❝ ငှက်တောင်သုံးချောင်း ❞
( ပုံပြင် )
တစ်ရံရောအခါ ရှင်ဘုရင်ကြီး တစ်ပါး၌ သားတော်သုံးပါး ရှိလေ၏ ။ ရှင်ဘုရင်ကြီးသည် အိုမင်းလာပြီ ဖြစ်၍ မကြာမီ သေရတော့မည်ဟု သိသည့်အလျောက် သူ၏ သားသုံးပါးကို ခေါ်ပြီးလျှင် “ သားတော်တို့ နောင်အခါ ငါ၏ ထီးနန်းကို ဆက်ခံမည့်သူ လိုတယ် ။ မင်းတို့ သုံးပါး အနက် တစ်ယောက်ယောက် ဆက်ခံစေရမယ် ။ ဒါကြောင့် ကမ္ဘာပေါ်မှာ ရှိတဲ့ အလှဆုံး ကော်ဇော တစ်ချပ်ကို ရှာဖွေရမယ် ။ ရှာဖွေနိုင်သူကို ထီးနန်း လွှဲအပ်မယ် ” ဟု ပြောကာ ငှက်တောင်ကလေး သုံးချောင်းကို မိုးပေါ်သို့ မြှောက်ကာ လွင့်လိုက်လေ၏ ။
ငှက်တောင်သုံးချောင်းသည် အရှေ့သို့ တစ်ချောင်း ၊ အနောက်သို့ တစ်ချောင်း ၊ အောက်တည့်တည့်မှာ တစ်ချောင်း ပြန်ကျလာ၍ သားအကြီးက အရှေ့ဘက်သို့ ခရီးထွက်သွားလေ၏ ။ သားအလတ်က အနောက်ဘက်သို့ ထွက်သွားလေ၏ ။ သားအငယ်ဆုံး မှာမူ သူ၏ အစ်ကိုများက မသွားမီ “ ဟေ့ ... လူမိုက်ကလေး မင်းတော့ ကျရာမှာပဲ နေခဲ့တော့ ” ဟု ပြောကြသဖြင့် အောက်တည့်တည့်မှာ ကျနေသော ငှက်တောင်ကလေး အနီးတွင် ထိုင်ကာ ငိုနေခဲ့ရလေ၏ ။ ထိုခဏမှာပင် ငှက်တောင်ကလေး ကျရာ မြေအောက် တည့်တည့်၌ တံခါးပေါက် တစ်ပေါက် ပိတ်လျက်ရှိသည်ကို တွေ့မြင်ရလေသည် ။ မင်းသားငယ်လည်း ထို တံခါးပေါက်ကို ဆွဲ၍ ဖွင့်လိုက်သောအခါ မြေအောက် လှေခါးထစ်ကို တွေ့ရ၍ ထိုမှ ဆင်းသွားလေ၏ ။ သူသည် နောက်ထပ် တံခါးပေါက် တစ်ခုကို တွေ့ရ၍ ခေါက်လိုက်သောအခါ အတွင်းမှ ဖွင့်ပေးသဖြင့် ဝင် သွားရာ ဖားကြီး တစ်ကောင်နှင့် ဖားမငယ်များ ခြံရံလျက် ရှိသည်ကို တွေ့ရလေ၏ ။ ဖားကြီးက မင်းသားငယ်အား ဘာလိုချင်ပါသလဲဟု မေးလေ၏ ။ မင်းသားကလည်း အကောင်းဆုံး ကော်ဇောကို လိုချင်ပါတယ်ဟု ဖြေသဖြင့် ကမ္ဘာပေါ်တွင် အကောင်းဆုံး ကော်ဇော တစ်ချပ်ကို ပေးလိုက်လေ၏ ။ သူသည် ကော်ဇောကို ယူ၍ ပြန်တက်လာခဲ့လေ၏ ။
သူ၏ အစ်ကို နှစ်ယောက် မှာမူ မင်းသားငယ်ကို လူမိုက် ၊ လူပေါကလေးပဲ ။ အကောင်း ဆုံး ကော်ဇော ရအောင် မရှာနိုင်ဟုပင် တွေးထင်ကြလေ၏ ။ သူတို့သည် အိမ်တစ်အိမ်မှ ကော်ဇောနှစ်ချပ် ခိုးယူလာခဲ့ကြလေ၏ ။ ဘုရင်ကြီး ရှေ့သို့ ရောက်ကြသောအခါ ညီတော် မင်းသားငယ်၏ ကော်ဇောက အကောင်းဆုံး