❝ ရွှေဆံပင် ❞
လူတွေရဲ့ ဆံပင်နဲ့ လမ်းတွေ ၊ တံတားတွေ ဆောက်တဲ့အလုပ်ကို ဆရာတော်တွေ ဦးဆောင် လုပ်နေကြတယ် ။
ရွှေဆံပင်ဆရာတော် အရှင်ဝေပုလ္လက ပုလဲမြို့နယ် ၊ ပုထိုးသာရွာ အနီးမှာ ယောချောင်းကြီးကို ဖြတ်ကူးဖို့ တံတားဆောက်ဖို့ ပြင်ဆင်နေရာကို ကျွန်တော် သွားတယ် ။
ကျွန်တော်တို့ စီးလာတဲ့ ကားက ချင်းတွင်းမြစ် အနောက်ဘက်ကမ်း ယင်းမာပင်မြို့က ထွက်ခွာလာတယ် ။ လမ်းတစ်လျှောက်မှာ မြေအောက်ရေတွေကို ပိုက်နဲ့ ထုတ်ယူထားတဲ့ ရေလျှံတွင်းတွေက ရေတွေက တဗွမ်းဗွမ်း ထွက်နေတယ် ။ ရေလျှံတွင်း ရေကို မြောင်းသွယ်ပြီး ယာခင်းတွေ စိုက်ကြတယ် ။ ရေပေါပေါရလို့ ပဲမျိုးစုံ စိုက်ပျိုးခင်းတွေက စိမ်းနေပါတယ် ။
အညာက အခြား ဒေသတွေနဲ့ ယှဉ်ရင် ယင်းမာပင်က စိမ်းစိုတယ် ။ ဒါပေမဲ့ ယင်းမာပင်သား တစ်ယောက်ကတော့ ရေလျှံတွင်းတွေ ယခုနှစ်ပိုင်းမှာ ရေအားနည်းပြီး ခန်းစပြုလာပြီလို့ ပြောတယ် ။
ကျွန်တော်တို့ သွားနေတဲ့ လမ်းက အလောင်းတော်ကဿပဘုရားကို သွားတဲ့လမ်း ။ ရွှေဆံပင်ဆရာတော် အရှင်ဝေပုလ္လက လည်ငေါက်ရွာထိပ်က လာကြိုပြီး ကျွန်တော်တို့ကို ခေါ်တယ် ။
ဆရာတော်နဲ့ အတူ ကားတစ်စီးတည်း စီးရင်း ဆရာတော်တွေ ဦးဆောင်ပြီး ခင်းထားတဲ့ လည်ငေါက် - ချင်ပြစ် အလောင်းတော်ကဿပ ပင်မလမ်းဖြစ်တဲ့ ရွှေဆံပင် လမ်းတံတား ပေါ်မှာ ခရီးဆက်ခဲ့ကြတယ် ။
လမ်းဘေးမှာ တမာပင် ၊ ထနောင်းပင်တန်း နဲ့ ကျောက်ကြမ်းလမ်းက သာသာယာယာ ။ လမ်းဖြတ်တဲ့ ချောင်းတွေမှာလည်း အုတ်တံတားတွေ ထိုးထားတယ် ။
“ အရင်ကဆိုရင် လမ်းပေါ်မှာ ချိုင့်တွေ ၊ ကျင်းတွေ ၊ ရွှံ့ဗွက်တွေက ဒူးလောက် ၊ ပေါင်လောက် နက်တယ် ၊ လမ်းက ယခုမှ ကောင်းသွားတာ ”
လို့ ရွှေဆံပင်ဆရာတော်က မိန့်ကြားတယ် ။ “ ဒီလမ်းဆိုးကို ပြုပြင်ဖို့ စိတ်ကူး ဘယ်လိုရတာလဲ ” လို့ ကျွန်တော်က မေးလျှောက်တယ် ။
