Friday, October 24, 2025

မြို့ဂျပိုး ( ၂၀ )


 

ရွှေခြေချင်းယဉ်ကျေးမှု ...
ရွှေခြေချင်းယဉ်ကျေးမှု ...
ရွှေခြေချင်းယဉ်ကျေးမှု ...

ကျွန်တော့် နားထဲမှာ ပဲ့တင်ထပ်နေတဲ့ အသံ ဖြစ်ပါတယ် ။ ပြီးဆုံးသွားပြီ မဟုတ်လား ။ ရုရှားတို့ရဲ့ ဆိုဗီယက်ပြည်ထောင်စုကြီး ၊ ဆိုရှယ်လစ်မဏ္ဍိုင်ကြီး ၊ ကျွန်တော်တို့ မျက်စိရှေ့မှာ ပျက်သုဉ်း သွားသလို မန္တလာရဲ့ ရွှေခြေချင်းယဉ်ကျေးမှုဟာလည်း ပြန်မလာနိုင်တော့ပါဘူး ။ ဒါဟာ ဘာဆန်းသလဲဗျာ ။ ဈေးကွက်စီးပွားရေးစနစ် အရ အဖက်ဖက်က ထိုးဖောက်လာတဲ့ ဝတ်စားဆင်ယင်မှုတွေ ၊ လူ့အသုံး အဆောင်တွေ ၊ နေအိမ်အ ဆောက်အဦးတွေ အံ့မခန်း တိုးတက် ပြောင်းလဲသွားပြီ မဟုတ်လား ။ ရွှေခြေချင်းနဲ့ ဇိမ်ခံရတာကို အရသာလို့ မမြင်ကြတော့ဘူးလေ ။

ကျွန်တော်တို့ လူငယ်တွေ အတွက်တော့ မန္တလာရဲ့ ခေတ်ရေစီးကို မြင်ရတွေ့ရတာ ချစ်သွေးကြွစေပါတယ် ။ ဒါပေမဲ့ ကိုကာလာ တို့လို ရွှေခြေချင်းယဉ်ကျေးမှုနဲ့ ကြီးပြင်းလာတဲ့ မန္တလေးသွေးစစ်စစ်တွေ ကျတော့ မန္တလာရဲ့ ခေတ်ရေစီးကို မြင်သမျှ ညည်းချင်းချ နေပါတော့တယ် ။ ပျက်စီးကုန်ပြီတဲ့ ။ မမြင်သင့်တာတွေ မြင်ရ ၊ မကြားသင့်တာတွေ ကြားရ ဖြစ်ကုန်ပြီတဲ့ ။ ကောင်မလေးတွေ ဗိုက်ပေါ် ၊ ခါးပေါ်တိုနံ့နံ့လေးတွေ ဝတ်ပြီး ကျုံးပတ်ပတ်လည်မှာ ဆိုင်ကယ် ခွစီးကုန်ပြီတဲ့ ။ မန္တလေးတောင်ပေါ်ကို စကတ်တိုတိုနဲ့ တက်ကုန်ပြီတဲ့ ။ လျှပ်ပေါ်လော်လီတဲ့ ဝတ်စားဆင်ယင်မှုတွေ နေရာအနှံ့ မြင်နေရပြီတဲ့ ။

“ ငါတို့ အဖြစ်က လေရူးသုန်သုန် ဝတ္ထုကြီးထဲက တောင်ပိုင်းသားတွေ လိုပါပဲကွာ ၊ ယဉ်ကျေးမှုတွေ အားလုံး ခေတ်ဆန်တာတွေနဲ့ လဲယူလိုက်ရပြီ ။ ငါတို့ မြို့သားတွေဟာ လောကဓံကို ဖန်တစ်ရာတေအောင် ခံနိုင်ရည်ရှိပြီးသားပါ ။ သီပေါမင်းနန်းချခံရတော့လည်း ငါတို့ အားသစ် မွေးခဲ့ကြတယ် ၊ ကရင်တွေ ဝင်လာတော့လည်း နလံပြန်ထူခဲ့ကြတယ် ၊ မီးကြီးလောင်တော့လည်း ပြန်ခေါင်းမော့ရင်ကော့ခဲ့ကြတယ် ။ အဲဒါတွေ ရင်ဆိုင်တုန်းက ရွှေခြေချင်းယဉ်ကျေးမှု မဆုံးရှုံးခဲ့ဘူး ။ အခုခေတ်ကျမှ ဖွံ့ဖြိုးတိုးတက်လွန်းလို့ ဘာမှ လုပ်လို့ မရတော့ဘူး ။ ခေတ်မီအသုံးအဆောင်တွေ နောက်ကို လိုက်ရုံမှ တစ်ပါး ဘာတတ်နိုင်မှာလဲကွာ ”

ကျွန်တော်ကလည်း လူတစ်မျိုး ။ ပြန်မရတော့မယ့် ကိစ္စတွေကို မက်မော တမ်းတတာမျိုး စိတ်ထဲမှာ သိပ်ဘဝင်မကျလှဘူး ။ ဒါဟာ ကိုယ် ဖြတ်သန်းလာရတဲ့ လောက အတွေ့အကြုံ နဲ့လည်း ဆိုင်မှာ ပေါ့လေ ။ ကျွန်တော့် ပါးစပ်က ဒီလို စကားကြီးစကားကျယ်တွေ ပြောတော့ ကိုကာလာ က မျက်မှောင်ကျုံ့တယ်ဗျ ။ လောက အတွေ့အကြုံတို့ ၊ လူ့သမိုင်း အလှည့်အပြောင်းတို့ ၊ ယဉ်ကျေးမှု အမြင်သစ်တို့ ပြောမိတဲ့အခါ ကျွန်တော့် ကို လူမမယ်လို သဘောထားပြီး သိပ်ကြားချင်ပုံ မရဘူး ။ သူ့အသက်က ကျွန်တော့် ထက် ဆယ်နှစ် ကျော်ရုံလေး ကြီးတာပါ ။ ဒါပေမဲ့ ကျွန်တော့် အတွေးအမြင်တွေကို ဦးစားမပေးချင်ဘူး ။ ကျွန်တော် ပြောတာက ဒီလိုပါ ။

သူ ပြောခဲ့သလိုပဲ လေရူးသုန်သုန် ထဲက တောင်ပိုင်းသားတွေကို ( ဒီကနေ့မှာ ) ပါဝါစွမ်း အင်ပိုင်ယာကြီးအဖြစ်နဲ့ ကျေးတွေကျွန်တွေနဲ့ ပဒေသရာဇ်စနစ်ကို ပြန်ယူဦးမလား ဆိုရင် ပြန်မယူချင်တော့မယ့် အကြောင်း ၊ နား ၊ မျက်စိ မှိတ်ထားရတဲ့ ရုရှားတို့ ရဲ့ ဆိုဗီယက်ပြည်ထောင်စုကြီးကိုလည်း ဘယ် ဆိုရှယ်လစ်သားကောင်းတွေမှ ပြန် မတောင့်တတော့မယ့်အကြောင်း ၊ ရွှေနန်းတော်ကြီး ထဲက သက်ဦးဆံပိုင် ဘုရင်စနစ် ကိုလည်း ကျွန်တော်တို့ ပြန်မဖူးမြော်လိုတော့တဲ့ အကြောင်း ၊ ဒီနေ့ခေတ်ဟာ လကမ္ဘာကို ဘယ်လောက် ပေးပြီး အလည်သွားရမလဲ ဆိုတာ အရေးကြီးလာတဲ့ အကြောင်း ၊ အနောက်ကမ္ဘာမှာ ဘာလုပ်လိုက်တယ် ဆိုတာ ကမ္ဘာ့အရှေ့ဖျားက ချက်ချင်းသိနေဖို့ အရေးကြီးကြောင်း ၊ ဂလိုဘယ် ကမ္ဘာကြီး ဘာဘာညာညာပေါ့ဗျာ ၊ ဖြီးဖြန်းတာပေါ့ ။

သူက ...

မင်း ဘာသိလို့ လျှောက်ပြောနေတာလဲတဲ့ ..

လကမ္ဘာ မသွားဘဲနေလို့ လည်း ဘာမှ မဖြစ်ဘူးတဲ့ ...

သူတို့ လုပ်သလို လိုက်လုပ်ရမှာလားတဲ့ ...

