Thursday, October 23, 2025

ချစ်ပိုင်ခွင့်

 

❝ ချစ်ပိုင်ခွင့် ❞
( ချစ်ကြည်အေး )

“ ဖေဖေ သား ပြောစရာရှိလို့  ”

“ အေး ဘာပြောမှာလဲ သား ၊ ပြောလေကွာ ”

သား လင်းရောင်ဏီ က သူ့အမေ တူသူ ၊ မြုံစိစိ အေးစက်စက်နှင့် ပြောလိုသော စကားကို မလိုအပ်လျှင် မျက်လုံးအကြည့် ၊ မျက်နှာ အမူအရာလောက် နှင့်သာ တစ်ဖက်လူကို သိစေတတ်သူ ။ ပေါ့ပေါ့ပါးပါး စကားမျိုးကတော့ သားအဖ နှစ်ယောက်ကြား ဘာအခံမှ မလိုဘဲ ပြောနေကျမို့ ခုလို သားက ကျွန်တော်နှင့် စကားပြောရန် ပလ္လင်ခံလာခဲ့ပြီ ဆိုတော့ ဒါဟာ တော်တန်ရုံ စကားမဟုတ်နိုင်ပါ ။ တနင်္လာ - သောကြာ လို နေ့များမှာ သားအဖ နှစ်ယောက်လုံး အဆင်ပြေသလို ကြုံသလို ညစာ စားတတ်ခဲ့ကြပေမဲ့ အလုပ်ပိတ်ရက် စနေ ၊ တနင်္ဂနွေတွေ မှာတော့ မီးဖိုချောင် အတူဝင်ကာ ချက်ပြုတ် စားသောက်တတ်ကြမြဲမို့ အိမ်မှာ အတူရှိနေတတ်ကြ တာများပါသည် ။ သည်တော့ သားနှင့် ကျွန်တော့် အကြား ရင်းနှီးမှုက သားနှင့် အဖေဆို တာထက် အများကြီး ပိုလွန်ပါသည် ။

သားက အတန်ကြာ နှုတ်ဆိတ်နေပြီးမှ ဆုံးဖြတ်ပြီး ဟန်နှင့် ( စိတ်လှုပ်ရှားပုံ တစ် စက်ကလေးမှ မပြဘဲ ) ပြော လိုသော ၊ စကားကို တောက် လျှောက် ပြောချလိုက်လေသည် ။

“ သားကို မိန်းမ လိုက်တောင်းပေးပါ ဖေဖေ ”

“ ဟေ ”

မျက်ခုံးများ မြင့်တက်လျက် အံ့ဩမှုအပြည့် ကျွန်တော့် မျက်နှာကို သားက မျှော်လင့်ထားပြီးဖြစ်သော ပုံမျိုးနှင့်သာ တုံ့ပြန်လေသည် ။

“ ဟ ငါ့သားရာ ဒီခေတ်ကြီးထဲမှာ သားကို ဖေဖေက မိန်းမ လိုက်တောင်းပေးနေဖို့ လိုသေးလို့လားကွာ ၊ နေပါဦး ။ သား ဆိုလိုချင်တာက သားတို့လူငယ်ချင်း အဆင်ပြေ နေပြီ ၊ ဖေဖေက မိဘချင်း လိုက် နားဖောက်ပေးဖို့ အဲလိုလား ”

“ မဟုတ်ဘူးဖေဖေ ၊ သူ သားကို ပြန်မဖြေသေးဘူး ။ မိဘ သဘောကျရင်တော့ သူ လက်ခံပါမယ်တဲ့ ”

“ ဟေ ”

ကျွန်တော့် နောက်တစ်ကြိမ် “ ဟေ ” မှာတော့ သားမျက်နှာက အနည်းငယ် နီချင်လာလျက် စိတ်အလှုပ်အရှား စွက်သော သားလက်ချောင်း လေးတွေက ကုလားထိုင် လက်တင်ပေါ် တီးခတ်နေချင် ဟန်ကွေးလှုပ်လို့ နေခဲ့သည် ။

