Saturday, October 25, 2025

အိမ်ထောင်ပြုသင့်သူ


 

❝ အိမ်ထောင်ပြုသင့်သူ ❞ 
        ( မဟာဆွေ )

“ သူငယ်ချင်း ... အခု နေတဲ့ နေရာဟာ အချစ်ဆုံး သူငယ်ချင်းနှစ်ယောက် ဆုံးဖြတ်ချက်ချကြတဲ့ နေရာလို့ အမှတ်ထားကြပါစို့ ။ မင်းအိမ် ၊ ငါ့အိမ် ၊ သူများအိမ် ဘယ်အိမ်မှာပဲဖြစ်ဖြစ် တို့ဆုံးဖြတ်ချက်ကို လုပ်ကိုင်ဖို့ မသင့်ဘူး ။ တို့မြန်မာ အယူနဲ့ဆိုရင် ကျန်ရစ်တဲ့ လူတွေအတွက် အတော်ခက်တယ်ကွဲ့ ”

“ အေးလေ ... ငါလည်း ဒီလို သဘောရတာပါပဲ ။ ဆုံးဖြတ်ပြီးရင် ဟိုဘုရားထဲ သွားပြီးစီမံတာပေါ့ ”

နှစ်ယောက်စလုံး စကားဆက်ပြတ်၍ သွားကြလေ၏ ။ တစ်ယောက်၏ မျက်နှာကို တစ်ယောက် ဝမ်းနည်းစွာ ကြည့်ရှုပြီးလျှင် သက်ပြင်းရှူကြလေ၏ ။ တစ်ဖန် တစ်ယောက်က ...

“ မဲလိပ်ကို ငါ လိပ်ရင် မင်းက ကောက် ၊ မင်း လိပ်ရင် ငါက ကောက်မယ် ဟုတ်လား ၊ မဲလိပ် မှာ မြတ်အေး ၊ ဘသွင်လို့ မင်းနာမည်နဲ့ ငါ့နာမည်ရေး ။ မြတ်အေး ကို ကောက်မိရင် မင်းလုပ် ၊ ဘသွင် လို့ ကောက်မိရင် ငါလုပ်မယ် ဟုတ်လား ”

“ မင်းသဘောပေါ့ကွာ ၊ တို့က အလွန်ချစ်တဲ့ သူငယ်ချင်းချင်းပဲဟာ ၊ ကျေကျေနပ်နပ်ကြီး ဆုံးဖြတ်ပြီး လုပ်ရမယ်ဆိုရင် မလုပ်နိုင်စရာ မရှိပါဘူး ”

၎င်းတို့ နှစ်ဦးကား လူသ,တ်မှုရာဇဝတ်ပြစ်ဒဏ်နှင့် စက်ရှင်တရားသူကြီး၏ စီရင်ချက်သံကို နာခံရမည့်သူထက် အရေးကြီးကြပုံရလေ၏ ။

စက်ရှင်တရားသူကြီး၏ စီရင်ချက်သည် ကြိုးမိန့်သော်လည်း ချရာ၏ ။ ကျွန်းဒဏ် ထောင်ဒဏ်သော်လည်း ချရာ၏ ။ ကွင်းလုံးကျွတ်သော်လည်း လွှတ်ရာ၏ ။ အကယ်၍ ကြိုးမိန့်ချစေကာမူ ဟိုက်ကွတ်သို့ အယူခံနိုင်၏ ။ ဟိုက်ကွတ်က ပယ်ပြန်လျှင် ဘုရင်ခံထံ အသနားခံနိုင်၏ ။ ထိုကတစ်ဆင့် အိန္ဒိယအစိုးရ ၊ ထိုကတစ်ဖန် ပရီဗီအထိ တက်လမ်း ရှိပေ၏ ။ ၎င်းတို့ ဆုံးဖြတ်ချက်ကား မဲကျသည်နှင့် တစ်ပြိုင်နက် မဲကျသူသည် မိမိ၏ အသက်ကို မုချ စွန့်လွှတ်ရမည် ဖြစ်လေ၏ ။ အလွန်ချစ်ခင်ကြသော သူငယ်ချင်း နှစ်ယောက်သည် မည်သည့်ကိစ္စကြောင့် ဤမျှဆိုးဝါးသော ပြုမူချက်ကို ဆုံးဖြတ်ကြလေသနည်း ။ ဘသွင်က တစ်ဖန် စကားဆက်၍ ...

“ ကျွန်တော်သည် အလွန်စိတ်မချမ်းမြေ့ဖွယ် ကိုယ်ရေးကိုယ်တာ ကိစ္စတစ်ခုကြောင့် အဆိပ်သောက်ကာ ဘဝကူးလိုက်ခြင်း ဖြစ်ပါသည် ။ ကြွင်းကျန်ရစ်သူ များသည် ဆွမ်းသွတ် အမျှအတမ်း ဝေရစ်ကြပါမည့် အကြောင်း အဲဒီလို စာကို မင်းလက်ရေးနှင့် စာတစ်စောင် ၊ ငါ့လက်ရေးနဲ့ တစ်စောင် ရေးကြဦးစို့ ။ မင်း မဲကျရင် မင်းစက္ကူမှာ မင်း လက်မှတ်ထိုး ၊ ငါ မဲကျရင် ငါ့စက္ကူမှာ ငါ လက်မှတ်ထိုးမယ် ဟုတ်လား ” ဟုပြောကာ အဆိုပါ စာကို နှစ်ဦးစလုံး ရေးကြပြန်လေ၏ ။

“ ချစ်နှမ ရွှေရွှေ ... ငယ်ငယ်ကတည်းက မောင်ရင်းနှမလို ခင်မင်လာခဲ့ ကြတယ်နော် ။ ခု အသက်ကြီးလို့ လူပျို အပျို ၊ ဖြစ်ကြတော့လည်း အခင်အမင် မပျက် ၊ အပြောအဆို မပျက် ၊ တစ်ဦးအိမ် တစ်ဦးဝင်ထွက်လို့ နေခဲ့ကြပါတယ် ။ ရွှေရွှေ့ ဘက်က ကြည့်ရှုလျှင် သည်ကလောက် မောင်ရင်းနှမကဲ့သို့ ခင်မင်လာပါလျက် ဤကဲ့သို့စာမျိုး ရေးရက်သည်ဟု ဝမ်းနည်းသွားမလား မသိပါ ။ မဖြစ်တော့ဘူး ၊ မဖြစ်တော့ဘူး ။ ငါ ဒီလောက် ဒုက္ခရောက် ဖြစ်တာကို ရွှေရွှေ သိလျှင်တော်ပြီ ။ ရွှေရွှေ၏ ဆုံးဖြတ်ချက်ကို စောင့်စား၍ ရွှေရွှေက မည်သို့ သဘောမထားကြောင်း သိရလျှင် ဖြစ်လိုရာ ဖြစ်စေ ၊ မိမိ၏ ဘဝကို သင့်သလို စီမံမည် ။ အကယ်၍ ရွှေရွှေက တုံ့ပြန်သော သဘောရှိပါမူ အထူးရေးဖွယ် မလိုပါ ။ လောက၌ ဤလာဘ်ထက် ထူးခြားမွန်မြတ်သော လာဘ်မရှိဟု ရွှင်လန်းဝမ်းမြောက်ရပါတော့မည် ။ ရွှေရွှေ၏ ကိုယ်တိုင် စဉ်းစားကလည်း ယခုကဲ့သို့ ဖြစ်ပျက်နေမည်ကို အဆိုးဆိုလိမ့်မည်ဟု မထင်မြင်မိပါ ။ မနေနိုင်တော့ဘူး ရွှေရွှေ ဒါကြောင့် အရဲစွန့်ပြီး ပေးရပါသည် ။ ရွှေရွှေ အတွက်နဲ့ ဒုက္ခများနေပြီ ၊ စိတ်ဟာလည်း တစ်မျိုး ဖြစ်ပြီး အစွဲအလမ်း အာရုံပြောင်းသွားပြီ ။ ထိန်းသိမ်းခြင်းမှာ မတတ်နိုင်တော့ဘူး ။ သည်က ဒုက္ခကယ်နိုင် ၊ မကယ်နိုင်ကိုသာ စာတစ်လုံး ၊ နှစ်လုံးပြန်ကြားစေချင်ပါတယ် ၊ ဘာပဲဖြစ်ဖြစ် သဲကွဲအောင် ပြန်ကြားပေးပါ ရွှေရွှေ .. ။
          ဒုက္ခသည် မြတ်အေး

