Showing posts with label နုနုရည် ( အင်းဝ ). Show all posts
Showing posts with label နုနုရည် ( အင်းဝ ). Show all posts

Thursday, July 18, 2024

မြနှင်းဆီ တေးသရုပ်ဖော်


 

❝ မြနှင်းဆီ တေးသရုပ်ဖော် ❞

လေစိမ်းတွေ တဝုန်းဝုန်း တိုက်ခတ်နေတဲ့ မယ်ဇယ်ပင်တန်း အောက်မှာ သဲလမ်းကြောင်း ပေါ်မှာ စက်ဘီးအလေးကြီး ကို မနိုင်မနင်း တွန်း ရတာ လေးလွန်းလှတယ်လို့ ဒီနေ့တော့ မြနှင်းဆီ အသေးလေးက မထင်တော့ပါဘူး ။ ဟင့်အင်း ... မြနှင်းဆီအသေးလေး မဟုတ်ပါဘူး ။ ဒီနေ့ အဖို့ တော့ မြနှင်းဆီ ပါ ။ တကယ့်ကို မြနှင်းဆီ ပါ ။ အမေ မြနှင်းဆီ မပါမှ တော့ သမီး မြနှင်းဆီအသေးလေး ဟာ မြနှင်းဆီ ဖြစ် သွားပြီပေါ့ ။ မြနှင်းဆီ ဆိုတဲ့ နာမည်လေး ဟာ ဘယ်လောက် လှတဲ့ နာမည်လေးလဲ ။ ဘယ် လောက် ကောင်းတဲ့ နာမည်လေးလဲ ။ အမေ ခေါ်သံ “ အသေးလေး ” ဆိုတဲ့ နာမည်ကြီးကတော့ သိပ် မုန်းဖို့ ကောင်းတယ် ။ သူများ တွေ ခေါ်တဲ့ “ မြနှင်းဆီ အသေးလေး ” ဆိုတာကြီး ကိုတော့ ပိုတောင်မှ မကြိုက်သေး ။ အမေ က သူ့ နာမည်လေး ကိုများ သိပ်နှမြောတာပဲ ။ သားအမိ အချင်းချင်း တောင် မပေးချင်ဘူး ။ “ မြနှင်းဆီ နာမည် ကို သမီး ကို ပေးပါ အမေရယ် ” လို့ ဘယ်လောက်ပဲ တောင်းတောင်း “ ပေးပါဘူး ” တဲ့  ။ “ ငါ သေမှ ပဲ ဒီနာမည်ကို ညည်းရမယ် ” တဲ့  ။ “ ဒီ နာမည်လေး တစ်လုံးရဖို့ ဇာတ်လောက မှာ ငါ ဘယ်လောက် ကြိုးစားခဲ့ရတယ် မှတ်လဲ ။ ညည်း နားမလည်ပါဘူး အသေးလေးရယ် ” နဲ့ လုပ်တော့တာပဲ ။ ပြီးရင် သူ ဇာတ် က တုန်းက ဝတ်တဲ့ သူ ပန်းရင့်ရောင် လက်လက် လက်လက် မင်းသမီးထဘီ ၊ အင်္ကျီတွေ ကို ထုတ် လာပြီး “ ဒီ နှင်းဆီဝတ်စုံ နဲ့ မြနှင်းဆီ စင်ပေါ်မှာ က ရင် ပရိသတ်က သိပ်ကြိုက်တာ ။ အသေးလေး ညည်း ကြည့်မလား ” နဲ့ လုပ်ဦးမယ် ။ ခေါင်းညိတ် လိုက်မိလို့ ကတော့ သွားပြီသာမှတ် ။ မမောနိုင် ၊ မပန်းနိုင် ၊ မပြီးနိုင် ၊ မစီးနိုင်အောင် ကို ကပြပါလိမ့်မယ် ။ ကြည့်ရတဲ့ သူ့ မှာ သာ အားကြီးပျင်းပြီး ထွက်ပြေးချင်လာတာ ။ ပန်းရင့်ရောင် ဇာတ်မင်းသမီးဝတ်စုံ ကို လည်း ပန်းရင့်ရောင် ၊ ဟောဒီ ကု,လားမင်းသမီး ဝတ်စုံလောက် လှတယ်လို့ မထင်ပါဘူး ။ ကြည့်ပါလား ၊ ဒီဝတ်စုံလေး ကမှ ကိုယ်ပေါ်မှာ ချပ်ချပ်ကပ်ကပ် ၊ ဘော်ကြယ်လေး တွေ ထိုးထားတဲ့ ပန်းရင့်ရောင်ဘောင်းဘီ ဒူးဖုံးလေး ကလည်း လှုပ်ရှားလို့ ကောင်းတယ် ။ အမေ့ ထိုင်မသိမ်း ထဘီကြီးလို မဟုတ်ဘူး  ။ အပေါ်က ပန်းနွယ်ပန်းခက် လက်လက် လေး တွေနဲ့ ပန်းရင့်ရောင် ကု,လားမင်းသမီးအင်္ကျီ လက်ပြတ်ကိုယ်ကျပ်လေး ကလည်း ဆာရီစ ပါးပါးလေးကို ချုပ်ထားတာ ။ ကိုယ်ပေါ်မှာ ပေါ့နေတာ ပဲ ။ ကြိုက်သလောက် တွန့်တွန့်ပြီး ကလို့ ရတယ် ။ ချွေးထွက် လည်း ခဏ လေးနဲ့ ခြောက်တယ် ။ အမေကတဲ့ ဇာတ်မင်းသမီး အကထက် ဒီကု,လား မင်းသမီး အက က ပိုကလို့ လည်း ကောင်းတယ် ။ တီးလုံးကလည်း မတူ ဘူး ။ ကု,လားတီးလုံး က တအားမြူးနေတာပဲ ။ဒါကြောင့် အသေးလေး မြန်မြန် က တတ် သွားတာပေါ့ ။ အမေ့ ကို တော့ ဘယ်မီပါ့မလဲ ။ အမေ က မြ နှင်းဆီကိုး ။

အရင်ကဆို အမေ ကု,လားမင်းသမီးဝတ်စုံ နဲ့ အက ထွက်တဲ့ စက်ဘီး ဘားတန်း ပေါ်မှာ ပဲ အသေးလေး က ထိုင်လိုက်ရတာပေါ့ ။ နောက်မှ အသေးလေး လိုက် လိုက်ပြီး က တော့မှ အမေ က ကု,လားမင်းသမီးဝတ်စုံ သေးသေးလေး ချုပ်ပေးပြီး က ခိုင်းတာ ။ အခုဆို အသေးလေးက အား လုံးကျွမ်းကျင် သွားပါပြီနော် ။ မနက်ဘက် သားအမိ နှစ်ယောက် အက ထွက်တော့မယ် ဆိုရင် စက်ဘီး ကို လေ ရှိ ၊ မရှိလည်း ကြည့်တတ်ပြီး လေ မရှိရင် လေ လည်း ထိုးနိုင်ပါတယ် ။ ပြီးရင် စက်ဘီးလက်ကိုင် ရှေ့က ခြင်းလေးထဲမှာ တီးလုံးခွေ အဆင်သင့် ထည့်ပြီးသား ကက်ဆက်လေး ကို တင် ၊ စက်ဘီး နောက် ကယ်ရီယာ ပေါ်မှာ ဘက်ထရီအိုး ကို သေချာညှပ် ၊ သေချာ ကြိုးချည် ၊ ကက် ဆက်လေး ရဲ့ နောက်မှာ “ မြနှင်းဆီ တေးသရုပ် ဖော် ၊ အိန္ဒိယဇာတ်မြူး ၊ တစ်ပုဒ်ငါးဆယ် ” ဆိုတဲ့ သုံးထပ်သားမြေဖြူ ဆိုင်းဘုတ်လေးကို ထောင်ဖို့ ကို လည်း မမေ့ပါဘူး ။ ဒီနေ့ မနက် အမေ နေမ ကောင်းလို့ မိတ်ကပ်လိမ်း မပေးနိုင်တာတောင် ကိုယ့်ဘာသာ ကိုယ် လိမ်းတာ အကျ ၊ မျက်ခုံးကြား နှာရောင်ပေါ်မှာ အနီပြောက်လေး ထည့်တာ တောင်မှ လှလှလေး လုပ်တတ်လို့ အမေ တောင် အံ့ဩနေတယ် မဟုတ်လား ။ အမေ က တစ်ယောက်တည်း စိတ်မချလို့ မလွှတ်ချင် ပေမဲ့ မြနှင်းဆီ အသေးလေး က အမေ မပါတဲ့ ဒီလိုနေ့မျိုးကို ချောင်းနေ တာ အမေ မသိရော့သလား ။ ကိုယ့်စိတ်တိုင်းကျ လွတ်လွတ်လပ်လပ် တကယ့်မြနှင်းဆီလုပ်ဖို့ လေ ။ ကဲ ... အခု ကိုယ် တစ်ယောက် တည်း မြနှင်းဆီ ၊ ဘယ်လောက် ပျော်ဖို့ ကောင်းလဲ ။ ကု,လားတီးလုံး တစ်ပိုင်းတစ်စ ကို ပါးစပ်ဆိုင်း တီးရင်း စက်ဘီး ကို မြန်မြန် တွန်းမိတယ် ။ ဦးပိန်တံ တားကြီးနားကို မြန်မြန် ရောက်အောင်ပေါ့ ။ အဲဒီမှာ ကျမှ ရတနာ့ဂူ ပွဲ တော်အရှိန်နဲ့ စားသောက်ဆိုင်တွေ မှာ တအားစည်နေတဲ့ လူတွေ ရှိတာ ။

“ ကု,လားမင်းသမီးလေး လာပြီဟေ့ ”

“ မြနှင်းဆီ တေးသရုပ်ဖော် လာပါဦး ”

ပရိသတ်တွေ က လည်း မလွယ်ပါလား ။ ချွေးကလေးများ သုတ်ပါရ စေဦးတော့ ။ ကလေးတွေ ဟာ သိပ်ဆိုးတာပဲ ။ တစ်ခါတည်း ဝိုင်း လာပြီး လူကို ထိဖို့ စဖို့ လုပ်ကြတော့တာပဲ ။ အမေ သာ ဆို တအား ငေါက်ထုတ်မှာ ။ 

“ ဟဲ့ ... ကောင်မလေး ၊ ဒီဝိုင်း က လာဦးတဲ့ ”

