“ ဒီလိုကွာ ... ငွေရေးကြေးရေးပိုင်းကိုတော့ ငါဘာမှ မပြောလိုဘူး ၊ မင်း သူ့ကို ... ”
ကိုမြတိုး စကားဆက်မပြောဘဲ ကျွန်တော့်ကို အကဲခတ်ပါတယ် ။ နှစ်ယောက်စလုံးကလည်း ဘီယာအရှိန်လေး တက်နေတာဆိုတော့ ပြောရဆိုရတာ ပိုပွင့်လင်းနေကြပါတယ် ။
“ ဘာဖြစ်လဲ ကိုမြတိုး ၊ ပြောပါ ၊ ဆက်ပြောစမ်းပါ ”
“ မင်းသူ့ကို တကယ် ဘာမှ မလုပ်ထားဘူးလား ”
“ ဟုတ်တယ် ”
“ ကောင်းပြီ ၊ ဒါဆို မင်း သူ့ကို ယူလည်း မယူနိုင်ဘူး မဟုတ်လား ”
“ သိပ်သေချာတာပေါ့ဗျာ ”
“ ဟုတ်ပြီ ၊ ဒါဆို မင်း သူ့ကို လုံးဝ အဆက်ဖြတ်လိုက်တော့ ၊ မင်းတို့ ပွဲက ကြာရင် လူကြီးတွေပါ ပါကုန်လိမ့်မယ် ”
“ ဘယ်လို ”
“ ငါ တကယ် ပြောနေတာ ၊ သူက မင်းမိဘတွေကို မင်းအကြောင်းရော သူ့အကြောင်းတွေပါ ပြောပေးပါတဲ့ ၊ သူ အရမ်းခံစားနေရတယ်တဲ့ ၊ မင်း ဘာတွေ လျှောက်လုပ်နေတာလဲ ”
“ ဟာ”
“ မဟာနဲ့ မောင်ရင် ၊ ပေါ့သေးသေး မထင်နဲ့ ၊ မင်း မိဘတွေဆီ ဒီသတင်းတွေရောက်ရင် ... ”
ခွေးဖြစ်ပြီပေါ့ဗျာ ၊ ကန်ချခံရမှာ သေချာပြီပေါ့ ။
ကြည့်စမ်း ၊ လုပ်ရက်ပါပေ့ဗျာ ၊ ကြံစည်ရက်ပါပေ့ ။ သူနဲ့ ကျွန်တော် ချစ်ကြိုက်နေတာလည်း မဟုတ် ၊ စေ့စပ်ကြောင်းလမ်းထားတာလည်း မဟုတ် ၊ မိဘသဘောတူထားတာလည်း မဟုတ် ။ ဘာမဟုတ် ညာမဟုတ်ကို သူက မိဘတွေ နားပေါက်အောင် လုပ်မယ်တဲ့ ။
“ ကိုမြတိုး ၊ ရော့ ... ဒီမှာ နှစ်သောင်း ၊ ကျန်တာ မနက်ကျရင် အုံနာဘုတ် ပေါင်ပြီးပြန်ပေးမယ် ၊ ဒီကောင်မကြီးကို ကျွန်တော် သ,တ်မိလိမ့်မယ် ”
“ မင်း .... အဲဒါ ခက်တာပဲ ၊ ဒါမျိုးကိစ္စက ဒီလို သွားလုပ်လို့ မရဘူး ၊ ငါ ပြောနေတာ ”
သူကလည်း အိုက်တင်နဲ့ ဗျို့ ၊ စကားကို ဆက်မပြောဘဲ ဘီယာခွက်ကို သုံးလေးခါလောက် မွှေပြီး ခေါင်းကို တစ်ချက် ဘယ်ညာ ရမ်းပြီးတော့ မော့သောက်တယ် ။ မင်း ငါ့ကို အားကိုးစမ်းပါပေါ့လေ ။
“ အဟမ်း - နေပါစေ ညီလေး ၊ ကိုယ့်ဘာသာ ထည့်မယ် ”
စားပွဲထိုးလေး ထပ်ဖြည့်ပေးမယ့် ဘီယာကို တားလိုက်ပြန်တယ် ။ နှာခေါင်းကို ရှုံ့ချည်နှပ်ချည် လုပ်တယ် ။