“ ဦးဇင်းရဲ့ဇာတိရွာက ပုလဲမြို့နယ် ရွာနောင်ရွာ ၊ ဦးဇင်းက မန္တလေးမှာ စာပေပရိယတ္တိသင်ယူနေရင်း ရွာကို ခဏပြန်တာ ။ ရွာကနေ အပြန် ယင်းမာပင်ကို သွားဖို့ ဒိုင်နာလိုင်းကားနဲ့ ဦးဇင်း လိုက်လာခဲ့တယ်ပေါ့ ။ အသက် ၂၀ လောက် လူမမာမိန်းကလေး တစ်ယောက် ၊ ဗိုက်နာနေလို့ ဆေးရုံတက်ဖို့တဲ့ ၊ ကားပေါ် ပါလာ တယ် ။ သူ့နာမည်က မခင်ညိုတဲ့ ၊ ဦးဇင်းတို့ ဇာတိရွာ ရွာနောင်ကပဲ ”
ဆရာတော် မိန့်ကြားတာကို ကျွန်တော်က “ မှန်ပါ့ဘုရား ” စကား ထောက်ပေးပြီး လိုက်လာတယ် ။ ကားက ပုထိုးသာရွာဆီ ဦးတည်မောင်းနေဆဲ ။
“ ဆေးရုံနဲ့ ရွာက ဆယ်မိုင် ခရီးလောက်ပေါ့ ။ သုံးနာရီ ကျော်ကျော်လောက် မောင်းရတယ် ။ နံနက် ၄းဝဝ နာရီက ထွက်လာတာ ။ ၇းဝဝ နာရီကျော်တဲ့ အထိ ဆေးရုံ မရောက်သေးဘူး ၊ မှတ်မှတ်ရရပါပဲ ။ ဦးဇင်းက ဘုန်းကြီး ဆိုပေမယ့် ကားခေါင်းထဲကတောင် မထိုင်ခဲ့ပါဘူး ။ လူမမာကိုပဲ ဦးစားပေးခဲ့တာ ။ ဦးဇင်းက နောက်ကနေ ဖြစ်သလို လိုက်ခဲ့တာ ”
ကားခေါင်းခန်းမှာ လူမမာကို ဦးစားပေး လိုက်တယ် ဆိုတာကို ကျွန်တော် သတိထားလိုက်မိတယ် ။ တကယ်တော့ ဒါလည်း စွန့်လွှတ်မှု တစ်ခုပဲ ။ လမ်းဆိုးဆိုးမှာ ကားနောက်ခန်းက လိုက်ရတယ် ဆိုတာ အင်မတန် ပင်ပန်းပါတယ် ။ ကျေးလက်က ကားတွေဟာ နောက်ခန်းမှာ ကုန်တွေ အပြည့်အသိပ် တင်ကြတာမို့ ခရီးသည် မချောင်လည်ဘူး ။ ဆရာတော်ကို စိတ်ထဲက ဦးညွှတ်လိုက်မိတယ် ။
“ ခက်ခက်ခဲခဲနဲ့ ကားမောင်းလာတာ ။ အချိန်က သုံးနာရီကျော် ကြာသွားပြီ ။ လည်ငေါက် လောက် ရောက်လို့ ကြည့်လိုက်တော့ လူမမာက အသက် မရှိတော့ဘူး ။ ဦးဇင်း မျက်စိအောက်တင် အသက်ထွက်ခဲ့တာပေါ့ ။ အဲဒီကတည်းက လမ်းမကောင်းလို့ လူ့အသက် မဆုံးရှုံးသင့်ဘဲ ဆုံးရှုံးသွားရတယ် ။ ကိုယ်တတ်နိုင်တဲ့ တစ်နေ့ ဒီလမ်းကို ပြုပြင်မယ်ပေါ့ ။ တစ်ဦးတစ်ယောက်က ဦးဆောင်လုပ်ခဲ့ ရင်လည်း ဦးဇင်း ပါဝင်နိုင်တဲ့ ဘက်က ပါဝင်မယ်ပေါ့ ”
ကျွန်တော်တို့ စီးလာတဲ့ ကားက ကွန်ကရစ်တံတား တစ်စင်းကို ဖြတ်မောင်းတယ် ။ တံတားကို စိမ်းပြာရောင် ဆေးခြယ်ထားတယ် ။ လှလှပပ ခိုင်ခိုင်မာမာ ။
“ အဲဒီနောက် မှာလည်း ဦးဇင်းကိုယ်တိုင် ကြုံတွေ့ရတာ မဟုတ်ပေမယ့် လမ်းမကောင်းလို့ ဒီလမ်းပေါ်မှာပဲ ဒုက္ခရောက်တဲ့ သတင်းတွေကို ကြားနေရတယ် ။ မွေးလူနာတွေ လမ်းမှာပဲ သေဆုံးရတာတွေ ၊ ငှက်ဖျားအကြီးအကျယ် ဖြစ်သူတွေ ၊ မြွေကိုက်လူနာတွေ လမ်းမှာပင် သေရတာတွေ ခဏခဏကြုံရတော့ တတ်နိုင်တဲ့ နေ့ လုပ်မယ်ဆိုတဲ့ စိတ်က သန္ဓေခိုင်လာတာပေါ့ ”
