Showing posts with label ကျော်စွာထက်. Show all posts
Showing posts with label ကျော်စွာထက်. Show all posts

Tuesday, November 25, 2025

နာရေး

 

❝ နာရေး ❞
( ကျော်စွာထက် )

“ ကျွီ ... ဝုန်း ”

“ ဟာ .. ကားတိုက်ပြီ ”

“ ဒေါ်စံမယ်ကြီးတဲ့ ဒေါ်စံမယ်ကြီး ”

“ ကားသမားဘယ်မှာလဲ ... မပြေးစေနဲ့ ၊ ဖမ်းထားကြ ”

ဖြုန်းကနဲ ဆူညံသွားတယ် ။ စောစောက ကျုပ်ဆိုင်မှာ ထိုင်ပြီး စကားပြောနေ ကြတဲ့ လူတွေအားလုံး ကားတိုက်တဲ့ဆီ ပြေးသွားကြတယ် ။ ကျုပ်နားမှာ ထိုင်ပြီး ကွမ်းသီးစိတ်နေတဲ့ ကျုပ်မိန်းမတောင် ဘယ်တုန်းက ထသွားလိုက်လဲ မသိဘူး ။ ခုကြည့်လိုက်တော့ ကျုပ်နားမှာ မရှိတော့ဘူး ။

ကားနားမှာတော့ လူတွေ ဝိုင်းအုံနေပြီး တစ်ယောက်တစ်ပေါက် ပြောကြဆိုကြပဲ ။ လမ်းဘေးအိမ်တွေကလည်း လူတွေ ပြေးထွက်လာကြတယ် ။ လမ်းပေါ်မှာ သွားနေတဲ့ လူတွေကလည်း ကားဆီကို ဝိုင်းအုံလာပြီး ရပ်ကြည့်ကြသည် ။ အဲဒီလိုနဲ့ ကားတိုက်တဲ့ နေရာမှာ လူအုပ်ကြီး ဖြစ်လာတယ် ။ လူတွေက ဝိုင်းအုံကြည့်ပြီး တစ်ယောက်တစ်ပေါက် ပြောကြဆိုကြပဲ ။ ခပ်ရမ်းရမ်းလူငယ်တစ်စုကတော့ ကားသမားကို ရိုက်မယ် နှက်မယ် တကဲကဲ လုပ်နေလို့ အနားက လူကြီးတွေက ဆွဲထားရတယ် ။ နို့မို့ဆိုရင်တော့ ကားသမား မလွယ်ဘူး ။ အဲဒီနေရာတင် ပွဲချင်းပြီးသွားနိုင်တယ် ။

တိုက်တဲ့ ကားသမားက ဆိုးတော့ မဆိုးရှာပါဘူး ။ တိုက်တယ် ဆိုတာနဲ့ ကားကို ရပ်ပေးတယ် ။ သူများ ကားသမားတွေဆို ဘယ် ဒီလို ရပ်ပေးလိမ့် မလဲ ။ နောက်မှ ဖြစ်ချင်ရာဖြစ် ။ မောင်းပြေးမှာပေါ့ ။

ကားတိုက်ခံရတဲ့ ဒေါ်စံမယ် ကို လူတွေ ဝိုင်းပွေ့ပြီး ကားပေါ်တင်လိုက်ကြတာ မြင်ရတယ် ။ နောက်လူလေးငါးယောက်လောက် ကားပေါ် တက်လိုက်ပြီး ကားထွက်သွားတယ် ။ ဆေးရုံပို့တာ နေမှာပေါ့ ။

အဲဒီနောက် ကားတိုက်တဲ့ နေရာမှာ လူစုကွဲသွားတယ် ။ အိမ်ထဲက ထွက်လာကြသူတွေလည်း အိမ်ထဲ ပြန်ဝင်သွားတယ် ။ လမ်းသွားရင်းက ရပ်ကြည့်တဲ့ လူတွေလည်း ကိုယ့်ခရီးကိုယ် ဆက်သွားကြတယ် ။ ကျုပ်ဆိုင်ရှေ့ ခုံတန်းက ထသွားတဲ့ လူတွေလည်း ကျုပ်ဆိုင်ကို ပြန်လာကြတယ် ။ အားလုံး ကျွတ်စီကျွတ်စီပဲ ။

“ ဆေးရုံတော့ ခေါ်သွားကြလေရဲ့ ။ ကျုပ်တော့ သိပ်မထင်ပါဘူးတော် ။ သုံးတန်ကားကြီးနဲ့ ခါးဖြတ်တိုက်တာပဲဥစ္စာ ”

မျက်မြင်ကိုယ်တွေ့ကြည့်ခဲ့တဲ့ ကျုပ်မိန်းမက ရောက်ရောက်ချင်း ဖောက်သည်ချလိုက်တယ် ။

“ သေမှာပါဗျာ ။ သွေးတွေရဲနေတဲ့ဥစ္စာ ။ နောက်ပြီး အသက်အရွယ်ကလည်း ကြီးပြီ ဆိုတော့ ပိုဆိုးတာပေါ့ ”

ကျုပ် ဆိုင်က မီးရှို့ထားတဲ့ အုန်းဆန်ကြိုး ကနေ ဆေးလိပ်မီး တို့နေတဲ့ ဆိုက္ကားသမားကိုဖိုးအောင် က ပြောလိုက်တယ် ။

“ သနားတော့ သနားပါတယ် ။ အနေဆင်းရဲ ၊ အသေဆင်းရဲ ဆိုတာ ဒါမျိုး နေမှာပဲ ။ အင်းပေါ့လေ ၊ ဝဋ်တော့ ကျွတ်သွားတာပေါ့ ”

ကျုပ်မိန်းမ စုတ်သပ်ပြီး ကောက်ချက်ချလိုက်တယ် ။

စောစောက ကျုပ်ဆိုင်ရှေ့က ထိုင်ခုံရှည်မှာ ထိုင်နေတဲ့ ကောင်လေးတွေ ပြန်ရောက်လာကြပြီး စောစောတုန်းကလိုပဲ စကားဝိုင်းဖွဲ့ကြပြန်တယ် ။ စောစောတုန်းကတော့ ရောက်တတ်ရာရာ ပြောကြဆိုကြ ၊ ကျောင်းကပြန်လာတဲ့ ကောင်မလေးတွေကို ဟေးလားဝါးလားနဲ့ နောက်ကြပြောင်ကြလုပ်ကြပေမယ့် ခုတော့ ဒေါ်စံမယ်ကြီး ကားတိုက်တဲ့ အကြောင်းပဲ ပြောတာကြားရတော့တယ် ။

အားလုံးလိုလိုကတော့ ဒေါ်စံမယ်ကြီး ကို သနားကြတာပါပဲ ။ ကျုပ် လည်း ဘယ်စိတ်ကောင်းပါ့မလဲ ။ ကျုပ် တင် မဟုတ်ပါဘူး ။ ဒေါ်စံမယ်ကြီး အကြောင်းကို သိတဲ့သူတိုင်း သူ့ကို သနားကြမှာပါပဲ ။

တကယ်တော့ ဒေါ်စံမယ်ကြီး ဘဝက သနားစရာပါ ။ ဘယ်သူကမှ ကျွေးမယ့်မွေးမယ့်လူ မရှိလို့ ရပ်ကွက်ထဲမှာ တောင်းရမ်းစားသောက်နေရတယ် ။ အစကတော့ ဒီရပ်ကွက်ထဲက ကိုသိန်းတိုး ဆိုတဲ့လူ အိမ်မှာ နေတယ် ။ ကိုသိန်းတိုး က ကျွေးမွေးထားတယ် ဆိုပါတော့ ။ ကိုသိန်းတိုး နဲ့ ဒေါ်စံမယ် က တူဝရီးတစ်ဝမ်းကွဲ တော်သေးတယ်လို့ ပြောကြတယ် ။

ကိုသိန်းတိုး တို့ လင်မယားက တရုတ်တန်းဈေးမှာ အဝတ်စတွေ ၊ အထည်တွေ ရောင်းတဲ့သူပါ ။ ဆိုင်က သိပ်ကြီးကြီးကျယ်ကျယ် မဟုတ်လို့ ပိုပိုလျှံလျှံကြီး မရှိလှပေမယ့် စားနိုင်သောက်နိုင်သူတွေပါပဲ ။ ဒေါ်စံမယ်ကြီး ကို သနားလို့ ကျွေးထားမယ် ဆိုရင် တင်ကျွေးထားနိုင်တဲ့ သူတွေပေါ့ ။

ဒါပေမမယ့် ကိုသိန်းတိုး မိန်းမ မစိန်ဌေး က အစကတည်းက သိပ်ကြည်ဖြူတာ မဟုတ်ဘူး ။ အဘွားကြီးကို ဝတ်ကြီးဝတ်ငယ်ပြုစုရတာကို စူအောင့်စူအောင့်နဲ့ ။ မစိန်ဌေး လို မိန်းမမျိုးက ယောက္ခမအရင်းတောင် မဖြစ်ရင်သာ ပြုရမှာ ။ ခုလို ကိုသိန်းတိုး နဲ့ တူအရီးတစ်ဝမ်းကွဲလောက် ကိုတော့ ဘယ် ဂရုစိုက်လိမ့်မလဲ ။ ဒီအထဲက အဘွားကြီးက အသက်ကလေး နဲနဲ ရလာပြီး သူငယ်ပြန် သလိုလို ဖြစ်လာတော့ ပိုဆိုးတယ် ။ အဲဒီလိုနဲ့ အဘွားကြီးလည်း နောက်တော့ ရပ်ကွက်ထဲမှာပဲ သူ့ဘာသူ ဆင်းဆင်းရဲရဲ တောင်းရမ်းစားရတယ် ။ အိပ်တော့ ရပ်ကွက်ဓမ္မာရုံ ထဲမှာပဲ ။

ဒီဒုက္ခတွေကို သိလို့ ကျုပ်မိန်းမက ...

“ သေသွားလည်း ဝဋ်ကျွတ်သွားတာပေါ့လေ ” လို့ ပြောခဲ့တာ နေမှာပါ ။

ဒါပေမယ့် ကျုပ်ကတော့ မသေစေချင်ပါဘူး ။ ဝဋ် ဆိုတာ မကျွတ်တာ နောက်ထား ။ သေရမှာတော့ လူတိုင်း ကြောက်ကြတာချည်းပဲ ။ မဟုတ်ဘူးလား ။

••••• ••••• •••••

( ၂ )

ကနေ့ မနက် ဆိုင်ဖွင့်ဖို့ ကျုပ် အိမ်က ထွက်ခဲ့တော့ လမ်းမှာ ကိုသိန်းတိုးတို့ လင်မယားကို ဆိုက္ကားနဲ့ တွေ့လိုက်တယ် ။ ဒေါ်စံမယ်ကြီး ကို ပြုစုဖို့ ဆေးရုံသွားကြတာနေမှာပဲလို့ တွေးမိတယ် ။ ကျုပ် ဆေးရုံကို မရောက်ဖြစ်သေးလို့ လူနာ အခြေအနေ မေးရဦးမယ်လို့ စိတ်ကူးမိလိုက်တယ် ။

ဒါပေမယ့် သူတို့ ကြည့်ရတာ ဆေးရုံကို သွားတဲ့ပုံမျိုး မဟုတ်ဘူး ။

ကိုသိန်းတိုး ရော သူ့မိန်းမ ရော ဝတ်စားထားတာ ကြော့မော့နေတာပဲ ။ သူ့မိန်းမ မစိန်ဌေး မျက်နှာမှာ လိမ်းထားလိုက်တဲ့ သနပ်ခါးကလည်း ဖွေးလို့ ၊ သူတို့ ဘာသာသူတို့ ဆိုင်ဖွင့်ဖို့ သွားကြတာ ဖြစ်မယ် ။ ဆိုက္ကားပေါ် မှာလည်း အင်္ကျီ ပိတ်စတွေ ထည့်ထားတဲ့ အထုပ်တွေနဲ့ ။

ဟုတ်ပါပြီ ။ သေချာပါတယ် ။ သူတို့ ဆိုင်ဖွင့်ဖို့ သွားတာပဲ ။

ကြည့်စမ်း ... ဘယ်လောက် ရွံမုန်းစရာ ကောင်းလိုက်သလဲ ။

သူတို့မှာ မေတ္တာတရား ၊ အကြင်နာတရားဆိုတာ ရှိမှ ရှိသေးရဲ့လား လို့လည်း တွေးမိတယ် ။ ဒီလောက် ကရုဏာတရား ခေါင်းပါးပြီး လူမဆန်တဲ့ သူတွေကို ကျုပ် မတွေ့ဖူးသေးဘူး ။

သူတို့က ဆိုက္ကားနဲ့ ၊ ကျုပ်က ခြေကျင် ။ မျက်နှာချင်းဆိုင် တွေ့ကြပေမယ့် နှုတ်မဆက်ချင်တော့တာနဲ့ ကျုပ်လည်း နှုတ်မဆက်တော့ပါဘူး ။ အစကတော့ “ လူနာ အခြေအနေ ဘယ့်နှယ်လဲ ၊ ဘယ်လို နေသေးသလဲ ” လို့ မေးမလို့ပါ ။ ဒါပေမယ့် သူတို့ ကိုယ်တိုင်က ဆေးရုံကို ရောက်ဖို့ နေနေသာ ဒေါ်စံမယ်ကြီး ကားတိုက်တဲ့ကိစ္စ သူတို့ ခေါင်းထဲ လုံးဝ မရှိတဲ့ပုံ ဆိုတော့ မေးနေ လည်း အပိုပဲ ။

တမင် တွေးနေတာ မဟုတ်ပေမယ့် တစ်လမ်းလုံး ကျုပ်ခေါင်းထဲမှာ သူတို့ အကြောင်းပဲ ရှိနေတယ် ။ ကိုယ့်အဒေါ် တစ်ယောက်လုံး နေ့သေမလား ညသေမလား ဖြစ်ပြီး ဒဏ်ရာကြီးနဲ့ လဲနေတဲ့ အချိန်မှာတောင် ဒီလောက် ရက်ရက်စက်စက် လျစ်လျူရှုထားနိုင်တာကို ကျုပ် ဖြင့် အံ့သြလို့ မဆုံးဘူး ။ ဒေါ်စံမယ်ကြီး ကို သနားတာနဲ့ အမျှ ကိုသိန်တိုး တို့ လင်မယား အပေါ် ဒေါသဖြစ်လာမိတယ် ။

ကျုပ် ဆိုင်မှာလည်း ဒီအကြောင်းပဲ ပြောနေကြတာပဲ ။ ကျုပ်ဆိုင်က ကွမ်းယာဆိုင် ဆိုတော့ လူစုံတယ် ။ အရပ်ထဲက လူတော်တော်များများဟာ အားနေရင် ကျုပ် ဆိုင်ရှေ့က ခုံတန်းမှာ လာထိုင်ပြီး စပ်မိစပ်ရာတွေ ပြောကြတယ် ။ မနက်ပိုင်းနဲ့ ညနေပိုင်း ဆိုရင် လူငယ်လူရွယ်တွေ အလာများပြီး နေ့လည်နေ့ခင်း ဆိုရင် လူကြီးတွေ လာထိုင်ကြတယ် ။

ကျုပ် ဆိုင်က လမ်းထိပ်မှာ ဖွင့်ထားတာ ဆိုတော့ ဆိုက္ကားဂိတ်လည်း ဟုတ်တယ် ။ ဒါကြောင့် ကျုပ် ဆိုင်မှာ လူစုံသလို စကားလည်း စုံတယ် ။ ရပ်ကွက်ထဲမှာ တစ်ခုခု မဖြစ်လိုက်နဲ့ ဖြစ်လိုက်ပြီ ဆိုတာနဲ့ သတင်းက ရောက်လာပြီ ။ သတင်းကလည်း အစုံပဲ ။ ရပ်ကွက်ထဲမှာ ဘယ်အိမ်က ဘုရားပွဲကြေး မထည့်တာက အစ ၊ ဘယ်သူ့သမီး လင်နောက် လိုက်ပြေးတာ အလယ် ၊ ဘယ်သူ့ မိန်းမ ဘယ်အဝှာနဲ့ ဖောက်ပြန်နေတယ် ဆိုတာ အဆုံး ။ မကြားချင် အဆုံးပဲ ။

ကနေ့တော့ အားလုံး ဒေါ်စံမယ်ကြီး ကားတိုက်တဲ့ အကြောင်းကိုပဲ ပြောနေသံ ကြားရတယ် ။ အားလုံးလိုလိုကတော့ ဒေါ်စံမယ်ကြီး ကို သနားတာ နဲ့အမျှ ကိုသိန်းတိုးတို့ လင်မယားကို စက်ဆုပ်ရွံရှာကြတာပါပဲ ။ လူနာရှင် ကိုသိန်းတိုး တို့ကသာ ဆေးရုံကို မရောက်ပေမယ့် ဒေါ်စံမယ်ကြီး ကို သနားတာ နဲ့ ရပ်ကွက်ထဲက လူအချို့ကတော့ ဆေးရုံ ရောက်ကြတယ် ။ ဒေါ်စံမယ်ကြီး အခြေအနေ ကတော့ မကောင်းလှဘူးတဲ့ ။ သတိပြန်မလည်သေးဘူး ဆိုပဲ ။

ညနေမှာပဲ ဒေါ်စံမယ်ကြီး ဆုံးပြီ ဆိုတဲ့ သတင်းကို ကြားရတယ် ။

ဒီသတင်းကို မျှော်လင့်ထားပြီး ဖြစ်ပေမယ့် တကယ်တမ်း ကြားရပြီ ဆိုတော့ ကြားရတဲ့ သူတိုင်း စုတ်တသပ်သပ်နဲ့ ဒေါ်စံမယ်ကြီး အတွက် စိတ် မကောင်းကြဘူး ။ မသေခင်ကလည်း ဆင်းဆင်းရဲရဲ ၊ သေတော့လည်း ဆင်းဆင်းရဲရဲမို့ သနားကြတယ် ။ လူမဆန်တဲ့ ကိုသိန်းတိုး တို့ လင်မယားကိုပဲ အကြင်နာတရား ခေါင်းပါးလွန်းလှတယ်ဆိုပြီး အပြစ်တင်ကြ ၊ နှာခေါင်းရှုံ့ကြတယ် ။

ကျုပ် မိန်းမကတော့ မနေ့က သူပြောခဲ့တဲ့ အတိုင်းပဲ ကနေ့လည်း ပြန်ပြီး ကောက်ချက်ချတယ် ။

“ အင်းလေ ... ကြီးတောင့်ကြီးခါမှ အစားဆင်းရဲ ၊ အနေဆင်းရဲနဲ့ ဒုက္ခ ခံနေရတာနဲ့စာရင် သေသွားတာက ဝဋ်ကျွတ်သွားတာပေါ့ ”

••••• ••••• •••••

( ၃ )

မနေ့ညနေက ဒေါ်စံမယ်ကြီး ဆုံးတယ်ဆိုတဲ့ သတင်းကြားရပေမယ့် ယနေ့ညနေ အထိ အလောင်းကို ဆေးရုံက ပြန်သယ်လာတာ မတွေ့သေးဘူး ။ ဒေါ်စံမယ်ကြီးကို သနားလို့ အသုဘရှု သွားချင်တဲ့သူတွေ ၊ သတင်းမေးချင်တဲ့ သူတွေတောင် ဘယ်သွားလို့ သွားရမယ် ၊ ဘယ်မေးလို့ မေးရမယ် မသိဘူး ။ ကိုသိန်းတိုးတို့ လင်မယား ကြည့်တော့လည်း ဘာသိဘာသာပဲ ။ အလုပ် မပျက် ၊ အကိုင် မပျက် ။

ကျုပ်အနေနဲ့လည်း အသုဘ လောက်တော့ လိုက်ပို့ချင်ပါသေးတယ် ။ ဒေါ်စံမယ်ကြီး ကားတိုက် မခံရခင်ကဆို ကျုပ် ကွမ်းယာဆိုင်ကို နေ့လယ်တိုင်း ပိုက်ဆံ တောင်းနေကျ ။ ကျုပ်လည်း ကျုပ် တတ်နိုင်သလောက် ဆယ်ပြား ၊ တစ်မတ် ထည့်လိုက်တာပဲ ။ နေ့တိုင်း တွေ့မြင်နေကျမို့ ကျုပ်လည်း သူ့အတွက် ဘယ်စိတ်ကောင်းနိုင်ပါ့မလဲ ။ နောက်ပြီး အသုဘပို့တယ် ဆိုတာ ကျန်ရစ်သူတွေက သေတဲ့သူ အတွက် နောက်ဆုံး ပို့ဆောင် နှုတ်ဆက်ရတဲ့ အလုပ် မဟုတ်လား ။

ဒါပေမယ့် တစ်ညနေ ကုန်လို့ ဒီနေ့ မနက်သာ ရောက်လာတယ် ။ ဘာသတင်းမှ ထူးမကြားရဘူး ။ အရပ်ထဲက တခြားသူတွေ အသုဘ လို အသုဘရှု ဖိတ်စာ ဆိုတာကတော့ ဝေးပါသေးတယ် ။

“ ကွမ်းယာ နှစ်ယာလောက်ဗျာ ...”

