❝ ဦးထုပ်နီကလေး၏ ဖြတ်ထုံး ❞
( ပုံပြင် )
ကလေးတို့ ...
အမှုအခင်း တစ်စုံတစ်ရာ ဖြစ်ပွားခဲ့သည် ဆိုပါစို့ ။ ၎င်းအမှုအား တရားသဖြင့် စီရင် ဆုံးဖြတ်ခြင်းကို “ ဖြတ်ထုံး ” ဟူ၍ ခေါ်သည် ။ ယခု ကလေးများတို့ ဖတ်ရအံ့သော ပုံပြင်သည် ဦးထုပ်နီကလေး၏ ဖြတ်ထုံး ( သို့မဟုတ် ) ဦးထုပ်နီကလေး၏ တရားစီရင် ဆုံးဖြတ်ပုံ ဖြစ်ပေသည် ။ ကလေးတို့ ပျော်ရွှင်မြူးထူးစွာ ဖတ်နိုင်ကြပါစေ ။
••••• ••••• •••••
စိမ်းလန်း စိုပြေသော မြက်ခင်းပြင်ကြီး၏ အလယ်တွင် ချောင်းငယ်ကလေးသည် တသွင်သွင် စီးဆင်းနေ၏ ။ ထိုချောင်းကလေး၏ ကမ်းပါးတစ်ဖက်တွင်ကား ခြောက်သွေ့နေ သော သစ်ပင်ငုတ်တို တစ်ခု ရှိ၏ ။ သစ်ပင်ငုတ်တို ပေါ်တွင် သစ်ကိုင်းခြောက်တစ်ခုမှ တစ်ပါး အခြား အခက်အလက်များ မရှိကြချေ ။ သစ်ကိုင်းခြောက် ပေါ်တွင် ငှက်ငယ်နှစ်ကောင် နားလျက် ရှိ၏ ။ ၎င်းတို့သည် နံနက်ခင်းတေးကို တစ်လှည့်စီ သီဆိုနေရာမှ ရုတ်တရက် ပျံပြေးကြလေသည် ။
အဘယ်ကြောင့် ဆိုသော် သစ်ပင်ငုတ်တိုနှင့် မနီးမဝေးတွင် အဘိုးအို တစ်ယောက် သည် ဝန်ထုပ်တစ်ခုကို ထမ်းလျက် ကုန်းကုန်းကွကွနှင့် လာနေသောကြောင့်တည်း ။ ယင်းသို့ ထမ်းလာသော ဝန်ထုပ်အတွင်း၌ စူး ၊ ဆောက် စသည်တို့ ပါလေရာ ၎င်းအဘိုးအိုကြီးသည် ပန်းပုဆရာကြီး တစ်ယောက် ဖြစ်လေသည် ။
ပန်းပုဆရာကြီးသည် ချောက်ကမ်းပါး နံဘေးတွင် ရှိသော သစ်ပင်ငုတ်တိုကို ကြည့် ၍ “ ငါသည် မကြာခင် အိုမင်းမစွမ်း ဖြစ်ရတော့မည် ။ ထိုအခါ မည်သည့် အရုပ်ကိုမျှ ထုလုပ်နိုင်တော့မည် မဟုတ်ပေ ။ ထို့ကြောင့် ယခု ငါ၌ ထွင်းထုနိုင်သော စွမ်းအား ရှိချိန်တွင် ဤ သစ်ပင်ငုတ်တိုအား အရုပ်အဖြစ် ထွင်းပေတော့အံ့ ” ဟု အကြံရ၏ ။
ပန်းပုဆရာကြီးသည် စူး ၊ ဆောက် ၊ လွှ စသည်တို့ကို ထုတ်၍ သစ်ပင်ငုတ်တိုအား စတင်၍ ခုတ်ဖြတ် ထွင်းထုလေ၏ ။ ပန်းပုဆရာကြီးသည် တကုန်းကုန်းဖြင့် မမောမပန်းဘဲ အလုပ် လုပ်လေရာ များမကြာမီ အလွန် ချောမော ပြေပြစ်သော မိန်းကလေး တစ်ယောက်၏ ရုပ်လုံးပေါ်လာပေ၏ ။