“ ဘယ်အချိန်မှာ လုပ်ဖြစ်သလဲ ဘုရား ”
“ မန္တလေး မဟာဝိသုဒ္ဓါရုံ တိုက်သစ်မှာ နေပြီး အစိုးရ ဓမ္မာစရိယတန်း အောင်တယ် ။ မင်းကွန်းတိပိဋကဆရာတော်တွေ ဆီမှာ ပိဋကစာပေတွေ သင်ယူပြီး ၁၃၆၃ ခုနှစ် ( ၂၀၀၁ ခုနှစ် ) မှာ ဝိနည်းပိဋက ရှေ့ပိုင်း အာဂုံဆောင်နိုင်လို့ ဥဘတော ဝိဘင်္ဂဓရဘွဲ့ ရတယ် ။ ဘုန်းကြီး ကျန်းမာရေးက မကောင်းဘူး ဖြစ်လာတယ် ”
ကားက ရွာတစ်ရွာကို ဖြတ်မောင်းတယ် ။ လမ်းကောင်းလို့ ရွာက စည်ပင်ပုံရပါတယ် ။
“ ဦးဇင်း မင်းကွန်းတိပိဋက နိကာယကျောင်းတိုက်မှာ တိပိဋကစာ ကျက်ပြီး သီတင်းသုံးနေတဲ့ အချိန်မှာ ဆရာသမားတွေ ဖြစ်တဲ့ မင်းကွန်းတိပိဋက ဆရာတော်တွေက စစ်ကိုင်း နဲ့မင်းကွန်း ကို ကတ္တရာလမ်းအဖြစ် ဖောက်လုပ်ကြလို့ ဒေသခံတွေ အဆင်ပြေ ချမ်းသာလာကြတာ တွေ့မြင်ရပြီး ဦးဇင်းလည်း ဒီလမ်းကို ပြင်ချင်စိတ်တွေ ပိုဖြစ်ခဲ့တယ် ”
ဆရာတော်က ပြုပြင်ထားတဲ့ လမ်းကို လက်နဲ့ ညွှန်ပြပြီး ပြောတယ် ။
“ ဒါနဲ့ တိပိဋက စာကို ဆက်မလုပ်နိုင်တဲ့ အတူ အကျိုးရှိတာလုပ်မယ် ဆိုပြီး ၂၀၀၆ ခု နှစ်ကုန်ပိုင်းမှာ ဒေသခံ ဆရာတော်ကြီးတွေရဲ့ သြဝါဒကို ခံတယ် ။ ဆရာတော်တွေကလည်း ခံစားချက်က ရှိနေတော့ တော်တော်လေး အားပေးပါတယ် ။ ကျေးရွာဘုန်းတော်ကြီးတွေ တော်တော်များများက တစ်ပါး ငွေကျပ် ငါးသောင်း ( ၅၀,၀၀၀ ) မတည်တယ် ။ အပါး ၈၀ လောက်က လှူတာ ၊ ဒီ လမ်းကြီးရဲ့ ပထမဆုံး အလှူရှင်တွေဟာ ဆရာတော်တွေပဲ ”
ကျွန်တော် စိတ်ထဲက သာဓုခေါ်မိတယ် ။
“ လမ်းက သိန်းတစ်ထောင် ( ကျပ် ၁၀၀,၀၀၀,၀၀၀ ) ကျော်လောက် ကုန်မှ အဆင်ပြေမှာ ။ ဘုန်းကြီးတွေ လှူနိုင်တာနဲ့က တော်တော် ကွာခြားနေတယ် ။ တံတားတွေကလည်း ဒီဘက်မှာ ၁၇ စင်းလောက် ရှိတာ အပျက်တွေချည်းပဲ ၊ တစ်စင်း ၊ နှစ်စင်းပဲ သုံးလို့ရတယ် ။ တော်တော်လေးတော့ ကြံရတာပေါ့ ”
ကားက ကွန်ကရစ်တံတား တစ်စင်းကို ဖြတ်မောင်းတယ် ။
