Wednesday, October 29, 2025

ရင်ခုန်သံစည်းချက်များ ပေါ် ကခုန်ခြင်း


 ❝ ရင်ခုန်သံစည်းချက်များ ပေါ် ကခုန်ခြင်း ❞ 

( မောင်တင်ဆင့် )


မီးခိုးဖြူငွေ့များက လေးထောင့်အုတ်ခေါင်းတိုင်ထိပ်မှ တဝေ့ဝေ့ နွဲ့ယိမ်းတက်လွင့်သွားသည်ကို ချစ်ချစ် ငေးတွေ ကြည့်နေမိသည်  ။ သူမ မျက်ဝန်းမှာ မျက်ရည်ကြည်နုများ နှင့် ဝေဝေဝါးဝါး ။ ကိုကို တစ်ယောက် မီးခိုးဖြူရောင်ဝတ်စုံကို ဝတ်ဆင်လျက် ကောင်းကင်ပြာလွင်လွင်ဆီ တစ်စစီ ပျံသန်းသွားနေခဲ့သလား ။


ကိုကိုသည် ဖိစီးမှုအားလုံးမှ လွတ်မြောက်သွားခဲ့တာကတော့ အမှန်ပင် ။


“ ကိုယ် ချစ်ချစ်ကို သိပ်သနားတယ်ကွယ် ” ဟု ကိုကို ပြောခဲ့ဖူးသည် ။ ကိုကိုရယ်ဟု သူမက ကို့ကို ရင်ဘတ်ထဲ ညည်းညူတိုးဝှေ့မှီနွဲ့ရင်း ကိုကို့ ကို သူ ပိုင်ဆိုင်သော တစ်ဖက်တည်းသော လက်ဖြင့် သူမကို ထွေးပွေ့သောအခါ ချစ်ချစ် ဘဝတစ်ခုလုံး လုံခြုံပြည့်စုံသွားသည် ဟု ပျော်ရွှင်ချမ်းမြေ့စွာ ကျေနပ်နေခဲ့ဖူးသည် ။


ကိုကိုနှင့် ဖြတ်သန်းခဲ့သော ထိုနည်းပါးလှသည့် ညတွေသည် ကြယ်စုံသောညတွေဟု ထင်ပါသည် ။


“ ကလေးအပေါ်မှာ မတရားဘူးလို့ ကိုယ့်စိတ်ထဲ ခံစားနေမိတယ် ” 


“ ချစ်ကတော့ ဘာပဲဖြစ်ဖြစ် ကိုကိုနဲ့ အတူ ရှိနေရတာကိုပဲ ကျေနပ်မိပါတယ် ”


“ ကလေးရယ် ... ချစ်ချစ်ရယ် ... ကိုယ့်ဘဝမှာ နောင်တ အရဆုံးက ချစ်ချစ်ကို ချစ်ခဲ့မိတာပါပဲ ”


ကိုကို့ နှုတ်ခမ်းမှ ဘီယာနံ့သည် မွှေးပျံ့လို့ နေခဲ့သည် ။ မလေးရှားပိတောက်တို့၏ စူးရှသော ရနံ့သည် ညထဲမှာ ယစ်မူးဖွယ်ဖြစ်သည် ။ လမ်းပေါ်မှ တစ်ခါတစ်ရံ ဖြတ်သွားသော လူအချို့၏ ဖိနပ်သံသည် ညရဲ့ စည်းချက်ချသံနှင့် တူနေ၏ ။ ထို့နောက် ညသည် တိတ်ဆိတ်မှုတွင်းထဲ ဆွဲငင်ယူဆောင် သွားလေသည် ။


ကိုကိုနှင့် နေရက်တွေကို ချစ်ချစ် အာရုံမှာ အသေးစိတ် အမှတ်ထင်ထင် ရှိနေခဲ့သည်  ။ ကိုကိုသည် တစ်ခါတစ်ရံ ကလေးဆိုးကြီးနှယ် ရှိနေကာ ကိုကို့ စိတ်ကို သိနိုင်ဖို့ ချစ်ချစ်အတွက် ခက်ခဲ သလို ရှိခဲ့ဖူးပါသည် ။


