမ်းပါးခဲ့ရှာသည့် အလျောက် သူတို့ ၏ ကလေး သုံးယောက်တို့ မှာလည်း ကျောင်းမနေနိုင် ၊ စာမသင်နိုင်ကြဘဲ ရွာဦးမှ ရွာဖျားတိုင် ပေါက်လွှတ်ပဲစား ပြေးလွှား ကစားရင်း တစ်နေကုန် လေလွင့် အချိန်ဖြုန်းလေ တော့သည် ။ သူတို့ တစ်တွေမှာ တစ်ဦး ကို တစ်ဦး ဆဲရေးတိုင်းထွာ အော်ကြ ဟစ်ကြ ၊ တစ်ယောက် နှင့် တစ်ယောက် သတ်ကြ ဖြတ်ကြနှင့် အုပ်ထိန်းခြင်း ကင်းမဲ့သည့် လူတေ လူပေလေးများပမာ စည်းမဲ့ကမ်းမဲ့ ဖြစ်နေရှာကြသည် ။ မကြာမကြာ သူတကာ ဝင်းခြံများ အထဲမှ အသီးအနှံများ ကို ရိုက်ပုတ် ခိုးစား တတ်ကြ သဖြင့် ခြံရှင်တို့၏ အငြူအစူ ကြိမ်းမောင်း မာန်မဲခြင်းကို ခံကြရရှာ သည် ။ အထက်တန်းစား လူကုံထံများ ကလည်း ဤ ကလေးတွေ ကို မိမဆုံး မ ၊ ဖမဆုံးမ တေပေလေလွင့်နေကြသည့် အရိုင်းအစိုင်းကလေးများပမာ ရွံရှာ စက်ဆုပ်ကြသည် ။ သူတို့၏ သားသမီးများ ကလည်း ဤ ကလေးတွေ ကို ဘီလူး သဘက်ကလေးများ သဖွယ် အဝေးကြီး က ရှောင်ရှားကြလေသည် ။

ဤကဲ့သို့ လူတကာ အော့နှလုံးနာခြင်း ခံကြရသည့် ညီအစ်ကိုစုထဲ တွင် တစ်ဦးအပါအဝင် ဖြစ်သော ကိုမြိုင်၏ သားအလတ် အတူးတစ်ယောက် ယခုကဲ့သို့ လမ်းနံဘေး ဓာတ်တိုင်အောက်ဝယ် ကြိုးကြိုးစားစား စာဖတ်နေ သည်ကို မြင်လိုက်ရသော ကျွန်တော့်အဖို့ အဘယ်မှာလျှင် မအံ့သြဘဲ ၊ စိတ်မဝင် စားဘဲ နေနိုင်ပါတော့မည်နည်း ။ ဤတစ်သက်တွင် ကျောင်း မှ နေခွင့်ရပါ တော့မလား ဟု စိတ်သံသယဖြစ်စရာ ဘဝမျိုးသို့ ဆိုက်ရောက်နေရှာသော ဤကလေးငယ်သည် သူ့အဖို့ အထူးအဆန်း အံ့ဖွယ်ခမန်း ဖြစ်နေသည့် စာအုပ်ကလေးကို အငမ်းမရ ဖတ်လိုဇောဖြင့် လမ်းဓာတ်မီး၏ အလင်းရောင် မှုန်မွှားမွှားအောက် ပိုးဖလံကောင်တွေ အကြားတွင် ကြိုးစားပမ်းစား ဖတ်ရှု နေရှာတော့သည် ။

ဤအဖြစ်အပျက်ကလေးကိုပင် ကျွန်တော့် မှာ ကြည်နူး ဝမ်းသာ၍ မဆုံးတော့အောင် စိတ်ပါဝင်စားမိခြင်း ဖြစ်ပါသည် ။ စိတ်ထဲ၌လည်း ဤ အတူးကလေးကဲ့သို့ အကြောင်းကြောင်းကြောင့် စာသင်နိုင်ခွင့် မရရှာသူ ကလေးတွေ မြန်မာပြည်၌ မည်ရွေ့မည်မျှ ပေါများလိမ့်မည်ကို တွေးတောမိ ရင်း မချိတင်ကဲ ဖြစ်မိပါသေးသည် ။

“ ဟေ့ ... အတူး ၊ ကြိုးစားလှချည်လားကွ ။ ဘာတွေများ ဖတ်နေတာ တုံး ” ဟု ကျွန်တော်က လှမ်း မေးလိုက်ရာ အတူး မှာ စာအုပ် တွင် စိတ်ဝင်စား နေရာမှ ရုတ်တရက် လန့်သွားဟန် နှင့် မော်ကြည့် လိုက်ပါသည် ။

“ ဟာ ... ကိုကို ကျွန်တော် ကျောင်းစာအုပ် ဖတ်နေတာ ၊ ကိုကို အခု ပြန်လာသလား ” ဟု ကျွန်တော့် အား ဝမ်းသာအားရ ပြန်၍ နှုတ်ဆက်၏ ။

ကျွန်တော့် စိတ်တွင် အတူး၏ အပြောအဆို ၊ အမူအရာများသည်ပင် ယခင်ကနှင့် လုံးဝ မတူ ။ အသွင်အမူ ပြောင်းလဲနေသည်ဟု ထင်လိုက်မိ၏ ။ မျက်စိ ထဲ ၌ကား ယခင်က လမ်းဖြတ် လျှောက်သွားတိုင်း သူတောင်းစားကလေး များ သဖွယ် လူ ကို ပြေးကပ် တွယ်ဖက်လျက် ပိုက်ဆံ တောင်းတတ်သော သူတို့ ညီအစ်ကိုအား မြင်ယောင်လာမိပါသည် ။ မအေ ၊ နှမချင်း မိုးမွှန်အောင် ကလော်တုတ်တတ်သော သူတို့ ညီအစ်ကို ၏ အသံကို ကြားယောင်လာမိပါ သည် ။

ယခု အတူးကလေး ၏ အပြုအမူနှင့် ပြောပုံဆိုပုံတို့မှာ ကား ထိုစဉ်အခါ က မြင်ခဲ့ ကြားခဲ့ဖူးသော ပြုမူပြောဆိုသံ တို့ နှင့် လုံးဝ မတူ ၊ ကွဲပြား ပြောင်းလဲ လျက် ရှိလေပြီ ။

“ ဟေ့ ... မင်း အခု ကျောင်းနေနေပြီလားကွ ” ဟု မေးလိုက်မိပါသည် ။

“ ဟုတ်ကဲ့ ကိုကို ၊ ကျွန်တော် အခု ဆရာမကြီး ဒေါ်သာထက် ကျောင်း မှာ တက်နေတယ် ”

အတူးကလေး ၏ အသံမှာ နားဝင်ပီယံ ရှိလှပါဘိသည် ။ ပညာတည်း ဟူသော လက်နက်၏ တန်ခိုးသတ္တိသည်ကား ထူးဆန်း အံ့ခမန်းဖွယ် ကြီးမား လှဘိသည် ။

“ နေပါဦးကွ ၊ အိမ်ထဲမှာ မီးထွန်းပြီး စာဖတ်လို့ မရဘူးလားကွာ ၊ မင်း ဟာက ဒီမီးရောင်အောက် ကြာကြာ ဖတ်ရင် မျက်စိကန်းမှာ စိုးရပါတယ် ကွာ ။ ကြည့်စမ်းပါဦး ၊ မင်းမို့လို့ ဒီအောက်မှာ ဖတ်လို့ရတယ် ။ ပိုးဖလံကောင် တွေ မကိုက်ဘူးလား ဟင် ”

“ ကိုကို ကလည်း အိမ် ထဲ မှာ မီး ထွန်းရအောင် ထွန်းစရာ မီးခွက်မှ မရှိ ဘဲ ” ဟု အတူးက ဟုတ်မှန်ရာကို ဖွင့်ပြောရှာသည့် အခါတွင်ကား ရင်ထဲ၌ နင့်ခနဲ ဖြစ်သွားမိပါသည် ။

“ ဝပ် ” ( ၅၀ ) အား မီးရောင်များအောက် ဖိတ်ဖိတ်တောက်သော ကျွန်းစားပွဲ ၊ ကု,လားထိုင် တို့ဖြင့် မိဘများ က စာကျက်စေသော်လည်း စားပွဲ ပေါ်မှ စာအုပ် တွင် စိတ်ပါဝင်စားမှု လုံးဝ မရှိဘဲ ရည်းစားစာ တိတ်တိတ်ခိုး ရေးတတ်သည့် ကလေးများ ၊ ကော်မစ်ရုပ်ပြောင်များနှင့် ညစ်ညမ်းသော ဝတ္ထုစာပေများကို စားပွဲ အံဆွဲထဲ ဝှက်၍ ဖတ်တတ်သည့် ကလေးများ ၊ တစ်ပတ်အတွင်း မိမိ ကြည့်ခဲ့ဖူးသည့် ဘိုင်စကုတ်များနှင့် နောက်တစ်ပတ် အတွင်း ကြည့်စရာ ဘိုင်စကုတ်များကို လက်ချိုးရေတွက်နေတတ်သည့် ကလေးများ၏ ဘဝနှင့် နှိုင်းယှဉ် စဉ်းစားကြည့်မိပါသည် ။

အတူးကလေး အဖို့ကား လက်ရှိ အခြေအနေ အရ အမှန်ပင်လျှင် ထွန်းစရာ မီးအိမ် မရှိနိုင်တော့ပြီ ။ ထိုအချိန်၌ သူ့ဖခင် ကိုမြိုင် မှာ အရက်သောက် လွန်း၍ ချောင်းဆိုးသွေးပါရောဂါ စွဲကပ်ခဲ့ရာ က တစ်စတစ်စ ရောဂါ အခြေအနေ ဆိုးဝါးလာပြီး အိပ်ရာထဲ ၌သာ တရှောင်ရှောင် လဲနေတော့ရာ ၊ ဇနီး ဖြစ်သူ မညွန့်တင် ၏ ဈေးရောင်းခကလေး မှ တစ်ပါး အခြားဝင်ငွေ တစ်စုံတစ်ရာ မရှိတော့သည့် အခြေသို့ ဆိုက်ရောက်ကြရရှာလေပြီ ။ ဤကဲ့သို့ အခြေဖြင့် အတူးကလေး ကို မည်ကဲ့သို့ ကျောင်းထားသည်ကိုပင် နားမလည်နိုင်အောင် ဖြစ်သွားမိပါသည် ။

“ နေပါဦး အတူးရ ၊ မင်းကို ဘယ်သူက ကျောင်းထားပေးတာလဲ ”

“ ဆရာမကြီး ဒေါ်သာထက် က ကျွန်တော်တို့ နှစ်ယောက် ကို ပိုက်ဆံ မယူဘဲ သူ့ ကျောင်းမှာ အလကား ထားလို့ နေရတာ ကိုကိုရ ”

“ မင်းတို့ နှစ်ယောက် ဆိုတာ ဘယ်သူလဲ ၊ မင်းနဲ့ သံချောင်းလား ”

“ ဟင့်အင်း ၊ သံချောင်းက ကျောင်းနေဖို့ ဝေးလို့ အိမ်တောင် ပြန်မလာ တော့ဘူး ကိုကို ရ ၊ ဖေဖေ နေမကောင်းတာတောင် လာကြည့်ဖော် မရဘူး ။ အဘွားတို့ အိမ် သွားနေမယ် ဆိုပြီး အဘွား က ပြောတော့လည်း သူ့ ဆီ မနေပါ ဘူးတဲ့ ”

သံချောင်း အကြောင်းကိုတော့ အစ ကတည်းကပင် ကျွန်တော် ကြား သိပြီး ဖြစ်သဖြင့် အထူး မအံ့သြမိတော့ပါ ။ သံချောင်း မှာ အသက် ( ၁၅ ) နှစ် မျှသာ ရှိသေးသော်လည်း ဆေးလိပ်သောက်တတ် ၊ ဖဲရိုက်တတ်နှင့် ကြမ်းပိုး တေလေကလေးပမာ ပျက်စီးခြင်းမလှ ပျက်စီးစပြုနေပြီဟု ကြားသိရဖူးသည် ။

“ ဒါဖြင့် မင်း နဲ့ ဘိုနီ နဲ့ ကျောင်းတက်နေကြတယ်ပေါ့ ”

“ ဟုတ်ကဲ့ ၊ ဆရာမကြီး က ကျွန်တော်နဲ့ ဘိုနီ ကို နေခိုင်းတယ် ၊ စာအုပ် လည်း သူ က နည်းနည်းပါးပါး ဝယ်ပေးတယ် ကိုကို ရ ”

“ အေးအေး ကောင်းတယ် ၊ ကြိုးစား ကြိုးစား ၊ စာကို ကောင်းကောင်း ကြိုးစားရင် မင်း လိုချင်တာတွေ အကုန်လုံး ရနိုင်တယ် ။ မင့်း ကို လူလိမ္မာ ကလေး ၊ လူကောင်းကလေး ဆိုပြီး လူတိုင်းက ဝိုင်းချစ်ကြမယ် ။ ဒါပေမဲ့ မင်း အစ်ကို သံချောင်း လိုတော့ မမိုက်ရဘူးနော် ။ နောက်တစ်ခါ လာရင် မင်း စာဖတ်ဖို့ ဖယောင်းတိုင် ဝယ်လာပေးမယ် ” ဟု ကျွန်တော် က ဆုံးမ ပြောပြရာ၌ အတူးကလေး မှာ အတိုင်းမသိ ဝမ်းမြောက် ကျေနပ်သွားပုံ ရ ပါသည် ။

သူ့ မျက်လုံးများ တွင် မျက်ရည်ကြည်ကလေးများ ပင် လျှမ်းတက်လာ သည် ကို တွေ့ ရ၏ ။

ကျွန်တော့် အဖို့မူ စိတ်ထဲက ကြည်နူးမိသလိုလို ၊ ဝမ်းနည်း ယူကျုံးမရ ဖြစ်မိသယောင်ယောင်နှင့် ခွဲခြား မဖော်ပြတတ်သော ခံစားမှု တစ်ရပ်ဖြင့် ကြုံတွေ့လိုက်ရပါတော့သည် ။

( ၂ )

ယခင် ဓာတ်တိုင် အောက်မှာ ပင် ဖြစ်ပါသည် ။

လျင်မြန် ကုန်ဆုံးလွယ်၍ အပြောင်းအလဲ မြန်လှသော အချိန်ကာလ အတွင်း ကျွန်တော့်မှာလည်း “ တိုးတက်ရေး ” သတင်းစာတိုက် မှ မြန်မာနိုင်ငံ အသံလွှင့်ဌာနသို့ ကူးပြောင်း ရောက်ရှိခဲ့သည့်အတိုင်း ၊ တစ်ညသ၌ ညပိုင်း မြန်မာအစီအစဉ်များတွင် “ အသံထွက် မဂ္ဂဇင်း ” အခန်း ကို ဝင်ရောက် အသံ လွှင့်ပြီးနောက် အိမ်သို့ ပြန်ခဲ့စဉ် ၊ မယ်စီကုန်းလမ်း ကိုမြိုင် ၊ မညွန့်တင် တို့ တဲကလေး နားသို့ အရောက်တွင် စိတ်ဝင်စားဖွယ် ကောင်းသော အဖြစ်တစ်ရပ် နှင့် ထပ်မံ ကြုံတွေ့ ရခြင်းပင် ဖြစ်၏ ။

သည်တစ်ကြိမ် မီးရောင် အောက်တွင် စာထိုင် ဖတ်နေသော အတူး ကို ကား မတွေ့ ရတော့ဘဲ ကိုမြိုင်တို့ တဲကလေး အရှေ့ မိုးကာပတ္တူ နှင့် ကနားဖျင်း ထိုးထားသည့် အောက်၌ လူတစ်စု ဝိုင်းဖွဲ့၍ ထိုင်နေကြသည်ကို မြင်လိုက် ရခြင်း ဖြစ်ပါသည် ။ ကနားဖျင်းခေါင်မိုး ဝါးတန်းတစ်ခုတွင် လေထိုးမီးအိမ် တစ်လုံး ချိတ်ဆွဲထားရာ တဲရှေ့တစ်ဝိုက်မှာ မီးရောင်ဖြင့် ထိန်ထိန်လင်း နေ လေသည် ။

ဤကဲ့သို့ တဲရှေ့ ၌ ကနားဖျင်း ထိုးထားသည်ကို လည်းကောင်း ၊ မီးရောင် အောက်တွင် လူများစု အုံထိုင်နေကြသည်ကို လည်းကောင်း အဝေးမှ လှမ်း မြင်လိုက် ကတည်းကပင် စိတ်ထဲ၌ မသိုးမသန့် သံသယ ဖြစ်သွားမိသည်နှင့် လမ်းအတိုင်း ရှေ့ဆက် မသွားနိုင်တော့ဘဲ ထို လူစု ထဲသို့ ဝင်သွားမိပါသည် ။