တွေးနေတုန်း ဆရာလေးကိုအေးဖေ ကျောင်းသွားရင်း ကွမ်းယာဝင် ဝယ်တာနဲ့ ကျုပ်အတွေးစ ပြတ်သွားတယ် ။ ဆရာလေးကိုအေးဖေ ဆိုတာ ကျုပ်တို့ အရပ်ထဲကပါပဲ ။ မူလတန်းပြ ဆရာပါ ။ ကွမ်းကြိုက်တတ်လို့ ကျုပ် ဆိုင်ကနေ နေ့တိုင်း ကွမ်းယာ ဝယ်စားနေတဲ့ ကျုပ်ဖောက်သည် တစ်ယောက် ဆိုပါတော့ ။ ရပ်ရေးရွာရေး စိတ်ဝင်စားပြီး ဦးဆောင်ဦးရွက် ပြုတတ်တဲ့သူပါ ။

“ အလောင်းက ရင်ခွဲရုံမှာ ထားလို့ နေမှာပေါ့တော် ။ တချို့လည်း အိမ်ပြန် သယ်မနေဘဲ အဲဒီကနေ သင်္ချိုင်း တန်းချကြတာပဲ မဟုတ်လား ။ လိုက်ပို့ချင်တဲ့ သူတွေ အဲဒီကနေ လိုက်ပို့ပေါ့ ”

ဆရာလေးကိုအေးဖေကို ကွမ်းယာ ယာပေးနေတုန်း ဆိုင်ကို ဆေးလိပ် လာဝယ်နေတဲ့ မိန်းကလေး တစ်ယောက်နဲ့ ကျုပ်မိန်းမတို့ ပြောနေတာကို ကြားရတယ် ။

“ ဘာလဲဗျ ၊ ဒေါ်စံမယ်ကြီးလား ”

ကျုပ် ကမ်းပေးလိုက်တဲ့ ကွမ်းယာယူရင်း ဆရာလေးကိုအေးဖေက ကျုပ် မိန်းမဘက် မေးဆက်ပြီး မေးလိုက်တယ် ။

“ သူ့အလောင်းက တာဝန်ယူပြီး ချမယ့် ပိုင်ရှင် မရှိလို့ ဆေးရုံကနေ တစ်ဆင့် ဆေးကျောင်းကို လွှဲပေးလိုက်တယ်ဗျ ။ ဆေးကျောင်းသားတွေ ခွဲစိတ်လေ့လာဖို့ပေါ့ဗျာ ။ အဘွားကြီးအလောင်းက ပိုင်ရှင်ကို မရှိဘူး ။ ကိုသိန်းတိုး ကလည်း တာဝန်မယူဘူးလေ ”

ဆရာလေးကိုအေးဖေ က ပြောလိုက်တယ် ။ သူကတော့ ကျောင်းဆရာ ဆိုတော့ မျက်စိကျယ် ၊ နားကျယ်တယ် မဟုတ်လား ။ ကျုပ်တို့ ထက် အကြားအမြင် ဗဟုသုတ များတာပေါ့ ။

“ ဟင် ...  အဲဒီလိုဆို သရဏဂုံလေး ဘာလေးတောင် မတင်ရတော့ဘူးပေါ့ ။ ကိုယ့်တူသား တစ်ယောက်လုံး ရှိပါရက်နဲ့ သေတာတောင်မှ လူလို မသေရဘဲ ခွေးသေဝက်သေ သေရသေးတယ်နော် ”

ဆေးလိပ် လာဝယ်တဲ့ မိန်းမကြီးက စုတ်တသပ်သပ်နဲ့ ပြောတယ် ။

“ အေးပေါ့ဗျာ ၊ လောဘမောဟတွေ ပိတ်ဖုံး နေတော့လည်း လူတွေမှာ အကြင်နာတရားတို့ ၊ ကရုဏာတရားတို့ မရှိကြတော့ဘူးပေါ့ ။ ဒီလောက်ထိ မြင်နေဖို့တော့ မကောင်းဘူးပေါ့ဗျာ ။ ကိုယ့်အဒေါ် တစ်ယောက်လုံးပဲ ဥစ္စာ ၊ အသုဘကိစ္စ လောက်ကတော့ မသာအိမ်ဖဲဝိုင်း ထောင်တာနဲ့ ရပါတယ် ”

ဆရာလေးကိုအေးဖေ ထွက်သွားပြီး အထိ ကျုပ်တို့ ဒီအကြောင်းပဲ ဆက်ပြောဖြစ်ကြတယ် ။ ကိုသိန်းတိုးတို့ လင်မယားကို တစ်ရပ်ကွက်လုံးက အော့နှလုံး နာနေကြတယ် ။

“ မသကာဗျာ ၊ အသုဘစရိတ် ကုန်မှာမို့ သူ မချချင်တောင် အလောင်းပိုင်ရှင်အမည်ခံပြီး ဆေးကျောင်း လှူလိုက်ရင် ဖြစ်တဲ့ဥစ္စာ ။ ဒါဆို ဘယ်သူက ကဲ့ရဲ့မှာလဲ ။ အဲလို လှူလိုက်ရင် သတင်းစာထဲတောင် ပါချင် ပါဦးမှာ ။ ခုဟာက အလောင်းပိုင်ရှင်အမည်တောင် မခံဘူး ။ ဒီလူက တကယ့် ကို အတ္တသမားဗျ ။ သူ့အတွက် အကျိုး မရှိရင် ဘာမှမလုပ်ဘူး ”

ကျုပ်ဆိုင်ဘေး ဗာဒံပင်ရိပ်မှာ ဆိုက္ကားထိုးထားတဲ့ ဆိုက္ကားဆရာ ကိုဖိုးအောင် က ပြောလိုက်တယ် ။ ဟုတ်တယ် ။ တကယ်လည်း ကိုသိန်းတိုး တို့ လုပ်ပုံ လူမှ မဆန်ဘဲ ။

••••• ••••• •••••

( ၄ )

ပြန်မထတာ ကြာပြီဖြစ်တဲ့ လေနာရောဂါ ပြန်ထလို့ ညက မအိပ်ရဘူး ။ ဘယ်လူးညာလိမ့်နဲ့ တစ်ညလုံး လှိမ့်အော်နေရတယ် ။ ဂျဲလမက် ဆေးပြား နှစ်ပြား သောက်လိုက်မှ တစ်ဖြည်းဖြည် သက်သာလာပြီး နေသာ ထိုင်သာ ရှိလာတယ် ။ လမ်းထိပ်ကင်းတဲဆီက မနက်သုံးနာရီ သံချောင်းခေါက် ပြီးမှ မှေးကနဲ အိပ်ပျော် သွားတယ် ။ ဒါကြောင့် ဒီနေ့မနက် ကျုပ် နိုးတော့ ဆယ်နာရီတောင် ထိုးပြီးနေပြီ ။ နေလည်း ခပ်ကျဲကျဲ ပူနေပြီ ။ ကျုပ်မိန်းမ တောင် ဆိုင်သွားဖွင့်ပြီမို့ မရှိတော့ဘူး ။ ဒါကြောင့် ကျုပ်လည်း ခပ်သုတ်သုတ် မျက်နှာသစ်ပြီး ဆိုင်ဘက် ထွက်လာခဲ့တယ် ။

ကျုပ် လမ်းပေါ် ရောက်တော့ ကိုသိန်းတိုး တို့ အိမ်မှာ လူတွေ ရုတ်ရုတ် သဲသဲနဲ့ ဆူညံနေတာ တွေ့ရတယ် ။ အိမ်ရှေ့မှာလည်း အလောင်းကို ခုတင် တစ်လုံးနဲ့ ပြင်လို့ ။ အရပ်ထဲက လူငယ်တစ်ချို့က မဏ္ဍပ်ထိုးဖို့ တိုင်စိုက်ရအောင် အိမ်ရှေ့မှာ ကျင်းတူး နေကြတယ် ။

ရုတ်တရက် ကျုပ် မျက်စိကို တောင် ကျုပ် မယုံသလိုဖြစ်ပြီး ပွတ်ကြည့်မိတယ် ။ ကျုပ် ကိုသိန်းတိုးတို့ အိမ်ရှေ့ အရောက် “ အောင်မလေး ...  အရီးရဲ့ ကျုပ်တို့ကို ပစ်သွားပြီလား .. အရီး ဆင်းဆင်းရဲရဲ သေသွားရတာ ကျုပ်တို့ကြောင့် ဟောဒီ အမိုက်မကြောင့် ... ဟီး ဟီး ” ဆိုတဲ့ အော်ငိုသံကို ကြားလိုက်ရတယ် ။ ကိုသိန်းတိုးမိန်းမ မစိန်ဌေး ရဲ့ အသံပါ ။

ရုတ်တရက် ကျုပ် နားမလည်နိုင်အောင် ဖြစ်သွားတယ် ။ အဖြစ်အပျက် အပြောင်းအလဲတွေက မြန်ဆန်လွန်းလှတော့ ဘယ်လိုလုပ်ပြီး ကျုပ် နားလည်တော့မှာလဲ ။ မနေ့ကမှ သူတို့က တာဝန်မယူနိုင်ဘူးဆိုလို့ ဆေးရုံက ဆေးကျောင်းကို လွှဲပြောင်းပေးလိုက်ရတယ်လို့ ဆရာလေးကိုအေးဖေက ပြောသွားတယ် မဟုတ်လား ။

“ ဒေါ်စံမယ်ကြီးအလောင်း ပြန်သယ်လာပြီလေ ... တွေ့ခဲ့တယ် မဟုတ်လား ”

ဆိုင်ရောက်ရောက်ချင်းပဲ ကျုပ်မိန်းမက ဆီးမေးတယ် ။ ကျုပ် သိချင်တာတွေ မေးမယ် အလုပ်မှာ ကျုပ်မိန်းမက ဆက်ပြောလိုက်တယ် ။

“ ဆေးကျောင်းကို လွှဲပေးပြီးလို့ ဟိုက ပြန်ယူခွင့် မပေးဘူးတဲ့ ။ အဲဒါ မနည်းတောင်းပန်ပြီး ယူခဲ့ရတယ်လို့ ပြောတယ် ”

“ နေပါဦး ။ အစတုန်းက သူတို့ပဲ တာဝန်မယူလို့ ဆေးကျောင်းကို ပို့လိုက်ရတာ မဟုတ်လား ။ ခုမှ ဘယ်လိုဖြစ်တာလဲ ”

ကျုပ် အသိချင်ဆုံး မေးခွန်းကို မေးလိုက်တယ် ။ ကျုပ် နားမလည်နိုင်တာက ဒါပဲ ။ ဟိုတုန်းကတော့ လုံးဝ ပစ်ထားပြီးမှ ဒီလောက် မြန်မြန်ဆန်ဆန်ကြီး ပြောင်းလဲသွားတာကို အံ့သြမိလို့ပါ ။

“ သူတို့လဲ စိတ်ပြောင်းသွားလို့ နေမှာပေါ့တော် ... ။ ဘေးပတ်ဝန်းကျင်က အားလုံး ဝိုင်း ကဲ့ရဲ့ကြတော့လည်း သူသူကိုယ်ကိုယ် ဘယ်နေသာ ပါတော့မလဲ ။ လူမြင် ကောင်းအောင်တော့ လုပ်တော့တာပေါ့ ။ သူတို့ကိုက လိုလို့ပါတော် ။ ဒီအသုဘ စရိတ်ကလေးကို မြင်နေလို့ ။ ဆရာလေးကိုအေးဖေ မနေ့က ပြောသလို အသုဘစရိတ်လောက်ကတော့ မသာအိမ် ဖဲဝိုင်းထောင်ရုံနဲ့ ရပါတယ် ”

ဒေါ်စံမယ်အသုဘကို နှစ်ရက်ထားတယ် ။ အများ မျှော်လင့်ထား သလို ဖဲဝိုင်းမခံပါဘူး ။ အရပ်ထဲက တချို့တလေက အသုဘစရိတ် ရအောင် ဖဲဝိုင်းခံဖို့ ကိုသိန်းတိုး ကို ဝိုင်းတိုက်တွန်းကြတာတောင် ကိုသိန်းတိုး က ငြင်းလိုက်တယ်လို့ ကြားရတယ် ။ “ ဖဲဝိုင်းခံလို့ ရတဲ့ ငွေနဲ့တော့ ကျုပ်အရီးလေးကို မသင်္ဂြိုဟ်ချင်ပါဘူးဗျာ ” လို့တောင် ပြောတယ်ဆိုပဲ ။

ဖဲဝါသနာပါတဲ့ လူတစ်ချို့ကိုတောင် ကိုသိန်းတိုး က ဝိုင်းမဖွဲ့ဖြစ်အောင် တောင်းပန်ထားတယ်တဲ့ ။ အကူမခံဘူး လုပ်နေလို့တောင် ဒီလောက်တော့ လက်ခံပါလို့ ဝိုင်းပြောကြတယ်ဆိုပဲ ။

အပြောင်းလဲကြီး ပြောင်းလဲသွားတဲ့ ကိုသိန်းတိုး ကို အားလုံးက ဝိုင်းပြီး ချီးမွမ်းကြတယ် ။ အသုဘ လာမေးကြတဲ့ မိန်းမအချင်းချင်းတောင် လက်တို့ပြီး “ ဒီလို ဆိုတော့လည်း မဆိုးရှာပါဘူးအေ ” လို့ ပြောယူရတယ်တဲ့ ။

အသုဘချတော့လည်း စည်စည်ကားကားပါပဲ ။ တစ်ရပ်ကွက်လုံးက ဒေါ်စံမယ်ကြီးကို သနားနေကြတာ ဆိုတော့ တော်တော်များများ လိုက်ပို့ ကြတယ် ။ ကားတန်းကြီးကို အရှည်ကြီးပဲ ။ ကျုပ်တို့တောင် အဲဒီနေ့က ညနေပိုင်း ဆိုင်ပိတ်ပြီး လင်ရောမယားရော လိုက်ပို့ဖြစ်ကြတယ် ။ ဒေါ်စံမယ်ကြီးရဲ့ နောက်ဆုံး ခရီးလည်းဖြစ် ၊ “ မသာ တစ်ခေါက် ကျောင်း ဆယ်ခေါက် ” ဆိုသလို တရားသံဝေဂလေးလည်း ယူရင်း ဆိုပါတော့ ။

••••• ••••• •••••

( ၅ )

ခုတော့လည်း ဒေါ်စံမယ်ကြီး ဆုံးတာ ရှစ်လ ကျော်ပါပြီ ။

“ ဗမာဆေးနဲ့ ကွမ်းနှစ်ယာလောက်ဗျာ ”

ဆရာလေးကိုအေးဖေ ကျောင်းက အပြန် ကွမ်းယာဝယ်တာနဲ့ ယာပေးနေတုန်း ကျုပ်ဆိုင်ရှေ့က လူတစ်ယောက် ဆိုင်ကယ် တဘုတ်ဘုတ် စီးသွားတာနဲ့ လှမ်းကြည့်မိတယ် ။ ကျုပ်တို့လို ဆင်ခြေဖုံးရပ်ကွက်မှာ ဆိုင်ကယ် စီးတဲ့ လူက ရှားတာကိုး ။ နောက်ပြီး ခုဆိုင်ကယ်က တော်တော်သစ်သေးတဲ့ “ ဟွန်ဒါ ” အရောင်ခပ်လတ်လတ်ရှိသေးတယ် ။ စီးသွားတဲ့ လူကို မြင်လိုက်တော့ ကျုပ် ပိုအံ့သြသွားတယ် ။

“ ဆိုင်ကယ်သံ ကြားလို့ ဘယ်သူများလဲလို့ အောက်မေ့တယ် ။ ကိုသိန်းတိုး ကိုး ဆရာ ရဲ့ ။ ဒီလူ့ အထည်ဆိုင်လေးက ကြည့်တော့သာ ဘာမှ မဟုတ်တယ် ၊ ဆိုင်ကယ်တွေ ဘာတွေတောင် စီးလို့ပါလား ”

