မမ ဆီက စာရောက်လာတယ် ။ မနက်အစောကြီး ကိုမြတိုးကို ပေးသွားတာပါ ။ သူခရီး ထွက်ခါနီး လာပို့ သွားတာတဲ့ ။ စိတ်မကောင်းစရာပဲ ။ တိတ်ခွေတစ်ခွေ ပါတယ် ၊ အဝတ်ထုပ် ပါတယ် ။
“ မိုးရေ ..
မောင်လို့ နောက်ဆုံး ခေါ်ခဲ့ပါတယ်နော် ၊ တစ်ခွန်းတည်းပါ ၊ နောက် ဘယ်တော့မှ မခေါ်တော့ပါဘူး ၊ နှုတ်ဆက်လိုက်ပါတယ် ။
မိုး နားထောင်ဖူးလား မသိဘူး ၊ မေရှင် ဆိုခဲ့တဲ့ ချစ်ရေစင် သီချင်းလေ ၊ တို့ သိပ်ကြိုက်တဲ့ သီချင်းပေါ့ ၊ ( အသည်းနှလုံး ပြုန်းရချည်ရဲ့ ... ဘဝင်ထဲ မရွှင်ဘဲ စဉ်အမြဲမျှော်တယ် ... ဖော်မစုံဘဲနော်ကွယ် ... ချစ်လက်စခိုင်ပန်း နွယ်မယ် ... မြေကိုမှီတွယ် .. ဒါကိုကျီစယ် ... ဖူးစာရှင်ရယ် ... ချစ်မေ တ္တာ မခိုင်မြဲလို့ ကွယ် ... နွဲ့နွဲ့နှောင်းအကြောင်းကံရယ် အလွန်နည်းတယ်... ) .. တဲ့ ။ မိုးကို ဆုံးရှုံးလိုက်ရပြီနော် ၊ အခုမှ တကယ် စွန့်လွှတ်ရတော့မှာ နော် ။
မိုးကို တစ်ခုတော့ မှာ ချင်တယ် ။
ဘဝတစ်ကွေ့မှာ တို့ ပြန်တွေ့တဲ့ အခါ ဟိုတုန်းကလို ရယ်ကာမောကာ နှုတ်ဆက်ပေးပါနော် ။ မသိသလို မနေပါနဲ့ကွယ် ၊ မိုးရဲ့ မိသားစုဘဝလေးကို မဖျက်ဆီးပါဘူး ၊ ဒါကို ယုံပါ ။ ဘဝမှာ ကိုယ်ချစ်ခဲ့တဲ့ လူတစ်ယောက် ၊ ကိုယ့်ကို ရက်စက်စိမ်းကားတာမျိုး မခံယူပါရစေနဲ့ ။ တို့က လူကြီး ဖြစ်နေပါပြီ ၊ မိုး စိတ်ညစ်အောင် ဘာမှ လုပ်မှာ မဟုတ်ပါဘူး ၊ ကတိပေးပါတယ် ၊ မိုးရဲ့ အိမ်ထောင်ရေး သာယာဖြောင့်ဖြူးပါစေလို့ ဆုမွန် တောင်းလျက်ပါ ၊ ရင်နှင့်အမျှပါ မိုးရယ် ယုံပါ ။
မိုး အချိန်ရရင် “ ချစ်ရေစင် ” သီချင်းလေး နားထောင်ပါနော် ။ တို့ ကိုယ်တိုင် အသံသွင်းပြီး ပို့လိုက်တာပါ ၊ အသံကတော့ ကောင်းချင်မှ ကောင်းမယ် ၊ ဒါပဲနော် ”
တစ်ချိန်က
“ မ ”
မှန်တာပြောရရင် “ မမ ” နဲ့ ပတ်သက်တဲ့ ကိစ္စတွေ အတွက် “ တီ ” ကို ဆားနဲ့ တို့ သလို ကျွန်တော် ဖြစ်နေပါတယ် ။ သူ အခုလို လွယ်လွယ်ကူကူ နောက်ဆုတ်သွားလိမ့်မယ်လို့ မျှော်လင့်မထားဘူး ။ သူအိမ်ထောင်ပြုလို့ မရဘူးဆိုတာ ဟိုးတုန်းကတော့ မပွင့်တပွင့် ပြောဖူးပါတယ် ။ ကျွန်တော့် ခြေစလက်စကို ကြိုတင် ကာကွယ်တာလို့ ပဲ ထင်ထားမိတယ် ။ နှမြောစရာကြီးဗျာ ။ လူ့ဘဝရဲ့ အိမ်ထောင်ရေး သုခကို သူ မရရှာပြီပေါ့ ။ ပိုက်ဆံလည်း ချမ်းသာတယ် ၊ ပညာလည်းတတ် ၊ စာပေလည်း ဝါသနာကြီးတယ် ။ ဒါပေမဲ့ အချစ်ဆိုတာ သူ မရဖူးရှာဘူး ။ ယောက်ျား ဆိုတာလည်း မိန်းမယူပြီး အဗြဟ္မစရိယကျင့်မယ့် လူက ရှားသား ။