ကျွန်တော် ဝင်ခဲ့သည့် အချိန်၌ လူတွေ အားလုံးပင် ခေါင်းများ ငုံ့ ထားကြကာ ခရစ်ယာန် ထုံးစံအရ ရင်ဘတ်နားတွင် လက်ဝါးချင်းယှက် ၊ လက်အုပ်ချီ၍ ဆုတောင်းမေတ္တာ ပို့သလျက် ရှိကြလေသည် ။ သူတို့အားလုံး ထိပ်၌ ခရစ်ယာန် တရားဟောဆရာ က -

“ လောကတွင် သေခြင်း နှင့် ကင်းလွတ်သူ တစ်ယောက်မျှ မရှိ ။ သို့ရာတွင် ကျွန်ုပ်တို့ အယူတွင် သေခြင်းထက် မြင့်မြတ်သော အရာသည် မရှိ ။ အဘယ်ကြောင့်ဆိုသော် သေသည်ရှိသော် ကျွန်ုပ်တို့၏ ဝိညာဉ်သည် အဖဘုရားသခင်ထံသို့ ပြန်သွားသည် ။ ကိုယ်ခန္ဓာမှာ မူကား မြေမှ ဖန်ဆင်းသော အရာ ဖြစ်သောကြောင့် မြေသို့ပင် ပြန်သွားရလိမ့်မည် ” စသည်ဖြင့် တရား ရေအေး တိုက်ကျွေးလျက် ရှိသည်ကို အားလုံးက တိတ်ဆိတ် ငြိမ်သက်စွာ စူးစိုက် နားထောင်လျက် ရှိကြ၏ ။

ထို့နောက် တရားဟော ဆရာ က “ ကဲ ... သေဆုံးသူ ကိုမြိုင် အတွက်နဲ့ ကျန်ရစ်သူတွေအတွက် ဆုတောင်းကြပါစို့ ” ဟု ပြောပြောဆိုဆို ခရစ်ယာန် ကျမ်းစာအုပ် မှ ဓမ္မသီချင်းများကို ဝိုင်း၍ သီဆိုစေပါသည် ။ ကိုမြိုင် ၏ ဇနီး မညွန့်တင် မှာ မျက်ရည်စကလေးများ ပါးပြင်ပေါ်ဝယ် ယိုစီးကျရင်း အများနှင့် အတူ ဓမ္မသီချင်းကို လိုက်ဆိုလျက် ရှိလေ၏ ။ မညွန့်တင် ၏ မျက်နှာတွင် မျှော်လင့်ချက် ကင်းမဲ့သည့် အရိပ်အယောင်ကလေး နွမ်းလျစွာ ယှက်သန်း လျက် ရှိသော်လည်း ၊ တရား နှင့် ဖြေကာ စိတ်ကို တင်းထားရပုံ ရလေသည် ။ သူ့ နံဘေး၌ကား ခင်ပွန်းသည် ကိုမြိုင် ၏ အလောင်းစင် ရှိ၏ ။ အတူးနှင့် ဘိုနီ တို့ မှာလည်း သူတို့ ၏ မိခင် အနီးတွင် မျက်နှာငယ်ကလေးတွေbနှင့် ကျုံ့ကျုံ့ယုံ့ယုံ့ ထိုင်လျက် ရှိကြ၏ ။

ကျွန်တော် ကိုယ်တိုင်မှာလည်း ခရစ်ယာန် ထုံးစံအရ ဆုတောင်းလျက် ရှိကြသော ထိုလူတစ်စု အကြားဝယ် သူတို့နည်းတူ ရော၍ ဆုတောင်းပေးရုံမှ တစ်ပါး အခြား ပြုလုပ်စရာ မတွေးမိသဖြင့် သူတို့ကဲ့သို့ပင် လက်ချင်းယှက် ၊ လက်အုပ်ချီ၍ အားလုံး သီဆိုလျက် ရှိကြသည့် ဓမ္မသီချင်းသံများကို ငြိမ်သက် စွာ နားထောင်နေမိပါသည် ။ ထိုအခိုက် ကိုမြိုင် ၏ အလောင်းစင် ရှေ့နားသို့ တစ်စုံတစ်ယောက် လာရောက် ဝင်ထိုင်လိုက်သည်ကို ရိပ်ခနဲ မြင်ရသဖြင့် မော်ကြည့်လိုက်မိရာ ၊ ကိုမြိုင် ၏ သားအကြီးဆုံး သံချောင်း အား တွေ့ရပါသည် ။

သံချောင်း မှာ အသားအရေ စိုပြည်လန်းဆန်းမှု မရှိ ။ ခန်းခြောက်ပြာမည်း လျက် အစားအသောက် ဝဝလင်လင် မမှီဝဲရသူပမာ အားအင်ချည့်နဲ့သည့် အသွင်ကို ဆောင်နေ၏ ။ ဆံပင်များ မှာလည်း ကုပ်နား အထိ ရှည်လျား ဝဲကျ နေသဖြင့် ရုပ်မဖမ်းမိနိုင်လောက်အောင်ပင် ပြောင်းလဲလျက် ရှိလေသည် ။ သူ့ အသွင်အပြင်မှာ တကယ့် တေလေကြမ်းပိုးရုပ် ပေါက်နေ၏ ။ ဟိုယခင် ခြောက်နှစ်သားအရွယ်က တွေ့ ခဲ့ရဖူးသည့် သံချောင်းကလေးနှင့် ယခု ၁၆ နှစ်သား ခန့် ရှိပြီဖြစ်သော သံချောင်း တို့၏ အသွင်အပြင်မှာ လုံးဝ ဆက်စပ် နိုင်စရာ မရှိတော့ပြီ ။

သံချောင်း လည်း သူတကာနည်းတူ ခေါင်း ငုံ့၍ ဆုတောင်းနေလေ သည် ။ သူ့ ကို ကြည့်ရသည်မှာ သူ့ ကိုယ် သူ စိတ် လုံဟန် မတူ ။ သံချောင်း သည် ဖခင် ဖြစ်သူ မကျန်းမမာ ဖြစ်စဉ်အတွင်း၌ တစ်ခေါက်တလေပင် လာရောက် ကြည့်ရှုခဲ့ဟန် မတူဘဲ သေခါမှပင် ရောက်ရှိလာပုံ ရတော့၏ ။ မညွန့်တင် မှာ ကား သူ့ သား ကို မြင်လိုက်ရသော်လည်း အမူအရာ ထူးခြား ပြောင်းလဲသွားပုံ မပြ ။ သူ့ ဟာ သူ ပင် ခေါင်းကလေး ငုံ့၍ ဓမ္မသီချင်း ကိုသာ သီဆိုလျက် ရှိလေ သည် ။

ထိုနေ့ ညက တွေ့မြင်လိုက်ရသည့် အဖြစ်အပျက်ကလေး ကား ဤရွေ့ ဤမျှသာ ဖြစ်၏ ။ သို့ရာတွင် ဤသာမန် ခရစ်ယာန် မသာကလေး ကိုပင် ကျွန်တော့် စိတ်ထဲမှ ဖျောက်ဖျက် မေ့ပစ်၍ မရနိုင်တော့အောင် စွဲလမ်းနေမိပါ တော့သည် ။

( ၃ )

မှောင်မိုက်သော ညတစ်ည တွင် ရွာ ထဲ ဘက်မှ ညာသံ ပေး၍ အော်ဟစ်လာသော လူသံများကြောင့် အိပ်ရာ မှ ရုတ်တရက် လန့်နိုးပါသည် ။ လူသံများ မှာ ရွာထဲ ဆီမှ တစ်စတစ်စ ကျွန်တော်တို့ အိမ်ရှေ့ဘက် သို့ နီးကပ်လာခြင်း ဖြစ်၏ ။ တဖြည်းဖြည်း နီးသည် ထက် နီးကပ်လာတော့မှ “ သူခိုး ... သူခိုး ၊ လိုက်ဟ လိုက်ဟ ” စသော အသံစူး ၊ အသံနက်ကြီးများ ကို သဲသဲကွဲကွဲ ကြားနိုင် တော့သည် ။

ကျွန်တော် လည်း သူများနည်းတူ သူခိုး ကို ဝိုင်း၍ ဖမ်းရန် တာဝန်ရှိ သည့်အလျောက် နီးရာ တုတ်တစ်ချောင်းကို ဆွဲကိုင်ပြီး အိမ်ရာထဲ မှ ပြေးထွက် မိပါသည် ။ ကျွန်တော် ခြံတံခါးဝနားသို့ ရောက်လုနီး တွင် လမ်းပေါ် မှ မောကြီး ပန်းကြီး ကြောက်အားလန့်အား နှင့် ဖြတ်ပြေး သွားသော သူခိုး အား ရိပ်ခနဲ လှမ်း၍ မြင်လိုက်ရသော်လည်း ၊ ကျွန်တော် မှာ ဘာမျှ မလုပ်လိုက်နိုင်ဘဲ ရှိပါ သည် ။ သူခိုး နှင့် မရှေးမနှောင်းမှာပင် ထက်ကြပ်မကွာ ညာသံပေး၍ ပြေးလိုက် လာကြသော လူအုပ်ကြီး ကို တွေ့ ရသဖြင့် ၊ ကျွန်တော် လည်း ထို လူအုပ်ကြီးနှင့် အတူ ရောနှော၍ သူခိုး ဖမ်းရန် လိုက်ပါ သွားတော့၏ ။

သူခိုး သည် ကျွန်တော် တို့ အိမ် ကို ကျော်၍ သွားသောအချိန်၌ ဣန္ဒြေ မဆောင်နိုင်အောင် အမောဆို့ နေလေပြီ ။ သူ့ တစ်ကိုယ်လုံး ဒယီးဒယိုင် နှင့် သူ့ ကိုယ်သူ ပင် မသယ်နိုင်တော့ပြီ ဖြစ်ကြောင်း တွေ့ ရလေသည် ။ တစ်ခါတစ်ခါ တွင် ရှေ့သို့ ဟပ်ထိုးစိုက်ကျမတတ် ယိုင်လဲသွားပါသည် ။ ထိုအချိန်၌ လေပြင်းကလေး တိုက်နေသဖြင့် လမ်းနံဘေး ဓာတ်ကြိုး ပေါ်မှ ဓာတ်မီးလုံးများမှာ ဟိုယိမ်း သည်ယိမ်း လှုပ်ယမ်း နေတော့ရာ ၊ လမ်းပေါ်မှ အရိပ်မည်းမည်းကြီး တို့မှာလည်း သူခိုး ကဲ့သို့ပင် တယိမ်းယိမ်း တယိုင်ယိုင် လှုပ်ရှားလျက် ရှိတော့ ၏ ။ လမ်းဘေး ဝါးရုံတောကြီးများ ကို လေတိုး သဖြင့် တရှဲရှဲ မြည်သံမှာလည်း သူခိုး ၏ မောပန်း နွမ်းဟိုက်လှစွာ ရှူထုတ်နေသော အသက်ရှူသံကို ဖုံးအုပ် ပစ်လိုက်၏ ။

သူခိုး သည် ကိုမြိုင် ၊ မညွန့်တင်တို့ တဲကလေးနား ရောက်သွားသည်နှင့် တစ်ပြိုင်နက် -

“ အမေရေ အမေ ကယ်ပါဦးဗျ ၊ ကယ်ပါဦး အမေရေ ” ဟု ငယ်သံပါ အောင် အော်ဟစ်လိုက်သောကြောင့် ကျွန်တော့် မှာ ကြက်သီးမွေးညင်း ထအောင် ခေါင်းနားပန်း ကြီးသွားမိတော့သည် ။

မရှေးမနှောင်းမှာပင် ဖြောင်းခနဲ ရိုက်လိုက်သည့် အသံ ကို ကြားလိုက် ရပြီး ၊ သူခိုးလိုက်သူတွေ ထဲမှ တစ်ယောက်သောသူ က သူခိုး အား တအား လွှဲ၍ ရိုက်လိုက်သဖြင့် သူခိုး မှာ ရှေ့သို့ စိုက်လဲကျသွားကြောင်း မြင်လိုက်ရပါသည် ။ သူခိုး မှာ တစ်ချက်မျှပင် မအော်လိုက်နိုင်ဘဲ လမ်းပေါ် တွင် ခွေခွေကလေး ပုံလဲနေသည် ။ သူခိုး လိုက်သူ လူအုပ်ကြီး လည်း ခွေလဲ နေသည့် သူခိုး အား ဒေါသတကြီး ဝိုင်းရိုက်ကြတော့မည် အပြုတွင် -

“ အောင်မယ်လေး မသ,တ်ကြပါနဲ့ရှင် ၊ ကျွန်မ သားလေးပါ ၊ ကျွန်မ သားကလေး သံချောင်း ပါရှင် ၊ မသ,တ်ကြပါနဲ့ ၊ အောင်မယ်လေး ချမ်းသာ ပေးကြပါရှင် ” ဟူသော မညွန့်တင် ၏ အသံ ကို ကြားလိုက်ရသောကြောင့် တုတ် နှင့် လှမ်းရိုက်သူ နှင့် တကွ သူခိုး လိုက်သူ အားလုံးပင် တဲကလေး ဆီမှ အူယားဖားယား ပြေးထွက်လာသည့် မညွန့်တင် ထံသို့ အာရုံ လွှဲပြောင်းသွား ကြတော့၏ ။

မညွန့်တင် မှာ မြေကြီးပေါ်တွင် အသေလို ပုံကျလျက်ရှိသော သူ့ သား သံချောင်း အား ကြက်မကြီး က ကြက်ကလေး ကို တောင်ပံနှင့် အုပ် သကဲ့သို့ သူ့ တစ်ကိုယ်လုံးဖြင့် အုပ်ကာ၍ ထားလိုက်ရှာသည် ။ သူ့ စိတ် ထဲတွင် သူ့ သား မလုံမခြုံ ဖြစ်မှာကိုပင် စိုးရိမ်တကြီး သိမ်းကျုံး၍ ပွေ့ဖက် နေပြန်သည် ။ ပါးစပ် က လည်း ငိုကြီးရှိုက်ကြီး နှင့် တတွတ်တွတ် တောင်းပန် နေရှာ၏ ။

“ ခင်ဗျား သား အိမ် တစ်အိမ် တက် ခိုးမလို့ ၊ ဒီလိုသာ လျှောက် ခိုးနေရင်
ခင်ဗျားသား မကလို့ ဘယ်သူပဲဖြစ်ဖြစ် မိရင်တော့ အသ,တ်ခံရမှာပဲ ။ အခုလည်း နည်းနည်းကလေး အပြေး စောလို့သာ ။ နို့မို့ရင် ရွာထဲမှာတင် ကိစ္စချောတယ် ” ဟု လူတစ်ယောက် က ဒေါကြီးမောကြီးနှင့် အော်ပြောလိုက်ရာ ၊ နောက် တစ်ယောက် ကလည်း -

“ ခင်ဗျားတို့ ကိုယ့် သားသမီး ကို လည်း နိုင်အောင် မထိန်းနိုင် ၊ မဆုံးမနိုင် ပဲ အရေးကြုံတော့မှ စိုးရိမ်လိုက်ရတာ ။ ဒီလို မဖြစ်စေချင်ရင် စောစောက လိမ္မာအောင် ဆုံးမပါတော့လား ” ဟု ကြိမ်းမောင်း နေပြန်သဖြင့် -

“ ဆုံးမပါ့မယ် ကိုထွန်း ရယ် ၊ နောက်ကို ဆုံးမပါ့မယ် ။ ဒီကောင်လေး က အိမ် ကို မကပ်လို့ပါ ။ နောင်ကို ဒီလို မဖြစ်စေရပါဘူး ကိုထွန်း ရယ် ၊ ဒီတစ်ခါ တော့ ကျွန်မသားကလေး ကို ချမ်းသာပေးကြပါနော် ။ ရှိကြီးခိုးပါရဲ့ ၊ ချမ်းသာ ပေးကြပါ ” ဟု ငိုကြီးချက်မ တောင်းပန်နေရှာပြန်တော့သည် ။

သူခိုး လိုက်သူများလည်း အတန်ကြာအောင် တိတ်ဆိတ် သွားကြပြီး မှ တစ်ယောက် တစ်ပေါက် ဝေဖန် ပြောဆိုကြရင်း အခင်းဖြစ်ပွားရာ နေရာ မှ တဖြည်းဖြည်း ထွက်ခွာကြလေသည် ။ အချို့ကမူ -