ဤတွင်မှ ပန်းပုဆရာကြီးသည် မိမိ ထုလုပ်သော အရုပ်နှင့် မလှမ်းမကမ်းတွင် သွား ရောက်ထိုင်ကာ မိမိ၏ လက်ရာကို လွန်စွာနှစ်သက်၍ အားရဝမ်းမြောက်လျက်ရှိ၏ ။
••••• ••••• •••••
ထိုသို့ ထိုင်နေစဉ်မှာပင် မိန်းကလေးအရုပ် နားသို့ လူကြီး တစ်ယောက် ရောက်လာသည် ။ ထိုလူကြီးသည် ပန်းချီဆရာကြီးတစ်ယောက်ဖြစ်၏ ။ သူသည် ပန်းပုဆရာကြီး ထုလုပ်သော အရုပ်ကို တအံ့တသြ ကြည့်ရှု၍ ချီးမွမ်းလျက်ရှိသည် ။
“ ငါ့ပန်းချီလက်ရာနဲ့သာ ဒီမိန်းကလေးအရုပ်ကို ခြယ်သလိုက်ရရင် ကမ္ဘာပေါ်မှာ အချောဆုံး ၊ အလှဆုံး မိန်းကလေးအရုပ် ဖြစ်လာရမယ် ”
ပန်းချီဆရာကြီးသည် ထိုသို့ ပြောပြောဆိုဆိုနှင့် စုတ်တံ ၊ ဆေးခွက် ၊ ဆေးစပ်ပျဉ် စသည်တို့ကို လွယ်အိတ် အတွင်းမှ ထုတ်လိုက်သည် ။ များမကြာမီ ပန်းပုဆရာကြီး ထွင်းထုထားသော မိန်းကလေး အရုပ်မှာ လူပကတိ ကဲ့သို့ အရောင်အဆင်းများ ခြယ်လှယ်မှုန်းသ ပြီးစီးသွားလေသည် ။ ဤတွင်မှ ပန်းချီဆရာကြီးသည် အနားယူတော့အံ့ဟု မြက်ခင်းပေါ်တွင် လဲလျောင်းမည်ပြုရာ ပန်းပုဆရာကြီးကို တွေ့ရလေ၏ ။ ပန်းပုဆရာကြီးသည် သူ့အား ပြုံး၍ နှုတ်ဆက်နေလေသည် ။ ပန်းပုဆရာက “ ခင်ဗျားရဲ့ ပန်းချီလက်ရာ ကဖြင့် ပြောင်မြောက်ပါပေ့ဗျာ ... ကျုပ်ဖြင့် ဒီလောက် တော်တဲ့ ပန်းချီကျော်မျိုး ခုချိန်ထိ မတွေ့ဖူးသေးပါဘူး ”
ပန်းချီဆရာကလည်း “ ကျုပ်လည်း ခင်ဗျားလောက် တော်တဲ့ ပန်းပုဆရာမျိုး ခုမှ တွေ့ရတော့တယ် ”
သို့ဖြင့်ပန်းပုဆရာကြီးနှင့် ပန်းချီဆရာကြီး တို့သည် စကားလက်ဆုံ ကျလျက်ထွေရာလေးပါး ပြောကြားနေကြ၏ ။
••••• ••••• •••••
များမကြာမီ မိန်းကလေးအရုပ် အနီးတွင် အဘွားအိုကြီး တစ်ယောက် ရောက်နေပြန်၏ ။ အဘွားအို၏ လက်တစ်ဖက်သည် အဝတ်အထည်များပါသော အထုပ်ကြီး တစ်ထုပ်ကို ကိုင်ထားလျက်ရှိ၏ ။ အဘွားအိုကြီးမှာ အပ်ချုပ်သည် မိန်းမကြီး တစ်ယောက် ဖြစ်လေ၏ ။ အပ်ချုပ်သည် မိန်းမကြီးသည် မိန်းကလေးအရုပ်ကို သေချာစွာကြည့်လျက် ” ဒီလောက် လှပတဲ့ အရုပ်ကလေးကိုအဝတ်အထည်တွေ ဆင်ပေးရရင် တင့်တင့်တယ်တယ် ဖြစ်သွားမှာပဲ ” ဟု အကြံရလေသည် ။
