Tuesday, October 7, 2025

တေ့လွဲ


 

❝ တေ့လွဲ ❞
    ( မီမိုး )

မနန်း အိမ်အလုပ်များကို ခပ်သွက်သွက် လုပ်နေမိသည် ။ အိပ်ရာခင်းအသစ် လဲပေးနေရင်းမှ စိတ်ထဲမှာ ဘာတွေ လုပ်စရာရှိသေးလဲ ဆက်တိုက်ဆိုသလို တွေးနေ မိပြန်၏ ။ ဒီအခန်း သန့်ရှင်းရေး ပြီးလျှင် အဝတ်များ စက်ထဲ ထည့်လျှော်ပြီးလျှင် ဟင်းချိုအိုးလေး တစ်အိုး တည် ၊ ဒါဆို ဒီအိမ်အလုပ် လက်စသတ်ပြီ ။ ပြီးရင်တော့ ရေမိုးချိုး ၊ အဝတ်အစား လဲပြီး ဟိုဘက်အိမ်ကူးကာ လုပ်ကိုင်ပေးစရာရှိတာတွေ လုပ်ခွင့်ရပေပြီ ။ စိတ်ကူးထဲ မှာပင် မနန်း ပျော်မြူးကာ တေးကလေးတောင် ကျူလိုက် ချင်မိသည် ။ သို့သော် ဒါက စိတ်ကူးသာ ။ မနန်း ဘဝ တစ်လျှောက်လုံးမှာ ကိုယ့်ရင်ထဲကစိတ်ကူး သူတစ်ပါး မြင်သာအောင် ဘယ်တုန်းကမှ မနေစဖူး ။ ကြည့်လိုက်တိုင်း ခံစားမှုကင်းသော မျက်နှာသေတစ်ခုနှင့် လုပ်စရာ ရှိသော အလုပ်များကို လုပ်နေသော မနန်း ကိုသာ အားလုံးက မြင်တွေ့ကြားသိကြမှာ ဖြစ်သည် ။ “ မနန်းရေ နင်ဟိုဘက်အိမ်ကူးရင် အဖေ့အတွက် သရက်သီးယူ သွားလိုက်ဦး ၊ မနေ့က စားချင်တယ် ဖုန်းဆက်နေလို့ ” အခန်းဝမှ မမကြီး လှမ်းအသံပြုနေသည်ကို မနန်းက “ ဟုတ်ကဲ့ ” ဟု တုံ့ပြန်ရင်း ကြားသိကြောင်း ခေါင်းပါညွတ် ပြလိုက်မိသည် ။ ဒီလို လေးစားသမှု အပြုအမူမျိုးကိုတော့ မနန်း စိတ်ရောလူပါ အသားကျနေပြီ ဖြစ်သည် ။ မနန်း ဘဝမှာ ကိုယ်နှင့် ပတ်သက်သမျှ ကျေးဇူးရှင်အားလုံးကို ရိုသေညွတ်နူးစွာ ဆက်ဆံပြုမူတတ်မြဲပါ ။ အထူးသဖြင့် မမကြီး တို့လို စိတ်ထားကောင်းသော ကိုယ့်အပေါ် ကျေးဇူးကြီးမားသော သူမျိုးကိုဆို မနန်း ဘာ လုပ်ပေးရ လုပ်ပေးရ ၊ ကြည်ဖြူစွာလုပ်ပေးမြဲ ။ တစ်ဦးမေတ္တာ တစ်ဦး မှာ ဆိုသလို မမကြီး ကလည်း မနန်း အပေါ် တကယ့် ညီမ သားချင်းလို နေရာပေး ဆက်ဆံတတ်လေသည် ။

မနန်း အိမ်အလုပ်အားလုံးကို ပြောစရာ မလိုအောင် သေဝပ်ကျနစွာ လုပ်ပြီး သကာလမှာ ရေမိုးချိုး ၊ သနပ်ခါး ရေကျဲလေးပွတ်ပြီးချိန်မှာတော့ ကိုယ်ပိုင်သေတ္တာလေးထဲ က ထုတ်ဝတ်မိတာ ရှပ်အင်္ကျီ အညိုကွက်လေးသာ ဖြစ်၏ ။ ဒီအင်္ကျီလေးက အစ်ကိုဦး ပေးသော အင်္ကျီလေးဖြစ်သည် ။ ဝယ်လာပြီး တစ်ခါဝတ်ကာ ရေလျှော်ရုံနှင့် ကျုံ့ သွားသည် ဆိုပြီး ဆက်မဝတ်တော့ဘဲ မနန်းကို ပေးခဲ့ခြင်းဖြစ်သည် ။ သူပေးချင်အောင်လည်း ထိုနေ့က မနန်း သူ့အပေါ် လုပ်ဆောင်ပေးတာလေးတွေ ရှိခဲ့သည့်ကိုး ။ အစ်ကိုဦး ခိုင်းသည့်အတိုင်း သူ့ကဗျာများကို ဖိုတိုစတက် ဆိုင်တွင် သွားကူး ၊ ပြီးတော့ အမှားအယွင်း မရှိစေရအောင် သေချာစစ်ဆေးပြီးမှ မူရင်းကို စာတိုက်က နေ တစ်ဆင့် သူရေးပေးသော မဂ္ဂဇင်း လိပ်စာအတိုင်း ပို့ပေး ၊ ပြီးတော့ မိတ္တူများကို သူ့ထံ ပြန်ယူလာပေး ဆိုတော့ သူက ကျေးဇူးတွေ တပြန်တလဲ တင်ကာ ထိုအင်္ကျီလေး ထုတ်ပေးခဲ့ခြင်းပင် ။ တကယ်ဆို ကျုံ့သွားတယ်ဆိုတာ ဟုတ်ကောဟုတ်ရဲ့လား မသိ ။ မနန်းကို ပေးချင်သောကြောင့်သာ စကားဆင်ပြောတာလည်း ဖြစ်နိုင်ပေသည် ။ မမကြီးနှင့် အစ်ကိုဦး တို့မှာ မောင်နှမတွေ ဟု မပြောရ ။ စိတ်ထားနူးညံ့ ကောင်းမွန်သည့် အပိုင်းမှာ တူချက်ကတော့ တအားပင် ။ မမကြီးကတော့ သူ့မောင် အစ်ကိုဦး ကို “ ညည်းတို့ အစ်ကိုက နဂိုထဲက စိတ်ကောင်းက ရှိရတဲ့အထဲ လူပျိုကြီးကလည်း ဖြစ် ၊ ကဗျာဆရာ ကလည်း ဖြစ် ၊ ဒီကြားထဲ ဘာသာရေး ကလည်း လုပ်သေးတာ ဆိုတော့ စံပယ်ပွင့်ကျ ပေါင်ကျိုး ” ဟု ခပ်ဟားဟား ပြောတတ်လေသည် ။ ဘာပဲဖြစ်ဖြစ် မနန်း ကတော့ စံပယ်ပွင့်လေး ကျရင်တောင် ပေါင်ကျိုးသွားမည် ဆိုလောက်အောင် နူးညံ့သော ဒီအစ်ကိုကို တစ်နေ့ထက် တစ်နေ့ ပိုပိုပြီး သဘောကျ နှစ်ခြိုက်ကာ အပိုင်လိုချင် နေမိတော့တာပင် ။