“ မညွန့်တင် တစ်ယောက် လည်း ဒီကလေးတွေ နဲ့ သနားစရာပါပဲကွာ ၊ ကလေးတွေ လိမ္မာရေးခြား ရှိလာအောင် ကျောင်း ထားဖို့ ဆိုတာကလည်း ဆင်းရဲလို့ မတတ်နိုင် ။ ဒီ ကလေးတွေ အခုလို ပေါက်လွှတ်ပဲစား လွှတ်ထား ပြန်တော့လည်း တေပေလေလွင့်ပြီး သူ့အတွက် တစ်ဒုက္ခပဲ ” ဟူ၍ မညွန့်တင် အား ကရုဏာသက်စွာ ဝေဖန်သွားကြလေသည် ။

မကြာမီပင် လူတွေ အားလုံး ပြန်သွားကြပြီး ထိုနေရာတွင် သံချောင်း တို့ သားအမိ နှင့် ကျွန်တော် သာလျှင် ကျန်ရစ်ပါတော့သည် ။ သံချောင်း ကား သူတို့ အိမ်ရှေ့ လမ်းနံဘေး ဓာတ်တိုင် အောက် ၊ မလင်းတလင်း မီးရောင်အောက် မှာပင် ခေါင်းတွင် နီရဲသော သွေးများ ဖြာစီးလျက် ခွေခွေကလေး လဲ နေခြင်း ဖြစ်၏ ။

ထို ဓာတ်တိုင် အောက် တွင်ပင် သံချောင်း ၏ ညီ အတူးကလေး စာဖတ် နေသည်ကို တွေ့ခဲ့ဖူးသည့် အဖြစ်ကို လည်းကောင်း ၊ ထို ဓာတ်တိုင် အောက် မှာပင် သူ့ ဖခင် အရက်သမားကြီး ၏ ဇာတ်သိမ်းပွဲ ကို မြင်ခဲ့ဖူးသည့် အဖြစ် ကို လည်းကောင်း ပြန်လည် မြင်ယောင် သတိရလာမိသော အခါ၌ ကား ထို မိသားစု တို့၏ တိုက်ဆိုင်တတ်လှသည့် အဖြစ် ကို အံ့သြခြင်းမက အံ့သြမိပါသည် ။

ယခု ဓာတ်တိုင်အောက်မှ သံချောင်း မှာကား ခေါင်းမှ ဒဏ်ရာကြောင့် လူးလွန့်နေရင်း က “ အမေ ... အမေ ကယ်ပါဦး အမေ ရဲ့ ၊ ကျွန်တော် မခိုးပါဘူး ။ ကျွန်တော် ခိုးဖို့ သွားတာ မဟုတ်ပါဘူး ၊ ကျွန်တော့် ရည်းစား အလှ နဲ့ ချိန်း တွေ့ တာပါ ။ ကျွန်တော် မခိုးပါဘူး ။ ကျွန်တော့် ကို ကယ်ပါဦး အမေ ရဲ့ ” ဟု မိခင် ကိုသာ တတွတ်တွတ် တမ်းတနေရှာသည် ။ မိခင် မညွန့်တင် မှာလည်း သားကြီး သြရသ လူပေ လူတေကလေး ၏ နံဘေးတွင် ဒူးထောက်၍ ထိုင်ရင်း ၊ သား ၏ ခေါင်းမှ ဒဏ်ရာ ကို မကြည့်ရဲ ကြည့်ရဲ ငုံ့ကြည့်လိုက်ပြီး နောက် ဝမ်းနည်းပက်လက် ငိုကြွေးရှာတော့သည် ။ ငိုရင်း က သူ့ ခင်ပွန်းသည် ကိုမြိုင် ကိုလည်း အော်ဟစ်၍ တ လိုက်သေး၏ ။

ထိုအချိန်၌ သားအလတ် အတူးကလေး မှာ လည်း အိပ်ရာမှ အိပ်မှုန် စုံမွှား ထ လာရာက အစ်ကိုကြီး သံချောင်း ၏ အဖြစ်ကို မြင်လိုက်ရသောအခါ မိခင် နှင့် အတူ ရောနှော၍ ငိုလေတော့သည် ။ ကျွန်တော့် မှာ သူတို့ မိသားစုအား ဆိတ်ငြိမ်စွာ ငေးစိုက်ကြည့်ရင်းက သူခိုး ဖမ်းရန် လိုက်ခဲ့စဉ်က ကမန်းကတန်း ဆွဲကိုင်လာမိသော တုတ် ကို မြက်တော ထဲသို့ လွှင့်ပစ်လိုက်မိပါတော့သည် ။

တုတ်ကျသွားသံ ကို ကြားလိုက်ရတော့မှပင် မညွန့်တင် လည်း ကျွန်တော့် ဆီသို့ အလန့်တကြား လှည့်ကြည့်လိုက်ရာက ကျွန်တော့် ကို မြင်ခါမှပင် ပို၍ ငိုလေတော့သည် ။ ကျွန်တော့် အဖို့ကား သံချောင်း ၏ ခေါင်းမှ ဒဏ်ရာကို ဆေး ထည့် ပြုစုပေးရုံမှတစ်ပါး အခြား အကူအညီလည်း မပေးနိုင်သည့်အ တိုင်း -

“ ကျွန်တော် အိမ်ပြန်ပြီး ဆေးသွား ယူလိုက်ဦးမယ် ၊ ခင်ဗျား ရေနွေးအိုး သာ တည်ထားနှင့်နော် ” ဟု မှာကြား ကာ တင်ချာ ၊ ပတ်တီး စသည် တို့ ကို ပြန်ယူရန် အိမ်ဆီသို့ ခပ်သုတ်သုတ် လျှောက်ခဲ့မိပါသည် ။ လမ်း တွင် ကျွန်တော် မျက်မြင် ကြုံတွေ့ခဲ့ဖူးသည့် ဤ ဓာတ်တိုင် အောက် မှ အဖြစ်အပျက်ကလေးများ ကို ပြန် တွေးမိရင်းက ထို မိသားစုတို့ ၏ အနာဂတ် ကြမ္မာကံ ကို မစဉ်းစား မဝေဖန်တတ်အောင် ဖြစ်မိတော့သည် ။

မညွန့်တင် နှင့် သူ ၏ ကလေးသုံးယောက် တို့၏ နောင်ရေး ကို လည်း မိမိ ကိုယ်ရေးကိုယ်တာ ကိစ္စ တစ်ခု ပမာ တွေးတော ပူပင်မိပါသည် ။ မညွန့်တင် သည် တေပေလွင့်စ ပြုနေပြီ ဖြစ်သည့် သားကြီး သံချောင်း ကို ပြန်၍ အုပ်ထိန်း နိုင်ပါဦးမည်လား ၊ ပညာရည်ကလေး အနည်းငယ်မျှ သောက်စို့မိရုံနှင့် ပင် သိသိသာသာ အသွင် ပြောင်းခဲ့ကြသော အတူး နှင့် ဘိုနီကလေး တို့အား ယခု သူတို့ ကို အခမဲ့ ပညာသင်ကြားပေး နေသူ ဆရာမကြီး က နောင်တွင်လည်း အရှည်သဖြင့် သည်အတိုင်း ဆက်၍ စေတနာ ထားသွားနိုင်ပါမည်လား ။ ဤ ကလေးတွေကလည်း ပညာ ကို ယခု အတိုင်းပင် ခုံခုံမင်မင် လိုလိုချင်ချင် နှင့် ဆက်လက် ကြိုးစားသွားပါမည်လား စသည်ဖြင့် အကြောင်းကြောင်း တို့ ကို အတောမသတ် စဉ်းစားမိပါတော့သည် ။

သို့ရာတွင် ကျွန်တော့် အနေနှင့် သူတို့ ၏ ဘဝပြဿနာ ကို မဖြေရှင်း တတ်တော့ပြီ ။ တစ်ခုတော့ တတ်နိုင်ပေမည် ။ သူတို့၏ တကယ့် ဖြစ်စဉ်အမှန် ကို ကျွန်တော် ကိုယ်တိုင် မျက်မြင် ကြုံတွေ့ ခဲ့ဖူးသည့်အတိုင်း စာတစ်ပုဒ် ဖွဲ့၍ တစ်နေ့နေ့ တွင် တိုင်းပြည် သို့ တင်ပြမည် ဟူ၍ ကား စိတ်ပိုင်းဖြတ် ထားလိုက် မိပါ၏ ။

ထို စိတ်ပိုင်းဖြတ်ချက် ကို ယခု အကောင်အထည် ဖော်လိုက်ရခြင်း ပင် ဖြစ်ပါသတည်း ။  ။

⎕ ‌မင်းရှင်

📖 ရှုမဝ မဂ္ဂဇင်း
      မတ် ၁၉၅၅

#ကိုအောင်နိုင်ဦး

.

Thursday, June 29, 2023

ခေတ်သစ် မိဘ မေတ္တာ


 

❝ ခေတ်သစ် မိဘ မေတ္တာ ❞

တစ်မနက်ခင်း ( ၁၀ ) နာရီ အချိန် ခန့် သာသာ တွင် အိမ်နီးချင်း စာရေးကြီး ကိုလှကြည် ကျွန်တော့် ထံ ပေါက် လာပြီး “ ခင်ဗျား တော့ ဒုက္ခ ရှာရဦးမှာပဲ ဗျာ ။ ကျွန်တော့် မိန်းမ ဆေးရုံ က ပြန်ခေါ် ချင် လို့ တစ်ဆိတ် ကားကလေး မောင်း ပေး နိုင် ရင် လိုက် မောင်း ပေးစမ်းပါ ဗျာ ” ဟု အလောတကြီး လာ ပြော ပါသည် ။ သူ့ မိန်းမ ဘယ်တုန်း က ဆေးရုံ တက် ရပြီး ၊ ဘာ့ကြောင့် တက် ရကြောင်း စသည်တို့ ကို ဘာ တစ်ခု မှ အကြောင်းစုံ မသိရသေး သည့် ကျွန်တော့် မှာ ခပ်ကြောင်ကြောင် ပင် ဖြစ်နေ မိ၏ ။

“ နေပါဦး ကိုလှကြည် ရ ၊ အလန့်တကြား ... ခင်ဗျား မိန်းမ ဘာဖြစ်လို့ ဆေးရုံ တက် ရတာလဲ ”

“ အို ကိုယ်ဝန် ပျက်ကျ လို့ သားဖွားခန်း သွား တင်ရတာပါ ဗျာ ၊ အခု ကိစ္စ ပြီးစီး သွား လို့ အိမ်ပြန် ခေါ်ချင် လို့ပါ ။ ကား ကတော့ ဟိုဘက် အိမ် က ကား ပြောပြီး ပါပြီ ။ တက်စီ ငှား ရရင် တော်တော် ကျမှာမို့ အိမ်နီးချင်းတွေ ဒုက္ခ ရှာ ရတော့ တာပါပဲ ဗျာ ။ အခုပဲ သားဖွားခန်း သုံးလေး ရက် တင် ထားတာ ငွေ တော်တော် ထွက်သွားပြီ ”

ထိုအခါ ကျမှပင် အကျိုးအကြောင်း စုံ သိ ရ သလောက် ရှိသွား ပါသည် ။ ကိုလှကြည် မှာ မြန်မာပြည် မီးရထားရုံး မှ စာရေးကြီး တစ်ဦး ဖြစ်၍ လခ နှစ်ရာ ခန့် ရသူ ဖြစ်၏ ။ သူ့ တွင် အခါလည်ကျော် နီးပါးခန့် သားယောက်ျားကလေး တစ်ယောက် ရှိ၍ ယခု ပျက်ကျရသည့် ကိုယ်ဝန် မှာ ဒုတိယမြောက် ကလေး ပင် ဖြစ်ပေ လိမ့်မည် ။ မော်တော်ကား ငှားရမ်း သည့် သူ မှာ လည်း ကျွန်တော်တို့ နှင့် အိမ်နီးချင်းများ ပင် ဖြစ်၍ ယောက်ျား ရော မိန်းမ ပါ အစိုးရ အမှုထမ်းများ ဖြစ်ကာ အိမ်ပိုင် ၊ ကားပိုင် စသည်တို့ နှင့် တင့်တင့်တယ်တယ် နေနိုင်သူများ ဖြစ်လေသည် ။ ခင်ပွန်း သည် ကိုခင်အုန်း မှာ ကောက်ပဲသီးနှံ ရောင်းဝယ်ရေး ဘုတ်အဖွဲ့ မှ အမှုဆောင် အရာရှိကလေး ဖြစ်၍ ၊ ဇနီးသည် မတင်လှလှ မှာ အတွင်းဝန်များရုံး မှ ရုံးဝန်ထောက် ဖြစ်၏ ။

မကြာမီပင် ကျွန်တော် သည် အဝတ်အစား ကောက်ကာ ငင်ကာ လဲ ပြီး၍ ကား ငှားမည့် အိမ်ဘက် နှစ်ယောက် သား ထွက် ခဲ့ ကြပါသည် ။ ထို နေ့ က အိမ်ရှင်မ မတင်လှလှ မှာ ရုံး သွားဟန် မတူပါ ။ ခြောက်လသား ရွယ် နို့စို့ကလေးငယ် ကို ပွေ့ချီရင်း -

“ ကဲ … ကဲ ကား မှာ သော့ တပ်လျက်ပဲ ။ ယူ သာ ယူ သွားကြပါ ။ ဒီ ကနေ့ ဒရိုင်ဘာ က ရုတ်တရက် နေ မကောင်းလို့ မောင့် ကို ရုံးလိုက် ပို့ပြီး ခွင့်ယူ ပြန် သွားတယ် ။ နို့မို့ရင် ဒီ က ကိုမင်းရှင် ကို ဒုက္ခ ရှာဖို့ လို မှာ မဟုတ်ဘူး ။ ဒီလိုပေါ့ ရှင် ၊ အိမ်နီးနားချင်းတွေ ဆိုတာ တစ်ဦး ကို တစ်ဦး ကိုယ် တတ် နိုင်တဲ့ ဘက် က ကူညီ စောင်မ ကြရစမြဲပေါ့ ” ဟု ထွက် ၍ ပြောပါသည် ။ ကိုလှကြည် က လည်း ကျေးဇူးတင် စကားများ ပြောကြား ပြီး နောက် ကျွန်တော်တို့ နှစ်ယောက် ကိုခင်အုန်း ၏ လင်းရိုဗာ ကားအဖြူကလေး ဖြင့် သားဖွားခန်း ရှိရာ သို့ မောင်းနှင် ထွက်ခဲ့ကြပါသည် ။ စ ထွက်စ အချိန် ၌ ကိုလှကြည် မှာ စကား တစ်ခွန်း မှ မပြောဘဲ တစ်စုံတစ်ခု ကို တွေးတော နေပုံ ရ ပါသည် ။ ကျွန်တော် က စ၍ -

“ ကလေး က ဘယ်နှလ နဲ့ ပျက်ကျ ရတာလဲ ကိုလှကြည် ရ ” ဟု တိတ်ဆိတ်မှု ကို ဖြိုခွင်း မေး လိုက်ပါသည် ။ ကိုလှကြည် က ချက်ချင်း ပြန် မဖြေပါ ။ သူ့စိတ်၌ တစ်စုံ တစ်ခု ကို ထုတ်ပြောသင့် ၊ မပြောသင့် စဉ်းစားနေဟန် တူ၏ ။ နောက်မှ -

“ ကိုမင်းရှင် ကို တော့ ဖုံးကွယ် ထားရမယ့် လူ လည်း မဟုတ်ပါဘူး ဗျာ ။ ကျွန်တော် လည်း ကိုယ့် အဖြစ် ကိုယ် ညာ မနေချင်တော့ပါဘူး ။ အမှန်က မကျင်ရီ ကလေး ပျက်ကျ ရတာ မဟုတ်ပါဘူး ။ တမင်တကာ ကို ဖျက်ချ ပစ် လိုက်တာပါ ။ ကိုယ်ဝန် က နှစ်လ နီးပါးတောင် ရှိပြီ ” ဟု စကား နှင့် သက်ပြင်း ရောထွေး ၍ ပြောချ လိုက်သည် ။