“ လှရွှေ .. နင်နဲ့ငါဟာ ငယ်ငယ်ကလေးတုန်းက သိပ်ပြီးချစ်ခဲ့ကြပါတယ် ။ ငါရယ် ၊ နင်ရယ် ၊ မြတ်အေးရယ် ၊ သွားအတူ ၊ လာအတူ ၊ ကစားအတူပဲ ။ တို့ဟာ ညီအစ်ကိုသုံးယောက်လို နေခဲ့ကြတယ် ။ နင်က အလယ်က ၊ တို့နှစ်ယောက် ဘေးက ညှပ်ပြီး လည်ပင်းဖက်သွားလာကြတာတွေ တွေးမိပြီး ပေါ်ပေါက်လာရင် ငါ ခုလို စာရေးမိတာကို ငါ့ကိုယ်ငါ စိတ်ဆိုးမိတယ် ။ ငါတို့ ကြီးပြင်းလာတော့ လည်ပင်းဖက်မနေကြပေမယ့် ခင်မင်တာကတော့ ရှေးငယ်ငယ်ကလိုပဲ ပြောရဲဆိုရဲနဲ့ ။ နင့်မိဘကလည်း တို့သုံးယောက်နေတာကို မကဲ့ရဲ့ကြဘူး ၊ အပြစ် မတင်ကြဘူး ။ တို့မြို့ ထဲမှာလည်း နင့်ထက် ချောတာ ရှိတယ် ၊ နင့်ထက် ရုပ်ဆိုးတာရှိတယ် ။ ဒါပေမဲ့ ငါကတော့ နင့်ကိုပဲ ပိုပြီး ချစ်မိတယ် ။ ငါ ချစ်အားကြီးတော့ စိတ်ပြောင်းသွားမိတယ် ။ ငါမိုက်တာပဲလား ၊ လောကဓမ္မတာကိုက ဒီလိုဖြစ်တတ်သလား ဆိုတာ စဉ်းစားမရဘူး ။ ဟို အကောင် မြတ်အေး ငါ့အကြောင်းသိရင် ငါ့ကို သိပ်အပြစ်တင်တော့မှာပဲ ။ သူကတော့ ရိုးရိုးချစ်တယ် ။ ငါကတော့ ရိုးရာက ဆန်းသလို ဖြစ်လာတယ် ။ ဒါပေမဲ့ ငါဟာ ဘယ်နေရာမဆို နင်နဲ့ နီးနီးကပ်ကပ် နေချင်လွန်းအားကြီးတာနဲ့ ဒီစိတ်မျိုးတွေ ပေါ်လာတာပဲနော် ။ နင်လည်း အသက်က ၁၈ နှစ် ရှိလာပြီ ။ ရှေ့နောက် စဉ်းစားတတ်မှာပဲ ၊ အားနာတာနဲ့ .. ငါ ဆိုလိုတာ နားလည်ရင် စာပြန်ပါ ။ ငါ ပါးစပ်က ပြောမလို့ဟာ မထွက်ရက်လို့ ငါ့ကွယ်ရာမှာ ဒီစာ ဖတ်စေတော့လို့ ပေးတာပဲ ။ ငါ သတ္တိနည်းသွားတာပေါ့ ။ ဒါပေမဲ့ လှရွှေ ငါ့ကို စိတ်မဆိုးပါနဲ့ ။ နောက်ကို နင် သဘောမကျရင် ငါ မပြောပါဘူး ။ ငါ ဒီလိုစာပေးတာ မြတ်အေးကို မပြောပါနဲ့ ။ နောက်မှ ငါ ကြည့်ပြောပါမယ် ။
                    ဘသွင်

လှရွှေ၏ ဝါဝင်းသော ပါးပြင်နုနုကလေးပေါ်၌ မျက်ရည်ကြောင်းများ စီးဆင်းနေသည်ကို ထောက်၍ အထက်ပါ စာနှစ်စောင်သည် လှရွှေ၏ စိတ်နှလုံးကိုမည်မျှ ထိခိုက်ကြောင်း သိသာနိုင်လေ၏ ။ လှရွှေသည် သူငယ်ချင်း ယောက်ျားပျိုနှစ်ဦး၏ ထိုးဆွလိုက်သော စာကြောင့် ငယ်စဉ်က ခင်မင်နေထိုင်ခဲ့ကြပုံများ ပေါ်ပေါက်လာကာ ဝမ်းနည်းသည်ထက် နည်းမိရှာလေ၏ ။ မိမိသည် မောင်အရင်း နှစ်ယောက်ကဲ့သို့ ချစ်ခင်အားကိုးခဲ့၏ ။ ထိုကဲ့သို့ အားကိုးရာမှ လူလားမြောက်၍ လာကြသောအခါ အမ ၊ အဖိုဓာတ်၏ ဓမ္မတာ ၊ ဘာဘာညာညာ ပေါ်ပေါက်လာသော စိတ်ကို ချိုးနှိမ်လျက် ဣန္ဒြေမပျက် ၊ အခင်မပျက် ၊ စကားပြောမပျက် နေထိုင်ခဲ့၏ ။ ရှေးဦးစွာ မြတ်အေး ၏ စာကို ဖတ်ရသောအခါ ရင်ထဲတွင် တုန်လှုပ်ချောက်ချားကာ စိတ်ဆိုး မလိုလို ၊ မေတ္တာတုံ့ပြန်ရ မလိုလို အထွေအထူး စဉ်းစားမိလေ၏ ။ တစ်ဖန် မိမိက မေတ္တာရှိပြန်သည်ဟု ပြောလျှင် သဘောလွယ်ရာကျ၍ မြန်လှသည်ဟု ထင်မှတ်ပေလိမ့်မည် ။ စာမပြန်ကလည်း တစ်ဖက်သား စိတ်စနောင့်စနင်း ဖြစ်ရှာလိမ့်မည် ဟု ၂ ရက် ၊ ၃ ရက် စဉ်းစားနေခိုက် ဘသွင်၏ စာ ရောက်ရှိလာပြန်လေ၏ ။ ဘသွင် ကား မြတ်အေး ကဲ့သို့ ပြေပြေပြစ်ပြစ် မဟုတ် ။ တဲ့တိုး ပြောတတ် လုပ်တတ်သူ ဖြစ်သဖြင့် ဤစိတ်ကူးမျိုး မရှိတန်ရာဟု မှတ်ထင်ခဲ့ရာ ယခုကဲ့သို့ စာမျိုးရေးမှ အံ့အားသင့်ကာ နေမိလေ၏ ။ တစ်ဖန် မျိုသိပ်ဖုံးဖိထားအပ်သော ဘသွင်၏ မေတ္တာစာသည် အစပေါ်သည်နှင့် တစ်ပြိုင်နက် လှရွှေ ၏ နှလုံးသားကို ဖောက်ထွင်းသွားရကား များစွာ လှိုက်လှဲပူပင်မိရှာလေ၏ ။ သို့ရာတွင် စဉ်းစားချိန်ဆရန် ရက်ဆွဲလိုသော အကြောင်းပြချက်သည် ရုတ်ခနဲ ပေါ်ပေါက်လာခဲ့လေ၏ ။