ကျုပ် တအံ့တသြ ပြောလိုက်မိတယ် ။

ကျုပ် ကသာ တအံ့တသြ ပြောလိုက်ပေမယ့် ဆရာလေးကိုအေးဖေ ကတော့ အံ့သြတဲ့ပုံ မရှိပါဘူး ။ သူ ပြန်ပြောလိုက်တဲ့ စကားကြောင့်သာ ကျုပ် ပါးစပ် အဟောင်းသားနဲ့ “ ဟင် ” ခနဲ ဖြစ်သွားရတယ် ။

“ ဆိုင်ကယ်နဲ့ ဘာနဲ့ ဖြစ်မှာပေါ့ဗျာ ။ ဒေါ်စံမယ်ကြီး ကားတိုက်လို့ ဆုံးသွားတာနဲ့ ပတ်သက်ပြီး အစိုးရဆီက အသက်အာမခံကြေး တစ်သောင်း ရလိုက်တယ်လေ ။ တိုက်တဲ့ ကားသမားဆီကလည်း လျော်ကြေးငွေ ရှစ်ထောင် ရလိုက်သေးတယ် ။ ဒီလူက ဒါတွေ မြင်လို့ ဆေးကျောင်း ရောက်ပြီးမှ ဒေါ်စံမယ်ကြီး အလောင်းကို အတင်း ပြန်ယူပြီး အသုဘပိုင်ရှင် လုပ်လိုက်တာ ဗျ ။ နို့မို့ဖြင့် ဝေးပါသေး ”

▢  ကျော်စွာထက်
📖 သဘင် မဂ္ဂဇင်း
      ၁၉၈၅ ၊ ဧပြီလ

Wednesday, July 24, 2024

အရက် ကြိုက်သူများ


 

❝ အရက် ကြိုက်သူများ ❞

“ ဆရာ ဆရာ လူနာပြချင်လို့ ”

“ ဆရာ... လူနာပြချင်လို့ပါ ။ တံခါးဖွင့်ပါဦး ”

အပြင် က နေ အကြိမ်ကြိမ် အော် ခေါ်နေတဲ့ အသံတွေ ကြောင့် အိပ်ပျော် ရာ ကနေ ကျွန်တော် လန့် နိုး လာတယ် ။ နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျ နေရာက နိုးလာတာ မို့ ရုတ်တရက် ကျွန်တော် မျက်စိ မဖွင့်ချင်ဘူး ။ ဒါပေမဲ့ အသံတွေ က တိတ် သွားဘဲ ဆက်တိုက် အော် ခေါ် နေတာမို့ မထချင် ထချင် နဲ့ အိပ်ရာ ထဲ က ကျွန်တော် လူးလဲ ထလိုက်ရတယ် ။ အိပ်ခန်း ထဲ က မီးချောင်း ကို ဖွင့်ပြီး တိုင်ကပ်နာရီ ကို ကြည့် လိုက်တော့ ည ၁၁ နာရီခွဲ ပြီးပြီ ။
အိပ်ချင်မူးတူး နဲ့ ကျွန်တော် အောက်ထပ် ကို ဆင်းလာ ခဲ့ပြီး ဆေးခန်း ထဲ ကို ဝင်လာ ခဲ့တယ် ။ ဆေးခန်း ထဲ က မီးချောင်းတွေ ကို လိုက် ဖွင့်ပြီး ဆေးခန်း တံခါး ကို ဖွင့် ပေး လိုက်တော့ ဆေးခန်း ရှေ့ မှာ ဆိုက်ကား တစ်စီး နဲ့ ဆိုက်ကား ဆရာရယ် ၊ အမျိုးသမီး နှစ်ယောက် ရယ် ကို တွေ့ လိုက်ရတယ် ။ အမျိုးသမီး တစ်ယောက် က ဆံပင် ဖရိုဖရဲ နဲ့ ခေါင်း ကို အဝတ် တစ်ခု နဲ့ ဖိ ထားပြီး အဖော် ဖြစ်ဟန် တူတဲ့ အမျိုးသမီး က အဲဒီ အမျိုးသမီး ကို တွဲ ထားတာ ကို တွေ့ ရတယ် ။

“ ဘာဖြစ်လို့လဲ ”

အိပ်ချင် မပြေသေးတဲ့ လေသံ နဲ့ ကျွန်တော် မေးလိုက်တယ် ။

“ လင်မယားချင်း ရန်ဖြစ်တာ ခေါင်းပေါက် သွားလို့ ဆရာ ”

အဖော် အမျိုးသမီး က ဖြေလိုက်တာပါ ။ ခေါင်းပေါက် သွားတယ် ဆိုတဲ့ လူနာ အမျိုးသမီး က တော့ ဘာမှ ပြန် မဖြေဘဲ တရှုံ့ရှုံ့ နဲ့ ငို နေလေရဲ့ ။ 

“ ကဲ .. ကဲ အထဲဝင် ညည်းတို့ဟာ ကလည်း ဒီ အချိန်ကြီး ရန်ဖြစ်ရတယ် လို့ ”

ကျွန်တော် က သူတို့ နှစ်ယောက် ကို ဆေးခန်း ထဲ ဝင် ထိုင်ခိုင်းပြီး အပြစ်တင် တဲ့ လေသံ နဲ့ ပြောလိုက်မိ တာ မို့ အဖော်အမျိုးသမီး က ..

“ မဟုတ်ဘူး ဆရာ ။ သူ့ ယောက်ျား က အလုပ် က ပြန်လာတာ ကို က မိုး ချုပ်တယ် ။ အဲဒါ ပြန်လာ တော့ လည်း အေးအေးဆေးဆေး ပြန်လာတာ မဟုတ် ဘူး ။ အရက် က မူး လာသေးတယ် ။ မိန်းမ ကို ထမင်း ခူး ခိုင်းတာ ဟင်းမကြိုက်လို့ ဆိုပြီး ရန်ဖြစ်ကြတာပဲ ။ အဲဒါ သူ က လည်း ပြန် ပြောတော့ ဟို က ကု,လားထိုင် နဲ့ ကောက် ရိုက်လိုက်လို့ ခေါင်းပေါက် သွားတာ ။ မပြောချင်ပါဘူး ဆရာရယ် ။ ဆိုးပါတယ် ။ တစ်အိမ် လုံး လည်း ဖျက်ဆီးထားတာ ရစရာ မရှိဘူး ။ ပန်းကန် တွေ ရိုက်ခွဲ ၊ ဗီရိုတွေ ရိုက်ခွဲ ၊ တီဗီကြီး ကို လည်း သူ စကား ပြော နေတုန်း ဖွင့်ထားရပါမလား ဆိုပြီး ရိုက်ခွဲ နဲ့ ။ အကုန်လုံး ဘာမှ အကောင်းမရှိတော့ပါဘူး ”

လို့ ရှင်းပြတယ် ။

ကြားရ သမျှတော့ နား မချမ်းသာစရာတွေချည်းပါပဲ ။

ဒါနဲ့ ကျွန်တော် လည်း ဘာမှ ဆက် မပြော တော့ ဘဲ လူနာအမျိုးသမီး ကို ခုတင် ပေါ် တက်အိပ် ခိုင်း လိုက်တယ် ။ ပြီးတော့မှ သူ အဝတ် နဲ့ ဖိထားတဲ့ နေရာ က ဆံပင်တွေ ကို ဖြဲ ကြည့် လိုက်တော့ နှစ်လက်မ လောက် ရှည်တဲ့ ခေါင်း ပေါက်နေတဲ့ ဒဏ်ရာ ကို တွေ့ လိုက်ရတယ် ။ ညကြီး အချိန်မတော် အနာ ကို ချုပ်ရ ဦးမှာပဲ လို့ တွေး မိပြီး ရုတ်တရက် တော့ ကျွန်တော် စိတ်ပျက် သွားမိတာ အမှန်ပဲ ။ ဒါပေမဲ့ ဒီလို ဒဏ်ရာ မျိုး က ဖြစ်ဖြစ်ချင်း ပဲ ချုပ် ပေး မှ အနာကျက် လွယ်တာ မို့ ကျွန်တော့် ကိုယ် ကျွန်တော် မပျင်းအောင် ဖျောင်းဖျ ပြီး ချုပ် ပေးဖို့ပဲ ကျွန်တော် စိတ်ကူး လိုက်ပါတယ် ။ ဒါပေမဲ့ လူနာ ရဲ့ ဆန္ဒ ကို လည်း မေးဖို့ လိုသေးတာမို့ ကျွန်တော် မေး လိုက်တယ် ။

“ ဒဏ်ရာ က နည်းနည်း တော့ ကြီးတယ် ။ ချုပ် မလား ။ ချုပ် လိုက်ရင်တော့ ကောင်းမယ် ”

“ ဟုတ်ကဲ့ ချုပ်ပါ ဆရာ ”

ဒီ တစ်ခါ လည်း အဖော် အမျိုးသမီး က ပဲ ဖြေ လိုက်တာပဲ ။ ကာယကံရှင် ဖြစ်တဲ့ လူနာ အမျိုးသမီး က တော့ ခုချိန် ထိ ဘာ စကား တစ်ခွန်း မှ မပြောသေးဘဲ ရှိုက်ရှိုက်ပြီး တော့ပဲ ငို နေလေရဲ့ ။

ကျွန်တော် လည်း အိမ် အောက်ထပ် မှာ အိပ်တဲ့ ကျွန်တော့် တပည့်ကလေး ကို ကျွန်တော့် ကို ကူ လုပ် ပေးဖို့ နှိုး လိုက်ပြီး လူနာ အမျိုးသမီး ရဲ့ ဒဏ်ရာ တစ်ဝိုက် က ဆံပင်တွေ ကို ဂျုတ် နဲ့ ရိတ်ခိုင်း လိုက်တယ် ။ ကျွန်တော် ကိုယ်တို င်က တော့ ချုပ်မယ့် အပ် ကို အပ်ချည် တပ် လိုက်ပြီး ပိုး သေအောင် အရက်ပြန် ထဲ မှာ ခဏ စိမ် ထားရင်း လက် ကို လက်အိပ် စွပ် လိုက်တယ် ။ အဲဒီနော က်တော့ ကျွန်တော့် တပည့်လေးအ ကူအညီ နဲ့ လူနာ အမျိုးသမီး ရဲ့ ခေါင်း က ဒဏ်ရာ ကို စပြီး ချုပ် လိုက်တယ် ဆိုပါတော့ ။

လူနာ အမျိုးသမီး က ငယ်ပါသေးတယ် ။ ရှိ လှ မှ အသက် အစိတ် လောက် ပဲ ရှိဦးမယ် ။ အသား မဖြူ မညို နဲ့ ရုပ်ရည်ကလေး က သနားကမား ပါ ။ သူ့ အဖြစ် သူ ဝမ်းနည်း ပြီး ငိုနေတာ မှန်ပေမဲ့ သတ္တိ က တော့ ကောင်း တယ် ။ ကျွန်တော် ချုပ် နေတာ ကို တစ်ချက် မတွန့်ဘူး ။ သူ့ ဒဏ်ရာ က ၆ ချက် ချုပ်ရတယ် ။ လူနာ ကို ချုပ်ပြီး သွားလို့ သူတို့ ပြန် သွားတော့ နာရီ ကို ကျွန်တော် ကြည့် လိုက်တဲ့ အခါ ည ၁၂ နာရီ ကျော် နေပြီ ။ ကျွန်တော့် တပည့်ကလေး ကို ဆေးခန်း တံခါး ပိတ် ခိုင်း လိုက်ပြီး ကျွန်တော်ပြန် အိပ်ဖို့ အိမ် အပေါ်ထပ် ကို တက် လာ လိုက်တယ် ။

အိပ်ရာ ပေါ် မှာ လှဲပြီး ကျွန်တော် ပြန် အိပ်ပေမယ့် တော်တော် နဲ့ အိပ် မပျော်ဘူး ။ အဲဒီတော့ စောစော က လူနာ အကြောင်း က ခေါင်း ထဲ ကို ရောက် လာတယ် ။ သူတို့ လင်မယား ရန်ဖြစ် ကြတာ ဟာ အဓိက အကြောင်း ရင်း က တော့ သူ့ ယောက်ျား အရက် မူး လာလို့ပဲ ။ သူ့ ယောက်ျား သာ အရက်မူး မလာရင် ခုလို ရန် ဖြစ်စရာ အကြောင်း မရှိဘူး ။ အရက် ဟာ ဘယ်ဘက် မှာ မှ ကောင်းကျိုး မပေးတာ သေချာပါတယ် ။ ကျန်းမာရေး ၊ လူမှုရေး ၊ စီးပွားရေး ၊ အားလုံး ကို ထိခိုက်စေတာ အရက် ပါ ပဲ ။ ဒါနဲ့တောင် လူတွေ ဟာ အရက် ကို ဘာ ကြောင့်များ မက်မက်မောမော သောက် နေကြတာလဲ ဆိုတာ ကို ကျွန်တော် နား မလည်နိုင်ဘူး ။

ကျွန်တော် လည်း ယောက်ျား တစ်ယောက် ပါ ။ အရက် ကို သောက်ဖူး ပါတယ် ။ သောက်ဖူး တာ မှ တော အရက် တို့ ‘ ဘီအီး ’ တို့ က အစ ‘ ရမ် ’ တို့ ‘ ဘရန်ဒီ ’ တို့အလယ် ၊ ကောင်းလှတယ် ဆိုတဲ့ ‘ ဘလက်လေ ဘယ် ’ တို့ ‘ ရက်လေဘယ် ’ တို့ အဆုံး အကုန်လုံး နီးပါး သောက်ဖူး ပါတယ် ။ ဘယ် အရက် မှ ကိုယ့် ရဲ့ ကျန်းမာရေး ၊ စီးပွားရေး ၊ လူမှုရေး တွေ ကို အထိခိုက် ခံပြီး သောက်ရလောက် အောင် အထိ အရသာ မရှိပါဘူး ။ အရက် မှန် ရင် နံတာ ၊ အဝင် ဆိုးတာ က တော့ အားလုံး အတူတူ ချည်း ပါပဲ ။ တချို့ က တော့ ပြော ကြတယ် ။ “ အရက် ဆိုတာ သောက် ရ တာ အရသာ ရှိတာ မဟုတ် ဘူး ။ မူး ရ တာ အရသာ ရှိတာ ” လို့ ။ သူတို့ ပြောတာ မှန်ကောင်း မှန်နိုင်ပါတယ် ။ ဒါပေမဲ့ အဲဒီ မူး ရတဲ့ အရသာ ဟာ လည်း ဒီလောက်ကြီး မဟုတ်ပါဘူး ။ ကိုယ့် ရဲ့ ဘဝ ကို ထိခိုက် နစ်နာ လောက် အောင် အထိ တော့ ကောင်းတဲ့ အရသာ မဟုတ်တာ သေချာပါတယ် ။

အရက် ရဲ့ ဆိုးကျိုးတွေ က တော့ ပြော ရရင် ကုန်နိုင်စရာ မရှိပါဘူး ။

စောစော က အရက် မူးပြီး မိန်းမ ကို ကု,လားထိုင် နဲ့ ရိုက် လိုက်လို့ ခေါင်း ပေါက်တာ ၆ ချက် ချုပ် လိုက် ရတဲ့ လင်မယား ကို ပဲ ကြည့်လေ ။ မိန်းမ ခေါင်း ပေါက် သွားတဲ့ အတွက် ဆေး ကုရတာ ငွေ ကုန်မယ် ။ ဒီကြားထဲ မှာ မိန်း မက အလုပ် မလုပ်နိုင်သေး ရင် အိမ်မှုကိစ္စတွေ ဖြစ်တဲ့ ထမင်းဟင်း ချက်တာ တို့ ၊ အဝတ် လျှော် တာ တို့ ၊ ကလေး ထိန်းတာ တို့ ဆိုတာတွေ ကို ဘယ်သူ က လာ လုပ် ပေးမလဲ ။ အကုန်လုံး ကသီလင်တ နိုင် တော့မှာ အမှန်ပဲ ။ ဒီ အထဲ က ကိုယ့် ရဲ့ အိမ်ထောင် သက်တမ်း အတွင်း မှာ အနှစ်နှစ် အလလ က ဝယ်ယူ စုဆောင်း ခဲ့တဲ့ ပန်းကန် တွေ ၊ ဗီရို တွေ ၊ တီဗီ တွေ ကို အရက် မူးပြီး ရိုက်ခွဲ ပစ်တယ် ဆိုတော့ ဒါတွေ ကို ပြန်လည် ထူထော င်ဖို့ ဘယ်လောက် ကြာအောင် အပင်ပန်း ခံပြီး ငွေ ရှာရမလဲ ဆိုတာ စဉ်းစား ကြည့်ပေါ့ ။

ဒီ ကြား ထဲ က အရက် ကို အသက် နဲ့ လဲပြီး ကြိုက်တဲ့ လူတွေ လည်း ရှိသေးတယ် ။

ကျွန်တော့် လူနာ တွေ ထဲ မှာ အရက် ကြောင့် မသေသင့်သေး ဘဲ ငယ်ငယ်ရွယ်ရွယ် နဲ့ သေသွားရတဲ့ လူနာ တွေ မနည်းဘူး ။ တချို့ က တော့ လည်း အရက် သောက်တာ ကို ပဲ ‘ ဟီးရိုး ’ ဖြစ်တယ်လို့ ထင်တဲ့ လူငယ် တွေ လည်း ရှိလေရဲ့ ။

အောင်ပင်လယ် ဘက် မှာ မနက်ပိုင်း ဖွင့်တဲ့ ကျွန်တော့် ဆေးခန်း နဲ့ တစ်အိမ် ကျော် က ညီအစ်ကို သုံးယောက် ဆိုရင် အဲဒီလို လူငယ် တွေ ပဲ ။ သူတို့ က အရက် သောက် ရင် သူတို့ လို လူငယ်တွေ ကြား မှာ ‘ ဟီးရိုး ’ ဖြစ်တယ် ထင်ကြပုံ ရတယ် ။ သူတို့ အဖေ က အရက် ဆိုရင် အနံ့ တောင် မခံနိုင်ပေမယ့် သားတွေ က တော့ သုံးယောက် စလုံး အရက် သောက်ကြလေ ရဲ့ ။ သောက် တာ မှ မိုးလင်းက မိုးချုပ် တစ်နေကုန် သောက် တာ ။ သူတို့ ကို ကြည့် လိုက်ရင် အချိန်ပြည့် အရက် မူး နေတာချည်း ပဲ ။