“ မင်း ... ဒါမျိုး သွားလုပ်လို့ မဖြစ်ဘူး ၊ ဒီမှာ ငါပြောမယ် ။ မင်း ရှောင်နေလိုက် ၊ ငွေကြေးကိစ္စ ငါ ရှင်းပေးမယ် ၊ ရှောင်ကွာ ၊ တစ်လလောက် ရှောင်နေကွာ ၊ ဟုတ်ပြီလား ”
“ ကျွန်တော်က ဘာလို့ ရှောင်ရမှာလဲ ၊ ဘာလဲ ၊ သူက ဟိုတိုင်ဒီတိုင် တိုင်မလို့လား ၊ တိုင်လေ ... တိုင်ပေါ့ ၊ ကျွန်တော် ရှင်းရဲတယ် ။ ဘယ်ဗျာ ... ”
“ ကောင်လေး ငွေက မင်းလက်မှတ်ထိုးပြီး ယူထားတာနော့ ၊ အရမ်းမလုပ်နဲ့ ”
“ အိုဗျာ ... လုပ်စမ်းပါ ၊ သူမှ လုပ်ရဲရင် လုပ်စမ်းပါ ”
ဟန်တော့ ဟန်ပဲ ။ ဒါပေမဲ့ စိတ်ထဲမှာတော့ အတော် ကြောက်နေပြီဗျို့ ။ ကျွန်တော့် အမှုက မသေးလှဘူး ။
“ ကိုမြတိုး သူ ဘာပြောသွားသေးလဲ ”
ကျွန်တော့် လေသံက ခွေးတိုးပေါက်က ဝင်တိုးသံလေး ဖြစ်သွားတယ်လို့ ထင်မိတယ် ။
ရယ်တယ်ဗျို့ ။ သူက ပြက်လုံးတွေ့လို့ ဟားတိုက်သလို အားရပါးရရယ်ပါတယ် ။ မိုးအောင် မိုးအောင် ဆိုပြီး ကျွန်တော့် နာမည်ကို ခေါ်ရင်း ရယ်တယ်ဗျ ။ ခံရခက်တာပေါ့ ။ ရယ်လို့ ဝတော့မှ
“ ငါ အလကား စတာပါကွာ ၊ မင်းကို အကဲခတ်ချင်လို့ပါ ”
“ ကျွန်တော် သိသားပဲ ”
“ ဘာသိတာလဲ ၊ မင်း ဘာသိတာလဲ ၊ မင်းအကြောင်းတွေ မင်းအဖေနဲ့ ငါနဲ့ အကုန် ပြောပြီးပြီ ၊ မင်း ကိစ္စတွေ သူတို့ အကုန်သိတယ် ၊ ငါလည်း မင်းမမကြီး ကို ပြောလိုက်ပြီးပြီ ၊ မင်းကို ဒီမှာ မထားတော့ဘူး ၊ မန္တလေး ပို့မယ် ၊ ဟိုမှာ အိမ်ထောင်ချပေးမယ်လို့ ... ”
“ ဟာ ... ဟုတ်လို့လား ”
ကျွန်တော့် မင်္ဂလာသတင်းကို ကျွန်တော် ပြန်ကြားရတော့ ရုတ်တရက် အံ့ဩသွားတယ် ။
“ ငါ နောက်ပါ့မလားကွာ ၊ မင်းအဖေက မင်းကို စောင့်ကြည့်နေတာ ကြာပြီ ၊ ကိုကာလာ ပြန်ရင် မင်း လိုက်သွားရမယ် ၊ ကားပါ ယူသွားရမှာ ကိုယ့်လူ ၊ တော်ကြာ မင်း မသွားဘဲနေမှာ စိုးလို့ ”
“ ဒါဆို ဟိုငွေ တစ်သိန်းကော ”
“ ဒီမှာ ... ”
ကိုမြတိုးက အောင်နိုင်သူကြီးလို သူ့အိတ်ထဲက ပိုက်ဆံထုပ်ကို ဆွဲထုတ်ရင်း စားပွဲပေါ် ပစ်တင်လိုက်တယ် ။
