◾ဘဘဦးအောင်သင်း ပြောတဲ့ မြို့ဂျပိုး ဝတ္ထုအကြောင်း
🚩 မြို့ဂျပိုး
“ မြို့ဂျပိုး ” ဆိုတာ မာန် ( တောင်လုံးပြန် ) ရေးတဲ့ ဝတ္ထုတစ်ပုဒ်ပါပဲ ။ သို့သော်လည်း အဲဒီဝတ္ထုကို ဖတ်နေရင်းက ခေတ်တွေ ပြောင်းပြောင်းသွားတဲ့ သဘောကို သတိရ သွားတာကြောင့် စာပေခေတ် ပြောင်းသွားတာလေးကို အရင် ပြောချင်ပါတယ် ။
တို့ ခပ်ငယ်ငယ်တုန်းက ပြဇာတ်ဆန်း ဆိုတာ ပေါ်ခဲ့ဖူးတယ် ။ အဲဒီတုန်းက တို့တောင် စာမဖတ် တတ်သေးပါဘူး ။ တို့ မမွေးသေးခင်က ပေါ်ခဲ့တာပါ ။ ပြဇာတ်ဆန်းလို့ ဘာကြောင့်နာမည် ပေးခဲ့သလဲ ဆိုတော့ ဦးပုညတို့ ၊ ဦးကြင်ဥတို့ ရဲ့ ပြဇာတ်နဲ့ မတူတဲ့ အတွက်ကြောင့် ပြဇာတ်ဆန်း ဆိုပြီး လုပ်တာ ။ အဲဒီမှာ ပဒကုသလ ပြဇာတ်ဆန်းတို့ ၊ ဃောသက ပြဇာတ်ဆန်းတို့ အဲဒီလို ပြဇာတ်ဆန်းတွ ပေါ်လာခဲ့တယ် ။ ချင်းကလေးဖဝေး အဲဒီလို ပြဇာတ်ဆန်းတွေပေါ့ ။
အဲဒီလို ပြဇာတ်ဆန်း ပြီးတော့မှ ဝတ္ထုဆန်း ဆိုတာ ပေါ်လာပြန်တယ် ။ အဲဒီတော့ ဃောသက ဝတ္ထုဆန်းတို့ ၊ ဆဒ္ဒန်ဆင်မင်း ဝတ္ထုဆန်းတို့ စသည် အားဖြင့်ပေါ့ ။ များ သောအားဖြင့် ရှေးတုန်းက ဇာတ်စင်ပေါ် တင်ပြီး ကခဲ့တဲ့ ရှေးဟောင်း ပြဇာတ်တွေကို ဝတ္ထုလိုလို ၊ ဘာလိုလို ၊ ဇာတ်လိုလို လုပ်ပြီးတော့ တင်တာပါပဲ ။ ဒါပေမဲ့ အဲဒီခေတ်က ကြာတယ် ။ အနည်းဆုံး ၁၀ နှစ် ၊ ၁၅ နှစ်လောက် ကြာမယ် ထင်တယ် ။ အဲဒီလောက် ကြာသွား ပြီးမှ ဝတ္ထု ဆိုတာ ပေါ်လာတာ ။ အဲဒီလို ဝတ္ထုဆန်း ပေါ်ပြီးမှ ဝတ္ထု ဆိုတာ ပေါ်လာတာ ။ ဝတ္ထု စပေါ်တုန်းက အဲဒီခေတ်က လေးပဲတန် ခေတ်ပေါ့ကွာ ။ တစ်အုပ်ကို တစ်မတ် ပေါ့ ။ အဲဒီတုန်းက ခေတ်စားခဲ့တဲ့ စာရေးဆရာတွေက ပီမိုးနင်း ၊ မြမျိုးလွင် ၊ သုခ ၊ ရန်အောင် ၊ တင်ထွန်း ၊ သင်္ခါ ။ အဲဒီအချိန်မှာ ဒဂုန်မဂ္ဂဇင်း ကလည်း အရှိန်ပြင်းပြင်းနဲ့ တော်တော် ထွက်လာတာ ။ အဲဒီ ဒဂုန်မဂ္ဂဇင်း မှာလည်း ဝတ္ထုတွေ တော်တော် များတယ် ။ အဲဒီက နာမည်ကြီးလာတဲ့ ဒဂုန်ခင်ခင်လေး ၊ ဒဂုန်မြတ်လေးနွယ် တို့ ၊ ဇေယျ တို့ ။ အဲဒီမှာ ဒဂုန်ခင်ခင်လေး က ကိုကိုလေး ဆိုတဲ့ နာမည်နဲ့ မှော်ဆရာမှတ်တမ်း ဆိုတာ ရေးလေ့ရှိတယ် ။ လစဉ် ပါတာ ။ တို့ ငယ်ငယ်တုန်းက လူငယ်ဘဝ ၊ ကလေးဘဝ သိပ်စွဲခဲ့တဲ့ ဟာပေါ့ ။ ဒဂုန်မဂ္ဂဇင်း တွေ့လိုက်တာနဲ့ အဲဒီ မှော်ဆရာမှတ်တမ်း ကောက်ဖတ်တာပဲ ။
အဲဒီနောက်မှာတော့ အပြင်မှာ ရေးတဲ့ မြစလွယ် ဆိုတာ ရေးတဲ့ စုန်း ၊ တစ္ဆေ ၊ ကဝေ ဝတ္ထုတွေပေါ့ ။ အဲဒီ ဝတ္ထုတွေလည်း ပေါ်တယ် ။ အဲဒီလိုနဲ့ အ ချစ်ဝတ္ထုတွေ ခုနက အသစ်ကလေးတွေ ။ အချစ်ဝတ္ထု ခပ်ဆန်ဆန်နဲ့ စုန်း ၊ တစ္ဆေ၀တ္ထုတွေ အဲဒီလိုမျိုးတွေ ပေါ် လာပြီးမှ အဲဒီအချိန်မှာ ဘာဖြစ်လာသလဲ ဆိုတော့ ၁၉၂၀ ပြည့်နှစ် ၊ အမျိုးသားသပိတ် ပေါ်လာတယ် ။ အဲဒီအ မျိုးသားသပိတ် အရှိန်နဲ့ တော်တော်ကလေးကို နိုင်ငံရေးတွေ နိုးကြားသွားတယ် ။ နိုးကြားသွားတော့ အဲဒီအချိန်က ကမ္ဘာမှာ လည်း ကမ္ဘာနဲ့ မြန်မာကို နှိုင်းကြည့်ပြီး ကိုယ့်တိုင်းပြည်သာ မဟုတ်ဘဲနဲ့ အဲဒီလို လှမ်းကြည့်ပြီး လွတ်လပ်ရေးအတွက်ကို စိတ်ဝင်စားလာတာပေါ့ ။ တို့ဗမာ အစည်းအရုံး ကလည်း ပေါ်လာတယ် ။ တို့ဗမာ အစည်းအရုံး ကလည်း လွတ်လပ်ရေး အတွက် နှိုးဆော်တယ် ။ သွေးထိုးတယ်ပေါ့ ။