ဖြစ်နေသည်ကို သိရှိကြလေ၏ ။ ထို့ကြောင့် ဘုရင်ကြီးက မင်းသားငယ်ကို ထီးနန်း လွှဲအပ်မည်ဟု ပြောလေ၏ ။ ထိုအခါ သားတော်အကြီး နှစ်ယောက်က မကျေနပ်ဘဲ ” မင်းသားငယ်ဟာ လူမိုက်လူပေါကလေးပါ ။ ဒါကြောင့် ထီးနန်းနှင့် မတန်ပါ ” ဟု ကန့်ကွက်ကြလေသည် ။ ထိုအခါဘုရင်ကြီးက “ ကဲ ... ဒါဖြင့် ကမ္ဘာပေါ်မှာ အလှဆုံး လက်စွပ် တစ်ကွင်း ရှာကြရမယ် ။ ရှာနိုင်သူသာ ဘုရင်အဖြစ် ခံယူရမယ် ” ဟု ပြောပြီးလျှင် ငှက်တောင် သုံးချောင်းကို အပေါ်သို့ လွှင့်ချ လိုက်လေ၏ ။ သားတော်အကြီး နှစ်ယောက်မှာ အရှေ့နှင့် အနောက်သို့ ထွက်သွားကြ၍ မင်းသားငယ် မှာမူ အောက်တည့်တည့် ကျလာသော ငှက်တောင်ကလေး အနီးမှာ ထိုင်နေခဲ့ရလေ၏ ။
ထို့နောက် သူသည် တံခါးပေါက်ကို ဖွင့်ပြီးလျှင် ဖားကြီး ရှိရာသို့ သွားလေ၏ ။ ဖားကြီးက ဘာလိုချင်ပါသလဲဟု မေးရာ မင်းသားက “ အလှဆုံး လက်စွပ် လိုချင်ပါတယ် ” ဟု ဖြေ၏ ။ ထိုအခါ ဖားမကလေး တစ်ကောင်အား ရတနာ သေတ္တာကလေး ယူခိုင်း ပြီးလျှင် အထဲမှာ ရှိသော အလှဆုံး လက်စွပ်တစ်ကွင်းကို ပေးလိုက်လေ၏ ။ မင်းသားငယ်လည်း လှပသော လက်စွပ်ကို ရ၍ လှေကားမှ ပြေးတက်ပြန်လာခဲ့လေ၏ ။ သူ၏ အစ်ကိုနှစ်ယောက်မှာလည်း လက်စွပ်နှစ်ကွင်းကို ရှာလာခဲ့ကြလေ၏ ။ ဖခင်ဘုရင်ကြီး ရှေ့တွင် ပြကြသောအခါ အစ်ကိုများ ယူလာကြသောလက်စွပ်မှာ သံလက်စွပ်များ ဖြစ်၍ မင်းသား၏ လက်စွပ်မှာမူ စိန်ကျောက်ရတနာများဖြင့် ကွင်းထားသော အဖိုးတန် အလှဆုံး လက်စွပ်ဖြစ်နေလေ၏ ။ ထို့ကြောင့် ဘုရင်ကြီးက မင်းသားငယ် ကိုပင် ထီးနန်း လွှဲရမည်ဟု ပြောလေ၏ ။ ထိုအခါ သားတော်အကြီးများက ကန့်ကွက်ပြန် လေ၏ ။ ထို့ကြောင့် ဘုရင်ကြီးက “ ကဲ ... ဒီတစ်ကြိမ်တော့ ကမ္ဘာပေါ်မှာ အလှဆုံး မိန်းမပျို တစ်ယောက်ကို ရှာကြရမယ် ။ ရှာနိုင်သူကို ထီးနန်း လွှဲအပ်မယ် ” ဟုပြောကာ ငှက်တောင်သုံး ချောင်းကို လွှင့်လိုက်ပြန်၏ ။
သားတော် အကြီးများလည်း ငှက်တောင် ကျဆင်းရာ အရှေ့နှင့် အနောက်ဖက်သို့ အလှဆုံး မိန်းမပျို ရှာဖွေရန် ထွက်သွားကြလေ၏ ။ မင်းသားငယ်မှာမူ အောက်တည့်တည့်သို့ ကျလာသော ငှက်တောင်ကလေး အနီးရှိ တံခါးပေါက်ကို ဖွင့်ပြီးလျှင် လှေခါးမှ ဆင်းသွားလေ၏ ။ မြေအောက်မှာ ရှိသော ဖားကြီးက “ မင်းသားငယ် ဘာလိုချင်ပါသလဲ ” ဟု မေးလေ၏ ။ မင်းသား ကလည်း “ ကမ္ဘာပေါ်တွင် အလှဆုံး ဖြစ်သော မိန်းမပျိုကို လိုချင်ပါသည် ” ဟု ပြန်ပြောလေ၏ ။ ထိုအခါ ဖားကြီးက ပုရွက်ဆိတ်ကလေး ခြောက်ကောင် ချည်တုပ်လျက် ထည့်ထားသောဖလား တစ်လုံးကို ထုတ်ပေးလေ၏ ။ မင်းသား လည်း ဖလားကို ယူပြီးလျှင် ဝမ်းနည်းစွာဖြင့် “ ဒီဖလားကို ဘယ်လို လုပ်ရမှာလဲ ခင်ဗျာ ” ဟု ပြန်မေးလိုက်လေ၏ ။ ထိုအခါ ဖားကြီးက “ ဟောဒီက ကျုပ်ရဲ့ အခြွေအရံ ဖားများထဲက တစ်ကောင်ကို ယူပြီး ဖလားထဲ ထည့်လိုက်ပါ ” ဟု ပြောသဖြင့်မင်းသား လည်း သူ့အနား ဖားမကလေး တစ်ကောင်ကို ယူ၍ ဖလားထဲသို့ ထည့်လိုက်သောအခါ ဖားမကလေးမှာ အလှဆုံး မိန်းမပျို တစ်ယောက် ဖြစ်လာလေ၏ ။ ဖလား မှာလည်း ရွှေရထားကြီး ဖြစ်လျှက် ပုရွက်ဆိတ်ကလေး ခြောက်ကောင် မှာလည်း ခန့်ညားသော မြင်းကြီး ခြောက်ကောင် ဖြစ်သွားလေ၏ ။ မင်းသားငယ်လည်း လှပသော မိန်းမပျိုနှင့်အတူ နန်းတော်သို့ ပြန်လာခဲ့လေ၏ ။ နန်းတော်သို့ ရောက်သောအခါ အစ်ကိုနှစ်ယောက်ကလည်း တောတွင်းသူ နှစ်ယောက်ကို ခေါ်လာပြီး ဖြစ်နေလေ၏ ။ ထို့နောက် မိန်းမပျိုများကို ယှဉ်ပြိုင်ကြရာ ဖားမင်းသမီးလေးက အလှဆုံး ဖြစ်နေ၍ ရှင်ဘုရင်ကြီးက မင်းသားငယ်ကို ထီးနန်း လွှဲအပ်ရမည်ဟု ပြောလေ၏ ။ ထိုအခါ၌လည်း သားတော်အကြီးများက မကျေနပ်နိုင်သေးပေ ။ ထို့ကြောင့် မိန်းမပျိုသုံးယောက်ကို ကွင်းအခုန် ပြိုင်စေကြရမည်ဟု ဆိုကာ အလွန်ကြီးသော ကွင်းကြီးတစ်ကွင်း ပြုလုပ်၍ ပေးလေ၏ ။ တောတွင်းသူ နှစ်ယောက်လည်း ကွင်းကြီးကို လျင်မြန်စွာ လျှို၍ ခုန်လိုက်ရာ လက်ခြေများနှင့် မလွတ်သဖြင့် အောက်သို့ လိမ့်ကျပြီးလျှင် ကိုယ်လက် ကျိုးပဲ့ကုန်ကြလေ၏ ။
ဖားမင်းသမီးကလေး အလှည့်သို့ ရောက်သောအခါ ပေါ့ပါးကျင်လည်စွာ ခုန်ကျော်နိုင်လေ၏ ။ ထို့ကြောင့် အစ်ကိုများက လူပေါ ၊ လူမိုက်ကလေးဟု ပြောင်လှောင်ခြင်းကို ခံရသော မင်းသားငယ်အား ရှင်ဘုရင်ကြီးက ထီးနန်း လွှဲအပ်တော်မူလေသည် ။ ဖားမင်းသမီးကလေးနှင့် မင်းသား ငယ်တို့လည်း လက်ထပ်ပွဲ ကျင်းပပြီးလျှင် အသက်ထက်ဆုံး ပျော်ရွှင်စွာ နေထိုင်ကြလေသတည်း ။
( ဘာသာပြန် )
〇 နုယဉ်
📖ရှုမဝ မဂ္ဂဇင်း
၁၉၅၉ ၊ မေ
No comments:
Post a Comment