ထိုနေ့ကတော့ ကိုကိုသည် သူ လပေး ငှားစီးသော ဆလွန်းကားလေးကို သောကတွေ ဗရပွနှင့် ဒေါသလှိုင်းထကာ သူပိုင်ဆိုင်သော တစ်ချောင်းတည်းသော လက်ဖြင့် ဂယ်ရီကားပြိုင်ပွဲဝင်သလို မောင်းချလာခဲ့သည်ဟု ဆိုပါသည် ။ အဖြစ်ကတော့ ရယ်စရာလိုနှင့် သနားစရာလည်း ကောင်းနေခဲ့သည် ။

 

ကိုကိုက သူ့ရဲ့ ကျူရှင်ခန်း အနီးမှ ချစ်ချစ် ဆီကို ဖုန်းဆက်ခဲ့ချိန်တွင် ချစ်ချစ်က အိမ်မှာ မရှိပါ ။ အိမ်ရှင်အမျိုးသမီး ကောင်မလေးကလည်း ချစ်ချစ် မရှိ ၊ ဘယ်သွားမှန်း မသိလို့ ဖုန်းထဲမှ ပြန်ပြောလိုက်ခဲ့တော့ ကိုကို ပူပင်သောကလှိုင်းတွေ ချက်ချင်းကြွတက်လာပြီး ထိုမှ ဒေါသအဆင့်သို့ ပြောင်းလဲခဲ့ခြင်းဖြစ်သည် ။ ထိုအချိန်က ချစ်ချစ် ကျောင်းနေဖက် သူငယ်ချင်းတွေ ရောက်လာသဖြင့် သူငယ်ချင်းတွေနှင့် သူငယ်ချင်းတစ်ယောက်အိမ် ထွက်လိုက်သွားခဲ့ချိန် ဖြစ်သည် ။


ကိုကို အိမ်ရောက်လာတော့ ကိုကို့ မျက်နှာသည် ခဲသားရောင်ကောင်းကင်နှယ် ရှိနေပြီး ဒေါသ လျှပ်ပန်းတို့လည်း တဝင်းဝင်း တလက်လက် ရှိနေပါသည် ။ ထိုနေ့က ချစ်ချစ် ကိုကို့ကို အစွမ်းကုန် နှစ်သိမ့်ခဲ့ရလေသည် ။ အိမ်ရှင်အစ်မနှင့် သမီးတို့ ကလည်း ချစ်ချစ် ဘက်က အကောင်းဆုံး ထောက်ခံချက်တွေ ပေးခဲ့သဖြင့် ကိုကို တစ်ယောက် နောက်ဆုံးတော့ မိုးသားတိမ်ညိုကို ကင်းစင်သွားခဲ့ရ၏ ။


“ ချစ်ချစ်ရယ် ၊ ကိုယ် ဖုန်းဆက်တာ စာသင်နေရင်းက ထွက်ပြီးဆက်ရတာ ။ ချစ်ချစ် အသံကလေး ကြားချင်လို့  ၊ နောက်ဆို ကိုယ်ဖုန်းဆက်ရင် ချစ်ချစ် ဖုန်းနားမှာ အမြဲရှိပါစေကွယ် ၊ နို့မို့ဆိုရင် ကိုယ် ရင်ပူလွန်းလို့ ... ” ဟု ပြောခဲ့ပုံက ကိုကို အိမ်မှာ ရှိသည် ဖြစ်စေ ၊ မရှိသည် ဖြစ်စေ ချစ်ချစ်ကို ကိုကို့ အပါးမှာ ၊ လက်လှမ်းမီရာမှာ ရှိနေစေချင်ပုံ ရပါသည် ။ မဖြစ်နိုင်မှန်းကို ကိုကို သိပါလျက် ကလေးကြီးတစ်ယောက်လို သူ လိုရာ ဇွတ်ကြီး တောင်းဆိုနေပုံမျိုး ဖြစ်သည် ။

 

