စာပေ နဲ့ ဂီတ စွမ်းနိုင်သမျှတွေကို တင်ပြနေမည် ။ မြန်မာစာပေ မြန်မာဂီတ မြန်မာစကား မဝေဝါးအောင် ကြိုးစား စွမ်းဆောင်နေပါမည် ။
Friday, September 11, 2026
မှောင်ခိုမျက်ရည်
Sunday, August 16, 2026
(၃၇) မင်း ကြိုးဝိုင်း
(၃၇) မင်း ကြိုးဝိုင်း
▢ သက်ဦးမောင်
ကျွန်တော် မိန်းမရ အလွန် ကံကောင်းပါသည်။ အဘယ်ကြောင့်ဆိုသော် မိမိ ဘဝနှင့်ရော မိခင်ကြီး အတွက်ပါ အလွန် လိုက်ရောညီထွေ ရှိလွန်းသော မိန်းမ ဖြစ်ခြင်းကြောင့်ပင်။ မည်ကဲ့သို့ လိုက်လျောညီထွေ ရှိခြင်းကို ရှင်းပြရမည် ဆိုပါက ရှေ့ကြောင်း ပြန်ရမှ ရမည်ဖြစ်ပါသည်။ (ရုပ်ရှင်ဗီဒီယိုများတွင် အတိတ်က ဖြစ်ရပ်များကို ပြန်ရိုက်ပြခြင်းကို နောက်ကြောင်းပြန်သည်ဟု သုံးစွဲကြသော်လည်း ကျွန်တော်ကတော့ ရှေ့က ဖြစ်ပျက်ခဲ့သည်များကို ပြန်ပြောပြခြင်းကြောင့် ရှေ့ကြောင်းပြန်သည်ဟု သုံးနှုန်းပါသည်။ ဝေါဟာရပညာရှင်များ ကြိုက်နှစ်သက်သလို ဝေဖန်ကြပါကုန်။)
ကျွန်တော်၏ အဖေမှာ ကျွန်တော်နှင့် လုပ်ငန်းတူ ဖြစ်သလို ကျွန်တော့်အမေနှင့် ဇနီးသည်မှာလည်း လုပ်ငန်းတူပင် ဖြစ်သည်။ (ကျွန်တော့်အမေနှင့် ဇနီးသည်မှာ နတ်ကတော် ဖြစ်၍ ကျွန်တော်က မိန်းမလုပ်စာ ထိုင်စားပါသည်။) အဖေနှင့် ကျွန်တော့်မှာ လုပ်ငန်းချင်း တူသော်လည်း မတူသော အချက်များ ရှိပါသည်။ အဖေက အမေ့ကို အလွန်နိုင်၍ ကျွန်တော်က မိန်းမကို အလွန် ကြောက်ရပါသည်။ (ပတ်ဝန်းကျင်တွင် ချစ်လို့ သည်းခံတာပါဟု ပြောပါသည်။) အမေသည် ဧည့်မပြတ်လောက်အောင် အောင်မြင်သော နတ်ကတော် ဖြစ်၍ အချိန် အကန့်အသတ်နှင့်သာ ဟောပါသည်။ ညနေ (၄) နာရီ နောက်ပိုင်းတွင် မည်မျှ မျက်နှာ နာရလောက်သော ဖောက်သည် ဖြစ်ပါစေ၊ နတ် မဟောပါ။ (စည်းကမ်းကြီး၍ မာနကြီး၍ မဟုတ်ပါ။ အဖေ မူး၍ ပြန်လာတတ်သောကြောင့်ပင် ဖြစ်ပါသည်။ အဖေ မူးလာလျှင် နတ်ဝင် နေသော နတ်ကတော်နှင့် သူ့မိန်းမကို မခွဲခြားတတ်တော့ပေ။ ကိုကြီးကျော် ဝင်နေတုန်း နတ်ဝတ်နတ်စားနှင့် အရိုက်ခံရပြီးနောက် စည်းကမ်း သတ်မှတ်ခဲ့ခြင်းဖြစ်သည်။)
ကျွန်တော့်ဇနီး ဖြစ်လာမည့် မော်ဒန်ဆန်သော မိန်းကလေး (အရိုးပေါ် အရေကပ်လောက်အောင် ပိန်ပါသည်။) အမေ့ထံတွင် နှစ်နဲ့ချီ သင်ယူခဲ့သော တပည့်အရင်း ဖြစ်ပါသည်။ အမေကလည်း သူတောင်းစား မီးဘေးဒုက္ခသည်လို ဘာမှမကျန်အောင် သင်ပေးသည်။ ဥပမာအားဖြင့် ဝင်ငွေနှင့် ထွက်ငွေမမျှ ဖြစ်နေတယ် မဟုတ်လား။ သဘောထား ကောင်းလွန်းတာကြောင့် ဒုက္ခရောက်နေရတယ် မဟုတ်လား။ ဘာကိုပဲ ကြံစည်ကြံစည် မအောင်မြင်ဖြစ်နေတယ် မဟုတ်လား။ ဟိုဘက် ဒီဘက် အမျိုးတွေကြောင့် စိတ်ညစ်နေရတယ် မဟုတ်လား။ ဘုရားစင်ပေါ်မှာ မဆိုင်တဲ့ ပစ္စည်းတွေ ရှိနေတယ်၊ ရှင်းလင်းပစ်လိုက်။ အိမ်မှာ စက်ပစ္စည်းအပျက် တစ်ခုရှိနေတယ် မဟုတ်လား စသည်ဖြင့် လူတိုင်းကို ဟော၍ ပစ်စလတ်ခတ် မလွဲနိုင်သည့် အချက်များကို မှတ်စုအလွတ် ဦးနှောက်ထဲ ရိုက်ထည့်ပေးသည်။
နောက်တစ်ဘာသာအနေနှင့် အခုလုပ်မည့် လုပ်ငန်း အောင်မြင်အောင် မစလို့ အဆင်ပြေရင် ဘာဆက်ပါမည်ဟု ကတိတောင်းခြင်း (မအောင်မြင်တော့လည်း အရင်းပေါ့။) ဝင်ငွေ မမြဲတာကို ကန်တော့ပွဲထိုးပေးမည်ဟု ကန်တော့ပွဲဖိုး တောင်းခြင်းလုပ်ငန်း။ အဆင်ပြေအောင် မစရန် ငွေညှစ်ထုတ်ခြင်း နည်းပေါင်းစုံကိုလည်း မထပ်ရအောင် လက်တွေ့နည်းနှင့် သင်ကြားပေးသည်။
နတ်ကတော်ပညာရပ်မှာ ကျယ်ပြန့်လှသော လောကီပညာရပ်တစ်ခု ဖြစ်သည်။ အနိမ့်ဆုံး အဆင့် ကိုယ်လုံးနှင့် ခေါင်းလေး တမင် လှုပ်သလို မဟုတ်ဘဲ မသိမသာ လှုပ်သလို လေ့ကျင့်ရသည် ကပင် တစ်လခွဲကျော်ကျော် ကြာသည်။ နတ်ပေါင်းစုံ၏ အသံကွဲတွေ ပြောနိုင်အောင် အသံကို တု ကျင့်ရသေးသည်။ အရက်၊ စီးကရက်သောက်တတ်အောင်လည်း ကျင့်ရသေးသည်။ နတ်တစ်ပါးစီ၏ ပင့်စာတွေကို ကာရံနဘေနှင့်လည်း ကျက်ရသေးသည်။ ကန်တော့ပွဲပြင် ပုံပြင်နည်း၊ ဗာလိနတ်စာ ပြင်ပုံပြင်နည်းများကို မလွဲအောင် မှတ်သားရသေးသည်။ အသေးစိတ်ပြောရလျှင် ကျမ်းတစ်စောင် ဖြစ်သွားရင်တောင်မှ အပေါ်ယံ သဘောလောက်သာ ပါနိုင်ပေမည်။
ကျွန်တော် အိမ်ထောင်ကျပုံမှာ ပတ်ဝန်းကျင်နှင့် ဒီလောက် နီးစပ်နေတာ မထူးဆန်းပါဘူးဟု ထင်ရသော်လည်း ခရေစေ့တွင်းကျ သိသူများကတော့ တအံ့တသြ ဖြစ်ရလေသည်။ အဘယ်ကြောင့်ဆိုသော် တော်ကောက်ထားသော တောင်ပြုံးမင်းလေးကို အောင်သွယ်ခိုင်းပြီး ရခဲ့ခြင်းဖြစ်သောကြောင့်ပင်။ နားရှုပ်သွားပါက ရှင်းပြပါမည်။
ကျွန်တော့်ဇနီး ဖြစ်လာမည့် သက်မွန်မြင့် (မင်းသမီးတော့ မဟုတ်ပါ။ နတ်ကတော် သက်မွန်မြင့်သာ ဖြစ်ပါသည်။) သူသည် ပိန်သလောက် အလွန် စွာပါသည်။ တစ်လုံးမှ ပုံနှိပ်ဖော်ပြခြင်း မခံရသော စာများကို ရေး၍ မိဘလုပ်စာထိုင်စားနေသော ကျွန်တော့်ကို အလွန် မျက်မုန်းကျိုးပါ သည်။ ကျွန်တော်ကလည်း သတ္တိနည်းသူ ဖြစ်သောကြောင့် ရည်းစားစကား ပြောဖို့ မဆိုထားနှင့်။ အနားပင် မကပ်ရဲပါ။ နောက်ဆုံး ဘယ်လိုမှ မနေနိုင်သော အခြေအနေ ရောက်မှ (ချစ်စိတ်) အကြံဉာဏ်ကို ဖျစ်ညှစ်ထုတ်ပြီး အကောင်အထည် ဖော်ရတော့သည်။
အိမ်တွင် အဖေနှင့် အမေ မရှိသော အချိန်ကို စောင့်ပြီး မရဲတရဲဖြင့် ပြောရသည်။
“သက်မွန်မြင့် ငါ့ကို အကူအညီ တစ်ခုလောက် ပေးပါလားဟာ”
“ဘာအကူအညီလဲ။” (အသံက ချောချောမွေ့မွေ့ လေသံတော့ မဟုတ်ပါ။)
“ငါ့ကို နတ်တစ်ပါးလောက် ပင့်ပေးစမ်းပါ။ အရေးကြီးတဲ့ ကိစ္စမေးစရာ ရှိလို့ပါ”
“နင့်အမေကို နင်မေးပါလား” (ခုနက အသံလောက် မမာပါ။)
“အမေ မသိစေချင်လို့ပါဟာ၊ ငါတောင်းပန်ပါတယ်”
တကယ်ပဲ စေတနာ ရှိလို့လား၊ စပ်စုချင်လို့လားတော့ မသိ။ နတ်ဝင်မည့် ကိစ္စကို သဘောတူလိုက်လေသည်။ ဝင်လာသော နတ်က တောင်ပြုံးမင်းလေးပင်။
“ကဲ ... အရေးတကြီး ပင့်တဲ့ ကိစ္စ ပြောစမ်းညီဘွား၊ ကိုယ်တော်လေး ကူညီမယ်”
“အားကိုးပါတယ် ကိုတော်လေး၊ ကိုတော်လေး မကူညီရင် မဖြစ်တဲ့ အခြေအနေမို့ အရေးတကြီး ပင့်ရတာပါ”
“ဖြစ်ချင်တာကို ပြောစမ်း ညီဘွား၊ ကိုယ်တော်လေး ကိုင်တဲ့ လက်သုံးတော်ဓါးနဲ့ ယမ်းပြီး အောင်မြင်အောင် မစပေးမယ်။ ဘာမှ မပူနဲ့၊ ကြားလား။ ဖြစ်ချင်တာကို ပြောစမ်း”
“ဖူးစာရေးကိစ္စ အကူအညီ တောင်းချင်လို့ပါ။ ဒါပေမဲ့ကိုယ်တော်လေး ကိုယ်တိုင် မရွှေဥကို ရအောင် မကြံနိုင်ဘဲ ညီဘွားတို့ကိစ္စ အောင်မြင်အောင် ဆောင်ရွက်ပေးနိုင်ပါမလားဆိုတာ”
“ဟဲ့ ညီဘွားရဲ့ အဲဒါ လူ့ဘဝတုန်းက ကိစ္စကတော့ ဟုတ်မှပေါ့။ ခုလို နတ်ဘဝမှာ ကမ္မဇိဒ္ဓိတန်ခိုးတွေ ရှိလာပြီလေ။ ဘာမဆို အောင်မြင်အောင် ဆောင်ရွက်ပေးနိုင်တဲ့ တောင်ပြုံး ကိုယ်တော်လေး ဆိုတာ မသိဘူးလား”
“နားလည်ပါပြီ၊ ညီဘွား ပြောမှားဆိုမှားရှိရင် ခွင့်လွှတ်ပါ။ အားလည်း ကိုးပါတယ်။ ညီဘွား ဖြစ်နေတဲ့ ကိစ္စက မိန်းကလေးတစ်ဦးကို အသည်းအသန် ချစ်နေတာကို ဖွင့်မပြောရဲလို့ ကိုယ်တော်လေး ဓါးနဲ့ ယမ်းပြီး ကူညီပေးပါ”
“ဒီအကူအညီလောက်နဲ့များ ကိုယ်တော်လေးကို မယုံမကြည် ဖြစ်နေရလား။ အမြန်ဆုံးသော ဖွင့်ပြောလိုက်၊ မငြင်းအောင် ကူညီမစပေးမယ်၊ ကြားလား”
“သေချာပါ့မလား ကိုယ်တော်လေး၊ မသေချာရင် ညီဘွား အသဲကွဲမှာ မို့လို့ပါ”
“ဟဲ့ ... ငမိုက်သားရဲ့ ငါလို ဓါးစွမ်းထက်တဲ့ မင်းကို မယုံမကြည် ပြောပြန်ပြီ။ ကိုယ်တော်လေး မစမယ်လို့ပြော၊ ပြီးရင် ဘယ်တော့မှ မအောင်မြင်ဘူးဆိုတာ မရှိစေရဘူးဟဲ့။ ဘယ်က နှမတော်လေးလဲ၊ ကိုယ်တော်လေးကို တိတိကျကျပြောစမ်း”
“ကိုယ်တော်လေး သေချာတယ်ဆိုရင် ပြောပါ့မယ်။ ကိုယ်တော်လေး အခု စီးနေတဲ့ လိပ်ပြာရှင်ကို အသည်းအသန် ချစ်မိနေတာပါ”
“ဘာ ... ဘာပြောတယ်၊ မိုက်ရိုင်းလိုက်တဲ့အကောင်”
“လိပ်ပြာရှင်မိန်းကလေးကို ချစ်မိတာနဲ့ ကိုတော်လေး စိတ်ဆိုးစရာ မရှိပါဘူး”
“ငါ တော်ကောက်ထားတဲ့ မိန်းကလေးလေ လူမိုက်ရဲ့”
“ကိုယ်တော်လေးက အငွေ့ပဲဟာ။ ညီဘွားက အတွေ့ပဲ၊ ဘာဆိုင်လို့လဲ။ နောက်ပြီး ကိုယ်တော်လေးက တော်ကောက် ကြာခိုထားတာတွေ အများကြီးပဲဟာ။ တစ်ယောက်လောက် ပြန်ပေးရတာ မထူးခြားပါဘူး”
“ညီဘွား တကယ်ပြောနေတာလား”
“တကယ်ပါ ကိုယ်တော်လေးရဲ့၊ သူ ခေါင်းညိတ်လိုက်တာနဲ့ ချက်ချင်းကို ယူလိုက်မှာ။ အဖတ်တင်အောင်လို့လေ”
“ကောင်းပြီ ငါပြန်ကြွတော့မယ်”
“သေချာတယ်လို့ ကတိပေးတယ်နော် ကိုယ်တော်လေး”
“အေးပါ”
ကိုယ်တော်လေး ပြန်ကြွသွားသည်နှင့် သက်မွန်မြင့်က ဝါးခနဲ တစ်ချက် သမ်းပြီး မေးသည်။
“ဘာပြောသွားသေးလဲဟင်”
“အောင်မြင်ရမယ်လို့ ကတိပေးသွားတာပဲ။ မအောင်မြင်ရင်တော့ နတ်ညာတာပဲ။ ငါကတော့ အောင်မြင်မယ်လို့ ယုံထားလိုက်တော့မယ်”
