❝ ကျောပြင်၌ မှီခွင့်ရသည် ဖြစ်စေ ❞
( မောင်အင်း - ဥက္ကံ )
“ ဟဲ့ အိပ်တော့လေ ၊ တီဗွီများ ညဉ့်နက်အောင် ကြည့်ရတယ်လို့ ”
“ အမယ်လေးတော် အလကားနေ ဖုန်းပဲ ကစားနေတာ ”
“ အဝတ်အစားတွေ ဝယ်လှချည်လား ၊ ငွေဆိုတာ စုရတဲ့အမျိုးဟဲ့ ”
အစရှိတဲ့ စကားသံတွေဟာ အဘွားကြီး စိတ်တိုင်းမကျရင် အမြဲလိုလို ပုံစု ကြားရတဲ့ အသံတွေပါ ။ အဘွားကြီး ဆိုတာက ပုံစု ယောက္ခမပေါ့ ။ ဒေါ်မြင့်မြသွယ် တဲ့ ။ အသက်က ငါးဆယ် စွန်းစွန်း ။ အပွင့်ကားတဲ့ စည်းကမ်းချက်တွေကြောင့် အတူသာနေရတယ် ၊ ပုံစု အဖို့ ရွံကြောက်ကြီး ။ စားလည်း မလွတ်လပ် ၊ အိပ်လည်း မလွတ်လပ် ။ ကိုကို့ မျက်နှာ တစ်ခုကြောင့်သာ အတူနေရတာ ။
“ အမေတစ်ခု သားတစ်ခုလေ ပုံစုရဲ့ ”
ဆိုတဲ့ ကိုကို့ စကားကို မငဲ့ရင် ပုံစု အိမ်ခွဲဖြစ်မလား မသိဘူး ။
“ တို့သားက ပြောစရာ မလိုဘူး ။ အသောက်အစား အပျော်အပါး မရှိ ။ အမေက ဒါဆိုဒါပဲ ။ ပုံစံကျအောင် ငယ်ငယ်ကတည်းက သင်ထားတာ ”
တစ်ခါတစ်ခါ အဲလိုမျိုး မဏ္ဍပ်တိုင် တက်တာလည်းရှိတယ် ။ ပုံစုယောက်ျား အနေ အထိုင် ကျစ်တာကို ပုံစု သိတာပေါ့ ။ ဒါပေမဲ့ ခက်တာက ပုံစု ကိုကို့ကို စပြီးစိတ်ဝင်စားခဲ့ရာမှာ အဘွားကြီး ပြောတဲ့ အချက်တွေ မပါဘူး ။ ပုံစု စိတ်ဝင် စားတဲ့ အချက်က ကိုကိုဟာ အားကစားသမား မို့လို့ပဲ ။ အားကစားသမားမှာ မှ ပုံစုတို့ ပြည်တက္ကသိုလ်ရဲ့ ဂုဏ်ထူးဆောင် လက်ဝှေ့အားကစားသမား ။
ပြောရရင် အားကစားထဲမှာ ပုံစု သဘောအကျဆုံး အားကစား ။ ဒါပေမဲ့ လက်ဝှေ့ကို ပုံစု စိတ်ဝင်စားတာ ကိုယ်၌က ထိုးချင်ကြိတ်ချင်လို့ မဟုတ်ဘူး ။ စက္ကန့်ပိုင်း အတွင်း ဆုံးဖြတ်ချက် မြန်မြန် ချနိုင်တာရယ် ၊ ခန္ဓာကိုယ်စွမ်း အားနဲ့ ဉာဏ်စွမ်းအား တစ်ထပ်တည်း ကျမှ နိုင်ခြေရှိတာရယ် ၊ ကြိုးဝိုင်းထဲမှာ ပြိုင်ဘက် ၊ ကြိုးဝိုင်းအပြင်မှာ မိတ်ဆွေဖြစ်ဖို့ စိတ်ဓာတ်တွေ ပျိုးထောင်ပေးနိုင်တာတွေကြောင့် သဘောကျတာပါ ။ ဖြစ်ချင်တော့ ပြည်တက္ကသိုလ်ကို ပုံစု စတက်တဲ့ နှစ်မှာ တက္ကသိုလ်ပေါင်းစုံ အားကစားပွဲက အကြီးအကျယ် ကျင်းပတာ ။ ဒီမှာ ကိုကိုက ပုံစုတို့ တက္ကသိုလ်ရဲ့ ကိုယ်စားပြု လက်ဝှေ့သမား ။ ပထမတော့ ကျောင်းသူ အသစ်ကလေး ပုံစု အဖို့ ကိုကို့ ကို မေဂျာတူမှန်း ဘယ်လာ သိမှာတုံး ။ မသိတော့ ကိုကို လည်း ရွှေတံဆိပ်ဆု ရရော ကိုယ့်ကျောင်းကိုယ်စား ဂုဏ်ယူပြီး အတင်း ဝင်လုံးမိတာပေါ့ ။ ဒီအထိ ယောက္ခမ ဆိုတာကြီးကို ပုံစု ထည့်မစဉ်းစားခဲ့ဖူးဘူး ။
“ ပုံပုံစု ပါ ၊ ပထမနှစ် ဘူမိ က ။ ဆုရတဲ့ အတွက် ဂုဏ်ယူတယ်ဗျာ ”
“ ကျေးဇူးတင်ပါတယ်ဗျာ ၊ ကျွန်တော်လည်း ဘူမိပဲ ။ ဖိုင်နယ်ကလေ ”
“ အို ဝမ်းသာလိုက်တာ ။ ပုံစုက ဒီနှစ်မှ ကျောင်းစတက်တော့ သူငယ်ချင်း နည်းတယ် ။ ပြီးတော့ ရွှေတောင်မြို့ ကနေ နေ့တိုင်း အသွားအပြန်လုပ်တော့ အချိန်က ကားပေါ်မှာတင် ကုန်တာ ။ ဘယ်မှ မသွားဖြစ်တော့ မိတ်ဆွေ နည်းတာပေါ့ ”
“ ကျွန်တော်ကတော့ သာယာဝတီသား လေ ။ မြို့သစ်ဘက်မှာ အဆောင်ငှားနေတယ် ။ အားရင် လက်ဝှေ့ပဲ ကျင့်နေတော့ ကျွန်တော်လည်း အပြင်ကို ထွက်လေ့ မရှိပါဘူး ”
ပုံစုလေ ရင်းနှီးစမှာပဲ ကိုကို့ကို စကားတွေ အများကြီး ပြောဖြစ်ခဲ့တယ် ။ ဒါပေမဲ့ ကိုကို့ မျက်နှာကိုတော့ ရဲရဲ မကြည့်ရဲပါဘူး ။ သူ့အားကစားဝတ်စုံ ကြက်သွေးရောင် လေးကိုပဲ ငေးရင်း ပြောနေမိတာပါ ။ နောက်ပိုင်းမှာတော့ ဝါသနာတူတဲ့ ပုံစုတို့ နှစ်ယောက် အတူ တွဲဖြစ်လာတယ် ။ ပိုဆိုးတာက ကိုကို လက်ဝှေ့ကျင့်တိုင်း အားကစားခန်းမကို ပုံစု လိုက်လေ့ရှိတဲ့ အဖြစ်ပေါ့ ။ ဒီလိုလိုက်ရင်း ကိုကို လေ့ကျင့်တာကို ပုံစု ထိုင်ကြည့်တယ် ။ ပုံစု မသိသေးတဲ့ လက်ဝှေ့ စည်းကမ်းချက်တွေ ကိုကို ရှင်းပြရင် ပုံစု မှတ်တယ် ။ ကိုကို ချွေးထွက်ရင် သုတ်ဖို့ တဘက်ကလေး ကိုင်ထား ခွင့်ရတာကို ပျော်တယ် ။ ဒါကြောင့် အားကစားခန်းမကို ကိုကို သွားတိုင်း ပုံစု မဖြစ်မနေ လိုက်တတ်လာတယ် ။ ပြောရရင် ဒီအချက်ကိုက ပုံစု နဲ့ ကိုကို ခိုးရာလိုက်ဖြစ်အောင် တွန်းပို့တဲ့ အချက်ပေါ့ ။
