Thursday, October 23, 2025

ဘဝနှစ်ခု


 

❝ ဘဝနှစ်ခု ❞

၂ဝ၁၄ ခု ၊ ဖေဖော်ဝါရီ ၁ဝ ရက် ဆိုရင် အကြီးတန်း အင်ဂျင်နီယာ မင်္ဂလာ ဘိသိက်ဆရာ ဦးအောင်မြင့် အသက် ၆ဝ ပြည့်ပြီ ။ မြန်မာနိုင်ငံမှာ ပင်စင်ထိုင်ရတဲ့ အသက်အရွယ်ပါ ။

ဦးအောင်မြင့် က ဆောက်လုပ်ရေး အင်ဂျင်နီယာ အဖြစ်နဲ့ အောင်မြင်တယ် ။ ဘိသိက်ဆရာ အဖြစ်လည်း အောင်မြင်တယ် ။ ဒါပေမဲ့ သူ့ အလုပ် နှစ်ခုက ပြဒါးတစ်လမ်း သံတစ်လမ်း ။ မတူကွဲပြားတဲ့ အလုပ် နှစ်ခုကို ဘာကြောင့်များ အတူယှဉ်တွဲပြီး သူ လုပ်ကိုင် နေပါလိမ့် ။ ဘိသိက်ပညာ ဘာစိတ်ကူးနဲ့ သင်ယူခဲ့ပါလိမ့် ။

“ ကျွန်တော့်တို့ စကားပုံမှာ အိုစာမင်းစာ ဆိုတဲ့ စကားရှိတယ် ။ အသက်ကြီးလာရင် ကျွန်တော် ဘာလုပ်မှာလဲ ။ ကျွန်တော်တို့ အင်ဂျင်နီယာလုပ်ငန်းဆိုတာ တိုက်က ခြောက်ထပ် ၊ ခုနစ်ထပ် ရှိလည်း တက်လိုက် ၊ ဆင်းလိုက် လုပ်ရတာ ။ လုပ်မပေးရင် ကျွန်တော့် ဘက်က တာဝန် မကျေသလို ပိုင်ရှင်များကလည်း ကျေနပ်မှာ မဟုတ်ဘူး ။ တာဝန်လည်း ကြီးတယ် ၊ ပင်ပန်းတယ် ၊ အသက် ၆ဝ မှာ အနားယူတဲ့ အခါ ဘာအလုပ် လုပ်မှာလဲ စဉ်းစားတယ် ။ ဝါသနာ အလျောက် စာရေးမယ် ။ စန္ဒရား တီးချင်လည်း တီးမယ် ။ ပန်းချီလည်း ဆွဲချင် ဆွဲမယ် ။ ဒါက ဝါသနာ ၊ စားဝတ်နေရေး အထောက်အကူ ပေးမှာ ဘာလဲ ရွေးချယ်တယ် ”

သူ့ အတွေးက စိတ်ဝင်စားဖို့ ကောင်းလို့ နားစွင့်မိတယ် ။ ဗေဒင် ပါတယ် ၊ ဘိသိက် ပါတယ် ။ ရေမန်း ၊ ဆေးမန်း ရှိတယ် ။ ရွတ်တတ် ၊ ဖတ်တတ်ရင် လူကြီး ပီပီသသ နေလို့ရတယ်ပေါ့ ။

“ ဘိသိက်ကို ဘာကြောင့် ရွေးချယ်ဖြစ်သွားတာလဲ ”

“ ငယ်စဉ် ကတည်းက သင်ခဲ့ရတဲ့ အခြေခံတွေရယ် ၊ ကျွန်တော် ထပ်ပြီး လေ့လာ ဆည်းပူးတာတွေရယ် ၊ ဝါသနာ ပါတာရယ်ကြောင့် ဘိသိက်ကို ရွေးချယ်တာ ”

“ အင်ဂျင်နီယာ နဲ့ ဘိသိက် အလှမ်း ဝေးသလား ”