တွေးရင်းတွေးရင်း သွားတွေ့လိုက်ရ ကောင်းနိုးနိုးတောင် စဉ်းစားမိတယ် ။ ဒါပေမဲ့ ခရီးထွက်သွားပြီ ဆိုပဲ ။ ခရီးကတော့ ထွက်နေကျပါ ။ ဪ ... သူ ပေးသွားတာတွေထဲမှာ ကျွန်တော် စေ့စပ်တဲ့ အခါ ဝတ်ဖို့ အင်္ကျီလုံချည် တစ်စုံ ၊ မင်္ဂလာဆောင်ရင် ဝတ်ဖို့ သတို့သားဝတ်စုံ တစ်စုံပါတယ် ။ လုံချည်က ပိုးလုံချည်တွေဗျ ။ သူတော်ကောင်းမကြီး ၊ မေတ္တာရှင်မကြီး ကျေးဇူးပါပဲ ။ ခက်တာက ဒါတွေ အိမ်မှာ ထားလို့ မဖြစ်သေးဘူး ။ ရှက်စရာကြီး ဖြစ်မယ် ။ ခင်မေနွယ် ကို ယူရမယ် ဆိုတာ အမေတို့ က အတိအလင်း မပြောသေးဘူး ။ မန္တလေးတော့ လိုက်သွားတဲ့ ၊ ဘကြီးတို့ ကြီးကြီးတို့ စကားကို နားထောင်တဲ့ ။ အမေတို့ လည်း လာခဲ့မယ်တဲ့ ။ ဒါကြောင့် အဝတ်အစားထုပ်ကြီး တွေ့လို့ မဖြစ်သေးဘူး ။ ငမ်းငမ်းတက် နေတယ် ထင်သွားဦးမယ် ။ ပြီးတော့ အမေက ဒါမျိုး ရှုပ်ရှုပ်ယှက်ယှက်တွေ မကြိုက်ဘူးလေ ။ သူတို့က တစ်ဆင့် ခင်မေနွယ်တို့ ကြားသွားရင် ပိုဆိုးမှာ ။
ကျွန်တော် ဒီအဝတ်ထုပ်ကြီးကို တင်မြရီ အိမ်မှာ သွားထားဖို့ ဆုံးဖြတ်လိုက်ပါတယ် ။ နီလာ့ ကိုတော့ ဘာတွေညာတွေ မပြောတော့ဘူး ။ မန္တလေး သွားစရာရှိတယ် ၊ တင်မြရီ ကို သွားတွေ့လိုက် ၊ ပိုက်ဆံကို ချွေတာသုံး ဆိုပြီး ငွေတစ်သောင်း ပေးလိုက်တယ် ။ ကျွန်တော် အဝတ်ထုပ်ကိုလည်း သေသေချာချာ သိမ်းထားဖို့ မှာရတယ် ။
“ အစ်ကိုလေး ဘာလဲဟင် ၊ ဘယ်သူ့ ဟာတွေလဲ ၊ အစ်ကိုလေး အိမ်က ဆင်းလာတာလား ”
“ အာ ... စောစောစီးစီး ပါးစပ်က ပေါက်ကရတွေ ပြောတော့မယ် ”
“ အစ်ကိုလေးကလည်း မေးတော့ဖြင့် မဖြေဘူး ”
“ ကျွတ် ... ကဲ .... ဒီလိုဟေ့ ၊ ပြောမှပဲ ပြီးတော့မယ် ၊ ငါမိန်းမ ယူတော့မယ် ”
“ ဟယ် .. တကယ် ၊ ဟိုမမကြီးနဲ့ လား ”
“ ဖွဟဲ ... ဘယ်ကလာ ၊ လွဲပါစေ ဖယ်ပါစေ ၊ မန္တလေးကဟေ့ ၊ ရှင်းပြီလား ”
“ ဟာ ... ဒါဆို အစ်ကိုလေး မန္တလေးမှာ သွားနေရမှာ ပေါ့ ၊ ဟင် ... ဒါဆို နီလာတို့ ... ”
“ နင့်ကို ဘယ်သူက မန္တလေးမှာ နေမယ် ပြောလို့ လဲ ၊ ကဲပါ ဒါတွေ ထားလိုက်ဦး ၊ ငါ ဒီအဝတ်ထုပ် ထားတာ ဘယ်သူမှ မသိစေနဲ့နော် ၊ ကြားလား ၊ အထဲမှာ သတို့သားဝတ်စုံပါတယ် ၊ မပျောက်စေနဲ့ ”