ဒီလိုဗျ အဲဒီနေ့ကလည်း တခြား အားကစားသမားတွေ နည်းတူ ကိုကို လေ့ကျင့်နေတာကို ပုံစု ထိုင်ကြည့်နေမိတယ် ။ အရပ် ရှည်တာရယ် ၊ အသားအရေ စိုပြည်တာရယ် အပြင် ကိုကို့မှာ ထပ်ပြီး စိတ် ဝင်စားစရာ ကောင်းတာက ခန္ဓာကိုယ်မှာ အဆီပို တစ်ကျပ်သားတောင် မရှိတော့ ကိုကို့ ကိုငေးရင်း ဘေးဘီကို ပုံစု မေ့နေတာပေါ့ ။ ဒီအခိုက်မှာ ပုံစုအစ်ကို အမြွှာပူး “ အစ်ကို ဘယ်သန် ” နဲ့ “ အစ်ကိုညာသန် ” ရောက်လာတာ ။
“ ဘယ်ကောင်လဲကွ ၊ ကိုကို ဆိုတာ ”
“ ငါတို့ နှမမှန်း မသိဘူးလား ၊ ဘယ်သန် နဲ့ ညာသန် အကြောင်း မကြားသေးဘူး ထင်တယ် ”
“ ကြာတယ်ကွာ ၊ ထွက်ခဲ့ ”
ရွှေတောင်ရေနံမြေမှာ အလုပ်ဝင် နေတဲ့ အစ်ကို ဘယ်သန် နဲ့ ညာသန် ဟာ ပုံစု နဲ့ ပတ်သက်ရင် လူမိုက်တွေ ။
မြို့မှာတော့ ပုံစုကို ဘယ်သူမှ မကြည့်ရဲအောင် မျက်နှာထား တင်းတင်းထားတဲ့ အစ်ကိုတွေပေါ့ ။ လက်ရဲဇက်ရဲ ကလည်း ပုံစု နဲ့ ပတ်သက်ရင် ရှိသလား မမေးနဲ့ ။ ဒါ ကြောင့် အသံလည်း ကြားရော ကိုကို့ အတွက် စိုးရိမ်ပြီး ပုံစုမှာ ဒူးတွေတောင် တုန်လာတယ် ။ ပုံစု ကသာ ဒူးတုန်တာ ကိုကို ကတော့ ချွေးသုတ်ရင်း စကားပြောနေတာ အေးအေးဆေးဆေးပဲ ။
“ ပုံစု အစ်ကိုတွေလား ကိုကို ဆိုတာ ကျွန်တော်ပါ ။ နောက်ဆုံးနှစ် ဘူမိကပါပဲ ။ တွေ့ရတာ ဝမ်းသာပါတယ် ”
“ ဟေ့ကောင် ... ဝမ်းသာစရာ မလိုဘူး ။ တို့နှမကို အားကစားခန်းမဘက် ခေါ်သွားတတ်တယ် ဆိုလို့ လာတာ ။ တို့နှမကို မထိနဲ့ကွ ”
“ ဟိုလေ ကျွန်တော်တို့ချင်း မေတ္တာမျှနေကြပြီ ”
“ ဘာကွ လာစမ်းပါ ။ ငါ့နှမနဲ့ တွဲချင်တဲ့အကောင် ငါ့အကြောင်း သိရအောင်ပြမယ် ။ ငါ့ကို ကြောလို့ ရမယ် ထင်သလား ”
