❝ ရာဇဝင်ထဲမှာ မောင်ကို ထားရစ်ခဲ့သူ နှင့် တွေ့ဆုံပေးခြင်း ❞
ဂျူး ။
စာဖတ်ပရိသတ်များနဲ့ အထူးတလည် မိတ်ဆက်ပေးဖို့ မလိုတော့တဲ့ လူငယ်ဆရာဝန် စာရေးဆရာမပါ ။ သူ့အရေးအသား ၊ သူ့အတွေးအခေါ်တွေက ထက်မြက်တယ် ၊ သွက်လက်တယ် ၊ အတွေးရဲတယ် ၊ အရေးရဲတယ် ၊ ပြီးတော့ စာရေးတာကလည်း ‘ ကျဲ ’ တယ် ၊ အသက်မွေးဝမ်းကျောင်းမှုလုပ်ငန်း ဖြစ်တဲ့ ဆရာဝန် အလုပ်က တစ်ဖက်ဆိုတော့ သူ့ဝတ္ထုတွေက မဂ္ဂဇင်းစာမျက်နှာပေါ်မှာ အများတကာလို ခပ်စိပ်စိပ် မတွေ့ရဘဲ ရံဖန်ရံခါသာ တွေ့ရတတ်ပါတယ် ။ ပေဖူးလွှာမှာ အခန်းဆက်ဝတ္ထုရှည်အဖြစ် ဖော်ပြပေးခဲ့တဲ့ ‘ အမှတ်တရ ’ ဝတ္ထုရှည်က အယူအဆရေးရာ နဲ့ပတ်သက်ပြီး စာပေလောကမှာ ပြောစမှတ်တွင်လောက်အောင် ဂယက်ထခဲ့ဖူးပါတယ် ။ အမှတ်တရရဲ့ ဂယက်က ဒီနေ့ထိ မပြေပျောက်သေးဘဲ ပြောဆဲ ၊ ဆိုဆဲ ၊ ဆွေးနွေးကြ ဆဲပါ ။ ဘယ်သူတွေ ဘာပဲပြောပြော ၊ ရေးရေး ၊ ဂျူးက လုံးဝမတုန်လှုပ်ခဲ့သလို ဘယ်လိုမှလဲ မတုံ့ပြန်ခဲ့ပါဘူး ။ ‘ အမှတ်တရ ’ ကို လုံးချင်းပြန်ထုတ်တော့ “ အမှတ်တရ ” သိမ်းချင်လို့ အပိုင်ဝယ်ကြတဲ့သူတွေက တော်တော်များတယ် ။ ပထမဆုံး လုံးချင်းပေမဲ့ ဂျူး ဟာ တန်းဝင်တဲ့ စာရေးဆရာအဆင့်ကို ရောက်ခဲ့ရပါတယ် ။ သူ့ဝတ္ထုတွေကို စုစည်းပြီး ‘ ရာဇဝင်ထဲမှာ မောင့်ကိုထားရစ်ခဲ့နဲ့ အခြား ဝတ္ထုတိုများ ’ ဆိုပြီး တစ်အုပ် ထွက်လာခဲ့သေးတယ် ။ အခု နောက်ထပ် လုံးချင်းဝတ္ထုသစ်တစ်အုပ် ထွက်ဖို့လည်း အစီအစဉ် ရှိနေတယ် ။
ပေဖူးလွှာ အထူးထုတ်အတွက် စီစဉ်ကြတော့ ဂျူးကို မေးချင်စိတ် ပေါ်လာတယ် ။ သူ့မှာ ပြောချင်တာတွေ အများကြီး ရှိနိုင်မယ်ထင်တယ် ။ ဒါကြောင့် အားမနာတမ်း မေးလိုက်တဲ့ မေးခွန်းတွေထဲက ဒီလ စ,ပြော ဖြစ်တာလေးတွေကို တင်ပြရရင် ... ။
••••• ••••• •••••
⏯ ဆရာမ စာရေးဖို့ စပြီး စိတ်ဝင်စားလာခဲ့ပုံနဲ့ စာပေလောကထဲ ဝင်ရောက်ဖို့ ကြိုးပမ်းခဲ့ပုံကစပြီး ပြောပြစေချင်ပါတယ် ။
🅹 ဒါကတော့ အများတကာထက် ပိုထူးခြားတဲ့ အတွေ့အကြုံမျိုး မဟုတ်ခဲ့ပါဘူး ။ သာမန် သူလို ငါလို ပါပဲ ။ ကျွန်မ စတုတ္ထတန်းအောင်တဲ့နှစ်မှာ အမေက ကျွန်မ ကို ဝတ္ထုဖတ်ဖို့ စပြီး သင်ပေးခဲ့တယ်လို့ ကျွန်မ ဖြေရင် ကိုဝင်းငြိမ်း အံ့ဩမယ် မထင်ဘူးနော် ၊ ကျွန်မ တစ်သက်မှာ ပထမဦးဆုံး စပြီး ဖတ်ခဲ့ရတဲ့ဝတ္ထုက ဆရာကြီးဓူဝံရဲ့ မာလာ ပါပဲ ။ အဲဒီ ဝတ္ထုကို စတုတ္ထတန်း ကျောင်းသူတစ် ယောက်ရဲ့ ဦးနှောက်နဲ့ တော်တော်ကြိုးစားပြီး ဖတ်ခဲ့ရ တယ်ဆိုတာ ကျွန်မ ဝန်ခံပါတယ် ။ အဲဒီနောက်တော့ စတုတ္ထတန်း ကလေးတစ်ယောက်အနေနဲ့ ကျွန်မရဲ့ အာရုံထဲမှာ မာလာ ထဲက ဇာတ်ကောင်တွေ ။ ဗိုလ်နန္ဒ နဲ့ စန္ဒာဒေဝီရယ် ၊ ဖိုခုံလောက်ဆိုင် နိုင်ငံသုံးခု အကြားက တောင်အထပ်ထပ် ပိတ်ဆီးနေတဲ့ တောတန်းလျှိုမြောင်တွေရယ် ၊ အဲဒါတွေကို မြင်ယောင်ခံစားနေခဲ့မိတယ် ။ မာလာ ကို ဖတ်ပြီးတဲ့နောက်တော့ ကျွန်မရဲ့အမေက ကျွန်မကို တက္ကသိုလ်ဘုန်းနိုင်ရဲ့ ဝတ္ထုစာအုပ်တစ်အုပ်နဲ့ မိတ်ဆက် ပေးခဲ့တယ် ။ အဲဒီစာအုပ်က ကမ္ဘာကုန်ကျယ်သရွေ့ဝယ် ပဲပေါ့ ။ ကမ္ဘာကုန်ကျယ်သရွေ့ဝယ် ကို တတိယတွဲ အထိ ဖတ်ပြီးသွားတဲ့ အခါမှာတော့ အဲဒီ ဝတ္ထုထဲက ဇာတ်ကောင်တွေဟာ ကျွန်မကို လွှမ်းမိုးခဲ့တော့တာပါပဲ ။ ရေနံချောင်းမြို့ကို တစ်ပိုင်းတစ်စ နောက်ခံထားတဲ့အတွက် ‘ ဝါ့ဒ်ဆွန်ဝေး ’ ရယ် ၊ ပင်းချောင်း အစပ်က သက်ခိုင် ရဲ့ မေမေ ဒေါ်သက်သက်ရဲ့ အကြော်တဲကလေးရယ် ၊ ဇွဲ သတ္တိနဲ့ ယုံကြည်ချက် ကြီးမားတဲ့ သက်ခိုင်ရဲ့ အဖေ ကိုစိုးခိုင် ရယ် ၊ ရေနံမြေသပိတ် ရယ် ၊ အဲဒီ ရုပ်ပုံလွှာတွေ ၊ ဇာတ်ကောင်တွေဟာ ကျွန်မအတွက် ပိုပြီး အားကောင်းလာခဲ့သလား မသိပါဘူး ။ ဒီနောက်ပိုင်းမှာတော့ ကျွန်မမှာ အဲဒီလို သရုပ်ပေါ်အောင် စာရေးချင်စိတ်တွေ အံ့ဩလောက်အောင် ပေါ်လာခဲ့တာပါပဲ ။
ကျွန်မကို တစ်ချိန်တည်းမှာ ကျောင်းစာလည်း စိတ်ဝင်စားအောင် ၊ ပြင်ပစာပေကိုလည်း စိတ်ဝင်စားအောင် တွန်းအားပေးခဲ့သူကတော့ ကျွန်မရဲ့ အမေပဲ ။ အံ့သြစရာကောင်းတာက ကျွန်မကို စာရေးဆရာ လုပ်ဖို့ အားပေးအားမြှောက်လုပ်ခဲ့တဲ့ အမေ ဟာ အတန်းပညာမှာစတုတ္ထတန်းပဲ အောင်ခဲ့ပါတယ် ။
အဲ ... နောက်ပိုင်းတော့ ကျွန်မ အလယ်တန်း ကျောင်းသူဘဝ ၊ အထက်တန်းကျောင်းသူဘဝတွေမှာ ကိုယ့်စာအုပ်ထဲမှာတင် ကဗျာလေး စာညွန့်လေး မတောက်တခေါက် ရေးရင်းကနေ Story Teller လုပ်ခဲ့တယ် ။ ကျွန်မမှာ ညီမလေး နှစ်ယောက် ရှိတယ်လေ ။ အဲဒီ ညီမလေး နှစ်ယောက်ကို ညအိပ်ရာဝင် ပုံဝတ္ထုတွေ အမြဲ ပြောခဲ့တယ် ။ ကျွန်မ ပြောပြတဲ့ ပုံပြင်အများစုက ဘယ်တုံးကမှ ဘယ်သူမှ မရေးခဲ့ မပြောခဲ့ဖူးတဲ့ ပုံဝတ္ထုတွေ ပေါ့ ။ ကျွန်မက တစ်ထိုင်တည်းနဲ့ ဇာတ်လမ်းဇာတ်ကွက် စကားပြော အားလုံးလိုလို တစ်ခါတည်း ပြောပြသွားခဲ့တာ ။ ရယ်စရာဆို ညီမလေးတွေ ရယ် ၊ ငိုစရာဆို ညီမလေးတွေ ငိုကြတာပေါ့လေ ။ တစ်ခါတစ်ခါ သိပ်ညဉ့်နက်လွန်းတဲ့အထိ ညီအစ်မသုံးယောက် စကားတတွတ်တွတ် ပြောကြတုန်းဆိုရင် မေမေက အိပ်ရာဘေး ရောက်လာပြီး အိပ်ကြဖို့ သတိပေးတတ်တာက လွဲလို့ ကျွန်မရဲ့ Story Teller ဘဝဟာ ချောမွေ့နေခဲ့တာပဲ ။
ဒါပေမဲ့ ကျောင်းစာကို ကြိုးစားရင်းဆိုတော့ စာပေလောကကို ဘယ်လို ချဉ်းကပ်ရမယ်ဆိုတာ သိလည်း မသိ ၊ စိတ်လည်း မထက်သန်ခဲ့ဘူး ။ အဲဒီ စာပေလောက ဆိုတာကြီးက ကျွန်မနဲ့ အလှမ်းဝေးလွန်းပြီး ဝင်ရောက်ဖို့ အချိန်မကျသေးဘူးလို့လည်း ကိုယ့်ကိုယ် ကိုယ် သိခဲ့ပါတယ် ။ ဗလာစာအုပ်ထဲမှာ ဝတ္ထုအတို ၊ အရှည် ၊ ကဗျာတွေ ရေးပြီး ညီမတစ်တွေ သူငယ်ချင်းတွေ ကို ပြရင်းနဲ့ပဲ ဒီဘဝကို ကျေနပ်နေခဲ့တာပါပဲ ။ ကျွန်မရဲ့ လက်ရေးဝတ္ထုကို ဖတ်တဲ့ ပရိသတ်မှာ ကျောင်းက ဆရာမတွေလည်း ပါပါတယ် ။ ဆရာမတွေ ကလည်း အားပေးကြပါတယ် ။ ဒါပေမဲ့ ဆေးတက္ကသိုလ် ရောက်မှပဲ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရလာတယ် ။ ပတ်ဝန်းကျင်ချင်းကလည်း မတူတော့ဘူးလေ ။ ရေနံချောင်းမြို့ရဲ့ အထက်တန်းကျောင်း ပတ်ဝန်းကျင်နဲ့ မန္တလေးမြို့ရဲ့ ဆေးတက္ကသိုလ်ပတ်ဝန်းကျင်က ကျယ်ဝန်းမှု နယ်ပယ် ချင်း တော်တော် ကွာခြားတာကိုး ။
ဆေးကျောင်းမှာ ကျွန်မ နေ့စဉ်နေ့တိုင်း စွဲစွဲမြဲမြဲ လုပ်ခဲ့တဲ့ အလုပ်တစ်ခုတည်းပဲ ရှိတယ် ။ အဲဒါကတော့ ကျွန်မ မဖတ်ဖူးသေးတဲ့ ပြင်ပ စာပေဘာသာရပ်ပေါင်းစုံကို လက်လှမ်းမီသလောက် လိုက်ရှာဖတ်တဲ့ အလုပ်ပါ ပဲ ။ ၁၉၇၉ ခုနှစ်လောက် ကျတော့ ကျောင်းနှစ်လည် မဂ္ဂဇင်းမှာ ကျွန်မ ဝတ္ထုတိုကလေး တစ်ပုဒ် စရေးခဲ့တယ် ။ ရာဇဝင်ထဲမှာ မောင့်ကိုထားရစ်ခဲ့ ဆိုတဲ့ ဝတ္ထုပါ ။ ၁၉၈ဝ ပြည့်နှစ်ကျတော့ ရှုမဝမဂ္ဂဇင်း ကို ပထမဆုံး ပို့ခဲ့တဲ့ ကျွန်မ ရဲ့ ဝတ္ထုတိုတစ်ပုဒ် ချစ်ကိုယ်တွေ့ကဏ္ဍကနေ ဖော်ပြခြင်း ခံခဲ့ရပါတယ် ။ အဲဒါ ကျွန်မရဲ့ ပထမဆုံး ပုံနှိပ်ခံရတဲ့ ဝတ္ထုလို့ ပြောနိုင်ပါတယ် ။ အဲဒီနောက်တော့ ခပ်ကျဲကျဲ ပေမဲ့ ဝတ္ထုတိုကလေးတွေ မကြာခဏ ရေးဖြစ်ခဲ့ပါတယ် ။
⏯ ဆရာဝန် တော်တော်များများက မြန်မာစာ ညံ့တတ်ကြပါတယ် ၊ ဒီလိုညံ့တာကိုလည်း ဂုဏ်ယူတတ်ကြတယ် ။ ဆရာမက မြန်မာစာကို ဆေးပညာနဲ့အတူ စိတ်ဝင်စားလာတာ အကြောင်းတစ်စုံတစ်ရာများ ရှိပါသလား ။
🅹 ကိုဝင်းငြိမ်းရဲ့ မေးခွန်းကို နည်းနည်းလေး ပြင်ပြောပါရစေ ။ ကျွန်မက မြန်မာစာပေကို စိတ်ဝင်စားလာတာ ဆေးပညာနဲ့ ထပ်တူ မဟုတ်ပါဘူး ။ ဆေးပညာထက် အဆပေါင်းများစွာ ပိုစိတ်ဝင်စားခဲ့တာပါ ။ အကြောင်း တစ်စုံတစ်ရာ ဆိုတာကတော့ ကျွန်မကိုယ်တိုင် ဆန်းစစ် ဝေဖန်မှု ညံ့လို့လား မသိဘူး ၊ တိတိကျကျ မပြောနိုင်ပါ ဘူး ။ ကျွန်မတစ်သက်လုံး ဖြစ်ပေါ်လာခဲ့တဲ့ ဘဝရည်မှန်း ချက်က စာရေးဆရာပဲ ။ အဲဒါကြောင့်လည်း မြန်မာစာကို ငယ်စဉ်ကတည်းက စိတ်ဝင်စားခဲ့တာ ဖြစ်နိုင်ပါတယ် ။ ကျွန်မက သူများကို စာသင်ရတာကိုလည်း ဝါသနာပါ တော့ Lecturer လုပ်ဖို့ ရည်မှန်းချက်ထားခဲ့တာ ၊ အဖြစ်ချင်ဆုံးကတော့ မြန်မာစာကထိကပေါ့လေ ။ ဆေးပညာ သင်ယူဖို့ကတော့ နှစ်ရက်အတွင်း ပြောင်းလဲလိုက်ရတဲ့ ဆုံးဖြတ်ချက်ပါ ။
⏯ အမှတ်တရ အခန်းဆက်ဝတ္ထုရှည် မရေးခင်မှာ ဝတ္ထုတို တော်တော်ရေးခဲ့ဖူးမယ် ထင်ပါတယ် ၊ ဘယ်နှပုဒ် လောက် ရေးခဲ့ပါသလဲ ။
🅹 အမှတ်တရ မတိုင်ခင် ကျွန်မ ရေးသမျှ ဝတ္ထုတို တွေ အားလုံးကို ဝတ္ထုတိုပေါင်းချုပ် စာအုပ်အဖြစ် ထုတ်ဝေပြီးသွားပြီလေ ကိုဝင်းငြိမ်းရဲ့ ၊ ကိုဝင်းငြိမ်း မဖတ်ဖြစ် သေးဘူးထင်တယ် ။
⏯ ဖတ်ပြီးပါပြီ ဆရာမရဲ့ ၊ ထွက်ထွက်ချင်း တစ်ကြိမ်နဲ့ အခု အင်တာဗျူး မလုပ်ခင် တစ်ကြိမ် ၊ နှစ်ကြိမ် တောင် ဖတ်ထားတာပါ ၊ ကျွန်တော် မေးတာက တခြား ကျန်တာများ ရှိသေးသလားလို့ပါ ။
🅹 သိပ်အများကြီး မဟုတ်ပါဘူး ၊ ကျွန်မက စာရေးကျဲပါတယ် ၊ တွေ့သမျှ ၊ မြင်သမျှ ၊ ခံစားရသမျှ အကြောင်းအရာတိုင်းဟာ ကျွန်မအတွက် ဝတ္ထုတိုရေးရ လောက်အောင် ဆွဲဆောင်မှု မရှိတတ်ပါဘူး ။
⏯ ဝတ္ထုတို ရေးရတာနဲ့ ဝတ္ထုရှည်ရေးရတာ ဘယ်ဟာကို ပိုပြီး စိတ်ဝင်စားပါသလဲ ။
🅹 အဲဒီ မေးခွန်းရဲ့အဖြေကတော့ ရှင်းရှင်းကလေး ပါပဲ ၊ ကျွန်မ အခုအချိန်အထိ ဝတ္ထုတို ၂၁ ပုဒ် ရေးပြီး သွားပါပြီ ၊ ဝတ္ထုရှည် ဆိုလို့ အမှတ်တရ တစ်အုပ်ပဲ ထွက်ခဲ့ပါသေးတယ် ၊ ကျွန်မက ဝတ္ထုတိုကို သိပ်စိတ်ဝင်စားပါ တယ် ၊ ဘာကြောင့်လဲလို့ ကိုဝင်းငြိမ်း မမေးခင် ကျွန်မ ဖြေမယ်နော် ။
ဝတ္ထုရှည်တစ်ပုဒ်ကို ဖွဲ့နွဲ့ရာမှာ စာရေးဆရာမှာ ဇာတ်လမ်းဇာတ်ကွက် ၊ အကြောင်းအရာ ၊ နောက်ခံရေ မြေဒေသ ၊ ဇာတ်ကောင်စရိုက် ၊ အလှည့်အပြောင်းများစွာ နဲ့ ဖန်တီးဖို့အခွင့်အရေး အများကြီးရနိုင်တယ်လေ ။ လိုရင် လိုသလို ချဲ့ထွင်လို့လည်း ရတယ် ၊ ဝတ္ထုတို ကျတော့ အချိန်ကာလ တိုတိုအတွင်း အဖြစ်အပျက် တစ်ခုလောက် ကို စာဖတ်တဲ့ လူတွေ တစ်ထိုင်တည်း စိတ်ဝင်စားရုံမကဘူး ကာလအတော်ကြာတဲ့အထိ မမေ့နိုင်လောက်အောင် စွဲမက်နှစ်သက်နေအောင် ရေးရတော့တာ မဟုတ်လား ။ ဝတ္ထုတိုကောင်း တစ်ပုဒ် ဖန်တီးဖို့ စာရေးဆရာမှာ အခွင့်အရေးက နည်းနည်းကလေးပဲ ရပါတယ် ။ အဲဒီ နည်းနည်းလေးနဲ့ ကမ္ဘာကျော်တဲ့ ဝတ္ထုတိုတွေကို ရေးသွားဖို့ဆိုတာ တော်တော်ကို ကြီးကျယ်မြင့်မြတ်တဲ့ စာရေးဆရာမျိုးမှ ရမှာပဲ ။ ကျွန်မ အဲဒီ စာရေးဆရာကြီးတွေကို သိပ်အံ့ဩပြီး သိပ်လည်း လေးစားမိပါတယ် ။ မရှက်ဘဲ ဝန်ခံရမယ် ဆိုရင် ကျွန်မလည်း သူတို့လို သိပ်တော်တဲ့ ဝတ္ထုတိုစာရေးဆရာ ဖြစ်ချင်တယ် ၊ တတ်နိုင်သမျှလည်း ကြိုးစားချင်ပါတယ် ။
⏯ ဝတ္ထုတိုနဲ့ ပတ်သက်တာလေးတွေ မမေးခင် စာဖတ်ပရိသတ်များ စိတ်ဝင်စားတဲ့ အမှတ်တရနဲ့ ပတ်သက်တာလေးတွေကို အရင်မေးချင်ပါတယ် ။ အမှတ်တရ ဟာ Auto Biography လို့ အများစုက မှတ်ယူနေကြတယ် ၊ ဟုတ်ပါသလား ။
🅹 ဒီမေးခွန်းကို အရင်ကလည်း ဖြေခဲ့ဖူးပါတယ် ၊ အတိုဆုံး ဖြေရရင်တော့ မဟုတ်ပါဘူး ၊ အခုအချိန်အထိ Auto Biography မရေးခဲ့မိသေးပါဘူး ၊ ကျွန်မ ရေးသင့်ပြီ လို့ထင်တဲ့ နောင်တစ်ချိန်မှာ ရေးဖြစ်ခဲ့ရင် ကျွန်မရဲ့ စာဖတ်ပရိသတ်ကို ကြေညာပါမယ် ၊ ဟောဒါကတော့ ဂျူးရဲ့ Auto Biography ပါပဲ ဆိုတာမျိုးလေ ။
⏯ “ အမှတ်တရ” မှာ ချစ်သူနှစ်ယောက် လက်မထပ်ဘဲ တစ်အိမ်တည်းမှာ အတူနေခဲ့ကြတယ် ၊ မြန်မာ အမျိုးသမီးတစ်ယောက် အနေနဲ့ ဒီလိုနေတာဟာ နစ်နာတယ်လို့ မယူဆဘူးလား ။