“ ဟုတ်ကဲ့ လာပြီ ”

အကြော်ဆိုင် က အစ်မကြီး လှမ်းခေါ်ပေးတာကိုတော့ ကောင်းကောင်း မွန်မွန် သွက်သွက်လက်လက် ဖြေရတယ် ။ တချို့ ဆိုင်တွေ ကျ သိပ်ကြည်တာ မဟုတ်ဘူး လေ ။ စားသောက်နေတဲ့ ဝိုင်းတွေ နား ကပ်သွားရင် ငေါက်ထုတ် တတ်တယ် ။

“ ကဲပါကွာ ၊ မင်းသမီးလေး က ကပြပါဦး ”

ဝိုင်းထဲက မျက်မှန်နဲ့ ဦးလေးကြီး တစ်ယောက် က အသံတိုးတိုးလေး နဲ့ ပြောတယ် ။ သူက ပြုံးနေပြီး သဘောကောင်းမယ့်ပုံ ။

“ ဘယ်လောက်ဖိုး ကရမှာ လဲရှင့် ”

“ ဟေ ... ”

ပြောပြီးမှ ကိုယ့် ဘာသာ မှားသွားမှန်း သိတယ် ။ အမေ သာ အနားရှိ လို့ ကတော့ လိမ်ဆွဲခံရပြီ ။ အမေ သင်ထားတာက “ ဘယ်နှစ်ပုဒ် ကရမှာ လဲရှင့် ” လို့ လေ ။

“ သမီး ဘယ်နှပုဒ် ကရမှာ လဲလို့ ပြောတာပါ ”

“ ဪ ... အေး ၊ အေး ၊ နှစ်ပုဒ်လောက် ကပေါ့ကွာ ”

ဦးလေးကြီး ကလည်း သဘောကောင်းပုံ ရရဲ့ သားနဲ့ ကပ်စေးနှဲလိုက် တာ ။ လေးပုဒ်လောက်များ က ခိုင်းမလားလို့ ။ နှစ်ပုဒ် ဆိုတော့ တစ်ရာ တည်းပေါ့ ။ ရှေ့ ကက်ဆက်ခြင်း ထဲ က ဘက်ထရီညှပ် နှစ်ခု ကို ဆွဲယူပြီး နောက်ကယ်ရီယာ ပေါ်က ဘက်ထရီအိုး မှာ ညှပ် ၊ ကက်ဆက်ခလုတ် ကို မနှိပ်ခင်မှာ အသေးလေး က ဦးလေးကြီးတို့ ဝိုင်းရှေ့မှာ ကု,လားမင်းသမီး ဟန်အပြည့် နဲ့ ဆလံနှစ်ခါ ပေးလိုက်တော့ တစ်ဝိုင်းလုံး က သဘော ကျ လက်ခုပ်တီးကြတယ် ။ ပြီးတာနဲ့ ကက်ဆက်ခလုတ် ကို နှိပ်လိုက် တော့ မြူးကြွတဲ့ ကု,လားဗုံသံကလေး ။ ဗုံသံကလေးနဲ့ အလိုက် အသေး လေးရဲ့ ခြေထောက်ကလေး က ဆတ်ခနဲ ဆတ်ခနဲ ရွေ့လျားတော့ ခြေချင်းဝတ် က ချူကလေးတွေ ကလည်း လိုက်ပြီး လှုပ်ရှားကုန်ကြရော ။

ဗုံသံလေး ဆုံးရင် သီချင်းက သံစုံမြူးကြွ လာပြီ ။ မြူးတာမှ အရမ်းကိုမြူး တော့တာ ။ ကလို့ လည်း သိပ်ကောင်း လာပြီ ။ တွန့်ချင် သလောက် တွန့်ပေတော့ ။ သံလက်ကောက် ရောင်စုံကလည်း အသေးလေး တွန့်ရင် တွန့်သလောက် တချွမ်ချွမ် နဲ့ ဆူညံကုန်ကြရော ။ တစ်ခုပဲ ခက် နေတာက အမေ့ လို ဗိုက်လှုပ်ပြီး မကတတ် သေးတာပဲ ။ ဗိုက်လှုပ်အက ကို အမေက သိပ် ကတတ်တာပဲ ။ ဟိုးအရင်တုန်း ကတော့ အမေ လည်း ဗိုက်လှုပ် အကရော ၊ ကု,လားမင်းသမီး အကရော မကျွမ်းပါဘူး ။ အမေ့ မှာ အလုပ် မရှိလို့ နတ်ပွဲတွေမှာ သားအမိ နှစ်ယောက် သီချင်းလိုက်ဆိုရင်း အမေ က ဇာတ်မင်းသမီး မြနှင်းဆီ ဆိုတာ သိတော့ မင်းကြီးမင်းလေး ရဲ့ နှမ ကု,လားမင်းသမီးလေး နေရာ ကနေ ဝင်ပြီး နတ်က ခိုင်းတော့ တတ် သွားတာပေါ့ ။ ကု,လားမင်းသမီးလေး ကပြီး တောင်းရင် နတ်ဆက်တဲ့ ပို က်ဆံတွေ အများကြီး ရတာပဲ ။ လူတွေက ကု,လားမင်းသမီး အက ကို ဇာ တ်မင်းသမီး အကထက် ပိုကြိုက်ကြတယ် ။ အမေက တော့ အဲဒါကို သိပ် စိတ်တိုတာပဲ ။ သူ ကု,လားက ကို မကချင်ဘူးတဲ့ ။ ဘာဖြစ်တာမှန်းလည်း မသိပါဘူး ။ အသေးလေး ကတော့ ဒီအကကို ကြိုက်မှ ကြိုက် ၊ ကြိုက်မှ ကြိုက် ။

“ ဟိုး .. ဟိုး .. ရပ်တော့ ၊ ရပ်တော့ ”

ဘာဖြစ်လို့ လဲ ၊ ဟိုမျက်မှန်နဲ့ ဦးလေးကြီး က ပဲ ။ ကတာ မကောင်းလို့ လား မသိ ။

“ ကဲ ... ရပါပြီ သမီးရယ် ။ ရပ်ပါတော့ ၊ ရပ်ပါတော့ ”

“ သမီး ကတာ မကောင်းလို့ လား ၊ ဟို .. သီချင်းက နှစ်ပုဒ်ပြည့်တော့ မှာ နည်းနည်းပဲ လိုတော့တာ ”

“ အေးပါ ၊ အေးပါ ၊ လာပါဦး သမီးလေးရယ် ။ သမီး က သိပ်ကောင်းပါ တယ် ။ ကောင်းလွန်းလို့ ဦး က ဆုပါချဦးမယ်နော် ။ ရော့ ... ”

ဦးလေးကြီး ပေးတာ ... ငါးရာတန်ကြီး ပါလား ။ ဒီလိုဆိုတော့ ဦးလေးကြီး က ကပ်စေးမနှဲဘူးဘဲ ။ ကျန်တဲ့ လူတွေ ကလည်း သဘော ကောင်းတယ်တော့ ။ တချို့ သူများ တွေ လို ငါးရာကြီး တောင် မပေးနဲ့ ၊ များ တာပေါ့တို့ ၊ နှစ်ရာ လောက် ပဲ ပေးတို့ မပြောဘူးတော့ ။

“ ဦးတို့ အားလုံး ကို ဆလံ အများကြီး ပေးပါတယ် ။ ကျေးဇူးတင်ပါတယ် ”

“ ရပါပြီ သမီးရယ် ၊ ရပါပြီ ။ သမီး အသက် ဘယ်လောက် ရှိပလဲဟင် ” 

“ ဆယ့်နှစ်နှစ် ”

“ သမီး အမေကရော“

“ အမေ က သမီးလိုပဲ က တယ်လေ ။ ဒီနေ့ နေမကောင်းလို့ လိုက်မလာတာ ” 

“ ဪ ... သမီး အဖေရော ” 

“ အဖေ က ဆုံးပြီ ”

“ သမီးတို့ ဘယ်မှာ နေလဲ ”

“ အခုလား ၊ အခုဆို သမီးတို့ က ဟို အောက်နန်းက တဲခန်းတွေ မှာ လေ ၊ ငှားနေတာပေါ့ ။ ရတနာ့ဂူပွဲ ပြီးတော့ ပြန်မှာ ပေါ့ ”

“ သမီးတို့ က ဘယ်ကို ပြန်ရမှာ လဲ ”

“ ဟို မိတ္ထီလာ နယ်ဘက်ပေါ့ ။ ရွာ မှာ သမီးတို့ အဘွား ရှိတယ် ”

“ ဒီ ရတနာ့ဂူပွဲ မှာ ပဲ သမီးတို့ က တာလား ”

“ ဘယ်ဟုတ်မှာ လဲ ၊ သမီးတို့ က အကုန် လျှောက် က တာပေါ့ ။ ဒီကို မလာခင် တောင်ပြုံးပွဲ မှာ ကတယ်လေ ။ ပွဲ ရှိတဲ့ နေရာတွေ လိုက် ကတာ ပေါ့ ဦးရဲ့ ”

“ ဪ ... ဪ ... အေး ... ဟုတ်ပါပြီ ၊ ဟုတ်ပါပြီဗျာ ” 

“ သမီး သွားလို့ ရပလား ”

“ သွား ၊ သွား ၊ သမီးသွား ၊ ရပြီ ”

“ သမီး ကြီးလာရင် ဘာလုပ်မလဲ ”

ဪ သွားတော့မယ် ဆိုခါမှ တော်တော် အမေးအမြန်း ထူတဲ့ ဦးလေးကြီး တွေ ။

“ သမီး ကြီးလာရင် ဒီလိုပဲ ကမှာ ပေါ့ ”

မေးတဲ့ ဦးလေးကြီး က မျက်လုံးကြီး ဝိုင်းပြီး ကြည့် နေတယ် ။ ဦးလေး တစ်ယောက် က “ ဒါ အကောင်းဆုံး အဖြေပဲ ” တဲ့ ။ သိပါဘူး ။ စက်ဘီးဒေါက် ကို ဖြုတ်ပြီး တစ်လှိမ့်ပဲ အားယူလှိမ့်ရသေး ၊ “ ဟေ့ မြနှင်းဆီ အသေးလေး လာဦးဟေ့ ” တဲ့  ။ သွားရော ။ လူ ကို အမောဆို့ သွားတာပဲ ။ အဲဒီ ဝိုင်း ကို သွားတောင် မသွားချင်ဘူး ။ တကယ်ပဲ ၊ ကချင်စိတ် တောင် မရှိတော့ ပါဘူး ။