“ အင်ဂျင်နီယာ အလုပ်က အဆောက်အအုံတွေ ဆောက်တဲ့ အခါ ပန္နက် တင်တာတို့ ၊ အုတ်မြစ်စီတာတို့ ၊ တိုင်ထူတာတို့ ၊ လှေကားထူတာတို့ အခမ်းအနားလေးတွေ လုပ်ရတယ် ၊ လုပ်တဲ့ အခါကျတော့ နေ့ကောင်းရက်သာ မင်္ဂလာ ရွေးပေးရတယ် ၊ ရွတ်ဖတ်ရတာလေးတွေလည်း လုပ်ပေးရတာရှိတယ် ”

“ အယူအစွဲတွေလည်း ရှိကြတာကိုး ”

“ တစ်ခုသော နေရာမှာတော့ ဆရာဦးချစ်လှိုင် နဲ့ ဘာတော်သလဲ မေးတယ် ။ ကျွန်တော် ကလည်း အင်ဂျင်နီယာကျောင်းသား ၊ အလှူမင်္ဂလာပွဲတွေမှာ တစ်ဖက်က ဘိသိက်မြှောက် ပေးနေတဲ့ ဆရာဦးချစ်လှိုင် ကလည်း ကျွန်တော်တို့ ကျောင်းက ဆရာ ၊ ဆရာတပည့် တော်ပါတယ် ပြောလိုက်တယ် ။ အိမ်ရှင်က ဆရာဦးချစ်လှိုင် ရဲ့ ဘိသိက်ကက်ဆက်ခွေ ၊ အဲဒီခေတ်ကတော့ ကက်ဆက်ခွေ ပေါ့ ၊ နားထောင်ရအောင် ပေးလိုက်တယ် ”

ဦးအောင်မြင့် ကံကောင်းလိုက်တာလို့ ကျွန်တော် တွေးမိတယ် ။

“ အဲဒီ ကက်ဆက်ခွေတွေကို ကျွန်တော် နားထောင်တယ် ။ ပြန်ချ ရေးတယ် ။ ပြောကြည့်တယ် ။ ကိုယ့် အသံ ကိုယ် ကက်ဆက်နဲ့ ပြန်သွင်းကြည့်တယ် ။ လေ့ကျင့် နေတာပေါ့ ။ အဲဒါ ကာလ တစ်ခုပေါ့ ။ ဒါပေမဲ့ လုပ်ဖို့ ရည်ရွယ်ချက်တော့ မရှိသေးဘူး ။ ဆရာ ပြောတာတွေ မူရင်း ကျမ်းစာတွေနဲ့ တိုက်ဆိုင်တော့ စာတွေ ရသွားတယ် ။ ဒါ လွန်ခဲ့တဲ့ အနှစ်အစိတ် ( ၂၅ နှစ် ) လောက်က အခြေအနေပေါ့ ”

“ ဆရာ စလုပ်ဖြစ်တာက ... ”

“ ကျွန်တော့် စိတ်ကူးက ဆရာ နားတဲ့ အချိန် ရောက်ရင် ကျွန်တော် စ လုပ်မယ်ပေါ့ ၊ ဆရာ အသက် ၈ဝ ၊ ကျွန်တော် ၆ဝ ၊ ဆရာဦးချစ်လှိုင် က အမျိုးသားညီလာခံ ကိုယ်စားလှယ် အနေနဲ့ သွားတက်ရတယ် ၊ အဲဒီအချိန်မှာ ကျွန်တော့် အသက်က ၄၀ တောင် မရှိသေးဘူး ။

မန္တလေးမြို့က တကယ့် မြို့မျက်နှာဖုံးပွဲကြီး တွေမှာ အစားထိုးရမယ့် သူ မရှိဘဲ ဖြစ်နေတယ် ။ ကျွန်တော့်ကို အကူအညီ လာတောင်းကြတယ် ။ တောင်းတဲ့ အထဲမှာ ပွဲအကြီးဆုံးထဲက တောင်းတာကတော့ အရီးတောင်း ဦးကျော်သိန်း ရဲ့ သား မောင်သိန်းမြင့် ရဲ့ မင်္ဂလာဆောင် ”

