❝ ထိုအလွမ်း ❞
( အောင်စည်ဟိန်း )
သီတင်းကျွတ်ပြီ ဆိုလျှင်ဖြင့် တစ်အိမ်လုံး က ဘဘဦးအောင်သန်း ကို မျှော်ကြပြီ ။ ကျွန်တော်တို့ တစ်အိမ်တည်းလား ။ ကျွန်တော်တို့ ဆွေမျိုးတစ်သိုက်လုံးက မျှော်ကြပြီဖြစ်သည် ။
အဲသည်တုန်းက ကျွန်တော်တို့ က ကြည့်မြင်တိုင်ဈေးကြီးပိုင်းမှာ နေသည် ။ ဘဘဦးအောင်သန်း က စမ်းချောင်းမြင့်မိုရ်လမ်း မှာ နေသည် ။ ဘဘဦးအောင်သန်း က သူ့ ထိုးစံ ဆိုလျှင်တော့ သီတင်းကျွတ်လပြည့်ကျော် ၂ ရက် ၃ရက် နေ့ လောက်ဆိုလျှင် ပေါက်ချလာတတ်သည် ။ သူ ရောက်လာပြီ ဆိုလျှင်တော့ တစ်အိမ်သားလုံး ဆွေတွေမျိုးတွေနှင့် ပြည့်သွားတတ်သည် ။
ကျွန်တော်တို့ အိမ်နားပတ်ချာလည်မှာ တစ်ရွာတည်း နေခဲ့ကြဖူးသူတွေ ရပ်ဆွေရပ်မျိုးတွေ အိပ်အမိုးချင်း ထိမတတ်မို့ ဆွေမျိုးတွေချည်း စုနေကြသလို ဖြစ်နေသည် ။
“ ကိုအောင်သန်း ဒီနှစ် ဘယ်မှာတဲ့တုန်းရှင် လူတွေကော လွှတ်လိုက်ပြီလား ”
“ မြစ်ကူးချောင်းဖျား ဆိုသည့် နှစ်တော့ အမေတင်တို့က မလိုက်ဘူးတဲ့ ”
“ မနှစ်ကလိုရှင် အရပ် ထဲက ကလေးတွေချည်း ဆိုရင် ဒီနှစ် အလုပ်ဖြစ်မှာ မဟုတ်ဘူး ”
စသဖြင့် ဘဘဦးအောင်သန်း စက်ဘီးပေါ် က မဆင်းရသေးခင် ဝိုင်းပြောတတ်ကြသည် ။
“ နေကြပါဦး နင်တို့ ကလည်း ငါ ဖြင့် ကိုစိန်လှိုင် တို့ အိမ်ပေါ်တောင် မတက်ရသေးဘူး ” ဟု ဆိုကာ သည်လူတွေ ကို တိုးဝှေ့၍ အိမ်ပေါ် ရောက်အောင် တန်းတက်ပြီး ကျွန်တော်တို့ အမေကြီး ဒေါ်မြမေ ထံသို့ အပြေးအလွှားသွားတတ်သည် ။
ပြီးလျှင်တော့ သည်နှစ် ဘယ်နေရာမှာ ကထိန်းခင်းဖို့ အတွက် သူ ဘယ်လို စီစဉ်ထားသည် ဆိုတာကို စီကာပတ်ကုံး ပြောပြတတ်သည် ။ အမေကြီးသည် စမ်းချောင်း ဆီဆုံလမ်းတွင် နေထိုင်ခဲ့ဖူးသည် ။ အမေကြီးတို့ စမ်းချောင်းတွင် နေထိုင်စဉ် ကတည်း က မြင့်မိုရ်လမ်း က ဘဘဦးအောင်သန်း တို့ ဇလွန်လမ်း က ဒေါ်မမတင် ( ကျွန်တော်တို့ တစ်မျိုးလုံး ကတော့ အမေတင် ဟု ခေါ်ကြသည် ။ ထိုအဖွဲ့တွေနှင့် ပေါင်းကာ နှစ်စဉ် ကထိန်ခင်းလေ့ရှိကြသည် ။
