Sunday, October 5, 2025

ရွှေပုံ နှင့် ရွှေလုံ

 

❝ ရွှေပုံ နှင့် ရွှေလုံ ❞
         ( ပုံပြင် )

ရှေးသရောအခါ ငါးရောင်း၍ အသက်မွေး နေထိုင်ရသော ဖိုးသာရေး နှင့် မယ်ငြိမ်းဒွေး ဆိုသူ လင်မယား နှစ်ယောက် ရှိလေ၏ ။ တစ်နေ့သ၌ ဖိုးသာရေးသည် မြစ်ထဲ၌ ပိုက်ကို ချကာ ငါးစောင့် နေစဉ် ထူးဆန်းသော ရွှေငါးကြီး တစ်ကောင်ကို ဖမ်းမိလေ၏ ။ ပိုက်ထဲမှာ မိနေသော ထိုငါးကြီးက “ မိတ်ဆွေ ကျုပ်ကို မသတ်ပါနဲ့ ရေထဲမှာ ပြန်လွှတ်လိုက်ပါ ။ မိတ်ဆွေ နေဖို့ အိမ်ကြီး တစ်ဆောင်နဲ့ စားသောက်စရာများကိုလည်း ပေးပါဦးမယ် ” ဟုပြော၍ ဖိုးသာရေး သည် ထိုငါးကြီးကို ရေမှာ ပြန်၍ လွှတ်ခဲ့လေ၏ ။

ဖိုးသာရေး ပြန်သွားသောအခါ ခမ်းနားသော တိုက်ကြီး တစ်တိုက်ကို တွေ့ရလေ၏ ။ သူ၏မယား မယ်ငြိမ်းဒွေး မှာလည်း လှပသော အဝတ်အစားများကို ဝတ်ဆင်လျက် စားကောင်း သောက်ဖွယ်များကို ပြင်ဆင်လျက်ရှိလေသည် ။

သူတို့ လင်မယားသည် စားသောက်ဖွယ်များကို စားလျက်ရှိစဉ် မယ်ငြိမ်းဒွေး က “ ဖိုးသာရေးရယ် ဟောဒီ အိမ်ကြီးနဲ့ စားစရာသောက်စရာများဟာ ဘယ်လို ဖြစ်ပေါ်လာတာ ပါလိမ့်မလဲ ၊ တော်သိရင် ပြောစမ်းပါ ” ဟု မေးရာ ဖိုးသာရေးက “ အဲဒါ အခြား မဟုတ်ဘူးကွဲ့ ၊ ငါ ပိုက်ကွန် ချတုန်းက ရွှေငါး တစ်ကောင် ဖမ်းမိလို့ သူက ဖန်ဆင်းပေးတာပေါ့ ” ဟု ပြန်ပြောလိုက်လေ၏ ။ ထိုသို့ ပြောပြလိုက်သည့် တစ်ခဏ၌ သူတို့ နေသော တိုက်ကြီးသည် ရုတ်တရက် ပျောက်ကွယ် သွားပြီးလျှင် မူလ တဲကလေး သာလျှင် ပြန်ဖြစ်နေလေ၏ ။

နောက်တစ်နေ့၌ ဖိုးသာရေး မြစ်ထဲ၌ ငါးစောင့် နေစဉ် မနေ့က ငါးကြီးကိုပင် ပြန်၍မိ လေ၏ ။ ငါးကြီးကလည်း မနေ့က ကဲ့သို့ပင် “ မိတ်ဆွေ ... ကျုပ်ကို ပြန်လွှတ်လိုက်ပါ ။ မိတ်ဆွေ နေဖို့ အိမ်ကြီး တစ်ဆောင်နဲ့ စားစရာများကို ကျုပ် ဖန်ဆင်းပေးပါဦးမည် ။ ဒါပေမယ့် ကျုပ် ဖန်ဆင်းပေးတယ်လို့ မည်သို့ကိုမျှ မပြောလိုက်ပါနဲ့ ။ ပြောရင် ပျောက်သွားပါလိမ့်ဦးမယ် ” ဟု မှာထားခဲ့လေ၏ ။ ဖိုးသာရေးလည်း ငါးကြီးကို ရေ၌ ပြန်လွှတ်ခဲ့ပြီးလျှင် အိမ်သို့ ပြန်သွားလေ၏ ။ အိမ်သို့ ရောက်သောအခါ မယားမယ်ငြိမ်းဒွေးက “ ဒီနေ့လည်း မနေ့က လိုပဲ အိမ်ကြီး ပြန်ဖြစ်လာ ပြန်ပြီ ။ ဘယ်ကများ ကျုပ်တို့ ချမ်းသာအောင် လုပ်ပေးတာပါလိမ့်မလဲတော် ” ဟု မေးရာ ဖိုးသာရေး လည်း ဘာမျှ ပြန်မပြောဘဲ တိတ်တဆိတ် နေလိုက်လေ၏ ။ မယ်ငြိမ်းဒွေး လည်း ချမ်းသာစွာ နေရတိုင်း သိလိုစိတ် ပြင်းထန်လျက် ရှိလေရာ ဖိုးသာရေး လည်း ဘာမျှ ပြန်မပြောဘဲ တိတ်တဆိတ် နေလိုက်လေ၏ ။ မယ်ငြိမ်းဒွေး လည်း ချမ်းသာစွာ နေရတိုင်း သိလိုစိတ် ပြင်းထန်လျက်ရှိလေရာ ဖိုးသာရေးကို မရမနေ မေးမြန်းလျက်ပင် ရှိလေ၏ ။ ကြာသော် ဖိုးသာရေးလည်း နားညည်းလာသည့် အလျောက် “ ရွှေငါးကြီးက ဖန်ဆင်း ပေးတာပေါ့ ” ဟု ပြန်ပြောလိုက်လေရာ အိမ်ကြီးလည်း အရင်တစ်ခါက ကဲ့သို့ပင် ပျောက်ကွယ်သွားလေတော့သည် ။