“ သူတို့ ဆီက တိုးတက်မှုတွေ တို့ကို ဖြန့်ဝေတယ် ဆိုတာ ဆင့်ပါးစပ် နှမ်းပက်သလောက် ရှိတာတဲ့ ။ ဘာအဖွဲ့အစည်း ၊ ညာအဖွဲ့အစည်း ဆိုပြီး ဆရာကြီး တစ်ဦး ပြောသလို ပြောရရင် မသာအိမ် ဖဲတက်ရိုက် ကြတာ ” တဲ့  ။ “ တို့က အကောက်လေး စားပြီး ကျေနပ်နေရမှာလား ” တဲ့  ။ သူတို့ဆီက လူတွေတို့ အရှေ့တိုင်းကို ပြန်မက်မောလို့ မြူဆွယ်နေတာတဲ့ ရေ ၊ မြေ ၊ တော ၊ တောင် သဘာဝ အရသာတွေ သူတို့မှာ ကုန်သွားလို့ တို့ကို လှမ်း မျက်စောင်းထိုး နေတာတဲ့ ။ လူ့သမိုင်း ယဉ်ကျေးမှုဟာ တို့ အရှေ့ဖျားမှာပဲ ရှိတော့တာတဲ့ ။

“ မင်း အခု ကြည့်စမ်း ငမိုး ၊ “ အသက်ကလေးရယ်တဲ့ ရှည်စေလို ၊ မန်းတောင်ရိပ်ခို ” ဆိုတာ ကနေ့ခေတ် လူငယ်တွေ နားမလည်တော့ဘူး ။ အဓိပ္ပာယ်က မန္တလေးတောင်ပေါ် ခြေလျင်တက်ကြပါ ၊ တောင်ပေါ်ရောက်ရင် လေကောင်းလေသန့်ရှူ ကြပါ ၊ တရားဘာဝနာ ပွားများကြပါလို့ ဆိုလိုတာ ။ အခု မင်းကြည့်လေ ၊ ဝေါကနဲ ၊ ဝူးကနဲ ဆိုင်ကယ်တွေ ကားတွေနဲ့ တက်ကြတယ် ။ ဟေးလားဝါးလား တောင်ပေါ်မှာ အော်ကြဟစ်ကြတယ် ။ လူကြီးတွေ အတွက် အနှောင့်အယှက် မဖြစ်ကုန်ဘူးလား ။ နား ၊ မျက်စိ နောက်စရာ မဖြစ်ကုန်ဘူးလား ။ ဘောင်းဘီဖင်ကျပ်နဲ့ မိန်းကလေးတွေ ရှုပ်ယှက်ခတ် နေမှတော့ တောင်ပေါ်မှာ ဘယ်လိုလုပ် သင့်တော်တော့မှာလဲ ”

