Thursday, October 9, 2025

ကားစီးကြသူများ


 

❝ ကားစီးကြသူများ ❞
       ( ကိုစက်ဖေ )

ခြေချိတ်ထိုင်လျှင် လေးမောင် မကြိုက် ။ အထူးသဖြင့် လူလတ်ပိုင်းတွေ ကြားထဲမှာ လူငယ်လေး တစ်ယောက်က မခန့်လေးစား အမူအရာ လုပ်လျှင် လေးမောင် လုံးဝ လက်မခံနိုင် ။ ထပ်တင်ထားသည့် ခြေထောက်ကို သူရလေး က အသာ ပြန်ချသွားသည် ။ ထို့နောက် ခပ်သွက်သွက် ရေနွေး လိုက်ဖြည့်၏ ။ လေးမောင် လိုက်ကြည့်နေမည်ကို အတပ် သိနေသည့်အလား လှည့်မကြည့်ဘဲ စကားတစ်ခွန်း ပြော၏ ။

“ သွေးကျပြီး ခြေထောက်တွေ ဖောင်းနေလို့ပါ ကိုကြီးရာ ”

ပြောလက်စ စကားဝိုင်းကလေး ခဏရပ်သွားရာမှ ပြန်လည် အသက်ဝင်လာပြန်သည် ။

“ သူရလေး ၊ မင်းရဲ့ အဘိဓမ္မာကို ဆက်စမ်းပါဦး ။ ဘာတဲ့ ၊ မိန်းမတစ်ယောက်ကို တကယ် ချစ်ရင် ရအောင် ယူနိုင်ရမယ်ဆိုတာလေ ”

ချစ်ထွန်းက အစထောင်သည် ။ ကောင်းမြတ် က လှစ်ခနဲ ပြုံးသည် ။ သူရလေး က ရယ်ကျဲကျဲနှင့်စကားဆက်သည် ။

“ အာ ... အစ်ကို ကလည်း ညီ ပြောတာက ကိုယ် တကယ် ချစ်တဲ့ မိန်းကလေး တစ်ယောက်ကို ကိုယ့်ထက် ဘယ်သူက ပိုချစ်နိုင်မှာလဲ ။ ပိုကောင်းအောင် ထားနိုင်မှာလဲ ။ ဒီသဘောကို ပြောတာပါ ။ ရအောင် လိုက်နိုင် ၊ မလိုက်နိုင် ဆိုတာကတော့ အရည်အချင်းလည်း လိုသေးတာပေါ့ ”

လေးမောင်ကို ခပ်သာသာ ပြန်နှက်သည် ။ ကိုယ့်အကြောင်းနှင့်ကိုယ်မို့ လေးမောင် ဘာမျှမပြောချင် ။ အားလုံး တစ်ခန်းရပ်ခဲ့ပြီ မဟုတ်လား ။ ခင်မင်စိတ်နှင့် လာရောက် စကားဝိုင်းဖွဲ့လေ့ရှိသည့် ဒီအသိုက်အဝန်းလေးမရှိလျှင် စကားပြောဖော်ပင် ရှိမည်မထင် ။ ဝယ်သူတွေ အပေါ် ဖော်ရွေမိပေမဲ့ လူရင်းတွေကို လိုမှသာ စကားပြောလေ့ရှိသည် ။ မိတ်ဆွေတွေ လိုအပ်တိုင်းလည်းကူညီခဲ့သည် ။ “ ဆိုခဲစေ မြဲစေ ” ဘဝကို ကျေနပ်လက်ခံထားသည်မှာ ကြာလှပါပြီကော ။ တစ်ယောက်တည်းကို အချိန်တိုင်း ချစ်နေရသည် မှာ ပင်ပန်းလှသည့်ကိစ္စကြီးမှ မဟုတ်တာလေ ။