ဒီလိုနှင့် ကိုကို အပြင်မှာ ရှိတိုင်း ချစ်ချစ် ဆီ ဖုန်းအခါခါဆက်နေတတ်ပါသည် ။ တစ်ခါတော့ ချစ်ချစ် အစ်မရောက် လာပြီး ကိစ္စတစ်ခုနှင့်လိုက်ပါသွားရာ ကိုကို့ဖုန်းနှင့် လွဲခဲ့ရပြန်သည် ။ ကိုကို ကားကို တရကြမ်း မောင်း၍ အိမ်ရောက်လာတော့သည် ။ ချစ်ချစ် ပြန်မရောက်သေးပါ ။ ချစ်ချစ် ပြန်ရောက်လာတော့ ကိုကိုသည် သူ့ခြေထောက်တစ်ဖက်ရဲ့ အကူအဖြစ် ထားရှိသော တုတ်ကောက် ဖြင့် ချစ်ချစ်ကို စကားတစ်လုံးမှ မဆိုဘဲ ကလေးတစ်ယောက်ကို မိဘက ရိုက်နှက်ဆုံးမသလို ရိုက်နှက်ခဲ့ တော့သည် ။ ချစ်ချစ် လည်း ကလေးတစ်ယောက်လို “ ကြောက်ပါပြီ ကို ကိုရဲ့” ဟု ခပ်တိုးတိုး အော်ရင်း ကျေနပ်ပျော်ရွှင်နေခဲ့ဖူးပါသည် ။


နောက်တော့လည်း “ ကလေး ဘယ်နာသွားလဲကွယ် ၊ ကိုယ် တကယ် စိတ်မကောင်းပါဘူး ။ ကိုယ့်ကို စိတ်မဆိုးပါနဲ့ နော် ” ဟု ချော့မြူနေခဲ့ပြန် ၏ ။ သွား ... ကိုကိုနဲ့ မခေါ်တော့ဘူး ဆိုတော့ ကိုကို့ မျက်နှာပြင်မှာ ခဲသားရောင် တိမ်မိုးညိုတို့ ဝေ့သီလာခဲ့ပြန်သည် ။


တစ်ခါတော့ ညကြီးသန်းခေါင် နိုးလာပြီး ရေငတ်ဆာလောင်နေသဖြင့် အိပ်ရာအပြင် ထ အထွက်တွင် ( လျှပ်စစ်မီး ကလည်း ပျက်တော့ အမှောင်ထဲ စမ်းလျှောက်ရင်း ) ကိုကို့ လက်တစ်ဖက် ကို ခလုတ်တိုက်မိရာ ခြေဖြင့် ကန်သလို ဖြစ်သွားခဲ့ပြီး ကိုကို့ လက်ကြီး လွင့်စဉ်သွားကာ ချစ်ချစ် ခြေ ထောက်လည်း အတော် နာကျင်သွားခဲ့ပြီး ထိတ်လန့်တုန်လှုပ်သွားမှုသည် မူးမေ့သွားမတတ် ဖြစ်ခဲ့သည် ။ ကိုကို လည်း အိပ်ရာမှ ချက်ချင်း နိုးလာပြီး ထိတ်လန့်သွားခဲ့၏ ။


သူပိုင် လက်တစ်ဖက်ဖြင့် ချစ်ချစ် ကို ဖက်ပွေ့ရင်း ကလေး ဘာဖြစ်သွားလဲ ။ အတော် နာသွားလား ၊ နာသွားလား နှင့် တဖွဖွ ဖြစ်နေခဲ့ပုံမှာ ကြေကွဲဝမ်းနည်းဖွယ်ရာ ဖြစ်သည် ။ ချစ်ချစ်သည် သူ့ရင်ဘတ်ပေါ် မျက်နှာပစ်ချပြီး မျက်ရည်သွယ်သွယ်ကျနေခဲ့ဖူးပါသည် ။


ကိုကို့ လက်ကြီး ဘယ်ရောက်သွားပါလိမ့် ။


ကိုကို့ ရဲ့ အစစ်အမှန် လက်တစ်ဖက်သည်ကား မတော်တဆဖြစ်မှု တစ်ခုကြောင့် ပျောက်ဆုံးခဲ့ရသည် ကို ကိုကို တစ်ခါက ပြောပြခဲ့ဖူးသည် ။ ယခု ကိုကို အတုအယောင် လက်တစ်ဖက်သည် ချစ်ချစ် ခြေထောက်ဖြင့် တိုက်မိလိုက်သဖြင့် အမှောင်တွင်းသို့ လွင့်စဉ်သွားခဲ့သည် ။ အစစ်အမှန် လက်တစ်ဖက်သာ ပိုင်ဆိုင်သော ကိုကိုသည် သူ့ရဲ့ မွေးရာပါ ရောဂါဖိစီးမှုကြောင့် ခြေဆစ် မှာလည်း ရောင်ကိုင်းညိုမည်းနေကာ ခြေဆစ်လှုပ်ရှားလို့ မရသည့် အခြေထိ ရောက်ရှိပြီး ခြေတုတပ်ထားသော ခြေထောက်လို တုတ်ကောက်အကူနှင့် လမ်းလျှောက်နေခဲ့ရ၏ ။ တစ်ခါတော့ ချစ်ချစ်က ကိုကို့ ကို မေးကြည့်ခဲ့ဖူးသည် ။


