❝ လေးထောင့်ကြယ် ❞
( ဝင်းဖေ )
ဂျွန်ဖစ် ( ဇ် ) ဂျယ်ရယ် ( လ ) သည် သားရေဖုံးဖြင့် ခန့်ညားစွာ ချုပ်လုပ်ထားသော သဘောတူ စာရွက်စာတမ်း ဖိုင်ကြီးတွင် ဂုဏ်ယူဝင့်ကြွားစွာ နောက်ဆုံး လက်မှတ်ကို ရေးထိုး လိုက်သည် ။
အေအိုင်ဒီအက် ( စ ) ရောဂါနှင့် ပတ်သက်၍ သုတေသန လုပ်ငန်းကြီးအတွက် ဒေါ်လာ ဆယ်သန်း အလွယ်တကူ လှူဒါန်းလိုက်သည် ။
ဖီလာဒယ် ( လ ) ဖီးယား ပြည်နယ်ဘုရင်ခံသည် ပီတိဖြင့် အားရပါးရ ပြုံးလိုက်၏ ။ ဘုရင်ခံကတော်က မစ္စက်ဂျွန်ဖစ် ( ဇ် ) ဂျယ်ရယ် ( လ ) ၏ လက်ကို ဆုပ်ကိုင်ထားရာမှ ဟန်ပါပါနှင့် တင်းတင်းကလေး ဖျစ်ညှစ်လိုက်သည် ။
ဘုရင်ခံကြီး ကျေးဇူးတင် စကား မြွက်ကြားနေချိန်တွင် မစ္စတာ ဂျွန်ဖစ် ( ဇ် ) ဂျယ်ရယ် ( လ ) ၏ စိတ်တို့သည် ရုတ်တရက် အာဖရိကတိုက် တစ်နေရာသို့ ပျံ့လွင့်သွားသည် ။
မေဂျာဝီ ( လ ) ဆင် နှင့် ကြေးစားတပ်ဖွဲ့များသည် ဒေသခံ လွတ်မြောက်ရေး ခေါင်းဆောင်၏ တောတွင်းဌာနချုပ်ကို ယခုအချိန်လောက် ဆိုလျှင် စီးနင်းတိုက်ခိုက် နေလောက်ပြီ ။ လွတ်မြောက်ရေး ခေါင်းဆောင် အမ် ( မ ) စလိုပိုးဂတ် ( စ ) ၏ ရင်ပြင် တစ်ခုလုံး သွေးချင်းချင်း နီနေလောက်ပြီ ။ မေဂျာဝီ ( လ ) ဆင် နှင့် ကြေးစားတပ်ဖွဲ့သည် နောက်ဆုံးပေါ် အော်တိုမက်တစ် သေနတ်များဖြင့် မည်းမည်းမြင်ရာ စွတ်ပစ် စွတ်သ,တ် စီးနင်း တိုက်ခိုက်ကြပေလိမ့်မည် ။ တောတွင်းစခန်းကို အပြီးသတ် ချေမှုန်းခြင်း အတွက် နာရီဝက်သာ အချိန် ပေးထားသည် ။ ပြီးစီးသည်နှင့် တစ်ပြိုင်နက် စခန်းအတွင်းမှ မီးကျည်ဖောက်၍ သယ်ယူပို့ဆောင်ရေး ရဟတ်ယာဉ်များကို ခေါ်ယူကြပေလိမ့်မည် ။
ရုတ်တရက် ဝင်ရောက် စီးနင်း တိုက်ခိုက်ရေးအဖွဲ့ဝင် အားလုံးသည် တောတွင်း ဟင်းလင်းပြင် မြက်တောဘက်သို့ ရဟတ်ယာဉ်များနှင့် ဆုံရန် အသင့် ထွက်လာကြပေလိမ့်မည် ။ သည်အချိန်တွင် အရှေ့ဘက်၌ ကပ်လျက် ရှိသော ပွန်မန်ဂျားလန်း တောင်ကုန်းကို ကျော်၍ ဟယ်လီကော်ပတာ နှစ်စင်း ထိုးဆင်းလာကြလိမ့်မည် ။ ကွင်းပြင်၌ အသင့် စောင့်နေကြသော ကြေးစားတပ်ဖွဲ့ တစ်ခုလုံးကို ရုတ်တရက် စက်သေနတ်များဖြင့် ပစ်ခတ် ၊ ဗုံးများ ကြဲချပြီး ချေမှုန်း လိုက်ကြပေလိမ့်မည် ။ မေဂျာဝီ ( လ ) ဆင် နှင့် အဖွဲ့သည် မမျှော်လင့်ဘဲ ရုတ်တရက် သစ္စာအဖောက် ခံကြရပေလိမ့်မည် ။ ဝီ ( လ ) ဆင် သည် မသေမီ အချိန်ပိုင်းကလေး အတွင်း ဂျွန်ဖစ် ( ဇ် ) ဂျယ်ရယ် ( လ ) အား အညစ်ပတ်ဆုံး စကားများဖြင့် ကျိန်ဆဲသွားပေလိမ့်မည် ။