အမေကြီး က ကြည့်မြင်တိုင် မှာ နေပေမင့် ကြည့်မြင်တိုင် က ရေလမ်းဖြင့် သွားရသည့် တွံတေးမြို့နယ် အပိုင်ထဲက ရွာကလေးတွေမှာ အမေကြီး အမျိုးတွေ တစ်ပုံတစ်ပင် ရှိသေးသည် ။ အလှူဟေ့ ဆိုလျှင်တော့ အမျိုးတွေ ဆင့်ခေါ်လိုက်ကြရုံသာ ရှိသည့် ငွေအား လူအားဖြင့် အမေကြီး အိမ်မှာ လာစုကြသည် ။
ပထမတော့ ကျွန်တော်တို့ အိမ်နီးပတ်ချာလည် က ဆွေမျိုးတွေ အမေကြီးတို့ ရွာက ဆွေမျိုးတွေ ၊ ဘဘဦးအောင်သန်း တို့ အမေတင် တို့ စမ်းချောင်း က အဖွဲ့တွေ နှင့် အစဉ်အလာ မပြတ် ကထိန် ခင်းကြသည် ။ နောက်တော့ အရပ်ထဲက ရပ်ဆွေ ရပ်မျိုးတွေ ပါ တစ်တပ်တစ်အား ပါလာကြလေသည် ။
သည် အရပ်သည် အလှူရေစက် လက်နှင့် မကွာ အရပ် ဖြစ်သလို ဗမာ ရပ်ကွက်ကြီး မို့ ပွဲလမ်းသဘင်လည်း စုံလှသည် ။ ကထိန် ခင်းစရာ ဘုန်းကြီးကျောင်းတွေလည်း ပေါမှ ပေါ။ ဒါပေသိ အမေကြီးတို့ ဘဘ ဦးအောင်သန်း တို့ အမေတင် တို့ က လှူပုံ ကိုတော့ ရပ်မျိုးတွေ ရပ်ခံရွာခံ တွေက အတော့်ကို သဘောကျကြသည် ။ ဒါနှင့်ပင် သည် ကထိန်အလှူ အဖွဲ့ကို မတိုင်ပင်ပါဘဲနှင့် ဖွဲ့မိ စုမိကြပြီး ဖြစ်သည် ။
ဘဘဦးအောင်သန်း တို့ မြင့်မိုရ်လမ်းအုပ်စု က သည်လို သီတင်းကျွတ်ပြီ ဆိုကတည်းက ကထိန် ခင်းရမည့် ဘုန်းကြီးကျောင်း ကို လိုက်ရှာကြရသည် ။ ရန်ကုန်တစ်ခွင် ပဲ ဆိုပါတော့ ။ မနှစ် ကတည်းက စာရင်းကောက်ထားသည့် ကျောင်းတွေလည်း ရှိချင် ရှိနိုင်မည် ။ အဓိက အချက်ကတော့ ကထိန် လုံးဝ မရသေးသည့် ဘုန်းကြီးကျောင်း ဖြစ်ဖို့ သာ လိုသည်တဲ့ ။ အမေကြီး ဒေါ်မြမေ တို့ အမေတင် တို့ အဖွဲ့က အလှူအတွက် လှူရေးတန်းရေး ပြုတ်ရေး တာဝန်ယူထားကြသည် ။ လုပ်အားပေးကြရသသည့် အမာခံတွေ ကတော့ ဘဘဦးအောင်သန်း တို့ အဖွဲ့တွေပဲ ဖြစ်သည် ။
“ ကိုဖြူလုံးကြီးကော ပြန် မရောက်သေးဘူးလား ကိုအောင်သန်း ။ ဒီအချိန်တော့ ပြန်ရောက်ဖို့ ကောင်းပြီ ”