အစ်ကိုဦးတို့ တိုက်ခန်းဘက်ကို ကူးလာချိန် အဝင် အထွက်တံခါးက စေ့ထားသည်မို့ တွန်းဖွင့်ဝင်ခဲ့မိသည် ။ ဒီအချိန် မနန်း အလုပ်တွေ လာလာ လုပ်ပေးတတ်တာကို သိနေလို့လည်း အဆင်သင့် ဝင်လို့ရအောင် ဖွင့်ပေးထားခြင်းပင် ။ အခန်းထဲ ဝင်လိုက်သည်နှင့် ဇာအဖြူလေး ကာထားသော ဘုရားခန်းမှာ အစ်ကိုဦး တစ်ယောက် တည်ငြိမ်စွာ တရားထိုင်နေသည်ကို မနန်း မြင်တွေ့လိုက်ရသည်မို့ နဂိုထဲက တိုးဖွဖွခြေလှမ်းကို ပိုလို့ပင် ဂရုစိုက် လှမ်းမိ၏ ။ မနန်း စာတွေ အများကြီး မတတ်သော်ငြား ပါရမီဖြည့်ဖက် ဆိုသည့် စကားကိုတော့ ကောင်းကောင်း နားယဉ်ကာ သဘောကျသည်ကိုး ။ မနန်း အစ်ကိုဦး အတွက် ပါရမီဖြည့်ဖက်ကောင်း ဖြစ်ချင်နေမိတော့သည် ။ သရက်သီးထုပ်ကို ဧည့်ခန်းစားပွဲပေါ် တင်ရင်း ဘဘကြီး အခန်းကို အခြေအနေ သွားကြည့်လိုက်မိသည် ။ ဘဘကြီးက နားပါးသည် ။ ကျွီခနဲ အသံကို ကြားလိုက် သည်နှင့် ခုတင်ထက်မှ လှည့်ကြည့်ကာ လက်ယပ်ခေါ် လေသည် ။

“ နောက်ကျလှချည်လား ”

“ ဟုတ်ကဲ့ ဘဘကြီး ဘဘကြီးမြေးက ကျောင်းသွားကာနီး နည်းနည်း ကျီကျနေလို့ ။ သရက်သီး ပါတယ်နော် ။ ကျွန်မ အခုခွဲလိုက်ရတော့မလား ” 

“ ဟေ့အေး ... မစားသေးဘူး ။ ခွဲပြီး ရေခဲသေတ္တာထဲ ထည့်ထားလိုက် ၊ ပေါက်ပေါက်က မနေ့က ကိုယ်နည်းနည်း ပူသေးဆို ... ဘာလို့ ကျောင်းလွှတ်ရတာလဲ ”

“ ကောင်းသွားပါပြီ... ကျောပူခေါင်းပူ ဖြစ်တဲ့ သဘောပါ ”

ဘဘကြီးက လိုချင်သည့်အဖြေ ရသွားတော့ ခေါင်းညိတ်ပြရင်း သွားတော့ ဆိုသည့်ပုံနှင့် လက်ဟန်ပြသည် ။ မနန်းသွားလို့ ဘယ်ဖြစ်ဦးမလဲ ။ မမကြီး ကိုယ်တိုင် သူ့အဖေအတွက် သွေးပေးလိုက်တဲ့ သနပ်ခါးရေကျဲ စစ်စစ်လေးတွေကို ဘူးနဲ့ ထည့်ပေးလိုက်သေးတာရော့ ။ ရာသီဥတုကလည်း ပူ ၊ အဲယားကွန်းကလည်း အချိန်ပြည့် ခံဖို့ ကျန်းမာရေးက ခွင့်မပြု ဆိုတော့ ဘဘကြီး မှာ မိတ်ဖုလေးတွေ တစ်ကိုယ်လုံး ရှိနေတတ်သည် ။ မနန်း က မိတ်ကပ်ဘူးထဲ ထည့်ထားသည့် သနပ်ခါး ရေကျဲများ ထုတ်ပြလိုက်ရုံဖြင့် ဘဘကြီး က သဘောပေါက်သည် ။ သူ့အင်္ကျီလက်ရှည်ကို လက်မောင်းရင်း ရောက်အောင် ပင့်တင်ပေးလေသည် ။ မနန်း စိတ်ရှည်လက်ရှည် လိမ်းပေးရင်းမှ မိတ်ဖုများဆက်ကာ အရေပြားတွေ ကြမ်းတမ်းခက်တရော်နေသော ဘဘကြီး အသားအရေကို ကြည့် ရင်း ဘဘကြီးတောင် တော်တော် အိုရှာပြီဟု တွေးကာ စိတ်မကောင်းဖြစ်မိ၏ ။ ဟုတ်သည် ။ ဘဘကြီး ဒီနှစ်အတွင်း ကျန်းမာရေး ချူချာသည် ။ ဒါကို သားဖြစ်သူရော သမီးဖြစ်သူပါ သတိထားမိကာ ဝိုင်းဂရုစိုက်နေကြရ၏ ။ ကျန်းမာရေး မကောင်းသောကြောင့်ပဲလားမသိ ၊ လူကလည်း တော်တန်ရုံ စိတ်မရှည်ချင် ။ တစ်လောက ဆိုလျှင် မနန်း ကို နီးရာ ရေသန့်ဘူးနှင့် ကောက်ပေါက်
ခံလိုက်ရသေး၏ ။ ရေက ဘူးအပြည့် မဟုတ်သောကြောင့်သာ သိပ်အထိမနာခဲ့တာ ။ စိတ်ပြေတော့လည်း သူပဲ မနန်း ကို မုန့်ဖိုးပေးကာ ပြန်ချော့လေသည် ။ မနန်း အတွက်ကတော့ဖြင့် စိတ်ဆိုးဖို့ နေနေသာသာ ဘကြီး သူ့အတွက်နှင့် စိတ်တိုရတာတောင် ပြန်အားနာနေခဲ့သေးသည် ။ ဟော အစ်ကိုဦး တရားထိုင်အပြီး အမျှအတန်း ဝေနေပြီ ။ အစ်ကိုဦး ဒီလို အမျှဝေပြီဆို ကွယ်လွန်သွားပြီ ဖြစ်သော မေမေကြီး နာမည်က ထိပ်ဆုံးက ။ ဘဘကြီး ခပ်တိုးတိုးလိုက် သာဓုခေါ်ရင်း သွားတော့ဟု ကြားရုံသာ ပြောလေသည် ။ မနန်း ကလည်း သွားချင်နေပြီမို့ ခပ်သွက်သွက်ပင် ထလာလိုက်တော့သည် ။ ဧည့်ခန်းမှာ အစ်ကိုဦး တစ်ယောက် စာအုပ်ပုံကြား ခေါင်းစိုက်နေ သည်ကို တွေ့လိုက်ရသည် ။

