ဗေဒင်ဆရာ ဟောလိုက်တဲ့ အထဲမှာ ဒုတိယအချက် ကလည်း ဒက်ဒက်ထိ မှန်ပြန်ပြီဗျို့ ။ တင်မြရီ တစ်ယောက် ကိုယ်လေးလက်ဝန် ဖြစ်နေရှာသတဲ့ဗျာ ။ လူ့ပြည်က အပ်တစ်စင်း နဲ့ ဗြဟ္မာပြည်က အပ်တစ်စင်း ထိကြတာထက် ခဲယဉ်းပါတဲ့ လူဖြစ်ရခြင်းတွေ ထဲမှာ တစ်ခါတစ်ရံ မထင်မှတ်တဲ့ ပြဿနာမျိုးတွေနဲ့ လူဖြစ်ရပြီ ဆိုရင် ဒီကလေးအတွက် သိပ်တော့ ဟန်မကျလှဘူး ။ တင်မြရီ လို မိန်းကလေးမျိုး အတွက် အပ်နှစ်စင်း ထိတဲ့ ပြဿနာဟာ ဘယ်ဘက်က တွေးတွေး စိတ်မအေးစရာ ချည်းပဲ ။
ကျွန်တော့်ကို တွေ့တော့ သူ ဝမ်းသာအားရ ဖြစ်သွားတာကို ကြည့်ပြီး ပါးစပ်က ပြောပစ်ချင်တာတွေ အလိုလို ပျောက်သွားပါတယ် ။
“ မိုးအောင်ရေ ... ငါ့ဘဝ အခုမှ ပြည့်စုံသွားတာဟဲ့ ၊ ငါ အရမ်းဝမ်းသာတယ် သိလား ၊ သူ့အဖေ ဘယ်သူလဲ ဆိုတာ နင်သိသားပဲ ၊ ဒါပေမဲ့ သူ့အဖေကို ငါ မေ့လိုက်ပြီ ၊ ငါ့ဘဝ အခုမှ တကယ် ငြိမ်းချမ်းသွားတာ ၊ ဟဲ့ ... နင် ဘာဖြစ်နေတာလဲ ”
“ ကျွတ် ... နင် အရူးထပြန်ပြီလား ”
“ မဟုတ်ပါဘူး ၊ ငါ တကယ် ပြောနေတာ ၊ သူ့အဖေကို ငါ လုံးဝ ဂရုမစိုက်ဘူး ၊ သူ သိအောင်လည်း ငါ မကြိုးစားဘူး ၊ ဘယ်သူ့မှ ငါ အပြစ်မတင်ဘူး ၊ ဒီလိုဖြစ်အောင် ငါ တမင် လုပ်တာဟဲ့ ၊ နင်သိလား ”
“ ငါ သိသားပဲ ၊ ဒါ နင် တမင်လုပ်တာ အသိသာကြီးပဲဟာ ၊ နင် အရူးထတာ အရေးမကြီးဘူး ၊ ဒီကလေး ကြီးလာရင် ဘယ်လို လုပ်မလဲ ”
“ အောင်မယ်လေး ... မိုးအောင်ရယ် ၊ နင်က သူ့အဖေ ကျနေတာပဲ ၊ ငါက အမေရင်းပါဟဲ့ ၊ သူ့ကို ဘာမှ ဒုက္ခ မဖြစ်စေရပါဘူး ၊ ငါ ရှာကျွေးနိုင်ပါတယ် မိုးအောင်ရယ် ၊ နင် ကလည်း ပူမနေစမ်းပါနဲ့ ”
“ ဘိုးတော်ကြီးကို အကြောင်းကြားလိုက်ရင် ကောင်းမယ် ထင်တယ် ”
“ နေပါစေ မိုးအောင် ၊ သူ့ဟာသူ သတင်းကြားပြီး သူ့ဟာသူ ဆုံးဖြတ်လိမ့်မယ် ၊ နင်လူတွေ အကြောင်း ဘယ်လောက် သိလို့ လဲ ။ နင် သွားပြောရင် နင်ပဲ အဟားခံရမှာ ၊ နင့် ကိုယ်ဝန်လို့ တောင် ပြောလိမ့်ဦးမယ် ။ နေပလေ့စေ ၊ ဒီပြဿနာတွေ ငါ တမင် လုပ်တာ ၊ ငါ ရအောင် ဖြေရှင်းမယ် ၊ ဒါထက် နင် မိန်းမယူတော့မလို့ဆို ၊ ဟေ့ ချောရဲ့လား ၊ ငါ့ယောင်းမကို ကြည့်ချင်လိုက်တာ ”