သားရဲ့ခေါင်းကို ကျွန်တော့် လက်ဝါးဖြင့် သာသာအုပ်ကိုင်လျက် ကြင်နာစွာ ကြည့်မိတော့ သား မျက်ဝန်းတို့က စွတ်စိုလာသယောင် ရှိလေ၏ ။ တစ်ချိန်တည်းမှာပင် လွန်ခဲ့သောနှစ်ပေါင်း သုံးဆယ်ခန့်က မင်းကျော်စွာ ဆိုသော လူငယ်ကလေးကို မျက်စိထဲ ပြန်မြင်ကာ ကျွန်တော့် နှုတ်ခမ်းမှ စကားတို့ သားအတွက် တရစပ်ထွက်ကျ စီးဆင်းလာခဲ့လေတော့သည် ။

••••• ••••• •••••

အဖြစ်အပျက် အားလုံးတို့သည် မင်းကျော်စွာ က နိုင် လဲ့ရည် ကို မြင်မြင်ချင်း မေတ္တာ သက်ဝင်ခဲ့မိရာက စ,သည်ဟု ပြောရမည် ထင်ပါသည် ။

သူ ဘာကိုမှ မတွေးနိုင်တော့ပါ ။ နိုင်လဲ့ရည် ကို သူ ဘယ်လိုနည်းနဲ့မှ အဆုံးရှုံး မခံနိုင် ။ နိုင်လဲ့ရည် မိဘများ ထံမှာ တောင်းရမ်းပေးဖို့ကိုသာ သူ့မိဘများကို တွင်တွင် ပူဆာမိတော့၏ ။ မငြင်းနိုင်သော အကြောင်းတရား များစွာတို့ကြောင့် သူ့မိဘများ၏ ကမ်းလှမ်းချက်ကို နိုင်လဲ့ရည် မိဘများက လက်ခံလိုက်ပြီး ချိန်တွင်မူ သူ့ဘဝတစ်ခုလုံး အရာရာ ပြီးပြည့်စုံလေပြီဟု သူ နှစ်လိုအားရ ပျော်ရွှင်ခဲ့လေ သည် ။ တကယ်လည်း သူ ပျော်ရွှင်ခဲ့ရပါသည် ။ သူ ချစ် မြတ်နိုးလှသော နိုင်လဲ့ရည် သူ့အနားမှာ အစဉ် ရှိနေခြင်းကပင် သူ့အတွက် အရာရာ ကုံလုံစွာ ။

နိုင်လဲ့ရည် သည် မချက်တတ် မပြုတ်တတ်သော မိန်းကလေး ၊ မိဘမျက်စိအောက်မှာ ကလေးလို နေထိုင်ကြီး ပြင်းလာရသော မိန်းကလေး ဖြစ်သည်မို့လား မသိ အိမ်ထောင့်တာဝန်များကို ဘာမှ မလုပ်မကိုင်တတ်ခဲ့ ။ ကိစ္စမရှိပါ ။ သူ့အတွက်တော့ သူ့ အနားမှာ နိုင်လဲ့ရည် ရှိနေလျှင် လုံလောက်ပြီ ။

အခါများစွာပင် သူ အလုပ်က ပြန်လာမှ နှစ်ယောက်သား အတူ မီးဖိုချောင်ဝင် ၊ ချက်ပြုတ်ကြရသည် ။ ငါးမ ကိုင်တတ်သော နိုင်လဲ့ရည် တစ်ယောက် ငါးတစ်ကောင် နှင့် ထိုင်ငိုမတတ် ဖြစ်နေသည်ကို သူ့မှာ ကြည့်ရင်းက ရယ်လည်း ရယ်ချင် ၊ သနားလည်းသနားကာ သူကိုယ်တိုင်ပဲ ငါး ကို ခုတ်ပိုင်း ၊ ဆား, ဆနွင်း, ငံပြာရည်နယ်လျက် ဆီသတ် ချက်ပြုတ် ပြရတတ်လေသည် ။