“ အစ်ကိုဦး .. မနန်း ဘာလုပ်ပေးရမလဲ ” 

“ ဟေ့အေး .. နင့်ဟာနင် လုပ်စရာရှိတာသာလုပ် ၊ ဪ ... နေဦး ငါ နင့်ကို ပြစရာရှိတယ် ။ ဒီမှာ ကြည့်စမ်း ။ နင် ဟိုလက စာတိုက်ကနေ သွားထည့်ပေးတဲ့ ငါ့ကဗျာ ဒီမှာ ပါလာပြီ ” 

အစ်ကိုဦးမျက်နှာက နဂိုစိတ်ရင်း ကောင်းလို့ပဲလား ၊ တရားထိုင်ပြီးစမို့လား ၊ ဒါမှမဟုတ် သူ့ကဗျာ မဂ္ဂဇင်းထဲ မှာ ပါလာလို့ပဲလား မသိ ။ မျက်နှာက ဝင်းကြည်နေလေ သည် ။ မနန်း မှာ သူ ပြသော ကဗျာကို ယောင်ကန်းကန်း ဖြင့် လှမ်းယူဖတ်ကြည့်မိချိန် မျက်လုံးက ဆုံးအောင် ဖတ် ဖြစ်လိုက်သော်လည်း အဓိပ္ပာယ်ကိုကား ရေရေရာရာ မသိပေ ။ “ ကောင်းလား ” ဟူသော အစ်ကိုဦး၏ အမေးကို အကြား ‘ ဟုတ် ’ ဟု အားနာပါးနာဖြေလိုက်တော့ အစ်ကိုဦး သဘောတကျ ရယ်လေသည် ။ အဓိပ္ပာယ်မသိဘဲနှင့် အားနာပါးနာ ဖြေလိုက်တာကို သိနေသည့်ပမာ ခံစားလိုက်ရသည် ။ ဘာဆက်ပြောဦးမလဲ ခဏရပ်စောင့်နေမိ သော်လည်း ဘာမှ ဆက်မလာတော့တာမို့ မနန်း အလိုက် တသိဖြင့် အနားမှ ခွာကာ လုပ်စရာရှိတာများ လုပ်နေမိ တော့သည် ။ တော်နေကြာ ဘဘကြီးက ထမင်းစားတော့ မှာလေ ။ မစားခင် ရေချိုးဖို့ ရေနွေးလေးလည်း အပြည့် တည်ထားပေးဦးမှ ။ ရေချိုးပြီး လဲဖို့ရာ အဝတ်အစားလေးကလည်း အသင့် ထုတ်ထားပေးဦးမှ ။ မနန်း တစ်ယောက် လုပ်စရာရှိသော အလုပ်များကို ဇယ်ဆက်သလို လုပ်ပေးနေရင်း အလုပ်ထဲမှာ အာရုံ ဝင်စားနေမိသမျှ ဧည့်ခန်းထဲ ဖုန်းလာသံကြားမှသာ အစ်ကိုဦး ထံ အာရုံပြန်ရောက်တော့သည် ။ ထာဝစဉ် နူးညံ့ညင်သာသော အစ်ကိုဦး တစ်ယောက်ကတော့ ဖုန်းပြောနေလည်း ခပ်တိုးတိုးသာ ။ မသိစိတ်က မနန်း အလိုလို သိနေသည်မှာ ထိုဖုန်းသည် အစ်ကိုဦး၏ ငယ်ချစ်ဦး အမျိုးသမီးထံမှ ဖုန်းဖြစ်မည် ဆိုတာပင် ။ တကယ်ဆို မုဆိုးမ ဖြစ်နေပြီဖြစ်သော ထိုအမျိုးသမီးမှာ ဘာကြောင့်များ အစ်ကိုဦး ထံကို ဆက်သွယ်နေပါလိမ့် ။ လုပ်ပိုင်ခွင့်သာ ရှိကြေးဆို မနန်း မှာ အစ်ကိုဦး ထံမှ ဖုန်းခွက်ကို လုယူကာ “ ရှင် နောက်ကို ဘယ်တော့မှ မဆက်သွယ်ပါနဲ့တော့ ” ဟုသာ ပြောပစ်လိုက်ချင်တော့သည် ။ စိတ်ကူးပြင်ပမှာတော့ ဆေးနေသော ပန်းကန်ဆေးလက်စစ်ဖတ်ကိုသာ နာနာဆုပ်ခြေနေမိတော့၏ ။ ဒီအကြောင်းကို မမကြီးလည်း သိလေသည် ။ မမကြီး ကိုယ်တိုင်ကိုက ထိုအမျိုးသမီးနှင့် သူ့မောင်နှင့်ကို အတိတ်ဇာတ်လမ်း ပြန်ဆက်စေချင်နေတာ အသိသာကြီးပင် ။ မမကြီး သဘောက အစ်ကိုဦး သာ မိန်းမယူမည်ဆို ဘဘကြီးလည်း အားကိုးရ ၊ အစ်ကိုဦး လည်း သူ့မိသားစုနှင့် သူ ပျော်ပျော်ရွှင်ရွှင်ဟု သတ်မှတ်ပုံပင် ။ မသတ်မှတ်တာက မနန်း တစ်ယောက်ပဲ ရှိလေမည် ထင်ပါရဲ့ ။