ကျွန်တော့် မှာ ရုတ်တရက် ယောင်၍ ပင် စုတ်သပ် လိုက် မိပြီး မှ အားတုံ့ အားနာ ဖြစ်သွား မိ၏ ။ ဤခေတ် ဤအခါကြီးတွင် လူ တကာ ကလေး တားဆီးနည်း ၊ ကလေး ဖျက်ချနည်း မျိုးစုံ တို့ ဖြင့် ကလေး မရရန် ကြိုးပမ်း နေချိန်မျိုး ၌ ကိုလှကြည် တို့ အဖြစ်အပျက် မှာ မဆန်းလှသည် မှန် သော်လည်း ၊ ကျွန်တော် ၏ စိတ်ရင်း ၌ ဤ ကိစ္စမျိုး ကို စက်ဆုပ် ရွံရှာဖွယ်ရာ အကောင်းဆုံး ဟု နှလုံးပိုက် ထား မိသည် ဖြစ်သော ကြောင့် ဟန် မဆောင် နိုင်တော့ဘဲ စုတ် သပ် လိုက်မိခြင်း ဖြစ်ပါသည် ။ ဤ အဖြစ်အပျက်မျိုး တို့ ကား ယခုတလော ရိုး မတတ် ပင် ရှိခဲ့ပါပြီ ။ ဘယ် အိမ်ထောင်စု နှင့် တွေ့ လိုက် တွေ့လိုက် ကိုယ်ဝန် ဆောင် ပြီးသား ကလေး ကို ဖျောက်ဖျက် လိုသူများ အတွက် နိုင်ငံခြား ဆေးဝါးမျိုးစုံ တို့ဖြင့် ဖျက်ချနည်း ၊ ဆရာဝန် ထံ သွားရောက် ဖျက်ချစေနည်း တို့ ကို လည်းကောင်း ၊ ကလေး ဆို ၍ လေသံ မျှ ပင် မကြား လိုသူများ အတွက်လည်း ယောက်ျား များ အနေ နှင့် အကြော ဖြတ်၍ တားဆီးနည်း ၊ မိန်းမများ သားအိမ် ထုံး ၍ တားဆီးနည်း ၊ ဓမ္မတာ ရာသီလာချိန် ကို ဂဏန်းသင်္ချာ အားဖြင့် တွက်ချက် ၍ တားဆီးနည်း စသည့် ကိုယ်ဝန် တားဆီးနည်း ပေါင်းစုံ ကို လည်းကောင်း ကြားရ ၊ သိရ ပါသည် ။

တစ်အိမ်ထောင် နှင့် တစ်အိမ်ထောင် ဆုံတွေ့ ကြ လျှင်လည်း ကလေး ပေါများသူ ချင်း ဖြစ်ပါက “ ဘယ့်နှယ် ၊ ဆေးရုံကြီး သွား လုပ် လိုက်ရင် တစ်ည ပဲ ငြိမ်ငြိမ် နေရ သတဲ့ ။ သိပ် လွယ်ကူဆိုပဲ ” စသည်ဖြင့် အကြံပေး ဉာဏ်ပေး သလိုလို ၊ အဖော် ညှိ သလိုလို နှင့် ပြောဆို တတ်ကြ သေးသည် ။

ထို တလော တွင် ကျွန်တော်တို့ စာရေးဆရာ တစ်စု တွေ့ ဆုံမိကြလျှင် ပင် ဤကဲ့သို့ ကိုယ်ဝန် တားဆီးနည်းများ နှင့် ပတ်သက်၍ ဇာတ်လမ်း ဖန်တီး ရေးသားကြရန် တိုင်ပင် နှီးနှောမိကြ သေး၏ ။ ထိုကဲ့သို့ စကား စပ်မိ ကြရင်း က ကျွန်တော့် တွင် ဇာတ်လမ်းကလေး တစ်ခုပင် ရမိ သေး၏ ။ လင်ယောက်ျား တစ်ယောက် ၊ ကလေး မလိုချင် လွန်း၍ အကြောဖြတ် တားဆီးမှု ပြုလုပ် ပြီး နောက် မှ မိမိ ဇနီးသည် တွင် မမျှော်လင့်ဘဲ ကိုယ်ဝန် ဖြစ်ပေါ် လာ ရာ ထို လင်ယောက်ျား မှာ ဇနီး ဖြစ်သူ မိမိ အပြင် နောက်မီး ပွင့် မျောက်မ ထားသည် အထင် နှင့် လင်မယား ကွဲကြရ ပုံ ။ အမှန်အားဖြင့် ဆရာဝန် တို့ နှင့် တိုင်ပင် နှီးနှော ကြည့်သော အခါ တွင် မှ ဤကဲ့သို့ အကြောဖြတ် တားဆီးနည်း မျိုး မှာ လုံးဝ စိတ်ချနိုင်သည် မဟုတ်ကြောင်း ၊ တစ်ခါတစ်ရံ မမျှော်လင့်ဘဲ ကိုယ်ဝန် ဖြစ်ပေါ် လာ တတ်ကြောင်း နှင့် သိရတော့ မှ မိမိ အမှား မိမိ နောင်တ ရရှိ ပြီး ဇနီးသည် အား တောင်းပန် ဝန်ချပုံ ၊ သို့ရာတွင် သစ္စာ ကြီးမားခဲ့သော ဇနီးသည် မှာ မိမိ အပေါ် အထင် လွဲရ ကောင်းလား ဟူ၍ လင်ယောက်ျား အား လက်မခံ တော့ဘဲ ငြင်းဆိုလိုက်ပုံ ... စသည်ဖြင့် ဝတ္ထုဇာတ်လမ်း ဆင် ၍ ရေးသားရန် ကြံမိ ပြီးမှ ယခု အထိ မရေးဖြစ်ဘဲ ရှိခဲ့ခြင်း ဖြစ်ပါသည် ။

သို့ ဖြစ်လေရာ ဤခေတ် ဤသမယ တွင် ၊ ဤရွေ့ ဤမျှ ခေတ်စား လျက် ရှိသော အဖြစ်သနစ်မျိုး တို့ တွင် ကိုလှကြည် တို့ လင်မယား ရော ပါသွားရခြင်း မှာ အကယ်စင်စစ် အပြစ်တင် စုတ်သပ်ဖွယ် မရှိပါတကား ဟု တွေးမိ ရာ က ၊ ကိုလှကြည် အပေါ် တွင် အားတုံ့အားနာ ဖြစ်သွားမိခြင်း ဖြစ်ပါသည် ။

“ အပြစ် တင်မယ် ဆိုလည်း တင်သင့်ပါတယ် ကိုမင်းရှင် ရာ ၊ ဒီ ကလေး ကို ဖျက်ချမိတာ ဘာမှ အဓိပ္ပာယ် မရှိပါဘူး ။ အခုခေတ်ကြီး ကို က ဘာတွေ ဖြစ် နေသလဲ မသိပါဘူး ။ ကျွန်တော်တို့ တစ်တွေ ဟာ ကိုယ် ဆုံးဖြတ် ပြုမူမိတဲ့ အလုပ် ကို ဘာ့ကြောင့် ၊ ဘာရည်ရွယ်ချက် နဲ့ ပြုလုပ်မိတယ် ဆိုတာ ကို ပြတ်ပြတ်သားသား နား မလည်နိုင်ကြဘူး ။ အခု ကြည့် ပါလား ၊ ဒီ ကလေး ဖျက်ချဖို့ စိတ်ကူးကြ တုန်း က ကျွန်တော် ရော ၊ မကျင်ရီ ပါ နှစ်ဦး သဘောတူပဲ ။ ဒါပေမဲ့ အခုတော့ ကျွန်တော့် စိတ် ထဲ မှာ အမှားကြီး မှားပြီ လို့ နားလည် လာ မိတယ် ” ဟု ကားဘီးသံ တဝီဝီ ကြား မှ ကိုလှကြည် က ပြောလိုက် ပြန်၏ ။

ကျွန်တော် လည်း ရင် ထဲ က ယားကျိကျိ ဖြစ်လွန်းလာ မိရာ က လူ တစ်ဖက်သား အပေါ် အားနာမှု ၊ ငဲ့ညှာမှုမျိုး လုံးဝ မရှိတော့ပါ ။ ဤ ပြဿနာ သည် ကိုလှကြည် လင်မယား အတွက်သာ မဟုတ် ။ မြန်မာ တစ်နိုင်ငံ လုံး ရှိ လင်မယားတွေ နှင့် ပတ်သက် နေရာ ၊ ကျွန်တော့် ရင် ထဲ မှာ မေးချင် မြန်းချင် စိတ် တွေကို တားဆီး ထားခြင်းငှာ မသင့်ဟု ဆုံးဖြတ်ချက် ချလိုက် မိ ပါသည် ။

“ နေပါဦး ကိုလှကြည် ၊ အခုလို မှားမှန်း သိရင် အစကတော့ ဒီကလေး ကို ဖျက်ချဖို့ ဘာ့ကြောင့် ဆုံးဖြတ်ခဲ့ မိတာတုံး ” ဟု မေးလိုက် မိ၏ ။

ကိုလှကြည် မှာ အဖြေရ ခက်နေပုံ ရသည် ။ သူ့ ဟာ သူ လည်း အစက ဘာ့ကြောင့် ဆုံးဖြတ်ချက် ချခဲ့မိသည် ကို သဘော ပေါက် ပုံ မရ ။ အတော်ကလေး ကြာ မှ အကြောင်းရင်း ကို သူ သတိရ မိ ဟန် ဖြင့် -

“ အကြောင်းရယ် လို့ မည်မည်ရရ မရှိပါဘူးဗျာ ။ အပေါင်းအသင်း မှား လို့ ဖြစ်ရ တာပါ ။ ကိုယ့် အပြစ် ကို သူများ လွှဲချတာ တော့ မဟုတ်ပါဘူး ။ ကျွန်တော် တို့ အပြစ် လည်း မကင်းတာ အမှန်ပါပဲ ။ ဒါပေမဲ့ တကယ်လို့ အစ ကတည်း က မကျင်ရီ သာ နားမယောင်ခဲ့ ရင် ဒီ အဖြစ်မျိုးနဲ့ ကြုံရမှာ မဟုတ်ဘူး ။ ဒီလို ကိုမင်းရှင် ရ ၊ မကျင်ရီ က အစစ အရာရာ အိမ်နီးချင်း မတင်လှလှ တို့ အိမ်ထောင် ကို အတု ခိုး ချင်တယ် ။ သူ့ အပြစ် လည်း မဟုတ်ပါဘူး ။ ကိုမင်းရှင် သိတဲ့ အတိုင်း ဟို လင်မယား ကလည်း တစ်ယောက် က အီးအို ၊ တစ်လ ရှစ်ရာ စား ။ တစ်ယောက် က လည်း ဆူပရီတင်းဒင့် ၊ တစ်လ လေးရာ စား ။ အိမ်ပိုင် ကားပိုင်တွေ နဲ့ ဆိုတော့ အားကျ ချင် စရာ ၊ အထင်ကြီး စရာ ၊ အတုခိုးချင် စရာ ပေါ့ ဗျာ ။ ကျွန်တော်တို့ ဆိုတာက တစ်လ မှ လခလေး ၂ ရာ နီးပါးနဲ့ ။ ကြွေးတင် ၊ ပစ္စည်း ပေါင်ရ ၊ တစ်လ နဲ့ တစ်လ အလျဉ် မီတယ် မှ မရှိဘဲ ။ ကိုယ့် ထက် ၆ ဆ လောက် သာတဲ့ အိမ်ထောင်ကို အားကျ မိတော့ တာပေါ့ ။ ဟို ... မင်းကတော် ကလည်း အမျိုးမျိုး သင် ပေးတယ် ။ တစ်ဖက် က ခုလို အခြေအနေ နဲ့ ယှဉ်ပြီး သုံးနည်း ဖြုန်းနည်း အမျိုးစုံ သင်ပေး သလို တစ်ဖက် က လည်း ကျွန်တော်တို့ ရ တဲ့ ငွေ ၂ ရာ လောက် နဲ့ လူ့ လောက မှာ နေလို့ မှ မဖြစ်တော့အောင် သူတို့ လခတွေ နဲ့ နှိုင်းပြီး ခြောက်လှန့် တော့ တာပဲ ။ မကျင်ရီ က လည်း ဒါတွေ နားထောင် ၊ နားယောင် လာပြီး အမြဲတမ်း စိုးရိမ် ထိတ်လန့် နေတော့တာပဲ ။ တစ်နေ့ တခြား ငွေ ကို မက်မော လာတယ် ။ ငွေမရှိ မှာ ကို ပဲ ကြောက် နေတော့တယ် ။ သူ့ ခေါင်း ထဲ ငွေကိစ္စတစ်ခု ပဲ တွေး နေတော့တာ ပါပဲ ။ နောက်ဆုံးတော့ မတင်လှလှ က ကလေး အကြီး ၂ နှစ် မှ မပြည့်သေး ခင် နောက်ထပ် တစ်ယောက် မယူချင် ဖို့ ၊ ဒီ  လခ ဒီ အခြေ နဲ့ ကလေး နှစ်ယောက် ဆိုရင် ဒီ့ထက် ပိုပြီး စိတ်ဒုက္ခ ရောက်စရာ ပဲ ရှိတဲ့ အကြောင်း ၊ သူတို့ နှစ်ယောက်ပေါင်း တစ်ထောင် ကျော် ရတာ တောင် မှ ကလေး နှစ်ယောက် မယူချင် လို့ အခု ဒုတိယ ကလေး တုန်း က အမျိုးမျိုး ဖျက်ချဖို့ ကြိုးစား ခဲ့ကြောင်း ၊ ဘယ်လို ဖျက် လို့ မှ မရတော့ လို့ သာ အခု မွေးလာရတဲ့ အကြောင်းတွေ နဲ့ နှိုင်းနှိုင်း ပြောတော့တာ ကိုး ။ ကျွန်တော့် မိန်းမ ဦးနှောက်ကလေး ၊ ဉာဏ်ကလေး နဲ့ ဘယ် ခံနိုင်ပါတော့မလဲ ကိုမင်းရှင် ရာ ။ ဟို က ဘီအေ ၊ ပညာတတ် ၊ လခစား ။ ဒီ က ၅ တန်း ၆ တန်း ၊ အလုပ်အကိုင် မရှိ ၊ အိမ် ထဲ နေရတဲ့ သူ ၊ ဟိုက ပြောလေ သမျှ အဟုတ်ကြီး ထင်တော့တာပေါ့ ” စသည် ဖြင့် မချိတင်ကဲ ဝမ်းနည်းစွာ ဖြင့် ပြောနေ လေ တော့၏ ။

“ ခင်ဗျား မိန်းမ က ပညာမဲ့ လို့ နားယောင် မိဦး ၊ ဟို လင်မယား ဟာ ငွေ မရှိလို့ ၊ မချမ်းသာ လို့ မှ မဟုတ်ဘဲ ။ သက်သက်မဲ့ သူတို့ နေထိုင် စားသောက် နေရတဲ့ လက်ရှိ စည်းစိမ်တွေ ယုတ်လျော့ သွားမှာ စိုးလို့ ၊ ကလေး တစ်ယောက် တာဝန် ကို မလိုချင်ဘူး ဆိုတာ သူတို့ အမှား ကို ခင်ဗျားတို့ ပါ လိုက် မှား အောင် အဖော် ညှိတယ် ဆိုတာ ခင်ဗျား က နားလည် သင့်ပါတယ် ဗျာ ။ ခင်ဗျာ့း မိန်းမ နားယောင်တိုင်း ခင်ဗျား လို လူ က ဘာကြောင့်များ ... ”

ကျွန်တော့် မှာ စကား ကို ဆုံးအောင်ပင် မပြောနိုင်ပါ ။ ကိုလှကြည် ၏ အကြောင်းပြချက် များ ကို လက်မခံ နိုင်ဘဲ အပြစ် တင်လို ဇော ဖြင့် သာ မောနေ မိ တော့၏ ။