မည်သို့ဆိုစေ ဂျွန်ဖစ် ( ဇ် ) ဂျယ်ရယ် ( လ ) ၏ အာဖရိက ရင်းနှီးမြှုပ်နှံမှု ကို ဆယ်ဆတိုးချဲ့ လိုက်ရန် အဆင်သင့် ဖြစ်ပေတော့မည် ။
ပင်စင်စား အရာရှိကြီး ဦးဘိုးချိန် သည် ထူထဲသော စာအုပ်ကြီးထဲမှ အကြောင်းအရာများတွင် နစ်မွန်းနေသည် ။ သို့သော် မျက်လုံးများက ပင်ပန်းလာသည် ။ စာများ မှုန်ဝါးလာသည် ။ ခေတ္တ အနားယူရန် လိုလာသည် ။ ဦးဘိုးချိန် ၏ အသက်ကလည်း ခုနစ်ဆယ့်ခြောက်နှစ် ကျော်ခဲ့ပြီ ဖြစ်သည် ။ ထူထဲသော စာအုပ်ကြီးကို ရင်ဘတ်ပေါ်သို့ အသာ တင်လိုက်သည် ။
“ ဘာအဓိပ္ပာယ်မှ မရှိဘူး ၊ ပြောမရ ဆိုမရနဲ့ ၊ ခက်ပါတယ် ၊ ဉာဉ်ကိုက ဆိုးတာ ၊ သူ့အတွက် ပူလိုက်ရတာ ၊ ဒါ မလုပ်ပါနဲ့ဆိုရင် ဒါမှ ရွေးလုပ်တော့တာပဲ ။ ဘယ့်နှယ့်တော် ၊ ဘယ်လိုတွေမှန်းကို မသိပါဘူး ”
ဇနီးသည်၏ ဗျစ်တောက်ဗျစ်တောက် ဆူညံသံကြောင့် ဦးဘိုးချိန် မော့ကြည့်သည် ။
“ အမှတ်သညာကို မရှိတာပါတော် ၊ တကတဲ ကြုံကြုံဖူးပါဘူး ၊ ကျုပ်တို့လည်း ငယ်ရာက ကြီးလာတာပါပဲ ၊ မလုပ်ပါနဲ့ ဆိုမှ လုပ်ချင်တယ် ၊ မသွားပါနဲ့ ဆိုကာမှ သွားတယ် ၊ ခဏနေရင် နေပူတော့မယ့်ဟာကို မဖြစ်ဘူး ၊ မဖြစ်ဘူး ၊ စိန်အိ လာရင် နင့်သား ပြန်ခေါ်သွားတော့ ဆိုပြီး ပြန်ထည့်လိုက်တာပဲ ကောင်းတယ် ”
“ နေစမ်းပါဦး ၊ မင်း ဘာတွေ လာ ပြောနေတာလဲ ”
“ ဘာရမှာတုန်း ၊ ရှင့် မြေး ဖိုးချို လေ ၊ အိမ်ရှေ့ ဆင်းပြီး ဖုန်တွေထဲမှာ ဆော့နေပြန်ပြီရှင့် ”
“ ဪ … အဲဒါများကွာ ၊ သူ့ ပြောရမယ့်ကိစ္စ သူ ကြားအောင် သွား ပြောမှပေါ့ကွ ၊ နေပူထဲ ဖုန် ထဲ သဲထဲမှာ မကစားစေချင်ရင် မကစားနဲ့ လာတော့ ၊ တက်ခဲ့တော့လို့ သွားပြောမှပေါ့ကွ ”
“ မဟုတ်ပါဘူး ၊ ကျုပ် ဟာကျုပ် ဘယ်လို ပြောပြော ၊ ဘယ်မှာ ပြောပြော ၊ မပြောရတော့ဘူးလား ”
“ မဟုတ်ဘူးလေကွာ ၊ ငါက ဘာမဆိုင် ညာမဆိုင်နဲ့ နားငြီးတယ်ကွ ၊ လိုရင်း တိုက်ရိုက် လုပ်စမ်းပါကွာ ၊ ဒီမှာ စာဖတ်နေတဲ့ဟာ ၊ အေးအေးဆေးဆေး ဖတ်စမ်းပါရစေ ”