အဲဒီ မင်္ဂလာဆောင်ကို ကျွန်တော် တက်ဖူးတယ် ။ တော်တော် ကြီးကျယ်တဲ့ ပွဲ ။ အရီးတောင်းဦးကျော်သိန်း ၊ ဒေါ်ကြွယ်ကြွယ် က မြို့မျက်နှာဖုံး ဖြစ်ပြီး အပေါင်းအသင်း ဆံ့လို့ မင်္ဂလာဧည့်ခံပွဲက သိပ်စည်တယ် ။ စောင်းမူမူသိန်းတီးဝိုင်း ၊ ခင်မောင်တိုးတီးဝိုင်း ၊ လက်ဝဲဆိုင်း ၊ လက်ယာဆိုင်းလည်း ပါတယ် ။ အဆိုတော် ရီရီသန့် ပါတယ် ။ ဆရာကြီးဦးသုခ ရဲ့ အဟောအပြောလည်း ပါသေးတယ် ။ မင်္ဂလာဘိသိက်ဆရာက ဦးအောင်မြင့် ”

“ အခက်အခဲတွေ ရှိသလား ”

“ ပရိသတ်ကို ကျွန်တော် ဘယ်လောက် ကြောက်သလဲ ဆိုရင် ပရိသတ်က မန္တလေးမြို့မျက်နှာဖုံး သူဌေးချည်းပဲ ၊ တီးဝိုင်းနဲ့ လည်း မလုပ်ဖူးသေးဘူး ၊ အဲဒီထဲမှာ အကြောက်ဆုံး ပရိသတ်က ဆရာဦးချစ်လှိုင်ရဲ့ မိန်းမ နဲ့ သားသမီးတွေ ၊ ကျွန်တော်က အကောင် အသေးဆုံး ၊ ဘိသိက်ဆရာ နေရာယူဖို့ လျှောက်တဲ့ အချိန်မှာ ကျွန်တော် တုန်နေပြီ ၊ မှားမှာလည်း အင်မတန် စိုးနေတာ ၊ ဒီအလုပ်မျိုး ဆိုတာလည်း မှားမှာ စိုးလေ မှားတတ်လေ ”

ဦးအောင်မြင့်က ပြောရင်း ရယ်တယ် ။

“ ချွေးသီးချွေးပေါက်တွေ တော့ ပြန်တာပေါ့ ။ ဦးလေးသိန်း ကတော့ မှားချင် မှားပါစေ ၊ ကျွန်တော့် ပွဲတဲ့ ။ ဒါနဲ့ အောင်မြင်သွားတာပေါ့ ။ ဒါပြီးတော့ မောရိယ ၊ ရွှေမန်းဒေါ်ထားရီ တို့ အလှူ ၊ နှစ်ပွဲလောက် အတွေ့အကြုံ ရတော့ လူက ရဲလာတယ် ။ ချိတ်မိတဲ့ သဘော ဖြစ်လာတယ် ။ ဒါမျိုးကလည်း ကျွန်တော် တစ်ယောက်တည်းနဲ့ ပြီးတာ မဟုတ်ဘူး ၊ တီးဝိုင်း ၊ ဗွီဒီယို ဓာတ်ပုံ ပါတယ် ။ ခန်းမ အပြင်အဆင် ၊ ပန်း အလှပြင် ၊ မိတ်ကပ် ၊ ဒါတွေ အကုန်လုံး ပေါင်းရတဲ့ သဘောရှိတယ် ။ Timing ( အချိန်ကိုက် ) ရှိရတယ် ။ ဥပမာ မိတ်ကပ်က နောက်ကျလာလို့ အလုပ် ဖင့်တာ ရှိတယ် ။ နောင်ကျ လုပ်ဖော်ကိုင်ဖက်တွေ ဖြစ်လာတယ် ”