အပ်ချုပ်သည် မိန်းမကြီးသည် များမကြာမီ အတွင်း မိန်းကလေးအရုပ် အတွက် အဝတ်အထည်များကို ချုပ်လုပ်ပြီးစီး၍ မိန်းကလေးအရုပ်အား ဆင်ယင်လိုက်လေသည် ။
ပန်းပုဆရာကြီးနှင့် ပန်းချီဆရာကြီးတို့လည်း အသံမပြုဘဲ မိန်းမကြီး လုပ်သမျှ မလှုပ်မယှက် ကြည့်နေကြပေသည် ။
အပ်ချုပ်သည် မိန်းမကြီးသည် မိမိ၏ ကိစ္စပြီးစီး၍ အနားယူအံ့သောငှာ ၊ မြက်ခင်းပေါ် တွင် ထိုင်မည် အပြု၌ ပန်းပုဆရာနှင့် ပန်းချီဆရာတို့အား တွေ့ရလေသည် ။ ဤတွင် ၎င်းတို့နှစ်ဦးက မိန်းမကြီးအား နှုတ်ဆက်ကြကာ ...
“ အိမ်း ... ကျုပ်တို့ သုံးယောက်ရဲ့ အတတ်ပညာနဲ့ ပေါင်းစပ်လိုက်တော့မှပဲ ကမ္ဘာပေါ် မှာ အလှပဆုံး မိန်းကလေးတစ်ယောက် ဖြစ်လာပေတော့တယ် ” ဟု ပြိုင်တူ ပြောကြ၏ ။
သို့နှင့် ၎င်းတို့ သုံးဦးသည် စကား အနည်းငယ် ပြောကြ၍ မိမိတို့ အသီးသီး ယူဆောင် လာကြသော အစားအစာများကို အတူတကွ စားသောက် နေကြလေ၏ ။
••••• ••••• •••••
ထိုအချိန်တွင် မိန်းကလေးအရုပ်နှင့် ခပ်လှမ်းလှမ်း၌ နွားကျောင်းသားလေး တစ်ဦး ရောက်နေလျက် မိန်းကလေးအရုပ်အား သက်ရှိ သတ္တဝါ ထင်မှတ်ကာ တအံ့တဩ ငေးမော၍ ကြည့်နေရှာသည် ။
အလွန်တရာ လှပတင့်တယ်သော မိန်းကလေးအရုပ်ကို တစ်ခဏမျှ မြင်တွေ့ရသည်နှင့် နွားကျောင်းသားကလေးသည် မေတ္တာသက်ဝင် မိလေ၏ ။ သူသည် မိန်းကလေးအရုပ်နားသို့ မဝံ့မစား တိုး၍သွားရာ အနီးရောက်မှ အရုပ်မှန်း သိရကာ ယူကျုံးမရ ဖြစ်ရလေသည် ။ နွားကျောင်းသားကလေးသည် သူ မေတ္တာသက်ဝင်ပြီး ဖြစ်သော မိန်းကလေးအရုပ် နှင့် သက်ရှိသတ္တဝါ ဖြစ်ပါမူ ချစ်ခင်စုံမက် ပေါင်းဖက်လိုသည် ။ ထိုမိန်းကလေးနှင့် အတူတကွ ပျော်ရွှင်စွာ နေထိုင်လိုသည် ။ သို့ရာတွင် အရုပ် တစ်ခုမျှသာ ဖြစ်သော ဤမိန်းကလေးနှင့် ဘယ်နည်းဘယ်ပုံ ချစ်ခင်စုံမက် နေထိုင်နိုင်ပါမည်နည်း ။
နွားကျောင်းသားကလေးသည် လွန်စွာ ဝမ်းနည်းလှ၍ သူ၏ ရင်တွင်းမှ ထွက်လာသော တေးသံများကို မိန်းကလေး အရုပ်၏ ရှေ့မှောက်တွင် ရင့်ကျူးသီဆိုလေ၏ ။
“ လှပတင့်တယ် ...
