❝ ရေစီးတစ်ခါ ရေသာတစ်လှည့် ❞
( ပုံပြင် )
တစ်ခါတုန်းက ရွာတစ်ရွာမှာ ကုလားအုပ် တစ်ကောင် ရှိသတဲ့ကွယ် ။ အဲဒီ ကုလားအုပ်ကြီးဟာ သူ့သခင်ရဲ့ ခိုင်းစေခြင်းဒဏ်ကို မခံနိုင်တော့တဲ့ အတွက် သခင်နဲ့ ဝေးရာ တောကြီးထဲကို အလစ် ထွက်ပြေးသတဲ့ကွယ် ။ သည်လိုနဲ့ ခရီး ဆက်လာတာ လူသူတွေနဲ့ ဝေးရာ တောကြီးမျက်မည်းထဲ ရောက်ခဲ့သတဲ့ ။
“ ငါတစ်ဦးတည်း လွတ်လပ်စွာ နေရတာ ဘယ်လောက် ကောင်းသလဲ ၊ ငါ့ရဲ့ နဖားကြိုး ကို ရှေ့ကဆွဲ ကုန်စည်တွေ တင်ပြီး ရိုက်ခိုင်းမယ့် သူတွေ နောက် မလိုက်ရတော့ဘူး ”
အဲဒီလို ကျေနပ် ဝမ်းမြောက်စွာ တွေးတောပြီး ဆက်လက် ထွက်ခွာခဲ့တယ် ။ ဒီအချိန်မှာ အစာ ရှာရာက ပြန်လာတဲ့ ကြွက်ငယ် တစ်ကောင်ဟာ ကုလားအုပ်ကြီးရဲ့ နောက်က တန်းလန်း ပါလာတဲ့ ကြိုးစကို မြင်တော့ အံ့ဩစွာနဲ့ ကြည့်နေသတဲ့ ။ ကုလားအုပ်ကြီးဟာ တဖြည်း ဖြည်း ကြွက်ငယ် အနားကို ရောက်လာခဲ့သတဲ့ ။ ဒီအခါမှ သူ စောစောတုန်းက မြင်ရတဲ့ ကြိုးဟာ နဖားကြိုးမှန်း သိတော့ ကြွက်ငယ်က စဉ်းစား သတဲ့ကွယ် ။
“ သနားစရာ ကောင်းတဲ့ ကုလားအုပ်ဟာ နဖားကြိုး ဆွဲတဲ့သူ မရှိဘဲ သွားရင် လမ်းမှားပြီး ဒုက္ခ တွေ့တော့မယ် ၊ ဘေးရန်ကင်းကင်းနဲ့ သွားရအောင် ငါ ဦးဆောင်မှပဲ ”
ကြွက်ငယ်ဟာ သည် ဆုံးဖြတ်ချက်ကို ချပြီးတာနဲ့ တစ်ပြိုင်နက် နဖားကြိုးကို ဖမ်းလိုက်သတဲ့ ။ ကုလားအုပ်ကြီးက ပြန်လှည့် ကြည့်တဲ့အခါ နဖားကြိုးကို ကြွက်ငယ် ကိုင်ထားတာ မြင်တော့ ရုတ်တရက် လန့်သွားပြီး ...
“ အင်း ... ငါ့နှယ် ၊ အန္တရာယ် တွေ့နေရပြန်ပြီ ၊ ဒါပေမယ့် အသာလိုက် နေမှ သက်သာမယ် ” လို့ တွေးဆပြီး နေလိုက်သတဲ့ ။ ဒီအခါ ကြွက်ငယ်က ကြိုးစကိုင်ပြီး ရှေ့ကနေ သွားတော့သတဲ့ ။ သည်လို အမူအရာကို ကုလားအုပ်ကြီး မြင်ရတော့ ...
