“ အဲဒါမှတ်ထား မိုးအောင် ၊ နင့်ကို နင် အထင်ကြီးချင်ဦး ၊ ဟင် ၊ ငါ့ကို ပြောတော့ ပညာတတ်မကြီးပါ ၊ ဣန္ဒြေရှင်ကြီးပါ ၊ နူးညံ့ပါတယ် ၊ ယဉ်ကျေးပါတယ် ၊ ငါတို့လို မကလက်ဘူးဆို ၊ ဟား ... ၊ ခံပေတော့ မိုးအောင်ရေ ၊ ဟေ့ဒီမှာ အဲဒါ သူဝတ္ထုရေးဖို့ နင့်ကို ဇာတ်လမ်း လာလုပ်တာလားမှ မသိတာ ၊ ငါ တကယ် ပြောတာ ၊ အဲဒါမျိုး ငါ တွေ့ဖူးတယ်ဟဲ့ ”
“ တော်စမ်းပါဟာ ၊ ဟေ့ ညီလေး ၊ ဘီယာတစ်ခွက် ထပ်ပေးကွာ ၊ နင် အချိန်ရပါတယ်နော် ”
ကျွန်တော် တင်မြရီ ကို ဆက်မပြောဖို့ တားရင်း ဘီယာ ထပ်မှာလိုက်တာပါ ။ သူက ရယ်ချင်တုန်းပဲ ။ ဝဋ်လည်တာ ၊ ဝဋ်လည်တာလို့ လက်ခုပ်လေး တီးပြီး ဟားတယ် ။
“ ငါ ကောက်ပေါက်လိုက်မယ် ၊ နင် မတော်သေးဘူးလား ”
“ ဟင်း .. ဟင်း ၊ နင့်ကို သဘောကျလို့ ပါဟာ ၊ ငါ့ အလှည့်တုန်းက ဒုတိယသစ်သီးအကြောင်း ပြောတော့ နင်က အကြော်ဖိုးလေး ပေးခဲ့ပါ ဝတ္ထုပြောပြီး ရယ်တယ် ၊ ဟဲ့ နင့်ဟာမကြီးကျတော့ နင် တက္ကစီဖိုးလေး ပေးခဲ့ပါလို့ မပြောလိုက်ဘူးလား ”
“ ဟွန်း ... ငါကတောင် သာသေးတယ် ၊ ဘာလို့ ပြောရမှာလဲ ”
သူ ကဲ့ရဲ့မယ် ဆိုရင်လည်း ကဲ့ရဲ့ချင်စရာပဲ ။ ဝဋ်လည်တယ် ဆိုတာက ဒီလို ၊ သူ့ကို ကျွန်တော် ကဲ့ရဲ့ခဲ့ဖူးပါတယ် ။ လွန်ခဲ့တဲ့ သုံးလလောက်က ဘီယာဆိုင်မှာ သူရှိုက်ကြီးတငင် ငိုခဲ့တယ်လေ ။ လမ်းဘေးက မိန်းမသား ဆိုပေမယ့် သူ့မှာလည်း နှလုံးသားနဲ့ မဟုတ်လား ။ သူနဲ့ အန်ကယ်တစ်ဦး ချစ်ကြတာမှ ပြောမနေပါနဲ့တော့ဗျာ ။
“ သူက ငါ့ယောက္ခမဟောင်းကြီးနဲ့ အရင်က ကန်ထရိုက် လုပ်ဖူးတယ် ၊ ငါ့ ပြဿနာတွေ သူ သိတယ်ဟ ၊ အိမ်မှာ ဖဲလာလာ ကစားတော့ သူ ပါတာပေါ့ ၊ သူက အရက်တော့ မသောက်ဘူး ။ ငါ့ယောက္ခမကြီး မူးပြီ ဆိုရင် ဘယ်လောက် သွေးဆိုးမှန်း သူ အသိဆုံးတဲ့ ၊ ဒါတွေက ထားပါတော့ဟာ ၊ ပြန်ပြောနေလို့လည်း အပိုပါပဲ ။ သူက ငါ့ကို အဲဒီထဲက သနားနေတာ ၊ ငါ အိမ်က ဆင်းတော့ သူ ငါ့ဆီ လာသေးတယ် ၊ ငါ့မိဘတွေကို သူ လိုက်ပြောပေးမယ်တဲ့ ၊ သူတို့က ငါ့ကို