•••••   •••••   •••••

နတ်ဆိုင်းသံ ၊ လူမျိုးစုံသံတွေ နဲ့ ရောထွေးဆူညံ ရှုပ်ယှက်ခတ်နေတဲ့ တဲတန်းတွေ ရှေ့ အသေးလေး တစ်ယောက် စက်ဘီး ကို ဒေါက်ထောက် လိုက်တော့ နေဝင်ရီတရော တောင် ရှိတော့မယ် ။ တဲခန်း အရှည်ကြီး ထဲ က အသေးလေး တို့ နေရာလေး မှာ အမေ က စောင်လေး ခြုံပြီး စောင်းစောင်းလေး အိပ်ပျော်လို့  ။

“ အမေ ” 

တဲခန်း ပေါ် မတက်ခင် စက်ဘီး ကို သော့ခတ် ရ သေးတယ် ။ သူခိုးတွေ က သိပ်ပေါတာ ။

“ ဟဲ့ .. ကောင်မလေး ပြန်လာပလား ”

လှည့်မကြည့်ဘဲ နဲ့ တောင် ဒီအသံဟာ ဘယ်သူမှန်း သိတယ် ။ “ မာမီ ငွေ ” ကြီး ပေါ့ ။ သူများ နတ်ကတော် တွေ လို နန်းပိုင် မရှိတဲ့ မြေလျှောက် နတ်ကတော်ကြီး လေ ။ ဒီ တဲခန်းမှာ အသေးလေး တို့ လို တစ်နေရာစာ ငှား နေရင်း နတ်လျှောက် ဟောတဲ့ သူပေါ့ ။ မာမီငွေကြီး က ညဘက် အတွက် ထွက်တော့မယ် ။ မိတ်ကပ်နံ့တွေ ၊ ဇွန်ပန်းနံ့တွေ က မွှေး လိုက်တာ ။

“ မာမီငွေ ၊ သမီး ဗိုက်ဆာလို့ ငှက်ပျောသီး တစ်လုံး လောက် ” 

အမေ့ ဘေး မှာ အသေးလေး ထိုင်ချလိုက်တယ် ။

“ အမေ ”

“ ဟဲ့ ... နင့် အမေ ဟာ မနက် နင် ထွက် သွားကတည်းက အိပ် နေတာပဲ ။ ငါ နေ့လယ် ပြန်လာတော့လည်း အိပ်နေတာပဲ ”

မာမီငွေ့ လက်ထဲ က ငှက်ပျောသီး မည်းမည်းလေး က အသေးလေး ရင်ခွင် ထဲ ဘုတ်ခနဲ ကျလာတယ် ။

“ အမေ ... အမေ လို့ ”

“ ဟဲ့ .. ဖယ်စမ်း ကောင်မလေး ၊ ငါ စမ်းကြည့်စမ်းမယ် ။ မြနှင်းဆီ ... ဟဲ့ ... မြနှင်းဆီ ”
 
မာမီငွေ က အမေ့ ကို လှုပ်နှိုးတယ် ။ ပြီးတော့ အထိတ်တလန့်သံကြီး နဲ့ မာမီငွေကြီး က “ ဟဲ့ .... တစ်ကိုယ်လုံး အေးစက် နေတာပဲ ။ ကောင်မလေး .... နင့် အမေ မရှိတော့ဘူး ထင်တယ် ” တဲ့ ။

   •••••   •••••   •••••

လေစိမ်းတွေ ကြားထဲ က မဲဇလီပင်တန်း အောက်မှာ စက်ဘီးလေး တစ်စင်း နဲ့ မြနှင်းဆီ တစ်ယောက်တည်း ပါပဲ ။

“ မြနှင်းဆီ လာပြီဟေ့ ” တဲ့  ။

“ မြနှင်းဆီ လာပါဦး ” တဲ့  ။

မြနှင်းဆီ နားဝင် ချိုလှပါတယ် ။ ကြားချင် လှပါတယ် ။ ဒါပေမဲ့ လူတွေ က အဲလို ခေါ်လိုက်တိုင်း အမေ့ ကို လွမ်းလို့ မြနှင်းဆီ ခဏခဏ ငိုရပါတယ် အမေ ရယ် ။

◾နုနုရည် ၊ အင်းဝ ၊

📖 ရွှေအမြုတေ ရုပ်စုံမဂ္ဂဇင်း
      အမှတ် ၁၅၅
      အောက်တိုဘာလ ၊ ၂၀ဝ၂ ခုနှစ်

#ကိုအောင်နိုင်ဦး

.

Wednesday, March 20, 2024

အမွေခံ


 ❝ အမွေခံ ❞ 


ဘုတ်ကြီး ၊ ငါ့ သား ပျင်းနေပြီလား ကွ ။ မပျင်းနဲ့ ဟေ့ကောင် ခဏ နေ မင်း ကြည့်ချင်တဲ့ မင်းသား ၊ မင်းသမီး လာတော့မှာ ။


ရှုတင်ထမင်းကား လည်း လာတော့မှာ ကွ သိလား ။ ဟာ ... ရတာပေါ့ ကွ ။ မင်း လည်း စားလို့ ရတာ ပေါ့ ။ ဘာမှ ပူမနေနဲ့ ။ ဘာလဲကွ ၊ ဟို ခြံဝ က ကား က ၊ အင်း မဟုတ်ဘူးကွ ၊ ကင်မရာအဖွဲ့ကား ကွ ။ အယ်လ်ဖာအုပ်စု ချီတက် လာတာ ။ အဲ ... လာပြီ ၊ လာပြီ ။ သူတို့ ကား နောက် က ဟာ မင်းသမီးကား ကွ ။ မင်းသမီး တော့ လာပြီ ။


ဘယ့်နှယ်လဲ ဟေ့ကောင် ၊ မင်းသမီး က ရုပ်ရှင် ထဲ က နဲ့ တူရဲ့လား ကွ ။ ဘယ်ဟာ က ပိုလှ သလဲ ။ အောင်မာ ၊ မျက်တောင် တောင် မခတ်ဘူး ဒီကောင် ။ မင်းသမီး နဲ့ စကား ပြော နေတဲ့ လူကြီး က ဒါရိုက်တာကြီး ပေါ့ ကွ ။ အေးပေါ့ ။ အဖေ တို့ ကို အမူအရာ ၊ သင်ပေးတဲ့ လူ ။ ဒီ ကား ကို ရိုက်တဲ့ သူ ပေါ့ ။


“ မွတ်ကြီး ၊ လာဟေ့ ။ ဦးစိန်ခိုင် နဲ့ မင်းသမီး အခန်း မှာ မင်း ပါမယ် ။ အဲဒီ အခန်း အရင် ရိုက်မယ် ။ မင်းသား နောက်ကျ နေတယ် ” 


“ လာပြီ ဆရာ ” 


ကဲ .. ငါ့သား မင်း ဒီနား က ပဲ ကြည့် နေနော် ။ အဖေ လုပ်တဲ့ အိုက်တင်တွေ ကို မင်း သေချာ ကြည့်ထား ၊ ဆရာဦးစိန်ခိုင် အမူအရာတွေ ကို ပို ပြီးတော့ သေချာ ကြည့် ကြားလား ။ အေးလေ ရုပ်ရှင် ထဲ မှာ တော့ စိန်ခိုင်ကြီး ပေါ့ ကွ ။ အဲဒါ အဖေတို့ လူကြမ်းဆရာ ပဲ ။ သူ က ရုပ်ရှင် ထဲ မှာ အမြဲတမ်း လူကြမ်းခေါင်းဆောင် နေရာ က ပါရတယ်လေကွာ ။ အဖေတို့ က တပည့် နေရာပဲ ပါ ရတာ  ။ 


“ လာပြီ ဆရာ ” 


“ ဒီမှာ မင်းသမီး ရယ် ၊ မင်း ရယ် ၊ ဦးစိန်ခိုင် ရယ် သုံးယောက် ရှိနေမယ် ။ မင်းသမီး က သူ့ ကို မတရား လိမ်လည်လှည့်ဖြား ခေါ်လာတယ် ဆိုပြီး ဦးစိန်ခိုင် ကို ရန်ထောင်မယ် ၊ ပြောမယ် ။ ဦးစိန်ခိုင် က ပြန် ပြောမယ် ။ ပြော မရတော့ ဦးစိန်ခိုင် က မင်း ကို ဟေ့ကောင် ကြည့် ထိန်းထားစမ်းကွာ လို့ ဒေါသတကြီး ပြောတဲ့ အခါ မင်း က မျက်နှာလို အားရ အမူအရာ နဲ့ ဝင်လာမယ် ။ မင်းသမီး ဆံပင် ကို နောက် က နေ ဆတ်ခနဲ ဆွဲ ဆောင့် ယူမယ် ” 


“ မွတ်ကြီး .. မင်း စကား တစ်လုံး မှ ပြောစရာ မလိုဘူး နော် ။ ဟဲ ဟဲ ဟဲ ဟဲ လည်း မရယ်ရဘူး ။ မင်း မျက်နှာ အမူအရာ က ပဲ ကြမ်းတမ်း ရက်စက် နေရမယ် ၊ နားလည်လား ” 


“ နားလည်တယ် ဆရာ ” 


“ နားလည်ရင် အခု ရီဟာဆယ် ခဏလေး လုပ်စမ်း ၊ ငါ ပြောတဲ့ အမူအရာ နဲ့ ငါ့ ဆီ ဝင်လာကြည့်စမ်း ။ ငါ က မင်းသမီး ဆိုပါတော့ ကွာ ။ ဟေ့ကောင် ငါ့ ဆံပင် ကို ဆွဲဖို့ ပြောတာ မဟုတ်ဘူး နော် ” 


“ ဟဲဟဲ ၊ ဟဲဟဲ သိပါတယ် ဆရာ ရဲ့” 