နောက်တစ်နေ့၌ ဖိုးသာရေး မြစ်ထဲ၌ ငါးစောင့် နေစဉ် ရွှေငါးကြီး ကိုပင် ဖမ်းမိပြန်လေ၏ ။ သည်တစ်ကြိမ်၌မူ ရွှေငါးကြီးက “ မိတ်ဆွေ ၊ ဒီတစ်ခါတော့ ကျုပ်ကို ပြန် မလွှတ်ပါနဲ့တော့ ။ ကျုပ်ဟာ မိတ်ဆွေ လက်ထဲမှာပဲ မိဖို့ ကံအကြောင်း ရှိနေပါပြီ ။ ဒါကြောင့် မိတ်ဆွေရဲ့ အိမ်ကိုပဲ ယူဆောင် သွားပြီး ကျုပ်ကို ဓားနဲ့ ခြောက်ပိုင်း ပိုင်းလိုက်ပါ ။ ပြီးလျှင် နှစ်ပိုင်းကို မိတ်ဆွေရဲ့ မယား မယ်ငြိမ်းဒွေးကို ချက်စားဖို့ ပေးပါ ။ နှစ်ပိုင်း ကိုတော့ မိတ်ဆွေရဲ့ အိမ်က မြင်းမကြီးကို ကျွေးပါ ။ ကျန်နှစ်ပိုင်း ကိုတော့ မိတ်ဆွေကြီးရဲ့ အိမ်ခြံထဲမှာ တူးပြီး မြှုပ်ထားလိုက်ပါ ။ ကောင်းကျိုးပေးပါလိမ့်မယ် ” ဟု မှာလိုက်လေ၏ ။

ဖိုးသာရေး လည်း ရွှေငါးကို သူ၏ အိမ်သို့ ယူဆောင် သွားပြီးလျှင် ခြောက်ပိုင်း ပိုင်း၍ နှစ်ပိုင်းကို မယ်ငြိမ်းဒွေးအား ချက်စားရန် ပေး၏ ။ နှစ်ပိုင်းကို သူ၏ မြင်းမကြီးအား ကျွေးပြီးလျှင် ကျန်နှစ်ပိုင်း ကိုမူ သူ၏ အိမ်ခြံထဲမှာ တူး၍ မြှုပ်ထားလိုက်လေ၏ ။

လအနည်းငယ် ကြာ ရှိသောအခါ မယ်ငြိမ်းဒွေး ၌ ရွှေအဆင်း ရှိသော သားငယ် နှစ်ယောက် “ မောင်ရွှေလုံ ၊ မောင်ရွှေပုံ ” ဟူ၍ ဖွားမြင်လာ၏ ။ မြင်းမကြီး မှာလည်း ရွှေမြင်းကလေး နှစ်ကောင် ဖွားမြင်လာလေ၏ ။ ထိုအချိန်မှာပင် သူ၏ အိမ်ခြံထဲ၌လည်း ထူးဆန်းသော ရွှေပွင့်ကြီး နှစ်ပွင့် မြေမှ ပေါ်ပေါက်လာလေ၏ ။ ဤသို့ဖြင့် မောင်ရွှေပုံနှင့် မောင်ရွှေလုံတို့ ညီအစ်ကို ကြီးပြင်း လာကြသော အခါ ရွှေမြင်းကလေး နှစ်ကောင် မှာလည်း စီးနိုင်လောက်သော အရွယ် ရောက်ရှိ လာလေ၏ ။ ရွှေပွင့်ကြီး နှစ်ပွင့်မှာလည်း အထူးသဖြင့် လှပခန့်ညားလျက် ရှိကြလေ၏ ။

