လူကြီးမင်းသာ ကျွန်တော်တို့ မြို့ကို လာရောက်လည်ပတ်မယ်ဆိုရင် သွားလိုတဲ့ နေရာ ၊ မြင်ချင်တွေ့ချင်တဲ့ အရာ ၊ အမှတ်တရဖြစ်အောင် လေ့လာသွားမယ့်ဌာနတွေများ ရှိရင် လူကြီးမင်း ဘယ်သူ့ကို အကူအညီ တောင်းမလဲ ။ ရင်းနှီးတဲ့ မိတ်ဆွေကိုလား ။ သူကရော ဘယ်လောက် အားလပ်မှာမို့လဲ ၊ လမ်းပြမြေပုံလား ၊ ဒါဟာလည်း လုံလောက်တဲ့ အားကိုးစရာမှ မဟုတ်တာ ။ ဒီတော့ ကျွန်တော် ပြောမယ် ၊ အပြည်ပြည်ဆိုင်ရာမြို့တော်တွေ အားလုံးမှာ လူကြီးမင်းတို့လို အလည်အပတ် ခရီးသွားတွေအတွက် အသုံးဝင်ဆုံး ၊ မြို့တော်ရဲ့ နှလုံးသွေးပိုင်ရှင် ဖြစ်တဲ့ ကျွန်တော်တို့ကို အားကိုးပါ ။ ဒါဟာ ကြွားဝါတာမဟုတ်ဘူး ။ မြို့တော် တစ်ခုမှာ ကျွန်တော်တို့ဟာ မရှိမဖြစ်တဲ့ အသုံးတည့်သူတွေပါ ။ ကျွန်တော်တို့ မရှိရင် မြို့တော်ဟာ ကျဉ်းမြောင်းမွန်းကြပ်ပြီး တိတ်ဆိတ်ခြောက်သွေ့ သွားပါလိမ့်မယ် ။ လူကြီးမင်းတို့ရဲ့ အလိုဆန္ဒတွေ အစဉ်အမြဲ ချောမွေ့ စေအောင် စွမ်းဆောင်ပေးနေတဲ့ ကျွန်တော်တို့ကို နားမလည်ကြသူတွေက ဂျပိုး တဲ့ဗျာ ။ မြို့တော်ရဲ့ ယဉ်ကျေးမှုကို အထောက်အကူ ပြုနေတဲ့ တက္ကစီသမားကို ဒီလို ခေါ်တာတော့ အပြည်ပြည်ဆိုင်ရာ တက္ကစီယဉ်ကျေးမှုကို စော်ကားတာပဲ ။ ဘယ်သူတွေ ဘာပဲ ပြောပြောပါ ၊ ကျွန်တော်ကတော့ ကနေ့ထိ ခံယူထားတာ ကျွန်တော်တို့ ဟာ မြို့တော်ရဲ့ နှလုံးသည်းပွတ်တွေ ဖြစ်တယ်ဆိုတာပဲ ။
••••• ••••• •••••
ဟိုခေတ် ဟိုအခါက အဖြစ်အပျက်တွေ ကျွန်တော် မပြောတော့ဘူး ။ ယနေ့ခေတ်မှာ ကြည့်မယ် ဆိုရင် ရာဇာနေဝင်း ရှိမယ် ။ တာရာမင်းဝေ ရှိမယ် ၊ နီကိုရဲ ရှိမယ် ၊ ချောစုခင် ရှိမယ် ၊ မျိုးလှိုင်ဝင်း ရှိမယ် ၊ ဇော်ဝင်းထွဋ် ရှိမယ် ၊ မျိုးကြီး ရှိမယ် ၊ လေးဖြူ ရှိမယ် ။ နေမျိုးဆေး ရှိမယ် ၊ ပြီးတော့ တခြား ကျွန်တော် လက်လှမ်းမမီတဲ့ နယ်ပယ်တွေက