🅹 အမှတ်တရ မှာ ချစ်သူနှစ်ယောက် လက်မထပ်ဘဲ အတူနေတယ်လို့ ကျွန်မ မရေးမိဘူး ထင်ပါတယ် ၊ ကျွန်မ ရေးခဲ့တဲ့ ဝတ္ထုမှာ မောင် နဲ့ စုစုထွေး ဟာ လင်မယား အဖြစ် အတူနေထိုင် ပေါင်းသင်းခဲ့ကြတာ မဟုတ်ပါဘူး ၊ မောင် က စုစုထွေး အပေါ်မှာ အတတ်နိုင်ဆုံး ထိန်းသိမ်းပြီး ချစ်မြတ်နိုးခဲ့တာပါ ။ ဒါပေမဲ့ ဘေးပတ်ဝန်းကျင်ရဲ့ အမြင် မှာတော့ သူတို့ဟာ လက်မထပ်ဘဲ တစ်ပတ်ကို အနည်းဆုံး တစ်ရက် ၊ နှစ်ရက်လောက် အတူနေကြတယ်လို့ မြင်မှာပေါ့လေ ။ အဲဒီသဘောမျိုး ပေါ်လွင်နေတယ်ဆိုတာ ကျွန်မ မငြင်းလိုပါဘူး ။ စုစုထွေး နဲ့ မောင် က တစ်အိမ်တည်း အတူနေ ဇနီးမောင်နှံများ မဟုတ်ခဲ့ကြပေမဲ့ ဟုတ်ခဲ့တယ်လို့ ပတ်ဝန်းကျင်က ထင်မြင်နေခဲ့ပြီဆိုတော့ ထားလိုက်ပါတော့လေ ။ သူတို့ဟာ အများ အမြင်အရနော် အတူ နေထိုင်ကြတယ်လို့ပဲ ထားလိုက်ကြရအောင် ။
အဲဒီလို အတူနေတဲ့ အတွက် မြန်မာအမျိုးသမီး တစ်ယောက်မှာ မနစ်နာဘူးလားလို့ မေးတဲ့အခါ နစ်နာပါတယ်လို့ အမှန်အတိုင်း ကျွန်မ ဖြေပါမယ် ၊ ဘယ်အချက် တွေမှာ နစ်နာသလဲ ၊ ဒါဖြင့် ... ။
ဒီမိန်းကလေးဟာ တစ်စုံတစ်ယောက်ရဲ့ တရားမဝင်တဲ့ မယား ဖြစ်သွားပြီလို့ပဲ ဆိုကြပါစို့ ။ ဒီအတွက် သူ့မှာ ဖြစ်ပေါ်လာမယ့် အကျိုးဆက်တွေ ရှိလာတယ် ၊ သူ့ကို တခြား ယောက်ျားတွေက အတည်တကျ လက်ထပ်ယူဖို့ စိတ်မကူးကြတော့ဘူးပေါ့ ၊ မိန်းမဆိုတဲ့ ရောင်းကုန်ပစ္စည်းအနေနဲ့ ရောင်းမစွံလောက်တဲ့ အနေအထားကို ဒီမိန်းကလေးက သူ့ဘာသာသူ ရွေးချယ်လိုက်ပြီလေ ။ နောက် အကျိုးဆက် တစ်ခုက သူ့ဘဝကို ပုံအပ်လိုက်ရပြီးနောက် သူ့အပေါ်မှာ တိုက်ရိုက်သက်ဆိုင်နေပြီ ဖြစ်တဲ့ အဲဒီ ယောက်ျားရဲ့ သစ္စာတရားပဲ ။ ယောက်ျားတစ်ယောက်ဟာ မိန်းမတစ်ယောက်ကို ဘယ်နှနှစ် ကြာအောင် အတူပေါင်း သင်းနေနိုင်မှာလဲ ။ အများအားဖြင့်တော့ ယောက်ျားတွေဟာ ငြီးငွေ့လွယ်ကြပါတယ် ။ တရားဝင် လက်မထပ်ဘဲ အတူနေတဲ့ ယောက်ျားတစ်ယောက် အဖို့ သူ ငြီးငွေ့သွားပြီ ဖြစ်တဲ့ ချစ်သူ အမျိုးသမီးကို အလွယ်တကူ စွန့်ခွာပြေးနိုင်တဲ့ အခွင့်အရေး ရသွားတာပဲ ။ အမျိုးသမီး အနေနဲ့ ဒီအချက်ကို ထည့်သွင်းစဉ်းစားဖို့ လိုလိမ့်မယ် ၊ ယောက်ျား အနေနဲ့တော့ ကွာရှင်းခွင့်တောင်းဖို့ မလိုဘဲ ၊ မယားစရိတ် ပေးဖို့ မလိုဘဲ ခပ်လွယ်လွယ် ကွဲကွာရမှာ ဖြစ်တဲ့အတွက် မိန်းမထက် အခွင့်အရေး များပါတယ် ။ ဒီတော့ တော်ရုံတန် ရုံ မိုက်မဲတဲ့ မိန်းမတစ်ယောက်ဟာ ဒီလိုမျိုး အဖြစ်အပျက် ကို လက်ခံဖို့ သတ္တိ မရှိနိုင်ပါဘူး ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ နှစ်ယောက် အဆင်မပြေလို့ ကွဲသွားပြီးတဲ့နောက် သာမန် တစ်ခုလပ်အဖြစ်ထက် နိမ့်ကျသလိုလို အများ ထင်မြင်ယူဆထားတဲ့ ဒီမိန်းမကို အတည်တကျ လက်ထပ် ပေါင်းသင်းဖို့အထိ သဘောထားကြီးတဲ့ ယောက်ျားမျိုး ဆိုတာ ရှိမှ မရှိဘဲကိုး ။ ဒီတော့ ဒီလို ပေါင်းသင်းနေထိုင် ဖို့အတွက် တစ်အချက်က အမျိုးသမီးဟာ သူ့ရဲ့ ချစ်သူ အပေါ်မှာ အလွန် ချစ်မြတ်နိုးရမယ် ၊ ပတ်ဝန်းကျင်ရဲ့ စကားတင်းတွေ မှန်သမျှ ဂရုမစိုက်နိုင်လောက်အောင် စွန့်စွန့်စားစား ချစ်မြတ်နိုးရမယ် ၊ နောက်တစ်ချက်က တစ်ချိန်ချိန်မှာ ချစ်သူက စွန့်ခွာသွားကောင်း သွားလိမ့်မယ်လို့တောင် မထင်မြင်လောက်အောင် ချစ်သူအပေါ်မှာ ယုံကြည်စိတ် ကြီးမားသူ ဖြစ်ရမယ် ။ တစ်နည်းပြောရရင် စွန့်သွားလိမ့်မယ်လို့ လက်ခံယူဆထားရင်လည်း ဒီအတွက် မတုန်မလှုပ် ရင်ဆိုင်နိုင်သူ ဖြစ်ရမယ် ။ ဒါမှလည်း ဒီအခြေအနေ ရောက်တဲ့အထိ မိုက်မဲနိုင်မှာပေါ့ ။ အဲဒီ နှစ်ချက်အပြင် ကိုယ့်ကိုယ်ကိုယ် ဒီအတွက် နစ်နာသွားတယ်လို့ မထင်တဲ့သူပဲ ဖြစ်ရမယ် ။ ပြီးပြည့်စုံတဲ့ အချစ်မှာ နစ်နာတာလည်း မရှိဘူး ၊ စွန့်လွှတ်တာလည်း မရှိဘူး ၊ ပိုင်ဆိုင်တာလည်း မရှိဘူး ၊ အချစ်ဆိုတာ အချစ်ပါပဲ ။ တခြား ဘာမှ မဟုတ်ဘူးလေ ။
နောက်တစ်ခု ကျွန်မ ပြောချင်တာ ရှိသေးတယ် ။
မြန်မာအမျိုးသမီးတစ်ယောက် အနေနဲ့ လက်မထပ်ဘဲ အတူနေတာနဲ့ ၊ လက်ထပ်ပြီး အတူနေတာနဲ့ နစ်နာပုံချင်း သိပ်မကွာလှဘူးလို့ ကျွန်မ ထင်တာပဲ ၊ ဒီ ထင်မြင်ချက် မှားချင်ရင်လည်း မှားနေမှာပေါ့လေ ၊ မြန်မာ ယောက်ျားတွေဟာ လက်ထပ်ပြီးတဲ့ ဇနီးမယားအပြင် နောက်တစ်ယောက် ပြောင်းချင်ရင် သိပ်လွယ်နေတယ် ၊ သူ့အနေနဲ့ သူကြိုက်တဲ့ နောက်အမျိုးသမီးနဲ့ ပေါင်းသင်း နေထိုင်ရုံပါပဲ ။ မြန်မာနိုင်ငံမှာ ယောက်ျားတစ်ယောက်ဟာ တရားဝင်မိန်းမတွေ အများကြီးယူလို့ ရနေတယ် ။ မယားကြီး မယားငယ်တောင် မဟုတ်ဘူး ၊ မယားပြိုင် ... တဲ့ ။ အဲဒီ မိန်းမဟာ တရားဝင်သာ စာချုပ်စာတမ်းနဲ့ လက်ထပ်လို့ကတော့ ဇနီးတစ်ယောက် အနေနဲ့ အကျိုးခံ စားခွင့် ရှိနေတာပဲ ။
နောက်ပြီး ဇနီးတစ်ယောက်ကို လင်ယောက်ျား က ကွာရှင်းချင်ရင် သိပ်မလွယ်လှပေမဲ့ နောက်မိန်းမ ယူဖို့ကတော့ သိပ်လွယ်တာပဲ ၊ အိမ်က ဆင်းသွား ၊ သူ ပေါင်းချင်တဲ့ မိန်းမကို မယားပြိုင် အဖြစ်ပေါင်း ၊ မိန်းမက ကွာရှင်းစာချုပ်ကို လက်မှတ်ထိုးမပေးတော့ကော ဘာအရေး လဲ ၊ ဒီ ပထမမိန်းမက သူတို့ကို ဘာတွေများ အနှောင့်အယှက် ပေးနိုင်မှာလဲ ၊ ကျွန်မ သာလျှင် တရားဝင် မယားကြီး ဖြစ်ကြောင်း သတင်းစာထဲက ကြော်ငြာတာဟာ သူ အလုပ်နိုင်ဆုံး အလုပ်ပဲ မဟုတ်ဘူးလား ။
စာချုပ်စာတမ်းဟာ ယောက်ျားတစ်ယောက်ရဲ့ သစ္စာတရားကို တကယ်တမ်း ထိန်းချုပ်မထားနိုင်ပါဘူး ။ ဒါပေမဲ့ စာချုပ်စာတမ်းဟာ မိန်းမတစ်ယောက်ရဲ့ သစ္စာတရားကိုတော့ တကယ် ထိန်းချုပ်ထားနိုင်ပါတယ် ။ လက်ထပ်စာချုပ်နဲ့ လက်ထပ်ထားတဲ့ မိန်းမတစ်ယောက် ဟာ အဲဒီ ယောက်ျားက ကွာမပေးချင်သေးတဲ့အထိ သူ့ရဲ့ ကာမပိုင်ဇနီးမယားပဲ ဖြစ်နေတယ် ။ သူတို့ချင်း အဆင်မပြေလို့ ကွဲကွာသွားရင်လည်း တရားဝင် မကွာမချင်း အဲဒီ မိန်းမဟာ နောက်အိမ်ထောင်ပြုလို့ မရပါဘူး ။ နောက် အိမ်ထောင်ပြုရင် ဒုတိယလူဟာ မယားခိုး ဖြစ်သွားတာပဲ ။ ကာလကန့်သတ်ချက်တော့ ပေးထားပါတယ် ၊ သုံးနှစ်တဲ့ ။ ယောက်ျားက မိန်းမကို သုံးနှစ်တိတိ လင့်ဝတ္တရား မကျေ ပွန်ရင် မိန်းမအဖို့ ကွာရှင်းခွင့် တောင်းလို့ရတယ်တဲ့ ။ သဘောကတော့ မိန်းမတစ်ယောက်ဟာ သူ့ခင်ပွန်းကို ကွာရှင်းချင်ရင် သုံးနှစ်တိတိ ခင်ပွန်းက လင့်ဝတ္တရား မကျေပွန်ကြောင်း သက်သေပြနိုင်မှသာ ရလိမ့်မယ် မဟုတ်လား ။ ယောက်ျားက မိန်းမကို ကွာချင်ရင်သာ လွယ်တာပါ ၊ ပြောရမယ်ဆိုရင် မဆုံးနိုင်တော့ဘူး ။ နောက်ပြီး ကျွန်မက ဒီတရားဥပဒေတွေကို သိပ်လည်း သိလှတာ မဟုတ်ပါဘူး ။
ကျွန်မ ပြောချင်တာက သစ္စာမဲ့တဲ့ ၊ ကောက်ကျစ်ယုတ်မာတဲ့ ယောက်ျားတစ်ယောက်နဲ့ ကံအကြောင်း မလှစွာ ချင်ခင်ပေါင်းသင်းမိပြီဆိုရင် ဒီမိန်းမအတွက်တော့ လက်ထပ်ထားလည်း မထူးခြားဘူး ။ လက်ထပ် မထားလည်း မထူးခြားဘူး ၊ ဘယ်လိုမဆို နစ်နာမှာပဲ ။ မြန်မာဆိုရိုး စကားရှိတယ် မဟုတ်လား ၊ “ တည်မိတဲ့ ဘုရား လင်းတပဲ နားနား ” ဆိုတာမျိုး ၊ အဲဒီလိုပဲပေါ့ ။ ဒီလောက်ဆိုရင် ကိုဝင်းငြိမ်း မေးချင်တဲ့ မေးခွန်းရဲ့ အဖြေဟာ လုံလောက်ရုံမကဘူး ပိုလျှံတောင်နေပြီလို့ ထင်ပါတယ် ။
⏯ အနောက်နိုင်ငံတွေမှာ Living Together ကိစ္စတွေ တော်တော်ကျယ်ပြန့်လာတယ် ၊ အကြောင်းပြချက် ကတော့ လက်မထပ်ခင်မှာ တစ်ယောက် သဘော တစ် ယောက် နားလည်အောင်လို့ ဆိုကြတယ် ။ ဒီအယူအဆကို ဆရာမလက်ခံတဲ့သဘောလား ။
🅹 အခုအချိန်အထိ ကျွန်မရဲ့ ဝတ္ထုတစ်ပုဒ်တလေ ထဲမှာတောင် Living Together ကိစ္စ မပါသေးဘူးလို့ ကျွန်မ ငြင်းချင်ပါတယ် ၊ ကျွန်မတို့ မြန်မာနိုင်ငံမှာ ဒီ Living Together ဆိုတာ ရှိ,မရှိ မသေချာဘူး ၊ မရှိဘူးလို့ဘဲ ထင်ပါတယ် ၊ ကျွန်မပတ်ဝန်းကျင်မှာတော့ တစ်ခါမှ မတွေ့ဖူးသေးဘူးလေ ။
လက်ထပ်စာချုပ် မရှိတာလေးတစ်ခုက လွဲလို့ သာမန်အိမ်ထောင်တစ်ခုလို အိမ်တစ်အိမ်တည်းမှာ နေ့ရော ညပါ ကာလကြာရှည်စွာ နှစ်ယောက်အတူ နေထိုင် ပေါင်းသင်းကြတဲ့အဖြစ်ကို Living Together လို့ ခေါ်တယ် ဆိုရင် ကျွန်မဝတ္ထုထဲက မောင် နဲ့ စုစုထွေး ဟာ အဲဒီလို မနေကြဘူးဆိုတာ ထင်ရှားနေတာပဲ ၊ မောင် နဲ့ စုစုထွေး ဟာ လက်မထပ်ဘဲ အတူနေတဲ့ လင်မယားပါလို့ ကျွန်မ မရေးခဲ့မိတာ သေချာပါတယ် ။ တကယ်လို့ စာဖတ်ပရိသတ် ထင်မြင်နေကြသလို မောင် နဲ့ စုစုထွေးဟာ Living Totether ဖြစ်နေခဲ့ကြရင်လည်း ဒါဟာ လက်မထပ် ခင်မှာ တစ်ယောက်သဘော တစ်ယောက် နားလည်အောင် ရည်ရွယ်ချက်နဲ့ နေခဲ့ကြတာ မဟုတ်နိုင်ပါဘူး ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့နှစ်ယောက်ဟာ အင်အားကြီးမားတဲ့ အချစ်ဆိုတာကို မလွန်ဆန်နိုင်တဲ့ ချစ်သူတွေ ဖြစ်နေကြလို့ပါပဲ ။ ပြီးတော့ တစ်ခုခု ရည်ရွယ်ချက်နဲ့ တစ်အိမ်တည်းနေခဲ့တာ မဟုတ်လို့ပါဘဲ ။ စာရေးသူတစ်ယောက်အနေနဲ့ သူ့ဇာတ်ကောင်တွေအပေါ်မှာ ဘက်လိုက်မှုမျိုး ပါသွားတယ် ဆိုရင် ကျွန်မကို ခွင့်လွှတ်ပါ ၊ သူတို့မှာ တစ်ယောက်သဘောကို တစ်ယောက် နားလည် နိုင်အောင် ဆိုတဲ့ ရည်ရွယ်ချက်မျိုး ရှိမနေနိုင်ဘူးလို့ ထင်ပါတယ် ။
⏯ အိမ်ထောင်မပြုခင် လက်မထပ်ခင် အဲဒီလို အတူ နေကြတော့ အဆင်ပြေကြပေမဲ့ တကယ် လက်ထပ် လိုက်ကြချိန်မှာ အဆင်မပြေတာတွေ ပေါ်လာတတ်တယ် ။ Living Companion တွေဟာ ပထမအဆင့်မှာ တစ်ယောက်နဲ့ တစ်ယောက် အဆင်ပြေအောင် ထိန်းနေကြတဲ့အတွက် မူလဇာတိရုပ်အမှန် မပေါ်လာဘူးလို့ အနောက် ဂျာမနီက ထုတ်တဲ့ စာအုပ်တစ်အုပ်မှာ ဖတ်ခဲ့ရ ဖူးတယ် ၊ ဆရာမ ဘယ်လို သဘောရပါသလဲ ။
🅹 ဘေးလူအနေနဲ့ တွေးကြည့်ရတာတော့ အဲဒီစကားဟာ မှန်ပါလိမ့်မယ်လို့ ကျွန်မ ထင်တာပဲ ၊ တချို့ လူတွေက ဟန်ဆောင်ကောင်းတာကိုး ။ ယေဘုယျအားဖြင့်တော့ လူတစ်ယောက်ရဲ့ အကြောင်းကို လပိုင်းလောက် ဒါမှမဟုတ် တစ်နှစ် ၊ နှစ်နှစ်လောက် အတူ ပေါင်းသင်းနေထိုင်ကြည့်ရုံနဲ့ သိနိုင်ပါလိမ့်မယ် ။ ကံကောင်းထောက်မစွာ ကိုယ့်အဖော်ဟာ သိပ်လျှို့ဝှက်တဲ့ ၊ သိပ်ထိန်းချုပ်တဲ့ ဟန်ဆောင်လူမျိုး မဟုတ်ခဲ့ရင်ပေါ့လေ ။
နောက်ပြီး ကျွန်မ အထင်တော့ အရာတစ်ခု ဟာ ထပ်တလဲလဲ ဖြစ်ပေါ်နေခဲ့ရင် ကြာတော့ ရိုးသွားမှာပဲ ၊ ဒီတော့ နှစ်ဦးသဘောတူ ပေါင်းသင်းနေထိုင်မှုဟာလည်း ရိုးအီသွားနိုင်ပြီး အဆင်မပြေမှုတွေ ဖြစ်လာနိုင်တာပါပဲ ။ လက်ထပ်ပြီးသား သားသမီးတွေနဲ့ သိုက်သိုက်ဝန်းဝန်း ရှိနေကြတဲ့ အိမ်ထောင်မျိုးမှာတော့ နှစ်ဦးကြားက ရိုးအီသွားတဲ့ လိုအင်ဆန္ဒတွေ ၊ အချစ်တွေ ၊ သည်းညည်း ခံမှုတွေကို သားသမီးသံယောဇဉ်နဲ့ ကျားကန်ထားတော့ တော်ရုံတန်ရုံနဲ့ လင်မယား မကွဲကြတော့ဘူးပေါ့ ။ ကျွန်မ က အိမ်ထောင်သည် မဟုတ်တော့ ဒီမေးခွန်းတွေကို ဖြေရတာ တော်တော်ကသိကအောက်နိုင်တာပဲ ။ မှားချင် ရင်လည်း မှားသွားနိုင်တာပဲ မဟုတ်လား ။
⏯ စာရေးဆရာက သူ ဖန်တီးတဲ့ ဇာတ်ကောင်ကို စံထားလောက်တဲ့ ဇာတ်ကောင်အဖြစ် ဖန်တီးတတ်ပါတယ် ။ ဂျူးရဲ့ အမှတ်တရထဲက “ ကျွန်မ ” ဟာ ပရိသတ် အတွက် ဇာတ်ကောင် ဖြစ်ပါ့မလား ။