ထိုအကြောင်းကား အခြားမဟုတ် ၊ နှစ်ဦးစလုံးအား စာ ၂ စောင် ရရှိသဖြင့် မည်သို့ပြုရမည် မသိဟူ၍ ပြောပြရန်အချက် ဖြစ်ပေ၏ ။ မြတ်အေး နှင့် ဘသွင်လည်း တစ်ယောက်အကြံ တစ်ယောက် ပေါ်ပေါက် သိရှိကာ အထူး အံ့အားသင့်ကြလေ၏ ။ သို့ရာတွင် ကိုယ်ချင်းစာနာတတ်သော ယောက်ျား သူငယ်ချင်းများ ဖြစ်သဖြင့် တစ်ယောက်ကို တစ်ယောက် စိတ်မဆိုးကြသေး ။ မိန်းကလေး၏ မေတ္တာပန်းပွင့်ပေးခြင်း ခံရသူသာလျှင် ထိုက်တန်သောသူဟု ဆုံးဖြတ်ကြရန် စိတ်ကို ပိုင်းဖြတ်ကြရလေ၏ ။ ထိုသို့ ဆုံးဖြတ်ခဲ့ကြသည့်အတိုင်း တစ်ယောက်စီ လှရွှေနှင့် တွေ့ဆုံလျက် -

“ ကိုင်း .. ရွှေရွှေ မင်းသဘောသာ ဖွင့်ပြောပါတော့ ။ ရွှေရွှေ ဆုံးဖြတ်သူဟာ ရွှေရွှေ့စကားကို နားထောင်ပါလိမ့်မယ် ” ဟု မြတ်အေး က အလျင် ပြောဆိုလေ၏ ။ လှရွှေမှာ ပြန်၍ အပြောခက်လှသဖြင့် စဉ်းစားပါရစေဦးဟုသာ ပြောလိုက်ရာ ၊ မကြာခင်မှာပင် ဘသွင်က တစ်ဖန် -

“ လှရွှေ .. နင် ဆုံးဖြတ်တာကို တို့နာခံပါ့မယ် ၊ တို့အချင်းချင်းလည်း ကျေနပ်ကြပါလိမ့်မယ် ” ဟု ပြောပြန်လေ၏ ။ လှရွှေ၏ မေတ္တာစိတ်သည် အကယ်စင်စစ် မည်သူ သာစေ ၊ မည်သူ နာစေဟု ဆုံးဖြတ်ချက် မရှိရကား ..

“ စဉ်းစားပါရစေဦး ၊ ခုဖြင့် ဘာမှ စိတ်ကူးလည်း မရ ၊ ဒီလို ဖြစ်ကြလိမ့်မယ်လည်း မထင်မိလို့ ကျွန်မ ဘာမှ မပြောတတ်တော့ဘူး ။ ရှက်တာ တစ်ခုပဲ ရှိတယ် ” ဟု ငိုကြွေးရှာသဖြင့် ဘသွင် သည် စိတ်လက်လေးကန်စွာဖြင့် -

“ ကိုင်း ကိုင်း .. ဖြည်းဖြည်းစဉ်းစား ” ဟု ပြောဆိုထွက်ခွာသွားလေ၏ ။

လှရွှေကား စဉ်းစားမိလေ ဆုံးဖြတ်ချက်ချရန် ခဲယဉ်းလေ ဖြစ်ရသည်အတွင်း မြတ်အေး နှင့် ဘသွင် ထံမှ စာတစ်စောင် နောက်ထပ် ပေးထားကြပြန်လေ၏ ။

မလှရွှေ ... တို့ဟာ ငယ်ငယ်ကလေးက ချစ်လာတာ ၊ မလှရွှေ ၁၄ - ၅ နှစ်ထိ မပြောင်းလဲခဲ့ကြဘူး ။ မင်းအသက် ၁၆ နှစ်ကျတော့ တို့နှစ်ယောက်စလုံး စိတ်တစ်မျိုး ပြောင်းလာခဲ့တယ် ။ ဒါပေမဲ့ နှစ်ယောက်စလုံး မပြောရက်လို့ ၂ နှစ်ခန့် မျိုသိပ်လာကြရာ ၊ ယခု နှစ်ယောက်စလုံး မနေနိုင်ကြသဖြင့် မရှေးမနှောင်း ဖွင့်ဟပြောဆိုကုန်ကြပြီ ။ မလှရွှေ၏ ဆုံးဖြတ်ချက်ကို နှစ်ဦးသဘောတူ နာခံရန် အသင့်ရှိ၍ ဘယ်လိုဆုံးဖြတ်မည်ကို တို့နှစ်ယောက်စလုံး ယနေ့ည ၇ နာရီတွင် လာရောက် နားထောင်ကြမည် ၊ စဉ်းစားထားနှင့်ပါ ..... ။
            မြတ်အေး ၊ ဘသွင် ။

လောက၌ ဘယ်လိုမိန်းကလေးများ ဤကဲ့သို့ အကျပ်အတည်းမျိုးကို တွေ့ကြုံဖူးကြသနည်း ။ လူရုပ်လူရည် ၊ ပညာအခြေအနေ ၊ ပစ္စည်းအင်အား နှစ်ဦးစလုံး ထပ်တူမဖြစ်သော်လည်း ပြောပလောက်အောင် တစ်ယောက် ထက် တစ်ယောက် သာလွန်ခြင်း မရှိကြ ။ အခင်အမင်မှာကား မည်သူက ပိုသည် ၊ မည်သူက လိုသည်ဟု ပြောဖွယ် မရှိ ။ ငယ်စဉ်ကတည်းက စိတ်သဘောထားချင်း တူကြသဖြင့် ညီအစ်ကိုသုံးယောက်ပမာ နေထိုင်ခဲ့ကြ၏ ။ ယခုမူကား သုံးဦးအနက် တစ်ဦး က “ မ ” ဓာတ် ဖြစ်၍ ၊ နှစ်ဦးက “ ဖို ” ဓာတ်ဖြစ်ကာ အမ ရှိရာ အဖို နှစ်ဦးစလုံး တွယ်ကပ်ကြပြီ ။ ကေသရာဇာ ခြင်္သေ့မင်းတို့ မည်သည် တစ်ဂူတွင် နှစ်ဦးနေထိုင်လေ့ မရှိသကဲ့သို့ မိန်းကလေးတို့မည်သည် နှစ်ဦး ကြင်ဖက်မထားနိုင် ။ တစ်ဦးကို ချစ်လျှင် တစ်ဦးကို ပစ်ရမည်အမှန် ဖြစ်ရကား မိမိ တစ်သက်နှင့် တစ်ကိုယ် ချစ်ခင်လာသော သူငယ်ချင်းနှစ်ယောက် အတွက် အဆုံးအဖြတ် ခက်၍ နေရှာလေ၏ ။