“ မင်းအဖေ ပေးခိုင်းတာ ၊ ဒါပေမဲ့ မင်းနဲ့ ဆွေးနွေးရဦးမယ် ”
သူက စကားပြောတာ ရပ်လိုက်ပြီး စားပွဲထိုးကောင်လေးကို ကြက်ဥမွှေကြော် မှာပါတယ် ။ သောက်ပါ ၊ စားပါ ၊ လူကြီးမင်း စားသမျှ သောက်သမျှ ကျေကျေနပ်နပ်ကြီး ကျွေးမွေးဧည့်ခံပါ့မယ် ။
“ နေ ... နေ ... နေပါကွာ ၊ ငါ့ဟာငါ ထည့်ပါ့မယ် ”
သူ က ကျွန်တော် ဘီယာငှဲ့ ပေးတာကို တားတယ် ။ နှစ်ပေါင်းများ စွာ သောက်လာ စားလာကြတာ ကျွန်တော် ဒီလို တစ်ခါမှ ဂါရဝ မထားခဲ့ဘဲကိုး ။
“ မင်း သူ့ကို အထင်မလွဲပါနဲ့ ကွာ ၊ ငါ မင်းကိစ္စကို ပြောပြတော့ ၊ သူ့ဆီ လာခဲ့ပါ ဆိုလို့ ငါသွားတယ် ၊ စိတ်မကောင်းစရာပဲ မိုးအောင် ရေ ”
ဟုတ်ပါရဲ့ ။ မိန်းမရတော့မယ် ဆိုလို့ မမ ကိစ္စတောင် မေ့သွားတယ် ။ ကျေးဇူးရှင်မကြီး ဘာများ ဖြစ်လို့ပါလိမ့် ။
“ သူ မင်းကို သိပ်ချစ်တယ် ၊ ဒါ ငါအသိဆုံး ၊ ပြီးတော့ သူ့မှာ အိမ်ထောင်ပြုလို့ မရတဲ့ ကျန်းမာရေး ချို့ယွင်းချက် ရှိတယ် ။ ဆေးမှတ်တမ်းကို ငါ့ကို ထုတ်ပြတယ် ၊ ယောက်ျားနဲ့ မတည့်တဲ့ ရောဂါပေါ့ကွာ ၊ မင်း သူ့မိဘတွေ အကြောင်း မသိသေးဘူးနော် ၊ သိပ်ချမ်းသာတယ်ကွ ၊ ဆယ်ဘီးကားချည်း ရှစ်စီးတောင် ရှိတယ် ။ ကြို့ပင်ကောက် ဇာတိပေါ့ ၊ ဒါတွေ ငါ အခုမှ သိတာ ။ သူက မင်း အိမ်ထောင်ရေးကို မနှောင့်ယှက်ပါဘူး ၊ ငါ စိတ်မကောင်းတာက မင်း အတွက် သတို့သားဝတ်စုံကို သူ လက် ဖွဲ့ပါရစေတဲ့ ၊ ဟူး ... ”
“ တော်ပါတော့ဗျာ ၊ ဒါတွေ နောက်မှ ပြောပါ ၊ ကျွန်တော်လည်း လွန်သွားတယ် ”
ကျွန်တော့် စိတ် ချက်ချင်းကြီးကို ပြောင်းလဲသွားတယ် ။ သနားတတ်တဲ့ကောင် မဟုတ်လား ။
“ မင်းမန္တလေးကို သွားရမယ် မိုးအောင် ၊ ဒီမှာ နေရင် မင်းဘဝ ... ဟင်း .. ဟင်း ... ”
သူ့မျက်နှာက တစ်ခုခု လှောင်လုံး တွေ့သလို ဖြစ်သွားတယ် ။
“ မင်းအဖေ နဲ့ ငါ စကားပြောတော့ ဘာပြောတယ် မှတ်လဲ ၊ တောက်မယ့် မီးခဲ ရှူးရှူးနဲ့ ပန်းခံရမယ်တဲ့ ၊ ဟားဟ ၊ တကယ့် ကောင်ပဲ ”