ဒီလိုနဲ့ ကိုယ်တော်လေး သုံးခါလောက် ဝင်ပြီးသွားသောအခါ ကျွန်တော်တို့ လက်ထပ်လိုက် ကြတော့သည်။ ကျွန်တော်တို့ အိမ်ထောင်ရေး အဆင်ပြောပါသည်။ ပြဿနာ ကြီးကြီးမားမား မရှိပါ။ အသေးအဖွဲ့တော့ ရှိသည်။ ထိုအသေးအဖွဲ့လေးမှာ ထိုနတ်ဝင်ခြင်း အကူအညီနှင့် ရခဲ့သော မိန်းမက ကျွန်တော့်အပေါ် မကျေနပ်လျှင် အိမ်မှာ နှစ်ဦးတည်း ရှိနေသော အချိန်၌ နတ်ဝင်ပါတော့သည်။ (အမေ ရှိလျှင် မဝင်ရဲပါ။ အကြောင်းမှာ တစ်ဦးတည်းသောသားဖြစ်၍ ကျွန်တော့်ကို ဖူးဖူးမှုတ်မတတ် ချစ်သောကြောင့် အမေ့ အငြိုအငြင်ခံ၍ ကျွန်တော့်ကို မနှိပ်ကွပ်ရဲသောကြောင့် ဖြစ်သည်။ ဒီ့ပြင်လူ မပြောနှင့်၊ တုန်နေအောင် ကြောက်ရသော ကျွန်တော့်အဖေကိုပင် ကျွန်တော်နှင့် ပတ်သက်လျှင် ဂရုမစိုက်တော့ပါ။) (၃၇) မင်း တစ်လှည့်စီ ဝင်၍ အမျိုးမျိုး ခြိမ်းခြောက် ငေါက်ငမ်းဆူပူပါတော့သည်။ အမေဂျမ်း အလှည့်ဆိုလျှင် ညစ်တီးညစ်ပတ် အဆဲအဆိုများပင် ပါသေးသည်။ သို့သော် မနှဲလေးတော့ ဘယ်တော့မှ မဝင်ပါ။ အသံသေးသေးလေးနှင့် ငေါက်ငမ်းရသည်မှာ အားမရ၍ ထင်ပါသည်။ တစ်ခါတစ်ရံ နစ်နစ်နာနာ စကားလုံးရိုင်းရိုင်းများ ပါသော်လည်း နတ်ဖြစ်နေသောကြောင့် ပြန်ပြော၍ မရချေ။ မကျေနပ်ချက်ကြီးသည့်အခါ နာရီဝက်မျှ ကြာသည် အထိ ခေါင်းတညိတ်ညိတ်နှင့် ခေါင်းငုံ့ခံနေရသည်မှာ ဝဋ်ကြွေးတစ်ခုပင် ဖြစ်လာလေသည်။ နတ်ဝင်ပြီးသွားလျှင် ဘာပြောသွားသေးလဲဟင်ဟု မေးပြီး ပြောပြလိုက်သည်နှင့် “ဒါကြောင့်မို့ ပြောတာပေါ့” နှင့် အစချီ၍ နောက်ထပ် နာရီဝက်လောက် လူအဖြစ်နှင့် ဆက်၍ ပြောလေသည်။
ခံရဖန်များလာသောအခါ သူငယ်ချင်းတစ်ဦး၏ အကြံပေးချက်အရ သက်မွန်မြင့် နတ်စင်ရှေ့ထိုင်၍ တုန်စပြုလာသည်နှင့် အိမ်ပေါ်မှ ခုန်ချပြီး ကမန်းကတန်း ပြေး၍ လက်ဖက်ရည်ဆိုင်ဖြစ်ဖြစ် တစ်နေရာသို့ ရှောင်နေလိုက်သည်။ သက်မွန်မြင့် တစ်ယောက်တည်း ဘာနတ် ဝင်၍ ကျန်ခဲ့သည်ကိုတော့ မသိတော့ပါ။ တစ်ယောက်မျှ မရှိသော အိမ်ပေါ်တွင် တစ်ယောက်တည်း တုန်နေရုံသာ ရှိတော့သည်။ ဤနည်း ရပြီးကတည်းက နတ်ဝင် ကျဲသွားသောကြောင့် ကျွန်တော် အများကြီး အသက်ရှူ ချောင်သွားရတော့သည်။ တစ်ခါတစ်ရံ တစ်ယောက်တည်း နတ်ဝင်၍ ဘာတွေ ပြောနေသည်ကိုတော့ သိချင်လှသည်။
အကြီးမားဆုံး ကိစ္စက အိမ်ထောင်သက် (၃) နှစ်ကြာတွင် မလေးရှားကိစ္စ ခေတ်စားလာချိန်၌ ပေါ်ပေါက်လာတော့သည်။ ဘယ်သူတွေ ဘယ်လောက် ပို့လိုက်တယ်တဲ့ဟူသော သတင်းများ စိပ်လာချိန်တွင် (ဘယ်သူတွေ ဘယ်လို ဒုက္ခရောက်နေလို့တဲ့ ဟူသော သတင်းကို အကြားကျဲသည်။) ကျွန်တော့်မိန်းမ လူပီကယ်က စိတ်ဝင်စားလာသည်။ (မော်တော်ကားများ ထိန်းသိမ်းအပြစ်ပေး သူကို မော်တော်ပီကယ်ဟု ခေါ်သောကြောင့် လူကို ထိန်းသိမ်းအပြစ်ပေး သည်ကို လူပီကယ်ဟု အမည်ပေးပါသည်။ နောင်တစ်ချိန်တွင် လေထန်ကုန်း အမည်ပေးသူကိစ္စမျိုး ပေါ်ပေါက်ခဲ့ပါက လူပီကယ်ဟု ကျွန်တော်က စသုံးကြောင်း သတိပေးရသည်။) ကျွန်တော့်ကို မျက်စိအောက်မှ အပျောက် မခံလောက်အောင် ချစ်သော မိခင်ကြီးက လုံးချင်းထုတ်ရန်ကိုတော့ လုံးဝ မလိုက်ရောပါ။ ခါးခါးသီးသီးကို ကန့်ကွက်ပါသည်။ လူပီကယ် သက်မွန်မြင့်ကတော့ ကျေးဇူးရှင် ဆရာအရင်းကြီး၏ အမိန့်ကို မလွန်ဆန်နိုင်သောကြောင့် ငြိမ်နေလိုက်ရသည်၊ ကျေကျေနပ်နပ်နှင့် လက်လျှော့သွားသည်တော့ မဟုတ်ပေ။ မြုံနေသော မီးတောင်အလား၊ အစားမှားသည်ကို စောင့်နေသော ယားနာကဲ့သို့ အခွင့်အရေးကို စောင့်နေခဲ့သည်။
တစ်ရက်တွင် အခြားရပ်ကွက်မှ မလာဖူးသော နတ်မေးသူများ မိခင်ကြီး မရှိခင်တွင် အိမ်သို့ ရောက်လာကြသည်။ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးနှစ်ဦး ဖြစ်သည်။ ဇနီးသည်နှင့် နတ်ဝင်သည့် လုပ်ငန်းစတင်ချိန်တွင် ကျွန်တော်က ထမင်းစားနေလိုက်သည်။ ခဏ ဟောပြောပြီးချိန်တွင် သောကြာသား ညီဘွား၊ ခဏလာစမ်းဟု လှမ်းခေါ်လိုက်ရာ ထမင်းစားရင်း တန်းလန်းကြီးမို့ ထုံးစံအတိုင်း ပြေးလွှားရန် မဖြစ်တော့ဘဲ အလစ်မိသွားတော့သည်။
“ကျော်လေးကျော်ထဲက ပခန်းမင်းကျော်စွာတဲ့ဟေ့။ ငါ့ကို မထီမဲ့မြင် ပြုရဲသလားဟေ့”
ကျွန်တော်လည်း ရှောင်၍ မရသော အခြေအနေရောက်မည့် အတူတူ ထမင်းပန်းကန်ကို ဘေးကို ချ၍ ကျုံ့ကျုံ့လေး ထိုင်၍ ကိုယ့်သေတွင်းထဲ ကိုယ် ခုန်ချလိုက်ရတော့သည်။
“မလုပ်ဝံ့ကြောင်းပါ။ ဘယ်လို အရေးကိစ္စများ ရှိလို့ ခေါ်ပါသလဲခင်ဗျား”
“အရေးကြီးတယ်တဲ့။ ငါ့ညီတော်တို့ ညီမတော်တို့ကို မစချိန်ကျလို့ အချိန်မီ သတိပေးရအောင် အခေါ်ရှိလိုက်တာပဲ”
“အမေ့လက်ထက်ကတည်းက မ စလာတာ စားနိုင်သောက်နိုင်ရုံအပြင် တစ်ခါမှ အပိုအလျှံ မရှိပါဘူး ကိုကြီးကျော် ခင်ဗျား၊ မချမ်းသာလည်း နေတတ်နေပါပြီ”
“တိတ်စမ်း လူမိုက်၊ ဒါငါ့ကို စော်ကားတာလားဟဲ့။ အခါအခွင့် မသင့်သေးရင် ရွှေထုပ်ချပေးတာတောင် မိုးပေါ် မော့သွားတယ်ဆိုတာ မကြားဖူးဘူးလား။ ညီဘွားတို့ မိသားစု အခါအခွင့်က အခုမှ ကျတာ သိလား”
“အရင်တုန်းကလည်း ဒီလို အခါအခွင့်သင့်ပြီလို့ ခဏ ခဏ ကြားခဲ့ရပါတယ်။ ဒါပေမဲ့ အခြေအနေက မပြောင်းလဲခဲ့ပါဘူး ကိုကြီးကျော် ခင်ဗျား”
“ဒီတစ်ခါ တကယ် သင့်ပြီဟဲ့။ သေချာနားထောင် ညီဘွားရဲ့၊ ပဌာန်းဆက်နဲ့ ရတနာသိုက်က ရေခြားမြေခြားမှာ ရှိတာ။ အဲဒါကို မှတ်ထားနော်”
ကျွန်တော် သိလိုက်ပါပြီ။ ကျွန်တော်တို့ မိသားစု၏ မြုံနေသော မလေးရှားပြဿနာ ကြားထဲသို့ နတ်များ ဝင်လာကြလေပြီ။ ကျွန်တော် မပိုင်၍ ဘာပြောရမှန်း မသိဖြစ်နေချိန်တွင် နတ်ပွဲတင် သွားရာမှ ပြန်ရောက်လာသော မိခင်ကြီးကို မြင်လိုက်ရသောအခါ ငါးဖမ်းသင်္ဘောကို မြင်လိုက်ရသော အသက်ကယ်လှေပေါ်မှ တိုက်တန်းနစ် ခရီးသည်များကဲ့သို့ ခံစားလိုက်ရသည်။ အိမ်ပေါ်ရောက်ရောက်ချင်း အခြေအနေကို သဘောပေါက်သွားသော မိခင်ကြီးက ကျွန်တော့်ဘေးတွင် မျက်နှာထားတင်းတင်းနှင့် ဝင်ထိုင်လိုက်သည်။
“ကဲ ... နှမတော်ကြီး၊ တစ်ခါတည်း သတိပေးရဦးမယ်။ နှမတော်တို့ ချမ်းသာမယ့် ရတနာသိုက်က ရေခြားမြေခြားမှာ ရှိတာကြားလား။ ကိုယ်တော်ကြီး အစစအရာရာ အဆင်ပြေအောင် လုပ်ပေးထားတာကို မဖျက်စီးကြနဲ့ ကြားလား။ ဟောဒီက ညီဘွားကို တစ်နှစ်တန်သည်၊ နှစ်နှစ်တန်သည် စီးပွားရှာ လွှတ်လိုက်။ အကု န်အဆင်ပြေအောင် မစ ဆောင်ရွက်ပေးမယ် ကြားလား။ ဖေကျော်ကို သဘောတူပါ့မယ်လို့ ကတိပေးစမ်း နှမတော်ကြီး”
မိခင်ကြီးမှာ ကိုယ်ပေးသော ချိုင်းနှင့် ကိုယ့်ကို ခွင်ပြန်ချခံနေရသော နှစ်လုံး၊ သုံးလုံးသမား ဘဝသို့ ရောက်နေပေပြီ။ အခြား ဧည့်သည်များကလည်း ဇာတ်ဆရာကို ပြန်ကခိုင်းနေသော မင်းသားဇာတ်လမ်းကို စောင့်ကြည့်နေကြသောကြောင့် အကျပ်အတည်း ဖြစ်နေပုံရသည်။ မိခင်ကြီး ဘယ်လို တုံ့ပြန်မှာလဲဟု မိမိကိုယ်တိုင် စိတ်ဝင်စားနေချိန်တွင် ထင်မှတ်မထားသော အဖြစ်အပျက် တစ်ခု ဖြစ်လာတော့သည်။ ထိုအဖြစ်အပျက်မှာ နဖူးကို လက်ဖြင့် တဖြောင်းဖြောင်းရိုက်ပြီး မိခင်ကြီးထံ နောက်ထပ် နတ်တစ်ပါးဝင်လာခြင်းပင်။
“ဟေ့ ... တောင်ပြုံး ကိုယ်တော်လေးတဲ့ဟေ့”
ကျွန်တော့် အောင်သွယ်တော် မိတ်ဆွေကြီး ဖြစ်နေသဖြင့် အားရှိသွားသည်ကို ဝန်ခံပါသည်။
“ဒီက ညီဘွားလေး၊ ရေခြားမြေခြားမှာ ဒုက္ခရောက်မယ့် အရေးကို ကြိုမြင်လို့ သတိပေးဖို့ ကြွလာခဲ့တာဟေ့”
“မှန်လှပါ ကျေးဇူးကြီးလှပါတယ် ကိုယ်တော်လေးခင်ဗျား”
ထိုအချိန်တွင် ပခန်းဖေကြီးကျော်မှာ ဘာဆက်လုပ်ရမှန်း မသိ၊ ကြောင်နေရာမှ ရုတ်တရက် သတိဝင်လာဟန်ဖြင့် ...
“ဟဲ့ ညီဘွား၊ ပခန်းကျော်ကိုယ်တိုင် မစချင်လွန်းလို့ စီစဉ်ထားတဲ့ ခရီးဆိုတာ မှတ်မိတယ် မဟုတ်လား”
“မှတ်မိပါတယ် ဖေကျော်ခင်ဗျား”
ဧည့်သည်များ အနေနှင့် မပြောနှင့်။ နတ်ပုံတော်များကြားတွင် မွေး၍ ကြီးလာသော ကျွန်တော်ကိုယ်တိုင် နတ်နှစ်ပါး တစ်ပြိုင်နက် ဟောချက်ချသည်ကို မမြင်ဖူးသဖြင့် နတ်နှစ်ပါး၏ ပြိုင်နေသော ဟောချက်များကို ထောက်ပေးရင်း စိတ်ဝင်စားနေမိသည်။
“အေး ... တောင်ပြုံးမင်း စကားကို နားမထောင်ဘဲ ရေခြားမြေခြား သွားရင်တော့ ဒုက္ခတွေ့ပြီသာ မှတ်တော့။ ကြားလားဟဲ့” (မှန်ပါ)
“ဘာဒုက္ခမှ မဖြစ်အောင် ပခန်းကျော်က တာဝန်ယူတယ်ကြားလား” (မှန်ပါ)
“ဓါးထက်တဲ့ တောင်ပြုံးမင်းနော်၊ မလေးမစား မလုပ်နဲ့ ကြားလား” (မှန်ပါ)
“ဟဲ့ ညီဘွား ... ပွဲဦးမင်း၊ ပွဲလယ်မင်း၊ ပွဲသိမ်းမင်းဆိုတဲ့ (၃၇) မင်းဇာတ်လိုက် ပခန်းမင်း ကျော်စွာ အကြောင်း သိတယ်မဟုတ်လား” (ဟုတ်ကဲ့)
“ဟေ့ ...တောင်ပြုံးမင်းလေးက ဖြစ်ချင်တာ ဖြစ်ရမှနော်” (ဟုတ်)
“ဟေ့ ... ပခန်းမင်းကျော် တောင်ပြုံးမင်း ပြောတာကို ကဖျက်ယဖျက် လုပ်ရဲသလား”
“အောင်မာ ... ပခန်းမင်းကျော် ပြောတာကို တောင်ပြုံးမင်းက ကန့်လန့်တိုက်ရဲသလား”
ကျွန်တော် ထောက်ပေးရန် မလိုတော့ပါ။ ကျွန်တော့် တစ်သက်တွင် ပြဿနာ မရှိခဲ့သော နတ်နှစ်ပါး အံ့ဖွယ်သူရဲ နှစ်ဦးသား တိုက်ရိုက် စကားစစ်ထိုးနေကြပေပြီ။ ဧည့်သည်များလည်း ထူးခြားသော အတွေ့အကြုံကြောင့် ဘယ်လို ဝင်ဖျန်ဖြေရမည်ကို မသိဘဲ ကြောင်ကြည့်နေချိန်တွင် အမျိုးသမီးတစ်ဦးက ငြိမ်နေ၍ မသင့်တော်ဘူးဟု ယူဆကာ ပြောမိပြောရာ ပြောချလိုက်လေသည်။
“အေးအေးဆေးဆေး နတ်တရားရုံးမှာ ဖြေရှင်းကြပါ ဘုရား။ ရန်ဖြစ်တယ် ဆိုတာ မကောင်းပါဘူး၊ ပခန်းကိုယ်တော်လေးနှင့် တောင်ပြုံးဖေကြီးကျော်တို့ ဘုရား”
ဧည့်သည်အမျိုးသားက ...