လူရွယ်တွေ ရှိကြပါမယ် ။ ဘာပဲပြောပြော ဒါဟာ ကျွန်တော်တို့ ခေတ်ပဲ ။ ဒီလူတွေ ပါဝင်နေတဲ့ မြို့ပြထဲမှာ ကျွန်တော့်လို လှုပ်ရှားရုန်းကန်နေတဲ့ လူငယ်လူရွယ်တွေ နေရာမျိုးစုံမှာ ရှိပါတယ် ။ ကျွန်တော်တို့ ခေတ်ဟာ ပွင့်လင်းရိုးသားတဲ့ ခေတ်ပါ ။ လက်တွေ့ အသုံးဝင်တဲ့ မူဝါဒတွေကို တိုက်ရိုက်အသုံးပြုနေတဲ့ ခေတ် ၊ ဖိုမကွဲပြားခြားနားတဲ့ လူမှုဆက်ဆံရေးတွေ လျော့ပါးပြီး အားလုံး ပခုံးချင်း ယှဉ်နေတဲ့ ခေတ် ၊ ရုပ်ဝါဒတွေကို စိတ်ကြိုက် လေ့လာအကဲခတ်လို့ ရတဲ့ ခေတ် ၊ ဗုဒ္ဓအယူဝါဒတွေ ထွန်းတောက်နေတဲ့ ခေတ် ၊ ဒါတွေ အားလုံးဟာ ကြောင်းကျိုးညီမျှစွာ ဆက်စပ် ဖြစ်ပေါ်ပြီး ဘဒ္ဒကမ္ဘာရဲ့ သမိုင်းသစ် တစ်ခုကို ထွင်းနေကြပါတယ် ။ ဒီလို ပြန်စဉ်းစားရင်း တက္ကစီသမား ဖြစ်ရတာကို ကျွန်တော်ဟာ မြို့တော်ကြီး အပေါ် အလွန်ချစ်မြတ်နိုး နေမိပါတယ် ။ သည် မြို့တော်ကြီးထဲမှာ အလှုပ်ရှားဆုံး ၊ အတက်ကြွဆုံး ၊ ဝန်ဆောင်မှု အရှိဆုံးမြို့တော်ရဲ့ နှလုံးသည်းပွတ်တွေဟာ ကျွန်တော်တို့ပါလို့ ထပ်ပြောချင်ပါတယ် ။ လွန်တယ် ထင်ရင်လည်း မတတ်နိုင်ဘူးဗျာ ။ တက္ကစီသမား တစ်ယောက်ဟာ သူ့မြို့တော်ကို ဒီလောက်တော့ တွယ်တာမှာပဲ ။ ဒီလို တွယ်တာစေတဲ့ အကြောင်းတရားတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတော့တယ် ။
••••• ••••• •••••
ဘုရားစူးရစေရဲ့ ၊ တက္ကစီ စမောင်းတဲ့နေ့က စိတ်လှုပ်ရှားမှုဟာ လူပျိုညထက် ဆိုးပါတယ် ။ အသက်က ( ၂၂ ) နှစ်လေ ။ ဆယ်တန်း မအောင်တဲ့ ကျွန်တော့်ကို အဖေက သူ့ခြေရာနင်းဖို့ သင်္ဘောသား ဇာတ်သွင်းပေမယ့် ဗွေပါတဲ့ ကျွန်တော့် ခြေထောက်က ဘယ်လိုမှ ရေထဲ မရောက်နိုင်တာ သိတော့ မိသားစု မျက်နှာစုံညီ တိုင်ပင်ပါတယ် ။ ကျွန်တော့် အထက်မှာ အစ်ကို တစ်ယောက် ရှိတယ် ။ ဘွဲ့ရပြီးပြီ ။ လက်ဖက်ရည်ဆိုင် ဖွင့်ပြီး မိဘ မျက်စိအောက်မှာ အပြစ်ကင်းလို့ ပေါ့ဗျာ ။ ကျွန်တော့် အောက်က ညီမ ဆိုရင်လည်း စက်မှုတက္ကသိုလ် ရောက်နေပြီ ။ ကျွန်တော်တို့ ခေတ်မှာ အသက် နှစ်ဆယ့်နှစ်နှစ် ဆိုတာ လက်ကြောတင်းမှ ဖြစ်တော့တာဗျ ။ ဘာပဲ ဝယ်ချင်ချင် ၊ ဘာပဲ လုပ်ချင်ချင် ကိုယ်ပိုင် ဝင်ငွေလေးနဲ့ မှ လူရာဝင်တော့ တာကိုး ။ နောက်ဆုံး အဖေက သူ့ 5E ( အက်စ်အီး ) ကား ( သ ) အက္ခရာလေးကို တက္ကစီ လုပ်ပေးတယ် ။ အားလုံးကလည်း သဘောတူပါတယ် ။ မန္တလေးက အဖေ့ အစ်ကိုကြီး ကတော့ ကြားကြားချင်း ဖုန်းလှမ်းဆက် တော့တာပဲ ။
“ ဟေ့ကောင်အောင်မင်း ... မင့်သားကို ဂျပိုး ဖြစ်စေချင်လို့လား ၊ ဒီကောင့်ကြောင့် ငါတို့ အမျိုး နာမည်ပျက်မယ်ကွ ” တဲ့ ။
ဒါပေမဲ့ ဘာမှ မတတ်နိုင်ဘူး ။ ကျွန်တော်ဟာ ဘဝပေါင်း များစွာက ပြုခဲ့တဲ့ ကောင်းမှုတွေကြောင့် တက္ကစီသမား တစ်ယောက် ဖြစ်လာရတယ်လို့ သဘောထားရပါတယ် ။ ကျွန်တော်တို့ ငယ်ငယ်တုန်းကတော့ လူကြီးတွေက ကျွန်တော်တို့ ရဲ့ ကလေးစရိုက်တွေကို ကြည့်ပြီး အင်ဂျင်နီယာတို့ ၊ စစ်ဗိုလ်တို့ ၊ ဆရာဝန်တို့ ၊ ကျောင်းဆရာတို့ စသည်ဖြင့်ပေါ့ဗျာ ။ ဘာဖြစ်နိုင်တယ် ၊ ညာဖြစ်နိုင်တယ်ပေါ့ ၊ ခန့်မှန်း ပြောဆိုကြတာ ကြုံဖူး ၊ ကြားဖူးတယ် ။ ဘယ်မိဘမှ ကိုယ့်ကလေးကို တက္ကစီသမား ဖြစ်မယ်လို့ ဟောကိန်း မထုတ်ကြတာ ။ အဲဒီတုန်းက တက္ကစီလောကဟာ ဒီလိုမှ မကြီးကျယ်သေးဘဲကိုး ။ လူကြီးမိဘတွေ မျက်စိထဲမှာ တက္ကစီကားကြီး မောင်းပြီး မြို့တော်ရဲ့ ယဉ်ကျေးမှုကို တည်ဆောက်နေတဲ့ ခေတ်လူငယ်တွေ မမြင်မိကြသေးဘူး ။ သူတို့ အမြင်မှာက တက္ကစီသမား ဆိုရင် အသက် လေးဆယ်ကျော်ကနေ ခြောက်ဆယ် စွန်းစွန်းတွေ အထိ မြင်နေကြတာ ဆိုတော့ ။ အနုပညာလောကမှာ မျိုးကြီး တို့ ၊ စိုင်းစိုင်းခမ်းလှိုင် တို့ နေရာယူလာသလို တက္ကစီလောကမှာလည်း ကျွန်တော်တို့လို လူငယ်တွေ နေရာယူလာကြတာ ခေတ်ပြောင်းတော်လှန်ရေးတစ်ခုပါပဲ ဆိုတာ ၊ အခု တော့ လက်ခံလိုက်ရပြီ ။ ကြည့်လေ ၊ မြို့ပြရဲ့ တက္ကစီ လောကထဲမှာ လူရွယ်တွေက အများဆုံး ။ ကျောင်းဆရာ ၊ ဆရာဝန် ၊ အင်ဂျင်နီယာ ၊ သင်္ဘောသား ၊ ရုံးမန်နေဂျာ ၊ ကုန်သည် ... ဒါတွေလည်း တက္ကစီလောကမှာ ရှိတယ် ။ ဒီလို လူတွေ ပါဝင်လာတဲ့ မြို့တော် တက္ကစီလောကကို သေသေချာချာ လေ့လာကြည့်မယ် ဆိုရင် ဂျပိုး ဆိုသူတွေ နည်းသွားပါပြီ ။ အရင်ကတော့ ရှိတယ် ၊ များတယ် ။ တက္ကစီသမား ဆိုရင် တကယ့် ကျားဆိုးတွေလို့ ထင်ရအောင် ဂျပိုးကျခဲ့တဲ့ ခေတ်ဟာ လွန်သွားပါပြီ ။ ဘယ်ဗျာ ... သုံးလေးနှစ်က ဆိုရင် ကိုယ်လည်း ကိုယ့်ကိုယ်ကိုယ် ဂျပိုး လို့ မြင်တာပဲ ။
ကျွန်တော် ဂျပိုး ကျရတာလည်း မပြောနဲ့လေ ။ တက္ကစီသမားတွေကို ပညာသင်ပေးကြတဲ့ ခရီးသည်တွေ ကိုယ်တိုင်က တက္ကစီ စီးတော့မယ် ဆိုတာနဲ့ ဘယ်လို ပညာပြတော့မယ် ဆိုတာ အရင် တွေးတာကိုး ။ ကျွန်တော် တက္ကစီ စမောင်းတဲ့နေ့မှာပဲ မှတ်မှတ်ရရ ကြုံရတာ ပြောပြပါမယ် ။ ဒါကို မပြောခင် ကျွန်တော့် အကြောင်း အရင် ပြောပြချင်ပါတယ် ။
ကျွန်တော့် နာမည် “ မိုးအောင် ” “ တနင်္ဂနွေသား ” ပါ ။ ၁၉၇၀ မှာ မွေးပါတယ် ။ ရုပ်ရည် အနေနဲ့ ထင်သာမြင်သာ ရှိအောင် ခိုင်းနှိင်းပြရရင် တည်တည်တံ့တံ့ ရှိတဲ့ ယောက်ျားလေးတွေကို ဖယ်ထားလိုက်ဗျာ ။ အရပ်က ငါးပေ လေးလက်မ ၊ ကိုယ်ကာယ တောင့်တောင့်နဲ့ လောကကို သရော် နေတတ်တဲ့ စိတ်ကြောင့် ဂျိမ်းကာရေ ရုပ်မျိုး ၊ ဘယ်တော့မှ အပိုးမကျိုးတဲ့ မျက်နှာပေးနဲ့ ဆိုတော့ အိမ်မှာလည်း အဖေနဲ့ ဆို တကျက်ကျက်ပဲ ။
“ တောက် ... ဘယ် ဘုံဘဝကများ ငါတို့ဆီ လူလာဖြစ်ရတာလဲ ၊ ငါ တစ်သက်နဲ့ တစ်ကိုယ် ဒီလို သားသမီးမျိုးနဲ့ ကြုံရမယ်လို့ တွေးတောင် မတွေးကြည့်မိဘူး ”
