❝ ခေါင်းမှာ ချာချာလည် ❞
( ဆင်ဖြူကျွန်းအောင်သိန်း )
ရေဝေပေါက်နှစ်ပေါက်မှ ရေကျသံများသည် ဘင်တဲ ဝန်းကျင်ဝယ် အုန်းအုန်းခြိမ့်ခြိမ့် ဆူညံနေပေ၏ ။ မုန်း မြောင်း၏ ဘေးတွင် စိမ်းမြသော စပါးခင်းကြီးများက လေသွေးတိုင်း တွန့်ရွနေ၏ ။ ရေဝေပေါက်နှစ်ပေါက် မှာ မြောင်း၏ ထိပ်တွင် ရေပန်းပွား ၊ ရေစက် ရေပေါက်များ ဖြာလျက် ရေများ ကျဆင်းနေပေသည် ။ နေခြည် ဖြာသည့်တိုင်အောင် နှင်းက မစဲသေး ။ နှင်းလွှာကို ဖောက်ဆင်းလာရသော နေခြည်ဝါဖျော့ဖျော့က ရေဝေပေါက်နှစ်ပေါက်မှ ဖြန့်လွင့်ဖွာစဉ်လာသော ရေစက်ရေပေါက်ကလေးများနှင့် တွေ့သောအခါ သက်တံရောင်သည် မြူးနေပေ၏ ။ နေခြည်ကြသည်မို့ ငါးတို့လည်း ထသည် ။
ရေသည် ရေဝေမြောင်းနှစ်သွယ်ထဲသို့ မြောင်းမကြီးမှ ထိုးဆင်းလာ၏ ။ ဖြာစင်သော ရေစက်ရေပေါက်များကြားမှ ငွေငါးကြင်းတို့ ခုန်ပျံနေသည် ။ အခုန် လွန်သော ငါးတို့သည် မြောင်းပေါင်မြေပေါ်သို့ ကျ သွားကာ ဖတ်လတ် ဖတ်လတ်နှင့် ကြောက်ရွံ့ကြီးစွာ လူးလွန့်ခုန်ပေါက်ကြပြန်သည် ။ အချို့မှာမူ တစ်ချက် ခုန်ရုံဖြင့် ရေထဲပြန်ကျသွား၏ ။
ရေစီးကြောင်း၏ ဘေးရှိ အုတ်နံရံတွင် ရေညှိများ တွယ်နေသည် ။ ငါးသေးသေးကလေးများသည် ရေညှိလမ်းကြောင်း အတိုင်း တရွရွ တွယ်တက်နေကြသည် ။ ထိုငါးကလေးများမှာလည်း နေခြည်တွင် ရောင်စုံလက်နေပေသည် ။
ကိုဆေးရိုးသည် ရေဝေပေါက်ကို ကားယားခွ၍ အောက်သို့ ကုန်းနှိုက်လိုက်၏ ။ ရေဝေပေါက်၏ ကျဉ်းမြောင်းသော အုတ်နံရံကြားတွင် ထန်းရွက်ခြောက်တစ်ခုက ဆို့နေသည် ။ ကိုဆေးရိုးက ထန်းရွက်ကို ကုန်းဆွဲလိုက်ရာ အစကလေးသာ ပြတ်ပါလာ၏ ။ အချပ်ကြီးမှာမူ သန်သော ရေစီးအားကိုးဖြင့် တွယ်ကပ်မြဲ တွယ်ကပ်နေ၏ ။
ကိုဆေးရိုးသည် မြောင်းစောင့်၏ တဲ ( ဘင်တဲ ) ဆီသို့ မျှော်ကြည့်မိသည် ။
ဘင်တဲသည် သစ်ပင်များ၏ ကြားတွင် မည်းမည်းကြီး ကုပ်နေ၏ ။ ဘင်တဲအမိုးမှ မီးခိုးများ ပြန့် ထွက်နေ၏ ။
“ ဒီ လှဆောင်ဆိုတဲ့ အကောင်ဟာ ဘာများလုပ်နေပါလိမ့် ”