တကယ်ဆို မနန်း အစ်ကိုဦး အပေါ်မှာ တွယ်တွယ်တာတာကြီး ဖြစ်သွားတာ လွန်အံ့မဆိုစေချင်ပါ ။ အရွယ်လေး ရောက်ကတည်းက ဒီအိမ်ကို ရောက်လာ ၊ ဒီအိမ်က ကျေးဇူးတွေစားသုံး ၊ ဒီအိမ်အပေါ်ကိုယ်က ကျေးဇူးတွေ ပြန်သိနှင့် သံယောဇဉ် အလုံးအထွေးတစ်ခု ဖြစ်တည်လာတဲ့ အချိန်မှာ မနန်း ဘေးမှာ စိတ်ကူးယဉ်ချင်စရာ ၊ အထင်ကြီးအားကျစရာကား အစ်ကိုဦး တစ်ဦးသာ ပြိုင်ဘက်ကင်း ရှိလေတော့သည် ။ မတူမတန်ဟုတော့ မနန်း နည်းနည်းမှ မတွေးမိပေ ။ မနန်း ရုပ်မချောသော်လည်း အသားဖြူပါသည် ။ အသားဖြူသောသူများဟာ ဘာဝတ်ဝတ် ကြည့်ကောင်းသည်ဆိုပဲ ။ ဟုတ်သည်ဟု မနန်း အကြွင်းမဲ့ ယုံ၏ ။ မနန်း များ နည်းနည်းပြပြုပြင်ပြင် ဝတ်လိုက်လျှင် နှာခေါင်းပြားတာလည်း ပျောက်၏ ။ မျက်ခုံးမွေး မရှိတာလည်း ပျောက်၏ ။ မျက်နှာလေး နည်းနည်းပြဲနေတာလည်း ပျောက်၏ ။ ကိုယ်လုံးကိုယ် ပေါက်ကတော့ ထည့်ပြောစရာ မလို ။ မနန်း က မွေး ကတည်းက တောက်လျှောက် ဝလုံး ။ အပျိုဖြစ်တော့လည်း ကိုယ်လုံးက တစ်ဆက်တည်း ။ တော်သေးတာက အရပ်ကလေး ရှိနေလို့သာ တော်တော့သည် ။ ဘာပဲဖြစ်ဖြစ် လူတစ်ဦးနှင့် တစ်ဦး ရေစက်ပါလာကြလျှင် ရုပ်ရည်တွေ ၊ စည်းစိမ်ဥစ္စာတွေ ၊ ပညာအရည်အချင်းတွေ ၊ အဆင့်အတန်းတွေ ဘာမှ အရေးမကြီးဟု ယုံမိသည် ။ စိတ်ထဲ တစ်ထစ်ချ ယုံနေတာကလည်း အစ်ကိုဦး ဒီချိန်ထိ လူပျိုကြီး ဖြစ်နေခြင်းမှာ မနန်း နှင့် ဖူးစာဆုံဖို့များ ကံကြမ္မာက တိုက်တိုက်ဆိုင်ဆိုင်ကြီး ဖြစ်ပေးနေသလား ရယ်လို့ ။

အမယ်လေး .. အပြင်ဘက်က လှမ်းပစ်လိုက်သော သတင်းစာက နောက်စေ့ကို လာမှန်သည်မို့ လန့်ဖျပ်သွားသည် ။ သတင်းစာသမားက သတင်းစာကို ပစ်ပြီးတိုင်း တိုက်အောက်က ခေါင်းလောင်းကို အချက်ပြအဖြစ် လှမ်းဆွဲနေကျမို့ ဒီအသံကြားလျှင် ဘဘကြီး ခမျာ အသက် ကြီးလာပြီဆိုသော်ငြား ဒီအိမ်မှာ သြဇာအာဏာ ရှိသေးသူမို့ မျက်နှာမညို စိတ်မတိုစေချင်ပါလေ ။ မနန်း သတင်းစာ ကိုင်ကာ ဘဘကြီး အခန်းထဲဝင်လာချိန် ဘဘကြီး တစ်ယောက် ခုတင်ပေါ်မှာထိုင်ကာ အယ်လ်ဘမ်ကြည့် နေချိန်နှင့် တိုးလေသည် ။ မနန်း မှာ ဖြစ်နိုင်လျှင် အချိန်မီသေးလျှင် လှည့်ပြေးချင်ပါ၏ ။ သို့သော် အချိန်ကား မမီတော့ ။ ဘဘကြီးက အငိုမျက်ဝန်းဖြင့် လှမ်းကြည့်နေသည် ။ ဘဘဘကြီး တစ်ယောက် မေမေကြီး ကွယ်လွန်သွားမှု အပေါ် ဖြေဆည်ရာ ရှာမရသည့်အဖြစ်ကို မမကြီး လည်း မကယ်နိုင် ၊ အစ်ကိုဦးလည်း တရားချ မရ ။ သူ့ အချစ်တော် မြေးဖြစ်သူလည်း မကုစားနိုင် ။ အခု စားစားသွားသွား နေနေထိုင်ထိုင် လုပ်နေရင်းနှင့်ကို အကြောင်း တိုက်ဆိုင်မှုတစ်ခု တလေတွေ့သည်နှင့် မင်းတို့အမေကလေ ဟုဆိုကာ ဟည်းချင်တတ်မြဲဖြစ်သည် ။ ကြာလာတော့လည်း ပတ်ဝန်းကျင်က လူများမှာ ဘဘကြီး အကောင်းကနေ ဘယ်အချိန် မင်းတို့ အမေကလေ ... ထလုပ်လေမလဲ ကျီးလန့်စာစား ဖြစ်နေရတော့သည် ။

“ နေ နေ ငါသွားလိုက်မယ် ၊ နင်လုပ်စရာရှိတာလုပ် ” 

နောက်မှ ရောက်လာသော အစ်ကိုဦး က မနန်း အခက်အခဲကို ကူလိုက်ကာမှပဲ အစ်ကိုဦး လက်ထဲ သတင်းစာလေး အမြန်လက်လွှဲပေးခဲ့ကာ မနန်း အသက်ရှူချောင်တော့သည် ။ ဒီနေ့အဖို့တော့ မနန်း အတွက် ရာသီဥတု ကိုယ့်ဘက်မှာ မရှိဟု ပြောရမည့်နေ့ပင် ။ အစ်ကိုဦး က ဘဘကြီး နားမှာ နောက်ကြောင်းပြန် လွမ်းမောဖွယ် ဇာတ်လမ်းများကို အနည်းဆုံး နှစ်နာရီလောက် ကျေနပ်အောင် နှစ်သိမ့်ပေးရတော့မှာလေ ။ ဒါဆိုလျှင် အစ်ကိုဦး နှင့် မနန်း အတွက် တစ်ခွန်းစ နှစ်ခွန်းစသော အာလာပသလ္လာပ စကားလေးများ ပြောခွင့်ရမှာ မဟုတ်တော့ ။ ခါတိုင်းဆိုလျှင်တော့ အစ်ကိုဦး က မနန်း အလုပ် လုပ်နေရာကို ဖြတ်သွားဖြတ်လာပြုရင်း သူ့ တူမအကြောင်း ၊ သူ့အစ်မ အကြောင်း သိချင်တာ ပြောချင်တာ ရှိလျှင် ပြောတတ်မြဲ ။ တစ်ခါတလေတော့လည်း မနန်း ကို ဘာသာရေးနဲ့ ပတ်သက်တာလေးတွေ မေးတတ်ပြီး မနန်းက မသိဘူးဆိုရင် စိတ်ရှည်လက်ရှည် ရှင်းပြတတ်တဲ့ အချိန်မျိုးတွေလည်း ရှိရဲ့ ။ ဒီလိုအချိန်တွေဆို ရင်ဖြင့် အဝီစိချိုးကပ်မယ် ပြောလျှင်လည်း မနန်း ခံရမည်ပင် ။ အစ်ကိုဦး ပြောသော စကားများက ဒီဘက်နားမှ ဝင်ကာ ဟိုဘက်နားက ထွက်သွားပြီး ဘယ်တုန်းကမှ ရှည်ရှည်ကြာကြာ စိုက်မကြည့်ရဲခဲ့ဖူးသော အစ်ကိုဦး မျက်နှာကို တမေ့တမြော ကြည့်ခွင့်ရတတ်လေသည် ။ ဒီနေ့ အဖို့ကတော့ အခွင့်အရေး မသာမည့် အတူတူ လုပ်စရာ ရှိတာ လုပ်ကာ ဟိုဘက်အိမ် ပြန်ကူးဖို့ပဲ ရှိတော့သည် ပေါ့ ။ တော်နေကြာ ပေါက်ပေါက် ကျောင်းက ပြန်ရောက်လာတော့မှာလေ ။