“ မသေချာသေးပါဘူးဟာ ၊ ငွေရေးကြေးရေးက မလွယ်သေးဘူးဟ ”
“ ဟဲ့ ... ငါ့ ဘဏ်စာအုပ် ယူသွားလေ ၊ နင့်နာမည်နဲ့ ငါ ချက်ရေးပေး ထားသားပဲ ၊ နီလာ မပြောဘူးလား ၊ နင်ကလည်း ဟယ် ။ ဒါများ လာပြော နေရသေးတယ် ”
“ ပြောပါတယ် ၊ ငါ ကိုယ်တိုင်က မယူချင်သေးတာပါ ။ အဲဒါ ထားလိုက်ဟာ ၊ နင့်ကိစ္စအခု ဘယ်လို လုပ်မလဲ ”
“ ထောင်ပိုင်ကြီး ကတော့ သူ တတ်နိုင်သလောက် ကူညီမယ်တဲ့ ၊ အသနားခံစာတော့ တင်ခိုင်းတယ် ၊ ဝန်ခံချက်နဲ့ ထွက်ရမလား မသိဘူး ။ ဟဲ့ ... နင် ငွေလိုရင် ယူသုံးနော် ၊ နီလာ့ ကိုလည်း ပစ်မထားပါနဲ့ ဟာ ၊ အေးလေ ... နင်လည်း မိန်းမ ယူတော့မှာ ဆိုတော့ ”
“ နင် ဘာတွေ ပြောနေတာလဲ ၊ ငါ တကယ် မအားလို့ မသွားတာဟ ၊ နင် လျှောက်ပြော မနေနဲ့ ၊ အဓိပ္ပာယ် မရှိတာ ”
“ မိုးအောင်ရယ် ၊ နင်နဲ့ ငါ ပေါင်းလာတာ ကြာပြီ ၊ လူတွေအကြောင်း ငါ သိပါတယ် ၊ ငါ နင့်ကို အပြစ်တင်တာမှ မဟုတ်တာ ၊ နင် ဘယ်လောက်ပဲ ခင်ခင် .. ”
“ တော်တော့ တင်မြရီ ၊ နင့်ပါးစပ် ပိတ်ထား ၊ လျှောက်ပြောမနေနဲ့ ”
“ ငါပြောတာ နင့်အတွက် ... ”
“ တော်ပြီ တင်မြရီ ၊ ကျေးဇူးတင်တယ် ၊ ငါ လည်း ဟီးရိုး မဟုတ်ဘူး ၊ ဒါပေမဲ့ နင် ထင်သလောက်လည်း ငါ မွှန်နေတာ မဟုတ်ဘူး ၊ ခရီးသွား နေလို့ သွားမတွေ့ဖြစ်တာ ၊ ရှင်းပြီလား ”
ကျွန်တော့် အသံက ကျယ်သွားတဲ့ အပြင် ဟောက်သံငေါက်သံ ပေါက်သွားတာမို့ တင်မြရီ ခေါင်းငုံ့ သွားပါတယ် ။ ကျွန်တော် ပြောလိုက်ပြီးမှ လွန်သွားမှန်း သိလိုက်တယ် ။ တကယ်တော့ သူ ပြောတာ အကုန် မှန်နေပါလျက် ကျွန်တော့်ကို အရှက်ရစေတာမို့ ခပ်မာမာ အော်ပစ်လိုက်ရတာပါ ။ ပုရိသတို့ရဲ့ “ ဟောက်စား ” ဆိုတာ ဒီလိုပဲလေ ။
“ ကဲပါဟာ ၊ နင့်ကိစ္စ ဘယ်လို လုပ်မလဲ ၊ အဲဒါ အရေးကြီးတယ် ၊ နင့် ဘိုးတော်ကြီးကို သွားပြောကြည့်မယ် ၊ သူ လက်မခံလည်း သဘောပေါ့ ”
“ ဟင့်အင်း .. ဟင့်အင်း ၊ ငါ သူ့ကို ဒုက္ခမပေးချင်ဘူး ၊ နင် ဘာမှ သွားမပြောနဲ့ ၊ ဒါပဲနော် ၊ နင် သွားပြောလို့ ကတော့ ဟွန်း ... ”
“ တင်မြရီ ... နင် ရုပ်ရှင် ရိုက်နေတာလား ၊ ဘာ အရူးထတာလဲ ၊ သွားပြောတော့ ဘာဖြစ်လဲ ”
“ နင် ငါ့ကို ထပ် အရှက်ခွဲသလို ဖြစ်မှာပေါ့ ၊ ငါ ပြောပြီးပြီပဲ ၊ ဒီ ကိုယ်ဝန် ရအောင် ငါတမင် လုပ်တာပါဆို ၊ ဒါ ငါ့ဘဝပဲ မိုးအောင် ၊ ဒီကလေးနဲ့ ငါ့ ဘာသာ အေးအေးဆေးဆေး နေတော့မယ် ၊ ဘယ်သူ့မှ ဒုက္ခ မပေးချင်ဘူး ၊ သူက လာပြီး သူ့ ရင်သွေးပါလို့ ပြောလာရင်တောင် ငါ ငြင်းချင် ငြင်းမှာ ရှင်းပြီလား ”
“ အရူး ”
“ ဟုတ်တယ် ၊ ငါရူးတယ် ၊ ဘာဖြစ်လဲ ”
“ နင့်လောက် ရူးတဲ့ သူငယ်ချင်းမျိုး ငါ့မှာ ရှိမယ်တောင် မထင်ဘူး ၊ ဘာလဲဟ ၊ ကလေး တမင် ယူတာ ၊ အဖေကို အသိ မပေးဘူးတဲ့ ၊ ဒါ ငါ့ဘဝ တဲ့ ၊ နင် ပြောတာတွေက ရုပ်ရှင်ဆန်တယ် ။ ဒီကလေး လူလားမြောက်ဖို့ နင် တတ်နိုင်တယ်များ ထင်နေသလား ။ နင် ဝတ်ဖို့ စားဖို့တောင် လောက်အောင် ရှာနိုင်ရဲ့ လား ၊ ကလေး တစ်ယောက် လူဖြစ်ဖို့ နင် တာဝန်ယူနိုင်တယ်များ ထင်နေလား ၊ အရူးမထနဲ့ တင်မြရီ ၊ အကောင်းဆုံးက ဖျက်ချလိုက် ၊ ဒါမှမဟုတ် သူ့အဖေကို တာဝန်ယူခိုင်း ၊ ငါ ဒါပဲ ပြောချင်တယ် ”
“ မိုးအောင် ... မိုးအောင် ... ခဏနေပါဦး မိုးအောင်ရယ် ”
ကျွန်တော် ထပြန်ဖို့ လုပ်တော့ ငိုသံကြီးနဲ့ တားမြစ်လာတာကြောင့် ရပ်နေလိုက်ပါတယ် ။
“ မိုးအောင်ရယ် ၊ ငါ ရှိခိုးပါတယ် ၊ သူ့ကို သွားမပြောလိုက်ပါနဲ့ ဟာ ၊ ဒါ ငါ တမင်လုပ်တာပါလို့ ပြောနေတဲ့ ဟာ ၊ အရင်က ငါ အကြပ် ကိုင်မလို့ပဲ ။ ဒါပေမဲ့ သူများ မိသားစုကို ဒုက္ခ မပေးချင်ဘူး ၊ ငါ့ကြောင့် သူတို့ မိသားစု ပြိုကွဲမှာ ဟဲ့ ၊ နင် ဘာသိလို့ လဲ ၊ ပြိုကွဲသွားရင် နင် ကိုယ်ချင်းစာ ကြည့်ပေါ့ ၊ ငါ လုပ်သင့်သလား ၊ ငါ ဒုက္ခပေးသင့်သလား ၊ ငါ ... ငါ ... ငါ့ကို နားလည်ပါ မိုးအောင်ရယ် ၊ ငါ ကောင်းကောင်း နေချင်ပြီ ၊ ဘယ်သူ့ကိုမှ ရန်ငြိုး မဖွဲ့ချင်တော့ဘူး ၊ ကလဲ့စား မချေချင်တော့ဘူး ။ ငါ လူကောင်း ပြန်ဖြစ်ချင်လို့ ပါ ၊ ငါ့ကို သနားပါ မိုးအောင်ရယ် ၊ နင် သွားမပြောပါနဲ့ နော် ၊ ငါ့ကို သနားပါ ။ ဟင် ... ဟင့် ”