အဖေက အဲဒီလို မှတ်ချက်ချတယ် ။ ကျောင်းနေတုန်းကလည်း အတန်းပိုင်ဆရာမက ကျွန်တော်တို့ ထိုင်တဲ့ နေရာကို “ စနေထောင့်အုပ်စု ” တဲ့ ။ လူဟာ သူ့လမ်းနဲ့ သူ လာတယ် ဆိုတာ အမှန်ပဲဗျ ။
ငယ်ငယ်တည်းက ဇာတိက ပြတယ် ထင်ပါတယ် ။ ကျွန်တော်တို့ စနေထောင့်အုပ်စုမှာ မိုးအောင် ၊ အေးဇော် ၊ နိုင်ဝင်း ၊ ရန်နိုင်ဦး နဲ့ ကျွန်တော် အပါအဝင် ငါးယောက်ရှိတယ် ။ ခြောက်တန်းနှစ် ကတည်းက တွဲလာကြတာဆိုတော့ ဆယ်တန်း ရောက်တော့လည်း အတူတူပဲ ။
အဲ ... ဆယ်တန်း မအောင်ကြတာလည်း အတူတူပဲ ။ အတန်းထဲမှာ ကောင်မလေး တစ်ယောက်ရဲ့ ထမင်းဘူးထဲ ဖားထည့်တာမျိုး ၊ ကောင်မလေး လွယ်အိတ်ထဲ ကြွက်သေ ထည့်တာမျိုးလောက်ကို ကျွန်တော်တို့ အုပ်စုက သာမန်လောက်ပဲ ။ စာတော်ပြီး ခပ်စွာစွာ နေတတ်တဲ့ ကောင်မလေး အိမ်ကို ကျောင်းက တိုင်စာပို့တယ် ဆိုတာမျိုးလောက်မှ စိတ်ဝင်စားတာ ။ ပြီးတော့ အတန်းမော်နီတာရဲ့ ဖိနပ်ကို ကြိုးဖြုတ်တာတို့ ၊ လွယ်အိတ်ထဲကို သောက်ရေခွက် ခိုးထည့်ပေးပြီး ကျောင်းစောင့်ကို တိုင်တာတို့ ကျတော့ စိတ်ပါတယ် ။ အဲဒါမျိုးတွေကို စိတ်ပါလက်ပါ အစအဆုံး ဦးဆောင်လာသူက ကျွန်တော်ပါ ။ ရောက်လိုက်ရတဲ့ ကျောင်းအုပ်ကြီးရုံးခန်း ဆိုတာလည်း အကြိမ်ကြိမ် ။ နောက်ဆုံး ကျောင်းအုပ် ဆရာမကြီးက မိဘလက်ထဲ ပြန်အပ်ပြီး စာမေးပွဲ ဖြေမှပဲ လာပါတော့လို့ ဆုံးဖြတ် ပေးလိုက်ရပါတယ် ။ ကျွန်တော် တက်ခဲ့တဲ့ ကျောင်းမှာ ဒီလိုမျိုး ဖြစ်ရတဲ့ ကျောင်းသားဟာ နှစ်ပေါင်း လေးဆယ်မှာ ပထမဦးဆုံးပါပဲ ။
ကျောင်းသား တစ်ယောက်ကို ကျောင်းက ကျောင်းမတက်ဘဲ စာမေးပွဲ ဖြေမှပဲ လာဖြေခွင့် ပေးတယ် ဆိုတာ ဂုဏ်ယူစရာလို့ မမြင်ကောင်းပေမယ့် ကျွန်တော် အဲဒီတုန်းက စိတ်မညစ်ဘူး ။ ကျွန်တော့် စိတ်ဟာလည်း စာသင်ခန်းထဲမှာ မပျော်တော့ဘူး ။ စာသင်ခန်းထဲ ဝင်ထိုင်နေရတာကို နေမထိ ထိုင်မသာ ဖြစ်နေတယ် ။ ဒါတွေ ဖြစ်ရတဲ့ အဓိက တရားခံက ဆရာ ဂျက်လန်ဒန် နှင့် ဆရာ မင်းသိင်္ခ ပဲ ။