ကိုဆေးရိုးက တီးတိုး ရေရွတ်လိုက်သည် ။ ဘင်တဲစောင့် လှဆောင်၏ တာဝန်မှာ ရေဝေပေါက်ကို အဓိက ထား၍ မြောင်းကို စောင့်ရှောက်ရမည် ဖြစ်၏ ။ ရေဝေပေါက်၌ အမှိုက်သရိုက်များ ဆို့ပိတ် မနေအောင် စောင့်ရှောက်ထိန်းသိမ်းရမည် ။ ပိတ်ပင်ထားသော မြောင်းပေါင်ပေါ်သို့ မြင်းများ ၊ နွားများ ၊ မတက်ရောက်အောင် တားမြစ်ရမည်ဖြစ်၏ ။ အမှိုက်သရိုက်များ ငြိတွယ်နေစေမည့် ‘ ခုံစင် ’ ကဲ့သို့သော ငါးထောင်သည့် အရာမျိုး လာရောက် တပ်ဆင်ကြလျှင်လည်း အခါခပ်သိမ်း စောင့်ကြပ် တားမြစ်ရမည် ။ တားမြစ်၍ မရလျှင် ရုံးတင်တရားစွဲဆိုရန်ဖြစ်၏ ။ ယခုမူ လှဆောင် သည် မည်သည့်အရပ်သို့ သွားရောက်နေလေသနည်း ။ ကိုဆေးရိုး သည် ရေမြောင်းကို ကျောခိုင်းလျက် ဘင်တဲဘက်သို့ လျှောက်လာ၏ ။ ဘင်ထဲမှာ တိတ်ဆိတ်နေသည် ။ ငှက်ပျောပင်များမှာ မြောက်လေအဆော့တွင် လွန့်လူးနေ၏ ။
“ ဟေ့ လှဆောင် ”
အသံပေးခေါ်ငင်ရင်း ကိုဆေးရိုးက ဘင်တဲပေါ်သို့ တက်လာ၏ ။
“ ဟာ မောင်ဆေးရိုး လာဟေ့ ”
အိမ်ဦးခန်းတွင် ရေနွေးတစ်အိုးကို ဘေးချ၍ သတင်းစာဟောင်း တစ်စောင်ကို ကိုင်ထားသော အသက် ငါးဆယ်ရွယ် အဘိုးအိုတစ်ဦးက ဆီးကြို လိုက်သည် ။ ဘင်တဲစောင့် လှဆောင်၏ ယောက္ခမ ဦးဘချစ် တည်း ။
“ ဘယ်ကလာသလဲကွ ”
ဦးဘချစ်က ဆက်လက် မေးရင်း ဝါးဖျာချော တစ်ချပ်ကို ဆွဲရွှေ့ ပေးလိုက်သည် ။
“ ရေနွေးသောက်ဟေ့ ”
“ လှဆောင်တို့ ဘယ်များ သွားကြပါလိမ့် ”
ကိုဆေးရိုးက ဦးဘချစ် ပေးသောနေရာတွင် ဝင်ထိုင်သည် ။
“ ထုံးစံအတိုင်းပေါ့ကွာ ”
ရုံးသို့ စာပို့သွားရခြင်းကို ဆိုလိုပေသည်ဟု ကိုဆေးရိုးက နားလည်လိုက်၏ ။
“ သောက်ကွာ ”
ဦးဘချစ်က လက်ဖက်ရည်ကြမ်း တစ်ပန်းကန်ကို ငှဲ့ထည့်ပေးသည် ။
“ ဘယ်သွား မလို့လဲကွ ၊ မြို့ထဲ သွားမလို့လား ”
ဦးဘချစ်က ဆက်လက် မေးမြန်းသည့်အတွက် ကိုဆေးရိုးမှာ မီးဖိုချောင်ထဲတွင် လှဆောင်၏ဇနီး ရွှေသိုက် ရှိလိုရှိငြား လှမ်းကြည့်မိလေ၏ ။ ရွှေသိုက် မရှိပေ ။
