Monday, October 13, 2025

မြို့ဂျပိုး ( ၀၈ )



လေကြီးမိုးကြီး ဆန်တယ် ထင်ရင်လည်း မတတ်နိုင်ဘူး ။ ကျွန်တော်က ဘာသာရေးနဲ့ ပတ်သက်လာရင် နည်းနည်းတော့ မာနကြီးတယ်ဗျ ။ အထူးသဖြင့် အကြားအမြင်ရတဲ့ ပုဂ္ဂိုလ်ထူးတွေ ၊ သာသနာပြု အမည်ခံထားတဲ့ ခပ်ကြောင်ကြောင် ပုဂ္ဂိုလ်မျိုးတွေအကြောင်း နားထဲ ရောက်လာရင် ကျွန်တော် သည်းမခံတတ်ဘူး ။ ကျွန်တော် သည်းမခံဘူး ဆိုတာ စိတ်ထဲမှာပါ ။ ကိုယ့်ကားကို ငှားတဲ့ လူက အဲဒါတွေ ကိုးကွယ် နေမှတော့ ကျွန်တော် ပါနေရတာပေါ့ ။ ဟိတ်ဟန်တွေကတော့ တကယ် ကောင်းမှ ကောင်းပဲဗျို့ ။ ကျွန်တော် သာဘာသာရေးကို လေးလေးနက်နက် မလိုက်စားထားရင် ဒီပုဂ္ဂိုလ်တွေကို ကြည်ညိုမိမှာပါ ။ ကျောင်းဝင်းထဲကို ဝင်လိုက်ပြီ ဆိုတာနဲ့ မြင်ရမယ့် ဆိုင်းဘုတ်ကြီး က ...

“ သာသနာတော်ကြီး ထွန်းပရန်
အောင်နိမိတ်ဆောင် ၊ အောင်မြေနင်းလို့
ဝိဇ္ဇာတစ်သောင်း ၊ အခြံအရံဖြင့် သာသနာပြုရန်
ဆရာတော်အဓိဋ္ဌာန်ကို ပါရမီ ဖြည့်ကြပါစို့ ” 

ဆိုပြီး နောက်မှာ ဆရာတော်ရဲ့ တင်ပလ္လင်ခွေ ထိုင်ထားတဲ့ ကာလာပုံကြီး ရှိမယ် ။ သူ့လက်ညှိုးနဲ့ လက်ခလယ်ကို ဒူးပေါ်မှာ ထောင်လျက်သားတွေ့ရမယ် ။ ဇေပေါ့ဗျာ ။ တစ်ခါတလေတော့ လက်သီးဆုပ်ထားတဲ့ပုံ ၊ တစ်ခါတလေ လက်တစ်ဖက်က လက်လေးချောင်းကို အောက်စိုက်ထားမယ် ၊ တခြား လက်တစ်ဖက် နောက်ကို ယှက်ထားတယ် ၊ လာတဲ့ လူတွေမှာ တွက်ပါလေပေါ့ ။ သူ့သင်္ကေတ ကလည်း အမျိုးမျိုးဗျ ။ လာတဲ့ လူတွေကလည်း ခပ်ကြောင်ကြောင်တွေပါ ။ ဒါက ဘာဂဏန်း ၊ ဟိုဟာက ဘာနိမိတ်ပြတာ ၊ ဒါကြောင့် ဘာကောက်ရမယ် ၊ ဘာဂဏန်းသတ်တယ်နဲ့ ကျွန်တော့် စိတ်ထဲမှာ ဒီလူတွေတော့ ကွန်မြူနစ်ခေတ်သာ ဆိုရင် အကုန် မသာပေါ်ကုန်မှာလို့ တွေးမိပါတယ် ။ ဘယ်ဗျာ ၊ ဟိုမှာ သူတို့ဟာ သူတို့ စီးပွားရေးဈေးကွက်နဲ့ ရှယ်ယာစတော့ ဂဏန်းပေါ်တဲ့ ကိစ္စဟာ ဒီဘုန်းကြီးက ဘယ့်နှယ်လုပ်ပြီး ဘာဂဏန်းကို သိနေရတာလဲ ။

