❝ ယခုတိုင် ❞
( အောင်မှူးချို )
မန္တလေးမှာ ဗာဒံတွေကတော့ တစ်မျိုးပဲ ။ တခြားအပင်တွေ ဝေနေချိန်မှာ သူက ကြွေပြီ ။ သူများတွေ ကြွေတော့ သူက ဝေလို့ ။ စိမ်းတာကလည်း တကယ်ကို စိမ်းမှ စိမ်း ။ ရင်ကို အေးသွားတာပဲ ။ နုသစ်တဲ့ သူ့ရဲ့ အစိမ်းဟာ စိုစိုပြည်ပြည် ရှိလှတယ် ။ အဲဒါကြောင့် ကျွန်မ ဗာဒံတွေကို အရမ်းချစ် တယ် ။ ဟေမာ ကတော့ ဗာဒံတွေကို မုန်းတယ်တဲ့ ။ ကျွန်မ သူငယ်ချင်းလေ ။ မူလတန်းကတည်းက ကျောင်းသွားဖော် ။ ဆယ်တန်းစာမေးပွဲ ကျတော့လည်း အတူတူ ။ ပြန်ဖြေတော့လည်း အတူတူ ။
အဲဒီအချိန်မှာ သူက ပထမနှစ်ကို ရောက်နေပြီ ။ ကျွန်မတို့ ကျုရှင်က သူ ကျောင်းသွားတဲ့ လမ်းမှာ ။
ဥစ္စာပေါ ၊ ရုပ်ချောတဲ့ အပြင် တက္ကသိုလ်ကျောင်းသား ဖြစ်တဲ့ သူဟာ သိပ်ကို ပွေပါတယ် ။ ကျောင်းမှာ တစ်ယောက် ၊ ရပ်ကွက်ထဲမှာ တစ်ယောက် ။ ဟောတစ်ယောက် ၊ ဟောတစ်ယောက် ပြောင်းနေလေရဲ့ ။ ဟောတော့် သူက ကျွန်တော့်ကို ချစ်တယ်တဲ့ ။ မဖြစ်နိုင်ဘူးရှင့် ။ စရိုက်ချင်းက တခြားစီ ။ ကျွန်မ မိဘက စည်းကမ်းကြီးတော့ အနေအထိုင် ၊ အပြောအဆို ၊ ဝတ်စားဆင်ယင်မှုက အစ ရိုးသားရတယ် ။
မိသားစု များတဲ့ အတွက် ချွေတာရတယ် ။ အပြင်ဖြေ ဖြစ်တဲ့ အတွက် ကျူရှင်ချိန်က လွဲပြီး ချက်ပြုတ်လျှော်ဖွပ်ရင်းနဲ့ပဲ အချိန်ကုန်တယ် ။ ညမှပဲ စာကျက်ရတာ ။
“ ခင်ထားဝေ ၊ ဒီနှစ် အပြတ် ကြိုးစားနော် ။ တို့ မိန်းထဲက စောင့်နေမယ် ”
သိပ်စီးပိုးတာပဲလို့ ဟေမာ က ပြောတယ် ။ ကျွန်မ ကတော့ စိတ်မဆိုးပါဘူး ။ ကျွန်မလို သာမန် အဆင့်သာ ရှိတဲ့ မိန်းကလေးအဖို့ သူဟာ ရွှေမင်းသားလေးပေါ့ ။ ရင်ခုန်မိတယ်လေ ။
••••• ••••• •••••
“ ခင်ထားဝေ တို့ အအေးဆိုင်က စောင့်မယ် ”
ကျူရှင်အဆင်း မိုးစည်တို့ အဖွဲ့နဲ့ စကားပြောနေတုန်း သူက လာပြောတယ် ။ အားလုံးက ယုန်ထင် ကြောင်ထင်ပေါ့ ။ မိုးစည်က ပြောသေးတယ် ။ “ နင် လိုက်သွားလေ ။ ငါ စာကူးပေးမယ် ။ မနက်ဖြန်မှ ယူတဲ့ ” အားလုံးက မိုးစည်ကို ပြုံးကြတယ် ၊ အဲဒီလိုပဲ သူက စကားကို အပိုင်တွက်ပြီး ပြောတတ်တယ် ။ အင်းလေ သူ့ဘ၀မှာ ဘာမဆို လိုချင်တာ အကုန်ရနေကျ မဟုတ်လား ။