ကလေကဝ မိန်းမပျက် ထင်နေမှတော့ ငါက ပိုပြီး အရွဲ့တိုက် ပြလိုက်တယ် ။ လမ်းဘေး ရောက်ရပေမယ့် ငါ့မှာ မာနရှိတယ် ၊ တစ်နေ့မှာ သူတို့ထက် သာအောင် ငါနေပြမှာ ။ ဆိုပါတော့ဟာ ၊ အဘိုးကြီးက ငါ့ကို ကောင်းကောင်းမွန်မွန် နေဖို့ ခဏခဏ လာပြောရင်း ငါ့ကို သနားလာတယ် ၊ သူက ငါ့ကို တော်တော်လေး ထောက်ပံ့ပါတယ် ။ အိမ်ခန်းဖိုး ၊ စားစရိတ်တွေ လုံလုံလောက်လောက် ပေးတယ် ။ ကြာတော့ ငါ သူ့ကို သံယောဇဉ် ဖြစ်သွားတယ် ။ သူ့စေတနာက အရမ်း သန့်ရှင်းတယ် ၊ နင် ငါ့နေရာက စဉ်းစားကြည့် ၊ ဒီဘဝက ထွက်ချင်တာ ငါ မှားလား ၊ ငါ သူ့ကို မြူတာတော့ မဟုတ်ပါဘူး ၊ ဒါပေမဲ့ သူလာရင် သူ စားချင်တာလေးတွေ ချက်ကျွေး ၊ သူ စိတ်ညစ်လာရင် ရယ်စရာမောစရာလေးတွေ လျှောက်ပြောနဲ့ သူနဲ့ ငါ ဖြစ်သွားကြတယ် ။ ခက်တာက သူက အရမ်းစိုးရိမ်တယ် ၊ ငါ့မိဘတွေ သိရင် ဘယ်လို လုပ်မလဲတဲ့ ၊ သူ့မှာလည်း သားမယားနဲ့ တဲ့ ၊ သူ့သား အကြီးဆုံးက ငါ့ထက် နှစ်နှစ်ကြီးတယ် ၊ ငါကလည်း မယူခိုင်းပါဘူး ၊ ဒီလို နေသွားလည်း ရတာပဲဟာ ၊ သူ့ဘက်ကတော့ မဟုတ်ဘူး သူ မှားတယ်တဲ့ ၊ ဒုတိယသစ်သီးကို မစားဝံ့ဘူးတဲ့ ။ ဟင်း ဟင်း ၊ ဒီလို မိုးအောင်ရေ .... သူ ဖတ်ဖူးတဲ့ ဝတ္ထုထဲက ပုံပြင်တွေ ငါ့ကို ပြောပါလေရော ၊ လူတွေဟာ ဘုရားသခင် တားမြစ်ထားတဲ့ သစ်သီးကို စားမိရာကနေ ဆင်းသက်လာကြလို့ သားရေးသမီးရေး အိမ် ထောင်ရေးတွေနဲ့ လုံးထွေးရင်း ဘဝကို ပင်ပန်းကြီးစွာ နေထိုင်ကြရတယ် ။ ဒီထဲကမှ ဘုရားသခင်က နောက်ထပ် မှားမှာစိုးလို့ ဒုတိယသစ်သီးကိုတော့ ဝှက်ထားလိုက်တယ် ။ လူတွေက အဲဒီ ဝှက်ထားတဲ့ ဒုတိယသစ်သီး ကိုမှ ထပ်ရှာစားချင်တယ် ။ ဆိုလိုတာက ဒီလိုဟယ် ၊ ပထမသစ်သီး စားမိလို့ နောက်အိမ်ထောင် ပြုကြတာကိုပြောတာ ။ ပင်ပန်းနေပါလျက် ဒုတိယသစ်သီးကို ထပ်စားရင် ပို ဒုက္ခရောက်ကြရတယ် ၊ ဒါမျိုး သူ အဖြစ်မခံပါရစေနဲ့တဲ့ ၊ ငါ ဘာတတ်နိုင်မှာလဲ ၊ သူ့ကို အပြစ်မတင်ပါဘူး ။ ဒါပေမဲ့ ငါ သူ့ကို အရမ်းချစ်တယ် ၊ သူနဲ့ တွေ့ရတာ အရမ်း စိတ်ချမ်းသာတာပဲ ။ သူက ငါ့ကို ကလေးလို့ ခေါ်လိုက်တိုင်း ငါဘယ်တုန်းကမှ မရဘူးတဲ့ ကြည်နူးမှုကိုရတာ ။ ငါ ကောင်းကောင်း နေတော့မယ် ၊ ရိုးရိုးသားသား လုပ်ကိုင်စားတော့မယ်လို့ ဆုံးဖြတ်ပြီးကာမှ သူ ငါ့ဆီ မလာတော့ဘူး ၊ တကယ်ပါဟာ ၊ သူ ရှိရင် ငါအရမ်းအားရှိတာပဲ ။ သူကတော့ ဒါတွေ ဘယ်သိမလဲ ၊ ဒုတိယ သစ်သီးကို ၊ ဟူး ... ၊ ငါလေ မိုးအောင် ရယ် ၊ ဒီလို စိတ်ဓာတ်ကျတာမျိုး တစ်ခါမှ မဖြစ်ဖူးဘူး ၊ ပြန်တွေးတိုင်း ငိုမိတယ် ”
မချောက ဒီလိုပဲ နိဒါန်းချီခဲ့တာပါ ။ စပြောတည်းက မျက်နှာလေးညှိုးညှိုးနဲ့ လွမ်းလာလိုက်တာ ၊ ပြီးတာနဲ့ ငိုတော့တာပဲ ။ ကြည့်မကောင်းဘူးဗျာ ။ ကျွန်တော် စကားဖြတ် ပြောလိုက်ရင် သူလွမ်းဇာတ်လေး ပျက်သွားမှာ စိုးလို့ ငြိမ်နေလိုက်တယ် ။ သူ နှပ်တွေဘာတွေ ညှစ်ပြီးတော့မှ ငါ နင့်ကို ပုံပြင်တစ်ပုဒ် ပြောပြမယ်လို့ အစချီ လိုက်ပါတယ် ။ သူ က “ အင်း ” တဲ့ ။
“ ငါ ဖတ်ဖူးတဲ့ စာတစ်ပုဒ် ရှိတယ် ၊ နင် ဘယ်လိုမှတော့ မအောက်မေ့နဲ့ နော် ၊ ဒါတိုက်ဆိုင်လို့ ပြောပြတာပါ ”
ကျွန်တော် သူ့ကို အကဲခတ်တော့ အမြည်းလေး တစ်တုံး ကောက်စားပြီး ပြောလေတဲ့ ။
“ စာရေးဆရာနာမည်က မောင်ချစ် ( သူရဲသမိန် ) တဲ့ ၊ နင် မော်လမြိုင် သွားတဲ့ လမ်းက စစ်တောင်း တံတားကို သိမှာပေါ့ ၊ အေး ၊ ငါဆက်ပြောမယ် ၊ အဲဒီ တံတားကြီးက အရင်တုန်းက မနက် ခြောက်နာရီ ကနေ ညနေ ခြောက်နာရီထိပဲ ဖွင့်တယ် ။ ညဘက်ဆို ကုန်ကားတွေ တံတား ဟိုဘက် ၊ ဒီဘက်မှာ ညအိပ်တယ် ။ အဲဒီ နားက ရွာတွေက ညဘက်မှာ ဈေးဆိုင်တွေ လာဖွင့်ထားတယ် ၊ ကားသမားတွေ စားကြသောက်ကြပေါ့ဟာ ဈေးသည်တွေထဲမှာ မုဆိုးမ တစ်ယောက် ပါလာတယ် ၊ ခပ်ငယ်ငယ်ချောချောလေးတဲ့ ဟ ။ ကားသမားတွေကလည်း မုဆိုးမလေး အကြော်ဆိုင်မှာ အောင်ပွဲဆင်ဖို့ လာ အားပေးကြ ၊ ရိကြ ၊ ထေ့ကြတယ် ။ သွားရင်းလာရင်း လက်တည့်စမ်းတဲ့ သဘောနေမှာပေါ့ ။ ဖြစ်ချင်တော့ ရန်ကုန်က ကုန်သည် ခပ်ငယ်ငယ် တစ်ယောက်နဲ့ မုဆိုးမလေး