“ ဆရာဦးချစ်လှိုင် က ဆရာ့ကို လွှဲတယ်လို့ ကြားဖူးတယ် ၊ ပြောပြပါဦး ”

ကျွန်တော်က မေးတော့ ဦးအောင်မြင့်က စာရွက်လေး တစ်ရွက်ကို ပြတယ် ။ ဦးအောင်မြင့် ( အကြီးတန်းအင်ဂျင်နီယာ ) လို့ လိပ်မူထားပြီး ဆရာ နေမကောင်းပါသဖြင့် ယနေ့ မင်္ဂလာဆောင်ပွဲတွင် ဘိသိက် ကူညီပေးပါရန် မေတ္တာရပ်ခံအပ်ပါသည် လို့ရေးပြီး ဦးချစ်လှိုင် လက်မှတ် ထိုးထားတယ် ။ ရက်စွဲ က ၁၇ - ၁၁ -၂ဝဝ၃ ။

“ ဆရာဦးချစ်လှိုင် ရဲ့ သား နဲ့ သမီး မောင်နှမ နှစ်ယောက် လာကြတယ် ။ သူတို့ နှစ်ယောက်က ယခုအခါ ပါမောက္ခဌာနမှူး နဲ့ တစ်ယောက်က အဆင့်မြင့် ပညာဦးစီးဌာနမှာ ဒုတိယညွှန်ကြားရေးမှူးချုပ် ဖြစ်နေပြီ ။ အဖေက မှာလို့ပါ ၊ ဒါလေး ကူညီပေးပါလား ပြောတယ် ။ စိတ်ချပါလို့ ပြောပြီး သွားလုပ်တယ် ။ အဲဒီ ပွဲက ကန်တော့လိုက်တာ ဘာဆိုတာလည်း မသိဘူး ၊ ပစ္စည်းလည်း ပါတယ် ၊ ပိုက်ဆံလည်း ပါတယ် ၊ ဆရာ့အိမ်ကို ကျွန်တော် သွားကန်တော့တယ် ။ ဆရာ့အိမ်က ဆေးရုံမှာတဲ့ ၊ နောက်ရက် နံနက် ဆရာ ဆုံးတော့ ကိစ္စဝိစ္စလည်း အစအဆုံး ကျွန်တော် လုပ်ပေးပါတယ် ”

“ အဲဒီအချိန် မှာ ဆရာဦးအောင်မြင့် ဘိသိက် လုပ်တာ ဘယ်လောက် ကြာပြီလဲ ”

“ ဆယ်နှစ်လောက် ရှိသွားပြီ ။ အဲဒီအချိန်မှာ ဆရာ မအားတဲ့ ပွဲတွေ ကျွန်တော် ဝင်လုပ်ပေးနေတာ ကြာပြီ ”

“ ဆရာက ငွေကြေးစကား လုံးဝ မပြောတာ ကျွန်တော် သတိထားမိတယ် ”

ဦးအောင်မြင့်က ပြုံးတယ် ။

“ ဟုတ်တယ် ၊ အချို့ဆိုရင် ပေးဖို့ မေ့သွားတာ ရှိတယ် ။ ဟိုတစ်လောက အလှူပွဲကြီး တစ်ပွဲ ခမ်းခမ်းနားနား လုပ်ပေးပါဆိုလို့ လုပ်ပေးလိုက်တာ ။ ပွဲပြီးတော့ ကျွန်တော့် ကို ကန်တော့ဖို့ မေ့သွားတယ် ။ ကျွန်တော် မပြောဘူး ။ ဒါပေမဲ့ ကိုယ့် စေတနာ ၊ သူ့ စေတနာ အများစုက တုံ့ပြန်တာ ကောင်းပါတယ် ”