“ အဲ ... အဲ မင်း အဲဒီ အရယ်မျိုးကြီး လုပ်လိုက် မှာ ငါ ကြောက်တာ ၊ သိလား ၊ မင်း မရယ်တတ်ဘူး မွတ်ကြီး ။ လူကြမ်း ရယ် ရယ်တာ က တော့ မင်းတို့ ကောင်တွေ ဦးစိန်ခိုင်ကြီး ကို တစ်ယောက် မှ မမီဘူး ၊ မင်းတို့ ရယ်တာတွေ က စပ်ဖြီးဖြီး လိုလို ၊ သဘောကောင်းကြီး လိုလို ၊ အသိမိတ်ဆွေ တွေ့ တာ လိုလို ၊ ဒါမျိုးတွေ ချည့် ပဲ ။ ဦးစိန်ခိုင် လို ပရိသတ် သောက်မြင်ကတ်အောင် တစ်ယောက် မှ မရယ်တတ် သေးဘူး ။ ကဲ ... လုပ်စမ်းပါဦး မွတ်ကြီး ။ အိုကေ .. ဟုတ်ပြီ ။ မင်း မျက်နှာ က ရှုတည်တည် ၊ ပုပ်သိုးသိုး အမူအရာ နဲ့ မှ အကိုက် ၊ ရယ်ရင် သွားရော ။ ဟုတ်ပြီ နော် ။ ဒီအတိုင်း ပဲ ၊ ရယ်ဒီ မင်းသမီး ရေ အားလုံး အိုကေ နော် ။ ဦးစိန်ခိုင် ရယ်ဒီ ၊ သုံးယောက် စလုံး နဲ့ ရီဟာဆယ်လေး လုပ် ကြည့်မယ် ” 


“ .................. ” 


“ .................. ” 

  

“ အိုကေ ၊ ရိုက်မယ် ။ ရယ်ဒီ မီးစုံ ... ” 


“ .................. ” 


“ .................. ” 


“ ကတ် ၊ ရပြီ ။ အားလုံး ကောင်းပါတယ် ။ ကဲ .. မင်းသား မလာသေးဘူး လား ။ ဟေ့ကောင် မွတ်ကြီး ၊ မင်းသား လာ ရင် မင်း နဲ့ မင်းသား ဖိုက်တင်ခန်း ရှိသေးတယ် နော် ”  


“ ဟုတ်ကဲ့ ဆရာ ” 


“ ဘုတ်ကြီး ၊ အဖေ့ အိုက်တင် ကောင်းရဲ့လား ကွ ၊ ဘယ့်နှယ်တုံး ၊ မင်း မျက်နှာ က မကြည်မသာ နဲ့ ၊ ဘယ်လို ဖြစ်နေတာလဲ ။ ဟားဟား မင်း က လည်း လူကြမ်းသား လို့ မပြောရဘူး ” 


“ အဖေ က အမြင်ကတ်စရာကြီး ” 


“ ဟားဟား ကောင်းတာပေါ့ကွ ။ မင်း လို သား အရင်းခေါက်ခေါက် က တောင် အမြင်ကတ် ရင် ငါ့ အိုက်တင် ကောင်းပြီပေါ့ ကွ ၊ ဟားဟား ” 


“ ဦးစိန်ခိုင်ကြီး က ပို မုန်းဖို့ ကောင်းတယ် ” 


“ ဟာ ဒါဆို ဦးစိန်ခိုင်ကြီး က ငါ့ ထက် ပို ကောင်းနေပြီကွ ။ ဟားဟား ။ လာဟေ့ ငါ့ သား ထ ၊ ခြံ ထဲ က သစ်ပင် အောက် မှာ မင်း နဲ့ ငါ ဖိုက်တင် သွား ကျင့် မယ် ။ မင်းသား မလာခင် ရီဟာဆယ် လုပ်ရင်း မင်း လည်း သင် ပေးရင်းပေါ့ ကွာ ၊ လာ ထ ”  


“ .................. ” 


ဟေ့ကောင် ၊ လာပါ ဆို ။ သွားမယ် ထ ။ ဒီမှာ လေ့ကျင့်ဖို့ နေရာ ကျယ်ကျယ်လေး ရှိတုန်း မင်း ကို သင်ပေးရ မှာ ။ တို့ အိမ်ခန်း ထဲ မှာ မင်း ဘယ်လို လုပ် သင်မလဲ ။ ဒီလို ခြံကြီးမျိုး ထဲ မှာ မှ ကောင်းတာကွ ၊ သိလား ။ ဒါကြောင့် မင်း ဒီနေ့ အဖေ ခေါ်လာတာ ပေါ့ ။ လာ အဲ ... အဲ ... ဟို ပြုံးပြုံး ပြုံးပြုံး နဲ့ လူ ဟာ ဒီ ခြံ သူဌေး ပေါ့ကွ ။ သဘော ကောင်းတယ် ။


“ ဘယ်လိုလဲ ကိုမွတ်ကြီး ။ ဒါလေးက သား လား ” 


“ ဟာ ဟုတ်ကဲ့ ဆရာ ။ ကျွန်တော့် သား ပါ ။ ဆရာ နေကောင်းတယ် နော် ”  


“ ဟုတ်ကဲ့ ” 


“ ခွင့်ပြုပါဦး ဆရာ ။ နေရာကျယ်ကျယ် ရောက်တုန်း ဒီကောင့် ဖိုက်တင်လေး ဘာလေး သင်ပေးလိုက်ဦးမယ် ဆရာ ။ ခု ကတည်း က သင် ထား မှ ဒီကောင် ကောင်းကောင်း ကျွမ်းမယ် ဆရာ ၊ ဒါကြောင့် .. ”  


“ ဘာလဲဗျ ခင်ဗျား က ကလေး ကို လူကြမ်း လုပ်ခိုင်း မလို့လား ” 


“ ဒါပေါ့ ဆရာ ဟဲဟဲ လူကြမ်းသား ဟာ လူကြမ်း ပဲ ပေါ့ ” 


“ ဟာ မလုပ်ပါနဲ့ဗျာ ။ ကလေး က ရုပ်ကလေး သနားကမား နဲ့ ပါ ။ ဘယ့်နှယ် မဟုတ်တာ ” 


“ ဟဲဟဲ ရုပ်ကလေး ရှိတော့ လည်း ဦးစိန်ခိုင် တို့ လို အဆင့်မြင့် လူကြမ်း ခေါင်းဆောင် ပေါ့ ဆရာ ၊ ဟဲဟဲ ခွင့်ပြုပါဦး ဆရာ ” 


လာကွ ငါ့ သား ။ မင်း သူများ ပြောတာ ကို ဘာမှ နားယောင် မနေနဲ့ ။ ကိုယ့် အဖေ ပြောတာပဲ ကိုယ် နားထောင် ၊ ကြားလား ။ လူတွေ က အဖေ့ ကို ဆိုရင် အမြင်ကတ်ကြတယ် ၊ မုန်းတီးကြတယ် ၊ ရွံရှာစက်ဆုပ်ကြတယ် ။


ရုပ်ရှင်ပိတ်ကား ပေါ် မှာ အဖေ ကို ပေါ်လာပြီလား ဆိုရင် ဟာ မွတ်ကြီး တော့ လာပြီ ၊ စိန်ခိုင်ကြီး တော့ လာပြီ ဒီကောင်တွေ မင်းသား ကို မကောင်း ကြံတော့ မယ် ၊ မင်းသမီး ကို နှိပ်စက်တော့မယ် ၊ သူများ ချစ်ခြင်းကို ခွဲတော့မယ် ၊ တစ်နည်း မဟုတ် တစ်နည်း ကောက်ကျစ်စဉ်းလဲတော့မယ် ဆိုတာ ပရိသတ် က သိ နေပြီ ၊ ဘာမှ မလုပ်ရ သေးဘူး ။ အဖေတို့ မျက်နှာ ပေါ်လာတာ နဲ့ ပရိသတ် က မုန်းလိုက် ပြီး ပြီ ။ စိတ် မထိန်းနိုင်တဲ့ ပရိသတ် တချို့တလေ က အော် တောင် ဆဲ လိုက်ကြပြီ ။


တကယ်တော့ ပရိသတ် အဲလို မုန်းဖို့ ၊ အမြင်ကတ်ဖို့ ၊ ရွံရှာစက်ဆုပ်ဖို့ အဖေ တို့ ဘယ်လောက် ကြိုးစားရတယ် မှတ်လဲ ။ ကိုယ့် မျက်နှာ ကို မြင်တာ နဲ့ ပရိသတ် ဆဲချင် လာအောင် လုပ်ဖို့ လွယ်တယ်များ မှတ်သလား ။


ဒါ တို့ က ရုပ်ရှင် မို့ ။ ဇာတ် လူကြမ်းတွေ ဆိုရင် ကိုယ့် ကိုယ် ကိုယ် အနာ ခံ ၊ ဒလန်တွေ ဘာတွေ ထား ပြီးတော့ တောင် ပရိသတ် အမြင်ကတ် ဖို့ လုပ်ရတာ ကွ ၊ သိလား ။


ဇာတ်ခုံ ပေါ် မှာ မင်းသား ဖြစ်ဖြစ် ၊ မင်းသမီး ကို ဖြစ်ဖြစ် သူ နှိပ်စက် နေ တုန်း ၊ ရက်စက်နေ တုန်း မှာ သူ့ ဒလန် က အောက် က နေ ပြီးတော့ ပြောင်ဖူးရိုး တို့ ၊ ဆီးစေ့ တို့ ၊ စက္ကူစုတ်လုံး တို့ နဲ့ ပေါက် ပေးရတယ် ။ သူ က အပေါ် က  ၊ ပိုပြီး နှိပ်စက် ပြ ၊ အောက် က ဒလန်က ပေါက် နဲ့ ဘေး ပရိသတ် က ပါ စိတ် ပါပြီး ဝိုင်း ပေါက်ကြတာပေါ့ ။ တချို့ ဆို ခဲတွေ ဘာတွေ နဲ့ ပေါက် လို့ ထိ ပြီး သွေးတွေ ဘာတွေ တောင် ကျတယ် ။ ကျပါစေ ၊ အဲဒါဟာ သူ့ရဲ့ အောင်မြင်မှု ပဲ ။


ပရိသတ် ရွံရှာစက်ဆုပ် မုန်းတီး လေ အဖေတို့ ဝမ်းသာရလေ ကွ သိ လား ။ အဲဒါ အဖေ တို့ အောင်မြင်မှု ၊ လူကြမ်း အလုပ် နဲ့ လုပ်စား ပေရော့ လို့ ပရိသတ် ထုတ်ပေး လိုက်တဲ့ ထမင်းစား လက်မှတ် ကွ ။ လူကြမ်း ဆိုပြီး လူကြမ်း မပီသ ရင် အဖေတို့ ကို ဘယ် ဒါရိုက်တာ က ငှားတော့မှာ လဲ ။ ပရိသတ် ဆီ က ဘယ်လို လုပ် ထမင်းစား လက်မှတ် ရတော့ မလဲ ။