🅹 “ စံ ” ဆိုတာ Ideal ကို ပြောတာလို့ ကျွန်မ ယူဆ ပါတယ် ။ Ideal ဆိုတာ အစစ ပြည့်စုံပြီးသား လိုလေသေး မရှိသောလို့ အဓိပ္ပာယ်ရပါတယ် ။ နောက်အဓိပ္ပာယ် တစ်ခုက စိတ်ကူးထဲမှာပဲ ရှိတဲ့ အရာပေါ့လေ ။ အဲဒီတော့ စာရေးဆရာ အမျိုးမျိုး ၊ ဇာတ်ကောင် အမျိုးမျိုး ရှိပါတယ် ။ တချို့စာရေးဆရာတွေဟာ သူတို့ရဲ့ဇာတ်ကောင်ကို Ideal အဖြစ် ထားကြလေ့ရှိပါတယ် ။ ဥပမာပြောရရင် ရွှေလင်းယုန်ရဲ့ သူ ၊ ဂျာနယ်ကျော်မမလေးရဲ့ ရင်နင့်အောင်မွှေး ထဲက “ မော် ” ၊ ဒေါ်ခင်ဆွေဦးရဲ့ တို့တိုင်းဌာနီ ထဲက “ ကိုသူရ ” ၊ သူတို့ဟာ စံဇာတ်ကောင်တွေပါပဲ ။ နောက်ပြီး ဟင်နရီဆစ်ဒနာ ဟယ်ရစ်ဆင် ရဲ့ ကွိ ထဲက ကွိ နဲ့ ရှာလီ ဝေလင် တို့ဟာ စံဇာတ်ကောင်တွေပါပဲ ။
ဒါပေမဲ့ စံဇာတ်ကောင် မဟုတ်တဲ့ ဝတ္ထုတွေထဲ က ဇာတ်ကောင်တွေလည်း ရှိပါတယ် ။ ဥပမာ ဒေါ့စတို ယက်ဖ်စကီးရဲ့ Crime and Punishment ထဲက ဇာတ်ကောင် ရတ်စကော ညီကော့ ။ သူဆိုရင် စံဇာတ်ကောင် မဟုတ်ဘူး ။ ဖလော်ဘဲယားဟာ မဒမ်ဗိုဗာရီ ကို ဖွဲ့တယ် ။ အဲဒါကြောင့်ပဲ မဒမ်ဗိုဗာရီဟာ ဖလော်ဘဲယားရဲ့ စံဇာတ်ကောင် ဖြစ်သွားကောလား ။ အင်ဒရေဂျိ ( ဒ ) ရဲ့ Immoralis ထဲက ဇာတ်ကောင် Michel ဟာ ပရိသတ် အတွက် စံဇာတ်ကောင် မဟုတ်ပါဘူး ။
အမှတ်တရထဲက စုစုထွေး ဟာ စာဖတ်ပရိသတ် အတွက် မဆိုထားနဲ့ စာရေးသူအတွက်တောင် စံဇာတ်ကောင် မဟုတ်ပါဘူး ၊ စုစုထွေး ဟာ သာမန် လူသား တစ်ဦးသာ ဖြစ်တဲ့အတွက် သူ့မှာ ချို့ယွင်းချက်တွေ ၊ အားနည်းချက်တွေ ရှိပါတယ် ၊ အဲဒီ အားနည်းချက်တွေ ကို ကျွန်မ ပွင့်ပွင့်လင်းလင်း ရေးခဲ့တာပဲ ၊ ကွယ်ဝှက် ဖုံးဖိတာမျိုး လုံးဝ မလုပ်ခဲ့ပါဘူး ။ စုစုထွေး မှန်ရင် မှန်သလို ၊ မှားရင် မှားသလို ဖွင့်ပြခဲ့တာပဲ ။ ပြောသူ နာမ်စား အနေနဲ့ “ ကျွန်မ ” လို့ ရေးတာဆိုတော့ စုစုထွေးရဲ့ ကိုယ့် ကိုယ်ကိုယ် ဝေဖန်ချက်တွေတော့ ထည့်လို့ မရဘူးပေါ့ ။
နောက်ပြီး တတ်နိုင်မယ်ဆိုရင် အပြင်က လူ့ သဘာဝနဲ့ ကိုက်ညီတဲ့ ဇာတ်ကောင်မျိုးကိုပဲ ကျွန်မ ရေးဖွဲ့ချင်ပါတယ် ။ ကျွန်မရဲ့ ဇာတ်ကောင်တွေဟာ သာမန်လူတွေလိုပါပဲ ။ တွေးခေါ်စေချင်တယ် ၊ သာမန်လူတွေ ဆိုးသလောက် သူတို့ ဆိုးမယ် ၊ သာမန်လူတွေ ကောင်းသလောက် သူတို့ ကောင်းမယ် ၊ သာမန်လူတွေ စွမ်းအား ရှိသလောက်ပဲ သူတို့ စွမ်းအားရှိစေချင်ပါတယ် ။
⏯ ဂျူးဇာတ်ကောင်ရဲ့ စရိုက်က မြန်မာအမျိုးသမီးလေးတွေ အတုယူမှားလောက်တဲ့ စရိုက် ရှိတယ်လို့ ဝေဖန်ရင် ဆရာမ ဘယ်လိုပြောမလဲ ။
🅹 အဲဒီလို ဝေဖန်ခံရတဲ့အတွက် အများကြီး ဝမ်းနည်းပါတယ်လို့ ပြောချင်ပါတယ် ။
⏯ ဝမ်းနည်းပါတယ် Sorry ဆိုရုံလောက်ပဲလား ၊ ဒီလို ဇာတ်ကောင်စရိုက်မျိုး ဖန်တီးခဲ့တဲ့အတွက် စာရေးသူမှာ တာဝန်ရှိတယ်လို့ကော မယူဆဘူးလား ။
🅹 မဟုတ်သေးဘူးလေ ... ကိုဝင်းငြိမ်း ရဲ့ ၊ ကျွန်မ ပြောချင်တဲ့ ဝမ်းနည်းစကားက ဒီလိုဇာတ်ကောင်စရိုက်မျိုး ဖန်တီးခဲ့မိတဲ့အတွက် မဟုတ်ပါဘူး ။ ဝေဖန်ခံရတဲ့ အတွက် ဝမ်းနည်းစကား ပြောတာပါ ၊ ကိုယ့်အပေါ်မှာ လူတစ်ယောက် နားမလည်နိုင်တာကို ခံစားရတဲ့အခါ ဝမ်းနည်းရသလောက်ပါပဲ ။ ကိုဝင်းငြိမ်း က မေးမှတော့ မပြောတော့ဘူးလို့ ထားတဲ့ ကိစ္စတွေကို ပြောလိုက်ပါမယ် ။
ပထမဆုံး ပြောချင်တာကတော့ ဘီယာ သောက်တဲ့ ကိစ္စပါပဲ ။ ဘီယာ ဆိုတာ အရက်လို့ တောင် မခေါ်နိုင်လောက်အောင် ပျော့တဲ့ ယမကာ တစ်ခုပါ ။ မြန်မာအမျိုးသမီးလေးတွေ ဘီယာကို မသောက်ကြပါဘူး ၊ ဖြစ်လို့လဲ ဆိုတော့ အများစုက ဘီယာနဲ့ မနီးစပ်လို့ပါဘဲ ၊ ဘီယာနဲ့ နီးစပ်တဲ့ အမျိုးသမီးတွေကလည်း ဘီယာရဲ့ အရသာ ခါးလို့ မကြိုက်တတ်ကြပါဘူး ၊ အနည်းငယ်သော အမျိုးသမီးများသာ ကြုံကြိုက်လို့ သောက်ဖူးကြတာ တွေ့ရပါတယ် ။ ဘီယာကို စွဲစွဲလမ်းလမ်း သောက်ရအောင် အရသာနှစ်သက်တဲ့ အမျိုးသမီး တစ်ယောက်မှ မရှိဘူးလို့ ကျွန်မ ပြောရင် လွန်မယ် မထင်ပါဘူး ၊ ကျွန်မ ကိုယ်တိုင်လည်း ဘီယာအရသာကို မကြိုက်ပါဘူး ။ ကိုယ့်အနားမှာ လွယ်ကူလို့ သောက်ကြည့်တဲ့ သဘောမျိုးထက် မပိုပါဘူး ။ ကြိုက်တဲ့ အမျိုးသမီး ရှိရင် သောက်လိမ့်မယ် ၊ မကြိုက်ရင် ရှောင်လိမ့်မယ် ၊ ကျွန်မရဲ့ တစ်ပုဒ်တည်းသော ဝတ္ထုထဲက တစ်ကြောင်းတည်းသော စာကြောင်းကြောင့် မိန်းကလေးတွေ ဘီယာကြိုက်လာစရာ အကြောင်း မရှိပါဘူး ။
နောက်တစ်ခုက ဆင်ဆာမဲ့ ဗွီဒီယိုကြည့်တဲ့ ကိစ္စ ။ ဒီအချက်ကိုတော့ ပြောစရာ နည်းနည်း ရှိပါတယ် ။ ကိုယ်ပိုင်တီဗွီနဲ့ ဗီဒီယို မဝယ်နိုင်တဲ့ အနုပညာဝါသနာ ပါသူ တစ်ယောက်အနေနဲ့ မလွဲမသွေ ရင်ဆိုင်ရမယ့် ပြဿနာကတော့ ဗွီဒီယို ကြည့်ရတဲ့ အခက်အခဲပါပဲ ။ ဗွီဒီယိုပြတဲ့ ရုံတစ်ခုမှာ တစ်လလုံး ပြလို့ ကျွန်မတို့ ကြည့်ဖို့ သင့်တော်တဲ့ အဆင်ပြေတဲ့ ဇာတ်ကားတစ်ကားတောင် ပါမလာတာမျိုး ရှိပါတယ် ။ ကျွန်မတို့ အနုပညာသမား ဟာ ရုပ်ရှင်တစ်ကားကို ကြည့်ပြီဆိုရင် ဒီဇာတ်ကားရဲ့ အနုပညာစွမ်းအား ၊ ဖန်တီးမှုစွမ်းအား ၊ သရုပ်ဆောင်ရဲ့ စရိုက် ပီပြင်မှု ၊ ဒါတွေကို အဓိကရှာဖွေ စောင့်ကြည့်ရမှာ မဟုတ်ဘူးလား ။ ကျွန်မ အနေနဲ့ကတော့ ကြည့်ဖို့သင့်တဲ့ ရုပ်ရှင်ကားတစ်ခုကို ဆင်ဆာမဲ့ပါလို့ ဆိုပြီး ရှောင်မနေပါ ဘူး ။ သူငယ်ချင်းတစ်ယောက်အိမ်မှာ ဖြစ်ဖြစ် ၊ ကျွန်မ အိမ်မှာ ဖြစ်ဖြစ် ငှားပြီး ကြည့်ပစ်လိုက်တာပဲ ။ ဥပမာ " Nine and half Weeks " လို ကားမျိုး ၊ " Lady Chatterley " လို ကားမျိုးပေါ့ ။
ဗွီဒီယိုပေါ်လာတာ လူငယ်တွေအတွက် ပျက်စီးရာလမ်းကြောင်းလို့ ပြောရင် သိပ်ကို မှန်ပါတယ် ။ ဒါပေမဲ့ ဗွီဒီယိုရဲ့ ကောင်းကွက်တစ်ခု ( အသုံးချတတ်မယ် ဆိုရင် ) ရှိပါတယ် ။ ရုံတင်ကား အဖြစ် မြန်မာနိုင်ငံကို ရောက်ခဲ့ဖူးပြီး အခုအချိန်မှာ လုံးဝ ပြန်မလာတော့တဲ့ ကားမျိုးကို လူငယ်တွေဟာ ဗွီဒီယိုကနေ ကြည့်ခွင့်ရတယ် ။ ဥပမာ ဒေါက်တာ ဇီဗာဂိုး လိုကားမျိုး ။ ထားပါ တော့လေ ... ။ ကျွန် မပြောချင်တာက ဆင်ဆာမဲ့ ဗွီဒီယိုကို မတော်တဆ ကြည့်လိုက်မိတဲ့ မိန်းကလေးတစ်ယောက် ဟာ သူ့ဘဝမှာ အဲဒီအတွက်ကြောင့် ဘာတွေများ ထူးခြား ပြောင်းလဲသွားနိုင်ပါသလဲ ။ တချို့လူတွေ လိင်ဖောက်ပြန်တယ်ဆိုတာ မွေးရာပါဗီဇပါ ။ ဖောက်ပြန်ချင်တဲ့ မိန်းမ တစ်ယောက်ဟာ ဘာ ဗွီဒီယို ၊ ဘာ ရုပ်ရှင် မှ မလိုအပ်ပါ ဘူး ။ ဟိုးအရင် နှစ်ပေါင်းများစွာကတည်းက မိန်းမတွေ ကိုယ့်ကိုယ်ကိုယ် မထိန်းတတ်လို့ဖြစ်စေ ၊ မွေးရာပါ ဗီဇဆိုးကြောင့်ဖြစ်စေ ၊ ဆိုးရွားတဲ့ ပတ်ဝန်းကျင်မှာ ကြီးပြင်းခဲ့ရလို့ဖြစ်စေ ၊ ဒါမှမဟုတ် အလွန် ကံဆိုးလွန်းတဲ့ အခိုက်အတန့်တစ်ခုကြောင့် ဖြစ်စေ ၊ ကလေးဖျက်ချရတာတို့ ၊ လင်ကောင် မပေါ်ဘဲ မွေးခဲ့ရတာတို့ အများကြီး ရှိပါတယ် ။
ကျွန်မရဲ့ တစ်ပုဒ်တည်းသော ဝတ္ထုတိုထဲမှာ ဇာတ်ကောင်တစ်ယောက်က ရုပ်ရှင်သွားကြည့်ရင်း ဆင်ဆာမဲ့အခန်း ကြည့်မိသွားတယ်ဆိုတဲ့ အဖြစ်အပျက်ဟာ ဆန်းသလား ။ အပြင်မှာ မိန်းကလေး တော်တော်များများ ကံအကြောင်းမလှစွာ ကြုံဖူးတဲ့အဖြစ်မျိုး မဟုတ်ဘူးလား ။ ဒီစာကြောင်းလေး တစ်ကြောင်းက မြန်မာမိန်းကလေး တွေရဲ့ ကာယိန္ဒြေ ထိန်းချုပ်မှုအပေါ်မှာ ဘယ်လိုမှ အကျိုးသက်ရောက်မှု မရှိနိုင်ပါဘူး ။ တာဝန်နဲ့ ပတ်သက်လို့ ပြောရရင် ဒီလို ဇာတ်ကောင်စရိုက်မျိုးကို ဖန်တီးခဲ့မိတဲ့ အတွက် ဒီဖန်တီးမှုရဲ့ အဆိုးအကောင်း အကျိုးအပြစ်ဟာ စာရေးသူမှာ တာဝန်ရှိတာပေါ့ ။ အဲဒီ တာဝန်ကိုလည်း စာရေးသူက ယူနိုင်ရမှာပေါ့ ။ စာရေးသူ တစ်ယောက်ဟာ သူ့ဝတ္ထုထဲက စာကြောင်း တစ်ကြောင်းချင်း ၊ စာလုံးတစ်လုံးချင်းအတွက် တာဝန်ရှိနေတာပဲ ။ စာရေးသူတစ်ယောက်အနေနဲ့ ကိုယ့်ပတ်ဝန်းကျင်မှာ ကိုယ်မြင်နေရတာ တွေ ၊ တွေ့နေရတာတွကို အမှန်အတိုင်း ရေးလိုက်တဲ့ အတွက် အပြစ်ရှိတယ်ဆိုရင် ၊ နောက်ပြီး ဒီစာကြောင်းလေး တစ်ကြောင်းကြောင့် မြန်မာအမျိုးသမီးထုကြီးတစ်ခုလုံး ထူးထူးခြားခြား ပြောင်းလဲသွားတယ်ဆိုတာ သေချာရင် အဲဒီအပြစ်ကို ကျွန်မ ရဲရဲခံလိုက်စမ်းပါ့မယ် ။ အခုခေတ် မိန်းကလေးတွေဟာ ယောက်ျားတွေထက်တောင် ရဲရင့်ထက်မြက်ကြတယ်လို့ ကျွန်မ ပြောရင် ကိုဝင်းငြိမ်း စိတ်မရှိပါနဲ့ ။ ရုပ်ရှင် တစ်ခု ၊ ဝတ္ထု တစ်ပုဒ်ကြောင့် လမ်းမှားကို လိုက်သွားရအောင် တုံးတဲ့ မိန်းမမျိုး သိပ်မရှိတော့ပါဘူး ။
တစ်ခု သတိရလို့ ပြောချင်ပါသေးတယ် ။ ဟိုတစ်လောက ဧပြီလထုတ် မဂ္ဂဇင်းတစ်ခုထဲမှာ ထင်ပါရဲ့ ။ ဝေဖန်ရေးဆရာတစ်ဦးရဲ့ ဆောင်းပါးတစ်ပုဒ် ဖတ်လိုက်ရတယ် ။ ဝတ္ထုနာမည် ၊ စာရေးဆရာနာမည် တပ်ပြီး မရေးပေမဲ့ ကျွန်မရဲ့ အမှတ်တရ နဲ့ ပတ်သက်ပြီး ရေးသားခဲ့တယ် ။ သူ့ရဲ့ နိဂုံးချုပ်ကတော့ ရှင်းပါတယ် ။ အမှတ်တရ ကို မြန်မာအမျိုးသမီးကောင်းကလေးတွေ မဖတ်သင့်ဘူးတဲ့ ။ ဒီဝတ္ထုကို ဖတ်တဲ့ မိန်းကလေး အမျိုးအစားဟာ အကျင့်စာရိတ္တ ပျက်ပြားပြီး ဟီရိ သြတ္တပ္ပတရား ကင်းမဲ့တဲ့ မိန်းကလေးမျိုးသာ ဖြစ်တယ်တဲ့ ။ ( သူ့သမီး ကတော့ အဲဒီ အထဲမှာ မပါဘူးလို့ ပြောသွားပါတယ် ) အမှတ်တရကို သိပ်ကြိုက်တယ် ဆိုတဲ့ မိန်းကလေးတွေဟာ မကြာခဏ ကိုယ်ဝန်ဖျက်ချရတဲ့ မိန်းကလေးအတန်းအစားမျိုးတွေလို့ ပြောသွားပါတယ် ။
ဒီနေရာမှာ ကျွန်မက ဆရာဝန်တစ်ယောက် ဖြစ်နေတဲ့ အတွက် ကိုယ်ဝန်ဖျက်ချတဲ့ Case တွေနဲ့ ပတ်သက်ပြီး တခြား လူတွေထက် အမြင်ကြည်လင်စွာ ပြောပြနိုင်လိမ့်မယ်လို့ ကျွန် မယုံကြည်ပါတယ် ။ ကျွန်မရဲ့ ဆေးခန်းကို ကိုယ်ဝန်ဖျက်ချင်တဲ့ မိန်းကလေးတွေ လွဲမှားစွာ မကြာခဏ ရောက်လာတတ်ပါတယ် ။
ကိုယ့်ရင်သွေးကလေးကို သတ်ပစ်ရတဲ့အထိ ရာဇဝတ်မှု ကျူးလွန်ဖို့ မကြောက်ရွံ့ မတုန်လှုပ်ရလောက်အောင် သူတို့ကို ဘယ်အချက်တွေက တွန်းအားပေးခဲ့ပါ သလဲ ။ ဒါကို လေ့လာဆန်းစစ်ဖို့ လိုပါတယ် ။ ဒီလို အမျိုးသမီးတွေကို နှစ်သိမ့်ဖျောင်းဖျရတာ ၊ ပညာပေးရတာတွေကို ကျွန်မဖြင့် စိတ်တောင် ညစ်နေပါပြီ ။
အဲဒီ အမျိုးသမီးတွေဟာ အများအားဖြင့် အိမ်ထောင်သည်တွေပါ ။ ( မအံ့သြပါနဲ့ ) ကိုယ့်ရည်းစားနဲ့ ကျူးလွန်မိခဲ့တဲ့ မိန်းကလေးအရေအတွက် နည်းလွန်းပါတယ် ။ တချို့ မိန်းကလေးတွေကတော့ မရှောင်သာ မတိမ်းသာ ငွေအတွက် ရလာတဲ့ ကိုယ်ဝန်တွေပါ ။ ကိုယ်ဝန်ဖျက်ချင်တဲ့ မိန်းကလေး ၁ဝ ယောက်မှာ ၉ ယောက် က အတန်းပညာ မတတ်တဲ့ ဆင်းရဲသူ မိန်းကလေးတွေ ပါ ။ အမှတ်တရ ကို မဆိုထားနဲ့ ဝတ္ထုဆိုတာတောင် သူတို့ သိတာ မဟုတ်ဘူး ။ ဖတ်ချိန်လည်း မရပါဘူး ။ အများစုက သေစာ ရှင်စာလောက်ပဲ တတ်ကြတာ ။
နောက်ပြီး ကျွန်မရဲ့ အမှတ်တရ စာဖတ်ပရိသတ် အမျိုးသမီးတွေဟာ စုစုထွေး ရဲ့ ကိုယ်ကျိုးစွန့်တဲ့ အချစ် ၊ အနစ်နာခံနိုင်တဲ့ အချစ် ၊ ချစ်သူ အပေါ် မြူတစ်မှုန်လောက်တောင် အပြစ်မမြင်နိုင်လောက်အောင် ချစ်တဲ့ အချစ် အပေါ်မှာ ခံစားတတ်ကြတဲ့ အမျိုးသမီး တွေပါ ။ တစ်ခုခုကို ပြတ်ပြတ်သားသား မဆုံးဖြတ်ရဲတဲ့ ကိုယ့်တာဝန် ကိုယ် ရဲရဲ မယူတတ်တဲ့ မော င့်ကို အပြစ်မြင် စိတ်နဲ့ စုစုထွေး အပေါ်မှာ ကရုဏာသက်ပြီး ကိုယ်ချင်းစာ ကြတဲ့ အမျိုးသမီးတွေပါ ။ ဝေဖန်ရေးဆရာများ သမုတ် ထားသလို ချစ်သူနဲ့ လက်မထပ်ဘဲ အတူနေခြင်း ဆိုတဲ့ ဇာတ်ကွက်မျိုးကို မမြင် , မြင်အောင် ရှာကြည့်နေကြတာ မဟုတ်ပါဘူး ။
