Sunday, October 5, 2025

ဆရာမအကောင့်ကို ကျွန်တော်ဘလော့ခဲ့မိတယ်


 

❝ ဆရာမအကောင့်ကို ကျွန်တော်ဘလော့ခဲ့မိတယ် ❞
▢ ကောင်းသိုက်စိုး - (ကောင်း - မန္တလေး )

ကျွန်တော့် Friend list ထဲမှာ ဘယ်တုန်းက ရောက်နေလဲ မသိဘူး ။ ဒေါ်အုန်းကြည် တဲ့ ။ အင်္ဂလိပ်လို Daw Own Kyi ဆိုတဲ့ ဖေ့ဘွတ်ခ် အကောင့် ။ သေချာ ကြည့်လိုက်တော့ ကျွန်တော် မူလတန်းတုန်းက ဆရာမ ။ တိတိကျကျ ပြောရရင် သူငယ်တန်းကနေ လေးတန်းအထိ ရင်ခွင်ပိုက်စနစ်နဲ့ ကျွန်တော်တို့ အတန်းကို တောက်လျှောက် တောက်လျှောက် အတန်းပိုင် လုပ်လာတဲ့ ဆရာမ ။ တစ်မြို့တည်းပေမဲ့ ရပ်ကွက်ချင်း ဝေးပါတယ် ။ ဆရာမက အပျိုကြီး ။ ခုတော့ အသက်ကြီးနေပါပြီ ။ ငယ်ငယ်ကတည်းက သွားခေါခေါနဲ့ ။ ခု ပိန်တော့ သွားက ပိုငေါထွက်နေတယ် ။ ဆရာမက ရုပ်တော်တော်ဆိုးပါတယ် ။

••••• ••••• •••••  

တတုံတုံနဲ့ messenger က စာတွေဝင်နေတယ် ။ ဆရာမ ဒေါ်အုန်းကြည် ပဲ နေမှာ ။ တစ်နေ့ကလည်း ပြောပြီးပြီကို ။ သူ မေးတာတွေ အကုန်ဖြေပြီးပြီလေ ။ အခု ကျွန်တော် ကွန်ပျူတာတက္ကသိုလ် တက်နေတဲ့အကြောင်း ၊ ကောင်မလေး ရည်းစား မရှိကြောင်း ၊ မထားကြောင်းလည်း ပြောပြရသေးတယ် ။ ခုအရွယ်ပဲဗျာ ၊ ဆော်ရှိတာပေါ့ ။ ဆရာမက သူ့လက်ထဲတုန်းကလို ကလေးလေး မှတ်နေတာလား မသိဘူး ။ တကယ် စိတ်လေပါတယ် ။ သူ့စာကို ကျွန်တော် Reply မလုပ်ချင်တော့ဘူး ။ ကျွန်တော့် သူငယ်ချင်းတွေနဲ့ပဲ ဆက်ပြောခဲ့တယ် ။ Daw Own Kyi ဆိုတဲ့ အကောင့်ရဲ့ ဆရာမ ဓာတ်ပုံအဝိုင်းလေး တက်လာတိုင်း Seen မပြဘဲ လက်က အလိုလို ဆွဲချပစ်ခဲ့တယ် ။

••••• ••••• ••••• 

အဖေ ကျွန်တော့် အဆောင်လာတယ် ။ ကျွန်တော် လိုချင်နေတဲ့ Dell i 7 လေး ပါလာတယ် ။ ပါကင်လေးမို့ ဈေးနှုန်းလေး ကပ်ထားဆဲ ။ 900000 mmk တဲ့ ။ “ ကိုးသိန်းလား အဖေ ”  ဆိုတော့ “ အေး ” တဲ့ ။ အဖေက လူရိုးကြီး ။ အမေက ကျွန်တော့်ကို မွေးပြီးပြီးချင်း ဆုံးသွားခဲ့တာ ။ ခုထိ နောက်မိန်းမ မယူဘဲ ကျွန်တော့်ကို ခုအခြေအနေထိ ရောက်အောင် ပျိုးထောင်ပေးနေတာပါ ။

“ သား အဲဒီ ကွန်ပျူတာ ဝယ်ဖို့ ဒေါ်အုန်းကြည်ဆီက ငွေချေးလာတာ ။ မင်း အဲဒါ ရှိမှ လေ့ကျင့်လို့ရမယ်ဆိုလို့ ဆရာမက ကူညီလိုက်တာ ။ ဆရာမ ကျေးဇူးတွေ များနေ ပြီ ။ သားနဲ့ ဖေ့ဘွတ်မှာ တွေ့တယ်ဆို ဆရာမက ပြောတယ် ။ ရိုရိုသေသေ ဆက်ဆံနော် သား ”