သူတို့ အလုပ် က လေးဘီး မောင်းတာပါ ။ သူတို့ ကို သူတို့ အဖေ က လေးဘီး တစ်စီး ထောင်ထား ပေးတယ် ။ ညီအစ်ကို သုံးယောက် အလှည့်ကျ မောင်း ကြပေါ့ ။ ဒါပေမဲ့ သူတို့ တစ်တွေ က အမြဲတမ်း မူး နေ တာ ဆိုတော့ တော်တော်တန်တန် လူ က လည်း သူတို့ လေးဘီး ကို မစီးရဲပါဘူး ။ သူတို့ အကြောင်း ကို မသိ တဲ့ လူ က ငှား သွားရင်လည်း တက္ကစီခ ရတာ က နည်း နည်း ၊ မူးမူး နဲ့ ဟို တိုက် ခဲ့ ဒီ တိုက် ခဲ့ လို့ သူတို့ အမေ က လိုက် လျော်ရတာက များများ ဆိုတော့ မမောင်းတာ က မှ တော်သေးတယ် လို့ ဆိုရမှာပေါ့ ။

ဒီ အထဲ က သူတို့ သောက်ပုံ က ထမင်း မစား ဟင်း မစား ဘဲ တစ်နေကုန် သောက်တာ ဆိုတော့ ကျန်းမာရေး က ဘယ် မထိခိုက်ဘဲ နေတော့ မတုန်း ။ သူတို့ တစ်တွေ မထူနိုင်လောက် အောင် လဲ လို့ ကျွန်တော့် ဆေးခန်း ကို ဆေး လာ ကုရပြီ ဆိုရင် သူတို့ အမေကြီး က ကျွန်တော့် အနား ကပ်ပြီး “ ဆရာရယ် .. ၊ သူတို့ ကို အရက် သိပ် မသောက် အောင် ခြောက်ပေးပါဦး ” လို့ သူတို့ မကြား အောင် တိုးတိုးလေး လာ ပြော တတ် တယ် ။ ကျွန်တော် လည်း သူတို့ အမေ တိုက်တွန်း သလို သူတို့ ကြောက် အောင် သူတို့ အခြေအနေ ကို ပို ပြောပြီး ခြိမ်းခြောက် တာ တောင် မဟုတ်ပါဘူး ။ အမှန် အတိုင်း ပဲ ပြော လိုက်တာပါ ။ “ မင်းတို့ တွေ ဒီအတိုင်း အရက် သောက် နေရင် သက်ဆိုး ရှည် မှာ မဟုတ်ဘူး ” လို့ ။

ဒါပေမဲ့ သူတို့ ကတော့ မကြောက်ပါဘူး ။

“ ရတယ် ဆရာ ။ သေချင် သေပေစေ ။ ကျွန်တော် က တော့ သောက်မှာ ပဲ ”

သူတို့ အမေကြီး က ခြိမ်းခြောက်တာ ကို သိလို့ လား မသိဘူး ။ အရွဲ့ တိုက် ပြီး အရက် မူးမူး နဲ့ ခပ်ရိုင်းရိုင်း ပဲ အဲဒီလို ပြန် ပြောတတ်ကြတယ် ။

မကြာပါဘူး ။ ငယ်ငယ်ရွယ်ရွယ် နဲ့ တစ်ယောက်ပြီး တစ်ယောက် “ ရှော ” ကုန် ကြတာပဲ ။ အလတ်လူ က အရင်ဆုံး သေတယ် ။ ထမင်း မစား ဟင်း မစား ဘဲ အရက် သောက် တာဆိုတော့ အာဟာရ ပြတ်ပြီး ဗုန်းဗုန်းလဲ ရာ ကနေ ပြန်ပြီး နာလန် မထူတော့တာ ပဲ ဆိုပါတော့ ။ ထမင်းဟင်း သာ မစား တယ် ။ အရက် က တော့ သေမယ့်နေ့ အထိ သောက်တုန်းပဲ ။

ဒါသာ ဖြစ်တယ် ။ အရက် ကြောင့် တစ်ယောက် သေ လို့ ကျန်တဲ့ နှစ်ယော က်က အရက် ကို ကြောက် ပြီး ဖြတ်ဖို့ ဆိုတာ ဝေးလို့ လျှော့ သောက်မယ် ဆိုတဲ့ စိတ် မျိုး တောင် ဘယ်သူမှ မမွေးကြပါဘူး ။ ကြွက်တွင်း ကို ရေ လောင်း သလို သောက်မြဲ သောက်ဆဲ ပဲ ။

ဒုတိယ သေတာ က အငယ်ဆုံး လူ ပေါ့ ။ ဆောင်းတွင်းကြီး မှာ သူ က အရက်သောက် ထားတဲ့ လူဆို တော့ အရက် အရှိန် ကြောင့် ချမ်းလို့ ချမ်းမှန်း မသိဘဲ အနွေးထည် မဝတ်ရာ က အဆုတ် အအေး မိ ပြီး နမိုးနီးယား နဲ့ ကြွ သွားတာ ။

အကြီးဆုံး လူ က လည်း နမိုးနီးယား နဲ့ ပဲ သေ တာပဲ ။ သူ က တော့ မန္တလေး မှာ သေတာ မဟုတ်ဘူး ။ သူများ တွေ က ဝင်ငွေ ကောင်းတယ် ဆိုပြီး အပြော ကောင်း လို့ ရေနံမှော် တစ်ခု မှာ အလုပ် သွား လုပ်ရာက အရက် သောက်ရင်း အဲဒီမှာပဲ သေသွားတာ ။ ရေနံမှော် ဆိုတော့ အဆက်အသွယ် က လည်း မကောင်း လို့ သေ ပြီး တစ်လ လောက် နေ မှ အိမ် က သိရတယ် ။ အဲဒီ ကျ မှ ပဲ သူ့ အတွက် သပိတ်သွတ် ရတယ် ဆိုပါတော့ ။

ကျွန်တော် လည်း အိပ် မပျော်တာ နဲ့ အရက် သောက် တတ်တဲ့ ကျွန်တော့် လူနာတွေ အကြောင်း စဉ်းစား နေ လိုက်တာ ဘယ်လောက် ကြာ သွားတယ် မသိဘူး ။ တော်တော်လေး ကြာ မှ အိပ်ပျော် သွားတယ် ။ ဒါပေမဲ့ ကျွန်တော် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော် သွားတာ မှ ဘာမှ မကြာလိုက်ဘူး ။ အပြင် က ကျွန်တော့် ကို အော် ပြီး နှိုး နေတဲ့ အသံကြောင့် လန့် နိုး လာ ပြန်တယ် ။

“ ဆရာ ... ဆရာ ကျွန်တော် ညီညီ ပါ ”

“ ကျွန်တော် ဗိုက် နာလို့ပါ ဆရာ ”

“ ဆရာ ... ကျွန်တော် ညီညီ ပါ ။ ဆေး ထိုးချင်လို့ပါ ”

ဒီ တစ်ခါ လည်း ကျွန်တော် မထချင် ထချင် နဲ့ လူးလဲ ထ လိုက်ရပြန်တယ် ။ မထချင် လို့ လည်း မရဘူးလေ ။ အပြင်က အော် ခေါ်နေတဲ့ အသံ က ကျွန်တော် မထ မချင်း ရပ်မယ့်ပုံ မှ မရှိဘဲကိုး ။ ဒီတော့လည်း ကျွန်တော် ထ ရတော့တာပေါ့ ။

အောက်ထပ် ကို ဆင်း ပြီး ဆေးခန်း ထဲ ကို ကျွန်တော် ဝင် လာခဲ့တယ် ။ ဆေးခန်း ထဲ က မီးတွေ ကို လိုက် ဖွင့်ပြီး အိပ်ချင်မူးတူး နဲ့ ဆေးခန်း ထဲ က တိုင်ကပ် နာရီ ကို ကြည့် လိုက်တော့ မနက် အစောကြီး ၃ နာရီ ထိုးပြီးခါစ ပဲ ရှိသေးတယ် ။

ဆေးခန်း တံခါး ကို ကျွန်တော် ဖွင့်ပေး လိုက် တော့ ‘ ညီညီ ’ ဆိုတဲ့ လူ ဝင် လာတယ် ။

“ ဗိုက် အရမ်း နာလို့ တစ်ညလုံး မအိပ်ရဘူး ဆရာ ။ ဆရာ့ ကို တော့ နှိုးရတာ အားနာပါတယ် ။ မနက် လင်းတဲ့ အထိ မနေနိုင်တော့လို့ ”

ဒီ ကိုညီညီ က ကျွန်တော့် ဆေးခန်း ကို လာနေ ကျ လူနာ ပါ ။ သူ လာပြီ ဆိုရ င်လည်း တခြား ရောဂါ နဲ့ လာရတယ် မရှိဘူး ။ ဗိုက် နာ လို့ လာရတာ ချည်း ပဲ ။ သူ့ မှာ အစာအိမ် ရောဂါ ရှိတာ ကိုး ။

သူ့ ကို ခုတင် ပေါ် မှာ အိပ်ခိုင်း လိုက်ပြီး ဗိုက် နာ တဲ့ နေရာ ကို ကျွန်တော် စမ်းသပ် ကြည့်လိုက်တော့ သူ နာတဲ့ နေရာ က ရင်ခေါင်းဝ အောက်က အစာအိမ် တည့်တည့် နေရာ က နာ နေတာ ကို တွေ့ လိုက်ရတယ် ။

“ ခင်ဗျား ည က အရက် သောက်လိုက်သေးလား ”

ကိုညီညီ က အရက် သောက်တတ်တဲ့ လူ မို့ ကျွန်တော် မေး ကြည့်လိုက်တော့ ‘ သောက်လိုက်မိတယ် ဆရာ ။ ကျွန်တော် လည်း ဗိုက် မနာတာ ကြာပြီ ဆိုတော့ အစာအိမ်ရောဂါ ပျောက်လောက်ပြီ ထင်ပြီး သောက် လိုက်မိတာ ’ လို့ ပြန် ဖြေတယ် ။

ကျွန်တော် စိတ်ပျက် လက်ပျက် နဲ့ ပြုံးလိုက် မိတယ် ။ ဒီ ည ကျွန်တော် မအိပ်ရအောင် အရက်သမား တွေ က ချည်း နှိပ်စက်နေပါလား လို့ တွေးလိုက်မိတော့ နည်းနည်း တောင် ဒေါသ ထွက် သလို ဖြစ်မိသေး ရဲ့ ။ ဒါပေမဲ့ ထွက်ချင် နေတဲ့ ဒေါသ ကို ဆရာဝန် တစ်ယောက် အနေ နဲ့ ပြန် မျိုသိပ်ပြီး သူ့ ကို ကျွန်တော် ဗိုက်နာပျောက်ဆေး တွေ ထိုး ပေး လိုက်ပါတယ် ။ အစာ အိမ်ရောဂါ သက်သာမယ့် သောက်ဆေးတွေ လည်း ပေး လိုက်တယ် ။

“ ခင်ဗျား ဆန်ပြုတ် တို့ ၊ နွားနို့ တို့ ၊ ပေါင်မုန့် တို့ ၊ ကိတ်မုန့် တို့ နဲ့ ပဲ တည့်တယ် ။ မာတဲ့ အစားအစာ တွေ မစား နဲ့ ။ ချဉ်တာ ၊ စပ်တာ ၊ ပူတာ တွေ မစား နဲ့ ။ လက်ဖက်ရည် ၊ ကော်ဖီ မသောက် နဲ့ ။ အထူးသဖြင့် အရက် မသောက်နဲ့ ဗျာ ”

ကျွန်တော် လည်း သူ ဗိုက် နာ လို့ ဆေးခန်း လာ ပြတိုင်း ပြောနေကျ ဖြစ်တဲ့ ဓာတ်ပြားဟောင်းကြီး ကို ပဲ စိတ်ပျက်လက်ပျက် နဲ့ ပြန် ဖွင့်ပြ နေရတယ် ။ သူ က လည်း ထုံးစံ အတိုင်း “ ဟုတ်ကဲ့ပါဆရာ ” လို့ ပြောလေရဲ့ ။

ကိုညီညီ ပြန် သွားလို့ ဆေးခန်းတံခါး ကို ပိတ် လိုက်ပြီး နာရီ ကို ကြည့် လိုက်တော့ မနက် ၃ နာရီခွဲ ပြီ ။

ကျွန်တော် လည်း အိမ် ပေါ် တက် လာပြီး အိပ်ခန်း ထဲ က ခုတင် ပေါ် မှာ လှဲ လိုက်တယ် ။ ဒါပေမဲ့ ကျွန်တော် မျက်စိ ကြောင်ပြီး ရုတ်တရက် အိပ် မပျော် ပြန်ဘူး ။ ဒီတော့ လည်း ကိုညီညီ အကြောင်း ကို ကျွန်တော် တွေး နေ မိပြန်ရော ။

ကိုညီညီ က အသက် ၃၀ လောက် ပဲ ရှိသေးတဲ့ လူပျိုလူလွတ် ပါ ။ အရပ် က မဆိုစလောက် ပု ပေမယ့် ပိန်ပိန်ပါးပါး အသားလတ်လတ် နဲ့ လူ က ကြည့်လို့ ကောင်း ပါတယ် ။ လူပျိုကြီး ဖြစ် နေတာ ကတော့ မိန်းမ ထက် အရက် ကိုပို ကြိုက်လို့ မိန်းမ မယူတာလား ဆိုတာ ကျွန်တော် လည်း မပြောတတ်ဘူး ။

ဒီ ကိုညီညီ ကို အစာအိမ်ရောဂါ ရှိလို့ အရက် မသောက်ပါနဲ့ လို့ ကျွန်တော် ပြောတာ အကြိမ်ပေါင်း မနည်းတော့ပါဘူး ။ သူ က လည်း “ ဟုတ်ကဲ့ ၊ မသောက် တော့ပါဘူး ဆရာ ” လို့ ကတိ ပေးတာ များပါပြီ ။ ဒါပေမဲ့ ဗိုက် နာတုန်း ခဏပဲ အရက် ကို ရှောင်ပြီး ဗိုက်နာ ပျောက်တာ နဲ့ အရက် ကို ပြန် သောက်တာချည်းပဲ ။ အဲဒီ တော့ ဗိုက် ပြန် နာ ပြန်ရောပေါ့ ။ ဗိုက်ပြန် နာတော့ ဆေးခန်း လာ ပြပြီး ဆေးထိုး ၊ ဗိုက်နာ ပြန် သက်သာ ၊ အရက် ပြန် သောက် ၊ ဗိုက် ပြန်နာ နဲ့ သူ့ အစာအိမ်ရောဂါ က လုံးလည်လိုက် နေတာပါ ။

ကိုညီညီ အကြောင်း ကို တွေး မိတော့ ကိုညီညီ လို ပဲ အရက် နဲ့ မတည့်တာ ကို အရက် မဖြတ် နိုင်ဘဲ ဆက် သောက် နေလို့ ရောဂါ ဆိုးသည် ထက် ပို ဆိုးလာ တဲ့ လူနာ တစ်ယောက် ကို သတိရ မိတယ် ။ သူ့ နာမည် က ဦးလှဆောင် တဲ့ ။ ဦးလှဆောင် က ကျွန်တော့် ဆေး ခန်း ကို ရေဖျဉ်းစွဲ လို့ လာ ကုရတဲ့ လူနာ ပါ ။ သူ့ ကို ကျွန်တော် စမ်းသပ် စစ်ဆေးကြည့်ပြီး ဝမ်းဗိုက် ကို အာထရာဆောင်း ရိုက်ခိုင်း ကြည့် လိုက်တော့ သူ့ မှာ ‘ အသည်းခြောက် ရောဂါ ’ ရှိနေတာ ကို သိလိုက်ရတယ် ။

“ ဦးလှဆောင် က အရက် သောက်တတ်သလား ”

“ ဟုတ်ကဲ့ ၊ တစ်ခါတလေ အပေါင်းအသင်း နဲ့ ကြုံ ရင်တော့ သောက်တတ် ပါတယ် ဆရာ ”

ကျွန်တော် သူ့ စကား ကို နားထောင် နေတုန်း မှာ ပဲ သူ့ ပါးစပ် က အရက်နံ့ ရ နေတယ် ။

“ ဦးလှဆောင် မှာ အသည်းခြောက် ရောဂါ ဖြစ်နေပြီ ။ ဒီ ရောဂါ က အရက် သောက်တဲ့ သူတွေ မှာ အဖြစ် များ တဲ့ ရောဂါပဲ ။ ရေဖျဉ်းစွဲလာ တာ က လည်း ဒီ ရောဂါ ကြောင့် ရေဖျဉ်းစွဲ လာ တာ ။ ဒီတော့ ဦးလှဆောင် အရက် ဖြတ် မှ ဖြစ်မယ် ”

“ ဟာ ဖြတ်ရမှာပေါ့ ဆရာ ။ မတည့်ရင် ကျွန်တော် မသောက်တော့ပါဘူး ”

ဒါပေမဲ့ ဦးလှဆောင် ကျွန်တော့် ဆေးခန်း ကို လာတိုင်း သူ့ ပါးစပ် က အရက်နံ့ ရ နေတာချည်း ပဲ ။

“ ဦးလှဆောင် အရက် သောက် နေတုန်းပဲနဲ့ တူတယ် ”

“ မသောက်တော့ပါဘူး ဆရာ ။ ဒီနေ့ က အပေါင်းအသင်း နဲ့ ကြုံလို့ နည်းနည်းပါးပါး သောက်မိတာပါ ”

ဦးလှဆောင် ကြည့်ရတာ နေ့တိုင်း အပေါင်းအသင်း နဲ့ ကြုံ နေပုံ ရတယ် ။ ကျွန်တော့် ဆေးခန်း ကို လာတိုင်း သူ့ ပါးစပ် က နေ့တိုင်း အရက် နံ့ ရနေ စမြဲပဲ ။

ဒီတော့ လည်း သူ့ ရောဂါ မသက်သာတာ ဘာ ဆန်းတော့ မှာ လဲ ။ ကျွန်တော် လည်း ပြောရတာ အာပေါက် လာတော့ မပြောချင်တော့ဘူး ။ သူ့ ထိုက် နဲ့ သူ့ ကံ ရှိစေတော့ လို့ ပဲ သဘောထား လိုက်ရတယ် လေ ။

ဦးလှဆောင် လို ပဲ အရက် ကြိုက်တဲ့ လူအချို့ ဟာ အရက် ကို အကြောင်းပြချက် အမျိုးမျိုး နဲ့ သောက် တတ်ကြတာ ကို ကျွန်တော် သတိထား မိတယ် ။ အပေါင်းအသင်း နဲ့ ကြုံ လို့ ၊ စိတ် ညစ်လို့ ၊ ပျော် လို့ စသည် ဖြင့် ပေါ့ ။