ငိုရပြန်ပြီပေါ့လေ ။
ဗြဟ္မာပြည်က အပ်နဲ့ လူ့ပြည်က အပ် ဆုံဖို့ ဆိုရင် ဒါမျိုးတွေလည်း ဖြစ်တတ်တာကိုး ။
ကျွန်တော့် တောက်ခေါက်သံက သူ့ကို မချိတင်ကဲ ခွင့်လွှတ်လိုက်တယ် ဆိုတာ သူ သိသွားတယ် ။
“ ကျေးဇူးပါပဲ မိုးအောင်ရယ် ၊ ငါ တကယ် ပြောတာပါနော် ”
“ နင် ... တကယ် သေချာတယ်နော် ”
“ အေးပါ ၊ ငါ တကယ် ပြောတာပါ ၊ ငါ သူ့ကို အကြပ်မကိုင်ချင်ဘူး ၊ အရင်လို စိတ်တွေ ငါ့မှာ မရှိတော့ဘူး ၊ အစကတော့ သူ့ကို အကြပ်ကိုင်မလို့ လုပ်တာ ။ ဒါပေမဲ့ ငါ အဲဒါတွေကို နောင်တရနေပြီ ၊ ငါ့ကလေးနဲ့ ငါ အေးအေးဆေးဆေး နေတော့မယ် ၊ ဆင်းရဲရင် ဆင်းရဲပါစေ ၊ ငါ မယုတ်မာချင်တော့ဘူး ၊ အပျက်ဘဝကို ငါ မုန်းနေပြီ ၊ ငါ တကယ် ပြောတာပါ ”
ဟုတ်ပါတယ် ။ သူ တကယ် ပြောတာမှန်း ကျွန်တော် သိလိုက်ရပါပြီ ။ မိဘမေတ္တာ ဖြစ်မှာပါ ။ မမြင်ရတဲ့ ရင်သွေးလေးကြောင့် သူ့ကိုယ်သူ ဖြူစင်တဲ့ လူတစ်ယောက် ဖြစ်ချင်ရှာပြီကိုး ။ အမုန်းတရားနဲ့ အာဃာတတွေကို ခဝါချလိုက်ရရှာပြီ ။ သူ နှစ်ပေါင်းများစွာ ကလဲ့စားချေဖို့ အားတင်းခဲ့ပေမယ့် တကယ်တမ်း အခွင့်ကြုံလာတော့ မလုပ်ရက်တော့ပြီကိုး ။ ကောင်းပါတယ် ။ သူ ကိုယ်တိုင်လည်း ဆွေကြီးမျိုးကြီး ဆိုတော့ အခုလို အမြင်မှန် ရသွားတာ ကောင်းတာပေါ့ ။ သူ့မိဘတွေလည်း အရှက်မကွဲတော့ဘူး ။ သူများ ကဲ့ရဲ့တာ မခံရတော့ဘူး ။ ကလေး တစ်ယောက်နဲ့ အေးအေးချမ်းချမ်း နေသွားတော့မယ် ဆိုတော့ အဆိုးထဲက အကောင်းလို့ ပြောရတော့မှာပဲ ။
ကျွန်တော် စဉ်းစားကြည့်တယ် ။ လူတွေဟာ ဒီလိုပဲ ဗြုန်းစားကြီး ပြောင်းလဲတတ်သလား ။ ကျွန်တော် ထင်တာက တင်မြရီ ဒီကိုယ်ဝန်ကို ဗန်းပြပြီး ကောင်းကောင်း ဖူလုံအောင် အကွက်ဆင်မယ်လို့ ထင်ထားတာ ကျွန်တော့် သဘောနဲ့လည်း တစ်ထပ်တည်းပဲ ။ ဟိုလူကြီးလူကောင်းကြီးကို ဒုက္ခလှလှကြီး ပေးရပြီလို့ တွက်ထားတာ ။ အခုကျတော့ တင်မြရီ မှာ သူတော်ကောင်း စိတ်တွေ ဝင်နေပါရောလား ။ ကြည့်စမ်း ၊ မိန်းကလေးတန်မဲ့ အချစ်ကို အနစ်နာခံပြီး ထူထောင်သွားတယ် ။ မမ ဆိုရင်လည်း ကျွန်တော် သူ့ အပေါ် ဒီလောက် ကလိန်ကျတာတောင် မမုန်းမမေ့နိုင်ရှာဘူး ။ တယ်ဟုတ်နေကြပါလား ။ ကျွန်တော် ကျတော့ ကျွန်တော့် အတွက် အကျိုး မရှိဘူး ထင်ရင် ဘာကိုမှ အနစ်နာ မခံရဲဘူး ။ ပါးစပ်ကတော့ တကယ့် သူရဲကောင်း လိုလို ၊ ကယ်တင်ရှင်ကြီး လိုလို ဟန်တစ်ခွဲသားနဲ့ ဖြီးဖြန်းနေလာခဲ့တယ် ။ တကယ့် တကယ်ကျတော့ မိန်းမတစ်ယောက် လောက်တောင် ချစ်ခြင်းမေတ္တာကို မဖော်ကျူးနိုင်ပါလား ။ ဟုတ်တယ် ၊ ကျွန်တော်ဟာ တော်တော် ယုတ်မာသိမ်ဖျင်းနေတဲ့ လူဖြစ်ပြီ ။ တစ်ကိုယ်ကောင်းဆန်သူ ဖြစ်နေပြီ ။ ဘယ်သူသေသေ ၊ ငတေမာဖို့ အဓိကထားသူ ဖြစ်နေပြီ ။
အသက်က သုံးဆယ် ၊ အလုပ်က တက္ကစီသမား ။ တွယ်တာစရာ ကင်းကင်းနဲ့ ထင်ရာစိုင်း နေလိုက်တာ ၊ ဘာမှ ကောင်းကျိုး မရှိသေးပါလား ။ တကယ်ဆို တင်မြရီ လို မိန်းမတစ်ယောက်ရဲ့ ခြေဖဝါးကို တောင် တို့ထိပြီး ဆရာ တင်သင့်ပြီ ။ မမ ကို ဒူးထောက်ပြီး ဝန်ချတောင်းပန်သင့်ပြီ ။ ခင်မေနွယ် ကို လက်လွှတ်ဆုံးရှုံးခံသင့်ပြီ ။
ကိုယ့်လူတို့ ရေ ...
လူဟာ ကိုယ့်ကိုယ်ကိုယ် ရွံပြီ ဆိုရင် မှန်တောင် ပြန်မကြည့်ချင်တော့ဘူး ။
ရွံစရာ တကယ်ကောင်းတဲ့ စိတ်နဲ့ လောကကြီးမှာ ရှင်သန်ရပ်တည်ရတာ လိပ်ပြာမသန့်ချင် တော့ဘူး ။ ဘာဆက်လုပ်ရမလဲ ။ ကျွန်တော် ဘာ ကောင်းမှုတွေ လုပ်သင့်သလဲ ၊ စိတ်ဓာတ်တွေ ပြန်ကောင်းလာအောင် ဘာတွေ လုပ်သင့်သလဲ ။ ဖတ်ခဲ့သမျှ စာတွေ ၊ လေ့လာခဲ့သမျှ ဗဟုသုတ တွေ ၊ နားလည်ခဲ့သမျှ လူ့စရိုက်တွေ နဲ့ လောကကို ကောင်းကျိုးရှိရှိ ရပ်တ ည်နေတဲ့ လူတစ်ယောက် ပြန်ဖြစ်ဖို့ လွယ်ပါဦးမလား ။
စိတ်ဓာတ်တွေ ကျပြီဗျို့ ။
••••• ••••• •••••
❝ မြို့ဂျပိုး ဇာတ်သိမ်းပိုင်း ❞
တက္ကစီဆရာက သူ့ မေးခွန်းကို သူ့ဘာသာ သဘောကျပြီး ရယ်လေသည် ။ ကျွန်တော်က စဉ်းစားရင်း သူ့ကို ငေးမော ကြည့်နေဖြစ်၏ ။ သူက ရယ်သွမ်းသွေးရင်း ..