“ ဟယ် .. ကြည့်ချင်တယ် ”
“ လုပ်ပြီ ၊ ဘာလုပ်ဖို့ ကြည့်မှာ လဲ ”
“ အွန် ... အစ်ကိုလေး ကလည်း ကြည့်ချင်တာပေါ့ ၊ အစ်ကိုလေးနဲ့ လိုက်ရဲ့လား ကြည့်ပေးမယ်လေ ”
ကျွန်တော် နည်းနည်း ပီတိဖြစ်သွားတယ် ။ ရိုးရိုးအဝတ်အစားသစ်တောင်မှ ဝယ်ပြီးရင် ဝတ်ကြည့်ချင်တာ ဓမ္မတာပဲလေ ။ နီလာက “ ဖြည်လိုက်မယ်နော် ” ဆိုပြီး ကျွတ်ကျွတ်အိတ် ကို ဖြည်နေပါပြီ ။ အဝတ်တွေ ဆွဲထုတ်ရင်း “ ဟယ် ” “ ဟာ ” နဲ့ ဝမ်းသာနေရောဗျာ ။ ဈေးကြီးမှာ ပဲနော်တဲ့ ၊ ရှယ်တွေချည်းပဲတဲ့ ။ ဝတ်ကြည့်ပါလား ၊ လိုက်မှာပဲတဲ့ ။ အစ်ကိုလေးက ရွေးတတ်တယ်တဲ့ ။
ကျွန်တော် တော်တော် စိတ်မကောင်းဘူး ။ မမ ကို သတိရမိတယ် ။ ဝတ်ကြည့်ချင်စိတ်လည်း မရှိတော့တာနဲ့ နီလာ့ကို သေသေချာချာ ပြန်သိမ်းထားဖို့ မှာပြီး ပြန်ထွက်လာခဲ့ပါတယ် ။
ကားထဲ ရောက်တော့ မမ ပေးထားတဲ့ ကက်ဆက်ခွေကို ဖွင့်လိုက်တယ် ။ သူက အသံသက်သက် သွင်းထားတာဗျ ။ တီးလုံး မပါဘူး ။ နင့်နင့်နဲနဲ ကို ဆိုထားတာပါ ။ ငိုသံရှိုက်သံတွေလည်း ပါပါလာတယ် ။
( ကြူကြူသင်းတယ် ... ရွှေနှင်းဆီရယ် ... ဆင်းရနံ့ကမွှေးတယ် ... အထူးပဲလှတယ် ... သူ့ကိုယ်သူပင် ဆူးတွေကိုဆင် ... နတ်ဥယျာဉ်ဝယ်ရောင်စုံဖူးပွင့်တယ် ... )
( အဆောင်တော်ကူးကာ ... ဆွတ်ခူးတော့မယ့်သခင်ရယ် ... တစ်ပွင့် တည်းပန်းကို ... လှမ်းနိုင်ပေရဲ့ ရွှေရည်လွှမ်းတဲ့ ... မြပန်းခက်ကို ... ချစ် ရေစင်ဖြန်းတယ် ... )
ကျွန်တော် ဆက် နားမထောင်ချင်တော့ဘူး ။ ကျွန်တော်က လူတစ်မျိုး ။ ဒီလို လွမ်းတယ် ၊ ဆွေးဟယ် ကြုံလာရင် သိပ်ခံနိုင်ရည်ရှိတာ မဟုတ်ဘူး ။ သူ့ကို ချစ်ချင်သလိုလိုတောင် ဖြစ်လာတယ် ။ လူ့စိတ်ဟာ တယ် ဆန်းကြယ်ပါလား ။ မနိုင်ခင်ကတော့ နိုင်ချင်လိုက်တာ ၊ ဟိုက အရှုံးလည်း ပေးပြီ ဆိုရော ကျွန်တော် ငိုင်နေမိပြီ ။ ငယ်ကျွမ်းကြီး မဟုတ်လား ။ ကိုယ့် လှိမ့်လုံးဖိန့်လုံးတွေကို ခါးစည်းခံပေးခဲ့သူ မဟုတ်လား ။ ကိုယ့်ကို လာဘ်လာဘတွေ ပူဇော်ချစ်ကြိုးသွယ်ခဲ့သူ မဟုတ်လား ။ ဒီတစ်ခါ ဝေးတာက တကယ် ဝေးကြမှာ ။ စိန်ပြေးတမ်း ကစားသလို ဘွားတေး ဆိုပြီး ပြန်စလို့ ရတော့မှာ မဟုတ်ဘူး ။ တစ်ခဏ စိတ်ဆိုးစိတ်ကောက်ပြီး