ကိုကိုရဲ့ ရွှေပြည်အေးတရားမှာ အစ်ကို ဘယ်သန် ရော အစ်ကိုညာသန် ပါ လုံးဝ မပျော်ဝင်ဘူး ။ ပိုဆိုးတာက ရရာ လက်ဝှေ့အိတ် တစ်စုံ ငှား ပြီး ကြိုးဝိုင်းထဲကို အစ်ကို ဘယ်သန် ဝင်လိုက်တာ ။ အစ်ကို ဘယ်သန်ရဲ့ စိန်ခေါ်ချက် ဆက်တိုက်ထွက်လာတော့ ကိုကို လည်း မနေသာတော့ဘူး ။ ကြိုးဝိုင်းထဲ ဝင်ရတော့ တာပေါ့ ။ ဒီမှာတင် လက်ဝှေ့ စည်းကမ်းချက်တွေ နည်းနည်း နားလည်တဲ့ ပုံစုက ကြိုးဝိုင်းဒိုင် ဖြစ်သွားတာပါ ။
“ ခြေ မသုံးရဘူး ။ အောက်ပိုင်းကို မထိုးရဘူး ။ အနားတောင်းလို့ ရတယ် ။ သုံးချီပဲ ခွင့်ပြုမယ် ”
တတ်သရွေ့ စည်းကမ်းချက်တွေ ပုံစု ကြေညာတော့ ကိုကို ကသာ ခေါင်းညိတ်တာ ။ အစ်ကို ဘယ်သန် က မရဘူး ။ တစ်ချီနဲ့ အပြတ် ထိုးမယ်တဲ့ ။ အဲ ပွဲလည်းစရော အစ်ကို ဘယ်သန်က အတင်း ဖိထိုးတော့တာပါပဲ ။ ဒီနေရာမှာ ထူးခြားတာက ကိုကိုရဲ့ ခြေအရွှေ့ ၊ ခေါင်းအငုံ့ တွေကြောင့် အစ်ကို ဘယ်သန် ရဲ့ လက်သီးတွေဟာ လေထဲမှာချည်းပဲ ။ မကြာပါဘူး ။ အတင်း ဖိဝင်တဲ့ အစ်ကိုဘယ်သန်ဟာ ကိုကို့ ထောက်လက်သီးကြောင့် အရှိုက်ကို ထိပြီး ဗုန်းဗုန်းလဲတော့တာပါပဲ ။
အစ်ကိုဘယ်သန် လဲ အကျမှာတော့ အစ်ကိုညာသန် ထပ်ဝင်လာတယ် ။ သူနဲ့ ထိုးမယ်တဲ့ ။ သူ့ ကြည့်ရတာ အစ်ကို ဘယ်သန် လဲကျသွားတာကြောင့် အတော်ဒေါသ ထွက်နေပုံပဲ ။ အသားတွေတောင် ဆတ်ဆတ်တုန်နေတယ် ။ ပုံစု ဆို ဒိုင်သာ လုပ်ရတာ သူ့ကို ကြည့်ပြီး ကြောက်တောင်လာတယ် ။ ပုံစု ကသာ ကြောက်နေတာပါ ။ ကိုကို့ ကြည့်ရတာက အေးအေးဆေးဆေးပဲ ။ အစ်ကို ညာသန် ထိုးသမျှကို ခြေ အနုတ်အသိမ်းတွေနဲ့ ဝေ့ဝဲပြီး ရှောင်တယ် ။ ဖိထိုးလေ ရှောင်လေ ၊ လိုက်ထိုးလေ တိမ်းလေ လုပ်ရင်း တစ်ချက်မှာတော့ ညာဝိုက် လက်သီးပြင်းပြင်းဟာ အတင်း ဝင်လာတဲ့ အစ်ကိုညာ သန်ရဲ့ ဘယ်မျက်ခုံးကို ဆတ် ခနဲ ထိုးမိသွားတယ် ။ ဆိုးတာက ထိလည်းထိ သွေးတွေ ဖြာခနဲ ထွက်သွားတာ ။
အစ်ကို ညာသန် ဟာ ပထမတော့ ကျလာတဲ့ သွေးတွေကို သုတ်သေးတယ် ။ ဒါပေမဲ့ နေပူပူ ၊ သွေးဆူဆူမှာ သွေးတွေက သုတ်မနိုင်တော့ဘူး ။ နောက်တော့ ပွဲကို ရပ်လိုက်ပြီး ပုံစု တို့ တစ်သိုက် နီးရာဆေးခန်း ပြေးကြရတော့တာပေါ့ ။