“ဟဲ့ ... မင်နီရှယ် မှားနေပြီလေ။ တောင်ပြုံး ကိုယ်တော်လေးနှင့် ပခန်းဖေကြီးကျော် မဟုတ်လား” ဟု ထောက်ပေးသည်။
“အို ... တတ်နိုင်ဘူး ကိုကြီးမောင်မောင်စနေရယ်၊ ကမန်းကတန်း ဆိုတော့ မှားမှာပေါ့။ သူတို့ နေရပ်တွေ သူတို့တည့်ယူပါလိမ့်မယ်”
ဧည့်သည်များ အငြင်းပွားနေသလို တောင်ပြုံးမင်းနှင့် ပခန်းတို့ကလည်း အရှိန် တက်လာလေပြီ။
“ဟေ့ ... ပခန်းအကြောင်း သိချင်ရင် စမ်းကြည့်လိုက်ပါလား”
“ရတယ်လေ၊ တောင်ပြုံးတို့ကလည်း နှယ်နှယ်ရရ မဟုတ်တာ။ ယှဉ်ကြည့်တာပေါ့”
ဟုဆိုပြီး နတ်နှစ်ပါး “ဝုန်း” ခနဲ မတ်တတ်ရပ်လိုက်ချိန်တွင် ပရိသတ်ဖြစ်သော ကျွန်တော်တို့ကလည်း အလိုလို မတ်တတ်ရပ်လိုက်ရသည်။ ရုတ်တရက် ဘာလုပ်ရမှန်း မသိ။ ပခန်းမင်းက ...
“ကဲ ... တဧကရာ၊ သပြေညှာ၊ ရွှေသဘာကြွ၊ ဖက်စရာရှား၊ လက်ယာမျိုးလှ၊ တန်ခိုးကြွသည့် အစိုးရစခန်း ပခန်းကမင်း၊ ဓါးသတင်းဖြန့်ရအောင်၊ ယောက်ျား ... အားပြင်းတဲ့ ပက်ဝိုင်းသံလှန့်”
“တောင်ပြုံးကိုယ်တော်လေးကွ .. ယောင်လို့တောင် မကပ်ကြနဲ့နော်၊ ရှောင်အပ်တဲ့ သီလဝံ၊ မိုးပျံတဲ့ ဓါးရေး (၃၇) ချင်း၊ ဓါးကြီးအရင်း၊ ဓါးမင်းအမြှောက်၊ အံ့လောက်သည်ဓါး၊ တစ်ဖက်ထိုးနှစ်ဖက်ခံ၊ ဇရက်ခုန်ဟန်ဖီလာ ရင်ခွဲ၊ ဓါးပွဲရာဇာတောင်ပြုံးငယ်ပါ ဆရာအားပြတဲ့ဓါး စကြာသံ၊ ယောက်ျား ... အထက်ဘုံရာအထိ တက် ...”
ဤမျှ ပြင်းထန်မည် မထင်၍ လွန်ဆွဲကြသော ကျွန်တော်တို့အားလုံး ပေါ့ပေါ့ပါးပါး ကိုင်ထားကြစဉ် ... နတ်နှစ်ပါးက သွက်လက်စွာဖြင့် နတ်စင်ပေါ်ရှိ ဓါးများစွာထဲက တစ်ချောင်းစီ အသီးသီး ဆွဲကိုင်လိုက်ပြီး ဓါးကြိမ်းများကိုယ်စီ ကြိမ်းကာ အဆင်သင့် ဖြစ်နေကြလေပြီ။ ထိုအချိန်ကျမှ မောင်မောင်စနေ ဟူသော ဧည့်သည်ယောက်ျားက အကြံပေးသည်။
“ဟေ့လူ ... ခင်ဗျားနဲ့ ကျုပ် နတ်နှစ်ပါးကို ဆွဲလှဲပြီး တက်ဖိထားမှ အန္တရာယ်ကင်းလိမ့်မယ်။ မင်နီရှိလ် နဲ့ နွယ်ဇင်ဦး က တို့ တက်ဖိထားတုန်း ဓါးကိုလု”
“ခင်ဗျား အကြံပေးတာ ကောင်းတယ်။ ဒါပေမဲ့ ပခန်းကျော် ဘက်ကို ခင်ဗျား မလာနဲ့။ ကျုပ် တာဝန်ထားလိုက်။ (အမေကို ထိချင် ထိ၊ သက်မွန်မြင့် ကိုတော့ သူစိမ်း အထိ မခံနိုင်ပါ။)
ပြောပြောဆိုဆိုနှင့် ပခန်းမင်းကြီးအား နောက်မှ သိုင်းဖက်ပြီးချိန်တွင် ဧည့်သည်ကတော့ တောင်ပြုံးမင်းလေးပေါ်တွင် မှောက်ပြီးဖြစ်နေသည်။ နတ်နှစ်ပါးကတော့ တဟင်းဟင်းနှင့် အံကြိတ်တုန်ယင်နေဆဲပင်။ မင်နီရှဲလ်နှင့်နွယ်ဇင်ဦးက ဓါးများကို လုယူပြီးချိန်တွင် ဘာလုပ်ရမှန်း မသိသော ကျွန်တော်က ပခန်းဖေကြီးကျော်ကို သိုင်းဖက်ထားသည့်အတိုင်း ဇွတ် မ၍ အိပ်ခန်းတွင်းသို့ သွင်းခဲ့တော့သည်။
အခန်းထဲ ရောက်၍ ခုတင်ပေါ် ပစ်ချပြီးချိန်တွင် ကုန်းရုန်းထနေသေးသောကြောင့် ဖေကြီးကျော် ဗိုက်ပေါ်သို့ တက်ထိုင်လိုက်သည်။ သူ့ လက်နှစ်ဖက်စလုံးကိုလည်း ကျွန်တော့်လက်ဖြင့် ခုတင်အခင်းပေါ်မှာ ဖိကပ်ထားလိုက်သည်။ တောင်ပြုံးမင်းနှင့် ဧည့်သည် သုံးယောက်ကတော့ မည်သို့ ဆက်ဖြစ်သည်ကို မသိရသော်လည်း ပခန်းမင်းကျော် မှာတော့ တဖြည်းဖြည်း အတုန်ရပ်သွားသည်။ သို့သော် စိတ်ချလက်ချ မလွှတ်ရဲသောကြောင့် တိုးတိုးလေး မေးကြည့်ရသည်။
“သက်မွန်မြင့်ရေ ... ဖေကျော် ပြန်သွားပြီလားဟင်”
ဇနီးသည်က ခေါင်းညိတ်၍ စိတ်ချလက်ချ လွှတ်ပေးလိုက်ချိန်မှာတော့ လုံးဝ မထင်မှတ်ထားသော အခြေအနေနှင့် ရင်ဆိုင်လိုက်ရသည်။ ထိုအခြေအနေမှာ ဇနီးသည်၏ လက်ကို လွှတ်ပေးလိုက်သည်နှင့် ခေါင်းအုံးဘေးတွင်ချထားသော ခြင်ယမ်းသည့် ဘက်ထရီဘက်တံကို ကောက်ကာ “ခွတ်” ခနဲ နေအောင် ကျွန်တော့် ချိုစောင်းကို ရိုက်ချလိုက်ခြင်းပင် ဖြစ်သည်။ ရိုက်ပြီးပြီးချင်း ထုံးစံအတိုင်း “ဘာပြောသွားသေးလဲဟင်” ဘာတွေ မမေးတော့ သူ့ဘာသာသူ နတ်ဝတ်နတ်စားများကို ကျွန်တော့်အား မျက်စောင်းထိုးရင်း ချွတ်နေလေသည်။ ကျွန်တော့်မှာတော့ ခုတင်ပေါ်တွင် ချိုစောင်းကို လက်နှစ်ဖက်နှင့် ဖိကာ ပခန်းမင်းကျော်က ရိုက်တာလား၊ သက်မွန်မြင့်က ရိုက်တာလား ဟူသော အဖြေကို စဉ်းစားရင်း ကြောင်ကြောင်တောင်တောင်ကြီး ဖြစ်နေတော့သည်။
ရယ်စရာဝတ္ထုတို ပြိုင်ပွဲ
ပထမဆုရ
၂၀၁၀၊ စက်တင်ဘာ
▢ သက်ဦးမောင်
📖 ရောသမမွှေ ဒိုင်ယာလော့ နှင့်
မထိတထိ ဟာသဝတ္ထုတိုများ
Thursday, November 21, 2024
အုပ်ထိန်းသူ
❝ အုပ်ထိန်းသူ ❞
( သက်ဦးမောင် )
ဧည့်ခန်းထဲ ရှိ ဆိုဖာ ပေါ်တွင် ဦးတူး တစ်ယောက် သက်သောင့်သက် သာ ထိုင်၍ ပုတီးစိပ် နေသည် ။ မျက်စိ ကို စုံမှိတ် ထား၏ ။ နှုတ်ခမ်းများ က တလှုပ်လှုပ် ။ ဝတ်ဆင် ထားပုံ က လည်း တည်ငြိမ် အေးချမ်း လှသော ဣန္ဒြေ နှင့် လိုက်ဖက် လွန်းလှ ပေသည် ။ တိုက်ပုံအင်္ကျီ က ရှားရောင် ။ ပုဆိုး က အဖြူဘက်များများ နှင့် စားပွဲခင်း လို ကွက်ကဲကြီး ။ အားလုံး ကို ယေဘုယျ ခြုံကြည့်လျှင် လေးစား ကြည်ညိုဖွယ်ရာ ဣန္ဒြေ သမ္ပတ္တိ နှင့် ပြည့်စုံလှသော အသက် ၆ဝ ကျော် သူတော်ကောင်းကြီး တစ်ဦး ။
အပြင်ပန်း အမူအရာများ က လည်း တည်ငြိမ် အေးချမ်းလွန်းလှသော ဦးတူး ၏ အတွင်းစိတ် တော့ တကယ် တမ်းကျ မအေးချမ်းနိုင်ပါ ။ ရင်ဘတ် ပေါ် ရေအိုး တင်လိုက်လျှင်ပင် ပွက်ကျ မတတ်လောက်အောင် ပူလောင် နေ၏ ။ ပုတီး ပေါ် တွင်လည်း ဘာ အာရုံ မှ မမိ ။ ဘာ သမာဓိ မျှ လည်း မရ ။ တစ်ချက် တစ်ချက် မျက်လုံး ကို မှေးမှေးလေး ဖွင့်၍ ပတ်ဝန်းကျင် ကို အကဲခတ် နေသည် ။
အခြေအနေ အစစ်အမှန် က ဦးတူး ပုတီးစိပ်ချင် ယောင် ဆောင် နေခြင်းသာ ။
× × × × × ×
ဦးတူး က ပင်စင်စား တစ်ဦး ။ ဆွေမျိုး အသိုင်းအဝိုင်း နည်းသည် ။ အောင်ကျော် ဟု ခေါ်သော သား တစ်ယောက် တည်း သာ ရှိ၍ သားအဖ နှစ်ယောက် တည်း နေကြခြင်း သာ ။ ဇနီး ဖြစ်သူ ဆုံးပါးခဲ့သည် က တော့ ၅ နှစ်ခန့် ရှိခဲ့ပေပြီ ။
သို့သော် အောင်ကျော် ဆိုသည့် တစ်ဦးတည်း သော သားလေး က ရတနာ ဟု ဆိုလောက်ပါပေသည် ။ စီးပွားရေး ကို ပါရမီရှင် ဟု ခေါ်လောက်အောင်ပင် နားလည်တတ်ကျွမ်း ထူးချွန်လှပေ၏ ။ တစ်သက်လုံး ပေါ့တီးပေါ့လျှပ် နှင့် လူအို ဖြစ်ခဲ့သော ဖခင် ဦးတူး က ဘာ ပံ့ပိုးမှုမျှ မပေးနိုင်ခဲ့ပါ ။ လမ်းဘေး တွင် စာအုပ်အဟောင်း ရောင်းသော ဘဝ နှင့် စတင် ရုန်းကန်ခဲ့ပြီး ပုံနှိပ်ဖြန့်ချိထုတ်ဝေ စသည်ဖြင့် အကိုင်းအခက် ဝေဖြာလှသော စီးပွားရေး လုပ်ငန်းရှင်ကြီး တစ်ဦး ဖြစ်နေခဲ့ပေပြီ ။ လုပ်ငန်းများ အားလုံး ကို အိမ် နှင့် တွဲဖက်၍ တစ်နေရာတည်း တွင် စုစည်း လုပ်ကိုင်သည် ။ အလုပ်တိုက် နှင့် အိမ် ရောထွေး နေသောကြောင့် လုပ်ငန်း ၏ ကြီးကျယ်ပုံ ကို ဦးတူး မြင်နေရ၍ သား ၏ အရည်အချင်း ကို ပီတိ နှင့် မျက်လုံး ပြူးရလေသည် ။
လိမ္မာသော သား ဖြစ်သောကြောင့် ဖခင် ကို လိုလေသေး မရှိ ထား၏ ။ ဦးတူး ၏ ဘဝ တစ်သက်တာ တွင် ယခု ကဲ့သို့ သော စည်းစိမ်မျိုး နှင့် မနေခဲ့ဖူး ။ အခု တော့ သားသမီး ၏ ကျေးဇူးကြောင့် လုပ်ငန်းရှင် သူဌေး အဖေ အဖြစ် ခန့်ခန့် ကြီး နေနိုင်ခဲ့ပေပြီ ။
ခက်နေသည် က တစ်သက်လုံး ပေါ့ပေါ့ပါးပါး နေခဲ့သော ဦးတူး ယခု ကဲ့သို့ ဣန္ဒြေကြီး တစ်ခွဲသားနှင့် နေရ သော ဘဝ တွင် ကျဉ်းကျပ်လွန်း သဖြင့် မနေနိုင်ခြင်းပင် ။
ဦးတူး တွင် စိတ်တူညီမျှ အပေါင်းအသင်း တစ်ဦး ရှိ၏ ။ သူ့ နာမည် က ဦးလှမင်း ။ ဘဝချင်း ကလ ည်း တစ်ထပ်တည်း နီးပါး တူ၏ ။ ဦးလှမင်း လည်း မုဆိုးဖို တစ်ဦးပင် ။ သို့သော် သားသမီး က သုံးယောက် ။ အကြီးဆုံး သမီး က တရားသူကြီး ၊ ဒုတိယသား က ဆရာ ဝန် ၊ အငယ်ဆုံးသမီး က လက်ထောက် ကထိက ။
သူ က လည်း ဦးတူး နှင့် ရောဂါ တူသည် ။ တရားသူကြီး ၊ ဆရာဝန် တို့၏ အဖေ ဟူသော ဂုဏ်သိက္ခာ နှင့် ညီမျှ အောင် နေရမည် ကို ဝဋ်ကြွေး တစ်ခု ကဲ့သို့ အောက်မေ့သူ ပင် ။ ထို့ကြောင့် သူတို့ နှစ်ဦး ပေါင်းမိကြခြင်း ဖြစ်လေသည် ။
တစ်ဦးချင်း ဆိုလျှင် ရှိန်းတိန်းတိန်း ဖြစ်နိုင် သော်လည်း နှစ်ယောက် ပေါင်းမိလိုက်သော အခါတွင် တော့ ပြိုင်မြင်း ကို မီးခဲလွှတ် တင်လိုက် သကဲ့သို့ ပင် ။ အချုပ်အနှောင် ခံထားရသော စိတ် တို့ ဇက်ကြိုးမဲ့ လွတ်ထွက် ကုန်ကြလေ တော့သည် ။
KTV ၊ မာဆတ် ၊ ဘာညာသာရ ကာ မရောက်ဖူးသည့် နေရာ ဟူ၍ မရှိ ။ ကာရာအိုကေများ တွင် “ ပန်းကုံးစွပ် ကြမ်းသော ချစ်ဘိုးဘိုး နှစ်ဦး ” ဟု နာမည်ကြီး၏ ။ အမူး လွန်ပြီး လူငယ် များ နှင့် ရိုက်ပွဲ ဖြစ်သောကြောင့် ရဲစခန်း သို့ သား ဖြစ်သူ လိုက် ထုတ်ရသည် က ခဏခဏ ။ ထို့ကြောင့် အပြင် မထွက် ရန် ချော့မော့၍ အိမ် ထဲ တွင် လိုလေသေး မရှိအောင် စီစဉ်ပေးထားပြန်တော့လည်း အိမ်မှုကိစ္စ လုပ်မည့် အိမ်ဖော် ထား၍ မရ ။ မည်မျှပင် ရုပ်ဆိုးသည့် အိမ်ဖော် ကို ရှာ ခေါ်ထားသည် ဖြစ်စေ ၊ အချိန်တန် လျှင် ကျိတ် လျော်လိုက်ရသည်ချည်းပင် ။ ယခု လက်ရှိ စားဖိုမှူးကိုပေါက် ကို ပင် အတင်း တောင်းပန်၍ ခေါ်ထားရခြင်း ဖြစ်၏ ။ ကိုပေါက် ၏ အပြော အရ ဆိုလျှင် ဦးတူး ၏ သတင်း ကို ကြားရရုံဖြင့် ယောက်ျားချင်း ပင် ကြက်သီးထသည် ဟူ သတည်း ။
ဤမျှ သတင်းမွှေးသော ဦးတူး ပါပေ ။