လူကြမ်း မွတ်ကြီး ဆိုတဲ့ နာမည်လေး တစ်လုံး ရ ဖို့ ၊ လူကြမ်းစိန်ခိုင်ကြီး ဆိုတဲ့ နာမည်လေး တစ်လုံး ရဖို့ အဖေ တို့ အများကြီး ကြိုးစားခဲ့ရတာ ကွ ။ လူကြမ်း ဖြစ်ချင်တဲ့ ကောင်တွေ မရှိဘူး မထင်နဲ့ ။ ပေါသလား မမေး နဲ့ ။ ထိပ်ဆုံးက လူကြမ်း ဖြစ်ဖို့ ကိုယ့် ပြိုင်ဘက် ကောင်တွေ ကို နင်း တန် နင်း ၊ တွန်း တန် တွန်း ၊ တံတောင် နဲ့ တွက် တန် တွက် ၊ ကိုယ်တိုင် ကလည်း ကြိုးစား ၊ နည်းမျိုးစုံ သုံးရတာ ကွ ၊ သိလား ။ အဖေ ပြော တာတွေ ကို နားလည်စမ်းပါ ကွာ ။ ကဲ လာ ချမယ် ။ ဟို တစ်ခါ သင်ထား တဲ့ လက်သီး ထိုးတာလေကွ ၊ အသင့်ပြင် လေ ကွာ ။ ဟုတ်ပြီ ၊ မင်း က အဖေ့ ကို ထိုး ၊ အဖေ ရှောင် ပြမယ် ။ လက်သီး ဆုပ် တာ မှတ်မိတယ် နော် ။ မိန်းမ လက်သီးဆုပ်ကြီး မဆုပ် နဲ့ ။ လက်မ ကို လက်ချောင်းတွေ အောက် ဘယ်တော့မှ ထည့် မဆုပ်ရဘူး ၊ မှတ်ထား ။


ဟုတ်ပြီ ၊ ထိုးလေကွာ ၊ ထိုး ၊ အဲ ဒီမှာ အဖေ ရှောင်တာ ကြည့် ။ ညာဝိုက် နဲ့ ထိုးရင် ဘယ်လက် နဲ့ ခံ ၊ ဘယ်ဝိုက် နဲ့ ထိုးရင် ညာလက် နဲ့ ခံ ဟုတ်လား ။ ကဲ မင်း ကို ထိုးမယ် ၊ ပြန် ခံစမ်း ။ မျက်နှာ ကို မာထား ၊ တင်းထား ဟုတ်ပြီ ။


နောက်ပြီးတော့ မင်း ဗိုက် ကို ထိုး ခံရရင် ရှေ့ ကို နည်းနည်း ကုန်း ပေးလိုက် ၊ ဘယ်လီ ကို တင်းထား ။ ပါးစပ် က “ အင့် ”  လို့ နာ သွားတဲ့ အသံမျိုး နဲ့ အော် ။ နောက် လက်သီး တစ်လုံး က မင်း ပါးချိတ် ပေါ် လာ လိမ့်မယ် ။ ထိမယ် ၊ နောက် ပြန်လဲမယ် ၊ အကျ ကို ဂရုစိုက် ၊ သတိထား ။ နောက်စေ့ နဲ့ ကျ တတ်ဘယ် ။ မကြောက်နဲ့ ၊ ပိတ်ကား ပေါ်  ရန်ဖြစ်တာ တကယ် ရန်ဖြစ်သလောက် မနာပါဘူး ကွ ၊ ထမင်း စားဖို့ သရုပ်ဆောင် နေတာပဲ ဟာ ။ တကယ် ထိပြု သွား တာ လည်း ရှိတာပေါ့ ကွာ ။ ဒါလောက် တော့ ခံရမှာပေါ့ ။ လူကြမ်း ပဲ ။


မင်း ထမင်း ဆာပြီလား ၊ ဆာပြီ ၊ အေး ငါ လည်း ဆာတယ်ကွ ။ ဒါပေမဲ့ နေဦး ၊ ထမင်းကား မလာသေးဘူး ။ လာတော့မှာ ပါ ။ မလာခင်လေး မင်း ကို ဟို တစ်ခါ ပြထားတဲ့ သိုင်းကွက်လေး ကစား ကြည့်စမ်း ။ ဓားကွက် လေ ကွာ ။ ရာဇဝင် ကားတွေ ဘာတွေ ကျ ဓားကွက် က လိုတယ် ၊ ညာခြေ ရှေ့ တစ်လှမ်း တက် ၊ ဟုတ်ပြီ ခုတ် ၊ ဘယ်ခြေ ကို ပတ်ပြီး ရှေ့ တစ်လှမ်း တက် ၊ ပြီးတော့ ဆက် ခုတ်လေ ကွ ၊ ကြက်တူရွေးတန်းလျှောက် လေကွာ ။ အေး ဟုတ်တယ် ခုတ် ။


ဟုတ်ပြီ ၊ ငါ့ သား က ဘယ် ဆိုးလို့တုံးကွ ။ လာ အဖေ့ နား မှာ လာထိုင် ။ ခဏ နားလိုက်ဦး ။ ရော့ ချွေးသုတ် ၊ ငါ့ စွပ်ကျယ် က တော့ ချွေးအိသွားပြီ ဟေ့ ။ မင်း က အဖေ့ လောက် ချွေးထွက် မသန်ဘူးကွ ။ အဖေ့ ချွေး က တော့ ထွက် သလား မမေးနဲ့ ။ ဟဲဟဲ ၊ ဒါကြောင့် ပရိသတ် က ပြောတာပေါ့ ။ ချွေးသီးချွေးပေါက်တွေ နဲ့ မွတ်ကြီး မျက်နှာကြီး က ရွံစရာကြီး တဲ့ ။ ဆရာဦးစိန်ခိုင် တို့ ကျ တစ်မျိုး ကွ ၊ ပရိသတ် သြဘာ ပေးတာ က ၊ လူ ကြည့် တော့ ခံ့ခံ့ချောချော နဲ့ စကား ပြောတော့ ချိုချို ချိုချို နဲ့ ယုတ်မာ လိုက်တာ ကြည့်ရင်း ကြည့်ရင်း နဲ့ အော့နှလုံး နာလာတယ် တဲ့ ။ ဟားဟား ။


ငါ့ သား ၊ ဆရာ ဦးစိန်ခိုင် လို လူကြမ်းမျိုး ဖြစ်အောင် မင်း ကြိုးစားရမယ် ကွ သိလား ။ မင်း က အဖေ့ လို ရုပ် မကြမ်းဘူး ။ ခုန ဒီ ခြံ သူဌေး ပြောတာ မင်း ကြားတယ် မဟုတ်လား ။ ရုပ်ကလေး သနားကမား နဲ့ ဆိုတာလေ ။ အေး ရုပ်ကလေး သနားကမား နဲ့ ရက်စက် ပြတတ်ရင် လူကြမ်း ခေါင်းဆောင် ဖြစ်မယ် ။ ဆရာဦးစိန်ခိုင် တို့ လိုပေါ့ ကွ ။ အဖေ တို့ က ရုပ်ကြမ်း တော့ နောက်လိုက် လူကြမ်း ပဲ လုပ်ရ တာ ပေါ့ ။


လူကြမ်း နှစ်မျိုး ရှိဘယ် ကွ ။ အဖေတို့ လို ရုပ်ကြမ်း ၊ စိတ်ကြမ်း ၊ ခြေကြီး ၊ လက်ကြီး နဲ့ ထိုးဟယ် ကြိတ်ဟယ် ရိုက်ဟယ် နှက်ဟယ် ပြေးဟယ် လွှားဟယ် လုပ်ရတဲ့ နောက်လိုက် လူကြမ်း ရယ် ၊ ဆရာဦးစိန်ခိုင် တို့ လို ရုပ်နု ၊ စိတ်နု ၊ နုနုနယ်နယ် နဲ့ ထိုးစရာ ကြိတ်စရာ ပင်ပန်းစရာ မလိုဘဲ ခေါင်းဆောင် နေရာ က လူကြမ်း မျိုး ရယ်ပေါ့ ။ တကယ်တော့ ဆရာဦးစိန်ခိုင် တို့ က အဖေ တို့ လိုသာ မပင်ပန်းတာ ၊ လူကြီးလူကောင်း ဆန်ဆန် သိမ်သိမ်မွေ့မွေ့ ကောက်ကျစ် စဉ်းလဲ ပြဖို့ ဆိုတာ အတော် ခက်တာကွ ၊ ဒါကြောင့် လူကြမ်း တိုင်း သူ့ လို နေရာမျိုး မရတာ ပေါ့ကွ ။


ဟေ့ကောင် ဘာ ငိုင် နေ တာလဲ ။ အဖေ ပြောတာတွေ မင်း နားလည်တယ် မဟုတ်လား ။ အလကား ၊ သူများ ပြောတာတွေ ခေါင်း ထဲ ထည့် မနေနဲ့ ။ ကိုယ့် အလုပ် ကိုယ် လုပ်ဖို့ပဲ ကွ ။


လူတွေ က အဖေ တို့ ကို ထင် နေကြတယ် ။


ဒီကောင်တွေ လူကြမ်း အလုပ် ကို မလုပ်ချင်ဘဲ နဲ့ လုပ် နေရတယ် ။ သူတို့ မင်းသား လုပ်ချင် မှာ ပေါ့ ၊ လူရွှင်တော် လုပ်ချင် မှာ ပေါ့ ၊ လူတွေ ရွံမု န်းမှ ထမင်း စားရတဲ့ ဒီ အလုပ်မျိုး ကို ဘယ်သူ လုပ်ချင်ပါ့မလဲ လို့ ။ ဟဲဟဲ ခုန ခြံသူဌေး အံ့သြ သလို ကိုယ် သာ မတတ်သာ လို့ လုပ် နေရတာ ၊ ကိုယ့် သားသမီး တော့ ဘယ်သူ မှ လုပ်ခိုင်း မှာ မဟုတ်ဘူး လို့ ထင်ကြမှာပေါ့ကွာ ၊ တကယ်တမ်း တို့ က ဒီ အလုပ် လုပ်ရတာ ပျော် နေတာ ၊ ကျေနပ်နေတာ ၊ စိတ်ပါလက်ပါ လုပ်နေတာ ကို သူတို့ မသိကြဘူး ကွ ၊ ဟား ဟား ။


ငါ့ သား မင်း လည်း လုပ် ကြည့်တော့ သိလာမှာပါ ကွ ။ 


လာဟေ့ ဟိုမှာ ထမင်းကား ဝင် လာပြီ ။ သွား စားမယ် ။ မင်းသားကား တောင် မလာသေးဘူး ။ မွတ်ကြီး လက်သီး ကြောက်လို့ နဲ့ တူတယ် ။ 


ဟားဟား ၊ ဘုတ်ကြီး ငါ့ သား ၊ အဖေ ပြောတာတွေ ကို သဘောပေါက်တယ် နော် ။ စိတ်ကူး မလွဲစမ်းပါနဲ့ကွာ ၊ လာ ... ။


◾နုနုရည် ( အင်းဝ )


📖 ရွှေအမြုတေ ရုပ်စုံ မဂ္ဂဇင်း

      အမှတ် ၄၀

      ဖေဖော်ဝါရီလ ၊ ၁၉၉၃ ခုနှစ်


#ကိုအောင်နိုင်ဦး


.