လှောင်ပေါ့ဗျာ ၊ လှောင်ကြပါ ။ မိုးအောင် က အလှောင်အပြောင်ခံ ဖြစ်သွားပါပြီ ။ ထားပါတော့ ၊ ကျွန်တော့် အတွက် ဒါတွေက မဆန်းတော့ဘူး ။
“ ကိုမြတိုး ကျွန်တော်နဲ့ ပေးစားမှာ ဘယ်သူလဲဗျ ၊ လုပ်စမ်း ... ”
“ ဖြည်းဖြည်းပေါ့ကွာ ၊ ဟေ့ကြက်ဥကြော် မရသေးဘူးလား ၊ ကြာတယ်ဟေ့ ”
“ အေးကွာ ၊ မြန်မြန် လုပ်စမ်းပါ ၊ ကြက်က အခုမှ ဥမလို့လား ”
ကျွန်တော့် ဒေါသက စားပွဲထိုးတွေ ဘက် လှည့်သွားပါပြီ ။ ကြွက်မနိုင် ကျီမီးနဲ့ ရှို့လို့ ဆိုရိုးရှိပါ ရောလား ။ တကယ်တော့ ကျွန်တော့် ရင်ထဲမှာ လည်း ကြက်ဥမွှေကြော်သလို ဖြစ်နေပြီလေ ။ ကိုယ့်သတို့သမီး ဘယ်သူ လဲ ၊ ချောလား ၊ တင်တွေဘာတွေ တောင့်ရဲ့လား ၊ အသက်ကရော ငယ်ရဲ့လား ၊ ဟင်း ... စဉ်းစားရင်း သက်ပြင်းတွေတောင် ချမိပါတော့တယ် ။
“ မင်း တွေ့ဖူးပါတယ် ၊ မင်းဘကြီး မိန်းမဘက်က ကောင်မလေး ၊ ပျဉ်းမနား ကလေ ”
“ ဟင် .. ခင်မေနွယ်လား ”
“ နာမည်တော့ ငါ မသိဘူး ၊ မင်း ဒေါ်ကြီး ဆေးလာကုတုန်းက ပါလာတာ ၊ မင်း သိပါတယ် ”
“ ဟုတ်တာပေါ့ဗျ ၊ ဟာဗျာ ၊ ယောက်ျားလျာလေးကို ၊ ဒုက္ခပါပဲ ”
အလွဲကြီး လွဲရပြီနဲ့ တူတယ်ဗျို့ ၊ လွန်ခဲ့တဲ့ နှစ်နှစ်ကျော်က အိမ်ကို လာလည်ဖူးတယ် ။ စကားပြောရင် “ ကျွန်တော် ” လို့ နာမ်စား သုံးတယ် ။ ပုံစံက ဘောင်းဘီတကားကားနဲ့ ၊ ကျွန်တော့် မျက်စိထဲမှာတော့ သူ့ကို မျက်လုံးက လွဲရင် ဘယ်နေရာမှ လှတာ မမြင်ဘူး ။ မျက်လုံးတွေက “ ကြည်လဲ့လဲ့ဦး ” မျက်လုံးမျိုးတွေ ။ အသက်က ဘာရှိဦးမှာလဲ ၊ အခုမှ ဘွဲ့ရပြီးကာစ နေမယ် ။ ဒီ နို့နံ့ မစင်သေးတဲ့ ချာတိတ်မလေးကိုများ ယူရမှာတဲ့ လား ။ အို ... မတတ်နိုင်ပါဘူးလေ ။ တကယ် ငြင်းဖို့တော့ မကောင်းသေးဘူး ၊ ရင်ခုန်လိုက်တာကွယ် ။
“ မင်း မင်္ဂလာဆောင်ရင် သူ့ကို ဖိတ်ပါတဲ့ ၊ ဖိတ်လိုက်ပါကွာ ”
အသားကလည်း ညိုပျစ်ပျစ်နဲ့ ၊ ဆံပင် ပုံစံကရော တိုနံ့နံ့လေးကို ဘေးခွဲခွဲထားသေးတယ် ။ အာရုံထဲမှာ မကျလိုက်လေခြင်း ။ အို ... ဒါလည်း ကိစ္စ မရှိပါဘူး ၊ ချစ်ဖို့တော့ ကောင်းသား ။