သူတို့ စာတွေက ကျွန်တော့်ကို ကျောင်းစာသင်ခန်းထဲက ဆွဲထုတ်တာလို့ ထင်တယ် ။ တစ်သွေမတိမ်း လိုက်နာနေရတဲ့ ပုံမှန် လူ့ဘဝကို ဆန့်ကျင်ချင်တဲ့ စိတ်တွေ တဖွားဖွား ပေါ်နေမှတော့ ဘယ်လိုလုပ် စာသင်ခန်းထဲ ဝင်နေလို့ ရတော့မလဲ ။ ဒါကြောင့် စာမေးပွဲကို အကြိမ်ကြိမ် ရှုံးရတာ တရားပါတယ် ။
“ ဆယ်တန်းတောင် အောင်အောင် မဖြေတဲ့ ကောင် ”
အဲဒီခေတ်က ကျွန်တော်တို့ ရင်ကို ထိတဲ့ စကားတွေ ထဲမှာ ထိပ်ဆုံး နေရာယူ နေတဲ့ စကားပဲ ။ ၁၉၈၀ ခုနှစ် ဝန်းကျင်ကနေ ၁၉၉၀ ခုနှစ် ကျော်ကျော် အထိ ကျွန်တော်တို့ လူငယ်တွေကို ဆယ်တန်း နဲ့ တိုင်းတာတယ် ။ လူငယ်တွေ ဘာပဲ လုပ်ချင်ချင် ၊ အဲဒီ ဆယ်တန်း အောင်ပြီးမှ ၊ ဆယ်တန်း အောင်ပြီးမှ ဆိုတာပဲ ကန့်လန့်ကြီး ခံနေတယ် ။ ဆယ်တန်း အောင်ပြီးရင် ဘွဲ့ရဖို့ ကြိုးစား ၊ ဘွဲ့ရရင် အလုပ်ရမယ် ။ အလုပ်ရမှ လူတစ်လုံး သူတစ်လုံး ဖြစ်မယ် ၊ ခေတ်က အဲဒီလို သတ်မှတ်ချက်လေးနဲ့ ဆိုတော့ ကျွန်တော့်လိုကောင် ဖွတ်ကျား ဖြစ်ရတာပဲ ။
“ ကောင်လေးက ဘွဲ့ရပြီးသား ၊ လက်ဖက်ရည်ဆိုင်လေး ဖွင့်ထားတယ် ၊ မဆိုးဘူးဟဲ့ ”
“ အငယ်မလေးကလည်း ဘွဲ့ရတော့မယ် ၊ ဟိုတစ်ကောင်တည်း ယောင်တောင်တောင် ... ”
“ အလကားကောင် ၊ ဘာမှ ဖြစ်မယ့်ကောင် မဟုတ်ဘူး ”
ဒါတွေဟာ ကျွန်တော့် ဘဝသမိုင်းတွေပါ ၊ အဲဒီခေတ် အခါက ဖြတ်သန်းရတဲ့ မြို့ပြလူနေမှု ဘဝက ရိုက်ခတ်တာတွေဟာ လက်ရှိ ( ၂၁ ) ရာစုမှာ တက်တက်စင်အောင် လွဲပုံကတော့ လေရူးသုန်သုန် ဇာတ်ကွက်တွေ လိုပါပဲ ။ ကြည့်ဗျာ ၊ ဖိုးဇော် နဲ့ အေးဇော် တို့ စားသောက်ဆိုင်ပိုင်ရှင်ကြီးတွေ ဖြစ်နေပြီ ။ နိုင်ဝင်း က ဟိုင်းဝေးကားတွေ ထောင်ထားတဲ့ သူ့မိဘလုပ်ငန်းမှာ ဦးစီးနေတယ် ။ ရန်နိုင်ဦး က စက်သုံးဆီလုပ်ငန်း နဲ့ နယ်မှာ ကြီးပွားနေပြီ ။ ကျွန်တော် ဆိုလည်း ...