“ အလုပ် လုပ်တဲ့အခါ timing မကိုက်လို့ ချွေးပြန်ရတာ ရှိဖူးလား ”

“ တော်တော် များပါတယ် ။ မျက်နှာ ပျက်ရတဲ့ အဖြစ် တစ်ကြိမ် ရောက်ဖူးတယ် ။ အဲဒီနေ့ က သုံးပွဲ ရှိတယ် ။ ကျွန်တော်က ပွင့်ပွင့်လင်းလင်း ပြောပါတယ် ။ ဘယ်ပွဲ ရှိတယ် ၊ ဘယ်ကူးရမယ် ၊ ခင်ဗျားတို့ ဘက်က ကျစ်ကျစ်လျစ်လျစ် စီစဉ် ပေးပါ ။ ကြိုတာ တိတိကျကျ ကြိုပါ ၊ ပြန်ချိန်လည်း ကား စီစဉ်ပေးထားပါ ပြောထားရတယ် ။ အကုန် အကိုက်လုပ်ထားတာ ။ ရှေ့ပွဲက အဆင်သင့် မဖြစ်လို့ နောက်ပွဲ အချိန်ကိုက် မရောက်ဘဲ စိတ်ဆိုးတာ ရှိတယ် ”

“ သူတို့ တုံ့ပြန်မှုက .. ”

“ ကျွန်တော့်ကို လောဘကြီးတယ် ထင်တာ ၊ ကျွန်တော်က ကြေး မပြောဘဲ လုပ်တဲ့သူ ၊ လူတွေက ရက်ကောင်းတာ ရွေးလို့ ရက်ကောင်းတဲ့ ရက် ထပ်တော့တာ ၊ မကောင်းတဲ့နေ့ တစ်ပွဲမှ မရှိဘူး ၊ ကျေနပ်အောင် လက်သင့်ခံရတာ ”

ဆရာ့ မိသားစုက တည်ခင်းတဲ့ မုန့် နဲ့ ကော်ဖီတွေကို စကားပြော ရပ်ပြီး ကျွန်တော် စားတယ် ။ ပြီးတော့ သူ့ ဘဝ အကြောင်း ကျွန်တော် စကား ဆက်ပါတယ် ။

“ မိဘတွေက ကုန်သည်ပါ ။ မိဘတွေ ဆန္ဒရှိတဲ့ အတိုင်း ဆင်တဲတိုက် ဦးပညာ ရဲ့ ဘုန်းကြီးကျောင်းမှာ ပရိတ်ကြီး ၁၁ သုတ်တို့ သင်တယ် ။ တစ်ဖက် ကလည်း မူလတန်းပညာကို သင်တယ် ။ အိမ်မှာလည်း ကျွန်တော်တို့ အဖေ က ပရိတ်တွေ ရွတ်ဖတ်နေတော့ နားထဲမှာ ကြားနေတာပေါ့ ။ ပရိယတ္တိစာပေ အခြေခံကို သင်ခဲ့ပြီးသားလို ဖြစ်တာပေါ့ ”

“ အင်ဂျင်နီယာပညာ ကျတော့ကော ”

“ ဂျီတီအိုင် တက်တယ် ၊ မြို့ပြအင်ဂျင်နီယာ ”

“ အစိုးရအလုပ် ဝင်လုပ်သေးလား ”