အဲဒီအချိန်မှာ တို့ဗမာ အစည်းအရုံး က နဂါးနီစာအုပ်တိုက် ဆိုတာ ပေါ် ထွက်လာတယ် ။ အဲဒီ နဂါးနီစာအုပ်တိုက် ဆိုတာကလည်း မျိုးချစ်စိတ်နဲ့ ပတ်သက်တဲ့ စာအုပ်တွေချည်းပဲ အကုန်ထွက်တယ် ။ ခုနတုန်းက အချစ်ဝတ္ထုတို့ ၊ ဘာတို့ ဆိုတာမျိုး မဟုတ်ဘူး ။ အဲဒီအချိန်မှာ တို့က ဘယ်သူ့ကို သဘောအကျဆုံးလဲ ဆိုတော့ အိုင်ယာ လန်လူမျိုးတွေရဲ့ သူပုန် ။ အိုင်ယာလန်သူပုန်ပေါ့ ။ သူတို့ က အင်္ဂလိပ်ကို ဆန့်ကျင်ပြီး သူပုန် ထတိုက်တဲ့ အခါကျတော့ တို့ ကလည်း အင်္ဂလိပ်ကို ဆန့်ကျင်ပြီး တိုက်တော့ အိုင်ယာလန်သူပုန်ကို သိပ်သဘောကျတယ် ။ အဲဒီမှာ ဘာသာပြန်တွေ ထွက်လာတယ် ။ အဲဒါတွေက ဘာတွေလဲ ဆိုတော့ “ အိုင်ယာလန် သူပုန်အဖွဲ့ ” ၊ “ ကျွန်ုပ်နှင့် မိုက်ကယ်ကောလင်း ” တို့ ၊ “ ကျွန်ုပ်တို့ စွန့်စားခန်းများ ” တို့ အဲဒီလို စာအုပ်မျိုးတွေ ထွက်လာတယ် ။ နောက်တစ်ခါ နိုင်ငံရေးဘက်က ဆိုလို့ ရှိရင် ဗမာ့တော်လှန်ရေးတို့ ၊ ဓနရှင်လောက ၊ ရေနံ ၊ လူမွဲတို့၏ ထွက်ရပ်လမ်း ၊ အဲဒီစာအုပ်မျိုးတွေ ပေါ်လာတော့ ဝတ္ထုဆရာတွေလည်း အဲဒီဘက် ခေတ်ကို ရောက်သွားတယ် ။ ရောက်သွားတော့ ဘာတွေ ဖြစ်သလဲ ဆိုတော့ မဟာဆွေတို့ “ သူပုန်ကြီး ” တို့ ၊ “ သူပုန်အိမ် ” တို့ “ လူမိုက်လောကီ ” တို့ အဲဒီ စာအုပ်တွေ ထွက်လာတယ် ။ ဝတ္ထုတွေ ပြောင်းလာတာကိုပြောတာပါ ။ “ သပိတ်မှောက် ကျောင်းသား ” တို့ ၊ “ အရေးတော်ပုံတပ်သား ” တို့ အဲဒီလိုစာအုပ်မျိုးတွေ ၊ ဝတ္ထုမျိုးတွေ ထွက်လာတယ် ။ အဲဒီ “ အရေးတော်ပုံတပ်သား ” မှာ ရေးတဲ့ ရဲထွန်းလင်း ဆိုတာ အတော့်ကို စာရေးကောင်းတယ် ။ သပိတ်မှောက်ကျောင်းသားကတော့ မင်းတို့ သိကြတဲ့ အတိုင်း သိန်းဖေမြင့် ပေါ့လေ ။ အဲဒီတုန်းကတော့ သိန်းဖေ ပေါ့လေ ။ သူရေးတဲ့ ဟာတွေ ။ အဲဒီလို စာအုပ်မျိုးတွေ ပေါ်လာတယ် ။ ရုပ်ရှင်လောကကို လှမ်းကြည့်လိုက်တော့ အဲဒီလိုပဲ နယ်ချဲ့ဆန့်ကျင်ရေး ရုပ်ရှင်တွေ ပေါ်လာတယ် ။ ဥပမာ - ဂဠုန်မ တို့ ၊ သူပုန်ရင်သွေး တို့ ၊ သခင်မျိုး တို့ ၊ ဘွိုင်ကော်တာ တို့ ။ ဘွိုင်ကော်တာ ဆိုတာ သပိတ်မှောက်ကျောင်းသားတွေ ပေါ့ကွာ ။ အဲဒီတုန်းက သပိတ်မှောက်တယ် ဆိုတဲ့ စကားလုံးက သိပ်ခေတ်မစားသေးဘူး ။ ပထမအစတုန်းက ဘွို က်ကော့လို့ ခေါ်တယ် ။ အဲဒီမှာ ဘွိုင်ကော်တာ ဆိုတဲ့ ရုပ်ရှင်တွေ ပေါ်လာ တယ် ။