“ ရှင့် ဘယ်သူက နားထောင်ခိုင်းနေလို့တုံး ၊ ကျုပ်ဟာ ကျုပ် ပြောတဲ့ ကိစ္စဟာကို ”
ဒေါ်မြကြည် သည် ဘာကို မဆို မှားမှားမှန်မှန် လွယ်လွယ်နှင့် အလျှော့ပေးတတ်သူ မဟုတ် ။ ဦးဘိုးချိန် သတိရသွားသည် ။ ထို့ကြောင့် ဘာမှ ဆက် မပြောတော့ဘဲ ပက်လက်ကု,လားထိုင်မှ ထ၍ စာအုပ်ထူကြီးကို စားပွဲပေါ် သို့ တင်ခဲ့ပြီး အိမ်ရှေ့သို့ ထွက်ခဲ့သည် ။
ဖိုးချို သည် ဖန်ပေသီး သုံးလုံးနှင့် မြေကျင်းကလေး သုံးကျင်း၌ တစ်လှည့်စီ လှိမ့် သွင်းရင်း တစ်ယောက်တည်း စိတ်ပါလက်ပါ ကစား နေသည် ။
ဦးဘိုးချိန် သည် ဝရန်တာ လက်ရန်း၌ လက်ထောက် ရပ်ရင်း ဖိုးချို ကို ကြည့် လိုက်သည် ။ အဘွား လုပ်သူ ပြောသည့်အတိုင်း နေက ပူစပြုပြီ ။ ဖိုးချို ချွေးနှင့် ဖုန်နှင့် လုံးနေသည် ။ ကစားနေသည်မှာ အတော် ကြာလောက်ပြီ ။
“ ဖိုးချို ၊ တော်လောက်ပြီ ၊ လာ ... တက်တော့ ”
ဖိုးချို က လုံးဝဂရုမစိုက် ၊ ကစားမြဲ ကစားနေသည် ။
“ ဟေ့ကောင် ဖိုးချို ၊ တော်ပြီလို့ ဆိုနေ ”
ဖိုးချို က မော့၍မျှပင် မကြည့် ။
“ ဖိုးချို ၊ မင်း ခုချက်ချင်း တက်မှာလား ၊ မတက်ဘူးလား ”
ဖိုးချို က လုံးဝ အရေး မလုပ် ။
“ ဟေ့ကောင် ၊ ပြောနေတာ မကြားဘူးလား ”
ဖိုးချို က မကြား ၊ သို့မဟုတ် အရေးမလုပ် ။
“ ဒီကောင်တော့ မဖြစ်ပါဘူး ၊ အဆော် ခံရမှ အေးမယ့်ကောင်ပါ ၊ ဘယ်မလဲဟေ့ ကြက်မွှေး ”
ဦးဘိုးချိန် ဧည့်ခန်းတွင်းသို့ ပြန် ဝင်သွားပြီး ကြက်မွှေး သွား ရှာသည် ။ ဒေါ်မြကြည် က စားပွဲ အောက်တွင် ကပ်နေသော ကြက်မွှေးကို ယူပြီး ဦးဘိုးချိန် လက်သို့ ထည့်ပေးလိုက်သည် ။
ဦးဘိုးချိန် က ဝရန်တာသို့ ပြန်ရောက်လာသည် ။ ဝရန်တာ လက်ရန်းကို ကြိမ်နှင့် နှစ်ချက် သုံးချက် သင်္ကြန်အမြောက် ပစ်သလို ရိုက်ပြ လိုက်သည် ။
ဖိုးချို အကစား မပျက် ။
“ ဟေ့ကောင် ဖိုးချို ၊ တစ် နှစ် သုံး ရေမယ်နော် ၊ သုံး ဆိုလို့မှ မလာရင် အရိုက် ခံရပြီသာ မှတ်ပေတာ့ ”
ဝရန်တာ လက်ရန်းကို ဖျောင်းခနဲ ရိုက်လိုက်သည် ။
“ ဟေ့ကောင် … ကြားတယ် မဟုတ်လား ”
ဖိုးချို က ကျင်း တစ်ကျင်း မှ တစ်ကျင်းသို့ ပြောင်း၍ ကစားနေသည် ။