“ ဒါကတော့ လူ့အခွင့်အရေးနဲ့ ဆိုင်တယ် ကိုကာလာ ၊ အရင်ခေတ်က ဆိုရင် ကြည့်လေ ၊ ရွှေခြေချင်း ဆိုတာ ဘူဇွာတွေမှ ဝတ်တာဗျ ။ သူတို့ ဝတ်ပြတာကို လူအများ စုက ငေးမောကြရတာ ၊ ဆင်းရဲသားတွေဟာ တော်ရုံတန်ရုံနဲ့ ရှိုးမထုတ်နိုင်ဘူး ၊ အဝတ်အစားဆိုလည်း ဟန်ကျပန်ကျ ဝတ်ဖို့ ဈေးက သိပ်ကြီးတယ် ၊ ဇာပုဝါတစ်ထည် ခြုံနိုင်ဖို့ မလွယ်ခဲ့ဘူးမဟုတ်လား ။ အခုခေတ်မှာ ဘယ်လောက်ပဲ ဆင်းရဲဆင်းရဲ ကြည့်ပျော်ရှုပျော်မယ့် အဝတ်အစားအသုံးအဆောင်တွေ ပေါသွားပြီ ။ ခင်ဗျား စဉ်းစားကြည့် ၊ အရွယ် ရောက်လာတဲ့ သာမန် မိန်းကလေး တစ်ယောက်ဆိုပါတော့ ၊ သူ့ အလှအပကို ဂုဏ် ၊ ဓန ၊ စည်းစိမ် ၊ ချမ်းသာ ၊ ပညာဂုဏ် အသိုင်းအဝိုင်းတွေနဲ့ ပူးတွဲ မပြနိုင်ဘူး ။ ဆင်းရဲနွမ်းပါးတယ် ဆိုပါ တော့ ၊ လူတော တိုးတဲ့ အခါ သူ့အလှအပကို လူမြင်သူမြင် ဖြစ်စေချင်မှာပဲဗျ ။ ဘယ်လိုပဲ ဝတ်ရဝတ်ရ သူလည်း လူမြင်သူမြင် အလှကို ရှိုးထုတ်ချင်မှာပဲ ။ ဖျင်အင်္ကျီနဲ့ ထမီဝတ်ပြီး လူတော တိုးချင်မှာ မဟုတ်ဘူး ။ အဲဒီမှာ ဈေးလည်း သက်သာ ၊ ခေတ်လည်း ဆန်တဲ့ အဝတ်အစားကို ဝတ်တော့တာပဲ ။ ကျွန်တော် ဒီမိန်းကလေးမျိုးကို အပြစ် မမြင်ဘူး ။ သူ့ဘဝကို ဖိစီးနေတဲ့ ဆင်းရဲမှုကြီး အတွက် သူ့မှာလည်း လွတ်လပ်စွာ ဝတ်စားဆင်ယင်ခွင့်တော့ ရှိရမှာပဲလေ ။ သူ့ဘဝကို ငွေရှင်ကြေးရှင်ကြီးတွေက ဈေးကွက်စီးပွားရေးနဲ့ ဖိစီးအုပ်စိုးထားတာ မဟုတ်လား ။ သူဝတ်တာစားတာကို လျှပ်ပေါ်လော်လီတယ်လို့ ပြောရင် သူ့ဘဝကို ဆင်းရဲမှုကြီးက ဖိစီးထားတဲ့ ကိစ္စကိုလည်း ပြန်လေ့လာသင့်တယ်လို့ ကျွန်တော် မြင်တယ် ။ ချမ်းသာတဲ့ လူတွေက မဟားတရား စည်းစိမ်အနတ္တ ခံစားနေပြီး ယဉ်ကျေး မှုကို ကုန်းအော်နေလို့ ကတော့ အလကားပဲ ။ လူတွေမှာ ဘူဇွာစိတ်ဓာတ် ရှိနေသမျှ လူ့ယဉ်ကျေးမှုဟာ ဘယ်တော့မှ ညှိလို့ မရဘူး ။ ချမ်းသာတဲ့ လူတွေက ကိန်းကြီးခန်းကြီးဝတ်စားဆင်ယင်ပြီး ဆင်းရဲတဲ့ လူတွေက ယဉ်ကျေးမှု ဖျက်ဆီးနေတယ်လို့ စွပ်စွဲနေမယ့် အစား ဆင်းရဲသားတွေ အတွက် ပရဟိတစီးပွားရေးစနစ်လေး ချမှတ်ပေးလို့ နည်းနည်းလေး စဉ်းစားပေးရင် သိပ်ကောင်းသွားလိမ့်မယ် ”

ဒီလို ပြောတော့ သူက ကျွန်တော့် စိတ်ဓာတ်တွေဟာ ပစ္စည်းမဲ့ဝါဒ ဖုံးလွှမ်းနေတယ်တဲ့ ။

“ ဒီမှာ ငမိုး ၊ လူဟာ တိရစ္ဆာန် မဟုတ်ဘူး ၊ နွားဟာ မြက်နဲ့ ကောက်ရိုး ကျွေးပြီး တစ်သက်လုံး ထားလို့ ရတယ် ၊ လူမှာ ကံရှိတယ်ကွ ၊ ဆင်းရဲတာနဲ့ ချမ်းသာတာကို ကံက ညှိပေးတာ ၊ ဆင်းရဲတဲ့ လူတွေကို ဘယ်လိုမှ ချမ်းသာအောင် လုပ်ပေးလို့ မရဘူး ၊ မင်း ပြောတာတွေက လူတန်းစား ညှိတဲ့ ကိစ္စတွေ လူ့ယဉ်ကျေးမှုနဲ့ ဘာမှ မဆိုင်ဘူး ”

မပြောတော့ဘူးဗျို့ ။

ပါးစပ်ထဲ ရှိလို့ သာ လျှောက်ပြောတာ ။ ကျွန်တော်လည်း ဒါတွေ သိပ် စိတ်ဝင်စားတာတော့ မဟုတ်ပါဘူး ။ ငြင်းကြ ၊ ခုန်ကြ ၊ စကားနိုင် လုကြလို့သာ ကြားဖူးနားဝ ရှိတာတွေ လျှောက်ပြောရတာ မဟုတ်လား ။ ဟုတ်တာ ၊ မဟုတ်တာ ဘယ်စဉ်းစားနေမလဲဗျာ ။ ကိုယ့်စကား အသာရမလားလို့ ပြုံးကြည့်မိတာ ၊ မရတော့လည်း ဆက်ငြင်း မနေချင်တော့ဘူး ။ အံမယ် ... ကျွန်တော် အရှုံးပေးပြီ ဆိုတော့မှ ကိုကာလာက ချီးမွမ်းပါလေရော ။