“ ဟုတ် ” လို့သာ ပြောပြီး laptop အသစ်လေးကိုပဲ ကျွန်တော် ကလိနေခဲ့တယ် ။

••••• ••••• •••••

ဒီနေ့ ကျွန်တော် ဆရာမ ရဲ့ Timeline ထဲ ဝင်ကြည့်တယ် ။ ပင်စင်နီးလာပေမဲ့ သူ စာသင်နေရတာ မငြီးငွေ့ သေးတဲ့အကြောင်း စာတချို့ ရေးတင်ထားတယ် ။ ဘုရားစာတွေ ၊ ဘုရားပုံတော်တွေနဲ့ ပညာရေးသတင်းတွေ Share ထားတယ် ။ ပျင်းစရာကြီးပါ ။ ဘာမှတော့ သိပ်ထွေထွေထူးထူး မရှိပါဘူး ။ ဗုဒ္ဓဘာသာမှန်ရင် ဤပုံကို ရှယ်ပါတို့ ၊ ဒီအဘွားကို သနားရင် Hi ခဲ့ပါလားတို့လည်း သူ Share ထားတာပဲ ။ တော်တော် အ,တဲ့ ဆရာမ ။

••••• ••••• •••••

“ Hi သား ”

“ ဗျာ ”

“ ဒီလကုန်ရင် ဆရာမပင်စင်ယူပြီ ”

“ ဟုတ် ” 

“ နောက်လထဲမှာ လုပ်မယ့် ကျောင်းသားဟောင်းတွေရဲ့ အာစရိယပူဇော်ပွဲ လာဖြစ်လား သား ”

“ Tutorial ရှိတယ် ဆရာမ ၊ ကျွန်တော် မလာဖြစ်လောက်ဘူး ။ တကယ်လို့ လာလို့ရရင်တော့ ကျွန်တော်လာခဲ့ပါမယ် ”

အဖေက မှာထားတယ် ၊ ရိုရိုသေသေ ဆက်ဆံတဲ့ ။ ဆရာမကို တွေ့ချင်လို့ ဆိုတာ ထက် လူမှုရေး ညံ့တယ်ထင်မှာစိုးလို့ ကျွန်တော် အာစရိယပွဲ တက်ခဲ့တယ် ။ တော်တော် စည်တယ် ။ ကျွန်တော် မမြင်ချင်ယောင် ဆောင်နေတဲ့ ကြားက ဒေါ်အုန်းကြည် က ကျွန်တော့်ကို လှမ်းခေါ်တယ် ။ “ ဟာ ဆရာမ ” လို့ အံ့သြဝမ်းသာတဲ့ပုံစံ ဖမ်းပြီး သွားနှုတ်ဆက်ရတယ် ။

 ••••• ••••• •••••

Notification တွေ တက်နေပါတယ်လို့ ကိုယ့် Acc ကိုယ် စစ်လိုက်တော့ -

“ အာကွာ ကျစ် ” 

ဒေါ်အုန်းကြည် လုပ်ချလိုက်ပြီ ။ ဆရာမကတော့လေ ၊ မနက်က အာစရိယ ပူဇော်ပွဲမှာ ရိုက်ခဲ့တဲ့ပုံကို Tag တွဲပြီး တင်ထားတယ် ။ Tag တာလည်း သူတစ်ယောက်တည်း မဟုတ်ဘူး ၊ လူစုံပဲ ။

“ ကျွန်မ အချစ်ဆုံး တပည့်လေး ကွန်ပျူတာတက္ကသိုလ်ကျောင်းသား လေးပါ ” ဆိုပြီး တင်ထားတာ ။

သွားခေါခေါနဲ့ ရုပ်ဆိုးလိုက်တာ တကယ်ပါပဲ ။ ကျွန်တော် Uni က တီချယ်လေးတွေ တွေ့ရင် ရှက်စရာကြီး ။ ကျွန်တော့် လက်တွေက ဖုန်း Screen ပေါ်မှာ ခဏတာ အလုပ်များသွားတယ် ။ နှိပ်ချလိုက်တယ် ချက်ချင်း ။ Remove Tag ။