“ ဘယ်လိုလဲ ကိုမာန် ၊ ကျွန်တော့် ဇာတ်ကြောင်းက ဝတ္ထု ဖြစ်ပါ့မလား ၊ တော်တော်တော့ တစ်ကိုယ်ကောင်း ဆန်နေမှာပဲနော် ”
“ ကိစ္စမရှိပါဘူး ”
“ ဒါဆို ကိုမာန် ရေးမယ်ပေါ့ ”
“ ရေးမှာပါ ၊ ဘာဖြစ်လို့လဲ ဆိုတော့ ဒါ ကျွန်တော်တို့ ခေတ်ပဲလေ ”
“ ဘာလဲ ၊ ကိုမာန်က ဒီခေတ် လူငယ်တွေကို ပညာပေးချင်လို့လား ”
“ အဲဒီလိုလည်း မဟုတ်ပါဘူး ၊ ကျွန်တော့် သဘောက ဖြစ်နေတာကို ဖြစ်နေတဲ့ အတိုင်း တင်ပြချင်တာ အဓိကပါ ။ ပြီးတော့ ဒါတွေဟာ ကျွန်တော် တွေ့နေ ၊ မြင်နေရတာပဲလေ ။ ကျွန်တော် သိချင်တာက ကိုမိုးအောင် ဘာလို့ လက်မထပ်ဖြစ်တာလဲ ၊ တင်မြရီ ဘာဆက် ဖြစ်သလဲ ၊ နီလာ ရော ... သူတို့ ဆိုင်ဖွင့်ဖြစ်သလား ၊ ပြီးတော့ ကိုမိုးအောင် ရဲ့ မမကြီး ဘယ်ရောက် သွားသလဲ ဆိုတာတွေ ... ”
တက္ကစီဆရာက အကြမ်းပန်းကန်လုံးကို စားပွဲပေါ်မှာ လှည့်ကစားရင်း ကျွန်တော့် မေးခွန်းများကို စဉ်းစားနေသည် ။ အတော်လေးကြာ တော့မှ ...
“ မမ က နယ်ကို အပြီး ပြန်သွားပြီဗျာ ၊ ကျန်တဲ့ လူတွေ အကြောင်းတော့ ကျွန်တော် မပြောပါရစေနဲ့ ၊ ကျွန်တော် လက်မထပ်ဖြစ်တဲ့ ကိစ္စက ... ”
သူက ခေါင်းကို ခပ်လေးလေး ညိတ်ရင်း စဉ်းစားပြန်သည် ။
“ ငွေပေါ့ဗျာ ၊ ကျွန်တော် ငွေမရှာနိုင်ဘူး ၊ ငွေနဲ့ တည်ဆောက်မှ ရမယ့် တင့်တင့်တယ်တယ် အိမ်ထောင်ရေးကို ကျွန်တော် မထူထောင်နိုင်ဘူး ၊ ကြာတော့ အမေတို့ လည်း ဘာမှ မပြောတော့ပါဘူး ။ မျက်နှာပျက်စရာတော့ ဖြစ်တာပေါ့လေ ။ တစ်ခု ကောင်းတာက ကျွန်တော် ချွေတာတတ်လာတာပါ ၊ လွယ်လွယ်ရ လွယ်လွယ်သုံး မလုပ်တော့ဘူး ၊ ပြောရရင် တက္ကစီ လောက ကလည်း အရင်ကလို ခေတ်မကောင်းတော့ဘူးဗျ ။ နယ်က လူတွေ အသွားအလာ နည်းသွားတော့ အော်ဒါ ကောင်းကောင်း မရတော့ဘူး ။ ကိုမာန် သိတဲ့ အတိုင်းပဲလေ ၊ အကျိုးဆောင်လုပ်ငန်းတွေ ပြဿနာ ပေါ်ပြီး ကတည်းက လူတွေ ငွေသိပ် မဖြုန်းကြတော့ဘူး ၊ အရောင်းအဝယ် လုပ်ငန်းတွေ သိပ်မဖြစ်တော့ သွားကြလာကြ သိပ်မရှိတော့ဘူးဗျ ။ အရင်ဆို ဘယ်ဗျာ ၊ သုံးလေးကြောင်း လိမ့်လိုက်ရင် တစ်မနက်စာ ဖူလုံသွားပြီ ၊ အခု အဲဒီ သုံးလေးကြောင်း ရဖို့ ဘုရားတ နေရတယ် ”
“ အေးဗျာ ၊ ဇာတ်သိမ်းပိုင်း ကျမှ ခက်နေပြီ ”