ရွှေသိုက် ရှိရင်တော့ လာရင်းကိစ္စကို မြန်မြန် ဆောင်ရွက်ပြီး မြန်မြန် ထပြန်ချင်သည် ။ ယခုသော် ရွှေသိုက် မရှိသဖြင့် ဦးဘချစ်၏ အမေးကို အောင့်အောင့်သက်သက် ဖြေလိုက်ရသည် ။
“ ဒီတင်ပါပဲဗျာ ၊ ခုံစင်ကလေး ဘာကလေးများ လုပ်ထားကြသလားလို့ ငါးတစ်နပ်စာလောက် ဝယ်ရအောင် လာတာ ”
“ အင်စပက်တော် လာမယ်ထင်လို့ မလုပ်တာကွ ၊ ခါတိုင်းတော့ လုပ်သားပဲ ”
ဦးဘချစ်က ရေနွေးကြမ်း တစ်ပန်းကန် ငှဲ့ရင်း ပြောသည် ။ ရေနွေးပန်းကန်ကို မော့သောက်ပြီးသောအခါ ၌ သူတို့ နှစ်ယောက်မှာ ငြိမ်သက်နေကြ၏ ။ ကိုဆေးရိုး က ဘာမျှ ဆက်မဆိုသောအခါ ဦးဘချစ်မှာ ပြောစရာစကားစ ရှာဖွေမိ၏ ။ ကိုဆေးရိုး စိတ်ဝင်စားမည့် စကားလည်း ဖြစ်စေချင်သည် ။
ဘေးတွင် လူတစ်ယောက် ရှိနေလို့မှ စကားကို အမျှင်မပြတ် မပြောရလျှင် ခေါင်းကိုက်သည့် လူစား ထဲတွင် ဦးဘချစ် တစ်ယောက်လည်း ပါဝင်၏ ။ ဦးဘချစ်သည် ရေနွေးတစ်ခွက်ကို ပျင်းတိပျင်းတွဲဖြင့် ကောက်ကိုင်ရင်း မျက်လုံးက ဟိုဟိုသည်သည် ကစား လိုက်ရာ စောစောက ကိုင်ပြီးချထားသော သတင်းစာ အဖုံးကို မြင်ရလေ၏ ။
“ ဟေ့ ရှေ့နှစ်မှာ မြင်းပွဲ ပိတ်တော့မလို့တဲ့ကွ ”
“ ဗျာ ”
ကိုဆေးရိုးမှာ ထိတ်လန့် အံ့သြစွာ အော်လိုက်မိလေ၏ ။ ‘ ဒီလူကြီး ရူးများနေသလား ။ မြင်းပွဲနဲ့ ငါနဲ့ ဘာဆိုင်လဲ ’ ဤအတွေးဖြင့် ဦးဘချစ်အား မျက်လုံးပြူး မျက်ဆန်ပြူး ကြည့်နေမိသည် ။ မြင်းပွဲ ဆိုသည်မှာ မည်သို့သော အရာ ဟူ၍ပင် သိခြင်း မရှိသော လူတစ်ယောက် အား မြင်းပွဲအကြောင်း လာပြောသူမှာ အရူးပဲ ဖြစ်ရပေမည် ။
“ ငါတော့ ဝမ်းသာသကွာ ”
“ ဗျာ ”
ကိုဆေးရိုးမှာ ဒါပဲ အော်တတ်၏ ။ ဒါပဲ ပြောတတ်တော့၏ ။ ဘင်တဲစောင့်၏ နည်းပါးသော လစာကလေးကို မှီခိုကာ ဘင်ဘဲကျဉ်းကျဉ်းကလေးထဲတွင် နေထိုင်ရသူက လှမ်းလှမ်းကမ်းကမ်း မြင်းပွဲစကား ပြော၏ ။ မြင်းပွဲပိတ်တာ သူ့ အရေးလား ၊ မြင်းပွဲပိတ်တာ ၊ ဖွင့်တာကို သူက ဘာကြောင့် ဝမ်းသာချင် ဝမ်းနည်းချင်ရသနည်း ။