သားဖြစ်သူ အောင်ကျော် က လိမ္မာရေးခြား ရှိသော သားပီပီ ဖခင် ကို လိုလေသေး မရှိ ထားခဲ့ပါသည် ။ မီးခံသေတ္တာသော့ ကို ( ဖခင် အရာ ထား၍ ) ဦးတူး ထံတွင် အပ်နှံ ထား၏ ။ ဦးတူး ကတော့ သော့ကိုင် ပီသစွာ မနေ ။ မိမိ ၏ စိတ်သန်ရာတွင် ဗုံးပေါလအော သုံးပစ်၏ ။ ရပ်ကွက် အတွင်းရှိ ပဲပြုတ်သည် ၊ ကွမ်းယာသည် ၊ ဟင်းရွက်စုံသည် မကျန် “ အန်ကယ်ကြီး ” ဟု ခေါ်လိုက်သည် နှင့် ပိုက်ဆံ ချေးတော့သည် ။ စာကလေးဗေဒင်သည် အရှာဘီ ပင် မချန် ။ ပြန် ရသည် ဟူ၍ လည်း မရှိခဲ့ ။ ကာရာအိုကေ မှ အဆိုတော်လေးများ ကား လူငယ်လေးများ ထက် ဦးတူး တို့ကို မျှော်တတ် နေပြီ ။ ရက်စတောရင့်များ က ဦးတူး တို့ နှစ်ယောက် လာလျှင် ဘုရင်ခံ ကြွလာ သည့် အလား ပျာယာခတ် ကုန်တော့၏ ။ ဘောက်ဆူး ပေးက ကြမ်းသည်ကိုး ။
မီးခံသေတ္တာ ထဲ မှ ငွေများ သဲ ကမ်းပါး ပြိုကျ သလို ကုန်သွားသော အခါ အောင်ကျော် တစ်ယောက် သော့ ကို ပြန် မသိမ်း၍ မရတော့ ။ တောင်း သလောက် ပေးမည် ဟူသော စနစ် ကို မဖြစ်မနေ ချမှတ် လိုက်ရပေတော့သည် ။ တောင်း သလောက် ပေးသည် ဟု ဆိုသော် လည်း ယခင် လောက် တော့ မလွယ် တော့ ။ ခေါင်းစဉ်တပ် တောင်းရသည် မဟုတ်လား ။ ဦးတူး သုံးမည့် ကိစ္စများ က သား ဖြစ်သူ ကို ခေါင်းစဉ်တပ် တောင်းရန် ဘယ်လိုမျှ မသင့်တော်သော အကြောင်းအရာတွေ ဖြစ်နေသည် ။ ထို့ကြောင့် သင့်တော်သလို ခေါင်းစဉ် ရှာရသည် ။ ဘယ်နေရာမှာ မှန်း မသိသော ဓမ္မာရုံကြီး တည်ဆောက် ရာ တွင် လှူဒါန်းရန် ၊ ပရဟိတ လူငယ်ကျောင်း တွင် ငွေပဒေသာပင် စိုက်ထူရန် ၊ မျက်မမြင်ကျောင်း တွင် တီဗီလှူရန် ၊ ဘိုးဘွားရိပ်သာ အားကစားကွင်း ဆောက်ရန် ၊ မတည်ရသေးသော စေတီတော်ကြီး တွင် လျှပ်စစ်မီး ပူဇော်ရန် စသည်ဖြင့် ပေါက်ကရ ခေါင်းစဉ်များ ရှာဖွေရတော့၏ ။ များလွန်းမက များ လာတော့ တောင်းရသူ ဘက် က စိတ် မလုံတော့ ။
ယနေ့ လည်း ဦးလှမင်း က ဖုန်း ဆက်ထား၏ ။ နှစ်ယောက်သား ဘိုင် ပြတ်နေ၍ မရောက်တာ ကြာပြီ ဖြစ်သော နေရာ တစ်ခုတွင် အသစ်အဆန်းလေး များ ရောက်နေ သတဲ့ ။ ဦးတူး ဂနာမငြိမ် နိုင်တော့ ။ ဖုန်း ချလိုက်ပြီး ကတည်း က မျောက်ငါးပိ ကိုင်မိသလို ဖြစ်နေခဲ့သည် ။ သို့သော် သား ဖြစ်သူ ရိပ်မိ မှာ လည်း ကြောက်ရသေး၏ ။ ထို့ကြောင့် ရင် ထဲ တွင် ပျာလောင်ခတ် နေသော်လည်း ယခုပင် အရှင် ထွက်တော့မည့် သူ တစ်ဦး ကဲ့သို့ ဣန္ဒြေ ဆည် ထားရလေသည် ။
ဦးလှမင်း လာခေါ်လျှင် လိုက်ကို လိုက်မှ ဖြစ်မည် ။ သို့သော် သည်အတိုင်း လိုက်၍ မရ ။ ငွေ ပါ မှ ဖြစ်မည် ။ ဦးတူး လက်ထဲ တွင် ငွေ မရှိ ။ မနေ့က အဝတ် အငှား လျှော်သော မစောဝင်း ကျိတ် တောင်းသွားသောကြောင့် သား ဆီ မှ ကစ်ထားသမျှ ခြစ်ခြုတ်၍ ပေးလိုက်ရသည် ။ မလောက်၍ သား ဆီမှပင် မိတ်ဆွေ တစ်ယောက် ၏ အိမ် မီးလောင် သွား ၍ ကူရမည် ဟု အကြောင်း ပြ၍ တောင်းပေး လိုက်ရသေး၏ ။ ယနေ့ အတွက် မည်သည့် ခေါင်းစဉ် တပ်၍ တောင်းတောင်း မသင့်တော်တော့ ။ သည်တော့ ဘာလုပ် မည်နည်း ။ ဦးတူး အတွက် လွယ်ပါသည် ။
အောင်ကျော် အပြင် သွားခါနီး တွင် အမှတ်တမဲ့ ချထားသော အတက်ချီကေ့စ် ထဲမှ ၅၀၀ တန် တစ်အုပ် ကို အသာလေး နှိုက် ယူထားလိုက် ရုံပင် ။ မတော်တဆ သိသွားခဲ့ လျှင်လည်း ဘူး ခံ၍ ငြင်းရုံပင် ။ ဖခင် ကို ရဲ တိုင်၍ စစ်ခိုင်း မည်တော့ မဟုတ်မှန်း သိနေသည် မဟုတ်လား ။ သည်တော့ အပြင် မသွားခင် မိမိ ကို မမေးလျှင် ပြီးရော ။ ကိုယ် သွားချင် ရာ သွား ၊ လုပ်ချင် ရာ လုပ်ပြီးမှ အချေ အတင် ပြောရလည်း ကိစ္စ မရှိ ။ အခုတော့ မပြောနိုင်သေး ။ ထို့ကြောင့် မျက်စိ ကို စုံမှိတ်၍ အောင်ကျော် အပြင် မသွား မချင်း ပုတီး စိပ်ချင်ယောင် ဆောင်နေရ ခြင်းဖြစ်၏ ။
× × × × × ×
အောင်ကျော် ၏ ဒေါသများ ဆီ ကို ပလတ်စတစ် နှင့် ထည့်ထား သလို ဖြစ် နေ၏ ။ ( တစိမ့်စိမ့် ထွက်နေခြင်း ကို ဆိုလို သည် ။ ) ယနေ့ မြို့ ထဲ သို့ ထွက်ပြီး စာရင်း ရှင်းစရာ ရှိသည်များ ကို ရှင်းပေးရန် ပိုက်ဆံများ ကို ရေတွက်၍ အတက်ချီကေ့စ် ထဲ သို့ မနေ့ည ကတည်းက အဆင်သင့် ထည့်ထားခဲ့၏ ။ ရုံးခန်း ထဲ သို့ ရောက်ပြီး မှ ကားသော့ မေ့ နေ သဖြင့် အတက်ချီကေ့စ် ကို ဧည့်ခန်း စားပွဲ ပေါ် တွင် ချပြီး အိပ်ခန်း ထဲ ပြန် ဝင်ယူရသည် ။ ထိုခဏလေး အတွင်း မှာ ငါးသောင်းထုပ် တစ်ထုပ် ပျောက်သွား၏ ။ ဖခင် ကို ကြည့် လိုက်တော့လည်း မျက်စိ စုံမှိတ်၍ တုတ်တုတ်မျှ ပင် မလှုပ် ။ ဖခင်ကြီး ၏ အကျင့် ကို သိထား သော်လည်း အတိအကျ စွပ်စွဲ၍ကား မဖြစ်သေးပြန် ။ အလုပ်တိုက် နှင့် အိမ် က တွဲလျက်ဖြစ် သောကြောင့် အလုပ်သမားများ ကလည်း ဥဒဟို ဝင်ထွက် နေသည် မဟုတ်လား ။ ထိုအထဲတွင် လက်ဆော့သူများ ပါ ကောင်း ပါနိုင်သည် ။ ဘာပဲဖြစ်ဖြစ် ဖခင်ကြီး ကို မေးတော့ ကြည့်ရပေမည် ။
ခက်နေသည် က ပုတီးစိပ် နေသော ဖခင် ဖြစ်သူက သည် တစ်သက် မျက်လုံး ဖွင့်တော့မည့်ပုံ မပေါ် ။ အောင်ကျော် ဆုံးဖြတ်ချက် ချ လိုက်သည် ။ မမေးရမချင်း အပြင် မသွားတော့ဟု ။ ထို့ကြောင့် ဖခင်ကြီး ၏ ရှေ့တည့်တည့် မှ ခုံတွင် ဝင် ထိုင်လိုက်၏ ။
အခြေအနေ အားလုံး ကို မျက်လုံး မှေးမှေးကလေး အကဲခတ် နေသော ဦးတူး သိသည် ။ သား ၏ မျက်နှာ အမူအရာ ကို ကြည့်ခြင်း ဖြင့် ပိုက်ဆံ ပျောက် သည်ကို အတော်ပင် ဒေါသ ဖြစ်နေကြောင်း ၊ မိမိ ကို မေးတော့မည့် အကြောင်း ကျိန်းသေနေပြီ ။ ထို့ကြောင့် မျက်လုံး ဖွင့်ရန် မဖြစ်နိုင်တော့ ။ အောင်ကျော် အပြင် မသွားမချင်း ပုတီး ကို ပေကတ် စိပ်နေရန် ဆုံးဖြတ်ချက် ချထားလိုက်၏ ။
ဦးတူး ၏ အခြေအနေ ကို အောင်ကျော် က သားအဖချင်း မို့ သဘော ပေါက်လိုက်သည် ။ မိမိ ထိုင် နေ သရွေ့ မျက်လုံး ဖွင့်မည့်ပုံ မပေါ်တော့ ။ ပုတီး ကို ဟန်ဆောင် စိပ်နေမှန်း သိသော်လည်း အဖေ ဖြစ်နေသောကြောင့် အတင်းအဓမ္မ ခေါ်ပြော၍ မကောင်း ။ ထို့ကြောင့် ဗျူဟာ ပြောင်းရန် စဉ်းစားရသည် ။
အောင်ကျော် မတ်တတ် ရပ်လိုက် ပြီး အတက်ချီကေ့စ် ကို ကောက် ဆွဲလိုက်သည် ။ ပြီးတော့ အလုပ်ခန်းတိုက် ဘက် သို့ ခြေသံပြင်းပြင်း နှင့် လျှောက်ထွက် လာခဲ့၏ ။ လေး ၊ ငါးလှမ်းခန့် လှမ်းပြီး ချိန်တွင် ခြေ ကို ဖော့၍ အသာလေး နောက်ပြန် လှည့် လိုက်သည် ။ ဦးတူး ၏ ခုံနောက်သို့ တိတ်တိတ်လေး ပြေးဝင် ကပ်ပြီး အသက်ရှူသံမျှ ပင် မထွက်ရ အောင် သတိနှင့် ထိန်း၍ ပုန်းအောင်း နေလိုက်၏ ။
ဦးတူး မျက်လုံး မှေးမှေးလေး ဖွင့်ကြည့် ပြန်သည် ။ သား ဖြစ်သူ မရှိ တော့ ။ ပျော်ရွှင် ကျေနပ်စွာ ပြုံးလိုက် ပြီး သေချာအောင် ခေါင်းကို အနည်းငယ် ဝေ့၍ ကြည့်လိုက်ပြန်သည် ။
“ ဟား ... ဟား .. ဟား ” စိတ်လွတ်ကိုယ်လွတ် ရယ်ချ လိုက်မိ၏ ။ ဘာအာရုံမျှ မရှိဘဲ မျက်စိ စုံမှိတ်၍ ငြိမ်ငြိမ်ကြီး ထိုင်နေခဲ့ရသည်မှာ ပင်ပန်းလှပြီ မဟုတ်လား ။ အားရဝမ်းသာ အပြုံးဖြင့် အညောင်း ဆန့်လိုက်စဉ် မှာပင် ...
“ အဖေ ”
“ သောက်ပလုတ်တုတ် မိအေး ငုတ်တုတ် ”
နောက်ကျော မှ ထင်မှတ် မထား သော ခေါ်သံကြောင့် ဆံပင်များ ထောင် ထ မတတ် တုန်တက် သွားပြီး အထိတ်တလန့် ယောင်လိုက်မိ၏ ။ ချက်ချင်းပင် ဣန္ဒြေ ကို ပြန် ထိန်းလိုက်ရင်း ...
“ အာ .. လူလေးရာ ၊ လန့်လိုက်တာ ၊ မင်း ငါ့ နောက်ကျော အနား ကပ်ပြီး ဘာတွေ လုပ်နေတာလဲ ၊ စောစောစီးစီး အမွေတွေ လိုချင်လို့ အဇာတသတ်လို ကြံစည်နေတာများလားကွာ ”
မွေးသဖခင် ကျေးဇူးရှင် ဂိုက် ဆိုက် ကို အပီအပြင် ဖမ်း၍ ပြောလိုက်ရ သော်လည်း သူ ရှာဖွေစုဆောင်းထား ခဲ့သည် ဟူ၍ ဘာ စည်းစိမ်မျှ မရှိ ။ ပင်စင် ယူချိန် အထိ စုဆောင်း ရှာဖွေခဲ့သမျှ ကို ခြစ်ခြုတ် စာရင်းတင်ကြည့်မှ တီဗွီ အစုတ် တစ်လုံးသာ ရှိ၏ ။ ရှိသမျှအားလုံး အောင်ကျော် ရှာဖွေ ခဲ့သမျှချည်းပင် ။
“ အဖေ လည်းဗျာ ၊ မေးစရာ ရှိလို့ပါ ၊ သား အခန်းထဲ ဝင်သွားတုန်း ဒီ ဧည့်ခန်းထဲ ကို ဘယ်သူ ဝင်လာသေးလဲ ”
မည်သူမျှ မဝင်ဘူးဆိုလျှင် ဖခင်ကြီး ယူသည် မှာ သေချာပေပြီ ။ ဦးတူး ဤမျှလောက် အထိ မအပါ ။
“ ဘာဖြစ်လို့လဲ သား ၊ ခြေသံတွေတော့ ကြားနေ သလိုပဲ ၊ အဖေ လည်း အာရုံလေး မိတုန်း ပုတီး ကို ဝါယမစိုက် နေရတာနဲ့ ဘယ်သူတွေ မှန်းတောင် သတိ မထား လိုက်မိပါဘူးကွာ ”
သွားပြီ ။ သဲလွန်စ ရှာမရတော့ လောက်အောင် အခြေအနေ ကို ရှုပ်ထွေး သွားစေသည့် အဖြေမျိုး ။ ဘာရမလဲ ။ မျက်စိ စုံမှိတ်ထားတုန်းက ကြိုတင် စဉ်းစားထားသော စကားလုံးများ မဟုတ်လား ။
“ သား မေးစရာ ရှိလို့ အဖေ ”
အောင်ကျော် တဲ့ ကိုင်ပြီ ။ ဦးတူး ရင်ထဲတွင် ထိတ်ခနဲ ဖြစ်သွား၏ ။ သို့ သော် သတိ ကို လက်လွှတ် မထားသဖြင့် အမူအရာ ကတော့ မပျက် ။
“ မေးလေ သား ၊ မေးပေါ့ ၊ ဘာ သိချင်လို့လဲ ၊ ဖခင် ဆိုတာ သားသမီး ရဲ့ လက်ဦးဆရာ ပဲ မဟုတ်လား ၊ သား မသိ တာ လမ်းညွှန်သင်ပြပေးရ မှာ ဖေဖေ့ တာဝန်လေ ၊ ကဲ ... မေး မေး ”
ဆရာကြီး ၊ ပညာရှိကြီး ဂိုက် အပြည့် နှင့် ပြောသော ဖခင် ၏ အမူအရာ ကြောင့် အောင်ကျော် ၏ မျက်နှာ ခရမ်း သီးမီးဖုတ် ကြက်ယက် ထား သကဲ့သို့ အစွမ်းကုန် ရှုံ့မဲ့ သွားရလေသည် ။ တစ်သက်လုံး အပူအပင် ကင်းကင်း နှင့် ပေါ့ပေါ့ပါးပါး ဖြတ်သန်းခဲ့သော ဖခင်ကြီး ထံတွင် မိမိ ကို သင်ပြ နိုင်လောက်သော ပညာ ဘာမျှ မရှိကြောင်း သားအဖ ချင်း အတွင်းသိ အစင်းသိ မဟုတ်လား ။
“ မဟုတ်ပါဘူး အဖေ ရာ ၊ သား အိတ် ချထားတုန်း ပိုက်ဆံ ပျောက်သွား လို့ မသင်္ကာစရာ လူများ တွေ့လိုက် သလားလို့ပါ ”
ဦးတူး က မျက်မှောင် ကြုတ်၍ မသိ နားမလည် သလို ပုံစံမျိုးနှင့် ..