“ မင်းအတွက် ဝတ်စုံကို သူ့စိတ်တိုင်းကျ ချုပ်ပေးမယ်တဲ့ ။ သူလည်း ဒီမှာ မနေတော့ဘူးတဲ့ ”
သွားတော့ သွားကြည့်ရဦးမယ် ။ ကိုကာလာ ဘယ်တော့ ပြန်မှာပါလိမ့် ။ သူ ပြန်ရင်ပျဉ်းမနား ဝင်ဦးမလား မသိဘူး ။ ဝင်ရင်လည်း ဝင်ပေါ့ ။ သေချာပါတယ် ။ မဝင်လို့ ဘယ်ကောင်းမလဲ ။ ကောင်မလေးက မန္တလေး မှာ ဆယ်တန်းနှစ် ကတည်းက ကျောင်းသွား တက်နေတာ ။
“ ဘာပဲဖြစ်ဖြစ် မင်း ကိုတော့ တော်တော် ချစ်ရှာတယ် မိုးအောင် ”
“ ဟင် ... ဘာပြောတာလဲ ကိုမြတိုး ”
“ ဒီငွေလည်း လက်ဖွဲ့ပေးပါတဲ့ ”
“ ဟာဗျာ ၊ မဟုတ်တာ ၊ ဒါတွေ ထားလိုက်ပါဦး ၊ ကိုကာလာက ဘယ်တော့ ပြန်မှာလဲ ”
“ ဒါတော့ ငါ ဘယ်သိမလဲ ၊ မင်း ကလည်း ချက်ချင်းပဲ ၊ ဟို မမ သနားပါတယ်ကွာ ”
“ ကံပေါ့ဗျာ ၊ ဖူးစာပေါ့ ”
“ မင်းကို တော်တော်ချစ်တာ ”
တော်ပြီ ၊ ဒီအဖြစ်အဟောင်းတွေ နောက်မှ ပြောကြတာပေါ့ ။ ကောင်မလေးသိသွားရင် စိတ်မကောင်းဖြစ်သွားဦးမယ် ။
“ မင်းကို လာခဲ့ပါဦးတဲ့ ”
“ ပြီးတာတွေလည်း ပြီးပါပြီဗျာ ၊ တူလက်ဘီဂွန်း ဘီဘိုင်ဂွန်းပေါ့ ”
ဘီယာလေးထွေ လာပြီဆိုရင် အင်္ဂလိပ်လို ပြောချင်လာတာ ကျွန်တော့် ဝသီပဲ ။
“ ဂွန်းတာတွေ မဂွန်းတာတွေ ငါမသိဘူး ၊ မင်း သွားတွေ့သင့်တယ် ”
ဘယ်ဖြစ်မလဲဗျာ ၊ ငါးစိမ်းမြင်မှတော့ ဟင်း ... ဟင်း ... ဟင်း ... ။
“ ဘာဖြစ်ဖြစ် မင်း သွားတွေ့သင့်တယ် ၊ တော်တော် ခံစားနေရတယ်ကွ ”
“ ကိုမြကြီး ကလည်း ဗျာ ၊ သွားတွေ့ရင် ပိုဆိုးမှာပေါ့ ၊ ရော့ပါ ။ ဒီပိုက်ဆံတွေ ပြန်ထည့်ထားလိုက် ၊ တော်ကြာ ပျောက်သွားဦးမယ် ။ ဒါနဲ့ ကိုမြတိုး ကျိုက်ထီးရိုး အော်ဒါ ရထားတယ်ဆို ၊ ခွင်တည့်နေတယ် ပေါ့လေ ”
“ ဘာလဲ ၊ မင်း လိုက်ချင်လို့ လား ၊ လိုက်သွား ကိုယ့်လူ ၊ ငါ ထည့်ပေးလိုက်မယ် ”
“ အလကားစတာပါဗျာ ၊ ကျွန်တော့်ကား ရှေ့ဘီးတွေ မကောင်းဘူး ၊ တာယာကွဲသွားရင် အိတ်စိုက် နေရမယ် ၊ ကိုမြတိုး တာယာ ဘယ်လောက် ပေးရလဲ ”
“ အိမ်စီးကားနဲ့ လဲတပ်ထားတာ ၊ ဝယ်ရရင် ဘယ်နည်းမလဲကွာ ၊ အခု ရှစ်ထောင်လောက်ပဲ ပေးရတယ် ”
“ ဟာ ... ပိုင်တယ်ဗျာ ၊ ရေလည်ပဲ ”