ဆေးခန်း ရောက်တော့ အရေးပေါ် အခြေအနေကြောင့် အစိမ်းချုပ် ငါးချက် ချုပ်ရတယ် ။ ချုပ်ပြီး ပလတ်စတာ အုပ်နေခိုက်မှာ ဆေးခန်းအပြင်ဘက်က ဆူဆူညံညံအသံတွေ ကြားလိုက်ရတာ ။ အသံ ကတော့ ပုံစုတို့ အမေရဲ့ အသံပါ ။
“ ဘယ်အကောင်လဲဟေ့ ၊ ငါ့သားတွေကို အနိုင်ကျင့်တာ ။ သိန်းရှင်တဲ့ တစ်ရှင်တည်း ရှိတယ် ။ ထွက်ခဲ့စမ်း ။ ငါနဲ့ တွေ့ရအောင် ”
အမေရဲ့ ကြိမ်းမောင်းသံ စူးစူးဝါးဝါးကိုလည်း ကြားရော ပုံစု ခြေဖျားလက်ဖျားတွေ အေးသွားတာမှ ရေခဲတုံး အတိုင်းပဲ ။ ဒါကြောင့် ပုံစု အစ်ကိုတွေ ပြည်မြို့မှာ ဖြစ်တဲ့ သတင်း ရွှေတောင် ကနေ အမေ ဘယ်လို ကြားပါလိမ့် ။ ကြားပြီး ဘယ်လို ရောက်လာပါလိမ့် စတာတွေကို မစဉ်းစားတော့ဘဲ ထွက်ပြေးဖို့အရေး ပုံစု ခြေလှမ်းတွေကို ဆေးခန်း နောက်ပေါက် ဘက် ဦးတည်ပစ်လိုက်တယ် ။
“ ဟေ့ကောင် ... မင်း လည်း သွားတော့ ။ တို့အမေ အကြောင်း တို့သိတယ် ။ တော်ကြာ မင်း မဏိ ကွမ်းစားသွားမယ် ”
ထွက်ပြေးဖို့ ပုံစု ခြေလှမ်း အစမှာ ဆေးဖိုးရှင်းနေတဲ့ ကိုကို့ကို အစ်ကိုညာသန် က သတိပေးစကား ဆိုတော့ ကိုကို့ ခမျာလည်း မျက်နှာလေး ငယ်သွားတာပေါ့ ။ ဒါ ကြောင့် ပုံစု ကပဲ ဦးဆောင်ပြီး ကိုကို့ လက်ကို ဆတ်ခနဲ ဆွဲရင်း ဆေးခန်းကနေ အပြေး ထွက်ခဲ့ကြရတယ် ။ ဆေးခန်းနောက်ပေါက်က ပြေးထွက်လာတဲ့ ပုံစုတို့ ဟာ ပထမမှာ ဘယ်ကို သွားရမှန်း မသိသေးဘူး ။ နောက်တော့ အေးစက်နေတဲ့ ပုံစု လက်ဖဝါးတွေကို ကိုကို က ဆုပ်ကိုင်ရင်း အဝေးပြေးကားဂိတ်ကို ခေါ်လာတယ် ။ ပြီးတော့ သာယာဝတီမြို့ကို သွားဖို့ ကိုကို က ဆုံးဖြတ် တယ် ။ ဒါနဲ့ပဲ ကိုကို နဲ့ ပုံစု ညားရော ဆိုပါတော့ ။ အဲဒီတော့မှ ယောက္ခမ ဆိုတာကြီးကို ပုံစု တည့်တည့်တိုးတာ ။