“ ဦးဇင်း ရွာတွေ လှည့်ပြီး စည်းရုံးတယ် ။ သူတို့ကို တွက်ပြရတာပေါ့ ၊ ဒီလမ်း မကောင်းတဲ့ အတွက် အခက်အခဲတွေ ပြောပြတယ် ။ ပဲအိတ် တစ်အိတ်ကို ပုံမှန် ကားခ ကျပ်တစ်ထောင်လောက်ကျတာ ၊ ကားက ဝန်မတင်နိုင်တော့ ကားရှိတဲ့ နေရာကို လှည်းနဲ့ တိုက်ရင် ကဲ့ဖို့ ကျပ် ၁ဝဝဝ ထပ်ကုန်တယ် ၊ ပဲတင်း ၁ဝဝ ရတဲ့ တောင်သူဆိုရင် အပိုကုန်ငွေက ကျပ်တစ်သိန်း ( ကျပ် ၁၀၀,၀၀၀ ) လောက် ဖြစ်သွားပြီ ။ သူတို့ကို ရှင်းပြတာပေါ့ ။ လမ်းမကောင်းတဲ့ အတွက် တအားနစ်နာနေတာ မြင်လာကြတယ် ။ မြို့က ဝယ်စားရတဲ့ ဆန် ၊ ဆီ ၊ သယ်ယူစရိတ်တွေလည်း နာပြန်တယ် ၊ သွားကုန်လည်း စရိတ် ကုန် ၊ ပြန်ကုန်လည်း စရိတ် ကျ နဲ့ နှစ်ခါနာတာ ပြောပြတယ် ။ ရွာပေါင်း ၆ဝ ကျော်ကို ဦးဇင်း လှည့်လည်ပြီး စည်းရုံးတယ် ”
တစ်ဖက် မျက်နှာချင်းဆိုင်က ခရီးသည်တင် ကားတစ်စီး မောင်းလာလို့ ရှောင်လိုက်ကြတယ် ။ ကားပေါ်မှာ ကုန်အပြည့် ၊ လူအပြည့် ။
“ အိမ်တွေမှာ အသေးအဖွဲ ကုန်နေတာလေးတွေ ရှိတယ် ၊ မုန့်ဖိုးလေးတွေ ၊ ကွမ်းယာဖိုးတွေရှိတယ် ၊ တစ်ရက်ကို တစ်ရာ ( ကျပ် ၁ဝဝ ) တတ်နိုင်သူက ကျပ် ၁၀၀ ၊ ငါးဆယ် ( ကျပ် ၅၀ ) တတ်နိုင်သူက ကျပ် ၅ဝ ၊ ကျပ် ၅၀ မတတ်နိုင်သူက နှစ်ဆယ် ( ကျပ် ၂၀ ) လျှော့သုံးပြီး စုကြပါ ၊ ဒါဆိုရင် လမ်းကြီး ကောင်းလာပါလိမ့်မယ် ပြောတော့ စိတ်ဝင်စားပြီး ဦးဇင်း နဲ့ တွေ့တဲ့သူ မှန်သမျှ စုကြတယ် ၊ တစ်ရက် ကျပ် ၁ဝဝ စုတဲ့သူက တစ်နှစ်ကုန်တော့ ကျပ် ၃၀,၀၀၀ ကျော် စုမိတယ် ”
“ စုဆောင်းငွေတွေ သုံးတဲ့ထဲပါ မသွားအောင် ဘယ်လိုစုသလဲဘုရား ”
“ အချို့က စိတ်ထဲမှာ လျာထားပြီး တစ်ခါတည်းလှူ ၊ လျှော့သုံးတယ် ။ အချို့ကလည်း လျှော့သုံးပြီး စုထားတယ် ။ ဒီလိုနဲ့ အချို့ရွာ ဆယ်သိန်း ( ကျပ် ၁,၀၀၀,၀၀၀ ) လောက်ရတယ် ။ အချို့ရွာ ဆယ့်ငါးသိန်း ( ကျပ် ၁,၅၀၀,၀၀၀ ) လောက်ရတယ် ။ ရွာပေါင်း ၆ဝ လောက် ဆိုတော့ ပထမတစ်နှစ် သိန်းသုံးရာ ( ၃၀,၀၀၀,၀၀၀ ) ကျော်ရတယ် ။ နှစ်နှစ် ပြည့်တော့ အဝေးတွေကပါ ပါလာလို့ သိန်းရှစ်ရာ ( ကျပ် ၈၀,၀၀၀,၀၀၀ ) ကျော်လောက် ရတယ် ”