လေးမောင်ကို ကျေနပ်လောက်အောင် စ,နောက်ပြီးနောက် စကားဝိုင်းသိမ်းကာ ပြန်သွားကြသည် ။ သူရလေး က ငယ်သူငယ်ချင်း ကောင်းမြတ်၏ ညီအငယ်ဆုံး ။ အသက် ဆယ်နှစ်နီးပါး ကွာသည့်တိုင် ကလေးဘဝကတည်းက လက်ဖက်ရည်ဆိုင် ကို ကောင်းမြတ် နှင့် ပါလာတတ်သည် ။ မျိုးဆက်တွေ တိုးတက်လာသည်ကြောင့် ပေလားမသိ ၊ ပါးရည်နပ်ရည် ရှိလှသည် ။ အရိပ်ပြစရာ မလိုဘဲ အကောင်အထည် တွေးနိုင်သည့် ကလေးတစ်ယောက် ။ ကောင်းမြတ် တစ်ယောက် လက်လျှော့ရသည့် မေသူ့ ထံမှ ပြန်စာရအောင် တောင်းနိုင်ပုံမှာ လက်ဖျားခါလောက်သည် ။ “ ရသပစ္စည်း ” တစ်ခုကို အသုံးချသွားပုံမှာ ယဉ်လွန်းလှပါ၏ ။ တက္ကသိုလ်ဘုန်းနိုင် ရေးသမျှ ဒိုင်ခံ ဝယ်စုသူ က ချစ်ထွန်း ။ “ ပိတောက်ပွင့်ဆဲ လသာဆဲ ” ထွက်လာစက အငှားဆိုင်တွေမှာ လက်မလည် ။ အဲဒီ အခွင့်အရေးကို သူရလေးက အသုံးချသည် ။ ‘ ပိတောက် ပွင့်ဆဲ ’ ပထမပိုင်းစာအုပ် ကြားထဲမှာ ရည်းစားစာ ညှပ်၍ မေသူ့ ထံ ရောက်အောင် ပို့သည် ။ ကောင်းမြတ် ကိုယ်စား လှုပ်ရှားပေးခြင်းသာ ။ နောက်တစ်ရက်မှာ လူကြုံနှင့် စာအုပ်ပြန် ရောက်လာသည် ။ ကောင်းမြတ် အတွက်လည်း ပြန်စာတစ်စောင် ညှပ်လျက်သား ။ ပြန်စာက ရိုးရိုးလေးသာ ။ ပိတောက်ပွင့်ဆဲ လသာဆဲ ဒုတိယပိုင်းထပ်ပေးပါဦးတဲ့ ။ မေသူ မျက်စောင်းလှည့်ထိုးသည်ကိုပင် မခံရဖူးသည့် ကောင်းမြတ် တစ်ယောက် လက်ဖက်ရည်ချောင်းစီး မောင်းတီးလှူ တော့၏ ။ ဒီစာ တိုတိုလေးကို ကြွား၍ မဆုံးနိုင် ။ ညီဖြစ်သူကိုလည်း ကလပ်ပေါ်တင် တော့မည်လား မှတ်ရပါ သည် ။ မေသူ နှင့် ကောင်းမြတ်တို့ နဖူးစာ ရွာလည်အောင် စောင်မ,သည့်  ‘ သတ္တဘာဂနတ် ’ မှာ သူရလေးသာ ။ ကျောင်းစာလည်း အထိုက်အလျောက် တော်ပုံရပါသည် ။ သည်ကလေး ဆယ်တန်းအောင်တော့ ပြည်မှာ ဂျီတီစီ တက်ခွင့်ရ၏ ။ အခါအားလျော်စွာလည်း လေးမောင်၏ လူပျိုကြီးဘဝကို ဒီညီအစ်ကို နှစ်ဦးက စ,ချင် နောက်ချင်သည် ။ ဆီးချိုရောဂါသည် တစ်ဦးလို ဖြစ်နေပါပြီကော ။ အနာဟောင်းလေးတစ်ခုသည် ဘာလိုလို နှင့် ပျောက်ခဲလွန်းပါ၏ ။