တစ်နေ့သ၌ သားအကြီး မောင်ရွှေပုံက ဖိုးသာရေး အား “ အဖေ ... ကျွန်တော်တို့ ညီအစ်ကို နှစ်ယောက် ရွှေမြင်းကလေးတွေ ကို စီးပြီး လျှောက်လည် ချင်ပါတယ် ” ဟု ပြောလေ၏ ။ ဖိုးသာရေးကလည်း “ လူကလေးတို့ မင်းတို့ လျှောက်လည်ကြဖို့ရာအဖေ စိတ်မချဘူးကွယ် ။ မင်းတို့ဟာ လူတကာနဲ့ မတူဘဲ အသားတွေက ရွှေတွေ ဖြစ်နေတယ် ” ဟု ပြောရာ မောင်ရွှေပုံ က “ ကိစ္စမရှိပါဘူး အဖေ ။ ဟောဟို ရွှေပွင့်နှစ်ပွင့် ကိုသာ ကြည့်ပါ ။ ရွှေပွင့်များ လန်းနေရင် ကျွန်တော်တို့ ဘာမျှ မဖြစ်ပါဘူး ။ ညှိုးနေမယ် ဆိုရင် ကျွန်တော်တို့ နေထိုင်မကောင်း ဖြစ်နေမှာ အမှန်ပဲ ။ ရွှေပွင့်များ ကျိုးကျသွားမယ် ဆိုရင်တော့ကျွန်တော်တို့ သေပြီလို့ မှတ်ပါ ။ကဲ ... သွားပြီ အဖေ ” ဟု မှာထားခဲ့ပြီးလျှင် ခရီးထွက် လာကြလေ၏ ။

ညီအစ်ကို နှစ်ယောက်သည် လမ်းခွဲ၍ ထွက်လာကြရာ အစ်ကို မောင်ရွှေပုံသည် ထမင်းဆိုင်တစ်ဆိုင်၌ ထမင်းဝယ်စားနေစဉ် သူ့အား ဆိုင်ထဲက လူများက ဝိုင်း၍ နောက်ကြ ပြောင်ကြသဖြင့် ခရီး မဆက်တော့ဘဲ အိမ်သို့ ပြန်လှည့် လာခဲ့လေ၏ ။

ညီ မောင်ရွှေလုံ မှာမူကား ရှေ့သို့ ဆက်၍ လာခဲ့ရာ ဓားပြများနေထိုင်သော တောကြီး တစ်တော အနီးသို့ ရောက်သွားလေ၏ ။ ထိုအခါ မောင်ရွှေလုံ ကို မြင်သော လူအများက “ ဟေ့ ... သူငယ် မင်း ဒီတောထဲကို မသွားပါနဲ့လားကွယ် ...  ။ ဓားပြတွေ ရှိတယ်ကွဲ့ ” ဟုပြောကြလေ၏ ။ မောင်ရွှေလုံ ကလည်း ကြောက်စိတ် မရှိဘဲ “ ကိစ္စမရှိပါဘူးခင်ဗျာ ။ ကျွန်တော် သွားရဲပါတယ် ”  ဟု ပြန်ပြောကာ ထိုတောထဲသို့ ဆက်၍ ဝင်သွားရန် ဝံသားရေကြီး တစ်ခုကို သူ့ကိုယ်မှာ ခြုံလိုက်လေ၏ ။ တောထဲသို့ ရောက်သောအခါ ဓားပြများက သူ့ကို ဝက်ဝံကြီးဟု ထင်ကြကာ ရန်မရှာကြပေ ။

မောင်ရွှေလုံသည် တစ်နေ့သ၌ ရွာကလေး တစ်ရွာ ရောက်သွားလေ၏ ။ ထိုရွာကလေးတွင် လှပသော မိန်းမပျို တစ်ယောက်နှင့် တွေ့၍ လက်ထပ်ပွဲ ကျင်းပရန် စီစဉ်လေ၏ ။ လက်ထပ်ချိန် နီးသောအခါ မိန်းမပျို၏ ဖခင်က မောင်ရွှေလုံကို သူတောင်းစားဟု ထင်မှတ်၍ မပေးစားနိုင် ဟု တားမြစ်လေ၏ ။