အကယ်၍ တစ်ယောက် ကို ဆုံးဖြတ်က ကျန်တစ်ယောက်သည် မည်မျှ ကျေနပ်သည်ဟု ပြောလိုစေကာမူ တစ်ဦးကို တစ်ဦး မုန်းထားရန်ရှာခြင်း မပြုဟု အတပ် မဆိုနိုင်ချေ ။

တစ်ဦးကို တစ်ဦး မုန်းထားလျှင်လည်း မိမိပယောဂ ဖြစ်ခြေတော့မည်ဟု စိတ်နှလုံးဝေခွဲမရအောင် ဖြစ်ရှိနေတော့သဖြင့် ချိန်းဆိုသော အချိန်သို့ မတိုင်ရောက်ပါစေနှင့်ဟု ဆုတောင်းမိလေ၏ ။ သို့ရာတွင် မည်သူက တားမြစ်သည်ကိုမျှ နားမထောင် ၊ တစ်စက္ကန့်၏ အစိတ်အပိုင်းကလေးကိုမျှ ငံ့လင့်ခြင်း မရှိသော အချိန်သည် မိနစ်မှ နာရီများကို ကျော်လွှားပြောင်းလဲလျက် ည ၆ နာရီသာသာသို့ တိုင်ခဲ့လေ၏ ။ လှရွှေသည် မိဘအလုပ်ကို ကူညီလုပ်ကိုင်ရာ၌ ဖြစ်စေ ၊ ညစာ ထမင်းစားသောက်ရာ၌ ဖြစ်စေ ဖြောင့်တန်းချောမောခြင်း မရှိ ။ တွေဝေလျက်သာပြုမူမိလေ၏ ။ မိဘရှေ့တွင် မျက်နှာအမူအရာ မပျက်ရန် မနည်း သတိထားရလေ၏ ။ လှရွှေ ကား ရုပ်ရည်ထက် မျိုးဆွေကောင်း ၊ တည်ကြည်ဖြောင့်မတ်ခြင်း ၊ ဣန္ဒြေရ၍ မိန်းမပီသခြင်း စသော ဂုဏ်တို့ကြောင့် နေဝင်လျှင် ၎င်း၏ အိမ်ရှေ့တွင် တယောသံ ၊ ဘင်ဂျိုသံ ၊ သီချင်းသံတို့ဖြင့် ကာလသားတို့ ဆူညံစွာ လမ်းလျှောက်ခက်ခြင်းကို ခံရသူကလေး ဖြစ်လေ၏ ။ လှရွှေ၏ စိတ်၌ ထိုကဲ့သို့ အရေးများကိုကား တွေးတော၍မျှ ကြည့်မိခဲ့ခြင်း မရှိချေ ။

လှရွှေ၏ တိုက်အိမ် လသာခန်းသည် အရှေ့ဘက်က ပန်းအိုးတို့ဖြင့် တန်ဆာဆင်လျက် ကျယ်ကျယ်ဝန်းဝန်း ရှိရကား ၊ မြူတိမ်ကင်းစင်သော တန်ဆောင်မုန်းလပြည့်ထွက် စန္ဒာလဝန်းသည် အဆိုပါ လသာခန်းကို ပိုလင်းထိန်သည်ဟု မှတ်ရလေ၏ ။ ပန်းအိုးနှင့် ပန်းရွက်များတွင် လရောင်ဟပ်နေရကား ပန်းအိုးကြား ပက်လက်ကုလားထိုင်ပေါ်တွင် ထိုင်၍နေသော ဝါဝင်းသည့် လှရွှေ ၏ မျက်နှာကလေးသည် အဝိညာဏက သော်တာလ၏ အကြည်ဓာတ်ကို ခံစားနိုင်ခွင့် ပုံပန်းမျိုး မဖြစ်နိုင်ရှာဘဲ ညှိုးငယ်တွေဝေလျက်နေသည့် အသွင်ကိုသာ ဆောင်၍နေလေ၏ ။ လှရွှေ၏ မိဘများ အသံဖြင့် “ ဟဲ့ .. မြတ်အေး နဲ့ ဘသွင် လား ၊ မင်းတို့နှမ ဟိုလသာခန်းမှာ .. သွားကြလေ ” ဟု ပြောလိုက်သော အသံကို ကြားရပြီးနောက် လုလင်ပျိုနှစ်ယောက်သည် တရားသူကြီး၏ ဆုံးဖြတ်ချက်ကို နာခံရန် ရောက်ရှိလာလေ၏ ။ သူငယ်ချင်းနှစ်ယောက်သည် ပက်လက်ကုလားထိုင် တစ်လုံးစီနှင့် လှရွှေ၏ အနီး ၃ ပေ ကွာလောက်စီတွင် သုံးပွင့်ဆိုင် ထိုင်မိကြလေ၏ ။ လှရွှေ၏ မျက်နှာသည် အရှေ့ဘက်သို့ မျက်နှာပြုထားသဖြင့် လရောင်ဟပ်၍ ဝင်းဝါသော အသားမှာ အလှဓာတ် ရော၍နေသည်ဟု ထင်မှတ်ရလေ၏ ။ ကရော်ကရဲ့ ထုံး၍ ထားသော တစ်ပတ်လျှိုဆံပင်မှ ပိုထွက်သော ဆံပင်ဖျားသည် လှရွှေ၏ ပခုံးမှ ရှေ့ဘက်သို့ တက်ကာ ၎င်း၏ ဒူးဆစ်လုံချည်ပေါ်တွင် အဆုံးသတ်၍ နေလေ၏ ။ လှရွှေသည် မောင်နှစ်ယောက်၏ မျက်နှာကို ကြည့်ကာ မျက်ရည်တွေတွေစီးလျက် နေလေ၏ ။ ရှေးအခါကမူကား မိမိတို့ ဖတ်ဖူးသော မဂ္ဂဇင်းစာအုပ်ထဲက ဝတ္ထုအကြောင်းကို ပြောလိုပြော ၊ ကော်ဖီသောက် ၊ မုန့်လုစား ၊ ညဂျင်းသုတ်ပြင်လိုပြင် ၊ လက်ဖက် ကောင်းကောင်းတွင် ငရုတ်သီး ၊ ကြက်သွန်ဖြူ ၊ ပုဇွန်ခြောက် ၊ နှမ်းဆီနိုင်နိုင် ၊ သံပုရာသီးနှင့် စားလိုစားဖြင့် များစွာ ပျော်မွေ့ခဲ့ကြ၏ ။ ယနေ့မူကား ဤသို့ မဟုတ် ၊ ရယ်သံမောသံ ၊ ပြောသံဆိုသံ ဆူညံ မကြားရတော့ချေ ။ ယောက်ျားပျို နှစ်ဦးသည် လှရွှေ၏ ရိုးသားတည်ကြည်ပုံတွင် ပူပူနွေးနွေး မိဖုရားမြကလေးရုပ်နှင့် မြင်ရသောအခါ သာ၍ စွဲလမ်းကြလေ၏ ။ အတွင်းစိတ်တွင် ငါ့ကို ဆုံးဖြတ်ပါစေ ၊ ငါ ရရင် ငါ ကောင်းတာပဲ ဟူသော ပုထုဇဉ်လောဘစိတ်ကလေးများလည်း ပေါ်ပေါက်လာလေ၏ ။ လှရွှေသည် ရှေးအခါက သူချည်း စကား စတင်ပြောဆိုသော်လည်း ၊ ထိုနေ့ကား စကား မပြောမိ ။ လှရွှေပြောလျှင် ချက်ချင်းလော၍ စကားတုံ့ပြန်လေ့ရှိသော မြတ်အေး သည်လည်း ယနေ့အဖို့၌ တေမိမင်းသားနှင့် အမျိုးတော်သလို ဖြစ်၍ နေ၏ ။ အတင်းအကျပ် ဒုန်းဒုန်းဒိုင်းဒိုင်း လုပ်လေ့ရှိသော ဘသွင် သည်လည်း ငိုင်တိုင်တိုင် ဖြစ်ကာ ဗေဒင်နက္ခတ်တာရာအတတ် ကျွမ်းကျင်သူကဲ့သို့ လမင်းနှင့် ကောင်းကင်ကို မော့ကြည့်လိုက် ။ လှရွှေ၏ မိဘများကား ခါတိုင်းကဲ့သို့ ထင်မှတ်ကာ ဘာမျှ ဂရုမစိုက်ကြချေ ။