တစ်ပတ်လောက် ကြာသည်အထိ ဟိုအုပ်စုတွေ ပေါ်မလာ ။ မလာတော့လည်း မျှော်ရသည် ။ ပေါ်လာပြန်တော့ ချစ်ထွန်းနှင့် ကောင်းမြတ် မပါ ။ သူရလေး ရောက်လာပြီး ဆိုင်အတွင်းက ဟိုစားပွဲဝိုင်း ၊ ဒီစားပွဲဝိုင်း လိုက်ကြည့်နေသည် ။ လုပ်ချင်ရာ လုပ်နေကျမို့ မမေးမိ ။ မကြာမီ ရစ်သီရစ်သီနှင့် လေးမောင် အနီးသို့ ရောက်လာ၏ ။

“ ကိုကြီး ၊ သွားကြားထိုးတံ ဝယ်ထားတာ ရှိသေးလား ”

“ ဆိုင်မှာ သုံးဖို့တော့ ဆောင်ထားရတာပေါ့ ကွ ၊ မင်း ဘာတွေ ကြံပြန်ပြီလဲ ”

“ ညီ့ကို သွားကြားထိုးတံ နည်းနည်းလောက်ပေးပါ လား ၊ ညီ လိုချင်တဲ့ သွားကြားထိုးတံက ဒီလို လုံးလုံးချောချောလေးတွေ ”

သူရလေးက လက်ထဲမှာ တရုတ်ဖြစ် သွားကြားထိုးတံကို ကိုင်ရင်း ပြန်ဖြေသည် ။

“ အောင်မယ် ၊ တခြားဆိုင်တွေနဲ့ မတူအောင်လို့ ဒီလို အကောင်းစားကို သတ်သတ်မှာပြီး တင်ထားတာ ၊ မင်းလုပ်မယ့်ကိစ္စကို မပြောရင် မပေးနိုင်ဘူး ”

“ သွားကြားထိုးတံတွေ နဲ့ အိမ်ကလေးတစ်လုံး ဆောက်ချင်လို့ ၊ စူပါဂလူးနဲ့ ကပ်ပြီး ဆောက်လို့ရတယ် ”

“ ကျောင်းမှာ ပုံစံငယ်လုပ်ဖို့လား ”

သူရလေးက ချက်ချင်းပြန်မဖြေ ။ ခပ်ဆိုင်းဆိုင်းလုပ်ပြီးမှ -

“ ဟုတ်ကဲ့လို့ ပြောရင် ကိစ္စပြတ်မှန်းတော့ သိတယ် ။ ဒါပေမဲ့ ကိုကြီးကို မလိမ်ချင်ဘူး ။ ညီ အိမ်လေး ဆောက်ပြီးရင် ကျောင်းက ကောင်မ လေးတစ်ယောက်ကို ပေးမလို့ ၊ သူက ပထမနှစ်ပဲ ရှိသေးတယ် ”

သူရလေးက မညာတတ် ။ ငယ်ငယ်ကတည်းက ပျိုးထောင်ထားသည့် ချစ်စရာအကျင့်လေးမှာ ခိုင်မြဲနေပြီ ။

“ မင်းကွာ ... ကလေးကလားနဲ့ ၊ မင့်ကောင်မလေးက ဆယ်နှစ်ကျော်ပြီလား ”