 ••••• ••••• •••••

ဒီနေ့ သူငယ်ချင်းတွေ အရက်သောက်ကြတယ် ။ ကျွန်တော် မသောက်ဘူး ၊ အမြည်းစားတာ ။

ဖေ့စ်ဘွတ် ပေါ်မှာ အရက်ပုလင်းတွေ ၊ ဘီယာပုလင်းတွေကို ဓာတ်ပုံရိုက်ပြီး ခုခေတ်စားနေတဲ့ နီနီခင်ဇော် ရဲ့ မူး သီချင်းစာသားလေး ရေးတင်လိုက်တယ် ။

“ အရက်ကိုကြိုက်လို့ မသောက်ပါ ××× ဒဏ်ရာတွေ ဆေးတာ ” 

အဲလိုလေး Post ထားလိုက်တယ် ။ တက္ကသိုလ်က သူငယ်ချင်းတွေကော တခြား Fb Friend တွေကောက ကွန်မန့်တွေ ပေးကြတယ် ။

“ သားရီး ကောင်းနေတယ်လား ” 

“ Con Con ” 

“ ဟောင့် ငါ့ကျ မခေါ်ဘူး ”

အများကြီးပါပဲ ၊ ကွန်မန့်တွေ ။

“ အရက်သောက်တာဟာ လူယဉ်ကျေးတွေရဲ့ အလုပ် မဟုတ်ဘူး ။ ငယ်ကတည်းက အရက်သေစာရဲ့ ဆိုးကျိုးတွေ ပြောပြ ၊ ဆုံးမခဲ့လျက်နဲ့ ခုလို ပညာရှာချိန်မှာ အရက်သောက်ပြတာ အလွန် ဝမ်းနည်းမိတယ် သား ။ ဒီပုံကို သားအဖေ မြင်ရင် ဘယ်လောက် ရင်နာလိုက်မလဲ ။ ဆရာမတောင် အတော် စိတ်မကောင်းဖြစ်ရရင် သားအဖေ ဆိုရင်ကော ။ သား ပန်းတိုင် မရောက်ဘဲ လမ်းလွဲနေပါ့မယ် ။ သား အမှန်မြင်နိုင်ပါစေ ”

လာပြီ ။

ဆရာမ ဒေါ်အုန်းကြည် ရဲ့ ကွန်မန့် ။ စိတ်ပိန်ထာ ။ လူကို သူ့မူလတန်းကျောင်းသားများ မှတ်နေသလားမသိဘူး ။ လူငယ်ပဲ တစ်ခါတလေ သောက်တော့ကော ဘာဖြစ်မှာ ကျနေတာ ။ ကဲ ကြာပါတယ်ကွာ ဆိုပြီး ကျွန်တော် ဆရာမရဲ့ အကောင့်ကို အဲဒီညက ဘလော့ခဲ့တယ် ။

••••• ••••• ••••• 

ကျွန်တော် ပညာသင်ဆုရလို့ နိုင်ငံတော် အစီအစဉ်နဲ့ နော်ဝေးနိုင်ငံမှာ နည်းပညာတွေအကြောင်း လာပြီး လေ့လာရတယ် ။ တစ်ခါတစ်ခါ အဖေ့ကို အရမ်းလွမ်းတယ် ။ ဒီမှာ စားရသောက်ရတာ အဆင်မပြေဘူး ။ အရင်ဆို အဖေက ငါးပိနဲ့ ပဲကျားလှော် လေးတွေ ရောကြော်ပြီး အဆောင်ကို ပို့နေကျ ။ အဖေက ကျွန်တော် ပညာတော်သင် လာရတော့ အတော်ပျော်နေခဲ့တာ ။ အခု နေရတဲ့ အဆောင်ဘေးမှာ Private KG School လေးရှိတယ် ။ သင်တန်းက နေ့လယ်ဘက် မှ ဆိုတော့ ဘာရယ်မဟုတ်ဘူး စပ်စုမိတယ် ။ ကိုယ့်နိုင်ငံလို မဟုတ်ဘူး ဒီမှာက ။ ခေတ်မီ စက်ကိရိယာ သင် ထောက်ကူပစ္စည်းတွေ ပြည့်စုံ လိုက်တာဗျာ ။ ငယ်ငယ်က ဒေါ်အုန်းကြည်ကြီးကတော့ လက်ရေး အဆွဲအသားသင်တာကို သဲပုံတွေပေါ် လက်ညှိုးနဲ့ ထိုးပြီး လေ့ကျင့်ပေးခဲ့တာ သတိရမိတယ် ။ ဒီက ဆရာမတွေနဲ့ အတော်ကွာတယ်ဗျ ။ တို့ဆရာမကတော့ သဲတွေနဲ့ ညစ်တီးညစ်ပတ်သင်ခဲ့တာ ။ ခုလို စနစ်တကျ သင်ပေးနိုင်ရင် ငါ ဒီထက် ပိုတော်ရင် တော်မှာလို့လည်း တွေးမိသေး ။