“ လူရင်းတွေမို့ ပေးတာပါကွာ ၊ ပြီးတော့ .. ”
ကျွန်တော် သူ့ကို မြှောက်ရင်း ပင့်ရင်း စကားလမ်းကြောင်း ပြောင်းလိုက်ရတယ် ။ ဒါတောင် လမ်းခွဲခါနီးကျတော့ “ မင်း သွားတွေ့နော် ဟေ့ကောင် ” တဲ့ ။ တွေ့စရာလားဗျာ ၊ စောစောက ပြောခဲ့ သလိုပေါ့ ။ တူလက်ဘီဂွန်း ၊ ဘီဘိုင်ဂွန်း ( ပြီးတာတွေလည်း ပြီးပါစေတော့ ) မဟုတ်လား ။
ဝါး ... ခင်မေနွယ် ... ခင်မေနွယ် ။ မျက်လုံးကလေးကတော့ ချစ်စရာလေး ။ ညိုတာလေးကိုလည်း အပြစ် မမြင်တော့ပါဘူး ။ ကျွန်တော့်ကို “ ကိုကိုလေး ” လို့ ခေါ်ဖူးတယ် ။ အထက်အညာ ဝေါဟာရပေါ့ ၊ သူတို့က ယဉ်ကျေးတယ် မဟုတ်လား ။ ကိုကာလာ ကို ခေါ်တာကျတော့ ကိုကိုလတ် ၊ ကိုကာလာ ရဲ့ အစ်ကိုကို တင်ဝင်းကို ကျတော့“ ကိုကိုကြီး ” တဲ့ ။ ဘကြီးကို “ ဘဘကြီး ” တဲ့ ။ အဖေ့ကို “ လေးလေး ” တဲ့ ။ ဒီဝေါဟာရတွေက မန္တလေး “ အထာ ” တွေလေ ။ အန်ကယ်တို့ ၊ အန်တီတို့ ၊ ကိုကိုတို့ မသုံးနှုန်းကြဘူး ။ ထီးရိပ်နန်းရိပ်နဲ့ နီးတာလည်း ပါမှာပေါ့ ။ ကျွန်တော့်အတွက် နားစိမ်းနေပေမယ့် ကြားရတာ နားဝင်ချိုပါတယ် ။
ဆိုတော့ သူ့ကို ကျွန်တော် ဘယ်လို ခေါ်ရမလဲ ။ “ ခင် ” လို့ ခေါ်ရမလား ၊ မကောင်းဘူး ရင့်ရာကျတယ် ၊ “ မေ ” ဆိုရင်ကော ဒါတော့ မဆိုးဘူး ။ “ နွယ် ” လို့ ခေါ်ရင်ကော ဟာ ဒီနာမည်လေးမှ ကဗျာဆန်တာ ။ “ နွယ် ” လို့ ကျွန်တော် ခေါ်မယ် ၊ သူက “ ကိုကို ” လို့ ပြန်ခေါ်ရင် ကောင်းမယ် ။
“ ဟေ့ ... ဘာလုပ်နေတာလဲ ၊ မီးစိမ်းနေပြီ ၊ မောင်းလေကွာ ”
အမယ်လေး ... အလန့်တကြား ဖြစ်လိုက်တာ ။ ကျွန်တော် ကားကို ဂီယာချိန်းပြီး ဒရောသောပါး မောင်းလာခဲ့ရတယ် ။ လက်ထုတ်ပြီး တောင်းပန်လိုက်ရသေးတယ် ။ မီးပွိုင့်မှာ မီးနီရပ်ရင်း အတွေးတွေ ကျွံသွားလို့ပေါ့ ။ နောက်ကားက လှမ်းအော်တော့မှ စိတ်နဲ့ လူနဲ့ ကပ်တော့တယ် ။ ဪ ... ခင်မေနွယ် ... ခင်မေနွယ် ... ရင်တွေခုန်လိုက်တာကွယ် ။
▢ မာန် ( တောင်လုံးပြန် )
📖 မြို့ဂျပိုး

No comments:
Post a Comment