ဒီတစ်ချီတော့ မွှန်သွားပုံ ရသည် ။ သူရလေးက ရယ်ကျဲကျဲနှင့် ပြန်ပက်သည် ။

“ ကိုကြီး ကျန်ခဲ့တာ အဲဒါပဲ ။ လူဆိုတာ ဘယ်အရွယ်ရောက်ရောက် ကလေးစိတ် မကုန်ပါဘူးဗျာ ။ ချစ်စရာ တွေ့ရင် ချစ်မှာပဲ ။ ရည်းစားစကား ပြောမယ့်ကိစ္စမှာ ချစ်စရာကောင်းတာလေး တစ်ခုခုကို အရင်ပေးလိုက်တော့ သူ့စိတ်မှာ ကြည်နူးကျေနပ်သွားတာပေါ့ ။ အဲဒီကြည်နူးနေချိန်က ကလေးဟာ အချိန်ကောင်းပဲလေ ။ အဲဒီအချိန်လေး ပေါ်အောင် ဖန်တီးပေးဖို့ပဲ လိုတာ ကိုကြီး ။ ကျန်တာ ဖိုမသဘာဝအရ ရင်ခုန်သံဆိုတာ အလိုလိုပါပြီးသား ။ အဲဒါကို အချစ်လို့ ထင်သွား ရင် ... ”

သူရလေးက လက်ဖျစ် တစ်တွတ်တီးရင်း မေးဆတ်ပြသည် ။ လေးမောင် ငိုင်ပြီး ကျန်နေခဲ့သည် ။ သူများဆိုင်မှာ စားပွဲထိုး လုပ်နေရင်း နီးရာဆိုက်ကားကို ဆွဲကာ မိုး ၏ စက်ဘီးလေး နောက်သို့ လိုက်ခဲ့ပုံအား လေးမောင် မြင်ယောင်ကြည့်သည် ။ ခါး တောင်းကျိုက်ပင် မဖြုတ်ရသေး ။ အလျင်စလိုနိုင်မှုတွေ ၊ အရှိကို အရှိအတိုင်း နေထိုင်တတ်ပုံတွေ ၊ နုံချာလွန်းသည့် ပုံရိပ်တွေ ။ သည်အကြောင်း တွေက မိုး၏ အတွေးတွင် အချစ်ရပ်ဝန်းတစ်ခု ပေါ်လာအောင် လှုံ့ဆော်နိုင်ပါမည်လား ။

သူရလေးက ပြုံးပြုံးကြီး ကြည့်နေ၏ ။ လူမိသလို ရှက်အမ်းအမ်းတော့ ဖြစ်သွားသည် ။ ဖြစ်နေကျမို့ ကြာကြာ မရှက်တော့ဘဲ ကောင်တာ အောက်ဆုံး အံဆွဲကို ဖွင့်ပေးလိုက်သည် ။ ကိုယ်တော်လေး အလိုရှိသမျှ မ,စေ ။ တစ်လလောက် ကြာသည်အထိ သူရလေး ပျောက်နေပြန်သည် ။ ချစ်ထွန်း နှင့် ကောင်းမြတ် ကတော့ ပုံမှန် ပေါ်လာလေ့ရှိသည် ။ သုံးဦးသား ရောက်တတ်ရာရာ ပြောဆိုနေချိန် သူရလေး က ဆိုင်ကယ်တစ်စီးနှင့် ပေါ်လာသည် ။ သူ့ချည်း မဟုတ်တော့ ။ သူရ လေး၏ ခါးကို ရဲရဲပိုင်ပိုင် ဖက်ရင်း လိုက်လာသည့် မိန်းကလေးငယ်တစ်ဦး လည်း တွေ့ရသည် ။ ကောင်းမြတ် မှာ အံ့သြဟန် မရှိ ။ ချစ်ထွန်း လည်း ခုမှ သိရသည့် ပုံ ။ စားပွဲနား ရောက်တော့ ချက်ချင်း ဝင် မထိုင်ကြသေး ။ မိန်းကလေးမှာ အတော်လှသည် ။ ခြေချောင်း ၊ လက် ချောင်းလေးများ ဖွေးဖွေးစင်နေ၏ ။ ဆေးမဆိုးသည့် ခပ်နွဲ့နွဲ့ ဆံပင်ရှည်ရှည်လေးက လေမှာ တဝဲဝဲ ။ မျက်နှာကျ သွယ်သွယ် ၊ လည်တိုင်ဖွေးဖွေး သွယ်ဆင်းလာပုံမှာ ကျစ်လျစ်သည့်ကိုယ်ဟန်နှင့် အတော် လိုက်ဖက်သည် ။ အဖြူထက် အဝါလုသည့် အသားအရေ ။ ရှာလည်း ရှာတတ်ပလေ ။

“ လာ ... ညီမလေး ရော ၊ ညီလေးရော ထိုင်ကွာ ”

ဧည့်သည်ကို ဖိတ်ခေါ်နေကျမို့ လေးမောင်က ခပ်သွက်သွက်ပင် ဧည့်ခံလိုက်သည် ။

“ ဟဲ ... အစ်ကိုတို့ကို လာကြွားတာ ၊ ခတ္တာမေ တဲ့ ၊ လှရဲ့လား အစ်ကိုတို့ ” 

သူရလေး ပြောတော့ မိန်းကလေးမှာ ရှက်ဟန်နှင့် သူရလေးကို ခပ်ဖွဖွပုတ်သည် ။

“ Miss Tulip ပေါ့ ။ နာမည်က လူလောက် လှပါ့မလားလို့ တွေးပူနေတာကွ ။ အခုမှ အလုံးကြီး ကျသွားတယ် ” ဟု ချစ်ထွန်းက ဝင်ဖောက်တော့ အားလုံးပွဲကျ၏ ။ သူရလေး၏ အစ်ကိုများ ဒီလောက်တော့ တတ်နိုင်ပါသည် ။ ပြုံးလိုက်စဉ် ပါးချိုင့် လေးတစ်ဖက် ပေါ်လာသည့် ခတ္တာမေ သည် မိုး လောက်နီးပါး လှသူဟု လေးမောင် မှတ်ချက် ပြုမိသည် ။

သူရလေး တစ်ယောက် အတော်ပျော်ရွှင်နေပုံ ရပါသည် ။ ခတ္တာမေလည်း မကြာမကြာ အလည်လိုက် လာလေ့ ရှိသည် ။ လေးမောင် ၏ လက်ဖက်ရည်ဆိုင်လေး မှာ သူတို့ ဆုံရပ်ကလေး တစ်ခု ဖြစ်လာသည် ။ သာယာတောက်ပချိန်သည် ဆည်းဆာနှင့် တူပါသည် ။ တကယ့်ခဏတာလေးသာ ။ မကြာခင် သူရလေး ကျောင်းပြီး၏ ။ ရန်ကုန်မှ ကုမ္ပဏီတစ်ခုတွင် သူရလေး အလုပ်ဝင်ချိန်၌ ခတ္တာမေ က ကျောင်းဝန်းထဲ မှာ ကျန်နေခဲ့သည် ။ ခြောက်လတစ်ကြိမ် သူရလေး ပြန်လျှင် ခတ္တာမေ နှင့်အတူ လေးမောင်၏ ဆိုင်လေးဆီ လာလေ့ရှိသည် ။ သူရလေး သည် အရည်အချင်း ရှိသော လူငယ်ပီပီ အလုပ်ခွင်၌ တွင်ကျယ်လာသည့်အလျောက် တစ်နှစ် တစ်ကြိမ်လောက်သာ ပေါ်လာနိုင်တော့သည် ။ ယခုနှစ် သင်္ကြန်တော့ သူရလေး ဆက်ဆက် ပြန်လာဖြစ်မည်ဟု သိရသည် ။

လေးမောင် ပြည်ကို ဆိုင်ပစ္စည်း သွားဝယ်စဉ် ခတ္တာမေ ကို ဆိုင်ကယ်တစ်စီး ပေါ်မှာ တွေ့လိုက်ရသည် ။ မောင်းသူက သူရလေး မဟုတ်ပေမဲ့ သူရလေးကို ဖက်သလို ဖက်ထား၏ ။ ဆိုင်ပြန်ရောက်တော့ ချစ်ထွန်း နှင့် ကောင်းမြတ် ကို ဖုန်းဆက် ခေါ်ရသည် ။ အစ်ကိုတွေ ခေါင်းချင်းဆိုင်ရပြန်သည် ။

