ခြောက်တန်းနှစ်မှာ သူ့ဖိနပ် တစ်ဖက်ကို နောက်ကနေ ကျွန်တော် လိုက်နင်းလို့ ပြတ်သွားတော့ လွယ်အိတ်နဲ့ ခေါင်းကို ရိုက်တာ ကွန်ပါဗူးကြောင့် ထိပ်ပေါက်ဖူးပါတယ် ။ ဒါဟာ သံယောဇဉ် ဖြစ်စေတဲ့ အကြောင်းအရင်းခံပေါ့ဗျာ ။ ကျွန်တော်က ဆယ်တန်းကျပြီး ကျန်ရစ်ခဲ့ပေမယ့် သူ တတိယနှစ် တက်တဲ့ အချိန်မှာ သမီးရည်းစား ဖြစ်ခဲ့ပါတယ် ။ ကျွန်တော် လက်ဖျားမှာ ငွေသီးနေစ ကာလပေါ့ ။ တက္ကစီသမား ဖြစ်ကာစ အချိန်မှာ သူ့ကို ကျောင်းလိုက်ပို့ရင်း ကြိုက်သွားကြတာ ။ ကျွန်တော်က ခပ်ပျော်ပျော် နေတတ်သမို့ သူ့ကို စကားနာ ထိုးချင်တိုင်း ...
“ ကိုယ့်ဘက်က သွေးမြေကျအောင် သစ္စာပြုပြီးချစ်ရသူပါ ၊ နော် ၊ မြ ... အစ်ကိုကြီးကို ယုံပါနော် ”
ဒါမျိုးကို ကောလိပ်ဂျင်နေဝင်းလေသံနဲ့ ပြောတော့ သူ ရယ်တယ်ဗျ ။
“ တော်တော်လူဆိုးဖြစ်ချင် .. ဟွန်း ... ”
ချစ်စရာလေးဗျာ ။ ခါးလောက်ရှိတဲ့ ဆံပင်တွေကို ဆတ်ကနဲခေါင်းကလေး လိမ်ပြီး သပ်တင်ရင်း မျက်စောင်းကလေးချီပြီး ပြောလာတော့ ကျွန်တော်လိုကောင် ဘာခံနိုင်မှာလဲ ။ ပိန်ပိန်သွယ်သွယ် သူ့ကိုယ်လုံးလေးက အဲဒီခေတ်ကတော့ တကယ့် စတားပဲ ။ ထဘီတိုတိုမ ဝတ်လို့သာ ငနဲတွေ သီချင်း စောင်းမဆိုတာ ။ တကယ်တော့ ဘိုဘိုဟန်သီချင်းထဲကလို လှပြီးသားပါ ။ မြမြသိမ့် မိဘတွေနဲ့ ကျွန်တော့်မိဘတွေ ဆိုတာ ဟိုးကတည်းက ရပ်ဆွေရပ်မျိုးတွေပါ ။ ကျွန်တော် တက္ကစီသမား မဖြစ်ခင်မှာလည်း သူတို့ အိမ်ကို ဝင်ထွက် သွားလာနေတာပါပဲ ။ သူနဲ့ တော့ မကြိုက်ကြသေးပါဘူး ။ မိန်းမတွေနဲ့ ပတ်သက်ရင် သိပ်အဖြစ် မရှိဘူးလို့ ကျွန်တော် ဝန်ခံထားတဲ့ အတိုင်း မြမြသိမ့် ကို ချစ်ရ ၊ ကြိုက်ရ ကောင်းမှန်းသိတာ သူ ပြောမှ သိတာဗျ ။
“ မိုးအောင်ရေ ... နင်မနက်ဘက် အားရင် ငါ့ကို ကျောင်းလိုက်ပို့ဟယ် ၊ လမ်းထိပ်ကကောင်တွေ ခဏခဏ ကျောင်းလိုက်လာလို့ ၊ ငါ စိတ်ညစ်တယ် ”