ပြန်တွေ့လို့ ရမယ့် ဖြစ်ရပ်မျိုး မဟုတ်ဘူး ။ ဪ ... ခွဲရ ခက်လှပါရော့လား ။ ကျွန်တော်တောင် ဒီလောက် ဖြစ်နေရင် သူ့ခမျာ ဘယ်လို နေရှာမလဲ ။ အဖြစ်ကတော့ သုဘဒ္ဒါဆင်စွယ် ရခန်းနဲ့ ခပ်ဆင်ဆင် ပါလား ။ အချစ် ... အချစ် ... အချစ်ဟာ ဘာမှ ကောင်းကျိုး မပေးပါလား ။ အိမ်ရောက်တော့ အမေက ကျွန်တော့်ကို ဆုံးမသြဝါဒတွေ ပေးပါတယ် ။
“ သား ... သားမှာ မိန်းကလေးတစ်ယောက်ကို လက်ထပ် ပေါင်းသင်းတော့မယ် ဆိုရင် ထားရမယ့် စိတ်နေစိတ်ထား ရှိပြီလား ၊ မရှိသေးဘူးလို့ အမေ ထင်တယ် ။ မိန်းမ ယူတာလွယ်ပါတယ် ၊ ခက်တာက သားမှာ မိန်းမတစ်ယောက်ကို ဘယ်လောက် ချစ်နိုင်လို့ အိမ်ထောင်ပြုမှာလဲဆိုတာ မစဉ်းစားထားဘူး ။ ဒါက ခက်တာ ၊ သေတစ်ပန် သက်တစ်ဆုံး ရှာဖွေ ကျွေးမွေးသွားမယ့် စိတ်မျိုးရှိဖို့ က ခက်တယ် ။ သားကို အမေ ပြောချင်နေတာကြာပြီ ။ လိုချင်တာကို ဘာမှ မပေးဘဲ နဲ့ မရနိုင်ဘူး ၊ သားစိတ်ထဲမှာ ရှိတာက ပိုက်ဆံရှာမယ် ၊ ဝတ်မယ် ၊ စားမယ် ၊ သွားမယ် ဒါပဲရှိတယ် ”
အမေက စကား မဆက်သေးဘဲ မျက်မှောင်ကုပ် နေတဲ့ ကျွန်တော့်ကို ကြည့်ပြီး ..
“ အဲဒါ ခက်တာပေါ့ ၊ ကိုယ့် ခြေထောက်ပေါ် ကိုယ် ရပ်တည်ပေမယ့် မာနကို နေရာတကာ သုံးတော့ အမေ ဆုံးမတာတောင် နားမဝင်ချင်တော့ဘူး ။ သားအဖေဟာ သူ ဘာလုပ်လုပ် အမေ ပြောရင်ရတယ် ၊ အမေ စေတနာနဲ့ ပြောတာကို လက်ခံတယ် ၊ ပြီးတော့ အမေ့အပေါ် မေတ္တာထားနိုင်တယ် ၊ သူ့ မာနဟာ မိသားစုအပေါ် မထိခိုက်ဘူး ။ သားကို ကြည့် ၊ မိဘကို ပြန်ရှာကျွေး ရတာတောင် မဟုတ်သေးဘူး ၊ မာနက တက်နေပြီ ၊ အဲဒီ စိတ်နဲ့ ဘယ်လိုလုပ်ပြီး အိမ်ထောင် တစ်ခုကို ထူထောင်မှာလဲ ၊ မေတ္တာတရား ဆိုတာ ကိုယ့်မှာ အရင် မွေးပြီးမှ သူများကို ပေးလို့ ရတာ ။ သားအရွယ်ဟာ မငယ်တော့ဘူး ၊ ဘဝတစ်ခုကို ထူထောင်ရတော့မယ့် အရွယ် ရောက်နေပြီ ။ သားကို အမေ အားမရတာတွေ အများကြီးပဲ ။ သားအဖေ ကတော့ မိန်းမ ပေးစားလိုက်ရင် ငြိမ်သွားမယ်ချည်း ထင်နေတယ် ။ အမေ စိုးရိမ်တာ ပြောမယ်နော် ၊ မိန်းကလေး တစ်ယောက်ကို မချစ်ဘဲနဲ့ လက်ထပ်လိုက်မှာ အမေ စိုးရိမ်တယ် ။ သားရော သားနဲ့ ပေါင်းမယ့် မိန်းကလေးရော ၊ မွေးလာမယ့် ကလေးတွေပါ မေတ္တာတရား ကင်းမဲ့တဲ့ အိမ်ထောင်စု တွေ ဖြစ်သွားကြလိမ့်မယ် ။ ဒါကို အမေ စိုးရိမ်တယ် ။ အဓိကက သားပဲ ၊ သားတကယ် ချစ်မှ လက်ထပ်ဖို့ ဆုံးဖြတ်ပါ ၊ ဟုတ်ပြီလား ။ သားတို့ ခေတ်လူငယ်တွေဟာ ငွေကို သိပ်တန်ဖိုး ထားလွန်းတယ် ။ အရာရာ ငွေရှိရင် လုပ်လို့ ရတယ် ချည်းမြင်နေကြတယ် ။ အိမ်ထောင်ရေး ကိုလည်း ငွေနဲ့ စံထားတာ မဟုတ်လား ။ ငွေ ရှိတုန်းတော့ ကောင်းတာပေါ့ သားရယ် ၊ ဟော ... နောက်လည်း ကျရော ငွေကြောင့်ပဲ အိမ်ထောင်ရေးတွေ ပြိုကွဲကြပြန်တယ် ။ ယူလိုက်ကြ ၊ ကွဲလိုက်ကြတာတွေ သိပ်မြန်လွန်းတယ် ။ တစ်ဦးအပေါ် တစ်ဦး ဘယ်လို ရိုင်းပင်း စာနာရမယ် ဆိုတာ မတွေးကြတော့ဘူး ။ လူတစ်ယောက်နဲ့ လူတစ်ယောက် ဘဝ တစ်ခုကို ထူထောင်တာ ငွေမျက်နှာပဲ ကြည့်နေလို့ ကြာကြာ ကောင်းနိုင်ပါ့မလား ”
ဪ ... ကျွန်တော် သဘောပေါက်ပါပြီ ။ ကျွန်တော်တို့ အိမ်မှာက “ အထာ ” ရှိတယ်ဗျ ။ အဖေနဲ့ အမေ ကျွန်တော်တို့ ကို ဆုံးမတော့မယ် ဆိုရင် တိုက်ရိုက် ဆုံးမတာ ရှိသလို ၊ တစ်ယောက်ကို ပြော သလိုလိုနဲ့ တခြား တစ်ယောက်ကို ပြောနေတာမျိုးလည်း ရှိတယ် ။ အခုလည်း အမေက ကျွန်တော့်ကို ဆုံးမ သလိုလိုနဲ့ ကျွန်တော့်ညီမ ဖြစ်သူကို ဆုံးမ နေတာကိုး ။ သူက ငွေမက်တယ် ၊ ဘယ်လောက် မက်သလဲ ဆိုရင် တစ်ခါတလေ သူ ရှိုးနဲ့ မိုးနဲ့ ဝတ်စားထားတဲ့ အခါ တစ်ထောင်တန် အသစ် တစ်အုပ် ထောင်ထား သလိုပဲ ။ မျက်နှာပေါက်ကိုက ခပ်တင်းတင်းရယ် ။
သူက သင်္ဘောသား တစ်ယောက်နဲ့ စေ့စပ်ထားပြီးပြီ ။ ငနဲက ရုပ်တော့ အတော် ဖြောင့်ပါတယ် ။ ကျောင်းမှာတုန်းက လက်ရွေးစင် ဘောလုံးသမားဟောင်းလို့ ပြောတာပဲ ။ သူ ရုပ်ဖြောင့်ပုံက အခြားငနဲ တွေနဲ့ မတူဘူး ။ အခြောက်လိုလို ဘာလိုလို ။ ကျွန်တော့် ညီမက ကျွန်တော့် စိတ်ဓာတ်နဲ့ တခြားစီပဲ ။ သူက မျက်နှာကြီး သိပ်လိုက်တာ ။ မင်းသားသစ် တစ်ယောက်ယောက် ၊ အဆိုတော်သစ် တစ်ယောက်ယောက် ပေါ်လာပြီဆိုရင် သူ သွားပြီး မိတ်ဆက်ပြီးသား ။ သူ့ ဒိုင်ယာရီမှာ အဲဒီ ပေါ်ပြူလာငနဲ ရဲ့ လက်မှတ်က ရောက်နေပြီးသား ။ ငယ်ငယ်တုန်းကတော့ မောင်ရယ် ၊ နှမရယ် ဒီလိုပဲ နေလာတော့ တစ်ယောက် ဝါသနာ တစ်ယောက် အကျင့်စရိုက်ကို ဒီလောက် မသိကြဘူး ။ အရွယ် ရောက်လာတော့မှ အမြင်ကတ်စရာတွေ ပေါ်လာတော့တယ် ။ သူကလည်း ကျွန်တော့်ကို ခပ်ချဉ်ချဉ်ပါ ။ ကျွန်တော် လမ်းဘေးက ကောင်မလေးတွေနဲ့ တွဲနေလို့ “ ဖီးအောက် ” တယ်တဲ့ ။ ကျွန်တော့် ကားဆို အလကားရတောင် မစီးချင်ဘူးတဲ့ ။ မလွှဲသာမရှောင်သာလို့ စီးရတဲ့ အခါ သိပ်မျက်နှာ ပူတာပဲတဲ့ ။ မဖြစ်သာလို့ စီးရပေမယ့် သိပ်ရှိုးပဲ့တာပဲတဲ့ ။