“ မဖြစ်ဘူးနော် ၊ အဖေ ပုတီး ထဲ မှာ အာရုံ နှစ် ထားတာလည်း ငါ့ သား မြင်သားပဲ ၊ ဟုတ်ရော ဟုတ်ရဲ့လားကွာ ၊ အရေ မှားတာလည်း ဖြစ်ပါဦးမယ် ”
“ ဘယ်က အရေ မှားရမှာလဲ အဖေ ရာ ၊ သေသေချာချာ စာရင်း နဲ့ အင်း နဲ့ တွက်ချက်ပြီး မှ ထည့်ထားတဲ့ ဟာကို ၊ ပိုက်ဆံ ကို နှမြောလို့ မဟုတ်ပါဘူး ၊ ခြေဆော့ လက်ဆော့ စည်းမဲ့ ကမ်းမဲ့ နိုင်တာ ကို စိတ်တိုတာပါ ၊ အလုပ်သမားတွေ ထဲက တစ်ကောင်ကောင် ပဲ နေမှာ ၊ တော်တော် အောက်တန်းကျတဲ့ ကောင်တွေ ”
အောင်ကျော် ၏ မကျေမချမ်း ရေရွတ်သံက ဦးတူး ကို တွန့်ခနဲ ဖြစ်သွား၏ ။
“ သားရယ် ၊ ဖြစ်ပြီးသွားပြီ ဆိုရင် လည်း ပြောမနေပါ နဲ့တော့ကွာ ၊ တော် ကြာ ဥစ္စာပျောက် ငရဲရောက် ဖြစ်နေပါဦးမယ် ”
“ အို .. ရောက်ပါစေဗျာ ၊ ပြော ရမှာပဲ ၊ အဝီစိ ချိုးကပ်ချင် ကပ်ပါစေ စမ်း ၊ တော်တော် စာရိတ္တ ချို့ယွင်းတဲ့ ကလေကချေ အောက်တန်းစား အုတ်ကြားမြက်ပေါက်တွေ ”
ဦးတူး မျက်နှာငယ်လေး နှင့် ...
“ သားရယ် ၊ ဒီလောက်ဆို တော် လောက်ပါပြီကွာ ” ဟု ချော့ပြန်သည် ။
“ မတော်နိုင်ဘူး အဖေ ၊ လက်ငင်း ပိုက်ဆံ ဆုံးရှုံး ထားရတာ သား ဗျ ၊ ကျုပ် ပိုက်ဆံ ယူတဲ့သူ နေလို မီးလို ပူပြီး အေ ကိုက် သေပါစေဗျာ ”
“ သား တော်ပြီလေ ”
ဦးတူး ကျောရိုး ထဲ မှ ကြက်သီး ဖြန်းခနဲ ထ၏ ။
ထိုအချိန်တွင် အိမ်ရှေ့ မှာ ကား တစ်စင်း ထိုး ရပ်လိုက်သံကြောင့် သား အဖ နှစ်ယောက်စလုံး တုံ့ခနဲ ရပ်သွားပြီး အာရုံ က အိမ်ရှေ့ သို့ ရောက် သွားကြသည် ။
“ ဒိုးရတော့မယ် ... အချစ်ရယ် ၊ အာဟား အာဟား နှုတ်ဆက်ခဲ့ပါတယ် ၊ အဟား ... အဟား ... ကိုယ် တကယ် မခံစားနိုင်ဘူး အချစ်ရယ် ၊ အာဟား ... အာဟား ... ကိုယ်လေ အဝေးသို့သွားမယ် ဒိုးတော့မယ် ၊ အာဟား ... အာ ဟား ”
ကားတံခါး ဖွင့် ဆင်းသံ နှင့် အတူ ကြားလိုက်ရသော သီချင်းညည်းသံကြောင့် အောင်ကျော် ၏ ဒေါသ လစ်မစ် ပို တက် သွားရတော့သည် ။ အခြား သူ မဟုတ် ။ ဦးလှမင်း ၏ အသံ ပင် ။ အိမ် အတွင်း သို့ သီချင်းသံ နှင့် အတူ ရက်ပါ စတိုင် နှင့် ဝင်လာသော ဦးလှမင်း တစ်ယောက် အောင်ကျော် ကို မြင်သည် နှင့် အရာ အားလုံး ကို ဆန့်ကျင်ဘက် အမူအရာ သို့ ပြောင်းချ လိုက်သည် ။
“ အင်း .. အနိစ္စ ၊ ဒုက္ခ ၊ အနတ္တ ”
ဣန္ဒြေ မဆည်လို့ လည်း မဖြစ် ။ အောင်ကျော် က သူ့ ဖခင် သည် မိမိ နှင့် ပေါင်းသောကြောင့် ပျက်စီးသွားသည် ဟု စွဲမှတ်ထားကြောင်း ဦးလှမင်း သိနေ သည် ။ မိမိ ကို မကြည်မှန်း သိသော ကြောင့် ဖော်ရွေသော အပြုံးလေး နှင့် ရောဖျော်လိုက်ပြီး ...
“ ဪ ... မောင်အောင်ကျော် ပါ လား ၊ ပုံစံ ကြည့်ရတာ အပြင် သွားတော့မလို့ ထင်တယ် ”
နှုတ်ဆက်လိုက်သည် ။ အောင်ကျော် က ဘာမျှ မပြောဘဲ စိန်းစိန်းကြီး ပြန် ကြည့်နေသောကြောင့် ကြောင်အအကြီး ဖြစ် သွားရသည် ။ ထို အခြေအနေ ကို ဦးတူး က ဝင် ထိန်းသည့် အနေနှင့် အတင်း ဝင် နှုတ်ဆက်သည် ။
“ သူငယ်ချင်း လာကွာ ၊ ထိုင် ၊ ကိစ္စ ရှိလား ၊ အေးအေးဆေးဆေးပေါ့ကွာ ”
ဦးလှမင်း လည်း ထိုအချိန် ကျမှ အကျဉ်းအကျပ် ၏ ထွက်ပေါက် ကို ရရှိ တော့သည် ။
“ ကိစ္စရယ်လို့တော့ အထူး မရှိပါ ဘူးကွာ ၊ ငါ နာနေတဲ့ ဝိပဿနာ အလုပ်စခန်း တရားခွေလေး က အနှစ် ပါလွန်းလို့ မင်း ကို လာပေးတာကွ ”
“ ဟုတ်လား ၊ အေးကွာ ၊ ကျေးဇူးပါပဲ ”
အောင်ကျော် က သူငယ်ချင်း နှစ်ဦး အပြန်အလှန် ပြောနေသံ ကို နားထောင် ၍ နှုတ်ခမ်း ကို အစွမ်းကုန် မဲ့ ထား လေသည် ။ တရားဓမ္မ နှင့် ဘယ်လိုမျှ မနီးစပ်သော သူတို့ နှစ်ဦး အကြောင်းကို အာမခံ ခဏခဏ လုပ်ပေး နေရသော အောင်ကျော် က အသေးစိတ် သိပြီးသား မဟုတ်လား ။
“ သား မြို့ထဲ သွားဦးမယ် အဖေ ၊ သား မရှိတုန်း အိမ် နဲ့ အလုပ်တိုက် ထဲကို ခဏ စောင့်ကြည့်နေလိုက်ပါဦး ၊ ဘယ်မှ သွားဖို့ မစဉ်းစားပါနဲ့နော် ”
အောင်ကျော် မကျေနပ်သော လေသံ ပါအောင် တမင်ပင် ပြတ်ပြတ်မာမာ ပြောပြီး ခြေလှမ်းကျဲကျဲကြီး နှင့် ထွက်ခွာသွားတော့၏ ။
အောင်ကျော် ထွက်သွားသည် နှင့် အဘိုးကြီး နှစ်ဦး က ဂိုးသွင်း လိုက်သော ပရီမီးယားဘောလုံးသမား တို့ အမူအရာ အတိုင်း ပျော်ရွှင်ဟန် ပြုလိုက်ကြတော့သည် ။
“ မင်း ဖုန်းဆက်တဲ့ ကိစ္စ က တကယ်လား သယ်ရင်း ”
“ အမှန်အကန်ပါ သယ်ရင်း ရ ၊ ငါ တောင် တစ်ခေါက် ဒိုးပြီးပြီ ၊ ရေလည် လန်းတယ်ကွာ ၊ ငါ တော့ ဟတ်ထိသွား တာပဲ ”
“ ဘရာဗို ... မင်း ဖုန်းဆက် လိုက် ကတည်း က ငါ လှုပ်နေတာကွ ၊ သွားချင် လွန်းလို့ သား ဆီ က တောင် ရေ ဘတ် လိုက်ရသေးတယ် ၊ ဟိုကောင် က ငါ ဘတ် တာ ရိပ်မိပုံ ရတယ်ကွ ၊ ကွိုင် ရှာ နေတုန်း မင်း ရောက်လာလို့ ရပ်သွားတာ ”
“ ဒါဆိုလည်း လုပ်ကွာ ၊ ရွေ့ရ အောင် ၊ ဟတ် က အစာတောင်း နေပြီကွ ”
“ အိုကေ ...ခဏလေး စောင့် ၊ ဒရက်ဆင်း ကို အမှည့် ကိုင်လိုက်ဦးမယ် ”
“ လုပ်ရမှာပေါ့ကွ ၊ ငါ လည်း ဒီမှာပဲ လဲရမှာ ၊ အိမ် က သားသမီးတွေ ကို ဘုရားတက်မယ် ပြောပြီး ထွက်ရတာ ဆိုတော့ ရခိုင်ပုဆိုး နဲ့ တိုက်ပုံဝတ် ထွက် ရတာပေါ့ကွာ ၊ မင်း ဆီ ရောက်မှ လဲမယ် ဆိုပြီး အလန်းဆုံး တစ်စုံ ကို ခိုးထည့် လာ ရတာ ၊ နေဦး .. ကား ထဲ မှာ သွားယူ လိုက်ဦးမယ် ”
သူငယ်ချင်း နှစ်ဦး လွတ်လပ်ပေါ့ပါးစွာ နှင့် ပခုံး ဖက်၍ ဦးတူး ၏ အိပ်ခန်း အတွင်းသို့ ဝင် သွားကြလေသည် ။ ၁၅ မိနစ်ခန့် အကြာတွင် တံခါး ပြန် ပွင့်လာသည် ။ လူတွေ က ထွက်မလာသေး ။ အရင်ဆုံး လုံးခနဲ ထွက် လာသည်က အမွှေးရနံ့ မုန်တိုင်းကြီး ပင် ။ တိုက်ရိုက် ထိတွေ့လိုက် သူ တိုင်း မူးမေ့ သွားနိုင်လောက်သည် အထိ ပြင်းထန်လွန်း လှ၏ ။
သူငယ်ချင်း နှစ်ဦး ပခုံး ဖက်၍ ထွက်လာပါ ချေပြီ ။ ပုံစံများ ကို ကြည့်ပါ ဦး ။ ဦးတူး က ရှားညိုရောင် ကမ်းမဲလ် သရီးကွာတား ၊ အိုင်လပ်ဖ်ယူ ဟူသော စာတန်း နှင့် ရွှေရောင် စတစ်ကာကပ် တီရှပ် ၊ ဝေါ့ကင်းရှူး အဖြူရောင် ၊ NIKE လျှာထိုးဦးထုပ် နှင့် ။ ဦးလှမင်း က ဂျင်းမှိုတက် ဘောင်းဘီရှည်အနက် ပေါ်တွင် ဖန်စီစတီး ကြိုးများ ရှုပ်ယှက်ခတ်စွာ တွဲလွဲကျလျက် ။ အရိုးခေါင်းပုံ အပြောင် စတစ်ကာ ရင်ကျော အပြည့် တီရှပ် ၊ လက်မခန့် စတီးဆွဲကြိုး နှင့် ။
နှစ်ယောက်စလုံး ရင် အတွင်း မှ အသံတိတ် ဂီတများ နှင့် စည်းချက် ညီစွာ ခန္ဓာကိုယ် ကို ငြိမ့်၍ ငြိမ့်၍ လှုပ်ခါရင်း ထွက် လာခဲ့ကြသည် ။ ဧည့်ခန်း ထဲ အရောက် တွင် မျက်နှာချင်းဆိုင် ရပ် လိုက်ကြပြီး တစ်ဦး ကို တစ်ဦး ခြေဆုံး ခေါင်းဆုံး ကြည့်ရှု အကဲခတ်ကြသည် ။ ထို့နောက် ကျေနပ်အားရစွာ တဟားဟား အော်ရယ် လိုက်ကြပြီး လက်ဝါးချင်း မြှောက်၍ ဆိုင် ရိုက် လိုက်ကာ ကား ဆီ သို့ ထွက်သွားကြလေတော့သည် ။ သူတို့ နှစ်ဦး ၏ ကား တရကြမ်းမောင်း သွားသံ နောက်တွင် ထီ ရောင်း သော ကား မှ အသံများ ကဲ့သို့ သီချင်းသံများ ပြန့်ကျဲလွင့်ကျ ကျန်နေခဲ့လေသည် ။
“ မင်းတို့ ရဲ့ လက်တွေ လေထဲ ကို မြှောက် ထားလိုက် ”
▢ သက်ဦးမောင်
📖 ရယ်စရာ မဂ္ဂဇင်း
စက်တင်ဘာလ ၊ ၂၀၁၂
Nov 21, 2024 16:21
Tuesday, April 4, 2023
ပဲ့ မကိုင် တက် မလှော် လှေ ပေါ် က လူ
❝ ပဲ့ မကိုင် တက် မလှော် လှေ ပေါ် က လူ ❞
လူ တစ်ယောက် က ဇာတ်ထဲ ကို အစိမ်းသက်သက် ( ဇာက် ထဲ မှာ အခံ လူ မရှိဘဲ နဲ့ ) ဝင် ချင်တယ် ဆို ချက်ချင်း ဝင် လို့ ရတယ် ။ ဒါပေမဲ့ သရုပ်ဆောင် ထဲ တော့ မရဘူး ။ သူ က လေ့ကျင့် သင်ကြားရသေးတာ ကိုး ။ ဒီတော့ ဘာဖြစ် မလဲ ။ သင်စရာ မလိုတဲ့ ထမ်း ၊ ပိုး ၊ တင် ၊ ချ လုပ် ရတဲ့ ကားဆွဲ အလုပ်သင် ပေါ့ ။
အဲဒီလို လိုက်လာကြတဲ့ သူတွေ အများကြီး ထဲ မှာ မှတ်မှတ်ရရ သတိထား မိခဲ့တာ က တော့ နေအောင် ဆို တဲ့ ရွာသားလေး တစ်ယောက် ပဲ ။ ဘာဖြစ်လို့ မှတ်မှတ်ရရ ဖြစ်ရသလဲ ဆိုတာ ကို ပြောရင်း နဲ့ သိသွားမှာပါ ။
••••• ••••• ••••• •••••
ဇာတ်သမား ဆိုတာ နေရာစုံ လှည့်ပတ်ပြီး လူ ပေါင်းစုံ နဲ့ ဆက်ဆံနေရတာ ဆိုတော့ လူရည် လည် ကြတာ များတယ် ။ အူတူတူ နဲ့ ဘယ်သူတွေ က ခံ ရသလဲ ဆိုတော့ ဇာတ်ပါး မဝသေး တဲ့ ဇာတ်သမား လက်သစ်တွေ ပေါ့ ။ သူများ မလုပ်ချင်တာတွေ သူတို့ လုပ် ရတယ် ။ အစား အသောက် မလောက်ဘူး ဆို သူတို့ပဲ ကျန်တယ် ။ အဲဒီ လက်သစ်တွေ ဇာတ်ပါး ဝ သွားပြီ ဆို သူတို့ က လဲ ကိုယ် ခံ ခဲ့ရ သလို နောက် လက်သစ်တွေ အပေါ် အခွင့်အရေး ပြန် ယူတာပေါ့ ။
အဲဒီလို ဇာတ်သမား လက်သစ် မျိုး ထဲ မှာ နေအောင် ကတော့ မပါခဲ့ ဘူး ။ သူ့ ရဲ့ သမိုင်းကြောင်း ကို အစ က ပြော ရရင် ရွာ တစ်ရွာ ကို ဇာတ်သွား က တော့ ကားဆွဲ ခေါင်းဆောင် နဲ့ ခင်ပြီး ပါ လာတာ ။ ဝါသနာ ပါ လွန်း လို့ ဇာတ်ထဲ လိုက်ပါရစေ ဆိုတဲ့
တောင်းဆိုချက် နဲ့ ပေါ့ ။ ဇာတ်ဆရာ ကလဲ အလုပ်သမား အင်အား နည်း နေတော့ လိုက်ခဲ့ပေါ့လေ ။