အခု စာဖတ်ပရိသတ်ဟာ ခပ်ညံ့ညံ့ မဟုတ်ကြဘူး ၊ စာဖတ်ပရိသတ်ကို ညာလို့ရမယ် မထင်နဲ့ ၊ သူတို့ အတွေးအခေါ်တွေ ပြတ်သားလာတာ ၊ ရဲရင့်လာတာ ၊ အကြောင်းအရာတစ်ခု အပေါ်မှာ နက်ရှိုင်းစွာ ချဉ်းကပ် လေ့လာတတ်လာတာ ... ဒါတွေဟာ ဝတ္ထုတွေကြောင့် ချည်းလည်း မဟုတ်ဘူး ၊ သူတို့ဟာ New Generation ဖြစ်နေလို့ပဲ ။ ဒီတော့ မိန်းကလေးတွေ အတုယူ မှားလောက်တာတွေ ၊ မမှားလောက်တာတွေနဲ့ ညာမနေပါနဲ့ တော့ ။ ဖုံးကွယ်ထားလို့ မရတဲ့ ကိစ္စတွေကို ဖုံးကွယ် မထားချင်ပါနဲ့တော့ ။ အရှိကို အရှိအတိုင်းပဲပေါ့ ။ လူဆိုတာ လွတ်လပ်ခွင့်ကို မြတ်နိုးတာပဲ ။ တစ်ပါးသူရဲ့ လွတ်လပ်ခွင့်ကို မနှောင့်ယှက်ဘူးဆိုရင် လွတ်လွတ်လပ်လပ် တွေးခေါ်ပါစေလား ၊ လွတ်လပ်စွာ တွေးခေါ်ပြီး ရဲရင့်စွာ ယုံကြည်တတ်တဲ့ ဇာတ်ကောင်စရိုက်မျိုးကို ဖန်တီးမိတဲ့ အတွက် ကျွန်မ ဘယ်တော့မှ နောင်တရမှာ မဟုတ်ဘူး ။
⏯ ဇာတ်ကောင်စရိုက် ဆိုတာနဲ့ ပတ်သက်ပြီး ပြောရဦးမယ် ။ ဂျူး ဖန်တီးတဲ့ ဇာတ်ကောင်တွေဟာ မြန်မာမဆန်ဘူး ၊ မြန်မာစရိုက် မရှိဘူးလို့ ဝေဖန်ကြတယ် ၊ ဘာဖြစ်လို့ပါလဲ ၊ ဆရာမ ရှင်းပြနိုင်မလား ။
🅹 ပထမဆုံး မြန်မာဆန်တယ် ဆိုတာကို ခွဲခြမ်းစိတ်ဖြာကြည့် ရင် ... မြန်မာဆန်တယ် ဆိုတာ မြန်မာလူမျိုးများရဲ့ ဟိုရှေးယခင်တကည်းက ကျင့်သုံးလာခဲ့တဲ့ စရိုက်လက္ခဏာကို ပြောတာ မဟုတ်လား ။ မြန်မာလူမျိုး တွေဟာ ရိုးသားတယ် ၊ သူများအပေါ် နိုင်ထက်စီးနင်း မလုပ်ဘူး ၊ တစ်ယောက်ကိုတစ်ယောက် အခက်အခဲတွေ့ရင် ကူညီဖြေရှင်းပေးလေ့ရှိတယ် ။ ပရိယာယ်မကြွယ်ဝ ဘူး ။ ဟန်မဆောင်တတ်ကြဘူး ။ ဒါ မြန်မာတွေရဲ့ ကောင်းကွက်တွေကို ချစ်မြတ်နိုးတတ်လို့ပါ ။
မျက်နှာ မလိုက်ဘဲ ပြောရစတမ်းဆိုရင် ဘယ်နေရာမှာမဆို နည်းနည်းညံ့တတ်တာ ၊ တီထွင်ကြံဆမှုနည်း တာ ၊ အရာရာမှာ နောက်ကျစွာ တွေးခေါ်မြော်မြင်တတ် ကြတာ ၊ ခေတ်နောက်ပြန်ဆွဲချင်ကြတာ ၊ လှေနံဓားထစ် မှတ်ချင်ကြတာ အဲဒါတွေကတော့ မြန်မာလူမျိုးတွေရဲ့ ဂုဏ်ယူဖွယ်ရာ မဟုတ်တဲ့ Character တွေပါ ။ အတွေ့အကြုံတစ်ခုကို သီအိုရီတစ်ခု အဖြစ် လှေနံဓားထစ် မှတ်လို့ မရတာတွေ ရှိနေပါတယ် ။ ခေတ်ပေါ်နည်းပညာတစ်ခုဟာ ကိုယ့်အတွက် အသုံးတည့်မယ် ၊ သင့်တော်မယ်ဆိုရင် အသုံးပြုရမှာပဲ ။ ကုန်းကြောင်းအတိုင်း လှည်းနဲ့ ဆယ်ရက် သွားရမယ့် ခရီးကို လေယာဉ်နဲ့ တစ်နာရီအတွင်း အရောက်သွားနိုင်တဲ့ ခေတ်ကို ရောက်နေခါမှ မြန်မာမှုကို ချစ်မြတ်နိုးပြီး လှည်းယဉ်ကလေးနဲ့ သွားချင်တဲ့ လူများ ရှိပါသလား ၊ ဘယ်သူမှ မရှိဘူး ။ မြန်မာအမျိုးသမီးတွေ အနေနဲ့ သားကို သခင် ၊ လင်ကို ဘုရား ဆိုတဲ့ အတိုင်းအတာအထိ ကိုယ့်ကိုယ်ကိုယ် နှိမ့်ချပြီး နေတတ်ကြတဲ့ စရိုက်မျိုးတော့ ကျွန်မဝတ္ထုတွေ ထဲမှာ တွေ့ရမှာ မဟုတ်ဘူး ။ ဘာဖြစ်လို့လဲ ဆိုတာတော့ ရှင်းပါတယ် ။ အဲဒီ အယူအဆမျိုးကို ကျွန်မကိုယ်တိုင် မနှစ်သက်လို့ပါဘဲ ။
မိမိ လက်ထပ်ထားတဲ့ ခင်ပွန်းဟာ ကိုးကွယ်ဖို့ ထိုက်တန်လောက်အောင် မြင့်မြတ်ရင်တော့ ဒီစကား အတိုင်း မြန်မာမှုပီသစွာ နေထိုင်ကျင့်ကြံဖို့ ဝန်မလေးပါ ဘူး ။ ဒါပေမဲ့ သူလည်း ဝန်ထမ်း ၊ ကိုယ်လည်း ဝန်ထမ်း ။ သူလည်း အိမ်စီးပွားရေးကို ဒီအတိုင်းအတာထိပဲ ရှာနိုင် တယ် ၊ ကိုယ်လည်း ဒီအတိုင်းအတာထိပဲ ရှာနိုင်တယ် ။ အဆင့်အတန်းချင်း တူပါရက်နဲ့ ကိုယ့်မှာ ပိုများတာက မီးဖိုချောင်ဝေယျာဝစ္စ ၊ သားသမီး မွေးထုတ်ပြုစုရတဲ့ဒုက္ခ ၊ ဒါတွေ အမျိုးမျိုးနဲ့ တာဝန်ပိနေတဲ့ မိန်းမတစ်ယောက်ဟာ သူ့ခင်ပွန်းကို ဘုရားတစ်ဆူလို ကိုးကွယ်နေရဦးမှာလား ၊ ဒါဟာ တွက်ကတ်တာ မဟုတ်ဘူး ၊ အဓိကကတော့ အချိန် မပေးနိုင်မှုဘဲ ။
ဟိုခေတ်က မြန်မာမိန်းကလေးတွေဟာ ယောက်ျားတွေနဲ့ ရင်ပေါင်တန်းပြီး ငွေမရှာရဘူး ၊ သူတို့မှာ အိမ်ထောင်ထိန်းသိမ်းရတဲ့ တာဝန်ပဲရှိတယ် ။ အခု မိန်းမတွေကတော့ အရင်လို သဘောမထားနိုင်တော့ဘူး ပေါ့ ။ လူနေမှုစနစ်ရဲ့ တိုးတက်ပြောင်းလဲမှုအတိုင်း ၊ ခေတ် ရေစီးကြောင်းအတိုင်း အလိုက်သင့် မျောပါရတော့တာကိုး ။
လက်မထပ်ချင်ဘူး ၊ လက်ထပ်ရင်လည်း သား သမီး မလိုချင်ဘူးဆိုတဲ့ အချက်ကိုလည်း မြန်မာမှုနဲ့ မညီညွတ်ဘူးလို့ ဝေဖန်ကြပါတယ် ။ ဒီလို ဇာတ်ကောင်မျိုးကိုမှ မြန်မာစရိုက် မဟုတ်ဘူးလို့ မပြောရင် ဘယ်လို ဟာမျိုးကို ပြောမလဲဆိုတဲ့ အဓိပ္ပာယ်မျိုး ရေးကြတာ ဖတ်ရပါတယ် ။ ( အဲဒီဇာတ်ကောင်က မိုးကုပ်စက်ဝိုင်းသို့ လမ်းလျှောက်ခြင်းဝတ္ထုတို ထဲက ဆရာဝန်မ ထားပါ ။ )
ဒီခေတ်မှာ တစ်ယောက်နဲ့ တစ်ယောက် လက်မထပ်ဘဲ အဝေးကနေပဲ ချစ်နေချင်တာဟာ ဘာများ မှားယွင်းပါသလဲ ။ ဦးနှောက်ရှိတဲ့ လူတိုင်း တာဝန်သိတတ် တဲ့လူတိုင်း တစ်ခါတလေမှာ အိမ်ထောင်ရေးကို စိုးရိမ် ထိတ်လန့်ကြတာ သဘာဝပါပဲ ။ အိမ်ထောင်မှု ကိစ္စတွေနဲ့ နစ်မွန်းပြီး စက်ရုပ် ဖြစ်နေကြတဲ့ အိမ်ထောင်သည်တွေ လည်း နည်းမှ မနည်းဘဲ ။ မိန်းမတစ်ယောက်ဟာ လက်ထပ်ရမှာကို ကြောက်ခွင့် မရှိဘူးလား ။ လက်ထပ်ပြီး သားသမီး မွေးမြူပြုစုဖို့ကို ပိုပြီးကြောက်ခွင့် မရှိဘူးလား ။ တွေးကြည့်မယ် ဆိုရင် သားသမီးတစ်ယောက် ကြီးပြင်း လာတဲ့ အထိ တာဝန်ယူဖို့ဆိုတာ အင်မတန် စွန့်စားရတဲ့ ကိစ္စကြီးပါ ။ ကျွန်မတို့ဟာ အချိန် မတိုင်ခင် ၊ အစစ အရာရာ အဆင်သင့် မဖြစ်သေးခင် အိမ်ထောင်ပြုမယ် ၊ အတိုင်းအဆ မရှိ သားသမီးတွေ မွေးမယ် ၊ ဘာတွေ ဖြစ် လာနိုင်သလဲ ။
သားသမီးဆိုတာ မွေးပြီးရင် ဆိုးသည်ဖြစ်စေ ၊ ကောင်းသည်ဖြစ်စေ ကိုယ်သေတဲ့ အထိ တာဝန်ယူကြရတာပဲ ။ ပြုစုဖို့ မနိုင်နင်းဘဲ သားဆိုး သမီးဆိုးကလေးတွေ မွေးလာမှာနဲ့စာရင် သားသမီးအတွက် ပြင်ဆင်ပြီးမှ အေးအေးဆေးဆေး ကလေးယူတာက သိပ္ပံနည်းမကျဘူး လား ။ သူတို့အတွက် အချိန်ပေးပြီး ဂရုတစိုက် Control လုပ်ပေးမှ ၊ ကိုယ်လိုချင်တဲ့ပုံစံမျိုး လမ်းညွှန်နိုင်မှ တန်ဖိုးရှိတဲ့ ကလေးတွေ ဖြစ်လာမယ် ။ နိုင်ငံက အားကိုးရတဲ့ ကလေးတွေ ဖြစ်လာမယ် ။ ဒီလိုမဟုတ်ဘဲ ဘုရားပေးတာပဲ ဆိုပြီး သားသမီးတွေ ရသမျှ ယူကြ ၊ ကျွေးမွေးပြုစုဖို့ မတတ်နိုင်တော့ ကလေးတွေ ကလေကချေဘဝကို ရောက်ကြ ။ ဒီအဖြစ်မျိုးနဲ့ ယှဉ်တော့ လူလတ်တန်းစားတွေ သားသမီး တားတဲ့ ကိစ္စဟာ အံ့သြထိတ်လန့်စရာ မရှိပါဘူး ။ သားသမီး အများကြီး ယူတဲ့ မြန်မာမှုမျိုးကိုလည်း ကျွန်မ သဘောမကျပါဘူး ။
ကျွန်မ သိပ်သဘောကျတဲ့ မြန်မာမှုစရိုက်တစ်ခု ကတော့ ကျွန်မတို့ မြန်မာလူမျိုးတွေရဲ့ ကိုယ့်မိဘကို သေသည်အထိ လုပ်ကျွေးပြုစုစောင့်ရှောက်သွားလေ့ရှိတဲ့ ရိုးရာလူနေမှုစနစ်ပဲ ။ အဲဒါကို ကျွန်မ သိပ်သဘောကျ ချီးကျူးပါတယ် ။
ဪ ... နောက်ပြီးတော့ စီးကရက်သောက်တာကို မြန်မာမှုနဲ့ မညီဘူးလို့ ထောက်ပြတာ ဖတ်ရ ပါတယ် ။ ဆေးပေါ့လိပ်ကို ဆေးလိပ်ခံခွက်အကြီးကြီးနဲ့ ခံပြီး အားရပါးရ ရှိုက်ဖွာမှ မြန်မာမှုလား ၊ ကျွန်မတို့ မြန်မာအမျိုးသမီးတွေဟာ ဆေးလိပ် သိပ်သောက်ကြပါ တယ် ။ အသက် ၅၀ ကျော်တဲ့ မြန်မာအမျိုးသမီးကြီး ၁ဝဝ မှာ ၆ဝ ရာခိုင်နှုန်းလောက်က ဆေးလိပ်ကြိုက်တတ်ကြတာ တွေ့ရတယ် ။ အဲဒီ အထဲမှာ ၂ဝ ရာခိုင်နှုန်းက ငယ်ရွယ်စဉ်ကတည်းက ဆေးလိပ်သောက်လာခဲ့တယ် ။ ပြောင်းဖူးဖက် ၊ သနပ်ဖက်ဆေးပေါ့လိပ် အကြီးကြီးတွေကို သောက်မှ မြန်မာမှုလား ။
အမှန်အတိုင်း ပြောရရင် ကျွန်မ စီးကရက် မကြိုက်ပါဘူး ၊ သောက်လည်း မသောက်ပါဘူး ။ ကျန်းမာရေးရှုထောင့်ကနေ အမြဲ ကြည့်မိလို့လား မသိဘူး ၊ လုံးဝကို ရှုတ်ချပါတယ် ။ ဘာဆေးလိပ်အမျိုးအစားပဲ ဖြစ်ဖြစ် ဆေးလိပ်သောက်တယ်ဆိုတာ အဆုတ်နဲ့ ပတ်သက်တဲ့ ရောဂါတစ်မျိုးမျိုးကို အရစ်ကျ ငွေချေစနစ်နဲ့ ဝယ်ယူနေတယ်လို့ပဲ သဘောထားပါတယ် ။ ထားပါတော့ လေ ၊ ကျွန်မဝတ္ထုထဲက ဇာတ်ကောင်စရိုက် Character ဟာ မြန်မာမဆန်ဘူး ဆိုတာကို အဲဒီ အချက်တွေနဲ့ ရှာဖွေထောက်ပြခဲ့ကြပါတယ် ။
ကျွန်မက ဖြေရှင်းရတဲ့အလုပ် ၊ ရန်တွေ့ရတဲ့ အလုပ်ကို သိပ်မုန်းပါတယ် ။ ကိုယ်မှန်တယ်လို့ ယုံကြည်တဲ့ ကိစ္စမှာတောင် ရေငုံနှုတ်ပိတ်နေတတ်တဲ့ အလေ့အကျင့်ရှိပါတယ် ။ အခုနှစ်ပိုင်းတွေအတွင်း မဂ္ဂဇင်းစာ မျက်နှာတွေပေါ်မှာ “ ဂျူး ” ဆန့်ကျင်ရေး ဆောင်းပါးတွေ အများကြီး ဖတ်ရပေမဲ့ ကျွန်မ ဒီအတိုင်း နေခဲ့တာပဲ ။ ဝေဖန်ဆရာတွေဟာ စာဖတ်ပရိသတ်ကို လမ်းမှားမလိုက်စေချင်လို့ ဆိုတဲ့ ရည်ရွယ်ချက်မျိုးကို အကြောင်းပြပြီး ဝေဖန်ထောက်ပြခဲ့ကြတာ မဟုတ်လား ။ သူတို့ရဲ့ လွတ်လပ်ခွင့်ကို ကျွန်မ ပိတ်ပင်ဟန့်တားစရာ ၊ ငြိုငြင်စရာအကြောင်း မရှိပါဘူး ။ ပြောပြမယ်ဆိုရင် တသီတတန်းကြီး ၊ ကျွန်မ မပြောပါဘူး ။ အခုဟာကလည်း ကိုဝင်းငြိမ်း မေးလို့သာ ကိုး ။ ကျွန်မအနေနဲ့ မပြောရလို့လည်း မကျေမနပ် မဖြစ်ဘူး ။ ပြောလိုက်ရလို့လည်း ကျေနပ်မသွားပါဘူး ။ ဘာလုပ်မှာလဲ ၊ ဝေဖန်ဖို့က ဝေဖန်ရေးဆရာတွေရဲ့ တာဝန် ၊ စာတွေ ဆက်ရေးဖို့က ကျွန်မ တာဝန်ပဲ ။
⏯ ဆရာမ ဝတ္ထုတိုတွေ ကလည်း တစ်ပုဒ်ရေးရင် ရေးသလောက် လှုပ်လှုပ်ရှားရှား ဖြစ်တတ်ပါတယ် ။ ဒါ ကလည်း ဝတ္ထုတိုကို ထိထိရောက်ရောက် ဖန်တီးတတ်တဲ့ ဆရာမရဲ့ ကျွမ်းကျင်မှုကြောင့်လို့ ထင်ပါတယ် ။ ဒီတော့ ဝတ္ထုတို တစ်ပုဒ် ရအောင် ကုန်ကြမ်း ဘယ်လိုရှာတယ် ဆိုတာကအစ ဘယ်လို ရေးရမယ်ဆိုတာအထိ ဥပမာ တစ်ပုဒ်လောက်နဲ့ ပြောစေချင်ပါတယ် ။
🅹 ဒီနေရာမှာ ကျွန်မ ပြောချင်တာက ကုန်ကြမ်း ရှာတယ်ဆိုတဲ့ စကားအသုံးအနှုန်းနဲ့ ကျွန်မနဲ့ အံမဝင်တဲ့ အကြောင်းပါပဲ ။ ကျွန်မက ဆေးကုသတဲ့အလုပ်နဲ့ အသက်မွေးဝမ်းကျောင်းတဲ့ လူဆိုတော့ စာရေးတဲ့ အချိန် ဟာ ဆေးကုတဲ့အချိန်နဲ့စာရင် သိပ်ကိုနည်းပါတယ် ။ စာ ရေးဖို့ ကုန်ကြမ်းကိုလည်း ရှာစရာမလိုဘူး ။ ကျွန်မရဲ့ အာရုံထဲကို ဝင်လာတဲ့ အဖြစ်အပျက်ကလေးတစ်ခု ၊ ခံစား မှုတစ်ခုကို အတတ်ပညာနဲ့ ပေါင်းစပ်လိုက်တဲ့အခါမှာ ကျွန်မအတွက် ဝတ္ထုတိုတစ်ပုဒ် ရလာပါတယ် ။ ကျွန်မ အတွက် အာရုံဝင်စားဖို့က တစ်လ ကြာချင် ကြာမယ် ၊ တစ်နှစ် ကြာချင် ကြာမယ် ။ သူ့အလိုလို ပေါ်လာတာ မဟုတ်ဘဲ ရှာယူရတဲ့ ကုန်ကြမ်းမျိုးကို မူတည်ပြီး ( အခု အချိန်အထိ ) ဝတ္ထု မရေးတတ်သေးပါဘူး ။ ဒီတော့ ကျွန်မ ပြောနိုင်တာ တစ်ခုတော့ ရှိတယ် ။ ဝတ္ထုတိုတစ်ပုဒ် ဘယ်လို ရလာတယ် ဆိုတာမျိုးလေ ၊ ဘယ်ဝတ္ထုအကြောင်း ပြောကြမလဲ ။
⏯ ကျွန်တော် ပြောစေချင်တာကတော့ ပေဖူးလွှာ မှာ ရေးခဲ့တဲ့ “အမေ”ဝတ္ထုပါ ။
🅹 ကျွန်မ ရေးခဲ့သမျှ ဝတ္ထုတိုတွေ ထဲမှာ ဝတ္ထုတို ရေးနည်း အတတ်ပညာနဲ့ ပတ်သက်ပြီး နှစ်သက်ကျေနပ်စရာ ဖြစ်ခဲ့သလောက် ကိုယ့်ဟာကိုယ် ပြန်ဖတ်ဖို့ ဘယ်တော့မှ စိတ်မရဲခဲ့တဲ့ ဝတ္ထုမျိုး ရှိတယ်ဆိုရင် အဲဒါ အမေ ဝတ္ထုပဲ ဖြစ်ပါလိမ့်မယ် ။
မြန်မာအမျိုးသမီး အများစုလိုပဲ ၊ ကျွန်မက အမေကို သိပ်ချစ်ပြီး သိပ်အထင်ကြီးခဲ့တယ် ။ ကျွန်မရဲ့ အမေက ထက်မြက်တယ် ၊ ရဲရင့်တယ် ၊ ဉာဏ်ကောင်း တယ် ၊ ဟန်မဆောင်တတ်ဘူး ၊ ရိုးသားပွင့်လင်းတယ် ၊ ဘာပကာသနမှ မရှိတဲ့ ကျေးရွာနေ စရိုက်လက္ခဏာမျိုး ရှိတယ် ။ အမေ လွန်ခဲ့တဲ့ သုံးနှစ်လောက်က ဆုံးသွားတော့ အမေ့အကြောင်းကို ဝတ္ထုရေးဖို့ တစ်ခါတစ်ခါ စိတ်ကူးရတယ် ။ ဒါပေမဲ့ ကျွန်မ အမြဲတမ်း နောက်ဆုတ်ခဲ့တယ် ။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ့်လက်ကိုယ် မယုံလို့ဘဲ ။ အမေ့အကြောင်းကို သရုပ်ဖော်နိုင်လောက်အောင် ကျွန်မ လက်က ထိုက်တန်ရဲ့လားလို့ အမြဲ သံသယ ရှိခဲ့ပါ တယ် ။ တစ်ချိန်ချိန်မှာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရလာရင်တော့ ရေးဖြစ်မလား မသိဘူး ။