အဝတ်အထည်များကို စက်ထဲလုံးထွေးထည့် လျှော်မိ ၍ အရောင်စွန်းသွားသော သူ့ ရှပ်အဖြူများကြောင့် မကြာခဏ ကြေကွဲခဲ့ရ ၊ မီးအေးအေးနှင့် တိုက်ရမည့် အထည်စတို့ကို မီးပြင်းနှင့် တိုက်မိသောကြောင့် မီးပူကပ်သွားသည့် အတွက် သူ့မှာ နှမြောလွန်းခဲ့ရဖူးသည် ။ သို့သော် နိုင်လဲ့ရည် ကို သူ မဆူရက်ပါ ။ ချစ်သောစိတ် တစ်ခုအပြင် အရိပ် တကြည့်ကြည့်နှင့် မြတ်နိုးလွန်းရသော နှစ်လိုစိတ်ကြောင့် သာ နိုင်လဲ့ရည် အပေါ် ဘာ တစ်ခုမျှ အပြစ် မြင်၍ မရခဲ့ ။

သားကလေး မွေးအပြီး ၊ တိတိကျကျ ဆိုရသော် သားကလေး သုံးနှစ်သား လောက်ကျမှ နိုင်လဲ့ရည် က သားသည်မိခင် တစ်ယောက် ၊ အိမ်ထောင်ရှင်မ တစ်ယောက် အဖြစ် အိမ်မှုကိစ္စများကို နိုင်နင်းလာတာ ဖြစ်လေသည် ။ သူ့ဘဝကြီးမှာလည်း အရင်ကထက် ပိုမိုစိုပြည်လာသယောင်ရှိခဲ့သည် ။ ဇနီးနှင့် သားနှင့် ၊ အိမ်အပြန် ဇနီးသည် ချက်ပြုတ်ထားသော ထမင်းဝိုင်းက အသင့် ၊ သားကလေး၏ ချစ်စဖွယ် တီတီတာာများနှင့် ပေါင်းသော် သူ့တစ်နေ့တာ ပင်ပန်းသမျှတို့ ပြေပျောက်ခဲ့ရသည်ပင် ။

သို့ရာတွင် စိတ်၏ ချမ်းသာခြင်းတို့သည် သူ့ထံမှာ ရေရှည် မတည်တံ့ခဲ့ ။ သားကလေးဆယ်နှစ်အရွယ်မှာ အပျော်ဟူသမျှတို့ သူ့ဘဝကြီးထဲက နုတ်ယူခံလိုက်ရလေတော့သည် ။ နိုင်လဲ့ရည် သားအိမ်ခေါင်းကင်ဆာနှင့် ဆေးရုံတက်ရချိန်မှာ စခဲ့သည် ။ သားကတော့ ဘာမှမသိတတ်သေး ။ သူ့မှာသာ ဆုပ်လည်း စူး ၊ စားလည်းရူးမည့် အဖြစ်က သူ့ထံမှာ နေ့နေ့ညည ဝင်စားလျက် တအုံနွေးနွေး ပူလောင်ခဲ့ရသည်ပေ ။

နိုင်လဲ့ရည်၏ ဒိုင်ယာရီကို ခေါင်းအုံးအောက်မှာ တွေ့စဉ်ကတော့ ဘာရယ်မဟုတ် ၊ နိုင်လဲ့ရည် နေ့စဉ်မပျက် ရေး သားပါစေဆိုသည့် စိတ်နှင့် ဆေးရုံ ယူသွားရကောင်းနိုး ၊ ခေါင်းအုံးအောက်က ထုတ်ယူ ခဲ့မိခြင်းသာ ဖြစ်လေသည် ။

••••• ••••• •••••

မောင်

ကျွန်မ ဒီနေ့ မဂ္ဂဇင်းထဲ မှာ မောင့်ဝတ္ထုတိုလေး တစ်ပုဒ် ဖတ်လိုက်ရတယ် ။ ကောင်မလေးက သူ့ကောင်လေးကို ရေးလိုက်တဲ့ စာလေးတဲ့ ။

မောင် စိတ်ညစ်သွားမှာပါ ။ ကျွန်မက မိန်းမ မပီသဘူး ။ သိမ်မွေ့ ယဉ်ကျေးလေသူ မဟုတ်သလို ၊ ချိုသာစွာသော စကားကို ဆိုတတ်သူလည်း မဟုတ်ဘူးမောင် ။ ကျွန်မ နှုတ်ထွက် စကားတွေဟာ အရောင်မဲ့ နေတတ်တယ် ။ မလိုအပ်ဘူး ထင်ရင် ကျွန်မက ဘာစကားအပိုတွေမှလည်း ပြောနေတတ်သူ မဟုတ်ဘူး ။ အတူနေကြလို့ ကြာလာတဲ့အခါ မောင် ကျွန်မကို သေချာပေါက် စိတ်ပျက်သွားမှာပါလေ ။