ရှုချင်ဖွယ် ...
သက်လယ်ရွှေသွေး ၊
နှမငယ်လေး ”
သူသည် တစ်ပိုဒ် ဆို၍ အပြီးတွင် မျက်ရည် တစ်ပေါက်ကျလာ၏ ။
“ လမင်းအလား ...
လှပါငြားလည်း ...
သင်ကား မလှုပ်ရှားနိုင်တကား ”
သူသည် ယခင်နည်းတူ မျက်ရည် တစ်ပေါက် ကျလာပြန်၏ ။ သို့သော် သူ၏ မျက်စေ့တွင် မျှော်လင့်ချက် ရောင်ခြည်ဖြင့် ထွန်းလင်းတောက်ပ နေတော့၏ ။
“ နှမကညာ လှကလျာ ...
လိပ်ပြာပျံသို့ ... ဝဲပျံစို့ ။ မောင်နှံငှက်များ ...
တေးသီငြားသို့ ...
တို့များသီစို့ ... တို့သီစို့ ”
သူသည် တေးသီချင်းကို အစဉ်သဖြင့် ဆက်၍ ဆိုနေပေ၏ ။
“ မောင်နှံငှက်ကျေး
ပျံဝဲပြေးသို့
ချစ်တေးစကား
မြွက်ဆိုကြားမည် ...
လှုပ်ရှားပါဘိ နှမငယ် ”
နွားကျောင်းသားကလေး၏ သီချင်းအဆုံး၌ မိန်းကလေးအရုပ်သည် ရုတ်တရက် အသက်ဝင်လာတော့သည် ။ ကော့သော မျက်တောင်များကိုလှုပ်ရမ်းလိုက်သည် ။ နီထွေးသော နှုတ်ခမ်းအစုံကို ဖွင့်ဟ၍ နွားကျောင်းသားကလေးအား နှုတ်ဆက်ဘိ သကဲ့သို့ ပြုံးလိုက်လေ သည် ။ နွားကျောင်းသားကလေးလည်း လွန်စွာ အံ့ဩလျက်ရှိရာ မိန်းကလေးက ၎င်း၏ လက်အစုံကို နွားကျောင်းသားကလေးထံသို့ ကမ်းလင့်၏ ။ နွားကျောင်းသားကလေးသည် ပေးလာသော လက်နှစ်ဖက်ကို ဆွဲယူ နမ်းရှုံ့လေသည် ။
ထို့နောက် နွားကျောင်းသားကလေးက “ အမိငယ် ... ငါနှင့် အတူတကွ စားသောက် နေထိုင်ပါလော့ ” ဟု တောင်းပန်စကား ပြောကြား၏ ။ မိန်းကလေးလည်း သဘောတူသဖြင့် ၎င်းတို့ နှစ်ယောက်သည် ချောင်းငယ်၏ နံဘေးမှ ထွက်ခွာသွားကြတော့မည်ပြုရာ ... ၎င်းတို့၏ အပြုအမူကို ငြိမ်သက်စွာ စောင့်စား ကြည့်ရှု နေကြသော လူကြီးသုံးဦး သည် ၎င်းတို့ အနီးသို့ ပြေးလာခဲ့ကြ၍ ...