“ အမယ်လေးတော် ပညာလေးများ ဆုံးခန်းတိုင်အောင် မသင်ဘူး ။ ငါ့သားလေး တော်လှတော်လှနဲ့ ယောက်မ မြင်းစီးတာ အံ့ပါရဲ့ ။ ကဲကဲ ခုမှတော့ မထူးဘူး ။ ကိုယ့်အိမ် အလုပ်သာ ကိုယ် လုပ်ပေတော့ သားလိမ္မာကြီးရေ ”
ပြင်းတဲ့လေသံ ၊ ထန်တဲ့ မျက်နှာထားပိုင်ရှင် ကိုကို တို့ အမေဟာ ပုံစုတို့ကို မင်္ဂလာတော့ ကျကျနန ဆောင်ပေးပါရဲ့ ။ စကားလုံးတွေကတော့ ကြီးလွန်းလို့ နားတောင် မဆံ့ဘူး ။ တော်တာက ကိုကိုတို့မှာ မိရိုးဖလာ ပဲလှော်ဖိုလုပ်ငန်း ရှိတယ် ။ ဒါကို ကိုကိုက ဦးစီးရတယ် ။ ကိုကို့ကို ကျောင်းပြီးအောင် ဆက်တက်ခွင့် ပေးသလို ပုံစုကို အဝေးသင် ပြောင်းပေးတယ် ။ ဒီအချက်တွေပဲ ရှိတယ် ။ ကျန်တာကတော့ နေ့စဉ်လိုလို နား အနိုင်ကျင့် ခံရတာကြောင့် ပုံစု စိတ်မချမ်းမြေ့ပါဘူး ။ နားအနိုင်ကျင့် ခံရတာ ပုံစု တင်လား ဆိုတော့ မဟုတ်ဘူး ။ ကိုကို လည်း ခံရတာပဲ ။ အပြင်ထွက်တာ အချိန်ကြာရင် ဆူတယ် ။ ဘောလုံးပွဲ ညဉ့်နက်အောင် ကြည့်ရင် ဆူတယ် ။ ကားမောင်းရင်တောင် ကိုကို က စီယာတိုင် ကိုင်ရုံ သက်သက် ပါစပ်နဲ့ မောင်းတာ အဘွားကြီးပဲ ။
“ လီဗာလျှော့လေ ”
“ ညာဘက် လမ်းကျဉ်း ထဲက ကားထွက်လာတယ် သတိထား ”
“ ဘရိတ်ကို အရမ်း အားမကိုးနဲ့ ၊ ဂီယာနဲ့ ညှပ်ဖမ်း ”
လုံးဝ ကားမမောင်းတတ်ပါဘဲ ဘေးကနေ ငါးစပ်နဲ့ မောင်းတော့ ပုံစု အရမ်း ရယ်ချင်တာ ။ ဒါပေမဲ့ ရှုတည်တည် သူ့မျက်နှာထားကြောင့် ရယ်ချင်စိတ်ကို မျို ထားလိုက်တယ် ။ ခုလို နေရာတကာ ဆရာကြီး လုပ်တာတော့ ပုံစု လုံးဝကို မကြိုက်ပါဘူး ။ ပိုဆိုးတာက ကိုယ်ဝန်နဲ့ ပုံစုကို မညှာမတာ ချုပ်ချယ်တာ ပုံစု မကြိုက်ဆုံးဘဲ ။ စား စားပြန်ပြီ ။ အိပ် အိပ်ပြန်ပြီ ။ နေရာတကာ လိုက်ပြောတတ်သလို ပြောတဲ့ လေသံကလည်း အထက် က ။ ပုံစု ကသာ လေသံကို လျှော့ပြီး “ အမေရယ် ” ၊ “ သမီးကလေ ” စသဖြင့် သုံးနှုန်းရင်း စကားပြောတာ ၊ သူကတော့ “ ညည်း ” တွေ “ ကျုပ် ” တွေနဲ့ အမြဲ ပြောတယ် ။ ဒါကြောင့် ယောက္ခမဟာ ဘယ်တော့မှ အမေ ဖြစ်မလာနိုင်ဘူးလို့ ပုံစု သတ်မှတ်တာပေါ့ ။ သတ်မှတ်ပြီးတဲ့ နောက်ပိုင်း သူ့ကို ပုံစု “ အမေ ” လို့ မခေါ်တော့ဘူး ။