ကျွန်မက မောင့်ကို အမုန်းနဲ့ လမ်းမခွဲချင်သူရယ် ၊ မေ့လိုက်ကြပါစို့ မောင်ရာ ။
                 မောင်ရဲ့
                           N

ကျွန်မ မောင့်ကို ပြောခဲ့ဖူးတာပဲ ။ အဲဒီ စာပိုဒ်က မောင် ကျွန်မကို ရည်ရွယ်ရေးခဲ့တာမဟုတ်လားဟင် မောင် ။
      နိုင် -၂ဝ ဖေဖော်ဝါရီ

••••• ••••• •••••

မောင်ရေ

သဘာဝတရားကြီးရဲ့ ကုသမှုအောက်မှာ ဒဏ်ရာတွေဟာ အလိုလို အနာဖေးတက် ကျက်သွားတတ်သတဲ့ ။ အပေါ်ယံအရေပြားပေါ်က ဒဏ်ရာတွေကို ဆိုလိုဟန်ရှိပါရဲ့လေ ။ အတွင်းလှိုက်စားနေတဲ့ အသေများစွာတွေကျတော့ ဘယ်လိုကုကု ၊ ဘယ်လို ထွက်ပြေးပြေး မလွတ်မြောက်နိုင်ပြန်ဘူးနော် ။
      နိုင် -၂၇ ဖေဖော်ဝါရီ

••••• ••••• •••••

ဘာနဲ့များ လှည့်စား မေ့ဖျောက်ထားရပါ့မလဲ ။ မောင် အနားမှာ ရှိမနေတဲ့ ကျွန်မ လက်ရှိဘဝထဲက နေ့စဉ်တွေ ကိုလေ ။ မောင် ရေးသမျှ စာတွေကို ကျွန်မက မျက်စိနဲ့ ဖတ် ၊ နားနဲ့ကြားရင်း နှလုံးသားနဲ့ အသေအချာ ခံစား နားလည်နေမိတတ်တော့ ပိုလို့ နာကျင်ဖွယ် ။ ကျွန်မနဲ့ မောင် က ဝေးသွားကြပြီ ဆိုတော့မှ တစ်ယောက်နဲ့ တစ်ယောက် မခွဲနိုင်လောက်အောင် သံယောစဉ် ရှိနေမိကြမှန်း ပိုလို့ သေချာသွားခဲ့တော့တာ ။ အတူတူ ဆိုတဲ့ စာလုံးပေါင်းကို မေ့ဖို့က အတော် ခက်လှချည့် ။ မေ့ချင်ယောင်ဆောင်ထားလည်းပဲ အချိန်ကျရင် သွေးတွေက တစ်ပတ်ကျော့လာပြန် ။ မောင်ရယ် ... ။

      ဟင့်အင်း နောက်ဘဝ ဆိုတာကို ကျွန်မ မယုံဘူး မောင် ။
      နိုင် - ဝ၃ ဧပြီလ

••••• ••••• •••••

မောင်ရေ

မောင့်လုံးချင်း တစ်အုပ်ကို ရုပ်ရှင်ရိုက်ဖို့ ဝယ်လိုက်တယ်လို့ ကျွန်မ ကြားရတယ် ။ ဝမ်းသာလိုက်တာ မောင်ရယ် ။ မောင် တကယ်ပဲ အောင်မြင်နေပြီပေါ့နော် ။

မောင် ဆက်လက် အောင်မြင်ပါစေလို့ ကျွန်မ ဆုတောင်းနေပါတယ် မောင် ။ ဖြစ်နိုင်ရင် မောင့်အနားမှာ မောင့်လက်ကို ဆုပ်ကိုင်ရင်း ပြောပြချင်လိုက်တာ ။

ခုတော့ ရင်ထဲကပဲ ဆုတောင်းပေးနေပါရစေ ။ မောင် ကြားနိုင်မှာ မဟုတ်ပေမဲ့လည်း လေ ။
      နိုင် - ဝ၇ မေလ