Saturday, April 16, 2022

ထမင်းတွေပုံ ဟင်းတွေပုံ


 

❝ ထမင်းတွေပုံ ဟင်းတွေပုံ ❞

ဒီနေ့ မှာ ပဲ အချိန်တွေ ရယ် ကုန်ခဲလိုက်ပါဘိတော့ ။ ညနေ လေးနာရီ ကလည်း ထိုး ခဲ လိုက်ပါဘိတော့ ။

သံစုံအောင် မြည်နေတဲ့ ဗိုက် ပိန်ချပ်လေး ကို ခဏခဏ ပွတ်သပ် ငုံ့ကြည့်ရင်း “ ရေပေါ ” မျှော်လင့် စောင့်စားနေရတာ ကြာ လှပါပကော ။ မနက်ကတည်း က ဆန်တစ်ဆုပ် ပြုတ် ရေကျဲကျဲ ကို သားအဖ နှစ်ယောက် ဝေမျှ သောက်ပြီး တဲ့ မနက် ကိုးနာရီ လောက်ကတည်း က ရေပေါ စောင့် နေရတာ ။ ဘယ်သူ့ ကို ရမလဲ ၊ ထမင်း လေ ထမင်း ၊ ထမင်း ။ ရေပေါတို့ မြန်မာပြည်သား တိုင်း မစားရ မနေနိုင် တဲ့ ထမင်း ပေါ့ ။

ရေပေါ ကျောင်း က မထွက်ခင် လေးတန်း မှာ တုန်း က ဆရာ က သင်တယ် ။ ထမင်း အသက် ခုနှစ် ရက် ၊ ရေ အသက် တစ်မနက် တဲ့ ။ ဟင့်အင်း ထမင်း မက်တဲ့ ရေပေါ ကတော့ အဲဒီ အဆို ကို ပြင်ချင်တယ် ။ “ ထမင်း အသက် တစ် မနက် ၊ ရေ အသက် ခုနှစ်ရက် ” လို့ ပဲ ။ ငယ်ငယ် ကတည်း က ထမင်း တစ်ခု တည်း ကို ပဲ အားပြု ကြီးပြင်းလာခဲ့ရလို့လား မသိဘူး ။ ရေပေါ ထမင်း ကို မက် တယ် ။ ဆန် နီ သည် ဖြစ်စေ ၊ ဝါ သည် ဖြစ်စေ ၊ ဟင်း ပါ သည် ဖြစ်စေ ၊ မပါ သည် ဖြစ်စေ ၊ ထမင်း ကို စား လိုက်ရမှ တင်းတိမ်တယ် ။ ရေပေါ စိတ်ထင်လေ ။ ရေ ကိုသာ ခုနှစ်ရက် အငတ် ခံ နိုင်မယ် ။ ထမင်း ကို တော့ တစ်မနက် အငတ် မခံနိုင်ပါဘူးလို့ ၊ ဟားဟား ခုတော့လည်း ငိုချင်စရာ အကောင်းသား ၊ ရေပေါ တို့ သားအဖ ထမင်း မစားရတာ တစ်မနက် မက ၊ တစ်ညနေ မက ၊ ခုနှစ်ရက် တောင် ကျော်ခဲ့ပြီ ။

ရေပေါ တို့ သားအဖ တင် ဘယ် ဟုတ်မလဲ ၊ ခုချိန်မှာတော့ သူသူငါငါ ဆိုတာ ကိုပဲ အလုပ်အကိုင် တွေ က မဖြစ် ၊ ဆန်ဈေး က နှစ်ဆယ် နဲ့ ကန်စွန်းဥ ၊ ပိန်းဥပြုတ် တစ်လှည့် ဘာမှ မပြုတ်တာ တစ်လှည် နဲ့ အသက် ဆက် နေရတဲ့ ရေပေါ တို့ လို လူမျိုးတွေ လည်း ရွာ ထဲ မှာ အပုံ ပေါ့ ။ ရွာ ထဲ မှာ ထမင်း မှန်အောင် စား နိုင်တဲ့ အိမ် က နည်းနည်းရယ် ။ သူတို့တောင် ခုတစ်လော ခေါက်ဆွဲ တစ်လှည့် ချာပါတီ တစ်လှည့် ။ ဒါကြောင့်မို့လို့ ဒီနေ အဖို့ အားလုံးက မျှော်လင့်နေကြပါသည် ဖြစ်နေတာ ။ ရေပေါ တို့ ရွာ မှာ ဒီနေ့ ညနေ လေးနာရီ ဆန်သုံးတင်း ဟင်းချက် ၊ စတုဒီသာ ထမင်း အလှူ ရှိတယ်လေ ။

ထမင်း အလှူရှင် က မန္တလေး က ဒီ ရွာ သား ၊ မန္တလေး ဈေးချို ထဲ မှာ ဆိုင် နှစ်ဆိုင် ၊ သုံးဆိုင် နဲ့ စီးပွားရေး ပြေလည်နေတဲ့ သူ ၊ ပိုက်ဆံ ရှိ တဲ့ ဒီ ရွာ က သူ့ အမျိုးသမီး အိမ် မှာ စတည်း ချပြီး လာ ကျွေးတာ ။

တကယ် တော် တဲ့ လူ ၊ ရွာ ထဲ က ဆို သူ မလာခင် ကတည်းက လာ ကျွေးမယ် ဆိုတဲ့ အသံ ကြား ကတည်း က တစ်ရွာလုံး သာဓု ခေါ် နေကြတာ ။ သူ တကယ် ကုသိုလ် ရပါတယ် ။ ဝ နေတဲ့ လူတွေ ကို ကျွေး တာbထက် မဝ တဲ့ လူတွေ ကို ကျွေးတာ ပိုပြီးတော့ သူ ကုသိုလ် ရဦးမယ် ။

ဆန် က သုံးတင်း ချက် ၊ ဟင်း က ဝက်သား နဲ့ ကုလားပဲ ရော ၊ ပဲတီချဉ်သုတ် တဲ့ ။ သိပ် မြိန် မှာပဲ ။ မစားရတဲ့ ရက် တွေ ကို  အတိုး ချ ပြီး ရေပေါ အားရပါးရ စား ပစ်လိုက်စမ်းမယ် ။ အင်း တစ်ခုပဲ ၊ တစ်ခုပဲ ။ ဆန် သုံးတင်းချက် နဲ့ ရွာ ရှိ လူအား နဲ့ က မမျှဘူး ။ ဦးသူ ဝင် စား ၊ ထမင်းဟင်း ကုန်တာ နဲ့ ကုန်တန် ဝတန် ပဲ ဆိုတော့ မကုန်ခင် မှာ ဝ ဖို့ အတွက် ရေပေါ ကြိုးစားရလိမ့်မယ် ။

အရေးထဲ မှာ အဖေ က လည်း ခုထိ ပေါ် မလာဘူး ။ အမေ တို့ သွား နေတဲ့ ကျည်းတော က လူကြုံ လာတယ် ဆိုတာ နဲ့ ငေါက်ခနဲ ထ သွားလိုက်တာ ကြာ လှပြီ ။ အေးလေ အချိန်ကစောတော့ စောပါ သေးတယ် ။

အဖေ ပြန် လာရင် ကျည်းတော မှာ အမေ တို့ နပ်မှန်တယ် ဆိုတဲ့ အသံ ပဲ ကြား ပါရစေ ။ အမေ့အစ်မ ကြီးတော်ကြီး တို့ ကတော့ စားနိုင် သောက်နိုင် တဲ့ လူ တွေပါ ။

လယ်ပိုင် ယာပိုင်တွေ ပါ ။ အမေ သာ လယ် မပိုင် ၊ ယာ မပိုင် ၊ ကိုယ်ခန္ဓာ ကိုယ် တစ်ခု ကိုပဲ ပိုင် တဲ့ မင်းနေပြည်တော်ဟောင်းသား အဖေ့ ကို ယူ မိလို့ မစားနိုင် မသောက်နိုင် လို့ လူ ခွဲပြီး အစ်မ ဆီ ပြေးတဲ့ အမေ တို့ သားအမိ သုံး‌ယောက် ကို ကြီးတော်ကြီး တို့ ကြည်ဖြူပါစေ ၊ သဒ္ဓါပါစေ ။ အမေ နဲ့အတူတူ ရေပေါ် အောက် အလတ်မ စိန်ဝင်းရွှေ နဲ့ အငယ်ကောင် ငွေပေါ တို့ နှစ်ကောင် ပါ သွားသေးတယ် ။ ရေပေါ က မှ လေးတန်း အထိ နေခဲ့ ဖူးသေးတယ် ။ စိန်ဝင်းရွှေ က တစ်တန်း တောင် မရောက်ဘူး ။ သူငယ်တန်းကြီး နဲ့ မိန်းကလေး ဆိုပြီး အမေ က ကျောင်း နှုတ်ပစ်တယ် ။ ငွေပေါ ကတော့ တစ်တန်း ရောက်ပြီ ။ ဒါပေမယ့် ဒီ ကောင် လည်း သိပ် စာ တတ် မှာ မဟုတ်ပါဘူး ။ ကျောင်း မှ မလိုက်ရတော့ တာ ။ ဒီကောင့် အသက် က ခုဆို ရှစ်နှစ် ၊ အလတ်မ က ဆယ့်တစ်နှစ် ၊ ရေပေါ က ဆယ့်ငါးနှစ် ။