ဇာတ် ထဲ ကို အစိမ်းသက်သက် လိုက် လာတဲ့ လူတွေ ရဲ့ ထုံးစံ အတိုင်း မျက်စိသူငယ် နားသူငယ် နဲ့ ဘယ်နား အိပ် လို့ ဘယ်နား စား ရ မှန်း မသိ ၊ ဟို လူ့ မျက်နှာ ကြည့် ဒီ လူ့ မျက်နှာ ကြည့် နဲ့ သိမ်ငယ် နေ တတ်တာ မျိုး နေအောင့် ဆီ မှာ မတွေ့ခဲ့ရဘူး ။ နောက် ဇာတ်ခုံ ကို ကူးတဲ့ အချိန် မှာ ပဲ အသား ကျ ပြီးသား ဇာတ်သမား တစ်ယောက် လို ကြွရွ လို့ ။
ဇာတ် ထဲ ကို စ ရောက်ရောက် ချင်း မှာပဲ နေအောင် က သူ့ ဗီဇ နဲ့ အရည်အချင်း ကို စ ပြတော့ တာပဲ ။ အလုပ်သမား ခေါင်းဆောင် ကို နှူးနှပ် ပြီး လိုက်လာ တာ ဆိုတော့ အဲဒီ လူ ဟာ သူ့ ဆရာ ပါ ။ သူ ခိုင်းတာ လုပ် ရ တာပေါ့ ။ ခုနက ရှင်းပြခဲ့ သလို ဇာတ်ခုံ တစ်ခုံ ကို စ ရောက်ပြီ ဆိုတာ နဲ့ ကားဆွဲ အဖွဲ့ တစ်ဖွဲ့ လုံး ဝုန်းဒိုင်း ကြဲ ကားလိပ်တွေ ၊ မီးတွေ ဆင်ကြ ရတော့တာပဲ ။ အဲဒီ အချိန် မှာ သူ့ တာဝန် နဲ့ သူ နားလည်မှု နဲ့ ခွဲ လုပ် ကြရတာပေါ့ ။ အသေးစိတ် ပြော ရရင် နားမလည်သူတွေ မျက်စိ ထဲ မြင် နိုင်မှာ မဟုတ်လို့ သဘောလောက်ပဲ ပြောပြတော့မယ် ။ ကားလိပ် ချည်မဲ့ ဝါးတွေ ကို ဆက် တဲ့ သူ က ဆက် ၊ ဆက် ထား တဲ့ ဝါးတွေ ကို သူ့ နေရာ နဲ့ သူ ကြိုး နဲ့ တန်းလန်း ချ တဲ့ သူ က ချ ၊ အဲဒီ ဝါးလုံး မှာ အတောင် နှစ်ဆယ် ရှိတဲ့ ဇာတ်ခုံ အပြည့် ကားလိပ်ကြီး တွေ ကို လိုက် ချည် တဲ့ သူ က ချည် ပေါ့ ။
အဲဒီ အထဲ မှာ နေအောင် က လက်သင် ဆိုတော့ တာဝန်ရယ် လို့ သတ်သတ်မှတ်မှတ် မရှိသေးဘူး ။ ဟိုဟာ ဝိုင်း ကူ သလိုလို ဒီဟာ ဝိုင်း ကူ သလိုလို နဲ့ ဟိုအော် ဒီအော် အော် နေတာပဲ ၊ စင်အောက် က လှမ်း ကြည့် ရင် နေအောင် တစ်ယောက် ပဲ အလုပ် လုပ် နေတယ် ထင် ရတယ် ။ အသံ အကျယ်ဆုံး နဲ့ ဟိုပြေး သည်ကူး အများဆုံး ကိုး ။ ဒါပေမဲ့ သတ်သတ် မှတ်မှတ် ဘာ လုပ်လိုက်တယ် ရယ် လို့ တော့ မရှိဘူး ။
ဇာတ်ခုံ မှာ ရင်ခွဲကား ဆိုတာ အလယ် က နေ ဟိုဘက် တစ်ခြမ်း ဒီဘက် တစ်ခြမ်း ပွင့် သွား တဲ့ ကားလိပ်ကြီး ပေါ့ ။ အဲဒါက ဝါး နဲ့ ဆင် လို့ မရဘူး ။ ပင်မ ပြေးလမ်း ဖြစ်တဲ့ တန်း ကြိုး ကို သွယ်ကြိုး နဲ့ ဇာတ်ခုံ ဟိုဘက် ထိပ် ၊ ဒီဘက် ထိပ် တင်း နေ အောင် ပစ် ရတယ် ။ အဲဒီ သွယ်ကြိုး ကို ဟို ဘက် တစ်ယောက် ၊ ဒီ ဘက် တစ်ယောက် ဇာတ်ခုံ ထိပ်ပေါ် ကို တက် သွားပြီး အား နဲ့ အင် နဲ့ ဆွဲ ချည် ရတာ ။
သူများတွေ ၊ ဝရုန်းသုန်းကား လုပ်ကိုင် နေချိန်မှာ နေအောင် လဲ လူလုံး ပြလို့ တော်တော်များများ မြင် သွားပြီ လဲ ဆိုရော အဲဒီ ကားကြိုး ကို ကျွန်တော် တက် ချည်မယ် ဆိုပြီး ကြိုးစ တစ်ဖက် ကို ကိုင်ပြီး ဇာတ်ခုံ ထိပ် တက် သွားတော့တာပဲ ။ အဲဒီ သွယ်ကြိုး ကို တင်း နေအောင် ချည်ပြီး ပြန် ဆင်း မလာတော့ဘူး ။ အလုပ် တွေ ရှုပ်ယှက်ခတ် နေတဲ့ ကားဆွဲ အဖွဲ့ ကလဲ လူတွေ အများကြီး ဆိုတော့ နေအောင် တစ်ယောက် ပျောက် နေတာ ကို သတိ မထား မိ ကြဘူးပေါ့ ။
မတော်တဆ သတိထား မိတဲ့ သူ က “ နေအောင် ကော ဟေ့ ” လို့ ဆို လိုက်တာနဲ့ ဇာတ်ခုံ ထိပ် ကနေ “ ကျွန်တော် ဒီ ပေါ် မှာ ခင်ဗျ ” ဆိုတဲ့ နေအောင် အသံ အကျယ်ကြီး ကို ကြား ရတော့ တာပဲ ။ ခိုင်းဖို့ ခေါ်တဲ့ သူ လဲ ဘာ လုပ်နေလဲ ၊ ဘာလဲ နဲ့ ဆက် စစ်ဆေး နေချိန် မရဘူး ၊ အဲဒီလို နဲ့ ကားလိပ်တွေ သာ အကုန် ဆင်ပြီး သွားဟယ် ၊ နေအောင် တို့ ကြိုး တစ်ချောင်း ပဲ ချည် လိုက် ရတယ် ။ ဒါပေမဲ့ အသံ ကျယ်ကျယ် နဲ့ ပြေးလွှား အော်ဟစ် ထား တဲ့ အရှိန်ကြောင့် နောက် ရက် မှာ “ ကားဆွဲ အသစ်လေး က သိပ် အလုပ် လုပ်တာပဲ ” ဆိုတဲ့ မှတ်ချက် ချသံ က တန်း ပျံ့နှံ့ သွားတော့တာ ။ အဲဒါ နယ်ပယ် စုံ ရောက် ပြီး လူရည် လည် တဲ့ ဇာတ်သမား ရင့်မာကြီး တွေ ကို မအူမလည် နဲ့ နောက် မှ လိုက် လာတဲ့ ရွာသား က နှပ် ချလိုက်တဲ့ နေအောင် ရဲ့ ပထမ ဦးဆုံး အရည်အချင်း ပဲ ။
••••• ••••• ••••• •••••
နေအောင် က ဒီလောက် နဲ့ တင် ကျေနပ်တဲ့ လူစားမျိုး မဟုတ် ဘူး ။ လေးငါးရက် လဲ ကြာရော ဇာတ် ထဲ မှာ ဘယ်သူ ပါဝါ အရှိဆုံး လဲ လေ့လာတော့ တာပဲ ။ ဘယ်သူ ဖြစ် ရ အုံးမှာလဲ ၊ ခေါင်းဆောင် ပြဇာတ် မင်းသား ပေါ့ ။ အဲဒီ မင်းသား ကို အလုပ် အားတာ နဲ့ မယောင် မလည် လုပ်ပြီး ကပ် သွားတော့တာ ပဲ ။ မင်းသား ဘာ လိုအပ်လဲ ဆိုတာ အရိပ် ကြည့် ပြီး ပျာယာခတ် လုပ် ပေး နေ တတ်တယ် ။ လက် က လုပ် ပေး သလို ပါးစပ် ကလဲ မနားဘူး ။
“ အစ်ကိုတို့ များ ကုသိုလ်ထူး လိုက်တာ ၊ အဝတ်အစားလေး ဝတ် ပြီး စင်ပေါ် တက် ရပ် လိုက်တာ နဲ့ တင် အောက် က ပရိသတ် က မီးသေပြီး သား ပဲ ၊ ဒီ ကြားထဲ အနုပညာ က ထူးချွန်သေး တော့ ဝက်ဝက်ကွဲ အောင်မြင် တာ ဘာ အံ့ဩစရာ ရှိမှာ လဲ ”
ဆိုတာမျိုး ။
“ ကျွန်တော် ရေချိုး သွား မလို့ အစ်ကို ၊ အဝတ်အစား မလျှော်ရသေး တာတွေ ပေး လိုက်လေ ၊ သူများ ကို မလျှော်ခိုင်းပါနဲ့ အစ်ကို ရယ် ၊ အစ်ကို အဝတ်အစားတွေ က တန်ဖိုး ကြီးတာတွေ ချည်းပဲ ၊ ဆပ်ပြာ မပြောင်ရင် ခဏလေး နဲ့ ဆွေး ကုန်မှာ ၊ နှမြောစရာ ကြီး ဗျာ ၊ ကျွန်တော် က တော့ ကိုယ့် ကိုယ် ကိုယ် က လွဲပြီး ဘယ်သူ့ ကို မှ စိတ်မချဘူး ”
ဆိုတာမျိုး ။
“ အင်း ... ကားဆွဲ နေ ရလို့ မအားလို့ သာ ၊ နို့မို့ဆို အစ်ကို့ နား မှာ တစ်ညလုံး နေပြီး အစ်ကို့ ဝေယျာဝစ္စ တွေ လုပ်ပေး နေချင်တယ် ၊ ခေါင်းဆောင် မင်းသား ဆိုတာ အရမ်း ပင်ပန်းတယ် မဟုတ်လား ၊ ဒါကို နား မလည်ကြတော့ စိတ်ရှည်လက်ရှည် လုပ် မပေးကြဘူး ၊ အစ်ကို ကိုယ် တိုင် အဝတ်အစားတွေ ရှာဖွေ ဝတ် နေ ရတာ ကျွန်တော် ဖြင့် မကြည့်ရက် ပါဘူး အစ်ကို ရယ် ”
ဆိုတာမျိုး ။
မင်းသား က သဘောကျပြီ ပေါ့ ။ ခိုင်းတာ ကျတော့လဲ စကားလုံး တောင် မဆုံးသေးဘူး ခိုင်းတဲ့ ဆီ ကို သွား နေပြီ ။ ဝေယျာဝစ္စ ကျတော့ လဲ မျက်လုံး နဲ့ ကြည့်တာ နဲ့ တင် အစီအစဉ် တကျ အသင့် ပြင်ပြီးသား ဆို တော့ ... ။
နေအောင့် ကို ကား ဆွဲ တဲ့ နေရာ မှာ အတွေ့ နည်းလာ တော့ ညကြေး တန်းတူ ရတဲ့ အလုပ်သမား တွေ က ပြောတော့တာ ပေါ့ ။ ဒီတော့ တာဝန်ခံ ပြီး ခေါ် လာတဲ့ အလုပ်သမားခေါင်းဆောင် ရဲ့ တာဝန် ဖြစ် လာ ရော ။ ဒါကြောင့် အလုပ် လုပ် တိုင်း နေအောင် ရေ လို့ ခေါ် လိုက်ရင် အရင် လို လူ ရောက် မလာတော့ဘူး ။ မင်းသား က ဘာ ခိုင်းထားလို့ ဆိုတဲ့ အကြောင်းပြချက် ပဲ ရောက်လာ တော့ တယ် ။ မင်းသား ခိုင်း ထားတာ ဆိုတော့ ကျန်သူတွေ လဲ ဘာ ပြော ရဲ မှာလဲ ။
ဒီလိုနဲ့ နေအောင် ဟာ ဇာတ် ထဲ ရောက်ပြီး ၁၅ ရက် လောက် နဲ့ တင် မင်းသား နား မှာ အကောင်းစား အကြွင်းအကျန် တွေ စားပြီး ဇိမ် နဲ့ နေ ရတဲ့ ဇာတ်သမား တစ်ယောက် ဖြစ် သွား တော့တာပဲ ။ သူ့ အရင် နှစ် နဲ့ ချီ ပြီး ကားဆွဲ လုပ် နေခဲ့တဲ့ သူတွေ က တော့ ချွေးဒီးဒီး ကျ အောင် လုပ် နေရ တုန်း ။
••••• ••••• ••••• •••••
တစ်ရက် မှာ မနက်ခင်း မီးစက်ငြိမ်း ပွဲသိမ်း လို့ ဇာတ်သမားတွေ အိပ် ဖို့ ပြင် နေကြတဲ့ အချိန် မှာ နေအောင် ဇာတ်ခုံ ထဲ က နေ ထွက်လာ တာ ကို ကြည့်ပြီး ဇာတ်သမား အကုန် လုံး မျက်လုံး ပြူး သွား ရတယ် ။ ဘာ ဖြစ်လို့လဲ ဆိုတော့ တော်ရုံ ဇာတ်သမား စိတ်ကူး တောင် မယဉ်ရဲတဲ့ ဈေး အကြီးဆုံး ဂျင်းဂျာကင် ၊ ဘောင်းဘီ ဝမ်းဆက် နဲ့ ကိုး ။ အဲဒီ ဝမ်းဆက် ကို ဇာတ်သမား တိုင်း သိ ကြတယ် ။ ပြဇာတ်မင်းသား ရဲ့ ဟာလေ ။ ပြဇာတ် မင်းသား တောင် ဖျစ်ဖျစ်မြည်အောင် ညှစ် ဝယ် ထားရတာ ။ နောက်ကျော မှာ လဲ မင်းသား ရဲ့ လည်သာကျောပိုး အိတ် နဲ့ ၊ ခေါင်းပေါ် မှာ လဲ မင်းသား ရဲ့ NIKE တံဆိပ် ဦးထုပ် နဲ့ ။ ပွဲဈေးတန်း က ကွမ်းယာသည် ခပ်ချောချော ကောင်မလေး ဆီ မှာ ကွမ်းယာ ဝယ်စား တယ် ။ စကားတွေ ပြော နေတာ ဖောင် လို့ ။ ကောင်မလေး မျက်နှာ ကလဲ ဂုဏ် ယူ နေတဲ့ အပြုံးတွေ နဲ့ ရွှင်လို့ ကြည်လို့ ။ ဇာတ်သမား ရင့်မာကြီးတွေ ပါးစပ် အဟောင်းသား နဲ့ ပေါ့ ။ ဒီလောက် စတိုင် ကျတဲ့ ကားဆွဲ မြင် မှ မမြင်ဖူးဘဲ နဲ့ ကိုး ၊ မင်းသား တစ်ယောက် ပြဇာတ် ထဲ မှာ ဝတ်တဲ့ ဝတ်စုံ ကို ကားဆွဲ က ယူ ဝတ်တာ ထုံးစံ မှ မရှိတာ ။ နောက် ပြီးတော့ နေအောင် ဆိုတာ က ခုမှ ဇာတ် ထဲ လိုက် လာတဲ့ သူ ။ သိပ်လဲ ရင်းနှီးသေးတာ မဟုတ်ဘူး ။ အူရွ နေတဲ့ ဇာတ်သမား အချို့ဟာ အိပ်တောင် မအိပ်နိုင်ဘဲ မင်းသား အိပ် ရာ က အနိုး ကို စောင့်ကြတယ် ။ တိုင် ဖို့ ပေါ့ ။
နေ့လယ် ၁၁ နာရီ လောက် ကျတော့ မင်းသား နိုး လာပြီး မင်းသား ရဲ့ အခန်း ရှေ့ ဇာတ်ခုံ တိုင် နှစ်တိုင် ကို ကြိုးပြေး ထားတဲ့ အပေါ် မှာ ဖြူဝင်း နေ အောင် လျှော် ထားတဲ့ မင်းသား အဝတ်အစားတွေ ဟာ တစီတတန်း ကြီးပဲ ။ မင်းသား အနိုး ကို စောင့် နေ တဲ့ သူတွေ နေအောင့် အကြောင်း ကို ပြေး ပြောကြပါလေရော ။ မင်းသား က ရုတ်တရက် တော့ စိတ်ဆိုး တာပေါ့ ။ ဒါပေမဲ့ ကြာကြာ စိတ် မဆိုးနိုင်ဘူး ။ သူ့ ကို နေအောင် ဆက်ဆံပုံလေး ကို မျက်စိ ထဲ မြင် လာတယ် ။