မြင့်မိုရ်ကောင်းဟာ မိန်းကလေးတွေကို အဲဒီလို ပိုင်တယ်ပေါ့လေ ။ ဘာပဲဖြစ်ဖြစ်ပေါ့လေ ။ နော့ ၊ အဲဒီလိုတော့ သူ မပြောသင့်ဘူး ။ ကျွန်မတို့က ရည်းစားလည်း မဟုတ် ။ ဘာမှလည်း မဟုတ် ။ ကဲပါလေ ၊ သွားလိုက်တာပဲ ကောင်းပါတယ် ။ အအေးဆိုင်မှာ သူတစ်ယောက်တည်း ပျင်းနေမှာ ။
••••• ••••• •••••
ဆယ်တန်းကို တတိယအကြိမ် ဖြေမယ့်နှစ်မှာ သူ့ကို အဖြေပေးလိုက်တယ် ။ အင်း ရယ်စရာတော့ အတော် ကောင်းနေပြီ ။ ရည်းစားတစ်ယောက်ကို သုံးလပြည့်အောင် မတွဲတဲ့ သူဟာ ကျွန်မ ကိုတော့ သုံးနှစ် သုံးမိုး စောင့်စားခဲ့တယ်လေ ။ ဟေမာက ပြောတယ် ။ အဲဒီ သုံးနှစ်ဆိုတာ နင် အဖြေမပေးလို့ ကြာနေတာပါတဲ့ ။ တကယ်တွက်ရမှာက ရည်းစား သက်တမ်းပါတဲ့ ။ ကဲ - ကြည့် ... ဟေမာတို့ ကတော့ လုပ်ပြီ ။ သူ့ဆို အကောင်းကို မမြင်ဘူး ။
ချစ်သူသက်တမ်း သုံးလ မပြည့်မီမှာ သူ့ဆီက အသံတွေ ကြားလာရပြီ ။ ဘယ်ယောက်ျားလေးတွေနဲ့ မှ စကားမပြောရဘူးတဲ့ ။ အထူးသဖြင့် မိုးစည် ဆိုတဲ့ အကောင်တဲ့ ။ အတော့်ကို ရယ်စရာကောင်းရဲ့ ။ သူက ပြောရတယ် ရှိသေး ။ သူငယ်ချင်း အားလုံးက ရိုးသားဖြူစင်ကြတယ်လေ ။
••••• ••••• •••••
တစ်နွေသစ်ပြန်ပြီပေါ့ ၊ ဗာဒံတွေကလည်း စိမ်းလို့ နေရဲ့ ။ ဟေမာကတော့ ဆယ်တန်းအောင် သွားပြီ ။ မြင့်မိုရ်ကောင်း ကလည်း ဟောတစ်ယောက် ။ ဟောတစ်ယောက် ပြောင်းနေတုန်းပဲ ။ ဘာမှ မပြောင်းလဲတာက ကျွန်မလေ ။ လေးနှစ်မြောက် ဆယ်တန်းအတွက် ကျူရှင် တက်နေဆဲ ၊ ကျူရှင်ဆရာမိသားစုဟာ ကျွန်မအတွက် စားအိမ်သောက်အိမ် ဖြစ်လို့နေပြီ ။ ကျူရှင်လခလည်း မယူတော့ဘူး ။
ခုတော့ ကျွန်မကို သူက လမ်းခွဲခဲ့ပြီလေ ။ မိုးစည်ရဲ့ စက်ဘီး နောက်မှာ ထိုင်စီးလို့တဲ့ ။ အဲဒီနေ့ဟာ ဟေမာ ဖျားလို့ မလာနိုင်ဘူး ။ ကျွန်မ ဟေမာနဲ့ စက်ဘီး နောက်မှာ လိုက်ရတာလေ ၊ စက်ဘီး မရှိဘူး ။ အဲဒီနေ့က မိုးတွေ တအား သည်းနေတယ် ။ ဘယ်လိုမှ ရှင်းပြလို့ မရဘူး ။ အင်း - ခုတော့ ပြီးခဲ့ပြီလေ ။ ဘာတတ်နိုင်မှာလဲ ။ မိုးစည် ကတော့ သူ့ကြောင့် ဖြစ်တာမို့ စိတ်မကောင်းရှာဘူး ။ နောက်ဆို ငါ ဆင်ခြင်ပါ့မယ် ။ နင့်အတွက်ဆို အချိန်မရွေး အဆင်သင့်ပါပဲတဲ့ ။ ခုတော့ သူလည်း ဆယ်တန်း အောင်သွားပြီ ။ မန္တလေးတက္ကသိုလ် ညနေသင်တန်းမှာ ဟေမာနဲ့ မေဂျာတူပဲ ။