“ မေးသင့်ပါတယ် ၊ မေးသင့်ပါတယ် ။ မကျင်ရီ ဘယ်လိုပဲ မိုက်မိုက် ၊ ကျွန်တော် က မမိုက်သင့်ပါဘူး ။ အမှန် ကို ဝန်ခံရဲပါတယ်ဗျာ ။ တကယ် က တော့ ကျွန်တော် ကိုယ်တိုင် လည်း နားယောင် သွားမိတယ် ။ ကျွန်တော့် မျက်စိ ထဲ မကျင်ရီ အခါလည်ကျော်ကျော် ကလေး တစ်ဖက် ၊ ဗိုက်ကြီး တစ်လုံး နဲ့ ဖတ်သီ ဖတ်သီ ဈေး သွား ရမှာ တွေ ၊ ကိုယ်ဝန် ဆောင် ရတာ က ဒုက္ခ တစ်ဖက် နဲ့ အကြီးကောင် ကို နို့ဖျော် တိုက်ရ ၊ ချေးတယ်ရ ။ ညကြီးမင်းကြီး ထ အနှီးလဲရ ၊ တစ်ခါ မနက် အစောကြီး ထ ပြီး လင် ကို ပြုစုရ ၊ ထမင်း ချက်ရ ပြုတ်ရ နဲ့ ပင်ပန်းမှာ တွေ ၊ လခလေး ၂ ရာ ကို အလျဉ် မီအောင် မှ မသုံးနိုင် တဲ့ ဘဝ မှာ နောက်ထပ် ကလေး တစ်ယောက် မွေးဖွား စရိတ် ၊ နို့မှုန့်ဖိုး ၊ အို .… ဒါတွေကို တွေးလိုက်မိ ပါတယ် ကိုမင်းရှင် ရာ ။ ကျွန်တော် ကိုယ်တိုင်က မကျင်ရီ ဆီ က တစ်ဆင့် မတင်လှလှ ရဲ့ ဆုံးမ သြဝါဒတွေ ကို နားယောင် မိပြီး အလိုတူ အလိုပါ ဖြစ်မိ သွားတာပါပဲဗျာ ” ဟု ကိုလှကြည် က ခေါင်းကြီးငုံ့ ၍ သူ့ အပြစ် သူ ဝန်ခံ လိုက်သော အခါတွင်မူ ကား သနားကရုဏာ သက်သွား မိ တော့၏ ။ သူ့ စကားများ ကို နားထောင်မိရင်း ကလည်း မကြာသေး မီ က ကိုလှကြည် ပြောခဲ့ သလိုပင် “ ကိုယ့် ဆုံးဖြတ်ပြုမူမိတဲ့ အလုပ် ကို ဘာကြောင့် ၊ ဘာရည်ရွယ်ချက် နဲ့ ပြုလုပ်မိတယ် ဆိုတာ ကို ပင် ပြတ်ပြတ်သားသား နားမလည် နိုင်တဲ့ ခေတ်ကြီးပါ တကား ” ဟု ခေတ် ကို ပင် အပြစ် ပုံချ လိုက်မိပါသည် ။

သို့ရာတွင် ဤ ခေတ်ဆိုး ခေတ်ကျပ်ကြီး ထဲ မှာ ပင် မျှော်ကိုးချက် အလင်းရောင်ကလေး များ ကို တွေ့ နိုင်သေးကြောင်း ကို လည်း အမှတ်ရ လိုက်မိသည် ။ တလောကပင် ယခု ကျွန်တော် မောင်းနှင် လျက် ရှိသော ကိုခင်အုန်း ၏ လင်းရိုဘာ ကား ကို မောင်းသူ ဒရိုင်ဘာ ကိုသော် ဆိုသူ နှင့် စကား စပ်မိကြရင်း က ကြားသိ ခဲ့ရသော စကားများကို ပြန်လည် ကြားယောင် မိတော့၏ ။

တစ်နေ့သ၌ ဒရိုင်ဘာ ကိုသော် မှာ မိမိ ကား ကို ရေဆေး တိုက်ချွတ် နေစဉ် ၊ ကျွန်တော် လည်း ပျင်းပျင်း ရှိသည် နှင့် သူ့ အနီးအနား သွား၍ သလ္လာပ အာလာပ စကား ပြောမိကြရင်း က ကျွန်တော် က -

“ ကိုသော် တို့ အခု ရတဲ့ လခ တစ်ရာ နဲ့ စားလောက် သောက်လောက် ရှိရဲ့လား ” ဟု စပ်စု မေးမြန်း မိပါသည် ။

“ ဘယ် လောက်ပါ့မလဲ ဆရာ ရယ် ၊ ကျွန်တော် က လင်ကိုယ် မယား နှစ်ယောက် ထဲ မှ မဟုတ်ဘဲ ။ သားသမီး ပေါင်း ( ၇ ) ယောက် ရှိတယ် ။ အခု ဗိုက်ထဲ က ပါ နဲ့ ဆိုရင် ( ၇ ) ယောက်ခွဲ ပေါ့ ”

“ ဟင် ကလေး ( ၇ ) ယောက် ၊ များလှချည်လား ကိုသော် ရယ် ။ ဒီ ကလေးတွေရဲ့ တာဝန် ကို ကျေပွန်နိုင်ရဲ့လား ၊ ကျောင်း ကော ထားရဲ့လား ”

“ ဒါတော့ စိတ်ချ ဆရာ ၊ ကျွန်တော် သာ ဒရိုင်ဘာ လုပ်မယ် ။ ကိုယ့် သားသမီးတွေ တော့ စာရေး လောက် တော့ ဖြစ်စေရမယ် လို့ ဆုံးဖြတ် ထားတယ် ။ ကျွန်တော်တို့ လင်မယား က ငတ် နေရရင် နေရ ပစေ ၊ သားသမီးတွေ ကို တော့ ပညာ တတ်အောင် သင်ပေး မှာပဲ ။ ရတဲ့ လခကလေး နဲ့ ကတော့ ဘယ် လွယ်ပါ့မလဲ ဆရာ ရယ် ။ ကျွန်တော့် မိန်းမ လည်း စက်ချုပ် ရ ၊ ဈေးရောင်း ရ လုပ်ရသေး တာပေါ့ ။ ကျွန်တော် လည်း ဒရိုင်ဘာ အလုပ် ပြီးလို့ အိမ်ပြန် ရောက် ရင် အဖေ သင် ပေး ထားတဲ့ လက်သမား အတတ်ကလေး နဲ့ ရွာ ထဲ လိုက်ပြီး အလုပ်ကလေးတွေ လုပ် ပေးရင်း ရနိုင် သမျှကလေး ရှာ ရတာပဲ ။ ဒီလို ဒီလိုနဲ့ပဲ တစ်လ တစ်လ ဖြစ် ဖြစ် သွားတာပဲ ဆရာ ရေ ”

ထိုအချိန် ၌ ကလေး ဖျက် ချခြင်း ၊ ကိုယ်ဝန် တားဆီးခြင်း စသည် တို့ ကို အမုန်းကြီး မုန်း ၊ အစက်ဆုပ်ကြီး စက်ဆုပ်ပါသည် ဆိုသော ကျွန်တော် က

“ ကိုသော် ၊ အခု ခေတ်စား နေတဲ့ ကလေး မရအောင် လုပ်တဲ့နည်းတွေ ကြားဖူးရဲ့လား ” ဟု မေးလိုက် မိ ပါသည် ။

“ ကြားဖူးပါသော် ကော ဆရာ ရယ် ၊ ဟိုဟာ ဖြတ် တာတို့ ၊ ဟိုဟာ ထုံး တာတို့ မဟုတ်လား ။ အဲဒါ ဘာဖြစ်လို့လဲ ဆရာ ”

“ ခင်ဗျား မှာ ကလေး ( ၇ ) ယောက် ဆိုတော့ အဲသလို လုပ်ချင်စိတ်များ မပေါက်ဖူးလား လို့ ပါ ”

“ ဟာ ... တစ်ခါတလေ တော့ ပေါက်မိသား ဆရာ ။ ကျွန်တော် နားလည်တဲ့ လူတွေ မေးတောင် ကြည့်မိသေးတယ် ။ တလောက ကျွန်တော် တို့ ဆရာ့ ရုံး က စာရေးကြီး တစ်ယောက် က အဖော် ညှိလို့ တောင် လိုက် လုပ် မလို့ စိတ်ကူး လိုက် မိ သေးတယ် ။ ဒါပေမဲ့ ကျွန်တော့် မိန်းမ တိုင်ပင် ကြည့်တော့ သူ က အတင်း တားပါရော ဆရာ ။ ဒီလို ပါနာတိပါတာ အကုသိုလ်တရားတွေ မလုပ်ချင် ဖို့ ၊ ကလေး တစ်ယောက် သ,တ်ပစ်မယ့် အစား ကလေး တစ်ယောက် မလိုချင်မယ့် အစား နှစ်ယောက် အတူတူ မအိပ်ကြတာ က မှ ကောင်းသေးတယ် လို့ သူ က ပြောတော့ ကျွန်တော် တောင် ရှက်သွားမိတယ် ဆရာ ။ သူ ပြောတာ မှန်တာပဲ ။ ကလေး မွေးအောင် ဖန်တီးတဲ့ အလုပ် ကျ တော့ မရှောင်နိုင်ကြဘဲ သဘာဝ အလျောက် ပေါက်ဖွားလာမယ့် ကလေး ကို တော့ တားဆီးဖို့ ၊ သ,တ်ပစ်ဖို့ ကြံစည်ကြတယ် ဆိုတာ တော်တော် ဆိုးတဲ့ အလုပ်ပဲ ဆရာ ။ ကျွန်တော်တို့ အဖို့ တော့ မထူးပါဘူး ။ ကုသိုလ်ကံ ကြောင့် ရလေ သမျှ ကလေးတွေ ကို တော့ ဘယ်လောက် အထိ ရရ ၊ ကိုယ် ငတ် မသေမချင်း တာဝန် ရှိ သလောက် ပြုစု စောင့်ရှောက် သွားမှာပဲ ။ ဒီ ဒရိုင်ဘာ အလုပ် နဲ့ မလုံလောက် ရင် ဘာလုပ်ရ လုပ်ရ ၊ အဆုံးစွန် သူခိုး လုပ်ရ လုပ်ရပေါ့ ဆရာ ။ ဒီတော့လည်း ဘာ တတ်နိုင်ပါ့မလဲ ” ဟု ကိုသော် က ကရားရေလွှတ် ပြန်ပြော လိုက်သည့် အခါတွင် မူ ကား ဤခေတ် ဤသမယကြီး ကို မျှော်လင့်ချက် ကုန်ဆုံးပြီ ဟု စိတ်ပျက် လက်လျှော့ ထား မိသော ကျွန်တော့် စိတ်မိုက် ၊ စိတ်မှားတွေ ကို ပြန်လည် ဖျောက်ဖျက် ပစ်နိုင်ပြီး မှောင်မိုက်သော ကမ္ဘာ လောကကြီး တစ်ဖက် ဆီ မှ အားကိုး အားထား အလင်းရောင်ကလေး များ သည် ကွန့်မြူး လျက် ပင် ရှိပါသေးတကား ဟု စိတ်အား တက်ကြွ သွားခဲ့မိပါသည် ။

“ ကိုမင်းရှင် ဘာတွေများ တွေးနေ သလဲ ။ ကျွန်တော်တို့ ကို အပြစ်တင် လို့ မဆုံး ဖြစ်နေတယ် ထင်တယ် ။ အပြစ်တင် ထိုက်ပါတယ်ဗျာ ” ဟု ကိုလှကြည် က ပြော လိုက်တော့ မှ ဒရိုင်ဘာ ကိုသော့် အကြောင်း တွေး နေမိခြင်း ကို ဖြတ်ပစ် လိုက်ပြီး -

“ ဪ … ဪ အပြစ် မတင်တော့ပါဘူး ကိုလှကြည် ရာ ၊ ဒီလိုပဲ ပေါ့ ။ ခေတ်ကြီး ကို က ဆင်းရဲ ကျပ်တည်း အခက်အခဲတွေ ဒီလောက် များ နေတော့ လူတွေ လည်း မှားယွင်းကြရတာပေါ့ ။ ဒါပေမဲ့ နောက် တစ်ခါ မမှား ဖို့ သာ ဆင်ခြင် ကြဖို့ လိုတာပဲ ။ သားသမီး များတိုင်း လည်း လူ့ လောက မှာ နေလို့ မဖြစ်တာ မဟုတ်ကြောင်း နားလည် ထားဖို့ နဲ့ ကိုယ့် လောက် မှ မချမ်းသာကြ ဘဲ သားသမီးတွေ တစ်ပုံကြီး နဲ့ တစ်ဝမ်းတစ်ခါး ကျောင်း ကြရတဲ့ မရှိဆင်းရဲ တွေ ကို ပြန် ကြည့်ပြီး သင်ခန်းစာ ယူ ရမှာပေါ့ ” ဟု ခပ်တိုတို မျှ သာ အကြံဉာဏ် ပေးလိုက် မိ တော့၏ ။ ကိုသော် တို့ အကြောင်း ကို ကား အကိုးအကား မပြလိုတော့ပါ ။ ကိုလှကြည် အဖို့ မိမိ တို့ အမှား မိမိ ထပ်ပြန်တလဲ ပြန် တွေးရင်း ယူကျုံးမရ ဖြစ် သထက် ဖြစ်ခါ မိမိတို့ ကိုယ် မိမိ ခွင့်မလွှတ်နိုင် သည် အထိ စိတ် ထိခိုက်သွားမည် ကို လည်း စိုးရိမ်မိပါသေးသည် ။

သို့နှင့်ပင် ကျွန်တော်တို့ မော်တော်ကား သည် မကျင်ရီ တက်ရောက် နေသော သားဖွားခန်း သို့ ဆိုက်ရောက် လာ၏ ။ သားဖွားခန်း ရှေ့ ကားဆိုက် လိုက်သည် နှင့် တစ်ပြိုင်နက် ပင် ကျွန်တော် က -

“ ကဲ ... ကိုလှကြည် ရေ ၊ ဒီ အကြောင်း နဲ့ ပတ်သက်ပြီး မှားတာ မှန်တာ ဘာ တစ်ခု မှ ထပ် မပြောကြတာ အကောင်းဆုံးပဲ ဗျာ ၊ မကျင်ရီ ကို စိတ် မထိခိုက် စေပါနဲ့ တော့ ။ မသိလိုက် မသိဘာသာ နေ သွားပါတော့ ဗျာ ၊ ဟုတ်လား ” ဟု သတိ ပေး လိုက်ရာ ကိုလှကြည် က ပြုံးမဲ့မဲ့ နှင့် ခေါင်း တစ်ချက် ညိတ်ပြ လိုက်လေသည် ။ နောက် ၁၅ မိနစ် ခန့် အကြာ တွင် ကျွန်တော် ၊ ကိုလှကြည် နှင့် မကျင်ရီ တို့ သုံးယောက်သား အိမ်ဘက် သို့ ပြန် မောင်းခဲ့ကြပါသည် ။ မကျင်ရီ ကား တစ်စုံတစ်ရာ ဘာမျှ စိတ် မကောင်း ဟန် ၊ ယူကျုံးမရ ဖြစ်ဟန် မရှိပါ ။ ပြုံးပြုံးရယ်ရယ် နှင့် ပင် သူ့ ခင်ပွန်း သူ အိမ်ကြောင်း ရာကြောင်း ၊ သားကြီးကလေး အကြောင်းတွေ တစ်လမ်း လုံး ပြောလာ လေသည် ။ ကိုလှကြည် က လည်း ဟန်လုပ် ကောင်း ပေသည် ။ သူ့ ဇနီး သူ ပြုံးရွှင်စွာ ပင် ပြန်လှန် ပြောဆို လာ၏ ။

မကြာမီ မော်တော်ကား သည် ကျွန်တော် တို့ လမ်း ထဲ မောင်းဝင် ခဲ့ပြီး ၊ ကိုလှကြည် တို့ အိမ်ရှေ့ ဆိုက်လိုက် ကာ မကျင်ရီ ကို အိမ် ပေါ်  တွဲမ ၍ တင် လိုက်ကြပါသည် ။ ထို့နောက် ကျွန်တော် နှင့် ကိုလှကြည် တို့ သည် မတင်လှလှ တို့ အိမ် ဘက် ကား ပြန် အပ်ရန် ဆက် ထွက်ခဲ့ ရာ အိမ်ဝရန်တာ ပေါ် မှ မတင်လှလှ က -

“ ဘယ့်နှယ့် ကိုလှကြည် ၊ မကျင်ရီ တစ်ယောက် ကောင်းကောင်းမွန်မွန် ပဲ နော် ။ ကိစ္စရော ချောချောမွေ့ မွေ့ ပဲ မဟုတ်လား ” ဟု ဆီးကြို မေးမြန်း လိုက်သဖြင့် ကိုလှကြည် က -

“ ဟုတ်ကဲ့ ၊ အားလုံး ချောချောမောမောပါပဲ ခင်ဗျာ ၊ ကားကလေး ရ တာလည်း အင်မတန် အဆင်သင့် သွား ပါတယ် ။ သိပ် ကျေးဇူး တင်တာပဲ ခင်ဗျာ ” ဟု ကျေးဇူး တင် လိုက်ပါသည် ။

မတင်လှလှ က မူ ကျေးဇူးတင် စကား ကို အာရုံ စိုက်မိဟန် မတူ ပါ ။ တစ်စုံတစ်ရာ ကို မျက်မှောင်ကလေး ကုတ်၍ စဉ်းစား နေရာ က -