“ မလုပ်ဘူး ။ ကျွန်တော်တို့ ခေတ် ကတော့ ကိုယ်ပိုင် အလုပ် လုပ်တဲ့သူ ကျွန်တော် တစ်ယောက်ပဲ ရှိတယ်လို့ ပြောလို့ရတယ် ။ မြေရှိ ငွေရှိရင် အိမ် ဖြစ်မယ်လို့ ကြွေးကြော်ပြီး လုပ်တာ ၊ အလုပ်တွေ အများကြီး ရခဲ့တယ် ။ လူတွေ အင်ဂျင်နီယာနဲ့ ဆောက်ရတယ်လို့ သိလာကြပြီ ။ ကျောင်း ဆင်းဆင်းချင်း ပုံဆွဲတာ အများကြီး လုပ်ရတယ် ။ အဲဒီအချိန်က ကုန်သွယ်ရေးက အဆောက်အအုံ ဆောက်တဲ့ သူတွေကို ပစ္စည်း ရောင်းပေးတာကိုး ။ ဒီနား တစ်ဝိုက်က မြို့နယ်တွေ အကုန် ကျွန်တော့် ဆီပဲ ၊ ကျွန်တော် လုပ်ပေးတာတွေက စနစ်ကျတော့ ကုန်သွယ်ရေး ကလည်း လက်ခံတယ် ”

“ အဆင်ပြေတာပေါ့ ”

သူက ရယ်ပါတယ် ။

“ အဲဒီအချိန် မှာ စည်ပင် ရဲ့ဆောက်မိန့် ဆိုတာလည်း လူတွေက မလုပ်တတ် မကိုင်တတ်ကြတော့ လုပ်ပေးရတယ် ၊ အဆောက်အအုံဆောက်ရာမှာ ကြီးကြပ် ဆိုတာ လုပ်ရတယ် ”

“ ဆရာ ဘိသိက်လုပ်ငန်း စလုပ်တာက ၁၉၉ဝ ပြည့်လောက် ၊ ဆောက်လုပ်ရေးတွေ လှိုင်တဲ့ အချိန် ၊ ပိုက်ဆံကျုံးရနေတဲ့ အချိန် ၊ ဒီအချိန်မှာ ရလဒ်နည်းတဲ့ ဘိသိက်ကို ဘာကြောင့် တွဲလုပ်တာလဲ ”

“ နောက်ပိုင်း ဆောက်လုပ်ရေးလုပ်ငန်းနဲ့ ကျွန်တော်တို့ လုပ်တာနဲ့ မတူဘူး ။ ကျွန်တော်က လုပ်ကွက် ချပေးနိုင်တဲ့ လူကြီးတွေနဲ့ တော်တော်လေး ခင်ပေမယ့် အဲဒီ လုပ်ကွက် မလုပ်ချင်ဘူး ။ ကုမ္ပဏီ ထောင်ဖို့ ရည်ရွယ်ချက် မရှိဘူး ၊ ကန်ထရိုက်စနစ် လုံးဝ မလုပ်ဘူး ။ ကန်ထရိုက် ဆိုတာ အကျိုးအမြတ်ကို ဦးစား ပေးတာ ၊ ကျွန်တော်က ပုဂ္ဂလိကတိုက်ပဲ ဆောက်တယ် ။ ကျွန်တော် supervisor ပဲ လုပ်တယ် ။ supervisor fee ပဲ ယူတယ် ။ စံချိန်စံညွှန်းပဲ ကြည့်ပေးတယ် ။ ပစ္စည်း ဝယ်တာ ကိုယ့်ဟာကိုယ် ဝယ် ၊ ကျွန်တော့် စနစ်နဲ့ ကျွန်တော် လုပ်တာပါ ။ တစ်ဖက်မှာ ဝါသနာ အလျောက် ဘိသိက်ကို တွဲလုပ်တာ ”

“ ဘိသိက် အလုပ် ဘာကြောင့် အောင်မြင်တာလဲ ဆရာ ”