••••• ••••• ••••• 

ကလေးတစ်ယောက် အော်ငိုနေတယ် ။ အသံကုန် ခြစ်ပြီး ငိုနေတာ ။ ဆရာမ လုပ်သူက ဖုန်းဆက်ခေါ်နေတာလည်း ကြားရတယ် ။ အနီးစပ်ဆုံး ဘာသာပြန် ကြည့်တော့ ကလေးက ဝမ်းတွေ တောက်လျှောက် သွားနေတဲ့အတွက် အမေဖြစ်သူ လာပြီး သန့်ရှင်းရေး လုပ်ပေးစေချင်ကြောင်းနဲ့ သူလည်း အတော် စိတ်ပျက်မိကြောင်း ပြောနေတာ ။ အမှတ်တမဲ့ ခေါင်းထဲမှာ ဆရာမဒေါ်အုန်းကြည်ကို သတိရမိတယ် ။ ကျွန်တော် ငယ်ငယ်က ခုလို ကျောင်းမှာ ဝမ်းတွေ သွားတော့ အပျိုကြီးတန်မဲ့ မရွံမရှာဘဲ ကျွန်တော့်ကို သန့်ရှင်းရေးလုပ်ပေးခဲ့တာ ။ မိတဆိုးလေး ဆိုပြီး ကျွန်တော့်ကို ပိုသံယောဇဉ် ဖြစ်မိတာလည်း တခြား ဆရာမတွေကို ပြောတာ ကြားဖူးတယ် ။ ကျွန်တော် ထိုင်တဲ့ နေရာဝန်းကျင်က ကလေးတွေကိုလည်း ကျွန်တော့်ကို နှာခေါင်းရှုံ့မှာစိုးလို့ ဒါဟာ လူတိုင်းဖြစ်တတ်တဲ့အကြောင်း ပြောပြပေးနေခဲ့တာလေး သတိရမိတယ် ။ အင်း ဆရာမနဲ့ အဆက်အသွယ် ပြတ်နေတာတောင် အတော်ကြာပြီပဲ ။

••••• ••••• •••••

ညနေ သင်တန်းအပြန် ဖယ်ရီပေါ်ကဆင်းတော့ မိုးက သည်းနေပြီ ။ ထီးဆောင်းပြီး လျှောက်လာရင်း အဆောင် နားမှာ ကလေးတစ်ယောက် မိုးထဲလေထဲ ချမ်းတုန်နေ တယ် ။ ခဏလေးနေတော့ ကားလေးတစ်စီး ထိုးရပ်ပြီး အဖေ ဖြစ်ဟန်တူသူက ကားပေါ်က ဆင်းလာပြီး ကပျာကယာနဲ့ ကလေးကို ထွေးပွေ့ခေါ်သွားတာ တွေ့ရတယ် ။

“ သား ဖေဖေက သားအတွက် မုန့်ဖိုးတွေ သွားရှာနေလို့ ကြိုတာ နောက်ကျနေတာ ဖြစ်မယ် ။ ဆရာမ သားနဲ့ အတူတူ စောင့်ပေးမယ်နော် ”

မိုးရွာထဲမှာ ထီးနက်ကြီးကို ဆောင်းပြီး ကျောင်းရှေ့မှာ ကျွန်တော်နဲ့အတူ အဖေ့ကို ကူစောင့်ပေးခဲ့တဲ့ ဆရာမကို သတိရမိတယ် ။ တစ်ပြိုင်တည်းမှာပဲ သိလိုက်တာက ကျွန်တော်တို့ မြန်မာနိုင်ငံက ဆရာ ဆရာမတွေဟာ ရုပ်ဝတ္ထုပိုင်းဆိုင်ရာ ၊ နည်းပညာပိုင်းဆိုင်ရာ သင်ကြားရေးတွေမှာ နောက်ကျချင် ကျနေနိုင်ပေမဲ့ တပည့်တွေ အပေါ် ထားတဲ့ စေတနာ ၊ ကရုဏာ ၊ အနစ်နာတွေကတော့ ဘယ်နိုင်ငံကမှ လိုက်မမီပါလားလို့ ။