“ လုပ်ငန်း စနိုင်ပြီပေါ့ ”
“ ပထမဆုံး ရတဲ့ ငွေနဲ့ ကျောက်ကား တစ်စီး ဝယ်တယ် ။ ကျောက်တိုက် ရတာ မနီးဘူး ၊ မိုင် ၄ဝ လောက်ဝေးတယ် ။ ဆီဖိုးလောက် စိုက်ပြီး ကျောက်သွား တိုက်ရတာပေါ့ ၊ ၂ဝဝ၉ ခုနှစ် ရောက်တော့ ဒကာကြီးလည်း သတိထားမိမှာပေါ့ ။ တစ်ကမ္ဘာလုံး စီးပွားရေးတွေ ကျပ်တည်းကြတယ် ။ ဒီနယ်မြေမှာလည်း ကျပ်တည်းကြတော့ ဦးဇင်းတို့ အနေနဲ့ အလှူခံဖို့ ဝန်လေးနေတယ် ။ ဖြစ်သလို ကြုံသလိုပဲ နည်းနည်း ပြီးပြီး ဆိုပြီး ဦးဇင်းတို့ ကိုယ်တိုင် စိတ်တူကိုယ်တူ ကိုရင် ၊ ဦးဇင်း ဆယ်ပါး ၊ ကျောင်းသား ၁၅ ယောက်နဲ့ လမ်းပေါ်မှာ တဲထိုးပြီး လုပ်နေကြတယ် ”
သူတို့ ဇွဲက အံ့သြစရာပါပဲ ။
“ ဘုန်းကြီးတို့ လုပ်ကိုင်နေကြတာ တွေ့တော့ ပတ်ဝန်းကျင် ရွာတွေက ဒကာ ၊ ဒကာမတွေလည်း မနေကြပါဘူး ၊ ဝိုင်းဝန်းပြီး လုပ်အားဒါန လာပေးကြတာ ၊ ကုသိုလ်ရလွန်းလို့ ၊ ပျော်လွန်းလို့ ဆိုပြီး မိုင် ၃ဝ လောက် ဝေးတဲ့ ရွာတွေက အထိ လုပ်အား လာပေးကြတယ် ၊ ဆားလင်းကြီးနယ်က အထိ လာတယ် ”
“ ဆားလင်းကြီးနယ်က ဒီလမ်းနဲ့ သူတို့နဲ့ မဆိုင်ဘူး မဟုတ်လား ”
“ မဆိုင်ဘူး ၊ ဒါပေမဲ့ အကျိုးရှိတဲ့လမ်း ဆိုပြီး လာကြတာ ။ မှတ်မှတ်ရရ ၂ဝဝ၉ ခုနှစ် ၊ တပို့တွဲလပြည့်နေ့မှာ ထူးထူးခြားခြား လုပ်အားဒါနအဖွဲ့ တစ်ဖွဲ့ ရောက်လာတယ် ။ ဆားလင်းကြီးမြို့နယ် ကံကုန်းရွာကပါ ။ လူပေါင်း ၄ဝဝ ကျော် လာကြတယ် ။ အဲဒီထဲမှာ ကိုစံဖဲ ဆိုတဲ့ လူတစ်ယောက် ကျန်းမာရေး မကောင်းဘဲ လိုက်လာတယ် ။ ဟိုရှေ့နားက ပုပ္ပားရွာ ကပေါ့ ။ နံနက် ၁၀း၃၀ ၊ ၁၁:၀၀ နာရီ လောက်မှာ ... ”
ဆရာတော်က စကားကို ခဏရပ်တယ် ။ ကိုစံဖဲ ဘာဖြစ်ပါလိမ့် ။
“ အလုပ် လုပ်ရင်းနဲ့ အသက်ထွက်သွားတယ် ။ လုပ်အားပေးနေတဲ့ လူတွေကို သူကိုယ်တိုင် မုန့်တွေ လိုက်ဝေရင်း အပျော်လွန်ပြီး နှလုံးရောဂါနဲ့ အသက်ရှူ ရပ်သွားတယ် ။ ဦးဇင်းတို့လည်း ဘာမှ မတတ်နိုင်လိုက်ဘူး ။ ၁၅ မိနစ်လောက် အတွင်းမှာပဲ သေဆုံးသွားခဲ့တယ် ”
ကားက ရွာတစ်ရွာကို ဖြတ်မောင်းတယ် ။