သူရလေး ပြန်ရောက် ရောက်ချင်းပင် လေးမောင် ဆီကို ရောက်လာ၏ ။ ကောင်းမြတ် လည်း ပါလာသည် ။ မျက်နှာတော့ မသာယာ ။ သူရလေး အကြောင်းစုံသိသွားပုံရသည် ။

“ ကိုကြီးရဲ့ သွားကြားထိုးတံနဲ့ ဆောက်ထားတဲ့ အိမ်ကလေးကိစ္စ သွားဖြတ်ရအောင် လိုက်ခဲ့ဦး ” တဲ့ ။ လေးမောင် မငြင်းတော့ဘဲ ကားလေး ဆွဲထုတ်ကာ ပြည်သို့ ထွက်လာခဲ့သည် ။ သူရလေး မှာ ထင်ထားသည်ထက် တည်ငြိမ်နေသည် ။ တစ်ခုခု ဆုံးဖြတ်ထားပုံပေါ်ပါသည် ။

“ အခု ခတ္တာမေ သူ့အိမ်မှာ မရှိဘူး ၊ တစ်နေရာမှာလို့ ညီ ကြားထားတယ် ”

မည်သူမျှ မတုံ့ပြန်ကြ ။ သူရလေး ဆက်ပြောလာမည့် စကားများကို မျှော်နေကြ သည် ။

“ သူ့အိမ်ကလည်း ညီနဲ့ သဘောတူတယ် ။ ညီ့ အလုပ် က ပြည်မှာ ရုံးခွဲဖွင့်ဖို့ရှိတယ် ။ အဲဒီရုံးခွဲမှာ မန်နေဂျာအဖြစ် ပြောင်းလာဖို့ စီစဉ်ပြီးသားပါ ။ အဲဒါကို သူလည်း သိပါလျက်နဲ့ဗျာ ”

သူရလေး ကြေကွဲနေပုံရ၏ ။ ပြောရင်းဆိုရင်းပင် မြို့သစ် ၁၃ လမ်းရှိ ခတ္တာမေ တို့ အိမ်ကလေးဆီ လေးမောင်တို့ ရောက်လာခဲ့သည် ။ သပ်သပ်ရပ်ရပ် ရှိလှသည့် နှစ်ထပ်အိမ်လေးမှာ အသက် ၅ဝ ဝန်း ကျင် အမျိုးသမီးကြီး တစ်ဦး ကို တွေ့ရသည် ။ ခတ္တာမေ ၏ မိခင်ဖြစ်ဟန်တူ၏ ။ မျက်နှာကျ ၊ ကိုယ်နေဟန်ထား ဆင်လှသည် ။

“ သားတို့ ထိုင်ကြဦး ၊ သမီးလေးတော့ မြို့ထဲကို သင်တန်း စုံစမ်းရအောင် ဆိုလား သွားလေရဲ့ ။ မောင်သူရ နဲ့ အတူတူ သွားတယ်တောင် ထင်နေတာ ”

ကော်ဖီနှင့် ဧည့်ခံသည် ။ ရယ်ဒီမိတ် မဟုတ် ။ အတော်ကောင်းသည့် လက်ဖျော်ကော်ဖီ ။ လက်ဖက်ခြောက် ကောင်းကောင်း သုံးထားသည် ။ သူရလေး က ကော်ဖီကို ဟန်ပြလောက်သာ သောက်၏ ။ အရသာ ခံပုံမရ ။ ကော်ဖီခွက်ကို ကိုင်ထားသည့် သူရလေး၏ လက်တွေက လူသစ်စားပွဲထိုးတစ်ယောက်၏ လက်တွေလို မသိမသာ တုန်နေသည် ။