ကောင်မလေး နှစ်ယောက် ထိပ်တိုက် ဆုံ နေလို့ ဖြေရှင်း ပေးခဲ့ တာလဲ နေအောင် ပဲ ။ အိမ် က မိန်းမ ကို ယုံကြည် လာ အောင် လိမ် ပေးတာလဲ နေအောင် ပဲ ။ အသစ် ရောက် လာတဲ့ ယိမ်းမင်းသမီးလေး ကို ဘယ်သူမှ မသိအောင် အခန်း ထဲ ပို့ပေး ခဲ့တာလဲ နေအောင် ပဲ ။ ဒီတော့ -
“ ဟေ့ကောင် နေအောင် ... မင်း က ငါ့ အဝတ်အစားတွေ ဝတ် တယ်ဆို ”
“ ဟုတ်ပါတယ် အစ်ကို ရယ် ၊ ဒါပေမဲ့ အစ်ကို့ အဝတ်အစားတွေ ကို မတန်မရာ အလွဲသုံးစား လုပ်ချင်လို့ မဟုတ်ပါဘူး ၊ ကျွန်တော့် မှာ ရှိတဲ့ ပုဆိုးလေး နှစ်ထည် ကို တစ်ပြိုင် တည်း လျှော် လိုက်ချင် လို့ ၊ နောက် ပြီး အစ်ကို့ အဝတ်အစားတွေ ကို လဲ လျှော်ဖို့ ယူ သွား ရင်းက အလွယ် ဟာ လေး ခဏ ကောက် ဝတ် မိတာပါ ၊ ကျွန်တော့် ပုဆိုးလေး ခြောက် တော့ အစ်ကို့ ဟာ ကို ချွတ်ပြီး လျှော် လိုက် တယ်လေ ”
မင်းသား ဘာမှ မပြောနိုင်ဘူး ။ ပြဲစုတ်ပျောက်ပျက် သွားတာ မဟုတ်တော့ နောက် မဝတ် နဲ့ လို့ ပြောပြီး ပြီး လိုက်ရတာပါ ။ မင်းသား က တင်းတင်းကြပ်ကြပ်ကြီး မပြော မှန်း သိတော့ မလိုက်နာပါဘူး ။ သူ့ ဘက် ကလဲ မင်းသား ကို နိုင်ကွက်တွေ နဲ့ ကိုး ။ ဒီတော့ မင်းသား အိပ်ပြီ ဆိုတာ နဲ့ ပွဲဈေးတန်း က ကောင်မလေးတွေ ဆီ မှာ အပျံစား နေအောင် ကတော့ လွှားလွှားလွှားလွှား နဲ့ ကို ဖြစ်လို့ ။ သူ့ တောင် မင်းသား ထင်နေ ကြသေး ။
••••• ••••• ••••• •••••
အလုပ်သမားအဖွဲ့ သေတ္တာ တွေ ကို ထမ်းပိုး ပြီး ချွေးဒီးဒီး ကျနေ ချိန် မှာ နေအောင် တို့ က အေးအေး ဆေးဆေးပဲ ။ သေတ္တာ မထမ်းရတော့ ဘူးလေ ။ မင်းသား ရဲ့ အကျ စွန့်ကြဲ ထားတဲ့ အဝတ်အစားတွေ ပြောင် ပြောင်ရောင်ရောင် နဲ့ စီးကရက် ခဲပြီး ပြုံးပြုံးလေး ရပ် ကြည့်နေ လိုက်တာ စတိုင် ကို ကျလို့ ။ အလုပ်သမားအဖွဲ့ က ချွေးဒီးဒီး ကျရင်း က နေ မသိမသာ ကွက်ကြည့် ကွက်ကြည့် နဲ့ ငေး ကြ လို့ ။ သူတို့တွေ ရဲ့ ဇာတ်သက် က ဆယ်နှစ် အထက် ရှိကြတဲ့ သူတွေ ချည်းပဲ ။ ဒါပေမဲ့ နေအောင့် လို ပြောင်ပြောင်ရောင်ရောင် သက်သက် သာသာ နဲ့ တစ်ခါမှ မနေခဲ့ရဖူးဘူး ။
အဲဒီလို မနေခဲ့ရ ပေမဲ့ နေအောင့် ကို အားကျတဲ့ စိတ် နဲ့ တော့ ကြည့်ကြတာ မဟုတ်ဘူး ။ ဖိနပ် တိုက် ၊ ခြေအိတ် လျှော်ပြီး အခွင့် အရေး ကို ကြုံ သလို မျက်နှာ ပြောင်ပြောင် ယူ တတ်တဲ့ အရှက် နည်းမှု အတွက် အန်ချင် စိတ် နဲ့ ကြည့် ကြတာ ။ မင်းသား ရဲ့ စတိုင်ဘောင်းဘီ အကျလေး နဲ့ ၊ စပို့ရှပ် အကောင်းစား အရောင်လွင့်လွင့်လေး နဲ့ နှုတ်ခမ်း ဖျား မှာ စီးကရက်လေး ယီးလေး ခို ချိတ်ပြီး ဂိုက်ပေး ကြမ်း နေတဲ့ နေအောင် ကတော့ ဘယ် သိ မှာ တုံး ။ သူ့ ကို အလုပ်သမားအဖွဲ့ က အထင်ကြီး အားကျ လို့ ကြည့် နေတယ် ထင် နေ တာပေါ့ ။
နောက်ပိုင်း မင်းသားကြီး အောင်မြစိန် က တော့ နေအောင့် ကို ကြည့်ပြီး ခေါင်းလေး ယမ်းရင်း ပြောတယ် ။
“ နေအောင့် လို ဖိနပ် ကိုင်ရ ကိုင်ရ ၊ အတွင်းခံ လျှော်ရ လျှော်ရ ကိုယ် ဇိမ် ကျ ရင် ပြီးရော ဆိုတဲ့ အခွင့် အရေးသမား အောက်တန်းစားတွေ များ လာ လို့ က တော့ ဇာတ် ပျက်ပြီ သာ မှတ်ပေတော့ ” တဲ့ ။
◾သက်ဦးမောင်
📖 ငွေတာရီမဂ္ဂဇင်း
၂၀၂၀ ပြည့်နှစ် ၊ ဒီဇင်ဘာလ
#ကိုအောင်နိုင်ဦး
.
Sunday, November 14, 2021
ပွင့်ချိန်တန်လျက် ပွင့်လန်းခွင့် မရတဲ့ ပန်း
❝ ပွင့်ချိန်တန်လျက် ပွင့်လန်းခွင့် မရတဲ့ ပန်း ❞
ကျွန်မ ရဲ့ အဖြစ်သနစ်ကို ရင်ဖွင့်ခွင့်လေး ပေးကြပါလား ရှင် ။
ကျွန်မ ရဲ့နာမည်သညာ ခေါ်စရာကား အခြေလျမ်းတင့်တဲ့ ရွှေသန်းမြင့် ပါ ။ ကျွန်မ က စာလေးဘာလေး ရေးတာ ဝါသနာပါတော့ စကားပြောရင် နဘေလေးတွေထပ်ပြီး ပြောတတ်တာကို အကြောင်းခံနဲ့ ကြိုတင် တောင်းပန်ထားပါရစေနော် ။ တစ်နည်းအမှန် နဲ့ သည်းခံပေးကြပါလို့ ။
ကျွန်မ ရွှေသန်းမြင့် ရဲ့ ဇာတိရပ်ရွာ ၊ မွေးဖွားရာကတော့ ရန်ကြီးအောင် ၊ မုဆိုးဘို ၊ ရတနသိင်္ခ ၊ ကုန်းဘောင် ၊ ရွှေဘို ရယ်လို့ ငါးမည်ရတဲ့ ဦးအောင်ဇေယျ ရဲ့ ရွှေဘိုနယ် ထဲက အကြားမတော် တွေးလို့မဆုံးတဲ့ ဂွေးကုန်း ဆိုတဲ့ ရွာသူ စစ်စစ်ပါပဲရှင့် ။
ကျွန်မ ရဲ့ ဘဝအကြောင်း မကောင်းခဲ့ပုံကို ကနဦးပထမ အစကနေ ပြောရမယ် ဆိုရင်တော့ ကျွန်မ ရဲ့အဖေ ကိုဖိုးတေ ဟာ ဒီနယ်တလွှားမှာ နွားနဲ့ ပတ်သက်လို့ကတော့ ရှာ မှ ရှား ပညာရှင် တစ်ဦးပေါ့ ။ နွား ရှိသူ မှန်သမျှ အဖေ နဲ့ ကင်းလို့မှ မရဘဲနဲ့ ။ နွား သားစပ်တဲ့ လုပ်ငန်းမှာ အဖေ က ဘုရင် လေ ။ ကျွန်မ ကတော့ ရှုမငြီးတဲ့ တစ်ဦးတည်းသော သမီးပါ ။
ကျွန်မ ဘဝရဲ့ မကောင်းပုံ အစက တစ်ဦးတည်းသော သမီး ကျွန်မ ကို လူ့ လောကကြီးထဲမှာ စိတ်ချလက်ချ ထားခဲ့ပြီး အဖေ ရော အမေပါ အစောကြီး ဂိမ်းသွားကြတယ်လေ ။ ဒီတော့ ဘာဖြစ်လဲ ။ အားကိုးရာ မဲ့တဲ့ တစ်ဦးတည်းသော သမီး ကျွန်မ ၊ ပရိဒေသနဝမ်းစာရေးအတွက် မိဘ လက်ငုတ်လက်ရင်း အလုပ် ကိုပဲ ဆက်လုပ်ရတော့တာပေါ့ ။ စဉ်းစားကြည့်ကြပါဦး ရှင် ။ နွားထီး မျိုးကောင်း ( ၄ ) ကောင် နဲ့ သူတို့ သမီး ကျွန်မ ကို စိတ်ချလက်ချ လူ့ လောကကြီးထဲမှာ ထားသွားတဲ့ မိဘတွေ ဘယ်လောက်ရက်စက်ကြသလဲ ဆိုတာ ။ တကယ်ဆို တစ်ဦးတည်းသော သမီး ကျွန်မရဲ့ ရှေ့ရေးကို တွက်ချက်ပြီး သေသင့် ၊ မသေသင့် စဉ်းစားပါဦးတော့လား လို့ ။
ဖြစ်လာမှတော့ ဘယ် တတ်နိုင်ပါ့မလဲရှင် ။ နွားထီး ( ၄ ) ကောင် နဲ့ ကျွန်မ လေ နားကို မနားရဘူး ။ လုပ်ငန်းက ကျွန်မ လက်ထဲမှာ ပိုပြီးအောင်မြင်တာကိုး ။ လာလိုက်ကြတဲ့ နွားမ ပိုင်ရှင်တွေလေ ။ ကျွန်မလည်း ဒီ နွားထီးတွေ နဲ့ ချောင်ချောင်လည်လည် ပါပဲ ။ စီးပွားဖြစ်တာကိုး ။
မိန်းကလေး နဲ့ ဒီအလုပ် မသင့်တော်ဘူး ။ အားကိုးရှာပါလားလို့တော့ မပြောလိုက်ပါနဲ့ ရှင် ။ ယောက်ျားလိုချင်လိုက်တာမှ တစ်ပိုင်းကို သေလို့ ။ အရှက်နည်းတယ် လို့တော့ မပြောနဲ့နော် ။ ကျွန်မ က ပွင့်ပွင့်လင်းလင်းပဲ ပြောတတ်တယ် ။ ထမင်းရှာ စားရတဲ့လုပ်ငန်း ကိုက ရှက်နေလို့မဖြစ်တဲ့ လုပ်ငန်းကိုး လို့ ။ ဒါဖြင့် ဘာဖြစ်လို့ ခုချိန်ထိ ( ၃၅ ) နှစ် ကျော်တဲ့အထိ ယောက်ျား မရတာလဲ ဆိုတော့ အကြောင်းရှိတယ် ။ ကျွန်မရဲ့ ကုသိုလ်အကျိုးပေး က နည်းနည်းလေး ညံ့တော့ ရုပ်ရည်လေးက နည်းနည်း ညံ့နေတာကိုး ။ ကျွန်မ ရဲ့ ပိုင်ဆိုင်မှုတွေ ၊ စီးပွားရေးတွေ ကို သွားရည်ကျနေတဲ့ ယောက်ျားတွေမှ ရိုက်သတ်လို့ မကုန်ဘူး ၊ ဒါပေမယ့် ကျွန်မ ကိုယူဖို့ မပြောနဲ့ ၊ ကျွန်မကြည့်တာကိုတောင် မခံရဲကြဘူးလေ ။ တစ်ရွာလုံးကို မယ်ဒလင်တီးပြီး မိန်းမလှည့် ပိုးတဲ့ ကာလသားအဖွဲ့ ဆိုရင် ကျွန်မ အိမ်က အသံသဲ့သဲ့ကြားရမယ့် နေရာလောက်တောင် လာပြီး မဆိုကြ ၊ မတီးကြဘူး ။ ကျွန်မ ကို လာပိုးတယ်လို့ ပတ်ဝန်းကျင် က အထင်လွဲမှာ ကြောက်လို့ ။ ဒါကြောင့် ကျွန်မ နဲ့အိမ်နီးချင်း အပျိုတွေတောင် ကျွန်မရဲ့ အရှိန်ဟပ်ပြီး စန်းတိတ်ကုန်ကြတဲ့ အထိပဲ ။
တစ်ရက်သားက ကျွန်မတစ်ယောက်တည်း မီးအမှောင်ချပြီး အိပ်မပျော်လို့ အိမ်ရှေ့ကို လှမ်းကြည့်နေတဲ့ အချိန်ပေါ့ ။ မိန်းမလှည့်ပိုးတဲ့ မယ်ဒလင် အဖွဲ့ရယ် လေ ။ ကျွန်မ အိမ်ရှေ့ရောက်လာပါလေရော ။ ရုတ်တရက် ဆိုတော့ ကျွန်မလည်း ဒိန်းခနဲ ရင်တွေ ဘာတွေ ခုန်ပြီး ဝမ်းသာသွားတာပေါ့ ရှင် ။ အသာလေး ငြိမ်ပြီး စောင့်နေမိတယ် ။ သေသေချာချာကြည့်တော့ ဘယ်ဟုတ်မှာလဲ ကျွန်မ ရဲ့ အိမ်ရှေ့ကနေ ခြေသံ မကြားအောင် တိတ်တိတ်လေး ( မဖြတ်လို့ မဖြစ်လို့ ) ဖြတ်သွားကြတာကိုး ။ ဓားပြစခန်းရှေ့ကဖြတ်သွားတဲ့ တောတွင်းကုန်သည်တွေလို အမူအယာမျိုးနဲ့ လေ ။ ကိုယ်ကို ဖော့ ၊ ခြေကို ဖွဖွလေး နင်း ၊ လက်ညှိုးလေးတွေ နှုတ်ခမ်းစူစူရှေ့ထောင်ပြီးတောင် အပြန်အလှန်လုပ်ပြနေကြသေး ရဲ့ ။ စိတ်တိုလိုက်တာ လေ ။ ကျွန်မ ကို အဲဒီလောက်အထိ ကြောက်နေကြသတဲ့လား ၊ ကျွန်မ လည်း မိန်းမ ထဲက မိန်းမ တစ်ယောက်ပါပဲ ရှင် ။ တခြားမိန်းမ တွေလို ပခုံးနှစ်ဖက်ကြားက ခေါင်းပေါက်ပြီး ခြေနှစ်ဖက် ၊ လက်နှစ်ဖက် နောက်ပြီးတော့ အင်း . . အတူတူချည်းပါပဲ တော် ။
အဲဒီနေ့က စပြီး ကျွန်မ ကြုံးဝါးလိုက်တယ် ။ နင်တို့ ယူမှ ယောက်ျားရတာ မဟုတ်ဘူး ။ ငါ့ ဘာသာ ငါလည်း ယူမယ်ဆို ယောက်ျားတစ်ယောက်တော့ ရမှာပဲလို့ ။ လှေကားရင်းက ခုံဖိနပ်မြီးတိုတောင် အချိန်တန်ရင် သူ့ဘက် နဲ့ သူ ဖြစ်သေးတာ ။ ကျွန်မ က နူရွဲနေတာ မဟုတ်ပါဘူး ။ နောက်ပြီးတော့ အိမ်နဲ့ ၊ ဝိုင်းနဲ့ ၊ စီးပွားရေးနဲ့ ၊ ယူတဲ့ယောက်ျား ကို အဆင်သင့် ထားနိုင်တဲ့ အခြေအနေနဲ့ ပါ ။