••••• ••••• •••••

မောင်ရေ

ကျွန်မ သားကလေး ဒီနေ့ မူကြိုကျောင်း သွားရပြီ ။ သိလား ။ သူများ ကလေးတွေ ငိုယိုနေချိန်မှာ သားက သူ့ အဖေကိုရော ၊ ကျွန်မကိုရော နှုတ်ဆက် ပြီးတာနဲ့ ကျောင်းခန်းထဲ ချာခနဲ လှည့်ဝင်သွား လိုက်တာများ ။ သံယောစဉ် ပြတ်ပဲ မောင်ရယ် ။ ကျွန်မနဲ့ သူ့အဖေမှာ ငိုရမလို ရယ်ရမလိုရယ် ။ သားက သံယောဇဉ်မထားတတ်တဲ့သူများလား ၊ ဒါမှမဟုတ် မောင့်လို ခင်တွယ်မှုကို ထုတ်မပြတတ်တဲ့ သွေးအေးသူကလေးများလား ။ စိတ်မောရတယ် မောင်ရယ် ။ အဲဒီ အခိုက်အတန့်ကလေးမှာ ကျွန်မ မောင့်ကို သတိရနေမိပါရဲ့ ။
      နိုင် - ဝ၃ ဇွန်လ

••••• ••••• •••••

တချို့ရက်တွေမှာတော့ နိုင်လဲ့ရည် က သားကလေး အကြောင်း ၊ သူ့ကျန်းမာရေး အကြောင်း ၊ ကျွန်တော့် အကြောင်းနဲ့ ဈေးစာရင်းတွေ ၊ အိမ်သုံးစရိတ်စာရင်းတွေသာ ရေးမှတ်ထားခဲ့သည် ။ တချို့ စာမျက်နှာတွေမှာတော့ သူ့ စာရေးဆရာရဲ့ စာအပိုင်းအစ လေးတွေကို မျဉ်းသားကာ ဖြတ်ညှပ်လို့ ၊ နေ့စွဲထိုးကာ ကပ်ထားတတ်သေး၏ ။

နိုင်လဲ့ရည် ဒိုင်ယာရီ ပေါ် ကျွန်တော့်မျက်ရည်တွေ ပေါက်ခနဲကျတော့မှပင် သတိ ပြန်ဝင်လာကာ ဘေးဘီကို ငဲ့ကြည့်လိုက်မိတော့ သားက ကျောင်းသွားဖို့ ကားစောင့် နေရာက ကျွန်တော့် မျက်နှာကို ငေးစိုက်ကြည့်နေခဲ့လေသည် ။ ဘာမှ မဖြစ်သလို မျက်ရည်တွေကို မသိမသာ သုတ်လိုက်ကာ ဒိုင်ယာရီကို စားပွဲပေါ် တင်လျက် သားနှင့် အတူ ကျောင်းကားစောင့်ရန် ခြံရှေ့ အုတ်ခုံပေါ် အသိမဲ့ ထိုင်နေခဲ့မိသော နေ့တစ်နေ့ပါပေ ။

••••• ••••• •••••

ဆရာဝန် ပြောစကားအရ နိုင်လဲ့ရည် ၏ လက်ကျန် ရက်များက လက်ငါးချောင်းပင် မပြည့်ချင်တော့ ။ တစ်ခုခုကို ကျွန်တော့် စိတ်ထဲ သေချာ သိနေခဲ့သည် ။ ညနေ စောင်းလောက်မှာ ကျွန်တော် မျှော်လင့်ထားသော ဖုန်းတစ်ခု ဝင်လာကာ သူ့ကိုယ်သူ မိတ်ဆက်စကား ပြောလာခဲ့သူ ၊ နိုင်လဲ့ရည်၏ စာရေးဆရာ ။