“ ဘာကို ခက်တာလဲကို မာန် ၊ ကျွန်တော် ပြောတာ မယုံလို့လား ”
“ ဟာ ... မဟုတ်ပါဘူး ၊ ကျွန်တော်က ဝတ္ထုသဘောကို ပြောတာပါ ၊ ခင်ဗျား ပြောတာက လက်တွေ့ ကျပါတယ် ။ ဒါပေမဲ့ ဝတ္ထုသဘော ကျတော့ ဖာသိဖာသာ ထားခဲ့လို့ မရဘူးဗျ ။ ဒရမ်ဆရာ တုန်းက ကျွန်တော် တော်တော် အပြောခံရတယ် ။ ဒါကြောင့် ကိုမိုးအောင် ဇာတ်လမ်းမှာ တစ်ခုခု ပေါ့ဗျာ ၊ ဥပမာ - ခင်ဗျား ကောင်းစားသွားတာတို့ ၊ တင်မြရီ ကို ကယ်တင် လိုက်တာတို့ ၊ ဘာတို့ မျိုးပေါ့ ”
“ ဟာဗျာ ၊ ကျွန်တော် မလုပ်တာကြီးကို ဘယ်လို လုပ်ပြီး ”
“ ဟုတ်ပါတယ် ၊ ဟုတ်ပါတယ် ၊ ကိုမိုးအောင် မှန်ပါတယ် ။ ကျွန်တော်က ဇာတ်လမ်း သဘောကို ပြောတာပါ ၊ ကိုမိုးအောင် အခုထက်ထိ မိန်းမ မယူဖြစ်ဘူး ၊ တက္ကစီ မောင်းနေတယ် ၊ ရေကျော်မှာ ဂိတ်ထိုးတယ် ၊ ဒါတွေ ကျွန်တော် မြင်နေတာပဲ ။ ဘယ်လို ပြောမလဲ ၊ သရုပ်မှန် သဘောအရ ဒီလိုပဲ တင်ပြရမှာ ပဲ ၊ ထားပါတော့ဗျာ ။ ဒီအတိုင်းပဲ ဇာတ်သိမ်း လိုက်ပါတော့မယ် ၊ ဒါပေမဲ့ တင်မြရီ ကိုတော့ ကျွန်တော် တွေ့ချင်သေးတယ် ”
“ ဟင် ... ဘာလုပ်မလို့ လဲကိုမာန် ”
“ သူ တကယ်ပဲ ကလေးဘဝ ရှေ့ရေးကို ဦးစားပေးလိုက်ပြီလား ဆိုတာ ၊ ပြီးတော့ ဝေဇယန္တာ လမ်းမကြီး နားမှာ ကျွန်တော့် သူငယ်ချင်းကို သူရိန်စိုးတို့ ရှိတယ်ဗျ ။ သူတို့ ဆီကို ရောက်ရင် အဲဒီ လမ်းမကြီးပေါ်က ကောင်မလေးတွေအကြောင်း ခဏခဏ ကြားရတယ် ။ အဲဒီနားမှာက လူကုံထံ တွေချည်း နေတာ မဟုတ်လား ။ တစ်ခါတလေ ကားတွေ ဘာတွေ ထွက်ငှားတဲ့ အခါ အုတ်ရောရော ဖြစ်ရလို့ တင်မြရီ တို့ ကို အမြင်မကြည်ဘူး ။ ဘယ်သူ့ အပြစ်မှတော့ မဟုတ်ပါဘူး ၊ ဖြစ်တတ်တဲ့ သဘောပါ ။ နောက်တစ်ခုက ပန်းဆိုးတန်း ဆိုတာ ကျွန်တော် အမြဲ ရောက်နေတဲ့ နေရာပဲ ၊ တကယ်လို့ ခက်ခက်ဝေ ကို တွေ့ရင် ခင်ဗျား အကြောင်း ရေးတဲ့ ဝတ္ထုကို လက်ဆောင်ပေးလိုက်ဦးမယ် ၊ သူ ဘာပြောမလဲ မသိဘူး ”
“ ဘာပြောမှာ လဲ ၊ အလကား မိုးအောင် ၊ တကယ့်ဂျပိုးလို့ပဲ ပြောမှာပေါ့ ”
“ ဟာ .. ကိုမိုးအောင်က ဂျပိုးကျတုန်းပဲလား ”
“ ကိုမာန်ရယ် ... ကျွန်တော် တက္ကစီ မောင်းနေတုန်းပဲလေ ”
ပြီးပါပြီ
လေးစားစွာဖြင့်
မာန် ( တောင်လုံးပြန် )

No comments:
Post a Comment