••••• ••••• •••••

“ ကျေးဇူးပြုပြီး အရေးပေါ် ဝတ်စုံကို ဝတ်ဆင်ထားကြဖို့ ကြေညာအပ်ပါတယ်ရှင် ”

လေယာဉ်က မောင်းနေရင်း စက်ချို့ယွင်းသတဲ့ ။ လူက လန့်သွားတယ် ။ တစ်လောကပဲ တပ်မတော်ပိုင်လေယာဉ်က ပျက်ကျထားတာ ။ တွေးကြည့်ရင်း လန့်သွားတယ် ။ ငယ်ငယ်လေးနဲ့ မသေချင်သေးဘူး ။ သေလည်း မသေရဲဘူး ။ ပါးစပ်ထဲ အလိုလို ရေရွတ်မိတာက “ သိရသ္မိံ ဂါထာတော် ”  ။

“ ကဲ အားလုံး လိုက်ဆို ဒီဂါထာက အန္တရာယ်ကင်းစေတယ် ။ လိုက်ရွတ်ရမယ် ၊ မရတဲ့လူ ဒီကြိမ်လုံးနဲ့ ရိုက်မယ် ”

ဆရာမ ဒေါ်အုန်းကြည် ငယ်ငယ်က ဒီဂါထာတော်ကို ရိုက်သင်ပေးခဲ့တာ သတိရမိ တယ် ။ ဆရာမ ကလည်း ဘုရားစာကို ရိုက်ပြီး သင်ရတယ်လို့ ဆိုပြီး စိတ်ထဲက နေ အပြစ်တင်ခဲ့ဖူးတယ် ။ တကယ်တမ်း ဆရာမက ဘုရားစာက ကျောင်းစာလောက် အရေးမကြီးဘူး ဆိုပြီး မကျက်မှာစိုးလို့ တမင် အဲဒီလို သင်ခဲ့တယ်ဆိုတာ အရွယ်ရောက်လာမှ နားလည်တတ်ခဲ့တယ်လေ ။

“ မန္တလေး အပြည်ပြည်ဆိုင်ရာလေဆိပ် ” 

လေယာဉ်ဘီးလုံးတွေ မြေပေါ်ကျမှ ကျွန်တော် စိတ်ထဲ သက်ပြင်းချနိုင်တော့တယ် ။ ဂါထာတော်တန်ခိုးနဲ့ ကံကောင်းလို့ မြန်မာနိုင်ငံ ပြန်ရောက်တာရယ် ။ ကျွန်တော် လေယာဉ်လှေကားအဆင်းမှာ ပါးစပ်ကနေ အသံထွက်ပြောမိတာက -

“ ဆရာမကို ကျေးဇူးတင်ပါတယ် ”

••••• ••••• •••••

“ သား ၊ မင်း ဆရာမဒေါ်အုန်းကြည် ဆုံးတာ ဒီနေ့ ရက်လည်ပဲ ” 

“ ဗျာ ”

ရုတ်တရက် ကြားလိုက်ရတဲ့ စကားကြောင့် ကျွန်တော် ဆွံ့အ,သွားမိတယ် ။

“ မင်းဖို့ ကွန်ပျူတာဖိုး လိုတော့ အဖေ သူ့ဆီက ယူထားတဲ့ အကြွေးတွေလည်း မဆပ်နဲ့တော့တဲ့ ။ သားအတွက် သူ ဝယ်ပေးတယ်လို့ပဲ သဘောထားပါတယ်တဲ့ ” 

“ သားနဲ့ သူ ဖေ့ဘွတ်ခ် မှာ မတွေ့တာကြာလို့ သူ သတိရကြောင်း ပြောပေးပါတဲ့ ”

“ သူ သင်ပေးထားတဲ့ ဂါထာလေးလည်း အမြဲရွတ်ပါတဲ့ ။ အဲဒီ ဂါထာလေးက အန္တရာယ်ကင်းစေသလို စာမေးပွဲလည်း အောင်မြင်စေတယ်တဲ့ ”

“ မင်း ဟိုမှာ စားရေးသောက်တာ အဆင်ပြေလားလဲ မေးတယ် ။ ပြန်လာမှ မင်းဖို့ သူကြော်ထည့်ပေးနေကျ ပဲကျားနဲ့ ငါးပိနဲ့ကြော် ပေးဦးမယ်တဲ့ ” 