“ အရီးတောင်း ဦးလေးသိန်း တို့ ၊ ဒေါ်ထားရီ တို့ ၊ ဓာတ်ပုံမိုနာ တို့ ၊ အိုရီယင်တယ်ဟောက်စ် တို့ ၊ စောင်းမူမူသိန်း တို့ ၊ မြို့မတူရိယာအဖွဲ့ တို့က ဒီဆရာဖြင့် သင့်တော်တယ်လို့ ညွှန်းပေးကြတဲ့ စောင့်ရှောက်မှုလည်း ပါတယ် ။ အမှန်တကယ်တော့ ခက်တယ် ။ ဝင် တိုးဖို့ ကြိုးစားနေတဲ့ သူတွေလည်း ရှိတယ် ။ ကျွန်တော် ကတော့ ကံအားလျော်စွာ မိဘက ပေးလိုက်တဲ့ ဥပဓိ ၊ လက်ခံနိုင်တဲ့ ဥပဓိလည်း ပါတယ် ”

ကျွန်တော်က ဦးအောင်မြင့် ရဲ့ ရုပ်သွင် ကို ဖျတ်ခနဲ လှမ်းကြည့်မိတယ် ။ သူ့ ဥပဓိရုပ်က တည်တံ့ ခံ့ညားတယ် ။ သူ ဝတ်တာစားတာ ကလည်း အမြဲပဲ သေသပ် တည်ကြည်တယ် ။

“ လေ့လာဆည်းပူးမှုလည်း ပါတယ် ။ ကျွန်တော် ဗေဒင်ကို နှစ်နှစ်လောက် သင်ခဲ့သေးတယ် ။ ဆရာဦးကြံမောင် ဆိုတာ ကျွန်တော်နဲ့လက်ဖက်ရည် အတူသောက်ခဲ့တာ ။ သူက ဇာတာခွင်ကို ကြိုက်တဲ့ အချိန်မေး ။ အဲဒီလောက် ကျွမ်းကျင်တယ် ။ သူက ကျွန်တော့်ကို ဗေဒင် မသင်နဲ့တဲ့ ။ ဘာကြောင့်လဲ ဆိုတော့ ဗေဒင် ဆိုတာ မုဆိုးမ တို့ ၊ တစ်လင်ကွာ တို့ လာမေးတာ ။ ငြိသွားမယ် မသင်နဲ့တဲ့ ”

ကျွန်တော်တို့ ပြိုင်တူ ရယ်ကြတယ် ။

“ ဘာတွေ သင်သေးလဲ ”

“ သိုင်းသင်တယ် ။ သိုင်း တတ်ရင် တစ်ယောက် နဲ့ ချ နိုင်မယ် ။ နှစ်ယောက် နဲ့ ချ ၊ နိုင်ဦးမယ် ၊ သုံးယောက် နဲ့ ချရင်တော့ ရှုံးမှာပဲ ။ ဒါကြောင့် သိုင်း မသင်တော့ဘူး ။ ငယ်ငယ် ကတည်းက အနုပညာ ဝါသနာ ပါတော့ အမှတ် ၁ အထက်တန်းကျောင်းမှာ ၁၉၆၅ ခုမှာ တောင်မြို့က ဆရာထပ် ဆီမှာ နွေရာသီ ကျောင်းပိတ်ရက် ပလွေ သင်တယ် ။ ၁၉၆၆ မှာ အကသင်တယ် ။ နွေရာသီ ကျောင်းပိတ်ရက်မှာ ဆရာ ဂုဏ်ထူးနိုင် ၊ ဒါရိုက်တာဦးဝင်းဖေ တို့ ဆီမှာ ဟောပြောပုံ သင်တယ် ”

“ တကယ့် ဆရာတွေဆီမှာ သင်ရတာပဲ ”

“ ၁၉၆၇ ခုကျ ပတ္တလားတီး သင်တယ် ”

“ တော်တော် စုံတာပဲ ၊ အဲဒီ အခြေခံတွေက ဆရာ့ကို အခြေခံကောင်းတွေ ရစေပြီး အောင်မြင်မှု ရစေတာဖြစ်မယ် ”

ဆရာ ဦးအောင်မြင့်က ပြုံးပါတယ် ။

⎕ ကျော်ရင်မြင့်
📖အတွေ့အကြုံစုံစုံ ဘဝဇာတ်ခုံ

No comments:

Post a Comment