လွန်ခဲ့တဲ့ ၁ဝ ရက် လောက် က ကျွန်တော့် ဆေးခန်း ကို လူနာ တစ်ယောက် ရောက် လာတယ် ။ သူ က ဆိုင်ကယ် လဲ ပြီး ဒဏ်ရာ ရ လို့ ဆေးခန်း ကို လာ ပြတာပါ ။ ပွန်းတဲ့ ပဲ့တဲ့ ဒဏ်ရာတွေ က မျက်နှာ မှာ ရော ၊ ခြေထောက် တွေ လက် တွေ မှာ ရော တော်တော် များတယ် ။

ဒါကြောင့်လည်း သူ့ ဒဏ်ရာတွေ ပျောက် အောင် တစ်ပတ် လောက် အထိ ကျွန်တော့် ဆေးခန်း မှာ နေ့တိုင်း ဆေး ထိုးရတယ် ဆိုပါတော့ ။

သုံးရက် လောက် အထိ ဆေးထိုး ပြီး တာတောင် သူ့ ဒဏ်ရာတွေ က သိပ် မသက်သာသေးတာနဲ့ သူ့ ကို ကျွန်တော် မေး လိုက်မိတယ် ။

“ ခင်ဗျား ဒဏ်ရာတွေ က များလှချည်လား ။ ဆိုင်ကယ် လဲ တာ အရှိန် ပြင်းလို့လား ”

“ ဆရာ ရေ ၊ အလုပ်အကိုင် မကောင်း လို့ စိတ် ညစ်တာ နဲ့ အဲဒီ နေ့ က အရက် သောက်ပြီး ဆိုင်ကယ် စီး မိတာ ။ မူး နေတာ ဆိုတော့ ကိုယ့် ကိုယ် ကိုယ် အရှိန် ပြင်း သလား ၊ အရှိန် မပြင်းဘူးလား ဆိုတာ ကို မသိတော့ ဘူး ။ လဲပြီ ဆိုတော့မှပဲ သိတော့တာပဲ ”

အဲဒါသာ ကြည့်တော့ပေါ့ဗျာ ။ အလုပ်အကိုင် မကောင်း လို့ စိတ် ညစ်ပြီး အရက် သောက်တော့ ကော သူ့ အလုပ်အကိုင် က ကောင်းလာမှာ တဲ့ လား ။ ကောင်း မလာရုံ မက ဆိုင်ကယ် မှောက်ပြီး ဒဏ်ရာ ရလို့ အလုပ် အကိုင် ပျက်တော့ ဝင်ငွေ ထိခိုက် တဲ့ အပြင် ဆေး ကုရ တော့ ဆေးဖိုးဝါးခ ပါ ထပ် ကုန်တော့တာပေါ့ ။

အဲဒီလို “ အပေါင်းအသင်း နဲ့ ကြုံလို့ ” တို့ ၊ “ စိတ် ညစ်လို့ ” တို့ ဆိုတဲ့ အကြောင်းပြချက် တွေ နဲ့ သောက် တတ်တဲ့ လူတွေ အပြင် ဘာ အကြောင်းပြချက် မှ မရှိဘဲ ကြိုက်လို့ ကို သောက်တဲ့ လူတွေ လည်း ရှိ သေးတယ် ။

ခုတော့ ဆုံး သွားပါပြီ ။ မဆုံးခင် က ကျွန်တော့် ဆေးခန်း ကို မကြာခဏ လာ ပြရတဲ့ ကိုစိုးမောင် ဆို ရင် အဲဒီလို အရက် ကို ကြိုက်လို့ ကို သောက်တဲ့ လူစားမျိုး ပဲ ဆိုပါတော့ ။ သူ က အရက် ကို ကြိုက်လို့ သောက်တဲ့ လူ ဆိုတော့ နေ့တိုင်း မနက် မိုးလင်း က မိုးချုပ် တစ်နေ ကုန် သောက် တာပဲ ။ ဘာ အလုပ် မှ လည်း မလုပ်ဘူး ။ ဒါသာ ဖြစ်တယ် ။ မိန်းမ ကျ တော့ နှစ်ယောက် ။ မယားကြီး က မုန့်ဟင်းခါး ရောင်းပြီး ရှာ ကျွေးတယ် ။ မယားငယ် က တော့ ဘာ အလုပ် လုပ်သလဲ ကျွန်တော် မသိဘူး ။

အဲဒီ ကိုစိုးမောင် က အရက် ကို တစ်နေကုန် တစ်နေခန်း ၁၅ ရက် လောက် သောက် ပြီးပြီ ဆိုရင် အရက်နာ ကျပြီး မသောက်နိုင် တော့ ဘူး ။ အဲဒီလို အခါမျိုး ဆိုရင် တော့ အရက် မှ မဟုတ်ဘူး ။ ဘာ စားစား ဘာ သောက်သောက် အန်တော့တာ ပဲ ။

အဲဒီလို အခြေအနေ မျိုး ဆိုရင် ကျွန်တော့် ဆေးခ န်းကို ဆေးလာ ကု ရပြီ ။ သူ့ ကို အအန်ပျောက် တဲ့ ဆေးတွေ ထိုး ၊ အားဆေးပုလင်းကြီး တွေ ချိတ် ၊ လုပ်ရတယ် ။ ည ကို မအိပ်နိုင်ဘူး ဆိုရင် အိပ် ပျော် အောင် အိပ်ဆေးတွေ ထည့် ပေးရတယ် ။ အဲဒီလို ၃ ရက် လောက် ကု လိုက်မှ သူ သက်သာ သွားတယ် ဆိုပါတော့ ။

သက်သာ တော့ ဘာ လုပ်တယ် ထင်သလဲ ။ အရက် ပြန် သောက်တာပါပဲ ။ အဲဒီလို ၁၅ ရက် လောက် တစ်နေကုန် တစ်နေခန်း အရက် သောက်ပြီး ပြီ ဆိုရင် တစ်ခါ အရက်နာ ကျပြီး ဆေး ကုရ ပြန်ရော ။ ဆေး ကု လို့ ပျောက်ပြီ ဆိုရင် အရက် ပြန် သောက်ပြန် ရော ။ သူ့ အဖြစ် က ဂျာအေး သူ့ အမေ ရိုက်ပြီး ဒီ အရက် ဝဲဂယက် ထဲ က မထွက်နိုင်တော့ဘူး ။ ကိုစိုးမောင် လို လူမျိုး က လူ့ ဘဝ ကို အရက် သောက် ဖို့ ရောက် လာတဲ့ လူမျိုး လို့ တောင် ပြောရင် ရတယ် ။ သူ့ ကို ဆေးကု ပေးရတာ ဟာ လည်း အရက် ပြန် သောက် နိုင်အောင် ကုပေး ရ သလို ဖြစ် နေတယ် ။ အလုပ် က လည်း ဘာ အလုပ် မှ မလုပ်ဘူး ဆိုတော့ မိသားစု အတွက် တကယ့် ကို “ ဆန်ကုန် မြေလေး ” ဆိုတဲ့ လူစားမျိုး ပဲ ။ ဒီ ကြား ထဲ က သူ့ ကို ဆေးကု ပေးရတာ တို့ ၊ ပြုစုစောင့်ရှောက် ရ တာ တို့က မိသားစု အတွက် ဝန်ထုပ်ဝန်ပိုး တစ်ခုပေါ့ ။

အဲဒီ ကိုစိုးမောင် လို အရက် ကို ကြိုက် လို့ ကို သောက်တဲ့ လူစားမျိုး က မရှားဘူး ။ ကျွန်တော့် ဆေးခန်း ကို လာ ပြတဲ့ လူနာတွေ ထဲ မှာ ကို လေးငါးယောက် မ က ရှိတယ် ။

ကိုကျော်မျိုးထွန်း ဆိုတဲ့ လူနာ တစ်ယောက် ဆို ရင် အသက် ၃ဝ တောင် မပြည့်လောက်သေးဘူး ။ လူ က ဖြူဖြူစင်စင် နဲ့ ရုပ်ရည် က လည်း တော်တော် သန့် တယ် ။ ရ ထားတဲ့ မိန်းမ ဆိုရင်လည်း တကယ့် ကို ချောချောလှလှကလေး ။ သူ နဲ့ ဆိုရင် လိုက်ဖက် တာ မှ နေ နဲ့ လ ၊ ရွှေ နဲ့ မြ ဆို သလိုပေါ့ ။ ဒါပေမဲ့ နှမြောစရာ ကောင်းတာ က ကိုကျော်မျိုးထွန်း က ဘာ အလုပ်အကိုင် မှ မလုပ်တဲ့ အပြင် အချိန်ပြည့် အရက် သောက် နေ တဲ့ အရက်သမား လုံးလုံး ဖြစ်နေတာပဲ ။ မိန်းမ က လည်း အလုပ်အကိုင် မရှိဘူး ။ အမေအိုကြီး နဲ့ နေကြတယ် ။ ဘယ် က ရတဲ့ ဝင်ငွေ နဲ့ စားသောက် နေကြသလဲ မပြောတတ်ဘူး ။ ဒီ အထဲ က သူ အရက်နာ ကျ ပြီ ဆိုရင် ဆေး ကုရ လို့ ကုန်တဲ့ ငွေ က ရှိသေးတယ် ။ အောင်အောင် ဆို တဲ့ လူနာ ကျ တော့ အရက်နာ ကျရုံတင် မဟုတ်ဘဲ “ အရက်ကြောင် ” ကြောင် တာ ဆို တော့ ပို ဆိုးတာပေါ့ ။ နေ့ လည်း မအိပ် ၊ ည လည်း မအိပ် နဲ့ ကယောင်ချောက်ချား တွေ ပြော ၊ သိစိတ် မရှိဘဲ အရူး တစ်ယောက် လို ဟို ထွက် သွားလိုက် ၊ ဒီ ထွက် သွားလိုက် ၊ ဟို လူ ကို ရန်မူ လိုက် ၊ ဒီ လူ ကို ရန် မူ လိုက် နဲ့ ထိန်းရ သိမ်းရ တာ သိပ် ဒုက္ခ ရောက်တယ် ။ နေ့ ရော ည ရော သူ မအိပ်တော့ သူ့ ကို ပြုစုစောင့်ရှောက် ရ တဲ့ လူတွေ လည်း မအိပ်ရဘူးပေါ့ ။ တစ်ည က တော့ ညကြီးမင်းကြီး နာရီပြန် ၂ ချက် လောက် သူ့ နောက် က ရန်မူမယ့် လူတွေ လိုက်တယ် ထင် လို့ ထွက် ပြေးပြီး တွေ့ ရာ အိမ်ဝင်း တစ်ဝင်း ထဲ ဝင် ပုန်းရာ က အိမ်ရှင် က သူခိုး ကပ်တယ် ဆိုပြီး ရဲ တိုင်လို့ အချုပ် ခံရ မလို ဖြစ် သေးတယ် ။ သူ့ ကို လည်း သူ့ မိသားစု က ကျွန်တော့် ဆေးခန်း ကို ခေါ် လာလို့ သက်သာအောင် လေးငါး ရက် လောက် ဆေးကု ပေးလိုက်ရတယ် ။

တကယ်တော့ အရက် သောက်တယ် ဆိုတာ လူမှုရေး ရှုထောင့် က ကြည့် ရင် လည်း ဂုဏ်သိက္ခာ မရှိ ဘူး ။ ကျန်းမာရေး ရှုထောင့် က ကြည့် ရင်လည်း ဆေးလိပ် လိုပဲ ကျန်းမာရေး ကို ဆိုးဆိုးဝါးဝါး ထိခိုက် စေတယ် ။ စီးပွားရေး ရှုထောင့် က ကြည့် ရင် လည်း အရက်ဖိုး ရော ၊ ကျန်းမာရေး မကောင်း လို့ ဆေး ကုရတာ ရော ၊ အလုပ်အကိုင် ပျက်တာ ရော နဲ့ တွက် လိုက်မယ် ဆိုရင် စီးပွားရေး လည်း ထိခိုက် စေတာ အမှန်ပဲ ။

ဒါကြောင့်လည်း လူတွေ ဟာ ဘာကြောင့် ဘဝ ပျက် ခံပြီး အရက် သောက် နေကြသလဲ ဆိုတာ ကျွန်တော် စဉ်းစား လို့ မရဘူး ။

တကယ်တော့ “ အရက် ”  ဆိုတာ ရှိလို့ အရက် သောက်တဲ့ လူ ဆိုတာ ရှိလာတာပဲ ။ အရက် ဆိုတာ သာ မရှိ ရင် အရက် သောက်တဲ့ လူ ဆိုတာ လည်း မရှိနိုင်တော့ ဘူးပေါ့ ။ ကျွန်တော် သာ လုပ်ပိုင်ခွင့် ရှိတဲ့ လူ ဖြစ်ရင် ကမ္ဘာ ပေါ် က အရက်ချက် စက်ရုံ အားလုံး ကို ပိတ်ပင် တားမြစ် လိုက် ချင်တယ် ။

ကျွန်တော် လည်း အိပ် မပျော်တာ နဲ့ အရက် ရဲ့ အပြစ် တွေ ရော ၊ အရက် သောက် တဲ့ ကျွန်တော့် လူနာ တွေ အကြောင်း ပါ ဟိုရောက် ဒီရောက် စဉ်းစား နေမိတယ် ။

မနက် လည်း လင်းခါ နီးပြီ မို့ အိပ်မပျော် နိုင်တဲ့ အဆုံး အိပ်ရာ ထဲ က ကျွန်တော် လူးလဲ ထလိုက်ပြီး မျက်နှာ သစ် ၊ ကိုယ်လက် သန့်စင် လိုက်တယ် ။ ပြီးတော့ ည က ကောင်းကောင်းအိပ် မပျော်ခဲ့ရ လို့ နောက်ကျိ ထိုင်းမှိုင်း နေတဲ့ ကျွန်တော့် ဦးနှောက် ကို နည်းနည်းပါးပါး ဖြစ်ဖြစ် ကြည်လင် လန်းဆန်း သွားအောင် လက်ဖက်ရည် တစ်ခွက် လောက် တော့ သောက်လိုက်ဦးမယ် လို့ စိတ်ကူး ပြီး လမ်းထိပ် က လက်ဖက်ရည်ဆိုင် ကို ကျွန်တော် ထွက် လာခဲ့တယ် ဆိုပါတော့ ။

လက်ဖက်ရည် ဆိုင် ရောက် တော့ မနက် ၆ နာရီ ထိုးပြီ ။

“ ဟေ့ကောင် ... ကျော်စွာ ” လို့ လှမ်း ခေါ်လိုက် သံ ကြားလို့ ကျွန်တော် ကြည့် လိုက်တော့ ဘီယာဆိုင် လုပ်ငန်း နဲ့ အောင်မြင် နေတဲ့ ကျွန်တော့် ငယ်သူငယ်ချင်း ဝင်းမြင့် ကို လက်ဖက်ရည်ဆိုင် က စားပွဲ တစ်လုံး မှာ ထိုင် နေတာ ကို တွေ့လိုက် ရတယ် ။ ဒါနဲ့ ကျွန်တော် လည်း သူ့ ဆီ လျှောက် သွားပြီး သူ့ စားပွဲ မှာ ဝင် ထိုင် လိုက်တယ် ဆိုပါတော့ ။

“ မင်း ကြည့်ရတာ မျက်နှာတွေ ချောင်ပြီး ရွှင်ရွှင် လန်းလန်း လည်း မရှိဘူး ။ ဘာဖြစ်တာလဲ ။ နေ မကောင်းဘူးလား ။ ဆရာဝန် ဖြစ်ပြီး သူများ ကျန်းမာရေး ချည်း ဂရုစိုက် မနေနဲ့ ။ ကိုယ့် ကျန်းမာရေး ကိုယ် လည်း ဂရုစိုက်ဦးလေ ”

ကျွန်တော့် ကို တွေ့တွေ့ချင်း ဝင်းမြင့် က ပြော လိုက်တာပါ ။ ဒါနဲ့ ကျွန်တော် လည်း ည ကလူနာ နှစ်ယောက် လာ နှိုးတာ နဲ့ တစ်ည လုံး ကောင်းကောင်း မအိပ်ရ လို့ မျက်နှာ ချောင် သွားတာ ကို သူ့ ကို ရှင်းပြ ရင်း ကျွန်တော့် ကို ဒုက္ခ ပေးခဲ့တဲ့ အရက်သမား လူနာတွေ အကြောင်း သူ့ ကို ညည်းပြ မိတယ် ။

“ ဘာလဲ ။ မင်း က အဲဒီ အတွက် စိတ်ညစ် နေ တာလား ။ အဲဒီ အရက် သောက်တဲ့ လူနာတွေ ရှိလို့ မင်း လည်း ဆေး ကု ရပြီး ပိုက်ဆံ ရတာပေါ့ ။ သူတို့ သာ အရက် မသောက် လို့ ကျန်းမာရေး ကောင်း နေရင် ၊ နောက်ပြီး သူတို့ တစ်တွေ အရက် မမူး လို့ လင်မယား ရန် မဖြစ်ကြဘူး ဆိုရင် ဘာပဲ ပြောပြော မင်း ဆေးခန်း မှာ လူနာ နည်းတန် သလောက် နည်း သွားမှာ တော့ အမှန် ပဲ မဟုတ်လား ။ စိတ် မညစ်ပါ နဲ့ သူငယ်ချင်း ရာ ။ သူတို့ က အရက် သောက် လိုက် ၊ မင်း ဆီ ကို ဆေး လာ ကု လိုက် ၊ တော်ကြာ အရက် ပြန် သောက်လိုက် ၊ မင်း ဆီ ကို ဆေး လာ ကုလိုက် နဲ့ အဲဒီ အရက်သမား လူနာ တွေ ဟာ မင်း ကို လုပ်ကျွေး နေတဲ့ လူတွေပါ ။ အဲဒီ လူနာ တွေ ကို မင်း အနေနဲ့ ကြိုဆို တောင် ကြိုဆိုရ ဦး မှာ ။ ငါ ပြောတာ ဟုတ်တယ် မဟုတ်လား ။ ဟား ... ဟား ... ဟား ... ဟား ”

ဝင်းမြင့် က သူ့ စကား သူ သဘောကျ ပြီး တဟားဟား ရယ် နေတယ် ။

ကျွန်တော် တစ်ခါ မှ မတွေးဖူး တဲ့ ရှုထောင့် က တွေးပြီး ပြော လိုက်တဲ့ သူ့ စကား ကြောင့် ရုတ်တရက် ကျွန်တော် အံ့အားသင့် ပြီး ဘာ ပြန် ပြောရမှန်း မသိဘူး ဖြစ် သွားတယ် ။

ဒါပေမဲ့ စိတ် ထဲ က တော့ ဖြည်းဖြည်းချင်း ကျွန်တော် ပြန် ပြောလိုက်ပါတယ် ။

“ အဲဒီ အရက်သမား လူနာတွေ ဆီ က ရတဲ့ ငွေ နဲ့ ငါ စိတ် မချမ်းမသာ ထမင်း မစားချင်ပါဘူး သူငယ်ချင်း ရယ် ။ အရက် မသောက်တဲ့ လူနာတွေ ဆီ က ရတဲ့ ဝင်ငွေ နဲ့ ပဲ ငါ စိတ် ချမ်းချမ်းသာသာ ထမင်း စားချင်ပါ တယ် ”

◾ကျော်စွာထက်

📖 ကလျာ မဂ္ဂဇင်း
      ၂၀၁၁ ၊ ဖေဖော်ဝါရီလ

#ကိုအောင်နိုင်ဦး

.