“ အခါတွင်းကို ဒီမှာ နေဖို့ပါပဲ အန်တီရယ် ။ ဒါပေမဲ့ အရေးတကြီး သင်တန်းတစ်ခု တက်ဖို့ ကျွန်တော် နိုင်ငံခြားကို သွားရဦးမယ် ။ အဲဒါလေး လာနှုတ်ဆက်တာပါ ။ သုံးလ လောက်တော့ ကြာမယ် အန်တီရေ ”

ခဏတစ်ဖြုတ် စကား ပြောဆိုပြီးနောက် နှုတ်ဆက်ကာ ပြန်ခဲ့ကြသည် ။

“ အခုအချိန် ခတ္တာမေ ပျောက်သွားရင် ညီနဲ့ ခိုးပြေးတယ်လို့ ထင်လိမ့်မယ် ။ အဲဒါကို ကြိုကာတာပါ ။ ညီနဲ့ ခတ္တာမေ တော့ ကိစ္စပြတ်ပြီဗျာ ”

ကိုယ်တိုင် အသည်းကွဲဖူးသဖြင့် သူရလေး အပေါ် လေးမောင် စာနာမိသည် ။ သွေးပူနေချိန်မှာ ဒီလို ဆုံးဖြတ်ချက်မျိုး ချနိုင်သည့်အတွက်လည်း ချီးကျူးမိသည် ။

နောက်ထပ် တစ်နှစ် ၊ နှစ်နှစ် ။ သူရလေး ပေါ်မလာ ။ ခတ္တာမေ ကိုလည်း မတွေ့ရတော့ ။ သုံးနှစ် ကြာမှ သူရလေး ပြန်လာသည် ။ ဒီတစ်ခါ ကိုယ်ပိုင်ကားလေးနှင့် ပေါ် လာသည် ။ သူရလေး ကို ကြည့်ရသည်မှာ တကယ့် လူကြီး တစ်ယောက်လို ဖြစ်နေ၏ ။ ဘောင်းဘီစမတ်ကျကျ ၊ ရှူးဖိနပ်မှာ ပြောင်လက်နေသည် ။ ကားပေါ်မှာ နောက် တစ်ဦး ပါလာသေး၏ ။

“ ကိုကြီးကို လာကြွားတာ ၊ ဝင်းလဲ့သော်တာ တဲ့ ”

“ Miss Graceful Moon ပေါ့ ။ နာမည်ဟာ လူလောက် လှပါ့မလားလို့ တွေးပူနေတာ ကွ ၊ အခုမှ အလုံးကြီးကျသွားတယ် ”

မျက်မှန် တပ်ထားသည့်တိုင် မိန်းကလေး၏ မျက်လုံးမှာ ဝင်းခနဲဖြစ်သွားသည် ။ ခေါင်းကလေး ငုံ့ရင်း ရှက်ရယ်ရယ်နေပုံမှာ မိုးလောက် မလှသေးဟု လေးမောင် တွေးမိသည် ။

“ လူတင် လှတာ မဟုတ်ဘူး ၊ စိတ်သဘောပါ အလွန် ကောင်းတာ ကိုကြီး ။ မကြာခင် သိရမယ် ။ ဝါကျွတ်ရင် ညီတို့ လက်ထပ်တော့မှာ ”

သူရလေး တစ်ယောက် ပျော်နေပုံရပါသည် ။ သူရလေးတို့ နှုတ်ဆက်ထွက်သွားတော့ လေးမောင် တွေးနေမိသည် ။

အချစ်သည် သူရလေး အတွက် အမိုးဖွင့်ဇိမ်ခံကားလေး တစ်စီး ။ အချစ်သည် လေးမောင် အတွက်တော့ နိဗ္ဗာန်ယာဉ် ။

အချစ်သည် လူရွေးကာ အလိုက်အထိုက် ပေါင်းသင်းတတ်ပုံရပါသည် ။

▢  ကိုစက်ဖေ
📖 ရွှေအမြုတေ ရုပ်စုံမဂ္ဂဇင်း
      ဖေဖော်ဝါရီ ၊ ၂၀၁၉

No comments:

Post a Comment