မြင်းပွဲသည် ဦးဘချစ်နှင့် မဆိုင်သလို ကိုဆေးရိုး နှင့်လည်း မပတ်သက်ပေ ။ ယင်းသို့ မပတ်သက်သူ ၊ မဆိုင်သူက ဘာကြောင့် လာပြောနေရသနည်း ၊ စိတ်မှ ကောင်းပါလေစ ။ ကိုဆေးရိုးသည် ဦးဘချစ် အား မျက်မှောင်ကြီး ကုပ်၍ စူးစမ်းကြည့်နေမိသည် ။ ဒီလူ ဘဝင် မြင့်နေရော့သလား ။
ဦးဘချစ်က သနပ်ဖက် ဆေးလိပ်တိုကလေးကို မီးညှိလိုက်ပြီး ထပ်မံ၍ လျှာရှည်လာပြန်လေ၏ ။
“ ဒါထက် ဝါဆိုလ တုန်းက ထွန်းသာနဲ့ မင်းကို မြောင်းအင်စပက်တော်က ဖမ်းလို့ဆို ”
“ ဟုတ်တယ် ”
“ ဘာမှလဲကွ ၊ အရက်ချက်လို့လား ”
“ အရက်ချက်တာကို မြောင်းအင်စပက်တော်က ဖမ်းပါ့မလားဗျ ။ မြင်းတို့ ၊ နွားတို့ မတက်ရဘူးဆိုတဲ့ မြောင်းပေါင် ပေါ်မှာ လှည်းမောင်းမိလို့ ဖမ်းတာပေါ့ ”
စိတ်မရှည်တော့ပေ ။ သို့ကြောင့်လည်း ဆက်ဆတ်ပြတ်ပြတ် ဖြေလိုက်သည် ။
ဦးဘချစ်ကတော့ ကိုဆေးရိုး တစ်ယောက် မိမိ အား အဘယ်မျှ ချဉ်နေပြီ ဖြစ်ကြောင်းကို သတိမထား အားပေ ။ ဆေးလိပ်ကို နှစ်နှစ်ခြိုက်ခြိုက်များပင် ဖွာနေလိုက်သေး၏ ။
“ ဘယ်ရုံးကို သွားကြရလဲကွ ။ စလင်းကိုလား ”
“ ဒီက လက်ထောက်ရုံး တွင်ပါပဲဗျာ ”
“ ဒဏ် ဘယ်လောက် ဆောင်ခဲ့ကြရလဲကွ ။ ငါးကျပ်လား ၊ တစ်ဆယ်လား ”
“ ငါးကျပ် ”
“ ဟီး ၊ ဟီး ။ အဟဲ ”
ဦးဘချစ်က အားရကျေနပ်စွာ ရယ်မောလိုက်သဖြင့် ကိုဆေးရိုးမှာ ထိတ်လန့်သွားလေ၏ ။ ဦးဘချစ်၏ မျက်နှာကို စိုးရိမ်တကြီးကြည့်နေမိသလို ထပြေးရန်လည်း ဖင်ကြွထားမိ၏ ။
“ အဟင်း ၊ ဟဲ ဟဲ ”
ချက်ချင်းပင် ဦးဘချစ်က အရယ်ရပ်ပြီး စကားစပြန်၏ ။
“ နေပါဦး မောင်ဆေးရိုးရာ ၊ မင်း ကလည်း ဖင်တကြွကြွကိုး ။ မင်းတို့ လယ်ပြင်ကို သွားတော့ အဲဒီ မုန်းမြောင်းကို ဖြတ်ဖြတ် သွားရတယ် မဟုတ်လား ”
“ ခင်ဗျားကလဲဗျာ အမေးအစမ်း ထူလိုက်တာ ။ ဟုတ်တယ်ဗျာ ၊ ဘာဖြစ်လဲ ကဲ ”
“ တစ်ခါတလေ တံမြက်စည်း လှည်းထားသလို ၊ စွပ်ဖားဆွဲထားသလို မြောင်းပေါင်ပေါ်မှာ အစင်းကြီးတွေ ထင်နေတာ မတွေ့ဘူးလားကွ ”