အဲဒီနောက်မှာ စစ်ကြီး ဖြစ်လိုက်တော့ အင်္ဂလိပ်အထွက် ဂျပန်အဝင် ပေါ့ ။ အဲဒီလို ဖြစ်ပြီးတော့ ဂျပန်ဝင်လာရော ။ ဂျပန်ဝင်လာတော့ ဂျပန်ခေတ်မှာတော့ဖြင့် စာအုပ်တွေ ဘာတွေ သိပ်များများစားစား မထွက်နိုင်ဘူး ။ အဲဒီရဲဘော်သုံးကျိပ် တို့ ၊ ရွှေတောင်တိုက်ပွဲ တို့ အဲဒီလို တကယ့် အဖြစ်အပျက်တွေပေါ့ ။ ဂျပန်ခေတ်က ထွက်ခဲ့တဲ့ စာအုပ်တွေထဲမှာ ထူးထူးခြားခြားပေါ်လာတဲ့ ဝတ္ထုကတော့ မင်းဆွေရဲ့ “ ဓား ” ဆိုတဲ့ ဝတ္ထုပဲ ။ အဲဒီဝတ္ထုက တော်တော့်ကို ခေတ်စားလိုက်တယ် ။ နာမည်လည်း ကြီးတယ်ပေါ့နော် ။ ခုလည်း ပြန်ရိုက်ထားတာ မင်းတို့ တွေ့ပါလိမ့်မယ် ။ ဒါနဲ့ ဂျပန်ခေတ်မှာ စာအုပ်တွေ မည်မည်ရရ မထွက်နိုင်ခဲ့ပါဘူး ။ ပြေးရ ၊ လွှားရ ၊ ဗုံးတွေကျ ၊ စက်သေနတ်တွေက ပစ်နဲ့ အဲဒီလိုနေခဲ့ရတာ ။
နောက်ကျတော့ ဖက်ဆစ်တော်လှန်ရေးကြီး ဖြစ် ။ အင်္ဂလိပ် ပြန်ဝင်လာရော ။ ဝင်လာတဲ့ အခါကျတော့ တွေ့အကြုံတွေက ပြောင်းသွားပြီ ။ ပြောင်းသွားပြန်တော့ ပထမဆုံး ထွက်လာတာကတော့ တက္ကသိုလ်ဘုန်းကြွယ် ရဲ့ ပြောက်ကျားတပ်သားဆိုတဲ့ စာအုပ် ။ အဲဒီနောက်မှာ တော့ တကယ့် အရေးတော်ပုံတပ်သား တို့ ၊ ခုနတုန်းက ရဲထွန်းလင်း ပဲ ရေးတာပဲ ။ ပထမတုန်းက အင်္ဂလိပ်ခေတ်တုန်းက ရေးခဲ့တာက အ ရေးတော်ပုံတပ်သား ။ ဒီသပိတ်မှောက်ကျောင်းသားတွေရဲ့ ဘဝကိုရေး တာ ။ အခုတကယ့် အရေးတော်ပုံတပ်သားကျတော့ ဖက်ဆစ်တော်လှန်ရေး က ပြောက်ကျားရဲဘော်တွေရဲ့ အကြောင်းကို ရေးတာ ။ အဲဒီလို ရေးတာကနေ မြန်မာစာပေ ပြန်ထွန်းကားလာတယ် ။ ဝတ္ထုတွေ ပေါ်လာတယ် ။ သုခ တို့ ၊ မဟာဆွေ တို့ ရဲ့ ဝတ္ထုတွေလည်း ပြန်ပေါ်လာတယ် ။ အဲဒီလို ဖြစ်နေတဲ့ အချိန်မှာ ဘာဝင်လာသလဲ ဆိုတော့ မာ့ခ်ဆိုတဲ့ ဝါဒ ပေါ်လာတယ် ။ မာ့ခ်ဝါဒ နဲ့ ကွန်မြူနစ်ဝါဒ လက်ဝဲပါတီပေါ့ကွယ် ။ ပစ္စည်းမဲ့ တော်လှန်ရေးတို့ ၊ အရင်းရှင် ဆန့်ကျင်ရေးတို့ ၊ အဖိနှိပ်ခံလူတန်းစားတို့ ဆိုတဲ့ စကားလုံးတွေလည်း ပေါ်လာတယ် ။ အဲဒီလို ပေါ်လာတဲ့ အခါကျတော့ ဝတ္ထုတွေမှာ အဲဒီ အငွေ့တွေက လွှမ်းမိုးလာခဲ့တယ် ။ အဲဒီထဲမှာ သိပ်ထူးခြားတဲ့ သူကတော့ ဗန်းမော်တင်အောင် ပါ ။ ဗန်းမော်တင်အောင် က “ ဘုန်းမောင်တစ်ယောက်ထဲရယ် ” ဆိုတဲ့ ဝတ္ထုနဲ့ ပထမဆုံး စာပေလောက ထဲမှာ နာမည်ကြီး သွားတာပဲ ။ အဲဒီနောက်တော့ ဝတ္ထုတွေ ထဲမှာ အချစ်ဝတ္ထုတွေလည်း ပါရဲ့ ။ တက္ကသိုလ်ကျောင်း နောက်ခံဝတ္ထုတွေလည်း ပါရဲ့ ။ အဲဒီကြားမှာ တဖြည်းဖြည်း ခေတ်စားလာတာက ဘာလဲဆိုတော့ ခုနတုန်းက လက်ဝဲဝါဒလို့ ခေါ်တဲ့ ပစ္စည်းမဲ့ တော်လှန်ရေး ဘက်တော်သား ဝတ္ထုတွေပေါ့ ။ အဲဒါတွေက သိပ်ပြီးတော့ ခေတ်စားလာတယ် ။ အဲဒီခေတ်စားလာတဲ့ ကာလ နောက်ပိုင်းကျတော့ ဆိုရှယ်လစ်ဝတ္ထုတွေ အဲဒါတွေ ဖြစ်လာတာပေါ့ ။