ပုံစုလေ ကိုယ့်အိမ်မှာ အငယ်ဆုံး ဆိုတော့ အစ်ကိုတွေ ၊ မိဘတွေရဲ့ အလိုလိုက်မှုကို ခံခဲ့ဖူးပါတယ် ။ ဒါပေမဲ့ ပုံစု အခွင့်အရေးယူပြီး မဆိုးခဲ့ဖူးဘူး ။ ချက်ရေးပြုတ်ရာ ကအစ အမေ့ကို ကူတယ် ။ အမေ ကလည်း မီးဖိုချောင် ကိစ္စမှန်သမျှ ပုံစု ကို သင်တယ် ။ အသက်ငယ်ငယ်နဲ့ အိမ်ထောင်ကျတော့ ယောက္ခမရဲ့ မီးဖိုချောင်မှာ ပုံစု ကူနိုင်သမျှ ကူခဲ့တယ် ။ ခက်တာက ဘယ်လိုကူကူ အဘွားကြီး စိတ်တိုင်းမကျဘူး ။ ကြာလေ စိတ်ဝမ်းကွဲလေပဲ ။ ဘယ်လိုမှ ညှိလို့ မရတော့ဘူးလို့တောင် ပုံစု ထင်သွားမိတယ် ။ ဒါပေမဲ့ မထင်မှတ်တဲ့ မျဉ်းပြိုင်နှစ်ခုဟာ တစ်နေ့မှာတော့ ပေါင်းစု သွားတယ် ။ အဲဒီနေ့ကိုတော့ ပုံစု ဘယ်လိုမှ မေ့မရဘူး ။
မျဉ်းပြိုင်နှစ်ခု မထင်မှတ်ဘဲ ပေါင်းစုတဲ့နေ့က ပုံစု ဝမ်းနာတဲ့ နေ့လေ ။ ဖြစ်ချင်တော့ အဲဒီ နေ့က ကိုကို အိမ်မှာ မရှိဘူး ။ အောင်လံကို ပဲဝယ် ထွက်တယ် ။ ခန့်မှန်း မွေးဖွား ရက်ကလည်း ဆယ်ရက်လောက် လိုသေးတော့ စိတ်ချလက်ချ ကိုကို သွားတာပေါ့ ။ ကိုကို မရှိခိုက်မှာ ဝမ်းနာတော့ ပထမမှာ ပုံစု အောင့်အည်း နေသေးတယ် ။ အဲ ရေမြွာလည်း ဗွမ်းခနဲ ပေါက်ရော အဘွားကြီး ရောက်လာပြီး ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်တော့တာ ။
“ ဟယ် သမီးရယ် ဖြစ်မှ ဖြစ်ရလေ ”
“ သမီး ” လို့ အဘွားကြီး ခေါ်လိုက်သံကြားတော့ ပုံစု ခွေခွေကလေး လဲနေပြီ ။ ပုံစု ကသာ ဝေဒနာကြောင့် လဲနေတာ ။ အဘွားကြီးကတော့ အသင့် ထုပ်ပိုးထားတဲ့ ကလေး အနှီးတွေ ၊ လုံချည်ဟောင်းတွေ ၊ ရေနွေးဓာတ်ဘူးတွေက အစ အိမ်က ကားပေါ် တင်ပြီးနေပြီ ။ ဒီပစ္စည်းတွေဟာ ဘယ်အချိန် ကတည်းက အဘွားကြီး ပြင်ဆင်ထားတယ် ဆိုတာ ပုံစု မသိဘူး ။ မွေးဖွားရက် လိုသေးတယ်လို့ တွေးထားတဲ့ ပုံစု ဟာ အလိုလို အဘွားကြီးကို လေးစားသွားတယ် ။