ဇာတ်လမ်း ဖြစ်သွားကြတယ် ။ ကုန်သည်က ကိုယ့်ကုန်ကို ကိုယ်တိုင် ကားငှားပြီး သွားလာနေတာ ဆိုတော့ ကားသမားတွေထက် ပို စမတ်ကျတာပေါ့ ၊ သူ့မှာလည်း သားမယား ရှိတယ် ။ ဒါပေမဲ့ မုဆိုးမလေး နဲ့ ဒီလိုပဲ သွားရင်းလာရင်း စစ်တောင်းတံတား ရောက်ရင် ဝင်လာ ၊ တည်းခိုစားသောက်ပြီး သုံးနှစ်လောက်ကျတော့ စာရေးဆရာ နဲ့ မုဆိုးမလေး လမ်းမှာ တွေ့ကြတယ် ။ မုဆိုးမလေးကို တော်တော်လေး ဒုက္ခရောက်နေတာ မြင်တော့ စာရေးဆရာက မေးတယ် ၊ အရင် တည်းကလည်း မျက်မှန်းတန်းမိနေကြတော့ နေကောင်းလား ၊ ဘယ်လိုလဲ ဟိုကုန်သည်လေးရော ဘယ်မှာလဲ ၊ ဘာညာနဲ့ စကားပြောကြတာပေါ့ဟာ ။ မုဆိုးမလေး ပြန်ပြောတာတွေ ထဲမှာ စိတ်မကောင်းစရာလေး ပါလာတယ် ။ ကုန်သည်လေး နဲ့ ပတ်သက်ပြီး ပြောတာပါ ၊ သူနဲ့ ကျွန်မ သံယောဇဉ်ရှိလို့ ချစ်မိကြိုက်မိကြတာကိုရော ၊ ကျွန်မအိမ်မှာ တည်းခိုနေထိုင်သွားတာကိုရော ဘာမှ အပြစ်မတင်ပါဘူး ။ ဒါပေမဲ့ သုံးနှစ်နီးပါး စားသွားတဲ့ အကြော်ဖိုးလေးတော့ လိုချင်တယ်ရှင် ၊ ကျွန်မ သိပ်ဒုက္ခရောက်နေလို့ ပါတဲ့ ”
မကောင်းဘူးလားဗျာ ။ မောင်ချစ်( သူရဲသမိန် ) ရဲ့ အကြော်ဖိုးလေး ပေးခဲ့ပါ ဝတ္ထုလေး ။
ကျွန်တော် တင်မြရီ ကို ဒီဝတ္ထုဇာတ်လမ်း ပြောပြပြီး နင်က ယောက်ျားတွေကို တော်တော် အထင်ကြီးတာကိုး ။ ခံရတာတောင် နည်းသေးတယ် ။ နင့်အန်ကယ် နဲ့ တွေ့ရင် ကျန်တာတွေ နင်မတောင်းနဲ့ ၊ ရေမိုးချိုး ၊ ထမင်းစားသွားတဲ့ စရိတ်လေးပဲ တောင်းကြည့်ပါလား ။ နင့်အန်ကယ်ကို ငါ မယုံဘူးလို့ ကဲ့ရဲ့ခဲ့ဖူးတယ် ။
သူက အခု ကျွန်တော့်ကို မမကြီး ဆီက တက္ကစီဖိုးလေး တောင်းခိုင်းပါတယ် ။ တင်မရီ ပြောသွားတဲ့ အထဲမှာ ကျွန်တော့် အကြောင်းတွေ ဝတ္ထုဇာတ်လမ်း လုပ်ပြီး ရေးချင်ရေးနေမယ် ဆိုတဲ့ စကားဟာ သေချာတယ် ။ ကုန်ကြမ်းရှာတဲ့ သဘောပေါ့ဗျာ ။
“ ကဲ ... ငါ့ကို ( JJ ) လိုက်ပို့ဟာ ၊ ဝမ်းရေးက ရှိသေးတယ်ဟဲ့ ၊ နင်တို့လို ဇိမ်နဲ့ မနေနိုင်ဘူး ၊ ဟို ( JJ ) မှာ နင့်ကို ငါ့ညီမနဲ့ မိတ်ဆက်ပေးမလို့ ၊ မော်ဒယ်သင်တန်းဆင်းလေးနော် ၊ ဘာအောက်မေ့နေလဲ ၊ နင် တွေ့ရင် ကြိုက်သွားမယ်သိလား ”