အဲဒီလို ဖြစ်ရင်းကနေ တိုတိုပြောရရင် ၁၉၈၈ ခုနှစ် အရေးအခင်း ဖြစ်ရော ။ အရေးအခင်း ဖြစ်ပြီးတဲ့အခါကျတော့ လူငယ်တွေလည်း နိုင်ငံခြား သွားတာတွေက သွား ၊ ထွက်သွားကြ ၊ ဟိုမှာ အလုပ်လုပ်ကြပေါ့ ။ အဲဒီလို နေရင်း ကနေ့ကျတော့ သူတို့ရဲ့ အတွေးအမြင်တွေက ပြောင်းသွားပြန်တယ် ။ ဒီလို နိုင်ငံခြားသွားပြီး အလုပ်လုပ်ဖို့ ၊ စီးပွားရှာဖို့ ။ အဲဒီလို သွားကြတဲ့ အထဲမှာ စာပေဝါသနာ ပါတဲ့ လူငယ်တွေလည်း ပါကြသေးတာကိုး ။ အဲဒီလို ပါပြန်တဲ့ အခါကျတော့ တချို့ ထင်နေတာ နိုင်ငံခြား သွားပြီး ဟိုမှာ စတိုင်ကျကျ ၊ စမတ်ကျကျ အလုပ် လုပ်ရတယ်ထင်နေတာ ။ ဟိုမှာ ကူလီသာသာပဲ လုပ်ရတာတွေ ၊ ပင်ပန်းကြီးစွာ လုပ်ခဲ့ရတာတွေကို ဘယ်သူကမှ သိပ်ပြီး မပြောကြဘူး ။ လူတွေကလည်း မြင်နေကြတာ ဂျပန် သွားတယ် ၊ စင်ကာပူ သွားတယ် ။ ပြန်လာတဲ့ အခါကျတော့ ပိုက်ဆံလေး ၊ ငွေကြေးလေးပါတဲ့ အခါကျတော့ အဟုတ်ထင် ။ အဲဒီ အထင်ကြီး ခံနေရတဲ့ အချိန်မှာ ဘယ်လို နေရတယ် ဆိုတဲ့ အကြောင်းကို ပထမဦးဆုံး ထင်ထင်ရှားရှားကြီး ရေးလိုက်တာကတော့ ပြေ ( ဆေး - ၂ ) ပဲ ။ ပြေ ( ဆေး - ၂ ) က ဆရာဝန် တစ်ယောက်ပါ ။ သူကလည်း တကယ် နိုင်ငံခြား အတွေ့အကြုံ လိုချင်လို့ စွန့်စွန့်စားစား သွားခဲ့တာ ။ ဂျပန်နိုင်ငံကို သွားတာ ။ ဒီက ဆရာဝန် အနေနဲ့ ဘာမှ လုပ်လို့ ရတာမှ မဟုတ်ဘဲ ။ အဲဒီတော့ ဟိုမှာ ဘာလုပ်သလဲ ဆိုတော့ သူ့စကားအတိုင်း အိုက်တိုးပဂေးဆန် ပေါ့ ။ အိုက်တိုးပဂေးဆန် ဆိုတော့ အိုးတိုက်ရတယ် ၊ ပန်းကန်ဆေးရတယ်ပေါ့ ။ အဲဒီလို အဖြစ်အပျက်တွေ ၊ ဆင်းရဲဒုက္ခ ရောက်ရတာတွေကို အကုန်လုံး ဖွင့်ရေးထားတာ ။
အဲဒီတုန်းက ပြေ ( ဆေး - ၂ ) ကို ဂျပန်ပြည်မှာ အတူတူ သွား အလုပ်လုပ်ခဲ့တဲ့ လုပ်ဖော်ကိုင်ဖက် အချို့က တော်တော့်ကို မကျေမနပ် ဖြစ်ခဲ့တာ ။ ဘာဖြစ်လို့လဲ ဆိုတော့ သူတို့ပါ ရောပြီး သိက္ခာကျတယ်ပေါ့လေ ။ ဒါပေမဲ့ ဘာပဲပြောပြော အဲဒီ အတွေ့အကြုံတွေဟာ သူတို့ စိတ်ကူးယဉ်တာ မဟုတ်ဘူး ။ လက်တွေ့ လောကကို ပြန်ပြီး ထင်ဟပ်တဲ့ ဝတ္ထုတွေ ဖြစ်လာတယ် ။ လက်တွေ့ လောကကို ထင်ဟပ်တဲ့ ဝတ္ထုတောင် မဟုတ်တော့ဘူး ။ တစ်ခါတစ်ရံ အဖြစ်အပျက်တွေကို ဒီအတိုင်း ပြန်ရေးပစ်တာ ။ ရေးပစ်တာကိုကလည်း ဖတ်လို့ ကောင်းတယ် ။
အဲဒီလိုနဲ့ သင်္ဘောသားတွေရဲ့ ဘဝကို ရေးတဲ့ ဟာတွေလည်း ပေါ်လာတယ် ။ အခုဆိုရင် သင်္ဘောသားတွေရဲ့ ဘဝကို ရေးဖွဲ့တဲ့ အဏ္ဏဝါစိုးမိုး ဆိုလို့ ရှိရင် အင်မတန်ထင်ရှားပါတယ် ။ လူချင်းလည်း ရင်းနှီးပါတယ် ။ ရင်းနှီးရုံတင် မကပါဘူး ၊ လုပ်သားကောလိပ်မှာ ငါက အချိန်ပိုင်း သွားစာသင်သေးတော့ သူက ငါ့တပည့် ဖြစ်ခဲ့သေးတာကိုး ။ သူတို့ က ပြန်ပြောပြတယ် ။ သူတို့ ပြန်ပြောပြတဲ့ဟာကို စာအုပ်တွေ ပြန်ပြီး ရေးလိုက်တဲ့ ဥစ္စာဟာ တစ်ခါတည်းကို သင်္ဘောသားဘဝ ဆိုးတာတွေ ၊ ကောင်းတာတွေ ၊ ပျော်စရာတွေ ။ ဆိုလိုတာကကွယ် သူတို့ ပျော်ကြတာရော ၊ စိတ်ညစ်ရတာရော သူတို့ ရဲ့ အတွေ့အကြုံ အကုန်လုံးကို အရင်းအတိုင်း ဖောက်သည်ချတာ ။ အဲဒီလို ဖောက်သည် ချတာကနေ စာအုပ်တွေ ဖြစ်လာတာပေါ့ ။ မဂ္ဂဇင်းဆောင်းပါးတွေ ဖြစ်လိုက် ၊ ဝတ္ထုတွေ ဖြစ်လိုက်ပေါ့ကွယ် ။ အသွင်အမျိုးမျိုး ရေးကြတာ ။ ဒီတော့ သူတို့ ရေးတဲ့ စာပေတွေဟာ စိတ်ကူးစာပေတွေ ။ အင်္ဂလိပ်လိုတော့ ဖစ်ရှင် ( Fiction ) ခေါ် တာပေါ့ ။ စိတ်ကူးစာပေပေါ့ကွာ ။ ဒါပေမဲ့ သူတို့ ဥစ္စာက Fiction မဟုတ် ဘဲ Non - Fiction လို့ ခေါ်တဲ့ တကယ့်လက်တွေ့ အတွေ့အကြုံတွေကို ပြ န်ရေးတဲ့ စာတွေ ဖြစ်လာတယ် ။ ဒါပေမဲ့ ပရိသတ်ကလည်း ဒါတွေကို ပြန်ကြည့်ချင်လာတယ် ။ တိုင်းတစ်ပါးရဲ့ အတွေ့အကြုံတွေကို ပြန်ပြီး တော့ မျှဝေခံစား ကြည့်ချင်လာတယ် ။ အဲဒီလိုအားဖြင့် အဲဒီ စာအုပ်တွေ ကို ပရိသတ်က ပိုပြီး ကြိုက်နှစ်သက်လာတယ် ။ စိတ်ကူးဝတ္ထုတွေ ထက် ပိုပြီး ကြိုက်လာတယ် ။ အခုခေတ်ဟာ အဲဒီလို ဝတ္ထုမျိုး စိတ်ကူး မဟုတ်တဲ့ တကယ့်လက်တွေ့ အတွေ့အကြုံတွေကို ပြန်ပြီးရေးတဲ့ ဟာတွေကို ပိုပြီး ကြိုက်တဲ့သဘော ဆောင်လာတယ်လို့ သဘောပေါက်လာတယ် ။
ပြောချင်တာကတော့ စာအုပ် ၊ စာပေ အရေးအသားကလည်း နည်းနည်း ခေတ်ပြောင်းလာတယ် ။ ပရိသတ်တွေ တောင်းဆိုတာကလည်း ခေတ်ပြောင်းလာတယ် ။ စိတ်ကူးစာပေ ခေါ် ၊ စိတ်ကူးယဉ် စာပေ ခေါ် အဲဒီလို အလွမ်း ၊ အမော ၊ အသော ၊ အထွေ အဲဒီလိုမျိုးတွေထက် တကယ်တွေ့တဲ့ အတွေ့ အကြုံတွေကို လက်ဆင့်ကမ်းတဲ့ အတွေ့အကြုံတွေကို ပြန်ပြောတဲ့ ဟာတွေကို ပိုပြီးတော့ လက်ခံလာကြတယ် ။ အဲဒီအထဲမှာ မာန် ( တောင်လုံးပြန် ) ရဲ့ မြို့ဂျပိုး ကလည်း အဲဒီဟာမျိုးတွေ ထဲမှာ ပါတယ် ။ သူ ရေးတဲ့ “ ဒရမ်ဆရာ ” ဆိုတဲ့ ဝတ္ထုတစ်ပုဒ် ကလည်း ရှိသေးတယ် ။ အဲ ဒီအထဲမှာလည်း ဒီလိုပဲ တီးဝိုင်းမှာ ဒရမ်တီးတဲ့ လူငယ်တစ်ယောက်ရဲ့ အကြောင်းကိုပေါ့လေ ။ သူ့ဒိုင်ယာရီကို အခြေခံပြီး ရေးထားတာ ။ အဲဒီလိုဟာပေါ့ ဝတ္ထုရယ်လို့ မဟုတ်ပါဘူး ။ တကယ့် အဖြစ်အပျက်ကို ပြန်ပြီးတော့ ဒိုင်ယာရီမှာ တွေ့တဲ့ အတိုင်းကို နည်းနည်းပါးပါး ၊ ဝါကျ ချောအောင်လောက်ကလေး ရေးထားတာက လွဲလို့ တကယ့် အဖြစ်အပျက်တွေပဲ ဆိုပါတော့ ။ အဲဒီမှာလည်း ဒီလိုပဲ ကိုယ်တွေ့ အဖြစ်အပျက်တွေကို ပြန်ပြီး ဖောက်သည် ချထားတာပဲ ။ အခု မြို့ဂျပိုး မှာလည်း ဒီအတိုင်းပဲ ။ ဒီလိုပဲ နောက်တစ်ခု ဒီကောင်လေး ငါ့ဆီကို အမှာစာ ရေးဖို့ ပို့ထားတဲ့ စာအုပ် တစ်အုပ်လည်း ရှိသေးတယ် ။ အဲဒီမှာလည်း ပြည်ပမှာ ပြေးရ ၊ လွှားရ ၊ အဖမ်းခံရတာတွေ ၊ ဒုက္ခရောက်ရတာတွေ ၊ ငတ်တာ ၊ ပြတ်တာတွေ အစုံပါပဲကွယ် ။
ပြောချင်တာက သူတို့ဟာ ပြည်ပမှာ စွန့်စွန့်စားစား သွားလုပ်လိုက်လို့ သူတို့လည်း ဘယ်လောက် စွန့်စားရတယ် ၊ ဘယ်လောက် လုပ်လိုက်ရတယ် ဆိုတာ ။ ဇိမ်နဲ့ နေရတာ မဟုတ်ဘူး ဆိုတာတွေ အကုန်လုံး ပေါ်လာအောင် ဖောက်သည်ချထားတာပါပဲ ။ မြို့ဂျပိုး ဆိုတဲ့ အကြောင်းကို ဖတ်လိုက်ရတဲ့ အခါမှာတော့ စာပေကောက်ကြောင်းကြီး တစ်ခုလုံးကို သွားပြီး စဉ်းစားမိတာနဲ့ မြို့ဂျပိုးကို မရောက်နိုင်တော့ဘူး ။ နောက်တစ်ပတ်ကျမှ မြို့ဂျပိုး ဆိုတဲ့ အကြောင်းကိုဆက်ကြသေးတာပေါ့ကွယ် ။