ကိုဆေးရိုး မျက်မှောင်ကြုတ်သွား၏ ။ “ ဒီလူကြီး ဘာကို ရည်ရွယ်ပြီး ဒါလောက် လျှာရှည်နေတာလဲ ။ ရူးတာတော့ ဟုတ်ပုံ မပေါ်ပါဘူး ” ကိုဆေးရိုးသည် ဦးဘချစ်ကို တစ်ချက် အကဲခတ်ပြီးမှ အေးဆေးစွာ ဖြေသည် ။
“ ဟုတ်တယ်ဗျ ၊ တစ်ခါတလေတော့ တွေ့ဖူးတယ် ”
“ အဲဒါကို မင်းက ဘာထင်သလဲ ”
“ ဒါတော့ ဘယ်သိမလဲဗျာ ”
ကိုဆေးရိုးက ဦးဘချစ်၏ စကားစများ၌ စိတ်ဝင်စားလာပြီ ဖြစ်သဖြင့် ကောင်းမွန်စွာ ဖြေလိုက်သည် ။ အစမသတ်သေးသော စကားနှင့် ချီဆဲ စကားစများသည် မည်သည့် နေရာ၌ ဆက်မိမည်ကိုလည်း သိချင် စိတ်ပြင်းလာပေ၏ ။
“ အဲဒါတွေဟာ မြောင်းပေါင်ပေါ်မှာ မြင်းပြေးတာပေါ့ကွ ”
“ ဗျာ ”
ကိုဆေးရိုး လန့်သွားပြန်ပါပြီ ။
ဦးဘချစ် ကမူ ကိုဆေးရိုး နားမလည်လိုက်ဟု ထင်သဖြင့် ထပ်မံပြောပြန်၏ ။
“ တို့မြိုက မြင်းတွေ မြောင်းပေါင်ပေါ်မှာ အပြေး ကျင့်တာလကွာ ”
“ မြင်းပြေးတာ မြင်းခွာရာတွေ ထင်မှာပေါ့ဗျ ။ ခုတော့ ဘာဖြစ်လို့ စွပ်ဖားရာကြီးတွေ ထင်နေရသလဲ"
“ ဟား ဟား ဟား ”
ဦးဘချစ် ပေါင်ကို ပုတ်၍ သောသောကြီး ရယ်မောပစ်လိုက်၏ ။
“ အဲဒါတွေဟာ မြင်းခွာရာပေါ့ကွ ”
“ ဘာဗျ ”
“ မြင်းခွာရာတွေကို ဒီတိုင်းထားလို့ မြောင်းအင်စပက်တော်တို့ ၊ မြောင်းဝန်ထောက်တို့ မြင်ရင် လာဘ်စားမှု ၊ ဝတ္တရားပေါ့လျော့မှုနဲ့ အလုပ်ပြုတ်မှာ စိုးလို့ ငါ့သမက် လှဆောင်က ထွန်နဲ့ လျှောက်ခြစ်ထားတာကွ ”
“ ဩ ”
သိပါပြီ ။ ကိုဆေးရိုး၏ မျက်လုံးထဲ၌ မြင်တတ်လာပါပြီ ။
ပြိုင်မြင်းအတွက် မွေးထားသော မြင်းများသည် မြေညီညီနှင့် ရှည်လျားလျား ဆို၍ ဒီတစ်နေရာသာ ရှိသော မြောင်းပေါင်၌ ပြေးခွင့်ရရေးအတွက် ဘင်တဲစောင့်ကို ငွေပေး၍ ပြေးကြသည် ။ လှဆောင် ကလည်း မြင်းပြေးခွင့်ပြုခြင်းသည်ပင် ဆည်မြောင်းဌာန၏ အမိန့်ကို ချိုးဖောက်ရာ ကျနေသဖြင့် မြင်းခွာရာများကို ထွန်ဖြင့် တိုက်ပစ်ခြင်း ဖြစ်ရပေမည် ။ ထို ထွန်မှာလည်း အသွားတို၍ အသွားများကို ဝါးခြမ်းဖြင့်ကပ်ရက်သလို ရက်ထားသော “ ကပ်ထွန် ” ဖြစ်ရပေမည် ။ မြောင်းပေါင်ပေါ်၌ တစ်ခါတစ်ရံ တွေ့ရတတ် သော စွပ်ကြောင်းရာများသည် မြင်းခွာရာများ ဖြစ်ကြောင်းတော့ ရှင်းသွားပါပြီ ။ သို့သော် စကားစပ်က ကျန်သေး၏ ။ ထွန်းသာ တစ်ယောက် မြောင်းပေါင်ပေါ်မှာ လှည်းမောင်းမိသဖြင့် ဒဏ်ငွေငါးကျပ် အရိုက်ခံရခြင်းနှင့်ကား မဆက်စပ်မိသေးပေ ။ ဒီတစ်ခါတော့ ဦးဘချစ်၏ စကားဆက်ကိုပင် မစောင့်တော့ဘဲ မေးရန် မော့ကြည့်လျှင်ပင် ဦးဘချစ် က ဆက်ပြောသည် ။
“ အဲဒါကြောင့် မြင်းပွဲပိတ်မယ် ဆိုတာကို မြင်းလည်း မလောင်းတတ် ၊ မြင်းလည်း မွေးမထားဘဲနဲ့ ငါ ၀မ်းသာနေတာပေါ့ကွ ”
“ ဗျာ ”
“ တစ်ခါတလေ တော့လည်း ညောင်ဦးမှာ ကမ်းပါး ပြိုတာနဲ့ စမ္ပာနဂိုရ်က နွားမကြီး ပေါင်ကျိုးတာဟာ ဆက်စပ်မိသားကွ ”
“ ဘာဗျ ”
“ တယ် နားဝေးတဲ့ ကောင်ပဲကွာ ၊ မြို့ပေါ်က မြင်းမွေးတဲ့ လူတွေထဲမှာ ငါနဲ့ မသင့်မြတ်တဲ့ လူတစ်ယောက်မှ မရှိဘူး ။ ဒါပေမဲ့ မြင်းပွဲပိတ်တယ် ဆိုတဲ့ သတင်း ကြားရတော့ ဝမ်းသာသကွာ ”
ကိုဆေးရိုး၏ ခေါင်းမှာ ချာချာလည်ရပါတော့သည် ။ ဦးဘချစ် နှင့် ဆက်၍ စကားပြောပါက ကြာလျှင် ရူးရတော့မည် ။ သို့ကြောင့်လည်း ကျဉ်းမြောင်းသော ဘင်တဲ၏ အခန်းထဲမှ ထွက်လာခဲ့မိသည် ။ ဘင်တဲဝင်း၏ အပြင်ဘက်သို့ ထွက်လာချိန်၌ မိုးဖွဲကလေးများ ရွာသွန်းနေပေ၏ ။ မိုးဖွဲကလေးမို့ မဖြစ်လောက်ပေ ၊ ကိုဆေးရိုးက မြောင်းပေါင်ပေါ်သို့ ဆက်လက် တက်လာခဲ့ရာ ဒီဘက်မြောင်းပေါင် အထိ မိုးဖွဲကလေးများ ကျဆင်းနေသည်ကို တွေ့ရ၏ ။ သို့သော် ဆယ်ပေမျှသာ ကျယ်ဝန်းသော မြောင်း၏ ဟိုဘက် ပေါင်ပေါ်တွင် မိုးတစ်ပေါက်မျှ မကျပါကလား ။
ငါးဟင်းစားချင်သောကြောင့် ထွက်လာခဲ့မိကာမှ စကားများသော ဦးဘချစ်နှင့် ဆုံမိသဖြင့် ကိုဆေးရိုးမှာ ခေါင်းရှုပ် လာခဲ့ရ၏ ။ ကိုဆေးရိုး၏ ကျောဘက်တွင်မူ ရေဝေပေါက်မှ ရေကျသံများ တဝုန်းဝုန်း မြည်ဟည်းနေပေသတည်း ။
▢ ဆင်ဖြူကျွန်းအောင်သိန်း
📖 ကိုဆေးရိုး ပေါင်းချုပ်
No comments:
Post a Comment