“ ဒီ ဆရာဝန်တွေ များ တော်တော် ထူးဆန်းတာပဲ ရှင် ၊ မကျင်ရီ ကျ တော့ လည်း လွယ်လွယ်ကူကူ လုပ်ပေး လိုက်ကြတာပဲ ။ ကျွန်မ ဟောဒီ ကလေး တုန်း က များ ခါးခါးသီးသီး ငြင်း လိုက်တာ ၊ ဒီ အလုပ်မျိုး မလုပ်သင့်ဘူးလေး ၊ ဆရာဝန် ထုံးစံ မှာ မရှိဘူးလေး ၊ မကောင်းဘူးလေး နဲ့ ။ ငွေ ဘယ်လောက် ဖြစ်ဖြစ် ပေး ပါ့မယ် ဆိုတာ တောင် မရခဲ့ဘူး ။ အခု သူတို့ လုပ်ပေးချင် တဲ့ လူ ကျတော့ လည်း လွယ် လိုက်တာ ။ ကျွန်မ အကုသိုလ် ပဲ ထင်ပါရဲ့လေ ။ ဒီ ဆရာဝန် မကျင်ရီ ကို မျက်နှာ လိုက်တယ်လို့များ ထင် ရမလား မသိဘူး ”

ကျွန်တော့် မှာ ခေါင်းနားပန်း ကြီး ၍ နား တွေ ၊ မျက်စိ တွေ ပူထူ သွားမိတော့၏ ။ မတင်လှလှ ဘာတွေ ဆက် ပြောနေသည် ကို ပင် မကြား မိ တော့ ။ ကျွန်တော့် ပတ်ဝန်းကျင် တစ်ခု လုံး ချားရဟတ် ကဲ့သို့ လည်ပတ် သွားကာ မိုက်ခနဲ ပင် ဖြစ်သွား မိ တော့သည် ။

အဆိုးဝါးဆုံး အချက် ကား ပြာဝေ နေသော ကျွန်တော့် မျက်လုံး များ ရှေ့ တွင် မတင်လှလှ ပါးစပ် တွေ တလှုပ်လှုပ် တရွရွ နှင့် ပြောဆို နေသည် ကို လည်းကောင်း ၊ သူမ ၏ ရင်ခွင်ထဲ တွင် ရှင့်မီးအင်္ကျီ လှန်တင်ထား သော နို့ တစ်ဖက် ကို တပြွတ်ပြွတ် စုပ်စို့ နေရှာသည့် ၆ လသား အရွယ် ကလေးငယ် ကလေး ကို လည်းကောင်း မျက်ဝါး ထင်ထင် မြင် လိုက်ရခြင်း ပင် ဖြစ်ပါ တော့သည် ။

မှောင်မိုက်သော ကမ္ဘာလောကကြီး တစ်ဖက် ဆီ မှ အားကိုး အားထား ပေါ်ရန် ကြိုးစားရှာမည့် အလင်းရောင်ကလေးများ သည် ကျွန်တော့် စိတ် ထဲ ၌ ပြန်လည် ကွယ်ပျောက် ကာ မှောင် အတိ လွှမ်း သွားတော့သတည်း ။  ။

◾မင်းရှင်

📖 ရှုမဝ မဂ္ဂဇင်း
      သြဂုတ် ၊ ၁၉၅၇

#ကိုအောင်နိုင်ဦး

.

Friday, September 30, 2022

မိုးသောက်ပန်းချီ


 

❝ မိုးသောက် ပန်းချီ ❞

ကြည်နူးစရာ အဖြစ်အပျက်ကလေး တစ်ခု ။

ဘာကြောင့်မှန်း မသိ ၊ ယနေ့ ထက်တိုင် သူ့ စိတ် ထဲ ၌ တိတိကျကျ တစ်ခုမကျန် မှတ်မိ နေသေးသည် ။ အကြိမ် အခါ မရေတွက်နိုင်တော့အောင် သည် အဖြစ်အပျက်ကလေး ကို ပြန်ပြောင်း အောက်မေ့ မိသည် ။ ထိုအခါတိုင်း ထို အခါတိုင်း တိမ်မေ့ပျောက်ကွယ်လုနီးနီး အကြောင်းအရာကလေး တို့ သည် အသေး စိတ်၍ စိတ်၍ ပေါ်ပေါက်လာ တတ်လေသည် ။

ဝေလီဝေလင်း နံနက်ခင်း တစ်ခုတွင် ဖြစ်လေသည် ။ အရှေ့ဘက် ရှိ တောင်တန်းရှည်ကြီး တို့မှာ ပြာမည်းလျက် ရှိပြီးလျှင် ၎င်းတို့ ၏ နောက်ကျောဘက် တွင် အလင်းရောင် သည် ထွက်ပြူစ ပြုလေရာ တောင်စွန်းတောင်ကွယ် တို့ မှာ အနီရောင်ဖျော့ဖျော့ ဖြင့် အနားကွပ် ထားသကဲ့သို့ ရှိလေ သည် ။ အရှေ့ဘက် တောင်ထိပ်များ မှာ အလင်းရောင် သည် မိုးကောင်းကင် သို့ မြင့်လေ မြင့်လေ ဖျော့လေ ဖျော့ လေ ဖြစ်သွားပြီးလျှင် တစ်စ တစ်စ ညို၍ ညို၍ ၊ မည်း၍ မည်း၍ လာခဲ့ရာမှ အနောက်ဘက် မိုးကုတ်စက်ဝိုင်း ဆီ သို့ ရောက်သောအခါတွင် မူ ကား ပကတိညဉ့် ၏ အမှောင်ထု ဖြင့် လွှမ်းမိုးလျက် သွားတော့သည် ။

သိပ် အလွန်အကျွံ မဟုတ်သော်လည်း အတော်က လေး ချမ်းလေရာ သူ သည် လက်နှစ်ဖက် ကို ကုတ်အင်္ကျီ အိတ်များအတွင်း ထည့်သွင်းလိုက်၍ ခါးကို လည်း ခပ် ကိုင်းကိုင်းထားကာ လျှောက်လာ မိလေသည် ။ သူ လျှောက် လျက် ရှိသော လယ်ကွက်ကြီး အတွင်း မှ မြေကြီး တို့ သည် နံနက် ဝေလီဝေလင်း ၏ အညိုရောင် သမ်းလျက် ရှိပေသည် ။

သို့ လျှောက်ခဲ့စဉ် မှာ ပင် သူ့ ရှေ့တည့်တည့် ၌ နွားတင်းကုတ် သာသာ တဲပုတ်ကလေး တစ်ခုအား တွေ့ ရလေသည် ။

တဲကလေး ၏ နံဘေး ဝယ် လိမ္မော်ရောင် မီးတောက် ကလေး သည် မီးလင်းဖို မှ ထိုး၍ တက်လျက် ရှိကာ ထိုမီးတောက်ကလေး မှ တစ်ဖန် အညိုရောင် မီးခိုးအူအူကလေး တို့သည် တလူလူ လိပ်၍ လိပ်၍ တက် သွားပြန် ပြီးလျှင် မိုးကောင်းကင် ၏ အတော်မြင့်မြင့် နေရာ သို့ ရောက်သောအ ခါ မြူခိုးကလေးများ အထဲ ၌ ရောပြန့်၍ ပျောက်ကွယ် သွား ကြလေတော့သည် ။

မီးလင်းဖို ၏ နံဘေးတွင် ဆောင့်ကြောင့်ကလေး ထိုင်လျက် ရှိသော မိန်းမ တစ်ယောက် ကို သူ တွေ့ရသည် ။ ထို မိန်းမ မှာ အမှန်မတော့ ကလေးမကလေး တစ်ဦး သာဖြစ် လျက် ဤမျှ ချမ်းစီးသော နံနက်စောစော အချိန်တွင် သူမ သည် ထဘီ ကို သာ ရင် ရှား ထားလေသည် ။

သူ သည် တစ်စ တစ်စ ရှေ့သို့ တိုး၍ လျှောက် ခဲ့သော အခါတွင် မိန်းမရွယ် ၏ ရင်ခွင် အတွင်း ၌ အအေးဒဏ် မှ သက်သာရာ ရ စေရန် ကိုယ်ကလေး ကို ကွေး ၍ နို့ စို့ လျက်ရှိ သော ကလေးငယ် ကို ပါ တွေ့ ရလေသည် ။ မိခင် မိန်းမရွယ် မှာ ကား မီး အရှိန် မလျှော့စေရန် သစ်ကိုင်းခြောက်ကလေး များ ကို အဆက်မပြတ် မီးတောက် အထဲ သို့ ထိုးသွင်း လျက် ရှိရာ မှ မီးဖို ပေါ် မှ မြေအိုးကလေး ကို စူးစိုက် ကြည့် ရှုနေလေသည် ။ ကလေးငယ် မှာလည်း နို့ ကို သာ အစဉ်မပြတ် စို့လျက် ရှိလေ၏ ။ သို့ရာတွင် သူ သည် မိခင် ၏ အလုပ် ၌ မူကား အနည်းငယ် မျှ အနှောင့်အယှက် ပေးခြင်း မရှိဘဲ ငြိမ်သက်စွာပင် ကွေးလျက်ရှိလေသည် ။ မိခင် မိန်းမရွယ် ၏ ပြုမူ လှုပ်ရှားမှုများ မှာ ပေါ့ပါး ဖျတ်လတ် ပြီးလျှင် ကျင့်သား ရပြီး ဖြစ်နေကြောင်း ကို ဖော်ပြလေသည် ။ မီးလင်းဖိုအတွင်း မှ လိမ္မော်ရောင် မီးတောက် မီးလျှံကလေး တို့ မှာ ကား နံဘေးနား ရှိ တဲပုတ်ကလေး အပေါ် တွင် ဟပ်ကာ တယိမ်းယိမ်း တနွဲ့နွဲ့ က လျက် ရှိလေ သည် ။ သူ သည် နီးသထက် နီးလာ ပြီးလျှင် အရသာ အင်မတန် ရှိမည် ဟု အောက်မေ့လောက်သော ပူနွေးနွေး ထမင်း နံ့ ကို ရှူရှိုက် မိလေသည် ။ ထိုအချိန် တွင် အရှေ့ဘက် တွင် ကား အလင်းရောင် သည် လျင်မြန်သော အဟုန်ဖြင့် ထွန်း လင်း စ ပြု လာလေပြီ ။ သူ သည် မိန်းမရွယ် အနီး သို့ ရောက် သွား၍ မီးဖို အနီး ၌ ရပ်လိုက်မိလေသည် ။

ထိုအခိုက် မှာ ပင် တဲပုတ်ငယ်ကလေး အတွင်း မှ လူ ရွယ် တစ်ယောက် ထွက် လာပြီးလျှင် သူ့ နောက် မှ ရှေ့ဆင့် နောက်ဆင့် လူကြီး တစ်ယောက် ပါ လာပြန်လေသည် ။ သူတို့ နှစ်ယောက် စလုံး အင်္ကျီ မပါ ၊ လုံချည် ကို သာ ခပ်တို တို ဝတ်ထားကြလေသည် ။ သူတို့ နှစ်ယောက် ၏ မျက်နှာ များ ကား ခပ်ဆင်ဆင် တူ ကြလေသည် ။ သူတို့ နှစ်ယောက် စလုံး ပင် တဲပေါက်ဝ မှ နေ၍ အရှေ့ဘက် လင်းရောင်ခြည် ဝိုးဝါးဝါး ကို ငြိမ်သက်စွာ ရပ် ကြည့်နေကြရာမှ “ ဝါး ”ခနဲ သမ်းဝေ လိုက်ကြလေ၏ ။ ထို့နောက် မှ သူတို့သည် မီးဖို ဆီ သို့ လှည့်ကြည့်ရင်း ဧည့်သည် လူရွယ် အား သတိ ပြု လိုက် မိကြလေသည် ။

“ စောစောစီးစီး ဆရာလေး ဘယ် က လာသလဲ ” ဟု လူကြီး က မေး လိုက်လေသည် ။ သူ့အသံ မှာ ဖော်ရွှေပုံ လည်း မပြ ၊ ရိုင်းပျဟန် လည်း မရ ။

“ ရွာ က လာတာပဲ ။ ဒီဘက် မရောက်ဖူး လို့ သက်သက် လျှောက် လာတာပါ ” ဟု ကုတ်အင်္ကျီ ၊ သိုးမွေး ဦးထုပ် ၊ မာဖလာ စသည် တို့ကို စတိုင်ကျကျ ဝတ်ဆင် ထားသော ဧည့်သည် လူရွယ် က ယဉ်ကျေးစွာ ဖြေ လိုက် လေ၏ ။

လူကြီး နှင့် သူ့ ထက် ငယ် လူရွယ် တို့ သည် မီးဖို အနီး သို့ လျှောက် လာကြ၍ မီးလှုံကြလေသည် ။ မိန်းမရွယ် မှာ ကား သူ့ အလုပ် ကို သာ လုပ်မြဲ လုပ်လျက် မီးဖို ပေါ် မှ မြေအိုး တွင် သာ စိတ်ဝင်စားလျက် ရှိလေသည် ။ သူမ ၏ ဖွာတာတာ ဆံစ မှာ မျက်နှာ ပေါ် ၌ အနှောင့်အယှက် ကင်း လွတ်စေရန် ကြိုးစ တစ်ခု ဖြင့် စုပြုံချည်နှောင် ထားလေရာ အလုပ် လုပ် နေစဉ် အခါများ၌ လည်ကုပ် ပေါ် တွင် ဖွာရရာ ဝဲလျက် ရှိလေသည် ။ အတန်ကြာသော အခါ သူမ သည် မီးဖို ပေါ် မှ မြေအိုး ကို လက်နှီးစုတ် ဖြင့် ချလျက် ဒန်ဇလုံတစ် ခုတွင်း သို့ ထမင်းရည်ကို ငှဲ့ နေသည် ။ ထို့နောက် ထမင်းအိုး ကို မီးကျီး ပေါ် တွင် ပြန် နှပ် ထားလိုက်ရာမှ ထမင်းရည် ဇလုံ ထဲ သို့ ဆားအနည်းငယ် ထည့် လိုက်ပြီးလျှင် မွှေ နေ လေသည် ။ ဇလုံ တွင်း မှ ထမင်းရနံ့ သည် မွှေးကြိုင်စွာ ပျံ့နှံ့ သွားသောအခါ တွင် ယောက်ျား နှစ်ယောက်စလုံး အားရ ပါးရ ရှုရှိုက် လိုက်ကြပြီးလျှင် “ ဆာလိုက်တာ ” ဟု အိမ်ရှင် လူရွယ်က ဆာလောင်မွတ်သိပ်သော အသံကြီး နှင့် ဆို လိုက်လေသည် ။ လူကြီး ဖြစ်သူ က မူ .....

“ ဆရာလေးတို့ ကတော့ မနက်စောစော ကာဖီ သောက် ကြမှာပေါ့နော် ” ဟု ပြော လိုက်လေသည် ။

“ ဟုတ်ကဲ့.. ဒါပေမဲ့ ဦးကြီး ရာ ဒီရွာ ရောက်တော့ မသောက်ပါဘူး ”

“ ဒါဖြင့်ရင် ကျုပ်တို့ နဲ့ ထမင်းရည်ကလေး အဆာ ပြေ သောက် သွားပါလားဗျာ ”

လူကြီး က “ ငါ ပြောတာ ကြိုက် မှ ကြိုက်ပါ့မလား ” ဟူသော ဟန်မျိုး ဖြင့် လောကွတ် ပြုလိုက်သောကြောင့် ဧည့်သည်လူရွယ် လည်း ဝမ်းမြောက်စွာပင် “ ဟာ ... သောက်တာပေါ့ ဦးကြီး ရာ ... ကောင်းမှာ ပဲ ”

“ ဟေ့ မယ်မှုံ ၊ တစ်ခွက် ပို ငှဲ့ လိုက်ပါကွယ် ” ဟု အိမ်သယ်လူရွယ် က မိန်းမရွယ် အား အမိန့် ပေး လိုက်လေသည် ။ ထို့နောက် သူတို့ လေးယောက်သား မီးဖို တစ်ဝိုက် ၌ ပင် ဝိုင်း ဖွဲ့၍ ဆောင့်ကြောင့် ထိုင်လိုက်ကြရာ က မိန်းမရွယ် ပေး သော ထမင်းရည် ပူနွေးနွေး ကို စတင် မြည်း မိကြလေ၏ ။

“ ဦးကြီးတို့ ... လယ် လုပ်ကြတာပေါ့ နော် ” ဟု ဧည့် သည် လူရွယ် က မေးလိုက်သည် ။

“ ဟုတ်ကဲ့ ၊ လယ်သမား - လယ်ပဲ လုပ်တတ်တာပေါ့ ”

“ ကျုပ်တို့ ကနေ့ ပဲ လယ်ထွန်ကြမလို့ ” ဟု အိမ်ရှင် လူရွယ် က ဝင် ထောက်လိုက်သည် ။

ထိုအခါ စကား တစ်ခွန်းမျှ မပြောဘဲ နေခဲ့သော မိန်းမ ရွယ်က “  ဒါကြောင့် အဘ နဲ့ ကိုညို တို့ တမင်္ဂလာ စောစောကြီး ထ ကြတာပေါ့ ” ဟု ပြုံးပြုံးကလေး ဝင် ပြောလိုက်လေ ၏ ။ ထိုအခါ လူကြီး နှင့် လူရွယ် တို့ သည် သူတို့ လက် ထဲ မှ ထမင်းရည်ပန်းကန်များ ကို အမှတ်မထင် ငုံ့ကြည့်လိုက်မိ ကြလေသည် ။

“ ဒါမှပဲ ကျုပ်တို့ မိသားတစ်စုတွေ ဝဝလင်လင်ကလေး စားနိုင်ကြတော့မပေါ့ ဗျာ ”ဟု လူကြီး ဖြစ်သူ က တိုးတိုးကလေး ပြော လိုက်လေ၏ ။

မိန်းမရွယ် သည် ကလေး ကို လက်တစ်ဖက် က ပွေ့ ပိုက်လျက်ပင် သူ့ အဘ ဆို သူ နှင့် ကိုညို ဆို သူ တို့ အား ထမင်းရည် ထပ် ငှဲ့ ပေးရာက “ ထပ် ထည့်ပါဦးတော် ” ဟု စေတနာ ရှိစွာ ပြော လိုက်ရာ ဧည့်သည် လူရွယ် ကလည်း မငြင်းဆန်ဘဲ ခွက် ထိုး ခံလိုက်လေသည် ။

မိန်းမရွယ် ၏ ရင်ခွင် တွင်း မှ ကလေးငယ် မှာ ကား ငြိမ် သက်စွာပင် နို့ချို စို့လျက် ရှိလေသည် ။ သူ့ ကလေး မှာ ခေါင်းကလေးကို မိခင် ၏ နို့အုံ နှင့်လက်မောင်း အကြား တွင် အတင်း တိုးခွေ့လျက် အချမ်းဒဏ် မှ အကာအကွယ် ယူ နေ ရှာလေသည် ။ သူ့ ကလေး ၏ နို့ စို့ သံ မှာ ပြွတ်ခနဲ ၊ ပြွတ်ခနဲ ပင် ပေါ် ထွက် လာတတ်လေသည် ။

လူကြီး မှာ ကား ထမင်းရည် ကို မြိန်ယှက်စွာ သောက် နေလေသည် ။ သောက် ရာ က ...