••••• ••••• •••••
မြို့ဂျပိုး ဝတ္ထုအကြောင်း ကို ရေးဖို့ အတွက် ဝတ္ထုစာပေလမ်းကြောင်း ပလ္လင်ခံ လိုက်တာ ရှည်လွန်းသွားတာကြောင့်ခုမှပဲ မြို့ဂျပိုး ဆီကို ရောက်ပါတော့တယ် ။ ရေးသူက မာန် ( တောင်လုံးပြန် ) တဲ့ ။ နာမည် ကြည့်လိုက်တာနဲ့ စိတ်ထဲက အင်း ၊ ဒီကောင် တော်တော် ခံခဲ့ရဟန်တူရဲ့ လို့ အောက်မေ့ လိုက်မိတယ် ။ စဉ်းစားကြည့်လေ ။“ မာန် ” ဆိုကတည်းက ကိုယ့်ဘာသာကိုယ် ယောက်ျားဘသား လုပ်ထားတဲ့ အသံ မဟုတ်လား ။ ဒါကြောင့် အဲဒီလို တွေးလိုက်မိတာပါ ။ ကဲ ထားလိုက်တော့ ၊ ဒါနဲ့တင် စကားရှည်ပြီး တစ်ပတ်စာ ကုန်နေပြန်ရော့မယ် ။ မြို့ဂျပိုး ဆီ သွားလိုက်ကြဦးစို့ ။ ဝတ္ထု မစသေးခင်မှာ ရှေ့က အဖွင့်စကားလေးကို ဖတ်ကြည့်လိုက်ရအောင် ...
“ နားမလည်ကြသူတွေက ဂျပိုးတဲ့ဗျာ ၊ မြို့တော်ယဉ်ကျေးမှုကို အထောက်အကူ ပြုနေတဲ့ တက္ကစီသမားကို ဒီလို ခေါ်တာဟာ အပြည်ပြည်ဆိုင်ရာ တက္ကစီယဉ်ကျေးမှုကို စော်ကားတာပဲ ”
ဒီအဖွင့်စကားကို ကြည့်လိုက်ရုံနဲ့ပဲ တက္ကစီလောကရဲ့ အတွေ့အကြုံတွေကို တင်ပြတော့မယ် ဆိုတာမှန်းလို့ ရနိုင်ပြီပေါ့ ။ အဖွင့်မှာကိုပဲ သူ တွေ့ခဲ့ ၊ ကြုံခဲ့ရတဲ့ နိုင်ငံခြား တက္ကစီလောက ၊ တက္ကစီ ဒရိုင်ဘာတွေ အကြောင်းကို ထိုက်သင့်သလောက် ရေးသွားလိုက်ပါသေးတယ် ။ ရန်ကုန် တက္ကစီလောက အကြောင်းနဲ့ တက္ကစီသမားတို့ ရဲ့ ဘဝ အတွေ့အကြုံတွေဟာ ဘယ်မျှ ကျယ်ဝန်းများ ပြားကြောင်းကို အကျဉ်းမျှ ရေးသွားလိုက်တာကို ဖတ်ကြည့်စမ်းပါဦး ။ သူ့ရဲ့ တက္ကစီသမားကာလ သက်တမ်းမှာ ...
“ တစ်နေ့ကို လူ ဆယ်ယောက်ပဲ ဆက်ဆံရတယ်ထား ၊ ရက်ပေါင်း ၃၆၅ဝ မှာ လူပေါင်း ၃၆၅ဝဝ ဦး ရှိလောက်ပါပြီ ။ အဲဒီမှာ တွေ့ကြုံရတဲ့ လူမှု ဘဝတွေဟာလည်း ဘာစုံသလဲ မမေးပါနဲ့ ။ မြို့တော်မှာ ကျင်လည်နေတဲ့ လူတန်းစား ဘဝပေါင်းစုံရဲ့ စရိုက်မျိုးစုံဟာ ကျွန်တော့်ကား ထိုင်ခုံ ပေါ်မှာ ထိုင်သွားကြဖူးပါတယ် ။ သူတို့ ပေးခဲ့တဲ့ သင်ခန်းစာတွေ ၊ သူတို့ ဖွင့်ဟခဲ့တဲ့ စကားလုံးတွေဟာ ကျွန်တော့် အတွက် စဉ်းစားစရာ ဖြစ်လို့နေပါတယ် ။ လူ့ဘဝရဲ့ အနှစ်သာရ ဘာမျှ ရှာလို့ မရတဲ့ မြို့ပြထဲမှာ သူတို့ ရော ၊ ကျွန်တော်တို့ ပါ တမေ့တမော ဖြတ်သန်း နေရတာ ဘဝလား ။ ကျွန်တော်တို့နဲ့ ခေတ်ကို အပြိုင်အဆိုင် ဖြတ်သန်းသူတွေ ဖြစ်တဲ့ ရာဇာနေဝင်း ၊ ဇော်ဝင်းထွဋ် တို့ကို လူတွေ သိပေမယ့် တင်မြရီ နဲ့ ခက်ခက်ဝေ တို့ ကျတော့ ကျွန်တော် ပြောပြမှ သိပါလိမ့်မယ် ။ ဘယ်သူတွေ မသိကြပေမယ့် သူတို့ လေးတွေဟာလည်း ဒီခေတ်ကြီးကို ဖြတ်သန်းနေဆဲပါ ။ ကျွန်တော်နဲ့တော့ သိပ်တည့် ”