နေဦး ၊ ဒီအတိုင်း ပြောလိုက်ရင် တက္ကစီသမား သိက္ခာကျတယ် ။ လုပ်သက်တွေ စုစုပေါင်း လိုက်ရင် ဆယ်နှစ် ကျော်ပါပြီ ။ အဲဒီ ဆယ်နှစ်ကျော် ကာလအတွင်းမှာ မြို့တော်မဟာရန်ကုန် အတွင်း ခရီးသွားပြည်သူတွေကို မညည်းမညူ ကူညီ ပို့ဆောင်ပေးနေတဲ့ တက္ကစီမောင် အဖြစ် မြို့တော် ယဉ်ကျေးမှုကို ပံ့ပိုးပေးနေတာ တော်ရုံတန်ရုံ ဇွဲ ၊ လုံ့လ နဲ့တော့ မဖြစ်ဘူး ။ ကျား - မ လူပေါင်းမျိုးစုံ ၊ ဘာသာမျိုးစုံ ၊ စရိုက် ၊ လက္ခဏာမျိုးစုံတဲ့ လူတွေ နဲ့ နှစ်ပေါင်း ဆယ်စုနှစ်ကျော် ပတ်သက်ဆက်ဆံပြီး မားမားမတ်မတ် ရပ်တည်နေနိုင်သူ ၊ မြို့တော်ကြီးကို နှလုံးသည်းပွတ်လို ချစ်တဲ့သူဟာ အာဂ တန်ဖိုးလားဗျာ ။ ဒါပေမဲ့လည်း လောကမှာ အကောင်းမြင်သမားက နည်းလေတော့ ကျွန်တော်တို့ကိုဆိုရင် လူတွေက နှစ်ဆယ့်လေးနာရီပတ်လုံး သတိထား ဆက်ဆံကြတယ် ။
“ တက္ကစီသမားတွေ သိပ်ရမ်းတာပဲ ”
“ ကားမောင်းရင် သူတို့ကိုပဲ သတိထား နေရတယ် ၊ ရပ်ချင်ရင်လည်း ထိုးရပ် ၊ ကျော်ချင်ရင်လည်း ကျော်တာပဲ ၊ ဘယ်တော့မှ ရှေ့နောက် မကြည့်ဘူး ”
“ ဟိုနားဒီနားလေးတောင် ဒီလောက် တောင်းနေတယ် ။ ပြီးတော့ ကားက ကားစုတ် ”
လူတွေက ဒီလိုသာ ပြောကြတာ ၊ သူတို့က တက္ကစီသမားကို ပညာပေးကြတော့ ထည့်မတွက်ကြဘူး ။ ကျွန်တော် အရင်ဆုံး ပညာပေး ခံရပုံလေး ပြောပြမယ် ။ တောင်ဥက္ကလာ က ခရီးသည်ပါ ။ ရေကျော်ဈေးရှေ့မှာ ကျွန်တော့်ကို တားတယ် ။ ကားစမောင်းတဲ့ နေ့ဆိုတော့ ကျွန်တော်လည်း ရင်တွေ ဘာတွေ တုန်လို့ဗျ ။
“ အစ်မကြီး ဘယ်သွား မလို့ လဲ ”
“ တောင်ဥက္ကလာ ”
“ တောင်ဥက္ကလာ ဘယ်နားလဲဗျ ”
“ ၁၆ ကွေ့ ကုလားဘုရားမှတ်တိုင်ကျော်ကျော်လေး ”
“ ဟုတ်ကဲ့ ( .. ) ပဲပေးပါ ”
“ ဟွန်း ... မများ ဘူးလား ၊ ဒီက သွားနေကျကို လျှော့ပါဦး ”
“ ( ... ) လျှော့မယ် ၊ ဟုတ်ပြီလား ”
“ ပြီးရော ၊ လမ်းထဲ နည်းနည်း ဝင်ပေးရမယ်နော် ”
သူ့အသက်က အစိတ်လောက် ရှိမယ် ။ ခပ်ဝဝနဲ့ လက်ထဲမှာလည်း စားသောက်စရာတွေ ဆွဲလာတာ လေးငါးအိတ်ပဲ ၊ သူ ကားပေါ် ရောက်တော့ ကျွန်တော် ဈေးတောင်းတာ နည်းသွားသလားလို့ ရိပ်ကနဲ တွေးမိသေးတယ် ၊ ဒါပေမဲ့ အပျံသင်ကာလ ဆိုပြီး ထွက်လာခဲ့ပါတယ် ။