နောက်ပြီးတော့ ဘိုးတော် ဆိုတာ လာသေးတယ်ဗျ ။ ဘုရားစင်ကြီး ဟီးနေအောင် လုပ်ထားတယ် ။ အုန်းပွဲ ၊ ငှက်ပျောပွဲတွေ တန်းစီ ထိုးထားမယ် ။ ဘိုးဘိုးအောင် ၊ ဘိုးမင်းခေါင်ပုံတွေ ရှေ့မှာ စားဖွယ်သောက်ဖွယ် သစ်သီးဝလံတွေ ထားမယ် ၊ စီးကရက်လည်း ပါသေးတယ်ဗျ ။ ဒီလူတွေ လုပ်ပုံကို ကြည့်ပြီး ဘိုးဘိုးအောင် တို့ကို ကျွန်တော် သနားမိတယ် ။ လူတွေဟာ သူတို့ ကိုကိုးကွယ်တယ် ၊ ကိုးကွယ်တယ် ဆိုပြီး လုပ်စားနေတာ ခပ်များများရယ် ။ သူတို့ကို တကယ် ကိုးကွယ်ရင် သူတို့လို လိုက်နာပါလား ၊ တောထဲတောင်ထဲ သွားပါလား ။ ဂဏန်းလေး နှစ်လုံး ၊ သုံးလုံး လော က်ပေါက်မယ့်အရေး ထွန်းလိုက်ရတဲ့ ဖယောင်းတိုင်တွေ ၊ အမွှေးတိုင်တွေ ဆိုတာ မိုးမွှန်နေပါရော ။ ဘိုးဘိုးအောင် တို့တော့ ဒါတွေ သိချင်မှ သိမယ် ။

သာသနာပြုတယ် ဆိုတာနဲ့ ပတ်သက်ပြီး ကျွန်တော် ကြားဖူးတာက ဒီလို ။

ရဟန်း ၊ သံဃာတွေ ပရိယတ္တိ ၊ ပဋိပတ္တိ တစ်ခုခု လိုက်စားတယ် ၊ ကျွမ်းကျင်ပိုင်နိုင်လာတဲ့ အခါ ရဟန်းရှင်လူ ၊ မင်းပြည်သူတွေကို တရားဓမ္မ တိုက်ကျွေးတယ် ။ သာသနာတော် ထွန်းကားမယ့် တိုင်း ၊ နိုင်ငံတွေကို လှည့်လည်ပြီး သာသနာတော်ပြန့်ပွားအောင် ကြိုးပမ်းတယ် ။ ဘာသာ ၊ သာသနာ ဆိုတာ ရွေ့လျားတတ်တဲ့ သဘော ရှိတာကြောင့် ကာလ ၊ ဒေသ ၊ ပယောဂကို လိုက်ပြီး သာသနာကို ခရီးဆက်ကြရတယ် ။ ဒါက သာသနာ ပြုတာပါ ။ အဲဒီမှာ သာသနာပြုခံရမယ့် မင်းတို့ သူဌေးသူကြွယ် ၊ ကုန်သည်ပွဲစား တွေက အစ ပြည်သူတွေပါ စိမ့်ဝင်လာရင် ဘုရားသာသနာ ဆက်ပြီး ရှင်သန်ရပါတယ် ။

ကျွန်တော့်ကိုလေ ဖင်ခေါင်ကျယ်တယ်လို့ ပြောရင်လည်း မတတ်နိုင်ဘူး ။ နောင်လာမယ့် နှစ်ပေါင်း တစ်ထောင်မှာ ကျွန်တော်တို့ ခေတ် မြို့တော်တက္ကစီလောကကို လေ့လာတဲ့ သူတွေ ပေါ်လာရင် ကျွန်တော် ပြောတာတွေ မှန်ချင် မှန်နေမယ် ။ အခုတော့ ကျွန်တော်တို့ ဆိုရင် တချို့ က သိပ်အထင်မကြီးဘူး ။ တက္ကစီသမား ပါးစပ်က ပြောတာ ဆိုရင် ပိုဆိုးပေါ့ဗျာ ။

“ ဒီကောင် လျှောက်ပြောနေတာ ၊ ဘယ်နေ့ အရိုက်ခံရမလဲ မသိဘူး ” တဲ့ ။

ကျွန်တော် သိတာပေါ့ ။ ဟိုလူတွေ ရှေ့မှာတော့ ဘယ်ပြောမလဲဗျာ ။ သူတို့ ကားလာငှားရင် လိုက်သွား ၊ သာသနာပြုကြီးတွေ ဆီမှာ စောင့် ၊ ထမင်းကျွေးရင် ဝင်စား ၊ ပြန်လာရင် ကားခရမယ် ။ သူတို့က မေးတတ်တယ်ဗျ ။