စိတ်ဓာတ် ညံ့ဖျင်းပုံကျတော့လည်း “ တင်မြရီ ” ခြေဖျားလောက်ရှိတယ် ။ သူနဲ့ အမေ မြို့ထဲတွေ ဘာတွေ သွားလို့ ပြန်လာပြီ ဆိုရင် အမေ့ အတွက် စိုက်ထားတဲ့ ဘတ်စ်ကားခက အစ စာရင်းနဲ့ ပြန်တောင်းတာ ။ ကျန်တာတော့ မပြောပါနဲ့တော့ ။ သူ့ငနဲ သင်္ဘောတက်ရဖို့ အဖေ ကုန်သွားတဲ့ ငွေတွေ နည်းတာ မှတ်လို့ဗျာ ။ ဟိုကောင် ပိုက်ဆံ ပို့တော့ ပြန်မဆပ်တဲ့ အပြင် အဖေ စုထားတဲ့ နိုင်ငံခြားရေးဘဏ်ထဲက အကောင့်တောင် လျော့သွားရတယ် ။ တိုက်ခန်း ပြေးဝယ်တယ်လေ ။ သူ့ လက်ထဲမှာ ငွေ ထားရင် ဟိုလူ ချေးမှာ ကြောက် ၊ ဒီလူ ချေးမှာ ကြောက် ဖြစ်နေရှာတယ် ။ လက်ထဲမှာ ပိုက်ဆံ ရှိပြီဆိုတော့ သူ့မျက်နှာဟာ ငွေရှင်ကြေးရှင်တို့ ရဲ့ မျက်နှာပေါက်မျိုးပေါ့ဗျာ ။ တဖြည်းဖြည်းနဲ့ ဒေါ်လာပိုက်ဆံ ထောင်ထားတဲ့ ရုပ်မျိုး ဖြစ်လာတယ် ။ တွက်လိုက် ၊ ကပ်လိုက်တာလည်း ပြောလို့တောင် မကောင်းချင်ဘူး ။ အိမ်မှာ ဆွမ်းကပ်တော့ သူတို့ အိမ်ခွဲနေရင် သုံးဖို့ ဝယ်ထားတဲ့ ပန်းကန်ခွက်ယောက်တွေ ရှိပါလျက် နံဘေးအိမ်တွေမှာ လိုက်ငှားရတယ် ။
ကျွန်တော်နဲ့ သူတို့ ဇနီးမောင်နှံလောင်း နှစ်ယောက်နဲ့ မတည့်ကြတာက ကားကိစ္စက စတာပါ ။ ၁၉၉၈ ခုနှစ်မှာ ကားဈေးတွေ ဘာမှ တန်ဖိုးမကြီးသေးဘူး ။ ကျွန်တော်က ကားဝယ်ထားဖို့ သူတို့ကို တိုက်တွန်းတယ် ။ အနီ ဖြစ်ဖြစ် ၊ အနက် ဖြစ်ဖြစ် ဝယ်ထား ၊ အငှားချ ပေးထားရင် ပုံမှန်ဝင်ငွေ ရမယ်လို့ အကြံပေး ထားတယ် ။ ငနဲ ကလည်း ကားဝယ်ချင်တယ် သင်္ဘောသားလည်း ဖြစ် ၊ မြန်မာလူမျိုးလည်း ဖြစ်တော့ ပိုက်ဆံရှိပြီ ဆိုတာနဲ့ ကားဝယ်ချင်တာပေါ့ ။ ကျွန်တော့် ညီမက ဖျက်တယ် ။ တိုက်ခန်းပဲဝ ယ်မယ် ၊ ကားကို သူနားမလည်ဘူးတဲ့ ။ သူတို့ တိုက်ခန်းဝယ်ပြီး နောက်ပိုင်း ကားဈေးတွေ တက်တက် လာလိုက်တာ တစ်နှစ်ခွဲ အတွင်းမှာ တိုက်ခန်းနှစ်ခန်းစာ ကျော်သွားပါတယ် ။ ငနဲ ပြန်လာတော့ ရူးချင်သလိုလို ဖြစ်သွားတယ် ။ ကားသာ ဝယ်ထားလိုက်ရင် နှစ်ဆကျော် တိုးမှာကိုး ။ အဲဒါ ကျွန်တော့် အပြစ်တဲ့ဗျာ ။ ဟာသတွေ လာပြောနေတယ် ။