“ ဟဲ့ မေနှင်း ရဲ့ နင့် ဟာကလဲ အခုမှ လပြည့်ကျော်ရုံ ရှိသေးတယ် ၊ ကထိန်ခင်းမှာက တန်ဆောင်မုန်း ထဲမှာဟာကွယ် သူ့ အချိန် သူ သိပါတယ်ဟဲ့ ”
ဒါကတော့ တစ်နှစ်မှာ တစ်ကြိမ် ပြန်ဆုံကြသည် ဆွေရင်းမျိုးချာလို အချင်းချင်း ဖြစ်နေကြသည့် မိတ်ဆွေတစ်တွေ သတိတရ မေးကြမြန်းကြတာပဲဖြစ်သည် ။ အင်းလေ တစ်နှစ်မှာ တစ်ခါ ဆုံကြရသည့် တစ်နှစ်မှာ တစ်ကြိမ်သာ လှူခွင့်ရကြသည့် ကထိန်အလှူပွဲ မဟုတ်လား ။ သွားရလာရသည့် နေရာဒေသကို လိုက်၍ လူတိုင်း မလိုက်နိုင်ကြသည့် တိုင်အောင် တတ်အားသမျှ လုပ်အားတော့ ဝင်ကြကူကြမြဲဖြစ်ပါ၏ ။
ရန်ကုန်သည် မြို့ကြီးပြကြီး ဆိုပေမင့် အဲဒီတုန်းကတော့ အစွန်အဖျား နေရာဒေသများရှိ ရွာငယ်ရပ်ကွက်ငယ် ကလေးတွေမှာ ဆွမ်းကွမ်း ချို့တဲ့ရှာသည့် ဘုန်းကြီးကျောင်းတွေ တော်တော်များများပဲ ရှိသည် ။ သည်လို ဆွမ်းကွမ်းက ရှား သံဃာအင်အားက များပြီး ရံဖန်ရံခါသာ ပျောက်ကျား ကထိန် ရတတ်သည့် ဘုန်းကြီးကျောင်းမျိုးမှာ အမေကြီး တို့က ကထိန်ခင်းလေ့ရှိသည် ။
“ မိုးကျကထိန်တဲ့ ” ဘယ်က ဘယ်လို နာမည်ပေးလိုက်သည် မသိ ။ ဟုတ်တော့ဟုတ်ပါလိမ့်မည် ။ ကထိန်အလှူတော် ရှိရာ ဘုန်ကြီးကျောင်းသို့ ကထိန်ဒါယကာတွေ မိုးပေါ် က ကျသလို ရောက်လာပြီး ကထိန်ခင်း ကာ အလှူပွဲကြီးပြီးတော့ ပြန်သွားကြမည် ဖြစ်သည် ။ သူတို့ နောက်နှစ် ပြန်လာကြပါမည်လား ။ မသေချာတော့ပါလေ ။
ကထိန်အလှူ နှင့် ပတ်သက်၍ မူ ကထိန်အလှူတော် ကာလ ၊ ကထိန်ခင်းကြရသည့် ကာလ သည် သီတင်းကျွတ် လပြည့်ကျော် ၁ ရက် နေ့ မှ တန်ဆောင်မုန်းလပြည့်ကျော် ၁ ရက်နေ့ အထိဟု မှတ်သားမိပါ၏။ ကထိန် အလှူတော် ပေါ်ပေါက်ခြင်းဖြင့် ကျောင်းနေ သံဃာတော်များသည် ကထိန်အာနိသင် ငါးပါးကို ရရှိကြ၍ ကထိန် အလှူတော် အဖွဲ့များက ကထိန်အလှူတော် မပေါ်ပေါက်သေးသည့် ကျောင်းများကို ဦးစားပေး ရှာဖွေ လှူဒါန်းကြခြင်းဟု လည်း မှတ်သားခဲ့ရဖူးသည် ။