လှရွှေ မျက်ရည်စီးလျက်နေသည်ကို မြင်ရသောအခါ သူငယ်ချင်း နှစ်ယောက်စလုံးကား အစခက်၍ နေကြလေ၏ ။ သို့ရာတွင် မပြောလျှင် ကိစ္စပြီးမည် မဟုတ်ရကား ဘသွင် က စ၍ ...

“ ဘယ့်နှယ်လဲ လှရွှေ .. ဘယ်လို ဆုံးဖြတ်ထားပြီလဲ ၊ ဘာမှ အားနာမနေပါနဲ့ .. ပြောသာ ပြောပါ ”

လှရွှေသည် အနိုင်နိုင်ညှစ်ထုတ်ရသော လေသံသာသာကလေးဖြင့် ရင်အုံကလေး ကြွတက်လာကာ ..

“ ကျွန်မဟာ နှစ်ယောက်စလုံးကို မောင်အရင်း နှစ်ယောက်လိုပဲ အောက်မေ့ ခင်မင်လာခဲ့ပါတယ် ၊ ကျွန်မ မိဘကလည်း ဒီလိုထင်ပြီး ယုံကြည်စိတ်ချခဲ့ကြတယ် ။ ပြီးတော့လည်း .. ပြီးတော့ .. ”

“ အေးလေ ... ဒါတွေကို ... တို့ သိတယ် ၊ တို့စိတ်လည်း တို့ ဘယ့်နှယ် ဖြစ်မှန်း မသိဘူး ”

“ ပြီးတော့ကာ .... ဒီလို စိတ်ပြောင်းကြလိမ့်မယ်လို့ လုံးဝမထင်မိဘူး ။ ကျွန်မချစ်တာက နှစ်ယောက်စလုံးကို မောင်အရင်းလို ချစ်တာ ။ အဲသလို မောင်ချစ် ချစ်ရာက ကျွန်မ ဘယ့်နှယ်လုပ် ပြောရမှာလဲ ။ ကျွန်မ မပြောပါရစေနဲ့ ... မပြောတတ်တော့ဘူး ” ဟု တိုးတိုး ရှိုက်ငင်ကာ ...

“ ဪ .. ခက်ပါဘိ ရွှေရွှေရယ် ၊ သိပ်ကို ဒုက္ခရောက်ကုန်ကြပြီ ။ ဒီလိုနဲ့လည်း မပြီးဘူးကွယ် ၊ ပြောမှပဲ ကိစ္စက ပြီးကြတော့မယ် ”

“ ဟုတ်တယ် ... လှရွှေ ပြောမှပဲ ၊ ဇွတ်အတင်း မညှာမတာ ပြောတယ်လို့လည်း မထင်နဲ့ ”

“ ကျွန်မ .. သိပ်ခက်တာပဲ ၊ ဒီလို ငြိမ်နေရင် လူကြီးတွေ ဘယ်လိုထင်မလဲ ”

“ ဒါဖြင့် .. မြန်မြန်ပြော ၊ နေ့လယ်က ဆုံးဖြတ်ပြီးပြီ မဟုတ်လား ”

“ ဘာမှ မစဉ်းစားတတ်ဘူး ၊ နို့ပေမယ့် ကျွန်မဟာ တစ်သက်မှာ အိမ်ထောင် မပြုတော့ဘူးလို့ ပိုင်းဖြတ်ထားတယ် ။ မောင်နှစ်ယောက်ကလည်း ကျွန်မလို မနေနိုင်ကြဘူးလား ”

“ သဘောနုတယ် ဆိုရင်လည်း ခံရတော့မယ် ၊ မနေနိုင်ကြတော့ဘူး ... ဒီ့ပြင် မိန်းကလေးနဲ့ ပြုရမယ်ဆိုရင် တစ်သက်လုံး မပြုဘဲ နေနိုင်တယ် ”

“ ခက်တာပဲ ... ဒါဖြင့် ရှင်တို့ အလွန်ချစ်တဲ့ သူငယ်ချင်းနှစ်ယောက် ကြိုက်သလိုနည်းနဲ့ ကျေနပ်သလို ဆုံးဖြတ်ပါ ။ အဲဒီ ဆုံးဖြတ်တာကို ကျွန်မ လိုက်နာပါ့မယ် ”

“ ဟေ့ ... ဘသွင် .. ဘယ့်နှယ်သဘောရသလဲ ”

“ မင်းကော ”

“ ဟုတ်တော့ဟုတ်တာပဲ ၊ တို့လို ယောက်ျားရင့်မာကြီးက သဘောတူ မဆုံးဖြတ်နိုင်ရင် မကောင်းဘူးကွဲ့ ”

“ ဒီလိုဖြင့် စိန်လိုက်မောင် ၊ ကိုင်း ... လှရွှေ .. တို့ ဆုံးဖြတ်မယ် ၊ ဆုံးဖြတ်ပြီးတဲ့နောက် လှရွှေက ကျေကျေနပ်နပ်ကြီး သဘောတူမယ် မဟုတ်လား ”

“ အနှောင့်အယှက် မရှိရင် ကျေနပ်တယ် ။ ကျန်တဲ့ လူအတွက် တစ်သက်လုံး ကျွန်မ အနှောင့်အယှက် မဖြစ်အောင်သာ ဆုံးဖြတ်ပါ ။ ကျွန်မ ကျေနပ်ပါတယ် ”

“ ကိုင်း .. ဒါဖြင့် ... ဒီအတိုင်းသာ သဘောတူကြစို့ ၊ တို့ပြန်တော့မယ် ” ဟု နှစ်ယောက်စလုံး မတ်တတ်ရပ်ကြလေ၏ ။ ထို့နောက်မူ လှေကားက လှည့်၍ ဆင်းခဲ့ကြလေ၏ ။

နောက်တစ်နေ့ နံနက် ၇ နာရီခန့်တွင် သူငယ်ချင်းနှစ်ယောက်သည် မြို့မကလပ်အသင်းရုံ နားသို့ ရောက်ကြလေ၏ ။ ဘသွင်သည် ကလပ်အကျိုးဆောင် ဖြစ်သည်အတိုင်း ကလပ်ရုံးခန်းကို ပါလာသော သော့နှင့် ဖွင့်ကာ စားပွဲတစ်ခုအနီးတွင် ထိုင်မိကြလေ၏ ။ ဘသွင်က စ၍ ...