“ ခြောက်သ,တ်တယ်တဲ့  ၊ ကားဆရာ ဘယ်လိုမြင်လဲ ”

“ အေးဗျ ၊ ကျွန်တော်လည်း ခြောက်မကြိုက်ဘူး ” 

“ ဆယ့်လေး နောက်ပိတ်တဲ့ ဗျာ ၊ ကျွန်တော် တွက်ထားတာနဲ့ ကွက်တိ ”

“ ဟုတ်လား ၊ ဆော်ဗျာ ”

ဒါမျိုးလေးတွေ ဖြီးရတယ်ဗျ ။ မုဆိုးနား နီးနေမှကိုး ။

ဒီလို လူတွေခမျာ ကြာရင် ကုန်တာပဲ ။ ကုန်ပြီ ဆိုရင်တော့ ကျွန်တော်တို့ ရှောင်ပြီ ။ ကားမကောင်းလို့ မလိုက်ချင်တာတို့ ၊ အော်ဒါ ရှိလို့ မလိုက်ချင်တာတို့ လုပ်ရတယ် ။ မဟုတ်ရင် အကြွေးထိမှာဗျ ။ သူ့ဟာသူ မွဲတာ ကိုယ်နဲ့ ဘာဆိုင်လဲဗျာ ။ သူ့ ဘိုးတော်တွေ လာ “ မ ” မှာ ပေါ့ ။ ကုန်တာတောင် နည်းသေးတယ်လို့ သဘောထားရပါတယ် ။ နောက်ထပ် ဒါမျိုး အော်ဒါတွေနဲ့ တွေ့ရင် အလိုက်အထိုက် ပေါင်းရပြန်တာပဲ ။ လူဆိုတာ ကိုယ့်ဟာ ကိုယ် ထင်တစ်လုံးနဲ့ မဟုတ်လားဗျ ။ နောက်လာတဲ့ လူက ရှေ့က ကျဆုံးသွားတဲ့ လူ အကြောင်း ပြောရင် ဟိုလူ ဘာကွဲသွားတာ ၊ ကျွန်တော် ပြောသားပဲ ဆိုတာက စလာတတ်တယ် ။

“ ... မွဲမှာ ပေါ့ဗျာ ၊ သူက အသေကိုင်ထားတာကိုး ၊ ကျွန်တော် ဝင်ပြောရင် မကြိုက်မှာ စိုးလို့ဗျ ၊ သူ့ဂဏန်းက တစ်လလုံး ပျောက်မှာ ၊ ကျွန်တော် သိပြီးသား ၊ တကယ့်လူဗျာ ၊ မွဲတာတောင် နည်းသေးတယ် ”

“ ကျွန်တော်လည်း ပြောတာပေါ့ ၊ ဒါပေမဲ့ သူက မရဘူးဗျ ။ ဆတိုးတွေချည်း ထိုးတာဆိုတော့ ပါတာပေါ့ဗျာ ”

“ အေးဗျာ ၊ အတော်မိုက်တဲ့လူ ”

တကယ်တော့ ဟိုလူ့ထက် ပိုမိုက်နေတာ သူကိုယ်တိုင်ပဲ ဆိုတာ သူ့ ဟာသူ သတိမထားမိဘူး ။ အဲဒါတောင် ယုံတမ်းစကားတွေ လာသေးတယ်ဗျ ။

“ ပြောမကောင်းလို့ ဗျာ ၊ ခင်ဗျားကိုတော့ ခင်လို့ ပြောပြမယ် ၊ သွားတော့ မပြောနဲ့ နော် ၊ ခင်ဗျား လူက စည်းဖောက်တယ်ဗျ ၊ သူ ရတုန်းက ဆရာတော်ကို မလှူဘူး ၊ ဒါမျိုးတွေ ဆရာတော်က သိတာပေါ့ ၊ သွေးအန်ပြီး သေမသွားတာ ကံကောင်းဗျ ၊ ကလေးတွေ မျက်နှာငဲ့နေလို့ ခင်ဗျားသိလား ”

“ ဟုတ်လား ၊ ဒါတော့ ဘယ်လုပ်သင့်မလဲဗျာ ၊ လှူရမယ်ဆို လှူလိုက်ပေါ့ ”

“ ခက်ပါတယ်ဗျာ ၊ လူတွေက သစ္စာမရှိဘူးဗျ ၊ ဆရာတော်က သာသနာပြုနေတာ ၊ ဒါကို နားမလည်ဘူး ”