“ ဟုတ်လား ၊ နင် ဘာသွားလုပ်ထားလို့ လဲ ”
“ အောင်မာ ၊ ငါက ဘာလုပ်ရမှာ လဲ ၊ သူတို့ ဟာ သူတို့ လိုက်နေတာတဲ့ ၊ တောက် .. ”
“ ဪ ... ဒီလိုလား ၊ ပို့ပေးရမှာ ပေါ့ဟာ ၊ အချင်းချင်းတွေပဲ ”
“ ဘာအချင်းချင်းလဲ ၊ ဘာအချင်းချင်းလဲ ၊ အကျောကြီးနဲ့ နော် ၊ ဟွန်း .. ”
ဘုရားကို စူးရပါစေရဲ့ ၊ ကျွန်တော့်စိတ်တွေ ဝုန်းဒိုင်းကြဲသွားတာ ၊ သူစကားပြောတဲ့ ဟန်ပန် အမူအရာလေးက စတာပဲ ။ ကျွန်တော် အဲဒီတော့မှ သူ့ကို ကြိုက်ရမှန်း သိတာ ။ အရွယ်ရောက်လာတဲ့ မိန်းမပျိုတစ်ယောက်ဟာ ပတ်ဝန်းကျင်မှာ ရှိရှိသမျှသော ပုရိသတွေ အပေါ် သူတို့ အလှအပကို သတိပြုမိ စေချင်တာ သဘာဝလို့ နောက်ကျစွာ ကျွန်တော် သိခဲ့ရချိန်မှာ သူ့ရဲ့ ဘာအချင်းချင်းလဲ ဆိုတဲ့ စကားနဲ့ မျက်စောင်းထိုးတဲ့ ပုံစံလေးကို စွဲလမ်းသွားပြီဗျာ ။ ဘာအချင်းချင်းလဲ ဆိုတဲ့ စကား ၊ ဒီစကားကို အကြိမ်ခြောက်ဆယ်လောက် ပြန်ကြားရင်း သူ့ကို ရည်းစားစကား ပြောဖို့ ဆုံးဖြတ်လိုက်တယ် ။ သူ ဘာလို့ ဒီစကား ပြောသလဲဗျာ ၊ ဘာလို့ မျက်စောင်းပစ်သလဲဗျာ ၊ ဘာလို့ မခံချိမခံ သာပုံစံလေး လုပ်ပြသလဲဗျာ ။ ဒါတွေကို ကျွန်တော် ကောက်ချက် လွဲရင် သူနဲ့ ကျွန်တော် သမီးရည်းစား ဖြစ်စရာအကြောင်း မရှိဘူး ။ သူ ပြောလိုက်တော့မှ သူ့ဟန်ပန်လေးကို စွဲလမ်းပြီး ( တစ်နည်းအားဖြင့် သူ့အလှ မာယာမှာ ယစ်မူးမိပြီး ) ကျွန်တော့် နှလုံးသားတွေ ထကြွကုန်တော့တာပဲ ။ ဒါက ပထမပိုင်း ဖြစ်ပါ၏ ။
သည်လို တင်ပြရုံဖြင့် ကျွန်တော်သည် လွန်စွာရိုးသားသူဟု မဆိုလိုပါ ။ မိန်းမ ဆိုလျှင် ချစ်ကြိုက်ရသည့်စိတ် ယခင်က မပေါ်ခြင်း သက်သက်မျှသာဖြစ်ပါသည် ။ ကျွန်တော် ကြုံဆုံဖူးသော ယခင် မိန်းကလေးများကို ချစ်တင်းမနှောပါ ။ ကိုယ်ကာယကိစ္စဖြင့်သာ ပတ်သက်ဖူးပါတယ် ။ ဒါကြောင့်လည်း မြမြသိမ့် နဲ့ ကျွန်တော့်ရဲ့ ဒုတိယ ပိုင်းဟာ မချောမွေ့ခြင်း ဖြစ်ပါတယ် ။