“ အင်း ..... ထမင်းရည် တောင် တယ် အရသာ ရှိပါက လား ဆရာလေး ရယ် ” ဟု ကျူးရင့်လိုက်လေသည် ။ ထို အခါ လူရွယ် က “ ဆရာလေး တလောက ကျုပ်တို့ ဟာ ဒီ ထမင်းရည်ကလေး တောင် မသောက်နိုင်ကြဘူး ဗျ ” ဟု တိုင်တန်း သလိုလို နှင့် ပြောလိုက်လေ၏ ။

သူတို့ သည် စကား ပြောရင်း သောက်ရင်း နှင့် ပင် သူတို့ ၏ အေးစက်သော ကိုယ်လုံးများ မှာ နွေးသလိုလို ရှိ လာကြပြီးလျှင် မျက်နှာများ တွင် လည်း အားအင် ပြည့်ဖြိုး လာသော အရိပ်အယောင်များ ယှက်သန်း ၍ လာလေ တော့သည် ။

ဒီအချိန် တွင် လင်းရောင်ခြည်ဝယ် ရောင်စုံများ မြူး ကွန့်လာလေပြီ ။ နီကျင့်ကျင့် အရောင်သည် လောကဓာတ် ကို ပိုမို၍ အေး လာစေသယောင် ထင်ရလေသည် ။ အိမ်ရှင် ယောက်ျားနှစ်ယောက် တို့ ကား အရှေ့ဘက် သို့ မျက်နှာများ မူ လိုက်ကြလေရာ သူတို့ မျက်နှာများ မှာ နံနက်ခင်း လင်း ရောင်ခြည်ဖြင့် တောက်ပ ၍ သွားလေသည် ။ ဧည့်သည် လူရွယ်လည်း သူတို့ မျက်နှာ မူရာဘက်သို့ ကြည့် လိုက်ရာ ရောင်ခြည် တွင် လှပစွာ ရပ်တည်လျက် ရှိသော တောင် တန်းကြီး ကို မြင်ရ၍ အိမ်ရှင်လူကြီး ၏ မျက်နှာ ကို ကြည့် လိုက်မိပြန်သော အခါတွင် မူကား ကြည်လင်ဝိုင်းစက်သော မျက်လုံးများ တွင် နေရောင်ခြည် ဟပ်လျက် ရှိကြောင်း ကို တွေ့ ရလေသည် ။

ထိုအခိုက် တွင် အိမ်ရှင်ယောက်ျား နှစ်ယောက် တို့ သည် လက်များ ကို အညောင်း ဆန့်တန်း ဟန် ပြုလိုက်ကြ ရာ မှ “ ကဲ ... ငါတို့ လည်း အလုပ် သွားကြဖို့ တော်ပြီ ” ဟု ပြောလိုက်ကြလေသည် ။ လူရွယ် သည် ဧည့်သည် ဘက် သို့ လှည့်၍ -

“ ဆရာလေး ကော ကျုပ်တို့ လယ်ထွန် တာ လိုက် ကြည့်ဦးမလား ” ဟု မေး လိုက်လေသည် ။

“ ဟင့်အင်း ကျွန်တော် ရွာ ကို ပြန်လိုက်ပါဦးမယ် ။ ခင်ဗျား တို့ နဲ့ ပျော်ပျော်ပါးပါး စားရသောက်ရတာ သိပ် ဝမ်း သာ တာ ပဲ ဗျာ ။ ကျေးဇူး တင်လိုက်တာ ။ နောက်များမှ လာ ခဲ့ဦးမယ် ”

အိမ်ရှင်လူကြီး သည် “ ကျေးဇူး တင်စရာ မလိုပါဘူး ” ဟူသော အဓိပ္ပာယ်မျိုး ဖြင့် လက်ကြီး ကို ရမ်းကာ ပြ လိုက် ပြီးလျှင် “ ဘယ်တော့မဆို လာသာ လာခဲ့ပါဗျာ ၊ ကျုပ်တို့ စားသလို ဆရာလေး တို့ စားရ သောက်ရမှာပဲ ” ဟု ပြော လိုက်လေသည် ။

ထို့နောက် သားအဖ နှင့် တူပုံ ရသော သူတို့ နှစ်ယောက် သည် လယ်ကွင်းကြီး ဆီ သို့ သွားကြ၍ နွားများ ၊ ထွန်များ ကို ပြင်ဆင် နေကြလေတော့သည် ။ အရှေ့ဘက် ကောင်းကင်လဟာပြင် တွင် မူ ကား အလင်းရောင် သည် အ တန့် အတန့် အကန့် အကန့် ဖြာဆင်းလျက် ရှိကာ အဆုံး အစ မမျှော်မှန်းနိုင်သော လယ်ကွင်းပြင်ကြီး တို့ အား တလက်လက်တောက်ပ စေလေတော့သည် ။

ဧည့်သည် လူရွယ် လည်း လယ်သမား အိမ်ထောင် သည်တစ်စု နှင့် တကွ တဲပုတ်ကလေးအား တစ်ချက် မျှ လှည့် ကြည့်လျက် ရွာ ဆီသို့ လျှောက် လာခဲ့လေတော့သတည်း ။

     •••   •••   •••   ••• 

ဒါပဲ ဖြစ်ပေသည် ။ ဘာကြောင့် ဒီလောက် ကြည်နူး စရာ ကောင်းသည် ဟူသော အချက်ကို မူ သူ သည် နား လည်တော့ နားလည် သည် ။ သို့ဖြစ်၍ ယနေ့ ထက်တိုင် သူ့ စိတ် ထဲ ၌ တိတိကျကျ တစ်ခု မကျန် မှတ်မိနေသေး သည် ။ အကြိမ်အခါ မရေတွက် နိုင်တော့အောင် သည် အဖြစ်အပျက်ကလေး ကို ပြန်ပြောင်း အောက်မေ့ မိသည် ။ ထိုအခါတိုင်း ၊ ထိုအခါတိုင်း တိမ်မြုပ်မေ့ပျောက်ကွယ်လုနီးနီး အကြောင်းအရာကလေး တို့ သည် အသေး စိတ်၍ စိတ်၍ ပေါ်ပေါက် လာတတ်ပေသည် ။

ကြည်နူးစရာ အဖြစ်အပျက်ကလေး တစ်ခု ။

_______________________

မင်းရှင်

ရှုမ၀ မဂ္ဂဇင်း
အတွဲ -၂ ၊ အမှတ် - ၁၄
၁၉၄၈ ၊ ဇူလိုင်

#ကိုအောင်နိုင်ဦး

Thursday, August 19, 2021

ရောင်းခါစ


 

❝   ရောင်းခါစ  ❞

( ၁ )

ကျွန်တော်တို့အိမ်ရှေ့ လမ်းနံဘေး၌ မုန့်ဟင်းခါးသည် လက်သစ်တစ်ဦး အထမ်းခင်း၍ ရောင်းချနေသည်မှာ ရက်သတ္တတစ်ပတ် နီးပါးမျှ ရှိခဲ့လေပြီ  ။

ကျွန်တော်၏ စာရေးစားပွဲရှေ့ ပြတင်းသံတိုင်ကလေးများ အကြားမှ လမ်းမဘက်သို့ ငုံ၍ ကြည့်လိုက်လျှင် ထို မုန့်ဟင်းခါးသည်နှင့်တကွ သူ၏ မုန့်ထမ်းတို့ကိုပါ အိမ်ပေါ်မှ စီး၍ မြင်နိုင်၏  ။ အိမ်ရှေ့သို့ ထို မုန့်ဟင်းခါးသည် စတင် ရောက်ရှိလာသည့် နေ့မှ စ၍ နံနက်တိုင်းလိုလိုပင် သူ့ကိုသာ စာရေးစားပွဲမှ နေ၍ အာရုံစူးစိုက် ကြည့်ရှုမိခဲ့ပါသည်  ။

နံနက် ( ၆ ) နာရီခွဲကျော်လျှင် ကျွန်တော်တို့ အိမ်ရှေ့လမ်းမှာ ဈေးသွား ဈေးပြန်  ၊ အလုပ်သွားသူ  ၊ ကျောင်းတက်သူ စသည်တို့ဖြင့် စည်ကားစ ပြုတော့၏  ။ ထိုအချိန်မှ စ၍ ၉ နာရီအတွင်းဆိုလျှင် မုန့်ဟင်းခါးသည်မှာ လက် မလည်အောင် ရောင်းချခွင့် ရပေတော့သည်  ။ သူ၏ မုန့်ထမ်းကလေးတစ်ခုလုံးမှာ ဇွန်း  ၊ပန်းကန်ခွက်ယောက်  ၊ မုန့်ထည့်သည့် ဇလုံ  ၊ မုန့်ဖုံးသောအဝတ်တို့က အစ ဒန်ဟင်းအိုးကြီးအထိ သန့်ရှင်းဖြူစင်  ၊ မြင်ရုံနှင့် စားချင့်စဖွယ် ရှိသောကြောင့် တစ်ခါတစ်ရံ မုန့်စားနေသူများအား လှမ်းကြည့်မိရင်းက ကျွန်တော်ကိုယ်တိုင် သွားရည်ယို အားကျလာမိတော့ကာ အိမ်အောက်ဆင်း၍ ဝယ်စားရသော အခြေသို့ ဆိုက်ရောက်တတ်ပါ၏  ။

တစ်နေ့ကလည်း ကျွန်တော်သည် ထုံးစံအတိုင်း မုန့်ထမ်း ရှေ့သို့ ဆိုက်ဆိုက် မြိုက် မြိုက် ရောက်သွားခဲ့၏  ။ ထိုအချိန်က မုန့်ဟင်းခါးသည် လူရွယ်သည် ကျွန်တော့်အပြင် အခြား လူပေါင်း ခြောက်ယောက်တို့အား လက် မလည်အောင် မုန့်ပြင်ပေးနေရ၏  ။ မိန်းမ ဝဝကြီးတစ်ဦးမှာ နှစ်ပန်းကန် စားပြီးသည်နှင့်ပင် တင်းတိမ်ရောင့်ရဲသေးဟန် မတူ  ။

“ ထည့်စမ်းပါဦးကွယ့် နောက်တစ်ပန်းကန်  ၊ အကြော်တစ်ခုကော ထည့်လိုက်ပါဦး ”

လူရွယ်မှာ မိန်းမကြီးအတွက် ပြင်၍မှ မပြီးသေးမီ “ တယ်ကောင်းကိုးကွယ့်  ၊ ထည့်ပါဦး  ၊ ဘယ်ကများ လာရောင်းတာလဲကွယ့် ” ဟု စားပြီး ပန်းကန်ကို ထိုး၍ ပေးနေသော မွန်မွန်ရည်ရည် လူကြီးတစ်ယောက်အား “ ကြည့်မြင်တိုင်ထဲကပါ ဦးကြီး  ၊ အရင် တစ်လနီးပါးလောက်ကမှ အစမ်း ရောင်းကြည့်တာပါ ” ဟု ဖြေလိုက်ရင်း မုန့်ထပ်ထည့်ပေးနေရပြန်၏  ။ တစ်ဖန် ကလေးသုံးယောက်တို့အား ကျွေးနေသော မိန်းမကြီးတစ်ယောက်က ကလေးတွေကို ထပ်လိုက်ပေးပါဦးကွယ်  ၊ အဒေါ်လည်း နောက် တစ်ပန်းကန်  ။ ရောင်းခါစမို့ ထင်ပါ့  ၊ တယ် ကောင်းကိုးကွယ့် ”

“ မဟုတ်ပါဘူး ခင်ဗျာ  ၊ နောင်ကိုလည်း အမြဲတမ်း ကောင်းအောင် ကြိုးစားမှာပါပဲ ”

ပြောပြောဆိုဆို လူရွယ်သည် ကလေးတို့၏ ပန်းကန်များကို ထပ်မံဖြည့်ပေးနေလေသည်  ။ ထိုအခိုက် “ ဟင်းရည်ကလေး နည်းနည်း ” ဟု မိန်းမဝဝကြီးက စားပြီး ပန်းကန်ကို လက်ထိုးပေးနေပြန်သဖြင့် ဟင်းရည်လိုက်ရပြန်လေ၏  ။

လူရွယ်သည် ဤသို့ လက် မလည်အောင် မုန့်ဟင်းခါး ပြင်ပေးနေစဉ်၌ မယ်စီကုန်းလမ်းဘက်ဆီသို့ မကြာခဏ မျှော်၍ မျှော်၍ ကြည့်တတ်သည်ကို မသိမသာ အကဲခတ်လိုက် မိသော ကျွန်တော့်မှာ တစ်စုံတစ်ခုကို သိလို  ၊ စုံစမ်းလိုသော ဝါသနာ ဘာဂီကလေးအတိုင်း မုန့်ပန်းကန်ထဲမှ မုန့်ကျန် အနည်းငယ်မျှကို အစမသတ်သေးဘဲ လူရွယ့်နည်းတူ မယ်စီကုန်းလမ်းဘက်သို့ လှမ်းမျှော်ကြည့်လိုက် မိပါသည်  ။ မကြာမီအတွင်းမှာပင် လူရွယ်၏ မျက်လုံးများ ပြောင်လက် တောက်ပသွားသည်ကို မြင်လိုက်ရသဖြင့် သူ မျှော်ကြည့်ရာ ဆီသို့ ကြည့်လိုက် မိပြန်ရာ  ၊ မယ်စီကုန်းလမ်းထဲမှ ကနွဲ့ကလျ လျှောက်လာနေသော မိန်းမပျိုကလေး တစ်ဦးကို လှမ်းမြင်ရပါတော့၏  ။

“ ဟေ့ မောင်ရင်  ၊ ရော့ ပိုက်ဆံကွယ့် ” ဟု မိန်းမဝဝကြီးက ပိုက်ဆံထုတ်ပေးတော့မှပင် လူရွယ်လည်း လမ်းဘက်ဆီမှ မျက်နှာလွှဲလိုက်နိုင်၏  ။ နောက် နှစ်မိနစ်ခန့်အကြာတွင် မိန်းမပျိုသည် ကျွန်တော်တို့ ဘေးနားသို့ ဝင်ထိုင်လိုက်ပါသည်  ။

“ တစ်ခွက်ရှင့်  ၊ အကြော်လည်း ထည့်ပါ "

လူရွယ်သည် မုန့်ရော ဟင်းပါ သူတကာထက် ပိုမို ထည့်ပေးလိုက်သည်ဟု ထင်မိပါသည်  ။ ကလေး သုံးယောက်နှင့် မိန်းမကြီးက မိန်းမပျိုစားတော့မည့်ဟန်ပြင်သော မုန့်ပန်းကန်ကို လှမ်းကြည့်ရင်း -