“ သူ့မိဘနဲ့ ဆွေမျိုးတွေ ကတော့ အများအကျိုးအတွက် ဆောင်ရွက်ရင်း မြတ်သော သေခြင်းနဲ့ သေရတာလို့ ကျေကျေနပ်နပ် ဂုဏ်ယူကြတယ် ။ သူ့ကို ရေစက်ချ အမျှပေးဝေပွဲတွေ ၊ ဂုဏ်ပြုပွဲတွေ လုပ်ကြတယ် ။ အဲဒီမှာ တိုက်ဆိုင်တယ်လို့ပဲ ပြောရမှာပဲ ။ အဲဒီနေ့မှာပဲ ပုထိုးသာရွာသူလေး မမျိုးအေးက လှူချင်လို့ဆိုပြီး သူ့ဆံပင်လေး ဖြတ်ရောင်းပြီး ကားလမ်း အတွက် လာလှူတယ် ။ ဒီမိန်းကလေး လှူတာ မြင်ပြီး နောက်နေ့မှာပဲ ပုထိုးသာရွာ က အမျိုးသမီး ၄၀ ကျော်က တစ်ပြိုင်တည်း ဆံပင်တွေ ဖြတ်ပြီး ယူချလာကြတာ ”
“ ဆံပင်နဲ့ လမ်းတံတား လှူတာရဲ့ အစပေါ့နော် ဘုရား ”
“ ဆံပင်တွေ လှူမယ် ဆိုတော့ ဦးဇင်း သုံးချက် စဉ်းစားတယ် ။ ဆံပင်လှူပြီး လမ်းတံတားတွေ လုပ်တာ လှူတဲ့သူရော လုပ်ငန်းပါ အကျိုးရှိတယ် ။ ဆံပင်လှူလို့ ဘယ်သူမှ မနစ်နာဘူး ။ ဆံပင်က ပြန်ပေါက်လာတာပဲ ။ လှူခဲ့တဲ့ သူတွေ ဆံပင် အရှည်ကြီးတွေ ပြန်ဖြစ်နေလို့ ဒုတိယအကြိမ် လှူဖို့ ဦးဇင်းကို လာလျှောက်နေကြပြီ ”
“ တတိယ အချက်ကကော ဘုရား ”
“ ဘုရား ၊ ရဟန္တာ ကဲ့ရဲ့တဲ့ အလုပ် မဟုတ်ဘူး ။ အဲဒီသုံးချက်နဲ့ ချိန်ထိုးပြီး ဆံပင်နဲ့ အနည်းဆုံး တံတား တစ်စင်းလောက် ပြီးရမယ် ယုံကြည်တာနဲ့ ရွှေဆံပင် တံတား တည်ဆောက်မယ်လို့ စာရွက်ကွန်ပျူတာလေး ရိုက်ပြီး ဝေလိုက်တာ ။ ပေါက်သွားတယ် ”
“ တပည့်တော် သတိထားမိပါတယ်ဘုရား ၊ မော်ဒန်ဂျာနယ်မှာ သတင်းလည်း ဖတ်ရတယ် ”
“ ပါရမီဓာတ်ခံ ရှိတဲ့ အမျိုးသမီးတွေက လှူချင်စိတ်ပေါ်ပြီး ပုလဲ ၊ ယင်းမာပင် ၊ မုံရွာ ၊ ချောင်းဦး ၊ မန္တလေး ၊ မိတ္ထီလာ ၊ မကွေး စတဲ့ မြို့တွေက လှူကြတာ အံ့ဩစရာပဲ ၊ မုံရွာ မှာ ပိဿာချိန် ၁၅၀ ၊ မိတ္ထီလာမှာ ပိဿာချိန် ၁၅၀ ၊ မန္တလေး ပရိယတ္တိသာသနာ့တက္ကသိုလ်က အရှင်ဝါယမာနန္ဒက ပိဿာချိန် ၁ဝဝ ကျော်ရပြီး မန္တလေးမြောက်ပြင် နဂါးပရိယတ္တိစာသင်တိုက် ဆရာတော်နဲ့ အဖွဲ့က အကျိုးဆောင် ပေးကြတာ ၊ ဆံပင် ပိဿာချိန် ၁၁၀၀ ကျော် ရခဲ့ပါတယ် ”
“ ဒီလမ်းကို ဘာလမ်း ခေါ်လဲဘုရား ”