“ ကိုကို့ ခြေထောက်က ဘာဖြစ်တာလဲဟင် ”


“ ဘာဖြစ်တယ် မသိပါဘူးကွယ် ။ ဆရာဝန်ကတော့ ဟမိုသရိုးဆစ် ( Haemorthrosis ) ရောဂါ ဆိုတဲ့ ခြေဆစ်ထဲ အတွင်းသွေးယိုစီးမှုဖြစ်တာလို့ ပြောတယ် ”


ချစ်ချစ် ကိုကို့ကို အံ့ဩငေးမောနေခဲ့မိသည် ။ ကိုကိုသည် သူ့ရောဂါ အကြောင်းကို ပုံပြင်တစ်ပုဒ် ပြောသလို တည်ငြိမ်အေးဆေးစွာ ( သူနှင့် မပတ်သက်သလို ) ပြောပြနိုင်စွမ်းရှိသူ ဖြစ်သည် ။ ချစ်ချစ်သည် မုတ်ဆိတ် ကျိုးတိုးကျဲတဲ ၊ နှုတ်ခမ်းမွေး တိုနံ့နံ့နှင့် ယောက်ျားပီသသော ကိုကို့မျ က်နှာ ကို ချစ်မြတ်နိုးစွာ ငေးကြည့်ခဲ့ဖူးသည် မှာ အကြိမ်ပေါင်း မရေမတွက်နိုင်ခဲ့ ။


တစ်ခါတော့ ကိုကိုသည် သွားဖုံးတွင် ငါးရိုးစူးရာ ငါးရိုးကို နုတ်ပယ် လိုက်စဉ် သွားဖုံးမှ သွေး မတိတ်နိုင်ဘဲ နှစ်ရက် သုံးရက် ကြာမြင့်သွားသောအခါ ကိုကိုသည် ဂွမ်းစတစ်စပြီးတစ်စ သွားကြားမှာ ဆို့ပိတ်နေခဲ့ ရရာ ချစ်ချစ် ကိုယ်တိုင်ဂွမ်းထုပ်တွေ ဝယ်ပြီး ပေးခဲ့ရဖူးသည် ။ ဒီတုန်း က ကိုကိုသည် ချစ်ချစ်တို့ အိမ်အောက်ထပ်ကို ငှားပြီး ကျူရှင်ကျောင်းဖွင့်နေခဲ့သည် ။


“ ဆရာ ... ဘာဖြစ်တာလဲ ”


 ”ဘာမှ မဖြစ်ပါဘူး ”


ကိုကိုသည် ထိုအတိုင်း ဂွမ်းအသစ် ဆို့လိုက် ။ သွေးပြည့်လာလျှင် ထုတ်ပစ်လိုက်နှင့် နှစ်ရက် ၊ သုံးရက်ထိ ကြာမြင့်ခဲ့ဖူးသည် ။


ဒီကတည်းက ဆရာ့မှာ သွေးမတိတ်တဲ့ ရောဂါ ရှိတယ်ဟု ကြားခဲ့ရဖူးသည် ။ ချစ်ချစ်ကတော့ ဟုတ်မယ် မထင်ပါဘူးဟု စိတ်ကိုလျှော့ချဖြေသိမ့်ထားခဲ့ဖူးသည် ။ ဒီနောက်ပိုင်း ကိုကို့ ကို ဖေးမကူညီရင်း ချစ်ချစ်ရဲ့ ညဉ့်အိပ်မက်တွေအတွင်း ကိုကို ဝင်ရောက်ပိုင်စိုးလာခဲ့သည် ။ ကိုကိုနှင့်အတူ အအေးဆိုင်မှာ နှစ်ယောက်သား အအေးသောက်ရင်း ၊ ကိုကို့ရဲ့ ခန့်ညားချောမောသော မျက်နှာကို ငေးစိုက်ကြည့်ရင်း ချစ်ချစ် ရင်ထဲမှာ “ ကိုကို ” ဆိုသောအသံ မြည်လာခဲ့သည် ။


ကိုကို က ချစ်ချစ် လက်ကလေးကို ကိုင်တွယ်ယုယရင်း ... 