ဝါဆိုလပြည့်နေ့ မှ ၍ သီတင်းကျွတ်လပြည့်နေ့ တိုင် ဝါတွင်းသုံးလ ကာလပတ်လုံး ဝါ မကျိုးမပေါက်ဘဲ ပဝါရဏာ ပြုထားသည့် သံဃာတော်များ ကသာ ကထိန်အလှူကို လက်ခံကောင်းသည်ဟုလည်း သိရပြန်ပါ၏ ။ ကထိန်ခင်းရာတွင် ဗုဒ္ဓဘုရားရှင် ခွင့်ပြုတော်မူသည့် သင်္ကန်းသုံးမျိုး ရှိလေရာ ဒုကုဋ် ဟု ခေါ်သည့် နှစ်ထပ်သင်္ကန်းကြီး ၊ ဧကသီ ခေါ် ကိုယ်ဝတ် နှင့် သင်းပိုင် ခေါ် ခါးဝတ်တို့ ဖြစ်သည်ဟုလည်း မှတ်သားရပြန်သည် ။ ကထိန်အလှူ ပေါ်ပေါက်ခြင်းဖြင့် ကျောင်းရှိ သံဃာများ ရရှိသည့် ကထိန် အာနိသင် မှာ
အနာမန္တစာရ - ထင်ရှားရှိသော ရဟန်းတို့ ခွင့်မပန်ဘဲ မြို့တွင်းရွာတွင်း ဆွမ်းဖိတ်ကြားရာ သို့သွားလာနိုင်ခြင်း။
အသမာဒါဒီစာရ - အဓိဋ္ဌာန်တင်ပြီး ဆောင်ရသော သင်္ကန်းကို မယူဘဲ သွားနိုင်နေနိုင်ခြင်း။
ယဝဒတ္တစီဝရ - အလိုရှိတိုင်း သင်္ကန်း ကို အဓိဋ္ဌာန် ကို ဝိကပ္ပနာ မပြုဘဲထားနိုင်ခြင်း ၊ ကထိန်ခင်းသည့် ကျောင်းတိုက်တွင် ကထိန် ခင်းပြီးသည့် နောက်နေ့ တွင် သံဃာ အား လှူဒါန်းထားသော သင်္ကန်းကို ကထိန် အနုမောဒနာ ပြုသည့် ရဟန်းသာ ရရှိနိုင်ခြင်းတို့ ဖြစ်ပါ၏ ။
ဒါကတော့ ကထိန်အလှူ နှင့် ပတ်သက်၍ မှတ်မိသရွေ့ ဖြစ်ပါ၏။ ဘဘဦးအောင်သန်း တို့ တစ်နှစ် တစ်နှစ် မိုးကျ ကထိန် အတွက် ဘုန်းကြီးကျောင်း ရှာရဖွေရတာ မသက်သာ သလို နောက်ပိုင်းမှာ လှူတန်းကျွေးမွေးကြမည့် အမေကြီး ဒေါ်မြမေ တို့ အဖွဲ့တွေ လိုက်လာနိုင်ဖို့ စီစဉ်ရသည်ကလည်း မသက်လှပါ ။ ရန်ကုန်မြို့ တစ်ဖက်ကမ်းက ရွာကလေးတွေက အဲသည်တုန်းက ခုလို ကားလမ်းတွေ မပေါက်သေး ။ ရေတစ်တန် ကုန်းတစ်တန်။ ကားနှင့် အနီးဆုံး လှေဆိပ်ကို သွား လှေနှင့် ကူး။ တစ်ဖက်ကမ်း ရောက်တော့ ကုန်းတစ်တန် အတွက် လှည်းဆင့်ကြ ၊ တစ်ခါတစ်ခါ ကထိန်အဖွဲ့ က လူအင်အား မသေးလှ ၊ ကထိန်အလှူကို လာသည့် ပရိတ်သတ်က ရွာခံတွေ ထက်ပင် များချင်သေးတတ်သည် ။ လူများတော့လည်း ပျော်စရာပဲ ဖြစ်သည် ။
တစ်ခါတစ်ခါတော့လည်း ကထိန်အဖွဲ့ နှင့် အတူ ရောင်တော်ဖွင့် အဖွဲ့ ပါ ရောပါသွားတတ်သည် ။ ရောင်တော်ဖွင့် အဖွဲ့သည် ရန်ကုန် တစ်ခွင် သင်္ကန်းတော် မရှိရာသည့် စေတီပုထိုးများကို ထုံးသင်္ကန်းတော် ကပ်လှူသည့် အရပ်ထဲက အဖွဲ့ပင် ဖြစ်သည် ။ သည်အဖွဲ့ ပါလာတော့လည်း အဲသည် ရွာအတွက် ရွာဦးကျောင်းတွင် ကထိန်အလှူပါ ဖြစ်လာသလို ရွာဦးဘုရား လည်း ထုံးသင်္ကန်းဖွေးဖွေးနှင့် ဖြစ်သွားတတ်သည် ။ တစ်ခါတစ်ရံတော့လည်း ကထိန်အလှူပင် ဝေးစွ ၊ ကျောင်းပင် ပြိုလုကြိုဆဲ ကျောင်းမျိုးကို ရတတ်ပါ၏ ။ သည်လို ကျောင်းမျိုးဆိုလျှင်တော့ ဘဘဦးအောင်သန်း တို့ ကထိန် အလှူတွက် သာမက ကျောင်းအလှူပါ ပြီးမြောက်အောင် စွမ်းဆောင်ရပြန်ပါ၏ ။ ကထိန်အလှူ သွားကြရင်း ဆွေတွေမျိုးတွေ ဖြစ်တတ်တာလည်း ရှိဖူးသည် ။ နှစ်ရှည်လများ ကွဲကွာသွားရသည့် ဆွေတွေမျိုးတွေနှင့် ပြန်တွေ့တာလည်း ရှိဖူးသည် ။ စုံလို့ ပါပဲ။ အလှူ အတွက် ချက်ကြပြုတ်ကြတာတော့ နိုင်သလောက် ပဲ ဖြစ်သည် ။ ဟင်းတွေ ၊ ထမင်းတွေကုန်ရင် ရပ်စနစ်ပါပဲ ။ ထမင်းဟင်းတွေ ကြိုတင် ချက်ပြုတ်ကာ မိုးပြဲဒယ်ကြီးတွေ တင်းဝင် ဟင်းအိုးကြီးတွေနှင့် သယ်ယူကြသည် ။
ကထိန်အဖွဲ့၏ အစဉ်အလာ ထမင်းကျွေးပုံ ကလည်း တစ်မျိုးတစ်ဘာသာ ဖြစ်သည် ။ လူငါးယောက် ခြောက်ယောက်စာ ထမင်းဝိုင်း ခြောက်ဝိုင်းခန့် ကြိုတင် ပြင်ထားပြီး လူအရေအတွက်နှင့် ထမင်းရုံတွင်းသို့ သွင်းကာ ကျွေးကြ ဧည့်ခံကြသည် ။ တစ်ဝိုင်း ပြီးလျှင် တစ်ဝိုင်း အသစ်ခင်း တစ်ဝိုင်းစာ လူသွင်းစနစ် ဖြစ်ပါ၏ ။ အလှူကို လာကြသူတွေကို ထမင်း မကျွေးမီ အခြား တစ်နေရာတွင် နှစ်ပြန်ကြော်ချင်းသုပ် ၊ ကောက်ညှင်းပြန်ပေါင်း ဖြင့် ဧည့်ခံထားသည် ။ ပြီးမှ ထမင်းရုံတွင် ထမင်းစားရန် ထမင်းစား လက်မှတ်ကလေးတွေ ထုတ်ပေးထားသည် ။ ထမင်းရုံက လူသွင်းလျှင် ထမင်းစားလက်မှတ် ကို လက်ခံပြီး လူသွင်း ရသည် ။ ပြီးမှ ချင်းသုပ် နှင့် ကောက်ညှင်းပေါင်း ကျွေးရာ နေရာမှ ထမင်းလက်မှတ် ဝေသူထံ ပေးလိုက်တာ ဖြစ်သည် ။ ထမင်းရုံ တာဝန်ခံက ထမင်းဟင်း အခြေအနေ ကို ကြည့်ကာ ကုန်ခါနီးလျှင် တစ်ဝိုင်း ပြီး တစ်ဝိုင်း အပြီး သိမ်းဆည်းလိုက်သည် ။ ထမင်းစား လက်မှတ်တွေ ထပ် မဝေတော့။ အိုးခွက်သိမ်းဆည်းမည့် အဖွဲ့တွေ တစ်ဖွဲ့ဖွဲ့ ဝင်ကြပြီ ဆိုလျှင်တော့ အကျွေးအမွေး ပြီးပြီဟု မှတ်ယူရသည် ။ ဒါသည် အမေကြီးတို့ မိုးကျကထိန်အဖွဲ့၏ ကထိန်အလှူကျွေးမွေး ဧည့်ခံပုံပဲ ဖြစ်ပါ၏ ။
ညနေ နာရီပြန် ၂ ချက် ဆိုလျှင်တော့ တစ်ဖွဲ့လုံး ထုပ်ပိုး ပြင်ဆင်ပြီးကြပြီး ။ ရေစက်ချ တရားနာရန် အသင့် ဖြစ်ကြပြီးဖြစ်သည် ။ အင်းလေ မိုးကျကထိန်အဖွဲ့ကြီး ပြန်ကြရတော့မည်ကိုး ။ ကထိန်အဖွဲ့ကြီး ပြန်သွားတော့ ရွာခံတွေ လွမ်းကျန်ခဲ့ကြရသည် ။ နောင် ပြန်ဆုံဖို့မှ မရှိကြတော့ဘဲကိုး ။
ဒါသည် ကျွန်တော်တို့ ငယ်ငယ်က မှတ်မိနေသမျှ အမေကြီး တို့၏ မိုးကျကထိန် အလှူပဲ ဖြစ်ပါ၏။ ရက်တွေ ၊ လတွေ ၊ နှစ်တွေ ကတော့ဖြင့် အတော်ကို ကြာခဲ့ပြီဖြစ်ပါသည် ။ အခုတော့ အမေကြီး ဒေါ်မြမေ ၊ အမေတင် ၊ ဘဘဦးအောင်သန်း ၊ ဦးလေးဖြူလုံး ၊ ဒေါ်ဒေါ်မေနှင်း တို့ တစ်ယောက်ဆို တစ်ယောက်မျှ မရှိကြတော့ ။ ကျွန်တော်တို့လည်း တစ်ရပ်တစ်ရွာ သို့ ရွှေ့ခဲ့ကြ ရောက်ခဲ့ကြရပြီ ။
အမေကြီးတို့ မရှိကြတော့ ၍ မိုးကျကထိန် အစဉ်အလာကောင်းကို ကျွန်တော်တို့ ဆက်လက် မထိန်းသိမ်းနိုင်ကြတော့ပါ ။ အမေကြီးတို့ မိုးကျကထိန် ခင်းခဲ့ကြတာကိုတော့ မနေ့တစ်နေ့ကလို မှတ်မိနေတတ် မြင်ယောင်နေတတ်မိပါ၏။ သီတင်းကျွတ်ပွဲတော်ကြီး ပြီးပြီ ဆိုလျှင်တော့ ထို မိုးကျကထိန်ကို လွမ်းမိတတ်သည့် တမ်းတသည့် အလွမ်းစိတ်သည် ရင် ထဲမှာ နှစ်စဉ်ပဲ ပေါ်ပေါက်လာတတ်ပါ၏ ။
သီတင်းကျွတ်ပြီ ဆိုလျှင်ဖြင့် .. ။
အောင်စည်ဟိန်း ( စီးပွားရေးပညာ )
၂၃ အောက်တိုဘာ ၂၀၁၀ သီတင်းကျွတ်လပြည့်နေ့
▢ အောင်စည်ဟိန်း
ဖခင် - သူရဇော်
📖 စာပေမျိုးဆက်များ

No comments:
Post a Comment