••••• ••••• •••••

( ၂ )

မနန်း ထိုးလက်စ သိုးမွေးဆွယ်တာကို သဲကြီးမဲကြီး ထိုးနေမိသည် ။ လည်ပင်းအနားသတ်လေး ထိုးပြီးလျှင် အင်္ကျီက ပြီးပြီ ။ အစ်ကိုဦး မွေးနေ့က ဇန်နဝါရီလလေး ရက် လွတ်လပ်ရေးနေ့ ဆိုတော့ မှတ်ရလွယ်သည် ။ ပြီး တော့ အစ်ကိုဦး က ဆောင်းတွင်းဆို မနက်တိုင်း လမ်းလျှောက်တတ်တာ သူ့အကျင့် ။ ဒီအင်္ကျီလေး ဝတ်ပြီး အစ်ကိုဦး လမ်းလျှောက်ထွက်တာ မြင်ချင်သည်မို့ မွေးနေ့လက်ဆောင်အဖြစ် ပေးရန် အသည်းအသန် ကြိုးစား နေမိခြင်းဖြစ်သည် ။ မနက်ပိုင်းလည်း ပေါ်ပေါ်ထင်ထင် မထိုးရဲ ။ အတွင်းစိတ်က မလုံတော့ မမကြီး တစ်ခုခု မေးလာလျှင် အိုးတိုးအမ်းတမ်း ဖြေမိမှာစိုးကာ ညဘက် ကိုယ့်အခန်းထဲကျမှသာ တိတ်တိတ်ကလေး ထိုးဖြစ်နေသည် ။ မမကြီးတို့က ညဘက်ဆို မနန်း အခန်းကို အဝင် အထွက် မရှိတတ် ။ ပေါက်ပေါက်လေး ကတော့ ကလေး ပေမို့ သူ မအိပ်ချင်သေးလျှင် အခန်းကူးကာ လာဆော့ နေတတ်သည် ။ ပေါက်ပေါက် က နေမကောင်းလျှင် ကျီ ကျတတ်ကာ နေကောင်းလျှင်တော့ သူ့ဟာသူ အေးအေး ဆေးဆေး နေတတ်သူမို့ ပြဿနာ မရှိလှပေ ။ ခုနလေးတင် အခန်းထဲကို ပေါက်ပေါက် ရောက်လာသေး ။ မနန်း လက်ထဲက ထိုးလက်စ သိုးမွေးထည်ကို ကြည့်ကာ လှလိုက်တာ မှတ်ချက်ပေးရုံက လွဲပြီး ဘာမှ ထူးထူးခြားခြား မမေးပေ ။ သူ မမေးမှ မနန်း က ပြောချင်သလိုဖြစ်လာကာ “ ပေါက်ပေါက် ဦးလေးက အရောင်ရင့်ရင့်တွေ ကြိုက်တယ်နော် ” ဟု စကားဆက် ဆိုဖြစ်ခဲ့သေး၏ ။ စကားက လိုရင်းကို မရောက်ဘဲ “ အရောင်ရင့်ရင့်ဆိုတာ အရောင် တွေ အိုနေတာလား ” ဟု ဘိုကျောင်းတက်လေးက တလွဲတွေ မေးနေသေးသည်မို့ စကားလမ်းကြောင်းက လွဲသွားလေတော့သည် ။ တစ်ခါတလေတော့လည်း သူ့အမေ ဟန်းဖုန်းကို မနန်း အခန်းထဲ ယူလာပြီး သူ့ဦးလေးနှင့် ဖုန်းကို ကျကျနန ပြောတတ်ပြန်သည် ။ ဒီလိုအချိန်မျိုး ဆိုလျှင်တော့ မနန်း မှာ ဆယ်ကျော်သက်လေးလို ရင်ခုန်သံတွေ တငြိမ့်ငြိမ့်နှင့် သာယာကြည်နူးလို့နေမိ၏ ။ ဘာဆိုင်လို့လဲ မေးလျှင်တော့ ဘာမှ မဆိုင်ဟု ဆိုပေမဲ့ ဒီခံစားမှုက သူ့အလိုလို ဖြစ်နေသည်ကို မနန်း ဘာတတ် နိုင်မှာတဲ့လဲ ။ ကလေးက ဖုန်းပြောလိုက် သူ မသိတာ ရှိလျှင် မနန်းကို လှည့်မေးလိုက်လုပ်တာကိုပဲ ကိုယ်က အစ်ကိုဦး နှင့် တိုက်ရိုက်ဖုန်းပြောနေရသလို သာယာ ကြည်နူး တစ်တီတူး ဖြစ်နေသည်မှာ ရှက်ဖွယ်ဟု ဆိုသော်လည်း မနန်း ကတော့ ကြိုက်သည် ။ ထိုခံစားမှုကို တကယ့်ကို ကြိုက်လှချည့် ။ မနန်းသည် တွေးရင်းနှင့်ပင် မျက်နှာက ပြုံးမြမြဖြစ်လာသည် ။ သို့သော် သတိထားမိမိချင်းပင် မျက်နှာပိုးကို ချက်ချင်းပြန်သတ်မိ၏ ။ ထိုမျက်နှာပေးမျိုးကို အပြင်မှာ အထူးသဖြင့် ဒီမိသားစုဝင်တွေရှေ့မှာ အကျင့်ပါသွားမှာ မနန်း တကယ် စိုးရိမ်လေသည် ။ ရှင်းရှင်းပြောရလျှင် ဒီမျက်နှာပေးမျိုးဟာ ယောက်ျား တစ်ယောက်မှာ ဖြစ်ဖြစ် ၊ မိန်းမ တစ်ယောက်မှာ ဖြစ်ဖြစ် မျက်နှာရူး ဟု ခံစားမိသည် ။ ကုန်ကုန် ပြောရလျှင် ရုပ်ရှင်တွေထဲမှာ အင်မတန်ချော အင်မတန်လှသော မင်းသား ၊ မင်းသမီးများပင် အချစ်ကြောင့် ဖြစ်ကြသော ဒီလိုပြုံးစိစိ မျက်နှာပေးမျိုးကို မနန်း စိတ်ထဲ မျက်နှာရူး ဟုပဲ မြင်မိသည် ။ မနန်း စိတ်ထဲ တစ်ယောက်ယောက်က ကိုယ့်ကို အဲလို ထင်မြင်သွားမှာ အလွန်စိုးနေမိ၏ ။ မနန်း ကို မိသားစုဝင်အားလုံးက မျက်နှာသေဟု သတ်မှတ်ကြတာကို မနန်း ခံနိုင်သည် ။ မျက်နှာသေ ဆိုတာ ကိုယ့်ခံစားမှုကို မျိုသိပ်နိုင်တာဟာ ကောင်းတာပေါ့ဟု ကျိတ် သဘောကျရင်း အမြဲတမ်း မျက်နှာသေ လာလိုက်သည် မှာ ကြာလှရောပေါ့ ။ ဒီမျက်နှာသေကို အစ်ကိုဦး အား ပိုင်ဆိုင်ခွင့်ရမှပဲ ခွာချဖို့ မနန်း တိတ်တိတ်ကလေး ဆုံး ဖြတ်ထားမိသည် ။ ထိုအချိန် ဆိုလျှင်တော့ သာယာကျေနပ်စရာကောင်းသော မိသားစုဘဝတစ်ခု ကို မနန်း ပိုင်ဆိုင် ခွင့်ရပြီမို့ မနန်း မျက်နှာမှာ အပြုံးတွေ တဝေဝေဖြစ်နေမှာ သေချာပါသည်လေ ။