ထိုအခါ မိန်းမပျိုက သူ၏ ဖခင်အား တောင်းပန်၍ သူတို့၏ လက်ထပ်ပွဲကို ကောင်းစွာ ကျင်းပရလေသည် ။ မိန်းမပျို၏ ဖခင်လည်း စိတ်မကျေနပ်သေးဘဲ ညအချိန်၌ မောင်ရွှေလုံအား တိတ်တဆိတ် သ,တ်ပစ်မည်ဟု အိပ်ရာတွင် သွား၍ ချောင်းကြည့်ရာ ရွှေအဆင်း ရှိသော သူ၏ သားမက်ကို တွေ့ရ၍ မသတ်ဘဲ ပြန်သွားလေ၏ ။

ထိုအချိန်၌ မောင်ရွှေလုံ မှာ တောထဲမှာ သမင် တစ်ကောင်ကို လိုက်ဖမ်းနေသည်ဟု အိပ်မက် မြင်မက်လျက် ရှိလေ၏ ။ နံနက် မိုးလင်းသောအခါ သူ၏ မိန်းမအား အိပ်မက်ထဲ၌ တွေ့ ရသော သမင်ကို ရှာရန် တောသို့ သွားမည် ဟု ပြောပြီး ခရီးထွက် လာခဲ့လေ၏ ။ တောထဲ၌ တကယ်ပင် အိပ်မက်ထဲမှ သမင်ကို တွေ့ရ၍ နောက်မှ မနားမနေ လိုက်ခဲ့ရာ တဲကလေး တစ်တဲ ကို တွေ့ရ၍ ဝင်ကြည့်သော အခါ အဘွားအို တစ်ယောက်နှင့် တွေ့ရလေ၏ ။

“ ဒီမှာ ... သမင် တစ်ကောင် မတွေ့လိုက်ဘူးလား ခင်ဗျာ ” ဟု မေးရာ “ အေး ... တွေ့ သားပဲ ” ဟု ပြန်ပြောစဉ် တဲထဲမှ ခွေးတစ်ကောင် ထွက်လာပြီး မောင်ရွှေလုံအား ကိုက်မည်ဟု ဟောင်လေ၏ ။

ထိုအခါ မောင်ရွှေလုံက ခွေးကို သ,တ်မည်ပြုစဉ် အဘွားအိုက မောင်ရွှေလုံအား ကျောက်ရုပ် ဖြစ်အောင် သူ၏ အတတ်ဖြင့် ပြုစားလိုက်လေ၏ ။

ရက်အနည်းငယ် ကြာရှိသောအခါ အိမ်၌ ကျန်ရှိသော မိန်းမပျိုလည်း မောင်ရွှေလုံ ပြန်မရောက် လာ၍ စိတ်လေးလျက် ရှိလေ၏ ။ ထိုအချိန်၌ ဖခင်ကြီး နှင့် အစ်ကို မောင်ရွှေပုံ တို့သည် ခြံထဲမှာ ရှိနေသော ရွှေပွင့်ကြီး တစ်ပွင့် ကြွေကျသွားသည်ကို တွေ့ရလေ၏ ။

မောင်ရွှေပုံ လည်း သူ၏ ညီကလေး မောင်ရွှေလုံ အတွက် များစွာ စိတ်ပူ လာပြီးလျှင် ကယ်ဆယ်ရန် ထွက်လာခဲ့လေရာ တောထဲမှ အဘွားအိုနှင့် တွေ့ရလေ၏ ။ အဘွားအိုကို စုန်းမကြီး မှန်း သိ၍ အိမ်ထဲသို့ မဝင်ဘဲ အိမ်ပြင်မှ နေ၍ ဟေ့ အိမ်ထဲက စုန်းမကြီး ငါ့ညီကို အသက် ပြန်ရှင်အောင် အခု လုပ်ပေးရင်ပေး ၊ မပေးရင် နင့်ကို သ,တ်ရလိမ့်မယ် ” ဟု ခြိမ်းခြောက်ရာ စုန်းမကြီး လည်း ကြောက်လန့်၍ မောင်ရွှေလုံ၏ ကျောက်ရုပ်ကြီးအား လူပြန်ဖြစ်အောင် လုပ်ပေးလိုက်ရလေ၏ ။

ထိုအခါမှ ညီအစ်ကို နှစ်ယောက်တို့ ပြန်တွေ့ကာ မောင်ရွှေလုံက သူ၏ မိန်းမပျို ထံသို့ ပြန်၍ မောင်ရွှေပုံ မှာမူ သူ၏ ဖခင် ထံသို့ လမ်းခွဲ၍ ပြန်လာခဲ့ကြလေတော့သတည်း ။

( ဘာသာပြန် )

〇 နုယဉ်
📖ရှုမဝ မဂ္ဂဇင်း
     ၁၉၅၈ ၊ အောက်တိုဘာ

No comments:

Post a Comment