“ ကလေးရယ် ... ကိုယ့်ကို ကလေး မချစ်မိစေနဲ့ နော် ” ဟု ပြောခဲ့သည် ။ ကိုကို့ အသံက ချစ်ချစ် ရင်ထဲထိ ဝင်ရောက်သွားကာ ကြေကွဲစိတ်ဖြင့် ငိုချင်လာပါသည် ။ ကိုကို့ ကို ချစ်ချစ် ချစ်တယ် ဟု မပြောမိစေရန် နှုတ်ခမ်းသားများကို ကိုက်ထားမိသော်လည်း မျက်ရည်တို့ က တားဆီးမရခဲ့ပါ ။ ကိုယ့်ဘဝထဲ ( ချောက်နက်ထဲ ) ဝင်မလာပါနဲ့ ကလေးရယ် ။


ကိုကိုသည် ဝင်ငွေကောင်းသော ကျူရှင်ဆရာတစ်ယောက် ဖြစ်ခဲ့သ ည် ။ ကိုယ်ပိုင်ကား စီးနိုင်ခဲ့သည် ။ ချစ်ချစ်တို့ သာမန် မိသားစုလေးတစ်ခုပါ ။ မုဆိုးမ မေမေက အထည်ချုပ် စက်ရုံတစ်ခုမှာ လုပ်ရင်း ဖေဖေ ထားခဲ့သော အိမ်ရဲ့ အောက်ထပ်ကို ငှားရမ်းလို့ ရသည့် ဝင်ငွေလေးနှင့် ဘ၀ကို ရပ်တည်ခဲ့ကြပါသည် ။ အစ်မတစ်ယောက်က သူ့အိမ်ထောင်နှင့် သူ ၊ မောင်လေး ညီမလေး နှစ်ယောက် က ကျောင်းသား ၊ ချစ်ချစ်က ဆယ်တန်းအောင်ပြီးစ ဟိုမရောက် ဒီမရောက် ဖြစ်သည် ။


“ နင်တို့ နွယ်နေကြပြီလား ”


ဟု ချစ်ချစ် သူငယ်ချင်း ၊ ကိုကို့ ရဲ့ သင်တန်းစာရေး ပြောလာတဲ့ နေ့က ချစ်ချစ် ငြင်းပယ်ဖို့ မကြိုးစားခဲ့ပါ ။


“ သူ့မှာ မယားကြီး ငုတ်တုတ်ရှိတယ်နော် ” ဆိုတဲ့ အထိ မတုန်လှုပ်ခဲ့ ။ ပြုံးမြမြနှင့်ပင် နေနိုင်ခဲ့သည်  ။


“ သူက လေပွေလို့ ပြောကြတယ် ။ တခြားလည်း တွယ်နေတာ ရှိသတဲ့  ။ အကြွေးပတ်လည် လည်း ဝိုင်းနေတာတဲ့ ”


ချစ်ချစ် စကားလုံးတွေကို တွန်းထုတ်ခေါင်းခါ ပစ်ခဲ့ပါသည် ။


ကိုကို့ကား ရောင်းလိုက်ရပြီး ကားတစ်စီး ငှားသုံးဖို့ စပေါ်ပေးရန် ငွေ လိုတယ် ဆိုတော့ မေမေ့ကို နားချပြီး အိမ်ဂရန်ကို ပေးခဲ့သည် ။


ကိုကို နှင့် အတူ ဖြတ်သန်းခဲ့ရသော တိုတောင်းနည်းပါးလှသည့် ညတွေသည် အရာရာနှင့် မလဲနိုင်ပါ ။ အရာရာထက်လည်း တန်ဖိုးကြီးမားသည် ဟု ချစ်ချစ် ထင်ပါသည်  ။ ညတွေက အေးမြမွှေးပျံ့လို့ နေသည် ။