မာန် ( တောင်လုံးပြန် ) ဇာတ်ပျိုးလိုက်ပုံက မယဉ်ဘူးလား ။ ဖတ်လိုက်တာနဲ့ ဘယ်လို မိန်းကလေးတွေ အကြောင်း ရေးတော့မယ် ဆိုတာကို စာဖတ်သူက ချက်ချင်း သိလိုက်ရပြီ ။ တစ်နေရာမှာ အခန်း ဖွင့်ထားလိုက်ပုံကို ကြည့်ပါဦး ။
“ ကျွန်မဒီမှာ နေပူခံပြီး ရပ်နေတာ နှလုံးသားရေးရာ ဖြေရှင်းဖို့ မဟုတ်ဘူး ၊ ဝမ်းစာ ရှာနေတာရှင့်တဲ့ ”
တကယ့်ကို ရဲရဲတောက် ကြေညာချက်ပါပဲဗျာ ။
အတွေ့အကြုံတွေကို ပြန်ပြောနေသူ တက္ကစီဒရိုင်ဘာ က မိုးအောင် တဲ့ ။ အတွေ့အကြုံလို့ ပဲ ပြောခဲ့တယ်နော် ။ ဇာတ်လမ်းလို့ ပြောမယ် ဆိုရင် ဟိုနား တစ်ကွက် ၊ ဒီနား တစ်ကွက် ယောင်ယောင်ကလေးပဲ ပါတယ် ။ ပြောရရင်တော့ ဇာတ်လမ်း Plot မပါဘဲ မြို့တော်လူနေမှု ဘဝအစုံစုံကို တစ်ခန်းရပ် ပြဇာတ်လို တန်းစီပြီး တင်ပြသွားတာပါပဲ ။
သွေးသားကို ရင်းနှီးပြီး စီးပွားရှာနေရတဲ့ မိန်းကလေးတွေ အကြောင်းကို ရေးတယ် ။ ဒါပေမဲ့ စနစ်ကြီးကြောင့် ၊ ခေတ်ကြီးကြောင့် ၊ ဘာကြောင့် ၊ ညာကြောင့် ဆိုတာတွေကိုတော့ တစ်ခွန်းမှ မှတ်ချက် မပေးဘူး ။ အတွေ့ အတိုင်း ၊ အရှိအတိုင်း ပြောသွားတာပဲ ။
ပြောသံထဲမှာ ရှုတ်ချသံ မပါဘူး ။ မေတ္တာစိတ် ၊ ကရုဏာစိတ်နဲ့ ပြောတယ် ။ တစ်ခါတစ်ရံတော့ ဥပေက္ခာသံနဲ့ ပြောတယ် ။
အဲ .. စိတ်ပျက်တဲ့ လေသံနဲ့ ပြောတာတွေကိုလည်း ကြားရတယ် ။ ဘယ်သူတွေ အကြောင်းကို ပြောသလဲ ဆိုတော့ ဟန်ဆောင်ပန်ဆောင် ဘုရားလိုလို ၊ တရားလိုလို လုပ်နေတဲ့ လူတွေရဲ့ အကြောင်းပါပဲ ။ သူတို့ကိုတော့ မိုးအောင် က စိတ်ပျက် အထင်သေးပုံ ရတယ် ။
မုန်းစိတ် ၊ ရွံ့ရှာစိတ်နဲ့ ပြောတာကတော့ အထူးကုဆေးရုံတွေအကြောင်းပါပဲ ။ တစ်ခါမှာ တော့ “ ကိုကာလာ ” ဆိုတဲ့ အညာသား အူတူတူ ငနဲက အထူးကုဆေးခန်းကောင်တာက ကောင်မလေးကို လူနာတွေ သေသွားရင် ဘယ်မှာ ထားသလဲလို့ သွားပြီး မေးလိုက်မိတာ ။ ယမ်းပုံမီးကျ ဖြစ်သွားတော့တာပဲ ။ အဲဒါနဲ့ ပတ်သက်ပြီး မိုးအောင် ပြောသွားတာကို ကြည့်ပါဦး ။
“ ကိုကာလာ ဆိုတဲ့ လူကလည်း အဲဒီလို ကြံကြံဖန်ဖန် လူဗျ ။ အထူးကုဆေးခန်းကြီးတွေရဲ့ အထာကို သူမသိဘူး ။ အထူးကုဆေးခန်း ဆိုတာတွေက သေဆိုတဲ့ စကားလုံးကို သိပ်မုန်းကြတာ မဟုတ်လား ။ သေကို မုန်းတာမှ ပြောရမှာ တောင် ခပ်ခက်ခက်ရယ် ။ မတော်တဆ ဆေးလာကုရင်း ဆေးခန်းမှာ သေဆုံးသွားခဲ့ရင် အဲဒီအ လောင်းကို အမြန် ထုတ်သွားဖို့ ဝရုန်းသုန်းကားပါ ၊ သေဆိုတဲ့ စကားလုံးကို အဲဒီလောက်အထိ မုန်းကြတယ် ။ လာဘ်ပိတ်တယ်ပေါ့ဗျာ ။ နိမိတ်မကောင်းဘူး ၊ လူနာတွေ အထင်သေးမယ် ။ သေချင်ရင် အပြင်မှာ သေကြ ၊ အထူးကုမှာ လာမသေကြနဲ့ပေါ့ဗျာ ။ အရင်က ဆေးရုံတွေ ၊ ဒေသန္တရ ဆေးခန်းတွေ ဆက်ဆံရေး မပြေပြစ်တာ ဘာဟုတ်သေးလဲ ။ အခု တချို့ အထူးကုဆေးခန်က ဝန်ထမ်းတွေ ငွေမျက်နှာလိုက်ပုံက ပိုဆိုးပါရောလား ။ ခေါင်းကိုက်လို့ပဲ လာပြပြ ၊ ဖင်နာလို့ပဲ လာပြပြ ဓာတ်မှန်ရိုက်ခိုင်းမယ် ၊ သွေးစစ်ခိုင်းမယ် ၊ စမ်းသပ်ခ နင့်နေအောင် တောင်းမယ် ။ ဒါပုံမှန်ပဲ ။ ကိုယ်ဘာဖြစ်လို့ ဖြစ်မှန်းမသိရဘဲ ငွေကတော့ လျှောကနဲ ထွက်သွားတာပဲ ။ ဝန်ထမ်းတွေက လူနာတွေကို ကုန်ပစ္စည်း ရောင်းဝယ်သလို သဘောထားကြသလားမသိဘူး ။ လူနာများများ လာရင် စမ်းသပ်ခ များများရမယ် ၊ ဆေးရောင်းရမယ် ၊ ဝန်ဆောင်ခများများ ရမယ် ။ ခြေချော်လက်ချော် ဆုံးပါးသွားရင်လည်း ရောင်းမှားဝယ်မှား ရှိတတ်တာပဲလို့ ယူဆကြဟန် တူပါတယ် ။ သူတို့မှာ ဘာတာဝန်မှ မရှိဘူး ။ လူနာ သေဆုံးသွားတာတောင် သူတို့ ရောဂါနာမည် တပ်မပေးနိုင်တာတွေ မကြာခဏ ။ ကံပေါ့လေ ဟုတ်လား ”
ကဲ ကြည့်စမ်း ၊ မိုးအောင် ပြောသွားလိုက်ပုံက ရယ်ကာမောကာနဲ့ ပြောသွားတာကြောင့် ဒေါသဖြစ်ရ မလိုလိုနဲ့ ကြေကွဲစရာ ဖြစ်မနေပေဘူးလား ။
တကယ့်ကို ရယ်စရာ ကောင်းတဲ့ တက္ကစီသမားတွေ ၊ ကားပွဲစားတွေရဲ့ ဘဝတွေလည်း ပါသေးသကွ ။ တက္ကစီကို ဈေးဆစ်ကြသေးတယ်မဟုတ်လား ။ အဲဒီမှာ သူ ရေးထားတာက “ သူတို့က ဆစ်ကို ဆစ်ရမှ ကျေနပ်တာ ၊ နုတ်ခမ်းမွေးနဲ့ မုတ်ဆိတ်မွေးနဲ့ ဆိုရင် ဆစ်ပြီ ၊ ဘယ်လောက်ပဲ ဈေးမှန် ပြောရုံ မကလို့ လျှော့ပြောပြောရအောင်ဆစ်တယ် ” တဲ့ ။ ငါ့မှာလေ အဲဒါ ဖတ်ရင်း မဆီမဆိုင် ကိုယ့်လူကြီး မင်းသိင်္ခ ကို မြင်ယောင်ပြီး ရယ်မိသေးဗျာ ။
အောင်မယ် ၊ အဲဒီထက် ရယ်စရာ ကောင်းတာတွေလည်း ပါသေးသဗျာ ။ ဖတ်ကြည့်စမ်းပါဦး ။
“ တက္ကစီသမား ဆိုတော့ ယာဉ်တိုက်မှုတွေ ၊ ဘာတွေကို မျက်မုန်းကျိုးပါတယ်ဆိုမှ မြန်မာ ဇာတ်ကားတွေမှာ ဆယ်ကား ကြည့်ရင် ခုနစ်ကားလောက်က ယာဉ်တိုက်မှုပါတယ် ။ တော်ရုံတန်ရုံဆို ကျွန်တော် မပြောပါဘူး ။ မင်းသား ၊ မင်းသမီးတွေညားရဖို့ ယာဉ်တိုက်မှုပါတယ် ။ ဇာတ်ဆောင် တစ်ဦးဦးကို ဖယ်ထုတ်ချင်ရင်လည်း ယာဉ်တိုက်မှု ပါတယ် ။ ဇာတ်နာဖို့ အလှည့်အပြောင်းမှာလည်း ယာဉ်တိုက်မှု ပါတယ် ။ ကြာတော့ ဒီကားတွေကို ကြည့်ပြီး ကားထွက်မောင်းရတာတောင် ခပ်လန့်လန့်ပဲ ”
အဲဒါ မြို့ဂျပိုး ပါပဲဗျာ ။ ဖတ်ပြီး တသသ ရင်သိမ့်လွမ်းမော နေလိမ့်မယ်တော့ အာမ မခံဘူးနော် ။ ရန်ကုန်မြို့တော်ရဲ့ လူနေမှုဘဝအစုံစုံ ၊ စရိုက် အမျိုးမျိုးကို ပက်ပင်း တွေ့ရမှာ သေချာတယ် ။ ငါတို့ တစ်တွေ အလွန် ရိုသေရတဲ့ ဆရာဇော်ဂျီ က ဖြစ်အပ်သည်ကို ရေးသော ဝတ္ထု ၊ ဖြစ်တတ်သည်ကို ရေးသော ဝတ္ထု ရယ်လို့ ပြောခဲ့ဖူးပါတယ် ။ မာန် ( တောင်လုံးပြန် ) ကတော့ ဖြစ်အပ်တာလည်း မဟုတ် ၊ ဖြစ်တတ်တာလည်း မဟုတ် ။ ဖြစ်နေတာကို ရေးလိုက်တာပဲလို့ သာ ပြောချင်မိတယ် ။ ဖတ်ကြည့်ကြပေါ့ ။
မာန် ( တောင်လုံးပြန် ) က မကြာခင် နောက်တစ်အုပ် ထွက်ဦးမယ်ဆိုကိုး ။ “ လန်းဖိုင်စာသိုက် ” တဲ့ ။ ကြည့်လေ ၊ ဝတ္ထုနာမည် ကိုက ... ။
▢ အောင်သင်း
📖 ဈေးကွက်ဂျာနယ်
၂ဝဝ၆ ၊ မေ ၂၆ ၊ ဇွန် ၂
No comments:
Post a Comment