“ အင်္ဂလိပ်လက်ထက်က ဒိစတြိတ်ကောင်စီလမ်းလို့ ခေါ်တယ် ။ သစ်ထုတ်လုပ်ရေး လုပ်တယ် ။ ဆားလင်းကြီးမြစ်ဝ ကနေ လည်ငေါက်ရွာ အထိ ၊ အရင်ကတော့ ဒီလမ်းပေါ်မှာ မအိပ်ဖူးတဲ့ ကားရယ်လို့ မရှိဘူး ”
စကား မပြတ်ခင်မှာပဲ ပုထိုးသာရွာကို ရောက်တယ် ။ ပုထိုးသာရွာမှာ ရွှေဆံပင်ဆရာတော်အရှင်ဝေပုလ္လက ယာယီ တဲကျောင်းနဲ့ သီတင်းသုံးနေတာ ၊ တဲကျောင်းက ဝါးကပ်မိုးတဲတန်းလျားရှည်ကြီး ၊ ကျောင်းဝင်း ထဲမှာ မြေထိုး ၊ မြေကော်စက်ဝါဝါ ၊ လမ်းကြိတ်စက် ၊ မြေသယ်ကားတွေ ရှိတယ် ၊ ကျောင်းက မသားနားပေမယ့် လမ်းဖောက်ဖို့ ဝယ်ထားတဲ့ ယန္တရားတွေက ခံ့ညားတယ် ။
တဲကျောင်းမှာ ထိုင်ရင်း ရွှေဆံပင်ဆရာတော်နဲ့ စကား ဆက်ပြောကြတယ် ။
“ ဦးဇင်းဇာတိက ပုလဲမြို့နယ် ရွာနောင်ရွာ ၊ အတန်းကျောင်းက ငါးတန်း အထိ နေခဲ့တယ် ။ ချောင်းတစ်ဖက်က အင်းနံ့သာကုန်းရွာ ဘုန်းကြီးကျောင်းမှာ ဆယ်နှစ်သား ၊ လေးတန်းကျောင်းသားဘဝမှာ ကိုရင်ဝတ်ပြီး ကျောင်းတက်တာ ။ ခြောက်တန်းကျတော့ တန်းကျောင်း မနေတော့ဘဲ ပရိယတ္တိစာပေပဲ လိုက်စားတော့တာ ”
“ ပညာ ဆက်သင်တာကကော ဘုရား ”
“ ၁၉၈၈ အရေးအခင်းနှစ်မှာ ချောင်းဦးမြို့ မဟာဓမ္မာရုံပါဠိတက္ကသိုလ် ကျောင်းတိုက် ၊ ၁၉၉၂ ခုနှစ်မှာ မုံရွာ မဟာဇောတိကာရာမပါဠိတက္ကသိုလ်ကျောင်းတိုက် ၊ ၁၉၉၄ ခုနှစ်မှာ ရန်ကုန်မဟာဝိသုဒ္ဓါရုံ ၊ ၁၉၉၆ မှာ မန္တလေး မဟာဝိသုဒ္ဓါရုံ တိုက်သစ် ”
“ အဲဒီမှာ ဓမ္မာစရိယ အောင်တာ ”
“ ဟုတ်တယ် ။ ရန်ကုန်က လုပ်လာတဲ့ အခံနဲ့ တစ်နှစ်တည်းနဲ့ သုံးကျမ်းလုံး ပြီးပြီး အောင်သွားတယ် ။ ဝိသုဒ္ဓါရုံမှာ စာချဘုန်းကြီး နှစ်နှစ်လုပ်တယ် ။ ပြီးမှ တိပိဋက လုပ်မယ်ဆိုပြီး မင်းကွန်း ပြောင်းတာပါပဲ ။ ပိဋကတစ်ပုံ ရှေ့ပိုင်း အာဂုံဆောင်ပြီး ကျန်းမာရေးရော ၊ ဉာဏ်ရောကြောင့် ဆက်မလုပ်တော့ဘူး ”
“ အရှင်ဘုရား လမ်းတွေပြင် ၊ တံတားတွေ ဆောက်ရတာ သိပ်တော့ လွယ်မှာ မဟုတ်ဘူး ။ အခက်အခဲတွေတော့ ရှိမယ်ထင်တယ် ”
“ လောကဓံကတော့ အမျိုးမျိုးပါပဲ ၊ ဟုတ်မှ ဟုတ်ပါ့မလားဆိုတဲ့ သံသယနဲ့ စတာပဲ ”
“ အများ ယုံကြည်မှုရအောင် တော်တော် လုပ်ရမှာပဲ ”