ကျွန်တော် ကြိုပြောခဲ့တယ်နော် ။ လေဖင်ခေါင်းကျယ်တယ် မထင်ပါနဲ့ လို့ ၊ ဘာသာရေးနဲ့ ပတ်သက်လာရင် အမေက ကျွန်တော့် ကျေးဇူးရှင်ပါ ။ တိုတို ပြောရရင် ကျွန်တော် ဝယ်ဖတ်နေတဲ့ နောက်ဆုံးပေါ် စကားပြော ဘာသာရေးစာအုပ်တွေကို အမေက သဘောမကျဘူး ။ မလေးနက်ဘူး ၊ မဂ်တရားဖိုလ်တရားကို မျက်မှောက် မပြုဘူးလို့ ယူဆပြီး ကျွန်တော့်ကို ပြောလာပါတယ် ။

“ သားတဲ့ တရား ဆိုတာ ကြားဖို့ မဟုတ်ဘူးတဲ့ ၊ ပြီးတော့ သားကို အမေ ပြောချင်နေတာ တော်တော်လေး ကြာပြီ ၊ အမေ ပြောလိုက်ရင် ရုတ်တရက် သား လိုက်စားနေတဲ့ ဘာသာရေးစာပေတွေကို ထိပါးတယ် ထင်မယ် ၊ ပြီးတော့ သားတို့ အရွယ်ဟာ ကိုယ် သိတာကိုမှ တကယ့် အသိလို့ ထင်ကြတယ် ၊ သား ဖတ်နေတဲ့ ဘာသာရေးစာအုပ်တွေကို ရေးတဲ့ ပုဂ္ဂိုလ်တွေ ၊ ရဟန်းပျိုတွေဟာလည်း အဲဒီလို ထင်နေကြတာက များတယ် ၊ တကယ်တော့ သူတို့ ဘာသာရေးကို ဖောက်ထွက် သုံးသပ်တဲ့ ခေတ်အမြင်ပဲ ရှိတယ် ။ သူတို့ ကိုယ်တိုင် ခက်ခဲနက်နဲတဲ့ တရားတော်တွေကို ကိုယ်တွေ့ ကျင့်ကြံပြီး ဟောနေ ၊ ရေးနေတာ မဟုတ်ဘူး ၊ ဒီခေတ် လူတွေကို ဘယ်လို လွယ်လွယ် ပြောရမလဲလို့ တွေးပြီး လွယ်တဲ့ နည်းနဲ့ ဟောပြ ၊ ရေးပြ နေတာ ၊ ဒါဟာ မလုပ်ကောင်းဘူး ၊ သားကို ဦးနု ရေးတဲ့ ကာမတဏှာဝတ္ထုကြီး ပေးဖတ်မယ် ၊ ပြီးရင် သာသနာတော်ကြီးရဲ့ အနာဂတ် ဘေးငါးပါး အကြောင်း ကျမ်းစာအုပ် ပေးဖတ်မယ် ၊ ဒါမှ သား သဘောပေါက်မှာ ”

ကျွန်တော် ကံကောင်းတာပေါ့ဗျာ ။

မြတ်စွာဘုရားရဲ့ အနာဂတ် သာသနာ့ဘေး ငါးပါး အကြောင်း ဖတ်မိတာ အင်မတန် ကံကောင်း သွားပါတယ် ။ ကျွန်တော် အင်မတန်ကြိုက်တဲ့ ခေတ်ပေါ်စကားပြော ဘာသာရေး စာအုပ်တွေဟာ ဘုရားဟော တရားတော်အရ ဆိုရင် ဘေးတစ်ပါး ဖြစ်နေပါတယ် ။ မြတ်စွာဘုရားဟော တော်မူခဲ့တာက ...