“ ငါတော့ မနေ့ညက တိုင်ပင်ထားတဲ့အတိုင်း တစ်ညလုံး အိပ်မပျော်ဘူး ၊ စဉ်းစားမိတယ် ။ တို့ ဆုံးဖြတ်ပြီး တစ်ယောက်ယောက် ရပြီဆိုပါတော့ ၊ ကျန်တဲ့ တစ်ယောက်အတွက် သူ စိတ်မဆင်းရဲဘဲနေမှာ မဟုတ်ဘူး ။ မင်းတော့ မပြောတတ်ဘူး ၊ ငါတော့ ငါ လက်လွတ်ရင် ငါ့စိတ် ဘယ်လိုဖြစ်သွားမယ်ဆိုတာမသိဘူး ”

“ ငါလည်း ... ဒီလိုပဲ စဉ်းစားမိတယ် ။ ဒါမျိုးဆိုတာ ရဟန္တာတွေ မဟုတ်တော့ စိတ်ကို မထိခိုက်ဘဲနေမှာ မဟုတ်ဘူးကွဲ့ ။ သူလည်း ကျန်တစ်ယောက်အတွက် အနှောင့်အယှက် ဖြစ်နေမှာပဲ ... ”

“ ဒီတော့ ... ငါ သဘောကျတာ ပြောမယ် ၊ တို့နှစ်ယောက် မဲချကြစို့ ”

“ မဲချပြီး ... မဲကျတဲ့သူ ယူ .... ဒီလိုလား ”

“ နိုး .. နိုး .. မဟုတ်ဘူး မဲကျတဲ့သူဟာ အဆိပ်သောက် သေရမယ် ”

မြတ်အေးသည် မျက်လုံးပြူးသွားရာက စိတ်ကိုတင်းလျက် -

“ အေး .. ဒါလည်း အကောင်းသား ၊ မရတဲ့အတူတူ သေတာက မြတ်ပါသေးတယ်ကွယ် ”

“ သူငယ်ချင်း ... တို့ အခု နေတဲ့ နေရာဟာ အချစ်ဆုံးသူငယ်ချင်းနှစ်ယောက် ဆုံးဖြတ်ချက်ချတဲ့နေရာလို့ အမှတ်ထားကြစို့ ”

စသည်ဖြင့် ဤဝတ္ထုအစ၌ ဖော်ပြခဲ့သည့်အတိုင်း တိုင်ပင်၍နေကြခြင်း ဖြစ်လေ၏ ။ သူငယ်ချင်းနှစ်ယောက်သည် သေတမ်းစာ အမှာစာကို ရေးပြီးကြသောအခါ ဘသွင်သည် စက္ကူအရွယ်တူ ပုံတူ တစ်လက်မ ပတ်လည်ရှိ နှစ်ခုကို ရေးပြီးလျှင် မြတ်အေး မမြင်အောင် ခဲတံဖြင့် မြတ်အေး ၊ ဘသွင် ဟု ရေးလေ၏ ။ တစ်ဖန် စက္ကူကို လိပ်ပြီးလျှင် လက်ခုပ်ထဲသို့ ထည့်၍ ခေါက်လေ၏ ။ စက္ကူလိပ်သော ဘသွင် ကိုယ်တိုင် မည်သည့် စက္ကူလိပ်သည် မြတ်အေး ၊ ဘသွင် ဖြစ်သည်ဟု မပြောနိုင်တော့ချေ ။ ဘသွင်က တစ်ဖန် ...

“ ငါ့ဟာ ငါ့လိပ်ပြီး ... ငါ ကောက်လို့ .. ငါ့နာမည်ကျရင် ကိစ္စမရှိဘူး ၊ မင်း နာမည်ကျရင် မကောင်းဘူး ၊ ဒီတော့ ... ဟောဒီဖန်ခွက်ထဲ ထည့်ထားမယ် ၊ မင်း ကြိုက်ရာ တစ်လိပ်ကောက် ... ဟုတ်လား ”

ထိုကိစ္စသည် သာမညကိစ္စ မဟုတ် ၊ သစ္စာကတိ တည်သောသူတိုင်း တကယ် လုပ်ရမည့်ကိစ္စ ဖြစ်သဖြင့် မြတ်အေး ၏ လက်များ သွက်သွက်လက်လက် မရှိသည်ကို အပြစ်တင်ဖွယ် မဟုတ်ပေ ။ ဘသွင် ကိုယ်တိုင်လည်း မိမိတို့ နှစ်ဦး၏ ဆုံးဖြတ်လုပ်ကိုင်ပုံကို ထပ်မံစဉ်းစားမိလေ၏ ။ မြတ်အေးသည် လက်မတုန်ရန် မနည်းသတိထားလျက် -

“ ကိုင်း .. ငါကောက်တော့မယ် .. ခေါက်ပြီး လှောက်လိုက်ဦး ”

ထိုအခိုက် “ ဒေါက် .. ဒေါက် .. ဒေါက် .. ဟေ့ ဘသွင် .. ဘာလုပ်နေသလဲ ” ဟူသော ဆရာ၏ အသံ ကြားသဖြင့် နှစ်ယောက်စလုံး အံ့အားသင့်ကာ ဘသွင် သည် တံခါးကို ထ၍ ဖွင့်လေ၏ ။ အသက် ၄ဝ ခန့် လူကြီးတစ်ယောက် ဝင်လာရာ နှစ်ယောက်စလုံး  အရိုအသေပေးလျက် ကုလားထိုင်တစ်လုံး အသင့်ပြင်ထားရင်း ကြက်သေ သေနေကြလေ၏ ။

“ ငါ .. မနေ့က မော်ဒင်ဗျူး မေ့ထားခဲ့လို့ ဘသွင်အိမ် ရောက်သေးတယ် ၊ ဘယ်ထွက်သွားမှန်း မသိဘူးတဲ့ ။ ဒီအကောင် ကလပ်သွားမှာပဲလို့ တွေးတာ အံကိုက်ပဲ ၊ ခါတိုင်းနေ့ လူရှုပ်တော့ တနင်္ဂနွေနေ့မှာ အလုပ်လုပ်တတ်တဲ့ အကောင်ကိုးကွ ၊ မတွေ့ဘူးလား ”

“ တွေ့တယ်ဆရာ ၊ ဦးဘိုးခန့် ယူသွားတယ် ”

“ တယ် .. ဒီဥက္ကဋ္ဌကလည်း တယ်ခွကျတာကိုး ၊ အမယ် ..ဟိုဖန်ခွက်ထဲက ဘာတုံး .. ဘာစာရေးတံ ချတာတုံး ” ဟု ပြောပြောဆိုဆို ယူ၍ ကြည့်လေ၏ ။