“ ဟွန်း ... ဟွန်း ...မင်းက မဆိုးပါဘူး ၊ ငါ တွေ့ဖူးသမျှ လူငယ်တွေ ထဲမှာ တော်တော် ဗဟုသုတစုံသားပဲ ။ အေးပေါ့ကွာ ၊ မင်းလည်း ငါ့အရွယ် ရောက်ရင် ငါ့လို ခံစားချက် ဖြစ်လာမှာပေါ့ ၊ ငါ ဘာလို့ ရွှေခြေချင်းယဉ်ကျေးမှုကို ပြန်တောင့်တသလဲ ဆိုတာ မင်း သိလာမှာ ပါ ” တဲ့ ။

သူ တကယ် ကြေကြေကွဲကွဲ ပြောလာတော့ သူ့ကို ကြည့်ပြီး ဆန့်ကျင်ဘက်စကားတွေ ပြောမထွက်တော့ဘူး ။ မန္တလေးသားတွေဟာ သူတို့ မန္တလာမြေကို အသည်းခိုက်အောင် ချစ်ခင်တာကို ကြားဖူးနေတာ ကြာပါပြီ ။ စာတွေ ၊ ကဗျာတွေ ၊ သီချင်းတွေ ၊ ရုပ်ရှင်တွေထဲမှာပဲ တွေ့ဖူး ၊ မြင်ဖူးပါတယ် ။ ရာဇဝင်ထဲက မြို့တော် ဆိုတော့ သူတို့ ခံစားချက်တွေဟာ စာဖွဲ့လို့ သိပ်ကောင်းနေပါတယ် ။ ကျုံး ရှိတယ် ၊ နန်းမြို့ရိုး ရှိတယ် ၊ ဂေါဝိန်ဆိပ် ရှိတယ် ၊ မန္တလေးတောင် ရှိတယ် ။ ပြီးတော့ လွမ်းစရာဆွေးစရာ ဇာတ်ကြောင်းလေးတွေကလည်း ခပ်များများ ရှိကြပါတယ် ။ ကျွန်တော်တောင်မှ ကျုံးရေပြင် နဲ့ နန်းမြို့ရိုးကြီး ကို ကြည့်ပြီး လွမ်းသလိုလို ၊ ဆွေးသလိုလို ဖြစ်မိသေးတယ် ။ အမျိုးစပ်ရရင် အဖေက မန္တလေးသား မဟုတ်လား ။ ကိုယ့်ကိုယ်ကိုယ် ရာဇဝင်မြို့တော်နဲ့ ဆွေမျိုးစပ်လိုက်ရင် စိတ်ထဲမှာ ဘာလိုလို ၊ ညာလိုလို ဖြစ်မိပါတယ် ။ ဒါပေမဲ့ စောစောက ပြောသလိုပေါ့ဗျာ ၊ ယဉ်ကျေးမှုမှာ ကွဲလွဲချက်တွေဟာ သိပ်ရှိတယ် ၊ အမြင်သစ်ဆို တာရယ် ၊ ရွှေခြေချင်းယဉ်ကျေးမှုဟာ ဘူဇွာ ဆန်တယ် ဆိုတာရယ် ဒါကို ကျွန်တော် ပြန်စဉ်းစားကြည့်တယ် ။

ကျွန်တော်တို့ဟာ ဘုရင်ကို မုန်းတာမှ မဟုတ်ဘဲ ။ သက်ဦးဆံပိုင်စနစ်ကို လူ့ယဉ်ကျေးမှု အမြင်သစ်က လက်မခံတော့တာ သက်သက်ပါ ။ ကိန်းကြီးခန်းကြီး နိုင်လွန်းလာရင် ရေရှည်မှာ တည်မြဲဖို့ မလွယ်ဘူး ။ ရွှေခြေချင်းယဉ်ကျေးမှုဟာ ကိန်းခန်း ကြီးလွန်းတယ်လို့ ကျွန်တော် ထင်တယ် ။ လူတန်းစား အားလုံးအတွက် မျှဝေ ကိုယ်စားမပြုဘူး ။ တစ်မျိုးသားလုံးကို ကိုယ်စားပြုတဲ့ ယဉ်ကျေးမှု မဟုတ်ဘူး  ။ ဒါကြောင့်ပါ ။

ကဲ .. ထားပါတော့ ။

ရာဇဝင်တို့  ၊ လူ့သမိုင်းတို့ ယဉ်ကျေးမှုအမြင်သစ်တို့ ဆိုတာ ကျွန်တော့်လို တက္ကစီသမားပါးစပ်က ပြောလို့ သိပ်တင့်တယ်လှမယ် မထင်ဘူး ။ ပြီးတော့ ဒါတွေဟာ ငြင်းရခုန်ရတိုင်း ရန်ဖြစ်ရတာချည်းပဲ မဟုတ်လား ။ ဒါကြောင့် ဆက်မငြင်းတာ ကောင်းမယ် ။ ပုဆိုးနဲ့ တိုက်ပုံနဲ့ တည်မြဲနေတာမို့ မိန်းမချောလေးတွေကို ရန်မရှာချင်တော့ဘူးဗျို့ ။ ရန်ရှာရမယ် ဆိုရင် ခင်မေနွယ် နဲ့ ဝေးသွားမှာပေါ့ ။ သူက ဆံပင်တိုတို ညှပ်မယ် ၊ ရှပ်အင်္ကျီပွပွ ဝတ်မယ် ၊ ဘောင်းဘီရှည် ဝတ်မယ် ၊ ခင်ဗျားနဲ့ ကျွန် တော် သုံးနှုန်း ပြောဆိုမယ် ၊ ဝါးကနဲ ဟားကနဲ ရယ်မယ် ။ ဒါတွေက သူ့စတိုင် မဟုတ်လား ။ အမယ်လေးလေး ၊ သူတို့ ကျောင်းပရိဝုဏ်ထဲမှာလည်း ခေတ်ဆန် ကုန်ပြီဗျို့ ။ ရတနာပုံတက္ကသိုလ်ကြီး ထဲမှာ မချောတွေ အိုက်တင် ထုတ်နေတာများ ဘာလို့ ကောင်းသလဲ မမေးနဲ့ ။ အသက်ကလေးတွေကလည်း လှသွေးကြွ အရွယ်လေးတွေ မဟုတ်လား ။ ဝတ်တာ စားတာကလည်း သိပ်ခေတ်မီတယ် ။ ပြောပုံဆိုပုံ ၊ နေပုံထိုင်ပုံ လေးတွေ ကလည်း အပြင်က မချောတွေလို မျက်စောင်းထိုးမလို့ ချည်း စောင့်နေတာ မဟုတ်ဘူး ။ “ ပဲ ” သိပ်မများတဲ့ ဟန်ပေါ့ဗျာ ။ တက္ကသိုလ်ပရိဝုဏ်ထဲ ရောက်လာကြရင် ဒီလို ဟန်လေးတွေ မြင်ရတာ ဆန်းတော့ မဆန်းပါဘူး  ။ လောဘမီး ၊ ဒေါသမီး ၊ မောဟမီးတွေ ပြင်းပြင်းထန်ထန် လောင်မြိုက် မခံရတဲ့ ကျောင်းသား ၊ ကျောင်းသူတွေကို ကြည့်ပြီး ကျွန်တော် အလိုလို တွန့်နေမိတယ် ။