Wednesday, July 13, 2022

မြို့သစ်ကလေး ၂


 

❝ မြို့သစ်ကလေး ၂ ❞

၁ ။

သစ်ပင် မရှိ ၊ အိမ်ကြီးရခိုင် မရှိ ၊ နေ့လယ်နေ့ခင်း ဆိုလျှင် လူ အသွား အလာ နည်းပါး၍ ခြောက်ကပ်ကပ် နိုင်လှသော မြို့သစ်ကလေး မှာ အမေရိကန် ရုပ်ရှင်ကားတွေ ထဲ က ကောင်းဘွိုင်မြို့ကလေး နှင့် ပင် တူလှတော့ သည် ။ မြို့သစ်သား လူငယ် တော်တော်များများ ကလည်း ကောင်းဘွိုင် တွေ လို စရိုက်မျိုး ၊ ထစ်ခနဲ ဆိုလျှင် တုတ်တစ်ပြက် ဓားတစ်ပြက် နှင့် ခဏအတွင်း မှာပင် ထိပ်ပေါက် ခေါင်းကွဲ ဖြစ်သည် ထိ ခြေမြန်လက်မြန် ရှိလှသူများ ဖြစ်ကြ၏ ။ မိန်းမများ မှာ အာကြမ်းလျှာကြမ်းများ ဖြစ်ကြ လျက် ရန် ဖြစ် ဖို့ ဝန်မလေး ဘဲ မိန်းမ ချင်း စကားများ ကြလျှင်ပင် ကက်ကက် လန်အောင် ရန် ထောင်ကြ ၊ အယုတ္တ အနတ္တတွေ ဆဲကြ ၊ ဆံပင်ဆွဲ နားပန်း လုံးကြ ဖြင့် စိတ်ဆတ်ကြသူများ ၊ ဆတ်ဆတ်ကြဲများ ဖြစ်ကြ၏ ။ သို့ရာတွင် အားလုံးတော့လည်း ထိုသို့ မဟုတ်ပေ ။ လူတန်းစား ပေါင်းစုံ ၊ အလွှာ ပေါင်းစုံ ၊ အသက်မွေးဝမ်းကျောင်း မျိုးစုံ ၊ စရိုက် မျိုးစုံ ရှိသော မြို့သစ် ကလေးမှာ ဆန့်ကျင်ဘက် အရောင်မျိုးစုံ ဖြင့် ပရမ်းပတာ ရေးဆွဲထား သော ခေတ်ပေါ်ပန်းချီကား တစ်ချပ် လိုပဲ လှုပ်ရှား အသက် ဝင် နေသည် ။

မြို့သက်တမ်း ငါးနှစ်ကျော် မျှ သာ ရှိသေးသော မြို့သစ်ကလေး မှာ ဘာတစ်ခု မှ အထာ မကျသေး ။ တော ထဲ က ဖမ်းလာခါစ ဝက်ဝံ တစ်ကောင် လို ပင် ရိုင်းစိုင်း ခက်ထန်နေသေးသည် ။ မြို့သစ်ကလေး မှ လမ်းများ မှာ “ လှတောသား ” စကား နှင့် ပြော ရလျှင် ကျောက်ခဲ ကို စား သွားဦးတော့ အစာ ကြေ နိုင်သော လမ်းမျိုး ဖြစ်၏ ။ ရာသီဥတု မှာ အလွန်ပင် ကြမ်းတမ်း လှသည် ။ နွေ ဆိုလျှင် မြေပြင် မှ အပူငွေ့တွေ တရိပ်ရိပ် ပျံတက်နေအောင် ပင် သေ မတတ် ပူသည် ။

ကွင်းခေါင်ခေါင် မှာ မြို့ တည် ထားသဖြင့် လေကလည်း အဆက် မပြတ် တငြီးငြီး တိုက် နေတတ်၏ ။ တစ်ခါတစ်ရံ လေနီကြမ်းများ ကျ လာ တတ်သေးသည် ။ လေနီကြမ်း ကျပြီ ဆိုလျှင် မြေစိုက် အိမ်ကလေးများ မှာ ယိုင်သည့် အိမ် က ယိုင် ၊ ဝါးထရံတွေ ကွာ သည့် အိမ် က ကွာ ။ တချို့ အမိုး တစ်ခု လုံး ပြုတ်ပြီး လေထဲ လွင့်ပါသွားသော အိမ်များ ပင် ရှိ၏ ။ ထို့ထက် ပို ဆိုးသည် က အိမ် တစ်အိမ်လုံး ရစရာ မရှိအောင် ပြိုကျ ပျက်စီးသွားသော အိမ်များ ပင် ဖြစ်သည် ။

မိုးရာသီ ဆိုလျှင် ကား အဆိုးဆုံး ပင် ဖြစ် တော့သည် ။ မိုး တစ်ကြိမ် လောက် သဲသဲမဲမဲ ရွာလိုက်ပြီ ဆိုလျှင်ပဲ ဗွက်တွေ ထကာ မြို့သစ်လမ်း ကလေးတွေ မှာ သွားလို့ လာလို့ မရတော့ ။ မြို့သစ်ကလေး ၌ ကတ္တရာ လမ်း ဆို ဝေးလို့ ကျောက်ချောလမ်း ပင် မရှိချေ ။ အဖုအထစ် အချွန်အငေါ့ များ နှင့် ကျောက်ကြမ်းလမ်းမကြီး တစ်လမ်း သာ ရှိပြီး ကျန် လမ်းများ မှာ မိုး ရွာလျှင် သွားလို့ လာလို့ မရအောင် ရွံ့ဗွက် အလွန် ထူသော မြေလမ်းများ သာ ဖြစ် ကြသည် ။ ထိုအခါမျိုး ၌ ကားတွေ ဆိုလျှင် ရွံ့ဗွက်တွေ ထဲ နစ်ကာ ငယ်သံ ပါအောင် တဂီဂီ အော်ရင်း ရုန်းလို့ မရတော့ ။ ဆိုင်ကယ်တွေ ၊ စက်ဘီးတွေ ဆိုလျှင် ဘီး နှင့် ရွှံ့ ကာ အကြား ရွှံ့စိုင်ရွှံ့ ခဲတွေ ကပ်ကာ ဘီး မလည် တော့သဖြင့် တဘိုင်းဘိုင်း လဲ ကြသည် ။ ခြေကျင် လျှောက်သွား သူ များ ပင် ဖိနပ်များ ကို  ချွတ်၍ ကိုင် ကာ ရွှံ့ဗွက်တွေ ထဲ တစီစီ နင်း သွားရ၏ ။ ဖိနပ် စီး သွားလျှင် ဖိနပ် မှာ ရွှံ့တွေ ကပ်ကာ ခြေထောက် ကြွ၍ မရတော့ချေ ။

ထိုအခါမျိုး တွင် မြို့သစ်သူ မြို့သစ်သားများ ညည်း ကြ၏ ။ မြို့သစ် မှာ နေရတာ မလွယ် လိုက်တာဗျာ ။ မိုး ရွာရင် နေစရာ ကို မရှိတော့ဘူး ။ သို့ရာတွင် မိုးတိတ်၍ နေလေး ပြိုးပြိုးပြက်ပြက် ပွင့်လာပြီ ဆိုလျှင် ထို ဒုက္ခများ ကို မေ့ သွားကြကာ ရယ်ကာမောကာ နှင့် လက်ဖက်ရည်ဆိုင် ထိုင်ကြ ။ ကာလသားများ ကလည်း လမ်းမပေါ် ခေါက်တုံ့ခေါက်ပြန် လျှောက် ကာ မိန်းမပျိုလေးများ ကို စကြ နောက်ကြ ။ မိန်းမပျိုလေးများ ကလည်း ကြော့ကြော့မော့မော့ ဝတ်စား ပြင်ဆင်ကာ လမ်းလျှောက်ရင်း လူလုံး ပြကြနှင့် မြို့သစ်ကလေး ၌ သူတို့ တစ်တွေ ခုံမင်စွာ နေထိုင် ကြပြန် သည် ။

တကယ်တော့ မြို့သစ်သူ  မြို့သစ်သား တွေ မှာ ခံနိုင်ရည် အတော် ရှိကြသူများ ဖြစ်၏ ။ သူတို့ တစ်သက် တွင် အလွန် ဆိုးရွားသော မီးဘေး ဒုက္ခ လည်း ကြုံခဲ့ရဖူးပြီ ။ ကယ်ဆယ်ရေးစခန်းတွေ မှာလည်း နေခဲ့ရဖူးပြီ ။ မြို့ တည်ခါစ ရိုင်းစိုင်းကြမ်းကြုတ်သော မြို့သစ်ကလေး ၏ နည်းမျိုးစုံ ဖြင့် နှိပ်စက်ညှဉ်းပန်း ကလူကျီစယ်မှု ကိုလည်း အမျိုးမျိုး ခံခဲ့ရပြီးပြီ ။ သူတို့ တစ်တွေမှာ အံ့သြစရာ ကောင်းလောက်အောင် စိတ် မပျက်တတ်ကြ သူများ ဖြစ်ကြ၏ ။ ချွေးသံ တရွှဲရွှဲဖြင့် မြို့ထဲ တွင် ပင်ပန်းဆင်းရဲစွာ တစ်နေကုန် အလုပ် လုပ်ကာ ပြန် လာကြပြီး ခက်ခက်ခဲခဲ ရှာလာရသော သူ တို့ ၏ လုပ်ခငွေ တချို့တစ်ဝက် ကို သားသမီးများ နှင့် လက်ဖက်ရည်ဆိုင် ထိုင် ကာ အလွယ်တကူ ပင် သုံးဖြုန်း ပစ် လိုက်ကြသည် ။ တစ်ယောက် နှစ်ကျပ် ဖြင့် ဗီဒီယို ပြသော အိမ်များ တွင် တစ်မိသားစုလုံး ဗီဒီယို ဝင် ကြည့် ကြ ၊ ရပ်ကွက် ဘုရားပွဲ ရှိလျှင် ပွဲကြည့်စင် တစ်စင် ကို ငွေလေးငါးဆယ် ပေးကာ မိုးလင်းပေါက် ပွဲ ကြည့်ကြ ၊ ယောက်ျားတွေ က ရှာသမျှ ပိုက်ဆံ ကို မိန်းမ မအပ်ဘဲ အမူးအရူး အရက် သောက် ပစ်ကြဖြင့် ပျော် လိုက်ကြသည် ။ ဖျားလျှင် နာလျှင် မြို့သစ်ကလေး မှာ လာရောက် ဖွင့်ထားသော ပုဂ္ဂလိက ဆေးခန်းများ သို့ သွား ကာ ဆေး ကုသကြ ၊ အကြွေး တင်ကြ ။ ထို့နောက် ထို အကြွေး ကို ပြန် ဆပ်နိုင်ရန်အတွက် ယခင် ထက် ပင်ပန်းဆင်းရဲစွာ အလုပ် လုပ် ကြဖြင့် လုံးလည် လိုက်ရပြန်သည် ။ 

မြို့သစ်ကလေး ၌ နေထိုင်ကြသူများ မှာ လူတန်းစား အမျိုးမျိုး ၊ အလုပ်အကိုင် အမျိုးမျိုး ၊ အသက်မွေး ဝမ်းကျောင်းမှု အမျိုးမျိုးဖြင့် လူမျိုး စုံ ၊ အဆင့်အတန်း မျိုး စုံ ၊ စရိုက် မျိုး စုံ တွေ့ ရတတ်သည် ။ အများစု မှာ မီးဘေးဒုက္ခ ကြောင့် အိမ်မဲ့မြေမဲ့ ဖြစ်ရာ မှ အစိုးရ က နေရာ ချပေးထား သဖြင့် ရောက်လာကြသူများ ဖြစ်ကြသော်လည်း နယ် က တက် လာပြီး မိမိတို့ ဘာသာ တစ်ဆင့် ခံ မြေ ဝယ်၍ နေထိုင်ကြသူများ လည်း ရှိ ကြ သည် ။ စာရေးစာချီ လို အစိုးရ ဝန်ထမ်း အနည်းငယ် ရှိသော်လည်း အများစု မှာ လက်လုပ်လက်စားများသာ ဖြစ်ကြ၏ ။ ဆိုက်ကား နင်းသူများ ၊ မြင်းလှည်း မောင်းသူများ ၊ လက်သမား လုပ်သူများ ၊ ပန်းရန် နောက်လိုက် များ ၊ ပုလင်းခွံ ၊ အိတ်ခွံ ဝယ်သူများ ၊ ဗလာစာအုပ် အဟောင်း ၊ သတင်းစာ အဟောင်း လိုက်လံ ဝယ်၍ ဒိုင် သွင်းသူများ ၊ ဖိနပ် ချုပ်သမားများ ၊ ခါဂျာမုန့် ရောင်းသမားများ ၊ စက်ဘီး ပြင်သူများ ၊ ပွဲရုံ ကုန်တင်ကုန်ချ အလုပ် သမားများ ၊ သော့ခလောက် ၊ ထီး ပြင်သူများ စသည် တို့ ဖြစ်ကြသည် ။

စီးပွားရေး ချောင်လည်သူများ ရှိလျှင် ထိုသူများ မှာ သူတို့ ကိုယ် သူတို့ အရောင်းအဝယ် လုပ်သူ ဟု ပြောတတ်ကြသော သူများပင် ဖြစ် သည် ။ ဈေးချို ထဲတွင် ဆိုင်ခန်း ရှိ၍ ဆိုင်ကယ် ဖြင့် မန္တလေးမြို့ ထဲ သို့ သွားလာနိုင်သူ ၊ မြို့သစ်ကလေး ထဲ မှာ လက်ဖက်ရည်ဆိုင် ၊ ကုန်စုံဆိုင် ဖွင့်လှစ်ထားသူ ၊ ကြက်မွေးမြူရေး အကြီးအကျယ် လုပ် သူ ၊ အိမ်မှာ အဝီစိ တွင်း တူးပြီး ချိုးရေ ၊ သုံးရေများ ကို ရောင်းချသူ ၊ မေထုန်မဲ့ နို့စားနွားမတွေ မွေးသူ ၊ နို့ ဆီချက်သူ စသည်ဖြင့် စီးပွားရေး အဆင်ပြေ သူ များ ရှိသော် လည်း ထို သူ များမှာ မြို့သစ် နေ လက်လုပ်လက်စား လူအများစုကြီး နှင့် နှိုင်းစာ ကြည့်လိုက်လျှင် မပြောပလောက်ချေ ။

လူငယ်လူရွယ်များ မှာ အလုပ်အကိုင် တစ်ခုခု ကို အတည်တကျ စွဲစွဲမြဲမြဲ ကြိုးစားပမ်းစား လုပ်သူ များကဲ့သို့ ဘာ အလုပ်မှ မည်မည်ရရ မလုပ်ဘဲ လတ်လျားလတ်လျား နှင့် လျှောက်သွား နေကာ လမ်းထိပ် ကွမ်း ယာဆိုင်မှာ တမေ့တမော ထိုင်လိုက် ၊ တစ်ခါတစ်ရံ တစ်နေကုန် လက်တောက်ခုံ ထိုင် တောက်လိုက် ၊ လက်တောက်ခုံ နိုင် သော ပိုက်ဆံကလေး ဖြင့် ညကျလျှင် လက်ဖက်ရည်ဆိုင် မှာ ထိုင်ပြီး အပေါင်းအသင်းများ နှင့် ဟေးလားဝါးလား လုပ်ကာ ပေပေတေတေ နေကြသူများ လည်း ရှိကြ သည် ။ လမ်းပေါ် ဖြတ်သွားသော ကောင်မလေးများ ကို အော် စ သူ က အော် စကြ ၊ ချစ်စကား ကြိုက်စကား လိုက် ပြောကြ ၊ ရည်းစားစာ ပေးကြ ၊ တစ်ခါတစ်ရံ အရက် မူးပြီး လူငယ်အုပ်စုချင်း ရန် ဖြစ်လျှင်တော့ တုတ် တစ်ပြက် ၊ ဓားတစ်ပြက် ဖြစ်ကာ ထိပ်ပေါက် ခေါင်းကွဲသည် အထိ ဖြစ် သွားရတာမျိုး လည်း ကြုံ ရတတ်သည် ။

မိန်းမပျိုများ မှာ ရွှေခြည်ထိုးလုပ်ငန်း အငှားလိုက် ထိုးသူများ ၊ ဆေးလိပ်သမများ ၊ နေကြာစေ့ ၊ ဆီးပေါင်း ၊ မရမ်းပြား စသည်တို့ အငှား ထုပ်သူများ အပြင် လမ်းဆုံလမ်းခွ ၌ အသုပ်စုံ ရောင်းသူ ၊ မြေပဲလှော် ၊ မုန့် ပျားသလက် ၊ ပြောင်းဖူးဖုတ် ၊ ထန်းမြစ်ဖုတ် ရောင်းသူ များ လည်း ရှိကြ သည် ။ တက္ကသိုလ်ကျောင်းသူ ၊ အထက်တန်းကျောင်းသူ တို့ ရှိ သော်လည်း အရေအတွက် အားဖြင့် အလွန် နည်းပါးလှ၏ ။ အများစု မှာ ခြောက်တန်း ၊ ခုနစ်တန်း လောက် ရောက်လျှင် အိမ် က ကျောင်းဆက် မထားနိုင်တော့၍ လည်းကောင်း ၊ သို့တည်းမဟုတ် စာမေးပွဲ တဖုန်းဖုန်း ကျပြီး ကျောင်းစာ ကို စိတ် မဝင်စားတော့၍ လည်းကောင်း ၊ သို့မဟုတ်လျှင် မိန်းကလေး ဖြစ် ၍ ဤမျှ စာ တတ်ပါက လုံလောက်ပြီ ဟု ထင်မြင် ယူဆသောကြောင့် လည်းကောင်း ကျောင်း မှ အပြီးအပိုင် ထွက် လိုက်ကြသည်သာ များသည် ။