နာမည်နှစ်ခုကို တွေ့သောအခါ ဘာလုပ်ကြတာလဲဟု မေးလေ၏ ။ မေးရင်းပင် မင်ခုံနှင့် ဖိထားကြသော စာရွက်ငယ် နှစ်ရွက်ကို တွေ့ရှိ ဖတ်ရှုမိရာ ဆရာ ဆိုသူသည် မျက်လုံးပြူး၍ သွားလေ၏ ။

“ တယ်မိုက်တဲ့ ခွေးမသားတွေ ၊ မင်းတို့ ဘာဖြစ်ကြတာလဲ .. ဘယ့်နှယ်လဲ ” ဟု မေးရာ ၊ နှစ်ယောက်စလုံး မငြင်းမကွယ်သာသဖြင့် အဖြစ်အပျက်ကို ပြောဆိုကြလေ၏ ။ ၎င်းတို့သည် ငယ်ဆရာ ဖြစ်သူအား အထူးကြောက်ရွံ့ ရိုသေကြသူများ ဖြစ်ကြသဖြင့် ဆရာ ပြောဆိုသမျှကို အမြဲနားထောင်ရသူများလည်း ဖြစ်လေ၏ ။

“ တယ်မိုက်တဲ့ ခွေးမသားတွေ ၊ ဒါနဲ့ .. ဒီလို ဆုံးဖြတ်ရသလား ၊ မင်းတို့ .. ဒီလောက်စွဲရင် ဆရာ ဆုံးဖြတ်တာကို လိုက်နာကြမလား ”

“ ကျွန်တော်တို့ ဉာဏ်မရှိတော့ဘူး ၊ လိုက်နာပါ့မယ် ဆရာ ”

“ ကောင်းပြီ .. ဒီကောင်မလေးကို စိတ်ထဲက ဖြတ်ပစ်လိုက် ”

( သံပြိုင် ) “ ဟင် ... ဆရာ ... ”

“ ဆရာ ပြောတာ နားထောင် ၊ မင်းတို့ အမြဲဖြတ်ရမှာ မဟုတ်ဘူး ။ တစ်နှစ်တည်း သူ့အကြောင်း မစဉ်းစားနဲ့ .. ပြီးတော့ .. ဒီမြို့ မှာ မနေနဲ့ ၊ မင်းတို့ အဆက်အသွယ်ရှိတဲ့ မြို့ကလေးတွေမှာ တစ်ကွဲစီနေ ၊ တစ်နှစ်ကြာတော့ ဆရာ့ ဆုံးဖြတ်ချက်ကို ပြောမယ် ... ဟုတ်လား ”

“ ကောင်းပါပြီ ဆရာ ”

“ တယ်မိုက်တဲ့ ခွေးမသားတွေ ... ထွက်ကြ ” ဟု ဆရာပါ ကလပ်မှ ထွက်သွားကြလေ၏ ။

ယခုအခါ မြတ်အေး သည် ၎င်း၏ မိဘလယ်မြေရှိသော မြို့တစ်မြို့တွင် ပွဲစားအလုပ်ကို လုပ်ကိုင်နေရာ ၊ ဘသွင် မှာ အခြားမြို့ တစ်မြို့၌ အဖွဲ့ပိုင် မြန်မာ့ကျောင်းတစ်ကျောင်းတွင် အင်္ဂလိပ်စာပြဆရာ လုပ်၍ နေလေ၏ ။ နှစ်ဦးသားသည် လှရွှေ ကို စိတ်ဖြတ်လျက် မိမိတို့ ဆိုင်ရာ အလုပ်များကို ကြိုးစားကာ နေကြလေ၏ ။ လှရွှေ ကား မြတ်အေး နှင့် ဘသွင် ၏ သတင်းကို မကြားရသည်မှာ ၄ - ၅ - ၆ လ ကြာ ရှိခဲ့လေ၏ ။ တစ်နေ့သ၌ သတင်းစာ တစ်စောင်တွင် တူးလိုင်းစာလုံးဖြင့် ခေါင်းတပ်လျက် ....

ကျွန်တော်တို့ မြို့တွင် ရှေးအခါက စပါးဈေး ၊ ပဲဈေးကောင်းလျှင် တရုတ် ၊ ကုလားများ ခြေချင်းရိုက်၍ အလုအယက် ဝယ်ကြရာ ၊ မြန်မာများမှာ စည်းကမ်းမရှိ ရောင်းဝယ်ကြ သဖြင့် အကျိုးခံစားခွင့် ရှိသင့်သလောက် မရှိခဲ့ကြောင်း ၊ မကြာမီက ပွဲစားကိုမြတ်အေး ၏ လုံ့လကြောင့် ဆန်စပါး ၊ ပဲ ၊ ပြောင်းများရောင်းဝယ်ရာ ဗဟိုရ်ဌာန တစ်ခုကို မြို့ပေါ်တွင်ဖွင့်လှစ်ကာ နယ်က ဆန်စပါး ၊ ပဲ ၊ ပြောင်းများကို စုဆောင်းခဲ့ကြောင်း ၊ ငွေလိုသော ပွဲစားများကို ကိုမြတ်အေး က အချို့ အဝက် ထုတ်ပေးကြောင်း ၊ ရောင်းဈေးကို တစ်မျိုးတည်း ဗဟိုရ်ဌာနက ကြိုက်ဈေးရမှ ရောင်းသဖြင့် အကျိုးပို ခံစားရကြောင်း ၊ ကိုမြတ်အေး မှာ ပစ္စည်းအင်အား လုံလောက်သဖြင့် တစ်နယ်လုံးက ယုံကြည် အပ်နှံကြသောကြောင့် သာ၍ အကျိုးရှိခဲ့ခြင်း တစ်ကြောင်း ၊ အခြားမြို့များ ကလည်း ဤနည်း စီမံဖို့သင့်ကြောင်း သတင်းစာမှ အကြံပေးပါသည် ခင်ဗျား ။
           မောင်ဘိုးဝ ... ပွဲစား ။

နောက်တနေ့ သတင်းစာတစ်စောင်၌ကား ...

“ ဗိုလ်ဘသွင် ပြောင်းတော့မတဲ့ ”

ကျွန်တော်တို့သည် ဤအကြောင်းကို မရေးဘဲ မနေနိုင်ချေ ။ ဗိုလ်ဘသွင်သည် မျိုးချစ်စိတ် အလွန်ထက်သန်၍ အများအကျိုးကို အထူးဆောင်ရွက်လေ့ ရှိကြောင်း ၊ ကျွန်တော်တို့ မြို့တွင် ဗိုလ်ဘသွင် ရောက်ရှိလာမှ စာကြည့်သင်းသည် ခမ်းခမ်းနားနား ဖြစ်၍လာကြောင်း ၊ ရဲတပ်ဖွဲ့ကြီးလည်း တောင့်တင်းလာကြောင်း ၊ မြို့ရွာကလည်း ဆရာဘသွင် အား အထူးကြည်ညို ချစ်ခင်ကြကြောင်း ။ သို့ရာတွင် ဗိုလ်ဘသွင် မှာ ရန်ကုန်အဖွဲ့ကြီးမှ နယ်လှည့်တရားဟောရန် အတွက် ခေါ်ယူထားသဖြင့် မကြာမီ ပြောင်းရွှေ့ ရတော့မည် ဖြစ်ကြောင်း... ။
                  ရဲထွန်းဝ ။