ဒီနေရာမှာ အမေနဲ့ ပတ်သက်နေတဲ့အတွက် မဆီမဆိုင်ဘဲ ဖြတ်ပြောရဦးမယ် ။ မနှစ်က ထုတ်တဲ့ မဂ္ဂဇင်းလား ဘာလား မမှတ်မိဘူး ၊ သိပ်မကြာသေးတဲ့ မဂ္ဂဇင်းအသစ်ထဲမှာ စာရေးဆရာတစ်ယောက်က အမှတ်တရ ရဲ့ မကောင်းသတင်းတွေ ဆိုးကွက်တွေကို ကဗျာရှည်တစ်ပုဒ်နဲ့ ရှုတ်ချခဲ့ဖူးပါတယ် ။ တစ်ပုဒ်လုံး အနေနဲ့ ဘာမှ မပြောချင်ပေမဲ့ အမေနဲ့ ပတ်သက်တာတော့ တိုက်ဆိုင်လို့ ပြောပြဦးမယ် ။
အဲဒီအထဲမှာ သူက အမှတ်တရ ဝတ္ထုမှာ အမေ ဆိုတဲ့ စကား လုံးဝ မပါခဲ့တဲ့အတွက် စာရေးသူကို ပြစ်တင် ရှုတ်ချ ကဲ့ရဲ့ချင်တဲ့ သဘောမျိုး ရေးထားတယ် ။ အမေ မွေးထုတ်ခဲ့လို့ ၊ အမေ ထောက်ပံ့ခဲ့လို့သာ တက္ကသိုလ်မှာ ပညာသင်နိုင်တာမို့ အမေ့အကြောင်း လုံးဝ မပါတော့ အပြစ်ကြီး တစ်ခုလို့ သူ ဆိုချင်တယ်နဲ့ တူတယ် ။
ဘာဆိုင်လဲ ၊ အမှတ်တရမှာ ကျွန်မ ဖွဲ့ခဲ့တာက ချစ်သူနှစ်ဦးရဲ့ အချစ် ၊ သဘောတရား ၊ အယူအဆ ဒါတွေပဲ မဟုတ်လား ။ ဒီဝတ္ထုမှာ အမေအကြောင်းလည်း မလိုဘူး ၊ အဖေအကြောင်းလည်း မလိုဘူး ၊ ဗီလိန်လည်း မလိုဘူး ၊ သူတို့ချင်း ကွဲရတာဟာ မောင့်ဘက်က ချို့ယွင်းမှု ၊ ပျက်ကွက်မှုတစ်ခုတည်းကြောင့်ပဲ ၊ ကြားလူဖျက်လို့ ပျက်ရတဲ့ ဇာတ်လမ်းမျိုးလည်း မဟုတ်ဘူးလေ ။ ထားလိုက်ပါတော့ အဲဒီအကြောင်း ... ။
အခုန ပြောတဲ့ အမေဝတ္ထုမှာ ဇာတ်ကောင်ဆိုလို့ အမျိုးသမီးလေး တစ်ယောက်ပဲ ပါတယ် ။ သူက မကွေးကောလိပ်မှာ ကျောင်းဆောင်နေတဲ့ ကျောင်းသူ တစ်ယောက်လေ ။ ဒီ ဇာတ်လမ်းရဲ့ မူရင်းကို ကျွန်မရဲ့ ညီမလေး ‘ ဝိုင် ’ ဆီက ရပါတယ် ။ သူနဲ့ ကျွန်မက အိမ်မှာ အရင်းနှီး အပွင့်လင်းဆုံး သူငယ်ချင်းပေါင်း ပေါင်းတဲ့ ညီအစ်မပေါ့ ။ သူက ကျောင်းပိတ်ရက် အိမ်ပြန်လာတဲ့ တစ်နေ့တော့ ကျွန်မကို သူ့အိပ်မက်အကြောင်း ပြောပြ တယ် ။ အမေ့ကို အိပ်မက် မက်တဲ့အကြောင်းပေါ့ ။ အိပ်မက်မက်ပြီး နှစ်ရက် ၊ သုံးရက်အတွင်း သူ့အခန်းနံရံမှာ တောက်တဲ့ကြီး တစ်ကောင် ဘယ်လို ရောက်လာမှန်းမသိ ရောက်လာခဲ့တယ်လို့ ပြောပါတယ် ။ တစ်ခန်းတည်းနေ သူငယ်ချင်းရော ၊ သူရော ကြောက်လန့်ပြီး ခြောက်ထုတ်ဖို့ ကြိုးစားသတဲ့ ။ ဘယ်လို ခြောက်ထုတ် ထုတ်နေရာ မရွေ့ဘဲ တွယ်ကပ်နေတာပဲတဲ့ ။ တောက်တဲ့ ဆိုတာမျိုးက တွယ်မိရင် မခွာတော့ဘူး မဟုတ်လား ။ နောက်ဆုံးမှာတော့ သူ အပြင်ခဏ သွားနေတုန်း အဆောင်စောင့် အဘိုးကြီးနဲ့ သူ့သူငယ်ချင်းနဲ့ သတ်ပစ်သလား ခြောက်ထုတ်သလား မသိ ၊ သူ ပြန်လာတော့ တောက်တဲ့ကြီးကို မတွေ့တော့ဘူးလို့ ပြောပါတယ် ။
သူ ပြောခဲ့တဲ့ စကားတစ်ခွန်းက တော်တော်လန့်ဖို့ကောင်းတယ် ။ “ ဒီအဖြစ်ဟာ သွေးရိုးသားရိုးမှ ဟုတ်ပါ့ မလားဟင် ” တဲ့ ။ ကျွန်မတို့ အဲဒီလို ပြောဆိုဆွေးနွေး ၊ သူ့ကို နှစ်သိမ့်ပြီး လတွေ ရက်တွေ ကြာလာတော့ ကျွန်မ သူ့ကို အကြံပေးမိတယ် ။ နင် ဒီအကြောင်း ဝတ္ထုရေးပါလားလို့ ၊ အဲဒီတော့ သူက လက်ရှောင်တယ် ၊ သူ မနိုင်ဘူးလို့ ထင်တယ်တဲ့ ။ ကျွန်မ ရေးချင်ရင် ရေးပါ လားလို့ ခွင့်ပေးပါတယ် ။ ကျွန်မလည်း ရေးဖို့ သဘောတူ လိုက်ပြီး တော်တော်နဲ့ မရေးဖြစ်ခဲ့ပါဘူး ။ အမေနဲ့ ပတ်သက်ပြီး နည်းနည်းပါးပါး ပါရမှာ ဆိုတော့ ကျွန်မ လက်တွန့်နေခဲ့တာပေါ့ ။ နောက်ဆုံးတော့ ကျွန်မ အား တင်းလိုက်တယ် ။ ကျောင်းသူလေးရဲ့ နေရာမှာ ကျွန်မ ဝင်နေကြည့်တယ် ။
ခက်တာက တောက်တဲ့ ဆိုတာကို ကျွန်မ တစ်သက်မှာ တစ်ခါမှ နီးနီးကပ်ကပ် မမြင်ဖူးဘူး ။ ဒီတော့ တောက်တဲ့ ဆိုတဲ့ နေရာမှာ အခြားသတ္တဝါတစ်ခုကို အစားထိုးဖို့ စဉ်းစားပါတယ် ။ ဒီမှာ ကျွန်မ စဉ်းစား မိတာက မကွေးက မြွေအလွန်ပေါတဲ့ အရပ် ဆိုတာပါပဲ ။ နောက်ပြီး မြွေဟာ တောက်တဲ့ထက် ပိုပြီး ဆွဲဆောင်နိုင်လိမ့်မယ် ။ သူက ဝတ္ထုကို ပိုပြီး Serious ဖြစ်စေလိမ့်မယ်လို့လည်း တွက်ပါတယ် ။
ဒီလိုနဲ့ ကျွန်မဟာ မြွေနဲ့ပတ်သက်တဲ့ စာအုပ်စာတမ်းတွေ ၊ နိုင်ငံခြားဝတ္ထုတွေကို လေ့လာဖတ်ကြည့်ပါ တယ် ။ ဇာတ်လမ်းဇာတ်ကွက်ကို ကျွန်မ ဖြည့်ပြီး ဖန်တီး ယူလိုက်ပါတယ် ။ အဲဒီဝတ္ထုကို ရေးရင်း ရေးရင်း အဖြစ်အပျက်ကို ကြောက်ရွံ့လာလို့ စာအုပ်နဲ့ ဖောင်တိန်ကို ပစ်ချထားလိုက်ရတဲ့ ရက်တွေလည်း ရှိပါတယ် ။ ခြောက်လ ၊ ခုနစ်လလောက် ကြာသွားတယ် ။ ဒါပေမဲ့ နောက်ဆုံးတော့ ဝတ္ထုပြီးသွားခဲ့တယ် ။ အဲဒီ ဝတ္ထုရေးရင်း ဘယ်နှကြိမ် မျက်ရည်ကျမိသလဲဆိုတာ မမှတ်မိဘူး ။ စာရေးရင်း မျက်ရည်ကျရတဲ့ ဝတ္ထုဆိုလို့ နှစ်ပုဒ်ပဲ ရှိပါတယ် ။ တစ်ပုဒ်က အမေ ၊ တစ်ပုဒ်က အဝေးဆုံး ခရီးသို့ အနီးဆုံး အချိန် ဝတ္ထုပါပဲ ။
⏯ “ မိုးသည်းတဲ့ ညတစ်ညမှာ အဓမ္မအကျင့်ခံလိုက်ရတဲ့ မိန်းကလေးတစ်ယောက်ရဲ့အကြောင်း ရေးထားတဲ့ “ သူမ၏မိုး ” ဝတ္ထုမှာ မိန်းကလေးရဲ့ စိတ်အခြေ အနေက အဓမ္မကျင့်သွားတဲ့လူကို စွဲနေတယ်လို့ ဆိုလိုတာလား ၊ မိန်းမတွေရဲ့ စိတ်ထဲမှာ ဒီလိုခံစားမှု ရှိနိုင်ပါသလား ။
🅹 သူမ၏မိုး ဝတ္ထုမှာ အဓိပ္ပာယ်နှစ်ခွ တွေးယူလို့ ရပါတယ် ။
မိုးမရွာဘဲနဲ့ ရွာတယ်လို့ ထင်တာ ၊ မိုးခြိမ်းသံကို ကြားယောင်မိတာ ၊ မိုးရဲ့ စိုစွတ်တဲ့ ရွှံ့မြေအနံ့ကို ရတယ်လို့ ထင်မိတာ ၊ အဲဒါတွေဟာ တကယ် မဟုတ်ဘဲ ထင်ယောင်ထင်မှားဖြစ်မှု ( Hallucnation ) တွေပါ ။ Hallucination ကို Psychosis ရောဂါသည်တွေထဲမှာ အများ သိကြပြီး ဖြစ်တဲ့ စိတ်ကစဉ့်ကလျားရောဂါသည် ( Schizophrenia ) တွေ ပါဝင်ပါတယ် ။ Paraphrenia ဆိုတဲ့ ရောဂါသည်တွေမှာလည်း Hallucination ရတတ်တယ် ။ စိတ် ကယောင်ချောက်ချားဖြ စ်လောက်အောင် ကြောက်လန့်နေတဲ့ Neurosis ရောဂါသည် တစ်ဦးမှာလည်း Hallucination ကို တွေ့ရတတ်ပါတယ် ။ နောက်ပြီး အရက် ၊ သို့မဟုတ် မူးယစ်ဆေးဝါး တစ်ခုခု စွဲနေတဲ့ ဝေဒနာသည်တွေမှာ အဲဒီအရာကို ဖြတ်လိုက်တဲ့အခါ Hallucination ရတတ်ပါတယ် ။
ဒီဝတ္ထုမှာ ဇာတ်လိုက်အမျိုးသမီးက သူ အဓမ္မကျင့်ခံလိုက်ရတဲ့ မိုးသည်းတဲ့ ညအကြောင်းကို ပြန် မတွေးချင်လောက်အောင် ကြောက်ရွံ့ထိတ်လန့်နေခဲ့မယ် ၊ နောက်တစ်ခါ ပြန်ဖြစ်ပျက်မှာကို စိုးရွံ့နေခဲ့မယ် ၊ အဲဒီ စိတ်အခြေအနေမျိုးမှာ Hallucination ရနိုင်ပါတယ် ။ နောက်တစ်မျိုး စဉ်းစားစရာရှိတာက ဒီလူ့ အပေါ်မှာ သူ့ရဲ့ သိစိတ် ( Conscious mind ) က စွဲလမ်းသွားတာလည်း ဖြစ်နိုင်ပါတယ် ။
စိတ်ဆိုတာ အလွန်ဆန်းကြယ်တဲ့ အရာပဲ မဟုတ်လား ။ ဒါကတော့ ကြိုက်သလို လှည့်ပတ်တွေး ယူဖို့ပါပဲ ။
လူတွေမှာ မသိစိတ်ဆိုတာ ဖုံးကွယ်မှုရဲ့ နောက်မှာ အမြဲတမ်း ရှိနေတာပဲ ၊ ဒီတော့ မိန်းမတွေရဲ့စိတ်ထဲမှာ ဒီလို ခံစားမှုမျိုး ရှိနေနိုင်ပါတယ် ။ အရေအတွက်အားဖြင့် အလွန် နည်းပါးသည့်တိုင်အောင်ပေါ့လေ ။ ဥပမာ မိန်းမတစ်ရာမှာ တစ်ယောက်နှုန်းပဲ ဖြစ်ဖြစ်ပေါ့ ။ စောစောက ပြောတဲ့ subconscious mind ထဲမှာပေါ့ ။ ဆေးဘက်ဆိုင် ရာ စိတ်ပညာအလိုအရတော့ ဒီအဖြစ်မျိုးတွေ အများကြီးပါပဲ ။
⏯ ဝတ္ထုတို အကြောင်း ပြောရင်း ကျွန်တော် ဖြတ်မေးပါရစေ ။ ဆရာမ ကို ကျွန်တော်က အချစ်ဝတ္ထုရေး ဆရာမလို့ ကင်ပွန်းတပ်ရင် လက်ခံနိုင်မလား ။ ( စာရေး ဆရာမတစ်ယောက်ရဲ့ အင်တာဗျူးမှာ ကျွန်တော် ဒီလို မေးတော့ ဆတ်ဆတ်ခါ နာဖူးလို့ပါ ) ။
🅹 ဒါကတော့ ဘယ်စာရေးသူမဆို အချစ်ဝတ္ထုရေး ဆရာလို့ နာမည်တပ်ခံရရင် အနည်းနဲ့အများ အောင့်သက်သက် ဖြစ်ကြမှာချည်းပါပဲ ။ အထူးသဖြင့် တခြား စာပေအမျိုးအစားပါ ရေးတဲ့ စာရေးဆရာတွေကပေါ့ ။
ကျွန်မ ကတော့ အချစ်ဝတ္ထုကို အရေးများတာ အမှန်ပဲ ။ အချစ်အကြောင်း စိတ်ဝင်စားတဲ့ အချိန်မှာ အချစ်ကို နည်းအမျိုးမျိုးနဲ့ တွေးခေါ်စဉ်းစားပြီး အချစ် ဝတ္ထုကို ရေးခဲ့ပါတယ် ။ ဒါပေမဲ့ ကျွန်မကို အချစ်ဝတ္ထု စာရေးဆရာမလို့ နာမည်တပ်ရင်တော့ ပျော်ပျော်ရွှင်ရွှင် လက်ခံမိမှာ မဟုတ်ပါဘူး ။
ဒါပေမဲ့ အမှန်အတိုင်း ပြောရရင် ကျွန်မ အခု အချိန်ထိ ဝတ္ထုတို ၂၁ ပုဒ် ရေးပြီးပြီ ။ ဒီအထဲမှာ အချစ် ဝတ္ထု မဟုတ်တာဆိုလို့ ရှစ်ပုဒ်ပဲ ပါတယ် ။ အဲဒီ ဝတ္ထုတွေ ကို ကျွန်မ ရေတွက် ပြမယ် ။
(၁) အဝေးဆုံးခရီးသို့ အနီးဆုံးအချိန် ၊
(၂) သူမ၏မိုး ၊
(၃) ရေမျောသီး ၊
(၄) သေတမ်းစာ ၊
(၅) အမေ ၊
(၆) သစ်တောလမ်း ၊
(၇) ကောင်းကင်မပါသောည ၊
(၈) ကျီစားပြက်ရယ် ( အဲဒါက ကောလိပ်
မဂ္ဂဇင်းထဲမှာ ရေးတဲ့ဝတ္ထုပါ ။ )
ဒီတော့ ရာခိုင်နှုန်းနဲ့ တွက်ကြည့်ရင် အချစ်ဝတ္ထုက ၆၁ ရာခိုင်နှုန်းလောက်ရှိတယ် ။ ၅ဝ ရာခိုင်နှုန်း ထက် ပိုတဲ့ အတွက် ကျွန်မက အချစ်ဝတ္ထုရေးဆရာ ဖြစ်နေပါတယ် ။ တစ်ခု ရှိတာက အချစ်ဝတ္ထုရေးရတဲ့ အခက်အခဲပဲ ။
အချစ်ကို စိတ်ဝင်စားလို့ရတဲ့ အချိန်မှာ ရေးရင် အဲဒီအချစ်ဝတ္ထု ၊ ပြောင်မြောက်ပီပြင်မှာပဲ ။ လူ့ဘဝကို စိတ်ညစ်ညူးစရာ အနိဋ္ဌာရုံတွေအဖြစ် စိတ်ကုန်ခန်းနေတဲ့ အချိန်မှာ အချစ်ဝတ္ထုကို ရေးဖို့ မကြိုးစားနဲ့ ၊ အလကားပဲ ။ ကျွန်မဖြင့် အခုအချိန်မှာ အချစ်ဝတ္ထုရေးဖို့ တော်တော် စိတ်ကုန်နေပါပြီ ။ ၁၉၈၆ ခုနှစ်မှာ အမှတ်တရကို ရေးခဲ့တယ် ။ လွယ်လွယ်ကူကူ ရေးခဲ့တာပဲ ။ ဒါပေမဲ့ အခု ၁၉၈၉ ခုနှစ်မှာ လုံးချင်းဝတ္ထုအသစ် ရေးကြည့်တယ် ။ တော်တော်ပင်ပန်းတဲ့ အလုပ်ပါပဲ ။ ဒီသုံးနှစ် အတွင်း ကျွန်မ ဝတ္ထုတို ငါးပုဒ် ရေးဖြစ်တယ် ။ ငါးပုဒ်လုံး အချစ်ဝတ္ထု မဟုတ်ဘူး ။
ကျွန်မကို ဘယ်လိုပဲ ကင်ပွန်းတပ်တပ် ကျွန်မ ဘာမှ မပြောလိုပါဘူး ။ အရေးကြီးတာက ဝတ္ထုရဲ့ အနှစ်သာရပါ ။ အချိန်က အဆုံးအဖြတ်ပေးပါလိမ့်မယ် ။
⏯ ဆရာမ စာဖတ်ပါသလား ။
🅹 ကျွန်မ အချိန်အား ရတဲ့အခါတိုင်း တတ်နိုင်သမျှ စာဖတ်ပါတယ် ။
⏯ ဘယ်လိုစာမျိုးတွေ ဖတ်ပါသလဲ ။
🅹 ဖတ်တဲ့စာကတော့ အစုံပဲ ၊ ငယ်ငယ်တုန်းက ဖတ်တဲ့စာက တစ်မျိုး ၊ စာရေးဖို့ ကြိုးစားချိန်မှာ ဖတ်တဲ့စာက တစ်မျိုး ၊ စာစ,ရေးတဲ့အချိန်မှာ ဖတ်တာက တစ်မျိုး ၊ အခု စာရေးဆရာလို့ အများက သတ်မှတ်လာကြတဲ့ အချိန်မှာ ဖတ်တဲ့ စာက တစ်မျိုးပေါ့ ။ အင်္ဂလိပ်လူမျိုး စာရေးဆရာ ဖရန်စစ်ဘေကန် ပြောတဲ့ စကားတစ်ခု ရှိတယ် ။ တချို့ စာက မြည်းကြည့်ဖို့ ကောင်းတယ် ၊ တချို့ စာကို မျိုချရမယ် ၊ တချို့စာ ကတော့ ကြေညက်အောင် ဝါးစားဖို့ ကောင်းတယ်တဲ့ ။ စာအမျိုးမျိုး ရှိတဲ့ အထဲမှာ ကျွန်မ အကြိုက်ဆုံးစာ အမျိုးအစားကတော့ ဝတ္ထုတို ပဲ ။ ဒီတော့ ဝတ္ထုတိုတွေကို အဖတ်များပါတယ် ။ ဒါကလည်း ကျွန်မ လက်လှမ်းမီသလောက်ပေါ့ ။ အမျိုးသမီး တစ်ယောက်အနေနဲ့ လက်လှမ်းမီသလောက် ၊ ဆရာဝန်တစ် ယောက်အနေနဲ့ အချိန်ပေးနိုင်သလောက်ပေါ့ ။
မြန်မာစာကို စပြီး ဝါသနာပါတဲ့ အရွယ်ကတော့ ကဗျာ့ပန်းကုံးစာအုပ် ၊ ကဗျာ သီကုံးနည်း စာအုပ် တို့ ၊ ကဝိဘာရတီကျမ်းတို့ ၊ အဲဒါတွေကို လေ့လာကျက်မှတ်ခဲ့တယ် ။ ဒွေးချိုး ၊ လေးချိုး ၊ တေးထပ် ၊ ရတု ၊ ဘောလယ် ရေးနည်းတွေကို ဥဒါဟရုဏ်တွေနဲ့ ဖော်ပြထားတာ အလွန် စိတ်ဝင်စားခဲ့တာပေါ့ ။ အဲဒီအထဲမှာ ကျွန်မ သဘောအကျဆုံး ကဗျာအမျိုးအစားက ရတုပါ ။ နတ်သျှင်နောင်ရဲ့ ရတုတွေ ၊ ရဝေရှင်ထွေးရဲ့ ရတုတွေ ၊ ဓာတုကလျာရဲ့ ရတုနဲ့ နဝဒေး ရတုတွေ ။ ဒါတွေ တော်တော်များများကို နှစ်သက်ခဲ့တယ် ။ ဒါကြောင့် ကျွန်မ ခြောက်တန်း ၊ ခုနစ်တန်းလောက်က စပြီး ရတု စပ်နည်း ပေါင်းစုံကို စိတ်ဝင်တစားလေ့လာခဲ့တယ်လေ ။ စကားပြေ အနေနဲ့တော့ မင်းဘူးဦးသြဘာသရဲ့ ဝေဿန္တရာ ဇာတ်တော်ကြီးပေါ့ ။