“ ဦးဇင်း က ရတဲ့ငွေ ဦးဇင်း မကိုင်ဘူး ၊ အချိန်မရွေး လာစစ်နိုင်တယ် ။ ကြည့်နိုင်တယ် ၊ ဖိတ်ခေါ်ထားတာ ၊ နေတာစားတာက ဖြစ်သလို ၊ စရိတ် နည်းနည်းနဲ့ အလုပ်ပြီးအောင် လုပ်တာ ။ မြင်လည်း မြင်နေရတော့ တဖြည်းဖြည်းနဲ့ ယုံလာကြတာပေါ့ ။ လုပ်ငန်း ပြီးစီးတဲ့ အချိန်မှာ ပိုပြီး သိသာတာပေါ့ ”
“ ယမားချောင်းကြီး ဟိုဘက်မှာ ရွာပေါင်း ၃ဝ လောက်ရှိတယ် ၊ ချောင်းဟိုဘက် ရွာတွေ ဆေးရုံ ၊ ဆေးခန်း သွားချင်ပေမယ့် ချောင်းရေလာနေရင် အခက်အခဲ တွေ့တာပဲ ။ ကားတာယာတွေပေါ် ပျဉ်ချပ်တင်ပြီး ရေကူးတတ်တဲ့ လူက ဆွဲရတာ ၊ ရေများတဲ့ အချိန်ဆိုရင် မကူးနိုင်ဘူး ။ ပညာရေးပိုင်း ပြောရရင် ချောင်းတစ်ဖက်က အထက်တန်းကျောင်းကို မြင်နေရပေမယ့် ချောင်းရေလာနေရင် မတက်နိုင်ဘူး ။ ကျောင်း မြင်ပြီး ကျောင်း မတက်ရတဲ့ ရက်တွေ တစ်နှစ်မှာ ရက်ပေါင်း ၄ဝ လောက် ရှိတယ် ။ ကျန်တဲ့ ရက်လည်း ရေက ပေါင်လယ်လောက် ရှိနေတာ ။ ယမားချောင်းကို ဖြတ်ပြီး တံတားကြီး ဆောက်ဖို့ လုပ်နေတယ် ”
“ ငွေကြေး အင်အားကကော ”
“ ရှာရတုန်းပါပဲ ၊ အစစ အဆင်ပြေရင် သုံးနှစ်လောက်တော့ ကြာမှာပေါ့ ”
“ ဆံပင် အလှူခံတဲ့ အလုပ်ကို လုပ်ဦးမှာပဲလား ဘုရား ”
“ လုပ်ဦးမှာပါ ၊ ဦးဇင်းရဲ့ သဘောထားကတော့ ယူထားတာတွေ မှန်သမျှ ပေးခဲ့ကြရမှာပါ ၊ ပေးခဲ့တာတွေ မှန်သမျှ ယူသွားကြရမှာပါ ။ ရာထူး ၊ အာဏာ ၊ အခြွေအရံနဲ့ ကိုယ့်အတွက် ဆိုပြီး ယူသမျှ ပေးခဲ့ရမှာပဲ ၊ အများအတွက် ဆိုပြီး လုပ်သမျှ ကိုယ်ရမှာပဲ ”
“ အရှင်ဘုရား ၊ လူနာတွေလည်း ဆေးရုံကားနဲ့ ပို့တယ် ကြားဖူးတာ ၊ ဟုတ်သလား ”
“ ဟုတ်တယ် ၊ ဦးဇင်း ဆယ်နှစ်သားလောက်က မြွေကိုက်ခံရတယ် ။ ဆေးရုံပို့စရာ ကားက မရှိဘူး ။ ထွန်စက်နဲ့ ပို့ပေးရတာ ။ ဆေးရုံရောက်တော့ အသက်ကယ်ဆေးတွေ အများကြီး ထိုးရတယ် ။ ဒါကိုအခြေခံပြီး ဆေးရုံသွားမယ့် လူနာတွေဆိုရင် ဘုန်းကြီးကားနဲ့ အချိန်မရွေး ပို့တယ် ။ ဘုန်းကြီးကားပေါ်မှာတင် မွေးတဲ့ မွေးလူနာ နှစ်ယောက်ရှိသွားပြီ ”
⎕ ကျော်ရင်မြင့်
📖အတွေ့အကြုံစုံစုံ ဘဝဇာတ်ခုံ
No comments:
Post a Comment