ရေပေါ တို့ မောင်နှမ သုံးယောက် ထဲ မှာ ထမင်းအစား အကြီးဆုံး မို့ ထမင်း စားချိန်တိုင်း ရေပေါ ကို တုတ် နဲ့ အမေ တဖတ်ဖတ် ချ တာကို သတိ ရမိ တိုင်း ရေပေါ ထမင်း ပို ဆာလာတယ် ။ အဖေ မြင်းလှည်း မောင်းလိုက် ၊ ငှက်ခတ်လိုက် ၊ သံသပိတ် ရိုက်လိုက် နဲ့ ကြုံရာ ကျပန်း အလုပ်တွေ လုပ်ပြီး အဆင် ပြေလာတဲ့ အခါမှာ အမေ ချက်တဲ့ ချဉ်ပေါင်စပ်ချဉ် နဲ့ ဝက်အူချက် ကို ရေပေါအောက်‌မေ့ လိုက်တာ ၊ နှုတ်ခမ်းတွေ ကို ရေပေါ လျှာ နဲ့ လိမ်းသပ်မိတယ် ။ မရောက်သေးဘူးလား ။ လေးနာရီ ရယ် ရောက်ပါတော့ ။

“ မြန်မာစံတော်ချိန် မှာ လဲ တစ်နာရီခွဲ ရှိပြီမို့ မြန်မာပိုင်း အစီအစဉ်များ ဤတွင် ရပ်ဆိုင်းပြီး ”

ဟိုဘက် သုံးအိမ် ကျော် ဦးချစ်တီး တို့ အိမ် က ရေဒီယို ကို ရေပေါ ကဗျာကယာ နား စွင့်ရတယ် ။ အဲ ... တစ်နာရီ တော့ ခွဲပြီ ။ ဦးချစ်တီး တို့ ကလည်း ပြီးခါနီး မှ ပဲ ရေဒီယို ဖွင့် ပေးတော့တယ် ။ စိတ်ပြေ လက်ပျောက် ရေဒီယိုလေး လှမ်း နားထောင်နေမလို့ ဟာ ၊ သီချင်း လာလိုက် ဒေါက်ခနဲ ပိတ်လိုက် တော်ကြာနေ ပြန် ဖွင့်လိုက် ၊ ဒေါက်ခနဲ ပိတ်လိုက် နဲ့ အလကား ကလိနေတယ် ။ အရင်ဆို အစ ကနေ အဆုံး အကျယ်ကြီး မိုင်ကုန် တင်နေကျ ။ နားထောင်ချင်ပါတယ် ဆိုတဲ့ နေ့ ကျမှ သူ က ကလိနေတယ် ။

အင်း ... တစ်နာရီခွဲ ဆိုတော့ သုံးနာရီ ထိုး ဖို့ ဘာ လိုတော့မလဲ ၊ ရေပေါ တို့ ရွာ လယ်ယာ ဖွံ့ဖြိုးရေး လက်ဖက်ရည် ဆိုင် ကို လက်ဖက်ရည်သောက် ၊ ရေနွေးသောက် သွား တဲ့ သူ တွေ တောင် ရွာလမ်းမ မှာ စည် လာပြီ ။

ရေပေါ ကောက်ခနဲ ထ ထွက်လာခဲ့တယ် ။ ဗိုက် ထဲ မှာ ကတုန်ကယင်ကြီး နဲ့ အိမ် မှာ နေမယ့် အတူတူ ဖွံ့ဖြိုးရေးဆိုင် သွား ထိုင် ၊ ရေနွေး သောက် ပြီး ဟိုစကား ဒီစကား နားထောင် နေတာ က မြန်မြန် အချိန် ကုန်မယ် ။

“ ဟေ့ကောင် ရေပေါ ရေနွေးသောက် တဲ့ ကောင် က ဟိုဘက် တိုး ပေးလိုက်ဦး ကွ ၊ လူကြီးတွေ ကို ”

ဖွံ့ဖြိုးရေးဆိုင် တာဝန်ခံ ကိုအောင်တင့် က လှမ်း မာန်တော့ လူပျိုပေါက် ရေပေါ နည်းနည်းတော့ ရှက် မိသား ။ ဟင်း .... လက်ဖက်ရည်လေး တစ်ခွက် မသောက်နိုင်တာ နဲ့ လူတွေ က တော်တော် နှိမ် ချင်တယ် ။ ရေပေါ တို့ အရင် ထော နေ တုန်းက ဆို လက်ဖက်ရည် တင် မက ပေါင်မုန့် နို့ဆီဆမ်း ပါ စားနိုင်တာ ကိုအောင်တင့် ခင်ဗျားကြီး လဲ အသိ ၊ တစ်ရွာလုံး လဲ အသိ ။ ဖွံ့ဖြိုးရေးဆိုင်ရာ ထရံ မှာ ရေးကပ် ထား တဲ့ စာရွက်ဖြူ ကို ရေပေါ နာနာကျည်းကျည်း ကြည့်မိတယ် ။

“ ယခုအချိန် တွင် သီးနှံစိုက်ပျိုးရာသီသို့ ရောက်ရှိလာပြီ ဖြစ်ပါသဖြင့် လယ်ကွင်း လယ်ကွက်များ အတွင်း သို့ ဝင်ရောက် ရွှေကျင်ခြင်း မပြုလုပ်ကြရန် ။ တွေ့ရှိပါက ဥပဒေအရ ပြင်းထန်စွာ အရေးယူခြင်း ခံရမည် ”

ဒီ ရွှေကျင် တာ မပိတ်သေးခင် က ဆို ရေပေါ တို့ ဘယ် ထမင်း ပြတ် လိမ့်မတုန်း ။ ထမင်း လဲ မပြတ် ၊ လက်ဖက်ရည် လဲ မပြတ် ၊ ပေါင်မုန့်နို့ဆီဆမ်း လဲ မပြတ် ။ ရွှံ့ ထဲ ရေထဲ မှာ ကျွဲတွေ နွားတွေ လို ပင်ပန်းပြီး ဘယ်လောက်ပဲ လူ နဲ့ မတူတူ မျှော်လင့်ချက်ကလေး တဝေဝေ နဲ့ ပျော်လို့တောင် နေသေး ။

လောဘသား ကိုး ။ ရေပေါ တို့ ရွှေကျင် တဲ့ လယ်ကွက် နေရာတွေ က အလျင် မင်းနေပြည်တော် ဟောင်း နဲ့ သူဌေးတန်း ဆို တဲ့ နေရာလေ ။ ဘုရားပြို ။ ဘုရားပျက်တွေ လဲ အများအပြား ရှိနေတဲ့ နေရာ ။ ရေစပ်စပ် လယ်ကွက် မှာ ရွှေကျင်သမားတွေ ရွှေ ကျင်ပြီဆိုမှဖြင့် အများအားဖြင့် ရကြ တာတွေက ရွှေလက်စွပ် အပဲ့လေးတွေ ၊ နားကပ်လေးတွေ ၊ ရွှေတုံး ၊ ရွှေစ အပဲ့လေးတွေ ပြီးတော့ ကျောက်ကလေးတွေ လဲ ရကြတယ် ။ အဲဒီ ကျောက်ကလေးတွေ က တစ်ခါတစ်လေ ထောင်ကျောက် ၊ သောင်းကျောက် တွေ ဖြစ် နေတတ်တယ် ဆိုတဲ့ သတင်းစကား နဲ့ ကျောက် ရှာသူတွေ ၊ ကျောက်ကျင် သူတွေ တရုန်းရုန်း ။

သူဌေးတန်း တွေ ရဲ့ မန်ကျည်းပင်တန်း အုပ်အုပ် အောက် မှာ တရုန်းရုန်း ရှိခဲ့ကြတဲ့ ရောင်းသူ ဝယ်သူတွေ ၊ ပိုက်ဆံတွေ ကို ရေပေါ ပြန် မြင်ကြည့်နေမိတယ် ။ ရွှေ ကျင်တာသာ မပိတ်ရင် အမေ တို့ ကျည်းတော ကို မပြေးရပါဘူး ။ ရေပေါ တို့ သားအဖ လဲ ဒီလို ဘယ်နေ ရလိမ့်မလဲ ။ ဒုတိယ အကြိမ် ထရံပေါ် က တားမြစ်စာရွက် ကို ရေပေါ ငေး ကြည့်နေမိတုန်း .....

“ ဟေ့ ဟေ့....ဘာလဲကွ ဘာဖြစ်တာလဲ “

ကိုအောင်တင့် အာကျယ်သံ နဲ့ အတူ ဆိုင် ထဲ ကို လူ သုံးလေးယောက် ပြေး ဝင်လာကြတယ် ။ မျက်နှာ မှာ ရွှံ့စက်တွေ ဗရဗွ ။ ရေစို တစ်ပိုင်း ၊ ပေါက်တူး ၊ ဒယ်ပိုင်း တွေ တိုးလိုး တွဲလောင်း နဲ့ ။ ရွှေကျင် တဲ့ သူတွေ ၊

“ စိန်သောင်း ....ဟေ့ကောင် ဘယ်လို ဖြစ်လာတာလဲ ”

ရေပေါ နဲ့ ရွှေကျင်ဖော် သူငယ်ချင်း စိန်သောင်း က ရေပေါ နား ကပ် လာပြီး ဟီးခနဲ တစ်ချက် ရယ် လိုက်ရင်း...

“ငါတို့ ရွှေ သွား ခိုးကျင်တာကွ ကင်းလှည့်တာ နဲ့ မိလို့ ပြေးလိုက်ရတာကွာ ၊ ဘာပြော ကောင်းမလဲ ”

ရေပေါ ရှေ့က ရေနွေးခွက် ကို ရွှံ့စက်တွေ ပေကျံ အေးစက် တုန်ယင်နေတဲ့ လက် နဲ့ ယူသောက်လိုက်တဲ့ စိန်သောင်း ကို ကိုအောင်တင့် က ခပ်ထွေထွေ လှမ်း ကြည့်တယ် ။

“ မင်းတို့ ကလဲ မင်းတို့ ပဲ ၊ သေဦးမယ်....မင်းတို့ ကောင်တွေ ၊ ဟိုမှာ တွေ့လား ၊ စာ ကို သေချာဖတ် ၊ သူများတွေ စိုက်တဲ့ပျိုးတဲ့ အချိန်ပါ ဆိုနေမှ ၊ ကိုယ်ချင်းလေး ဘာလေး စာ မှာပေါ့ကွ ”

စိန်သောင်း နောက် နား က ရပ်နေတဲ့ ရွှေကျင် တဲ့ လူကြီး တစ်ယောက် ဆီ က “ ကိုယ်ချင်းစာပါတယ်ဗျာ ” ဆိုတဲ့ အသံ တိုးတိုးလေး ထွက်လာတုန်းမှာပဲ လက်ဖက် ရည်ဆိုင်ရှေ့က ပြေးလွှားသံတွေ နဲ့ အတူ....