“ နီလာ ထက်များ လှသေးလားဟာ ”
“ မတူဘူးဟဲ့ ၊ နင့် နီလာက အသံလေးနဲ့ လုပ်စားနေတာ ၊ ငါ့ညီမက “ ကက်ဝေါ့ ” တစ်ခါ လျှောက်ရင် ပန်းကုံးတွေ စီသွားရော ၊ ငါတောင် မော်ဒယ်သင်တန်း တက်မလားလို့ ၊ မိုးအောင် ၊ ငါ့ရုပ် မကျသေးပါဘူးနော် ”
“ ပေါက်ကရတွေ မပြောနဲ့ တင်မြရီ ၊ ငါ စိတ်ညစ်နေတယ် ”
သူ နည်းနည်း စိတ်ခုသွားပြီး မျက်နှာကို စူပုပ်ပုပ် လုပ်နေပါတယ် ။
“ အရူးမထနဲ့ တင်မြရီ ၊ မော်ဒယ်သင်တန်း ဆိုတာ ဆယ့်ငါး ၊ ဆယ့်ခြောက် အရွယ်တွေ တက်တာ ၊ နင့်အသက် အစိတ်နဲ့ ဘယ်လိုတက်မှာလဲ ၊ ဗြူတီပါလာဆို တော်သေးတယ် ”
“ ... ဘာဖြစ်သွားတာလဲ ၊ မျက်နှာက ”
သူက ခေါင်းငုံ့ပြီး ဘာမှ မပြောတော့ဘူး ၊ သူ့စိတ်ကူးလေး ပျက်သွားလို့ ထင်ပါရဲ့ ။
“ နင့်မှာ ပိုက်ဆံ ဘယ်လောက်ရှိလဲ ၊ ငါ အကြံပေးမလို့ပါ ။ အကောင်း ပြောတာနော် ”
သူက မျက်လုံး ဝေ့ကနဲ ကြည့်ပြီး ဘာမှ ဆက်မပြောဘူး ။
“ သုဝဏ္ဏ ဘက်မှာ ငါနေရာလေး တစ်ခု တွေ့ထားတယ် ။ ဈေးရော ကားဂိတ်နဲ့ ရော နီးတယ် ၊ နင် အဲဒီမှာ ခေါင်းလျှော်ဆိုင် ဖွင့်ပါလား ၊ ငါ နီလာ နဲ့ တွဲပေးမယ်လေ ၊ ငါလည်း ရှယ်ယာထည့်မယ် ”
သူမျက်လုံးလေး ပုတ်ခတ်ပုတ်ခတ် လုပ်လာတယ် ။ တကယ် ပြောတာလားလို့ စူးစမ်းပြီး ကြည့်တယ်ဗျ ။ ဘီယာမူးပြီး ပြောနေသလားပေါ့ ။
“ နင် ငါ့ကို အထင်မလွဲနဲ့ ၊ နီလာ့ ကို ငါ သနားတာပဲ ရှိတယ် ၊ ဒါတွေနဲ့ ငါ ဘယ်လို ဆက်ဆံတယ် ဆိုတာ နင်သိပါတယ် ။ သူက အရင်တုန်းက ဖြူတီပါလာမှာ လုပ်ဖူးတယ်ဟ ၊ အဲဒီကတည်းက ငါနဲ့ ရင်းနှီးနေတာ ၊ ကာရာအိုကေ ရောက်သွားတာ မကြာသေးဘူး ၊ သူက ဆိုင်ဖွင့်ချင်တယ် ၊ တစ်ယောက်တည်းတော့ ငွေရင်း မနိုင်ဘူး ၊ ငါ နင့်ကို ပြောမယ်ပြောမယ်နဲ့ ငါ့ကို တစ်မျိုးထင်မှာ စိုးလို့ ”
“ ဟဲ့ ... ငွေ ဘယ်လောက်တောင် ရင်းရလဲဟင် ”