တစ်ရက်တွင် ချစ်ချစ်နှင့် ကိုကိုတို့ ငှားရမ်းနေထိုင်သော အိမ်ခန်းလေးသို့ မေမေနှင့်မမ ရောက်ချလာခဲ့သည် ။ အိမ်ဂရန်နှင့် ချစ်ချစ်ကိုပါ ကိုကို့ဆီက ပြန်လည်ရယူနိုင်ဖို့ ဖြစ်သည် ။


“ ကျွန်တော် လူကြီးလူကောင်း တစ်ယောက်ပါ ဒေါ်ဒေါ် ၊ ကျွန်တော် ဘယ်မှ ထွက်မပြေးပါဘူး ။ စိတ်ချပါ ၊ ဒေါ်ဒေါ် အိမ်ဂရန် ပြန်ရွေးပေးမှာပါ ”


ကိုကို ဆေးရုံပေါ်မှ နောက်ဆုံးအခြေအနေအဖြစ် ရှိနေတော့ ချစ်ချစ် ကို တွေ့ချင်သည် ၊ ချစ်ချစ်ကို ခေါ်ပေးပါဟု သမီးလေးကို ပွေ့ဖက်ထား ရင်း မျက်ရည်စီးကြောင်းတွေနှင့် သူ့ဇနီးကို တဖွဖွတောင်းဆိုခဲ့သည် ဟု ဆိုပါသည် ။ 


“ ချစ်ချစ် အိမ်ဂရန်ကို ပြန်ရွေးပေးလိုက်ပါ ။ ချစ်ချစ် ဆွဲကြိုးလေးကိုလည်း ပြန်ရွေးပေးလိုက်ပါ ။ အဲဒီ ကတိပေးပါ ”


ဟု သူ့ဇနီးကို တောင်းဆိုခဲ့သည် ဟုလည်း ဆိုပါသည် ။


“ ချစ်ချစ်က သိပ်သနားဖို့ ကောင်းတယ်ကွယ် ”


ဟု ကိုကို ဝေဒနာကြားက ညည်းတွားနေခဲ့သည်ဟု ဆိုသည် ။ ဒါ လေးတွေကြောင့် အရာ အားလုံးအတွက် ချစ်ချစ် ကိုကို့ ကို ကျေနပ်နိုင်ခဲ့ပါပြီ ။


တစ်ရက် ကိုကို မရှိချိန် မေမေနှင့် မမ ရောက်လာပြီး ချစ်ချစ် ကို ကိုကို့ ရင်ခွင်ထဲမှ ဆွဲထုတ်ဖို့ ကြံစည်ခဲ့ကြသည် ။ ချစ်ချစ် ရုန်းကန်ငြင်းဆို ခဲ့ပါသည် ။


“ ညည်း သူနဲ့သာ ဆက်ပေါင်းနေရင် ညည်းဘဝ ဆုံးမယ် ။ ညည်း လူမှာ ဘာမက်စရာရှိလို့ လဲ ဟင် .. မိချစ်ချစ် ။ ဒုက္ခိတရောဂါသည် ၊ အကြွေးဗရပွနဲ့ ချစ်ချစ်ရယ် ... ညည်းကိုယ် ညည်း မသနားတောင် မိဘ ညီအစ်ကိုမောင်နှမတွေ မျက်နှာထောက်ထားပါ ”


ချစ်ချစ် နားကိုသာ လက်နှင့် ပိတ်ရင်း တွင်တွင် ခေါင်းခါခဲ့ပါသည် ။ 


“ ညည်း မိဘ အုပ်ထိန်းမှုအောက်မှာ ရှိသေးတယ် ။ မအေ့ စကားနား ထောင်စမ်းပါအေ ။ ညည်း အခု မအေနဲ့ ပြန်လိုက်ခဲ့ပါ ။ ညည်းဘဝ အတွ က် မအေက ဒါလောက် ပြောနေတာပါ ”