“ ထမင်း ကျွေးနေပြီတဲ့ ဟေ့ ”

ရေပေါ ကပျာကယာ ထရပ်လိုက်တယ် ။ တံတွေး ကို လည်း ဂလုခနဲ နေအောင် မျိုချ လိုက်တယ် ။

“ စိန်သောင်း ပြေး ကြစို့ ၊ လာ ငါတို့ ထမင်း စားရတော့မယ်“

ရေပေါ ရင်တွေ တောင်မှ တဒိတ်ဒိတ် ခုန်လ ာတယ် ။ ထမင်း ၊ ရေပေါ တကယ် ထမင်း စား ရတော့မယ် ။

ပဲဟင်း နံ့ ၊ ပူပူနွေးနွေး ထမင်း နဲ့ နှစ်ထပ်အိမ်ကြီး ရှေ့ ၊ မြေတလင်း ပြောင်ပြောင် ပေါ် က ထမင်း ဝိုင်းတွေ ထဲ မှာ ကြောက်ခမန်းလိလိ တိုးဝှေ့ နေကြတဲ့ လူအုပ်ကြီး ။

ဘုရား ၊ ဘုရား ။ ရေပေါ စားမှ စားရ ပါဦးမလား ။ အိုး ဘယ်ဖြစ်မလဲ ။ ဘယ်ဖြစ်မလဲ ။ မစားရလို့ ကတော့ ဘယ်ဖြစ်မလဲ ။ ရေပေါ ထမင်း မစားရတာ ကြာ ပြီဗျ ။

“ ဖြည်းဖြည်းဗျို့ ဖြည်းဖြည်း ၊ ထမင်းတွေ ဟင်းတွေ အများကြီး ”

ထမင်း လိုက်နေတဲ့ ဘိုးမြကြီး က ဘယ်လောက်ပဲ အော်အော် ဆာ နေတဲ့ လူ တွေ ကတော့ မဖြည်းနိုင်ဘဲ မြန်မြန်ဆန်ဆန် တိုးမြဲ တိုး နေကြတယ် ။ စားမာန်ခုတ်နေတဲ့ ရေပေါ လည်း ထမင်း ဝိုင်း မှာ တစ်နေရာ ရဖို့ စိန်းသောင်း နဲ့ အတူတူ တိုးတယ် ၊ တွန်းတယ် ၊ ဇွတ်ဝင်တိုက်တယ် ၊ မရဘူး ၊ မဝင်သာဘူး ၊ စားလက်စ လူတွေက ကြာ သလို စားပြီးတဲ့ လူ ထ တာနဲ့ ပန်းကန်ပြား ဝင် ဆွဲ တဲ့ သူက အဆင်သင့် ။

ပန်းကန် ဆေး တဲ့ လူ ဆီတောင် ပန်းကန်ပြား မရောက်ဘူး ၊ ကိုယ့် ဘာသာ သွား ဆေးပြီး ထမင်း ထည့် ခိုင်း တော့တာပဲ ။

“ ထမင်း ပေးပါဦးဗျို့ ထမင်း ” ဆိုတဲ့ အသံတွေ ဆူညံလာတာနဲ့အမျှ “ ဟင်းရည်လေး ထည့်ပါဦး အချဉ်သုပ် ၊ အချဉ်သုပ် ” ဆိုတဲ့ အသံတွေ ဆူညံလာတာနဲ့အမျှ ရေပေါ ပို ဆိုးလာတယ် ။ ပိုပို ဆာ လာတယ် ။ ပို စားချင်လာတယ် ။ မစားရရင် ဆိုတဲ့ အသိ နဲ့ ရင် ထဲ မှာ ပူလောင်လာတုန်း ရုတ်တရက် ရေပေါ မျက်လုံးတွေ က ကျောင်းဘေးနား က ငှက်ပျောပင်အုပ် ကို လှမ်း မြင်လာတယ် ။

ရေပေါ လှစ်ခနဲ ပြေး သွားပြီး ငှက်ပျောရွက်ကြီးကြီး နှစ်ရွက် ချိုး ချလာခဲ့ပြီး စိန်းသောင်း ကို တစ်ရွက် ပစ် ပေးလိုက်တယ် ။ ငှက်ပျောရွက် ပေါ် တင်နေတဲ့ ဖုန်တွေ ၊ အမှိုက်တွေ ဘေးချိတ် ။

“ ဘိုးမြ ဘိုးမြ ၊ ကျွန်တော်တို့ ကို ဒီ ထဲ ထည့် ... ဒီထဲ ”

ရေပေါ ခင်း ပေးတဲ့ ငှက်ပျောရွက် ထဲ မှာ ဘိုးမြ က ထမင်း အမောက် ထည့် ပေးတယ် ။ ဟင်း ထည့်ပေးတယ် ။ ကြည့်စမ်း ထမင်း ပုံ ပေါ် မှာ ဝက်သားဟင်း ကို ရက်ပေါင်း ခုနှစ်ရာ လောက် မမြင်ဖူးခဲ့ သလို တရှိုက်မက်မက် ရေပေါ ကြည့်မိတယ် ။

ဒီ ထမင်း ကို စား ဖို့ ရေပေါ ဘယ်လောက် စောင့် ခဲ့ရသလဲ ။ ဘယ်လောက် ကြိုးပမ်းခဲ့ရသလဲ ။ လာခဲ့စမ်း ဒီ ထမင်း ။ အိုး စားလို့ ကောင်းလိုက် တဲ့ အမျိုး ။ ကောင်းလိုက် တဲ့ အမျိုး ။ ထမင်း အမောက် တစ်ပုံ ဖျတ်ကနဲ ကုန် သွားတယ် ။

ရေပေါ နောက်ထပ် ထမင်းတောင်း တော့ ဘိုးမြ က ထည့်ပေးရင်း “ ဟ လုပ်လှချည်လား ငါ့ကောင်ရ ” တဲ့ ။ အင်းဟင် လုပ်မှလေဗျာ ဘိုးမြ ရဲ့ ကြုံတုန်း ဝအောင် စားထားရတာ ။ ထမင်း ဆိုတာ ကြုံဖို့ ခက်တယ်ဗျ ။ ငှက်ပျောရွက် ပေါ် က ထမင်း အမောက် လေးပုံ ကုန်တဲ့ အချိန် မှာတော့ တော်ပြီ ။ ရေပေါ ဝ သွားပြီ ။ အီစလံ ဝေသွားပြီ။ ဖူလုံသွားပြီ ။ ဝ တာမှ ဖူလုံလိုက်တာ မှ ဗိုက် ထဲ မှာ နေရာလပ် ဆိုတာ မရှိသလောက် ။ ဟားဟား တစ်ပတ်စာလောက် ကို သိုလှောင် ပစ် လိုက်တာ ။ မှတ်ကရော စိန်းသောင်း ဆိုတဲ့ အကောင် တော်တော် ညံ့ တဲ့ ကောင် ။ ထမင်း သုံးပုံ ပဲ စား နိုင်တယ် ။

တိုးဝှေ့ စားသောက်နေကြတဲ့ လူတွေ ကြား ကနေ ရေပေါ ဖြည်းဖြည်းချင်း အရသာ ခံပြီး ထွက် ခဲ့တယ် ။ ဝင်းပေါက် ဝ မှာ ဖျာကြီး တစ်ချပ် ထောင် ထားပြီး ဖျာကြီး ပေါ် မှာ “ထမင်း ကုန်ပြီ ” တဲ့ ။ ဝင်းပေါက် ဝ မှာ ဇွဲကောင်းကောင်း နဲ့ ရပ် နေသူတွေ သနားစရာ ။

ရှေ့ က သွားနေတဲ့ စိန်သောင်းက “ ဟေ့ကောင် မြန်မြန်လာ ” တဲ့ သူ့ ကို မီ အောင် ရေပေါ ခပ်မြန်မြန် လျှောက် လိုက်တဲ့ ခဏမှာ ပဲ ရုတ်တရက် ဗိုက် ထဲ က မအီမသာ ခံစားလိုက်ရတယ် ။

“ စိန်သောင်း ”

ရေပေါ က အလန့်တကြား အော် ခေါ်ရင်း လက် နှစ်ဖက် နဲ့ သူ့ လည်ပင်း ကို ဖမ်း ဆုပ် လိုက်တယ် ။ အို မလုပ်ပါနဲ့ မလုပ်ပါ နဲ့ ။ သူ့ လည်ပင်း ကို အတင်း ဆုပ် ထား လျက် က ရေပေါ အန် ချလိုက်ပြီ ။ တဝေါ့ဝေါ့ နဲ့ အန် ချလိုက်ပြီ ။ ဗိုက် ထဲ က ရှိရှိသမျှ အစာ အားလုံး မြေကြီး ပေါ် မှာ ။

“ ရေပေါ ရေပေါ ”

ရေပေါ မျက်လုံး ဖွင့်ပြီး မော့ ကြည့် လိုက်တော့ မြေကြီး ပေါ် မှာ ကို နှမြောတသ စွာ ငေးကြည့် နေကြတဲ့ ဝင်းပေါက် က ထမင်း စောင့် တဲ့ သူတွေ ၊ အိုမြေကြီး ပေါ် မှာ ကြည့်ပါဦး လွင့်စင် ပြန့်ကျဲ နေတဲ့ ထမင်း တွေ ။ ဟုတ်တယ် ထမင်း တွေ ၊ ရေပေါ ချစ်တဲ့ ထမင်း တွေ ။

◾နုနုရည် ( အင်းဝ )

📖 ၁၉၉၆ - ခုနှစ် ၊ ပြင်ဦးလွင် ရာပြည့်အထိမ်းအမှတ် မဂ္ဂဇင်း

www.facebook.com/aung.naingoo.3726613

.