ထို့နောက် မိဘများ က မြို့ထဲ ထွက်၍ အလုပ် လုပ်လျှင် အိမ် မှာ ထမင်းဟင်း ချက် ၊ ကလေးထိန်း ၊ အဝတ်လျှော် စသည့် အိမ်ထောင်ထိန်း သိမ်းမှု အလုပ်များ ကို လုပ်ကာ အချိန်တန် အရွယ် ရောက်လျှင် ယောက်ျား ယူ လိုက်ကြသည် ။ အိမ်စီးပွားရေး အတန်အသင့် အဆင်ပြေသူ မိန်းမပျို များ မှာ ကျောင်းမှ ထွက်ပြီးနောက် စက်ချုပ် သင်ခြင်း ၊ ဆံပင် မိတ်ကပ် အလှပြင် သင်ခြင်း စသည့် အသက်မွေး ဝမ်းကျောင်း အတွက် ရည်ရွယ်ကာ သင်တန်း တစ်ခုခု တက် ကြ၏ ။ သို့ရာတွင် ဆယ်ယောက် လျှင် သုံးယောက် လောက် သာ ထို ပညာများ ကို လိုလိုလားလား သင်ယူကြပြီး ကျန် ခုနစ် ယောက် ခန့် မှာ သူများ သင် ၍ လိုက် သင်ကြသူများ နှင့် ယောက်ျား ယူ ချိန် မရောက်သေးမီ ပိုလျှံသော အချိန်များ ကို ဘာ လုပ်ရမှန်း မသိသဖြင့် ပင်ပန်းစွာ မသင်ယူရသော ဤ ပညာများ ကို သင်ရင်း အချိန် ဖြုန်းကြ ခြင်း သာ ဖြစ်သည် ။ 

သူတို့ တစ်တွေ မှာ အိမ်ထောင်ရေး အတွက် သိပ် ရှည်ရှည်ဝေးဝေး တွေး မနေကြ ။ ခုမြင် ခုကြိုက် ကာ ခုလိုက် ပြေးကြသည် ။ မနေ့တစ်နေ့ က မှ အရပ်ထဲ အလှူအတန်းများ ၌ အပျို အဖြစ် နွဲ့နွဲ့နှောင်းနှောင်း မြင် ရသေးသော်လည်း နောက် ခြောက်လ လောက် တွင် ဗိုက်ကြီး တကားကား နှင့် ဈေးခြင်းတောင်း ကို လက် မှာ ချိတ်ကာ တကယ့် အိမ်ထောင်ရှင်မိန်းမကြီး ပုံ ပေါက်နေသော မြင်ကွင်းမျိုး မှာ မြို့သစ်ကလေး ၌ အဆန်း မဟုတ် ချေ ။ အမှုမဲ့ အမှတ်မဲ့ နေတတ်သူ ဆိုလျှင် သူတို့ တစ်တွေ ယောက်ျား ယူ ၊ မိန်းမ ယူ မိတာ ကို ပင် မသိ လိုက်ကြ ။ ဗိုက်ကြီး တကားကား နှင့် မြင် မှ “ ဟယ် ... ဒီကောင်မလေး ဘယ်တုန်းက အိမ်ထောင် ကျသွားပါလိမ့် ”

ဟု တအံ့တဩ ရေရွတ်ကြရသည် ။

နောက် လေးငါးနှစ် ကြာလျှင် သားသမီးတွေ တစ်ပြုံကြီး ရကာ သူတို့ မိဘများ လို ပင် ဆင်းရဲပင်ပန်းစွာ သားသမီးတွေ ကို ရှာဖွေ ကျွေး ကြ ၊ ယောက်ျား အရက် မူးလာလျှင် ယောက်ျား နှင့် ရန်ဖြစ်ကြ ၊ ယောက်ျား ထ ရိုက်၍ ထိပ်ပေါက်ခေါင်းကွဲ ဖြစ်လျှင် ဆေးခန်း လာ ချုပ်ကြနှင့် မရိုး နိုင်စွာပင် သံသရာ လည်ကြရပြန်သည် ။

၂ ။

“ ခေတ်ဆန်ခြင်း နှင့် ရှေးရိုးကျခြင်း ”  ဆန့်ကျင်ဘက် နှစ်မျိုး မှာ လည်း အခြား မြို့များထက် ဤ မြို့သစ်ကလေး တွင် မှ ထူးထူးခြားခြား ရောမွှေ ပေါင်းစပ်ကာ ရှင်သန်ဖွံ့ဖြိုး နေသလား ဟု ပင် ထင် ရသည် ။ မြို့သစ် လေး မတည်ခင် က ဤနေရာ ၌ ပဲဖြူကုန်း ရွာ ရှိပြီး ထို ရွာ ကို စနစ် ကျ အောင် အကွက် ရိုက် ပြန်လည် နေရာချထား ပေးကာ နောက်ထပ် မြို့သစ် တွေ ကို တိုးချဲ့ ရှင်းလင်း ချဲ့ထွင် ၍ မန္တလေးမြို့ထဲ မှ မီးဘေးဒုက္ခသည် များ အား နေရာ ပေး ထားခြင်း ဖြစ်သဖြင့် မြို့သစ်ကလေး မှာ ယခင် လက်ဟောင်း တောကျေးလက်နေ လူတန်းစား နှင့် မန္တလေးမြို့လယ် မှ ပြောင်း ရွှေ့ လာသော မြို့နေ လူတန်းစား တို့ ရောထွေး ယှက်တင် လျက် ရှိကြ၏ ။

ထို့ကြောင့်လည်း တဘက်ထူထူ ကို ခေါင်းပေါင်း ကာ ဖျင်လုံချည် နှစ်နံစပ် နှင့် မြို့သစ်ကလေး ၏ လမ်းမပေါ် ၌ နွားလှည်း မောင်းသွား သူ က မောင်း သွားကြ ၊ ကောက်စိုက်သမများ က သနပ်ခါးဘဲကြား ရိုက်ကာ ဝါးခမောက် ဆောင်းလျက် အုပ်စုလိုက် လမ်း လျှောက်ကြ ၊ ဆတ်ကော့ လတ်ကော့ ကောင်မလေးများ က နှုတ်ခမ်းနီ ကို ရဲမှည့် နေအောင် ဆိုး ၊ ဟင်နရီအင်္ကျီအပွကြီး ကို ဝတ် ၍ ခေတ်ဆန်ဆန် ထဘီတိုတို ပုံစံမျိုးနှင့် ရောင်စုံဖန်နားဆွဲ ၊ ဖန်လက်ကောက်များ ဆင်ယင်ကာ လမ်းသလားနေကြ ၊ စီးပွားရေးသမား ယောက်ျားငယ်များ က စာတန်းတွေ ပါသော တီရှပ် အကောင်းစား ကို ဝတ်ပြီး ကာဝါဆကီဆိုင်ကယ် ကို ခပ်သွက်သွက် မောင်း သွားကြသဖြင့် အလွန်အဆင် မပြေသော မြင်ကွင်းမျိုးကို တွေ့ရတတ် သည် ။ လူငယ်တွေ ကလည်း ဂျင်းဘောင်းဘီ ဝတ်ကြ ၊ ချာလီပင် ဝတ်ကြ သကဲ့သို့ အရောင် မပေါ်တော့သော လုံချည် ကို အထပ်ထပ် ဖာထေးကာ အင်္ကျီ ကို ပင် မကပ်နိုင်ကြသောသူများလည်း ရှိကြ၏ ။

မြို့ ထဲ မှ ပြောင်းရွှေ့လာသူများမှာ မြို့ပေါ်တွင်နေစဉ်က အကျင့် ပါလာသောကြောင့် လည်းကောင်း ၊ သို့တည်းမဟုတ် သူတို့ ကိုယ် သူတို့ မြို့ကြီးသား စစ်စစ် ဖြစ်ကြောင်း ပြသလို၍ လည်းကောင်း တမင် မြို့ဆန် ဆန်ပင် နေကြသည် ။ အိမ် ကို သွား ကြည့်လျှင် မြေစိုက်အိမ်ငယ်ကလေး များ ကို တွေ့ရမည် ဖြစ်သော်လည်း အပြင် ထွက်ပြီ ဆိုလျှင် သားသားနားနား ကြော့ကြော့မော့မော့ ဝတ်စားကာ ဝါဝါကြွားကြွား သွားကြ လာကြ သည် ။ “ အတုမြင် အတတ်သင် ”  ဆိုသလို သူတို့ကို အတု ခိုး၍ ယခင် လက်ဟောင်း ရွာခံ လူငယ်လူရွယ်များ က လိုက်လံ ဝတ်ကြ စားကြတာ မျိုး ရှိသော်လည်း အချိုးအစား မပြေပြစ်ဘဲ ပုံမကျ ပန်းမကျ ဖြစ်နေခြင်း ၊ ထိုသူများ ၏ မည်းနက်သော အသားအရေ နှင့် မလိုက်ဖက်စွာ အင်္ကျီ လုံချည် တို့ ၏ အရောင်အသွေးများ တောက်ပ ဖိတ်လက်နေလွန်းခြင်း တို့ ကြောင့် ကြည့်ရတာ အဆင် မပြေဘဲ ကြောင်တက်တက် နိုင် နေတတ်၏ ။

“ ခေတ်ဆန်ခြင်း ” နှင့် “ ရှေးရိုးကျခြင်း ” ကွာဟမှု မှာ မြို့သစ်ကလေး ၌ ဖွင့်လှစ်နားဆင်သော တေးသီချင်းများ ၊ စတိုးဆိုင် ၊ အပ်ချုပ်ဆိုင် ၊ ကြော်ငြာ ဆိုင်းဘုတ်များ အထိ ပေါ်လွင်ထင်ဟပ်လျက် ရှိသည် ။

“ နည်းနည်းလေး ချစ်တာ မလောက်လို့ ..... အများကြီး ချစ်ပါဦးလို့ ”  ဟု တစ်နေရာ မှ မြူးကြွသစ်လွင်သော ခေတ်သီချင်း ဖွင့်နေတာကို ကြား နေရစဉ်မှာပင် “ ရွာလယ်က အလှူပွဲ ခြိမ့်ခြိမ့်သဲလို့ စည်ကားလှတာ ”  ဟု အခြား တစ်နေရာ မှ အသံချဲ့စက်ကြီး ဖြင့် အော်ကြီးဟစ်ကျယ် ဖွင့်နေသံ ကို အဆင် မပြေစွာ ကြား ရတတ်သည် ။ အပ်ချုပ်ဆိုင် အမည် ကို “ Two Brother Tailor ” ဟု ဘိုလို ဆိုင်းဘုတ် တင်ထားသော ဆိုင်များ ရှိသလို မယဉ်မြ ဦးစီးသော “ မြ ”  အမျိုးသမီးစက်ချုပ်ဆိုင်ကြီး ဟု စစ်ကြိုခေတ် လောက်က လေသံမျိုး ဖြင့် ရေးထားသော ဆိုင်းဘုတ်မျိုး ကိုလည်း မပြုံးဘဲ မနေနိုင်အောင် တွေ့ရတတ်၏ ။ “ ဝတ်မှုန် ” စတိုး ဟု ကဗျာဆန်ဆန် နာမည်လှလှ ပေးထားသော စတိုးဆိုင်များ ရှိသလို “ ဧဝရက်တောင် မောင် ညွန့်ဝင်း ဦးစီးသော ဝါး ၊ မိုးကပ်ထရံ အရောင်းဆိုင် ”  ဆိုတာမျိုးလည်း တွေ့ရတတ်သေးသည် ။

ဤကဲ့သို့ အဆင် မပြေမှုများ ၊ အချိုးအစား မကျနမှုများ ၊ ဆန့်ကျင် ဘက်များ ဖြင့် ဖွဲ့စည်း ဖြစ်ပေါ်လျက်ရှိသော မြို့သစ်ကလေး မှာပင် မြို့ သစ်သူ မြို့သစ်သားတွေ ကတော့ ပျော်ပျော်ရွှင်ရွှင်ပဲ နေထိုင်ကြရင်း ညအခါ ဆိုလျှင်လည်း အမိုးမရှိ ဝါးထရံတွေ ကာပြီး ဖျာခင်း ကြည့်ရသော မြို့သစ်ကလေး ၏ တစ်ခုတည်းသော “ မြတ်မင်းသူ ” ရုပ်ရှင်ရုံ ၌ ကလေး ငါးမူး ၊ လူကြီး တစ်ကျပ် ပေးကာ ရုပ်ရှင် ကြည့်ကြ ၊ ထန်းမြစ်ဖုတ် ဝါးရင်း ရုပ်ရှင်ရုံပွဲဈေး လမ်းသလားကြ ၊ ကာလသားတွေ က လှလှပပ ဝတ်စား ပြင်ဆင်လာသော ကောင်မလေးတွေ ကို ငေးကြမောကြ နှင့် ဒီလိုပဲ ပျော် ရွှင်အောင် နေသွားကြသည် ။

မြို့ထဲ က ပြောင်းလာစ က လျှပ်စစ်မီး မရှိသော မြို့သစ်ကလေး ၌ မနေတတ် မထိုင်တတ် ညည်းကြ ညူကြ သော်လည်း ခုတော့ဖြင့် မဆန်းတော့သလို ည ရောက် ၍ မှောင်လာပြီ ဆိုလျှင် ရေနံဆီ မှန်အိမ် ထွန်းသည့် သူ က ထွန်းကြ ၊ မှိုင်းတလူလူ ဖြင့် မီးခွက်ကလေးတွေ ထွန်းသည့် သူ က ထွန်းကြ ၊ နည်းနည်းပါးပါး တတ်နိုင်သူများ က တစ်လ လျှင် လေးဆယ် ပေး ရသော ဘက်ထရီမီး ကို ထွန်းကြ ၊ လ သာ သည့် ညများ ဆိုလျှင် လည်း ဘာ မီး မှ ထွန်း မနေတော့ဘဲ ဒီလိုပဲ နေလိုက်ကြ စသဖြင့် အခြေ အနေ ပေးသလို နေတတ် လာကြသည် ။ 

မြို့သစ်ကလေး နှင့် မန္တလေး မြို့ ထဲ ကို ပြေးဆွဲ နေသော အမှတ် ၁ဝ လိုင်းကား များ ဆိုလျှင်လည်း အမြဲတစေ လူပြည့်ကျပ်လျက် မဆံ့မပြဲ တွဲလွဲခို၍ စီးသွားစေမြဲ ။ မနက် အစောကြီး သုံးလေး နာရီ ဆိုလျှင်ပင် မြို့ ထဲသို့ ဈေးရောင်း သွားမည့်သူများ ၊ မြို့သစ်ဈေး တွင် ပြန် ရောင်းရန် ကုန် စိမ်း သွားဝယ်သူများ ဖြင့် ဘတ်စ်ကားများ မှာ လူချောင်သည် ဟူ၍ မရှိ ချေ ။ ဈေးသည် အချင်းချင်း တစ်ယောက် ကို တစ်ယောက် စကြ နောက်ကြ ၊ အိမ် မှ မထွက်နိုင်သေးဘဲ ကြာ နေသော ဈေးရောင်းဖော်များ ကို “ ကောင်မ ရေ ၊ မြန်မြန်လာ ဟဲ့ ။ ညည်းလင် ဘတ်စ်ကား က ထွက်တော့မှာ ။ စောင့် မှာ မဟုတ်ဘူး ”  ဟု ကား ပေါ် မှ အော်ကြီးဟစ်ကျယ် လှမ်း အော် ခေါ်ကြ ၊ တဝါးဝါး တဟားဟား ရယ်မောကြဖြင့် စည်စည်လွင်လွင် စိုပြည် နေတော့ သည် ။

၃ ။

ခြောက်လက်မ ကျောက်တုံးကျောက်ခဲကြီးများ ဖြင့် ထိုးထိုးထောင် ထောင် ဖြစ်သည့် နေရာက ဖြစ် ၊ ခုံးသည့် နေရာ က ခုံး ၊ ချိုင့်သည့် နေရာ က ချိုင့် ။ မညီမညာနိုင်လွန်းလှသော မြို့သစ်ကလေး ၏ အကောင်းဆုံးလမ်းမ ပေါ် ၌ တစ်နာရီ ဆယ်မိုင်နှုန်း လောက် ဖြင့် တအိအိ လှုပ်လီလှုပ်လဲ့ မောင်း နေရသော ဘတ်စ်ကားများ ပေါ် တွင် မြို့သစ်သူ မြို့သစ်သားတွေ ကတော့ စိတ်ရှည်စွာပင် သည်းခံခွင့်လွှတ် လျက် စီး ကြသည် ။ အလုပ် က ပြန်လာ ချိန် ညနေ ငါးနာရီ ၊ ခြောက်နာရီ လောက် တွင် ကား ဘတ်စ်ကားများ မှာ ငါးပိသိပ် ၊ ငါးချဉ်သိပ် မဆံ့မပြဲ နှင့် ကျပ်ညပ်နေတော့သည် ။ ထိုအခါမျိုး ၌ ဘတ်စ်ကား ထဲ တွင် ရော ၊ ကား နောက်ဘက် သစ်သားတန်း ပေါ် မှာ မတ် တတ် ရပ်ရင်း ခိုတွယ် စီးသူများ ပြည့်သိပ် နေရုံ မက ကား ခေါင်မိုးပေါ် မှာပါ လူတွေ အပြည့် ပါ လာတတ်သည် ။ ထိုအချိန်မှာ မန္တလေးမြို့ ထဲ သို့ အလုပ် သွား လုပ်ကြသော မြို့သစ်သူ မြို့သစ်သား အားလုံး မြို့သစ်ကလေး သို့ တစ်ပြုံးတစ်ခဲကြီး ပြန် လာကြသော အချိန်ဖြစ်ရာ ကားတွေမှာ ဤသို့မှ မတင်လျှင်လည်း မန္တလေးမြို့ ထဲ သို့ ရောက်နေသော မြို့သစ်သူ မြို့သစ် သား အားလုံး ကုန်စင်အောင် ပြန်လာနိုင်စရာ အကြောင်း မမြင် ။ မြို့သစ် သားများ မှာ ကားခေါင်မိုးပေါ် က လိုက် ရလို့လည်း စိတ်ညစ်သည် ဟူ၍ မရှိကြ ။ ရယ်လိုက် မောလိုက် ၊ နောက်လိုက် ပြောင်လိုက် ၊ လမ်း ပေါ် ၌ စက်ဘီး နင်းသွားသော ကောင်မလေးတွေ ကို တွေ့ လျှင် “ ဟေ့ ... ချစ်ချစ် ”  ဟု ကားအမိုး ပေါ် က အော် စ,လိုက်ဖြင့် ဒုက္ခ ကို လျစ်လျူရှု နိုင်လွန်းသူများ ဖြစ်ကြသည် ။