ချစ်ချစ် နားမဝင်နိုင်ပါ ။ “ သမီး မလိုက်ဘူး ။ သူနဲ့ မခွဲနိုင်ဘူး ” ဟု ပြန်လည်ချေပပြောဆိုတော့ မေမေ လက်ပါလာခဲ့သည် ။ မျက်ရည်ပေါက်ပေါက် ကျသော်လည်း အံကြိတ်တင်းခံခဲ့ရသည်က ကိုကို့ရင်ခွင် အတွက် ဆိုတာတော့ ကိုကို သိချင်မှ သိပါမည် ။ နောက်ဆုံး မေမေနှင့် မမက လ က်တစ်ဖက်စီဆွဲ၍ တရွတ်တိုက် ဆွဲခေါ်တော့ ချစ်ချစ် အော်ဟစ်ရုန်းကန်ခဲ့ရသည် ထိ ၊ ခုနစ်အိမ်ကြား ၊ ရှစ်အိမ်ကြား ကျော်မကောင်း ကြားမကောင်း အရှက်မဲ့ရသည်ထိ ကိုကို့အပေါ် နင့်နေအောင် ချစ်သက်သေ ထူခဲ့ဖူးသည် ။ ချစ်ချစ်က သေးသေးသွယ်သွယ်ပေမယ့် သန်မာသည် ။ မေမေနှင့် မမ လက်မှ ရုန်းထွက်နိုင်ခဲ့သည် ။ မေမေရဲ့ ပူရှခါးသီးသော စကားလုံးများကို ချစ်ခြင်း အတွင်းအားဖြင့် ခံနိုင်ရည် ရှိခဲ့သည် ။


ယခုတော့ ကိုကို သည် မီးခိုးဖြူရောင်ဝတ်ရုံကို ဝတ်ဆင်လျက် ကောင်းကင်ဆီသို့ ပျံသန်း သွားနေခဲ့ပြီ ။


နောက်ဆုံး ကိုကို နှင့် နေခဲ့ရသော နေ့ရက်တွေသည် ကျဉ်းမြောင်းသော တိုက်ခန်းကလေး တစ်ခုက အခန်းလေးတစ်ခန်းမှာ ဖြစ်သည် ။ ခေါင်းအုံးတစ်လုံး ၊ ဖျာတစ်ချပ် ၊ တစ်ယောက်အိပ် သစ်သားခုတင်လေး ၊ သောက်ရေအိုးတစ်လုံးသာ အိမ်ထောင်ပရိဘောဂအဖြစ် ရှိခဲ့သောနေရာလေး ၊ ခေါင်းအုံးလေးတစ်အုံးမှာ ခေါင်းနှစ်လုံးပူးကပ်ပျော်ရွှင်လို့  ၊ စောင်တစ်ထည်ကို အတူတူခြုံကာ တခစ်ခစ်ရယ်မောလို့ ပြတင်းပေါက်မှ ပျံသန်းထွက်ခွာကာ လဟာပြင်ထဲက ကြယ်တာရာတွေကို ငေးမော ရေတွ က်ရတာ ဘယ်လောက် ကြည်နူးဖွယ်ရာလဲ ။


“ နင်ဟာ နင့်ဘဝကို ( လောကကြီးကို ) အရွဲ့တိုက်နေတာလား ချစ်ချစ် ရယ် ” ဟု သူငယ်ချင်း သန်းသန်း က သူတို့ အခန်းလေးကို ရောက်လာ လည်ပတ်ရင်း မျက်ရည်ကလေးတွေ လည်ကာ ပြောခဲ့ တာကို မှတ်မိနေပါသည် ။


ကိုကိုရဲ့  ရောင်ကိုင်းညိုမည်းကာ လှုပ်ရှားနိုင်စွမ်းမဲ့ ခြေဆစ်အရေပြားကို တစ်စုံတစ်ရာနှင့် ထိတိုက်မိပြီး သွေးတို့ အဆက်မပြတ် ယိုစီးကျနေချိန်မှာ ချစ်ချစ်သည် ချစ်ချစ်တို့ တူနှစ်ကိုယ် ဘဝလေး စားဝတ်နေရေးအတွက် အထည်ချုပ်စက်ရုံတစ်ရုံမှာ အလုပ် ဝင်နေချိန်ဖြစ်သည် ။ ကိုကိုသည် ထိုအချိန်က သူ့လုပ်ငန်း သွေးဆုတ်နေချိန်လည်း ဖြစ်သည် ။ နောက်ဆုံး သွေးပုလင်းပေါင်းမြောက်မြားစွာ သူ့ ခန္ဓာကိုယ်မှ မြစ်တစ်စင်းလို စီးထွက်ပြီးနောက် ကလေး တစ်ယောက်ကို ကားငှားခိုင်းကာ ကိုကို တစ်ယောက်တည်း သူ့မိဘအိမ် ထွက်ခွာသွားခဲ့သည် ။ ဒီကတည်းက ကိုကို နှင့် ချစ်ချစ် စတင် ခွဲခွာခဲ့ရသည်မှာ ဘဝတစ်သက်တာ ဖြစ်တော့သည်  ။