သူတို့ ကျွန်တော့် ရှေ့မှာပင် စကား ပြောကြသည် ။ စကားပြောကြသည် ဆိုခြင်း ထက် တစ်ယောက်နှင့် တစ် ယောက် မျက်လုံးအကြည့်များဖြင့်သာ ပြောဆိုနေကြခြင်းသာ ။ နိုင်လဲ့ရည်မှာ လေသံမျှ ပြောထွက်နိုင်တော့ သူ ။ စာရေးဆရာက နိုင်လဲ့ရည်၏ လက်ချောင်းကလေးများကို ထွေးဆုပ် ကြင်နာချင်ပုံရသည် ။ နိုင်လဲ့ရည်၏ ညာဘက် မျက်ဝန်းထောင့်စွန်းမှ မျက်ရည် တစ်စက် သူမနားထင်ပေါ် လိမ့်ခနဲ အဆင်းမှာ မေးကြောတွေ တင်းနေအောင် အံကြိတ် ထိန်းထားသည့် စာရေးဆရာ၏ မျက်ဝန်းများ စိုစွတ်တောက်ပ လာနေသည်ကို ကျွန်တော် တွေ့လိုက်ရလေ၏ ။

ကျွန်တော် အခန်းထဲမှ ထထွက်လာခဲ့မိတော့သည် ။ စာရေးဆရာက အားနာကြည့် တစ်ချက် ကျွန်တော့်ဆီ လှမ်းပို့စဉ် ကျွန်တော်က ရပါတယ် ဗျာ ၊ ပြောစရာရှိတာသာ ပြော ကြပါဆိုသော နားလည်မှု မျက်ဝန်းတွေနှင့် ပြန်ကြည့် ပေးခဲ့ရသေးသည်ပဲ ။

ခုချိန်ကျမှ သေလုမြောပါး မိန်းမတစ်ယောက်ကို ပခုံး မှကိုင်လှုပ်ကာ မင်းကွာ ဆိုပြီး ပြစ်တင်စကား ဆိုရမှာလား ၊ လုပ်ရက်တဲ့ မိန်းမ ၊ မင်း စိတ်ထဲမှာ ဒီလူ တစ်ချိန်လုံး ရှိနေတယ်ပေါ့လေ ဟုတ်လား ဆိုပြီး နာကြည်းပစ်လိုက်ရမှာ လား ကျွန်တော် မသိတော့ပါ ။ နိုင်လဲ့ရည် နောက်ဆုံး အချိန်မှာ သူမ အနား ရှိနေစေချင်သော သူဟာ ကျွန်တော်မှ ဟုတ်ပါလေစ ။ လောကကြီး ထဲက အချိန်မရွေး ထွက်ခွာ သေဆုံးသွားနိုင်သည့် မိန်းမ တစ်ယောက်၏ နောက်ဆုံးဆန္ဒကရော ဘာများ ဖြစ်နိုင်ပါမည်လဲ ။

မချစ်မနှစ်သက်သော ယောက်ျား တစ်ယောက်ကို သမီးလိမ္မာ အမည်ခံဖို့ သက်သက် လက်ထပ်ခဲ့လေသလား ၊ ငြင်းပယ်ရန် မစွမ်းနိုင်သော အကြောင်းတရားတို့ ရှိခဲ့၍ပဲ လား ၊ သို့တည်းမဟုတ် မျက်စိဖွင့်ပြီး ရွေးချယ်နေလို့သာပါအေ ၊ မျက်စိမှိတ်ထားရင် ယောက်ျားတွေဟာ အားလုံး အတူတူပါပဲလို့များ နိုင်လဲ့ရည်၏ မိခင်က တရားချခဲ့လေ သလား ၊ ကျွန်တော် မသိပါ ။ နိုင်လဲ့ရည်၏ သစ္စာတရား အပေါ် အဓိပ္ပာယ် ဖွင့်ဆိုချက်ကို သိခွင့်ရလျှင်ဖြင့် ကျွန်တော် သိချင်ပါသေးသည် ။

ကျွန်တော် အခန်းထဲ ပြန်ဝင်လာတော့ နိုင်လဲ့ရည် မျက်ဝန်းများမှာ မှေးမှိန်လျက် ၊ စာရေးဆရာက သူမကို အနတ္တလက္ခဏသုတ် ရွတ် ဖတ်ပြနေခဲ့လေသည် ။

••••• ••••• •••••

နိုင်လဲ့ရည် ဆုံးသွားချိန်မှာ ရောက်မလာခဲ့သလို ၊ နိုင်လဲ့ရည် အသုဘချသောနေ့ ကလည်း ပေါ်မလာခဲ့သော စာရေးဆရာသည် နောက် တစ်လအကြာမှာ ကျွန်တော့် ဆီ ဖုန်းဆက်လာခဲ့လေသည် ။