မြို့သစ်သူ မြို့သစ်သားတွေ ကတော့ စည်းကမ်း ရယ် လို့ လည်း အတိအကျ လိုက်နာ မနေ ။ ( သူတို့ အခြေအနေ နှင့် အတိအကျ လိုက်နာ နေလို့လည်း မရ ) ဖြစ်သလို ကြုံသလို ၊ အဆင်ပြေသလို ၊ အလိုက်သင့် သလိုသာ ပြုမူလုပ်ကိုင် ဆောင်ရွက်ကြရသည် ။

ကျောက်တုံးကြီးတွေ ငေါထွက် ထောင်ထကာ အဖုအထစ်များ ဖြင့် ပြည့်နှက်နေသော လမ်းမကြီး ပေါ် ၌ ခရီးသည်တင် နင်းရင်း ရုပ်ပျက် ဆင်းပျက် ဘီး ခွေသွားသော ဆိုက်ကားများ ကိုလည်း မကြာခဏ တွေ့ရ တတ်သေးသည် ။ ကျောက်တုံးဖုထစ်ကြီး တွေ ပေါ်က တဂျိမ်းဂျိမ်း တမ်း ဂျွမ်း မောင်းရင်း မျက်စိရှေ့ မှာပင် သစ်သား ဘီး တစ်ဖက် ဖြောင်းခနဲ ကျိုးပြီး ဝင်ရိုး နှင့် ကျောက်တုံးတွေ တဒုန်းဒုန်း ထိရိုက်ကာ တရွတ်တိုက် ပါ သွားသော မြင်းလှည်းတွေ လည်း မရှား ။ 

အဲဒီ ထဲ က ဒီနှစ် မိုးရာသီမှာ မြို့သစ်သူ မြို့သစ်သားတွေ အတွက် အလွန် ဒုက္ခ ရောက်လိုက်ရသော အဖြစ်အပျက် တစ်ခုနှင့် တိုး လိုက်ရသေး သည် ။ တစ်ည နှင့် တစ်ရက်လုံး မိုး မစဲဘဲ မိုးတွေ အဆက်မပြတ် ရွာ ချ လိုက်ပြီးနောက် မြို့သစ်ကလေး ၏ စလုံး ( စ ) ရပ်ကွက် နှင့် ဆလိမ် ( ဆ ) ရပ်ကွက် တို့ ရေ မြုပ်သွားကြခြင်း ပင် ဖြစ်သည် ။ ရေ တွေ က အိမ်များ အတွင်း သို့ လှိမ့် ဝင်လာကာ တအိအိ ဖြင့် တက် လာပြီး ပထမ ဒူးဆစ် ၊ နောက် တဖြည်းဖြည်း နှင့် ပေါင်လယ် ၊ ခါး ၊ ရင်ခေါင်း အထိ တက် လာသည် ။ လူတွေ မှာ ခုတင်တွေ ဆင့် ၊ စားပွဲ ကုလားထိုင်တွေ ကို ဆင့် ပြီး ထို အပေါ် တက် ကာ နေ ကြရသည် ။ ချက်ပြုတ်စား လို့ ကလည်း မဖြစ် ။ ကလေးတွေ က ငိုကြ နှင့် အလွန်ပင် ဒုက္ခ ရောက်ကြရသည် ။ အနိမ့်ပိုင်း ကျ ၍ နေ မဖြစ် အောင် ရေ ဝင်သော အိမ်များ မှာ ရေလွတ်သော ရပ်ကွက်များ ရှိ ဆွေမျိုး သားချင်း အသိမိတ်ဆွေတို့ ၏ အိမ်များ သို့ ယာယီ ပြောင်းရွှေ့နေကြရ သည် ။ ကြည့်လေရာ တွင် ရေတွေ က တဖွေးဖွေး ၊ တချို့ အိမ် တွေ မှာ အိမ် ခေါင်မိုး သာ ရေပေါ် ၌ ပေါ် တော့သည် ။

ယောက်ျားတွေ က သေတ္တာတွေ ကို ထမ်း ၊ မိန်းမတွေ က အထုပ်အပိုး တွေ ခေါင်း မှာ ရွက် ၊ ကလေး ခါးထစ်ခွင် ချီ ၊ ဒူးဆစ် ထိ ရောက်နေသော ရေ နှင့် လွတ်အောင် လက်တစ်ဖက် က ပေါင်လယ်ထိ မ , ၍ ရေ လွတ်ရာ ကို ပြေး ကြရသည် ။ ခွေးတွေ က ပြောင်းရွှေ့ သွားသော သူတို့ သခင်တွေ နောက် သနားစရာ ရေကူး ရင်း လိုက် သွားကြသည် ။ ဘယ် အိမ် က မှန်း မသိသော ရေအိုးအဟောင်းတွေ ၊ သစ်သားတို သစ်သားစတွေ က ရေပေါ် မှာ ပတ်ချာလည်ရင်း တရွေ့ရွေ့ မျောလျက် ။

ရေတိုက်စားသဖြင့် မြို့သစ် ၏ လမ်းမကြီး မှာလည်း ကျိုးသည့် နေရာက ကျိုး ၊ ပဲ့သည့် နေရာက ပဲ့ကာ ဗုံးဆန် မှန်ထားသော လူ တစ်ယောက် ၏ ခြေထောက် လိုပင် မြင် မကောင်းအောင် ဖြစ်နေတော့သည် ။ တာရိုး သဖွယ် လမ်းမကြီး ၏ တစ်ဖက်ရှိ ရေ ဝင်နေသော ရပ်ကွက်များ မှ ရေများ ကို အမြန်ဆုံး ပြန် ကျသွားအောင် လမ်းမကြီး ကို ကန့်လန့်ဖြတ် လျက် လူတစ်ရပ် မက နက်သော မြောင်းကျယ်ကြီး နှစ်ခု တူး ကာ ရေတွေ ကို လမ်းမကြီး ၏ အခြား တစ်ဖက် သို့ ဖောက်ထုတ် ပစ်ရသည် ။ ဤသို့ဖြင့် လမ်းပန်းဆက်သွယ်ရေး တွေ ပြတ်တောက် သွားသည် ။ မြောင်းကြီး နှစ်ခု ခံ နေသောကြောင့် ကားတွေ သွား မရတော့ ။ ဘတ်စ်ကားတွေ မြို့သစ် ထဲ မဝင်နိုင်တော့ ။ ဘတ်စ်ကားဂိတ် ကို မြို့အဝင်ဝ သို့ ယာယီ ပြောင်းရွှေ့ လိုက်ရသည် ။

ရေလုံးကြီးတွေ ကတော့ မြောင်းကျယ်ကြီး နှစ်ခု မှ နေ၍ လမ်း၏ အခြား တစ်ဖက်သို့ ရေတံခွန်ပမာ အလုံးအရင်း ဖြင့် လှိမ့်၍ လှိမ့်၍ အလု အယက် တဝေါဝေါ စီးဆင်းနေလျက် ၊ မြောင်းကျယ်ကြီး ပေါ် မှာ လူတစ်ယောက် သွား သာရုံ အကျယ် တစ်ပေ သာသာ ယာယီသစ်သားတံတား ကလေး ဆောက် ပေးထားသည် ။ တံတားကလေး က ခပ်ကျဉ်းကျဉ်း ၊ သွားသည့် လာသည့် သူတွေက များ သဖြင့် တစ်ဖက် က လူတွေ ကူး နေစဉ် တွင် သည်ဘက် က လူအုပ် က မတ်တတ် ရပ်ပြီး စောင့်ဆိုင်းနေရ ၊ သည် ဘက်က လူတွေ ကူး လျှင်လည်း ဟိုဘက်က လူတွေ က စောင့် ပေးရသဖြင့် အလှည့်ကျ ကူး ကြရသည် ။ စက်ဘီး စီး လာသူ ဖြစ်လျှင် စက်ဘီးတွေ ကို ထမ်းကာ တံတား ကို ဖြတ် ကူးရသည် ။ စက်ဘီး ကို လူ နှင့် ယှဉ်၍ တွန်းသွား နိုင်လောက်အောင် တံတား က မကျယ် ။ 

မြို့ ထဲ မှ ပြန်လာသော ဘတ်စ်ကား တစ်စီး ထိုးဆိုက်လာပြီ ဆိုလျှင် လူတွေ စုပြုံတိုးဝှေ့ ဆင်း လာကြကာ တံတားလေး ကို အလုအယက် ကူးကြ ။ တံတားလေး ဒီ ဘက် ရောက်ပြီ ဆိုလျှင် ဘတ်စ်ကား မရှိတော့ သဖြင့် ခြေကျင် လျှောက်သူ က လျှောက် ၊ မြင်းလှည်း စီးသည့်သူ က စီး ၊ တစ်ယောက် ကို တစ်ယောက် အော် ခေါ်သူ က ခေါ် ၊ စကား ပြောသူ က ပြော နှင့် ဆူညံပွက် နေတော့သည် ။

ယခင်က ဘာ ဈေးဆိုင် မှ မရှိသော နေရာ မှာ ယာယီကားဂိတ် ကြောင့် ကွမ်းယာဆိုင်ကလေးများ ၊ လက်ဖက်သုပ်ဆိုင် ၊ ချင်းသုပ်ဆိုင်ကလေး ၊ မုန့်ပဲသရေစာဆိုင်ကလေးများ အစီအရီ ပေါ်ပေါက်လာကြသည် ။

၄ ။

ရေ ပြန် ကျသွားသော်လည်း လမ်းမကြီး ကို ကန့်လန့်ဖြတ်၍ တူး ထားသော မြောင်းကျယ်ကြီး နှစ်ခု ကို ပြန် ဖို့ မပစ်တော့ ။ နောက် တစ်ကြိမ် မိုး ကြီး လျှင် ခုလို ရေ မဝပ်အောင် ရေ စီးဆင်းနိုင်ရန် မြောင်းကျယ်ကြီး တွေ ကို ဒီ အတိုင်း ထားပြီး အုတ်တံတိုင်း ဆောက်ရန် စီစဉ်သည် ။ သို့ရာ တွင် မိုး မှာ နေ့စဉ်ရက်ဆက် ဆိုသလို ရွာ နေသဖြင့် အစီအစဉ် ကို အကောင် အထည် မဖော်နိုင်ခင် မှာ ဘဲ ညကြီးမင်းကြီး မိုးတွေ တဖွဲဖွဲ ရွာ နေသည့် တစ်ည တွင် မြို့ထဲ မှ မြို့သစ်ကလေး သို့ မောင်းနှင်လာသော မြင်းလှည်း တစ်စီး မှာ မြို့သစ်လမ်းမကြီး တစ်လျှောက် မြောင်းကျယ်ကြီး ရှိရာ ကို မသိဘဲ ဒုန်းစိုင်း မောင်းလာသဖြင့် မြောင်း ထဲ သို့ မြင်းလှည်း တစ်စီး လုံး တလိမ့်ခေါက်ကွေး အရှိန် ပြင်းစွာ ထိုးကျ သွားရင်း မြင်း ရော လူ ပါ သေ ဆုံးသွားရသည် ။ မြင်းလှည်း မှာ လည်း ရစရာ မရှိအောင် ပျက်စီးသွားရ၏ ။ ထို သတင်း ကို ကြားရသော အခါ မြို့သစ်သူ မြို့သစ်သားများ တုန် လှုပ် ချောက်ချားရပြန်သည် ။

သွားရေးလာရေး မှာ လည်း မလွယ် ၊ ဘတ်စ်ကားဂိတ် မှာ မြို့အဝင်ဝ ၌ ယာယီ ပြောင်းရွှေ့သွားရသဖြင့် ထိုနေရာ သို့ ရောက်အောင် လမ်းလျှောက် ရသည်မှာပင် တမေ့တမောကြီး ၊ မြင်းလှည်း စီးပြန်လျှင်လည်း ဘတ်စ် ကားဂိတ် ရောက်အောင် တစ်ယောက် ကို နှစ်ကျပ် ၊ မြို့ထဲ သို့ ဘတ်စ်ကားခ က တစ်ကျပ်ခွဲ ၊ နှစ်ကျပ် ။ ငွေလေးကျပ် လောက် ကုန် မှ မန္တလေး သို့ ရောက် ရသည် ။

“ မြို့သစ်များ နေ ကို မနေချင်ပါဘူးဗျာ ။ ဖုန် က ထူ ၊ ရေ က ရှား ၊ ခုလို မိုးရာသီ ဆိုရင်လည်း ဒုက္ခ ရောက်လိုက်တာ မြင်တဲ့ အတိုင်းပဲ ။ လျှပ်စစ်မီး မရှိ ၊ ဘာမရှိ နဲ့ ကျုပ် တော့လား ပိုက်ဆံ ရှိရင် ဝေး ပါသေးရဲ့ ။ မြို့သစ်များ နေကို မနေဘူး ။ ဘယ်လိုပဲ နေရနေရ ၊ မြို့ထဲ ပဲ သွား နေလိုက် တော့မယ် ”

“ အရေးရယ် အကြောင်းရယ် ရှိလို့ မှ မြို့ ထဲ ကို သွားလို့ လာလို့ မလွယ်တဲ့ အရပ်ပဲ ရှင် ။ ကျွန်မ ဖြင့် စိတ်ပျက်ပါရဲ့ ။ အဟုတ်ပဲ ”

တစ်ခါတလေတော့ မြို့သစ်သူ မြို့သစ်သားတွေ မှာ စိတ်ဓာတ် ကျ သလို အထက်ပါအတိုင်း ညည်းကြ ညူကြ ပါသည် ။ သို့ရာတွင် ပါးစပ် က စိတ်ပျက်သည့် လေသံဖြင့် ဘယ်လောက်ပဲ ညည်းညည်း ၊ သူတို့ တစ် တွေ ငါးနှစ်ကျော် ၊ ခြောက်နှစ် လောက် နေထိုင်ခဲ့သော ၊ သူတို့တစ်တွေ ကို မကြာခဏ နည်းမျိုးစုံ ဖြင့် နှိပ်စက်ကလူ ကျီစယ်တတ်သော မြို့သစ် ကလေး ကို တကယ်တော့ သူတို့ စွဲ နေကြပြီ ၊ ချစ်ခင် နေကြပြီ ၊ သံယောဇဉ် ဖြစ် နေကြပြီ ဆိုတာ ကို တဖိတ်ဖိတ်တောက်ကာ အရည် လဲ့နေသော သူ တို့၏ မျက်လုံးများ က မငြင်းဆန် မဖုံးကွယ်နိုင်ဘဲ ဝန်ခံ နေကြသည် ။

တကယ်တော့ စိတ်ပျက်ရင်းကပင် မြို့သစ်ကလေးကို သူတို့ ချစ် ခဲ့ မိကြပြီ ။

၅ ။

မိုးရာသီ ကုန်ဆုံး၍ ခုလို သာသာယာယာ ရှိသော ဆောင်းရာသီ ရောက်လာပြီ ဆိုလျှင်တော့ ယခင်က ခါးသီးစွာ ရင်ဆိုင်ခဲ့ရသော အခက် အခဲများ နှင့် ဒုက္ခများ ကို အလွယ်တကူပင် မေ့ဖျောက် ပစ်လိုက်ကြကာ မြို့သစ်သူ မြို့သစ်သားတွေ မှာ ဘုရား ထီးတင်ပွဲတွေ ကျင်းပကြ ၊ မိန်းမ ပျိုများ က လှလှပပ ၀တ်စားပြင်ဆင်ပြီး ငွေဖလားကြီးတွေ ကို တချွင်ချွင် လှုပ်လျက် ရပ်ကွက်ဘုရားပွဲ အတွက် အလှူခံကြ ၊ ကထိန်ပွဲတွေ ကျင်းပ ကြဖြင့် စည်စည်ညီညီ လှုပ်လှုပ်ရှားရှား ဖြစ်လာကြပြန်သည် ။ စတေ့ချ်ရှိုးပွဲတွေ မှာ မြို့သစ် က လူငယ်လူရွယ်တွေ ကိုယ်တိုင် သီချင်းတွေ တက်ဟစ်ကြ ၊ ရပ်ကွက်ဘုရားပွဲ မှာ မွန်မင်းသားလေး မိုးကျော် ဇာတ်ပွဲ ၊ ပန်တျာမြင့်လွင်ဇာတ်ပွဲ ၊ စွယ်စုံ ပန်းချီလေးဝင်းအဖွဲ့ ၊ မနက်ဖြန် ဘုရားပွဲကို မုန့်စားလာလှည့်ကြနော် ၊ ပွဲဈေးတန်းလျှောက် လိုက်ဦးမလား ၊ ပွဲကြိုက်လို့တော့ မဟုတ်ဘူးပေါ့လေ ။ ဒါပေမဲ့ ကိုယ့် အရပ် က ဘုရားပွဲ ဆိုတော့ ကလေးတွေ က ကြည့်ချင်တယ် ဆိုတာနဲ့ ငါးဆယ်တန်း က ပွဲကြည့်စင် တစ်စင် ဝယ် ထားလိုက်တယ် ။ ကလေးတွေ လည်း ဒီလို ကိုယ့် အရပ် ဘုရားပွဲလေး ရှိမှ ကြည့်ရရှာတာ မဟုတ်လား ။ 

ပွဲခင်း ဆီမှာ ဆိုင်းသံ ဗုံသံ တခြိမ့်ခြိမ့် ၊ ပွဲဈေးတန်း က မုန့်ဆိုင် ၊ စားသောက်ဆိုင် အမျိုးမျိုး ဆီတွင် အင်ဂျင်မီးစက် ဖြင့် လင်းထိန်နေကာ လူတွေ တလှုပ်လှုပ် တရွရွ စည်ကားလျက် ၊ သားသမီးတွေ ကို လက်က ဆွဲကာ တစ်အိမ်လုံး ကြော့ကြော့မော့မော့ ဝတ်စားပြင်ဆင်ပြီး မြို့သစ်သူ မြို့သစ်သားတွေ ပွဲခင်းဆီ သွားကြပြီ ။

ခါးသီးစွာ ရင်ဆိုင်ခဲ့ရသော မြို့သစ်ကလေး ၏ ဒုက္ခပေါင်းစုံ ကို ခုတော့လည်း သူတို့ တစ်တွေပဲ လွယ်ကူလွန်း စွာ မေ့ပစ်ထားလိုက်ကြ ပြန်ပေါ့ ။

◾ ကျော်စွာထက်

📖 မိုးဝေမဂ္ဂဇင်း
      မတ် ၊ ၁၉၈၈

www.facebook.com/aung.naingoo.3726613

.