“ မောင်ရင်က ရောင်းခါစမို့ လက် မမှန်းတတ်သေးဘူး ထင်တယ်  ။ ရော့ .. ရော့ ပိုက်ဆံ ” ဟု မုန့်ဟင်းခါးဖိုး ထုတ်ပေးနေသဖြင့် ရိုးသားပုံရသော လူရွယ်၏ မျက်နှာမှာ ရှက်ကိုးရှက်ကန်းအသွင် ဆောင်သွားရင်း -

“ ဟုတ်ကဲ့ ခင်ဗျာ  ၊ တစ်ခါတလေ လက်ဆ မမှန်သေးဘူး ခင်ဗျ ” ဟု စကားရော ဖောရောနှင့် ငွေများကို လှမ်းယူလိုက်လေ၏  ။

“ ထည့်ပါဦးရှင့် ”

လူရွယ်သည် ထပ်မံ၍ သွက်လက်စွာ ပြင်ပေးလိုက်ပြန်၏  ။ ဤတစ်ကြိမ်၌လည်း သူ့လက် မမှန်းတတ်သေး၍လား မသိ  ။ မုန့်များမှာ ယခင်အတိုင်းပင် များနေပြန်တော့သည်  ။ မိန်းမပျို ဘေးနားမှ လူကြီးကတော့ မသိမသာ ပြုံးလိုက်ပါသည်  ။

“ ကဲ ... ကဲ ဦးကိုလည်း နောက်တစ်ခွက် ”

လူရွယ်သည် ထိုလူကြီး၏ ပန်းကန်ကိုလည်း မိန်းမပျိုအား ပြင်ပေးလိုက်သည့်နည်းတူ ခပ်များများကလေး ပြင်ပေးလိုက်၏  ။ ကျွန်တော်လည်း ထိုအချိန်ကျမှပင် မိမိ ပန်းကန်ထဲ၌ မုန့် လုံးဝ ကုန်နေကြောင်း သတိပြုမိသဖြင့် တကယ်တမ်း ထပ်စားလိုစိတ် မရှိသော်လည်း တမင်သက်သက်ပင် မှာစားလိုက်ရပြန်သည်  ။ လူရွယ်သည် ကျွန်တော့်ကိုလည်း ပြင်နေကျ မုန့်ဆထက် ပိုမို၍ ထည့်ပေးလိုက်ကြောင်း တွေ့ရပါသည်  ။ ဒါကို အာရုံစိုက်နေပုံရသည့် လူကြီးက “ ဟဲ .. ဟဲ ဟုတ်သားပဲ  ၊ မောင်ရင်က လက် မမှန်သေးတာ အမှန်ပဲ  ။ ဒီလိုဆို မောင်ရင် ဘယ်အမြတ်ပေါ်ပါ့မလဲ ”  ဟု ပြုံးပြုံးကြီး ပြောလိုက်တော့မှ လူရွယ်သည် မပြုံးချင် ပြုံးချင် ပြုံးရင်း လူကြီးအား မော့ကြည့်လိုက်ကာ -

“ ဟဲ .. ဟဲ ... ဟုတ်ကဲ့ ” ဟု ချော်လဲရောထိုင် ရောနှော ရယ်မောလိုက်လေ၏  ။ ထိုအခိုက်တွင် -

“ ဟင် .. ပိုက်ဆံအိတ် အိမ်မှာ မေ့ကျန်ခဲ့ပြီ  ။ ကြည့်စမ်းပါဦး  ၊ မေ့ပဲ မေ့တတ်လွန်းပါရောရှင်  ။ အိမ်ပြန် ပြေးယူဦးမှပါပဲ  ။ ရှင့်ပိုက်ဆံ နောက် မှပဲ ယူပေါ့ နော်  ။ ရုံးကားတောင် လာခါနီးပြီ ” ဟု ပြောပြောဆိုဆို မိန်းမပျိုသည် ပျာပျာသလဲ ထပြေးလေတော့၏  ။

“ အို ... ကိစ္စမရှိပါဘူး  ။ ဘယ်တော့မှ ပေးပေးပေါ့ဗျာ ” ဟု လှမ်းပြောလိုက်သော မုန့်ဟင်းခါးသည် လူရွယ်၏ အသံကြီးမှာ ကရုဏာသံတွေ ယှက်သန်းနေသည်ဟု သဘောပေါက်သွားမိရင်းက ကျွန်တော့်အဖို့ ထို တစ် မနက်ခင်းအတွက် မုန့်ဟင်းခါး စား၍ ဝမ်းဗိုက်ပြည့်သည်ထက် စိတ်ထဲ၌ မဖော်ပြတတ်သော ကြည်နူး နှစ်သိမ့်မှုကလေးများ ပြည့်သိပ်သွားမိပါတော့သည်  ။

( ၂ )

နောက်နေ့များတွင် ကျွန်တော်သည် မုန့်ဟင်းခါးသည်ကလေးအား အထူး ပိုမို ဂရုစိုက် မိပါတော့သည်  ။ သူ့ကို ဂရုစိုက် မိသည်အမျှ နံနက် ( ၈ ) နာရီခွဲတိုင်း၌ မယ်စီကုန်း လမ်းထဲမှ ကိုယ်ဟန်နွဲ့နွဲ့ လျှောက်လာတတ်စမြဲ ဖြစ်သော အမည်မသိ ရုံးစာရေးမလေးကိုလည်း အာရုံစိုက်မိတော့သည်  ။

တစ်ကြိမ်သော တနင်္ဂနွေနေ့ တစ်နေ့၌ ကြုံတွေ့လိုက်ရသော အဖြစ်အပျက်ကား အင်မတန်မှပင် စိတ်ဝင်စားဖွယ် ကောင်းလှပေသည်  ။ ထိုနေ့ မယ်စီကုန်း လမ်းထဲမှ လျှောက်ထွက်လာသော စာရေးမကလေးမှာ အခြား အခြားသော နေ့များကကဲ့သို့ တစ်ကိုယ်တည်း မဟုတ်ဘဲ ၎င်း၏ နံဘေး၌ မွန်မွန်ရည်ရည် ယောက်ျားပျို တစ်ဦးနှင့် ယှဉ်တွဲ လျှောက်လာခြင်းကြောင့် မျက်စိပသာဒတွင် ထူးခြားနေသယောင်ယောင် ရှိမိပါသည်  ။ ကျွန်တော်သည် အိမ်ပေါ်မှ အကဲခတ် ကြည့်ရှုရသည်ကို အားမရနိုင်တော့သည်နှင့် ကော်ဖီနှင့် ပေါင်မုန့် ဗိုက်အပြည့် စားထားပြီး ဖြစ်လျက်နှင့် တမင်သက်သက် မုန့်ဟင်းခါးဆိုင်သို့ ဆင်းခဲ့မိပေ၏  ။

“ လာ ကိုကို  ၊ ဒီဆိုင်ပေါ့ ကျွန်မ ပြောတာ  ၊ တခြားဆိုင်နဲ့ မတူဘူး  ။ သိပ်ကောင်းတာပဲ ” ဟု မိန်းမပျိုသည် သူနှင့်အတူ ပါလာသော ယောက်ျားပျိုအား လှည့်ပြောရင်း မုန့်ဟင်းခါးသည် ရှေ့တွင် ဝင်ထိုင်လိုက်ကြသည်  ။

“ နှစ်ခွက် ထည့်ပေးပါရှင်  ၊ တနင်္ဂနွေနေ့ ရုံးပိတ်ရက် တစ်ခါမှ လာမစား ဖူးသေးဘူး  ။ ကိုကို့ကို ကျွေးချင်လွန်းလို့ လာခဲ့တာ  ၊ ကောင်းကောင်းကလေး ပြင်ပေးရမယ်နော် ”

“ ဟုတ်ကဲ့ ခင်ဗျာ ” ဟု ဆိုကာ မုန့်ပြင်ပေးနေသော မုန့်ဟင်းခါးသည် ကလေး၏ လက်တို့မှာ အခြားသော နေ့ကလောက် မသွက်လက်ချေ  ။

“ ဒီတစ်ခါ နည်းသွားတယ်နော်  ၊ ဟိုနေ့တွေက လက်ဆ မမှန်လို့ ရှုံးပြီ ထင်တယ်  ။ ဟင်း .. ဟင်း ” ဟု မိန်းမပျိုက ငွေဆည်းလည်းသံလေးဖြင့် ရယ်လိုက်၏  ။

“ ဟုတ်ကဲ့ ” ဟုသာ လူရွယ်က တုံးတိတိ ပြန်ဖြေလိုက်၏  ။ သူ့မျက်လုံးကြီးများကား မိန်းမပျို၏ ဘေး၌ မုန့်ဟင်းခါး ကုန်း၍ လွေးလျက်ရှိသော ယောက်ျားပျိုအပေါ်သို့ မသိမသာ ရောက်ရှိနေကြောင်း ကျွန်တော် အကဲခတ်လိုက် မိပါသည်  ။

“ ပေးပါဦး နောက်တစ်ခွက်စီ ” ဟု မိန်းမပျိုက မှာလိုက်ပြန်သည်  ။ လူရွယ်ကား မုန့်များကို နှေးကန်စွာပင် ထပ်မံ၍ ပြင်ပေးနေပြန်၏  ။

“ မုန့်ဟင်းခါး ရောင်းရတာ သိပ်ဟန်မကျဘူး ထင်တယ်  ။ ရှင့် ကြည့်ရတာ ရောင်းခါစတုန်းကလို မဟုတ်ဘူး  ။ ဒီလိုပေါ့ရှင်  ၊ ရောင်းခါစဆိုတာ ဘယ်တွက်ချေကိုက်ဦးမလဲ  ။ နောင် ရောင်းရင်း ရောင်းရင်းနဲ့ပဲ ဟန်ကျလာမှာပေါ့ ” ဟု မိန်းမပျိုက ပြုံးပြုံးကလေး အားပေးလိုက်သဖြင့် လူရွယ်မှာ စိတ်ထဲ၌ ကျိတ်၍ ဒေါပွသွားဟန်တူသည်  ။

မိန်းမပျို နံဘေးမှ ယောက်ျားပျိုမှာကား စကားတစ်ခွန်းမှ မပြော  ။တစ်ယောက်တည်း ခေါင်းကြီးငုံ့၍သာ မြိန်ရှက်စွာ စားနေ၏  ။

“ ရော့ ရှင့်ပိုက်ဆံ  ၊ ဒီကနေ့တော့ မုန့်ပြင်တာ သိသိသာသာ နည်းသွားတာပဲ  ။ ရှင်က လျှော့မယ့်လျော့တော့လည်း ဖောက်သည်တွေကိုတောင် လျှော့တော့တာကိုးရှင့် ” ဟု စကားတပြောပြောနှင့်ပင် ပိုက်ဆံများကို ရှင်း၍ မိန်းမပျိုရော သူ့အဖော် ယောက်ျားပျိုပါ မယ်စီကုန်းလမ်းထဲသို့ ပြန်လည် ဝင်ရောက် သွားကြလေတော့သည်  ။ သူတို့နှစ်ဦး ထွက်သွားရာဆီသို့ လှမ်းမျှော်ကြည့်လိုက်စဉ် မုန့်ဟင်းခါးသည် လူရွယ်၏ မျက်နှာမှာ ညိုပုပ်လျက် ရှိခဲ့၏  ။

( ၃ )

ကျွန်တော့်အဖို့ ရုံးများ ပြန်လည်ဖွင့်မည် ဖြစ်သော တနင်္လာနေ့ ( ၈ ) နာရီခွဲ အချိန်ကိုသာ စိတ်စောနေမိခဲ့၏  ။ ထိုနေ့ နံနက်၌ ပို၍ စောစောထကာ မျက်နှာသစ်  ၊ အဝတ်အစား လဲလှယ် ဝတ်ဆင်ပြီး သကာလ မယ်စီကုန်း လမ်းထဲမှ အမည်မသိ ရုံးစာရေးမကလေး ထွက်လာမည့် အချိန်ကိုသာ စောင့်စားနေမိပါတော့သည်  ။

မုန့်ဟင်းခါးသည်ကလေး၏ ရှေ့၌ကား ထုံးစံအတိုင်းပင် လူစည်ကားလျက် ရှိ၏  ။ သို့သော် သည်တစ်ခါ သူသည် ယခင်နေ့တွေတုန်းကလို မမျှော်  ။ ခေါင်းကြီးငုံ့၍သာ မုန့်ဟင်းခါး ပြင်ပေးလျက် ရှိတော့သည်  ။

“ ရှင့်ဆရာကြီး  ၊ မုန့်တစ်ခွက် ပြင်ပေးစမ်းပါ ”

သူကလေး၏ အသံကား အခါတိုင်း နေ့များကလိုပင် သာယာမြဲ သာယာလျက် ရှိ၏  ။ သို့သော် မုန့်ဟင်းခါးသည်လေးကတော့ မှာသော မုန့်ကိုသာ လေးကန် ဖင့်နွှဲလှစွာဖြင့် ပြင်ပေးလိုက်လေသည်  ။ မိန်းမပျို မုန့်ဟင်းခါးကို ငုံ့၍ စားနေတော့မှပင် မသိမသာ သူ ခိုးကြည့်လိုက်၏  ။

“ ရှင် မုန့်ပြင်ပေးတာ အတော်ကြီးကို လက်မှန်သွားပြီနော်  ၊ ဒါမှလည်း အမြတ်ပေါ်မှာပေါ့ရှင့် ”

မိန်းမပျို၏ မှတ်ချက်ကို “ ဟုတ်ကဲ့ ” ဟုသာ လူရွယ်က စကားပြန်လိုက်လေသည်  ။

“ မနေ့က ရှင်  ၊ ကျွန်မ အစ်ကိုကြီးကဖြင့် ရှင့် မုန့်ဟင်းခါးကို ချီးမွမ်းလို့ မဆုံးဘူး  ။ သူက တစ်နေ့ကမှ တရုတ်ဖြူ စစ်မြေပြင်က စစ်တိုက်ပြီး ပြန်ရောက်လာတာရှင့်  ။ ငှက်ဖျားမိခဲ့လို့ စစ်ဆေးရုံ တက်ရပြီး ခုမှ ပြန်ဆင်းလာတာ  ။ လူမမာ နာလန်ထ ဆိုတော့ သရေစာဆိုရင် သိပ်စားချင်နေတာ  ။ ဒီကနေ့တောင် ကျွန်မကို လိုက်ပို့ရင်း ရှင့် မုန့်ဟင်းခါး စားဦးမလို့တဲ့  ။ အပြင် ခဏခဏ ထွက်ရင် ပြန်ဖျားနေမှာစိုးလို့ မနည်း တောင်းပန်ထားခဲ့ရတယ်  ။ လုပ်စမ်းပါဦး နောက်တစ်ခွက်  ၊ ဒီကနေ့တော့ မနက်စာအလွတ် စားသွားမှပဲ  ။ အိမ်က ထမင်း စားမလာခဲ့ရဘူး ”

မုန့်ဟင်းခါးသည် လူရွယ်သည် မိန်းမပျို၏ စကားများကို တအံ့တဩ နားထောင်နေရာက တစ်စ တစ်စ မျက်နှာအသွင် ပြောင်းလဲလာပြီးနောက် မိန်းမပျိုက “ နောက်တစ်ခွက် ” ဟု ဆိုလိုက်သည်နှင့် တစ်ပြိုက်နက် ဘေးလူ မည်သူကိုမှ ဂရုမစိုက်  ၊ ပြောင်ပြောင်ကြီးပင် မုန့်ရော ဟင်းပါ စေတနာ ဗရပွ မောက် မောက်ကြီး ပြင်ပေးလိုက်တော့၏  ။

“ ဟင် ... ရှင့်ကို မုန့်ပြင်တာ လက် မှန်သွားပြီ ထင်နေတာ  ၊ ဟော ... အခု များလာပြန်ပြီ ” ဟု မိန်းမပျိုက ပါးချိုင့်ကလေးများ ခွက်ဝင်သွားအောင် ပြုံး၍ ပြောလိုက်သည့် အခါတွင်မူ “ ဟဲ ... ဟဲ တစ်ခါတလေတော့လည်း များသွားတတ်တာပဲပေါ့ ဗျာ  ။ ရောင်းခါစ ကိုး ” ဟု ပြုံးပြုံးကြီး ပြန်ဖြေသည်ကို ကြားလိုက်ရပါတော့သည်  ။

◾ မင်းရှင်

📖 ရှမဝ မဂ္ဂဇင်း
      စက်တင်ဘာ ၁၉၅၅

koaungnaingoo.blogspot.com

.