အဖေ့ ပြောစကားတွေ ကြားတစ်ချက် မကြားတစ်ချက်ပါ ။ တကယ်ပဲ ဆရာမ ဒေါ်အုန်းကြည်ကို ဝန်ချတောင်းပန်ပြီး ဆရာမ ကျေးဇူး တတ်နိုင်သလောက်ဆပ်မယ် ကြံပြီး ပြန်လာတာပါ ။ ဘယ်လို ဖြစ်ရတာလဲဗျာ ။ ဆရာမရယ် သားကို ခွင့်လွှတ်ပါ ။

••••• ••••• •••••

ဆရာမရဲ့ အုတ်ဂူလေးက ထုံးသုတ်ထားခါစမို့ ဖွေးလွှလွှ ။ ဒေါ်အုန်းကြည် အသက် ၆၂ နှစ်ဆိုတဲ့ စာသားလေးက ထင်းနေတယ် ။ ကိုယ့်အပေါ် အရမ်းကောင်းခဲ့တဲ့ ဆရာမ ။ ကျေးဇူးဆပ်ခွင့် မရတော့ပြီ ။ အုတ်ဂူလေးကိုသာ ဆရာမ အမှတ်နဲ့ ရှိခိုးမိတော့တယ် ။ မျက်ရည်တွေက တားမရဘူးဗျာ ။ ဆရာမ အုတ်ဂူလေးမှာ မှီထိုင်ရင်း အားရပါးရ ငိုပစ်ခဲ့တယ် ။

••••• ••••• •••••

ညက တိတ်ဆိတ်နေတယ် ။ အဖေက ခေါင်းရင်းတန်းလျားမှာ ဘေးအိမ်က လာလည်တဲ့ ဦးကြီးတွေကို ကျွန်တော် ဟိုနိုင်ငံမှာ ဘယ်လို နေရထိုင်ရ ၊ ဘယ်လို ပညာတွေ သင်ရတာတွေ ။ နောက်နှစ် ကျောင်းပြီးရင် တက္ကသိုလ်ဆရာ ဖြစ်တော့မှာတွေကို အားရပါးရ ကြွားနေတယ် ။ ကျွန်တော်ကတော့ Unblock ပြန်လုပ်ထားတဲ့ Daw Own Kyi ဆိုတဲ့ ဖေ့စ်ဘွတ် အကောင့်လေးထဲမှာ ။

“ ဆုံးမတာ ခါးလို့ ထင်ပါတယ် ကျွန်မတပည့်လေး တစ်ယောက်က ဘလော့သွားတယ် ” ဆိုတဲ့ Post လေး ဖတ်ပြီး ထပ်ငိုမိတယ် ။ နောက်ပိုင်း ပို့စ်တွေက တရားစာတွေ Share ထားတာ ။ ကင်ဆာ ပျောက်ကင်းစေသော ကုထုံးတွေလည်း အများကြီး ရှယ်ထားတယ် ။ ဆရာမက ရင်သားကင်ဆာနဲ့ ဆုံးတာတဲ့လေ ။ သူ့ကို Tg တွဲပြီး သူ့ပုံလေးနဲ့ ဝမ်းနည်းကြောင်း Post လေးတွေလည်း အများကြီးပဲ ။ ဆရာမက ရုပ်သာ ဆိုးတာ စိတ်ထားလှတော့ လုပ်ဖော်ကိုင်ဖက်တွေကော တပည့်တွေကပါ ချစ်ကြတယ် ထင်ပါတယ် ။ ကျွန်တော်ကသာ ဆရာမကို .. ။ အတွေးတွေနဲ့အတူ မျက်ရည်တွေက တားမရဘူးဗျာ ။

ကျွန်တော် ဆရာမ ပုံလေး တစ်ပုံ Save လိုက်တယ် ။ သွားခေါခေါလေးနဲ့ ပြုံးနေတဲ့ ကျွန်တော့်ဆရာမ ။ မျက်ရည်တွေနဲ့အတူ ကျွန်တော် Post လေး တစ်ခု တင်မိပါတယ် ။ တင်ခဲ့တဲ့ ပို့စ်လေး က -

“ ကျွန်တော် ဆရာမအကောင့်ကို ဘလော့ခဲ့မိတယ် ”  လို့ ... ။

▢  ကောင်းသိုက်စိုး
      ၊ ကောင်း - မန္တလေး ၊

( ဤစာစုဖြင့် ဆရာ ၊ ဆရာမ အားလုံးအား ဂါရဝပြုအပ်ပါသည် ။ )

📖 ရွှေအမြုတေ ရုပ်စုံမဂ္ဂဇင်း
      ဖေဖော်ဝါရီ ၂၁၁၉

No comments:

Post a Comment