“ ကက်ဆက်လေး ဘာလေး ဖွင့်ပါဦး ”
“ ဟုတ်ကဲ့ ၊ ဘာသီချင်း ကြိုက်လဲ ၊ ခင်မောင်တိုး ရှိတယ် ။ စိုင်းထီးဆိုင် ရှိတယ် ”
“ ဟင့်အင်း ... လွှမ်းမိုးဖွင့် ”
ဟုတ်သားပဲ ၊ အဲဒီတုန်းက မြန်မာတစ်ပြည်လုံးမှာ လွှမ်းမိုး အသံချည်းပဲ ။ ပန်းနု .. ပန်းနု ... ပန်းနု ဆိုပြီး လှိုင်ကနဲ ဆွဲကာငင်ကာအော်သံလေးက အတော် နားစွဲစရာကောင်းပါတယ် ။ သူ့စတိတ်ရှိုးပွဲမှာ ဆိုရင် ပုဝါလေး ခေါင်းမှာပတ်ပြီး ဂစ်တာခေါက်ရင်း သီချင်းဆိုပုံဟာ မမကြီးတွေ အသည်းစွဲပဲ ။ ကျွန်တော်ကလည်း ရပ်ကွက်ထဲမှာ ဂစ်တာတွေ ဘာတွေ ခေါက်တော့ လွှမ်းမိုးသီချင်း တို့ ၊ ခိုင်ထူးသီချင်း တို့ ဆိုနေကျပါ ။ အခုခေတ်တော့ ကျွန်တော်တို့တုန်းကလို ညဉ့်နက်သန်းခေါင်သီချင်းဆိုမယ့် လူငယ်တွေ နည်းကုန်ပြီ ၊ ဒါတွေ ထားပါတော့ ။
ကျွန်တော် မောင်းလာရင်း တောင်ဥက္ကလာ ( ၁၆ကွေ့ ) ရောက်တော့ အမျိုးသမီးက ကားကို ခဏ ရပ်ခိုင်းတယ် ။
“ ဟိုရှေ့နားလေး ... ဟိုရှေ့နားလေး ၊ ကီးမားပလာတာ ဝယ်ချင်လို့ ၊ ခဏလေးနော် ”
ကျွန်တော် နည်းနည်း စိတ်ညစ်သွားပါတယ် ။ သိတဲ့ အတိုင်းပဲလေ ၊ ကီးမားပလာတာ ဆိုတာ လုပ်ပြီး ရောင်းတာမှ မဟုတ်တာ ။ ဝယ်သူလာမှ ကြော်လှော်ပေးတာမဟုတ်လား ။ အချိန်က နေ့လယ် ၁ နာရီ ကျော်ပြီ ။ ကားရပ်ဖို့ ကလည်း အရိပ် မရှိဘူး ။ ကျွန်တော် စောင့်ပေးရင်းနဲ့ ဆယ်မိနစ်လောက် ကြာမှ ပြီးတော့တယ် ။ မချော က ဒါတောင် သုံးခုမှာတာ နှစ်ခုပဲ ယူလာတာတဲ့ ၊ အားနာလို့ တဲ့ ၊ ကားဆရာရော ဘာစားပြီးပြီလဲတဲ့ ၊ ဟိုရှေ့က ကွေ့ ဝင်ပေးပါနော်တဲ့ ။
ကျွန်တော်တော့ ခံရပြီဆိုတာ မသိသေးဘူး ။ ဘယ်ဗျာ ၊ ကားက ကွေ့ဝင်လာလိုက်ရတာ ဘယ်လောက် ခရီးတာသွားသလဲဆိုရင် ဟိုဘက်လမ်းလည်း ပြန်ထွက်ရော မေတ္တာအားကစားကွင်းလမ်းနား ရောက်တော့တာပဲ ။ လမ်းထဲ စဝင်တာကနေ ပြန်ထွက်တာ စုစုပေါင်း ဆယ့်ငါးမိနစ်လောက် ကြာတယ် ။ ကျွန်တော် ခံရတာ အဲဒီလို ။ ဒါကြောင့် တချို့ တက္ကစီသမားတွေက ကားလာငှားရင် တောင်ဥက္ကလာ တို့ ၊ မြောက်ဥက္ကလာ တို့ ဆိုရင် ကျကျနန မေးပြီးမှ ဈေးပြောတယ် ။ မဟုတ်ရင် မလွယ်ဘူး ။
▢ မာန် ( တောင်လုံးပြန် )
📖 မြို့ဂျပိုး
No comments:
Post a Comment