“ ခေါင်းလျှော်ခုံ ငါးခုံလောက် ထည့်မယ် ဆိုရင်တောင် ဆယ်သိန်းလောက် ကုန်မှာ ၊ ပစ္စည်းစုံမှ ကောင်းတာဟ ၊ ပစ္စည်းတွေကတော့ ဒီမှာ ဝယ်လို့ ရတယ် ၊ ကမာရွတ်မှာ ငါ့သူငယ်ချင်း ရှိတယ် ။ လိုတာတွေ သူ လိုက်လုပ်ပေးလိမ့်မယ် ”
“ သူရိန့်ကို ပြောတာလား ”
“ အေး ”
“ ဟွန်း ၊ နင် ဒါတွေနဲ့ လည်း ရောတာပဲလား ”
“ နင် အဲဒါ ခက်တာပဲ ၊ ငါနဲ့ ပေါင်းတဲ့ လူ မှန်သမျှ မိန်းမလျာ ဆိုလည်း နင် ဒါပဲ ထင်တယ် ၊ မိန်းကလေး ဆိုလည်း ငါနဲ့ မကင်းဘူး ထင်နေတယ် ၊ ငါ့ ဘာများ အောက်မေ့နေလဲ ၊ ငါ အားလုံးနဲ့ မိတ်ဆွေတွေ ချည်းပဲ ၊ နင်က အစ အဲဒီလို ထင်နေရင် တခြား သူစိမ်းတွေဆို ဘယ်လို လုပ်မလဲ ”
“ အလကား စတာပါဟယ် ၊ နင်ကလည်း ၊ ဟဲ့ ဆိုင်ဖွင့်ဖို့ ကိစ္စ ပြောစမ်းပါဦး ”
“ နင် ငါနဲ့ ပြောနေရင် သိပ်နားလည်မှာ မဟုတ်ဘူး ၊ နီလာ နဲ့ လိုက်စကားပြောကြည့် ၊ သူ ဒီနေ့ နားတယ်ဟ ”
“ ဟွန်း ဒီနေ့ ( JJ ) မှာ ငါ ချိန်းထားတယ် ”
“ အဲဒါတွေ ခဏလောက် ထားလျက်စနဲ့ ထားလိုက်စမ်းပါဟာ ၊ ဘာမှ ကြီးပွားတာလည်း မဟုတ်ဘူး ၊ ဘာလဲ ၊ အဘိုးကြီးဆီက ရတာလေး ကုန်ပြီလား ”
“ နင်နော် ”
“ ကြည့် ... ငါပြောတော့ နာတယ် ၊ ကောင်းရောင်းကောင်းဝယ် လုပ်ပါ ဆိုရင် ဟိုနေ့ ဒီနေ့ လိုက်ရွှေ့နေတာ ၊ နင့်ဟာ နင်လည်း စဉ်းစားကြည့်ဦး ”
“ ဟူး ... ”
သူက သက်ပြင်းချပြီး ခေါင်းကို တစ်ချက်တော့ တင်လိုက်ပါတယ် ။ ပြီးတော့မှ
“ နင့်လူတွေက ငါနဲ့ တွဲချင်ပါ့မလားတဲ့ ၊ ပြီးတော့ နင့်မိဘတွေက လုပ်ခိုင်းပါ့မလား ၊ တော်ကြာ တို့လို့တန်းလန်းနဲ့ ဒုက္ခရောက်ကုန်မယ် ”
“ ဟာ ... ငါ့ ခြေထောက်ပေါ် ငါ ရပ်နေတာပါ ၊ အဓိကက နင်ပဲ ၊ နင်စိတ် ပါရင်လုပ်လို့ ရပြီ ”
ပြောသာ ပြောလိုက်ရတယ် ၊ ဒီကိစ္စ အိမ်က သိရင် မလွယ်ဘူး ။ ဟိုတစ်လော ကတည်းက ကျွန်တော် ဘီယာဆိုင်မှာ သူရိန်တို့ အဖွဲ့နဲ့ ထိုင်နေတာ အဖေ တွေ့သွားတယ် ။ ဘာပြောကောင်းမလဲ ။ အိမ်ရောက်တော့ ဆူပါရော ။