“ ဟေ့ ... သူငယ် ... မင်းက ဒီလို လွယ်လွယ်နဲ့ တို့ မိန်းကလေးကို ခေါ်သွားလို့ ဖြစ်ရိုးလားကွ ” ဟု ပြိုင်တူ ပြောကြ၏ ။
နွားကျောင်းသားကလေးကလည်း အံ့အားသင့်လျက် “ ခင်ဗျားတို့နဲ့ ဘာမှ မဆိုင်ဘူးလို့ ကျွန်တော် ထင်ပါတယ် ” ဟု ပြန်ပြောလေသည် ။
ပန်းပုဆရာက “ ဟ ... ဆိုင်ပါပြီကောကွာ ။ ငါက ဒီချောင်းနံဘေးက သစ်ပင်ငုတ်တိုကို ထုလုပ်လို့ ဒီလို မိန်းကလေးအရုပ် ဖြစ်လာရတာကွ ”
ပန်းချီဆရာက “ ငါက ဆေးရောင် ခြယ်သပေးလို့သာပေါ့ကွာ ။ ဒါမှမဟုတ်ရင် လူလို သူလို အရောင်အဆင်းကို ရှိမှာ မဟုတ်ဘူး ”
အပ်ချုပ်သည်က "ကျွန်မ ကလည်း .. အဝတ်အထည်တွေ ချုပ်ပြီး တင့်တောင့် တင့်တယ် ဖြစ်ဖို့ကို ပြင်ဆင်ရသေးတယ်တော့ ”
သို့ဖြင့် ၎င်းတို့ လေးဦးသား အငြင်းပွားရာ အရပ်သို့ ရွာနီးချုပ်စပ်မှ လူများ တဖွဲဖွဲ ရောက်လာ၍ ၎င်းတို့ လေးဦးအား စိတ်ဝင်စားစွာ ဝိုင်းအုံ ကြည့်ရှုနေကြလေသည် ။
ထိုအချိန်တွင် တောကစား ထွက်လာသော ရှင်ဘုရင် တစ်ပါးသည် ထိုသို့ ငြင်းခုံနေ ကြရာသို့ ရောက်လာ၏ ။ အဖြစ်အပျက် အကြောင်းစုံကို မေးပြီးသော် ရှင်ဘုရှင်သည် ၎င်း ကိုယ်တိုင် တရားစီရင်မည်ဟု ပြောလေ၏ ။
“ ဒီမိန်းကလေး တစ်ယောက် အတွက် မောင်မင်းတို့ လေးဦးသည် မည်သူမည်ဝါ ပိုင်ဆိုင်ထိုက်တယ် ဆိုတာကို ဘယ်လို ပညာရှိမှ ဆုံးဖြတ်နိုင်မှာ မဟုတ်ဘူး ... ။ ဒီတော့ ငါကိုယ်တော်အရှင်မြတ်က ရွှေဒင်္ဂါးငါးရာကို စွန့်ကြဲတော်မူမည် ။ မောင်မင်းတို့ လေးယောက် အညီအမျှ ခွဲဝေယူကြပေတော့ ။ ဒီလှပတဲ့ မိန်းကလေး ကိုတော့ ငါ၏ ဘဏ္ဍာတော် အဖြစ် သိမ်းပိုက်တော်မူမည် ”
ရှင်ဘုရင်ကြီးက ဤသို့ ဆုံးဖြတ်ချက်ချမှတ်သည်ကို မည်သူမျှ မကျေနပ်ကြချေ ။
“ ကဲ ... မင်းတို့က မကျေနပ်နိုင်ကြလို့ ငါ ဆုံးဖြတ်သလို တရားမျှတအောင် ဆုံးဖြတ်နိုင်တဲ့သူ ရှိရင် အဲဒီပုဂ္ဂိုလ်ကို ရွှေဒင်္ဂါးငါးရာ ပေးမယ် ။အကယ်၍ သူက မမှန်မကန် ဆုံးဖြတ်ချက် ချမှတ်ပေးခဲ့ရင် သေဒဏ် ခံစေရမယ် ။ ကဲ .. ဘယ်သူ အဆုံးအဖြတ် ပေးမလဲ ... ”
အနီးအနားတွင် ဝိုင်းအုံကြည့်ရှု နေကြသော ရွာသူရွာသားများသည် ရှင်ဘုရင်ကြီး အား ကြောက်ရွံ့ကြ၍ မည်သူမျှ အဆုံးအဖြတ် မပေးရဲကြချေ ။ ထိုအချိန်တွင် အဖြစ်အပျက် အားလုံးကို စောင့်စား ကြည့်ရှုနေ၍ ဦးထုပ်အနီကို ဆောင်း ထားသော လူပုကလေး တစ်ယောက်သည် ၎င်းကိုယ်တိုင် တရား စီရင်ဆုံးဖြတ်မည်ဟု ရှေ့သို့ရဲဝံ့စွာ ထွက်လာလေ၏ ။ ၎င်းက ဆုံးဖြတ်ချက် ချပုံမှာ ...