“ ဖိုးချို ၊ စ ရေမယ်နော် ၊ ဖိုးချို တစ် ၊ ဟေ့ကောင် တစ် ရှိနေပြီနော် ... တစ် ... ”
ဖိုးချို လုံးဝ မဖြုံ ။
“ ဖိုးချို - နှစ် ၊ ဟေ့ကောင် နှစ် နော် ၊ နှစ် ရှိပြီနော် ”
ဖိုးချို က မော့၍မှ မကြည့် ။
“ ဖိုးချို ၊ သုံးတော့မယ်နော် ၊ ဟေ့ကောင် သုံး ရောက်တော့မယ်နော် ၊ ကဲ သုံးကွာ ၊ ကဲ …. ”
ဖိုးချို က ကစားမြဲ ကစား နေသည် ။
“ ဟာ … ဒီကောင် တော်တော် ခွကျတဲ့ ကောင်ပဲ ၊ ဟေ့ကောင် ဖိုးချို ပြန်ရေမယ် ၊ ဟေ့ကောင် ဒီတစ်ခါ အဟုတ် ‘ တီး ’ မှာနော် ”
ဖိုးချို က ဆက်ကစား နေသည် ။
“ ဖိုးချို ... တစ်ကွာ ၊ ဟေ့ကောင် ... တစ်နော် ၊ ဒါ ပြန်ရေတာ ၊ တစ် ရှိပြီနော် ”
ဖိုးချို က ကျင်း ပြောင်းပြန်သည် ။
“ ဖိုးချို … နှစ် ၊ နှစ် … နော် ”
ဖိုးချို က ဦးဘိုးချိန် အော်နေသည်ကို ဖုတ်လေတဲ့ ငပိ ရှိလေတယ်မှ မအောက်မေ့ ။
“ ဟေ့ကောင် ဖိုးချို ၊ သုံးတော့မယ်နော် ၊ ဟေ့ကောင် ဒီတစ်ခါ တကယ် ပြောနေတာကွနော် ၊ သုံး အော်တော့မယ်နော် ၊ ကဲ … သုံး ကွာ ”
ဒုတိယမ္ပိ ‘ သုံး ’ အော်ပြန်ပြီ ၊ ဖိုးချို ကလည်း လုံးဝ ဂရုမစိုက် ။
“ ဟာ သိပ် ခွကျတဲ့ ကောင်ပဲ ၊ ဘာကောင်မှန်းကို မသိပါဘူး ၊ တကယ်ပဲ ဒုက္ခပေးတဲ့ကောင်ပဲ ”
ဦးဘိုးချိန် သည် မြည်တွန်တောက်တီးရင်း ကြိမ်ကို လက်မှ ချခဲ့ပြီး ဝရန်တာမှ တစ်ဆင့် လှေကားတိုကလေး အတိုင်း ဆင်းခဲ့သည် ။ ပေသီး သုံးလုံးနှင့် စိတ်ပါလက်ပါ ကစားနေသော မြေးကလေး ဖိုးချို အား ကောက်ပွေ့လိုက်သည် ။ ပြီးလျှင် ဗျစ်တောက်ဗျစ်တောက် ပြောရင်း အိမ်ပေါ် သို့ ပြန်တက်ခဲ့သည် ။ ရေချိုးခန်း အတွင်းသို့ ခေါ် သွားပြီး ပေပွနေသည်များကို ဆေးကြော ပေးရဦးပေတော့မည် ။
ဦးဘိုးချိန် သည် မိမိ တစ်သက်တာ ထမ်းဆောင်ခဲ့သော တာဝန်များကို လည်းကောင်း ၊ ဇနီးသည် ဒေါ်မြကြည်၏ အကျင့်ကို လည်းကောင်း ၊ စောစောက ဖတ်နေသော ဂျွန်ဖစ် ( ဇ် ) ဂျယ်ရယ် ( လ ) ၏ အကြောင်းများကို လည်းကောင်း ၊ ဖိုးချို ကိစ္စကို လည်းကောင်း ဆက်စပ်၍ တွေးခေါ်ခြင်း မပြုပေ ။
ထိုအချိန်တွင် ဧည့်ခန်း အတွင်း၌ ဒေါ်မြကြည် တစ်ယောက် အိပ်ပျော်နေပြီ ဖြစ်ပါသည် ။
⎕ ဝင်းဖေ
📖ပေဖူးလွှာ မဂ္ဂဇင်း
၁၉၉၀ ၊ သြဂုတ်
No comments:
Post a Comment