ကျွန်တော့်ကို ချစ်ရတဲ့ အတွက် မြမြသိမ့် ပထမဆုံးရတဲ့ ဆိုးကျိုးက “ ကြပ်ကြပ်သတိထား ” ဆိုတဲ့ သူ့မိဘ ၊ မောင်ဘွားတွေရဲ့ ရာဇသံဗျ ။ သူ့ အထက်မှာ အစ်ကို တစ်ယောက်တည်း ရှိတာမို့ အိမ်မှာ အလိုလိုက် ခံရတဲ့ နွဲ့ဆိုးလေး အခွင့်အရေးတွေ ဆုံးရှုံးပုံကတော့ ဆံပင်သွားညှပ်တာတောင် အဖော်မပါဘဲ မသွားရတော့ဘူး ။
“ လမ်းထဲမှာ ခွေးရူးဆယ်ကောင် လွတ်နေပါစေ ၊ တစ်ယောက်တည်း လွှတ်ချင်လွှတ်မယ် ၊ ဟိုအကောင်နဲ့ ပတ်သက်နေသမျှတော့ ဘယ်တော့မှ တစ်ယောက်တည်း အပြင်မထွက်ရဘူး ”
ဒါကိုလည်း ကျွန်တော် မအံ့ဩဘူး ။ အံ့ဩစေတာက အဖေ့ကိုပဲ ။ ဒီသတင်းတွေ ကြားတော့ ကျွန်တော့်ကို တားတယ်ဗျ ။ မိသားစုထမင်းဝိုင်းမှာကို ချပြောတာတို့ ၊ အရှက်တကွဲပဲ ။
“ မင်းကွာ ၊ ခွေးရူးလောက်တောင် တန်ဖိုး မရှိတော့ပါလား ။ ငါ့ခြေရာမျိုး မှီဖို့ မလွယ်ဘူးဟေ့ ၊ ငါ့တုန်းကဆို မကြိုက်နဲ့ ၊ ကြိုက်ပြီ ဆိုတာနဲ့ အိမ်ထဲ ရောက်ပြီးသား ၊ ဟား ... ဟား ... ”
“ အိုတော် ... ကျွန်မသားကို မြှောက်ပေးမနေပါနဲ့ ၊ ရှင်ကော အဲဒီလို အိမ်ပေါ်တက်လို့ ရတဲ့ မိန်းမမျိုးကို ယူခဲ့လို့လား ၊ ဒီမှာ သားမိုးအောင် ၊ အမေ သားဘက်က ရှိတယ် ၊ အဲဒီ မိန်းကလေးကို ရအောင်ယူ ၊ ကြားလား ”
အမေ ဝင်ပြီး အားပေးတော့ ကျွန်တော့် ညီမကပါ ဝင်ပြောလာပါတယ် ။
“ မမသိမ့်က သဘောကောင်းပါတယ် ၊ သူ့အမေကြီးကသာ ”
“ ဟဲ့ .. ရီရီနွယ် ၊ ဒါ နင့်ကိစ္စ မဟုတ်ဘူး ၊ တိတ်တိတ်နေ ”
“ မေမေကလည်း သူတို့ ဘက်က ”
“ တိတ် ... သွား ၊ ဒါနင့်ကိစ္စ မဟုတ်ဘူး ”
ဒါတွေကြုံတော့ အသည်းက တဆစ်ဆစ် ကိုက်လာတာဗျ ။
သောက် ... ဟို သူ့အမေကြီးဗျာ ၊ သူသွေးတွေ တိုးတုန်းက ညနှစ်နာရီ ကျော်ကြီး ဆေးရုံ လိုက်ပို့ ပေးတာတောင် မျက်နှာ မထောက်တော့ဘူး ။ အဲဒီတုန်းကတော့ ကျွန်တော်ဟာ ကျေးဇူးရှင်ပါပဲ ။ ပြန်တွေးမိလေ အသည်းကနာလေပဲ ။ သူ့သမီးနဲ့ လည်း ကြိုက်ရော ပြောချလိုက်ပုံတွေက ရပ်ကွက်ထဲမှာ မဟုတ်ရင် သွားကလော်တုတ်မိမယ် ။ တက္ကစီသမားရဲ့ ဒေါသကို မသိသေးလို့ နေမယ် ။ ကိုယ့်ရှေ့မှာ ရုတ်ရုတ်ရုတ်ရုတ် လုပ်ပြီး ကားကို ဖြတ်မောင်းတာကြောင့် တိုက်မိမလို ဖြစ်ရင်တောင် မအေနှမစုံ သွားတဲ့ အပြင် ကားချင်းယှဉ် ရပ်ပြီးတောင် စိန်ခေါ်ရဲတာဗျာ ၊ ဒါမျိုးကတော့ ၊ ခက်တာက မြမြသိမ့် မျက်နှာက ရှိသေးတယ် ။ ကျွန်တော် ကြံရာမရတော့ ကျွန်တော်တို့ ဂိတ်က တက္ကစီသက်တမ်း အရင့်ဆုံးဖြစ်တဲ့ ကိုမြတိုး ကို မေးရတော့တယ် ။ သူပြောမှ အားရှိစရာဗျ ။
“ ဟာ ... တက္ကစီသမားတွေကို စော်ကားတာကွ ၊ မင်း လုံးဝ မလျှော့နဲ့ ၊ နေဦး ၊ အခု ကောင်မလေးက ဘာတဲ့လဲ ”
“ သူက ကျွန်တော့်ကို သည်းခံဖို့ အထာပြတာပဲ ”
“ ကျောင်းသွားတော့ကော ”
“ သူ့အစ်ကို လိုက်ပို့တယ် ”
“ ကျောင်းမှာကော ”
“ မလွယ်ဘူးဗျ ၊ သူ့ညီမဝမ်းကွဲတွေလည်း ရှိတယ် ”
“ ဟာ ... မင်းနဲ့ လူချင်း စကားပြောဖို့ မလွယ်ဘူးပေါ့ ”
“ အေးဗျာ ၊ အခြေအနေ အဲဒီလိုဖြစ်နေလို့ ”
“ မခက်ပါဘူးကွာ ၊ ဟေ့ .. တကယ်ယူမှာနော် ”
“ အခုလား ”
“ အေးလေ ”
“ ကျွတ် ... ကျွန်တော် ကြောက်တယ် ”
“ ငါ ... ၊ မင်းကွာ ဒါဆိုလည်း ဘာလုပ်ဖို့လဲ ၊ ဆူးလေပွိုင့်က တစ်ယောက်ပင့်ပြီး ကျောင်းထဲ ခေါ်သွား ပြလိုက်ပေါ့ ၊ ပြီးနေပြီ ဥစ္စာ ”
အသေဝနာစ ဗလာနံ ဆိုတာဒါပဲဗျ ။ ကျွန်တော် ကလည်း ချက်ချင်းကို လုပ်တာ ။ မြမြသိမ့် ကို သနားပေမယ့် သူ့အမေကြီး ပြောတာတွေ ကိုတော့ နာတယ်ဗျာ ။ ကျွန်တော်ဟာ မြမြသိမ့် ကို အတည်ယူမှာ မဟုတ်ဘူးလို့ သူတို့ဘက်က ထင်ကြတယ် ။ ဒါကိုတော့ ကျွန်တော် သိပ်မဖြေရှင်းချင်ဘူး ။ စောစောက ကိုမြတိုး မေးတုန်းက အမေးမျိုး မြမြသိမ့် လည်း ကျွန်တော့်ကို မေးဖူးတယ် ။
“ အမေတို့ က နင့်ကို စိတ်မချဘူး ၊ နင့်ကားပေါ် တစ်ခါတလေ ကောင်မလေးတွေ တင်ပြီး ဟိုသွားဒီသွား သွားနေတာ လူတွေ သိတယ် ၊ အဲဒါ ဘာတွေလဲ ၊ ငါ့ကိုရော အတည် ယူမှာလားတဲ့ ”