“ ပန်းပုဆရာကြီးသည် သစ်ပင်ငုတ်တိုမှ ဤမျှ ချောမောပြေပြစ်သော မိန်းကလေး အရုပ်ကို ထုလုပ်သည့် အတွက် ပန်းပုဆရာကြီးသည် ဤမိန်းကလေး၏ ဖခင် ဖြစ်ထိုက်ပါသည် ”
“ ပန်းချီဆရာ ကလည်း ဤမျှ ချောမော ပြေပြစ်သော မိန်းကလေးအရုပ်ကို လှပစိုပြေစေရန် ဆေးရောင်ခြယ်သသူဖြစ်၍ ၎င်းသည် မိန်းကလေး၏ ဦးလေး ဖြစ်ထိုက်ပါသည် ”
“ ဤအပ်ချုပ်သည် မိန်းမကြီးသည် ချောမော ပြေပြစ်၍ လှပစိုပြေသော မိန်းကလေး အရုပ်ကို တင့်တင့်တယ်တယ် ဖြစ်စေရန် အဝတ်အထည်များ ချုပ်လုပ် ဆင်ယင်ပေးရသည် ဖြစ်ရာ အပ်ချုပ်သည် မိန်းမကြီးသည် ဤမိန်းကလေး၏ မိခင်ဖြစ်ထိုက်ပါသည် ”
“ မိန်းကလေး အရုပ်မှာ နွားကျောင်းသားကလေး၏ မေတ္တာတေးသံများကြောင့် အသက်ဝင်လာသည် ဖြစ်သည့်အပြင် ၎င်းတို့ နှစ်ဦးမှာလည်း တစ်ဦးနှင့် တစ်ဦး ချစ်ခင်ကျွမ်းဝင်ကြသည့်အလျောက် နွားကျောင်းသားကလေးသည် ဤမိန်းကလေး၏ လင်ယောက်ျား ဖြစ်ထိုက်ပါသည် ”
ဤသို့ ဦးထုပ်နီကလေးက စီရင်ဆုံးဖြတ်သည်ကို ဘုရင်ကြီးမှ တစ်ပါး အားလုံး သဘောကျ နှစ်ခြိုက်ကြလေသည် ။ ပရိတ်သတ် အပေါင်းကလည်း “ ဦးထုပ်နီကလေး ဆုံးဖြတ်တာ မှန်တယ် ” ဟုတစ်ခဲနက် အော်ဟစ် ဩဘာပေးကြလေ၏ ။
ဘုရင်ကြီးလည်း ဦးထုပ်နီကလေး၏ စီရင်ဆုံးဖြတ်ချက်ကို မလွန်ဆန်သာတော့ချေ ။ မိမိ၏ ကတိအတိုင်း ဦးထုပ်နီကလေးအား ရွှေဒင်္ဂါးငါးရာကို ပေးလိုက်ရလေ၏ ။ ဤတွင် ရွာသူရွာသား အပေါင်းနှင့် ပန်းပုဆရာ ၊ ပန်းချီဆရာနှင့် အပ်ချုပ်သည်မကြီး တို့သည် ဝမ်းသာမဆုံး ဖြစ်နေသော နွားကျောင်းသားကလေး နှင့် မိန်းကလေး မောင်နှံအား မိမိ တို့ရွာသို့ ခေါ်ဆောင်သွားကြ၏ ။ လမ်းတစ်လျှောက်လုံးလည်း သီချင်းများကို ပျော်ရွှင်စွာ သီဆို ဟစ်အော် သွားကြလေသတည်း ။
( ဘာသာပြန် )
〇 သန်းစိုး
📖ရှုမဝ မဂ္ဂဇင်း
၁၉၅၉ ၊ စက်တင်ဘာ
No comments:
Post a Comment