အဲဒီလို စိတ်နာတဲ့ နေ့ကစပြီး အသွင်တူတူ ၊ မတူတူ ၊ လင်ယူဖို့အရေးကို အာရုံတစ်မျိုးလန်းပြီး ကြိုးပမ်းတော့တာပါပဲ ။ ယတြာကြေသလို ဖြစ်နေတဲ့ မျိုးကောင်းအားကြီးနွားထီး ( ၄ ) ကောင် ကိုလည်း စိတ်နာပြီး အခြေအနေအဟုတ်ကောင်းအောင် ထုတ်ရောင်းပစ်လိုက်တယ် ။ ရွှေ ၊ ငွေ အပြည့်နဲ့ အပျိုကြီး တစ်ယောက်တည်း နေတယ်ဆို ပေမယ့် ( ၂၄ ) နာရီ အိမ်တံခါးတွေကို လာသမျှ အသင့်ဖြစ်အောင် ထာဝရ ဖွင့်ထားလိုက်တယ် ။ သူခိုး ၊ ဓားပြ ၊ ကစော် သမား ၊ လူရမ်းကား ၊ အရူး ဘယ်လို ပုရိသမျိုး မဆို ကျွန်မ အိမ်ခြံစက်ကွင်းထဲ သက်ဆင်းလာလို့ကတော့ အလွတ်မခံဘဲ ဇွတ်ကြံပစ်လိုက်မယ် ဟေ့ ။
ဒါပေမယ့် ရှင် ။ အရင် ဘဝက မိန်းမစိုးများ ဖြစ်ခဲ့ဖူးလို့ ဝဋ်လည်တာလား ၊ မိန်းကလေး အဆောင်မှူး ဖြစ်ခဲ့ဖူးလို့ပဲလားတော့ မသိဘူး ။ ပုရိသ ဆိုလို့ ကျွန်မ အိမ်ကို ဆိုရင် ( ၁၀ ) နှစ်သား ကလေး ကို တောင် ကိစ္စနဲ့ ခိုင်းလို့ မရချင်ဘူး ဆိုပဲ ။ သူ့မိဘတွေက ပြန်ပြောပြတာပါ ။
ဒီလို ဇွဲကောင်းကောင်းနဲ့ မျှော်လင့်ချက်ကြီးကြီးနဲ့ နေလာလိုက်ဘာ နှစ်ချို့ကြာရော ။ လူဆိုတာ လောဘသားပဲ ရှင် ။ ဘယ်နေလိမ့်မလဲ ။ တစ်ရက်ကျ တော့ ပြတင်းပေါက် မှန်သမျှ အကုန်ဖွင့်ပြီး အမှောင်ချ အိပ်တတ်တဲ့ ကျွန်မအိမ်ထဲကို အခြေတစ်မျိုး နဲ့ ကိုရွှေသူခိုး ဝင်ပါလေရော ။ ပြတင်းပေါက်က ကျော်ဝင်လာတဲ့ ရွှေသူခိုး ကို မြင်လိုက်ရတော့လေ ။ ပျော်လိုက်တာ ရှင် ။ ရင်တွေ ဘာတွေတောင် ခုန်လို့ ၊ ရင်ခုန်မှာပေါ့လို့ ။ ကျွန်မ အခန်းထဲကို ခြေချဖူးတဲ့ ယောက်ျား ရယ်လို့ သူ ဟာ ပထမဦးဆုံးပဲ ကိုး ။ ကိုရွှေသူခိုး က တစ်အိမ်လုံးကို တချွတ်ချွတ် နဲ့ မွှေနှောက်နေတာ ကို အသာပဲ ငြိမ်ပြီး စောင့်နေလိုက်တယ် ။တဖြည်းဖြည်း နဲ့ ကျွန်မ ရဲ့ အိပ်ရာနားလေး ရောက်လာပါလေရော ။ ဘာပြောကောင်းမလဲ ။ လက်ကောက်ဝတ်ကနေ အသာကလေး ဖမ်းဆုပ်ထားလိုက်တာပေါ့ ။ ကိုရွှေသူခိုး ခမျာ အလန့်တကြား နဲ့ ရုန်းတော့တာပါပဲ ။ ဘယ်ရမလဲ ရှင် ။ နွားသိုး နှစ်ကောင် ကို ဘယ်ညာ ဆွဲ ထိန်းလာတဲ့ မိန်းမ ပဲ ။ သူ ဘယ် လှုပ်နိုင်လိမ့်မလဲ လို့ ။
ပိုင်ပိုင်နိုင်နိုင်ဆုပ်ကိုင်ပြီးမှ ကျွန်မပြောလိုက်တယ် ။
“ ဟေ့ သူခိုး ၊ ရုန်းမနေနဲ့ ၊ မင်း ငါ့လက်က မလွတ်နိုင်ဘူး ၊ မင်းကို သူကြီးဆီ ပို့ရမယ် ” လို့ ။ အဲဒီတော့ သူခိုး က အသံလေးတွေတောင် တုန်ပြီး
“ မ .. မလုပ်ပါ နဲ့ မမ ရယ် ” တဲ့ ။ အံမယ် ကျွန်မ လေ နားထဲကို စိမ့်သွားတာပဲ ရှင် ။ ကျွန်မ ကို မမ တဲ့ ။ တစ်ခါမှ အခေါ် မခံဘူးပဲ ကိုး ၊ နောက်ပြီး ကျွန်မ ဆုပ်ကိုင်ထားတဲ့ သူ့ လက်ကလေး ကလည်း နွေးလို့ ၊ မှောင်မည်းနေလို့ သူ့ ရုပ်ရည်ကို မသိရ ၊ မမြင်ရသေးပေမယ့် သူ့ အသံလေးက သနားကမားလေး ချိုလို့ . . ရှင့် ။ ကျွန် မက ပြောလိုက်တယ် ။
“ မင်း ကို သူကြီး ဆီ ပို့လိုက်ရင် ဘာဖြစ်မယ် ဆိုတာ သိတယ် မဟုတ်လား ” ဆိုတော့
“ သိပါတယ် မမ ရယ် ၊ ကျွန်တော် ထောင်ကျမှာပေါ့ ၊ သိပေမယ့် မတတ်သာလို့ လုပ်ရတာပါ မမ ရယ် ၊ ကျွန်တော်လေ မကျန်းမာတဲ့ မိအိုဖအိုကြီးတွေ ကို လုပ်ကျွေးနေရတာပါ ။ မပြေလည်လွန်းလို့ ကြံမိကြံရာ ကြံတာပါဗျာ ၊ သူကြီး အိမ်တော့ မပို့ပါနဲ့ နော် ” တဲ့ ။
အို .. ။ ကျွန်မ စိတ်ထဲမှာလေ ကြက်သီးတွေ ဖြန်းခနဲ ထသွားလိုက်တာ ၊ ကရုဏာတွေ နေမှာပေါ့ ။ နောက်ပြီး လက်တစ်ကမ်းကိုတောင် မမြင်ရတဲ့ မှောင်ကြီးမည်းကြီးထဲမှာ ယောက်ျားလေး တစ်ယောက် ရဲ့ လက် ကို ကိုင်ထားပြီး စကားပြောနေတာပါလား ဆိုတဲ့ အသိကလည်း ရင်ကို တလှပ်လှပ်နဲ့ ဖိုစေတာပေါ့ ရှင် ။ ကျွန်မ ဆုံးဖြတ်ချက်ချပြီး တစ်ခါတည်း ပြောပစ်လိုက်တော့တယ် ။ ပထမအနေ နဲ့ သိချင်တာကိုမေးရတယ် ။
“ မင်း ဘယ်ရွာကလဲ ”
“ ရှားတော ကပါ မမ ”
အိုး .. ဟိုး အဝေးကြီးကပါလား ။ ဒီရွာ အထိ ကျူးကျူးကျော်ကျော် လာခိုးတာဆိုတော့ တော်တော့်ကို ကျပ်တည်းလွန်းလို့ဖြစ်မှာ ။
“ မင်း ကို ရွေးချယ်ဖို့ လမ်းနှစ်လမ်း ပေးမယ် ”
“ ဟုတ်ကဲ့ ပြောပါ မမ ၊ ကျွန်တော် နားထောင်နေပါတယ် ”
“ ပထမ တစ်လမ်း ကတော့ မင်းရဲ့ မကောင်းမှုနဲ့ တန်တဲ့ အပြစ်ဒဏ်ခံဖို့ သူကြီး ဆီကို အသာတကြည် အပို့ခံတဲ့ လမ်းပေါ့ ”
“ ဟင့်အင်း မမ ဟင့်အင်း ၊ အဲဒီလမ်းကိုတော့ မရွေးချင်ဘူး မမရယ် ၊ နောက်တစ်လမ်း က ဘယ်လိုလဲလို့ပြောပါဦး ”
“ နောက်တစ်လမ်း ကတော့ မင်း ငါ့ကို ယူလိုက်ရင် အားလုံး ပြီးသွားပြီပေါ့ ”
“ ဗျာ ”
မှောင်ထဲမှာ ဆိုတော့ တစ်ယောက် မျက်နှာကို တစ်ယောက် မမြင်ရပေမယ့် ကိုရွှေသူခိုး ရဲ့ ဗျာ သံကို နားထောင်လိုက်တာနဲ့တင် သူ ဘယ်လောက် အံ့ဩသွားမယ်ဆိုတာ သိသာနေတဲ့ အသံကြီးပါ ။ ဟုတ်တယ်လေ ။ သူခိုး ခိုး တဲ့ ပြစ်မှုက လွတ်မယ့် အပြင် ကျွန်မ လို ချမ်းချမ်းသာသာ မိန်းမ တစ်ယောက်ကို ရဦးမယ် ဆိုတော့ သူ ဘယ် ယုံနိုင်ပါ့မလဲ ။ သူ ယုံတာ မယုံတာ အသာထား ၊ ကျွန်မ ကတော့ တကယ်ကို ဆုံးဖြတ်ပြီးမှ ပြောလိုက်တာ ။ ဟုတ်တယ်လေ ။ ဒီ ရွာ က သေနာ ကာလသားတွေ ဟာခနဲဖြစ်သွားစေမယ့် နည်းက ဒီ နည်းပဲ ရှိတာကိုး ။ နောက်ပြီး ဒီ သူခိုးမျိုးနဲ့ မှ မရရင်လည်း ကျွန်မ က ဒီ တစ်သက် ယောက်ျား ရစရာမှ မမြင်တော့တာ ။ သူခိုး ကောင်လေး ရဲ့ အသံကို နားထောင်ရတာကလည်း ၂ဝ ကျော် အစိတ် ဝန်းကျင် လူငယ်လေးမှန်း သိတာကြောင့်လည်း ပါပါတယ် ။ ကောင်လေး က တအံ့တဩနဲ့ ဝမ်းနည်းပက်လက်ပြောရှာပါတယ် ။
“ ကျွန်တော် ဟာ အားနည်းချက်တွေနဲ့ လူ တစ်ယောက်ပါ မမ ရယ် ၊ မမပြုသမျှ ကျိတ်ခံရမယ့် သူပါ ၊ အဲဒီလိုကြီးတော့ မကျီစားပါနဲ့ ဗျာ ၊ မမလို အိမ်ကြီးရှင် တစ်ယောက် က အိမ်ပေါ်ကို တက်ခိုးတဲ့ သူခိုး ကို အပြစ် မယူတဲ့ အပြင် ငါ့ ကို ယူရမယ် ဆိုတော့ ကျွန်တော့် လို သူခိုးမျိုးက ကပြီးတော့တောင် ယူသေးရဲ့ ၊ မနောက်ပါနဲ့ မမ ရယ် ”
ဟုတ်တယ်လေ ။ သူခိုးကောင်လေးဘက်က ကျွန်မ ခင်းပေးတဲ့ အခွင့်အရေးတွေ ကို ဘယ် ယုံနိုင်ပါ့မလဲ ။ ဖြစ်မှ မဖြစ်နိုင်တာကိုး ။ ကျွန်မ ဘက်က ကျတော့လည်း ကိုယ့် အခက်အခဲနဲ့ ကိုယ် ။
“ ကဲပါ မင်း ယုံတာ မယုံတာ အပထား ၊ တကယ် ဖြစ်လာပြီဆိုမှ ယုံလိုက်ပေါ့ ၊ ပြော ၊ မင်း ငါ့ ကို ယူမှာလား ၊ သူကြီး အိမ် သွားမှာလား ”
“ အာ မမကလည်း ၊ သူကြီး အိမ် မသွားပါဘူး ဆို ၊ မမ က တကယ်ကြီးကို ပြောနေတာ ဆိုရင် ကျွန်တော့်ဘက်က ဘာ ငြင်းနေရမှာလဲ မမ ရဲ့”
“ ဒါဆိုလည်း ဘာမှ ပြော မနေနဲ့တော့ ၊ မနက်ခင်း နေထွက်တာနဲ့ တစ်ရွာလုံးကို ဖိတ်ပြီး သူကြီးရှေ့မှောက် မှာ လက်ထပ်ပစ်လိုက်မယ် ဟုတ်ပြီလား ”
“ မောင်လေးတော့ အိပ်မ က် မ က် နေသလိုပါပဲ မမ ရယ် ၊ ကိုယ့်ကံကြမ္မာ ကိုတောင် ကိုယ် မယုံတော့ဘူး ၊ ဒုက္ခရောက်ပြီ လို့ ထင်ထားတဲ့ကြားထဲက မဖြစ်နိုင်တဲ့ အခွင့်အရေးတွေ ပေးတဲ့ မမ ကို မောင်လေး ဘယ်လို ကျေးဇူးဆပ်ရမှာလဲ မမ ရယ် ”
မောညည်းလေး ညည်းပြီး ကျွန်မရင်ခွင်ထဲကို ပြိုဆင်းလာတဲ့ သူခိုးကောင်လေး ကို ပွေ့ထားလိုက်တဲ့အချိန်မှာလေ ကျွန်မ ရင်ဘတ်တွေ တဒိန်းဒိန်း နဲ့ ခုန်သွားလိုက်တာများ ရင်ဘတ် တောင် အောင့် ကျန်ခဲ့ပါတယ် ရှင် ။ ဟုတ်တယ်လေ ။ ဒီအရသာမျိုး တစ်ခါမှ မှ မခံစားဖူးတာ ကိုး ။ အသီး သရက် ၊ အသား မှာ ဝက် ဘာညာ လျှောက်ပြောနေတာ ။ ဒီ အရသာ နဲ့ ယှဉ်လိုက်တော့ စတုမဓူ နဲ့ ခွေးချေး လောက်တောင်ကွဲရဲ့ ။ အဲဒီ အချိန်မှာ ကောင်လေးက တောင်းဆိုလာပါလေရော ။
“ ကိုယ့် ရဲ့ကျေးဇူးရှင် မမ ကို မြင်ဖူးချင်တယ် ၊ မီး ထွန်းလိုက်ပါလား ” တဲ့ ။ ကိုယ် ကလည်း ကိုယ့် လင် ဖြစ်မယ့် ယောက်ျား ကို မြင်ဖူးချင်တာနဲ့ အလွယ်တကူ ပဲ “ အင်း ” လို့ ပြောပြီး ခေါင်းအုံး အောက်က မီးခြစ် ကို ယူလိုက်တယ်လေ ။ ခေါင်းရင်းစားပွဲပေါ်မှာ အသင့် တင်ထားတဲ့ မီးခွက်ကိုလည်း ထွန်းလိုက်ရော ။ အံမယ်လေး ဘုရား ဘုရား ၊ ကျွန်မတို့တစ်ရွာလုံးကို ဘီးစိတ်နဲ့တိုက်ရှာရင် တောင် ဒီလောက် ရုပ်ဆိုးတဲ့မျက်နှာမျိုး ရှိမယ် မထင်ဘူး ။ ကျွန်မ ဘာဆက် လုပ်ရမှန်းတောင် မသိတော့ဘူး ။ ဦးနှောက်ကလည်း ဒီ တစ်ယောက် ကိုမှ မယူရင် ဒီတစ်သက် ယောက်ျား ရမှာ မဟုတ်တော့ဘူးလို့ တဖွဖွ ပြောနေတယ်လေ ။
သူ ကလည်း ကျွန်မ လို ပါပဲ ။ ကျွန်မမျက်နှာကို ပါးစပ်အဟောင်းသား ၊ မျက်လုံးပြူးကြီး နဲ့ စိုက်ကြည့်နေတာများ အသက်ရှိသေးရဲ့လား အောက် မေ့ရတယ် ။ ကျွန်မ က ပခုံးကို အသာပုတ်ပြီး “ မောင်လေး ” လို့လည်း ခေါ်လိုက်ရော ဘာပြောတယ် ၊ ဘာဖြစ်တယ်ထင်သလဲ ။ ငိုသံပါကြီးနဲ့ “ ကျုပ် ကို သူကြီး အိမ်သာ ပို့ပါတော့ဗျာ ” တဲ့လေ ။ ပြီးတော့ ချုံးပွဲချပြီး ငိုတော့တာပါပဲ ။ ကျွန်မ ဘက်က ခံစားကြည့်ကြပါရှင် ။ ဘယ်လောက်ခံပြင်းစရာ စိတ်နာစရာ ကောင်းလိုက်သလဲလို့ ။ ဟင်း သေနာ ၊ သူ့ရုပ်ကြီးနဲ့ များ ။
( လွန်ခဲ့သော နှစ်အစိတ် ခန့်က ဖတ်ခဲ့ဖူးသည့် ဆရာကာတွန်းငွေကြည် ၏ ဇာတ်လမ်းတိုလေး ကို ဆင့်ပွား ၊ ဖန်တီးချယ်လှယ် ခိုးချ ၊ မှီငြမ်း ၊ ပုံတူလုပ် ၊ လုပ်စားပါသည် )
◾ သက်ဦးမောင်
📖 ဟားခလုတ် ဟာသစာစုများ ၂၁
koaungnaingoo.blogspot.com
.