စာရေးဖို့ စိတ်ပါလာတဲ့ အချိန်မှာတော့ ဘာသာပြန်ဝတ္ထုတိုတွေကို ကြိုက်တတ်လာပါတယ် ။ အဲဒီ အချိန်တုန်းက အမေရိကန်ဝတ္ထုတိုရေးဆရာ အိုဟင်နရီ ရဲ့ ဝတ္ထုတွေကို သဘောကျခဲ့တယ် ။ သူ့ဝတ္ထုလေးတွေက စိတ်ကူးဆန်းကြယ်တယ် ၊ တစ်ခါတစ်ခါ လျှို့ဝှက်သည်းဖို ဆန်တယ် ၊ တစ်ခါတစ်ခါ ရိုမန်တစ်ဆန်တယ် ။ သူက ဝတ္ထုတိုဖွဲ့တဲ့ နေရာမှာ အလှည့်ကောင်း ခေါ်ရမှာပေါ့ ။ စနစ်တကျလေး လှည့်ယူတဲ့ ဇာတ်ကွက်ပဲ ။ Wonderful Ending တွေနဲ့ အဆုံးသတ်လေ့ရှိပါတယ် ။ The Last Leaf ဆိုရင် ကျွန်မ ဆယ်တန်းနှစ်တုန်းက အကြိုက်ဆုံး ဝတ္ထုတိုလေးပေါ့ ။ အသက် ၁၆ နှစ် အရွယ်မှာ အဲဒါကို မှီးပြီး ဝတ္ထုတိုလေး တစ်ပုဒ်တောင် ရေးခဲ့မိလောက်အောင် ကြိုက်ခဲ့မိတာပါ ။ အိုဟင်နရီ ရဲ့ ဝတ္ထုတိုတွေကို စကားလုံး ၁၀၀၀ ၊ သို့မဟုတ် ၂၀၀ ၀- ၃၀၀၀ လောက်နဲ့ ပြန်ရေးပြီး စုထုတ်ပေးတဲ့ ( Ladder Series စာအုပ်ကလေးလို့ ထင်တယ် ) စာအုပ်တစ်အုပ်ကို ရလာတဲ့ အချိန်မှာ အင်္ဂလိပ်ဘာသာနဲ့ ဝတ္ထုစ,ဖတ်ဖို့ ကြိုးစားခဲ့တော့တာပါပဲ ။
ဝတ္ထုရှည်အနေနဲ့တော့ အမေရိကန်စာရေးဆရာအားနက်(စ်)(တ်) ဟဲမင်းဝေးကို သဘောကျခဲ့တယ် ။ ဝေး ပေါ့ ... ဝေးပေါ့ .. ဆိုတဲ့ ခေါင်းစဉ်နဲ့ သန်းဆွေ ဘာသာပြန်တယ် ထင်တယ် ။ ဘာသာပြန်စာအုပ် A Farewell to Arms ဝတ္ထုကို စာဖတ်ရပါတယ် ။ နောက်ထပ် တွေ့လာတဲ့ စာအုပ်က ကိုကို ဘာသာပြန်တဲ့ ခေါင်းလောင်းသံ ( For Whom The Bell Tolls ) ပါပဲ ။ ပင်လယ်ပြာနှင့် တံငါအို ( The Old Man and The Sea ) ကိုတော့ တက္ကသိုလ် ရောက်မှ ဖတ်ဖူးတာပါ ။
တက္ကသိုလ် ပထမနှစ် ရောက်တော့ ဆရာကြီး ရွှေဥဒေါင်းရဲ့ တစ်သက်တာမှတ်တမ်းနှင့် အတွေးအခေါ် များ စာအုပ်ကို ဖတ်ပြီး ဆရာကြီးကို ထိုင်ရှိခိုးချင်လောက်အောင် လေးစားသွားခဲ့တယ် ။ အဲဒီနှစ်မှာပဲ ဆရာကြီး ဒဂုန်တာရာရဲ့ စာအုပ်တွေ ရှာဖတ်ခဲ့တာပါပဲ ။ မှတ်မှတ်ရရ အဲဒီနှစ်မှာ ဆရာတက်တိုး ရဲ့ ဆောင်းပါးပေါင်းချုပ် စာအုပ်တွေနဲ့အတူ ဆရာကြီးမောင်ထင် ရဲ့ ကမ္ဘာ့ဝတ္ထုတို ပေါင်းချုပ်စာအုပ်ကို ဖတ်ရတယ် ။ အဲဒီမှာ ကျွန်မ တော်လ်စတွိုင်း နဲ့ ချက်ကော့ဗ် ကို စတင် သိကျွမ်းခဲ့ပါ တယ် ။ တော်လ်စတွိုင်း ရဲ့ လူတစ်ကိုယ်လျှင် မြေမည်မျှ လိုသနည်း How Much Land Does a Man Need ဆိုတဲ့ ဝတ္ထုကို ကျွန်မ သိပ်ကြိုက်သွားတယ် ။ အဲဒီ ဝတ္ထုတို ပေါင်းချုပ် စာအုပ်ထဲက ချက်ကော့ဗ် ရဲ့ လောင်းကစားမှ ( The Bet ) ဝတ္ထုဟာ ကျွန်မအာရုံမှာ လပေါင်းများစွာ စိုးမိုးခဲ့တယ် ။ အဲဒီ စာအုပ်ထဲမှာ ချက်ကော့ဗ် ရဲ့ ဝတ္ထုတို ၄ ပုဒ် ဖတ်ရတယ် ။ လူ့ပုတ်သင် ဆိုတဲ့ ဝတ္ထု ( The Chamelon ) တဲ့ ။ နောက်တစ်ပုဒ်က တရားခံ ဆိုတဲ့ ဝတ္ထု ( The Culprit ) တဲ့ ။ နောက်တစ်ပုဒ်က အမနာပ. .. ၊ နောက်တစ်ပုဒ်ကတော့ လောင်းကစားမှု ပါပဲ ။ ဒီမှာတင် ကျွန်မ ကြေညက်အောင် ဝါးစားရမယ့် စာအမျိုးအစား ဟာ ချက်ကော့ဗ်ရဲ့ စာတွေပဲလို့ ကျွန်မ သိခဲ့တယ် ။
ကျွန်မ နောက်ဆုံးနှစ်အပိုင်း ( က ) ရောက်လာတော့ မြန်မာဘာသာပြန် ပြင်သစ်ဝတ္ထုတွေကို ကြိုက်တတ်စပြုလာပါတယ် ။ ပထမဆုံး စဖတ်တဲ့ ဝတ္ထုက ကမူး ရဲ့ ပလိပ် ဝတ္ထုပါ ။ ပထမဆုံးအကြိမ် စဖတ်တော့ အစအဆုံး မဖတ်နိုင်ခဲ့ဘူး ။ နောက်တစ်ကြိမ် အစ ကနေ ပြန်ဖတ်ကြည့်တော့ အဲဒီဝတ္ထုကို တော်တော် သဘောကျ သွားတယ် ။ အထပ်ထပ် အခါခါ မရိုးနိုင်ဘဲ ဖတ်နေမိလို့ တချို့စာကြောင်းတွေ စာပိုဒ်တွေကို အလွတ်ရလုနီးပါး ဖြစ်ခဲ့တယ် ။ ကျွန်မ စိတ်အထင်တော့ ဒီဝတ္ထုကို အိပ်ရာ ဘေးမှာ ချထားမိပြီး အားတဲ့အချိန်တိုင်း ကောက်ကိုင်ဖတ် ခဲ့မိတယ်ထင်တယ် ။ ဒီနောက်တော့ စည်းအပြင်ကလူကို ရှာဖတ်ပါတယ် ။ ကမူးကို ဖတ်ပြီဆိုတော့ ဆာ့(တ) က အလိုလို တွဲပါလာခဲ့တော့တာပဲ ။ ဆရာမြသန်းတင့် ဘာသာပြန်တဲ့ ဝတ္ထုတိုစာအုပ်ထဲက “ နာမည်ကြီးအောင်လုပ်နည်း ” ဝတ္ထုကလွဲလို့ ဆာ့(တ) ရဲ့ တခြား မြန်မာဘာသာ ပြန်ဝတ္ထု ကျွန်မ မတွေ့ခဲ့ရဘူး ။ လက်လှမ်းမီရာ အင်္ဂလိပ် ဘာသာပြန်တွေကို လိုက်ရှာတဲ့အခါ The Wall ဆိုတဲ့ ဝတ္ထုတိုကို တွေ့ပြီး ဖတ်ခဲ့ရပါတယ် ။ ဆာ့(တ) နဲ့ ကမူး ကို ဖတ်ရင်းနဲ့ မသိလို့ မဖြစ်တဲ့ အကြောင်းအရာ ၊ ခေါင်းစီး တစ်ခုကို သွားတွေ့တယ် ။ အဲဒါကတော့ အနောက်တိုင်း ဒဿနပညာပဲ ။ ကျွန်မရဲ့ အသက်မွေးဝမ်းကျောင်းမှုနဲ့ ဘာမှ မဆိုင်တဲ့ ဒဿန Philosophy ဘာသာရပ်ကို ကျွန်မ တာဝန်တစ်ခု အနေနဲ့ လေ့လာခဲ့ပါတယ် ။ အဲဒါတွေက တော့ ကျွန်မ ဖတ်တဲ့ စာတွေရဲ့ ကောက်နုတ်ချက် အကျဉ်းပဲပေါ့ ။
⏯ စာရေးချင်တဲ့ သူတွေ ဘယ်လို စာမျိုး ဖတ်သင့်တယ်လို့ လမ်းညွှန်ချင်ပါသလဲ ။
🅹 စာရေးချင်တဲ့ သူတွေကို ဘယ်လိုစာမျိုး ဖတ်သင့်တယ်လို့ ကျွန်မတော့ လမ်းမညွှန်လိုပါဘူး ၊ စာဆိုတာ များများ ဖတ်လေ ကောင်းလေပဲ ၊ ဘာသာရပ် အစုံ ဖတ်နိုင်ရင် ပိုကောင်းမှာပေါ့ ၊ စာဖတ် များလာတာနဲ့အမျှ ၊ စာဖတ်သက် ရင့်လာတာနဲ့အမျှ ဘယ်လိုစာမျိုးကို ရွေးချယ်ဖတ်ရမယ်ဆိုတာ အလိုလို သိလာပါလိမ့်မယ် ။ ကိုယ်က ဘယ်လို အစ်ဇင်(မ်)မျိုးကို သဘောကျသလဲ ၊ အဲဒီအချက်ပေါ် မှာ မူတည်ပြီး ကြိုက်နှစ်သက်တဲ့ စာအမျိုးအစား ၊ ဖတ်တဲ့ စာအမျိုးအစား ကွဲသွားမှာပဲ ။
ကျွန်မအမေက ကျွန်မကို ဝတ္ထုစာအုပ် ၂ အုပ် ၊ ၃ အုပ်နဲ့ စတင်ပြီး ဝတ္ထုစာပေနဲ့ မိတ်ဆက်ပေးလာတာက လွဲလို့ ကျွန်မကို ဘယ်လိုစာမျိုး ဖတ်သင့်ကြောင်း လမ်းညွှန်ပြသပေးမယ့်လူ မရှိခဲ့ပါဘူး ။ ကျွန်မ ဖတ်တဲ့ စာတွေ များလာတာနဲ့အမျှ တဖြည်းဖြည်း ကိုယ်လိုချင်တဲ့ ဘာသာရပ်ကို ကိုယ့်ဘာသာကိုယ် တာဝန်ယူ ရွေးချယ်လာခဲ့ရတာပါပဲ ။ စာရေးချင်တဲ့ ဘယ်သူမဆို ကိုယ်တိုင် တဖြည်းဖြည်းချင်း လေ့လာယူဖို့ လိုပါလိမ့်မယ် ။ ဖတ်ရင်းနဲ့ ကိုယ်နဲ့ မတိုက်ဆိုင်တဲ့ စာတွေ တွေ့လာရင်လည်း မျက်နှာ လွှဲတတ်လာပါလိမ့်မယ် ။ အသက်အရွယ် ၊ ဦးနှောက်ရဲ့ Capacity လေ့လာ မှတ်သားမှုဉာဏ် ၊ ကိုယ်ရွေးချယ်တဲ့ Ism ... အဲဒါတွေပေါ်မှာ မူတည်ပြီး စာဖတ်ကြတဲ့ လူတွေ ချည်းပါပဲ ။
⏯ ဒီနေ့ ရေးနေကြတဲ့ ဘဝသရုပ်ဖော်ဝတ္ထုတွေကို ဖတ်ဖူးပါသလား ၊ အဲဒီဝတ္ထုတွေအပေါ် ဆရာမ ဘယ်လို မြင်ပါသလဲ ။
🅹 ဘဝသရုပ်ဖော် ဝတ္ထုတွေကို ကျွန်မကိုယ်တိုင် မရေးပေမဲ့ စာဖတ်သူ တစ်ယောက်အနေနဲ့ အမြဲတမ်း စောင့်ဖတ်ပါတယ် ။ ဘဝသရုပ်ဖော်ဝတ္ထု ကောင်းပြီဆိုရင် ခံစားမှုဝတ္ထုကောင်းတစ်ပုဒ် ထက် ကာလကြာရှည်စွာ ဖမ်းစားထားနိုင်ပါတယ် ။ ဥပမာ - နိုင်ဝင်းဆွေ ရဲ့ ဝတ္ထုတွေကို ကျွန်မ သိပ်ကြိုက်တယ် ။ ရေဆန်လမ်း နဲ့ နွေတစ်ညကို ကျွန်မ မကြာခဏ ပြန်ဖတ်ပြီး ကိုယ်ပိုင် ဝယ်သိမ်းထားလောက်အောင် ကြိုက်ပါတယ် ။ ဘဝ သရုပ်ဖော်ဝတ္ထု အများစုဟာ အဖြစ်အပျက်တွေကို ဓာတ်ပုံ ရိုက်ထားသလို ဖြစ်နေတဲ့အတွက် ရုပ်လုံးကြွ မလာတတ်ဘူးလို့ ကျွန်မ ငယ်စဉ်ကတည်းက ထင်မြင်လာခဲ့တာကို နိုင်ဝင်းဆွေ ရဲ့ နွေတစ်ညကတော့ ပယ်ဖျက်ပစ်လိုက်နိုင်တာပါ ။ အခြေအနေ အမျိုးမျိုးနဲ့ အချိန်ကာလ အမျိုးမျိုး ပေါ်မှာ မူတည်ပြီး လှုပ်ရှားသွားတဲ့ ခင်ဝေ ရဲ့ ဇာတ်ကောင် Character ကို ရုပ်လုံးကြွလာအောင် စာရေးဆရာက ကျွမ်းကျင်စွာ ဖွဲ့သွားတယ်လို့ ကျွန်မ မြင်တယ် ။ ခင်ဝေ ရဲ့ ကလေးဆန်တဲ့ အပြုအမူ ၊ သနားဖွယ်ရာ မသိတတ်မှု ၊ မိခင်ဆန်တဲ့ ကရုဏာတရား ၊ ပကာသနမက်မောမှု ၊ ရုန့် ရင်းကြမ်းတမ်းမှု ၊ အဲဒါတွေကို စာရေးဆရာက ဘက်မလိုက်ဘဲ အကောင်းဆုံး ရေးပြသွားနိုင်တယ် ။
ဒီနေ့ ရေးနေကြတဲ့ ဘဝသရုပ်ဖော်ဝတ္ထုတွေကို နိုင်ဝင်းဆွေ ရဲ့ ကျွန်မ အကြိုက်ဆုံးဝတ္ထု တွေလောက် တော့ မခံစားရတာ အမှန်ပါပဲ ။ ဒါပေမဲ့လေ ... ရသ ဖန်တီးနိုင်စွမ်းအား နည်းနည်း အားနည်း နေတာရယ် ၊ တစ်ခါတလေ မလိုအပ်ဘဲ ဇာတ်ဆန်လွန်းတာတွေရယ် ကလွဲရင် အဆင့်အတန်း ရှိတဲ့ ဘဝသရုပ်ဖော်ဝတ္ထုတွေက များပါတယ် ။ ထပ်ကာထပ်ကာ တွေ့နေရတဲ့ ဇာတ်လမ်း မျိုးတွေလည်း ရှိတယ် ၊ ဇာတ်မဆန် ဆန်အောင် ဇွတ်ဖန်တီးထားတဲ့ ဇာတ်လမ်းမျိုးတွေလည်း ရှိပါတယ် ။ ဒီနေ့ ခေတ်မှာ စာရေးဆရာ အများစုဟာ Realism လိုင်းကို ရွေးချယ်မှု များလာတာ တွေ့ရတယ် ။
အဲဒါ ဝမ်းသာစရာပါပဲ ၊ တကယ် ယုံကြည်လို့ ရွေးချယ်ပြီး ရေးတာလား ၊ Realism ရေးမှ အဆင့်အတန်း ရှိတယ်ထင်လို့ မယုံကြည်ဘဲနဲ့ ခပ်ယောင်ယောင် လိုက် ရေးတာလား ၊ ကိုယ့် ကန့်သတ်ချက်နဲ့ ကိုယ် ချောင်ပိတ်မိပြီး မလှုပ်နိုင် ၊ မရှားနိုင် ဆက်ရေးနေရတာမျိုးလား ဆိုတာတော့ ဘေးလူအနေနဲ့ ထင်မြင်ချက် မပေးကောင်းပါဘူး ။ ကျွန်မ ကတော့ ကန့်သတ်ချက် တစ်ခုတည်း အတွင်းမှာ ကိုယ့်ကိုယ်ကိုယ် ဘောင်မခတ်ချင်ဘူး ၊ ပရိသတ်က စည်းတားပေးရင်လည်း တစ်ချိန်ချိန်မှာ ဖောက်ထွက်ဖို့ ကြိုး စားမိမှာပါပဲ ။ ကျွန်မက လွတ်လပ်မှုကို မြတ်နိုးတယ်လေ ။
⏯ “ ရေမျောသီး ” လို ဝတ္ထုမျိုးကို တော်တော်များများက ခံစားလို့ မရကြဘူး ၊ ခံစား မရကြခြင်းသည် ပင်လျှင် ဒီဝတ္ထုရဲ့ ဆိုလိုရင်းလား ။
🅹 ဒါဆိုရင် ကိုဝင်းငြိမ်း ကို ဒုတိယအကြိမ် ဝမ်းနည်းစကား ပြောရဦးမှာပေါ့လေ ၊ ရေမျောသီး ဆိုတာ Drifted Fruit ပေါ့ ၊ ခိုတွယ်ရာ နေရာ မရှိ ၊ အချိန် အကန့်အသတ် မရှိ ၊ ရေထဲမှာ တလိမ့်လိမ့် မျောပါသွားတဲ့ ဘယ် အသီးခြောက် မဆို ရေမျောသီးပါပဲ ။ အဲဒီဝတ္ထုကို ရေးစဉ်က ကျွန်မရဲ့ စိတ်တွေ မှီတွယ်ရာမဲ့ လွင့်မျောနေခဲ့သလားတော့ မမှတ်မိဘူး ၊ ဝတ္ထုထဲက အကြောင်းအရာတွေ အဖြစ်အပျက်တွေ ခံစားမှုတွေကိုတော့ ဆောက်တည်ရာ မရ ခပ်ကျဲကျဲ ပက်ဖျန်းပြီး ရေးလိုက်မိတာပဲ ။ ကျွန်မရဲ့ ဆိုလိုရင်းကို ပရိသတ်က ခံစားလို့ မရကြဘူး ဆိုတာကတော့ ကျွန်မရဲ့ Presentation ညံ့လို့ ဖြစ်မှာပါ ။
⏯ 1st Person နဲ့ ရေးတဲ့နေရာမှာ တချို့ ဝတ္ထုတွေကျတော့ အမျိုးသားတစ်ယောက် အနေနဲ့ ရေးရတာတွေ ရှိမှာပေါ့ ။ အဲဒီလို ရေးရတဲ့ အခါမျိုးမှာ အမျိုးသမီး စာရေး ဆရာမ တစ်ယောက်အနေနဲ့ အမျိုးသား တစ်ယောက်ရဲ့ စရိုက်ကို ရေးရတာ မခက်ခဲနိုင်ဘူးလား ။ အမျိုးသားတစ်ယောက် စိတ်ဓာတ်မျိုးရအောင် ဆရာမ ဘယ်လို မွေးယူပါသလဲ ။
🅹 အမျိုးသမီးတစ်ယောက် ဖြစ်နေတဲ့ အတွက် အမျိုးသားတစ်ယောက် နေရာက ရေးရတာ ဘယ်လွယ်မလဲ ၊ သာမန် သဘောလောက် ရေးရတာကတော့ လွယ်တာပေါ့ ။ ဥပမာ - သူ ဘယ်သွားတယ် ၊ သူ ဘယ်သူနဲ့ တွေ့တယ် ၊ သူ ဘာပြောတယ် ၊ အဲဒီလို အစီအစဉ်အတိုင်း ရေးသွားရင်တော့ လွယ်တာပေါ့ ။ ဒါပေမဲ့ သူ့ရဲ့စရိုက် ပေါ်လာအောင် ၊ သူ့အမူအကျင့်တွေ ၊ သူ့စိတ်သဘောတွေ ၊ ပီပီပြင်ပြင် ဖြစ်လာအောင် ရေးဖို့ကျတော့ မလွယ်ဘူးပေါ့ ။ ယောက်ျားတွေက ဘာကြိုက်တတ်သလဲ ၊ ဘာကို လိုအပ်ကြသလဲ ၊ ဘာကို အရေးကြီးတယ် ထင်ပြီး ဘာကို အရေးမကြီးဘူးလို့ ထင်တတ်ကြသလဲ ။ မိန်းမတွေနဲ့ မတူဘူးလေ ။ ဒါတွေကျတော့ တိတိကျကျ ပြောဖို့ လိုလိမ့် မယ် ။ မိန်းမတစ်ယောက်ရဲ့ ခံစားချက်နဲ့ ယောက်ျားတစ်ယောက်ရဲ့ ခံစားချက်ဟာ ဘယ်လို နည်းနဲ့မှ မတူနိုင်ဘူး ။