“ မင်းဟာ ဘာလဲကွ ၊ အခြောက်နဲ့ တွဲလိုတွဲ ၊ ကာရာအိုကေကကောင်မလေးတွေကို ရုပ်ရှင် လိုက်ပြရတာနဲ့ ၊ လမ်းဘေးက ဟာတွေနဲ့ ဘုရားဖူး သွားရတာနဲ့ နည်းနည်းပါးပါးလည်း ဆင်ခြင်ပါဦးလားကွ ၊ မိဘကို တော်တော် အရှက်ခွဲတဲ့ ကောင် ၊ မင်းမှာ ပေါင်းစရာသင်းစရာ ဒီလောက် ရှားနေလား ၊ ငါကားရောင်းပစ်လိုက်မှနဲ့ တူတယ် ၊ မင်းသတိထား နေနော် ဟေ့ကောင်၊ ငါ နောက်ထပ် မမြင်ချင်ဘူး ” လို့ ရာဇသံ ထုတ်ထားတယ်ဗျ ။
ဒါပေမဲ့ လောလောဆယ် ဒီရာဇသံကို ခေါင်းထဲက ထုတ်ထားလိုက်တယ် ။ မိန်းကလေးတွေ ရှေ့မှာ ကိုယ်က အိမ်ကို မပိုင်ဘူး ၊ မပြီးဘူး ဆိုတာ ဘယ်ပြလို့ ဖြစ်မလဲ ။
“ ကဲ .. နင် လိုက်မှာလား ၊ ဒါပဲပြော ”
သူက ပိုက်ဆံရှင်းဖို့ စားပွဲထိုးလေးကို လှမ်းခေါ်ပြီး ဆံပင်ကို သပ်သပ်ရပ်ရပ်ဖြစ်အောင် လက်နဲ့ သပ်ချ လိုက်ပါတယ်။ ပိုက်ဆံအိတ်ထဲက တို့ဖတ်လေး ထုတ်ပြီး မှန်သေးသေးလေးမှာ မျက်နှာကို ပြုပြင်နေတယ်။ ဒါကတော့ မချောတို့ ထုံးစံ မဟုတ်လား ။ နျူကလီးယားဗုံးကြီး ကျလာတာတောင် တို့ဖတ်လေး တို့ပြီးမှ ထပြေးမယ် ထင်တယ် ။ သူ ဟန်တစ်ခါပြင် နေတာကို ကြည့်ပြီး ကျွန်တော် စောစောက ဗြူတီပါလာ ဖွင့်ဖို့ လေကြီးမိုးကြီး ပြောမိတာ မှားများ သွားပြီလားလို့ တွေးမိပါတယ်။ ဒီကိစ္စကို နီလာကလည်း အတော်လေး အားခဲထားတာဗျ ။ ကာရာအိုကေဆိုင် ကနေ မြန်မြန်ထွက်ချင်နေပြီတဲ့ ။ တော်ကြာနေ ပြေးရပြန်ပြီ ၊ တော်ကြာနေ ပုန်းရပြန်ပြီ ၊ တော်ကြာနေ ဆိုင်ပိတ်ပြန်ပြီ ဖြစ်ဖြစ်နေလို့ ဝင်ငွေ မမှန်ဘူးတဲ့ ။ သူတို့ ခမျာ သဘောအကောင်းဆုံး ဝန်ဆောင်မှု ပေးတာတောင် မန်နေဂျာက သူ စိတ်တိုင်းမကျရင် အလုပ်က ထုတ်ထုတ် ပစ်တော့ ကျီးလန့်စာစား ဘဝကို ရုန်းထွက်ချင်တယ်တဲ့ ။ ကိုမိုး ကူညီပါတဲ့ ။ ဘာတွေမှန်းတော့ မသိဘူး ၊ အားကိုးတာတော့ တော်တော် အားကိုးတယ်ဗျ ။ ကိုယ့်လူရေ မချောက အိမ်ဦးခန်းမှာတောင် တင်ထားမှာတဲ့ဗျာ ။ ခက်တာက သူ တင်ထားမယ့် အိမ်ဦးခန်း အတွက် အိမ်ကို ကိုယ်က ရှာပေးရမှာ ဖြစ်နေတယ် ။
▢ မာန် ( တောင်လုံးပြန် )
📖 မြို့ဂျပိုး
No comments:
Post a Comment