“ မနန်းရေ ... ပေါက်ပေါက် ဒယ်ဒီရဲ့အိတ်က ဘယ်မှာထားတာ .. ဟဲ့ .. လှ လှချည်လား ၊ ဘယ်သူ့ အတွက်လဲ ”

“ ရှင် ဟို ဟို ... လက်ဆောင်ပေးဖို့ မမကြီး ” 

“ လက်ဆောင် ... ဘယ်သူ့အတွက်လဲ ” 

“ အစ်ကိုဦး အတွက်ပါ ”

မနန်း မှာ ခြောက်သွေ့ကွဲအက်စွာ ဖြေလိုက်မိရင်း စိတ်ထဲက အကြိမ်ကြိမ်လည်း သေချင်နေမိတော့သည် ။ တံခါးချက် မချမိသော ကိုယ့်ကိုယ်ကိုယ်လည်း အပြစ် တင်လို့ မဆုံးတော့ ။ ခါတိုင်း ဘယ်တုန်းကမှ မလာဖူး သော မမကြီး တစ်ယောက် အခန်းထဲထိ ပေါက်ချလာတာကိုလည်း အံ့သြနေမိပြန်သည် ။ မနန်း ကသာ မလုံတဲ့ အိုး တုတ်နဲ့ထိုးသလို ဖြစ်ကာ ချောက်ချာရှက်ရွံ့ နေမိသော်လည်း မမကြီး ကတော့ ထူးထူးထွေထွေ ဘာမှ တွေးမိပုံမပေါ်ပါ ။ မနန်း လက်ထဲက သိုးမွေးထည်ကိုသာ ကိုင် ယူကြည့်ရင်း သူ မေးချင်သော ခရီးဆောင်အိတ် ဘယ်မှာ ထားသလဲကိစ္စ ကိုသာ ဆက်မေးနေ၏ ။ မနန်း မှာ မမကြီး အခန်းထဲက မြန်မြန်ထွက်သွားဖို့သာ လိုလားကာ ခရီးဆောင် အိတ်ထားသော စတိုးခန်းဆီကို ခပ်သွက်သွက် ဦးဆောင်ထွက်မိသည် ။ မမကြီး ကတော့ နောက်က လိုက်လာကာ သူ့ အမျိုးသား ဘယ်အရာမဆို အနီးကပ်မှ လုပ်ကိုင်တတ်သော အကျင့်များကို မကြိုက်ကြောင်း ပြောဆိုရေရွတ်ရင်း ပါလာလေတော့သည် ။ မနန်း မှာတော့ မမကြီး ကို စကားလေးတောင်မှ မထောက် နိုင်ဘဲ စိတ်နှင့် လူ လွတ်ကာ အယောင်ယောင်အမှားမှား ဖြစ်လို့သာ နေလေတော့သည် ။

••••• ••••• •••••

( ၃ )

ခုတစ်လော မမကြီး နှင့် အစ်ကိုဦး တို့ အလွတ် တွတ်ထိုးနေကြသည်ကို မနန်း မြင်တွေ့ နေရတာ စိတ်ထဲ ဘာများလဲ သိချင်စိတ်တွေဖြစ်နေမိသည် ။ ဟိုနေရာ တိုးတိုးတိုးတိုး ၊ ဒီနေရာ တိုးတိုးတိုးနှင့် သူတို့ ပြောဆို နေကြသည်များကို သူများတွေ မသိစေချင်သည့်ပုံ ၊ အစ်ကိုဦး မျက်နှာက မှန်းရခက်သော်လည်း မမကြီး မျက်နှာက သိပ်မကောင်းလှတာတော့ မနန်း မှန်းတတ်လေသည် ။ တကယ်ဆို ကိုယ်နှင့် အနေသာကြီးဖြစ်သော်လည်း တစ်ချက်တစ်ချက် အစ်ကိုဦး လှမ်းကြည့်သော မျက်ဝန်းများကို မနန်း မြင်မြင်နေရချိန် မနန်း အတွက် နေမထိ ထိုင်မသာ ဖြစ်ရလေတော့သည် ။ နဂိုထဲက စကားနည်းသော မိသားစုမှာ စကားတွေက ပိုပို နည်းသွားလိုက်တာမှ မနန်း တင်မက ပေါက်ပေါက် ပါ အူကြောင်ကြောင် ဖြစ်နေရှာလေသည် ။ မနန်းမှာ အစ်ကိုဦး တို့ ဘက်ကူးလျှင် စကားအစ်အောက်ကြည့်မည် စိတ်ကူးသော်လည်း အစ်ကိုဦးက တကယ်ပင် အလုပ်ရှုပ်လေသလား ၊ အလုပ်ရှုပ်ချင်ယောင်ပဲ ဆောင်လေ သလားမသိ ။ မနန်း အိမ်ကူး အလုပ်လာလုပ်ပြီ ဆိုလျှင်ဖြင့် စာရေးစားပွဲက မထတော့ ။ စာမရေးလျှင်လည်း တရားထိုင်နေလိုက်သည်မှာ မထတော့ ။ မနန်းမှာ ဘဘကြီး နှင့်သာ မေးတစ်ခွန်း ပြောတစ်ခွန်းလုပ်နေရတော့သည် ။ တော်သေးသည်က ကိုယ်စိတ်နှင့်လူ မကပ် ဖြစ်ကာ လုပ်ပေးကိုင်ပေးတာတွေ တလွဲတချော်ဖြစ်နေသော်လည်း ဘဘကြီး က စိတ်ကောင်းဝင်ကာ ခွင့်လွှတ် ပေးနေလို့သာ တော်တော့သည် ။ မနန်း ကလည်း ကိုယ် သိချင်သောကိစ္စ ဘဘကြီး ကို မမေးသာတော့ မေးကြည့် မိသေးသည် ။ ခုတလော အစ်ကိုဦး နှင့် မမကြီး ဘာတွေ ဖြစ်နေကြသလဲရယ်လို့လေ ။ ဘဘကြီးက မျက်မှောင် ကြီး ကြုတ်ကာ “ ဟုတ်လား ... သူတို့က ဘာတွေလုပ်နေလို့ ညည်းက ဘာဖြစ်နေတယ်လို့ထင်တာလဲ ” ဟု ပြန်မေး နေသည်မို့ မနန်း မဖြေတတ်ပြန် ။ သူ မေးတာလည်း အဟုတ်ပဲလေ ။ သူတို့ မောင်နှမ တွတ်တွတ်တွတ်တွတ် လုပ်တာနှင့် ကိုယ်က တစ်ခုခု ဖြစ်နေတယ် ဘာကြောင့် ထင်မိပါသလဲ ။