တော်တော်တော့ မလွယ်တဲ့ ကိစ္စဗျ ။ ချစ်လို့ ကြိုက်လို့ မှ တစ်လ မပြည့်သေးဘူး ။ တောင်းဆို ညှိနှိုင်းချက်တွေက တစ်သိန်းလောက်ရှိတယ် ။
ဒါကလည်း ကျွန်တော့် အလွန်ပါပဲလေ ။ အဖြေပေးတဲ့ နေ့ကတည်းက သိဖို့ ကောင်းပါတယ် ။ သူက မေးတယ် ၊ နင် ငါ့ကို တကယ်ချစ်တာလား တဲ့ ။
“ ငါ တကယ်ချစ်တာ ၊ ဘာလဲ နင် မယုံဘူးလား ၊ ပြော ”
“ ဒါဆို ဆေးလိပ်ဖြတ် ၊ နင် ဖြတ်နိုင်ရင် နင်လိုချင်တဲ့ အဖြေရပြီမှတ် ”
“ ........... ”
“ ကွယ်ရာမှာ လည်း မသောက်ရဘူးနော် ၊ နင့်ပါးစပ်က ဆေးလိပ်နံ့ ထွက်နေရင်အသိပဲ ”
တကယ်တော့ အဲဒီကာလတုန်းက ဆေးလိပ်အန္တရာယ် တားဆီး ဆောင်ရွက်ချက်တွေဟာ အခုခေတ်လောက် မပြင်းထန်သေးဘူး ။ တစ်ကမ္ဘာလုံး ဆန့်ကျင်တဲ့ အထိ မဖြစ်သေးပေမယ့် မြမြသိမ့် က တောင်းဆိုတတ်နေပြီ ။ ဒါတင်ပဲလားဆိုတော့ မဟုတ်ပြန်သေးဘူး ။
“ ငါက ကွမ်းစားတာလည်း သိပ်မုန်း ၊ အဲဒါလည်း ဖြတ်ရမယ် ၊ ငါက စေတနာနဲ့ ပြောတာနော် ၊ ဆရာလုပ်တယ် ထင်ရင် မတတ်နိုင်ဘူး ”
ကျွန်တော်တို့ နေတဲ့ အထက်ပုဇွန်တောင်လမ်းမကြီး တစ်ဝိုက်မှာ လူငယ်ချင်း မေတ္တာမျှကြပြီ ဆိုရင်ဖြင့် ဆယ့်ငါးပေကုန်းကျော်တံတားမှာ သက်သေတည်ကြတာ အစဉ်အလာ ဖြစ်နေပါတယ် ။ ချိန်းတွေ့လို့ အကောင်းဆုံး နေရာပေါ့ဗျာ ။ လူကြီးမိဘတွေ ဘာမှ မပြောတော့ဘူး ဆိုရင်ဖြင့် ကျီတော်ရပ်ကွက်ထဲက မဟာသုခလမ်းတို့ ၊ ဇေယျာမြိုင်ပန်းခြံတို့ မှာ တွေ့ခွင့်ရပါပြီ ။
မြမြသိမ့် နဲ့ ကျွန်တော် ချိန်းတွေ့ကြတော့လည်း ဆယ့်ငါးပေကုန်းတံတားကြီး တစ်ဝိုက် ဆိုတော့ ကျွန်တော့်ကို ကျောခိုင်းပြီး လက်ကလေး တစ်ဖက်ကို ပိုက် ၊ လက်တစ်ဖက်က လက်ညှိုးလေး ထောင်ပြီး ကျောင်းဆရာမ အိုက်တင်နဲ့ ဆုံးမ နေတာဗျ ။ သူက ပြောရုံတင် ပြောရတာပါ ။ ကျွန်တော်က လိုက်နာရမယ့်သူ ဆိုတော့ ဒီကိစ္စတွေက မလွယ်ဘူး ။
ကားတကယ် ဆွဲကောင်းပြီ ဆိုတဲ့ အခါ တစ်ထောက်နားခွင့်ကြုံလေတိုင်း ဆေးလိပ်သောက်ပြီး အနားယူရတာ သူ ဘယ်နားလည်နိုင်ပါ့မလဲ ။ ကွမ်းစားတယ် ဆိုတာလည်း အကျင့် ဖြစ်နေတာ မဟုတ်ပေမယ့် ကြုံရင်တော့ စားတာပဲလေ ။ တကယ်ပါဗျာ ၊ ဘယ်သူတွေကများ သမီးရည်းစား ဖြစ်ပြီဟေ့ ဆိုရင် ဒီကိစ္စတွေ ကိုင်တွယ်ခိုင်းခဲ့သလဲ မသိပါဘူး ၊ ထုံးစံကြီး လိုဖြစ်နေတော့တာပဲ ။
“ ဟဲ့ ... နောက်တစ်ခု ကျန်သေးတယ် ၊ အရက် ၊ ဟုတ်တယ် အဲဒါတော့ လုံးဝလုံးဝပဲ ၊ ငါအမုန်းဆုံး လူဟာ အရက်သမားပဲ ”
အပိုင်ကို ချည်တာဗျ ။ တက္ကစီသမား တစ်ယောက်ရဲ့ ကိုယ်ရေးကိုယ်တာ တော်တော်များများကို ဝင်စွက်ဖက်နေတာ ဖြစ်ပေမယ့် ကျွန်တော်က တက္ကစီမောင်းနေတော့ သူ ပြောတာတွေ ခေါင်းထဲ ဘယ် ထည့်မလဲ ။ နှုတ်ကတော့ အလိုလိုက်ရတာပေါ့ ။
“ စိတ်ချဟာ ၊ ငါအဲဒါတွေ လုပ်တာ မြင်တဲ့ နေ့ နင်ငါ့ကို မုန်းလိုက် ၊ ငါ ကတိပေးတယ် ”
“ တကယ် ”
ကိုယ်လေးကို တစ်ပတ်လှည့် လာပြီး မြမြသိမ့် ရဲ့ အောင်ပွဲခံတဲ့ အပြုံးကို မြင်တော့ ကျွန်တော် လိမ်မိတာ စိတ်မကောင်း ဖြစ်သွားတယ် ။ မတတ်နိုင်ဘူးဗျာ ၊ ဒီလိုမှ မဟုတ်ရင် ကျွန်တော် ညံ့သွားမှာပေါ့ ။ ကျွန်တော် ကသာ ကတိတွေ မျိုးစုံ ပေးနေရပေမယ့် သူ့ကို ကျောင်းမှာ ယောက်ျားလေး သူငယ်ချင်းတွေနဲ့ ရောတာ မကြိုက်ဘူးလို့ ပြောမိတော့ ...
“ ဟာ ... ဒါ တက္ကသိုလ်လေ ၊ အဲဒီလို နေမှ မိတ်ဆွေ အပေါင်းအသင်း ပေါမှာ ပေါ့ ၊ နင်ကလည်း ကြောင်နေပြန်ပြီ ”
ကိုယ်ခန္ဓာလေး ပိန်ပိန်ပါးပါး ၊ ဝတ်စားဆင်ယင်ပုံလေးတွေက တကယ့် ဣန္ဒြေရှင်လေးလို ၊ ပြောပုံဆိုပုံလေးက ကျွတ်ဆတ်ဆတ် ဆိုတော့ မြမြသိမ့် ဟာ ၁၉၉၀ ခုနှစ် ဝန်းကျင်ကာလမှာ ခေတ်စံချိန်ဝင်တဲ့ သမီးပျိုပဲ ။ ဒါဟာသူနဲ့ ကျွန်တော်ရဲ့ အဓိက ကွာဟချက်ဆိုတာ တစ်ပတ်အတွင်း ထုတ်ဝေတဲ့ သတင်းစကားတွေမှာ ပေါ်ထွက်လာတော့ သတည်း ။
▢ မာန် ( တောင်လုံးပြန် )
📖 မြို့ဂျပိုး
No comments:
Post a Comment