ခဏကြာတော့ အဘွားကြီးဟာ ပုံစုကို တွဲပြီး ကားပေါ်တင်တယ် ။ ဒီနေရာမှာ ပုံစု သိတာက ပုံစုတို့ အိမ်က သာယာဝတီမြို့ပြင်နားမှာ ။ နေရာတကာ စစ်စီတဲ့ အဘွား ကြီးဟာ အိမ်ဖော် မထားဘူး ၊ ဒရိုင်ဘာ မထားဘူး ။ ဒီတော့ ဘယ်လို ဆေးရုံကို သွားမှာလဲ ။ အိမ်ကို ဘယ်လို ထားခဲ့မှာလဲ ဆိုတာတွေကို ဝမ်းနာရင်း တန်းလန်းကနေ ပုံစု စိတ်ပူနေပြီ ။ ပုံစု ကသာ စိတ်ပူနေတာပါ ။ အဘွားကြီး ကတော့ လက်ဝှေ့ကြိုးဝိုင်းထဲမှာ ကိုကို လက်ဝှေ့ ထိုးနေသလိုပဲ ။ တည်ငြိမ်တဲ့ မျက်နှာထား ၊ သွက်လက်တဲ့ အမူအရာတွေနဲ့ “ သမီး ဘာမှ မကြောက်နဲ့ ၊ အမေ ရှိတယ် ” လို့ ပြောရင်း အိမ်တံခါးတွေကို ပိတ်တယ် ။ ကားစက်ကို နှိုးတယ် ။
ပုံစု မှတ်မိသမျှမှာ စီယာတိုင်ကို ကိုင် ၊ ဂီယာကို စမ်းထိုးနေတဲ့ အဘွားကြီးရဲ့ ဟန်ဟာ အတော်ကြီးကို တည်ငြိမ်တာ ။ လုံးဝ ကားမမောင်းဖူးပါဘဲ ။ ခေါင်းအေးအေးနဲ့ စက်နှိုးပြီး ထွက်ပုံက ထွက်ခါစ တစ်ချက်ပဲ သိမ့်ခနဲ ဖြစ်သွားတာ ။ နောက်တော့ ဘယ်လိုက ဘယ်လို ဆေးရုံကို ပုံစုတို့ ရောက်တယ် ။ သားလေးကို ဘယ်လို မွေးလိုက်တယ် ဆိုတာတွေ ပုံစု မမှတ်မိတော့ဘူး ။ သတိကို လုံးလုံးလွတ်သွားတာ ။
ပုံစု သတိရတော့ သားလေးကို ပွေ့ချီထားတဲ့ အဘွားကြီးဟာ ဆေးရုံခုတင်ပေါ် က ပုံစု ကို စီးမိုးပြီး ငေးကြည့်နေတယ် ။ ကြည့်နေတဲ့ မျက်ဝန်းတစ်စုံမှာတော့ မျက်ရည်ကြည်တွေ ပြည့်လို့ပါ ။ ဒါကြောင့် အဘွားကြီးကို စူးစိုက်ကြည့်ရင်း ရင်ထဲကလာတဲ့ အသံတိတ် စကားတစ်ခွန်းပြောလိုက်မိတယ် ။ “ ကျေးဇူးပါ အမေရယ် ” လို့ပေါ့ ။
ခုတော့ မျဉ်းပြိုင်နှစ်ခု ပေါင်းဆုံပြီဆိုရင် ဘယ်ဟာ ‘ ကျော ’ ၊ ဘယ်ဟာ ‘ ရင် ’ လည်းဆိုတာ ပုံစု ခွဲလို့ကို မရတော့ပါဘူး ။
▢ မောင်အင်း ၊ ဥက္ကံ ၊
📖ရွှေအမြုတေ ရုပ်စုံမဂ္ဂဇင်း
၂၀၁၅ အောက်တိုဘာ
No comments:
Post a Comment