မနန်းမှာ တစ်နေကုန် စိတ်တထင့်ထင်ဖြင့်ပင် နေ့တွေ ကုန်သွားသည်မှာ ဒီနေ့နှင့် ဆို သုံးလေးရက်တိုင်ခဲ့ပြီ ။ ထင့်နေပါသည် ဆိုသော ရင်အစုံကို မီးစနှင့် ကောက် ထိုးလိုက်သလို ဆွေ့ဆွေ့ ခုန်ဖြစ်သွားအောင် လုပ်လိုက် သူကတော့ ပေါက်ပေါက် ပဲ ဖြစ်လေတော့သည် ။ ပေါက်ပေါက် က အခန်းထဲကို ကစားစရာ စန္ဒရားလေး ပိုက်ကာ ဝင်လာကာ တဒေါင်ဒေါင် တီးရင်း “ နန်းနန်း နန်းနန်း နန်းနန်း က ဟိုဘက် အိမ်မှာ အိမ်ရှင်မ လုပ်ပြီး အပြီး သွားနေရတော့မှာဆို ” ဆိုသော စကားပြောလာခဲ့ချိန် မနန်း မှာ ကြားလိုက်ရခြင်းဖြင့် အလိုလေး တ ကာ လက်ထဲက စတီးသောက်ရေခွက် လွတ်ကျလျက် မြင် မကောင်းအောင် ရုပ်ပျက်ဆင်းပျက် မူပျက်သွားတော့၏ ။ ထိုစကား ကြားလိုက်ကတည်းက မနန်း မှာ အစားအသောက်များလည်းပျက် ၊ အလုပ်အကိုင်များလည်း ပျက်နှင့် မမကြီး သူမကို ပြောစရာတစ်ခုခု ရှိလေမလား မျှော်တလင့်လင့် ဝေဒနာ စတင်လေတော့သည် ။ ဟော အခုတော့ ယခုတော့ မနန်း မျှော်လင့်သောအချိန်ကို ရောက်ပေပြီ ။ မမကြီးက မနန်း အလုပ်လုပ်နေရာနားသို့ တိတ်တိတ်ကလေး ရောက်လာကာ “ မနန်း ... အလုပ်ပြီး ရင် ခဏစကားပြောရအောင် ” လို့ လာပြောလိုက်ကတည်းက အလုပ်ကို အမြန်လက်စသတ်မိတော့သည် ။ သပ်သပ်ရပ်ရပ်လေးဖြစ်အောင် ပြုပြင်ပြီး မမကြီး အနား ကျုံ့ကျုံ့ယုံ့ယုံလေး အနားကပ်ပြီး သကာလမှာတော့ မမကြီး က သက်ပြင်းတစ်ချက် ခပ်ယဲ့ယဲ့ချရင်း စကား ဆိုလာလေတော့သည် ။

“ ဒီစကားကိုပြောရမှာ မမကြီး သိပ်ခက်ခဲတာပဲ မနန်းရယ် .. မမကြီး ညည်းကို ဒီစကားပြောဖို့ တော်တော် အားယူရတယ် ” 

“ ဟုတ်ကဲ့ ”

မနန်း ဒီစကားတစ်ခွန်းပဲ ထောက်ဖြစ်ရင်း မမကြီး နှုတ်ဖျားက ထွက်လာမယ့် စကားသံတွေကို အငမ်းမရ နားထောင်နေဖြစ်သည် ။ သို့သော် စကားအပိုတွေ မဆို တတ်သော မမကြီး မှာ ယခုတော့ မလိုအပ်ဘဲ စကားအပိုတွေ ပြောလွန်းလှသည်ဟု မနန်း ထင်မိသည် ။ သူ ပြောသည့် စကားများထဲတွင် မနန်း ဒီအိမ်ကို စရောက်ခဲ့ စဉ်ကတည်းက ဒီနေ့အထိ တစ်ဦးနှင့် တစ်ဦး မေတ္တာထား ခဲ့ကြတာတွေ ၊ ကျေးဇူးတရားတွေ သိပြီးသားတွေ ကျော့ ကျော့နေတာ ဘာကြောင့်များပါလိမ့် ။ မမကြီးစကားတွေ ဝေနေသည်နှင့်ပင် မနန်းစိတ်တွေ လွတ်ကာ အာရုံများ က မမကြီး ၏ ထူထဲသော မျက်ခုံး ၊ ဖြောင့်စင်းသော နှာတံ ၊ အသားအရေ ဖြူဝါဝါ .. ဒါတွေကိုကြည့်ကာ ကျက်သရေ ရှိလှချည့်ဟု တွေးဖြစ်နေသည် ။ တစ်ဆက်တည်း ပြောင်ရှင်းနေအောင် တင်ထားသော ဆံပင်ကြောင့် နားနှစ်ဖက်ဆီမှ ထင်းထင်းကြီး ပေါ်နေသော စိန်နားကပ်ကြီးကလည်း အလှပေါ်အယဉ်ဆင့်လို့ ဂုဏ်တင့်သည်လေး ဖြစ်နေသည်ဟု မနန်း မြင်မိပြန်သည် ။ မမကြီး မှာ အဝတ်အစားအရောင်နှင့် လိုက်အောင် ဝတ်ဆင်နိုင်သည့် ရတနာပစ္စည်းတွေ များစွာရှိသည်ကို မနန်း အတွင်းသိ အစင်းသိဖြစ်လေ၏ ။ မမကြီး တို့မှာ အနေအထိုင် ရိုးသားကြောင့်သာ ရှိသလောက် မာန်မဝင့်ခြင်းဖြစ်တော့သည် ။ မနန်း လည်း တစ်ခါတလေများမှာတော့ ထိုလို နားကပ်မျိုး ဝတ်ချင်သလို ဖြစ်မိသည်တော့အမှန်ပင် ။

“ သိလား မနန်း ” 

“ ရှင် မမကြီး ”