လှရွှေ သည် ဆရာ ဆုံးဖြတ်ရာနာခံမည့်အနေနှင့် သူငယ်ချင်းနှစ်ယောက် တစ်မြို့စီသို့ ထွက်ခွာသွားကြောင်းကို သိရှိခဲ့ရာ ၊ တစ်ယောက်မှာ ကုန်သည်ဘက်တွင် ကြိုးစား၍ တစ်ယောက်မှာ နိုင်ငံရေးနှင့် ရဲတပ်ကို ကြိုးစားသဖြင့် မည်သူက အရေးကြီးသည်ကို ဝေခွဲမရအောင် ဖြစ်ရှိနေလေ၏ ။ လှရွှေ သာ မဟုတ် ၊ အဝေးမြို့တွင် နေကြသော မြတ်အေး နှင့် ဘသွင် တို့လည်း သတင်းစာများတွင် ဖတ်ရှုရပြီးနောက် ၊ ဆရာ မည်သို့ ဆုံးဖြတ်မည်ကို သိလိုကြလေ၏ ။ မြတ်အေး ကား နိုင်ငံကောင်းစားရေးနှင့် ကူးသန်းရောင်းဝယ်ရေးတွင် တည်နေသည်ဟု ယူဆလေ၏ ။ ဘသွင်ကား ၊ နိုင်ငံကောင်းစားရေး ကူးသန်းရောင်းဝယ်ရေးနှင့် ဆိုင်သော အာဏာလက်ကိုင်ဖြစ်သည့် နိုင်ငံရေးကို လက်ဝယ်ရဖို့နှင့် နိုင်ငံကာကွယ်ရေး ပြည့်စုံမှ လိုရာ ရောက်နိုင်သည်ဟု ယူဆလေ၏ ။ မိမိ ပြုမူချက်သည် မြတ်အေး လို ကိုယ့်ဘာသာ ရောင်းဝယ်ဖောက်ကား အေးအေးနေသူထက် အတန်းမြင့်သည် ဟု ယုံကြည်မိလေ၏ ။

“ ဆရာ ... ဘယ်လို ဆုံးဖြတ်လဲ ”

အချိန်တစ်နှစ်သည် အမှတ်တမဲ့ စေ့ရောက်ခဲ့လေ၏ ။ ဆိတ်ငြိမ်သော ဆရာ၏ ဧည့်ခန်းတွင် တပည့်နှစ်ယောက်သည် ဆုံးဖြတ်ချက်ကို နာခံရန် ရောက် ရှိလာကြလေ၏ ။

“ ကိုင်း .. တပည့်တို့ ၊ မင်းတို့ .. ယခု လှရွှေ အပေါ် စွဲတဲ့စိတ်ဟာ ရှေးကလိုပဲ ထက်သန်သေးသလား ၊ သေသေချာချာ စဉ်းစားပြီး မှန်မှန် ပြောကွဲ့နော် ”

“ မသန်ကြပါဘူးဆရာ ”

“ အဲဒါ မှတ်ထား ၊ မင်းတို့က အစိမ်းတွေမို့ နီးနီးကပ်ကပ် နေ့တိုင်းလည်း မြင်ရ ၊ သူ့အကြောင်းလည်း စဉ်းစားဆိုတော့ အသေအလဲ စွဲတာပေါ့ ။ သူ့ အကြောင်းလည်း မစဉ်းစား ၊ ဝေးဝေးလည်း နေတယ်ဆိုရင် စိတ်ထဲ ပေါ့သွားမှာပဲကွဲ့ ။ ဒါဟာ ဓမ္မတာပဲ ”

“ ကိုင်း .. နားထောင်ဦး ၊ ဆုံးဖြတ်မယ် ... မြတ်အေး က ကူးသန်းရောင်းဝယ်ရေးကို ကြိုးစားတယ် မဟုတ်လား ၊ ဘသွင် က ရဲတပ်တွေ ၊ စာကြည့်သင်းတွေ ၊ နိုင်ငံရေးတွေ ကြိုးစားတယ်လို့ ကြားရတယ် ”

“ မှန်ပါတယ် ဆရာ ”

“ ဒီတော့ ... ဘသွင်လို သတ္တိဗျတ္တိနဲ့ ရဲတပ်နိုင်ငံရေးကိစ္စ ၊ တိုင်းသူပြည်သား မျက်စိပွင့်အောင် လုပ်တဲ့ ကိစ္စဟာ သာမညလူ မလုပ်နိုင်ဘူးကွဲ့ ”

“ မှန်ပါတယ် ဆရာ .. ကျွန်တော်ဟာ ဘသွင်လောက် ကျန်းမာရေး ကာယဗလ ရဲတပ်နိုင်ငံရေး ဝါသနာ မပါတာကို ဝန်ခံပါတယ် ။ ဆရာက လူရဲ့တန်ဖိုးကို ရွေးချယ်တာကို အများကြီး ကျေနပ်ပါတယ် ။ ဘသွင်ပဲ ရထိုက်ပါတယ် ဆရာ ”

“ ဒါကြောင့် ... ဒီလို နိုင်ငံရေးတပ် ၊ အများအကျိုးကို သက်စွန့်ကြိုးပမ်းဆောင်ရွက်တဲ့ လူငယ်ဟာ အိမ်ထောင် မပြုဘဲ ဆောင်ရွက်သင့်တာမို့ လှရွှေ ကို မြတ်အေး ယူဖို့ ဆရာ ဆုံးဖြတ်တယ် ”

ထိုအခါ ဘသွင်သည် ဆရာကို ဦးချလျက် ...

“ ကျွန်တော် သဘောပေါက်ပါပြီ ဆရာ ၊ ကျွန်တော့် အသက် ၂၂ နှစ် ရှိပါသေးတယ် ။ ၁ဝ နှစ်လောက် အိမ်ထောင်မပြုဘဲ ဆောင်ရွက်လျှင် ၊ ၁၀ နှစ်စာ ခရီးရောက်မည် အမှန်ပါ ။ အနည်းဆုံး နောက်ထပ် ၁ဝ နှစ် အိမ်ထောင်မပြုဘဲ ဆောင်ရွက်ဖို့ ကတိထားပါတယ် ဆရာ ”

“ သာဓု ... သာဓု ... ကိုင်း ... ကျေနပ်ရင် လှရွှေကို ဆရာ ဆုံးမမယ် ” ဟု ပြောဆိုကာ တပည့်နှစ်ယောက်ကို လွှတ်လိုက်လေ၏ ။

နောက် ၃ လလောက် ကြာသောအခါ မြတ်အေး နှင့် လှရွှေ၏ လက်ထပ်ပွဲတွင် ဘသွင်သည် ရွှေဒင်္ဂါး ၁ဝ ပြားအပြင် မြန်မာသူရဲကောင်းစာအုပ်များကိုပါ လက်ဖွဲ့စာရင်း တင်သွင်းနေသည်ကို မြင်ရပါလေသတည်း ။

▢  မဟာဆွေ
📖 ကြီးပွားရေး မဂ္ဂဇင်း
      ၁၉၄ဝ နိုဝင်ဘာလ

No comments:

Post a Comment