“ ငါ့အလှည့်ကြုံမှ ဒင်း သိမယ် ၊ ခုတော့ ဒင်းမော်ပါစေဦး ”
ကြွက်ငယ် ကတော့ သူ့ကိုယ်သူ အထင်ကြီးပြီး နှုတ်ကနေ ဖွင့်ပြောလိုက်တယ် ။
“ ငါ့ကိုယ်မှာ ခွန်အား ဘယ်လောက် တောင့်တယ်ဆိုတာ ခုမှသိရတယ် ၊ အားကြီးခွန်ကြီး သတ္တဝါကိုတောင် မငြင်းမဆန် လိုက်လာနိုင်အောင် ဆွဲခေါ်နိုင်တယ် ”
ခရီးနှင်လာလိုက်ကြတာ ချောင်းကလေး တစ်ခုဆီကို ရောက်ခဲ့သတဲ့ ။ သည်အခါ ကြွက်ငယ်က ရပ်တန့်လိုက်တော့သတဲ့ ။
“ ဆက်ပြီးတော့ သွားပါ အဆွေ ၊ ကျုပ်တို့သည် ချောင်းကလေးကို ကျော်ဖြတ်နိုင်စွမ်းရှိပါတယ် ”
“ ကျွန်ုပ် မသွားနိုင်တော့ပါ ၊ သည်မြစ်ဟာ အင်မတန် ကျယ်ပါတယ် ”
“ အို … သေးငယ်လှတဲ့ ချောင်းကို မြစ်လို့ ဆိုသလား ”
ကုလားအုပ်ကြီးက အံ့ဩစွာနဲ့ ပြောသည် ။
“ ဤရေသည် မကျယ်ပါ ၊ မနက်ပါ ၊ မယုံကြည်ပါက ယခု ဆင်းပြပါမည် ”
ပြောပြောဆိုဆို ကုလားအုပ်ကြီးက ရေထဲကို ဆင်းပြလိုက်တယ် ။
“ သင့်ဒူးဆစ်သာ ရှိသော်လည်း အဆွေ၏ ကိုယ်ကာယနှင့် ကျွန်ုပ်၏ ခန္ဓာကို တိုင်းထွာပါဦး ”
“ ဟုတ်ပေပြီ ၊ သင် မာန်မာန မထောင်လွှားနှင့် ၊ သင်သည် ကျွန်ုပ်၏ နဖားကြိုးကို ဆွဲလာ၍သာ ပါလာခြင်း ဖြစ်သည် ။ စွမ်းလှ၍ မဟုတ် ၊ အတုန့်အလှည့် ဟူသည် ရှိတတ်သည်ကို သတိပြု ”
“ မှားပါပြီ ၊ တစ်ဖက်သို့သာ အဆွေ ပို့ဆောင်ပေးပါ ၊ အဆွေအား လေးစားစွာ တောင်းပန်ပါတယ် ”
“ ကောင်းပြီ ၊ လိုက်ခဲ့ပေတော့ ”
ကုလားအုပ်ကြီးဟာ သူ့ရဲ့ကျောကုန်းပေါ်ကို တင်ပြီး တစ်ဖက်ကမ်းကို ကူးပြီး လိုရာ ခရီးကို ဆက်သွားကြတော့သတဲ့ကွယ် ။
ညီ ၊ ညီမလေးတို့ရေ ၊ ဒီ ဒဏ္ဍာရီပုံပြင်ကလေးမှာဖြင့် မြန်မာစကားပုံ ရေစီးတစ်ခါ ရေ သာတစ်လှည့် ဆိုသလို ညီ ၊ ညီမလေးတို့ မှတ်ဖို့က ကိုယ်က အထက်စီးက ရနေရင် အောက်လူကို နှိပ်စက်ကလူ မပြုရဘူးကွယ့် ၊ ကိုယ့်ရဲ့ စည်းစိမ်ဥစ္စာဆိုတာ အစဉ် မတည်ဘူးနော် ၊ ဒါပါပဲ ကွယ် ။
( ဘာသာပြန် )
〇 ကြိုင်မြင့်
📖 ရှုမဝ မဂ္ဂဇင်း
၁၉၆ဝ ၊ မေ
No comments:
Post a Comment