“ မမကြီးပြောတာ နားလည်လားလို့ မေးနေတာလေ ။ တကယ်တမ်း ဒီကိစ္စ အကောင်အထည်ပေါ်သွား ရင်တော့ မမကြီး က မနန်း အပေါ်မှာ တကယ့်သွေးရင်း သားရင်းလို သတ်မှတ်ပေးမှာပါ ။ ပိုင်သမျှပစ္စည်းကအစ အကုန်လုံး အချိုးကျပဲ ”

မနန်း သည် ကြားလိုက်ရသော စကားအတွက် အသက်ရှူပင် ရပ်သွားသလား ခံစားလိုက်ရသည် ။ သူ စိတ်လွင့်နေသော အချိန်အတွင်း မမကြီး ဘာတွေများ ပြောသွားသေးလဲ ၊ ထိတ်ထိတ်ပျာပျာ တွေးမိကာ အရေးကောင်းကာမှ စိတ်လွင့်မိသော ကိုယ့်ကိုယ်ကိုယ် ကျိန်ဆဲချင်တော့၏ ။ မမကြီးရေ ... တစ်ဆိတ် ပြန်ပြောစမ်းပါ ။ မနန်း မကြားလိုက်လို့ပါ  ။

“ ဟင် မနန်း ... မနန်းဘက်က အဆင်ပြေမလား ။ မမကြီး ကတော့ ဒီကိစ္စမှာ ကြားနေပဲ ။ ကောင်းသည်လည်း မတိုက်တွန်းနိုင်သလို ဆိုးသည်လည်း မပြောချင်ဘူး ။ စိတ်တော့ကုန်တယ်ကွယ် ။ ကိုယ့်လူက ပါနေတာကိုး ။ ပတ်ဝန်းကျင်မှာ ပြောစရာတော့ ဖြစ်ကုန်မှာ အသေ အချာပဲ ”

မနန်း မှာ မိန်းမသားတို့၏ အတွင်းစိတ်စွမ်းအရ မမကြီး ပြောသော စကားများကို ရေလည်စ ပြုလာသည် ။ မနန်း မျက်နှာပြင်ကတော့ အချို တစ်ခြမ်း ၊ အချဉ် တစ်ခြမ်း နှင့် အီလည်လည်ကြီး ဖြစ်နေတော့မှာ အမှန် ။ စိတ်လှုပ်ရှားမှုကြောင့် နှုတ်ခမ်းတစ်ဝိုက် ချွေးစေးများ ပြန်လာသည်မို့ လက်ခုံနှင့် ပွတ်သပ်လိုက်ရာ အေးစက်နေသော ကိုယ့်လက်ကြီး ကိုယ် ပြန်လန့်ရသည့် အဖြစ်မျိုး ကြုံရပြန်၏ ။ မနန်း တော့ ကံဇာတ်ဆရာ မျက်နှာသာပေးသောကြောင့် မိုးပေါ်က အပ်တစ်စင်းဖြစ်သည့် အစ်ကိုဦးကြီး နှင့် ဆုံစည်းခွင့် ရတော့မည် ထင်သည် ။ မမကြီး မှာ မနန်း လို မိန်းမမျိုးကို အဘယ်သို့ ယောက်မတော်ချင်ရှာပါ့မည်နည်း ။ တကယ်ဆို ကာယကံရှင်က တိုက်ရိုက်ပြောရမည့် ကိစ္စကို ခုတော့ မမကြီး မှာ အလိုမတူပါဘဲ နားဖောက် ပေးနေရှာသည် ။ အားနာစရာ ကောင်းလိုက်ပါဘိတော့ ။

“ မောင်ဦးက ပထမတော့ အဖေ့ကို စိတ်တိုတာပေါ့ဟယ် ။ ဒါပေမဲ့ သူက တရားသမားပဲ ချက်ချင်းဖြေနိုင်ပါတယ် ။ နင်သာ ဟိုဘက်အိမ် ရောက်လာပြီဆို သူလည်း အဖေ့ကို စိတ်ချသွားပြီတဲ့ ။ သူက ဘုန်းကြီးဝတ်တော့မှာတဲ့ ။ ကောင်းတော့ ကောင်းပါတယ် ။ မောင်ဦး အိမ်မှာ မရှိတော့ အဖေလည်း မျက်နှာပူရ သက်သာသွားတာပေါ့ ” 

စကားကုန်သွားသည့် ပမာ မျက်နှာပုံနွမ်းဖြင့် မမကြီး က မနန်း ကို မေးဆတ်လျက် အဖြေစောင့်နေလေသည် ။ မနန်း မှာတော့ မျက်လုံးကြီးပြူးကာ တဆတ်ဆတ်တုန် သော ကိုယ်ခန္ဓာနှင့် ရင်ဘတ်တစ်ခုလုံး နိမ့်ချည်မြင့်ချည် ဖြစ်လျက် တောင်ဆယ်လုံး တက်ရသလို အသက်ကို မောကြီးပန်းကြီး ရှူနေရသည် ။ ပါးစပ်က ဟစိဟစိဖြင့် တစ်ခုခု ပြောတော့မည်ပမာ ဟန်ရေးပြင်နေသော်လည်း စကားက တစ်ခွန်းမှ မထွက်နိုင်သေး ။ မမကြီး ကတော့ မနန်း စိတ်လှုပ်ရှားသွားပုံကို မသက်မသာ ကြည့်ရင်း စိတ် ပျက်လက်ပျက်ဖြင့် ခေါင်းတစ်ချက် ခါယမ်းလိုက်ရာ စိန်နားကပ်ကြီးမှာ ပြတင်းဝမှ ဝင်လာသော နေရောင်ထိလျက် ပြိုးပြိုးပြက်ပြက် ဝင်းလက်သွားသည်မို့ မနန်း မျက် စိကို ယောင်ယမ်းမှိတ်မိလေတော့သည် ။ တစ်ခဏ အတွင်းမှာပင် “ အစ် အစ် အီး ” ဟူသော ကျိုက်ငိုသံကြီး မနန်း နှုတ်ဖျားမှ ထွက်ကျလာတော့၏ ။ မမကြီး မှာ ပြူးပြူးပျာပျာ ဖြစ်သွားကာ မနန်း ကို ဘာလို့ ငိုတာလဲ ဟူသော မေးခွန်းမေးတော့ မတတ်ပင် ။ သို့သော် စိတ်ထိန်း လိုက်ဟန်ဖြင့် သက်ပြင်းချကာ မမကြီး ဘာမှမမေးတော့ပြန် ။ မနန်းကတော့ တိုးသည်လည်း မဟုတ် ၊ ကျယ်သည်လည်း မပြောသာသော အသံဖြင့် “ အစ် အစ် အီး ” ဟူ၍ ကြိတ်မနိုင်ခဲမရ ငိုနေဆဲသာ ဖြစ်တော့သတည်း ။

▢  မီမိုး
📖 ရွှေအမြုတေ မဂ္ဂဇင်း
      မတ်လ ၊ ၂၀၁၃

No comments:

Post a Comment