သူတို့ကို လောကကြီး အကြောင်း ၊ လူတွေ အကြောင်း ၊ ဟို အကြောင်း ၊ ဒီ အကြောင်း မသိရ ကောင်းလားလို့ အပြစ် မမြင်စေချင်ဘူး ။ ဒါမှလည်း တက္ကသိုလ် ကျောင်းတော်သားရဲ့ လွတ်လပ်မှု ၊ ပွင့်လင်းမှု ၊ ရိုးသားမှု ကိုယ်တွေ့ အသိတရားတွေ ရမှာ ကိုး ။ တက္ကသိုလ် ကျောင်းတော်ကြီး ထဲမှာ ဘဝအမြင်သစ်တွေ ၊ မိတ်သစ်ဆွေသစ်တွေ ရှာဖွေဖို့ အတွက် လွတ်လပ်ပျော်ရွှင်နေတာကို မြင်ပြီး မြန်မာဗီဒီယိုကားတွေကို ကျွန်တော် သွားသတိရမိတယ် ။ အပြင်မှာ တကယ် တွေ့ရတဲ့ တက္ကသိုလ် ကျောင်းတော်သူ ကျောင်းတော်သားတွေဟာ ဗီဒီယိုကားထဲကလို မဟုတ်ကြပါဘူး ။ သမီးရည်းစား အဖြစ် အပျက်လေး တွေတော့ ရှိကြပါတယ် ။ လွမ်းစရာ ၊ ဆွေးစရာလေးတွေလည်း ရှိသင့်သလောက်ရှိကြပါတယ် ။ ဒါပေမဲ့ တစ်ယောက် နဲ့ တစ်ယောက် ချစ်ဖို့ ကြိုက်ဖို့ အရေး ဘေးနားက မဟားတရား ဝိုင်းဝန်းပံ့ပိုးပေးတာတွေ ၊ အကွက်ကျကျ ဗရုတ်ကျတာတွေ ၊ ကျားနဲ့ မ တကယ့် ဆယ့်နှစ်ကြိုးကဝေ တွေလို မာယာ ပြိုင်တာတွေ ၊ လှည့်စားတာတွေ ကျတော့ ဗီဒီယို ထဲမှာ လွန်လွန်းတယ်လို့ ထင်ပါရဲ့ ။ Black ကိစ္စတွေဟာ သရုပ်ဆောင် လောကမှာသာ ရှိပါလျက် ဘယ့်နှယ် တက္ကသိုလ် ကျောရိုးခံထားတဲ့ ဇာတ်ကားတွေထဲ ထည့်ထည့်ရိုက် နေတာလဲ ။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ရန်ကုန်မှာ ရှိစဉ်က ရဟန်းစာဆို တစ်ပါး ကိုယ်တိုင် ဇာတ်ညွှန်းရေးတဲ့ လူငယ်တစ်ဦးကို တွေ့တဲ့ အခါ ပြောချင်တယ်လို့ ကျွန်တော့်ကို ပြောဖူးပါတယ် ။

မြန်မာဗီဒီယိုကားတွေ ကြည့်လိုက်ရင် တစ်ဦးကောင်း ၊ နှစ်ဦးကောင်းကို အဓိကထားပြီး ဇာတ်ရံတွေက အရေးတယူ ပံ့ပိုးပြီး ပြောကြဆိုကြတာတွေ မြင်တော့ တကယ့် တက္ကသိုလ်ကျောင်းတော် ထဲမှာ ဒါမျိုးတွေချည်း ရှိနေတာမှ မဟုတ်တာ ။

ကျွန်တော် စဉ်းစားကြည့်တယ် ။ မြန်မာသရုပ်ဆောင်တွေ အတွက် ဒီကိစ္စဟာ ရိုးရာ ဖြစ်နေပုံရတယ် ။ ဟီးရိုးဝါဒ သဘောပေါ့ ။ တစ်ဦးကောင်း ၊ တစ်ယောက်ကောင်း ကို ဦးစားပေးလွန်းတော့ တကယ့် လက်တွေ့ဘဝနဲ့ ကွာဟတဲ့ ဇာတ်ကွက်တွေ ပေါ်လာတယ် ။ ကြာတော့ ဒီ သရုပ်ဆောင်ဟာ ဘာမှ မချဲ့ထွင်တတ်တော့ဘူး ။ သူ့ထက်သူ စွမ်းတဲ့ လူ ပေါ်လာရော ။ ပရိသတ် ကလည်း မေ့ရော ။ နာမည်ကျော်စဉ် ခဏသာ ထင်ရာစိုင်းပြီး ရိုက်ချင်သလို ရိုက်ခဲ့သမျှ နာမည်ကျချိန်မှာ ဘာဆို ဘာမှ မလုပ်တတ် တော့ဘူး ။ အဲဒီမှာ ဒုက္ခတွေ့တော့တာပဲ ။ ဟီးရိုးဝါဒနဲ့ ရိုက်ခဲ့သူ ဆိုတော့ တခြား ဇာတ်ကောင် နေရာက ဝင်ရိုက်ဖို့ ဘဝင်မကျ ဖြစ်ရတာရယ် ၊ နောင်တ ရတာရယ် ရောပြီး တရားနဲ့ ရပါတော့တယ် ။ တကယ်လို့သာ ဇာတ်ကား တစ်ကားဟာ ညီညွတ်မျှတတဲ့ ဇာတ်ကွက်တွေနဲ့ သရုပ်ဆောင် အင်အား ညီမျှမယ် ဆိုရင် ဟီးရိုးဝါဒလည်း ရှိတော့မယ် မထင်ဘူး ။ သရုပ်ဆောင်ကောင်း ရှားပါးမှုလည်း ဖြစ်လာတော့မယ် မထင်ဘူး ။ အနုပညာ ၊ အနုပညာလို့ ကုန်းအော်ပြီး လက်တွေ့ မကျတဲ့ ဇာတ်ကားတွေ ၊ ငွေကြေးအတွက် ရိုက်နေကြတာ မြင်တော့ ကြာရင် မြန်မာဗီဒီယို ကားတွေ ပရိသတ်ကို လွှမ်းမိုးနိုင်တော့မှာ မဟုတ်ဘူးလို့ မြင်မိပါတယ် ။ သရုပ်ဆောင်တွေရဲ့ ကိုယ်ကျင့်တရား ဆိုတာ သူ သရုပ်ဆောင်ရတဲ့ ဇာတ်လမ်းဇာတ်ကွက် ပေါ်မှာလည်း နည်းနည်းပါးပါးတော့ မှီခိုမှာပါ ။