မိန်းမတွေ ဘယ်တော့မှ အမှား မလုပ်ဘူးလို့ ကျွန်တော် ပြောပြီးပါ ရောလား ။
“ အစ်ကိုလေးက ဘာမှ မပြောတော့ သမီးလည်း တိုက်ခန်းပဲ ဝယ်တာပေါ့ ၊ သူသမီးကို တားပါ လားလို့ ”
ကြည့် ၊ သူ့ငနဲကို မျက်ရည်ခံထိုးတဲ့ စကား ။
ကျွန်တော် အဲဒီ စကားကြားပြီး ကတည်းက ချဉ်သွားတယ် ။ သူတို့ ရုံးတက် လက်မှတ် ထိုးတာတောင် လိုက်မသွားတော့ဘူး ။ ငနဲ နောက်တစ် ခေါက်ပြန်လာမှ အတူနေပြီး မင်္ဂလာဧည့်ခံပွဲ လုပ်ကြမယ် ဆိုတာလည်း ဘာမှ ဝင်မပြောတော့ဘူး ။ ယူချင်ယူ ၊ မယူချင်နေ ၊ ကျွန်တော့် အပူ တစ်ပြားဖိုးတောင် မထည့်နိုင်ဘူး ။ ကျွန်တော်က လူတစ်မျိုး ၊ လူကို ချဉ်မိပြီဆိုရင် လှည့်ကို မကြည့်ချင်တော့ဘူး ။ ဒီလောက် လှည့်မကြည့်ချင်တာတောင် ပြဿနာက လာတိုးရသေးတယ် ။ အဖေက အသက်ကြီးလာတော့ သွားစရာလာစရာ ရှိရင် ကားလေးနဲ့ သွားချင်တယ် ။ ကျွန်တော့် ကားကိုလည်း အနက် ပြန်မလုပ်ရက်ဘူး ။ သူ့ လက်ကိုင်ဖုန်းလေး ရောင်းပြီး ပစ်ကပ်ကားလေး ဝယ်ဖို့ရာ ငွေက မဆိုသလောက်လေး လိုနေတယ် ။ မိသားစု ဆုံကြတော့ ညီမ ဆီက ခဏ ယူထားပါလားလို့ ကျွန်တော် လွှတ်ကနဲ ပြောလိုက်မိတာ အမွေကိစ္စတွေဘာတွေ ရောက်ကုန်ပါရောလား ။
“ အဖေက အပြီး ပေးထားပြီးသား ၊ ကိုကို သင်္ဘော တက်တုန်းက ငွေကိုပဲ လာမျက်စောင်း ထိုးထိုးနေတယ် ၊ အောင်မယ်လေး အမွေခွဲရင် ဒီအိမ်ကို ကိုလေးပဲ ရမှာပါနော် ၊ ညီမတို့က လုံးဝ မယူဘူး ၊ အမေ့ကို ပြောပြီးသား ”
“ နင် ဘာစကား ပြောတာလဲ ”
“ ညီမလေး ပြောတာ အမှန်အတိုင်းပဲဟာ ၊ ကိုကို သင်္ဘောတက်လို့ ကုန်ကျတဲ့ ငွေကို အဖေက ပြန်မယူဘူးတဲ့ ၊ ကိုယ့်ဘဝကိုယ် တည်ဆောက်ကြတဲ့ ၊ အမွေပေးတယ်လို့ သဘောထားကြတဲ့ ၊ နောက်ထပ် ဘာမှ အပူ မပေးကြနဲ့ တဲ့ ၊ ကျန်တာ ကိုလေး အတွက်ပဲတဲ့ ၊ ရှင်းပြီလား ၊ ဒီကလည်း သိပြီးသားပါနော် ”
“ ရီရီနွယ် တိတ်စမ်း ”
အမေက ဒေါသတကြီး ထအော်ပေမယ့် ကျွန်တော့် ရင်ထဲ အံ့သြထိတ်လန့်မှုက လက်ဦးသွားပြီ ။ တကယ်ပါဗျာ ၊ သုံးရက်လောက် အိမ်မပြန်ဘဲ လျှောက်သွား နေမိတယ် ။ မိသားစုထဲကို ဒီသဘောကြီး ဘယ်တုန်းက ဝင်လာတာလဲ ။ အိမ်ထောင်ရှင်တွေရဲ့ သဘောလား ။ အိမ်ထောင်တစ်ခု ဖန်တီးတာဟာ အိမ်ထောင် တစ်ခု ဖျက်ဆီးလိုက် သလိုပါလား ။ အသိုက်အမြုံကြီး တစ်ခု ပြိုကွဲဖို့ အသိုက်အမြုံလေးတွေ ပေါက်ကွဲထွက် သွားရတာလား ။