“ နိုင်က ဒိုင်ယာရီ အမြဲ ရေးလေ့ရှိတယ် ။ ကိုမင်းကျော်စွာ အတွက် မလိုအပ်ရင်ကျွန်တော်များ သိမ်းထားခွင့် ရမလားခင်ဗျာ ”

နိုင်လဲ့ရည် မသေခင် မှာသွားခဲ့ လေသလား ၊ ကျွန်တော် မသေချာပါ ။ ဇနီး ဖြစ်သူရဲ့ဒိုင်ယာရီကို မလိုအပ်တဲ့ ခင်ပွန်း ရှိနေလိမ့်မယ်လို့ ဘယ်လို သေချာစိတ်တွေနဲ့များ ခင်ဗျား ပြောနိုင်ရတာပါလိမ့် ၊ စိတ်ထဲမှ ချက်ချင်းပင် ခွန်းတုံ့ ပြန်လျက် ၊ ကျွန်တော့်နှုတ်မှ စကားတို့ကတော့ ယဉ်ကျေးပျုငှာစွာ ပြောထွက်နိုင်ခဲ့လေသည် ။

“ ကျွန်တော့်မိန်းမ အသုဘချတော့ အခေါင်းထဲ ထည့် ပေးလိုက်တယ်ဗျ ။ သူအမြဲ ရေးလေ့ရှိတဲ့ ဒိုင်ယာရီလေးမို့လို့လေ ”

စာရေးဆရာ ဖုန်းချ သွားတော့မှ ကျွန်တော့် အိပ်ရာ ဘေးက အပေါ်အံဆွဲလေးကို ဖွင့်ကြည့်ရင်း တစ်ကိုယ်တည်း ကျေနပ်စွာ ပြုံးလိုက်မိလေသည် ။

••••• ••••• •••••

ကျွန်တော့် ဇာတ်လမ်းရှည်ကြီး အဆုံးမှာ သားက သက်ပြင်းမော တစ်ခု လေးဖင့်စွာချသည် ။ လူတစ်ယောက် အပေါ် ချစ်ပိုင်ခွင့်ဟူသည် တစ်ဖက်သတ်ချည်နှောင်၍ မရစကောင်းသလို ၊ ကျွန်တော့် ဆိုလိုရင်းမှာ အချစ်မပါသော အိမ်ထောင်ကို မထူထောင်စေ ချင်သည်မှန်း သားကောင်းစွာ သဘောပေါက်ပါလိမ့်မည် ။

သား စိတ်ထဲတော့ “ မိန်းမတွေဟာ အိမ်ထောင်ကျပြီးတဲ့ အခါ လင်ယောက်ျား အပေါ် ချစ်သွားတာပဲဆို ” ဟု ဆင်ခြေ တက်ကောင်း တက်နေပေမည် ။ သို့သော် ထိုမရေရာသော ထင်မြင်ယူဆချက် တစ်ခုတည်းနှင့် သားဘဝ တစ်ခုလုံးကို လောင်းကြေးထပ် လဲလှယ်ဖို့ရန်မှာ မတန်ရာလှပေ ။ ကျွန်တော် ကတော့ သားကို ဒုတိယ မင်းကျော်စွာ အဖြစ် မခံနိုင်ပါ ။

ကျွန်တော် ပြောပြခဲ့သော အဖြစ်အပျက်ထဲမှ ထို သုံးပွင့်ဆိုင်တို့သည် မင်းကျော်စွာ ၊ နိုင်လဲ့ရည် နှင့် စာရေးဆရာတို့ ဖြစ်ကြောင်း နာမည်တပ်၍ မပြောခဲ့သလို ၊ ကျွန်တော့်ထံ၌ သားအမေ နိုင်လဲ့ရည်၏ ဒိုင်ယာရီလေး ခုချိန်ထိ ရှိနေသေးကြောင်းကိုလည်း သားကို ကျွန်တော် ဘယ်တော့မှ ပြောပြဖြစ်လိမ့်မည် မဟုတ်ပါ ။

⎕ ချစ်ကြည်အေး
📖ရွှေအမြုတေ ရုပ်စုံမဂ္ဂဇင်း     
      ဩဂုတ် ၂၀၁၄

No comments:

Post a Comment