ဇာတ်ကားတစ်ကားမှာ အဓိက သရုပ်ဆောင် လုပ်သူဟာ သူတောင်းစားပဲ သရုပ်ဆောင်ရ ဆောင်ရ ၊ စန္ဒာလပဲ သရုပ်ဆောင်ရ ဆောင်ရ ၊ ဆင်းရဲသား ၊ လမ်းဘေးဈေးသည် ၊ ခါးပိုက်နှိုက် ၊ သူခိုး ၊ ဓားပြ ၊ အပယ်ခံ ၊ ငမွဲ - ဖြစ်ချင်ရာ ဖြစ် နောက်ဆုံး မင်းသားနဲ့ မင်းသမီး ညားရမယ် ဆိုတာ သိနေမှတော့ သူ့ ဆောင့်ကြွားကြွားဟန်က ပျောက်ပါဦးမလား ။ ဒီကိစ္စဟာ ပြင်ပမှာပါ သရုပ်ဆောင်ရဲ့ စိတ်ပိုင်းဆိုင်ရာကို ရိုက်ခတ်နိုင်ပါတယ် ။ နေရာတကာမှာ ကိုယ်ဟာ ပဓာနကျတယ် ဆိုတဲ့ အစွဲမျိုး ဝင်ကောင်း ဝင်သွားနိုင်ပါတယ် ။ မာန် ပေါ့ဗျာ ၊ ငါ မှ ငါ ဆိုတဲ့ မာန်ကြောင့် ကျန်တဲ့ သရုပ်ဆောင်တွေ အပေါ်မှာ ရော ၊ မိသားစု အပေါ်မှာ ရော ၊ အသိုင်းအဝိုင်း အပေါ်မှာ ရော ၊ နောက်ဆုံး ဒါရိုက်တာ အပေါ်မှာ ပါ မာန် မာန ဖုံးလွှမ်းပြီး ဘဝင်မြင့် သွားနိုင်ပါတယ် ။ အဲဒီအခါ သရုပ်ဆောင်ကောင်း ဘဝကို ဆုံးရှုံးရပြီပေါ့ ။ ဒီမာန်မျိုးဟာ လူကို အင်မတန် ဒုက္ခပေးပါတယ် ။ ကျွန်တော်တောင် တစ်ခါတလေ ကိုယ့် ကိုယ်ကိုယ် သိပ်ဟန်လှပြီလို့ စိတ်ကြီး ဝင်နေတဲ့အခါ စာတစ်ပုဒ်တောင် ကောင်းကောင်း ဖတ်လို့ မရဘူး ။ အခုလည်း ကြည့်ပါလား ။ တက္ကစီသမား လုပ်ပြီး ကိုယ် နဲ့ မဆိုင်တာတွေ လျှောက်လျှောက် ပြောနေမိပြီ ။ ဘာရယ်တော့ မဟုတ်ပါဘူး ။

တစ်ခါတလေ ကိုယ် ဘယ်လောက် သိတယ် ၊ တတ်တယ်လို့ အာတွေ့ပြီး ပြောနေတာလေးကိုက အရသာ တစ်မျိုး ဖြစ်နေတာကိုး ။ ဒီလိုမှ မပြောရင် လူ့ဘဝဟာ အာခြောက်ပြီး သေသွားမလား မသိဘူး ။

▢  မာန် ( တောင်လုံးပြန် )
📖 မြို့ဂျပိုး

No comments:

Post a Comment