ဟေမာ ကတော့ တအားကို ပျော်နေတာ ။ သူက မိုးစည် ကိုလေ ... ။ စိက်မကောင်းစရာပဲ ။ မိုးစည်က စိတ်မဝင်စားဘူး ။ တကယ်တမ်း ယှဉ်ကြည့်ရင် ဟေမာက ကျွန်မထက် ပိုလှတယ် ။ အစစအရာရာ သာပါတယ် ။ ရွေးချင်းရွေး ဟေမာ့ ကိုသာ ရွေးရမှာ ။ ခုတော့ မိုးစည် လူရွေး မှားခဲ့ပြီ ။ စိတ်မကောင်းပါဘူး မိုးစည်ရယ် ။ ငါလေ ... ငါလေ ... သူ့ကိုပဲ ... ။
အံ့ဩစရာပဲနော် ။ အချစ်ဆိုတာ ပြုပြင်လို့လည်း မရဘူး ။ ဖန်တီးလို့လည်း မရဘူးနော် ။ ဟေမာရေ ... မင်းကို ငါ တစ်ခုတော့ ကူညီမယ် ။ စမ်းသပ်တဲ့ သဘောပေါ့ ။ မိုးစည် ရဲ့ အချစ်ကို ပြုပြင်ကြည့်ဖို့ လေ ။ ငါ ပြောကြည့်မယ် ၊ နင်လည်း မထိခိုက်ရအောင် ။
ကျွန်မကတော့ ဗာစိမ်းတွေရှိတဲ့ လမ်းဆုံက ပညာပျိုးခင်း ဆိုတဲ့ ကျူရှင်ကလေးမှာ ခုထိ တက်နေရဆဲ ။ တစ်ယောက်တည်းပေါ့ ။ ဗာဒံတွေ စိမ်းသစ်တဲ့ အချိန်ကို ရောက်ရင် သူ့ကို လွမ်းတယ် ။ ခုထိ ချစ်နေဆဲပေါ့ရှင် ။ မမုန်းတတ်တာကိုဘဲ ဒေါသဖြစ်နေမိတယ် ။ မနက်က အပြောမျိုးဆို မုန်းသင့်တာပေါ့ ။
“ ခင်ထားဝေ .. ကျူရှင်လား ။ ဒီမှာ တို့ကောင်မလေး မလှဘူးလား ”
“ တအားကို လှတယ် ၊ ချစ်စရာလေး ”
“ ပိတောက်ဖူးတဲ့ ၊ သာ့ဒ်ရီးယား ဇူးမေဂျာက ”
“ မမတော့ သိပ်ကံကောင်းတယ် ”
အစ်မလေးက ပြုံးပြီး ကျေးဇူးတင်ပါတယ်တဲ့ ။ သူတို့ ဆိုင်ကယ်လေး ဝေးသွားတော့မှ မျက်ရည်တွေက ဒလဟော စီးကျလာတယ် ။ ဘယ်လိုမှ တားလို့ မရဘူး ။ ဒီတစ်ခါတော့ ဗာဒံစိမ်းတွေကို ကျွန်မ မုန်းသွားတယ် ။ အစိမ်းရောင်ဟာ သူပေးခဲ့တဲ့ အမုန်းတွေလို့ ထင်လို့လေ ။ တကယ်ပါ ဒီတစ်ခါပဲ ရှိုက်ကြီးတငင် ငိုဖူးတယ် ။
ပညာပျိုးခင်းကျူရှင် ရောက်တော့ ကျောင်းသားတွေ တစ်ယောက်မှ မရောက်သေးဘူး ။ ခုံပေါ် မျက်နှာအပ်ပြီး တအားကို ငိုချပစ်လိုက်တယ် ။ ဆရာက သူဖွင့်နေကျ သီချင်းလေးကို တိုးတိုးလေး ဖွင့်ထားတယ် ။ ကျွန်မ နားမထောင်ချင်ဘူး ။ ငိုမိလိမ့်မယ် ။ အိမ်ကို ပြန်မှ ။
ဗာဒံစိမ်းတွေ မရှိတဲ့ လမ်းက ပြန်မှ ။ အင်း ... မန္တလေးမှာ ဗာဒံပင် မရှိတဲ့ လမ်းက အရှားသား ။ ကျွန်မ ပညာပျိုးခင်း ကျူရှင်ကနေ ပြန်လာခဲ့တယ် ။ ပါးပြင်ပေါ်မှာ မျက်ရည်ချောင်းကလေးက စီးဆင်းလျက် ။ အလွမ်းငှက်ကလည်း တေးသီဆဲ ။ ဥဩတော့ မဟုတ် ။
▢ အောင်မှူးချို
📖 ရွှေအမြုတေ ရုပ်စုံမဂ္ဂဇင်း
အမှတ် ၁၃၇
ဧပြီလ ၊ ၂၀၀၁ ခုနှစ်

No comments:
Post a Comment