ဒီတော့ မိန်းကလေး စာရေးဆရာတစ်ယောက်က ယောက်ျားတစ်ယောက် အနေနဲ့ရေးရင် ဟာကွက်တွေ ရှိမှာပဲ ။ ကျွန်မ ရေးတဲ့ဝတ္ထုတွေထဲမှာ အမျိုးသားကို 1st Person အနေနဲ့ ထားပြီးရေးတာ သုံးပုဒ် ရှိပါတယ် ။ ရာဇဝင်ထဲမှာ မောင့်ကို ထားရစ်ခဲ့ ၊ မိုးကုပ်စက်ဝိုင်းသို့ လမ်းလျှောက်ခြင်း နဲ့ သေတမ်းစာ ပေါ့ ။ အဲဒီ ဝတ္ထုတွေမှာ ကျွန်မ အတတ်နိုင်ဆုံး ကြိုးစားခဲ့ပေမဲ့ ကျွန်မ အားရခဲ့တာတော့ မဟုတ်ပါဘူး ။ ခံစားချက် ထပ်တူထပ်မျှ ရဖို့ ဆိုတာ ကလည်း တော်တော်ခက်ခဲမှာပဲလေ ။
ကျွန်မမှာ အဖေ ရှိတယ် ၊ အစ်ကို ရှိတယ် ၊ နောက် အမျိုးသားမိတ်ဆွေ တော်တော်များများ ရှိတယ် ။ သူတို့နဲ့ ကာလကြာရှည် ပေါင်းသင်းလာတော့ သတိထားမိတဲ့ သူတို့ရဲ့ အလေ့အထတွေ အမူအကျင့်တွေကို ယူပြီးတော့ အစားထိုးကြည့်ရမှာပေါ့လေ ။ နောက်ပြီးတော့ 1st Person ဇာတ်လိုက် တော်တော်များများကို ဖတ်ကြည့်တဲ့အခါမှာ ဒီအတိုင်း ဇာတ်လမ်းအနေနဲ့ ဖတ်မသွားဘဲနဲ့ သူတို့ ဘယ်လို ရေးထားသလဲ ၊ ဘယ်လို ခံစားတယ်ဆိုတာ ဖတ်ကြည့်ပါတယ် ။ ခုချိန်ထိတော့ ကျွန်မ ကြိုးစားနေ တုန်းပဲ .. ။
⏯ “ ရာဇဝင်ထဲမှာ မောင့်ကိုထားရစ်ခဲ့” ကို ဖတ်တုန်းက ကျွန်တော် စာဖတ်ညံ့လို့လားတော့ မပြောတတ်ဘူး ၊ ပထမ လေးမျက်နှာလောက်အထိ 1st Person ဟာ အမျိုးသားလား ၊ အမျိုးသမီးလား မခွဲခြားနိုင်ခဲ့ဘူး ။ တစ်ခု ရှိတာက ကိုယ်ဖတ်နေတာဟာ အမျိုးသမီးစာရေးဆရာ ရေးထားတဲ့ ဝတ္ထု ဆိုတဲ့ အသိ ရှိနေလို့လားတော့ မပြောတတ်ဘူး ၊ ဆရာမ ဘယ်လို သဘောရသလဲ ။
🅹 ကျွန်မဘာသာ ပြောရရင် အဲဒါ ကိုဝင်းငြိမ်း ညံ့လို့ မဟုတ်ပါဘူး ၊ ကျွန်မ ကိုက အဲဒီလို ဝေဝေဝါးဝါးကလေး ဘာမှန်းမသိဘဲ စချင်တဲ့ သဘော ၊ အဲဒီ အားနည်းချက်ပေါ့ ၊ နင် ၊ ငါနဲ့ ပြောထားတယ် ၊ ယောက်ျားလေးက သူ့ကိုယ်သူ ငါလို့ ပြောပြီး မိန်းကလေးကို နင်လို့ ပြောထားတယ် ၊ အဲဒီတော့ ယောက်ျား ၊ မိန်းမ ချက်ချင်း ခွဲခြားလို့ မရတော့ ဘူးပေါ့ ။ အဲဒါကလည်း ကျွန်မရဲ့ ပထမဆုံး မှတ်မှတ်ထင်ထင် ရေးမိတဲ့ ဝတ္ထုပေါ့ ။ ပထမဆုံး ဝတ္ထု ဖြစ်တဲ့ အတွက်လည်း ပရိသတ်ကို ဒီလိုနည်းနဲ့များ ဆွဲဆောင်ရင် ကောင်းမလားလို့ တွေဝေခဲ့ဖူးတာပေါ့လေ ။
ဒါပေမဲ့ အဲဒီမှာ ကိုဝင်းငြိမ်း သတိ မထားမိတာ ရှိလိမ့်မယ် ။ အဲဒီ ပထမစာမျက်နှာတွေထဲမှာ “ နင်က လမ်းသွားရင် ညာဘက်ကို ခေါင်းငဲ့ပြီး သွားတတ်တယ် ၊ အဲဒါကြောင့် ဖြန့်ချထားတဲ့ ဆံပင်တွေက ညာဘက်ကို ပါပြီး ရှည်နေတတ်တယ် ” လို့ ရေးထားတယ်လေ ။
⏯ ခုခေတ် ယောက်ျားတွေလည်း ဆံပင်ဖြန့်ချထားတာ ရှိတယ်နော် ၊ တချို့ဆို နောက်မှာ သားရေပင်ကလေးတွေနဲ့တောင် စည်းထားတတ်ကြသေးတယ် ။
🅹 ကျွန်မ အဲဒါတော့ သတိမထားမိဘူး ၊ ဒါပေမဲ့ ဒီဝတ္ထု ကျွန်မ ရေးတုန်းက ၇၉ ခုနှစ်ပဲ ရှိပါသေးတယ် ။ ထားပါတော့ ထားပါတော့ ။ နောက်ပြီးတော့ အဲဒီ ပထမ လေးမျက်နှာမှာပဲ “ ထဘီကို လက်ကလေးတစ်ဖက်က ကိုင်ပြီး လမ်းလျှောက်တတ်တယ် ” လို့လည်း ပါ,ပါ တယ် ။ ယောက်ျားတွေတော့ ထဘီ မဝတ်ပါဘူးနော် ။
⏯ ထဘီ ဆိုတာတော့ ကျွန်တော် မျက်စိလျှံသွားတယ် ထင်ပါရဲ့ ၊ ခုခေတ် ယောက်ျားလေးတွေလည်း ပုဆိုးလေးကို လက်တစ်ဖက်က ကိုင်ပြီး လမ်းလျှောက် တတ်တာရှိတယ်နော် ၊ ရုပ်ရှင်မင်းသားတစ်ယောက်တောင် ပုဆိုးဝတ်ရင် အဲဒီလိုပဲ လျှောက်တယ်လေ ။
⏯ နောက်တစ်ခု ဆက်လိုက်ကြရအောင် ၊ “ ရာဇဝင် ထဲမှာ မောင့်ကိုထားရစ်ခဲ့ ” ဝတ္ထုတို ပေါင်းချုပ်ကို ဖတ်ကြည့်လိုက်ရင် ထူးခြားတာတစ်ခု တွေ့မိတယ် ။ ဘာလဲ ဆိုတော့ “ သေခြင်းတရား ” နဲ့ ပတ်သက်ပြီး ဆရာမ စိတ်ဝင်တစား ရေးတတ်တာပါပဲ ။ ဝတ္ထု စီတာတောင်မှ “ အဝေးဆုံးခရီးသို့ အနီးဆုံးအချိန် ” နဲ့ “ ရိုမန်တစ်တစ္ဆေ ” ကို ဆက်တိုက် ထည့်ထားတယ် ။ သေခြင်းတရားနဲ့ ပတ်သက်တဲ့ တခြားဝတ္ထုတွေလည်း ရှိပါသေးတယ် ။ အဲဒီတော့ သေခြင်းတရားနဲ့ ပတ်သက်ပြီး ရေးချင်လောက် အောင် ဆရာမမှာ ပြင်းပြင်းပြပြ ခံစားချက်များ ရှိနေ သလားလို့ ။
🅹 အင်း ...အဲ ဒါကျတော့ ပြင်းပြင်းပြပြ ခံစားချက်ရယ်လို့တော့ မရှိပါဘူး ၊ သေခြင်းတရားနဲ့ ပတ်သက် ပြီး တစ်စုံတစ်ရာ ခံစားချက်ဆိုတာ ဘယ်လိုဟာမျိုး ပြောတာလဲ ၊ ပုဂ္ဂလိက ခံစားချက်လား ။
⏯ ပုဂ္ဂလိက ခံစားချက်ကို ပြောတာပါ ။
🅹 ယေဘုယျ ခံစားချက်မျိုးတော့ ရှိတယ်လေ ၊ အရွယ်ရောက်လာတဲ့သူတိုင်း ဘယ်သူမဆို သေခြင်းတရားကို အနီးပတ်ဝန်းကျင်မှာ တွေ့မြင်နေရတာပဲ မဟုတ်လား ။ အဲဒီတော့ ခံစားချက်အမျိုးမျိုးလည်း ရှိနိုင်တာပဲလေ ။ ဘယ်သူမှ ငြင်းမရတဲ့ ခံစားချက်တစ်ခုကတော့ ကြောက်ရွံ့ခြင်းပေါ့ ။ သေရမှာကို ကြောက်တာ ။ ပုဂ္ဂိုလ်ရေးခံစားချက် သီးသန့်ကတော့ နက်နက်နဲနဲ မရှိပါ ဘူး ။ ကျွန်မပတ်ဝန်းကျင်မှာ လူတွေ သေကြတယ် ။ လူငယ်တွေ ၊ လူကြီးတွေ ။ နောက် ... ဆရာဝန် ပတ်ဝန်းကျင် ရောက်လာတော့ လူနာဆောင်တွေမှာလည်း တွေ့ဖူးတယ် ။ ရင်ခွဲရုံတွေမှာလည်း တွေ့ဖူးတယ် ။ အဲဒါတွေကတော့ အဝေးကနေ တွေ့ရတဲ့ ခံစားချက်ပေါ့ ။
ဒါပေမဲ့ တစ်ချိန်ကျတော့ ကျွန်မအမေ ၊ မိသားစုထဲက ကျွန်မရဲ့ အရင်းနှီးဆုံး ၊ အချစ်ခင်ဆုံး ကျွန်မအမေ ဆုံးသွားတဲ့ အခါကျတော့ သေခြင်းတရားက ကျွန်မနဲ့ တအား နီးကပ်လာတယ်လေ ။ အဲဒါကြောင့် သေခြင်းတရားကို အရင်ကထက် စိတ်ဝင်စားသွားတယ် ။ ကျွန်မတို့ ဗုဒ္ဓဘာသာတွေမှာ နောင်ဘဝဆိုတာ ရှိတယ်လေ ။ အဲဒီ နောင်ဘဝမှာ ကောင်းရာ သုဂတိ ရောက်ဖို့ဆိုတာက ဒီဘဝမှာ တစ်လျှောက်လုံး လုပ်လာခဲ့တဲ့ ကောင်း မှုကုသိုလ်တွေနဲ့ ဆိုင်ရုံတင်မကဘူး ၊ သေခါနီး ဇောဝင် နေတဲ့အချိန် ၊ မြောနေတဲ့အချိန်နဲ့လည်း ဆိုင်တယ် ။ အဲဒါ ကို ဘယ်လိုခေါ်သလဲဆိုတော့ မရဏာသန္နဇော လို့ ခေါ် တယ် ။ အဲဒီ ဝင်နေတဲ့အချိန်မှာ သူ့အတွေးတွေက ပျံ့နေတယ် ။ အဲဒီအချိန်မှာ ရှိတဲ့အတွေးအာရုံတွေနဲ့လည်း ဆိုင်တယ် ။ ဗုဒ္ဓဘာသာမှာ အဲဒီလို ဆိုထားတယ် ။
သေခြင်းတရားကို ကျွန်မတို့ မသိနိုင်ဘူး ၊ ဘယ်လိုမှ ချဉ်းကပ်လို့ မရနိုင်ဘူး ၊ ချဉ်းကပ်ရင်းနဲ့ သွားပြီဆိုရင် လူက ဘာမှ မတတ်နိုင်တော့ဘူး ။ အဲဒီတော့ တအား စိတ်ဝင်စားဖို့ လိုတာပေါ့ ။ ဒါကို စိတ်မဝင်စားဘဲ မေ့ထားတဲ့ သူတွေလည်း ရှိပါတယ် ။ ဒါကိုပဲ မသိမသာ သတိထားကြည့်နေတဲ့ သူတွေလည်း ရှိချင်လည်း ရှိမယ်ပေါ့လေ ။ ကျွန်မကတော့ ဒုတိယ အမျိုးအစားထဲမှာ ပါတယ်ပေါ့ ။ ဒါကြောင့်လည်း ကျွန်မ မရေး ဖြစ်တာပါ ။
⏯ တစ်ခါတုန်းက ဆရာမ ဝတ္ထုဟောင်းတစ်ပုဒ် ( ပေဖူးလွှာ ထဲမှာ ပါပြီးသား ) ကို တခြား မဂ္ဂဇင်းတစ်အုပ် မှာ ထပ်ထည့်လိုက်တာ တွေ့ရဖူးပါတယ် ။ ဒီကိစ္စနဲ့ ပတ်သက်ပြီး စာဖတ်ပရိသတ် ကိုယ်စား ကျွန်တော် ပြောချင်တာက စာဖတ်ပရိသတ်အနေနဲ့ ဂျူးဝတ္ထုသစ်ပဲ ဖတ်ချင်ပါတယ် ။ အဟောင်းပြန်ထည့်တဲ့ အတွက် စာဖတ်ပရိသတ်အနေနဲ့ ဂျူး အကြံအဖန် လုပ်သလားလို့ တွေးစရာ ဖြစ်လာနိုင်ပါတယ် ။ ဒီလို ပြန်ထည့်တာဟာ ဝတ္ထုအသစ် မပေးနိုင်သေးလို့ ဆရာမ ခွင့်ပြုချက်နဲ့ပဲ ထည့်တာလား ၊ ဒါမှမဟုတ် သက်ဆိုင်ရာ အယ်ဒီတာကပဲ ဂျူး ပါရင် ပြီးရော သဘောနဲ့ ထည့်တာလား ၊ ဒီကိစ္စ ကြုံကြိုက်တုန်းမှာ သိချင်ပါတယ် ။
🅹 အဲဒီကိစ္စ ကျွန်မတာဝန် ဘာမှ မရှိဘူး ၊ အကယ်၍ ရှိတယ်ဆိုရင်တောင်မှ အနည်းအပါးပဲ ရှိမယ် ထင်တယ် ၊ ဖြစ်ပုံက ဒီလိုပါ ၊ တစ်ခါတုန်းက မဂ္ဂဇင်းတစ်စောင်က ဝတ္ထုတောင်းပါတယ် ၊ မဂ္ဂဇင်းနာမည်တော့ ထည့်မပြောတော့ပါဘူးနော် ၊ ကျွန်မလည်း ရေးပေးပါမယ် ပေါ့ ၊ ကတိ ပေးလိုက်တယ် ။ ဒါပေမဲ့ ဘယ်နေ့ အပြီး ရေးပေးပါမယ် ဆိုတာမျိုးကတော့ ကျွန်မဘက်က မဖြစ်နိုင်ဘူး မဟုတ်လား ၊ ကျွန်မက သိပ် အကြာကြီးနေမှ ဝတ္ထုတစ်ပုဒ်လောက် ၊ နှစ်ပုဒ်လောက်ပဲ ရေးဖြစ်တာကိုး ၊ အဲဒါကြောင့် ကျွန်မက ရေးကြည့်ပါဦးမယ် ၊ တကယ်လို့များ ရေးပြီးတယ်ဆိုရင် ပို့ပေးပါ့မယ်လို့ ကတိပေးပြီး ပြန်လာခဲ့တယ် ။ သူတို့က သေချာပေါက်ရမယ်လို့ တွက်လိုက်ပြီး မဂ္ဂဇင်းကို ကြော်ငြာလိုက်တယ် ။ သတင်းစာထဲ မှာ ကြော်ငြာပါချိန်ကျတော့ ကျွန်မက ရန်ကုန်မှာ မရှိတော့ဘူး ၊ ရေနံချောင်း ပြန်ရောက်နေပြီ ။ ကြော်ငြာ သတင်းစာထဲမှာ ဖတ်လိုက်ရတော့ တော်တော်လည်း အံ့သြသွားတယ် ။ ငါလည်း စာမူ မပေးခဲ့မိပါဘူး ။ ဘယ်ကများ စာမူ ရပါလိမ့်လို့ စဉ်းစားမိတယ် ။ ငါများ ပေးခဲ့မိသလား ၊ ဘယ်နေရာမှာ ပေးခဲ့မိပါလိမ့်လို့လဲ ကိုယ့်ကိုယ် ကိုယ် မသေမချာ စဉ်းစားမိတယ် ။
တကယ်တမ်းကျတော့ ကျွန်မ ပေးမှ မပေးခဲ့မိ တာ ၊ ဒါကြောင့် သိပ်တော့လည်း အာရုံမစိုက်တော့ဘူး ၊ ငါမှ မပေးခဲ့တာ ၊ မဂ္ဂဇင်း ထွက်လာရင် ဂျူး ဆိုတာ အလိုလို ပြုတ်သွားလိမ့်မယ်လို့ပဲ တွေးလိုက်တယ် ။ ဒါပေမဲ့ တကယ်တမ်း အဲဒီ မဂ္ဂဇင်း ထွက်လာတော့ ဂျူးဝတ္ထု က ပါလာတယ် ။ ပါလာတာကို ကျွန်မ ကိုယ်တိုင်တောင် မသိပါဘူး ။ ဘေးလူတွေက ပြောတာပေါ့ ။ ဘာဝတ္ထုဆိုတာ တချို့က တိတိကျကျ မပြောနိုင်ဘူး ၊ တချို့ကတော့လည်း ပြောနိုင်ပါတယ် ။ ကျွန်မက ပြောနိုင်တဲ့ သူနဲ့ တွေ့တော့ အံ့ဩသွားရော ။ ဆိုင်ကို သွားငှားရတယ် ။ ဖတ်ကြည့်လိုက်တော့မှ တကယ် အဲဒီဝတ္ထုဖြစ်နေတယ် ။ အဲဒါက ပါပြီးသားကြီး ၊ တချို့ကတော့ မသိပါဘူး ။ အများအားဖြင့်တော့ ဂျူးပရိသတ်က သိကြပါတယ် ။ တချို့က စာနဲ့ လှမ်းမေးတယ် ၊ ဒီဝတ္ထု ဒီလို ပါလာတယ် ၊ အဲဒါ ဘယ်လို လုပ်တာလဲပေါ့ ၊ ဘာဖြစ်လို့ ဒီလိုလုပ်တာလဲလို့ မေးတော့ ကျွန်မက မဖြေနိုင်တော့ဘူး ။
တချို့က ဘယ်လောက်အထိ ပြောသလဲဆို တော့ ဂျူး ရေးအား ကျသွားပြီ ၊ ဖန်တီးနိုင်စွမ်းအား မရှိတော့လို့ အဟောင်းတွေကို ပြန်ထည့်နေနေရတယ်လို့ ပြောကြတယ် ၊ အဲဒါကျတော့ ကျွန်မက နစ်နာသွားရော လေ ။ ကျွန်မ သည်းမခံနိုင်တော့တာနဲ့ နောက်တစ်ခေါက် ရန်ကုန် ဆင်းတဲ့ အချိန်ကျတော့ အဲဒီ မဂ္ဂဇင်းတိုက်က တာဝန်ရှိတဲ့သူနဲ့ သွားတွေ့တယ် ။ သူတို့ ဖြေရှင်းတာကတော့ အလွယ်ကလေးပါ ။ ဂျူးရဲ့ စာမူကို သူတို့ ဖောင်ပိတ်ချိန်အထိ စောင့်ပါတယ်တဲ့ ၊ ဂျူး က မပေးဘူးတဲ့ ။ ဒါပေမဲ့ ဂျူးနာမည်ကလည်း သတင်းစာမှာ ကြော်ငြာပြီးသား ဖြစ်နေပြီ ၊ မပါလာရင် ပရိသတ်က ဆဲတော့မယ်တဲ့ ။ အဲဒါနဲ့ပဲ သူ့လက်ထောက်အယ်ဒီတာကို ဂျူးအဟောင်း တစ်ပုဒ် လိုက်ရှာခိုင်းပြီး အဲဒီအဟောင်းကို ပြန်ထည့် လိုက်တာပဲတဲ့ ။ ဒါဆိုရင် ကိုဝင်းငြိမ်း ရဲ့ မေးခွန်း ရှင်းလောက်ပြီ ထင်ပါတယ် ။
⏯ စာဖတ်ပရိသတ်နဲ့ စာရေးဆရာ ကြားမှာ အထင် မမှားစေချင်လို့ပါ ။ အထူးသဖြင့် ဆရာမလို တမ်းတမ်းတတ မျှော်ရတဲ့ စာရေးဆရာတစ်ယောက်ရဲ့ စာမူကို အသစ်မဟုတ်ဘဲ အဟောင်းကြီး ပြန်ထည့်လိုက်ရင် စာဖတ်ပရိသတ်က အယ်ဒီတာကို အပြစ်မတင်ဘဲ စာရေးဆရာ ကိုပဲ အပြစ်မြင်လာနိုင်တာ မဟုတ်လား ။ တချို့ စာဖတ်ပရိသတ်ကျတော့လည်း နားလည်ချင် လည်မှာပါ ။
🅹 နားမလည်တာက များပါတယ် ၊ အဲဒီတုန်းကဆို ကျွန်မ ပရိသတ်တွေဆီက ဘာကြောင့် ဒီလိုလုပ်တာလဲလို့ မေးကြတဲ့ စာတွေ တော်တော် လာခဲ့တာပဲ ။
⏯ သတိရတုန်း ဖြတ်မေးလိုက်ဦးမယ် ၊ စောစောပိုင်းက ဆရာမ ပြောခဲ့တာရှိတယ် ၊ “ အမေ ” ဝတ္ထုဟာ ကျွန်မ ပြန်မဖတ်ရဲတဲ့ ဝတ္ထုတစ်ပုဒ် ဖြစ်တယ်လို့ ပြောတယ် လေ ။ ဘာကြောင့် မဖတ်ရဲတာလဲ ။