ကျွန်တော် နားမလည်တာက ကိုကိုကြီးရဲ့ မိန်းမဘက်က လူတွေနဲ့ ၊ ညီမရဲ့ ယောက်ျားဘက်က လူတွေကိုပါ ။ ဘာဖြစ်လို့ ကျွန်တော်တို့ မိသားစုကိုမှ ဒီအမွေစကားတွေ လာရိုက်ခတ်ရတာလဲ ။ သူတို့ဘက်မှာ ကျတော့ ဘာအသံမှ မကြားရဘူး ။ သူတို့ဘက်မှာလည်း ပြိုကွဲကြပါလား ၊ အမွေစကားတွေ ပြောကြပါလား ။ ဒါကို အဖေနဲ့ စကား ပြောဖြစ် တော့ ပိုကြေကွဲရပါတယ် ။
“ ငါ့သားရာ မင်း တော်တော် လျှော်တဲ့ ကောင်ပဲ ၊ လူတွင် ပါလို့ နွားကျားကိုက်တာကွ ၊ ကိုယ့်လူတွေ ညံ့နေလို့ ဖြစ်ရတာ ၊ ရှင်းပြီလား ”
“ ကဲ ... မပြောကြပါနဲ့တော့တော် ၊ ကိုယ့်ပေါင်ကိုယ် လှန်ထောင်းသလို ဖြစ်နေပြီ ၊ အကြီးကောင် ကလည်း သူ့မယားဘက် ခပ်ပါပါ ၊ အငယ်မ ကျတော့လည်း လင်ပြောသမျှ အဟုတ်ထင် နေတယ် ၊ ရှင်တို့ ကျွန်မတို့ ရိပ်သာသွား မနေရတာဘဲ ကံကောင်းလှပြီမှတ် ၊ သွားကြပါစေရှင် ၊ ဒါထုံးစံပဲဟာ ”
ဒါဟာ လူ့သမိုင်းလားဗျာ ။ ကျွန်တော့် အတွက် သိပ်တုန်လှုပ်ခဲ့တဲ့ အတွေ့အကြုံပါပဲ ။
“ အမေကတော့ သားကိုပဲ အားကိုးတယ် ၊ သားအလှည့်ကျရင် အိမ်ကို ပါမယ့် မိန်းမမျိုး ယူနော် ” တဲ့ ။
ကျွန်တော့်ကို နောက်နေတာများလားလို့ အမေ့ကို ကြည့်တော့ မျက်ရည်တွေဝိုင်း နေပါရောလား ။ သူ မျှော်လင့်သလို ဖြစ်မလာတဲ့ အိမ်ထောင်ရှင် သားသမီးတွေကြောင့် ကြုံရတဲ့ သောကကို ကျွန်တော်နဲ့ ဖြေသိမ့်ချင်ရှာတယ် ။
ဒါကြောင့် ကျွန်တော် အခု မန္တလာမြေကို သွားတော့မယ့် ခရီးမှာ ကျွန်တော့်ကို မှာရင်း အမေ ရင်ဖွင့်နေတာပါ ။ ငွေ မက်တာကို အမေလည်း ကျွန်တော့်လို မုန်းနေပါတယ် ။ အမေ ဘယ်လောက်ပဲ ပြောပြောပါ ၊ ညီမ ကတော့ ကျွန်တော့်ရဲ့ မင်္ဂလာသတင်း ကြားပြီဆိုတာနဲ့ အိမ်မှာရှိတဲ့ အဝတ်ဗီရိုတွေ ၊ အသုံးအဆောင်တွေ ၊ အမေ့ဆီက ပတ်ချွဲနှပ်ချွဲ တောင်းတော့တာပဲ ။ ရှေးခေတ် တိုင်ကပ်နာရီကြီးလည်း ပါတယ် ။ စားပွဲခုံကြီးလည်း ပါတယ် ။ နောက်ဆုံး ကြေးလင်ဗန်းကြီးပါ သူ့ တိုက်ခန်းကို သယ်ချပါလေရော ။ ဪ ... တရားကျဖို့ ကောင်းနေပါရောလား ။ သူ့ယောက်ျားဘက် ကျတော့ အပ်တစ်ချောင်းတောင် သွားမယူရဲဘူး ။ ကြုံဖူးပေါင်ဗျာ ။
▢ မာန် ( တောင်လုံးပြန် )
📖 မြို့ဂျပိုး

No comments:
Post a Comment