တစ်ညမှာတော့ ကိုကို က ဒီလို ပြောခဲ့သည် ။


“ ကိုယ်နဲ့ ချစ်ချစ်တို့ ကလေး မယူကြေးနော် ”


“ ဘာဖြစ်လို့ လဲ ကိုကို ၊ ချစ်ချစ်တော့ ကိုကို့ ကိုယ်ပွားလေး တစ်ယောက်လောက် ရပြီးရင် တော်ပါပြီ ”


“ မဖြစ်ဘူး ကလေးရယ် ” 


“ ဘာကြောင့်လဲဟင် ”


“ ဘာကြောင့်လဲ ဆိုတော့ ကိုယ့် ရောဂါက ဟင်မိုဖီးလီးယား ( Heamophilia) လို့ ခေါ်တဲ့ သွေးမတိတ်ရောဂါ ။ ဒီရောဂါက ကိုယ့်မွေးရာပါရောဂါ ပေါ့ ။ ကိုတို့ သားလေး မှာ ဒီရောဂါမျိုး ဆက်မပေးချင်ဘူး ကလေးရယ် ။ ဒီ ဝဋ်ကြွေးကို ဒီဘဝမှာ ကိုယ်တစ်ဦးတည်းပဲ ခံယူသွားချင်တယ် ။ ကလေးကို ကိုယ် ချစ်မိတာ သိပ်နောင်တရမိတယ်ကွယ် ။ ကိုယ် မရှိတဲ့ အခါ ကလေးတစ်ယောက်တည်း လူ့လောက အလယ်မှာ မျက်စိသူငယ် ၊ နားသူငယ် နဲ့ ယောင်လည်လည် ကျန်ရစ်မှာ ကိုယ် မတွေးရဲဘူး ”


“ တော်ပါတော့ ကိုကိုရယ် ။ ချစ်ချစ် ဝမ်းနည်းစကားတွေ မကြားပါရစေနဲ့  ။ ကိုကိုနဲ့ နေရတဲ့ ဘဝခဏတာလေး ဆိုတာ ချစ်ချစ် ဘဝတစ်သက် တာပါနော် ။ ကိုကိုဟာ ဘာမှ မတုန်လှုပ်တဲ့ ယောက်ျား တစ်ယောက်ပါ ။ ဟုတ်ပါတယ်နော် ”


ကိုကိုသည် သေမိန့်ကျပြီးသူအဖြစ် သူ့ကိုယ်သူ သိနေသော်လည်း သူ့ ဘဝမှာ အချစ်ကို တွေ့ရှိသွားသူ အဖြစ် တန်အောင်နေထိုင်သွားခဲ့သူ ဖြစ်သည် ဟု ကျေနပ်နိုင်ပါစေ ။


မီးခိုးဖြူငွေ့များက လေးထောင့်အုတ်ခေါင်းတိုင်ထိပ်မှ တဝေ့ဝေ့ နွဲ့ယိမ်းတက်လွင့်သွားသည် ကို ချစ်ချစ် ငေးတွေ ကြည့်နေမိသည် ။ ကိုကို တစ်ယောက် မီးခိုးဖြူရောင်ဝတ်ရုံကို ဝတ်ဆင်လျက် ကောင်းကင်ပြာလွင်လွင်ဆီ တစ်စစီ ပျံသန်းသွားနေခဲ့ပေပြီ ။ ဒီလိုနှင့် ကိုကိုသည် ဖိစီးမှုများ အားလုံး မှ လွတ်မြောက်သွားခဲ့သည် ကတော့ အမှန်ပင် ။


 ▢  မောင်တင်ဆင့် 

📖ရွှေအမြုတေမြုပ်စုံမဂ္ဂဇင်း

     အမှတ် ၁၇၈

    စက်တင်ဘာလ ၊ ၂၀၀၄ ခုနှစ် 

No comments:

Post a Comment