“ ရဟန်းတို့ .. တစ်ချိန်မှာ ရဟန်းတွေဟာ ကိုယ်ဣန္ဒြေ ကင်းမဲ့ ကုန်လျက် ၊ သီလကို မပွားများ ကုန်လျက် ၊ သမာဓိကို မဆောက်တည် ကုန်လျက် ၊ ပညာကို မကျင့်ကြံ ကုန်လျက် ရဟန်း အဖြစ်ကို ခံယူကြ လိမ့်မည် ... ထိုရဟန်းတွေဟာ .. ကိုယ်တိုင် ကိုယ်ဣန္ဒြေ ၊ သီလ ၊ သမာဓိ ၊ ပညာ ကင်းမဲ့ကုန်လျက် ငါဘုရား ဟောကြားထားသည့် သုတ္တန်တရားတော်တွေ ( လောကမှ လွတ်မြောက်ကြောင်း ဖြစ်သော တရားတော်တွေ ) ကိုကောင်းစွာ နာယူကြတော့မည် မဟုတ် ၊ ကျနသေချာစွာ နား ထောင်ကြတော့မည် မဟုတ် ၊ ထိုတရားတွေရဲ့ အဓိပ္ပာယ်ကို ထိုးထွင်း ၊ သိရှိ ၊ နားလည်လိုစိတ် ရှိကြတော့မည် မဟုတ် ၊ ထိုသုတ္တန် တရားတွေဟာ အထပ်ထပ်အခါခါ သင်ယူအပ် ၊ လေ့လာအပ်သည့် တရားများ ဖြစ်သည်ဟု မှတ်ယူကြတော့မည်မဟုတ် ... အလင်္ကာကဗျာဆရာ ၊ သာသနာပြုဆရာတွေရဲ့ အဆန်းတကြယ် တန်ဆာဆင် ရေးသား ဟောပြကြသည့် သုတ္တန် ၊ ပါဠိများ ကိုသာ နာယူကြလိမ့်မည် ၊ ဂရုပြု နားထောင်ကြလိမ့်မည် ။ သိနားလည်ရန် ကြိုးပမ်းကြလိမ့်မည် ၊ အထပ်ထပ်အခါခါ သင်ယူအပ် ၊ လေ့လာအပ်သည့် တရားများ အဖြစ် မှတ်ယူကြလိမ့်မည် ... ။ ဤသို့ဖြင့် ဝိနည်း ပျက်စီး၍ တရား ပျက်စီး ၊ တရား ပျက်စီး၍ ဝိနည်း ပျက်စီးမည် ”

လို့ သာသနာဘေး တစ်ပါးကို ဟောကြား ထားခဲ့ပါသည် ။

ကျွန်တော့် ကိုတော့ စိတ်ဆိုးကြမလား မသိဘူး ။ ကျန်တဲ့ ဘေးလေးပါး ရှိသေးတယ် ။ ကျွန်တော် အဓိက ပြောချင်တာက ယနေ့ မျက်မှောက်ခေတ်မှာ တချို့ ဆရာတော်တွေ ၊ လူတွေ ဘာသာရေး စာပေ ရေးကြ ၊ ဟောကြတဲ့ အခါ လူတွေကို သိပ် အလိုလိုက်လွန်းတယ်လို့ ထင်မိပါတယ် ။ မြတ်စွာဘုရား ဟောကြားထားတဲ့ အဘိဓမ္မာတရားရဲ့ ခက်ခဲနက်နဲမှုတွေကို ထိုးထွင်းကြံဆဖို့  ၊ လုံ့လဝီရိယ မစိုက်ကြဘဲ တရားဟောနေတာ ဘုရားက ကဲ့ရဲ့ထားပါတယ် ။ မလုပ်အပ်ဘူးလို့ မိန့်ကြားထားပြီး သားပါ ။ ကျွန်တော် ပြောတာလောက်နဲ့ ဘာမှတော့ မထူးနိုင်ပါဘူး ။ တက္ကစီသမား ပြောနေတာ ဘယ်သူ ဂရုစိုက်မှာလဲဗျာ ။ သိပ်သိတာပေါ့ ။ သိပေမယ့် ကိုယ် ဘယ်လောက် သိတယ် ဆိုတာလေး ကြွားချင်သေးတာကိုး ။

ကျွန်တော့်ရဲ့ တက္ကစီသမား ဘဝ ဒုတိယပိုင်း အနေနဲ့ ကျွန်တော် ဘယ်လောက် ဝံ့ခဲ့တယ် ၊ ကျွန်တော် ဘယ်လောက် မိန်းမကျမ်း ကျေခဲ့တယ် ဆိုတာတွေ ပြောပြချင်ပါတယ် ။ ပထမဆုံး ပြောပြချင်တဲ့ အမျိုးသမီးတစ်ယောက် ကတော့ “ မမ ” ပါ ။ ဇာတ်လမ်းက ဒီလိုဗျ ။

▢  မာန် ( တောင်လုံးပြန် )
📖 မြို့ဂျပိုး

No comments:

Post a Comment