🅹 ကျွန်မကလေ အမေ သေဆုံးမှုနဲ့ ပတ်သက်ပြီး ကျွန်မမှာ တာဝန်အများကြီး ရှိတယ်လို့ စိတ်ထဲမှာ အောက်မေ့တယ် ၊ အမေက အဆုတ်ကင်ဆာရောဂါနဲ့ သေသွားတာ ၊ အမေ ဝေဒနာခံစားနေရချိန်မှာ သူ့အနားမှာ ကျွန်မ တစ်ချိန်လုံးရှိတယ် ၊ ဒါပေမဲ့ ဒီဝေဒနာကို နည်းနည်းကလေး သက်သာအောင်ပဲ လုပ်ပေးနိုင်တယ် ၊ အများကြီး သက်သာအောင် ၊ ပျောက်ကင်းသွားအောင် ကျွန်မ မလုပ်နိုင်ခဲ့ဘူး ။ ကင်ဆာ မဟုတ်လား ၊ တကယ်လို့ ကင်ဆာ ဖြစ်ခါစ စောစောစီးစီး သေးသေးမွှားမွှားကလေးတုန်းကသာ ကျွန်မ သိနိုင်ခဲ့ရင် ခွဲစိတ်ကုသပေးနိုင်လိမ့်မယ် ။ အဲဒါဆိုရင် အမေ ဒါလောက်မြန်မြန် သေမှာ မဟုတ်ဘူး ။ ဥပမာ နှစ်နှစ် ၊ သို့မဟုတ် ငါးနှစ်လောက် အထိ နောက်ထပ် နေနိုင်အောင်လို့ လုပ်လို့ရမယ် ထင်တယ် ။
ကျွန်မ သိတဲ့ အချိန်ကျတော့ လွန်နေပြီ ၊ လွန်တာမှလေ သူက ဘယ်ဘက် အဆုတ်မှာ ဖြစ်တာ ၊ နောက် ကျွန်မ ဓာတ်မှန်ရိုက်ကြည့်ပြီးချိန်မှာ ညာဘက်အဆုတ်ကို ပျံ့နေပြီ ။ အရိုးတောင် တစ်ချောင်းလောက် စားနေပြီ ။ အဲဒီတော့ ကိုယ့် ချို့ယွင်းချက်လို့ ထင်သွားတယ် ။ ကိုယ်က အမေကို ပြန်မကြည့်နိုင်ဘဲ လူနာတွေ နောက် လိုက်နေတာ ၊ ငွေနောက် လိုက်မိတာတွေ ဖြစ်ခဲ့တယ် ။ အဲဒါကြောင့် ဒီဝတ္ထုလေးကို ဖတ်တိုင်း အမေ့ကို မျက်စိထဲမှာ ပြန်မြင်တယ် ။ အမေက ကျွန်မကို စွဲချက်တင်တယ်ပေါ့ ။ နင် ဘာကြောင့် ငါ့ရောဂါကို စောစောစီးစီး ကုမပေးတာလဲပေါ့ ၊ အဲဒါကြောင့် ဖတ်တော့ ဖတ်တယ် ၊ ဒါပေမဲ့ ကျော်ကျော်ပြီး ဖတ်တယ် ။
ရေးတာကလည်း တော်တော်ကြီးကို အားစိုက်ရပါတယ် ၊ စိတ်ထဲမှာ တအား ခံစားရတယ် ။ ရေးရင်း ရေးရင်းကနေ ကလောင် ချထားပြီး အိပ်ရာဝင်ရတယ် ။ စဉ်းစားတယ် ။ အမေ့ကို အိပ်မက်ထဲမှာ ပြန်တွေ့ရတယ် ။ အတတ်နိုင်ဆုံး ကြိုးစားပြီး ဆက်ရေးတော့မှ ဒီဝတ္ထု ပြီးသွားတာပါ ။ ဒါကြောင့် ရေးသာ ရေးလိုက်တယ် ၊ တတ်နိုင်ရင် ဒီဝတ္ထုကို မဖတ်ချင်ဘူး ၊ တစ်ချိန်ချိန်မှာ ဪ ... ဒါ ငါ့အမှားမဟုတ်ဘူး ၊ ဒီလိုပဲ ဖြစ်တတ်တယ်လို့ နှလုံးသွင်းနိုင်ရင်တော့ ဒီဝတ္ထုကို ပြန်ဖတ်ဖြစ်ပါလိမ့်မယ် ။ အဲဒီလို နှလုံး မသွင်းနိုင်သေးရင်တော့ ကျွန်မ မဖတ်ရဲ သေးပါဘူး ။
ဆိုရင်အမေဝတ္ထုက ပြန်မဖတ်ရဲတဲ့ ဝတ္ထု ဆိုတော့ ရေးပြီးသားတွေထဲက ခဏခဏ ပြန်ဖ တ်ဖြစ်တဲ့ ဝတ္ထုကကော ... ။
ခဏခဏ ပြန်ဖတ်ဖြစ်တဲ့ ဝတ္ထုကတော့ ၊ ကိုယ် ကြိုက်တာကတော့ အဝေးကြည့်မှန်ပြောင်း ။ ဒီဟာလေး ကိုတော့ နည်းနည်းပါးပါး ပြန်ပြန်ဖတ်ဖြစ်တယ် ။
⏯ အဝေးကြည့်မှန်ပြောင်းကလည်း abstract ပဲနော် ။
🅹 နည်းနည်းပါးပါးပေါ့ ၊ အကုန်လုံးတော့ မဟုတ်ပါဘူး ၊ သူများတွေကတော့ ဝေဖန်ကြတယ် ၊ “ ဆာရီယယ် လစ်ဇင် ” တဲ့ ၊ အမှန်ကတော့ မဟုတ်ပါဘူး ။ ရေးတုန်းကတော့ အဲဒီလို ရည်ရွယ်ချက် မရှိပါဘူး ၊ ဦးတည့်ရာကို လျှောက်ရေးလိုက်တာပဲ ။
⏯ “ အမှတ်တရ ” ကို ရုပ်ရှင်ရိုက်မယ်လို့ မဂ္ဂဇင်းတစ်စောင်မှာ ရေးတာ ဖတ်လိုက်ရဖူးတယ် ။
🅹 မဟုတ်ပါဘူး ဘယ်ကနေ ဘယ်လို သတင်းကြားပြီး ရေးကြသလဲ မသိပါဘူး ၊ ကျွန်မ ကိုယ်တိုင်ကတော့ ဘာမှ မသိသေးပါဘူး ။
⏯ ဆရာမ အခု စာပေသက်တမ်း ဘယ်လောက် ရှိသွားပြီလဲ ။
🅹 စ , ရေးတာက ၇၉ ဆိုတော့ အခု ဆယ်နှစ် ပေါ့ ။
⏯ ဒီ ဆယ်နှစ်အတွင်းမှာ ဝတ္ထုတိုတွေ ရေးနေတုန်း ကတော့ ပရိသတ် လက်ခံတာ ရှိတော့ ရှိတာပေါ့လေ ၊ ဒါပေမဲ့ အမှတ်တရ ကျတော့မှ လှုပ်လှုပ်ရှားရှား စိတ်ဝင်စားလာသလို ဝေဖန်ရေးဘက် ကလည်း ဂယက်ထလာတယ် ။ အဲဒီတော့ စာပေဝေဖန်ရေးနဲ့ ပတ်သက်ပြီး ဘယ်လို သဘောထားပါသလဲ ။ စာပေဂျာနယ် မှာတော့လည်း ဒီကိစ္စ အနည်းအကျဉ်း ဆရာမ ပြောထားပြီးပါပြီ ။
🅹 စာပေဂျာနယ်ထဲမှာ ပြောခဲ့တဲ့ အတိုင်းပဲ ထပ်ပြီး ပြောချင်ပါတယ် ၊ စာပေဝေဖန်ရေးနဲ့ ပတ်သက်ပြီး ကျွန်မက သိပ်ပြီး လျစ်လျူရှုတဲ့ သဘောတော့လည်း မဟုတ်ပါ ဘူး ၊ ဒါပေမဲ့ သူတို့ဘက်ကို အချိန်မပေးနိုင်ဘူးပေါ့ ။ ကိုယ့်မှာလည်း ဝတ္ထုရေးတဲ့ အလုပ်ရှိတယ် ၊ နောက် ဆရာဝန် အလုပ်ကလည်း တစ်ဖက် ရှိတယ်ဆိုတော့ နည်းနည်းပါးပါး ဖတ်မိတာလောက်ပဲ ရှိတယ် ။ သူတို့ကို ပြန်လှန်ချေပပြီး ရေးဖို့ဆိုတာ အချိန်လည်း မရဘူး ၊ စိတ်လည်း မဝင်စားပါဘူး ။ သူတို့မှာ လွတ်လပ်ခွင့် ရှိသလို ကျွန်မမှာလည်း လွတ်လပ်ခွင့်ရှိတယ် ။
သူတို့က သူတို့ လွတ်လပ်ခွင့်နဲ့ အတူ လွတ်လွတ်လပ်လပ် ဝေဖန်နိုင်တယ် ။ ဘာတွေပဲ ပုတ်ခတ်ပုတ်ခတ် သူတို့ ပုတ်ခတ်နိုင်တယ် ။ ကျွန်မကလည်း ကျွန်မ လွတ်လပ်ခွင့်နဲ့ သူတစ်ပါးကို မထိခိုက်မချင်း ၊ သူတို့ လွတ်လပ်ခွင့်ကလည်း ကျွန်မကို မထိခိုက်မချင်း အခုချိန် ထိတော့ ဒီလွတ်လပ်ခွင့် နှစ်ခုဟာ ထိပ်တိုက် မတွေ့သေးတဲ့ အတွက် ကျွန်မ ရှောင်နေလိုက်ပါတယ် ။
⏯ ဆရာမ ဝတ္ထုတိုပေါင်းချုပ် “ ရာဇဝင်ထဲမှာ မောင့်ကို ထားရစ်ခဲ့ ” မှာ ဝတ္ထုတို ဆယ့်ခြောက်ပုဒ် ပါပြီးပြီ ၊ မပါသေးတဲ့ နောက်ဝတ္ထုတိုတွေကို စုစည်းပြီး ဝတ္ထုတို ပေါင်းချုပ် ထုတ်ဖို့ အစီအစဉ် ရှိသေးသလား ။
🅹 အဲဒီအထဲမှာ မပါတာ ဝတ္ထုတို ငါးပုဒ်ပဲ ရှိသေးတယ် ၊ နောက်ထပ်လည်း မရေးဖြစ်သေးဘူး ၊ ဝတ္ထုတို ပေါင်းချုပ် ထုတ်လောက်အောင် အရေအတွက် ရှိလာရင်တော့လည်း ထုတ်ဖြစ်မှာပေါ့ ။ ခုတော့ ရေးလက်စလည်း မရှိဘူး ၊ ပေးထားတာလည်း မရှိသေးဘူး ။
⏯ ခုပုံအတိုင်းဆို တွက်ကြည့်ရင် ဆရာမက ဝတ္ထုရှည် ရေးရတာ ပိုပြီး သန်နေသလို မဖြစ်ဘူးလား ။ ဝတ္ထုတို ၂၁ ပုဒ်မှာ ဝတ္ထုရှည်က နှစ်ပုဒ် ထွက်နေတယ်လေ ။
🅹 အင်း ... ဝတ္ထုရှည် ရေးရတာက ပိုပြီး လွယ်တယ် ကိုဝင်းငြိမ်းရဲ့ ၊ ဝတ္ထုတို ရေးရတာက ကြာတယ် ။ အဝေးကြည့်မှန်ပြောင်း ဆိုရင် နှစ်နှစ်လောက်ကို ကြာသွားတယ် ။ တစ်ခါ ရေးထားတယ် ၊ မကြိုက်တော့ စာအကြမ်းအတိုင်း ပဲ ချန်ထားတယ် ၊ အဲဒီ တစ်နှစ်အတွင်းမှာ ဘာဝတ္ထုမှ မရေးဖြစ်ဘူး ၊ နောက်တစ်ခါ ပြန်ကိုင်တယ် ၊ ရေးတယ် ။ ဒီတော့ နှစ်နှစ်လောက် ကြာသွားတာပေါ့ ။
အခု ကြာတော့သည်လည်း မောင့်စကား က တော်တော်ကလေး မြန်တယ် ။ ကိုဝင်းငြိမ်း ကို ကျွန်မ ပြောခဲ့ဖူးပါတယ် ၊ Semi Autobiography ရေးမယ်လို့ ၊ အဲဒီတုန်းက စပြီး စီစဉ်တာ ၊ ဒီဝတ္ထုပဲ ။ ဒါပေမဲ့ ရေးရင်း ရေးရင်း ကနေ Autobiography မပါတော့ဘဲ တခြားဟာတွေ ရောက်ကုန်တယ် ။
⏯ ဝတ္ထုရှည်ကတော့ Plot ချထားပြီးရင် ရေးလို့ရတာပေါ့ ။
🅹 ဟုတ်တယ် ၊ ဝတ္ထုတို ကျတော့ ကိုယ်က လိုချင်တဲ့ Presentation ရအောင် တော်တော် စဉ်းစားရတယ် ။ ကျွန်မက Subject လည်း ရွေးတယ်လေ ။ ဒီဥစ္စာဆိုရင် ဒီဝတ္ထုနဲ့ မကိုက်ဘူး ၊ ဟိုဇာတ်လမ်းကျတော့လည်း မလိုချင်ဘူးနဲ့ ။ အခု ကျွန်မ ဆီမှာ စီစဉ်ထားတာ ဝတ္ထုတို အတွက် ဇာတ်သုံးခုလောက်ရှိတယ် ။ ဒါပေမဲ့ တကယ်တမ်း ချရေးဖို့ရာ မအားသေးဘူး ။ တကယ်ချရေးဖြစ်ရင်လည်း ဘယ်လောက်မှ ကြာမှာ မဟုတ်ပါဘူး ။ ဘာဖြစ်လို့လဲ ဆိုတော့ စိတ်ကူးထဲမှာ ပေါ်နေတာ နှစ်နှစ် ၊ သုံးနှစ် လောက် ရှိပြီကိုး ။ မရေးဖြစ်သေးလို့သာကိုး ။ မရေးဖြစ်သေးလို့ ဆိုတာကလည်း ကိုယ့်ဟာကိုယ် အားမရသေးလို့ပါ ။ ချရေးလိုက်ရင် မဖြစ်သေးဘူး ထင်တယ် ဆိုပြီး အချိန်ကို စောင့်စောင့်နေတာပါ ။ အဲဒီလောက်အထိ ကြာပါတယ် ။ သူများတွေလို ခဏခဏ မရေးနိုင်တာကတော့ ကျွန်မ ညံ့လို့ပေါ့ ။
⏯ ဆရာမ အင်္ဂလိပ်ဝတ္ထုတိုကလေးတွေကော ဖတ်ဖြစ်လား ။
🅹 ကြိုကြား ကြိုကြားတော့ ဖတ်ဖြစ်ပါတယ် ။
⏯ အခု ကျွန်တော်တို့ ဂီတနယ်မှာ မကြာသေးခင်က နာမည်ကြီး အဆိုကျော်တစ်ယောက်ရဲ့ စီးရီးသစ် တစ်ခု ထွက်လာတယ် ။ သူက ကိုယ်ပိုင်သံစဉ်သမား ဆိုတော့ သူ့သီချင်း အားလုံးဟာ ကိုယ်ပိုင်သံစဉ်လို့ပဲ မှတ်ယူခဲ့ကြတာပေါ့ ။ ဒါပေမဲ့ ဒီစီးရီးမှာ ပါတဲ့ ခေါင်းစဉ်သီချင်းက ကော်ပီသီချင်း ဖြစ်နေလို့ တော်တော်ကလေး တော့ လှုပ်လှုပ်ရှားရှား ဖြစ်နေကြတယ် ။ အဲဒီလိုပဲ စာပေလောကမှာလည်း ဟိုတစ်လောက ထွက်လာတဲ့ မဂ္ဂဇင်း သစ်တစ်ခုမှာ စာရေးဆရာတစ်ယောက်က ဘာသာပြန် ဝတ္ထုတစ်ခုကို သူ့ကိုယ်ပိုင်လိုလို ရေးလိုက်တာ ဖတ်လိုက်ရတော့ တော်တော်ကလေး ဂယက်ထနေတယ် ။ ဆရာမ သတိထားမိမလား မပြောတတ်ဘူး ။ အဲဒီလို သူများ ပစ္စည်းကို ကိုယ့်ပစ္စည်း လုပ်ကြတာတွေနဲ့ ပတ်သက်လို့ ဆရာမ ဘယ်လို သဘောရပါသလဲ ။
🅹 ဒါမျိုးက တမင် လုပ်တာ ဆိုရင်တော့ မလုပ်သင့်ပါဘူး ၊ ဥပမာ ဇာတ်လမ်းတစ်ပုဒ်ကို ဖတ်ပြီး ကျောရိုးကို ကြိုက်တယ် ၊ ဒါကို မှီးပြီး ရေးမယ်ဆိုရင် အောက်ကနေ ဘယ်ဝတ္ထုကို မှီးပါတယ်လို့ ပြောသင့်တယ် ၊ ဒါမှမဟုတ်ဘဲ သူက ဒီဝတ္ထုကို ဖတ်ခဲ့ပြီး မေ့နေတယ် ၊ ဒါပေမဲ့ မသိစိတ်ထဲမှာ စကားလုံးလေးတွေက အစ ရှိနေတယ် ။
ဒါကို ကြာလာတော့ သူစဉ်းစားထားတဲ့ စကားလုံးကလေးတွေပဲလို့ အောက်မေ့ပြီး ကောက်ချရေးလိုက်ရင် သူ့မှာ အပြစ်ရှိတာက မေ့နေတဲ့ အပြစ်ပဲ ရှိပါတယ် ။ မသိစိတ်ထဲမှာ ရှိနေတာကို ကောက်ရေးလိုက်မိတဲ့ အတွက် သူ့မှာ မှားယွင်းတဲ့ အပြုအမူတော့ မဟုတ်တော့ဘူးပေါ့ ။ သူရေးဖို့ စဉ်းစားထားတဲ့ဟာလို့ သူ့စိတ်က ထင်သွားတာကိုး ။ ဒီလို တစ်ခါတလေ ဖြစ်ရင်တော့လည်း ခွင့်လွှတ်ရမှာပေါ့ ။
⏯ မသိစိတ်မှာ စွဲတဲ့ ဝတ္ထုဟာ ကျောရိုးလောက်ပဲ တူနိုင်မယ် ထင်ပါတယ် ။ ၏ ၊ သည် မလွဲ အထိတော့လည်း မဖြစ်နိုင်ဘူး ထင်ပါတယ် ။
🅹 အဲဒီလိုတော့လည်း မဖြစ်နိုင်ဘူးပေါ့ ၊ ဒါပေမဲ့ တစ်ခါတလေမှာ ဖြစ်ချင်ရင်တော့လည်း ဖြစ်သွားနိုင်ပါတယ် ၊ ဖြစ်နိုင်ခြေ သိပ်နည်းပေမဲ့ ဖြစ်ချင်ရင် ဖြစ်သွားနိုင်ပါတယ် ။ တစ်ခါတလေ ဖြစ်သွားတာဆိုရင်တော့ ကျွန်မတို့က ခွင့်လွှတ်ရမှာပေါ့ ။ ကိုဝင်းငြိမ်း သတိထားမိမလားတော့ မပြောတတ်ဘူး ၊ အဲဒီ မဂ္ဂဇင်းထဲမှာ ပါတဲ့ ဝတ္ထု တစ်ခုက ရုပ်ရှင်ပြကွက်တစ်ခု ဖြစ်နေတယ် ။ အဲဒီတော့ ပြောစရာတော့ ဖြစ်သွားတာပေါ့ ။ တကယ်ဆို အယ်ဒီတာတွေ အနေနဲ့ အကုန် စိစစ်ပြီးတော့ မှီးတာဖြင့် မှီးတာလို့ အထည့်ခိုင်းသင့်တယ် ။
⏯ ဒီကိစ္စတွေနဲ့ ပတ်သက်ပြီး အယ်ဒီတာရဲ့ တာဝန်လို့ ပြောမလား ၊ စာရေးတဲ့သူရဲ့ တာဝန်လို့ ပြောမလား ။
🅹 ပထမအချက်က စာရေးတဲ့သူမှာ တာဝန်ရှိတယ် ၊ ဒုတိယအချက်က အယ်ဒီတာမှာ တာဝန်ရှိတယ် ။ စာရေးတဲ့သူက သူမေ့သွားလို့ ကိုယ့်ရဲ့ စာလို့ပဲ အောက်မေ့ပြီး ရေးလိုက်တယ် ထားဦး ၊ အယ်ဒီတာ ဆိုတာက ပြင်ဆင်တည်းဖြတ်ရတဲ့ သူ ။ သူက အစစအရာရာကို သိနေရမယ် ၊ သူက ဝတ္ထုရေးတဲ့ သူလည်း မဟုတ်ဘူး ။ အများအားဖြင့်တော့ အယ်ဒီတာ ဆိုတာ ဝတ္ထုရေးတဲ့သူ မဟုတ်ကြဘူးလေ ။ သူက ကမ္ဘာ့စာပေရော ၊ မြန်မာ့ စာပေရော ခြုံသိထားရမယ် ၊ ဝတ္ထုတစ်ပုဒ် ဖတ်လိုက်ရင် ဒီဇာတ်ကွက်ကို ဘယ်မှာ ဖတ်ဖူးတယ်ဆိုတာ လိုက်ရှာရမယ် ။ ရှာပြီး တွေ့ပြီ ဆိုရင် စာရေးဆရာကို ပြောရမယ် ။ ခင်ဗျား ဒီဥစ္စာ မှားနေတယ် ၊ ထောက်ပြရမယ် ။ ဒီလိုဆိုရင် စာရေးဆရာက ပြန်ယူပြီး နောက်တစ်ပုဒ် အသစ် သူ ရေးမှာပေါ့ ။ အယ်ဒီတာ ကလည်း ဒီအတိုင်းပဲ ပြီးပြီးရော ဒီအတိုင်းပဲ ထည့်လိုက်ရင် နှစ်ယောက်စလုံး အမှားကို ပရိသတ် ခံရတာပေါ့ ။
⏯ ဒီလိုဆို အယ်ဒီတာ ဆိုတာ ကမ္ဘာ့စာပေရော မြန်မာ့စာပေပါ နှံ့စပ်ရမယ်ပေါ့ ။
🅹 နှံ့စပ်ရမယ်ပေါ့ ၊ စာပေတင် မကပါဘူး ၊ ဖြစ်နိုင်ရင် ဂီတအကြောင်းပါ သိသင့်တယ် ၊ ဘာကြောင့်လဲဆိုတော့ အထဲမှာ ဂီတဆောင်းပါးတွေလည်း ပါနေတယ် မဟုတ်လား ။
⏯ ဆရာမ စာဖတ်ပရိသတ်အတွက် ဘာများပြောချင်ပါသေးလဲ ။
🅹 ဂျူးပရိသတ် နဲ့ ဂျူး ဆိုတာက အမြဲတမ်း အဆက်အသွယ် ရှိပြီးသား ၊ နားလည်မှု ရှိပြီးသား ဆိုတော့ ဘာမှ ထွေထွေထူးထူးတော့ ပြောစရာ မရှိတော့ပါဘူး ။
⏯ ကျေးဇူးပဲ ဆရာမ ။
▢ ဝင်းငြိမ်း
📖 ပေဖူးလွှာမဂ္ဂဇင်း
အမှတ် - ၉၄
ဇွန်လ ၊ ၁၉၈၉ ခုနှစ် ။
No comments:
Post a Comment